← Chapters

အခန်း (၃၂၅၆-၃၂၆၀)

Vol. 166 Ch. 3256-3260

အခန်း (၃၂၅၆-၃၂၆၀)

Vol. 166 Ch. 3256-3260

Chapter 3256

ကောင်းကင်ဘုံနယ်မြေ၌ အချိန်အတော်ကြာ လေ့ကျင့်ပြီးနောက် လုရွှမ်အာ၏စိတ်နှလုံးသားအတွင်းတွင် ယခင်ကဲ့သို့ မောက်မာဝံ့ကြွားပြီး ထင်ရာစိုင်းတတ်သော စိတ်နေသဘောထားမျိုး မရှိတော့ချေ။

သူမက တိတ်တဆိတ်ခေါင်းညိတ်ပြကာ ရုတ်တရက် တစ်စုံတစ်ခုကို တွေးတောမိသွားပုံဖြင့် မေးမြန်းလိုက်သည်။

"နင်က ကျို့လင်ညစာစားပွဲကို ရောက်နေတာလား...နင်က အဆင်မြင့်ကျောင်းတော်သားတစ်ယောက်လား"

လုယွီက ခေါင်းညိတ်ပြလိုက်သည်။

လုရွှမ်အာသည် ကြက်သေသေသွားကာ မည်ကဲ့သို့ စကားဆက်ပြောရမည်ကိုပင် သူမ မသိတော့ချေ။

ဆုတောင်းခြင်းဖီးနစ်မဟာမိတ်မှမိန်းကလေးများ ဖီးလိမ်းပြင်ဆင်နေစဥ်တွင် ပြောဆိုနေသောစကားများကို သူမ ကြားခဲ့ရသည်။

တော်ဝင်စာမေးပွဲ၌ အဆင့်မြင့်ကျောင်းတော်သားဘွဲ့ထူးကို ရရှိခဲ့သူများအားလုံးသည် ကောင်းကင်ဘုံနယ်မြေတခွင်လုံးမှ အထူးချွန်ဆုံးပါရမီရှင်များဖြစ်သည်။

ဤအဆင့်သို့ရောက်ရှိသွားသော ပါရမီရှင်များသည် တော်ဝင်နန်းတွင်း၏အရာရှိများဖြစ်လာရန် အရည်အချင်းပြည့်မီပေ၏။သူတို့သည် မည်သို့နေရာသို့သွားပါစေ အင်အားစုများမှ အာရုံစိုက်၍ အလုအယက်သိမ်းသွင်းခံရသူများဖြစ်သည်။

အောက်ဘုံမှတက်လှမ်းလာသူခြင်းတူညီသော်လည်း သူမသည် ဆုတောင်းခြင်းဖီးနစ်မဟာမိတ်၏နိမ့်ကျသောအစေခံတပည့်ဖြစ်နေကာ လုယွီသည်မူ အဆင့်မြင့်ကျောင်းတော်သားတစ်ယောက် ဖြစ်နေလေပြီ။

ဤကဲ့သို့ကြီးမားသောကွာဟချက်ကို တွေးတောမိသဖြင့် လုရွှမ်အာသည် အချိန်တခဏခန့် အသိစိတ်လွတ်ကင်းသွားခဲ့သည်။

နံနက်စာကို ဆက်လက်၍စားသုံးနေကြစဥ်မှာပင် ရုတ်တရက် အစေခံတစ်ယောက်က ပြင်ပမှနေ၍ အပြေးအလွှား ဝင်ရောက်လာသည်။

"မိသားစုခေါင်းဆောင်...အပြင်မှာ လုအိမ်တော်ကရထားလုံးတစ်စီးရောက်နေတယ်...သူတို့က သခင်လေးလုကို လာရှာတာလို့ပြောတယ်"

ထိုအစေခံက ပျာပျာသလဲ ပြောဆိုသည်။

"လုမိသားစုလား...သူတို့ကို အရင်ဆုံး စောင့်ခိုင်းထားလိုက်စမ်း"

ကျန်းဟုန်က မျက်မှောင်ကြုတ်ကာ အေးစက်စက်လေသံဖြင့် ပြောဆိုလိုက်၏။

ကျန်းမိသားစုခေါင်းဆောင်ဖြစ်သော သူ့အနေဖြင့် လုမိသားစုကို ခေါင်းငုံ၍ဆက်ဆံရန် အကြောင်းမရှိချေ။

ယခုလက်ရှိချိန်တွင် နံနက်စာစားသုံးနေဆဲအချိန်ဖြစ်သဖြင့် လုမိသားစုမှ မည်သူရောက်ရှိလာပါစေ ပြင်ပသို့ထွက်တွေ့ရန်အတွက် အရည်အချင်းမပြည့်မီပေ။

ထိုအစေခံသည် ထွက်ခွာသွားခြင်း မရှိချေ။ထိုအစား သူက မဝံ့မရဲလေသံဖြင့် ပြောဆိုသည်။

"အခုရောက်လာတာက ရွှယ်ရှားအမတ်ကြီးပဲ"

"ရွှယ်ရှားအမတ်ကြီး လုကျိုးရှောင်လား...သူက တော်ဝင်မြို့တော်ကနေ ထွက်သွားတာ မဟုတ်ဘူးလား...ဘာလို့ အခု သူက ပြန်ရောက်လာတာလဲ...သူ့ကို အပြင်မှာစောင့်နေဖို့ ပြောလိုက်စမ်း"

ကျန်းဟုန်က အေးစက်စက်လေသံဖြင့် ​ပြောဆိုလိုက်၏။

လုကျိုးရှောင်သည် လုမိသားစု၏သခင်လေးဖြစ်သည့်အပြင် တော်ဝင်နန်းတွင်းမှ အမတ်ကြီးတစ်ယောက်လည်းဖြစ်သည်။သို့ရာတွင် ကျန်းဟုန်၏ရှေ့တွင်မူ လုကျိုးရှောင်သည် အရာမဝင်ချေ။

သူသည် လုမိသားစု၌ သာလွန်ထူးကဲသောအဆင့်အတန်းမျိုးရှိသည့်တိုင် ဤနေရာသည် ကျန်းမိသားစု၏ပိုင်နက်နယ်မြေပင်။

"ထားလိုက်တော့...သူ ဒီနေရာကို ဘာလို့ရောက်လာတာလဲဆိုတာ ငါ သိချင်တယ်...ငါ တစ်ချက်သွားကြည့်လိုက်မယ်"

လုယွီက မတ်တတ်ထရပ်လိုက်သည်။

ကျန်းဟုန်က အလျင်စလို ပြောဆိုသည်။

"စီနီယာ...အဲ့ဒီလုကျိုးရှောင်က ရက်စက်ကြမ်းကြုတ်တဲ့ စိတ်နေသဘောထားရှိတယ်...ဒီတစ်ကြိမ်မှာ သူ ဘာလို့ရုတ်တရက်ကြီးရောက်လာတယ်ဆိုတာ ငါတို့မသိနိုင်ဘူး...မင်း အရင်ဆုံး ရှောင်နေတာ ပိုကောင်းလိမ့်မယ်"

"ပြဿနာမရှိဘူး....ငါလည်း သူ့ကိုတွေ့ချင်နေတာ အချိန်အတော်ကြာနေပြီ"

လုယွီက ရှေ့မှလျှောက်လှမ်းသွားလေရာ ကျန်းဟုန်က နောက်မှအလျှင်အမြန် ပြေးလိုက်သွားလေ၏။

