← Chapters

ကိုယ်ခန္ဓာ ကြံ့ခိုင်ရေး အဆင့် (၁၀)

Vol. 4 Ch. 57

ကိုယ်ခန္ဓာ ကြံ့ခိုင်ရေး အဆင့် (၁၀)

Vol. 4 Ch. 57

~ရက်အနည်းငယ် ကြာသောအခါ...

ဝူဇီကန် ရုတ်တရက် ရောက်လာသဖြင့် စုယွီ အံ့သြသွားမိသည်။

ဘာလို့ နောက်တစ်ခါ ထပ်ရောက်လာပြန်တာလဲ။

စုယွီကို မြင်သည်နှင့် ဝူဇီကန်က နွေးထွေးပျူငှာစွာ နှုတ်ဆက်လေ၏။

“မိတ်ဆွေစု... ကျွန်တော့်မှာ 'အခြေခံ တည်ဆောက်ခြင်း ဆေးလုံး' ရဲ့ အဓိက ပါဝင်ပစ္စည်း တစ်ခုဖြစ်တဲ့ 'ရေခဲနှလုံးသား ကြာပန်း' အကြောင်း သတင်းကောင်း တစ်ခု ရထားတယ်... အဲ့ဒါကို ရယူဖို့ မိတ်ဆွေ (၃) ယောက်လည်း စုထားပြီးပြီ... မိတ်ဆွေရော ပါဝင်ချင်မလား”

“မိတ်ဆွေ ပါဝင်မယ်ဆိုရင်... ရေခဲနှလုံးသား ကြာပန်းရဲ့ အစိတ်အပိုင်း တစ်ခုကို မိတ်ဆွေ ရမှာပါ”

“ဒါပေမဲ့ ကြိုပြောထားပါရစေ... ဒီသတင်းကို ကျွန်တော် ရှာဖွေတွေ့ရှိတာ ဖြစ်တဲ့အတွက်၊ ကျွန်တော်က အများဆုံး (၄၀) ရာခိုင်နှုန်း ယူမယ်”

“ကျန်တာကို မိတ်ဆွေတို့ ခွဲဝေယူကြပေါ့”

စုယွီ အနည်းငယ် စိတ်ဝင်စားသွားသည်။

ရေခဲနှလုံးသား ကြာပန်း ဆိုသည်မှာ စုမိသားစု လိုအပ်နေသော 'အခြေခံ တည်ဆောက်ခြင်း ဆေးလုံး' အတွက် အဓိက ပါဝင်ပစ္စည်း (၃) မျိုးထဲမှ တစ်ခု ဖြစ်နေသည် မဟုတ်ပါလော။

ကျန်နှစ်ခုကတော့ သန့်စင်သော ဒုတိယအဆင့် မိစ္ဆာ အမြုတေ နှင့် ခုန်းလင် ဝိညာဉ်သစ်သီးတို့ ဖြစ်သည်။

ဒါပေမဲ့...

ဒီလူက သူ့ကို အကျိုးမြတ် ခွဲဝေပေးဖို့ ဖိတ်ခေါ်တယ်တဲ့လား။

စုယွီကတော့ ဒီလူ့ စရိုက်ကို လုံးဝ မယုံကြည်ပေ။

ထို့ကြောင့် ဆေးလုံး အမှာစာများ လက်ခံထားသဖြင့် အချိန်မရကြောင်း အကြောင်းပြကာ ယဉ်ကျေးစွာ ငြင်းပယ်လိုက်သည်။ စေတနာကို ကျေးဇူးတင်ကြောင်း ပြောပြီး ခြံဝင်းအပြင်ဘက်သို့ လိုက်လံ ပို့ဆောင်ပေးလိုက်လေ၏။

အပြင်ရောက်သောအခါ ဝူဇီကန်၏ မျက်နှာထားမှာ ချက်ချင်း ပြောင်းလဲသွားလေ၏။ အံကြိတ်လျက် ရေရွတ်လိုက်၏။

“သူ စိတ်မဝင်စားဘူးတဲ့လား”

ဟွန်း...

