← Chapters

ဝိညာဉ်ခန္ဓာ ရုပ်သေး ပညာရပ်

Vol. 4 Ch. 56

ဝိညာဉ်ခန္ဓာ ရုပ်သေး ပညာရပ်

Vol. 4 Ch. 56

~သူမ၏ ယဉ်ပါးသားရဲ နှစ်ကောင်စလုံး ဒုတိယအဆင့်သို့ အောင်မြင်စွာ ရောက်ရှိသွားသည်ကို မြင်သောအခါ၊ ယွီခယ်အာ၏ မျက်လုံးများ အရောင်လက်သွားပြီး စုယွီကို မျှော်လင့်တကြီး စိုက်ကြည့်လိုက်လေ၏။

“ငါ့ဆီမှာ ဒုတိယအဆင့်ကို ရောက်တော့မယ့် 'ကောင်းကင်ပြာ မြွေ' တစ်ကောင် ရှိသေးတယ်... သူ အဆင့် ချိုးဖြတ်တဲ့အခါကျရင် ငါနဲ့အတူ ကူပြီး စောင့်ကြည့်ပေးမလား”

“အခု မြေကမ္ဘာမီးလျှံ မျောက်ဝံ နဲ့ အကြေးခွံနက် လင်းယုန် တို့က ဒုတိယအဆင့် ရောက်သွားပြီ ဆိုတော့... နင့်အနေနဲ့ ဒုတိယအဆင့် အဆင့်နိမ့် 'သားရဲ တစ်ရာ ဆေးလုံး' တွေ လိုအပ်လာလိမ့်မယ်”

“နောင်ကျရင် ငါ့ဆီကနေ လျှော့ဈေးနဲ့ ဝယ်လို့ရအောင် စီစဉ်ပေးမယ်”

“အမြဲတမ်း (၂၀) ရာခိုင်နှုန်း လျှော့ပေးမယ်... မဟုတ်ဘူး... (၃၀) ရာခိုင်နှုန်း လျှော့ပေးမယ်”

ယွီခယ်အာ၏ စကားများတွင် စုယွီကို ဆွဲဆောင်လိုသော သဘောများ ထင်ရှားနေလေ၏။ စုယွီ၏ ကြောက်မက်ဖွယ် ကုသနိုင်စွမ်းကို မြင်လိုက်ရပြီးနောက်၊ သူမသည် သူ့ကို လက်လွှတ်မခံလိုတော့ပေ။

စုယွီသာ ရှိနေပါက သားရဲများ အဆင့် ချိုးဖြတ်ခြင်း အောင်မြင်နိုင်ချေသည် (၁၀) မှ (၂၀) ရာခိုင်နှုန်းအထိ တိုးတက်လာနိုင်သည် မဟုတ်ပါလော။

စုယွီက ဒုတိယအဆင့် အဆင့်နိမ့် 'သားရဲ တစ်ရာ ဆေးလုံး' အကြောင်း ကြားလိုက်ရသောအခါ၊ သူ့ရှေ့ရှိ ယွီခယ်အာနှင့် ကြွယ်ဝချမ်းသာသော ယွီမိသားစုကို ကြည့်ရင်း အလိုလို ပြုံးလိုက်မိလေ၏။

“သားရဲ အဆင့် ချိုးဖြတ်တာကို ကူညီ စောင့်ကြည့်ပေးဖို့ ကိစ္စမရှိပါဘူး... လျှော့ဈေးတော့ မလိုပါဘူးဗျာ... ငါက ဒုတိယအဆင့် အဆင့်နိမ့် ဆေးဆရာ တစ်ယောက်ပါ... ဆေးလုံးတွေကို ကိုယ်တိုင် ဖော်စပ်လို့ ရပါတယ်”

“နောင်ကျရင် မင်း. ဆေးလုံးတွေ လိုအပ်ရင် ငါ့ဆီ လာခဲ့ပေါ့”

ယွီခယ်အာ ကြောင်အမ်းသွားလေ၏။

“ဟင်...”

