အခန်း (၃၂၄၆-၃၂၅၀)
Vol. 166 Ch. 3246-3250
Chapter 3246
မြင့်မားသောမျှော်စင်ကြီးသည် လုအိမ်တော်ခြံဝန်းအတွင်း၌ မားမားမတ်မတ် တည်ရှိနေဆဲပင်။
လုအိမ်တော်၏ပြင်ပတွင် အကာအကွယ်ဝင်္ကပါတစ်ခုရှိသဖြင့် ပြင်ပရှိလူများ စုံစမ်းထောက်လှမ်းမှုမပြုနိုင်ရန် ဟန့်တားထားနိုင်သည်။သို့ရာတွင် မျှော်စင်အတွင်းရှိအခြေအနေများကို အပြင်မှနေ၍ ချက်ချင်းသိရှိနိုင်ပေ၏။
"သခင်လေးခိုင်က တတိယထပ်ကို ရောက်သွားပြီ"
"စစ်နတ်ဘုရားရဲ့ဆက်ခံသူတွေထဲက တချို့ကလည်း စတုတ္ထထပ်ကို ရောက်တော့မယ်...ဒါက သိပ်မကြာလောက်တော့ဘူး"
"လုယွီက နဝမထပ်မှာ ပိတ်မိနေတုန်းပဲ...သူက ကျရှုံးသွားလောက်တယ်...သူ ကျရှုံးတာနဲ့ ငါတို့မှာ သူ့ကို အနိုင်ယူနိုင်တဲ့ အခွင့်အရေးရှိသေးတယ်"
ဤအချိန်အခိုက်အတန့်တွင် လုမိသားစုဝင်တပည့်တချို့သည် မျှော်စင်အောက်၌ သူတို့၏မိသားစုအလံများကိုဝှေ့ယမ်းကာ ဝမ်းသာအားရ အားပေးနေကြသည်။
သူတို့အနက်မှအများစုသည် မျှော်စင်အတွင်းသို့ ဝင်ရောက်ခဲ့ကြသော်လည်း ပထမထပ်၌ပင် တောင့်ခံနိုင်ခဲ့ခြင်းမရှိချေ။
ဤှသည်က အလွန်သာမာန်ဆန်သောကိစ္စပင်။မည်သို့ပင်ဆိုစေကာမူ ကောင်းကင်သက်တမ်းမျှော်စင်သည် လုမိသားစု၏စမ်းသပ်ကွင်းပြင်များအနက် အစွမ်းထက်ဆုံးပင်။ထို့ကြောင့် သာမာန်တပည့်များ ဖြတ်ကျော်နိုင်ရန် လွန်စွာခက်ခဲပေမည်။
သို့ရာတွင် သူတို့လက်မခံနိုင်ဆုံးကိစ္စမှာ အပြင်လူတစ်ယောက်ဖြစ်သော လုယွီသည် နဝမထပ်သို့ တက်လှမ်းနိုင်ခဲ့ခြင်းဖြစ်သည်။
ဤသည်က အမှန်တရားဖြစ်သော်လည်း သူတို့၏မောက်မာဝံ့ကြွားမှုများကို ရိုက်ချိုးလိုက်သကဲ့သို့ပင်။
လုမိသားစုဝင်လူငယ်များ စိတ်လှုပ်ရှားစွာဖြင့် မျှော်စင်ကို စူးစိုက်ကြည့်နေစဥ်မှာပင် သာယာနာပျော်ဖွယ်ခေါင်းလောင်းသံတစ်သံက ရုတ်တရက် လုမိသားစု၏အထက်ကောင်းကင်ယံအတွင်း၌ မြည်ဟီးသွားသည်။
ထိုခေါင်းလောင်းသံသည် လေထုအတွင်း၌ ပဲ့တင်ထပ်နေကာ ကောင်းကင်ယံအတွင်း၌ ရစ်ဝဲနေပြီး အချိန်အတော်ကြာသည့်တိုင် ပျက်ပြယ်သွားခြင်းမရှိချေ။
"အိမ်တော်ထဲက တာအိုခေါင်းလောင်းသံ ဘာလို့မြည်ဟီးလာတာလဲ"
"မိသားစုထဲမှာ ကိစ္စကြီးတစ်ခုခု ဖြစ်တဲ့အချိန်ကျမှသာ တာအိုခေါင်းလောင်းသံ မြည်ဟီးတာ...ဒီတစ်ကြိမ်မှာ ဘာလို့မြည်ဟီးလာတာလဲ"
လုမိသားစုဝင်လူငယ်များက အဝေးတစ်နေရာသို့ တပြိုင်နက်တည်း မော့ကြည့်လိုက်ကြ၏။ထိုတာအိုခေါင်းလောင်းသံသည် ခေါင်းလောင်းမျှော်စင်မှ မြည်ဟီးနေခြင်းပင်။
တာအိုခေါင်းလောင်းသံ သုံးကြိမ်တိုင်တိုင် မြည်ဟီးသွားသည်။
ရုတ်ချည်းဆိုသလိုပင် တောက်ပသောအလင်းတန်းတစ်တန်းက ကောင်းကင်သက်တမ်းမျှော်စင်၏တတိယထပ်မှ ဖြာကျလာသည်။
ပြင်းထန်သောတုန်ခါသံကြီးက လုမိသားစု၏အထက်ကောင်းကင်ယံမှ ထွက်ပေါ်လာပေ၏။ဤသည်က အလွန်အမင်းစူးရှကျယ်လောင်ပြီး အထက်ကိုးကောင်းကင်ဘုံမှနေ၍ နက်နဲသိမ်မွေ့သော မိုးကြိုးတစ်စင်း ကျရောက်လာသကဲ့သို့ပင်။
ဤကျယ်လောင်သောအသံကြီးသည် အံ့အားသင့်တုန်လှုပ်နေသော လုမိသားစုဝင်လူငယ်များကို အသိဝင်သွားစေသည်။
သူတို့သည် နောက်တစ်ကြိမ်ခေါင်းမော့၍ ကြည့်လိုက်ကြရာ မျှော်စင်နဝမထပ်၏နံဘေးရှိ ကျောက်ပြားပေါ်တွင် ရွှေရောင်စာလုံးဖြင့် ရေးသားထားသော လုယွီ၏နာမည် ထွက်ပေါ်လာသည်ကို မြင်တွေ့မိလေ၏။
လုယွီ၏နာမည်နောက်၌ ယခင်အတိုင်းတူညီစွာပင် ကိန်းဂဏန်းများအတန်းလိုက်ရှိနေသည်။
လုမိသားစု၏သမိုင်းစဥ်တလျှောက်တွင် ယခင်က နဝမထပ်ကို ဖြတ်ကျော်နိုင်ခဲ့သူဟူ၍ တစ်ယောက်သာရှိသည်။သို့ရာတွင် ဤလူ၏အမှတ်သည် လုယွီလောက် များပြားခြင်းမရှိချေ။
လုယွီသည် ကောင်းကင်ယံ၌ တောက်ပနေသော ကြယ်တစ်ပွင့်နှင့်တူညီကာ လုမိသားစုမှပါရမီရှင်များအားလုံးကို ဖိနှိပ်ထားနိုင်သည်။
