အခန်း (၈၁၁-၈၁၃)
Vol. 55 Ch. 811-813
အခန်း (၈၁၁) : နဂါးသွေးကြောထဲသို့၀င်ရောက်ခြင်း
ဂျက်စမင်အပါအ၀င်ကျိုးဟောင်တို့တစ်ဖွဲ့လုံးမှာ စိတ်လှုပ်ရှားနေကြလေသည်။ သို့သော်ဒီနယ်မြေပေါင်းသောင်းချီထဲတွင် နဂါးသွေးကြောအားရှာဖွေရန်မှာခက်ခဲနေလေသည်။
ဂျက်စမင်မှာထိုအချက်ကိုသိထားသောကြောင့် ပို၍ပင်စိတ်လှုပ်ရှားနေလေသည်။ သူမသည် ဒီကိစ္စတွင်အရာအားလုံးအားပုံအပ်ထားခဲ့ရပြီး သူမ၏နဂါးမျိုးနွယ်၏မင်းသမီးဟူသောဂုဏ်ပုဒ်နှင့် အနာဂတ်နဂါးဧကရာဇ်ဖြစ်လာနိုင်ချေကိုပါ ရင်းနှီးထားခဲ့ရလေသည်။
"ဒီကိစ္စကိုငါ့ဆီလွှဲထားလိုက်ပါ"
ကျိုးဟောင်ကပြောပြီးနောက်သူ့မျက်လုံးများကိုမှိတ်ထားလိုက်လေသည်။
ထို့နောက်ကျိုးဟောင်နားတွင်မရေမတွက်နိုင်သောလျှပ်စီးမုန်တိုင်းငယ်လေးများပေါ်ထွက်လာခဲ့လေသည်။ သူသည်အာကာသသားရဲ၏မှော်အသက်စွမ်းအားကိုအသုံးပြုနေခြင်းဖြစ်လေသည်။ သို့သော် နယ်မြေတစ်ခုပြီးတစ်ခုကူးသန်းရှာဖွေရန်မှာအချိန်အရမ်းယူရလေသည်။ ဒါ့အပြင်ကျိုးဟောင်၏ အာကာသစွမ်းအားများကိုလည်းအများအပြားကုန်ဆုံးစေလေသည်။
"ငါတို့ဒီအတိုင်းတော့ဆက်သွားနေလို့မဖြစ်ဘူး"
ဖား၏အသံကကျိုးဟောင်၏ခေါင်းထဲတွင်ပေါ်ထွက်လာခဲ့လေသည်။
"နဂါးသွေးကြောဆိုတာ နဂါးမျိုးနွယ်တွေ နဂါးအနှစ်သာရကိုကျင့်ကြံတဲ့နေရာပဲ။ နဂါးမျိုးနွယ်ကလူတွေဆိုရင်တော့ အာရုံခံနိုင်လိမ့်မယ်။ ကျိုးဟောင် ဂျက်စမင်ရဲ့အစွမ်းကိုယူသုံးရင်တော့ မင်းအာရုံခံနိုင်လိမ့်မယ်"
ဖား၏စကားကိုစကားကြားသောအခါကျိုးဟောင်၏ မျက်လုံးများအရောင်တောက်သွားလေသည်။
"ဟုတ်သားပဲ အာကာသသားရဲက အာကာသနယ်မြေတွေကိုဖန်တီးနိုင်ပေမဲ့ အဲ့နယ်မြေတွေရဲ့အငွေ့အသက်ကိုပဲအာရုံခံနိုင်တာ။ နဂါးမျိုးနွယ်တွေဆိုရင်တော့ နဂါးသွေးကြောကို အတိအကျမဟုတ်တောင် အနီးစပ်ဆုံးတော့အာရုံခံနိုင်မှာပဲ"
ကျိုးဟောင်လည်းစိတ်ထဲတွင်တွေးလိုက်ပြီးနောက် ဂျက်စမင်အားတချက်ကြည့်လိုက်လေသည်။
"ဂျက်စမင် ငါမင်းအကူအညီလိုတယ်။မင်းရဲ့စိတ်စွမ်းအားကို အတားအဆီးမရှိလွှတ်ထုတ်ပေးပါ။ ငါမင်းရဲ့ နဂါးစွမ်းအားကို ဒီနဂါးသွေးကြောရှာတဲ့နေရာမှာ အသုံးချချင်လို့"
ကျိုးဟောင်ကပြောလိုက်လေသည်။
ဂျက်စမင်အနေဖြင့်ကျိုးဟောင်ဘာတွေးနေသလဲမသိသော်လည်း သူမအတွက်ရွေးချယ်စရာသိပ်မရှိပေ။ သို့သော်လည်းသူမ မှာစိုးရိမ်နေခဲ့လေသည်။
လူတစ်ယောက်၏စိတ်ဝိညာဉ်စွမ်းအင်သည် အလွန်နူးညံ့ပြီးအထိအခိုက်မခံပေ။ ကျိုးဟောင်၏စိတ်စွမ်းအားကို သူမ၏စိတ်ဝိညာဉ်ထဲ ၀င်ရောက်ခွင့်ပေးလိုက်ပါက ကျိုးဟောင်အနေဖြင့် အနည်းငယ်လောက်စည်းဖောက်လိုက်ရုံဖြင့် သူမအားအလွယ်တကူသတ်နိုင်မည်ဖြစ်လေသည်။
သို့သော်လည်း ဂျက်စမင်မှာတုံ့ဆိုင်းမနေဘဲ သူမ၏လက်ကိုဆန့်တန်းပေးလိုက်လေသည်။ အဘယ်ကြောင့်ဆိုသော်သူမသည် ကျိုးဟောင်အားလုံး၀ ယုံကြည်လေသည်။ ကျိုးဟောင်လည်း ဂျက်စမင်၏လက်ကိုဆုပ်ကိုင်လိုက်လေသည်။
ထိုအချိန်တွင် ဂျက်စမင်မှာသူမ၏စိတ်ဝိညာဉ်စွမ်းအားကိုထုတ်လွှတ်ပေးလေသည်။ ကျိုးဟောင်လည်းချက်ချင်းထိုစိတ်စွမ်းအင်ထဲတိုး၀င်လိုက်လေသည်။
ဂျက်စမင်၏စိတ်စွမ်းအားမှာ အလွန့်အလွန်ကိုသန့်ရှင်းစင်ကြယ်ပြီး နှင်းသလင်းကျောက်ကဲ့သို့ကြည်လင်လေသည်။ ကျိုးဟောင်မှာ ထိုအရာကိုချက်ချင်းခံစားမိလိုက်လေသည်။
ဂျက်စမင်၏ဝိညာဉ်စွမ်းအားထဲတွင် နဂါးမျိုးနွယ်များသာဆက်ခံနိုင်သည့်ရှေးဟောင်းစွမ်းအင်အမွေအနှစ်တစ်ခုရှိနေလေသည်။ ကျိုးဟောင်အနေဖြင့်ထိုစွမ်းအားကိုခံစားနေဖို့အချိန်မရှိခဲ့ပေ။ သူသည်ချက်ချင်းပင် ဂျက်စမင်၏နဂါးအာရုံကိုအသုံးပြုကာ နဂါးသွေးကြောအား စတင်အာရုံခံလေသည်။
ထိုအချိန်တွင် နဂါးမျိုးနွယ်တခုလုံးမှာ ၀ရုန်းသုန်းကားဖြစ်နေလေသည်။ ဒီမြင့်မြတ်သောနေရာတွင်နဂါးမျိုးနွယ်၏လျှို့ဝှက်ချက်ဖြစ်သည့် နဂါးသွေးကြောရှိလေသည်။ တကယ်လို့ နဂါးသွေးကြောသာအလုယူခံလိုက်ရပါက နဂါးတို့၏အခြေခံအုတ်မြစ်တစ်ခုလုံးပြိုလဲသွားမည်ဖြစ်လေသည်။
