← Chapters

လမ်းကြား (၀၅၂)

Vol. 4 Ch. 52

လမ်းကြား (၀၅၂)

Vol. 4 Ch. 52

~“စီနီယာ... ပိုင်ယွဲ့ အင်မော်တယ် မြို့တော်ကို အခုမှ ရောက်လာတာလား... လမ်းပြ လိုမလားဗျ... တစ်ရက်ကို အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး (၁) တုံးပဲ ကျပါတယ်”

သူ စတင် လျှောက်လှမ်းပြီး သိပ်မကြာမီမှာပင် ချီစွမ်းအင် စုစည်းခြင်း အဆင့် (၂) ရှိသော လူငယ်ကျင့်ကြံသူ တစ်ဦး ရိုသေစွာဖြင့် ရောက်ရှိလာလေ၏။ စုယွီ ကြည့်လိုက်သောအခါ၊ ထိုလူငယ်သည် ပိန်လှီပြီး အသားမည်းမည်းနှင့် မျောက်ငယ်လေး တစ်ကောင်အလား ဖြစ်နေသည်။ သူ၏ အပြုအမူက ရိုသေဟန် ရှိသော်လည်း မျက်ဝန်းအိမ်ထဲတွင်မူ ပါးနပ်မှု အရိပ်အယောင်များ ယှက်သန်းနေ၏။

စုယွီ ခေါင်းညိတ်လိုက်လေသည်။

“ကောင်းပြီလေ... လိုက်ခဲ့”

လူငယ်လေး ဝမ်းသာအားရ ဖြစ်သွားပြီး စုယွီ၏ နောက်မှ အလျင်အမြန် လိုက်ပါလာခဲ့လေ၏။ ထို့နောက် သတိထားပြီး မေးလိုက်သည်။

“စီနီယာ ဘယ်သွားချင်လဲဗျ”

စုယွီ ပြန်ဖြေလိုက်လေ၏။

“လျှောက်ကြည့်ဦးမလို့... ပိုင်ယွဲ့ အင်မော်တယ် မြို့တော် အကြောင်း ပြောပြပါဦး”

လူငယ်လေးက သဘောပေါက်သွားပြီး လမ်းလျှောက်ရင်း ရှင်းပြလေတော့သည်။

“ပိုင်ယွဲ့ အင်မော်တယ် မြို့တော်ကို 'ဆရာသခင် ပိုင်ယွဲ့' က တည်ထောင်ခဲ့တာပါ... သူ့လက်အောက်မှာ တိုက်ရိုက် ကွပ်ကဲတဲ့ တပည့်ကြီး (၃) ယောက် ရှိပြီး၊ သူတို့က အသီးသီး ဝိညာဉ်ခန်းမ ၊ တိုက်ပွဲခန်းမ နဲ့ အမှန်တရားခန်းမ တို့ကို ထိန်းချုပ်ထားပါတယ်”

“ဝိညာဉ်ခန်းမ က မြို့တော်ထဲက ဝိညာဉ်စိုက်ခင်းတွေ၊ ဝိညာဉ်ပစ္စည်း ရိတ်သိမ်းမှုတွေ အားလုံးကို ထိန်းချုပ်ပါတယ်... အဓိက ဗဟိုချက်မ နေရာကလွဲရင် မြို့တွင်း မြို့ပြင်က ဂူတွေ၊ အိမ်တွေ အရောင်းအဝယ် ကိစ္စတွေကိုလည်း သူတို့ပဲ ကိုင်တွယ်ပါတယ်”

“ဒါကို ဆရာသခင်ကြီးရဲ့ ပထမတပည့် 'အကြီးအကဲ ထျန်ဖူ' က အုပ်ချုပ်ပါတယ်”

“တိုက်ပွဲခန်းမ ကတော့ တိုက်ခိုက်ရေး တပ်ဖွဲ့ အပါအဝင် မြို့တော်ရဲ့ လုံခြုံရေး တပ်ဖွဲ့တွေ အားလုံးကို ထိန်းချုပ်ပါတယ်”

“ဒါကိုတော့ ဆရာသခင်ကြီးရဲ့ ဒုတိယတပည့် 'နတ်မိမယ် ဖုန်းလင်' က အုပ်ချုပ်ပါတယ်”

