← Chapters

ရိတ်သိမ်းခြင်း

Vol. 4 Ch. 59

ရိတ်သိမ်းခြင်း

Vol. 4 Ch. 59

~သူတို့သည် ရေခဲအကြေးခွံ မိစ္ဆာမြွေ၊ လင်းယုန်သားရဲ နှင့် ဝံပုလွေမိစ္ဆာ တို့၏ လက်မှ 'ရေခဲနှလုံးသား ကြာပန်း' ကို လုယူခဲ့ပြီးစ အချိန်ဖြစ်သည်။ ထိုအခိုက်အတန့်တွင် ဝူဇီကန်နှင့် သူ့အဖွဲ့သားများသည် သတိလက်လွတ် ဖြစ်သွားခဲ့ကြသဖြင့် တုံ့ပြန်မှု နှေးကွေးသွားကြရလေ၏။

သူတို့ဆီသို့ ဦးတည် ပြေးဝင်လာသော အဆောင်လက်ဖွဲ့ နှစ်ခုကို မြင်လိုက်ရသောအခါ၊ လေးဦးသား အံ့သြမှင်သက်သွားကြသည်။ ဘာဖြစ်နေမှန်း သဘောပေါက်လိုက်သည့် တခဏမှာပင် သူတို့၏ မျက်နှာထားများ ဖြူဖျော့သွားကြလေတော့သည်။

“ဝီ...”

ဒုတိယအဆင့် အဆင့်နိမ့် 'ရေခဲချုပ်နှောင်ခြင်း အဆောင်လက်ဖွဲ့' ပေါက်ကွဲထွက်လာပြီး၊ ဝူဇီကန်နှင့် အဖွဲ့သားများကို ရိုးတွင်းခြင်ဆီအထိ အေးခဲသွားစေသော အအေးဓာတ်များ ထုတ်လွှတ်လိုက်လေ၏။

မျက်တောင်တစ်ခတ် အတွင်းမှာပင်...

ရှေ့ဆုံးမှ ရပ်နေသော ဝူဇီကန်သည် ပြန်လည် တုံ့ပြန်ရန် အခွင့်အရေးပင် မရလိုက်ဘဲ အေးခဲနေသော ရေခဲတုံးကြီး တစ်တုံးအဖြစ် ပြောင်းလဲသွားလေ၏။

သူ့နောက်မှ ဗလတောင့်တောင့် အမျိုးသားကြီး၏ မျက်နှာထား အကြီးအကျယ် ပျက်သွားသည်။

“ဒုတိယအဆင့် အဆင့်နိမ့် ရေခဲချုပ်နှောင်ခြင်း အဆောင်လက်ဖွဲ့...”

နောက်တစ်စက္ကန့်တွင် အေးစက်သော အရှိန်အဝါများသည် သူ့ကို လွှမ်းခြုံသွားပြီး၊ တစ်ကိုယ်လုံး ရေခဲအလွှာဖြင့် ဖုံးလွှမ်းသွားစေသည်။ ကြောက်မက်ဖွယ် ကောင်းသော အအေးဓာတ်သည် သူ့ခန္ဓာကိုယ်နှင့် ဝိညာဉ်ထဲထိ တိုးဝင်သွားကာ လှုပ်ရှား၍ မရအောင် ချုပ်နှောင်လိုက်သည်။ ဝိညာဉ်ပါ အေးခဲသွားသကဲ့သို့ ခံစားလိုက်ရသည်။

အနောက်ဘက်ရှိ လင်မယား နှစ်ယောက်မှာမူ အကွာအဝေး တစ်ခု ရှိနေသဖြင့် ပြန်လည် တုံ့ပြန်ရန် အချိန်ရလိုက်သည်။ သူတို့၏ မျက်နှာများ ပျက်သွားပြီး ကပျာကယာပင် မန္တန် အမျိုးမျိုး ရွတ်ဆိုလိုက်ကြသည်။

တစ်ချိန်တည်းမှာပင် သူတို့ ပိုင်ဆိုင်ထားသော ပထမအဆင့် ထိပ်တန်း အဆောင်လက်ဖွဲ့ အများအပြားကို ပစ်လွှတ်လိုက်ကြသည်။