နဂါးမျိုးနွယ်များမှာ သူတို့အနေဖြင့်နဂါးသွေးကြောကို ရှာမတွေ့သေးသော်လည်း ထိုအရာအပေါ်မျှော်လင့်ချက်ကြီးစွာထားရှိထားကြလေသည်။ တကယ်လို တခြားမျိုးနွယ်ကထိုအရာအားကျူးကျော်အပိုင်စီးသွားပါက နဂါးမျိုးနွယ်မှာ အဆုံးသတ်သို့ရောက်ရှိသွားမည်ဖြစ်သည်။
"ချီးပဲ....ဂျက်စမင်ကဒီလိုမြင့်မြတ်တဲ့နေရာကိုခိုး၀င်ရဲလောက်အောင်သတ္တိရှိနေတာပဲ။ တခြားအပြင်လူတွေကတော့ချွင်းချက်မရှိ သတ်ဖြတ်ခံရမယ် ဂျက်စမင်ကတော့ နဂါးမင်းသမီးဆိုတဲ့ဂုဏ်ပုဒ်ကိုရုတ်သိမ်းခံရပြီး မဟူရာအပြစ်ဆေးကြောခြင်းထောင်မှာ အကျဉ်းချခံရမယ်"
နဂါးမျိုးနွယ်၏အကြီးအကဲများကယခုလိုဆုံးဖြတ်ခဲ့ကြလေသည်။ ထို့နောက်သူတို့သည် နဂါးမျိုးနွယ်၏ သွေးမျိုးရိုးအားသုံးကာ မြင့်မြတ်သောနေရာအားဖွင့်ရန်ကြိုးစားကြလေသည်။
မကြာမီပင် မြင့်မြတ်သောနေရာ၏အတားအဆီးမှာပွင့်လာခဲ့လေသည်။ ကျိုးဟောင်တို့အဖွဲ့မှာလည်း ထိုအခြင်းအရာကိုအာရုံခံမိလိုက်ကြလေသည်။
"လာစမ်းပါ နဂါးသွေးကြောရေ မင်းဘယ်မှာလဲကွာ..."
ကျိုးဟောင်မှာအလွန်စိတ်လှုပ်ရှားနေလေသည်။ ဒီတကြိမ်အခွင့်အရေးသည်သူတို့အတွက်နောက်ဆုံးဖြစ်ပြီး ကျရှုံးသွားပါက သူတို့အားလုံးအသတ်ခံရရုံသာမက ကမ္ဘာဂြိုလ်ကြီးမှာလည်း ငရဲကျမည့်အဖြစ်သို့ရောက်သွားမည်ဖြစ်သည်။
ကျိုးဟောင်လည်း သူ့ရဲ့စိတ်၀ိညာဥ်စွမ်းအင်ကိုအမြင့်ဆုံးအထိတင်ထားလိုက်သောကြောင့် သူ့နှာခေါင်း၊ပါးစပ်နှင့်မျက်လုံများဆီမှသွေးများစီးကျလာလေသည်။
ယခုလိုစိတ်ဝိညာဉ်စွမ်းအင်နှစ်ခုအားကောင်းစွာရောယှက်နေခြင်းကလည်း ကျိုးဟောင်အား မူးဝေစေကာ သူ့၏ဝိညာဉ်စွမ်းအားကိုလည်း ဒဏ်ရာရစေလေသည်။
ထိုအချိန်တွင် နတ်သစ်သီးအားစုပ်ယူရန်ကြိုးစားနေသော အာကာသသားရဲ၏ခန္ဓာကိုယ်၌မှာလည်း လေးလံလာပြီး အိပ်မောကျသွားတော့မည့်အရိပ်အယောင်များပေါ်လာလေသည်။ တကယ်လို့အာကာသသားရဲသာအိပ်မောကျသွားပါက နတ်သစ်သီးအားစုပ်ယူမည့်အစီအစဉ်ကျရှုံးယုံသာမက မြေနတ်ဘုရားသားရဲ၏အစာလည်းဖြစ်သွားမည်ဖြစ်လေသည်။
ကျိုးဟောင်လည်းထိုအခြေအနေကိုသတိထားမိသော်လည်း ယခုလိုအရေးကြီးသောအခြေအနေတွင်တော့သူများများစားစားဂရုမစိုက်နိုင်ပေ။ သူသည်အပြင်းအထန်ကြိုးစားကာ နဂါးသွေးကြောအားရှာနေလေသည်။
ထိုအခိုက်အတန့်၌ပင် အတားအဆီးမှာပွင့်သွားပြီးနဂါးမျိုးနွယ်မှလူများအလျင်အမြန်၀င်လာကြလေသည်။
"သူတို့ကိုဖမ်းစမ်း"
ထိုလူများမှာ အလွန်လျင်မြန်စွာဖြင့်ကျိုးဟောင်တို့အားဖမ်းရန်ပြောလာကြလေသည်။
ကျိုးဟောင်လည်းအာကာသနယ်မြေများကြားတွင်ထူးဆန်းပြီးရင်းနှီးသောနယ်မြေအစိတ်အပိုင်းတစ်ခုကိုခံစားလိုက်ရသောကြောင့် ထိုနယ်မြေအားမော့ကြည့်လိုက်လေသည်။
"နဂါးသွေးကြောလား"
ကျိုးဟောင်လည်းစိတ်လှုပ်တရှားရေရွတ်မိလိုက်လေသည်။
ထို့နောက်ကျိုးဟောင်မှာ ဘာမှပြောမနေဘဲ ကျိယောင်ယွဲ့၊ လင်းထျန်နှင့် ဂျက်စမင်တို့အားဆွဲကာ ထိုနယ်မြေထဲသို့၀င်ရောက်လိုက်လေသည်။
ထိုနယ်မြေထဲသို့ရောက်ရှိသွားသောအခါ ကျိုးဟောင်မှာ ပါးစပ်မှသွေးတစ်ပွက်အန်ပြီး ပစ်လဲသွားလေသည်။
ဂျက်စမင်မှာလည်းအလွန်ပင်ပန်းနေပုံရပြီး တယိမ်းတယိုင်ဖြင့်မြေပေါ်သို့ထိုင်ချလိုက်လေသည်။ လင်းထျန်နှင့် ကျိယောင်ယွဲ့တို့မှာလည်း သူတို့ရှေ့ရှိမြင်ကွင်းကြောင့်တုန်လှုပ်သွားလေသည်။ အဘယ့်ကြောင့်ဆိုသော် အလွန်တရာမှကြီးမားသောနဂါးဧကရာဇ်ကြီး၏ရုပ်တုကြီးရှိနေသောကြောင့်ဖြစ်လေသည်။
ထိုရုပ်တုကြီးမှာ အလွန်တရာမှကြီးမားပြီး အဆုံးကိုမြင်ရဖို့တောင်ခက်ခဲနေလေသည်။ ဒါ့အပြင်၎င်း၏ စွမ်းအားကြီးမားသောအရှိန်အဝါကြီးကနယ်မြေတစ်ခုလုံးအားဖုံးလွှမ်းထားလေသည်။
ထိုရုပ်တုကြီး၏အပေါ်တွင် စွမ်းအင်အနှစ်သာရစမ်းချောင်းတခုက ဖြည်းညှင်းစွာဖြင့်အဆက်မပြတ်စီးဆင်းနေလေသည်။ ထိုစမ်းချောင်းသည်နဂါးသွေးကြောဖြစ်ပြီး ထိုစမ်းချောင်း၏ဘေးပတ်လည်တွင်နဂါးအနှစ်သာရများပြည့်နှက်နေလေသည်။
နဂါးအနှစ်သာရမှာ အသက်ရှင်သောအရာတခုနှင့်တူပြီး လူတိုင်းမှာ ထိုအရာ၏နှလုံးခုန်သံကိုပင်ကြားရလေသည်။ ကျိုးဟောင်မှာ ပြန်လည်သတိလည်လာပြီး သူ့ရှေ့ရှိမြင်ကွင်းကြောင့် မှင်တက်သွားလေသည်။
"အိုး....ဘုရားဘုရား...."
