← Chapters

အသက် ၁၇ နှစ် အရွယ်သို့ ပြန်လည်ရောက်ရှိခြင်း - ၂

Vol. 1 Ch. 2

အသက် ၁၇ နှစ် အရွယ်သို့ ပြန်လည်ရောက်ရှိခြင်း - ၂

Vol. 1 Ch. 2

နီချွေ့ဟွာသည် ကုတင်ပေါ်မှ လေးဘက်ထောက်လျှက် အဖွားကြီးမူရှေ့သို့ ဆင်းလာပြီးလျှင် ဒူးထောက်ကာ ငိုယိုလျှက် ပြောလိုက်လေသည်။

“အမေ ကျွန်မ အမေ့ကို အနူးအညွတ် တောင်းပန်ပါတယ် သမီးလေးကို မစွန့်ပစ်လိုက်ပါနဲ့ ကျွန်မ အနူးအညွတ် တောင်းပန်ပါတယ် အကယ်၍ အမေသာ ကလေးကို မစွန့်ပစ်ခဲ့ရင် ကျွန်မ မူမိသားစုအတွက် နွားလို မြင်းလို မငြီးမငြူးပဲ အလုပ်လုပ်ပေးပါ့မယ်”

နီချွေ့ဟွာသည် ရိုးသားပြီး စာပေပညာ မတတ်မြောက်တဲ့ သာမာန် ကျေးတောသူ အမျိုးသမီးတဦးသာ ဖြစ်ပါသည် ။ သူမ သိသမျှ အားလုံးသည် ယောက္ခမဖြစ်သူကို ရိုသေပြီး ခင်ပွန်းကို အလုပ်ကျွေးပြုကာ ခင်ပွန်းဖြစ်သူ၏ မိသားစုအတွက် သားယောကျာ်းလေး မွေးပေးရန်သာ ဖြစ်လေသည်။

ယခုအခါ မွေးကင်းစ သမီးငယ်လေးကို ယောက္ခမဖြစ်သူက စွန့်ပစ်တော့မည် ဖြစ်သောကြောင့် သူမသည် ယောက္ခမဖြစ်သူကို နှိမ့်ချရိုကျိုး တောင်းပန် အသနားခံရုံမှ တစ်ပါး သူမတွင် ရွေးချယ်စရာ မရှိပေ။ သူမသည် ယောက္ခမဖြစ်သူ နှင့် ခင်ပွန်းဖြစ်သူတို့မှ ရိုက်နှက် ဆဲဆိုကြိမ်းမောင်းသော အခါတွင်လည်း ပြန်လည် မချေပဝံ့ပေ။ ထိုသို့သော စကားကို ကြားသောအခါ အဖွားကြီးမူ၏ မျက်နှာသည် ဒေါသကြောင့် ရှုံ့မဲ့သွားကာ

“နင်က နဂိုထဲကလည်း မူမိသားစုအတွက် နွားလို မြင်းလို အလုပ်လုပ်ပေး ရမှာပဲလေ သားမမွေးနိုင်တဲ့ အဆင့်မရှိတဲ့ ကောင်မကများ နင်ဘာလို့ မသေသွားရတာလဲ နင်က ဂြိုလ်ဆိုးမ နင်က ငါတို့ မူမိသားစု အတွက် ဂြိုလ်ဆိုးမပဲ ငါတို့ မူမိသားစုမှာ မြေးယောကျာ်းလေး မရတာ နင်က ငါတို့ မူမိသားစု အတွက် နမိတ်ဆိုး ဖြစ်နေလို့ပဲ ”

“အမေ ကျွန်မ အနူးအညွတ် တောင်းပန်ပါတယ် ကျေးဇူးပြုပြီး ကလေးကို မစွန့်ပစ်လိုက်ပါနဲ့ တောင်းပန်ပါတယ် ကျေးဇူးပြုပြီး ”

နီချွေ့ဟွာသည် ပြင်းပြင်းထန်ထန် ငိုကျွေးလျှက် ယောက္ခမဖြစ်သူအား တောင်းပန်လိုက်လေသည်။

“အောက်တန်းစားမ မိန်းမယုတ်မ ထွက်သွားစမ်း”