သူမသည် ချီစွမ်းအင် စုစည်းခြင်း အဆင့် (၈) သာ ရှိသေးသော စုယွီကို မယုံကြည်နိုင်စွာ ကြည့်ရင်း လွှတ်ခနဲ ရေရွတ်မိသွားမိသည်။

“နင်က ဒုတိယအဆင့် အဆင့်နိမ့် ဆေးဆရာ ဖြစ်နေပြီလား”

စုယွီ ခေါင်းညိတ်လိုက်သည်။

“လောလောဆယ် ဘယ်သူမှ မသိသေးဘူး... နင့်ကိုပဲ ပြောပြတာ”

ထိုစကားကို ကြားသောအခါ ယွီခယ်အာ ရင်ခုန်သွားပြီး မျက်နှာလေး ရဲတက်လာလေ၏။

ဘာသဘောလဲ။

ဘာလို့ တခြားသူတွေကို မပြောပြတာလဲ။

ဘာလို့ ငါ့တစ်ယောက်တည်းကိုပဲ ပြောပြတာလဲ။

“ငါ... ငါ အရင် သွားလိုက်ဦးမယ်... အဆင်သင့် ဖြစ်ရင် လာခေါ်မယ်နော်”

ယွီခယ်အာသည် ရှက်သွေးဖြာစွာဖြင့် အလျင်စလို ထွက်ပြေးသွားလေတော့သည်။

ထွက်ခွာသွားသော သူမ၏ ကျောပြင်ကို ကြည့်ရင်း စုယွီ နားမလည်နိုင် ဖြစ်နေရသည်။ စကားပြောလို့မှ မပြီးသေးတာ... ဘာလို့ ရုတ်တရက် ထွက်ပြေးသွားတာလဲ။

သူက ဒုတိယအဆင့် အဆင့်နိမ့် ဆေးဆရာ ဖြစ်ကြောင်း ယွီခယ်အာကို ပြောပြရန် အတော်လေး စဉ်းစားဆုံးဖြတ်ခဲ့ရခြင်း ဖြစ်သည်။

မြေကမ္ဘာမီးလျှံ မျောက်ဝံ နှင့် အကြေးခွံနက် လင်းယုန် တို့က ဒုတိယအဆင့် ရောက်သွားပြီ။

သူ့ရဲ့ ကိုယ်ခန္ဓာ ကြံ့ခိုင်ရေး ကျင့်စဉ်ကလည်း (၁၀) ဆင့် ကို ရောက်ဖို့ သိပ်မလိုတော့။

အများဆုံး နှစ်လလောက်သာ ကြာတော့ပါမည်။

သို့ကြောင့် စုယွီက ယုံကြည်မှု ရှိရှိ ပြောပြလိုက်ခြင်းပါ။

ပြီးတော့ ပိုင်ယွဲ့ အင်မော်တယ် မြို့တော်မှာ တည်ငြိမ်ပြီး စိတ်ချရတဲ့ ဝင်ငွေလမ်းကြောင်း တစ်ခု လိုအပ်နေတယ်လေ။

ယွီမိသားစုက အင်အားကြီးပြီး အခြေခံခိုင်မာ၏။ ယွီမိသားစု၏ သခင်မလေး ယွီခယ်အာ နှင့် ဆက်ဆံရေး ကောင်းမွန်တာက လက်လွှတ်မခံသင့်သော အခွင့်အရေး တစ်ခုပင်။

ယွီမိသားစုဆီမှ ငွေရှာပြီး စားဝတ်နေရေး ဖြေရှင်းနိုင်မည်ဟု စုယွီ တွက်ဆထားပါသည်။

စုယွီ ခေါင်းခါလိုက်ပြီး ပစ္စည်းများကို သိမ်းဆည်းလိုက်သည်။ မျောက်ဝံနှင့် လင်းယုန်ကို သားရဲအိတ်ထဲ ထည့်လိုက်ပြီး ထွက်ခွာရန် ပြင်ဆင်လိုက်သည်။

“ဒုတိယအဆင့် အဆင့်နိမ့် 'သားရဲ တစ်ရာ ဆေးလုံး' အတွက် ကုန်ကြမ်းပစ္စည်းတွေ သွားစုဆောင်းရဦးမယ်”

အပြင်ဘက်တွင်...