ဝူဇီကန်က စုယွီ၏ ခြံဝင်းကို အဆိပ်ပြင်းသော အကြည့်များဖြင့် စိမ်းစိမ်းကြည့်ကာ ဒေါသတကြီး ထွက်ခွာသွားလေတော့သည်။

လဝက်ခန့် ကုန်လွန်သွားသည်။

တစ်ညတွင်...

အခန်းအောက်ရှိ လျှို့ဝှက်ခန်း အတွင်း၌...

စုယွီသည် 'ဝိညာဉ်ခန္ဓာ ရုပ်သေး ပညာရပ်' ကို အသုံးပြုပြီး သူ့ဝိညာဉ်၏ အစိတ်အပိုင်း တစ်ခုကို ဖြတ်တောက်လိုက်သည်။ နာကျင်မှုများ လှိုက်ခနဲ ထွက်ပေါ်လာပြီး၊ မျက်နှာ ဖြူဖျော့သွားကာ အနည်းငယ် မူးဝေသွားရလေ၏။

သို့သော် နောက်တစ်စက္ကန့်တွင် အာရုံပြန်စုစည်းလိုက်ပြီး၊ အံကြိတ်လျက် သူ့ဝိညာဉ် အစိတ်အပိုင်းကို ရှေ့တွင် ရှိနေသော ပထမအဆင့် ထိပ်တန်း ရုပ်သေးသားရဲ အတွင်းသို့ ထည့်သွင်းလိုက်လေ၏။

ထို့နောက် လက်ချောင်းထိပ်ကို ဖောက်လိုက်ပြီး၊ လတ်ဆတ်သော သွေးစက်များကို ထိန်းချုပ်ကာ ရုပ်သေးသားရဲပေါ်သို့ ကျရောက်စေပြီး ပေါင်းစပ်လိုက်လေ၏။

“ဝေါ..”

သွေးစက်များနှင့် ဝိညာဉ်တို့သည် ရုပ်သေးရုပ် အတွင်းသို့ ဖြည်းညင်းစွာ စီးဝင်သွားကြသည်။ ရုပ်သေးပညာရပ်၏ စွမ်းဆောင်ရည်ကြောင့် မူလက သတ္တုသား ဖြစ်နေသော ရုပ်သေးရုပ်သည် တဖြည်းဖြည်း ပြောင်းလဲလာပြီး လူသား ပုံသဏ္ဍာန် ပေါ်လာလေ၏။ လူသား အရေပြားများ၊ ဆံပင်များ တစစ ကြီးထွားလာလေ၏။

(၁၀) ရက်ခန့် ကြာမြင့်သွားသည်။

လျှို့ဝှက်ခန်း အတွင်း၌ စုယွီနှင့် ချွတ်စွပ်တူသော အသက်ဝင်လှသည့် 'ဝိညာဉ်ခန္ဓာ ရုပ်သေး' တစ်ရုပ် ဖြစ်ပေါ်လာလေ၏။

နောက်တစ်စက္ကန့်တွင်... ထိုရုပ်သေးသည် ဆံပင်ဖြူ အနည်းငယ် ရှိသော သာမန် အဖိုးအို တစ်ဦး အသွင်သို့ ပြောင်းလဲသွားလေ၏။ သေချာ ကြည့်လျှင် ချန်မိသားစု ဒုတိယအကြီးအကဲနှင့် တူနေသည်ကို တွေ့ရပေမည်။

ဒါက စုယွီ တမင်တကာ ရည်ရွယ်ချက်ရှိရှိ ဖန်တီးထားခြင်း ဖြစ်သည်။ ဤနည်းအားဖြင့် တစ်နေ့နေ့တွင် ဤရုပ်သေးကို တစ်စုံတစ်ယောက်က တွေ့ရှိသွားလျှင် (သို့မဟုတ်) ဖမ်းဆီးမိသွားလျှင်တောင်မှ စုယွီနှင့် ဆက်စပ်၍ မရနိုင်တော့ပေ။

“နောက်ဆုံးတော့ ပြီးသွားပြီ”

