← Chapters

သောက်သုံးရေ

Vol. 1 Ch. 15

သောက်သုံးရေ

Vol. 1 Ch. 15

အားယွီလေးသည် နိုးတစ်ဝက် အိပ်တစ်ဝက်ဖြင့် ဘာဖြစ်နေသည်ကို သေချာမသိပဲ မိန်းမောလျှက် ရှိနေသေးသည်။ သို့သော် သူမ၏ မျက်လုံးများ သေချာ မဖွင့်ရသေးခင်မှာပင် သူမ ခေါ်ဆိုလိုက်သည်။

“အမေ”

“အမေ ဒီမှာ”

လျိုရှီသည် ဘေးနားတွင် စောင့်ဆိုင်းပေးနေခဲ့ကာ သူမသည် လက်ထဲမှ ပစ္စည်းများအား အမြန်ချကာ အားယွီလေး၏ ကျောအား ပုတ်သိပ်လိုက်သည်။ ထို့နောက်သူမသည် ညှင်သာသော အသံဖြင့် ပြောလိုက်သည်။

“အမေ သမီးကို နိုးအောင်လုပ်မိလိုက်တာလား နည်းနည်း ထပ်အိပ်ပါအုန်းလား အမေ သမီးဘေးမှာ ရှိနေပေးမယ်လေ”

အားယွီလေးသည် သူမ၏ ပါးစပ်အား လက်ကလေးဖြင့် ကာလိုက်ကာ တိုးတိတ်စွာ သမ်းဝေလိုက်သည်။ သူမ၏ ခေါင်းလေးအား ခါလိုက်ကာ ပြောလိုက်သည်။

“သမီး ထပ်မအိပ်ချင်တော့ဘူး”

သူမ ထိုင်လိုက်ချိန်တွင် သူမ၏ မိသားစုဝင်များသည် စာရင်း တစ်ခု ပြုလုပ်နေသည်ကို တွေ့လိုက်ရသည်။

“အခုချိန်ကစပြီး ဒီမှာပဲ နေတော့မှာလား “

အားယွီသည် ဝမ်ချွမ်းမန်အိုးခွက်အချို့ကို ထောင့်တွင် ချနေသည်ကို မြင်သောအခါ မေးလိုက်သည်။

“ငါတို့ ဒီမှာ ရပ်အနည်းငယ်လောက် အရင်နေကြမယ်”

ဟု လျိုရှီမှ ပြောလိုက်သည်။ ပဉ္စမအစ်ကိုသည် ခေါင်းလှည့် ကြည့်လိုက်ပြီး ပြုံးလျှက် ပြောလိုက်သည်။

“ညီမလေး နင်နိုးလာပြီလား အခု စကားကို ရှင်းရှင်းလင်းလင်း ပြောနိုင်ပြီပေါ့”

အားယွီလေးသည် အနည်းငယ် ရှက်သွားသည်။ အားယွီလေးသည် အမှန်တကယ်တော့ အစကတည်းမှ စကား ပီပီသသ ရှင်းရှင်းလင်းလင်း ပြောဆိုနိုင်ခြင်း ဖြစ်ကြောင်း ပြောပြချင်ခဲ့သည်။ သူမသည် ဤအတိုင်း ခေါင်းမူးနေသောကြောင့် သာ စကား သိပ်မပြောခြင်း ဖြစ်သည်။

( မင်းရဲ့ ဉာဏ်ရည်က လေးနှစ်သားအရွယ်စံနှုန်းလောက် ပြန်ဖြစ်လာပြီ )

အသားလုံးလေးသည် အားယွီ၏ အတွေးများအား ခံစားမိသောကြောင့် သက်ပြင်းချကာ ပြောလိုက်သည်။ ကံကောင်းစွာဖြင့် ဒီ ကောင်မလေးသည် ကံကောင်းလွန်းလှသည်။ မဟုတ်ခဲ့လျှင် သူမ၏ ဖျားနာမှုသည် သူမအား အမှန်တကယ်ကို ရူးသွပ်သွားစေနိုင်သည်။ မိုးသောက်အာရုံ ရောက်လာချိန်တွင် လူတိုင်းသည် မနေ့ညမှ နှင်းပြိုမှု မည်မျှ ဆိုးရွားသည်ဆိုသည်ကို မြင်လိုက်ကြရသည်။ ရွာတစ်ရွာလုံး နီးပါး နှင်းထုအောက် နစ်မြှပ်နေခဲ့သည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် အရာအားလုံး နှင်းများဖြစ်နေခဲ့သည်။