ခန်းမရှေ့တွင် လမ်းပြပေးမည့် ကျန်းမိသားစုမှအစေခံများ အဆင်သင့်ရှိနေသည်။အလွန်လျှင်မြန်စွာဖြင့် သူတို့သည် ကျန်းအိမ်တော်၏ပင်မတံခါးမကြီးထံသို့ ရောက်ရှိလာသည်။

ဤအချိန်အခိုက်အတန့်တွင် ကျန်းအိမ်တော်၏ရှေ့၌ အလွန်အမင်းခမ်းနားထည်ဝါသော ရထားလုံးတစ်စီးရှိနေသည်။

ထိုရထားလုံးကိုဆွဲသော နတ်ဆိုးမှော်သားရဲများသည် ဒဏ္ဍာရီလာ'မီးတောက်ချီလင်မြင်း'များဖြစ်သည်။ဤသည်က ရှေးဟောင်းချီလင်သူတော်စင်သားရဲ၏ သွေးမျိုးဆက်ကိုပိုင်ဆိုင်ထားသည့် ရက်စက်ကြမ်းကြုတ်သော နတ်ဆိုးသားရဲမြင်းပင်။မီးတောက်ချီလင်မြင်းသည် အလွန်အမင်းအားကောင်းသော ခွန်အားကိုပိုင်ဆိုင်ထားရုံသာမက အစွမ်းထက်ပြီးအဖိုးတန်ရှားပါးသည်။တော်ဝင်မြို့တော်အတွင်းရှိ နတ်ဆိုးသားရဲစျေးကွက်တွင် ဤမြင်းများကို အခြေခံအားဖြင့် တန်ဖိုးမဖြတ်နိုင်ချေ။ထိုမြင်းများကို ရောင်းချသောနေရာဟူ၍ မရှိချေ။

ထိုမီးတောက်ချီလင်မြင်းများ၏ခန္ဓာကိုယ်ပေါ်တွင် ရွှေရောင်နဂါးအမှတ်အသားရှိနေသည်။ထိုအမှတ်အသားသည် မြင့်မြတ်ပြီး သာလွန်ထူးကဲမှုကို ညွှန်ပြနေခြင်းပင်။ရထားလုံးသည်လည်း သာမာန်ထက်ပို၍ကြီးမားကာ ပြင်ပကိုယ်ထည်တစ်ခုလုံးကို ရွှေကွပ်ထားပြီး ကြီးကျယ်ခမ်းနားကာ အထက်တန်းဆန်ပေ၏။ထိုရထားလုံး၏နံဘေးတွင် လုမိသားစုမှ အစောင့်တချို့ မတ်တတ်ရပ်နေကာ ရထားလုံး၏ပိုင်ရှင်ထံတွင် အလွန်မြင့်မားသောအဆင့်အတန်းရှိသည်ကို ပြသနေသည်။

လုယွီသည် ကျန်းအိမ်တော်၏ပြင်ပသို့ ထွက်လိုက်သည်နှင့် ရထားလုံးထံမှလာသော အေးစက်စက်အရှိန်အဝါကို အာရုံခံမိသည်။

"လုကျိုးရှောင်..မင်းက ငါ့ကို လာရှာတာလား"

လုယွီက ရထားလုံးကိုကြည့်၍ တည်ငြိမ်စွာပြောဆိုသည်။

ရထားလုံး၏လိုက်ကာပွင့်သွားကာ ချောမောခန့်ညားသော လူငယ်တစ်ယောက်က ပြင်ပသို့ထွက်လာသည်။

သူသည် သာမာန်ပိုးထည်ဝတ်စုံတစ်စုံကို ဝတ်ဆင်ထားကာ ချမ်းသာကြွယ်ဝသောမိသားစုတစ်စုတွင် သက်တောင့်သက်သာရှိသောဘဝနှင့် နေထိုင်ရသည့် သခင်လေးတစ်ယောက်နှင့် တူညီနေသည်။သို့ရာတွင် သူ၏မျက်လုံးအတွင်း၌ လူများကိုအရိပ်အယောင်မပေါ်ဘဲ သတ်ဖြတ်နိုင်စွမ်းရှိသော ဓားချီများသိပ်သည်းနေသကဲ့သို့ စူးရှရှတောက်ပနေပေ၏။

ဤသည်က သူတို့နှစ်ယောက် ပထမဆုံးတွေ့ဆုံသောအကြိမ်ပင်။သို့ရာတွင် သူတို့သည် အချိန်အတော်ကြာရင်ဆိုင်ခဲ့သော ရန်သူတော်ဟောင်းများအလား အစွမ်းထက်သော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများကို ထုတ်လွှတ်ထားကြသည်။

Chapter 3257

ဘုန်း....

မိုးခြိမ်းသံနှင့်တူညီသော တုန်ခါသံများက လေဟာနယ်အတွင်း၌ ပဲ့တင်ထပ်မြည်ဟီးနေသည်။

ထိုလူနှစ်ယောက်ကြားရှိ ဖိအားအရှိန်အဝါ ရုတ်တရက် ပြင်းထန်လာကာ သူတို့သည် တစ်ဖက်မှ အခြားတစ်ဖက်ကို လုံးလုံးလျားလျား ခြေမွှဖျက်ဆီးလိုသကဲ့သို့ပင်။သူတို့နှစ်ယောက်သည် တစ်ယောက်နှင့်တစ်ယောက် အလျှော့မပေးဘဲ အရှိန်အဝါခြင်းယှဥ်ပြိုင်နေကြ၏။

လုယွီက မျက်မှောင်ကြုတ်လိုက်သည်။လုကျိုးရှောင်၏ခန္ဓာကိုယ်မှလာသည့် ရင်းနှီးကျွမ်းဝင်သောအရှိန်အဝါကို သူ ခံစားမိသည်။

ဤအရှိန်အဝါမျိုးကို ယခင်က တစ်နေရာရာတွင် သူ ဆုံတွေ့ဖူးသည်။

ခရက်....ခရက်...ခရက်....

အက်ကွဲ​ကြောင်းများက သူတို့နှစ်ယောက်၏အကြားရှိ မြေပြင်ပေါ်တွင် ထွက်ပေါ်လာကာ အလျှင်အမြန်ပျံ့နှံ့သွားသည်။

ဝေါင်း...ဝေါင်း...

မလှမ်းမကမ်းအကွာအဝေးတွင်ရှိနေသော မီးတောက်ချီလင်မြင်းများသည် သူတို့နှစ်ယောက်ကြားမှ ထွက်ပေါ်လာသော ဖိအားအရှိန်အဝါကို တောင့်ခံနိုင်ခြင်းမရှိတော့ချေ။ထိုမြင်းများ၏ခြေလက်လေးဘက်လုံး မြေပြင်ပေါ်သို့ ဒူးထောက်ရက်သားပြုတ်ကျသွားကာ မလှုပ်ရှားနိုင်တော့ပေ။

"ရွှယ်ရှားအမတ်ကြီး...ဒါက ငါ့ရဲ့ကျန်းအိမ်တော်....တကယ်လို့ မင်းက ကျန်းအိမ်တော်မှာ လာပြီးလှုပ်ရှားဝံ့တယ်ဆိုရင် မင်းက လုမိသားစုဝင်တစ်ယောက် ဖြစ်နေရင်တောင် မင်းကိုယ်မင်း ကာကွယ်နိုင်မှာမဟုတ်ဘူး"