ယွီခယ်အာသည် အမယ်အိုကြီး ဟွမ်ဟိုင်မုန့် နှင့်အတူ ပြန်လာနေလေ၏။

“သခင်မလေး... စုယွီက မိသားစုငယ်လေးက လာတာ ဖြစ်ပြီး ဝိညာဉ်အမြစ် ပါရမီက သာမန်ပါပဲ... ဒါပေမဲ့ သူ့ရဲ့ အလားအလာကတော့ အံ့မခန်းပါပဲ... အခုဆိုရင် ဒုတိယအဆင့် အဆင့်နိမ့် သားရဲ နှစ်ကောင်တောင် ပိုင်ဆိုင်ထားပြီ”

“သူ့အကူအညီသာ ရမယ်ဆိုရင် သခင်ကြီးရဲ့ သဘောတူညီချက် ရဖို့နဲ့ တတိယအိမ်တော်ရဲ့ တစ်ဦးတည်းသော ဆက်ခံသူ ဖြစ်လာဖို့ အခွင့်အလမ်း များသွားပြီ”

ဟု ဟွမ်ဟိုင်မုန့်က တိုးတိုးလေး ပြောလိုက်သည်။

ထိုအခါ၊ ယွီခယ်အာက ပြန်ပြောလိုက်သည်။

“သူက ပြဿနာတွေထဲ ပါဝင်ပတ်သက်ရတာ မကြိုက်ဘူးရှင့်... သူ ယွင်ရှန်း ဈေးမြို့တော် မှာ ဘယ်လောက်ကြာကြာ နေခဲ့လဲ မှတ်မိတယ်မလား”

“မဖြစ်မနေ ကိစ္စကလွဲရင် ဈေးမြို့တော်ကနေ (၅) ကြိမ်တောင် ထွက်မလာခဲ့ဘူး”

စဉ်းစားရင်းနှင့် ယွီခယ်အာ စိတ်ပျက်လာရစည်။

သူမ ဆက်ပြောလိုက်၏။

“သူက... သတိထားလွန်းပါတယ်”

“သူ့မိသားစုက ခရမ်းရွှေ သဲ သတ္တုတွင်းကို ပိုင်ဆိုင်ထားပြီး၊ ပိုင်မိသားစု နဲ့ ဟွမ်မိသားစုက မက်မောနေတဲ့ အချိန်တုန်းကတောင် သူ ဝင်မပါခဲ့ဘူး”

“အခုလည်း မိသားစုကို စွန့်ခွာပြီး ပိုင်ယွဲ့ အင်မော်တယ် မြို့တော်ကို တစ်ယောက်တည်း ပြောင်းလာခဲ့တယ်”

“ဒီရောက်တာ တစ်နှစ်ကျော်နေပြီ... မြို့ပြင်တောင် မထွက်ဘူး... အတွင်းမြို့တော်ထဲမှာပဲ နေနေတာ”

“သူ့ကို မိသားစု ပြဿနာတွေထဲ ဆွဲထည့်ချင်သေးတာလား”

ထိုစကားကို ကြားသောအခါ ဟွမ်ဟိုင်မုန့် တိတ်ဆိတ်သွားလေ၏။

ဟုတ်သားပဲ... သူမ စုယွီရဲ့ စရိုက်ကို မေ့နေခဲ့တာ။ မလိုအပ်ရင် ပြင်ပလောကနဲ့ အဆက်အသွယ် ဖြတ်ထားတတ်တဲ့ လူစားမျိုး။