ရွာပတ်ပတ်လည်ရှိ တောင်အနည်းငယ်ပေါ်တွင် တစ်လကျော်ကြာ ကျထားခဲ့သော အထူအထဲဆုံး နှင်းများသည် ရွာတစ်ရွာလုံးအပေါ်သို့ တိုက်ရိုက် ပစ်ချလိုက်သကဲ့သို့ ပြိုကြလာခြင်း ဖြစ်သည်။ အနက်ဆုံးနေရာများတွင် ပေတစ်ရာကျော်ခန့် ထူထဲနေမည် ထင်ရ၏။

လူတိုင်း၏ အိမ်များသည် နှင်းများဖြင့် ဖုံးလွှမ်းနေခဲ့သည်။ မိသားစု အနည်းငယ်သာ အသက်ရှင် ကျန်ရစ်သော်လည်း သူတိူသည် ထိုနေရာတွင် နောက်ထပ် မနေရဲကြတော့ပေ။ ကံကောင်းစွာဖြင့် ရွာတွင် ကျန်ခဲ့သော လူ ငါးယောက် ခြောက်ယောက်လောက်သည် အသက်ရှင်လျှက် ကျန်ရှိနေခဲ့သည်။ ထို့အထဲမှ တစ်ယောက်သည် ပြိုကျလာသော ထုတ်တန်းဖြင့် ပေါင်အား ရိုက်မိသွားခဲ့သည်။ ကံကောင်းစွာဖြင့် သူသည် အစထဲမှ မသန်မစွမ်းဖြစ်နေသော သူ တစ်ဦးဖြစ်သောကြောင့် သူ၏ မသန်သော ခြေထောက်သည် ထပ်၍ ထိခိုက်သွားသည်နှင့် ပတ်သက်၍ ခံစားမှု သိပ်မရှိပေ။

လူတိုင်းသည် သူတို့ နိုင်သလောက် ပစ္စည်းများ သယ်ယူလာကြသည်။ ယခုအချိန်တွင် လူတိုင်းသည် အခြေခံအား ဖြင့် ဂူထဲတွင် နေကြမည်ဖြစ်ရာ ရွာသူကြီးဟူသည် အမျိုးသမီးများအား အလှည့်ကျ လူတိုင်းအတွက် ထမင်းချက်စေသည်။

အစားအစာများအား အကုန်စုပေါင်း ချက်ခြင်းဖြင့် ထင်းကုန်မည်အား ချွေတာနိုင်ပေသည်။ ဝမ်မိသားစုသည် မြွေသားနှင့် အစားအစာ ရာနှင့် ချီသော ကတ်တီများ အားလုံးကို တိုက်ရိုက် သယ်ယူစေခဲ့သည်။ ဝမ်မိသားစု၏ ရက်ရောမှုအား တစ်ခြားသူများသည် မည်ကဲ့သို့ ရင်ထဲ မထိပဲနေနိုင်မည်နည်း။ တတိယ အဒေါ်ဟူသည် အဖွားအိုဝမ်အား အထူးကျေးဇူးတင်စကား ပြောလိုက်သည်။

“နင်တို့ မိသားစုက အရမ်းကြင်နာတတ်ကြတာပဲ ဒီလိုအချိန်မှာတောင် နင်တို့က လူတိုင်းအတွက် တွေးပေးသေးတယ်”

အဖွားအိုဝမ်သည် အေးစက်စက်ဖြင့် နှာမှုတ်လိုက်ကာ သူမအား လျစ်လျူရှုလိုက်သည်။

အရင်တုန်းက သူတိူ့ ဘာလုပ်ခဲ့လို့လဲ ....

သူတို့မိသားစုက အရင်ထဲက ဒီတိုင်းပဲ မဟုတ်လို့လား......

