ကွင်း (၈) ပတ်လည်
Vol. 4 Ch. 53
~ခဏအကြာတွင်...
စုယွီသည် ထိပ်တန်းအဆင့် 'ချီစွမ်းအင် စုစည်းခြင်း ဆေးလုံး' တစ်ပုလင်းကို ကိုင်ဆောင်လျက် လန်ရှီ နှင့် လန်ကုန်း ညီအစ်မ နှစ်ဦးထံ အလည်သွားခဲ့လေ၏။
သို့သော် မကြာမီမှာပင်... သူတို့၏ ခြံဝင်းထဲမှ ပြန်ထွက်လာသော စုယွီ၏ မျက်နှာထားမှာ အနည်းငယ် ထူးဆန်းနေလေ၏။
ထိုညီအစ်မနှစ်ဦး တစ်ယောက်ကိုတစ်ယောက် ကြည့်သည့် အကြည့်များက ပုံမှန် မဟုတ်သလို ခံစားနေရသောကြောင့်ပင်။
သူ့အပေါ် ဆက်ဆံပုံကတော့ ပုံမှန်ပါပဲ... ယဉ်ကျေးသည်... သို့သော်၊ စိမ်းသက်ပြီး အေးစက်နေလေ၏။
နောက်ရက် အနည်းငယ် အတွင်း... မကျင့်ကြံသည့် အချိန်များတွင် စုယွီသည် အနီးဆုံး အိမ်နီးချင်း နှစ်ဦးထံ သွားရောက် လည်ပတ်ခဲ့သည်။
တစ်အိမ်က မိသားစု (၄) ယောက် နေထိုင်သော အိမ် ဖြစ်ပြီး၊ အိမ်ထောင်ဦးစီး အမျိုးသားက ရိုးသားပုံ ရသည်။ နောက်တစ်အိမ်ကတော့ ကပ်လျက်ခြံဝင်းမှာ နေထိုင်သော လက်နက်သွန်းလုပ်သူ ဦးလေးကြီး ဖြစ်ပြီး၊ အသက် (၇၀) ကျော် ချီစွမ်းအင် စုစည်းခြင်း အဆင့် (၉) ကျင့်ကြံသူ တစ်ဦး ဖြစ်သည်။
ထိူအိမ်ထောင်စု နှစ်ခုစလုံးက ထူးခြားချက် ကိုယ်စီ ရှိနေကြ၏။ မိသားစု (၄) ယောက်ထဲက အမျိုးသားက အိမ်တွင်း အကြမ်းဖက်တတ်သည့် အကျင့်ရှိပြီး၊ ကပ်လျက်အိမ်က ဗလတောင့်တောင့် ဦးလေးကြီးကတော့ ဒေါသ အရမ်းကြီးသူ ဖြစ်နေသည်။
တစ်နေ့တွင်...
အိမ်နီးချင်း ပထမအဆင့် ထိပ်တန်း အဆောင်လက်ဖွဲ့ ပညာရှင်က ပိုင်ယွဲ့ အင်မော်တယ် မြို့တော် 'အမှန်တရားခန်းမ'သို့ ဝင်ရောက်သွားပြီ ဆိုသော သတင်းကို ကြားလိုက်ရသဖြင့်၊ စုယွီသည် သူ့ထံသို့ ဦးစွာ သွားရောက် လည်ပတ်လိုက်လေ၏။
“အခုမှ ပြောင်းလာတာလား... ပထမအဆင့် ထိပ်တန်း ဆေးဆရာ တဲ့လား”
ဝူဇီကန် ဆိုသော ထိုသူသည် အရပ် (၇) ပေ မပြည့်တပြည့်၊ အသားဖြူဖြူနှင့် ရုပ်ရည်ချောမောသော သက်လတ်ပိုင်း အမျိုးသား တစ်ဦး ဖြစ်သည်။ သို့သော် သူ့မျက်နှာထားက အနည်းငယ် ချဉ်စုတ်စုတ် နိုင်ပြီး၊ လူကို ကြည့်လျှင် မျက်လုံး မှေးစင်းပြီး ကြည့်တတ်လေ၏။
