ပိုင်ယွဲ့ အင်မော်တယ် မြို့တော်
Vol. 4 Ch. 51
~တစ်ရက်တာ ကုန်လွန်ပြီးသည့် နောက်မှသာလျှင်၊ မေပယ်မြို့တော်မှ ပိုင်မိသားစုသည် ဤကပ်ဘေးကြီး ကျရောက်ခဲ့ကြောင်းကို သိရှိသွားခဲ့သည်။ သူတို့မိသားစု၏ တစ်ဦးတည်းသော အခြေခံတည်ဆောက်ခြင်း အဆင့် (၃) ရှိသည့် အကြီးအကဲ၊ မိသားစုခေါင်းဆောင်နှင့် အခြားသူများအားလုံး ထိုနေရာသို့ အရောက်လာခဲ့ကြသည်။
ပိုင်မိသားစုခေါင်းဆောင်၏ မျက်နှာသည် သွေးဆုတ်ကာ ဖြူဖပ်ဖြူရော် ဖြစ်နေသည်။ သူ၏ ရှေ့မှောက်တွင် တည်ရှိနေသော မီးကျွမ်းထားသည့် အလောင်းများကို ကြည့်ကာ မျက်ရည်များ စီးကျနေပြီး၊ ခန္ဓာကိုယ်တစ်ခုလုံး ထိန်းမနိုင်သိမ်းမရ တုန်ယင်နေသည်။
နောက်တစ်ခဏတွင် ပိုင်မိသားစုခေါင်းဆောင်သည် မြေပြင်ပေါ်သို့ ခွေခွေလေး လဲကျသွားလေသည်။
"ရှောင်ဟွာ... ငါ့ရဲ့ ရှောင်ဟွာလေးကို ဘယ်သူ သတ်သွားတာလဲကွ..."
ပိုင်မိသားစုခေါင်းဆောင်၏ နာကျင်ကြေကွဲစွာ အော်ဟစ်ငိုကြွေးသံသည် မိုင်ပေါင်းများစွာ အကွာအဝေးအထိ ပဲ့တင်ထပ်သွားခဲ့သည်။
ဘေးတစ်ဖက်တွင် ရပ်နေသော ဆံပင်နက်နက်နှင့် ပိုင်မိသားစု အကြီးအကဲ၏ မျက်နှာထားမှာလည်း အလွန်အမင်း မှောင်မိုက်အုံ့မှိုင်းနေသည်။ ပထမအကြီးအကဲသည် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပြီးနောက် သူ့ထံသို့ ရောက်လာပြီး တီးတိုး သတင်းပို့လေသည်။
"အကြီးအကဲ... ဒီကိစ္စကို လုပ်သွားတဲ့သူက သစ်ဓာတ် ချီစွမ်းအင်စုစည်းခြင်းအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်ဖို့များပါတယ်..."
"ဒါပေမဲ့ ဒီလူဆီမှာ အတော်လေး အစွမ်းထက်တဲ့ သားရဲ (သို့မဟုတ်) ရုပ်သေး ရှိပုံရတယ်... ရှောင်ဟွာက အဲ့ဒီအကောင်နဲ့ ယှဉ်ပြိုင်တိုက်ခိုက်ခဲ့ပေမဲ့ နောက်ဆုံးမှာ ရှုံးနိမ့်သွားခဲ့ပုံပဲ..."
"နောက်ဆုံး ရှောင်ဟွာကို အဆုံးသတ်သွားတာကတော့ ဒုတိယအဆင့် အဆင့်နိမ့် မီးလျှပ်စီး အင်းစာရွက် တစ်ရွက်ပါ..."
"ဟူး..."