အားယွီသည် ခေါင်းလေးအား စောင်းကာ တတိယအဒေါ်ဟူအား ကြည့်လိုက်သည်။ တတိယအဒေါ်ဟူသည် သူမအား သေးငယ်သော ဒူးကာလေးပေးခဲ့သည်ကို မှတ်မိသွားသောကြောင့် သူမသည် မတ်တပ်ရပ်ကာ အဝတ်ပုံများအလည်မှ တတိယအဒေါ်ဟူ ပေးခဲ့သော ဒူးအကာအား ရှာဖွေလိုက်သည်။

သူမသည် ကောက်ယူလိုက်ပြီးနောက် သူမ၏ လက်မောင်းထဲသို့ ထည့်ကာ ဖက်ထားလိုက်သည်။ ထို့နောက် သူမသည် နှစ်ချက်လောက် ခုန်ပေါက်ကာ တတိယအဒေါ်ဟူစီသို့ လျှောက်လာလိုက်ရင်း ပြောလိုက်သည်။

“တတိယအဒေါ် ဒါက အဒေါ့်အတွက်ပါ”

“အိုး အားယွီလေးပါလား သမီးလေး မအိပ်တော့ဘူးလား”

တတိယအဒေါ်ဟူသည် ခါးကိုင်းလိုက်ကာ ပြုံးလျှက် အားယွီလေးအား ကြည့်ကာ ပြောလိုက်သည်။

“သမီး နောက်ထပ်မအိပ်တော့ပါဘူး အခု သမီး ကောင်းကောင်း နိုးနေပါပြီ “

အားယွီသည် အပြည့်အဝ နိုးနေပြီ ဖြစ်သည်။ သူမ၏ လက်သေးသေးလေးများဖြင့် ဒူးကာလေးအား ယူဆောင်လာပြီး လက်ညှိးထိုးလျှက် ပြောလိုက်သည်။

“ကျေးဇူးတင်ပါတယ် တတိယအဒေါ် သမီး အခု မအေးတော့ပါဘူး”

“အိုက်ယား အဒေါ်တို့က တစ်ရွာထဲသားတွေလေ ဘာလို့ သမီးက အဒေါ့်ကို ကျေးဇူးတင်စကား ပြောနေရတာလဲ”

လူတစ်ယောက်ယောက်က သူမအား ကျေးဇူးတင်စကား မပြောခဲ့သည်မှ အလွန် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ထိုခံစားချက်သည် အလွန် ဆန်းသစ်နေခဲ့သည်။ အမှန်တကယ်မှာတော့ တတိယအဒေါ်သည် ကလေးချစ်တတ်သူ တစ်ယောက် မဟုတ်ပေ။ အထူးသဖြင့် မိန်းကလေးတွေနှင့် ပတ်သက်လာလျှင် ပို၍ ဆိုးသည်။ ထိုသို့ မဟုတ်ခဲ့လျှင် သူမသည် အရင်က ထိုကဲ့သို့သော စကားများ ပြောလိမ့်မည် မဟုတ်ပေ။

မိန်းကလေး တစ်ယောက်အား ပျိုးထောင်ရခြင်းက ဘာများလဲ......

အနာဂတ်တွင် လက်ထပ်သွားသောအခါ ယောက္ခမအိမ်တွင် နေ့တိုင်း အနိုင်ကျင့်ခံရမည်ကို အစားအစာများ ဖြုန်းတီးကာ ပျိုးထောင်ရခြင်း ဖြစ်သည်။ ထိုသို့တွေးမိလျှင် သူမသည် ဒေါသထွက်လာပေသည်။

သို့သော် သူမ၏ ရှေ့တွင် ကောင်မလေးအား မြင်လိုက်ရသောအခါ သူမသည် အလွန်ပိန်လှီက နှစ်နှစ် အရွယ်သာ ရှိသေးသော်လည်း သူမ၏ မျက်လုံးများသည် သမင် မျက်လုံးများကဲ့သို့ လွန်စွာ လှပပေသည်။ သူမအား ကြည့်လိုက်ချိန်တွင် သူသည် အကူညီမဲ့စွာ ပြုံးပြချင်စိတ်ကို မထိန်းနိုင်ခဲ့ပေ။ ငတုံးမကြီး ကျန်းသည် သူမလေးအား ထိုမျှ ကာကွယ်ပေးနေသည်မှာ မထူးဆန်းတော့ပေ။ သူသည် အလွန်ကို ချစ်စရာကောင်းသော ကလေးမလေး တစ်ယောက်ဖြစ်သည်။

“နင် ဘာကို ကြည့်နေတာလဲ နင့်မှာကော မြေးမလေးမရှိလို့လား ဒါက ငါ့မြေးမလေးနော်”

အဖွားအိုဝမ်သည် ရှေ့သို့ လျှောက်လာကာ တတိယအဒေါ်ဟူအား တွန်းလိုက်ကာ မဖော်ရွေစွာ ဘုကြည့် ကြည့်လိုက်သည်။