ကျိုးဟောင်မှာယခုလိုကြီးကျယ်သောမြင်ကွင်းမျိုးကိုမမြင်ဖူးခဲ့ပေ။ ဒီနေရာသည် စကြ၀ဠာ၏ပထမဆုံးရှေးဟောင်းနဂါးမျိုးနွယ်တို့နေထိုင်ရာ အသက် သွေးကြော ဖြစ်လေသည်။
ဂျက်စမင်မှာလည်း မျက်လုံးများပြူးနေကာ အံ့ဩလွန်း၍သူမ၏ပါးစပ်ကိုတောင်လက်နှင့်အုပ်ထားရလေသည်။
"ဒါ...ဒါက အစစ်အမှန်ပဲ။ ငါတို့နဂါးသွေးကြောကိုရှာတွေ့ခဲ့ပြီ။ ငါတို့နဂါးမျိုးနွယ်တော့ဘေးကင်းပြီ"
ဂျက်စမင်မှာ စိတ်လှုပ်တရှားပြောလာလေသည်။
သူမတို့၏နဂါးမျိုးနွယ်နှစ်ပေါင်းများစွာကြာအောင်ဒီနဂါးသွေးကြောအား အင်တိုက်အားတိုက်ရှာနေခဲ့ကြလေသည်။ ၎င်းတို့၏နဂါးသွေးမျိုးရိုးမှာတဖြေးဖြေးနည်းပါးလာပြီး ပြဿနာတစ်ရပ်ဖြစ်လာခဲ့လေသည်။ နဂါးသွေးကြောနှင့်နဂါးအနှစ်သာရ၏အထောက်အပံ့သာမရှိပါက နဂါးမျိုးနွယ်မှာခြောက်သွေ့သွားသောရေတွင်းတခုကဲ့သို့ မကြာမီအဆုံးသတ်သွားနိုင်လေသည်။
ယခုနဂါးသွေးကြောအားရှာတွေ့ပြီဖြစ်သောကြောင့် နဂါးမျိုးနွယ်မှာ မကြာမီ ပြန်လည်အားကောင်းလာတော့မည်ဖြစ်လေသည်။
"ဘယ်လိုလဲ ငါရှာနိုင်ပါတယ်လို့မပြောခဲ့ဘူးလား"
ကျိုးဟောင်မှာ မြေပြင်ပေါ်တွင်ထိုင်ပြီး ဂျက်စမင်အားရယ်ပြပြီးပြောလိုက်လေသည်။
"ကျေးဇူး...ကျေးဇူးးအများးကြီးတင်ပါတယ်။ ရှင်ကနဂါးမျိုးနွယ်ရဲ့ကျေးဇူးရှင်ပဲ"
ဂျက်စမင်၏စကားကြောင့် ကျိုးဟောင်မှာရှက်ကိုးရှက်ကန်းဖြစ်သွားလေသည်။
"ကျေးဇူးရှင်ဟုတ်ဟုတ် မဟုတ်ဟုတ်နေပါစေဗျာ။ ကျုပ်က အသက်သစ်သီးရရင်တော်ပါပြီ"
ကျိုးဟောင်မှာသူ့ခေါင်းကိုကုတ်ရင်းပြောလာလေသည်။
"ငါသိပါတယ် စိတ်မပူပါနဲ့"
ဂျက်စမင်ကပြောပြီးနောက် ရုပ်တုကြီးဆီသို့ပျံတက်သွားလေသည်။ ရုပ်တုကြီးဆီမှအလင်းတန်းတစ်ခုထွက်ပေါ်လာပြီး ဂျက်စမင်အားဖုံးအုပ်သွားလေသည်။ ချက်ချင်းပင် ဂျက်စမင်ဆီမှတော်၀င်နဂါးသွေးမျိုးရိုးပေါ်ပေါက်လာလေသည်။ ကျိုးဟောင်နှင့်အခြားသူများမှာမှင်တက်သွားကြလေသည်။
"သွေးမျိုးရိုးဆက်ခံသူလား မဆိုးဘူးမဆိုးဘူး။ ဒါကစစ်မှန်တဲ့နဂါးအင်ပါယာရဲ့သွေးမျိုးဆက်ပဲ။ မဆိုးဘူးကျိုးဟောင် ဒီလိုသူငယ်ချင်းမျိုးရထားတော့ နောက်ဆို မင်းစကြ၀ဠာထဲခရီးထွက်ရင်မျက်နှာပွင့်တာပေါ့"
ဖား၏စိတ်လှုပ်ရှားနေသောအသံမှာထွက်လာခဲ့လေသည်။
....................................................................................
အခန်း (၈၁၁) ပြီးပါပြီ။
အခန်း (၈၁၂) : သံမဏိလက်ရောက်ရှိလာခြင်း
ဂျက်စမင်သည် သူမမျိုးနွယ်၏သွေးမျိုးရိုးကိုအမွေဆက်ခံခွင့်ရလိုက်ပြီး သူမ၏ကျင့်ကြံရေးမှာလည်းပိုပြီးသန်မာလာလေသည်။ အလွန်အားကောင်းသောတော်၀င်သွေးမျိုးရိုးမှာလည်းသူမ၏ဘေးပတ်လည်တွင်လှည့်ပတ်နေလေသည်။
"ဒါကနဂါးမျိုးနွယ်ရဲ့တော်၀င်သွေးမျိုးဆက်ပဲ။ ဒါကရှေးဟောင်းတည်ရှိမှုအမွေအနှစ်လို့တောင်ဆိုနိုင်တယ်"
ဖား၏အသံကကျိုးဟောင်၏နားထဲတွင်ထွက်ပေါ်လာခဲ့လေသည်။
ကျိုးဟောင်လည်းဂျက်စမင်အားတချက်ကြည့်လိုက်လေသည်။ သူမသည် နဂါးမျိုးနွယ်၏ရှေးဟောင်းသွေးမျိုးရိုးဆက်ခံနေလေသည်။ သူမသည် ကောင်းကင်မှရွေးချယ်ထားသူဖြစ်ပြီး သူ့အနေဖြင့်ယှဉ်ပြိုင်ဖို့မဖြစ်နိုင်သည့်အရာမျိုးဖြစ်လေသည်။