အဖွားကြီးမူသည် နီချွေ့ဟွာအား အချိန်မရွေး သတ်တော့မည့် အတိုင်း စိန်းစိန်းဝါးဝါး စိုက်ကြည့်လျှက် ကြိမ်းမောင်းလိုက်လေသည်။ သူမ၏ ယောကျာ်း ဖြစ်သူ မူကျင်းပေါင်နှင့် အဖွားကြီးမူတို့မှာ တစ်ဖက်တည်း ဖြစ်လေသည်။ သူသည် သူမ၏ မွေးကင်းစ သမီးငယ်လေး ဖြစ်သူကို လုံးဝ ဂရုမစိုက်ပေ။ သားတစ်ယောက် ရရန်သာ အိပ်မက် မက်နေလေသည်။ မူကျင်းပေါင်သည် နီချွေ့ဟွာ၏ ဆံပင်ကို ကြမ်းတမ်းစွာ ဆောင့်ဆွဲလျှက် ရက်စက်စွာ ပြောလိုက်လေသည်။

“မိန်းမယုတ်မ သားမမွေးပေးနိုင်ပဲနဲ့ ငါတို့ကို ပြန်ခံပြောရဲသေးတယ် ဟမ် ငါ နင့်ကို ဒီနေ့ သတ်ပစ်မှာကို စောင့်နေလိုက်”

နီချွေ့ဟွာသည် မျက်ရည်များ ခမ်းခြောက်သွားမတတ် ငိုကျွေးလိုက်လေသည်။ သူမ၏ ဘဝသည် သည်းမခံနိုင်လောက်အောင် ခက်ခဲလွန်းလှသည် ။

ဘာကြောင့်များ ဘုရားသခင်က သူမအား သားတစ်ယောက် မပေးသနားရတာလဲ .....

ဘာကြောင့်လဲ.......

နီယန်သည် သူမ၏ ရှေ့မှ အဖြစ်အပျက်များကို ကြည့်ပြီးနောက် သူမ၏ စိတ်ကို တည်ငြိမ်အောင် အတင်း ကြိုးစားလိုက်လေသည်။ ထို့နောက်တွင် သူမသည် တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားဟန်ဖြင့် သူမ၏ မူမိသားစုရှေ့တွင် ဒူးထောက်လျှက် ပြောလိုက်လေသည်။

“အဖေ အဖွား သမီး ညီမလေးက မူမိသားစုအတွက် ကံကောင်းစေတဲ့ ကြယ်လေးပါ ဒီလို ကံကောင်းစေတဲ့ ကြယ်လေးကို ဘယ်လိုလုပ်ပြီး စွန့်ပစ်လိုက်နိုင်မလဲ”

မူကျင်းပေါင်သည် ရွံရှာစက်ဆုပ်ဖွယ် တစ်စုံတစ်ခုမြင်လိုက်သကဲ့သို့ တံတွေးထွေးလျှက်

“ကံကောင်းစေတဲ့ကြယ် ဟုတ်လား ငါထင်တာတော့ ဒုက္ခပေးမဲ့ ကြယ်လို့ပဲ ထင်တယ်”

နီယန်ဟာ လေးလေးနက်နက် ပြောကြားလိုက်လေသည်။

“အဖေ သမီး ပြောသမျှ အားလုံးဟာ အမှန်တွေပါပဲ မနေ့ညက သမီး အိပ်မက်ထဲမှာ နတ်သမီး တစ်ပါးကို တွေ့လိုက်တယ် ပြီးတော အဲ့ နတ်သမီးက သမီးကို ပြောတယ် သမီး ညီမလေးက မိသားစုရဲ့ ရတနာလေး ကံကောင်းစေတဲ့ ကြယ်ပွင့်လေးတဲ့ သူမက မိသားစုအတွက် စီးပွားလာဘ်လာဘတွေ ယူဆောင်လာပေးရုံမကပဲ မောင်လေးတစ်ယောက်ကိုတောင် ထပ်ပြီးယူဆောင်လာပေးအုန်းမယ်တဲ့ ပြီးတော့လဲ ညီမလေးရဲ့ ခြေထောက်မှာ မှဲ့နက် ၆လုံးရှိတယ် အဲ့ဒါက သမီးတို့ မိသားစုအတွက် နတ်သမီးက ပေးထားတဲ့ ကောင်းချီး အမှတ်အသား တစ်ခုလို့ပြောတယ် မယုံရင် ညီမလေးရဲ့ ခြေထောက်မှာ မှဲ့နက် ၆လုံး ရှိမရှိ သွားကြည့်ကြည့်လိုက်ပါလား”