ကျန်းဟုန်က အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။

လုကျိုးရှောင်သည် ထိုစကားများကိုမကြားသကဲ့သို့ ပြုမူနေသည်။သူသည် လုယွီကိုစူးစိုက်ကြည့်ကာ ခနဲ့တဲ့တဲ့အပြုံးနှင့်ပြောဆိုလေ၏။

"ထိပ်သီးကျောင်းတော်သား...မင်းက ငါတို့လုမိသားစုရဲ့ကောင်းကင်သက်တမ်းမျှော်စင်ကို ဖြတ်ကျော်နိုင်ခဲ့ပြီးတော့...ငါတို့မိသားစုရဲ့ဘဏ္ဍာတိုက်ထဲက နဂါးသူတော်စင်အမြူတေကိုတောင် ယူသွားနိုင်တယ်လို့ ငါ ကြားထားတယ်...ဒါက အမှန်ပဲလား"

သူ ထိုစကားကိုပြောဆိုချိန်တွင် ကောင်းကင်နှင့်မြေပြင်သည် ပြိုလဲသွားလုမတတ် တုန်ခါနေသည်။

ကျန်းအိမ်တော်တံခါးရှေ့၌ မတ်တတ်ရပ်နေသော အစောင့်များသည် ရုတ်တရက် သူတို့သည် သွေးပင်လယ်ကြီးနှင့်တောင်ပုံရာပုံဖြစ်နေသောအလောင်းများရှေ့သို့ ရောက်ရှိသွားသည့်အလား သူတို့၏စိတ်နှလုံးသားအတွင်း၌ ထိတ်လန့်ကြောက်ရွံမှုများဖြင့် ပြည့်နှက်နေသည်။

လုယွီ၏မျက်နှာအမူအယာသည် ယခင်အတိုင်း အမူအယာကင်းမဲ့နေဆဲဖြစ်ကာ သူက တည်ငြိမ်စွာပြောဆိုသည်။

"ဒါက အမှန်ပဲ...ငါက အဲ့ဒီရတနာကို ယူလာခဲ့တဲ့လူပဲ"

"မင်း လုပ်ရဲလား...မင်းက ဘယ်လိုသတ္တိမျိုးနဲ့ ငါ့ရဲ့ပစ္စည်းတွေကို ယူသွားဝံ့တာလဲ"

လုကျိုးရှောင်က ရုတ်တရက် ကျယ်လောင်စွာအော်ငေါက်လိုက်၏။

"မင်းက အခုမှ ထိပ်သီးကျောင်းတော်သားဖြစ်တာ...ဒါတောင် ငါ ပိုင်ရမယ့်ရတနာကို လုယူဝံ့တယ်...မင်းရဲ့အပြစ်အတွက် အကြိမ်ပေါင်းထောင်သောင်းမက သေသင့်တယ်"

ရုတ်တရက် တောက်ပသောခရမ်းရောင်အလင်းတန်းတစ်တန်းက လုကျိုးရှောင်၏လက်ချောင်းထိပ်မှ ပွင့်အံ့ထွက်လာသည်။

ရုတ်ချည်းဆိုသလိုပင် ထိုခရမ်းရောင်အလင်းတန်းသည် လေထုအတွင်းသို့ မြင့်တက်သွားပြီး ထက်ရှသောဓားချီတစ်လှိုင်းအသွင်ပြောင်းလဲကာ လုယွီထံဦးတည်၍ တိုးဝင်သွားသည်။

လုယွီ၏နံဘေးတွင် ကျန်းမိသားစုမှအစောင့်တချို့ မတ်တတ်ရပ်နေသည်။ဤအချိန်အခိုက်အတန့်တွင် သူတို့ရှေ့ရှိမြေပြင် ရုတ်တရက်ပြိုကျသွားသကဲ့သို့ ခံစားလိုက်ရ၏။သူတို့သည် မည်ကဲ့သို့ခုခံကာကွယ်နေပါစေ ထိုစွမ်းအားကို ဟန့်တားနိုင်စွမ်း ကင်းမဲ့နေသည်။

အစောင့်များအားလုံး နေရာမှာပင် တောင့်တင်းသွားကာ မလှုပ်ရှားနိုင်တော့ချေ။

အလွန်အမင်းလွှမ်းမိုးချုပ်ကိုင်နိုင်သော ဖိအားအရှိန်အဝါသည် လုယွီ၏အနီးသို့ရောက်ရှိလာသော်လည်း ရုတ်တရက် အတားအဆီးတစ်ခု၏ဟန့်တားခြင်းကိုခံရသည့်အလား အနည်းငယ်မျှပင် ရှေ့သို့မချဥ်းကပ်နိုင်တော့ပေ။

"ရွှယ်ရှားအမတ်ကြီး ဒီနေရာက ငါ့ရဲ့ကျန်းအိမ်တော်...မင်း မလှုပ်ရှားတာ ပိုကောင်းလိမ့်မယ်"

ကောင်းကင်နှင့်မြေပြင် ပြောင်းပြန်လှန်လိုက်သကဲ့သို့ပင် ထိုစကားသံနှင့်အတူ ဖိအားအရှိန်အဝါအားလုံး ပျက်ပြယ်သွားတော့သည်။

ထိုအချိန်မှာပင် လူတိုင်း စိတ်သက်သာရာရသွားပုံဖြင့် သက်ပြင်းရှိုက်လိုက်ကြ၏။သူတို့၏ခန္ဓာကိုယ်များပေါ်သို့ ကျရောက်နေသောဖိအားအရှိန်အဝါ ရုတ်တရက် ပျက်ပြယ်သွားသကဲ့သို့ ခံစားလိုက်ရသည်။

ထိုအချိန်မှာပင် လုကျိုးရှောင်ကလည်း သူ၏တိုက်ခိုက်မှုကို ရုတ်သိမ်းလိုက်သည်။

"လုယွီ...မင်းက ကျန်းအိမ်တော်မှာပဲ အမြဲတမ်းနေဖို့ ကြံစည်ထားတာလား...ကျန်းမိသားစုက မင်းကို အချိန်အတိုင်းအတာတစ်ခုထိတော့ ကာကွယ်ပေးနိုင်လိမ့်မယ်...ဒါပေမယ့် မင်းရဲ့ကျန်နေတဲ့ ဘဝသက်တမ်းတလျှောက်လုံးကိုတော့ သူတို့က ကာကွယ်ပေးနိုင်မှာမဟုတ်ဘူး...မင်းက ငါ့ရဲ့ပစ္စည်းကိုယူသွားမှတော့...မင်းဆီက တစ်စုံတစ်ခုကို အနှေးနဲ့အမြန် ငါက ပြန်ယူမယ်"

လုကျိုးရှောင်က ကောက်ကျစ်ယုတ်မာသောအပြုံးနှင့် ပြောဆိုသည်။

လုယွီသည် လုကျိုးရှောင်၏လက်မှ တဖြည်းဖြည်းပျက်ပြယ်သွားသော ခရမ်းရောင်အလင်းတန်းကိုကြည့်ကာ နားလည်သဘောပေါက်သွားသောအရိပ်အယောင်များက သူ၏မျက်လုံးအတွင်း၌ ဖြတ်ပြေးသွားသည်။

ဤရွှယ်ရှားအမတ်ကြီးသည် သူ့အား မည်သည်ကြောင့် ပြဿနာလာရှာသည်ကို နောက်ဆုံး၌ သူ သိရှိသွားလေပြီ။

ထိုက်ဟွာကျမ်းစာ....

