← Chapters

အခန်း (၃၂၆၆-၃၂၇၀)

Vol. 167 Ch. 3266-3270

အခန်း (၃၂၆၆-၃၂၇၀)

Vol. 167 Ch. 3266-3270

Chapter 3266

"ဒါကြောင့် ရှေးဟောင်းအချိန်ကာလတွေအတွင်းမှာ ကျင့်ကြံသူအများစုက လမ်းကြောင်းသွေဖည်သွားတယ်...သူတို့က ကျင့်ကြံဖို့အတွက် အရာအားလုံးကိုမေ့ဖျောက်ရမယ်လို့ ယူဆပြီးတော့ သူတို့ရဲ့စိတ်ခံစားချက်တွေအားလုံးကို ဖြတ်တောက်ခဲ့တယ်...အဲ့ဒီအချိန်ကျမှသာ သူတို့က တာအိုကိုရှာဖွေဖို့ အာရုံစူးစိုက်နိုင်ခဲ့တယ်...ဒါပေမယ့် သူတို့မေ့နေခဲ့တာက မြင့်မြတ်ပြီး ကြီးကျယ်ခမ်းနားတဲ့ မဟာမိုးကောင်းကင်ရွှေအင်မော်တယ်တွေမှာတောင် စိတ်ခံစားချက်ခုနစ်မျိုးနဲ့စိတ်ဆန္ဒခြောက်မျိုး ရှိတယ်ဆိုတာပဲ"

"တကယ်လို့ တစ်စုံတစ်ယောက်မှာ စိတ်ခံစားချက် မရှိတော့ဘူးဆိုရင် အဲ့ဒီလူက ရေခဲတမျှအေးစက်ပြီးတော့ အဆုံးသတ်ကျရင် နှလုံးသားမဲ့တဲ့သူ ဖြစ်သွားလိမ့်မယ်...တကယ်လို့ သူက မေ့လျော့ခြင်းတာအိုကို အမြင့်မားဆုံးအဆင့်ထိ ကျင့်ကြံနိုင်တယ်ဆိုရင်တောင် သူက ကျောက်တုံးတစ်တုံးနဲ့ ဘာများကွာခြားတော့မှာလဲ"

"ဒါကြောင့် မင်းတို့က နောက်တစ်ချိန်မှာ ဒီလိုမျိုးတာအိုတွေကို ကျင့်ကြံမယ်ဆိုရင် အနှစ်သာရကိုပဲ ရွေးထုတ်ယူပြီးတော့ မသန့်စင်မှုတွေကို ဖယ်ရှားရမယ်...တာအိုရဲ့ယူဆချက်တွေကိုကြည့်ပြီးတော့ အရူးလုပ်မခံကြနဲ့...တချို့တာအိုတွေက ကျင့်ကြံဖို့ အခြေအနေတွေလိုအပ်တယ်....တချို့တာအိုတွေကတော့ တားမြစ်ကန့်သတ်ချက်တွေ မရှိဘူး...မင်းတို့က အဲ့ဒီတာအိုတွေရဲ့ ယူဆချက်တွေကို လေ့လာသင်ယူပြီးတော့ အနှစ်သာရကို ဖော်ထုတ်နိုင်ရမယ်"

ယီဟန် ဟောပြောနေစဥ်တွင် မလိုအပ်သောအရာများကို ထည့်သွင်းပြောကြားခြင်းမရှိချေ။သူသည် ဟောပြောသည့်အကြောင်းအရာများကို တပည့်များနားလည်သဘောပေါက်စေရန် အကောင်းဆုံးကြိုးစားလေ၏။

တပည့်အမြောက်အများသည် ယီဟန်၏ဟောပြောမှုအတွင်း နစ်မြောနေကာ ခပ်ခါတလဲလဲ ခေါင်းညိတ်နေကြသည်။