သူမရဲ့ အတိတ်ဘဝမှာ အဖွားကြီးမူက သူမ၏ ညီမလေးအား မစွန့်ပစ်ခင် “ ဒီ အဆင့်မရှိတဲ့ ကလေးမက ခြေထောက်မှာ မှဲ့ နက်ခြောက်လုံးကပါလာသေးတယ်” လို့ အဖွားကြီးမူ ပြောတာကို နားစွန်နားဖျား ကြားခဲ့ဖူးလေသည်။

ကံကောင်းစွာဖြင့် နီယန်ဟာ အဲ့စကားကို မှတ်မိနေခဲ့လေသည်။ ထိုစကားကို ကြားသောအခါ အဖွားကြီးမူသည် သူမ၏သား မူကျင်းပေါင်အား မျက်စိစွေကြည့်လိုက်ကာ

“ကျင်းပေါင် အဲ့စကား မှန်မမှန် သွားစစ်ဆေးကြည့်လိုက်”

မူကျင်းပေါင်သည် ချက်ချင်း ကုတင် ဘေးသို့ သွားကာ စစ်ဆေးကြည့်လိုက်လေသည်။ ခဏအကြာတွင် အားရဝမ်းသာစွာဖြင့်

“အမေ အမှန်ပဲ တကယ်ပဲ ခြေထောက်မှာ မှဲ့နက် ၆လုံးရှိတယ်”

ထိုအရာသည် အံ့အားသင့်ဖွယ်ကောင်းစွာ မှန်လွန်းနေခဲ့လေသည်။ ဒီခေတ်မှ လူများသည် အမှန်တကယ်ပင် အယူသီးကြလွန်းလှသည်။ ထိုအကြောင်းကို ကြားပြီးသည့် နောက်တွင် အဖွားကြီးမူ၏ မျက်နှာ အမူအရာသည် အလျှင်အမြန် ပြောင်းလဲသွားခဲ့လေသည်။

ထိုအဓိပ္ပာယ်သည် နောက်ဆုံးတွင် ဘုရားသခင်က မူမိသားစုကို မပစ်ထားပဲ မိသားစု မျိုးဆက်အမွေ ဆက်ခံဖို့ သားသမီး မြေးမြစ်တွေ ရတော့မယ်လို့ ဆိုလိုတာမလား။ အဖွားကြီးမူဟာ အရမ်းကို စိတ်လှုပ်ရှားလျှက် ရှိနေပါသည်။

နီယန်သည် ထို အခွင့်ရေးကို အမိအရ ဆုပ်ကိုင်ကာ ထပ်မံ၍ လှုံ့ဆော်လိုက်လေသည်။

“အဖွား နတ်သမီးက ထပ်ပြောသေးတယ် မောင်လေးက လီရှုနဲ့ အထူးဆက်နွယ်မှု ရှိတယ်လို့ပြောတယ် ပြီးတော့ မောင်လေးက သမီးတို့ မိသားစုဆီကို ရက်အနည်းငယ် အတွင်း ရောက်လာမယ် ဆိုပြီးလည်း ပြောခဲ့သေးတယ် “

လီရှုလား...

အဖွားကြီးမူသည် သူမ၏ အသံကို ပြောင်းလဲကာ ရယ်မောလျှက် ပြောလိုက်လေသည်။

“ကောင်းတယ် ကောင်းတယ် ကောင်းတယ် ငါတို့ သူ့ကို ခုလောလောဆယ် မပစ်နဲ့အုန်း သူမရဲ့ နာမည်ကို လီဖူရှင်းလို့ ပေးလိုက်”

လီရှုက ကိုယ်ဝန်ရှိနေပြီလား

လီရှုဆိုတာ အဲ့ဒီ လီရှုကို ပြောတာမလား။

ဘုရားရေ....