ထိုစကားကို ကြားလိုက်ရသောအခါ ပိုင်မိသားစု အကြီးအကဲသည် လေပူတစ်ချက် မှုတ်ထုတ်လိုက်ပြီး မျက်လုံးများကို မှိတ်ထားလိုက်သည်။
သူ၏ ရင်ထဲတွင် ဒေါသများ ပြည့်နှက်နေ၏။ ဒုတိယအဆင့် အဆင့်နိမ့် အင်းစာရွက် တဲ့လား။
တစ်ချိန်တုန်းက သူတို့ ပိုင်မိသားစုတွင်လည်း ထိုကဲ့သို့သော အင်းစာရွက်များ ရှိခဲ့ဖူးသည်။ သို့သော် ယခုအခါ အားလုံး ကုန်ခမ်းသွားခဲ့ပြီ။
ယခုတော့ သူတို့ကိုယ်တိုင်ပင် ဒုတိယအဆင့် အဆင့်နိမ့် အင်းစာရွက်ဖြင့် ပြန်လည် တိုက်ခိုက်ခြင်း ခံလိုက်ရသည် မဟုတ်ပါလော။
ဒီဒဏ်ကို သူ ဘယ်လို သည်းခံနိုင်ပါ့မလဲ။
"သွေးဓား လော့ပန်း... ခွေးမသား..."
ပိုင်မိသားစု အကြီးအကဲသည် အံကိုကြိတ်ကာ နာကျည်းစွာ ရေရွတ်လိုက်သည်။ အကယ်၍သာ ထိုကျိန်စာသင့် မိစ္ဆာလမ်းစဉ် ကျင့်ကြံသူသာ မရှိခဲ့လျှင်၊ သူတို့ ပိုင်မိသားစု ဒီလိုအခြေအနေမျိုးထိ ရောက်လာစရာ အကြောင်းမရှိပေ။
သွေးစွန်းသောဓား တာအိုဆရာ လော့ပန် ၏ လက်ချက်ဖြင့် သေဆုံးသွားခဲ့ရသော ပိုင်မိသားစု၏ အခြေခံတည်ဆောက်ခြင်းအဆင့် အကြီးအကဲသည် သူတို့မိသားစု၏ တစ်ဦးတည်းသော ဒုတိယအဆင့် အဆင့်နိမ့် အင်းလုပ်ကြံသူ ဖြစ်ခဲ့သည်။
ယခင်က သူတို့သည် ဒုတိယအဆင့် အဆင့်နိမ့် အင်းစာရွက် အချို့ကို သိုလှောင်ထားနိုင်ခဲ့ကြသည်။
သို့သော် ဤနှစ်များအတွင်း ချန်မိသားစု ၏ ခရမ်းရောင် ရွှေသဲ ဝိညာဉ်သတ္တုတွင်း ကို သိမ်းပိုက်ရန် ကြိုးစားရင်း၊ ချန်မိသားစုနှင့် စုမိသားစု၏ တန်ပြန်တိုက်စစ်များကို ခုခံရင်းဖြင့် သူတို့၏ အင်းစာရွက် လက်ကျန်များ ကုန်ခန်းသွားခဲ့ရသည်။
သို့မဟုတ်ပါက ပိုင်ယွီဟွာ၏ လက်ထဲတွင်သာ ဒုတိယအဆင့် အဆင့်နိမ့် အင်းစာရွက် တစ်ရွက်၊ နှစ်ရွက်လောက် ရှိနေခဲ့လျှင်၊ သူမ သေဆုံးရသည့်အထိ ဖြစ်သွားချင်မှ ဖြစ်သွားပေလိမ့်မည်။
ခေတ္တမျှ ကြာပြီးနောက်... ပိုင်မိသားစု အကြီးအကဲသည် အံကိုကြိတ်လျက် လေသံနိမ့်နိမ့်ဖြင့် အမိန့်ပေးလိုက်သည်။
"စုံစမ်းကြ..."
"ဒုတိယအဆင့် အဆင့်နိမ့် မီးလျှပ်စီး အင်းစာရွက် ပိုင်ဆိုင်ထားတဲ့ သစ်ဓာတ် ချီစွမ်းအင်စုစည်းခြင်းအဆင့် ကျင့်ကြံသူကို ရှာကြစမ်း... ငါတို့ ပိုင်မိသားစုဝင်တွေကို ဘယ်ကောင်ကများ သတ္တိရှိရှိ သတ်ဖြတ်ရဲသလဲ ဆိုတာ ငါ သိချင်တယ်..."
