ပြီးဆုံးပြီ
Vol. 1 Ch. 8
ထိုလမ်းသည် လူအများ ဖြတ်သန်း အသုံးပြုခြင်း နည်းပါးသောကြောင့် အလွန် တိတ်ဆိတ်လျှက် ရှိသည်။ ထို့ကြောင့် ရာဇဝတ်သားများ ထွက်ပြေးသွားသည့်တိုင်အောင် မည်သူမှ သတိမပြုမိပဲ ဆယ်မိနစ်တိုင်အောင် အချိန်ယူခဲ့ရခြင်း ဖြစ်သည်။
ယခုအချိန်ကာလတွင် စမတ်ဖုန်းများ သို့မဟုတ် ပေဂျာများ မရှိသောကြောင့် အပြင်လောကနှင့် ဆက်သွယ်ရန် နည်းလမ်း မရှိခဲ့ပေ။ ထို့ကြောင့် သူတို့တွင် ကြီးမား ပြင်းထန်သော ထိခိုက်မှု ခံစားနေရသည့် တိုင်အောင် သေခြင်းတရား ရောက်ရှိလာမည်ကို စောင့်ဆိုင်းရင်း လမ်းဘေးတွင် ထိုင်နေရုံသာ တတ်နိုင်ခဲ့သည်။ ( ပေဂျာ = ရှေးခေတ်တွင် ဖုန်းတွေ မပေါ်သေးသော အချိန်တွင် ရေဒီယို လှိုင်းဖြင့် ဆက်သွယ်မှု ကို ဖမ်းယူ အသိပေးသော ကရိယာ ကိုခေါ်ပါသည်။ )
ထိုအချိန်တွင် နောက်ဆုံးတော့ လူတစ်ယောက် ရောက်ရှိလာခဲ့သည်။ သို့သော် ထိုလူသည် ကလေးမလေး တစ်ယောက်သာ ဖြစ်သော်ငြားလည်း ထိုလူ နှစ်ဦး၏ မျှော်လင့်ချက်ကို ပြည့်စေသည်။
ဘယ်လို အံ့အားသင့်ဖွယ် ကောင်းသနည်း။
သူတို့ ကယ်တင် ခံရပြီ ။
သူတို့ နောက်ဆုံး အသက်ရှင်နိုင်ပြီ။ နီယန်သည် ပြေးသွားကာ
“ဦးလေး ဦးလေးတို့နှစ်ယောက် ဘာဖြစ်ခဲ့ကြတာလဲ”
အနည်းငယ် အသက်ကြီးသော လူကြီးက ပြန်ပြောလိုက်သည်။
“ကလေးမလေး ဒီမှာ မလုံခြုံဘူး မြန်မြန် အကူညီတောင်းဖို့ သွားပါ”
ရာဇဝတ်သားများသည် ထွက်ပြေးသွားခဲ့ သော်ငြားလည်း သူတို့သည် အချိန်မရွေး ပြန်ရောက်လာနိုင်သည်။ သို့သော် နီယန်သည် အန္တရာယ်ရှိသည့် အခြေအနေ များနေသည့်တိုင်အောင် တည်ငြိမ်နေခဲ့သည်။ ကြည်လင်အေးဆေးသော အမူအရာြဖင့် ထိုလူကြီး နှစ်ဦး၏ လက်ကောက်ဝတ်ကို ဆွဲယူလိုက်ကာ
“ဦးလေး ဦးလေးတို့ ဒဏ်ရာတွေက ပြင်းထန်တယ် အကယ်၍ ကျွန်မ အကူညီသွားခေါ်နေရင် ဦးလေးတို့ကို ကုသဖို့ အချိန်နှောင့်နှေးသွားလိမ့်မယ်”
ထိုစကားကို ကြားသောအခါ သက်လတ်ပိုင်း အမျိုးသားသည် အံ့အားသင့်သွားကာ
“အိုး ရဲဘော်လေး မင်း.... မင်း ဆေးပညာတတ်တာလား”
ထိုကဲ့သို့ ငယ်ရွယ်လှသော မိန်းမငယ်လေးတစ်ယောက်သည် ဤကဲ့သို့ အသိပညာ ဗဟုသုတ ရှိနေသည်မှာ မယုံကြည်နိုင်စရာ ကောင်းလှသည်။ သူတို့သည် သေရန်ဇာတာမပါလာပုံရသည်။ နီယန်သည် ခေါင်းငြိမ့်လိုက်ကာ