စုယွီသည် သူ့ရှေ့မှ ရုပ်သေးကို ကြည့်ပြီး ဝမ်းသာသွားသည်။ သူ့အမိန့်ပေးလိုက်သည်နှင့် ရုပ်သေးသည် လူသား ပုံသဏ္ဍာန် နှင့် 'အရိပ်ကျားသစ်'ပုံသဏ္ဍာန် နှစ်မျိုး ပြောင်းလဲနိုင်လေ၏။

လက်ရှိ ရုပ်သေးပညာ ကျွမ်းကျင်မှု အဆင့်အရ ပုံသဏ္ဍာန် နှစ်မျိုးသာ ပြောင်းလဲနိုင်သေးသည်။ သို့သော် မျက်နှာသွင်ပြင်ကိုမူ စိတ်ကြိုက် ပြောင်းလဲနိုင်သည်။

ဒါဆိုရင် လုံလောက်ပါပြီ။

ဒုတိယအဆင့် အဆင့်နိမ့် 'နဂါးမိကျောင်း ရုပ်သေးသားရဲ' ပြီးစီးသွားသောအခါ၊ ပထမအဆင့် ထိပ်တန်း ရုပ်သေးထဲမှ ဝိညာဉ်ကို ပြန်ထုတ်ယူပြီး နဂါးမိကျောင်း ရုပ်သေးထဲသို့ ပြောင်းထည့်လိုက်ရုံသာ။

ထိုအချိန်ကျလျှင် ဝိညာဉ်ခန္ဓာ ရုပ်သေး အသစ် တစ်ခု ဖန်တီးရန် (၃) (၄) ရက်ခန့်သာ ကြာမြင့်တော့မည် ဖြစ်သည်။

ဤ ပထမအဆင့် ထိပ်တန်း 'အရိပ်ကျားသစ် ရုပ်သေးသားရဲ' သည် အစောပိုင်း ကာလက ဖန်တီးခဲ့ခြင်း ဖြစ်၍ စွမ်းအားမှာ ချီစွမ်းအင် စုစည်းခြင်း အဆင့် (၈) ခန့်သာ ရှိလေ၏။

အရင်တုန်းက ချန်မိသားစုကို ရောင်းခဲ့သော ရုပ်သေးလောက် အရည်အသွေး မကောင်းပေ။

ယွီမိသားစုကို ရောင်းခဲ့သော 'နဂါးလင်းယုန် ရုပ်သေးသားရဲ' နှင့်ဆိုလျှင် ပို၍ပင် ယှဉ်မရနိုင်ပေ။

ကိစ္စ မရှိပါ။

'နဂါးမိကျောင်း ရုပ်သေးသားရဲ' ပြီးသွားလျှင် ၎င်းကို သုံးပြီး ဝိညာဉ်ခန္ဓာ ရုပ်သေး လုပ်လိုက်မည်ပဲ။

ဒီရုပ်သေးက ကြားကာလ သုံးဖို့ သက်သက်သာ။

“စိတ်ဝင်စားစရာပဲ”

စုယွီသည် 'အဖိုးအို' ရုပ်သေးကို ထိန်းချုပ်ပြီး လျှို့ဝှက်ခန်းမှ ထွက်ခွာစေလိုက်သည်။ လမ်းမပေါ်သို့ တက်ပြီး ပိုင်ယွဲ့ အင်မော်တယ် မြို့တော် အတွင်း လမ်းလျှောက်ထွက်စေလိုက်သည်။ တစ်ချိန်တည်းမှာပင် သူသည် 'ရွှေပုစဉ်းရင်ကွဲ ကျင့်စဉ်' ကို အသုံးပြုပြီး ဝိညာဉ် ဒဏ်ရာများကို ကုသနေလိုက်သည်။

နောက်ပိုင်း ကာလများတွင် စုယွီသည် ရုပ်သေး အသုံးပြုပုံကို ကျွမ်းကျင်အောင် လေ့ကျင့်ရင်း၊ 'အစိမ်းရောင် သစ်သား နှစ်ပတ်လည် ကွင်း ကျင့်စဉ်'၊ 'မိကျောင်းမိစ္ဆာ (၁၀၈) ကွက် ကိုယ်ခန္ဓာ ကြံ့ခိုင်ရေး ကျင့်စဉ်' နှင့် 'ရွှေပုစဉ်းရင်ကွဲ ကျင့်စဉ်' တို့ကို စနစ်တကျ ကျင့်ကြံအားထုတ်နေလေ၏။

နောက်ဆုံးတွင်... နောက်ထပ် တစ်လနီးပါး ကြာသောအခါ...