အကယ်၍ လုပ်သွားသူက အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူသာ ဆိုလျှင်၊ သူ အံကြိတ်ပြီး ဒီကိစ္စကို ခွင့်လွှတ်ပေးလိုက်ကောင်း ပေးလိုက်နိုင်သည်။
သို့သော် ချီစွမ်းအင်စုစည်းခြင်းအဆင့် ကျင့်ကြံသူလေးကများ...
သူ့လက်ထဲမှာ ဒုတိယအဆင့် အဆင့်နိမ့် အင်းစာရွက် ရှိနေဦးတော့... သူတို့ ပိုင်မိသားစုကို လာထိပါးရဲတယ်လား... သူတို့ ပိုင်မိသားစုရဲ့ ချီစွမ်းအင်စုစည်းခြင်း ကိုးဆင့်မြောက် အဆင့် ကျင့်ကြံသူကို သတ်ရဲတယ်လား...။
ဒီကောင် တကယ် သတ္တိကောင်းလွန်းနေပါရောလား။
စုယွီကတော့ ပိုင်ယွဲ့အင်မော်တယ် မြို့တော် အနီးသို့ ရောက်ရှိလာသည်အထိ မနားတမ်း ခရီးဆက်ခဲ့သည်။ နောက်ဆုံးတွင် သစ်တောထူထပ်သော နေရာတစ်ခုကို ရှာတွေ့မှသာ အနားယူရန် ရပ်နားလိုက်သည်။
မေပယ်မြို့တော်မှ ပိုင်မိသားစု ဒုတိယသခင်မလေးနှင့် တွေ့ဆုံခဲ့သည်မှာ တစ်လနီးပါး ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
ပိုင်မိသားစုမှ အခြေခံတည်ဆောက်ခြင်း တတိယအဆင့် ရှိသော အကြီးအကဲကို သတိရလိုက်သည်နှင့်၊ စုယွီ ထိုနေရာတွင် တစ်ခဏလေးတောင် ဆက်နေရန် သတ္တိမရှိတော့ပေ။ နေ့ရောညပါ ခရီးနှင်ခဲ့သည်။ တခါတရံ ဓားပျံ စီးကာ၊ တခါတရံ အကြေးခွံနက် လင်းယုန်ကို ဆင့်ခေါ်စီးနင်းကာ ပိုင်ယွဲ့အင်မော်တယ် မြို့တော်သို့ အရောက် ပြေးလွှားလာခဲ့ခြင်း ဖြစ်သည်။
သူ့အမြန်နှုန်းသည် ဝိညာဉ်မြင်း ထက် အဆပေါင်းများစွာ သာလွန်ပေသည်။
"သူတို့ လိုက်မမီလောက်တော့ပါဘူး..."
သူသည် ဂူတစ်ခုကို ရှာဖွေတွေ့ရှိပြီးနောက် ကျောက်တုံးကြီးတစ်ခုဖြင့် ဂူဝကို ပိတ်ဆို့လိုက်သည်။ ထို့နောက် ဂူထဲတွင် တင်ပျဉ်ခွေ ထိုင်ချလိုက်ရင်း သက်ပြင်းတစ်ချက် မှုတ်ထုတ်ကာ စိတ်သက်သာရာ ရသွားတော့သည်။
ပိုင်ယွဲ့အင်မော်တယ် မြို့တော် နယ်မြေ၏ မြေပုံကို ပြန်လည် စဉ်းစားကြည့်ရင်း စုယွီ တွေးလိုက်မိသည်။
"မဝေးတော့ဘူး... မနက်ဖြန် နေ့လယ်လောက်ဆို ရောက်ပြီ..."
ထို့နောက်...