အတိတ်တွင် မည်မျှထိသန်မာအားကောင်းခဲ့သော ပါရမီရှင်ဖြစ်နေပါစေ သူ ပြုလုပ်ခဲ့သောရလဒ်သည် လုယွီ၏ရှေ့၌ ထည့်သွင်းဖော်ပြရန်ပင် မထိုက်တန်ချေ။
"သူ....သူက နဝမထပ်ကို ဖြတ်ကျော်သွားနိုင်တာလား"
"ဒါက ဘယ်လောက်ကြာသေးလို့လဲ...သူ နဝမထပ်ကို ဖြတ်ကျော်သွားနိုင်တာ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ"
ပတ်ဝန်းကျင်ရှိ လုမိသားစုဝင်လူငယ်များသည် ကျောက်ပြားပေါ်ရှိနာမည်ကို မြင်တွေ့စဥ်တွင် သူတို့အားလုံး ထိတ်လန့်တုန်လှုပ်သွားကြသည်။
လုခိုင်က လူအုပ်အကြားမှနေ၍ ရှေ့သို့တိုးထွက်လိုက်သည်။ကျောက်ပြားပေါ်၌ ရွှေရောင်တောက်ပနေသောနာမည်ကို မြင်တွေ့ချိန်တွင် သူ၏စိတ်နှလုံးသားအတွင်း၌ အကြောင်းပြချက်မရှိဘဲ ထိတ်လန့်ကြောက်ရွံမှုများ ကြီးစိုးလာသည်။
တံလျှပ်ပင်လယ်မျှော်စင်၌ လုယွီကို ရန်စစော်ကားခဲ့မိခြင်း၏အကျိုးဆက်ကို သူ အမှတ်ရနေဆဲပင်။
ဤလုယွီသည် ဖူကျစ်ရွှယ် နတ်ဘုရားဓားအမတ်ကြီးတို့နှင့်လည်း ရင်းနှီးကျွမ်းဝင်သူဖြစ်သည်။
ထိုအကြောင်းကို တွေးတောမိချိန်တွင် လုခိုင်သည် သူ၏နှလုံးသား ကဆုန်စိုင်းခုန်ပေါက်လာသကဲ့သို့ ခံစားမိလေ၏။မကြုံစဖူး ထိတ်လန့်ကြောက်ရွံမှုမျိုးက သူ၏စိတ်နှလုံးသားတစ်ခုလုံးကို လွှမ်းခြုံသွားသည်။
ယခုလက်ရှိတွင် လုယွီသည် သာလွန်ထူးကဲသော စွမ်းအားကို ပိုင်ဆိုင်ထားရုံသာမက မြင့်မားသောနောက်ခံအဆင့်အတန်းလည်း ရှိနေသည်။
သူသည် ဤနှစ်၏ထိပ်သီးကျောင်းတော်သား ဖြစ်သဖြင့် သာမာန်လူများ စိတ်ကူးပင်ယဥ်ကြည့်နိုင်မည်မဟုတ်သော ဂုဏ်အရှိန်အဝါမျိုးကိုလည်း ပိုင်ဆိုင်ထားလေ၏။
"ငါ ဒီနေရာကနေ မြန်မြန်ထွက်သွားမှဖြစ်မယ်...မဟုတ်ရင် သူ ငါ့ကို ရှာတွေ့သွားပြီးတော့ ငါ့ရှေ့ကိုရောက်လာမယ်ဆိုရင် ဒါက အရမ်းဆိုးရွားသွားလိမ့်မယ်"
လုခိုင်သည် ချက်ချင်းနောက်သို့ပြန်လှည့်ကာ သူ၏အိမ်တော်သို့ အလျှင်အမြန် ပြန်ပြေးခဲ့တော့သည်။
ဤအချိန်အခိုက်အတန့်တွင် လုယွီသည် လုခိုင်ကို အနည်းငယ်မျှပင် ဂရုမစိုက်ချေ။
သူ မျှော်စင်နဝမထပ်မှ ထွက်လာသည်နှင့် ချက်ချင်းဆိုသလိုပင် လုမိသားစုဝင်လူငယ်များ၏ဝိုင်းရံခြင်းကို ခံလိုက်ရသည်။
Chapter 3247
ထိုလုမိသားစုဝင်လူငယ်များသည် စိတ်ရှုပ်ထွေးနေသော အကြည့်များဖြင့် လုယွီကို ကြည့်နေကြ၏။
သူတို့နှင့်လုယွီသည် သက်တူရွယ်တူခန့်ဖြစ်သော်လည်း လုယွီသည် သူတို့ထက်သာလွန်သော တစ်စုံတစ်ခုကို လုပ်ဆောင်နိုင်ခဲ့လေပြီ။
လုမိသားစုဝင်လူငယ်များသည် ထိုကိစ္စကိုလက်ခံရန် မလိုလားသော်လည်း လုယွီ၏တောက်ပသောအနီရောင်ဝတ်စုံကို မြင်တွေ့ချိန်တွင် သူတို့အားလုံး အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားသည်။
မည်သို့ပင်ဆိုစေကာမူ ဤလူသည် တာယွီအင်ပါယာ၏စာမေးပွဲသုံးခုလုံးတွင် ပထမနေရာကိုရရှိခဲ့သည့် ရှားပါးသော ထိပ်သီးကျောင်းတော်သားတစ်ယောက်ပင်။
ထိုအဆင့်အတန်းသည် သူတို့အားလုံး၏သံသယများကို ဖုံးလွှမ်းသွားလေ၏။
"မင်းက ငါတို့ကို အရှက်ခွဲချင်တာလား"
လုမိသားစုဝင်လူငယ်တစ်ယောက်က မေးမြန်းသည်။
လုယွီက သူတို့ကိုတစ်ချက်ကြည့်၍ ခေါင်းခါပြလေသည်။
"မင်းတို့က ငါ အရှက်ခွဲဖို့အတွက် မထိုက်တန်ဘူး"
လုမိသားစုဝင်လူငယ်များအားလုံး ဒေါသထွက်သွားကြသည်။
လုယွီသည် သူတို့ကို အနည်းငယ်မျှပင် သူ၏မျက်လုံးအတွင်း မထည့်ချေ။
"ထိပ်သီးကျောင်းတော်သားက အရမ်းကိုယုံကြည်ချက်ရှိနေမှတော့ ဒီနေရာမှာ ငါတို့ ပြိုင်ပွဲတစ်ခု ဘာလို့မလုပ်ဘဲ နေရမှာလဲ...မင်းက တိုက်ခိုက်ရေးစာမေးပွဲမှာ ပထမနေရာရထားတယ်လို့ ငါ ကြားထားတယ်...ငါတို့က မင်းဆီကနေ သင်ယူချင်ပါတယ်"
စစ်သူတော်စင်၏ဆက်ခံသူများအနက်မှတစ်ယောက်က ပြောဆိုသည်။
တခြား စစ်သူတော်စင်၏ဆက်ခံသူများကလည်း ခြေတစ်လှမ်းရှေ့တက်ကာ လုယွီကို ဝိုင်းရံလိုက်ကြ၏။
လုကျိုးမင်သည် ထိုမြင်ကွင်းကိုမြင်တွေ့ချိန်တွင် သူက အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။