ဝူဇီကန်သည် ခေါင်းကို အနည်းငယ် မော့ကာ (၄၅) ဒီဂရီ ထောင့်မှနေ၍ စုယွီကို အထင်သေးသော အကြည့်ဖြင့် စစ်ဆေးကြည့်ရှုလေ၏။ သူ့မျက်မှောင်များ အနည်းငယ် တွန့်ချိုးနေပြီး သံသယများ ပြည့်နှက်နေ၏။
ပြဿနာက စုယွီ၏ ရုပ်ရည်မှာ နုပျိုလွန်းနေပြီး (၁၀) ကျော်သက် လူငယ်လေး တစ်ဦးနှင့် မခြားနားသလို ဖြစ်နေခြင်းကြောင့်ပင်။
စုယွီက ပြုံးလိုက်ပြီး ပြောလေ၏။
“ကျွန်တော့်အသက် (၄၀) ကျော်နေပါပြီ... ပထမအဆင့် ထိပ်တန်း ဆေးဆရာ အဆင့်ကို အနိုင်နိုင် တက်လှမ်းထားရတာပါ... နောင်ကျရင် မိတ်ဆွေဝူ ဆေးလုံးတွေ လိုအပ်ရင် ကျွန်တော့်ဆီ လာခဲ့ပါ”
ဝူဇီကန်က နှုတ်ခမ်းကို မဲ့လိုက်ပြီး အထင်သေးစွာ ပြောလေ၏။
“မလိုပါဘူး... ငါတို့ အမှန်တရားခန်းမ မှာ ပထမအဆင့် ထိပ်တန်း ဆေးဆရာတွေ မရေမတွက်နိုင်အောင် ရှိတယ်... ဘာကိစ္စ မင်းဆီ လာရမှာလဲ”
သို့သော် ထိုသို့ ပြောပြီးနောက် ဝူဇီကန်သည် စုယွီကို တစ်ချက် ထပ်မံ အကဲခတ်လိုက်ပြီး ပြောလေ၏။
“မင်း ပိုင်ယွဲ့ အင်မော်တယ် မြို့တော်ကို ရောက်တာ မကြာသေးဘူး မလား... ငါတို့ အမှန်တရားခန်းမ ကို ဝင်မလား”
“မင်း ဝင်ချင်တယ် ဆိုရင် အမှန်တရားခန်းမရဲ့ ဘဏ္ဍာရေးမှူးဆီ ငါ ထောက်ခံပေးမယ်”
“အခွင့်အရေး ဆိုတာ ခဏခဏ ရတာ မဟုတ်ဘူး... တန်ဖိုးထားတတ်ရမယ်”
စုယွီသည် အားနာပါးနာ ပြုံးလိုက်ပြီး လက်ဝါးများ ဆုပ်ကာ ကျေးဇူးတင်စကား ဆိုလိုက်သည်။
“မိတ်ဆွေရဲ့ စေတနာကို ကျေးဇူးတင်ပါတယ်... ဒါပေမဲ့ လောလောဆယ် ကျွန်တော့်မှာ အဲ့လို အစီအစဉ် မရှိသေးပါဘူး”
“ဒါဆို မနှောင့်ယှက်တော့ပါဘူး... သွားခွင့်ပြုပါဦး”
စုယွီ ထွက်ခွာသွားသည်ကို ကြည့်ရင်း ဝူဇီကန်၏ မျက်နှာ မည်းမှောင်သွားလေ၏။
“ဟွန်း... ချီစွမ်းအင် စုစည်းခြင်း အဆင့် (၇) အမှိုက်ကောင်ကများ... ပေးတဲ့ အခွင့်အရေးကို တန်ဖိုးမထားတတ်ဘူး”
ခြံဝင်းထဲသို့ ပြန်ရောက်သောအခါ စုယွီသည် ဝူဇီကန်၏ ခြံဝင်းဘက်သို့ တစ်ချက် လှမ်းကြည့်လိုက်လေ၏။
လမ်းကြားထဲရှိ အခြား အိမ်နီးချင်းများကို စဉ်းစားကြည့်ရင်း ခေါင်းခါကာ ရယ်မောလိုက်မိသည်။
နှိုင်းယှဉ်ကြည့်လိုက်ရင် လန်ညီအစ်မ နှစ်ယောက်က ပိုပြီး ပုံမှန်ဖြစ်ပုံ ရတယ်။
ဟို ဝူဇီကန် ဆိုတဲ့ လူကတော့...