"ဘာလဲ မင်းမနာလိုဖြစ်နေတာလား။ နဂါးမျိုးနွယ်က ကောင်းပေမဲ့ သွေးမျိုးရိုးကတော့တဖြေးဖြေးနည်းပါးခြောက်ကပ်နေပြီ။ တကယ်လို့ နဂါးသွေးကြောကိုသာရှာမတွေ့ရင် နဂါးမျိုးနွယ်ကနောက်နှစ်ပေါင်းတစ်ရာလောက်ဆိုအဆုံးသတ်သွားမှာ"
"နှိုင်းယှဉ်ပြီးပြောရရင် မင်းတို့လူသားတွေရဲ့သွေးမျိုးရိုးကနိမ့်ကျပေမဲ့ မရေမတွက်နိုင်တဲ့အလားအလာတွေရှိတယ်။ အဲ့အလားအလာတွေက နဂါးမျိုးနွယ်တွေယှဉ်လို့ရတဲ့ဟာမျိုးတွေမဟုတ်ဘူး။ ပြောရရင်မင်းတို့လူသားတွေအနေနဲ့တော်၀င်သွေးမျိုးရိုးမရှိရင်တောင်မှ ဒီလိုအောင်မြင်မှုမျိုးတွေကိုရယူနိုင်တယ်"
ဖား၏စကားကြောင့် ကျိုးဟောင်လည်းယုံကြည်ချက်ပြန်ရှိသွားလေသည်။ ထိုစကားများကသူ့အားပျော်ရွှင်စေလေသည်။သူ့အနေဖြင့်နဂါးမျိုးနွယ်မှဒီလိုလူမျိုးဖြင့်သူငယ်ချင်းဖြစ်ထားခြင်းကလည်းအကျိုးရှိလေသည်။
"မကြာမီ ဒီနဂါးသွေးကြောထဲက အမွေအနှစ်တွေအားလုံးကသူမ ထိန်းချုပ်နိုင်သွားလိမ့်မယ်။ အဲ့အချိန်ကျသူမက နဂါးဧကရာဇ်အသစ်ဖြစ်လာလိမ့်မယ်"
ဖားကပြောလိုက်လေသည်။
ဖားတွေးထားသကဲ့သို့ပင် နဂါးရုပ်တုကြီးရှေ့တွင်ရှိနေသောဂျက်စမင်မှာ မျက်လုံးများပြန်ပွင့်လာခဲ့ပြီး နဂါးဟိန်းသံတစ်ခုထုတ်လွှတ်လိုက်လေသည်။
"အိုး... တာအိုဘုံအဆင့်ကိုရောက်လုနီးပါးပဲ။ သူမကအရမ်းစွမ်းအားကြီးတာပဲ"
ကျိုးဟောင်မှာ ဖိအားဒဏ်ကိုခံစားလိုက်ရသောကြောင့် အံ့အားသင့်စွာပြောလိုက်မိလေသည်။ကျိယောင်ယွဲ့နှင့် လင်းထျန်တို့မှာလည်း မှင်တက်သွားလေသည်။ အမွေအနှစ်တစ်ခုအားဆက်ခံလိုက်ယုံဖြင့် ဂျက်စမင်အား တာအိုဘုံအဆင့်သို့ခြေတလှမ်းလှမ်းနိုင်သည်အထိဖြစ်သွားစေလိမ့်မည်လို့မမျှော်လင့်ထားခဲ့မိပေ။
ဒီလိုကျင့်ကြံရေးစွမ်းအားမျိုးက ၁၀နှစ်လောက် ရင်းနှီးရင်တောင်မှ ရရန်မဖြစ်နိုင်သည့်အရာမျိုးဖြစ်ပေသည်။ ဂျက်စမင်ကပြုံးပြီးသူမ၏လက်ကိုဝှေ့ယမ်းလိုက်သောအခါ ပတ်၀န်းကျင်တခုလုံးမှစွမ်းအင်များ လှိုင်းဂယက်များထကာ သူမဆီသို့ဆက်နွယ်လာခဲ့လေသည်။
"ကျိုးဟောင်ကျေးဇူးတင်ပါတယ်။ ငါဘိုးဘေးတွေက နဂါးဧကရာဇ်ရဲ့သွေးမျိုးရိုးဆေးရည်တစ်ပုလင်းချန်ထားပေးခဲ့လိမ့်မယ်လို့မထင်ထားမိဘူး။ အခုငါအကုန်စုပ်ယူပြီးသွားပြီ။ အခုငါ နဂါးမျိုးနွယ်ရဲ့အဟန့်အတားတွေအားလုံးကိုချိုးဖျက်နိုင်သွားပြီ"
ဂျက်စမင်ကပျော်ရွှင်စွာပြောလာလေသည်။
ထို့နောက်ဂျက်စမင်မှာတဖြေးဖြေးမြေပေါ်သို့ပြန်ဆင်းလာခဲ့လေသည်။ ဂျက်စမင်မြေပြင်ပေါ်သို့ပြန်ရောက်သောအခါ သူမသည်အရင်လို မိန်းမငယ်လေးတစ်ယောက်မဟုတ်တော့ဘဲ အလွန်ဆွဲဆောင်မှုရှိသည့်အမျိုးသမီးတစ်ယောက်ဖြစ်နေလေသည်။ သူမသည် ရွှေအိုရောင်ဆံပင်၊ အရပ်ရှည်ရှည်ကောက်ကြောင်းလှလှအမျိုးသမီးတစ်ယောက်ဖြစ်သွားလေသည်။
"မင်း...မင်း မိန်းမငယ်လေးမဟုတ်တော့ဘဲ တကယ်ကြီးပြင်းသွားတာပဲ"
ကျိုးဟောင်ကအံ့ဩတကြီးပြောလိုက်လေသည်။ ဂျက်စမင်ရုပ်တုရှေ့တွင်ရှိစဉ်က အလင်းတန်းများဖြာထွက်နေသောကြောင့် ကျိုးဟောင်သေချာမမြင်ရဘဲဖြစ်နေခဲ့ပြီး ယခုလို မြေပြင်ပေါ်သို့ပြန်ရောက်မှသာသဲသဲကွဲကွဲမြင်ရလေသည်။
"ဘာလဲ ရှင်ကကျွန်မကို မကြီးပြင်းစေချင်ဘူးလား"
ဂျက်စမင်ကကျိုးဟောင်အား မျက်စောင်းလေးထိုးပြီးပြောလိုက်လေသည်။
"အာ..."