အပြင်ထွက်လိုက်ရင်ပဲ ပြဿနာတက်ပြီး သေတော့မလို ကြောက်နေတတ်တာ။

ဒါက သာမန် သေခြင်းတရားကို ကြောက်တာ မဟုတ်ဘူး... သခင်မလေး ပြောသလိုပဲ 'ပုံမှန်မဟုတ်တဲ့ သတိကြီးမှု' လို့ပဲ ပြောရမယ်။

ဒီလိုလူမျိုးကို ယွီမိသားစုရဲ့ ပြဿနာတွေထဲ ဆွဲထည့်ဖို့ ဆိုတာ မဖြစ်နိုင်သလောက်ပဲ။

ခဏကြာတော့ ဟွမ်ဟိုင်မုန့်က မေးလိုက်သည်။

“တကယ်လို့ သခင်ကြီးက သခင်မလေးကို စေ့စပ်ခိုင်းမယ် ဆိုရင်ရော”

“ကျွန်မ သေမှပဲ ရမယ်”

ယွီခယ်အာ အေးစက်စွာ ပြောလိုက်သည်။ သို့သော်၊ သူမ စိတ်ထဲမှာတော့ နှစ် (၂၀) ကြာတာတောင် မပြောင်းလဲသေးသာ စုယွီ၏ ခန့်ညား ချောမောသည့် မျက်နှာလေး ပေါ်လာတော့၏။

မိသားစု အတွင်းရေး ပြဿနာတွေကို ရှောင်ရှားဖို့ ပိုင်ယွဲ့ အင်မော်တယ် မြို့တော်ကို ထွက်ပြေးလာခဲ့၏။

စဉ်းစားကြည့်ရင်... စုယွီ၏ နေထိုင်မှု ပုံစံနှင့် စိတ်နေသဘောထားကို သူမ အားကျမိသည်။

ရိုးရှင်းပြီး သာမန် ဘဝလေးက အစစ်မှန်ဆုံးပင်။

အဲ့လို ဘဝမျိုးက တကယ်ကို ကောင်းပါသည်။

နောက်ရက်တွေမှာတော့... ဟွမ်ဟိုင်မုန့်ကနေ တစ်ဆင့် ယွီခယ်အာက ယွီမိသားစု စခန်းအတွက် လိုအပ်သော ဆေးလုံး အမှာစာတွေကို စုယွီဆီ အပ်နှံခဲ့သည်။ ယွီမိသားစု၏ သီးသန့် 'မိစ္ဆာ အမြုတေ ဆေးလုံး' ဖော်စပ်နည်းကိုပါ ပေးလိုက်သည်။

ဤအမှာစာတွေက စုယွီအတွက် တစ်နှစ်ကို အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး (၂၀၀၀) (၃၀၀၀) လောက် ဝင်ငွေ ရစေလိမ့်မည်။

ပထမအဆင့် ထိပ်တန်း 'နဂါးလင်းယုန် ရုပ်သေးသားရဲ' ကိုတော့ ယွီခယ်အာက မိသားစုဆီ ပြန်ပို့ပေးလိုက်၏။

ဘာပဲဖြစ်ဖြစ် ဝိညာဉ်ကျောက်တုံး (၆၀၀၀) တောင် ပေးဝယ်ထားရတာ ဆိုတော့... မိသားစုဆီ ပို့လိုကခြင်းက အကောင်းဆုံးပဲလေ။

စုယွီကတော့ လမ်းကြား အနည်းငယ် အကွာက ဈေးကို သွားပြီး ဒုတိယအဆင့် အဆင့်နိမ့် 'သားရဲ တစ်ရာ ဆေးလုံး' ကုန်ကြမ်းပစ္စည်းတွေ ဝယ်ယူလိုက်သည်။

ထို့နောက်မှာတော့ ဈေး၏ အတွင်းပိုင်း အကျဆုံး နေရာသို့ ဝင်သွားလိုက်သည်။ ထိုနေရာမှာ ယွင်ရှန်း ဈေးမြို့တော်က ကောင်းကင်သိုင်းကျမ်း မျှော်စင်နှင့် တူသော (၃) ထပ် အဆောက်အဦး တစ်ခု ရှိ၏။