"မင်းတို့ ဘာလုပ်တာလဲ...လုယွီက ငါတို့အိမ်တော်ရဲ့ အရေးကြီးဧည့်သည်တော်တစ်ယောက်ပဲ...မင်းတို့ မရိုင်းပျကြနဲ့"
"တခြားဘာမှမလုပ်ပါဘူး...ငါက သူ့ဆီကနေ သင်ယူချင်ရုံသက်သက်ပဲ"
စစ်သူတော်စင်၏ဆက်ခံသူတစ်ယောက်က အေးစက်စက်လေသံဖြင့် ပြောဆိုလေသည်။
သူတို့ထံတွင် စစ်သူတော်စင်၏ဆက်ခံသူဟူသော အဆင့်အတန်းမျိုးရှိနေသဖြင့် တာယွီအင်ပါယာ၏တော်ဝင်စာမေးပွဲတွင် ဝင်ရောက်ယှဥ်ပြိုင်ရန် မလိုအပ်ချေ။
ထို့ကြောင့် လုယွီသည် တိုက်ခိုက်ရေးစာမေးပွဲ၌ ပထမနေရာကို ရရှိခဲ့သည့်တိုင် သူတို့ပေါ်သို့ အနည်းငယ်မျှပင် သက်ရောက်မှုမရှိချေ။
လုယွီက သူ၏ခေါင်းကိုခါယမ်းကာ ပြောဆိုလိုက်၏။
"မင်းက မထိုက်တန်ဘူး....တကယ်လို့ ငါ အားကုန်တိုက်ခိုက်မယ်ဆိုရင် မင်းတို့အားလုံး သေသွားလိမ့်မယ်"
စစ်သူတော်စင်၏ဆက်ခံသူများသည် အလွန်ဒေါသထွက်သွားကာ အော်ဟစ်၍ရယ်မောလိုက်ကြသည်။
"ဘယ်လိုဟာသမျိုးလဲ...မင်းမှာ အစွမ်းအစတချို့ရှိတာတော့ ငါ ဝန်ခံတယ်...ဒါပေမယ့် မင်းက အရမ်းမောက်မာဝံ့ကြွားလွန်းတယ်...ငါတို့က သက်တူရွယ်တူတွေပဲ...မင်း ဘယ်လောက်ထိ သန်မာအားကောင်းနိုင်မှာမလို့လဲ"
တခြားလုမိသားစုဝင်လူငယ်များကလည်း လုယွီနှင့်တိုက်ခိုက်ရန် စိတ်အားထက်သန်နေသည်။
ထိုလူငယ်များအကြားမှအများစုသည် တော်ဝင်စာမေးပွဲ၌ တစ်ကြိမ်တစ်ခါမျှ ဝင်ရောက်ယှဥ်ပြိုင်ဖူးခြင်းမရှိချေ။သူတို့သည် တော်ဝင်စာမေးပွဲမှ နှုတ်ထွက်လာခဲ့သော ကျောင်းတော်သားများဖြစ်သည်။
အထူးသဖြင့် လုယွီသည် ကောင်းကင်သက်တမ်းမျှော်စင်ကို ပြောင်ပြောင်တင်းတင်းစိန်ခေါ်ခဲ့ကာ သူ၏ခွန်အားဖြင့် ယခုလက်ရှိနေရာတွင်ရှိနေသော လုမိသားစုဝင်လူငယ်များအားလုံးကို ရိုက်ချိုးနိုင်ခဲ့သည်။ဤအချက်ကို မြင့်မြတ်ပြီး ကြီးကျယ်ခမ်းနားသော လုမိသားစုဝင်လူငယ်များ လက်သင့်ခံနိုင်ခြင်းမရှိချေ။
"မင်းတို့ ဘာလုပ်နေတာလဲ...လူခွဲကြစမ်း"
ရုတ်တရက် ကြီးကျယ်ခမ်းနားသောအသံတစ်သံ ထွက်ပေါ်လာသည်။
ထို့နောက်မှနေ၍ ပြင်းထန်သောလေပြင်းတစ်ချက် လူအုပ်ကြီးကိုဖြတ်သန်းတိုက်ခတ်သွားခြင်းနှင့်အတူ လမ်းကြောင်းတစ်ကြောင်း ပွင့်သွားလေ၏။
လုချန်ဆောင်က မျက်မှောင်ကြုတ်ကာ လူအုပ်ကြားမှနေ၍ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လှမ်းလာသည်။သူ၏မျက်လုံးအကြည့်က တည်ကြည်လေးနက်နေသည်။
"တတိယ အကြီးအကဲ"
"တတိယအကြီးအကဲကို အရိုအသေပြုပါတယ်"
လက်ရှိနေရာတွင်ရှိနေသော လုမိသားစုဝင်လူငယ်များသည် ကြွက်များမှကြောင်တစ်ကောင်ကို မြင်တွေ့လိုက်ရသည့်အလား သူတို့၏မောက်မာဝံ့ကြွားသောခေါင်းများကို ငုံလိုက်ကြ၏။
လုချန်ဆောင်သည် လုမိသားစုအတွင်း၌ အစစ်အမှန်အခွင့်အာဏာရှိသော အကြီးအကဲအနည်းစုအနက်မှတစ်ယောက်ပင်။သာမာန်မိသားစုဝင်များမဆိုထားနှင့် အဆင့်မြင့်မားသောလုမိသားစုဝင်များပင်လျှင် လုချန်ဆောင်ကိုမြင်တွေ့ချိန်၌ လေးလေးစားစား ဆက်ဆံရသည်။
လုချန်ဆောင်က အေးစက်စက်လေသံဖြင့် အော်ငေါက်လိုက်သည်။
"လုယွီက ငါတို့လုမိသားစုရဲ့အထူးဧည့်သည့်တော်တစ်ယောက်ပဲ...တကယ်လို့ တစ်ယောက်ယောက်က သူ့ကို ရိုင်းရိုင်းပျပျ ဆက်ဆံဝံ့ရင်...ဒါက ငါ့ကိုစော်ကားတာနဲ့ အတူတူပဲ...မင်းတို့ကောင်တွေ ဘာတွေးနေတာလဲဆိုတာ ငါမသိဘူးလို့ မင်းတို့ ထင်မနေကြနဲ့...မင်တို့အားလုံး ငြိမ်ငြိမ်နေကြစမ်း"
စစ်နတ်ဘုရား၏ဆက်ခံသူများသည် သူတို့၏ခေါင်းများကိုငုံထားကာ မည်သည့်စကားတစ်ခွန်းမျှ ထပ်မဆိုဝံ့တော့ချေ။
လုယွီက ပြောဆိုသည်။
"နယ်စားအန်...အခုက မင်းရဲ့ကတိကို ဖြည့်ဆည်းပေးရမယ့်အချိန်ပဲ"
လုယွီသည် ကောင်းကင်သက်တမ်းမျှော်စင်အတွင်းသို့ ဝင်ရောက်ပြီးနောက် အကယ်၍ သူ နဝမထပ်ကိုဖြတ်ကျော်နိုင်ပါက နဂါးသူတော်စင်အမြူတေကိုရရှိမည်ဟု လုချန်ဆောင်က သူ့ကို ကတိပေးခဲ့သည်။