ကျိုးဟောင်လည်း ဘာပြန်ပြောရမှန်းမသိဖြစ်သွားရလေသည်။
" ဒီတကြိမ်ရှင်ကူညီခဲ့တာကြောင့် ကျွန်မနဂါးဧကရာဇ်ရဲ့သွေးမျိုးရိုးကိုဆက်ခံနိုင်ခဲ့တာပဲ။ ရှင့်ကျေးဇူးကိုမမေ့ပါဘူး။ ဒီနဂါးအနှစ်သာရတွေကိုသိမ်းထားလိုက်ပါ"
ဂျက်စမင်ကပြောရင်း နဂါးအနှစ်သာရအပိုင်းလေး၁၀ခုကိုထုတ်ပေးလေသည်။
" နဂါးအနှစ်သာရတွေကရှင်တို့အတွက်အရမ်းအသုံးမ၀င်ပေမဲ့ နဂါးမျိုးနွယ်တွေကအတွက်တော့ မမျှော်လင့်နိုင်အောင်အကျိုးရှိတာကြောင့် အများကြီးတော့မပေးလိုက်နိုင်ဘူး"
"ဒါပေမဲ့ ရှင့်ကျေးဇူးကိုတော့မမေ့ပါဘူး။ ကျွန်မတို့နဂါးမျိုးနွယ်ကရှင့်အတွက်အမြဲတမ်းအဖော်မွန်ကောင်းတွေအဖြစ်ရှိနေပေးမှာပါ။ နောက်ပြီးကျွန်မက နဂါးမျိုးနွယ်ကအဖွဲ့၀င်တွေကိုဒီနဂါးသွေးကြောထဲမှာ ကျင့်ကြံပေးရမှာဖြစ်တဲ့အတွက် နှစ်ပေါင်းတစ်ရာလောက်အထိ ကျွန်မကိုဆက်သွယ်ဖို့ခက်ခဲနိုင်တယ်။ ဒါပေမဲ့စိတ်မပူပါနဲ့ နှစ်ပေါင်းတစ်ရာပြည့်တာနဲ့ ကျွန်မ ရှင့်ကိုလာရှာပါ့မယ်"
ဂျက်စမင်ကကျိုးဟောင်ကိုကြည့်ပြီးတည်ကြည်စွာပြောလာလေသည်။
"ကောင်းပါပြီ ဂုဏ်ပြုပါတယ်ဗျာ"
ကျိုးဟောင်လည်း ပြုံးပြီးပြန်ပြောလိုက်လေသည်။
နဂါးမျိုးနွယ်မှာချောက်ကမ်းပါး၀သို့ရောက်ရှိနေခဲ့ရ သော်လည်းယခုဂျက်စမင်မှာ နဂါးဧကရာဇ်၏သွေးမျိုးရိုးကိုအမွေဆက်ခံလိုက်သောကြောင့် နဂါးတို့၏ရွှေရောင်နေ့ရက်များကိုပြန်လည်ဖော်ဆောင်ခွင့်ရသွားလေသည်။
ထို့နောက်ဂျက်စမင်မှာ အာကာသနယ်မြေအားပြန်ဖွင့်ပြီး ကျိုးဟောင်နှင့်အခြားသူများအားပြန်ထုတ်ပေးလေသည်။
ကျိုးဟောင်တို့လည်းနောက်ဘာဆက်ဖြစ်မနေလဲတွေးမနေတော့ဘဲ လုံနတ်ဘုရားယာဉ်ပျံပေါ်သို့တက်ကာထွက်ခွာလာခဲ့လေသည်။ ဒါ့အပြင်ကျိုးဟောင်တို့မှာအသက်သစ်သီးဟုခေါ်သည့် နဂါးအနှစ်သာရများကိုလည်းရရှိခဲ့လေသည်။
သို့သော် သူတို့မသိလိုက်သည်မှာက ကြီးမားသောစစ်တပ်ကြီးတခုမှာ မစ်ကီဝေးကြယ်စုဆီသို့ချဉ်းကပ်လာခဲ့လေသည်။ ထိုတပ်ဖွဲ့တွင်သံမဏိသွေးမဟာမိတ်အဖွဲ့၏ စွမ်းအားအကြီးဆုံးခေါင်းဆောင် တာအိုဘုံအဆင့်ရှိသည့် သံမဏိလက်ဆိုသူပါ၀င်လာခဲ့လေသည်။
"ဒီနေရာဆိုတာမှားစရာမရှိပါဘူး ဒါပေမဲ့ ဘာလို့ဘာမှမရှိရတာလဲ။ ပုန်းနေတာလား ဟားဟားဟား... မဆိုးဘူးအစွမ်းထက်သားပဲ ဒါပေမဲ့ ဒီလိုအဆင့်နိမ့်နည်းပညာလေးလောက်နဲ့ ငါ့လက်ကပုန်းချင်တာလား မဖြစ်နိုင်ဘူးကွ"
သံမဏိလက်ဆိုသူမှာ ရယ်မောရင်း အေးစက်စွာပြောလာလေသည်။ထို့နောက် စစ်ယာဉ်ပျံကိုထိန်းချုပ်ကာ စတင်စကန်ဖတ်နေလေသည်။
ယာဉ်ပျံကြီးဆီမှအစိမ်းရောင်အလင်းတန်းတခုပေါ်ထွက်လာခဲ့ပြီး အာကာသဟင်းလင်းပြင်ကြီးအားစတင်စကန်ဖတ်နေလေသည်။ စူးစမ်းပြီးနောက်မကြာမီပင် မစ်ကီဝေးကြယ်တာအစုအဝေးဆီသို့သွားသည့်လမ်းကြောင်းပေါ်ထွက်လာခဲ့လေသည်။
"စစ်သေနာပတိကြီး ဒါကမစ်ကီဝေးကြယ်စုပါ။ စစ်သေနာပတိကြီးပြောသလို တည်နေရာအချက်ပြတွေကိုဖျောက်ထားတာပါ။ ဒါပေမဲ့ ကျွန်တော်တို့ ချိုးဖျက်လိုက်နိုင်ပါပြီ"
လက်ထောက်ခေါင်းဆောင်ကရယ်ပြီးပြောလာလေသည်။
"ဒီလိုတည်နေရာအချက်ပြတွေဖုံးကွယ်နိုင်တယ်ဆိုတော့ ဒီဂလက်စီကထင်ထားသလိုခေတ်နောက်ကျမနေဘူးပဲ ဒါပေမဲ့လုံလောက်မှုတော့မရှိဘူး"
သံမဏိလက်ကခေါင်းခါရင်းယာဉ်ပျံအား မစ်ကီဝေးဂလက်စီဆီသို့ဦးတည်လိုက်လေသည်။
မစ်ကီဝေးဂလက်ဆီ ထဲသို့ရောက်ရှိလာသောအခါ သံမဏိလက်မှာဘေးပတ်၀န်းကျင်အားတချက်ကြည့်ပြီးပြောလာလေသည်။
" ဒီဂလက်စီကတကယ်တော့အမှိုက်သာသာပဲ။ ဒါပေမဲ့ကိုင်တွယ်ရလွယ်ကူတယ် ဘာလို့ငါလွှတ်လိုက်တဲ့လူအနည်းငယ်ကိုဆက်သွယ်လို့မရတာလဲ။ ထားလိုက်တော့ ငါဂရုစိုက်မနေတော့ဘူး။ အရင်ဆုံးဒီဂလက်စီကိုပြန်လည်ဖွဲ့စည်းတာပေါ့"
သံမဏိလက်ကပြုံးရင်းပြောလိုက်လေသည်။
ထို့နောက် စစ်ယာဉ်ပျံကြီးအား ကမ္ဘာဂြိုလ်ဆီသို့ဦးတည်ထွက်ခွာလာခဲ့လေသည်။ မကြာမီယာဉ်ပျံကြီးမှာကမ္ဘာမြေပေါ်သို့ရောက်ရှိလာကာ ကောင်းကင်တခုလုံးအားဖုံးလွှမ်းသွားလေသည်။
မဟာမိတ်ငါးနိုင်ငံမှာလည်း ကြောက်မက်ဖွယ်ကြီးမားသောစစ်ယာဉ်ပျံကြီးကိုကြည့်ပြီး ထိတ်လန့်သွားကြလေသည်။ သူတို့မှာဒီလောက်ကြီးမားသောယာဉ်ပျံကြီးကိုမမြင်ဖူးသောကြောင့်တုန်လှုပ်သွားပြီး ချက်ချင်းတိုက်ပွဲအတွက်ပြင်ဆင်ကြလေသည်။
သိုင်းပညာရှင်အမြောက်အမြားလေထဲသို့ပျံဝဲထွက်လာကြပြီး စစ်ယာဉ်ပျံကြီးအားသတိကြီးစွာစောင့်ကြည့်နေကြလေသည်။
"ဒီကနေထိုင်သူတွေကိုစစ်ဆေးကြည့်စမ်း ဘာတန်ဖိုးများရှိသလဲသိရအောင်"
သံမဿိလက်ကအမိန့်ပေးလိုက်လေသည်။ သို့သော်သူသိပ်ဂရုမစိုက်ပေ။ ဒီဂြိုလ်ပေါ်တွင်သိုင်းပညာရှင်အကျော်အမော်မရှိကြောင်းကိုသူထောက်လှမ်းထားခဲ့ပြီးလေသည်။
"အသက်စွမ်းအင် အဆင့်၅ အဆင့်နိမ့်။ဉာဏ်ရည် အဆင့်နိမ့်။ သွေးမျိုးရိုး အဆင့်နိမ့် ။ အသုံး၀င်တာဘာမှမရှိပါဘူး သခင်ကြီး"
လက်ထောက်ခေါင်းဆောင်ကပြောကြားလာလေသည်။
"ဒီမှာ အသုံး၀င်တာဘာမှမရှိဘူးပဲ။ ဒီကလူတွေကိုကျွန်အဖြစ်ရောင်းစားရအောင်ကလည်း အရမ်းအားနည်းကြတယ်။ ဒါပေမဲ့ မိန်းမတွေကိုတော့ရောင်းစားလို့ရတယ်။ တချို့ဖောက်သည်တွေက ထူးခြားတဲ့အမမျိုးစိတ်တွေဆိုစိတ်၀င်စားတတ်ကြတယ် ဟားဟား"
သံမဏိလက်ကရယ်မောရင်းပြောလိုက်လေသည်။
"အဖွဲ့တစ်ဖွဲ့ကိုလွှတ်ပြီး ဒီကသက်ကြီးရွယ်အိုတွေ၊ ကလေးတွေနဲ့ အမျိုးသားတွေကိုအကုန်သတ်ခိုင်းလိုက် မိန်းမတွေပဲချန်ထားခဲ့"
သံမဏိလက်ကအမိန့်ပေးလိုက်လေသည်။
ထိုစကားကိုကြားသောအခါ လက်ထောက်ခေါင်းဆောင်မှာ အဖွဲ့တစ်ဖွဲ့ကိုဦးဆောင်ပြီးယာဉ်ပျံထဲမှထွက်ခွာရန်ပြင်ဆင်လေသည်။
ဓားစိမ်းရောင်ဘုရင်မှာ ယာဉ်ပျံထဲမှထွက်လာသောဂြိုလ်သားများအားတည်ကြည်စွာစိုက်ကြည့်နေခဲ့လေသည်။
....................................................................................