တိုက်ခိုက်ရေး အဆောင်လက်ဖွဲ့ နှစ်ခုက ဝင်ရောက်လာသော အအေးဓာတ်ကို ပစ်မှတ်ထားလိုက်သည်။ 'အရှိန်မြှင့် အဆောင်လက်ဖွဲ့' က သူတို့ကို လျင်မြန်စွာ နောက်ဆုတ်စေပြီး၊ 'ကာကွယ်ရေး အဆောင်လက်ဖွဲ့' က သူတို့ ခန္ဓာကိုယ် တစ်ခုလုံးကို အကာအကွယ် အတားအဆီး တစ်ခု ဖန်တီးပေးလိုက်သည်။

အအေးဓာတ် ရောက်ရှိလာသောအခါ သူတို့၏ တိုက်ခိုက်မှုကြောင့် အရှိန်အဝါ အများစု ပျက်ပြယ်သွားခဲ့သည်။ ကျန်ရှိနေသော အအေးဓာတ် အနည်းငယ်က သူတို့ကို တုန်ရီစေပြီး လှုပ်ရှားမှုကို ခေတ္တမျှ နှောင့်နှေးစေရုံသာ ဖြစ်သည်။ သူတို့ ဆက်လက် လှုပ်ရှားနိုင်သေးသည်။

ဝူဇီကန် နှင့် ဗလတောင့်တောင့် အမျိုးသားကြီးတို့ထက် အများကြီး သက်သာနေသော်လည်း၊ သူတို့ သိပ်အဝေးကြီးအထိ မဆုတ်ခွာနိုင်လိုက်ပေ။

“ဝုန်း...”

နောက်တစ်စက္ကန့်တွင် ဒုတိယအဆင့် အဆင့်နိမ့် 'မီးနဂါး အဆောင်လက်ဖွဲ့' ပေါက်ကွဲထွက်လာသည်။ ဧရာမ မီးနဂါးကြီး တစ်ကောင် ဟိန်းဟောက်ကာ ပြေးထွက်လာပြီး၊ ပြင်းထန်သော မီးတောက် အရှိန်အဝါများဖြင့် အရာအားလုံးကို ဖျက်ဆီးပစ်ကာ ဝူဇီကန်နှင့် အဖွဲ့သားများကို ဝင်ရောက် တိုက်ခိုက်လေ၏။

“ဘုန်း...”

တောအုပ် တစ်ခုလုံး ပြိုလဲပျက်စီးသွားသည်။ မရေမတွက်နိုင်သော သစ်ပင်ကြီးများသည် ထင်းစများသဖွယ် ကျိုးပဲ့ကုန်ကြသည်။ ကျောက်တုံးကြီးများ ကြေမွသွားပြီး၊ မြေကြီးသည် ပင့်ကူအိမ်ကဲ့သို့ အရပ်လေးမျက်နှာသို့ ကွဲအက်သွားလေ၏။

ဝူဇီကန်သည် မီးနဂါး၏ ဝါးမြိုခြင်းကို ခံလိုက်ရပြီး ပြာကျသွားလေသည်။ သူ့ခန္ဓာကိုယ် အစအနပင် ရှာမတွေ့တော့ပေ။

ဗလတောင့်တောင့် အမျိုးသားကြီးကတော့ ခန္ဓာကိုယ် ကြံ့ခိုင်ရေး ကျင့်ကြံသူ ဖြစ်သဖြင့် အနည်းငယ် သက်သာသည်။ သူ့ခန္ဓာကိုယ် ပေါက်ကွဲမသွားသော်လည်း ဒဏ်ရာ အများအပြား ရရှိထားသည်။ အရိုးများ၊ အတွင်းကလီစာများ အားလုံး ကြေမွသွားပြီး၊ မီးနဂါး၏ တိုက်ခိုက်မှုကြောင့် မီးကျွမ်းနေသော အသားတုံး တစ်တုံးအဖြစ် တစ်မိုင်လောက် အဝေးသို့ လွင့်စင်သွားကာ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျလေ၏။

“အား...”

“အွပ်...”