စုယွီသည် အလောင်းများထံမှ လုယူလာခဲ့သော မေပယ်မြို့တော် ပိုင်မိသားစု ဒုတိယသခင်မလေး နှင့် အခြားသူများ၏ ချန်ခွန်းအိတ်များကို သတိရသွားပြီး ပစ္စည်းအားလုံးကို ထုတ်ယူလိုက်သည်။
ပိုင်မိသားစု ဒုတိယသခင်မလေး၏ ချန်ခွန်းအိတ်ကို ဖွင့်ကြည့်လိုက်သောအခါ၊ အထဲတွင် ပါဝင်သော ရှုပ်ပွနေသည့် ပစ္စည်းများကို မြင်လိုက်ရပြီး စုယွီ၏ မျက်ခွံများ ထိန်းမရအောင် လှုပ်ခတ်သွားသည်။ သူသည် ထိုအရာများကို အလျင်အမြန် ဖျက်ဆီးပစ်လိုက်ပြီး၊ ကျန်ရှိနေသော ပစ္စည်းများကို သန့်စင်သော ဂါထာမန္တန်များ အသုံးပြုကာ ခုနစ်ကြိမ်၊ ရှစ်ကြိမ်ခန့် ဆက်တိုက် သန့်စင်ပြီးမှ ရပ်တန့်လိုက်သည်။
စုယွီ တီးတိုး ကျိန်ဆဲလိုက်မိသည်။
"ချီးပဲ... မျက်စိရှက်စရာ..."
ဤသည်မှာ ဤကဲ့သို့သော ကျင့်ကြံသူမျိုးနှင့် ပထမဆုံးအကြိမ် ဆုံတွေ့ဖူးခြင်းပင်။
လင်းသန်းလန် ကို ပြန်သတိရမိပြီး၊ စုယွီ သူ့အပေါ် ပြောပြမပြနိုင်သော သနားစာနာစိတ်များ ဖြစ်ပေါ်လာမိသည်။
သူ ဘာတွေများ ကြုံတွေ့ခဲ့ရရှာမလဲ ဆိုတာ တွေးကြည့်လို့ပင် မရနိုင်ပေ။
ကံကောင်းသည်မှာ...
မေပယ်မြို့တော် ပိုင်မိသားစု ဒုတိယသခင်မလေး၏ ချန်ခွန်းအိတ်ထဲတွင် ကျန်ရှိနေသော ပစ္စည်းများက မနည်းလှပေ။ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး (၃၀၀) ကျော်၊ ပထမအဆင့် အလယ်အလတ်နှင့် အဆင့်မြင့် အင်းကုန်ကြမ်းပစ္စည်း အများအပြား ပါဝင်သည်။
မျက်စိအကျဆုံး အရာကတော့ ဝံပုလွေစွယ် တုတ် ပုံသဏ္ဍာန်ရှိသော ပထမအဆင့် ထိပ်တန်း မှော်လက်နက် တစ်ခုပင် ဖြစ်သည်။
ပစ္စည်းအားလုံး ပေါင်းလိုက်လျှင် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး (၁၀၀၀) ခန့် တန်ဖိုးရှိသည်။
"မဆိုးဘူး... တော်တော်လေး အမြတ်ရတာပဲ..."
စုယွီ လေတစ်ချက် ဖွဖွရှူသွင်းလိုက်ပြီး ပစ္စည်းများကို သူ့ချန်ခွန်းအိတ်ထဲသို့ ပြောင်းထည့်လိုက်သည်။ ကျန်သော ချန်ခွန်းအိတ်များကိုတော့ လွှင့်ပစ်လိုက်သည်။
'အခွင့်အလမ်း' တွေနှင့် ပတ်သက်ပြီးတော့ကတော့... ဘာမှ မရှိပေ။
ဒါက ပုံမှန်ပါပဲ။ လောကကြီးမှာ အခွင့်အလမ်းတွေက ဒီလောက်ကြီး ပေါများနေတာမှ မဟုတ်တာ။