သူ့ရဲ့ စော်ကားမော်ကား ပြောတတ်တဲ့ ပါးစပ်နဲ့သာ ဆိုရင်၊ ပိုင်ယွဲ့ အင်မော်တယ် မြို့တော် မဟုတ်ခဲ့ရင် ဒီအချိန်ထိ အသက်ရှင်နေနိုင်မှာ မဟုတ်ဘူး။
“အမှန်တရားခန်းမက ချမ်းသာကြွယ်ဝပြီး အာဏာရှိတဲ့ ထိပ်တန်း အဆောင်လက်ဖွဲ့ ပညာရှင် တဲ့လား...”
စုယွီ၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး စူးရှသော အရိပ်အယောင် တစ်ခု ဖြတ်သန်းသွားလေ၏။
နောက်ထပ် အိမ်နီးချင်း တစ်ယောက် ကျန်သေးသည်။ သို့သော် လမ်းကြားထဲသို့ ပြောင်းလာသည်မှာ တစ်လကျော် ကြာပြီ ဖြစ်သော်လည်း၊ ထိုသူ့ကို စုယွီ တစ်ကြိမ်မှ မမြင်ဖူးသေးပေ။ တကယ်ကို လျှို့ဝှက်ဆန်းကြယ်လှသည်။
ယနေ့အခါ၊
ခြံဝင်း အတွင်း၌...
စုယွီသည် စားပွဲဝိုင်း တစ်ခု ပြင်ဆင်ထားလေ၏။ သူ့မျက်နှာချင်းဆိုင်တွင် ထိုင်နေသူများမှာ ချန်စီစီ နှင့် အခြား အသိမိတ်ဆွေ တစ်ဦး ဖြစ်သော ယွင်ကျန်းဂိုဏ်း တပည့် ယွီချန်ချင်း တို့ ဖြစ်ကြသည်။
သို့သော် ယခင်ကနှင့် ယှဉ်လျှင် ယွီချန်ချင်းသည် အနည်းငယ် ဝဖြိုးလာပြီး၊ သူမ၏ ချီစွမ်းအင် လည်ပတ်မှုမှာလည်း မူမမှန် ဖြစ်နေလေ၏။
ချန်စီစီက စုယွီကို ညင်သာစွာ ပြောလေ၏။
“အစ်ကို ပိုင်ယွဲ့ ..အင်မော်တယ် မြို့တော်ကို လာမယ်ဆိုတာ ညီမ သိပါတယ်... ဒီလောက် မြန်မြန် ရောက်လာလိမ့်မယ်လို့တော့ မထင်ထားဘူး”
စုယွီ ခေါင်းအနည်းငယ် ခါလိုက်ပြီး နောက်ပြောင်သော လေသံဖြင့် ပြောလိုက်သည်။
“တကယ်တော့ ယွင်ရှန်း ဈေးမြို့တော် မှာပဲ ဆက်နေမလို့ပါ... ဒါပေမဲ့ 'အခြေခံ တည်ဆောက်ခြင်း အဆင့်' ကို ရောက်ဖို့ လမ်းစ ပျောက်နေသလို ဖြစ်နေလို့”
စုယွီ၏ စကားကို ချန်စီစီ ခေါင်းညိတ် ထောက်ခံလိုက်သည်။ သူမ စုယွီ့စကားကို ယုံကြည်ပါသည်။
လက်ရှိတွင် စုယွီသည် အသက် (၄၀) ကျော်နေပြီ ဖြစ်သော်လည်း ချီစွမ်းအင် စုစည်းခြင်း အဆင့် (၇) သာ ရှိသေးသည်။
အဆင့် (၉) ရောက်ဖို့ဆိုရင် အသက် (၆၀) (၇၀) လောက် ဖြစ်မနေပေဘူးလား။
အဲ့ဒီအချိန်ကျရင် 'အခြေခံ တည်ဆောက်ခြင်း အဆင့်' ကို ရောက်ဖို့ အခွင့်အလမ်းက မရှိသလောက် နည်းပါးသွားပြီလေ။