လင်မယား နှစ်ယောက်သည် ဒုတိယအဆင့် အဆင့်နိမ့် 'မီးနဂါး အဆောင်လက်ဖွဲ့' ၏ စွမ်းအားကြောင့် အငိုက်မိသွားကြသည်။ သူတို့ အော်ဟစ်ရင်း လွင့်စင်သွားကြသည်။

ခန္ဓာကိုယ် တစ်ခုလုံး သွေးများဖြင့် ရွှဲနစ်နေပြီး၊ ပါးစပ်မှ သွေးများ အန်ထုတ်နေကြသည်။ ဒဏ်ရာ အပြင်းအထန် ရရှိသွားကြရှာသည်။

ထိတ်လန့်မှုနှင့် ကြောက်ရွံ့မှုတို့ သူတို့ ရင်ထဲတွင် ပြည့်နှက်နေပြီး၊ နာကြည်းမှုနှင့် ဒေါသများလည်း ရောပြွမ်းနေလေ၏။

ဘယ်သူလဲ...။

ဘယ်သူက ခြုံခိုတိုက်ခိုက်တာလဲ။

“ပြေးကြမယ်”

ခင်ပွန်းဖြစ်သူက အသံခပ်အုပ်အုပ်ဖြင့် ပြောလိုက်သည်။ ပြင်းထန်စွာ နာကျင်နေသော်လည်း၊ လွင့်စင်သွားသော အရှိန်ကို အသုံးပြုပြီး ထွက်ပြေးရန် ကြိုးစားလိုက်သည်။

သို့သော် နောက်တစ်စက္ကန့်တွင်... အမည်းရောင် အရိပ်တစ်ခု သူတို့ကို လွှမ်းမိုးသွားလေ၏။

လင်မယား နှစ်ယောက် မျက်လုံးပြူးသွားကြသည်။ သူတို့ ရှေ့တွင် (၂) မီတာနီးပါး မြင့်မားသော ဧရာမ မျောက်ဝံကြီး တစ်ကောင် ရပ်နေသည်။ အနီရောင် အမွေးများသည် မီးတောက်များ လောင်ကျွမ်းနေသကဲ့သို့ ဖြစ်နေသည်။

သူတို့ ကြောက်လန့်တကြား အော်ဟစ်လိုက်ကြသည်။

“ဒုတိယအဆင့် သားရဲ... မြေကမ္ဘာမီးလျှံ မျောက်ဝံ...”

“ဂါး...”

မြေကမ္ဘာမီးလျှံ မျောက်ဝံသည် အလယ်အလတ်အဆင့် မှော်လက်နက် ဖြစ်သော ဝံပုလွေစွယ် တင်းပုတ်ကို လျှပ်ပြက်သလို လွှဲရမ်းလိုက်သည်။ ရိုက်ချက် တစ်ချက်တည်းဖြင့်ပင် ချီစွမ်းအင် စုစည်းခြင်း အဆင့် (၉) ကျင့်ကြံသူ ဖြစ်သော ခင်ပွန်းသည်ကို သွေးအိုင်ထဲသို့ ရောက်သွားစေခဲ့သည်။ သူ့ခေါင်းသည် ဖရဲသီး တစ်လုံးကဲ့သို့ ပေါက်ကွဲထွက်သွားပြီး၊ နောက်မှ ခန္ဓာကိုယ်ပါ ပေါက်ကွဲသွားလေ၏။

“ဘုန်း...”

တင်းပုတ်သည် မြေကြီးကို ရိုက်ခတ်မိသွားပြီး မြေသားများ၊ အသားစများနှင့် အရိုးစများ လွင့်စင်သွားကြသည်။ မြေကြီး တုန်ခါသွားပြီး ကြီးမားသော တွင်းကြီး တစ်တွင်း ပေါ်လာသည်။

ဇနီးဖြစ်သူ၏ မျက်နှာ ဖြူဖျော့သွားပြီး စိတ်ထဲ ဗလာဖြစ်သွားသည်။ သူမ မြေပြင်ပေါ်သို့ လဲကျသွားပြီး မြေကမ္ဘာမီးလျှံ မျောက်ဝံကို ကြောင်ငေး ကြည့်နေမိသည်။

နောက်တစ်စက္ကန့်တွင်...