လမ်းကြောင်း သိနေသော စုယွီက အထဲဝင်ပြီး စာအုပ်စင်တွေပေါ်က စာအုပ်တွေ၊ ရှေးဟောင်း သိုင်းကျမ်းတွေကို လိုက်လံ ကြည့်ရှုလေတော့သည်။

နှစ်နာရီလောက် ကြာတော့... စုယွီ မျက်လုံးတွေ ကျဉ်းမြောင်းသွားရ၏။

သူ့လက်ထဲက ရှေးဟောင်း စာအုပ် တစ်အုပ်ထဲမှာ မှတ်တမ်းတင်ထားသော နည်းလမ်း တစ်ခုကို တွေ့လိုက်ရ၍ပင်။

[ ဝိညာဉ်ခန္ဓာ ရုပ်သေး ပညာရပ် ]

မိမိ၏ ဝိညာဉ် အစိတ်အပိုင်း တစ်ခုကို ခွဲထုတ်ကာ ရုပ်သေးရုပ် တစ်ခုအတွင်းသို့ ပေါင်းစပ် ထည့်သွင်းလိုက်မည် ဆိုပါက... ထိုရုပ်သေးရုပ်အား မိမိ စိတ်တိုင်းကျ ထိန်းချုပ် မောင်းနှင်နိုင်မည် ဖြစ်လေသည်။ စွမ်းအား အနိမ့်အမြင့်သည် ရုပ်သေးရုပ်၏ အရည်အသွေး အဆင့်အတန်း အပေါ် မူတည်သည် ဆိုသော်ငြား ကျန်ရှိသော အာရုံခံစားမှု အားလုံးသည်ကား မူလခန္ဓာကိုယ်နှင့် မည်သို့မျှ ခြားနားခြင်း မရှိပေ။

ဤနည်းလမ်းသည် ရှေးခေတ်ကာလများ ဆီကတည်းက နယ်မြေအသစ်များကို စူးစမ်းလေ့လာရာ၌ ဖြစ်စေ၊ ဆွေမျိုးမိတ်သင်္ဂဟများထံ အလည်အပတ် သွားရောက်ရာ၌ ဖြစ်စေ တွင်ကျယ်စွာ အသုံးပြုခဲ့ကြသော နည်းလမ်းတစ်ခု ဖြစ်လေသည်။

သို့သော် သာမန် ကျင့်ကြံသူများ အနေဖြင့်ကား ဤမန္တန်ကို အောင်မြင်အောင် ကျင့်ကြံနိုင်ရန်မှာ များစွာ ခက်ခဲလှပေ၏။ ဝိညာဉ်ကို ခွဲထုတ် ဖြတ်တောက်ခြင်း၊ ရုပ်သေးရုပ်နှင့် ပေါင်းစပ်၍ ဝိညာဉ်ခန္ဓာ ရုပ်သေးအဖြစ် ပြောင်းလဲခြင်းနှင့် နောက်ဆုံးတွင် ဝိညာဉ်ဒဏ်ရာကို ပြန်လည် ကုသခြင်း... ဤအဆင့်များ အားလုံးသည် အလွန်တရာ ခက်ခဲ နက်နဲလှသည်။

'ဝိညာဉ် ခွဲခြားခြင်း အဆင့်' သို့ ရောက်ရှိထားသော ကျင့်ကြံသူကြီးများမှသာလျှင် ဤနည်းလမ်းကို လွယ်ကူစွာ ကျင့်ကြံ အသုံးပြုနိုင်မည် ဖြစ်လေသည်။

“ပစ္စည်းကောင်းပဲ”