ဤတာအိုစည်းမျဥ်းများသည် ရိုးရှင်းပြီး နားလည်ရန်လွယ်ကူသော်လည်း သူတို့သည် စာပေသူတော်စင်၏ဟောပြောမှုကို နားထောင်နေဆဲပင်။ထိုဟောပြောမှုအတွင်းတွင် ဥပဒေသစွမ်းအားများ ပါဝင်နေသည်။ဤစွမ်းအားသည် သူတို့၏ခန္ဓာကိုယ်များပေါ်၌ ရေးထွင်းထားသကဲ့သို့ စွဲမြဲနေမည်ဖြစ်သဖြင့် အချိန်အတော်ကြာသည့်တိုင် လွယ်လင့်တကူ မေ့လျော့သွားမည်မဟုတ်ချေ။

လုယွီသည် မြက်ဖျာပေါ်၌ထိုင်ကာ အချိန်တခဏခန့် နားထောင်နေခဲ့သည်။ယီဟန်သည် သူ့အား ခေါင်းညိတ်ပြသည်ကို ရုတ်တရက် သူ သတိပြုမိသွားလေ၏။ယီဟန်သည် သူ့အား ခေါ်နေသည်ကို ချက်ချင်းဆိုသလို သူ နားလည်သဘောပေါက်သွားသဖြင့် မတ်တတ်ထရပ်ကာ အရိုအသေပြုလိုက်သည်။

"မင်း ရောက်နေတာလား...ငါ့နောက်လိုက်ခဲ့"

ယီဟန်က မတ်တတ်ထရပ်ကာ သစ်သားစင်မြင့်ပေါ်မှ ထွက်ခွာသွားသည်။

ဤအချိန်အခိုက်အတန့်တွင် တခြားတပည့်များအားလုံး၏မျက်လုံးအကြည့်များက လုယွီထံသို့ စူးစိုက်၍ကျရောက်နေသည်။

ဤှသည်က စာပေသူတော်စင်၏ဆင့်ခေါ်မှုကို ခံရခြင်းပင်။အမည်ခံတပည့်များသည် ဟောပြောမှုကို ရက်အနည်းကြာအောင် နားထောင်ခဲ့ရသော်လည်း ဤကဲ့သို့အခွင့်အရေးမျိုးကို မရရှိခဲ့ချေ။ဤလူငယ်သည် မကြာသေးမီကမှ ရောက်ရှိလာသော်လည်း မည်သည်ကြောင့် စာပေသူတော်စင်၏ဆင့်ခေါ်မှုကို ခံရသနည်း။

"အဲ့ဒီလူက ဘယ်သူလဲ...ငါ သူ့ကို အရင်က မမြင်ဖူးဘူး"

"သူက အရမ်းငယ်သေးတယ်...ငါ့ထက်တောင် အသက်ငယ်ပုံရတယ်...ဖြစ်နိုင်တာတော့ သူက စာပေသူတော်စင်ရဲ့ဆွေမျိုးတစ်ယောက်များလား"

"အသံတိုးတိုးပြောစမ်း...မင်း ရူးနေတာလား...စာပေသူတော်စင်မှာ ဘာဆွေမျိုးမှမရှိတာ မင်း မသိဘူးလား...စာပေသူတော်စင်က နံဘေးပတ်ဝန်းကျင်မှာရှိတဲ့ အရာရာတိုင်းကို အာရုံခံနိုင်တယ်...တကယ်လို့ စာပေသူတော်စင်က မင်းပြောတာကို ကြားသွားမယ်ဆိုရင် သူက မင်းအပေါ် အမြင်အရမ်းဆိုးသွားနိုင်တယ်"

အမည်ခံတပည့်တချို့သည် လေသံတိုးတိုးနှင့် တိုင်ပင်ဆွေးနွေးနေကြကာ သူတို့သည် သိချင်စိတ်ပြင်းပြစွာဖြင့် လုယွီကို ကြည့်နေကြ၏။

ရဲတင်းသောတပည့်တစ်ယောက်က ရှေ့သို့တိုး၍ မေးမြန်းလေသည်။

"ဂျူနီယာညီလေး...ငါ မင်းရဲ့နာမည်ကို သိခွင့်ရှိမလား"

"ငါက လုယွီ...ဆရာသခင်က ငါ့ကို ပြောစရာတစ်ခုခုရှိနေပုံပဲ...ဒီနေ့တော့ မင်းတို့တွေနဲ့ ငါ စကားပြောနိုင်အုံးမှာ မဟုတ်ဘူး...နှုတ်ဆက်ပါတယ်"

လုယွီက သူ၏လက်နှစ်ဖက်ကိုပူးဆုပ်ကာ ပြောဆိုပြီးနောက် စာပေသူတော်စင်၏သက်ကယ်တဲအိမ်ထံသို့ ဦးတည်၍ထွက်ခွာခဲ့တော့သည်။

လုယွီ...