'အခြေခံ တည်ဆောက်ခြင်း အဆင့်' အကြောင်း ကြားလိုက်ရသောအခါ ယွီချန်ချင်း၏ ခန္ဓာကိုယ် အနည်းငယ် တုန်ရီသွားပြီး နှုတ်ခမ်းကို တင်းတင်း စေ့ထားလိုက်သည်။ သူမ၏ မျက်နှာထားမှာ ညှိုးငယ်သွားရှာသည်။
အခြေအနေကို ရိပ်မိသော စုယွီနှင့် ချန်စီစီတို့သည် စကားလမ်းကြောင်းကို ဆေးပညာ ဘက်သို့ ချက်ချင်း လွှဲလိုက်ကြသည်။ အကြောင်းမှာ လွန်ခဲ့သော ခြောက်လခန့်က ယွီချန်ချင်းသည် 'အခြေခံ တည်ဆောက်ခြင်း အဆင့်' သို့ ဝင်ရောက်ရန် ကြိုးစားစဉ် တစ်ခဏတာ ဆုံးဖြတ်ချက် မှားယွင်းမှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သောကြောင့်ပင်။
ယခုအချိန်အထိ သူမ၏ စွမ်းအားများ အပြည့်အဝ ပြန်လည် မကောင်းမွန်သေးပေ။
ထိုအကြောင်းကြောင့်ပင် ယွီချန်ချင်းသည် ယွင်ကျန်းဂိုဏ်း အတွင်းစည်း ဆေးလုံးမျှော်စင်မှ ခေတ္တ ထွက်ခွာကာ ပိုင်ယွဲ့ အင်မော်တယ် မြို့တော်သို့ လာရောက်ခဲ့ခြင်း ဖြစ်သည်။
သူတို့ အချိန်အတော်ကြာ စကားပြောဖြစ်ကြသည်။
စုယွီကို ကြည့်ရင်း ချန်စီစီက မေးလိုက်သည်။
“ပိုင်ယွဲ့ အင်မော်တယ် မြို့တော်မှာ ဘာဆက်လုပ်ဖို့ စီစဉ်ထားလဲ”
စုယွီ ပြန်ဖြေလိုက်၏။
“မဆုံးဖြတ်ရသေးပါဘူး... အရင်ဆုံး အခြေကျအောင် နေပြီးမှ ကြည့်ရမှာပေါ့”
ချန်စီစီ ခဏ စဉ်းစားပြီး တွန့်ဆုတ်စွာ အကြံပြုလိုက်သည်။
“ယွင်ကျန်းဂိုဏ်း စခန်းမှာ ယာယီ လာနေမလား... ဒီမှာ ယွင်ကျန်းဂိုဏ်းပိုင် ဆိုင်တစ်ဆိုင် ရှိတယ်... ဂျူနီယာညီမလေး ယု လည်း အဲ့ဒီမှာ ရှိတယ်... အလုပ်တွေက သက်သာပါတယ်”
စုယွီ ယဉ်ကျေးစွာ ငြင်းပယ်လိုက်သည်။ ယွင်ရှန်း ဈေးမြို့တော်တွင် ရှိစဉ်ကလည်း ယွင်ကျန်းဂိုဏ်း စခန်းတွင် နေထိုင်ရန် ကမ်းလှမ်းခံခဲ့ရဖူးသော်လည်း၊ သူသည် အခြား အင်အားစုများနှင့် ပတ်သက်ဆက်နွှယ်မှု မရှိချင်ပေ။
ထိုအခြေအနေကို မြင်သောအခါ ချန်စီစီက အကြံပေးပြန်သည်။
“အစ်ကို လိုအပ်နေတဲ့ ပစ္စည်းတွေက ရှားပါးတယ်... နောက် (၂) နှစ် နေရင် ပိုင်ယွဲ့ အင်မော်တယ် မြို့တော် ဝိညာဉ်ခန်းမ မှာ လေလံပွဲ တစ်ခု ရှိတယ်... အဲ့ဒီမှာ အစ်ကို လိုချင်တာတွေ တွေ့နိုင်လောက်တယ်”
ချန်စီစီနှင့် ယွီချန်ချင်းတို့ကို နှုတ်ဆက်ပြီးနောက်၊ စုယွီသည် ဤနေရာတွင် စိတ်အေးချမ်းသာစွာဖြင့် ကျင့်ကြံခြင်းကို စတင်လိုက်လေ၏။