“အမှန်တရားခန်းမ ကတော့ ပညာရပ် အမျိုးမျိုး ကျွမ်းကျင်တဲ့ ကျင့်ကြံသူတွေကို မြို့တော်ဆီ ဆွဲဆောင်ဖို့ တာဝန်ယူပါတယ်... ဒါက ဆရာသခင်ကြီးရဲ့ တတိယတပည့် 'ရွှီဝမ်ရှန်း' မကြာသေးခင်ကမှ တည်ထောင်ထားတဲ့ ကဏ္ဍသစ် တစ်ခုပါ”

လူငယ်လေးက ဆက်လက် ရှင်းပြလေ၏။

“မြို့ပြင်က ဝိညာဉ်စွမ်းအင် သိပ်သည်းဆက ပထမအဆင့် ဝိညာဉ်သွေးကြော ကောင်းချီးမင်္ဂလာ မြေနေရာလောက် ရှိပါတယ်... ဒီမှာ နေတဲ့သူ အများစုက ချီစွမ်းအင် စုစည်းခြင်း အဆင့် ဒါမှမဟုတ် ဝိညာဉ်အမြစ် မရှိတဲ့ သာမန်လူတွေပါ... ဒါကြောင့် နည်းနည်းတော့ ရှုပ်ထွေးတယ်”

“မြို့ထဲက အိမ်တွေ၊ ဂူတွေကတော့ ဒုတိယအဆင့် ဝိညာဉ်သွေးကြော ကောင်းချီးမင်္ဂလာ မြေနေရာနဲ့ တူညီပါတယ်... အဲ့ဒီမှာ နေတဲ့သူ အများစုက ချီစွမ်းအင် စုစည်းခြင်း အဆင့် နှောင်းပိုင်း သို့မဟုတ် 'အခြေခံ တည်ဆောက်ခြင်း အဆင့်' ကျင့်ကြံသူတွေပါ... အဓိက ဗဟိုချက်မ နေရာမှာတော့ တတိယအဆင့် ဝိညာဉ်သွေးကြော စွမ်းအင် ရှိတဲ့ ဂူတွေ ရှိပါတယ်”

သူက စုယွီကို တစ်ချက် ကြည့်လိုက်ပြီး သတိထား မေးလိုက်လေ၏။

“စီနီယာက မြို့ပြင်မှာ နေမလား... မြို့ထဲမှာ နေမလားဗျ”

ခေတ္တမျှ စဉ်းစားပြီးနောက် စုယွီ ပြောလိုက်၏။

“မြို့ထဲ သွားကြတာပေါ့”

“မြို့ထဲမှာ အိမ်ဝယ်ဖို့ ကောင်းတဲ့ နေရာ သိလား”

“သိပါတယ်ဗျ”

လူငယ်လေးက စုယွီ၏ လိုအပ်ချက်များကို မှတ်သားလိုက်ပြီး၊ အခင်းအကျင်းကြီး တစ်ခုဖြင့် ခြားနားထားသော ပိုင်ယွဲ့ အင်မော်တယ် မြို့တော်၏ အတွင်းပိုင်း ဧရိယာဆီ ခေါ်ဆောင်သွားပေးလေ၏။

အတွင်းမြို့တော် ဝင်ပေါက်ကို ဖြတ်ကျော်လိုက်သည်နှင့် ပိုမို အားကောင်းသော သဘာဝ ဝိညာဉ်စွမ်းအင်များ မျက်နှာကို လာရောက် ရိုက်ခတ်လေ၏။

လူငယ်လေးသည် စုယွီအား နေရာ (၅) ခုလောက် လိုက်ပြပြီးနောက်၊ နောက်ဆုံးတွင် လမ်းကြားလေး တစ်ခု၏ အဆုံး၌ ရှိသော ခြံဝင်းအလွတ် တစ်ခုကို ရွေးချယ်လိုက်လေ၏။

ခြံဝင်းလေးသည် သေးငယ်ပြီး ရှေ့ဘက်ဝင်းနှင့် အခန်း (၃) ခန်း ပါဝင်သည်။

အခန်း (၃) ခန်းစလုံး၏ အောက်တွင် တံခါးပိတ် ကျင့်ကြံရန်အတွက် လျှို့ဝှက်ခန်းများ ပါရှိလေ၏။