“မြန်မြန် သွားတော့ ငါ အလုပ်ရှုပ်နေတာ နင် မမြင်ဘူးလား ဘာလို့ ငါတို့ အားယွီလေး နဲ့ ရင်းနှီးအောင် လုပ်ဖို့ ကြိုးစားနေတာလဲ နင့်မှ ဘာမှ လုပ်စရာမရှိဘူးလား တတ်နိုင်သမျှ ဝေးဝေးနေစမ်းပါ”

ပြုံးနေသော တတိယအဒေါ်ဟူ၏ မျက်နှာသည် အေးခဲသွားကာ သူမ၏ မျက်လုံးအား လှိမ့်လိုက်သည်။ သူမသည် နှာမှုတ်လျှက် ချက်ချင်း လှည့်ပြန်သွားတော့သည်။ သူမသည် သူမတို့၏ မိသားစုအတွက် ချမှတ်ပေးထားသော နေရာအား ရောက်ရှိလာသောအခါ သူမ၏ ဒုတိယသား ဖြစ်သူသည် သူမထံသို့ လာကာ ဘာဖြစ်လဲဆိုတာကို မေးမြန်းလိုက်သည်။ သူမသည် သူ၏ ခေါင်းအား ခေါက်ချလိုက်ကာ ပြောလိုက်သည်။

“နင် အတော်လေး အားနေရင် ရွာသူကြီးနဲ့ အတူတူ နှင်းတူးဖို့ သွားပါလား နင့်သမီး ကလည်း ရုပ်ဆိုးတဲ့ ဖရဲသီးလိုပဲ ငါ မြင်တဲ့ အချိန်တိုင်း ဒေါသထွက်ရတယ်”

အကြောင်းမဲ့ အဆူခံလိုက်ရ ပြီးနောက်တွင် ဒုတိယသားဟူသည် သူ၏ ခေါင်းအား ကိုင်ကာ ကြက်သေသေလျှက် ကြည့်နေလိုက်သည်။ သူ၏ ခေါင်းအား လှည့်ကြည့်လိုက်ချိန်တွင် သူ၏ ဇနီးသည်နှင့် သမီးဖြစ်သူတို့သည် သူ့အား မကျေနပ်သော အကြည့်ဖြင့် ကြည့်နေသည်ကို မြင်လိုက်ရသည်။

ဒုတိယသားဟူ “........”

သူ ဘယ်သူ့ကို သွားပြီး စိတ်အနှောင့်အယှက်ပေးမိလို့လဲ...... ဘာတွေ ဖြစ်နေတာလဲ......

လူကြီးများ အလုပ်ရှုပ်နေချိန်တွင် အားယွီလေးသည် သူမ၏ ပဉ္စမအစ်ကို ဆဌမအစ်ကိုနှင့် သတ္တမအစ်ကိုတို့အား ဆွဲခေါ်ကာ အပေါ်ဝတ်ရုံများ ဒူးကာများ နှင့် လည်စည်းများအား လူတိုင်းထံသို့ ပြန်ပေးရန် သွားကြသည်။

အားယွီ၏ မှတ်ဉာဏ်သည် အလွန်ကောင်းပေသည်။ သူမသည် လူတစ်ယောက်အား တစ်ခါမြင်ဖူးရုံဖြင့် သူမသည် ထိုလူအား အမှားအယွင်း မရှိ ပြန်ရှာနိုင်ပေသည်။ ထို့ကြောင့် သူမလေးသည် အမှားယွင်းကင်းစွာ အဝတ်အစားများ ပြန်ပေးသောအခါ လူတိုင်းသည် အံ့အားသင့်သွားကြကာ သူမလေးသည် အလွန် ထောက်ထား ညှာတာ တတ်သည်ဟု ခံစားလိုက်ကြရသည်။

“အားယွီ သိမ်းထားလိုက်ပါ ဒါတွေနဲ့ဆိုရင် သမီးလေး ညဘက်အိပ်တဲ့ အခါ အေးတော့မှာ မဟုတ်ဘူး”

လူအချို့က သူတို့၏ အဝတ်အစားများအား ပြန်ယူရန် ငြင်းဆန်ခဲ့ကြသည်။ သူတို့သည် အားယွီ၏ ခေါင်းပေါ်မှ ဆံပင်လုံးလေးနှစ်လုံးအား မြင်သော် သူတို့ မထိဘဲ မနေနိုင်ကြချေ။