မြေကမ္ဘာမီးလျှံ မျောက်ဝံသည် လက်ကို ဘေးတိုက် လွှဲရမ်းလိုက်သည်။ တင်းပုတ်သည် ဇနီးသည်ကို ဖြတ်သန်းသွားသည်။ သူမ၏ ဝတ်စုံ ချက်ချင်း စုတ်ပြဲသွားပြီး၊ ခါးအထက်ပိုင်း ခန္ဓာကိုယ် ပေါက်ကွဲထွက်သွားလေတော့သည်။

ဇနီးသည် - “...”

အနောက်ဘက်တွင်...

လိုက်ဖမ်းနေသော ဝံပုလွေမိစ္ဆာ နှင့် ရေခဲအကြေးခွံ မိစ္ဆာမြွေ တို့သည် ရုတ်တရက် ရပ်တန့်လိုက်ကြပြီး မျက်လုံးများ ပြူးကျယ်သွားကြသည်။

ရုတ်တရက် ပေါ်ထွက်လာသော ဒုတိယအဆင့် အစောပိုင်း သားရဲ မြေကမ္ဘာမီးလျှံ မျောက်ဝံကို သူတို့ ကြည့်လိုက်ကြသည်။ ပထမအဆင့် ထိပ်တန်း သားရဲ နှစ်ကောင်သည် ချက်ချင်း တုန်ရီလာကြပြီး၊ ကြောက်ရွံ့မှုများ ရင်ထဲသို့ ဝင်ရောက်လာလေ၏။

“ဝူး...”

ဝံပုလွေမိစ္ဆာသည် အမြီးကုပ်ကာ ကြောက်လန့်တကြား အော်မြည်ရင်း ချက်ချင်း လှည့်ပြေးလေတော့သည်။

ရေခဲအကြေးခွံ မိစ္ဆာမြွေ ကတော့ ပိုမြန်သည်။ ရေကန်ထဲရှိ ၎င်း၏ နေအိမ်ဟောင်းကို စွန့်ပစ်ပြီး ဆန့်ကျင်ဘက် အရပ်သို့ ထွက်ပြေးလေ၏။

မီးလျှံမျောက်ဝံကြီးသည် ထို သားရဲငယ်လေး နှစ်ကောင်ကို စူးစိုက်ကြည့်လိုက်သည်။ သွားများ ဖြဲပြလိုက်ပြီး၊ လက်တစ်ဖက်ဖြင့် ရင်ဘတ်ကို ထုကာ ဟိန်းဟောက်လိုက်လေ၏။

“ဂါး...”

နောက်တစ်စက္ကန့်တွင် လက်ထဲရှိ တင်းပုတ်ကို ပစ်လွှတ်လိုက်လေ၏။

ထွက်ပြေးနေသော ဝံပုလွေမိစ္ဆာသည် ပြင်းထန်သော ရိုက်ချက်တစ်ချက်တည်းဖြင့် နှစ်ပိုင်းပြတ်သွားလေ၏။

“ဘုန်း...”

နာကျင်စွာ အော်မြည်ချိန်ပင် မရလိုက်ဘဲ ချက်ချင်း သေဆုံးသွားရှာသည်။

ထွက်ပြေးနေသော ရေခဲအကြေးခွံ မိစ္ဆာမြွေ ကိုတော့ မီးလျှံမျောက်ဝံကြီးက တစ်ချက် လှမ်းကြည့်လိုက်ရုံသာ ကြည့်ပြီး မည်သည့် လှုပ်ရှားမှုမှ မပြုလုပ်တော့ပေ။

“ဝီ...”

ကောင်းကင်ယံမှ မည်းနက်သော တိမ်တိုက်တစ်ခု ကျဆင်းလာပြီး၊ အေးစက်သော အလင်းတန်း တစ်ချက် ဝင်းလက်သွားသည်။

“ဖွပ်...”