'အစိမ်းရောင် သစ်သား နှစ်ပတ်လည် ကွင်း ကျင့်စဉ်' သည် ကွင်း (၈) ပတ်လည် အဆင့်သို့ ရောက်ရန် မဝေးတော့ပေ။
ပိုင်ယွဲ့ အင်မော်တယ် မြို့တော်တွင် လှည့်လည်သွားလာရင်း စုယွီသည် ကျင့်ကြံခြင်းကိုသာ အဓိကထား လုပ်ဆောင်ခဲ့သည်။ လန်ရှီ ညီအစ်မနှင့် ဘေးအိမ်က လက်နက်သွန်းလုပ်သူ မိသားစု (၄) ယောက်တို့၏ ဆေးဖော်ပေးရန် အကူအညီ တောင်းခံမှုမှလွဲ၍ အခြား မည်သည့် အလုပ်ကိုမျှ လက်မခံခဲ့ပေ။
မျက်တောင်တစ်ခတ် အတွင်းမှာပင် စုယွီ ပိုင်ယွဲ့ အင်မော်တယ် မြို့တော်သို့ ရောက်ရှိနေသည်မှာ (၈) လ ရှိသွားခဲ့ပြီ ဖြစ်သည်။
ထိုကာလအတွင်း စုယွီသည် မြို့တော်ရှိ ဈေးအမျိုးမျိုးသို့ မကြာခဏ သွားရောက်ပြီး ဒုတိယအဆင့် အဆင့်နိမ့် 'နဂါးမိကျောင်း ရုပ်သေးသားရဲ' အတွက် သာမန် ကုန်ကြမ်းပစ္စည်း အများအပြားကို စုဆောင်းခဲ့သည်။
ယခုအခါ ဒုတိယအဆင့် အလယ်အလတ် သားရဲ၏ အဓိက ပစ္စည်း အနည်းငယ်သာ လိုတော့သည်။
ထိုညတွင်...
အခန်းအောက်ရှိ လျှို့ဝှက်ခန်း အတွင်း၌...
ကိုယ်ဖျောက် အခင်းအကျင်း၊ ဝိညာဉ် စုစည်းခြင်း အခင်းအကျင်း နှင့် ကာကွယ်ရေး အခင်းအကျင်း အားလုံးကို ဖွင့်ထားလိုက်သည်။ စုယွီ ကျင့်ကြံနေစဉ် ထွက်ပေါ်လာမည့် လှုပ်ရှားမှုများကို ဖုံးကွယ်ထားရန်နှင့် ၊ အပြင်သို့ မပေါက်ကြားစေရန် အတားအဆီး တစ်ခု စီရင်ထားလိုက်သည်။
'ရွှေပုစဉ်းရင်ကွဲ ကျင့်စဉ်' ၏ အလင်းရောင်များ ခန္ဓာကိုယ် တစ်ခုလုံးကို လွှမ်းခြုံထားပြီး၊ စုယွီ၏ စိတ်အာရုံသည် ဗလာဖြစ်သွားကာ ဝိညာဉ်သည် နတ်အလင်းရောင်များကြားတွင် ရေချိုးနေရသကဲ့သို့ အလွန် သက်သောင့်သက်သာ ခံစားနေရလေ၏။
'အစိမ်းရောင် သစ်သား နှစ်ပတ်လည် ကွင်း ကျင့်စဉ်' သည် ပုံမှန်ထက် (၁၀) ရာခိုင်နှုန်း ပိုမို မြန်ဆန်သော နှုန်းဖြင့် လည်ပတ်နေသည်။
မြစိမ်းရောင် ချီစွမ်းအင်များသည် စုယွီ၏ ခန္ဓာကိုယ် တစ်ခုလုံး ပြည့်နှက်နေလေ၏။ ပထမအဆင့် ထိပ်တန်း ပြည့်စုံအဆင့် 'ချီစွမ်းအင် စုစည်းခြင်း ဆေးလုံး' ၏ အာနိသင်အပြင်၊ စုယွီ၏ ဘေးတွင် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ပုံတစ်ပုံလည်း ရှိနေသေးသည်။
“ဝီ…”
ရုတ်တရက်...