စုယွီသည် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး (၁၃၀၀) ပေးချေပြီး ဝယ်ယူလိုက်သည်။ ထိုအထဲမှ ကျောက်တုံး (၁၀၀) နီးပါးသည် ဝိညာဉ်ခန်းမကို ပေးဆောင်ရသော အခွန်အခ ဖြစ်လေ၏။

ထိုလမ်းထဲတွင် ခြံဝင်း (၆) ခု ရှိသည်။ စုယွီ၏ ခြံဝင်းမှလွဲ၍ ကျန်သော (၅) ခုတွင် လူနေထိုင်ကြသည်။

လူငယ်လေးသည် ဤနေရာနှင့် အတော်လေး ရင်းနှီးပုံရပြီး အိမ်နီးချင်း (၅) ဦး အကြောင်းကိုပါ သိရှိနေလေ၏။

“စီနီယာ... မျက်နှာချင်းဆိုင် ခြံဝင်းမှာ 'မူးယစ်နတ်မိမယ်မျှော်စင်'က နတ်မိမယ် ညီအစ်မ နှစ်ယောက် နေကြတယ်... စီနီယာတော့ ကံကောင်းပြီ... မျက်စိအစာကျွေးလို့ ရပြီ”

“ကပ်လျက် ခြံဝင်းမှာတော့ ပထမအဆင့် ထိပ်တန်း လက်နက်သွန်းလုပ်သူ (Artifact Refiner) တစ်ယောက် နေပါတယ်”

“အပြင်ဘက်ဆုံး ခြံဝင်းမှာတော့ မိသားစု (၄) ယောက် နေကြတယ်... အဓိကအားဖြင့် မြို့တော်ရဲ့ ဝိညာဉ်စိုက်ခင်းတွေမှာ လုပ်ကိုင်ကြတာပါ”

“ကျန်တဲ့ အိမ်နှစ်လုံးထဲက တစ်လုံးမှာ အမှန်တရားခန်းမကို ဝင်ရောက်ထားတဲ့ ပထမအဆင့် ထိပ်တန်း အဆောင်လက်ဖွဲ့ ပညာရှင် တစ်ယောက် နေပါတယ်”

“နောက်ဆုံး တစ်လုံးမှာတော့ ချီစွမ်းအင် စုစည်းခြင်း အဆင့် (၉) ကျင့်ကြံသူ တစ်ယောက် နေတယ်... သူက တစ်သီးတသန့် နေတတ်တယ်... သူ့ကို မြင်ဖူးတဲ့သူ နည်းသလို ဘာလုပ်မှန်းလည်း ဘယ်သူမှ မသိကြဘူး”

အရောင်းအဝယ် ကိစ္စ ပြီးဆုံးသွားသောအခါ စုယွီသည် လူငယ်လေးနှင့်အတူ လျှောက်လည်ရင်း အိမ်အတွက် လိုအပ်သော ပစ္စည်းတချို့ ဝယ်ယူလိုက်လေ၏။

ဤနေရာနှင့် လမ်းကြား အနည်းငယ် အကွာတွင် ဈေးတစ်ခု ရှိလေ၏။

ဆိုင်ခန်းများရော၊ လေလွင့်ကျင့်ကြံသူများ၏ ဆိုင်ခန်းငယ်လေးများရော စည်ကားနေပေ၏။

ဒုတိယအဆင့် သားရဲ သွေးအဆီအနှစ်၊ ဒုတိယအဆင့် အဆောင်လက်ဖွဲ့ အဆောင်များနှင့် အခြား ပစ္စည်းများ ရောင်းချသော ဆိုင်များကိုပင် တွေ့ရှိခဲ့ရလေ၏။

ပြန်လာသော လမ်းတွင် လူငယ်လေးက စုယွီအား သူ အရင်က ပြောပြခဲ့သော 'မူးယစ်နတ်မိမယ်မျှော်စင်' သို့ ခေါ်သွားပြလေ၏။

အဝေးမှနေ၍ ကပြဖျော်ဖြေနေကြသော နတ်မိမယ်လေးများကို ကြည့်ပြီး အချို့လူများက 'မရှက်မကြောက်တွေ... ဘာလို့ ငါ့ကို မဖိတ်ကြတာလဲ' ဟု တီးတိုး ရေရွတ်ကာ ထွက်ခွာသွားကြလေ၏။