ဂူထဲတွင် ချီစွမ်းအင် ကို ပြန်လည်ဖြည့်ဆည်းပြီးနောက်၊ စုယွီသည် 'အစိမ်းရောင် သစ်သား နှစ်ပတ်လည် ကွင်းကျင့်စဉ်' ၊ 'မိစ္ဆာမိကျောင်း ခန္ဓာ သန့်စင်ခြင်း (၁၀၈) ကွက်' နှင့် 'ရွှေပုစဉ်းရင်ကွဲ ကျင့်စဉ်' တို့ကို စတင် လေ့ကျင့်လိုက်သည်။
နေ့စဉ် ကျင့်စဉ်များကို ပြီးမြောက်အောင်မြင်ပြီးနောက်၊ စုယွီ သူ၏ ကျွမ်းကျင်မှု မျက်နှာပြင်ကို တစ်ချက် ကြည့်လိုက်သည်။
[ သက်တမ်း : ၄၂ / ၁၃၉ ]
[ ကျင့်စဉ်များ : အစိမ်းရောင် သစ်သား နှစ်ပတ်လည် ကွင်းကျင့်စဉ် (စက်ဝန်း တစ်ခု၊ အပတ်ရေ ခုနစ်ခု၊ ကျွမ်းကျင်မှု ၉၀.၁၂ %)၊
မိစ္ဆာမိကျောင်း ခန္ဓာ သန့်စင်ခြင်း (၁၀၈) ကွက် (နဝမအဆင့်၊ ကျွမ်းကျင်မှု ၈၂.၉၇ %)၊
သွေးဝေလငါး လမင်းမြို ကျင့်စဉ် (ပထမနယ်ပယ်၊ ကျွမ်းကျင်မှု ၁၀ %)၊
ရွှေပုစဉ်းရင်ကွဲ ကျင့်စဉ် (ပထမအဆင့်၊ ကျွမ်းကျင်မှု ၃၄-၅၄ %) ]
"အလို…နောက်ထပ် ခြောက်နှစ်တောင် ကုန်သွားပြန်ပြီ..."
စုယွီ အနည်းငယ် စိတ်ရှုပ်ထွေးသွားသည်။
အချိန်တွေ ကုန်တာ တကယ် မြန်လွန်းသည်။
ချီစွမ်းအင်စုစည်းခြင်းအဆင့်မှာ နောက်ဆုံးအကြိမ် သူ အဆင့် ချိုးဖြတ်ခဲ့တာ ခြောက်နှစ်တောင် ရှိခဲ့ပြီကိုး။
အသိစိတ် ပြန်ဝင်လာတော့...၊
စုယွီ ကျွမ်းကျင်မှု အကန့်ကို ကြည့်ရင်း စိတ်ထဲမှ တွေးလိုက်မိသည်။
"အစိမ်းရောင် သစ်သား နှစ်ပတ်လည် ကျင့်စဉ် နဲ့ ခန္ဓာကိုယ် သန့်စင်ခြင်း ကျင့်စဉ် က မကြာခင် နောက်ထပ် အဆင့်တစ်ခု ထပ်တက်နိုင်တော့မယ်..."
ယွင်ရှန်း ဈေးကွက်ရှိ ကောင်းကင် သိုင်းကျမ်း မျှော်စင် မှ သူ ရရှိခဲ့သော 'အစိမ်းရောင် သစ်သား နှစ်ပတ်လည် ကျင့်စဉ်' တွင် စုစုပေါင်း စက်ဝန်း သုံးခုနှင့် အပတ်ရေ (၂၇) ခု ပါရှိသည်။
ဒါက သူ့ကို အမြုတေဖွဲ့စည်းခြင်းအဆင့် အထိ ကျင့်ကြံဖို့ လုံလောက်သည်။
'မိစ္ဆာမိကျောင်း ခန္ဓာ သန့်စင်ခြင်း (၁၀၈) ကွက်' တွင် ပထမဆုံး သိုင်းကွက် (၁၈) ကွက် ပါရှိပြီး၊ (၁၈) ဆင့်မြောက် အဆင့်အထိ ကျင့်ကြံရန် လုံလောက်သည်။
ဒါသည် အခြေခံ တည်ဆောက်ခြင်း ကိုးဆင့်မြောက် အဆင့်နှင့် ယှဉ်နိုင်ပေလိမ့်မည်။
ဒါကို တွေးမိတော့ စုယွီ မျှော်လင့်ချက်များ ပြည့်နှက်လာသည်။
'မိစ္ဆာမိကျောင်း ခန္ဓာ သန့်စင်ခြင်း (၁၀၈) ကွက်' သာ ဒသမအဆင့်ကို ချိုးဖျက်နိုင်ခဲ့ရင်...