အခန်း (၈၁၂) ပြီးပါပြီ။
အခန်း (၈၁၃) : အချိန်လုရခြင်း
ဓားစိမ်းရောင်ဘုရင်မှာ ဒီတခေါက်လာသောဂြိုလ်သားများမှာ သံမဏိသွေးမဟာမိတ်အဖွဲ့မှဖြစ်ကြောင်းသိနေလေသည်။ ထိုဂြိုလ်သားများမှာ ကမ္ဘာဂြိုလ်အားလုံး၀ကိုအပိုင်သိမ်းချင်နေကြလေသည်။
"ကမ္ဘာသားတို့ မင်းတို့ကိုရွေးချယ်စရာ၂ခုပေးမယ်။ ကိုယ့်ကိုယ်ကိုသတ်သေမလား ငါကို့သတ်တာခံမလား။ အဲ့၂ခုကို မင်းတို့ကိုယ်တိုင်ရွေးချယ်ကြ"
လက်ထောက်ခေါင်းဆောင်မှာ ၈ဆင့်မြောက်သူတော်ဘုံအဆင့်ပညာရှင်တစ်ယောက်ဖြစ်လေသည်။ သူ၏အားကောင်းသောကျင့်ကြံဆင့်မှာ တော်ယုံလူလွယ်လွယ်နှင့်ယှဉ်နိုင်သည့်အရာမဟုတ်ပေ။
ထိုလူ၏စကားကြောင့် ဓားစိမ်းရောင်ဘုရင်နှင့်အခြားသူများ၏မျက်နှာလုံး၀မည်းမှောင်သွားလေသည်။သူတို့၏စိတ်ထဲတွင်လုံး၀ရွံရှာမုန်းတီးစိတ်များပြည့်နှက်နေလေသည်။
"ဂြိုလ်သားကောင်တွေ ဒါကငါတို့အိမ်ပဲ မင်းတို့ထွက်သွားကြစမ်း။ မဟုတ်ရင်ငါတို့ဆက်ပြီးယဉ်ကျေးနေမှာမဟုတ်ဘူး"
ဓားစိမ်းရောင်ဘုရင်မှာ အဆုံးထိအသေခံပြီးခုခံသွားဖို့ဆုံးဖြတ်ထားလေသည်။ သူတို့အတွက်တခြားရွေးချယ်စရာလမ်းမရှိတော့ပေ။
"ဟာသပဲ မင်းတို့ကခုခံချင်သေးတာလား။ မင်းတို့မှာ သူတော်စင်ဘုံအဆင့်သိုင်းပညာရှင်တစ်ယောက်တောင်မရှိဘဲနဲ့ငါတို့ကိုအာခံချင်တာလား"
ဂြိုလ်သားလက်ထောက်ခေါင်းဆောင်မှာလှောင်ပြောင်ပြီးပြောလိုက်လေသည်။
"ထားလိုက်တော့ မင်းတို့လိုကောင်တွေနဲ့ပေါက်ကရတွေပြောနေဖို့အချိန်မရှိဘူး။ သူတို့အားလုံးကိုသတ်ကြစမ်း"
လက်ထောက်ခေါင်းဆောင်မှာပြောပြီးနောက် သူ၏လက်ကိုဝှေ့ယမ်းပြလိုက်လေသည်။ ထို့နောက် သူတော်စင်ဘုံအဆင့်သိုင်းပညာရှင်၁၀ယောက်မှာ ယာဉ်ပျံထဲမှပျံသန်းထွက်ခွာသွားလေသည်။
ထိုသူတော်စင်ဘုံအဆင့်ဂြိုလ်သားသိုင်းပညာရှင် ၁၀ယောက်၏ကျင့်ကြံရေးစွမ်းအားများက ကမ္ဘာတခုလုံးကိုလွှမ်းခြုံလုနီးပါးဖြစ်သွားလေသည်။ ဓားစိမ်းရောင်ဘုရင်နှင့် အခြားသူများမှာလည်း အမူအရာများလုံး၀ပျက်ယွင်းသွားကြရလေသည်။
ထိုအချိန်တွင် ကျိုးဟောင်ကတော့ ဂျော့ခ်ျထံစာတစ်စောင်ပို့နေလေသည်။ ဂျော့ခ်ျလည်းကျိုးဟောင်ဆီမှစာကိုရသည်နှင့်တပြိုင်နက် တည်နေရာညွှန်းကိန်းများကိုပြန်ပို့ပေးပြီးကျိုးဟောင်တို့အား နက်သာ ဂလက်စီဆီသို့ သွားရန်လမ်းကြောင်းကိုဖွင့်ပေးလိုက်လေသည်။
ဒါ့အပြင် ကျိုးဟောင်မှာ ရှုလင်ဆီသို့လှမ်းဆက်သွယ်ကြည့်လိုက်လေသည်။
"ဘာဖြစ်လို့လဲ ရှုလင်"
ရှုလင်၏မျက်နှာလေးမှာ ကြောက်ရွံ့နေပုံပေါ်သောကြောင့် ကျိုးဟောင်မှာစိုးရိမ်သွားပြီးချက်ချင်းပင်မေးလိုက်လေသည်။
"ရှုလင် ကမ္ဘာပေါ်မှာ ဘာတွေဖြစ်နေလို့လဲ"
ကျိုးဟောင်မှာ ခံစားချက်သိပ်မကောင်းတော့ကြောင့်စိုးရိမ်နေလေသည်။
"ဂြိုလ်သားတွေ ဒီ....ဒီကိုရောက်နေကြပြီ။ သူတို့ကကမ္ဘာဂြိုလ်သားတွေကိုသတ်ဖြတ်ဖို့တာဆူနေကြပြီ။ ကျွန်မရှင့်ကို တိုက်ရိုက်ထုတ်လွှင့်မှုပြမယ်"
ရှုလင်ကပြောပြီးနောက် ဂြိုလ်တုနှင့်ချိတ်ဆက်လိုက်ပြီး ကျိုးဟောင်ဆီသို့ တိုက်ရိုက်ထုတ်လွှင့်မှုတခုပို့လိုက်လေသည်။ကျိုးဟောင်မှာ ထိုအခြင်းအရာကိုကြည့်ပြီး အမူအရာပျက်ယွင်းသွားလေသည်။
"ချီးပဲ"
ဂြိုလ်သားများ ဒီလောက်မြန်မြန်ရောက်လာလိမ့်မည်လို့ကျိုးဟောင်မထင်ထားခဲ့ပေ။
ကျိုးဟောင်မှာ ဂျော့ခ်ျအားအမြန်ဆက်သွယ်ပြီး အသက်သစ်သီးအကြောင်းပြောပြလိုက်ကာ ကမ္ဘာဂြိုလ်၏အခြေအနေကိုလည်းပြောပြလိုက်လေသည်။
ဂျော့ခ်ျလည်း ကိစ္စများမှာ အရေးပေါ်ဖြစ်နေကြောင်ူသဘောပေါက်လိုက်ပြီး ဂြိုလ်အရှင်သခင်ကြီးအား အလျင်အမြန်ဆက်သွယ်လိုက်လေသည်။