လက်ရှိနေရာတွင်ရှိနေသော တပည့်အများစုသည် ကြက်သေသေသွားကြ၏။ရုတ်တရက် သူတို့သည် အချင်းချင်းကြည့်လိုက်ကြရာ တစ်ယောက်၏မျက်လုံးအတွင်းရှိ အံ့အားသင့်တုန်လှုပ်မှုကို တခြားတစ်ယောက်က တွေ့မြင်နေရသည်။

"သူက လွန်ခဲ့တဲ့ရက်အနည်းငယ်လောက်တုန်းက ရွှယ်ရှားအမတ်ကြီးကို အနိုင်ယူခဲ့တဲ့ ထိပ်သီးကျောင်းတော်သားမဟုတ်လား"

"သူက စာပေသူတော်စင်ယီရဲ့တိုက်ရိုက်တပည့်လို့ ငါ ကြားထားတယ်...တော်ဝင်စာမေးပွဲမှာ စာပေသူတော်စင်ကျန်းတောင် သူ့အတွက်နဲ့ ရှေ့ထွက်ပြီး စကားပြောပေးခဲ့တယ်"

"အံ့အားသင့်စရာမရှိတော့ဘူး...သူ့ရဲ့အဆင့်အတန်းနဲ့ဆိုရင် သူက စာပေသူတော်စင်ရဲ့ဆင့်ခေါ်တာကိုခံရဖို့ အရည်အချင်းပြည့်မီတယ်"

လက်ရှိနေရာတွင် ရှိနေသူများသည် လုယွီ၏အဆင့်အတန်းကို သိရှိသွားချိန်တွင် သူတို့က မနာလိုအားကျသောအကြည့်များဖြင့် သူ့ကို ကြည့်လိုက်ကြသည်။

သက်ကယ်တဲအိမ်အတွင်းသို့ ဝင်ရောက်ပြီးနောက် လုယွီသည် စာပေသူတော်စင်ယီ၏နောက်သို့လိုက်၍ ခြံဝန်းငယ်တစ်ခုအတွင်းသို့ ရောက်ရှိခဲ့လေ၏။

ဤခြံဝန်းငယ်သည် ရိုးရှင်းပြီး တိတ်ဆိတ်ငြိမ်သက်သည်။ဤနေရာသို့ရောက်ရှိလာသော မည်သူမဆို ငြိမ်းချမ်းသောခံစားချက်မျိုး ရရှိပေမည်။

စာပေသူတော်စင်ယီဟန်သည် လုယွီကို ခြံဝန်းအတွင်းရှိ အိမ်အတွင်းသို့ ခေါ်ဆိုလိုက်ပြီး သူ့အား ထိုင်ရန်အတွက် လက်ဟန်သင်္ကေတပြလိုက်သည်။

"ဆရာသခင်ကို အရိုအသေပြုပါတယ်...ဆရာသခင် တံခါးပိတ်ကျင့်ကြံရာကနေထွက်လာတယ်လို့ ကျွန်တော် ကြားတာကြောင့်...ဆရာသခင်ကို အရိုအသေလာပြုတာပါ"

လုယွီက သူ၏လက်နှစ်ဖက်ကိုပူးဆုပ်၍ အရိုအသေပြုလိုက်၏။ဤရက်များအတွင်းတွင် သူ ရင်ဆိုင်ခဲ့ရသော ပြဿနာများသည် စာပေသူတော်စင်၏ရှေ့သို့အရောက်တွင် ဖြေရှင်းပြီးသားဖြစ်သွားလေပြီ။