အဲ့ကလေးမ လီရှု ကိုယ်ဝန်ဆောင်ထားတာ တစ်ကယ်ပဲ ယောကျ်ားလေးလား။ ထိုအရာကို စဉ်းစားရင်း အဖွားကြီးမူသည် အလွန် ပျော်ရွှင်လျှက် ရှိသည်။

နောက်ဆုံးမှာတော့ မူမိသားစုမှာ မျိုးဆက် ရှိလာတော့မယ်။ ဒါဟာ ဘုရားသခင်က ပေးတဲ့ ကောင်းချီးတစ်ခုပဲ။ ထိုသို့သော စကားကို ကြားသောအခါ နီချွေ့ဟွာ၏ မျက်နှာသည် အလွန် ဝမ်းသာစွာဖြင့် ကလေးကို ပွေ့ချီလျှက် ဒူးထောက်ကာ အရိုအသေများ ပေးလိုက်ကာ ပါးစပ်ကလည်း

“ကျေးဇူးတင်ပါတယ် အမေ ကျေးဇူးတင်ပါတယ် ဖူရှင်း အဖွားကို အမြန် ကျေးဇူးတင်ကြရအောင် ကျေးဇူးတင်ပါတယ် အဖွား”

နီချွေ့ဟွာသည် ယနေ့ အဖြစ်အပျက်များစွာ အတွက် နီယန်ကို ကျေးဇူကြွေးတင်နေသည်ကို သိသည်။ အကယ်၍ နီယန်ကြောင့်သာ မဟုတ်ခဲ့လျှင် သူမ၏ သမီးငယ်လေးသည် စွန့်ပစ်ခံရမည့် ကံကြမ္မာကို ရှောင်လွှဲနိုင်လိမ့်မည် မဟုတ်ပေ။

‘ဒါပေမဲ့ သူမ၏ ညီမလေးရဲ့ ခြေထောက်မှာ မှဲ့နက် ၆လုံးရှိတာကို နီယန်က မည်သို့သိနေခဲ့သနည်း။’

တစ်ကယ်တော့ ကလေးမွေးပြီးတဲ့ အချိန် နီယန်က ဘေးမှာ ရှိနေတာမဟုတ်ပဲ တစ်ချိန်လုံးလည်း ကလေးကို အနှီးဖြင့် ပတ်ထားတဲ့အတွက် နီယန်ဟာ သူမလေးရဲ့ ခြေထောက်ကို မြင်နိုင်စရာမရှိပေ။

အဖွားကြီးမူသည် နီချွေ့ဟွာ ကြမ်းပြင်မှာ ဒူးထောက်လျှက် ရှိနေသည်ကို ကြည့်ကာ သူမ၏ မျက်နှာသည် ကြည့်ရဆိုးနေခဲ့သည်။

“တော်လောက်ပြီ တော်လောက်ပြီ ခု ထစမ်း မနေ့ညက အဝတ်အစားတွေက မလျှော်ရသေးဖူး ခု ထပြီး သွားလျှော်စမ်း အဲ့ အဝတ်အစားတွေကို ငါ့ကို ကိုယ်တိုင် လျှော်ပေးစေချင်နေတာလား”

အသုံးမဝင်တဲ့ ကလေးမွေးပြီး မွေးဖွားပြီးချိန်တွင် ပျော်ရွှင်စွာ ဖြတ်သန်းပြီး အနားယူနိုင်ဖို့ဆိုသည်မှာ မဖြစ်နိုင်ပေ။နီချွေ့ဟွာသည် ကလေး ငါးယောက် မွေးဖွားလာခဲ့ပြီး ကလေး သုံးယောက်ကို စွန့်ပစ်ခဲ့ရလေသည်။ သူမသည် ကလေး မွေးဖွားပြီးပြီးချင်း အချိန်အတိုင်း အမြဲတမ်း အလုပ်ပြန်လုပ်ရလေသည်။ ကလေးမွေးမွေးချင်း တစ်လ အနားယူခြင်း ဆိုသည်မှာ သူမနှင့် ဝေးကွာလွန်းသော အိပ်မက် တစ်ခုသာ ဖြစ်လေသည်။