စုယွီ၏ ကိုယ်မှ မြစိမ်းရောင် အလင်းတန်းများ ပေါက်ကွဲထွက်လာပြီး 'အစိမ်းရောင် သစ်သား နှစ်ပတ်လည် ကွင်း ကျင့်စဉ်' ၏ အရှိန်အဝါသည် မသိမသာ ပြောင်းလဲသွားလေ၏။
သဘာဝကျစွာပင်... သူသည် ချီစွမ်းအင် စုစည်းခြင်း အဆင့် (၇) မှ အဆင့် (၈) သို့ ကူးပြောင်း ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
တစ်ချိန်တည်းမှာပင် စုယွီ၏ ဝိညာဉ်သည် ခန္ဓာကိုယ်မှ ကျွတ်ထွက်သွားသလို ဖြစ်သွားပြီး 'ရွှေပုစဉ်းရင်ကွဲ ကျင့်စဉ်' ကို အသက်သွင်းလိုက်လေ၏။ ရွှေပုစဉ်းရင်ကွဲ အဖြစ် ပြောင်းလဲသွားသော ဝိညာဉ်သည် လျှို့ဝှက်ခန်း လေထဲတွင် ဝဲပျံနေပြီး၊ 'အစိမ်းရောင် သစ်သား နှစ်ပတ်လည် ကွင်း ကျင့်စဉ်' ကို ချောမွေ့စွာ ကျင့်ကြံနေဆဲ ဖြစ်သော ရုပ်ခန္ဓာကိုယ်ကို ငုံ့ကြည့်နေလေ၏။
“ရွှေပုစဉ်းရင်ကွဲ ကျင့်စဉ် နဲ့ဆိုတော့... 'အစိမ်းရောင် သစ်သား နှစ်ပတ်လည် ကွင်း ကျင့်စဉ်' ရဲ့ ကျင့်ကြံနှုန်းက တကယ်ပဲ အများကြီး မြန်လာတာပဲ”
စုယွီ ဝမ်းသာသွားမိသည်။
သူ ကျွမ်းကျင်မှု မျက်နှာပြင်ကို ကြည့်လိုက်သည်။
[ သက်တမ်း - ၄၃ / ၁၅၁ ]
“ငါ့သက်တမ်းက နောက်ထပ် (၁၂) နှစ် တိုးလာပြန်ပြီ”
အရေးကြီးဆုံး အချက်ကတော့... ယခင်က သိပ်မထူးခြားလှသော 'အစိမ်းရောင် သစ်သား နှစ်ပတ်လည် ကွင်း ကျင့်စဉ်' ၏ သစ်သားဓာတ် ချီစွမ်းအင်သည် အဆင့်တိုင်း၊ ကွင်းတိုင်း တိုးတက်လာသည်နှင့်အမျှ မယုံကြည်နိုင်လောက်အောင် စွမ်းအားကြီးမားလာခြင်းပင် ဖြစ်သည်။
ထိုအရှိန်အဝါသည် လော့ချန်ယွီ ချီစွမ်းအင် စုစည်းခြင်း အဆင့် (၉) တွင် ရှိစဉ်က ထုတ်လွှတ်ခဲ့သော သဘာဝ ချီစွမ်းအင် အရှိန်အဝါထက် အနည်းငယ်သာ လျော့နည်းသည်ဟု စုယွီ ခံစားမိလေ၏။
သို့သော်၊ ထိုစဉ်က လော့ချန်ယွီက အဆင့် (၉) လေ...
သူက ယခုမှ အဆင့် (၈) ပဲ ရှိသေးသည်။
ချီစွမ်းအင် စုစည်းခြင်း အဆင့် (၉) ရောက်ပြီး၊ 'အစိမ်းရောင် သစ်သား နှစ်ပတ်လည် ကွင်း ကျင့်စဉ်' (၉) ပတ်လည် ပြည့်သွားလျှင်...သူ့စွမ်းအားက ထိုစဉ်က.. လော့ချန်ယွီ ထက် လျော့နည်းမှာ မဟုတ်ချေ။
စုယွီ၏ မျက်လုံးများ အရောင်လက်သွားလေ၏။
ထိုစဉ်က လော့ချန်ယွီသည် သူ မြင်ဖူးသမျှ ချီစွမ်းအင် စုစည်းခြင်း အဆင့် (၉) ကျင့်ကြံသူများအနက် အစွမ်းထက်ဆုံး သူတစ်ဦး ဖြစ်ခဲ့သည် မဟုတ်ပါလော။