Chapter 3267

အကယ်၍ စာပေသူတော်စင်ကသာ သူ့ကိုကူညီ၍ ဖုံးကွယ်ပေးမထားပါက ရှေးဟောင်းကောင်းကင်ဘုံနန်းတော်၏အမွေအနှစ်ကို သူ ဆက်ခံထားသည့်သတင်း ထွက်ပေါ်သွားပါက အုတ်အော်သောင်းနင်း ဖြစ်သွားကြမည့်အပြင် သူ၏အသက်အန္တရာယ်ကိုပင် ထိပါးလာနိုင်သည်။

ဤသည်က သူ့အတွက် ကြီးမားသောသနားကြင်နာမှုကို ပြသခဲ့ခြင်းဖြစ်သဖြင့် သူ ပြန်ပေးဆပ်ရပေမည်။

ထို့ကြောင့် လုယွီသည် စာပေသူတော်စင်ယီဟန်ကို သူ၏စိတ်နှလုံးသား နက်ရှိုင်းသောနေရာမှလာသော ခံစားချက်ဖြင့် ဆရာသခင်ဟု ခေါ်ဆိုခြင်းဖြစ်သည်။မည်သည့်လိမ်လည်လှည့်စားမှုမျိုးမျှ မပါချေ။

"ငါ အပြင်ကိုမထွက်ပေမယ့် မင်း အပြင်မှာလုပ်ခဲ့တဲ့ ကိစ္စတစ်ခု နှစ်ခုအကြောင်းကို ငါ သိနေတယ်...ဘယ်လိုသည်းခံရမလဲဆိုတာကိုသိတာ မင်းအတွက် ကောင်းတဲ့ကိစ္စပဲ..ဒါပေမယ့် လူငယ်တွေဆိုတာ သူတို့ရဲ့အရည်အချင်းကို နည်းနည်းတော့ ပြချင်ကြတာပဲ....အခုချိန်မှာ မင်းက နာမည်ပိုပြီးကျော်ကြားလာတာကြောင့် မင်းရဲ့နောက်ကနေ အကွက်ချစီစဥ်မယ့်လူတွေကို မင်း ပိုပြီးတော့သတိထားရမယ်...မင်း ပိုပြီးသတိထားတာနဲ့ သူတို့တွေ မင်းကိုတိုက်ခိုက်ဖို့ ပိုပြီးခက်ခဲသွားမှာပဲ"

ယီဟန်က ခပ်ဖျော့ဖျော့အပြုံးနှင့်ပြောဆိုချိန်တွင် လူအများအား နွေဦးလေပြည်ညှင်းတိုက်ခတ်သကဲ့သို့ခံစားချက်မျိုး ပေးစွမ်းနိုင်သည်။လူများ၏စိတ်နှလုံးသားအတွင်းမှ စိုးရိမ်ပူပန်မှုများအားလုံး ဤအချိန်အခိုက်အတန့်တွင် ပျက်ပြယ်သွားသကဲ့သို့ပင်။

"ဆရာသခင်ရဲ့ချီးမွမ်းမှုအတွက် ကျေးဇူးတင်ပါတယ်...ကျွန်တော်က ကျွန်တော်လုပ်သင့်တဲ့ကိစ္စကို လုပ်ခဲ့ရုံပါပဲ"

လုယွီက နှိမ့်ချခြင်းလည်းမရှိ မောက်မာဝံ့ကြွားခြင်းလည်းမရှိသောလေသံဖြင့် ပြောဆိုသည်။

ယီဟန်သည် အချိန်တခဏကြာ တိတ်ဆိတ်ငြိမ်သက်နေပြီးမှ ရုတ်တရက် ပြောဆိုသည်။

"အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလိုအောင်မြင်မှုမျိုးရလာဖို့ဆိုတာ မင်းအတွက် လွယ်ကူတဲ့ကိစ္စမဟုတ်ဘူး...ဒါက မင်းကိုယ်တိုင်ကြိုးစားခဲ့တာရဲ့ အောင်မြင်မှုရလဒ်ပဲ...ဒီအောင်မြင်မှုက တခြားသူတွေနဲ့မဆိုင်သလို ငါနဲ့လည်းမဆိုင်ဘူး"

"ကောင်းကင်ဘုံနယ်မြေမှာ ဘေးကပ်ဆိုးကြီးတွေ မဖြစ်ပွားခဲ့တာ ဘယ်လောက်ကြာပြီလဲဆိုတာ မင်းသိလား"