" ဦးလေး ကျေးဇူးပြုပြီး တိတ်တိတ်နေပြီးတော့ ဦးလေးရဲ့ ခွန်အားကို ထိန်းသိမ်းထားပေးပါ”
သူမ၏ အတိတ်ဘဝ၌ အစားအသောက်လုပ်ငန်းတွင် လုပ်ကိုင်ရာ ဆေးပညာရပ်သည် မတတ်မဖြစ်သော အတတ်ပညာရပ်တစ်ခုဖြစ်သည်။ ထိုလူကြီး နှစ်ဦးတွင် တစ်ယောက်သည် တစ်ခြားတစ်ဦးထက် ပိုမို ဒဏ်ရာပြင်းထန်သည်။ နီယန်သည် ထို ပို၍ ဒဏ်ရာပြင်းထန်သော သူကို ဦးစားပေးရွေးချယ် ကုသပေးသည်။ ပို၍ အရေးကြီးသည်မှာ ထိုကဲ့သို့သော ဓားဒဏ်ရာများ အတွက် သွေးတိတ်အောင်လုပ်ပြီးနောက် ဒဏ်ရာကို ချုပ်ရန် ဖြစ်သည်။
သို့သော် သူမသည် ကြိုတင်ပြင်ဆင်ထားသောကြောင့် နီယန်သည် အိမ်မှ ထွက်လာစဉ်ကတည်းမှ ချုပ်ရန် အပ် နှစ်ချောင်းနှင့် အကိုက်အခဲနှင့် သွေးတိတ်စေသော ဆေးဖက်ဝင် အပင်များကို ဝယ်ယူလာခဲ့သည်။ အကန့်အသတ် ရှိသော အခြေအနေများကြောင့် နီယန်သည် အကျီချုပ်အပ်များကိုသာ သုံးနိုင်သည်။ သူမသည် အကျီချုပ်အပ်များကို ထုတ်ယူလိုက်ပြီးနောက် ပြောလိုက်သည်။
“ကျွန်မ ဒဏ်ရာကို ချုပ်တော့မယ် အဲ့ဒါက နည်းနည်းတော့ နာကျင်လိမ့်မယ် သည်းခံထားပါ”
“ဟုတ်ပြီ”
လူကြီးသည် နားလည်ကြောင်း ခေါင်းငြိမ့်ကာ ပြောလိုက်သည်။ နီယန်သည် လူကြီး၏ ဒဏ်ရာကို ချုပ်နေစဉ် အတွင်း သူမ၏ မျက်နှာသည် တည်ငြိမ်နေကာ မည်သည့် အမူအရာမှ မရှိပဲ သူမ၏ မျက်နှာ အမူအရာသည် သာမာန် အကျီချုပ်နေသကဲ့သို့ ရှိသည်။ ဒဏ်ရာကို ချုပ်ပြီးသည့်နောက်တွင် နီယန်သည် ဆေးဖက်ဝင် အပင်များကို နာကျင်မှု သက်သာစေရန် ဒဏ်ရာပေါ်သို့ အုံပေးလိုက်သည်။
ထိုလူကြီးသည် နာကျင်မှုကြောင့် လေအေးများကို ရှုထုတ်လိုက်ပြီးနောက် ဒဏ်ရာမှ သွေးတိတ်သွားခဲ့သည်။ထိုလူအားကုသပေးပြီးနောက်တွင် သက်လတ်ပိုင်းလူ တစ်ယောက်ကို နီယန်သည် ဆက်ခက် ကုသပေးလိုက်သည်။ ဆယ်မိနစ်ကြာသောအခါ နီယန်သည် နဖူးမှ ချွေးများကို သုတ်လိုက်ကာ
"ဦးလေးတို့ မင်းတို့ အသက်အန္တရာယ် မရှိတော့ပါဘူး”
ကုသမှု ခံယူလိုက်ပြီးသည့်နောက်တွင် သူတိူ့၏ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုသည် အတော် တိုးတက်လာခဲ့သည်။ လူလတ်ပိုင်းလူကြီးသည် သူ၏ ကျေးဇူးတင်မှုကို အလျှင်အမြန် ဖော်ပြလိုက်ကာ