'မိကျောင်းမိစ္ဆာ (၁၀၈) ကွက် ကိုယ်ခန္ဓာ ကြံ့ခိုင်ရေး ကျင့်စဉ်' သည် (၉) လွှာ အဆင့်ကို ကျော်လွန်ပြီး နယ်ပယ်သစ် တစ်ခုသို့ ရောက်ရှိသွားခဲ့လေ၏။

“ဝုန်း...”

လျှို့ဝှက်ခန်း အတွင်း၌...

စုယွီသည် အခင်းအကျင်း သုံးခုကို ဖွင့်ထားသော်လည်း၊ သူ ထုတ်လွှတ်လိုက်သော အရှိန်အဝါကြောင့် အခင်းအကျင်း အတားအဆီးများ တုန်ခါသွားရလေ၏။ အဆုံးအစမဲ့သော လှိုင်းဂယက်များ ထွက်ပေါ်လာပြီး၊ အခင်းအကျင်းများ ပြိုလဲပျက်စီးမတတ် ဖြစ်သွားခဲ့ရသည်။

(၉) လွှာ အဆင့် ကျွမ်းကျင်မှု ပြည့်မီသွားသဖြင့် သဘာဝ အလျောက် (၁၀) လွှာ အဆင့်သို့ ကူးပြောင်းသွားခြင်း ဖြစ်သည်။

အလွှာ တစ်ခု ပြောင်းလဲသွားခြင်း ဖြစ်သော်လည်း၊ ဤအဆင့် ချိုးဖြတ်ခြင်းသည် ပြီးပြည့်စုံသော အသွင်ပြောင်းလဲမှု တစ်ခု ဖြစ်လေ၏။

ဝိညာဉ်မှသည် ခန္ဓာကိုယ် အထိ၊ 'အစိမ်းရောင် သစ်သား နှစ်ပတ်လည် ကွင်း ကျင့်စဉ်' ၏ ချီစွမ်းအင်များပါ ပြောင်းလဲသွားခဲ့လေ၏။

အဆုံးအစမဲ့သော သွေးရောင် အရှိန်အဝါများသည် လျှို့ဝှက်ခန်း တစ်ခုလုံးကို သွေးပင်လယ်ကြီးသဖွယ် လွှမ်းခြုံထားလေ၏။

ထို သွေးပင်လယ်ကြီး၏ အလယ်ဗဟိုတွင် စုယွီသည် တင်ပျဉ်ခွေ ထိုင်နေသည်။ သူ့ခန္ဓာကိုယ်သည် သိသိသာသာ ကြီးထွားလာပြီး၊ သွေးစွမ်းအင်မှ ပြောင်းလဲလာသော သွေးရောင် အစင်းအကွက်များသည် မိကျောင်းကြီး တစ်ကောင်၏ အကြေးခွံများသဖွယ် အရေပြားပေါ်တွင် ဖုံးလွှမ်းနေလေ၏။ လူသား မိကျောင်း သတ္တဝါကြီး တစ်ကောင်ကဲ့သို့ ဖြစ်နေတော့သည်။

“ဝူး... ဝူး... ဝူး...”

အဆုံးအစမဲ့သော သဘာဝ ဝိညာဉ်စွမ်းအင်များ ဝင်ရောက်လာကြသည်။

ကံကောင်းထောက်မစွာဖြင့် စုယွီသည် ဝိညာဉ်ကျောက်တုံးများ ကြိုတင် ပြင်ဆင်ထားသဖြင့် ပြင်ပမှ ဝိညာဉ်စွမ်းအင်များကို ဆွဲယူသုံးစွဲစရာ မလိုလိုက်ပေ။

အချိန်များ လျင်မြန်စွာ ကုန်ဆုံးသွားသည်။

တစ်ရက် ကြာသောအခါ...