လုယွီသည် ယခုလက်ရှိချိန်တွင် သိုင်းပညာသူတော်စင် အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေလေပြီ။ဤနဂါးသူတော်စင်အမြူတေကိုရရှိပါက သူ သိုင်းပညာအင်မော်တယ်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်နိုင်ချေရှိသည်။
Chapter 3248
"ဒီနဂါးအမြူတေက မင်းရဲ့အပိုင်ပါပဲ"
လုချန်ဆောင်က ခပ်ဖျော့ဖျော့ပြုံး၍ သူ၏အင်္ကျီလက်မောင်းကြားမှ နီညိုရောင်သေတ္တာတစ်လုံးကို ထုတ်ယူလိုက်သည်။
ဤနီညိုရောင်သေတ္တာသည် အလွန်ကြီးကျယ်ခမ်းနားပေ၏။သေတ္တာ၏အဖုံးတွင် 'မိုးကောင်းကင်'ဟူသောစာလုံးကို ရေးထွင်းထားသည်။ထိုသေတ္တာ၏နံဘေးပတ်လည်တွင် နဂါးပုံစံအမှတ်အသားများလည်းရှိနေကာ အတွင်းရှိပစ္စည်းသည် သာမာန်မဟုတ်ကြောင်း ညွှန်ပြနေသည်။
ထိုသေတ္တာကိုမြင်ချိန်တွင် နံဘေးပတ်ဝန်းကျင်ရှိ လုမိသားစုဝင်လူငယ်များအားလုံး အံ့အားတသင့် အော်ဟစ်လိုက်ကြ၏။
"ကောင်းကင်အဆင့်ရတနာ...တတိယအကြီးအကဲက အဲ့ဒီလူကို ဒီလောက်အဖိုးတန်တဲ့ရတနာ တကယ်ကြီးပေးလိုက်တာပဲ"
"ကောင်းကင်အဆင့်ရတနာတွေအားလုံးက လောကကြီးထဲမှာ အဖိုးတန်ရှားပါးဆုံး ရတနာတွေပဲ...ဘာလို့ သူက အပြင်လူတစ်ယောက်ကို ပေးလိုက်တာလဲ"
ထိုနီညိုရောင်သေတ္တာကိုမြင်တွေ့ချိန်တွင် လုမိသားစုဝင်လူငယ်တချို့၏မျက်လုံးများ နီမြန်းသွားသည်။
ဤှသည်က သူတို့၏လုမိသားစုအတွင်းမှ လူအများစု လိုချင်နေလျှင်ပင် မရရှိနိုင်သော ရတနာတစ်ခုပင်။
ဤှရတနာကို မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် အပြင်လူတစ်ယောက်က ရရှိသွားမည်ဟု သူတို့အားလုံး မျှော်လင့်မထားမိကြချေ။
လုယွီက လုချန်ဆောင်၏လက်အတွင်းမှသေတ္တာကို ယူလိုက်သည်။ရုတ်ချည်းဆိုသလိုပင် သူ၏လက်အတွင်းရှိသေတ္တာသည် မြင့်မားသောတောင်ကြီးတစ်လုံး ဖိစီးနေသည့်အလား အလွန်အမင်းလေးလံသည်ကို ခံစားမိလေ၏။
လုယွီသည် ထိုသေတ္တာကို မဖွင့်သော်လည်း သူ၏စိတ်ဝိညာဥ်မှတဆင့် သေတ္တာအတွင်း၌ အလွန်အမင်းအစွမ်းထက်သောရတနာတစ်ခု ရှိနေခြင်းကို အာရုံခံမိသည်။
ဤရတနာတွင် မြင့်မြတ်ပြီး တည်ကြည်လေးနက်သော အရှိန်အဝါမျိုးရှိနေသည်။
ဤသည်က သူတော်စင်တစ်ပါး၏အရှိန်အဝါပင်။
မြင့်မြတ်သောရတနာပစ္စည်းတစ်ခုမှသာလျှင် ဤကဲ့သို့အရှိန်အဝါမျိုးကို ထုတ်လွှတ်နိုင်သည်။
ဤသေတ္တာအတွင်းတွင် နဂါးသူတော်စင်အမြူတေ ပါဝင်နေကြောင်း လုယွီ ပြောဆိုနိုင်ပေ၏။အကယ်၍ ထိုအရာမဟုတ်လျှင်ပင် အဆင့်တူရတနာပစ္စည်းတစ်ခု ဖြစ်ပေမည်။
"မင်း ဘယ်လိုထင်လဲ...သေတ္တာကိုဖွင့်ပြီးတော့ စစ်ဆေးချင်သေးလား"
လုချန်ဆောင်က မေးမြန်းလေ၏။
လုယွီက ခေါင်းခါလိုက်သည်။
"မလိုအပ်ပါဘူး...ငါက နယ်စားအန်ရဲ့နာမည်ဂုဏ်သတင်းကို ယုံကြည်တယ်"
ထိုသို့ပြောဆိုပြီးနောက် မြောက်မြားစွာသော လုမိသားစုဝင်လူငယ်များ၏မနာလိုအားကျနေသော အကြည့်များအောက်တွင် လုယွီက ထိုသေတ္တာကို သိမ်းဆည်းလိုက်သည်။
လုချန်ဆောင်သည် ထိုသေတ္တာ လုယွီ၏အင်္ကျီလက်မောင်းကြား၌ ပျောက်ကွယ်သွားသည်ကို စောင့်ကြည့်နေလေ၏။သူသည် လုယွီကို ထွက်ခွာသွားခွင့်ပြုမည့်ပုံမရှိချေ။
လုယွီ၏မျက်ခုံး မြင့်တက်သွားသည်။
"နယ်စားအန်...တခြားဘာကိစ္စ ရှိသေးလို့လဲ"
"ဒီကောင်းကင်သက်တမ်းမျှော်စင်မှာ တခြားအဓိပ္ပါယ်တစ်ခုရှိသေးတာကို မင်း သိလား"
လုချန်ဆောင်က ကောင်းကင်သက်တမ်းမျှော်စင်၏နံဘေးသို့ လျှောက်လှမ်းသွားကာ အစင်းကြောင်းများဖြင့် ပြည့်နှက်နေသော မျှော်စင်၏အပြင်ဘက်နံရံကို ညင်သာစွာထိတွေ့လိုက်သည်။
ကောင်းကင်သက်တမ်းမျှော်စင်မှ အနည်းငယ်တုန်ခါသွားသောအသံတစ်သံ ထွက်ပေါ်လာကာ အချိန်အတော်ကြာ မမြင်တွေ့ရသော မိတ်ဆွေဟောင်းတစ်ယောက်ကို နှုတ်ဆက်နေသကဲ့သို့ပင်။
လုယွီက မေးမြန်းသည်။
"မင်း ဘာကိုဆိုလိုတာလဲ"