“ရဲဘော်လေး မင်းက အရမ်း ထူးချွန်လွန်းတယ် ငါ မင်းကို နောက်ထပ် အကူညီတစ်ခုလောက် တောင်းလို့ရနိုင်မလား”
“ပြောပါ”
နီယန် ပြန်လည် ပြောကြားလိုက်သည်။ သက်လတ်ပိုင်း လူကြီးက ပြောသည်မှာ
“ ငါ့ မျိုးနွယ် နာမည်က ကျိုးပါ နာမည်ကတော့ ကျိုးချန်ကျိန့်ပါ ငါက မြို့တော်က လာတာပါ ကျွန်တော်တို့ကို မြို့ကို သွားဖို့ကူညီပေးနိုင်မလား”
လက်ရှိ အချိန်တွင် သူတို့၏ ဒဏ်ရာများကြောင့် လမ်းမလျှောက်နိုင်သေးချေ။ နီယန် ခေါင်းငြိမ့်လိုက်ကာ
“ ရတာပေါ့ ပြသာနာမရှိပါဘူး”
ကျိုးချန်ကျိန့်သည် လမ်းဘေးမှ စက်ဘီးတစ်စီးကို ညွှန်ပြကာ
“ရဲဘော်လေး မင်း ငါ့ စက်ဘီးကို စီးသွားနိုင်ပါတယ် ပြီးတော့ ရဲစခန်းကို သွားလိုက်ပါ အခြေအနေတွေကို ရှင်းပြပြီးရင် သူတို့ မင်းနဲ့ လိုက်လာပါလိမ့်မယ်”
“ဟုတ်ပြီ ကျွန်မ အခုပဲ သွားလိုက်မယ်”
နီယန်သည် စက်ဘီးပေါ်သို့ ခုန်တက်လိုက်ကာ မြို့ဘက်သို့ လျှင်မြန်စွာ နင်းသွားလိုက်သည်။ နီယန်သည် ရဲစခန်းသို့ အောင်မြင်စွာ ရောက်လာခဲ့သည်။ အရာရှိ၏ မျက်နှာသည် အခြေအနေများကို နားထောင်ပြီးနောက်တွင် သွေးမရှိအောင် ဖြူရော်သွားသည်။ သူသည် ချက်ချင်း အရာရှိများနှင့် လူနာတင်ယာဉ်ကို ခေါ်ကာ နီယန်၏ နောက်မှ အခင်း ဖြစ်ရာသို့ လိုက်လာသည်။ စစ်ဆေးပြီး သွားသောအခါ ဆရာဝန်သည် ထိတ်လန့်တကြား ပြောလေသည်။
“မစ္စတာကျိုး ကံကောင်းလို့ အဲ့ဒီ အချိန်မှာ ဒီမိန်းမငယ်လေး ကုသပေးထားလိုက်လို့ အချိန်နည်းနည်းသာ နောက်ကျခဲ့ရင် မင်းအသက်အန္တရာယ် ရှိနိုင်တယ်”
ကျိုးချန်ကျိန့်က ပြေလိုက်သည်။
“ အတွင်းရေးမှုးဝူရဲ့ အခြေအနေ ဘယ်လိုလဲ”
ဆရာဝန်က နှစ်သိမ့် စကားပြောလိုက်သည်။
“မင်း စိုးရိမ်စရာ မလိုတော့ပါဘူး အတွင်းရေးမှုးဝူ အဆင်ပြေပါတယ် “
“မိုးနတ်မင်း ကယ်ပေလို့ပဲ”
ကျိုးချန်ကျိန့်သည် သက်ပြင်းချလျှက် စိတ်သက်သာရာရစွာ ပြောလိုက်သည်။
“ငါတို့ ရဲဘော်လေးကို ကျေးဇူးတင်ရမယ် သူ အခု ဘယ်မှာလဲ “
ဆရာဝန်ကပြောလိုက်သည်။
“သူ အပြင်မှာ ကျွန်တော် ခေါ်ပေးပါ့မယ်”
နီယန်သည် လူနာတင်ယာဉ်စီသို့ ခေါ်သွားခံရသည်။
ကျိုးချန်ကျိန့် ပြောလိုက်သည်။
“ရဲဘော်လေး မင်းရဲ့ နာမည်က ဘယ်လိုခေါ်လဲ”
နီယန် ပြန်ဖြေသည်မှာ
“ ဦးလေးကျိုး ကျွန်မ နာမည် နီယန်ပါ ဒမ်ကျေးရွာမှာ နေပါတယ်....”