စုယွီကမူ အဝေးမှနေ၍သာ လှမ်းမျှော်ကြည့်လိုက်မိသည်။ မျှော်စင်ဆီမှ သာယာငြိမ့်ညောင်းသော တေးသွားသံ သဲ့သဲ့လေး ကြားလိုက်ရသောအခါ သူ တွေးတောမိလေ၏။

ကျင့်ကြံခြင်း အတတ်ပညာ ရာပေါင်းများစွာထဲတွင် ဂီတ အတတ်ပညာလည်း ပါဝင်သည် မဟုတ်ပါလော။

အထဲတွင် ကျင့်ကြံနေကြသော ဂီတ အတတ်ပညာသည် ကောင်းမွန်ပါ့မလား။

အဟမ်း...

ပြန်ကြစို့။

လူငယ်လေးအား ပင်ပန်းကြေး အဖြစ် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်တုံး ပေးလိုက်ပြီး၊ စုယွီသည် သူ့ခြံဝင်းထဲသို့ တစ်ယောက်တည်း ပြန်ဝင်လာခဲ့သည်။ အခန်းကို စတင် ပြင်ဆင်လေတော့သည်။

ခြံဝင်းထဲတွင် ပထမအဆင့် ထိပ်တန်း ကာကွယ်ရေး အခင်းအကျင်း တစ်ခု ခင်းကျင်းလိုက်သည်။ သူ့အခန်းအောက်ရှိ လျှို့ဝှက်ခန်းထဲတွင်မူ 'ဝိညာဉ် စုစည်းခြင်း အခင်းအကျင်း' တစ်ခု တပ်ဆင်လိုက်လေ၏။

“အိုးဟိုး..တာဝန် ပြီးဆုံး”

စုယွီ ကျေနပ်အားရစွာ ခေါင်းညိတ်လိုက်လေ၏။

ယခုအခါ ပိုင်ယွဲ့ အင်မော်တယ် မြို့တော်ထဲတွင် ကိုယ်ပိုင် အသိုက်အမြုံလေး တစ်ခု ရှိသွားခဲ့ပြီ ဖြစ်သည်။

ရိုးရှင်းနေသေးသော်လည်း နောင်မှ လိုအပ်သည်များကို ဖြည်းဖြည်းချင်း ဖြည့်ဆည်းရပေမည်။

နောက်တစ်ဆင့် အနေဖြင့်... စုယွီသည် လျှို့ဝှက်ခန်းထဲတွင် တင်ပျဉ်ခွေ ထိုင်ပြီး နေ့စဉ် ကျင့်ကြံခြင်းကို စတင်လိုက်လေ၏။

ခြံဝင်းငယ်လေး ပြင်ဆင်ရန်အတွက် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး (၁၃၀၀) ကုန်ကျခဲ့ပြီ ဖြစ်သည်။ သူ့လက်ထဲတွင် ကျောက်တုံး (၃၀၀၀) နီးပါးလောက်သာ ကျန်ရှိတော့သည်။

များပြားသည်ဟု ထင်ရသော်လည်း၊ တစ်နှစ်ခန့် ကျင့်ကြံရန်အတွက် ကျောက်တုံး (၈၀၀) မှ (၁၀၀၀) ခန့် ကုန်ကျနိုင်သဖြင့် သိပ်ကြာကြာ ခံမည် မဟုတ်ပေ။

ထို့အပြင် ဆေးဆရာ၊ အဆောင်လက်ဖွဲ့ ပညာရှင် နှင့် ရုပ်သေးပညာရှင် အဆင့် ချိုးဖြတ်ရန်၊ ကျွမ်းကျင်မှု တိုးတက်ရန်အတွက် ကုန်ကျစရိတ်များလည်း ရှိနေသေးသည်။

အထူးသဖြင့် ရုပ်သေးပညာရှင် အပိုင်းတွင်... ဒုတိယအဆင့် 'နဂါးမိကျောင်း ရုပ်သေးသားရဲ' အတွက် ပစ္စည်း တစ်ဝက်ခန့် လိုအပ်နေသေးသည်။