ရှေးဟောင်းမဟာတာအိုကျမ်းစာသုံးခုအနက်မှတစ်ခုဖြစ်သော ထိုက်ဟွာကျမ်းစာသည် ဤလုကျိုးရှောင်၏လက်အတွင်းသို့ ရောက်ရှိနေခြင်းဖြစ်ပေမည်။

အတိတ်တွင် ထိုက်ဟွာကျမ်းစာကို ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်၏မိုးကောင်းကင်ကျမ်းစာဆောင်အတွင်း၌ ချိပ်ပိတ်၍ထားလေသည်။

သို့ရာတွင် မမျှော်လင့်ဘဲ ထိုက်ဟွာကျမ်းစာသည် မိုးကောင်းကင်၏ကံကြမ္မာသားတော်ဟု ခေါ်ဆိုသူအတွက်ဖြင့် လုယွီကို ဖယ်ရှားရှင်းလင်းလိုခဲ့သည်။

အစောပိုင်းက လုကျိုးရှောင် ထုတ်ဖော်အသုံးပြုခဲ့သောနည်းစနစ်တွင် ထိုက်ဟွာကျမ်းစာ၏အရိပ်အယောင်များ ရောယှက်နေသည်။

ထိုက်ဟွာကျမ်းစာ၏နောက်ဆုံးရွေးချယ်မှုသည် ဤရွှယ်ရှားအမတ်ကြီး ဖြစ်နေနိုင်သည်။

လုယွီက လုကျိုးရှောင်ကိုတစ်ချက်ကြည့်၍ တည်ငြိမ်စွာပြောဆိုသည်။

"ရွှယ်ရှားအမတ်ကြီး...ကြည့်ရတာတော့ မင်းကို ဒီအတိုင်းထွက်သွားခိုင်းမယ်ဆိုရင် နည်းနည်းတော့မသင့်တော်သလိုပဲ"

Chapter 3258

လုကျိုးရှောင်သည် ရထားလုံးအတွင်းသို့ ခြေတစ်ဖက်ချပြီးဖြစ်သော်လည်း ထိုစကားကိုကြားချိန်တွင် သူက ရုတ်တရက် ရပ်တန့်လိုက်သည်။

"မင်း ဘာလိုချင်တာလဲ"

လုကျိုးရှောင်က နောက်သို့ပြန်လှည့်၍ မေးမြန်းလိုက်ကာ သူ၏မျက်နှာပေါ်၌ သရော်တော်တော်အမူအယာမျိုးရှိနေသည်။

"လုကျိုးရှောင်...မင်းက ငါ့ဆီကိုရောက်လာမှတော့...ဘာလို့ တခြားနေ့ရက်တွေ ထပ်ရွေးနေအုံးမှာလဲ...မင်းမှာ ဘယ်လောက်အစွမ်းအစရှိလဲဆိုတာ ငါ မြင်ချင်တယ်"

လုယွီက တည်ငြိမ်သောမျက်နှာအမူအယာနှင့်ပြောဆိုသည်။

လုယွီ၏စကားကိုကြားချိန်တွင် အံ့အားသင့်သောအရိပ်အယောင်တချို့က လုကျိုးရှောင်၏မျက်လုံးအတွင်း၌ ဖြတ်ပြေးသွားသည်။လုယွီ၏နံဘေးတွင်ရှိနေသော ကျန်းဟုန်တို့လူစုသည်လည်း ထိတ်ထိတ်ပျာပျာ ဖြစ်သွားလေ၏။

လုကျိုးရှောင်ကို လူငယ်တစ်ယောက်ဟုယူဆနိုင်သော်လည်း သူသည် အမတ်ကြီးတစ်ယောက်ဖြစ်သည့်အပြင် လုမိသားစု၏သခင်လေးပင်။

ထို့ပြင် လုကျိုးရှောင်သည် ဖူကျစ်ရွှယ် နတ်ဘုရားဓားအမတ်ကြီးတို့နှင့် မျိုးဆက်တူလူငယ်တစ်ယောက်လည်း ဖြစ်သည်။သူသည် လုယွီထက် အသက်အနည်းငယ် ပို၍ကြီးသည်ဟု ယူဆနိုင်ပေ၏။

"မင်းက ငါ့ကို စိန်ခေါ်ချင်တာလား"

လုကျိုးရှောင်သည် မယုံကြည်နိုင်ဖွယ်စကားတစ်ခွန်းကို ကြားလိုက်သည့်အလား စကားတစ်လုံးခြင်းစီကို ကောက်ကျစ်ယုတ်မာသောအပြုံးနှင့် ပြောဆိုသည်။

သူသည် ရက်စက်ကြမ်းကြုတ်သော ဝံပုလွေတစ်ကောင်မှ သားကောင်ကိုမြင်တွေ့သွားသည့်အလား စူးရှပြီးတုန်လှုပ်ချောက်ချားဖွယ်အကြည့်မျိုးဖြင့် လုယွီကို ကြည့်နေသည်။

ကျန်းဟုန်က အကြံပေးလေ၏။

"စီနီယာ...မင်း ဂရုစိုက်သင့်တယ်...ရွှယ်ရှားအမတ်ကြီးက သာမာန်လူတစ်ယောက်မဟုတ်ဘူး"

နံဘေးတွင်ရှိနေသော မဟာအကြီးအကဲကလည်း သက်ပြင်းတစ်ချက်ရှိုက်ကာ ပြောဆိုသည်။

"မင်း သေချာစဥ်းစားသင့်တယ်...မင်းက ခုတစ်ကြိမ်တော်ဝင်စာမေးပွဲရဲ့ ထိပ်သီးကျောင်းတော်သားဖြစ်နေတာကြောင့် မင်းကို လူဘယ်လောက်များများ စောင့်ကြည့်နေကြတယ်ဆိုတာ ငါ မသိဘူး...အခုလက်ရှိချိန်မှာ မင်း ရှုံးလို့မရဘူး"

လုယွီထံတွင် ထိပ်သီးကျောင်းတော်သားဟူသော အဆင့်အတန်းရှိနေသော်လည်း သူသည် တရားဝင်အရာရှိရာထူးကို မရရှိသေးချေ။

တော်ဝင်စာမေးပွဲကျင်းပသည့်အကြိမ်တိုင်း ထိပ်သီးကျောင်းတော်သားဘွဲ့ထူးကို ရရှိသူများသည် အလွန်သတိကြီးစွာ ထားရလေ၏။ထို့ပြင် လုယွီသည် ယခင်က ထွက်ပေါ်လာခဲ့ခြင်းမရှိဘူးသည့် စာမေးပွဲသုံးခုလုံး၌ ပထမနေရာကို ရရှိထားသူပင်။တော်ဝင်နန်းတွင်းမှနေ၍ ယခုထိတိုင် မည်သည့်သတင်းမျှ ထွက်ပေါ်လာခြင်းမရှိသော်လည်း သူတို့သည် လုယွီအား စောင့်ကြည့်နေပေမည်။

အကယ်၍ ဤတစ်ကြိမ်တွင် လုယွီသည် လုကျိုးရှောင်ကို ရှုံးနိမ့်သွားပါက သူရှုံနိမ့်သည်မှာ လက်သင့်ခံနိုင်ဖွယ်ဖြစ်သည့်တိုင် သူ၏နာမည်ဂုဏ်သတင်းကို ထိခိုက်သွားပေမည်။ထိုအချိန်ကျပါက ဤရှုံးနိမ့်မှုကြောင့် သူ၏အရာရှိရာထူး ခန့်အပ်ခံရမှုတွင်ပင် သက်ရောက်မှုများ ရှိသွားနိုင်သည်။

လုယွီသည် တုံ့ပြန်အဖြေပေးခြင်းမရှိဘဲ လုကျိုးရှောင်ကိုသာ စူးစိုက်၍ကြည့်နေသည်။

"မင်းက သေချင်နေမှတော့ ငါ့ကိုအပြစ်မတင်နဲ့"

ရုတ်ချည်းဆိုသလိုပင် လုကျိုးရှောင်၏ခန္ဓာကိုယ်မှ မှော်စွမ်းအားများ ပွင့်အံ့ထွက်လာကာ လွှမ်းမိုးချုပ်ကိုင်နိုင်သော အရှိန်အဝါတစ်ရပ်က လေထုအတွင်းသို့ မြင့်တက်သွားသည်။

ဝုန်း...