"ဒီမျှော်စင်က လုမိသားစုရဲ့အနာဂတ်မျိုးဆက်ကနေ မိသားစုခေါင်းဆောင်ကိုရွေးထုတ်ဖို့ တည်ဆောက်ထားတာပဲ...လုမိသားစုခေါင်းဆောင်ဖြစ်ချင်တဲ့ ဘယ်သူမဆို ဒီမျှော်စင်ရဲ့စမ်းသပ်မှုတွေကို ဖြတ်ကျော်ရတယ်....သူက လုံလောက်တဲ့ ပြုပြင်ထိန်းညှိမှုတွေကို ရင်ဆိုင်ပြီးတဲ့နောက်မှသာ လုမိသားစုခေါင်းဆောင်ဖြစ်လာဖို့ အရည်အချင်းပြည့်မီမယ်"
လုချန်ဆောင်က နဝမထပ်၏နံဘေးတွင်ရှိနေသော ကျောက်ပြားကိုကြည့်၍ လေးလံသော သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။
"ငါတို့လုမိသားစုခေါင်းဆောင်တွေရဲ့နာမည်တွေအားလုံး အခုလက်ရှိမိသားစုခေါင်းဆောင်ရဲ့နာမည်ကအစ အဲ့ဒီကျောက်ပြားပေါ်မှာ ရေးထွင်းထားတယ်"
"ငါရဲ့အရင်ရည်ရွယ်ချက်က ကောင်းကင်သက်တမ်းမျှော်စင်ကို အသုံးပြုပြီးတော့ မင်းကို ခက်ခဲမှုဆိုတာ သိစေချင်ရုံပဲ..မင်းက ဒီလောက်ထိထူးချွန်တဲ့ ကိစ္စကို လုပ်နိုင်မယ်လို့ ဘယ်သူက တွေးမိမှာလဲ...မင်းက ငါတို့လုမိသားစုခေါင်းဆောင်တွေရဲ့စံချိန်တွေကိုတောင် ချိုးဖျက်နိုင်ခဲ့တယ်....မင်းက ငါတို့လုမိသားစုကို မျက်နှာပျက်အောင်လုပ်ဖို့ စီစဥ်နေတာလား"
ပတ်ဝန်းကျင်ရှိ လုမိသားစုဝင်များထံမှနေ၍ အံ့အားတသင့်ရေရွတ်သံများ ထွက်ပေါ်လာသည်။
ကောင်းကင်သက်တမ်းမျှော်စင်သည် လုအိမ်တော်၌ အစဥ်အမြဲထွက်ပေါ်နေခြင်းမဟုတ်သဖြင့် မိသားစုဝင်အများစုသည် မျှော်စင်၏အသေးစိတ်အချက်အလက်များကို မသိကြချေ။
နဝမထပ်တွင် လုမိသားစုခေါင်းဆောင်များ၏နာမည်ကို ရေးထွင်းထားမည်ဟုလည်း သူတို့ မျှော်လင့်မထားမိပေ။
လုယွီသည် ယခင်လုမိသားစုခေါင်းဆောင်များ၏စံချိန်များကိုပင် ချိုးဖျက်နိုင်ခဲ့လေရာ သူ မည်မျှထိ သန်မာအားကောင်းနေသနည်း....
ထိုအချိန်မှာပင် ပြင်းထန်သော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒတစ်ရပ်က လုချန်ဆောင်၏ခန္ဓာကိုယ်မှ ပွင့်အံ့ထွက်လာသည်။
လုမိသားစုဝင်များအားလုံးသည် သူတို့၏နံဘေးပတ်ဝန်းကျင်ရှိလေဟာနယ် အေးခဲသွားသည်ကို ခံစားမိပြီး ရက်စက်ကြမ်းကြုတ်သော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒက လေထုအတွင်း၌ ရစ်ဝဲနေသည်ကို တွေ့မြင်မိလေ၏။
"မြန်မြန်နောက်ဆုတ်ကြ...တတိယအကြီးအကဲ ဒေါသထွက်နေပြီ"
လုမိသားစုဝင်လူငယ်တချို့သည် သူတို့၏ဦးရေပြားများ ထုံကျင်လာသကဲ့သို့ ခံစားနေရသည်။သူတို့အားလုံး၏ခန္ဓာကိုယ်များ တင်းကျပ်နေကာ မလှုပ်ရှားဝံ့ချေ။ဤသည်က သူတို့ လှုပ်ရှားမှုတစ်ခုပြုလုပ်လိုက်ပါက သူတို့ထံသို့ ဘေးကပ်ဆိုးကြီးဆိုက်ရောက်လာတော့မည့်အလားပင်။
Chapter 3249
ဤတုန်လှုပ်ချောက်ချားဖွယ် သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒအောက်တွင် မဟာစစ်ဗိုလ်ချုပ်တစ်ယောက်ဖြစ်ခဲ့သော လုကျိုးမင်ပင်လျှင် ဖိအားအရှိန်အဝါကို ခံစားနေရသည်။
သို့ရာတွင် လုယွီသည် မည်သည့်စိတ်မသက်မသာဖြစ်မှုမျိုးမျှမရှိသည့်အလား သူ၏မျက်လုံးအကြည့်က တည်ငြိမ်အေးဆေးနေဆဲပင်။
"နယ်စားအန်က ဘယ်လိုလုပ်ဖို့ စီစဥ်ထားတာလဲ"
လုယွီက မေးမြန်းသည်။
လုယွီ၏တုံ့ပြန်မှုကိုကြည့်ပြီး လုမိသားစုဝင်လူငယ်အမြောက်အများသည် အံ့အားသင့်တုန်လှုပ်မှုနှင့်လေးစားမှုတို့ကို ရောယှက်၍ ခံစားလိုက်ရ၏။
လုချန်ဆောင်ထံမှ တုန်လှုပ်ချောက်ချားဖွယ် ဖိအားအရှိန်အဝါအောက်တွင် သူတို့အတွက် မတ်တတ်ရပ်နိုင်ရန်ပင် ခက်ခဲနေကာ လုယွီကဲ့သို့ တည်ငြိမ်စွာဖြင့် မေးခွန်းပြန်ထုတ်ရန်မှာ မည်သို့မျှမဖြစ်နိုင်ချေ။
မူလက လုယွီကို ပြဿနာရှာရန် ကြံရွယ်ထားကြသော လုမိသားစုဝင်လူငယ်တချို့က မသိမသာ နောက်ဆုတ်လိုက်ကြသည်။
လုယွီကဲ့သို့တည်ရှိမှုတစ်ခုသည် သူတို့ လွယ်လင့်တကူရန်စစော်ကား၍ရသော တစ်စုံတစ်ယောက်မဟုတ်ကြောင်း သူတို့ ကောင်းစွာသိရှိထားသည်။
လုချန်ဆောင်က လုယွီကို အချိန်အတော်ကြာ စူးစိုက်ကြည့်ပြီးမှ မေးမြန်းလေ၏။