“အားယွီက မအေးပါဘူး နွေးနေတာ”

အားယွီသည် တစ်ဖက်လူ၏ လက်ပေါ်သို့ သူမ၏ လက်နွေးနွေးလေးအား လက်ဦးမှု ယူကာ တင်ပေးလိုက်ပြီး လက်မှ အနွေးဓာတ်အား ခံစားစေလိုက်သည်။ သူမသည် လူတိုင်း တွေးထားသည်ထက် အအေးဒဏ်အား ကြောက်ရွံမှု နည်းကာ ခံနိုင်ရည် ရှိသည်။ သူမသည် ခြေဗလာဖြင့် နှင်းပေါ်တွင် ပြေးနိုင်သေးသည်။ သူမသည် ထိုကဲ့သို့သော အရာများအား အသားကျနေပြီ ဖြစ်သည်။

“ဟူကျန်းရှန်း ဟူကျန်းယန် ဟူကျန်းယိ ..... သူတို့ ဘယ်ရောက်သွားကြတာလဲ ကိုယ့်ပစ္စည်းကိုယ် သယ်ပြီး ငါ့နောက်လိုက်ခဲ့ကြစမ်း”

အပြင်ဘက်မှ အော်သံ တစ်ခု ထွက်ပေါ်လာခဲ့သည်။ နာမည် အော်ခေါ် ခံလိုက်ရသူများသည် ဂူထဲမှ အလျှင်အမြန် လမ်းလျှောက် ထွက်သွားကြသည်။ အားယွီသည် အဝတ်အစားများ ပြန်ပေးနေသည်မှာ မပြီးဆုံးသေးခင် လျိုရှီ၏ အော်ခေါ်သံအား ကြားလိုက်ရသည်။

အပြင်ဘက်တွင် မတော်တဆမှု တစ်ခု ဖြစ်ပွားသွားခဲ့သည်။ ဝမ်ချွမ်းမန်နှင့် ဝမ်ချွမ်းယွမ်တို့သည် ကူညီရန် ထွက်ခွာသွားကြသည်။ ဝမ်မိသားစုရဲ့ အနားယူရန် ကျန်ခဲ့သော မိသားစုဝင်များသည် အပြင်ဘက်သို့ ထပ်မံ၍ မထွက်ကြတော့ပေ။

(မင်း အခုဏက အကျီတွေ ပြန်ပေးလိုက်တဲ့ အချိန်မှာ စွမ်းအင်က နည်းနည်း တက်လာခဲ့တယ် စိတ်ဝိဉာဉ် စမ်းရေကတော့ အများကြီး မတိုးလာပေမဲ့ မင်းသောက်ဖို့ တစ်ဇွန်းစာလောက်တော့ ရနိုင်သေးတယ်)

အသားလုံးလေးသည် ရုတ်တရက် ပြောလိုက်သည်။ အားယွီလေးသည် အမှန်တကယ်တော့ သူမ၏ နှလုံးသားထဲတွင် ရှိနေသော နတ်သူငယ်လေးနှင့် မည်ကဲ့သို့ ဆက်သွယ်ရမည်ကို သိနှင့်နေပြီ ဖြစ်သည်။ သူမသည် ဝမ်းသာ ပျော်ရွှင်စွာ ဖြင့် ပြန်လည် ပြောဆိုလိုက်သည်။

“အဲ့ဒါ အမေ့အတွက် “

(မရဘူး အဲ့ဒါက တန်ဖိုးကြီးတယ် မင်းအသက်ကို ကယ်ဖို့ သိမ်းထားလိုက်အုန်း)

“အမေ့ အတွက် “

(………)

၎င်းသည် သူမ၏ တောင်းဆိုမှုအား လုံးဝ မငြင်းပယ်နိုင်သောကြောင့် စိတ်ဝိဉာဉ်ရေအား ခပ်ထုတ်ပေးရန်သာ တတ်နိုင်သည်။ ထိုအချိန်တွင် ရေအား ထည့်ရန် အိုးတစ်အိုးတောင် မရှိပေ။ အားယွီလေးသည် သူမ၏ လက်ခုပ်ထဲ၌ ရေအားထည့်ကာ လျိုရှီ၏ အနားသို့ ဂရုတစိုက် သယ်လာခဲ့သည်။ သူမ၏ လက်ကလေးနှစ်ဖက်အား ဖြေးဖြေးချင်း မြှောက်ကာ ပြောလိုက်သည်။