ပြင်းထန်သောဖိအားအရှိန်အဝါတစ်ရပ်က ကျန်းအိမ်တော်တံခါးရှေ့သို့ ကျရောက်သွားလေ၏။

လူတိုင်း၏အမြင်အာရုံအောက်တွင် လုကျိုးရှောင်၏နောက်၌ ထူးဆန်းသောသဘာဝလွန်ပုံရိပ်ရှိမနေသော်လည်း ခုခံတားဆီးရန်ခက်ခဲသော မုန်တိုင်းကြီးတစ်ခုရှိနေပုံရသည်။

"မင်းကိုယ်မင်း ဘာကောင်လို့ ထင်နေတာလဲ...မင်း ကျင့်ကြံတာ ဘယ်လောက်ကြာသေးလို့လဲ...မင်းက ဘယ်လိုသတ္တိမျိုးနဲ့ ငါ့ကို စိန်ခေါ်ဝံ့တာလဲ....မင်းက မိုးနဲ့မြေကြားကွာဟချက်ကို တကယ်မသိတဲ့ကောင်ပဲ"

တောက်ပသောခရမ်းရောင်အလင်းတန်းတစ်တန်းက လုကျိုးရှောင်၏မျက်လုံးအတွင်း၌ ဖြတ်ပြေးသွားသည်။

တစ်ချိန်တည်းမှာပင် ခရမ်းရောင်အမှတ်အသားတစ်ခုက လုကျိုးရှောင်၏နဖူးပေါ်၌ ထင်ဟပ်လာသည်။ဤအမှတ်အသားသည် ပွင့်လန်းနေသောကြာပန်းတစ်ပွင့်နှင့်တူညီကာ လှပတင့်တယ်သည်။သို့ရာတွင် ထိုအရာနှင့်သဟဇာတမဖြစ်သော ထက်ရှသည့်သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒတစ်ရပ် ရောယှက်နေပေ၏။

ဤအမှတ်အသားသည် ထိုက်ဟွာကျမ်းစာမှ ဆင်းသက်သာသော 'ပန်းတစ်ပွင့် ကမ္ဘာတစ်ခု'နည်းစနစ်ပင်။

လုကျိုးရှောင်သည် လုမိသားစု၏ရှားပါးပါရမီရှင်ဟု သတ်မှတ်ခံရသည်မှာ ထိုက်တန်သည်။ထိုက်ဟွာကျမ်းစာကို ရရှိပြီးနောက် သူသည် ကျားကိုတောင်ပံတပ်ပေးလိုက်သည့်အလားပင်။အချိန်တိုအတွင်းမှာပင် သူသည် ဤမျှအဆင့်ထိ ကျင့်ကြံနိုင်ခဲ့သည်။

လုယွီသည် ယခင်က ထိုက်ဟွာကျမ်းစာနှင့်တိုက်ခိုက်ခဲ့ဖူးသဖြင့် ယခုချိန်တွင် လုကျိုးရှောင်ပိုင်ဆိုင်ထားသောခွန်အားကို ကောင်းစွာသိရှိထားသည်။

"ကောင်းတယ်...ငါကလည်း ထိုက်ဟွာကျမ်းစာ မင်းကို ဘယ်အဆင့်ထိသင်ကြားပေးထားလဲဆိုတာကို သိချင်နေတာ"

လုကျိုးရှောင်၏ပြင်းထန်သော တိုက်ခိုက်မှုကိုမြင်ရချိန်တွင် လုယွီ၏မျက်လုံးအတွင်း၌ တိုက်ခိုက်လိုခြင်းစိတ်ဆန္ဒများ ဖြတ်ပြေးသွားလေ၏။

လုယွီသည် ရုတ်တရက်ခြေတစ်လှမ်းရှေ့တိုးပြီး မြေပြင်ပေါ်သို့ခြေဆောင့်နင်းလိုက်ရာ သူ၏အရှိန်အဝါသည် ကောင်းကင်ယံအတွင်းသို့ မြင့်တက်သွားသည်။

ယခုလက်ရှိနေရာတွင် ရှိနေသူများအနက် ကျန်းဟုန်တစ်ယောက်တည်းကသာ လုယွီ၏အစစ်အမှန်ခွန်အားကို မြင်တွေ့ဖူးသည်။

လုယွီအပေါ်ထားရှိသည့် ကျန်းမိသားစု၏အမြင်သည် သူ ဝင်္ကပါကိုချိုးဖျက်ခဲ့စဥ်အချိန်၌ ရှိနေဆဲပင်။

ထိုအချိန်တုန်းက လုယွီ၏ဝင်္ကပါပညာရပ်အရည်အချင်းသည် အလွန်မြင့်မားသော်လည်း သူ၏အစစ်အမှန်ခွန်အားကို ထုတ်ဖော်အသုံးပြုခဲ့ခြင်းမရှိချေ။

Chapter 3259

ယခုချိန်၌ လုယွီသည် ရုတ်တရက် သူ၏စွမ်းအားကို ထုတ်ဖော်အသုံးပြုလိုက်စဥ်တွင် တော်ဝင်မြို့တော်ရှိလူများအားလုံး၏စိတ်အာရုံကို ဆွဲဆောင်သွားနိုင်လေ၏။

သူတို့နှစ်ယောက်ရှိနေသော မိုးကောင်းကင်ယံအတွင်းတွင် တိမ်တိုက်များစုဝေးစပြုလာသည်။ကောင်းကင်နှင့်မြေပြင်တစ်ခုလုံး အရောင်ပြောင်းလဲသွားကာ မုန်တိုင်းမလာမီ အမှောင်ထုကြီး ကျရောက်လာသကဲ့သို့ပင်။

"အမ်...သူ့ရဲ့ကျင့်ကြံဆင့်က ခုလောက်ထိနက်နဲသိမ်မွေ့တဲ့အဆင့်ကို ရောက်နေပြီလား...ဟုန်အာက သူ့ကို စီနီယာလို့ခေါ်တာ မလွန်ဘူးပဲ"

ထိုမြင်ကွင်းကိုမြင်တွေ့ချိန်တွင် မဟာအကြီးအကဲ၏မျက်လုံးအတွင်း၌ ထိတ်လန့်တုန်လှုပ်မှုအရိပ်အယောင်များ ဖြတ်ပြေးသွားသည်။

သူသည် နယ်မြေသခင်တစ်ယောက်ဖြစ်သဖြင့် ကျင့်ကြံဆင့်နယ်ပယ်များနှင့်ပတ်သက်သော အရှိန်အဝါများကို ကောင်းစွာသိရှိထားသည်။