"မင်း ငါတို့လုမိသားစုရဲ့သခင်လေးဖြစ်ဖို့ စိတ်ဝင်စားလား"
ရုတ်ချည်းဆိုသလိုပင် ပတ်ဝန်းကျင်တွင်ရှိနေသောလူတိုင်း သူတို့၏ခေါင်းများကိုမော့ကာ လုယွီကို ကြည့်လိုက်ကြသည်။
သခင်လေးရာထူးသည် သာလွန်ထူးကဲသောအဆင့်အတန်းတစ်ခုပင်။
သခင်လေးရာထူးရထားသူတိုင်း အထီးကျန်လူရိုင်းကမ္ဘာကိုဝင်ရောက်ရန် အရည်အချင်းပြည့်မီသည်။ထို့ပြင် သူတို့သည် လုမိသားစု၏ အကောင်းဆုံးကျင့်ကြံခြင်းအရင်းအမြစ်များကို ရရှိနိုင်ပေ၏။
ပြင်ပလောကတွင်ပင် လုမိသားစု၏သခင်လေးတစ်ယောက်သည် အထိန်းအကွပ်မရှိ ပြုမူဆောင်ရွက်နိုင်သည်။နယ်မြေခံအရာရှိတချို့ပင်လျှင် လုမိသားစု၏သခင်လေးတစ်ယောက်ကို မြင်တွေ့ချိန်၌ လေးလေးစားစား ဆက်ဆံရသည်။
သူတို့သည် လုမိသားစုခေါင်းဆောင်နေရာအတွက် ရွေးချယ်ခံများဖြစ်ကာ လုမိသားစု၏အဓိကမိသားစုဝင်များသည်းဖြစ်သည်။
သို့ရာတွင် လုယွီ၏မျိုးရိုးနာမည်သည် လုဖြစ်သော်လည်း သူ၏အကြောင်းကို လူအများစုက စုံစမ်းထောက်လှမ်းပြီးလေပြီ။လုယွီသည် အောက်ဘုံမှ တက်လှမ်းလာခြင်းပင်။ထို့ကြောင့် သူသည် အစစ်အမှန်လုမိသားစုဝင်မဟုတ်ချေ။
လုချန်ဆောင်သည် သူ့အား အကွက်ချကြံစည်ခဲ့ခြင်းဖြစ်ကြောင်း လုယွီက ချက်ချင်းနားလည်သဘောပေါက်သွားသည်။
လုချန်ဆောင်သည် ယခင်ကတည်းက လုယွီကို သခင်လေးရာထူးခန့်အပ်ရန် ဆုံးဖြတ်ထားပြီးဖြစ်ပေမည်။သို့ရာတွင် လုယွီသည် ထိပ်သီးကျောင်းတော်သားဖြစ်သဖြင့် အကယ်၍ သူ မဆင်မခြင်ဆောင်ရွက်လိုက်ပါက လူအများ၏ဝေဖန်မှုကိုခံရမည်အား သူ စိုးရိမ်နေပေမည်။
ယခုလက်ရှိချိန်တွင် မျှော်စင်အတွင်း၌ လူတိုင်း၏ခွန်အားကို အပြည့်အဝစမ်းသပ်နိုင်သဖြင့် မည်သူ့ထံတွင် အရည်အချင်းရှိသည်မှာ သိသာထင်ရှားသွားလေပြီ။
အကယ်၍ တချို့လူများသည် လုယွီကို မနာလိုဖြစ်နေလျှင်ပင် သူ၏ခွန်အားနှင့်ပတ်သတ်၍ သံသယရှိမည်မဟုတ်ချေ။
လုယွီက ပြောဆိုသည်။
"နယ်စားအန် ငါ တောင်းပန်ပါတယ်....ငါက လုမိသားစုရဲ့သခင်လေးနေရာကို စိတ်မဝင်စားဘူး"
နံဘေးပတ်ဝန်းကျင်ရှိလူများသည် အံ့အားသင့်စွာဖြင့် လုယွီကို ကြည့်လိုက်ကြ၏။
သူ ရူးများရူးနေသလော...
သူသည် လုမိသားစု၏သခင်လေးနေရာကိုပင် အလိုမရှိဟု ဆိုလိုက်သလော....
လုချန်ဆောင်က မျက်မှောင်ကြုတ်လိုက်သည်။
"မင်း လုမိသားစုရဲ့သခင်လေး ဖြစ်လာတာက...တော်ဝင်နန်းတွင်းရဲ့အရာရှိတစ်ယောက်လုပ်မယ့် မင်းရဲ့လမ်းကြောင်းကို ဘာထိခိုက်မှုမှ ရှိမှာမဟုတ်ဘူး...မင်း သေချာစဥ်းစားပါ...မင်းက လုမိသားစုရဲ့ကျင့်ကြံခြင်းအရင်းအမြစ်တွေကိုရမယ်....ဒါက မင်းရဲ့ကျင့်ကြံမှုအတွက် အကျိုးကျေးဇူးတောင် ပိုရအုံးမယ်....အထူးသဖြင့် လုမိသားစုရဲ့နောက်ခံအင်အားရှိနေရင် အရင်က မင်းရဲ့ရန်သူတွေက...မင်းကို ထိဝံ့မှာမဟုတ်တော့ဘူး"
သူသည် လုယွီကို လုမိသားစုအတွင်းသို့ သိမ်းသွင်းလိုဆဲပင်။
သို့ရာတွင် လုယွီက သူ၏ခေါင်းကိုခါယမ်းလိုက်၏။
"တကယ်လို့ မင်းမှာ တခြားအကြောင်းအရင်းမရှိတော့ဘူးဆိုရင်...ငါက နောင်တစ်ချိန်မှာ ဒီကိစ္စအတွက် တန်ကြေးပြန်ပေးဆပ်မယ်...လုမိသားစုက ကောင်းမွန်ပေမယ့်...ဒါက ဘယ်လိုပဲဖြစ်ဖြစ် ပြင်ပအင်အားတစ်ခု ဖြစ်နေတုန်းပဲ"
"ပြီးတော့ ငါ့ရဲ့ရန်သူတွေကို ငါ့ဟာငါ ဖြေရှင်းနိုင်တယ်...ငါက ဒီကိစ္စအတွက်နဲ့ နယ်စားအန်ကိုဒုက္ခပေးဖို့ မလိုအပ်ဘူး"
ထိုသို့ပြောဆိုပြီးနောက် လုယွီက ချာခနဲလှည့်ထွက်ကာ ထွက်ခွာသွားရန်အတွက် ဟန်ပြင်လေသည်။
လုချန်ဆောင် ပြောဆိုသော ရန်သူဟူသည်မှာ လုကျိုးရှောင်ကို ရည်ညွှန်းခြင်းဖြစ်ပေမည်။
သူသည် စကားလုံးတချို့ကိုအသုံးပြု၍ လုယွီနှင့်လုကျိုးရှောင်အကြားရှိ ပဋိပက္ခများကို ဖြေရှင်းလိုခြင်းပင်။
သို့ရာတွင် လုယွီ၏ရန်ငြိုးကို ဤကဲ့သို့နည်းလမ်းမျိုးဖြင့် မည်သို့ဖြေရှင်းနိုင်မည်နည်း...