“အမေ ရေသောက်လိုက်ပါအုန်း”

လျိုရှီသည် အားယွီ၏ ရေအား မည်သည့်နေရာမှ လာသည်ဆိုသည်ကို မသိပေ။ သူမထင်လိုက်သည်မှာ အားယွီလေးသည် သူ၏ ငါးယောက်မြောက် အစ်ကိုနှင့် တခြားသူများသည် သူမ ကစားရန် အပြင်မှ ယူလာပေးသော နှင်းများအရည်ပျော်နေခြင်း ဖြစ်သည်ဟု တွေးထားခြင်း ဖြစ်သည်။

“အမေ ရေမဆာပါဘူး”

လျိုရှိသည် လက်ကိုင်ပုဝါအား ယူကာ သူမ၏ လက်ကလေးအား သုတ်ပေးရန် လုပ်လိုက်သည်။

“အမေ သောက်ဖို့ အတွက်ပါ”

အားယွီသည် အခိုင်အမာပြောကာ သူမ၏ လက်နှစ်ဖက်အား လျိုရှိ၏ ပါးစပ်နားကို တေ့ပေးလိုက်သည်။ အားယွီလေးအား ချော့မြူရန် အတွက် လျိုရှီသည် သောက်ချင်ယောင် ဆောင်ရင်း စိတ်ဝိဉာဉ် စမ်းရေသည် သူမ၏ ပါးစပ်ထဲသို့ စုပ်ယူလိုက်သည်။ ခဏအတွင်းမှာပင် ထိုရေသည် အသက်ရှိနေသကဲ့သို့ သူမ၏ လည်ချောင်းထဲသို့ စီးဝင်သွားသည်။ ထို့နောက် ညင်သာသော နွေးထွေးသော အနွေးစီးကြောင်းသည် လှိမ့်တက်လာခဲ့ကာ သူမသည် ရေနွေးသောက်လိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။ ထိုအရာသည် အလွန်အမင်း လန်းဆန်းသွားသလို ခံစားရခြင်း ဖြစ်သည်။

ထိုရေသည် အရမ်းထူးခြားနေသည်များလား.......

လျိုရှီ အဖြေရှာ မတွေ့ခင်မှာပင် ဝမ်ချွမ်းမန်နှင့် တစ်ခြားသူများသည် ပြန်ခဲ့ကြသည်။ သိူ့သော် လူတိုင်း၏ မျက်နှာများသည် မကျေနပ်သော အရိပ်အယောင်များ ပြည့်နှက်နေခဲ့သည်။ သူတို့သည် စိတ်အနှောက်အယှက် ဖြစ်စရာ တစ်ခုခုနှင့် ကြုံတွေ့ခဲ့ရသလို ဖြစ်နေသည်။

“ဘယ်လိုတောင် ကံဆိုးလိုက်လဲ နှင်းထု ပြိုကြတာကြောင့် ဘေးက ရှန်ယန်းရွာက လူတွေ ငါတို့ရွာဘက်ကို ရောက်လာကြတယ်”

“သူတိူ့က ငါတို့ရဲ့ အရင်းအမြစ်တွေကိုတောင် လိုချင်နေကြသေးတယ် ရွာသူကြီးက အခု သူတိူ့နဲ့ အခြေအနေတွေကို ဆွေးနွေးနေတယ်”

“သူတို့က ငါတို့ တံခါးဝထိလာပြီး အနိုင်ကျင့်နေကြတာ သူတို့ ရှန်ယန်းရွာကလူတွေ တော်တော် မောက်မာကြတာပဲ “

အားယွီလေးသည် ဝမ်ချွမ်းမန် မျက်မှောင်ကြုတ်နေသည်ကို မြင်သော် အခါ သူမသည် ဟင်းလင်းပြင် ကမ္ဘာထဲမှ စိတ်ဝိဉာဉ် စမ်းရေအချို့အား ထုတ်ပေးချင်ခဲ့သည်။ အမေ သောက်ပြီးပြီ ဖြစ်သောကြောင့် အဖေသည်လည်း သောက်သင့်ပေသည်။

(ခေါင်းမာမနေနဲ့ မင်းရဲ့ သိုလှောင်မှုက အစထဲကနည်းနည်းလေး ရှိတာ ဖြေးဖြေးချင်းပဲ စုဆောင်းလို့ရတာ အခု တစ်စက်မှတောင် မကျန်တော့ဘူး)

All Chapters