လုယွီသည် ရှေးဟောင်းတာအိုအင်မော်တယ်တစ်ယောက်ပင်။သူသည် မြေကမ္ဘာအင်မော်တယ်နယ်ပယ်တွင်သာ ရှိသေးသော်လည်း သူ၏အစစ်အမှန်ခွန်အားသည် သာမာန်မြေကမ္ဘာအင်မော်တယ်များ ယှဥ်ပြိုင်နိုင်သည့်အရာမျိုးမဟုတ်ချေ။ထို့ပြင် သူ၏သိုင်းသူတော်စင်နယ်ပယ် အထွတ်အထိပ်အဆင့်ရုပ်ခန္ဓာကိုယ်နှင့် ပေါင်းစပ်လိုက်ပါက သူ၏ခွန်အားကုန်ဖြန့်ကျက်မှုအောက်တွင် လေဟာနယ်ကို သက်ရောက်နိုင်စွမ်းရှိသည်။

ဤကဲ့သို့ ဖိအားအရှိန်အဝါမျိုးသည် နယ်မြေသခင်များသာ ထုတ်ဖော်အသုံးပြုနိုင်သောအရာပင်။

အကယ်၍ လုယွီသည် အချိန်အတော်ကြာ နာမည်ကျော်ကြားခဲ့သော လူအိုကြီးတစ်ယောက် သို့မဟုတ် နာမည်ကျော်ကြားသော ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတစ်ယောက် ဖြစ်နေပါက ဤကဲ့သို့ဖိအားအရှိန်အဝါမျိုး ထုတ်လွှတ်နိုင်ခြင်းမှာ ထူးဆန်းနေမည်မဟုတ်ချေ။

သို့ရာတွင် လုယွီသည် လူငယ်တစ်ယောက်ဆိုရုံမျှပင်။

ယခင်ထိပ်သီးကျောင်းတော်သားများသည် တခြားသူများကို အံ့အားသင့်တုန်လှုပ်စေသည့်တိုင် လုယွီကဲ့သို့ တရားလွန်မဟုတ်ချေ။

"မဆိုးဘူး...နောက်ဆုံးတော့ မင်းမှာ အရည်အချင်းတချို့ရှိသားပဲ...မင်း ငါ့ကို စိတ်ပျက်အောင်မလုပ်ဖို့ ငါ မျှော်လင့်တယ်"

လုယွီ၏ခွန်အားကို မြင်တွေ့ချိန်တွင် လုကျိုးရှောင်က အလွန်ပျော်ရွှင်သွားသည်။သူ၏မျက်နှာပေါ်တွင် စိတ်လှုပ်ရှားသောအမူအယာမျိုး ထင်ဟပ်နေသည်။သူသည် ရုတ်တရက် လက်ဝါးတစ်ချက်ရိုက်ထုတ်လိုက်ရာ သူ၏လက်ဝါးတွင် ခရမ်းရောင်အလင်းတန်းများနှင့် ပြည့်နှက်နေပေ၏။

ထိုခရမ်းရောင်အလင်းတန်းများသည် ပုံပန်းသွင်ပြင်ပြောင်းလဲသွားကာ တချို့သည် မိုးကောင်းကင်ယံမှဆင်းသက်လာသော နတ်ဘုရားများ တချို့သည် ဒေါသထွက်နေသောဗုဒ္ဓများ တချို့သည် အစွယ်များဖြဲဟ၍ ခြေစွယ်လက်စွယ်များကိုဝှေ့ယမ်းနေသော ကျားများဝံပုလွေများအသွင် ဖွဲ့စည်းသွားသည်။

ဝုန်း...ဝုန်း...

ကောင်းကင်နှင့်မြေပြင်အကြားတွင် ဤလက်ဝါးရိုက်ချက်တစ်ခုတည်းသာ ရှိနေပုံပင်။ထိုအရာသည် မိုးကောင်းကင်ယံတလျှောက်ပျံ့နှံ့သွားကာ လုယွီထံဦးတည်၍ တိုးဝင်လာသည်။

"ငါ့ရဲ့လက်ဝါးရိုက်ချက်ကိုလည်း ခံယူစမ်း"

လုယွီက သူ၏လက်ကိုမြှောက်၍ လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်သည်။တောက်ပသောရွှေရောင်အလင်းတန်းများက သူ၏လက်ဝါးမှ ဖြာထွက်လာပေ၏။ထိုရွှေရောင်အလင်းတန်းများ၏အကြားတွင် တောက်ပသောသင်္ကေတအက္ခရာအမြောက်အများ သိပ်သည်းနေသည်။

ထိုသင်္ကေတအက္ခရာများအားလုံးသည် ရှေးဟောင်းစာလုံးများဖြစ်ကာ တစ်ခုခြင်းစီမှနေသည် အလွန်လျှို့ဝှက်ဆန်းကြယ်သည်။ထိုသင်္ကေတအက္ခရာများအားလုံး သူ၏လက်ဝါးအတွင်း၌ စုဝေးသွားပြီးနောက် ပတ်ဝန်းကျင်ရှိလေဟာနယ် တုန်ခါသွားသည်။

ရုတ်ချည်းဆိုသလိုပင် လုယွီက သူ၏လက်ဝါးကိုမြှောက်ကာ ရှေ့သို့တွန်းထုတ်လိုက်၏။

ရှေးဟောင်းသိုင်းပညာနည်းစနစ်...ထိုက်ယွမ်လက်ဝါး...

ထိုလက်ဝါးရိုက်ချက်ကိုမြင်တွေ့ချိန်တွင် လုကျိုးရှောင်၏မျက်လုံးအတွင်း၌ အံ့အားသင့်တုန်လှုပ်သောအရိပ်အယောင်များ ဖြတ်ပြေးသွားသည်။

"ဒါက အမတ်ကြီးချွယ်ရဲ့ကျင့်ကြံနည်းစနစ် မဟုတ်ဘူး...ငါ မင်းရဲ့နှလုံးသားကို ခရမ်းရောင်ချီစွမ်းအားတွေနဲ့ ကာကွယ်ပေးထားမယ်...ဂရုစိုက်"

ဤကဲ့သို့အရေးကြီးအချိန်အခိုက်အတန့်တွင် ထိုက်ဟွာကျမ်းစာက လုကျိုးရှောင်ကို သတိပေးလေသည်။

အစကဏဦးကတည်းက ရှေးဟောင်းတာအိုအင်မော်တယ်များ၏လမ်းကြောင်းကို လျှောက်လှမ်းခဲ့သော လုယွီနှင့်နှိုင်းယှဥ်ပါက လုကျိုးရှောင်သည် ကောင်းကင်ဘုံ၏ချီးမြှောက်ခံ ပါရမီရှင်တစ်ယောက်ဖြစ်နေသည့်တိုင် သူသည် ရှေးဟောင်းတာအိုအင်မော်တယ်လမ်းကြောင်းအတွင်းသို့ ဝင်ရောက်ခဲ့သည်မှာ လွန်စွာနောက်ကျပေ၏။

ထိုက်ဟွာကျမ်းစာသည် ယခင်က လုယွီနှင့်တိုက်ခိုက်ဖူးသဖြင့် သူ၏နည်းစနစ်များကို ကောင်းစွာသိရှိထားသည်။

ဘုန်း...