ဒါသည် အနည်းဆုံး နောက်ထပ် ဝိညာဉ်ကျောက်တုံး (၂၀၀၀) ခန့် လိုအပ်ဦးမည် ဖြစ်သည်။

“အခြေကျသွားရင် ပိုက်ဆံ ဘယ်လို ရှာရမလဲ စဉ်းစားရမယ်”

စုယွီ တွေးတောနေမိလေ၏။

ဆေးပညာ၊ အဆောင်လက်ဖွဲ့၊ ရုပ်သေး... အားလုံးသည် ပိုက်ဆံရှာ၍ ရနိုင်သော အရာများချည်းပင်။

သို့သော်...၊

သူ့၏ ဝှက်ဖဲ အားလုံးကို ထုတ်ပြရန် အစီအစဉ် မရှိပေ။

“ဒါကြောင့်... အပေါ်ယံမှာတော့ ဆေးဆရာ အဖြစ်ပဲ ရပ်တည်မယ်”

“ဆေးပညာနဲ့ ဝင်ငွေ ထွက်ငွေ မမျှဘူး ဆိုရင်မှ အဆောင်လက်ဖွဲ့ အဆောင်တချို့ကို တိတ်တဆိတ် ထုတ်ရောင်းတာပေါ့”

နေ့စဉ် ကျင့်ကြံခြင်း ပြီးဆုံးသွားသောအခါ၊ စုယွီသည် ပိုင်ယွဲ့ အင်မော်တယ် မြို့တော်ရှိ ယွင်ကျန်းဂိုဏ်း စခန်းသို့ အရင် ရောက်နှင့်နေသော ချန်စီစီကို သတိရသွားမိသည်။

ခေတ္တမျှ စဉ်းစားပြီးနောက်...၊

“အခြေကျသွားရင် သူ့ကို အိမ်ဖိတ်ပြီး ဧည့်ခံသင့်တယ်မလား”

မည်သို့ပင် ဆိုစေကာမူ မိတ်ဆွေဟောင်းများ ဖြစ်ကြသည် မဟုတ်ပါလော။

ညဉ့်နက်ပိုင်းတွင်... မျက်နှာဖုံးစွပ်ထားသော အမျိုးသမီး နှစ်ဦးသည် လမ်းကြားထဲ၌ လက်ချင်းချိတ် လျှောက်လာရင်း ရုတ်တရက် လွှတ်ခနဲ အော်မိသွားကြလေ၏။

“ဟယ်…မျက်နှာချင်းဆိုင် အိမ်မှာ လူ လာနေပြီလား”

—------

နောက်တစ်နေ့ မနက်ခင်း၌...၊

စုယွီ 'ရွှေပုစဉ်းရင်ကွဲ ကျင့်စဉ်' ကို ကျင့်ကြံနေစဉ် အပြင်မှ တံခါးခေါက်သံ ကြားလိုက်ရလေ၏။

တံခါး ဖွင့်လိုက်သောအခါ အပြာနုရောင် ဝတ်စုံနှင့် မျက်နှာကို ပဝါဖြူ အုပ်ထားသော မိန်းမပျို တစ်ဦး ရပ်နေသည်ကို တွေ့လိုက်ရ၏။

မျက်နှာကို သေချာ မမြင်ရသော်လည်း၊ အလှအပ ပိုင်းတွင် (၁၀) မှတ် ပေးလျှင် (၈) မှတ်လောက်တော့ သေချာပေါက် ရနိုင်မည့်ပုံ ရှိလေ၏။

ထို့ပြင် သူမဆီ၌ လူ့လောကထဲ ရောက်ရှိနေသော နတ်မိမယ်လေး တစ်ပါးကဲ့သို့ ထူးခြားသည့် အရှိန်အဝါများ ရှိနေသည်။

သူမကို မြင်လိုက်ရသောအခါ စုယွီ ခေတ္တမျှ မှင်သက်သွားမိလေ၏။

သို့သော် ချက်ချင်းပင် သတိပြန်ဝင်လာပြီး အံ့သြစွာ မေးလိုက်၏။

“ခင်ဗျားက...”