လှုပ်ရှားမှုများ ငြိမ်သက်သွားပြီး၊ စုစည်းထားသော ဝိညာဉ်စွမ်းအင်များလည်း ပြန်လည် တည်ငြိမ်သွားလေ၏။

“ဟူး...”

လျှို့ဝှက်ခန်း အတွင်းရှိ သွေးရောင် အရှိန်အဝါများ အားလုံးကို စုယွီ တစ်ချက်တည်း ရှူသွင်းလိုက်သည်။ ထို့နောက် ဖြူဖွေးသော အခိုးအငွေ့များကို ပြန်လည် မှုတ်ထုတ်လိုက်ရာ လေပွေတစ်ခုအလား အခန်းထဲတွင် လှည့်ပတ်သွားလေ၏။

“ဂလောက်... ဂလောက်... ဂလောက်...”

စုယွီ မျက်လုံး ဖွင့်လိုက်သည်။ အသွင်ပြောင်းလဲသွားသော ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်သောအခါ အရိုးအဆစ်များ မြည်သံ ထွက်ပေါ်လာလေ၏။

သွေးရောင် တောက်နေသော ရက်စက်ကြမ်းကြုတ်သည့် အလင်းတန်း တစ်ချက် သူ့မျက်လုံးထဲတွင် ဖြတ်သန်းသွားသည်။

စုယွီ မတ်တပ်ရပ်လိုက်ပြီး အရှိန်အဝါ အနည်းငယ် ထုတ်လွှတ်ကြည့်လိုက်သည်။

“ဘုန်း...”

မျက်တောင်တစ်ခတ် အတွင်းမှာပင်...

လျှို့ဝှက်ခန်း အတွင်းရှိ လေထု ပေါက်ကွဲသွားပြီး၊ မြေကြီးသည် ထိုအရှိန်အဝါကြောင့် အနည်းငယ် တုန်ခါသွားလေ၏။

စုယွီ အရှိန်အဝါကို ပြန်လည် ရုပ်သိမ်းလိုက်ပြီး မျက်နှာပေါ်တွင် အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။ လက်သီးကို အနည်းငယ် ဆုပ်လိုက်ရင်း ခန္ဓာကိုယ် အတွင်းမှ ကြောက်မက်ဖွယ် စွမ်းအားများကို ခံစားလိုက်ရသည်။

“ဒါက... 'မိကျောင်းမိစ္ဆာ ကိုယ်ခန္ဓာ ကြံ့ခိုင်ရေး ကျင့်စဉ်' (၁၀) လွှာ အဆင့်ရဲ့ စွမ်းအားလား”

“ငါ့ရဲ့ ခန္ဓာကိုယ် ကြံ့ခိုင်မှုက ခန္ဓာကိုယ် ကြံ့ခိုင်ရေး မကျင့်ကြံထားတဲ့ သာမန် 'အခြေခံ တည်ဆောက်ခြင်း အဆင့်' (၁) ကျင့်ကြံသူတွေထက် သေချာပေါက် ပိုသန်မာတယ်”

“သူတို့ အနား ကပ်လို့ရရင်... လက်သီးတစ်ချက်တည်းနဲ့တင် သူတို့ ခန္ဓာကိုယ်ကို ဖောက်ခွဲပစ်လို့ ရလောက်တယ်”

ခံစားရတာ သိပ်ကောင်းတာပဲ။

အဆင့် (၁၀) သို့ အောင်မြင်စွာ ရောက်ရှိပြီးနောက်၊ စုယွီသည် တစ်ရက်တာ အနားယူလိုက်သည်။ နေ့စဉ် ကျင့်ကြံခြင်းမှလွဲ၍ ဘာမှ မလုပ်ဘဲ ခြံဝင်းထဲတွင် နေစာလှုံရင်း အနားယူနေလိုက်သည်။