လုယွီက တိတ်ဆိတ်ငြိမ်သက်သွားသည်။ယီဟန် မည်သည်ကြောင့် စကားခေါင်းစဥ်ပြောင်းလိုက်သည်ကို သူ မသိရှိချေ။

"ဒါက နှစ်လေးရာကျော်ကြာနေပြီ...အလယ်ခေတ်တုန်းက ဖြစ်ပွားခဲ့တဲ့ ဘေးကပ်ဆိုးကြီး အဆုံးသတ်သွားပြီးတော့ တာယွီအင်ပါယာကို တည်ထောင်ခဲ့တယ်...ဒီနှစ်လေးရာအတွင်းမှာ အသေးစားပုန်ကန်မှုတွေရှိခဲ့ပေမယ့် အလျှင်အမြန်ပဲ နှိမ်နင်းနိုင်ခဲ့တယ်"

"ဒါပေမယ့် ငြိမ်းချမ်းတဲ့အချိန်ကာလတွေက သိပ်ပြီးကြာကြာခံတော့မှာမဟုတ်ဘူး...အခု ကောင်းကင်ဘုံနယ်မြေရဲ့ရာသီဥတုတွေ ပြောင်းလဲသွားပြီဆိုတာ မင်း သတိပြုမိလား..မကြာခင်မှာပဲ ဖရိုဖရဲတွေ ဖြစ်လာတော့မယ်"

ယီဟန်က သူ၏လက်ကိုဝှေ့ယမ်းလိုက်ရာ ကြယ်တာရာကောင်းကင်၏ပုံရိပ်က သူ၏ရှေ့၌ ထွက်ပေါ်လာသည်။

ဤကြယ်တာရာကောင်းကင်ယံပေါ်၌ ကြယ်အလင်းတန်းများရှိနေသည်။ထိုအရာများသည် တဖျတ်ဖျတ်တောက်ပနေကာ အံ့အားသင့်ဖွယ်ကောင်းစွာပင် ကောင်းကင်ဘုံနယ်မြေတစ်ခုလုံး၏အကျဥ်းချုပ်မြင်ကွင်း ဖြစ်နေပေ၏။

အကယ်၍ ကြယ်တာရာတာအိုကို ယခင်ကမသင်ယူခဲ့ဖူးသော လူတစ်ယောက်ဆိုပါက ထိုအရာများကို ရှုပ်ယှက်ခတ်နေသည်ဟု ခံစားမိပေမည်။သို့ရာတွင် လုယွီ၏မျက်လုံးအတွင်း၌ ဤကြယ်ရာကောင်းကင်သည် ဖရိုဖရဲဖြစ်စဥ်များနှင့် ပြည့်နှက်နေပေ၏။

ကြယ်တာရာများအကြားတွင် အနက်ရောင်လေစီးကြောင်းများရှိနေပြီး တစ်ခုနှင့်တစ်ခု ချိတ်ဆက်နေကာ နောက်ဆုံး၌ ကောင်းကင်ယံတွင် ဧရာမကွန်ယက်ကြီးအဖြစ် ဖွဲ့စည်းသွားပြီး နတ်ဘုရားလမ်းကြောင်းတစ်ခုလုံးကို အပြည့်အဝ လွှမ်းခြုံသွားသည်။

"ကျားတွေ နဂါးတွေက တစ်ကောင်နဲ့တစ်ကောင် ဝါးမြိုနေတာလား"

လုယွီက မေးမြန်းလိုက်သည်။

စာပေသူတော်စင်ယီဟန်က ခေါင်းညိတ်ပြလိုက်၏။

"ထန်အင်ပါယာရဲ့မြင့်တက်လာမှုက အစပျိုးရုံပဲရှိသေးတာ...အလယ်ခေတ်အတွင်းမှာရှိခဲ့တဲ့ တိုင်းပြည်တွေနဲ့အင်အားစုတွေက ဒီနယ်မြေထဲမှာ ပြန်ပြီးပေါက်ဖွားလာကြလိမ့်မယ်...အမှန်တော့ ကောင်းကင်ဘုံနယ်မြေရဲ့လှည့်ပတ်မှုစက်ဝန်းအရ နယ်မြေတစ်ခုလုံး ဖရိုဖရဲဆန်လာပြီးတော့ ပရမ်းပတာတွေဖြစ်လာတော့မယ်...ကောင်းကင်ဘုံနယ်မြေတစ်ခုလုံးကို အုပ်ချုပ်လာခဲ့တဲ့ တာယွီအင်ပါယာလို တိုင်းပြည်မျိုးလည်းရှိတော့မှာမဟုတ်ဘူး"