နီယန်သည် သူမ၏ အမေအတွက် အလွန် စိတ်မကောင်းဖြစ်လျှက် ရှိသည်။ ကလေးမွေးပြီးကာစ မိန်းမတစ်ယောက် အတွက် မွေးပြီးပြီးချင်း အဆက်မပြတ် အဝတ်လျှော်ခြင်းသည် မကောင်းပေ။

“အဖွား သမီး အဝတ်တွေ လျှော်လိုက်ပါ့မယ်"

အဖွားကြီးမူဟာ တုတ်တစ်ချောင်းကို ကိုင်ပြီး နီယန်ကို ရိုက်လိုက်ကာ

“ငတုံးမ အောက်တန်းစားမ နင့်စိတ်ထင် နင်လွတ်ပြီလို့ ထင်နေတာလား နောက်ဘက် တောင်ကုန်းကို သွားပြီး မြက်သွားရိတ်စမ်း ငါတို့ အိမ်မှာရှိတဲ့ ဆိတ်တွေ စားဖို့အတွက် စောင့်နေတယ်”

နီယန်သည် တုတ်ဖြင့် ရိုက်သည်ကို မရှောင်တိမ်းပဲ အရိုက်ခံလိုက်သည်။ ထိုသို့သော ပြင်းထန်သော နာကျင်မှုကို ခံစားမိရင်း နီယန်သည် လက်တွေ့ကို သိမြင်နိုင်ခဲ့လေသည်။ တစ်ကယ်တမ်း စဉ်းစားကြည့်လျှင် အလွန်ပင် ရီချင်စဖွယ် ကောင်းလေသည်။

သူမနှင့် သူမအမေတို့ နှစ်ယောက်ပေါင်း၏ တန်ဖိုးမှာ အိမ်မှာ မွေးထားသော ဆိတ်ထက်တောင် တန်ဖိုးမဲ့လေသည်။ ၎င်းသည် အမှန်တကယ်ပင် ရွံရှာစရာကောင်းလှပေသည်။ နီချွေ့ဟွာသည် အဖွားကြီးမူ နီယန်အား ဆက်လက်၍ ရိုက်နှက်မည်ကို စိုးရိမ်သောကြောင့် သူမ၏ လက်ပေါ်မှ ကလေးကို ကုတင်ပေါ်သို့တင်ကာ တုတ်ကို ဆွဲယူလျှက် မဝံ့မရဲဖြင့် ပြောလိုက်လေသည်။

“အမေ အမေ စိတ်မဆိုးပါနဲ့ ကျွန်မ အခုပဲ အဝတ်သွားလျှော်လိုက်ပါ့မယ်”

သူမသည် ထိုသို့ ပြောနေစဉ် အတွင်း နီယန်ထပ်မံ၍ ဆက်မပြောရန်ကိုမျှော်လင့်ကာ နီယန်အား အဆက်မပြတ် အချက်ပြလျှက်ရှိသည်။ နီယန်သည် မျက်နှာကို အောက်ငုံလိုက်ကာ သူမ၏ မျက်လုံးထဲမှ မည်သည့် အရိပ်အယာင်ကိုမှ မမြင်နိုင်ပေ။

“သွား မြက်သွားရိတ်စမ်း”

မူကျင်းပေါင်သည် နီယန်အား တွန်းထုတ်လိုက်လေသည်။

“စက်ဆုပ်စရာကောင်းတဲ့ ကောင်မ ဝေးဝေးသွားစမ်း”

နီယန်သည် သူမ၏ လက်တစ်စုံကို အကျီလက်ဖြင့် ဖုံးကွယ်ကာ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိလေသည်။ သူမသည် လက်ဆစ်များ ဖြူလျှော်သွားသည် အထိ ပြင်းပြင်းထန်ထန် အားစိုက်ကာ လက်သီး ဆုပ်လိုက်မိသည်။

‘စောင့်နေလိုက်’