တခြားအခြေအနေတချို့အပြင် သူ လုမိသားစုသို့ မဝင်ရောက်လိုသော အဓိကအကြောင်းအရင်းမှာ လုကျိုးရှောင်ကြောင့်ပင်။
လုကျိုးရှောင်သည် သူ့အားသတ်ဖြတ်ရန် လူများစေလွှတ်ခဲ့သဖြင့် အကျိုးဆက်ကို ခံယူရပေမည်။
"လုယွီ....မင်းက ဒီအတိုင်းထွက်သွားဖို့ ကြံရွယ်နေတာလား...ခုဏက ငါတို့ မင်းကို စိန်ခေါ်ခဲ့တယ်...ဘာလဲ မင်းက ကြောက်နေတာလား"
ထိုအချိန်မှာပင် စစ်သူတော်စင်၏ဆက်ခံသူတချို့က ရှေ့သို့ထွက်ကာ လုယွီကို ဝိုင်းရံလိုက်ကြ၏။
တခြားလုမိသားစုဝင်လူငယ်များသည် နံဘေးသို့ကပ်ပေးလိုက်ကာ ထိုလူများအတွက် လမ်းဖွင့်ပေးကြသည်။
လုယွီ၏ခွန်အားသည် အလွန်ကောင်းမွန်သည်ကို သူတို့ကောင်းစွာသိရှိထားသဖြင့် ဤအချိန်အခိုက်အတန့်တွင် သူတို့ မဆင်မခြင်ရှေ့မတိုးဝံ့ချေ။
မည်သို့ပင်ဆိုစေကာမူ လုချန်ဆောင်သည် သူတို့၏နံဘေး၌ ရှိနေဆဲပင်။
သူတို့သည် လုယွီကို အနိုင်ယူနိုင်သရွေ့ လုမိသားစု၏သခင်လေးတစ်ယောက် ဖြစ်လာပေမည်။
Chapter 3250
နောင်အနာဂတ်တွင် သူတို့၏အဆင့်အတန်းမြင့်မားလာစေရန်အတွက် ယနေ့တွင် မည်သည့်ကိစ္စမျိုးရှိနေပါစေ သူတို့ တိုက်ခိုက်ရပေမည်။
စစ်သူတော်စင်၏ဆက်ခံသူများသည် လုယွီကို ဤအတိုင်းထွက်ခွာသွားခွင့် မပေးလိုဟန်ဖြင့် သူ၏လမ်းကြောင်းကို ပိတ်ဆို့ဟန့်တားထားသည်။
"လုယွီ ဒီကိစ္စကို ဘယ်လိုဖြေရှင်းမလဲဆိုတာ ငါ မသိဘူး"
"အဲ့ဒီစစ်သူတော်စင်ရဲ့ဆက်ခံသူတွေက ရန်စစော်ကားလို့ လွယ်တဲ့သူတွေမဟုတ်ဘူး....သူတို့တစ်ယောက်ချင်းစီက စစ်သူတော်စင်ရဲ့ပြိုင်ဘက်ကင်းနည်းစနစ်ကို ပိုင်ဆိုင်ထားတယ်...တကယ်လို့ သူတို့အားလုံးက ခွန်အားကုန်အသုံးပြုမယ်ဆိုရင် မိသားစုထဲက မဟာစစ်ဗိုလ်ချုပ်အများစုတောင် သူတို့ကို ဆန့်ကျင်တိုက်ခိုက်နိုင်မှာမဟုတ်ဘူး"
တခြားသူများသည် မလှမ်းမကမ်းတစ်နေရာသို့ရှောင်တိမ်းကာ တိုက်ပွဲကိုစောင့်ကြည့်ရန်အတွက် ပြင်ဆင်လိုက်ကြ၏။
လုချန်ဆောင်က အဝေးတစ်နေရာတွင် မတ်တတ်ရပ်နေကာ သူ၏မုတ်ဆိတ်မွှေးများကို ပွတ်သပ်နေသည်။သူသည် ထိုတိုက်ပွဲကိုဟန့်တားမည့်စကားမျိုး ပြောဆိုခြင်းမပြုချေ။သူသည် ဤတိုက်ပွဲကို နားလည်မှုဖြင့်ခွင့်ပြုထားသည်မှာ သိသာထင်ရှားလှ၏။
တစ်ချိန်တည်းမှာပင် နတ်ဘုရားစိတ်အာရုံတချို့က လုအိမ်တော်၏နက်ရှိုင်းသောနေရာမှနေ၍ ဤနေရာသို့ ကျရောက်လာသည်။
"တတိယအကြီးအကဲက သူ့ကို သခင်လေးရာထူးကိုလက်ခံဖို့ တောင်းဆိုခဲ့တာတောင် သူက သဘောမတူခဲ့ဘူး...ဒါပေမယ့် ကြည့်ရသလောက်တော့ အဲ့ဒီလူက မျှော်စင်ရဲ့အထပ်ကိုးထပ်လုံးကို ဖြတ်ကျော်နိုင်ခဲ့ပုံပဲ...သူ့ရဲ့တာအိုနှလုံးသားက မယုံကြည်နိုင်ဖွယ်အဆင့်တစ်ခုကို ရောက်နေပြီဆိုတာ သိသာထင်ရှားတယ်...သူ့ရဲ့တာအိုနှလုံးသားက သံမဏိလိုမာကြောနေမှတော့ ဒီလိုကိစ္စငယ်လေးတွေလောက်နဲ့ သူ့ကိုလှုပ်ခတ်နိုင်မှာမဟုတ်ဘူး"
နတ်ဘုရားစိတ်အာရုံဖြင့် ကြည့်ရှုနေသူများအနက်မှ တစ်ယောက်က သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။
"သူက ဘယ်လိုပဲဖြစ်ဖြစ် ငါတို့လုမိသားစုထဲကို မဝင်ချင်ဘူးဆိုတာ သိသာတယ်...သူ့ရဲ့ပါရမီက တော်တော်လေးကောင်းတယ်ဆိုပေမယ့် အိမ်ရှေ့စံမင်းသားက သူ့ကို အလွတ်ပေးမှာမဟုတ်ဘူး...သူ ကြီးထွားလာတဲ့အချိန်ကျမှ ဒီစကားတွေကိုပြောရင်လည်း နောက်မကျသေးပါဘူး"
"အဲ့ဒီအချိန်ကျရင် ငါတို့လုမိသားစုမှာ အခွင့်အရေးမရှိတော့မှာကို ငါ စိုးရိမ်မိတယ်...တစ်ဖက်မှာရှိတဲ့ ကျန်းမိသားစုက ကံတော်တော်လေးကောင်းနေတယ်....ကျန်းမိသားစုကနေ အသစ်ခန့်အပ်လိုက်တဲ့ မိသားစုခေါင်းဆောင်က လုယွီနဲ့ဘယ်နေရာမှာ သိကျွမ်းခဲ့တာလဲဆိုတာတော့ ငါ မသိဘူး...တော်ဝင်စာမေးပွဲမှာ စာပေသူတော်စင်ကျန်းဟောင်ကိုယ်တိုင် သူ့အတွက် စကားပြောပေးခဲ့တာက ကြီးမားတဲ့သနားကြင်နာမှုကို ပြသခဲ့တာပဲ...ဒီတစ်ကြိမ်မှာ ငါတို့လုမိသားစုက မလှုပ်ရှားဘူးဆိုရင် အရမ်းနောက်ကျသွားလိမ့်မယ်"