မိစ္ဆာမြွေ၏ ကြီးမားသော ခေါင်းသည် ကိုယ်နှင့် ချက်ချင်း ပြတ်ထွက်သွားလေ၏။ အကြေးခွံနက် လင်းယုန်ကြီးသည် ခြေသည်းတစ်ဖက်ဖြင့် မြွေခေါင်းကို၊ ကျန်တစ်ဖက်ဖြင့် မြွေကိုယ်ကို ဆွဲမကာ အတောင်ပံ ခတ်ပြီး ရုပ်သေးကိုယ်ပွား ဘေးသို့ ပျံသန်းလာခဲ့လေ၏။

ရုပ်သေးကိုယ်ပွား နှင့် မလှမ်းမကမ်းတွင် ခေါင်းပြတ်နေသော လင်းယုန်သားရဲ၏ အလောင်း ရှိနေသည်။ အကြေးခွံနက် လင်းယုန်ကြီးက သတ်ဖြတ်ခဲ့ပြီး ဖြစ်သည်။

ဤနည်းဖြင့်...၊

ဝူဇီကန် အပါအဝင် လူလေးယောက် သာမက၊ 'ရေခဲနှလုံးသား ကြာပန်း' ကို မက်မောနေကြသော ပထမအဆင့် နှောင်းပိုင်း သားရဲ သုံးကောင်ပါ မလွတ်မြောက်နိုင်ခဲ့ကြပေ။

စုယွီ၏ ရုပ်သေးကိုယ်ပွား 'အရိပ်ကျားသစ်' သည် ပြီးဆုံးသွားသော စစ်မြေပြင်ကို လေ့လာရန် ပြေးထွက်လာခဲ့သည်။ ခြေသည်းများပေါ်တွင် သုတ်လိမ်းထားသော အိပ်မွေ့ချ ဆေးရည်များကို ချီစွမ်းအင်ဖြင့် ဖယ်ရှားလိုက်သည်။ မလိုအပ်တော့ပေ။

သူသည် စစ်မြေပြင်ကို အလျင်အမြန် ရှင်းလင်းလိုက်သည်။ ဝူဇီကန်၏ ချန်ခွန်းအိတ်သည် အနည်းငယ် ပျက်စီးနေသော်လည်း၊ အတွင်းပိုင်း နေရာလွတ်မှာမူ ကောင်းမွန်နေဆဲ ဖြစ်သည်။

'ရေခဲနှလုံးသား ကြာပန်း' ထည့်ထားသော ကျောက်စိမ်းသေတ္တာလေးလည်း ဒီအထဲမှာပဲ ရှိသည်။

စုယွီ ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ ဝူဇီကန်၏ အစအနတောင် မတွေ့ရတော့ချေ။

သူက ခေါင်းတိတ်တဆိတ် ခါလိုက်ပြီး ကိုယ့်ဘာသာ ပြောလိုက်သည်။

“ပထမအဆင့် ထိပ်တန်း အဆောင်လက်ဖွဲ့ ပညာရှင် ဟုတ်လား”

“ငါက ဒုတိယအဆင့် အဆင့်နိမ့် အဆောင်လက်ဖွဲ့ ပညာရှင်တောင် ဘာမှ ဝင်မပြောသေးဘူး”

ဗလတောင့်တောင့် အမျိုးသားကြီးနှင့် အမျိုးသမီးတို့၏ ချန်ခွန်းအိတ်တွေ၊ မှော်လက်နက်တွေကို စုယွီ အမြန် သိမ်းဆည်းလိုက်သည်။

သေဆုံးသွားသည့် သားရဲ သုံးကောင်၏ အလောင်းတွေကိုလည်း လေထဲမှာ ပျံဝဲနေသော ချန်ခွန်းအိတ် သုံးလုံးထဲ ထည့်လိုက်၏။

စုယွီသည် တိုက်ပွဲခွင်မှ အလောင်းများကို ရှင်းလင်းပြီးသည်နှင့် မီးလျှံမျောက်ဝံကြီးနှင့် အကြေးခွံနက် လင်းယုန်ကြီးတို့အား သားရဲလှောင်အိတ်ထဲသို့ ပြန်လည် သိမ်းဆည်းလိုက်လေ၏။ ထို့နောက် 'အရိပ်ကျားသစ်' ရုပ်သေးကိုယ်ပွားကို ထိန်းချုပ်ကာ ထိုနေရာမှ ချက်ချင်းပင် ထွက်ခွာလာခဲ့တော့သည်။