ဤတစ်ကြိမ်တွင် သူမသည် သေချာပေါက် သူမ၏ မိခင်နှင့် ညီမငယ်လေးကို ဒီငရဲခန်းမှ အသက်ရှင်လျှက် လွတ်မြောက်အောင် ခေါ်ထုတ်သွားမည် ဖြစ်သည်။

‘သေချာပေါက်ပဲ’

အဖွားကြီးမူသည် မူကျင်းပေါင်ကို အကြည့်တစ်ချက် ပေးလိုက် ပြီးနောက်တွင် သူသည် ထို အကြည့်ကို ချက်ချင်း နားလည်ကာ သူမ၏ နောက်သို့ လိုက်သွားခဲ့သည်။ ယောက္ခမ ဖြစ်သူနှင့် ခင်ပွန်း ဖြစ်သူတို့ ထွက်ခွာသွား ပြီးနောက်တွင် နီချွေ့ဟွာသည် စိတ်သက်သာရာရစွာ သက်ပြင်းချလျှက် ကလေးငယ်ကို ငြင်သာစွာ အိပ်ယာပေါ်သို့ ချလိုက်ကာ အဝတ်လျှော်ဖွတ်ရန် ထွက်ခွာသွားလေသည်။

အိမ်နောက်ဖက်ရှိ တောင်ပေါ်သို့ ရောက်သောအခါတွင် နီယန်သည် သူမ၏ စိတ်ထဲရှိ အမှတ်တရများကို ပြန်လည် သတိရရင်း ဟင်းရွက်များကို ခူးလိုက်လေသည်။ သူမ၏ အတိတ်ဘဝတွင် သူမသည် သူမ ဖခင်ရဲ့ မယားငယ်ဖြစ်သူ၏ အကြံအစည် ပရိယာယ်များကြောင့် ဘေးနားရွာရှိ အသက်ကြီးသော လူပျိုကြီး တစ်ယောက်နှင့် လက်ထပ်ခဲ့ရလေသည်။ ထို အသက်ကြီးကြီး လူပျိုကြီး သေဆုံးသွားသောအခါ သူမသည် ဘေဂျင်းသို့ ထွက်ခွာလာခဲ့သည်။

ဘေဂျင်းသို့ ရောက်ရှိခါစတွင် သူမ၏ ဘဝသည် အလွန် ခက်ခဲ ကြမ်းတမ်း လွန်းလှသော်လည်း သူမသည် မည်သို့သော အခါမျှ လေ့လာ သင်ယူမှုကို လက်မလျှော့ခဲ့ပေ။ သူမသည် တက္ကသိုလ် တက်ရန် ကြိုးစားခဲ့ရုံ သာမက တီဗွီတွင် အကြာခဏ ဖော်ပြခံရသော အလွန်ထင်ရှား ကျော်ကြားသော စီးပွားရေး လုပ်ငန်းရှင် အမျိုးသမီး တစ်ယောက်ပင် ဖြစ်လာခဲ့လေသည်။ သူမ၏ အတိတ်ဘဝတွင် သူမသည် အသတ်ခံခဲ့ရလေသည်။

ဒါပေမဲ့ သူမသည် သူမကို သတ်ခဲ့သော လူသတ်သမားကို မမြင်ခဲ့ရရုံသာမက သူမသေဆုံးသွားရသည့် အကြောင်းအရင်း အမှန်ကိုပင် မှတ်မိရန် ခက်ခဲနေခဲ့သည်။ မည်သို့ပင် ဆိုစေကာမူ သူမ ရုတ်တရက် ပြန်လည်နိုးထလာသောအခါ အလေးချိန်မရှိသော သူကဲ့သို့ အခြေအနေကို ပြန်လည် စဉ်းစားမိသော် သူမသည် အလွန်မြင့်မားသော အဆောက်အဦးပေါ်မှ ပြုတ်ကျ၍ သေဆုံးခဲ့ရဟန် တူသည်။ သို့သော်လည်း သူမ၏ စိတ်ထဲတွင် အလွန် သံသယ ဝင်စရာကောင်းသော သူတစ်ယောက် ရှိနေခဲ့သည်။ အဲ့လူသည် လီရှန်းရှန်း ဆိုသူဖြစ်သည်။