သူတို့အားလုံး သက်ပြင်းရှိုက်လိုက်ကြသည်။
တစ်ချိန်တည်းမှာပင် မြေကွက်လပ်ပေါ်၌ စစ်သူတော်စင်၏ဆက်ခံသူများအနက်မှတစ်ယောက်က လှံရှည်တစ်ချောင်းကို ထုတ်ယူလိုက်သည်။
ဤလှံရှည်ကို မူလက အဝတ်စဖြင့်ရစ်ပတ်ထားကာ အဆောင်လက်ဖွဲ့တစ်ခုဖြင့် ချိပ်ပိတ်ထားလေ၏။ယခုချိန်တွင် ထိုအရာမှချိပ်စည်းကို ဖယ်ရှားလိုက်သဖြင့် ထက်ရှသောသတ်ဖြတ်လိုခြင်းစိတ်ဆန္ဒတစ်ရပ် ထွက်ပေါ်လာသည်။
"ဒါက ငါ မိသားစုဘဏ္ဍာတိုက်ကနေတောင်းဆိုခဲ့တဲ့ မြေကမ္ဘာအဆင့်ရတနာပဲ...ပြီးတော့ ဒါက အတိတ်မှာတုန်းက စစ်သူတော်စင်ရဲ့နောက်လိုက် စစ်ဗိုလ်ချုပ်တစ်ယောက် ကိုင်ဆောင်ခဲ့တဲ့ လက်နက်လည်းဖြစ်တယ်...ဒီလှံရှည်ရဲ့အောက်မှာ သန်းနဲ့ချီတဲ့လူတွေ သေဆုံးခဲ့ရတယ်"
စစ်သူတော်စင်၏ဆက်ခံသူတစ်ယောက်က ယုံကြည်ချက်ရှိသောလေသံဖြင့်ပြောဆိုကာ သူ၏မျက်နှာပေါ်၌ ဂုဏ်ယူဝံ့ကြွားသောအမူအယာမျိုး ထင်ဟပ်နေသည်။
"ဒါက တကယ့်ကို မြေကမ္ဘာအဆင့်မှော်ရတနာပဲ...စစ်သူတော်စင်ရဲ့ဆက်ခံသူတွေသာ ဒီလိုမျိုးရတနာကိုပိုင်ဆိုင်ဖို့ ထိုက်တန်လိမ့်မယ်"
ပတ်ဝန်းကျင်ရှိလူများသည် ထိုမှော်လက်နက်၏မူရင်းဇစ်မြစ်ကိုကြားချိန်တွင် သူတို့၏မျက်နှာအမူအယာများ သိသိသာသာ ပျက်ယွင်းသွားပေ၏။
လုမိသားစု၏ဘဏ္ဍာတိုက်အတွင်းတွင် ရတနာအမြောက်အများရှိသော်လည်း လုမိသားစုဝင်လူငယ်များအားလုံးအတွက် ထိုရတနာများကိုရရှိရန်မှာ မလွယ်ကူချေ။
သူတို့သည် မိသားစုအတွက် အကျိုးဆောင်ပေးမှုရှိရမည့်အပြင် သူတို့ထံတွင် လုံလောက်သောခွန်အားမျိုးရှိမှသာ မိသားစုဘဏ္ဍာတိုက်အတွင်းရှိရတနာတစ်ခုကို ရရှိနိုင်ပေမည်။
လှံရှည်မှနေ၍ ထက်ရှသောသတ်ဖြတ်လိုခြင်းစိတ်ဆန္ဒတစ်ရပ်ကို ထုတ်လွှတ်နေဆဲပင်။
"ငါ အရင်ဆုံး မင်းကို စိန်ခေါ်မယ်...တကယ်လို့ မင်း ငါ့ကိုတောင် အနိုင်မယူနိုင်ဘူးဆိုရင် မင်းက တခြားသူတွေနဲ့ယှဥ်ပြိုင်ဖို့ အခွင့်အရေးမရှိတော့ဘူး"
စစ်သူတော်စင်၏ဆက်ခံသူထံမှနေ၍ အစွမ်းထက်သောအရှိန်အဝါတစ်ရပ် ထွက်ပေါ်နေသည်။သူ၏လက်အတွင်းရှိ မှော်လက်နက်၏ထက်ရှမှုဖြင့် ပေါင်းစပ်လိုက်ချိန်တွင် လူအများအား ပြင်းထန်သောသတ်ဖြတ်လိုခြင်းစိတ်ဆန္ဒကို ခံစားရစေလေ၏။
သူသည် အသက်ကြီးခြင်းမရှိသေးသော်လည်း မြေကမ္ဘာအင်မော်တယ်နယ်ပယ်သို့ ရောက်ရှိနေလေပြီ။
ပြင်ပလောက၌ မြေကမ္ဘာအင်မော်တယ်တစ်ယောက်သည် နယ်မြေတစ်ခုကိုအုပ်ချုပ်နိုင်စွမ်းရှိသည့် တည်ရှိမှုမျိုးပင်။သို့ရာတွင် လုမိသားစုအတွင်း၌ မြေကမ္ဘာအင်မော်တယ်နယ်ပယ်ကျင့်ကြံသူများကို နေရာအနှံ့အပြား၌ တွေ့မြင်နိုင်သည်။
လုယွီက တခြားစစ်သူတော်စင်၏ဆက်ခံသူများကိုကြည့်၍ မေးမြန်းလိုက်၏။
"မင်းတို့အားလုံးကလည်း ငါ့ကိုစိန်ခေါ်ချင်နေတာမလား"
"ဘာလို့ မင်းရှေ့ကကိစ္စကို မင်း အရင်ဂရုမစိုက်တာလဲ...တကယ်လို့ မင်း သူ့ကို အနိုင်ယူနိုင်ရင် ငါတို့က မင်းကို ဆက်ပြီးစိန်ခေါ်မယ်...ဘယ်လိုပဲဖြစ်ဖြစ် ငါတို့လုမိသားစုက ထိပ်တန်းမိသားစုကြီးတစ်စုပဲ...ငါတို့က တခြားသူတွေလိုမျိုးအုပ်စုဖွဲ့ပြီး မင်းကိုတိုက်ခိုက်မှာမဟုတ်ဘူး"
စစ်သူတော်စင်၏ဆက်ခံသူတစ်ယောက်က သရော်တော်တော် ပြောဆိုသည်။
လုယွီက ခေါင်းခါလိုက်သည်။
"မင်းတို့အားလုံး အတူပူးပေါင်းပြီး ဘာလို့ မတိုက်ခိုက်တာလဲ...တစ်ယောက်ချင်းတိုက်ခိုက်နေရတာက အရမ်းအချိန်ကုန်တယ်"
"မောက်မာလိုက်တာ"
"မင်းက ထိပ်သီးကျောင်းတော်သားဖြစ်တာနဲ့ပဲ တခြားသူတွေကို လျစ်လျှူရှုလို့ရမယ်လို့ ထင်နေတာလား...ငါက လုမိသားစုရဲ့စွမ်းအားကို မင်းသိအောင် ပြသပေးမယ်"