စုယွီ၏ မျက်ဝန်းအစုံသည် ရုတ်ချည်းပင် အရောင်တောက်ပ သွားလေသည်။ ဤအရာက အခြားသူများအတွက်မူ ခက်ခဲကောင်း ခက်ခဲနိုင်သော်လည်း၊ သူ့အတွက်မူကား အပန်းမကြီးလှပေ။

အကယ်၍သာ ဤရုပ်သေး မန္တန်အား အောင်မြင်အောင် ကျင့်ကြံနိုင်ခဲ့မည် ဆိုပါက... ၎င်းသည် သူ့အတွက် ကြီးမားသော နတ်ဘုရား စွမ်းရည်တစ်ခု သဖွယ် ဖြစ်လာပေလိမ့်မည်။

ထိုအခါ မိမိ၏ မူလခန္ဓာကိုယ် အစစ်က နေအိမ်၌သာ အေးချမ်းစွာ နေထိုင်ပြီး၊ ဝိညာဉ်ခန္ဓာ ရုပ်သေးကို အပြင်သို့ စေလွှတ်ကာ ကိစ္စအဝဝအား ဖြေရှင်းခိုင်းနိုင်တော့မည် ဖြစ်သည်။

ထို့အပြင် သူ့ထံတွင် ဝိညာဉ်ကို သီးသန့် ကျင့်ကြံအားဖြည့်ပေးနိုင်သည့် 'ရွှေပုစဉ်း ရင်ကွဲ ကျင့်စဉ်' ကလည်း ရှိနေသေးသည် မဟုတ်ပါလော။

ဤ 'ရွှေပုစဉ်း ရင်ကွဲ ကျင့်စဉ်' သည် ဝိညာဉ် ဖြတ်တောက်မှုကြောင့် ဖြစ်ပေါ်လာမည့် ဒဏ်ရာများကို တရွေ့ရွေ့ ပြန်လည် ကုစားပေးနိုင်စွမ်း ရှိလေသည်။ ထို့ကြောင့် ဝိညာဉ်ခန္ဓာ ရုပ်သေး ပျက်စီးသွားခဲ့လျှင်ပင် မိမိ၏ ဝိညာဉ် အစိတ်အပိုင်း ထာဝရ ပျောက်ကွယ်သွားမည်ကို စိုးရိမ်ပူပန်နေစရာ မလိုတော့ချေ။

ဤအရာက အမှန်တကယ်ပင် နတ်ဘုရား စွမ်းရည်တစ်ပါး ဖြစ်လေတော့သည်။

စုယွီသည် ရှေးဟောင်း သိုင်းသိုင်းကျမ်း စာအုပ်ကို အရောင်းခုံ ရှိရာသို့ ယူဆောင်သွားပြီး ငွေရှင်းလိုက်လေသည်။

ဤဆိုင်ပိုင်ရှင်ကား ယွင်ရှန်း ဈေးမြို့တော်မှ လူအိုကြီး မဟုတ်ပေ။

သို့သော် ဈေးနှုန်းမှာမူ ကွာခြားမှု မရှိလှပါ... အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး (၅၀) ပင် ဖြစ်လေသည်။

ငွေရှင်းပြီး၍ သိုင်းသိုင်းကျမ်း စာအုပ်ကို လက်ဝယ်ပိုင်ဆိုင်ရသည်နှင့် တစ်ပြိုင်နက်၊ စုယွီသည် ဈေးတန်းမှ ထွက်ခွာကာ သူ၏ နေအိမ်ခြံဝင်းဆီသို့ ပြန်လာခဲ့လေ၏။

ထို့နောက် ကိုယ်ခန္ဓာ ကြံ့ခိုင်ရေး ကျင့်စဉ် အဆင့် ချိုးဖြတ်လှမ်းနိုင်ရန် ကြိုးပမ်းအားထုတ်ရင်း တစ်ဖက်မှလည်း 'ဝိညာဉ်ခန္ဓာ ရုပ်သေး ပညာရပ်' ကိုပါ စတင် လေ့လာ ကျင့်ကြံလေတော့သည်။

All Chapters