မိန်းမပျိုက တခစ်ခစ် ရယ်မောလိုက်ပြီး သစ်သီးခြင်းလေး တစ်ခု ကမ်းပေးလာလေ၏။

“ကျွန်မက မျက်နှာချင်းဆိုင် အိမ်က အိမ်နီးချင်း လန်ရှီပါ... မနေ့ညက ရှင် ပြောင်းလာတာ တွေ့လိုက်လို့ ဒီနေ့ လာနှုတ်ဆက်တာပါ... ဒါက သာမန် ဝိညာဉ်သစ်သီးတွေပါ... လက်ခံပေးပါနော်”

သစ်သီးခြင်းကို ယူလိုက်ရင်း စုယွီ ပြန်ဖြေလိုက်လေ၏။

“ကျွန်တော်က စုယွီ ပါ... ရပါတယ်ဗျာ... ကျေးဇူးတင်ပါတယ် မိတ်ဆွေ”

ပြီးနောက် တောင်းပန်စကား ဆိုလိုက်လေ၏။

“တကယ်ဆို ကျွန်တော်က လာနှုတ်ဆက်သင့်တာ... အားနာပါတယ်ဗျာ”

ခဏလောက် စကားစမြည် ပြောပြီးနောက် မိန်းမပျိုက မေးလိုက်လေ၏။

“မိတ်ဆွေစုက ဘာကျွမ်းကျင်လဲ ၊ သိခွင့်ရှိမလား”

စုယွီ ဖြေလိုက်၏။

“ဆေးပညာပါ... ကျွန်တော်က ပထမအဆင့် ဆေးဆရာ တစ်ယောက်ပါ... မိတ်ဆွေလန်ရှီ ဆေးလုံးတွေ လိုအပ်ရင် ကျွန်တော့်ဆီ လာခဲ့ပါ”

လန်ရှီ၏ မျက်လုံးများ အရောင်လက်သွားလေ၏။

“ဆေးဆရာလား... ဟား ဟား ဟား... ကောင်းလိုက်တာ... ဈေးတော့ လျှော့ပေးရမယ်နော်... အခုဆိုရင် ကျွန်မတို့ လမ်းကြားထဲမှာ ဆေးဆရာ၊ လက်နက်သွန်းလုပ်သူ နဲ့ အဆောင်လက်ဖွဲ့ ပညာရှင် အကုန် ရှိသွားပြီပေါ့”

မကြာမီမှာပင် ထိုကောင်မလေး.. ပြန်သွားလေ၏။

စကားပြောပြီးနောက် စုယွီ အခြား အိမ်နီးချင်းများ အကြောင်း ပိုမို သိရှိလာရလေ၏။

ထိုကောင်မလေး၏ ညီမ နာမည်က လန်ကုန်း ဟု ခေါ်သည်။

နှစ်ယောက်စလုံးသည် 'မူးယစ်နတ်မိမယ်မျှော်စင်' မှ ကြေးစား ဂီတပညာရှင်များ ဖြစ်ကြပြီး၊ ဂီတတူရိယာ တီးမှုတ်ရာတွင် ကျွမ်းကျင်ကြလေ၏။

လန်ရှီသည် ချီစွမ်းအင် စုစည်းခြင်း အဆင့် (၈) ဖြစ်ပြီး၊ လန်ကုန်းသည် အဆင့် (၇) ရှိလေ၏။

နောင်တွင် သူတို့ထံ အလည်သွားရန် စုယွီ ဆုံးဖြတ်လိုက်လေ၏။ လက်ဆောင် အနေဖြင့် 'ချီစွမ်းအင် စုစည်းခြင်း ဆေးလုံး' တစ်ပုလင်း ပေးလိုက်လျှင် ကောင်းမွန်ပေလိမ့်မည်။

ဤသို့ လက်ဆောင် ပေးလိုက်လျှင် မိတ်ဖွဲ့ပြီးသား ဖြစ်သွားပေမည်။ အခြား အိမ်နီးချင်းများထံလည်း အခါအခွင့် ရလျှင် သွားရောက် လည်ပတ်ရပါဦးမည်။

ဆေးပညာ လုပ်ငန်း မည်သို့ စတင်ရမည် ဆိုသည်ကိုမူ... သေချာ စဉ်းစားရဦးမည် ဖြစ်လေ၏။

All Chapters