သို့သော် နောက်တစ်နေ့တွင်...၊

ဝူဇီကန် ထပ်ရောက်လာပြီး 'ရေခဲနှလုံးသား ကြာပန်း' ရှာဖွေရေး အဖွဲ့တွင် ပါဝင်ရန် ဖိတ်ခေါ်ပြန်သည်။

စုယွီ ယဉ်ကျေးစွာ ငြင်းပယ်လိုက်သဖြင့် ဝူဇီကန် ဒေါသတကြီးဖြင့် ပြန်ထွက်သွားလေ၏။

“မင်း နောင်တရစေရမယ်”

ဝူဇီကန် နာကြည်းစွာ အော်ဟစ်သွားလေ၏။

ထွက်ခွာသွားသော ဝူဇီကန်၏ ကျောပြင်ကို ကြည့်ရင်း စုယွီ၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ မျက်နှာပေါ်တွင် အေးစက်သော အပြုံးတစ်ခု တွဲခိုနေပြီး၊ မျက်လုံးများထဲတွင် ရက်စက်သော အရှိန်အဝါများ ယှက်သန်းသွားလေ၏။

“ရေခဲနှလုံးသား ကြာပန်း... တကယ် ရှိတယ် ဆိုရင်တော့... လက်လွှတ်ခံလို့ မဖြစ်ဘူး”

စုယွီ တိုးတိုးလေး ရေရွတ်လိုက်သည်။

ခဏအကြာတွင်...

ရုပ်သေးကိုယ်ပွား သည် ချန်ခွန်းအိတ်နှင့် သားရဲအိတ်ကို ယူဆောင်ပြီး တိတ်တဆိတ် ထွက်ခွာသွားလေ၏။ 'အစိမ်းရောင် သစ်သား နှစ်ပတ်လည် ကွင်း ကျင့်စဉ်' ကို အသုံးပြုပြီး အရှိန်အဝါကို အတတ်နိုင်ဆုံး ဖုံးကွယ်လျက် ဝူဇီကန် နောက်သို့ ခပ်လှမ်းလှမ်းမှ လိုက်ပါသွားလေ၏။

မကြာမီမှာပင်...

ဝူဇီကန်သည် စားသောက်ဆိုင် တစ်ခုရှိ သီးသန့်အခန်း တစ်ခုသို့ ရောက်ရှိသွားပြီး ညည်းညူ ပြောဆိုလိုက်သည်။

“အဲ့ဒီကောင်က သေမှာ ကြောက်လွန်းတယ်... သောက်ကျိုးနည်း... တကယ်ဆို သူ့ကို လမ်းရှင်းဖို့အတွက် အမြောက်စာ အဖြစ် ယွမ်ယန် တောရိုင်းထဲ ခေါ်သွားမလို့ စဉ်းစားထားတာ... အခုတော့ မတတ်နိုင်တော့ဘူး”

“သွားကြစို့... ရေခဲနှလုံးသား ကြာပန်း က ရင့်မှည့်တော့မယ်... အခု မသွားရင် သားရဲတွေ စားသွားလိမ့်မယ်... ငါတို့အလှည့် ရမှာ မဟုတ်တော့ဘူး”

သီးသန့်အခန်းထဲတွင် ကျင့်ကြံသူ (၃) ဦး ရှိနေသည်။ အားလုံးက ချီစွမ်းအင် စုစည်းခြင်း အဆင့် (၉) များ ဖြစ်ကြသည်။

အမျိုးသား (၂) ဦးနှင့် အမျိုးသမီး (၁) ဦးပင်။

တစ်ချက် ကြည့်လိုက်ရုံဖြင့် ထိုသုံးဦးစလုံးသည် သက်လတ်ပိုင်း အရွယ်များ ဖြစ်ကြောင်း သိသာနေသည်။

အထူးသဖြင့် အမျိုးသမီး ကျင့်ကြံသူသည် ရင့်ကျက်သော အလှနှင့် ပြည့်စုံနေသော အမျိုးသမီး တစ်ဦး ဖြစ်လေ၏။

All Chapters