"ကျိုးဟောင် ငါအရှင်သခင်ကြီးကို ဆက်သွယ်ပြီးပြောပြီးပြီ သူကမင်းတို့ဂြိုလ်ကိုချက်ချင်းကူညီပေးမယ်တဲ့ ဒါပေမဲ့ တကယ်လို့ အသက်သစ်သီးကအတုဆိုရင်တော့ သူလက်ရှောင်ပြီးနေလိုက်မှာတဲ့"
ဂျော့ခ်ျကကျိုးဟောင်အားပြောပြလိုက်လေသည်။
"စိတ်မပူပါနဲ့ အသက်သစ်သီးကအစစ်အမှန်ပါ"
ကျိုးဟောင်ကချက်ချင်းပြန်ပြောလိုက်လေသည်။
"ကောင်းပြီ"
ဂျော့ခ်ျလည်းပြောပြီးဖုန်းချသွားလေသည်။
ဂျော့ခ်ျစကားစပြတ်သွားပြီးနောက် သံမဏိသွေးမဟာမိတ်အဖွဲ့၏ခေါင်းဆောင်ဖြစ်သူ သံမဏိလက်ဆီ စာတစ်စောင်၀င်လာခဲ့လေသည်။
"အမ် ကြေးစားစစ်တပ်တွေရဲ့ခေါင်းဆောင်ဖြစ်တဲ့ နက်သာဂြိုလ်ကသခင်ကြီးက ငါ့ကိုရှာနေတာလား ဘာများပါလိမ့်"
သံမဏိလက်မှာ မျက်မှောင်ကြုတ်ကာတွေးလိုက်ပြီးနောက် ချက်ချင်းပြန်ဆက်သွယ်လိုက်လေသည်။
"လေးစားရပါသော အရှင်သခင်ကြီး.....သခင်ကြီး ကကျွန်တော်နဲ့ ဘာအလုပ်ကိစ္စများဆွေးနွေးချင်လို့ပါလဲ"
သံမဏိလက်ကရိုသေစွာပြန်ပြောလိုက်လေသည်။
"သံမဏိလက် မင်းက အခုမစ်ကီဝေးဂလက်စီမှာမှတ်လား ခဏလောက်တိုက်ခိုက်တာတွေရပ်လိုက်ပါ"
ကြီးမားသောပုံရိပ်ကြီးကတခုက အသံနက်ကြီးဖြင့်အေးစက်စွာပြန်ပြောလာလေသည်။
"ဘာကြောင့်ပါလဲ သခင်ကြီး။ အရှင်သခင်ကြီးက နက်သာဂလက်စီရဲ့ကြေးစားတပ်ဖွဲ့ရဲ့ခေါင်းဆောင်ကြီးဆိုပေမဲ့ ကျုပ်နဲ့သခင်ကြီးကြားမှာ ဘာအနှောင်အဖွဲ့မှ မရှိဘူး။ ဒါကြောင့်ကျုပ်ကိုသခင်ကြီး လာထိန်းချုပ်လို့မရဘူး"
သံမဏိလက်က မကျေမနပ်ဖြင့်ပြန်ပြောလိုက်လေသည်။
"ငါသိပါတယ် ဒါပေမဲ့ မင်းကငါနဲ့ထိပ်တိုက်တွေ့ချင်လို့လား"
နက်သာဂြိုလ်၏အရှင်သခင်ကြီးက တည့်တိုးပင်မေးလိုက်လေသည်။ သူ၏အသံမှာလေးနက်ပြီး ချိန်းခြောက်နိုင်စွမ်းအပြည့်ရှိလေသည်။
"ခင်ဗျား..."
သံမဏ်လက်၏အမူအရာမှာ လုံး၀မည်းမှောင်သွားခဲ့လေသည်။ သူ့အနေဖြင့်ဒီလိုအရှင်သခင်ကြီးမျိုးကိုမတိုက်ခိုက်ရဲပေ။ အရှင်သခင်ကြီးမှာ တာအိုဘုံအဆင့်၏အထွတ်အထိပ်တွင်ရှိနေပြီး သူ့နောက်ခံအင်အားကလည်း ရင်ဆိုင်ဖို့လွယ်ကူသည့်အရာမျိုးမဟုတ်ပေ။
"ဘာကြောင့်လဲ ကျုပ်ကိုအကြောင်းပြချက်ပေးပါ"
သံမဏိလက်မှာ သက်ပြင်းချပြီးနောက် ပြန်မေးလိုက်လေသည်။
"ရှင်းပါတယ်။ ဒီဂလက်စီရဲ့သခင်ကြီးကအခု ငါ့အတွက်အလုပ်လုပ်ပေးနေတယ်။ သူ့အလုပ်ကိစ္စပြီးမြောက်ခဲ့တယ်ဆိုရင်တော့ မင်းဒီမစ်ကီဝေးဂလက်စီကနေပြန်ဆုတ်ခွာပေးရမယ်။ တကယ်လို့ မင်းမဆုတ်ခွာဘူးဆိုရင်တော့ ငါတို့နက်သာဂလက်စီကမင်းကိုညှာတာနေမှာမဟုတ်ဘူး။ ဒါပေမဲ့ သူ့အလုပ်မအောင်မြင်ခဲ့ရင်တော့ မင်းအဲ့ဂလက်စီကိုကြိုက်သလိုလုပ်လို့ရတယ်"
အရှင်သခင်ကြီးက အေးဆေးစွာပြောလာလေသည်။
ထိုစကားကိုကြားသောအခါ သံမဏိလက်မှာ မျက်လုံးကိုခဏမှေးကာစဉ်းစားလိုက်ပြီး ခေါင်းညိတ်လိုက်လေသည်။
"ကောင်းပါပြီ သခင်ကြီး ကျုပ်ဒီတကြိမ်တော့ ခင်ဗျားကိုမျက်နှာသာပေးလိုက်ပါ့မယ် ဒါပေမဲ့ ဒီတကြိမ်ပဲနော်"
သံမဏိလက်မှာ ပြန်ပြောပြီးနောက် သူ့လက်ထောက်ခေါင်းဆောင်နှင့်အဖွဲ့အားပြန်ဆုတ်ခိုင်းလိုက်လေသည်။
"သခင်ကြီး ဘာကိစ္စများရှိလို့လဲ"
လက်ထောက်ခေါင်းဆောင်မှာ စစ်ဆင်ရေးရပ်သွားသောကြောင့် နားမလည်နိုင်ဖြစ်နေလေသည်။
"နက်သာဂြိုလ်ကခေါင်းဆောင်ကြီးက ငါ့ကို ခဏလောက်စောင့်ဖို့အမိန့်လှမ်းပေးတယ်"
သံမဏိလက်၏အမူအရာမှာ မနှစ်မြို့သော်လည်းဒေါသတော့ထွက်မနေပေ။ အဘယ့်ကြောင့်ဆိုသော်ဒီမစ်ကီဝေးဂလက်စီမှာ အရမ်းခေတ်နောက်ကျပြီး ရောင်းစားပါကလည်း ဈေးကောင်းမရသောကြောင့်ဖြစ်လေသည်။
သို့သော်လည်း ငရဲဂလက်စီ၏ဆက်ဆံပုံကတော့သူ့အားဒေါသထွက်စေလေသည်။
"ဒီငရဲဂလက်စီကတော့ကွာ... တတိယအဆင့်လောက်ပဲရှိတဲ့ ဂလက်စီလေးကကျွန်တော်တို့ကိုထိန်းချုပ်ရဲတယ်လား သခင်ကြီးရဲ့နောက်ခံနဲ့ဆို...."