လူအားလုံး၏အကြည့်များအောက်တွင် လက်ဝါးပုံရိပ်ယောင်ကြီးနှစ်ခုသည် အချင်းချင်း ဖီလာဆန့်ကျင် ရိုက်ခတ်သွားတော့သည်။

လုယွီ၏ထိုက်ယွမ်လက်ဝါးကို မူလက ကျောက်ပြားတစ်ချပ်ပေါ်တွင် ရေးထွင်းထားခြင်းပင်။ဤသည်က ရှေးဟောင်းခေတ်အတွင်းတွင် အမတ်ကြီးချွယ်နှင့် ခြေရာခြင်းတိုင်းနိုင်သော အစွမ်းထက်အင်မော်တယ်တစ်ယောက်၏အမွေအနှစ်ဖြစ်သည်။

ဤအချိန်အခိုက်အတန့်တွင် လုယွီ၏ကိုယ်ပိုင်စွမ်းအားသည် လုံလောက်သွားလေပြီ။ဤတစ်ကြိမ်တွင် ထိုက်ယွမ်လက်ဝါးကို သူ အသုံးပြုချိန်၌ ကောင်းကင်နှင့်မြေပြင်တစ်ခုလုံးကို ဖျက်ဆီးနိုင်သောစွမ်းအားမျိုး ရောယှက်ပါဝင်နေပုံရသည်။

ခရမ်းရောင်အလင်းတန်းများနှင့်ရွှေရောင်အလင်းတန်းများ ထိတွေ့မိချိန်တွင် တစ်ဖက်နှင့်တစ်ဖက် အရည်ပျော်ကျသည်အထိ ချေဖျက်လိုပုံရကာ အလျှော့ပေးခြင်းမရှိချေ။

နှစ်ဖက်စလုံး၏ပထမဆုံးထိတွေ့မှုတွင် လက်ရည်တူဖြစ်နေလေပြီ။

ဤနေရာကို စူးစမ်းလေ့လာနေသော နတ်ဘုရားစိတ်အာရုံများ ပြင်းပြင်းထန်ထန် လှုပ်ခတ်သွားသည်။ဤစောင့်ကြည့်နေသော အစွမ်းထက်တည်ရှိမှုကြီးများသည် လုယွီ အလွန်သန်မာအားကောင်းမည်ဟု မျှော်လင့်မထားမိကြချေ။

တစ်ဖက်လူသည် ရွှယ်ရှားအမတ်ကြီးပင်။

သူသည် လုယွီ၏မှော်မန္တန်ကို လှုပ်ခတ်အောင်လုပ်ဆောင်နိုင်စွမ်းမရှိသည်ကို မြင်တွေ့ချိန်တွင် လုကျိုးရှောင်၏မျက်လုံးအတွင်းမှနေ၍ သွေးဆာသောအလင်းတန်းများ ဖြာထွက်လာသည်။

"သောက်ချေးပုရွက်ဆိတ်လေးတစ်ကောင်ကများ...မင်းက ငါ့ကို ခုခံတိုက်ခိုက်ဝံ့တာလား"

လုကျိုးရှောင်၏မျက်နှာပေါ်၌ ရက်စက်ကြမ်းကြုတ်သော အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။

Chapter 3260

လုကျိုးရှောင်သည် ရုတ်တရက် သူ၏လက်ဟန်သင်္ကေတကို ပြောင်းလဲကာ သူ၏လက်ဝါးမှ လက်သည်းများ အသွင်ပြောင်းပြီး လုယွီကိုဦးတည်၍ ဆုတ်ဖြဲလိုက်သည်။

လုကျိုးရှောင်ထံမှ ထွက်ပေါ်နေသည့် အေးစက်ပြီးအစွမ်းထက်သော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒကြောင့် မိုးကောင်းကင်ယံပင် နီမြန်းသွားလေ၏။ရက်စက်ကြမ်းကြုတ်သော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများသည် ရုတ်တရက် တုန်လှုပ်ချောက်ချားဖွယ် လက်သည်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားကာ လုယွီကို ဆွဲကုတ်လိုက်သည်။

ပတ်ဝန်းကျင်၌ သရဲတစ္ဆေများ၏ငိုကြွေးမြည်တမ်းသံနှင့် တူညီသောအသံများ ထွက်ပေါ်နေသည်။ဤသည်က မရေမတွက်နိုင်သော အငြိုးကြီးစိတ်ဝိညာဥ်များ ငိုကြွေးမြည်တမ်းနေသံနှင့်တူညီကာ လူအများကို မူးယစ်ရီဝေနိုင်စွမ်းရှိသည်။

"သေစမ်း"

လုကျိုးရှောင်၏အော်သံနှင့်အတူ ထက်ရှသောလက်သည်းကြီးက လုယွီ၏ရှေ့သို့ ချက်ချင်းရောက်ရှိလာသည်။

လုကျိုးရှောင်သည် ဤလှုပ်ရှားမှုကို အသုံးပြုမည်ဟု လုယွီက မျှော်လင့်ထားပြီးဖြစ်သည်။

သူသည် ယခင်ကတည်းက လုကျိုးရှောင်၏နောက်ကြောင်းကိုစုံစမ်းပေးရန် ဖေးထျန်ကွမ်းအား တောင်းဆိုခဲ့လေ၏။ထိုသတင်းအချက်အလက်များအကြားတွင် လုကျိုးရှောင် အကျွမ်းကျင်ဆုံးဖြစ်သော ကျင့်ကြံနည်းစနစ်များနှင့်လှုပ်ရှားမှုများလည်း ပါဝင်သည်။

လုကျိုးရှောင်သည် သူ ကြိုးစားပမ်းစား သင်ယူခဲ့သော ရှေးဟောင်းကျင့်ကြံနည်းစနစ်သည် လုယွီနှင့်ရင်ဆိုင်ချိန်တွင် အသုံးမဝင်ကြောင်းကို သိရှိလိုက်ရသည်။ဤအချိန်အခိုက်အတန့်တွင် သူ အလွန်စိတ်လှုပ်ရှားသွားကာ သူ အကျွမ်းကျင်ဆုံးဖြစ်သော ကျင့်ကြံနည်းစနစ်ကို ပြောင်းလဲ၍ အသုံးပြုလိုက်သည်။

ဤသည်က လုယွီ ရည်ရွယ်ထားသောကိစ္စပင်။

ထိုက်ဟွာကျမ်းစာသည် အလွန်လျှို့ဝှက်ဆန်းကြယ်ပြီး နက်နဲသိမ်မွေ့လှ၏။အကယ်၍ သူသည် ထိုက်ဟွာကျမ်းစာမှနည်းစနစ်များနှင့် ရင်ဆိုင်ရပါက သူ အနိုင်ရမည်ဟု အပြည့်အဝယုံကြည်ချက်မရှိချေ။

သို့ရာတွင် လုကျိုးရှောင်သက်သက်ကိုမူ လုယွီ အနည်းငယ်မျှပင် ဂရုမစိုက်ချေ။

လုယွီ၏ယခင်ဘဝမှ အတွေ့အကြုံများဖြင့် ဤလုကျိုးရှောင်ကို ခြေမွှဖျက်ဆီးရန် လုံလောက်သည်။ဤအစွမ်းထက်ပြီး ထက်ရှသော တိုက်ခိုက်မှုသည် လုယွီ၏မျက်လုံးအတွင်း၌ ဟာကွက်များဖြင့် ပြည့်နှက်နေပေ၏။

"မိုးကောင်းကင်ဖွင့်လှစ်ခြင်းမြှား..."