သူသည် တောင်တန်းဒေသမှ လွတ်မြောက်ရန် မရပ်မနား ခရီးနှင်ခဲ့လေသည်။ ဘေးကင်းရာသို့ ရောက်သောအခါ အဖိုးအို တစ်ဦး အသွင်သို့ ရုပ်ဖျက်လိုက်ပြီး အပြင်လောက၌ ခေတ္တမျှ လှည့်လည်သွားလာ လိုက်သေး၏။ ထို့နောက် လုံခြုံစိတ်ချရသော ဂူတစ်ဂူကို ရှာဖွေကာ လဝက်ခန့် ပုန်းအောင်းနေထိုင်ပြီးမှ ပိုင်ယွဲ့ အင်မော်တယ် မြို့တော်သို့ တိတ်တဆိတ် ပြန်လာခဲ့လေသည်။

ပိုင်ယွဲ့ အင်မော်တယ် မြို့တော်...၊

လူသူကင်းမဲ့သော လမ်းကြားလေး တစ်ခု...၊

ထိုလမ်းကြားရှိ ခြံဝင်းအတွင်းမှ အခန်းတစ်ခန်းထဲ၌ ဖြစ်သည်။

စုယွီသည် ရုပ်သေးကိုယ်ပွားကို ပြန်လည် သိမ်းဆည်းလိုက်ပြီးနောက် ဝူဇီကန်နှင့် အခြားသူများထံမှ ရရှိခဲ့သော ချန်ခွန်းအိတ်များကို ထုတ်ယူလိုက်လေ၏။ ထို့နောက် အိတ်များကို တစ်ခုပြီးတစ်ခု ဖွင့်ကာ စစ်ဆေးကြည့်ရှု လိုက်တော့သည်။

သားရဲသုံးကောင်၏ အလောင်းများမှာမူ မီးလျှံမျောက်ဝံကြီးနှင့် အကြေးခွံနက် လင်းယုန်ကြီးတို့၏ အစာအဖြစ် ရောက်ရှိသွားခဲ့ပြီး ဖြစ်ရာ အကြွင်းအကျန် အနည်းငယ်မျှသာ ရှိတော့သည်။

ဝူဇီကန်၏ ချန်ခွန်းအိတ်အတွင်း၌မူကား 'ရေခဲနှလုံးသား ကြာပန်း' ထည့်သွင်းထားသော ကျောက်စိမ်းသေတ္တာအပြင်၊ သူ၏ ကျင့်စဉ်များနှင့် ပထမအဆင့် ထိပ်တန်း အဆောင်လက်ဖွဲ့ ပညာရှင်တို့၏ ဒဏ္ဍာရီ မှတ်တမ်းများ ပါရှိလေသည်။

ထို့အပြင် အလယ်အလတ်အဆင့် မှော်လက်နက် နှစ်ခု၊ အဆင့်နိမ့် မှော်လက်နက် သုံးခု၊ ပထမအဆင့် အဆောင်လက်ဖွဲ့ အခု ၃၀ ကျော်နှင့် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၇၀၀ ကျော်လည်း ပါဝင်နေသေး၏။

ဤပစ္စည်းများ အားလုံး၏ တန်ဖိုးကို တွက်ချက်ကြည့်လိုက်လျှင် အနည်းဆုံး ဝိညာဉ်ကျောက်တုံး ၂၀၀၀ ခန့် တန်ကြေးရှိပေသည်။

ခန္ဓာကိုယ် တောင့်တင်းခိုင်မာသော အမျိုးသားကြီး၏ ချန်ခွန်းအိတ်ကို ဖွင့်ကြည့်လိုက်သော အခါတွင်မူ စုယွီ လွန်စွာ ဝမ်းသာအားရ ဖြစ်သွားရလေသည်။ အဘယ်ကြောင့်ဆိုသော် 'အခြေခံ တည်ဆောက်ခြင်း ဆေးလုံး' ဖော်စပ်ရန် လိုအပ်သော ပစ္စည်းအများအပြားကို တွေ့ရှိလိုက်ရသောကြောင့်ပင်။