နီယန်၏ စကားကို ကြားပြီး နောက်တွင် ကျိုးချန်ကျိန့် ခေါင်းငြိမ့်လိုက်ကာ
“ရဲဘော်လေး မစိုးရိမ်ပါနဲ့ ငါ မင်း အတွက် တရားမျှတမှုရှိအောင် ဆောင်ရွက်ပေးပြီးတော့ မင်းရဲ့ လွတ်လပ်ခွင့်ကို ရအောင်လုပ်ပေးမယ်”
“ကျေးဇူးတင်ပါတယ်”
နီယန်သည် ကျိုးချန်ကျိန့်အား ဦးညွတ်ကာ ပြောလိုက်သည်။
**
နီယန် မူမိသားစု အိမ်သို့ ပြန်ရောက်သော အခါ သူမ၏ မျက်နှာပေါ်တွင် အပြုံးတု တစ်ပွင့် ပေါ်ထွက်လာသည်။
“ယန်ယန် ပြန်လာပြီလား”
နီချွေ့ဟွာသည် အိမ်အပြင်သို့ ထွက်လာခဲ့သည်။
“အင်း “
နီယန် ခေါင်းငြိမ့်လိုက်ကာ
“တစ်ခြားသူတွေကော ဘယ်မှာလဲ”
နီချွေ့ဟွာသည် ခြံဝင်ပေါက်ကို ကြည့်လျှက်
“ သူတို့ ခုထိ ပြန်မလာကြသေးဘူး”
သူမ ထိုသို့ ပြောလိုက်ချိန်တွင် အဖွားကြီးမူသည် မူကျင်းပေါင် တွဲခေါ်လာသော လီရှုအား ကူညီကာ အိမ်သို့ ပြန်လာကြသည်။လီရှု၏ ပုံစံသည် ဘုရင်မတစ်ပါးကဲ့သို့ ပင် ဖြစ်သည်။ အဖွားကြီးမူသည် နီချွေ့ဟွာနှင့် သူမ၏ သမီးကို မြင်သောအခါ သူတို့အား စတင် ကျိန်ဆဲတော့သည်။
“နင်တို့က လူသေတွေလို အဲ့မှာ ရပ်နေကြတယ်လား လုပ်စရာ အလုပ်မရှိဘူးလား”
နီချွေ့ဟွာသည် သူမ အမြဲလုပ်သလို ခေါင်းငြိမ့်လိုက်ကာ
“ ဟုတ်ကဲ့ အမေ ကျွန်မနဲ့ ယန်ယန် အခုပဲ သွားလုပ်လိုက်ပါ့မယ်”
အဖွားကြီးမူသည် နီချွေ့ဟွာကြောင့် စိတ် အနှောင့်အယှက် အဖြစ်မခံတော့ပဲ လီရှုအား ဧည့်ခန်းထဲသို့ ခေါ်သွားကာ တံခါးပိတ်လိုက်သည်။အထဲသို့ ရောက်သောအခါ အဖွားကြီးမူသည် အကူညီမဲ့စွာ ပြောလိုက်သည်။
“အားရှု မင်းရဲ့ ဝမ်းကွဲက ဘာပြောလိုက်လဲ"
လီရှုသည် ရီမောလျှက် ပြောလိုက်သည်။
“ ကျွန်မ ဝမ်းကွဲက သေချာပေါက် သဘောတူတာပေါ့ သူ မနက်ဖြန် ယန်ယန်ကို ခေါ်ဖို့ လာလိမ့်မယ်”
ထိုစကားကို ကြားသောအခါ အဖွားကြီးမူသည် အံ့အားသင့်လျှက် ရှိနေသည်။
“မနက်ဖြန် ..... အရမ်း မစောလွန်းဘူးလား”
လီရှုသည် ခေါင်းငြိမ့်လိုက်သည်။ မူကျင်းပေါင်သည် ရီမောလျှက်
“ အမေ အမေက အဲ့ အသုံးမကျတဲ့ ကောင်မကို မလွှတ်ချင်တာလား”
ဝန်လေးတာလား....