အခြေခံ တည်ဆောက်ခြင်း ပထမအဆင့်နဲ့ ယှဉ်နိုင်လောက်မလား။
"ပိုင်ယွဲ့အင်မော်တယ် မြို့တော် မှာရော ထျန်း စာကြည့်တိုက် ရှိမလား မသိဘူး... ပြီးတော့ သူတို့ဆီမှာရော ဆက်လက် ကျင့်ကြံရမယ့် ကျင့်စဉ်တွေ ရှိပါ့မလား..."
နေ့တစ်ဝက် ကုန်လွန်ပြီးနောက်၊ အရုဏ်ဦး အလင်းရောင် စတင် ပေါ်ထွက်လာသည်။
စုယွီသည် သူ့ရှေ့မှ လွင်ပြင်ကျယ်ကြီးပေါ်တွင် မိုးမခပင်ကြီးနှယ် လွှမ်းမိုးထားသော ဧရာမ မြို့တော်ကြီးနှင့် ကြီးမားလှသော ကာကွယ်ရေး အခင်းအကျင်းအား လှမ်းကြည့်လိုက်ပြီး အသက်ပြင်းပြင်း ရှူလိုက်သည်။
"ယွင်ရှန်း ဈေးကွက် က ဒီနေရာနဲ့ ယှဉ်လိုက်ရင် ဘာမှ မဟုတ်တော့ပါလား..."
မြို့ဝင်ဂိတ်ဝ သို့မဟုတ် ပိုင်ယွဲ့အင်မော်တယ် မြို့တော် ကာကွယ်ရေး အခင်းအကျင်း၏ ဝင်ပေါက်သို့ ရောက်ရှိသောအခါ...
ထိုနေရာတွင် ပိုင်ယွဲ့အင်မော်တယ် မြို့တော်၏ ကျင့်ကြံသူ အစောင့်တပ်ဖွဲ့ တစ်ဖွဲ့ ရှိနေပြီး၊ မြို့ထဲသို့ ဝင်ရောက်လိုသူတိုင်း အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး (၁၀) တုံး ပေးဆောင်ရသည်။
ထို့အပြင် မြို့ထဲတွင် အိမ်ဝယ်ယူခြင်း သို့မဟုတ် ငှားရမ်းခြင်း မရှိပါက၊ မြို့ထဲတွင် နေထိုင်သည့် ရက်အလိုက် တစ်ရက်လျှင် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်တုံး ထပ်မံ ပေးဆောင်ရမည် ဖြစ်သည်။
တည်းခိုခန်းတွင် တည်းခိုလျှင်လည်း ဤစည်းကမ်း အကျုံးဝင်သည်။
မနက်ခင်းအချိန် မြို့ဝင်ပေါက်တွင် ဝင်ထွက်သွားလာနေကြသော ကျင့်ကြံသူ အယောက် (၂၀) ကျော် တန်းစီနေကြသည်။
စုယွီ ဝင်ကြေး ပေးဆောင်ပြီး မြို့ဝင်ခွင့် လက်မှတ် ရရှိပြီးနောက်၊ ကာကွယ်ရေး အခင်းအကျင်းကို ဖြတ်ကျော် ဝင်ရောက်လိုက်သည်။ လမ်းများနှင့် အဆောက်အဦးများကို မတွေ့ရဘဲ၊ အဆုံးအစမဲ့ ကျယ်ပြောလှသော ဝိညာဉ်စိုက်ခင်းကြီးများကိုသာ တွေ့လိုက်ရသည်။
ဆိုလိုသည်မှာ ပိုင်ယွဲ့အင်မော်တယ် မြို့တော်၏ အပြင်ဘက် တံတိုင်းကြီးသည် မြို့တော်၏ ဝိညာဉ်စိုက်ခင်း အားလုံးကို လွှမ်းခြုံထားခြင်း ဖြစ်သည်။
အကာအကွယ် အခင်းအကျင်းထဲသို့ ဝင်ရောက်လိုက်သည်နှင့် အပြင်ဘက်ထက် ပိုမို သိပ်သည်းလှသော သဘာဝစွမ်းအင် လှိုင်းလုံးကြီးက မျက်နှာကို လာရောက် ရိုက်ခတ်လေသည်။
ကျယ်ပြောလှသော ဝိညာဉ်စိုက်ခင်းကြီးများသည် တိမ်များ၊ မြူများဖြင့် ဖုံးလွှမ်းနေပြီး၊ တောင်ကုန်းအချို့သည် ဝိုးတဝါး ပေါ်လိုက် ပျောက်လိုက် ဖြစ်နေသည်မှာ နတ်သမီးပုံပြင်ထဲက ဒေသတစ်ခုအလားပင်။
စုယွီ ခေတ္တမျှ အာရုံခံလိုက်ပြီး တွေးလိုက်မိသည်။
"ဒီနေရာက ဝိညာဉ်စွမ်းအင်က ပထမအဆင့် ဝိညာဉ်သွေးကြော နယ်မြေထက်တောင် ပိုကောင်းသေးပါလား..."