ထိုအထဲတွင် အဓိက ပါဝင်ပစ္စည်း တစ်မျိုး ပါလာခဲ့၏။ စုမိသားစု ပိုင်ဆိုင်ထားသော သုံးမျိုးထဲမှ တစ်မျိုးဖြစ်နေသော်လည်း မမျှော်လင့်ထားသော ရိတ်သိမ်းမှု တစ်ခုပင်။

ထိုလူကြီးထံတွင် ထူးခြားကောင်းမွန်သော အလယ်အလတ်အဆင့် မှော်လက်နက် ပုဆိန်ကြီး တစ်လက်နှင့် လက်ကာဒိုင်း တစ်ခု ရှိနေခဲ့သည်။ သို့သော် သူသည် ထိုလက်နက်များကို ထုတ်ဖော် အသုံးပြုခွင့် မရလိုက်ခင်မှာပင် စုယွီ၏ ဒုတိယအဆင့် အဆင့်နိမ့် အဆောင်လက်ဖွဲ့ နှစ်ခုဖြင့် တိုက်ခိုက်ခြင်းကို ခံလိုက်ရကာ အသတ်ခံလိုက်ရခြင်း ဖြစ်လေ၏။

ဝိညာဉ်ကျောက်တုံးများမှာမူ သိပ်မများလှပေ၊ ၃၀၀ ကျော်သာ ရှိလေသည်။

ကျန်ရှိနေသော ကျင့်ကြံသူ စုံတွဲ၏ ချန်ခွန်းအိတ်များထဲတွင်မူ 'အခြေခံ တည်ဆောက်ခြင်း ဆေးလုံး' အတွက် ကုန်ကြမ်းပစ္စည်း ပိုမိုများပြားစွာ ပါဝင်နေသည်ကို တွေ့ရလေသည်။ အခြားသော အဓိက ပါဝင်ပစ္စည်း နှစ်မျိုးပင် ပါဝင်နေသေး၏။

ထို့ကြောင့် စုမိသားစု ပိုင်ဆိုင်ထားသော သုံးမျိုး မပါဝင်ဘဲလျက်နှင့်ပင် စုယွီ၏ လက်ထဲ၌ အဓိက ပါဝင်ပစ္စည်း လေးမျိုး အထိ ရှိလာခဲ့ပြီ ဖြစ်သည်။

သာမန် ပါဝင်ပစ္စည်းများ ဆိုလျှင် အစုံအလင်ကို ရှိနေပါ၏။

"သန့်စင်တဲ့ မိစ္ဆာ အမြုတေနဲ့ ဝိညာဉ်သစ်သီးပဲ လိုတော့တယ်..."

စုယွီမှာ စိတ်လှုပ်ရှားစွာဖြင့် တီးတိုး ရေရွတ်လိုက်မိလေ၏။

မှော်လက်နက်များ ရောင်းရငွေ မပါဝင်ဘဲနှင့်ပင် သည်တစ်ခေါက် ခရီးစဉ်မှ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ( ၁၉၀၀ ) ကျော် ရရှိလိုက်သည်။

သူ၏ မူလ စုဆောင်းငွေနှင့် ပေါင်းလိုက်မည် ဆိုပါက ယခုအခါ ဝိညာဉ်ကျောက်တုံး ( ၇၄၀၀ ) ကျော် ရှိသွားပြီ ဖြစ်ပေသည်။

“လာမယ့် ဝိညာဉ်ခန်းမ လေလံပွဲမှာ အကျိုးအမြတ် တစ်ခုခု ရပါစေလို့ မျှော်လင့်ရတာပဲ”

'နဂါးမိကျောင်း ရုပ်သေးသားရဲ' ရဲ့ အဓိက ပစ္စည်းတွေ၊ 'အခြေခံ တည်ဆောက်ခြင်း ဆေးလုံး' အတွက် လိုအပ်တဲ့ မိစ္ဆာ အမြုတေ နဲ့ ဝိညာဉ်သစ်သီး...

စုယွီ .. ဒါတွေ အကုန် လိုအပ်နေပါသည်။

All Chapters