နီယန်သည် လေးလေးနက်နက် တွေးတော ဆင်ခြင်လိုက်သည်။ သို့သော်လည်း သူမနှင့် လီရှန်းရှန်းသည် မကြာခဏ တွေ့ဆုံခဲ့ကြသော ဆက်ဆံရေး မဟုတ်ပဲ နှစ်ကြိမ် သုံးကြိမ်ခန့်သာ တွေ့ဆုံခဲ့ကြဖူးသည်သာ ဖြစ်သည်။ အကယ်၍ လီရှန်းရှန်းသာ ထူးထူးခြားခြား ပြုမူခဲ့ခြင်း မရှိလျှင် သူမသည် လီရှန်းရှန်း၏ ပုံပန်းသွင်ပြင်ကိုပင် မှတ်မိနေလိမ့်မည် မဟုတ်ပေ။

နီယန်သည် သူမ၏ မျက်လုံးကို မှေးလိုက်ပြီးနောက်တွင် သူမ၏ ကြည်လင်သော မျက်ဝန်းတစ်စုံတွင် အလင်းရောင်တစ်ချက် လက်သွားခဲ့သည်။ ယခုအခါ ဘုရားသခင်က သူမအား အစကပြန်စတင်ရန် အခွင့်အရေးပေးလာခဲ့ရာ သူမသည် ထိုအခွင့်ရေးကို တန်ဖိုးထား ဆုပ်ကိုင်လျှက် ပြန်လည်ကြိုးစားရမည် ဖြစ်သည်။ သူမသည် သူမ၏ ရန်သူများကို ပြန်လည် လက်စားချေမည် ဖြစ်သည့် အပြင် သူမအပေါ် ကြင်နာခဲ့သော သူများအပေါ်သို့လည်း ပြန်လည် ကျေးဇူးဆပ်မည်သာ ဖြစ်သည်။ သူမသည် သူမ၏ အတိတ်ဘဝမှ ကြုံခဲ့ရသော သူမ၏ ကံကြမ္မာကို ပြောင်းလဲကာ အတိတ်ဘဝမှ သာယာဝပြောသော ခေတ်အတိုင်း ပြန်လည် ဖွံဖြိုးအောင် လုပ်မည် ဖြစ်သည်။

သူမသည် မြက်များကို ရိတ်ကာ အိမ်သို့ ပြန်ခါနီးတွင် သူမ၏ အနောက်မှ လေးလံသော အရာတစ်ခု သူမစီ ကျဆင်းလာခဲ့သည်။

“ဘန်း ဘန်း”

နှစ်ဦးလုံး တောင်အောက်သို့ လိမ့်ဆင်းသွားသောပြီးနောက်တွင် တစ်ခါထဲ တောင်အောက်ခြေသို့ တိုက်ရိုက် ရောက်သွားခဲ့သည်။ နီယန်သည် သူမ၏ အပေါ်သို့ ဖိမိနေသော လေးလံသော အရာကို ကြည့်လိုက်သောအခါ သူမ၏ မျက်နှာသည် အနည်းငယ် ဖြူဖျော့သွားခဲ့သည်။

ထိုအရာသည် အသက် ၂၅နှစ်အရွယ် ယောကျ်ား တစ်ယောက်ဖြစ်ပြီး ဖီးနစ်မျက်လုံးကဲ့သို့ အလွန် ထက်မြက် လှပသော မျက်လုံးတစ်စုံရှိကာ အန္တရာယ် ရှိသော အရိပ်အယောင်များသည် ထိုမျက်ဝန်း တစ်စုံထဲတွင် နက်နက်ရှိုင်းရှိုင်း ဖုံးကွယ်လျှက် ရှိနေသည်။

“ရှူး”

ထိုသူသည် နီယန်၏ ပါးစပ်အား လက်တစ်ဖက်ဖြင့် အုပ်ကာ ကျန်လက်တစ်ဖက်ကို သူ၏ နှုတ်ခမ်းပေါ်တွင် တင်လျှက် တိုးတိုးနေရန် လက်ဟန်ခြေဟန် ပြလေသည်။

All Chapters