လုယွီသည် လေးတစ်လက်ပေါ်မြှားတင်ထားသော လက်ဟန်သင်္ကေတကို ပြုလုပ်လိုက်သည်။ရှေးဟောင်းသင်္ကေတအက္ခရာများက သူ၏လက်ယာဘက်လက်အတွင်း၌ အဆက်မပြတ်ထွက်ပေါ်နေကာ သူ၏လက်ဝါးနှင့်ပူးကပ်သွားပြီး ရွှေရောင်ပြင်ပအလွှာတစ်လွှာအဖြစ် ဖွဲ့စည်းသွားသည်။

ရွှေရောင်လေးနှင့်မြှားသည် ပါးလွှာသောလေထုအတွင်းမှ ထွက်ပေါ်လာသည့်အလား လုယွီ၏လက်အတွင်း၌ ရောက်ရှိလာသည်။အစွမ်းထက်သောဖိအားအရှိန်အဝါလှိုင်းများ အဆက်မပြတ်စုဝေးကာ ပြင်းထန်လာပေ၏။ကောင်းကင်နှင့်မြေပြင်အကြားမှစွမ်းအားများအားလုံး လုယွီ၏လက်အတွင်း၌ စုဝေးနေပုံရသည်။

ဤသည်က လုယွီ နောက်ထပ်နယ်ပယ်တစ်ခုသို့ ချိုးဖျက်ဝင်ရောက်ခဲ့ပြီးနောက် နိုးထလာခဲ့သည့် အားအကောင်းဆုံး ရှေးဟောင်းသိုင်းပညာနည်းစနစ်ပင်။ဤသည်က အမတ်ကြီးချွယ်၏နည်းစနစ်များနှင့် တန်းတူအစွမ်းထက်ပေ၏။အတိတ်တွင် ရှေးဟောင်းခေတ်အတွင်း၌ ရွှေအင်မော်တယ်တစ်ယောက်က မြှားတစ်စင်းကို ပစ်လွှတ်လိုက်သည်။ထိုမြှားချက်သည် နယ်မြေတစ်ခုကိုထွင်းဖောက်သွားကာ ပွင့်ထွက်သွားစေသည်အထိ အလွန်အမင်းထက်ရှသည်။

လုယွီသည် လေးကြိုးကိုဆွဲတင်၍ သူ့ထံသို့ကျရောက်လာလုဆဲဆဲဖြစ်သော လက်သည်းပုံရိပ်ယောင်ကြီးကိုချိန်ရွယ်၍ မြှားကိုပစ်လွှတ်လိုက်သည်။

ဝှစ်...

ထိုမြှားကို ပစ်လွှတ်လိုက်ချိန်တွင် ပတ်ဝန်းကျင်ရှိလေဟာနယ် ပြင်းပြင်းထန်ထန် တုန်ခါသွားလေ၏။

ထက်ရှသောမြှားမှနေ၍ ရွှေရောင်အလင်းတန်းများဖြာထွက်နေပြီး လေထုကို ဖြတ်သန်းသွားသည်။ထို့နောက် မြှားသည် မိုးကောင်းကင်ယံအတွင်းရှိ သွေးနီရောင်လက်သည်းကြီးကိုထွင်းဖောက်ကာ လုကျိုးရှောင်၏ခန္ဓာကိုယ်အတွင်းသို့ စိုက်ဝင်သွားလေ၏။

မိုးကောင်းကင်ဖွင့်လှစ်ခြင်းမြှား၏သော့ချက်သည် မိုးကောင်းကင်ကိုပွင့်ထွက်စေခြင်းပင်။

ထိုမြှားကို ထုတ်လွှတ်လိုက်သည်နှင့် မိုးကောင်းကင်ကိုပင် ခြေမွှဖျက်ဆီးနိုင်စွမ်းရှိသည်။ထိုမြှားတွင် လွှမ်းမိုးချုပ်ကိုင်နိုင်သော အရှိန်အဝါတစ်ရပ်ပါဝင်နေကာ ကြီးမားသောစွမ်းအားလည်းရှိနေသည်။

လုယွီသည် ယခင်ကတည်းက လုကျိုးရှောင်၏ဟာကွက်ကို ရှာဖွေတွေ့ရှိပြီးဖြစ်သည်။ယခုချိန်တွင် လုယွီ ရုတ်တရက် ထုတ်လွှတ်လိုက်သောမြှားသည် လုကျိုးရှောင်၏လည်ပင်းကို ချိန်ရွယ်ထားခြင်းပင်။

ကျယ်လောင်သောဘုန်းခနဲမြည်သံနှင့်အတူ မြှားချက်ကြောင့် လုကျိုးရှောင်၏နတ်ဆိုးလက်သည်း ချက်ချင်းဆိုသလိုပင် ကြေမွှပျက်စီးသွားတော့သည်။လုကျိုးရှောင်သည် သူ၏စိတ်နှလုံးသားအတွင်းမှနေ၍ အလွန်ထိတ်လန့်တုန်လှုပ်သွားပေ၏။သူ၏လက်ကို အလျှင်အမြန်လှုပ်ရှားကာ သူ၏နှလုံးသားကိုကာကွယ်ရန်အတွက် ခရမ်းရောင်ချီအလင်းတန်းများကို အသုံးပြုလိုက်သည်။သို့ရာတွင် သူသည် အရေးနိမ့်သောအခြေအနေသို့ ကျရောက်သွားလေပြီ။

နတ်ဘုရားမြှားသည် လုကျိုးရှောင်ကို ပြင်းပြင်းထန်ထန် ထိခတ်သွားသည်။ပြင်းထန်သောမြည်ဟီးသံနှင့်အတူ လုကျိုးရှောင်သည် နောက်သို့မီတာလေး ငါးဆယ်ခန့် နောက်ဆုတ်လိုက်ရကာ သူ့ကိုယ်သူ မတ်တတ်ရပ်နိုင်ရုံမျှသာ ထိန်းထားနိုင်သည်။

အဆုံးသတ်၌ လုကျိုးရှောင်သည် နတ်ဘုရားမြှားကို ဖမ်းဆီးနိုင်ခဲ့လေ၏။

သို့ရာတွင် လုကျိုးရှောင်၏လက်မှ အနီရောင်သွေးများ ယိုစီးကျနေသဖြင့် ဤနေရာကို စူးစမ်းလေ့လာသူများအားလုံး ထိတ်လန့်တုန်လှုပ်သွားသည်။

"မင်း..."

လုကျိုးရှောင်က ခေါင်းမော့ကာ လုယွီကို စူးစူးဝါးဝါး စိုက်ကြည့်လိုက်သည်။

သူ၏မျက်လုံးအတွင်း၌ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများနှင့် ပြည့်နှက်နေသည်။

"ရွှယ်ရှားအမတ်ကြီးက အရည်အချင်းတချို့ကိုထုတ်ပြမယ်လို့ ငါ ထင်ထားခဲ့တာ...တကယ်လို့ မင်းမှာ ခွန်အားမရှိရင်လည်း တခြားသူတွေလိုမျိုး မောက်မာဝံ့ကြွားမနေသင့်ဘူး...ဒီနေ့တိုက်ပွဲက တော်ဝင်မြို့တော်ထဲမှာဖြစ်နေတာကြောင့် ငါ မင်းကို နာကျင်အောင်မလုပ်ချင်ဘူး"

လုယွီက ပြောဆိုသည်။

All Chapters