လက်ထောက်ခေါင်းဆောင်မှာသံမဏိလက်၏ နောက်ခံအင်အား၏ပတ်သက်ပြီး တခုခုပြောတော့မည့်အချိန်တွင် သံမဏိလက်ကပိတ်ပင်လိုက်လေသည်။
"ပါးစပ်ပိတ်ထားစမ်း ငါ့ရဲ့အထောက်အထားကထူးခြားတယ်ဆိုပေမဲ့ ဒီလိုနက်သာဂလက်စီတစ်ခုလုံးနဲ့တော့ စစ်ပွဲစတင်လို့မဖြစ်ဘူး။ ငါကမိသားစုရဲ့ အနှစ်သက်ဆုံးသားတစ်ယောက်လည်းမဟုတ်တာမင်းသိတာပဲ။ တကယ်လို့စစ်ပွဲသာဖြစ်ရင်မိသားစုကငါ့ကိုခွင့်လွှတ်မှာမဟုတ်ဘူး။ ပြီးတော့ငါ့ကိုသတ်ချင်နေတဲ့လူတွေလည်း အများကြီးရှိသေးတယ်"
သံမဏိလက်က မနှစ်မြို့သောအမူအရာဖြင့်ပြောလာလေသည်။
ထိုအချိန်တွင် ကျိုးဟောင်မှာ ဂျော့ခ်ျရှိရာဆီသို့ချက်ချင်းသွားခဲ့လေသည်။ ဂျော့ခ်ျလည်းကျိုးဟောင်အား အရှင်သခင်ကြီးထံခေါ်သွားပေးလေသည်။
"ကျိုးဟောင် အသက်သစ်သီးကိုတကယ်ရခဲ့တယ်မှတ်လား"
သွားသည့်လမ်းတွင်ဂျော့ခ်ျကစိုးရိမ်စွာဖြင့်မေးလာလေသည်။
"ဒါပေါ့"
ကျိုးဟောင်ကခေါင်းညိတ်ပြီးပြန်ဖြေလိုက်လေသည်။
"ဟားဟား တော်တယ် ကောင်လေး"
ဂျော့ခ်ျကရယ်မောလိုက်လေသည်။
မကြာမီပင် သူတို့အဖွဲ့မှာ ကြေးစားစစ်တပ်၏စခန်းဆီသို့ရောက်ရှိသွားခဲ့လေသည်။
"ဒါ ဒါက နက်သာဂြိုလ်ရဲ့ စစ်အခြေစိုက်စခန်းပဲ။ အရမ်းခမ်းနားလွန်းတယ်"
ကျိုးဟောင်မှာ ကြည့်ပြီးစိတ်ထဲမှရေရွတ်လိုက်မိလေသည်။
"ဒီငရဲကြယ်ဂလက်စီရဲ့ စစ်တပ်ကအဖွဲ့အစည်းအကြီးကြီးမဟုတ်ပေမဲ့ သူတို့ကအတော်တော့အင်အားကြီးသားပဲ။ ဒီကြေးစားစစ်တပ်ကို၀င်နိုင်ဖို့အနိမ့်ဆုံးအဆင့်က သူတော်ဘုံအဆင့်ပဲ။ ၅ဆင့်မြောက်သူတော်စင်ဘုံအဆင့်ပညာရှင်ဖြစ်မှ ကြေးစားစစ်တပ်ရဲ့တရား၀င်အဖွဲ့၀င်ဖြစ်ခွင့်ရှိတာပဲ။ ပြီးတော့ ဒီကကြေးစားစစ်သားတွေဆိုတာကလည်း တိုက်ပွဲပေါင်းရာနဲ့ချီပြီးတိုက်ဖူးတဲ့အတွေ့အကြုံတွေရှိကြတယ်။ ဒါ့အပြင် သူတို့က ကြေးစားစစ်သားတွေကိုလည်း လေ့ကျင့်မွေးမြူပေးတယ်။ ဒါက သူတို့ရဲ့အဓိက၀င်ငွေအရင်းအမြစ်တစ်ခုပဲ"
"မင်းကိုအလုပ်အပ်တဲ့သူတို့ရဲ့ခေါင်းဆောင် အထွတ်အထိပ်တာအိုဘုံအဆင့်ပဲ။ သူကဂြိုလ်အုပ်စိုးရှင်အဆင့်ကိုခြေလှမ်းတစ်၀က်ရောက်နေတဲ့သူပဲ။ သူ့မိန်းမကြောင့်သာမဟုတ်ရင် ဂြိုလ်အုပ်စိုးရှင်အဆင့်ကို ချိုးဖောက်ပြီးလောက်ပြီ"
ဂျော့ခ်ျမှာဒီနေရာနှင့်အရမ်းရင်းနှီးသောကြောင့် ကျိုးဟောင်အားရှင်းပြနေလေသည်။
"ကဲငါတို့ရောက်ပြီ။ ငါတော့အထဲကိုမလိုက်တော့ဘူး"
ဂျော့ခ်ျကပြောပြီးနောက် အပြင်ဘက်တွင်သာစောင့်ဆိုင်းနေခဲ့လေသည်။
ကျိုးဟောက်လည်းဂျော့ခ်ျအားနှုတ်ဆက်ပြီး ခန်းမထဲသို့၀င်သွားလေသည်။ သူခန်းမထဲသို့ခြေချလိုက်သည်နှင့် အာကာသစွမ်းအင်အတက်အကျများကိုခံစားလိုက်ရပြီး တခြားကမ္ဘာတခုထဲသို့ရောက်သွားလေသည်။
သူသည်အလွန်လှပသောပတ်၀န်းကျင်ရှုခင်းများကိုမြင်လိုက်ရလေသည်။ စမ်းချောင်းများ၊သစ်ပင်ပန်းမာန်များဖြင့်စိမ်းစိုလှပနေလေသည်။ ထို့နောက် သံမဏိမျှော်စင်ကဲ့သို့ သန်မာထွားကြိုင်းသည့်အမျိုးသားတစ်ယောက်ရပ်နေသည်ကိုမြင်လိုက်ရပြီး သူ့နောက်ရှိ ကုတင်ပေါ်တွင်တော့ နတ်သူငယ်အမျိုးသမီးတစ်ယောက်လှဲလျောင်းနေလေသည်။
....................................................................................
အခန်း (၈၁၃) ပြီးပါပြီ။