သူ လူအုပ်ကြီးကြားထဲတွင် ဆက်လက် ပျံသန်းလိုက်ပါသွားသည်။ ဝိညာဉ်စိုက်ခင်း ဧရိယာအကျယ်ကြီးကို ဖြတ်ကျော်ပြီးနောက်၊ အဆောက်အဦး အစုအဝေးကြီးတစ်ခု သူ့ရှေ့တွင် ပေါ်လာသည်။ ထိုအဆောက်အဦးများကို မြို့ရိုးငယ် တစ်ခုဖြင့် ဝန်းရံထားရာ မြို့ထဲက မြို့တစ်မြို့အလား ဖြစ်နေသည်။
သည်နေရာတွင်တော့ အစောင့်များ မရှိသော်လည်း၊ လူတိုင်း မြို့ဝင်ပေါက်ရှေ့တွင် ရပ်တန့်လိုက်ကြပြီး မိမိတို့၏ မှော်လက်နက်များကို သိမ်းဆည်းကာ ပိုင်ယွဲ့အင်မော်တယ် မြို့တော် အတွင်းသို့ ခြေလျင် လျှောက်ဝင်သွားကြသည်ပင်။
အဘယ်ကြောင့်ဆိုသော် ပိုင်ယွဲ့အင်မော်တယ် မြို့တော်တွင် စည်းကမ်းချက် တစ်ခု ရှိသောကြောင့်ပင်။ မြို့ခံလူများမှ လွဲ၍ မည်သူမျှ မြို့တွင်း၌ ပျံသန်းခွင့် မရှိပေ။
စုယွီလည်း ဤစည်းကမ်းကို သိထားသဖြင့် ရှေ့က လူများအတိုင်း လိုက်လုပ်ကာ ဓားပျံကို သိမ်းဆည်းပြီး မြို့ထဲသို့ ခြေလျင် ဝင်ရောက်ခဲ့ပါသည်။
ဝင်လိုက်သည်နှင့် တပြိုင်နက် စည်ကားလှသော မြင်ကွင်းတစ်ခု သူ့မျက်စိရှေ့သို့ ရောက်လာသည်။
ပင်မလမ်းမကြီးပေါ်တွင် လူများ သွားလာလှုပ်ရှားနေကြသည်။
ကျင့်ကြံသူများအပြင် ဝိညာဉ်အမြစ် မရှိသော သာမန်လူ အများအပြားကိုလည်း တွေ့ရသည်။ သူတို့သည် ပိုင်ယွဲ့အင်မော်တယ် မြို့တော်၏ မူလဒေသခံများ သို့မဟုတ် ဤနေရာတွင် အိမ်ဝယ်ပြီး အခြေချခဲ့ကြသော ကျင့်ကြံသူများ၏ မျိုးဆက်များ ဖြစ်တန်ရာ၏။
"အိမ်ဝယ်သင့်၊ မဝယ်သင့် မဆုံးဖြတ်ခင် လျှောက်ကြည့်လိုက်ဦးမယ်..."
စုယွီ လူအုပ်ကြားထဲတွင် လျှောက်သွားရင်း တွေးလိုက်မိသည်။