ဘယ်လိုလုပ် အဲ့လို ဖြစ်နိုင်ပါ့မလဲ
ထို အသုံးမဝင်တဲ့ ကောင်မလေး အတွက် ဝန်လေး တွန့်ဆုတ်စရာ ဘာများရှိလို့လဲ။အဖွားကြီးမူ ပြောလိုက်သည်။
“ငါတို့မှာ အခုအချိန်က အလုပ် အများဆုံး ဖြစ်တဲ့ စိုက်ပျိုးရေး ရာသီပဲ အကယ်၍ ငါတို့မှာ အဲ့ အသုံးမကျတဲ့ ကောင်မလေး မရှိတော့ရင် ငါတို့ လယ်ကွက်ထဲက စပါးတွေကို ဘယ်သူ ရိတ်သိမ်းပေးမှာလဲ။”
နီယန်တွင် သွယ်လျ သေးငယ်သော ခန္ဓာကိုယ်သာ ရှိသော်ငြားလည်း လယ်ယာ အလုပ်လုပ်သောအခါ လျှင်မြန် သွက်လက်သည်။ အကယ်၍ နီယန်သာ ထွက်သွားပါက ဘယ်သူက စပါး ရိတ်သိမ်းပေးမှာလဲ။ထိုအရာသည် အဖွားကြီးမူ ပူပန်သော အရာဖြစ်သည်။ သူမသည် အသက်ကြီးမှ လယ်ထဲ ဆင်းရမည် ထင်သည်။ မူကျင်းပေါင်သည် စကားဝိုင်းတွင်းသို့ ဝင်ရောက်ပြောဆိုလိုက်သည်။
“အမေ မမေ့နဲ့ သားတို့ အိမ်မှာ အလုပ်လုပ်ဖို့ နွားအိုမကြီး တစ်ကောင်ရှိသေးတယ်”
ထို နွားအိုမကြးဆိုသည်မှာ သဘာဝ အလျှောက် နီချွေ့ဟွာ အား ပြောခြင်း ဖြစ်သည်။ အဖွားကြီးမူသည် ပြန်ပြောလိုက်သည်။
“အဲ့အလုပ် အားလုံးကို သူတစ်ယောက်ထဲလုပ်တာ စောင့်နေရင် ဘယ်လောက်ကြာမလဲ အဲ့အချိန်မှာ စပါးတွေက စာကလေးစားရင်း ကုန်သွားလိမ့်မယ်”
ဝင်းမှည့်နေသော စပါးများသည် စာကလေးများကို ဆွဲဆောင်လျှက်ရှိသည်။ အဲ့လို ပြောပြီးနောက် အဖွားကြီးမူက ဆက်ပြောလိုက်သည်။
“အားရှု မင်းရဲ့ ဝမ်းကွဲနဲ့ ဆွေးနွေးလိုက်ပြီး အကယ်၍ ဖြစ်နိုင်ရင်အဲ့ အသုံးမဝင်တဲ့ ကောင်မကို နောက်မှ လာခေါ်ခိုင်းလိုက်ပါလား”
“အဲ့ဒါက မဖြစ်နိုင်လောက်ဘူး”
လီရှုသည် ခက်ခဲစွာ ပြောလိုက်သည်။
“ အဲ့ဒါအပြင် ကျွန်မ ဝမ်းကွဲက ယွမ် ငါးဆယ် စရံတောင် ကြိုပေးလိုက်တယ်”
ထိုသို့ပြေပြီးနောက် လီရှုသည် ယွမ် ငါးဆယ်ကို စားပွဲပေါ်သို့ တင်လိုက်သည်။ ငါးဆယ်တန် ယွမ် စက္ကူကို မြင်သော အခါ အဖွားကြီးမူ၏ မျက်လုံးများသည် အရောင် တောက်ပလာသည်။ သူမသည် အလျှင်အမြန် သူမ၏ အိတ်ကပ်ထဲသို့ ပိုက်ဆံအား ထည့်လိုက်ကာ
“အဲ့ဒါဆိုရပြ မင်းရဲ့ ဝမ်းကွဲကို မနက်ဖြန် လာခေါ်ခိုင်းလိုက်”
“ဟုတ်ကဲ့ “
လီရှုသည် သူမကိုယ် သူမ ကျေနပ်လျှက်ရှိသည်။ ထိုသို့ ပြောပြီးနောက်တွင် လီရှု ပြောလိုက်သည်။
“ အမေ ဒီ သတင်းကို ယန်ယန်ကို ဘယ်လိုပြောမလဲ”
အဖွားကြီးမူ ပြန်ပြောလိုက်သည်။
“အဲ့ဒါကို ငါနဲ့ လွှတ်ထားလိုက် အဲ့ကောင်မ ပြသာနာရှာရဲမှာ မဟုတ်ဘူး”
လီရှုသည် ခေါင်းငြိမ့်ကာ
“ အမေနဲ့ပဲ လွှဲထားလိုက်မယ်”
ထို ပြသာနာအိုးမ နီယန်အား နောက်ဆုံးတွင် ဖယ်ရှားပြီးသွားသောကြောင့် လီရှုသည် သူ့ကိုယ့်သူ ကျေနပ်လျှက် ရှိသည်။ သူမလျှင် ဆင်ခြေတစ်ခု လျှင်မြန်စွာ ပေး၍ အုပ်ချုပ်ရေးရုံးသို့ သွားကာ လီရှန်းရှန်းအား ဖုန်းခေါ်ကာ သတင်းကောင်းကိုပေးလိုက်သည်။
“ရှန်းရှန်း အမေ သမီးအတွက် ပြသာနာ ဖြေရှင်းပြီးပြီ”