"ဖရိုဖရဲဖြစ်စဥ်တွေ တဖန်ပြန်မြင့်တက်လာပြီးတော့ ငြိမ်းချမ်းမှုတွေ ပျက်ပြားတော့မယ်...အခုလက်ရှိအချိန်မှာ ကောင်းကင်ဘုံနယ်မြေက အလယ်ခေတ်ကနဲ့ မတူတော့ဘူး...အဲ့ဒီခေတ်တုန်းက အင်အားကောင်းသူတွေ ရိုသေလေးစားခံရပြီးတော့ အင်အားနည်းတဲ့သူတွေ အနိုင်ကျင့်ခံရတဲ့အချိန်ပဲ...အဲ့ဒီဖရိုဖရဲဖြစ်စဥ်အတွင်းမှာ လူတွေအများကြီး သေဆုံးခဲ့ရတယ်...ဒါပေမယ့် ရည်မှန်းချက်ကြီးမားသူတချို့အတွက်တော့ ဒါက အကောင်းဆုံးအခွင့်အရေးပဲ...ဒါက သူတို့ရဲ့အကန့်အသတ်ကိုချိုးဖျက်ပြီးတော့ နယ်မြေတစ်ခုကိုအုပ်ချုပ်နိုင်မယ့် ကံကြမ္မာကောင်းကြီးတစ်ခုပဲ"

ထိုသို့ပြောဆိုပြီးနောက် သူသည် နက်ရှိုင်းစွာတွေးတောနေသည့်အလား လုယွီကိုကြည့်ကာ မေးမြန်းသည်။

"တကယ်လို့ နောင်တစ်ချိန် မင်းဆီမှာ အုပ်ချုပ်သူတစ်ယောက်ရဲ့စွမ်းအားမျိုး ရလာမယ်ဆိုရင် ဒီလောကကြီးထဲကလူတွေကို မင်း ဘာလုပ်မှာလဲ"

ဤစကားသည် လုယွီ၏စိတ်ကို အပြည့်အဝမေးခွန်းထုတ်ခြင်းပင်။

ဤအချိန်အခိုက်အတန့်တွင် ယီဟန်သည် စူးရှတောက်ပသောမျက်လုံးတစ်စုံဖြင့် လုယွီကို ကြည့်နေလေ၏။သူ၏မျက်လုံးအကြည့်သည် လောကကြီးအတွင်းရှိ သူတော်ကောင်းယောင်ဆောင်သောကိစ္စများနှင့်ညစ်ညမ်းမှုများအားလုံးကို ထွင်းဖောက်မြင်နိုင်ပုံရသည်။

လုယွီ၏စိတ်နှလုံးသား မွန်းကြပ်သွားသည်။ယီဟန်သည် ရုတ်တရက် သူ့အား ဤကဲ့သို့မေးခွန်းမျိုးမေးမည်ဟု သူ မျှော်လင့်မထားမိချေ။

Chapter 3268

သို့ရာတွင် လုယွီသည် ကိစ္စများစွာကိုကြုံတွေ့ခဲ့ဖူးသော လူစားမျိုးဖြစ်သဖြင့် သူ၏စိတ် အလျှင်အမြန် တည်ငြိမ်အေးချမ်းသွားသည်။

သူက အချိန်တခဏကြာတွေးတောပြီးနောက် ပြောဆိုသည်။

"တကယ်လို့ ကျွန်တော်မှာသာ စွမ်းအားရှိလာရင် လောကကြီးတစ်ခုလုံးကို တစုတစည်းတည်းဖြစ်စေပြီးတော့ အဆုံးသတ်ကျရင် တည်ငြိမ်စေရမယ်...ကျွန်တော်က အလယ်ခေတ်တုန်းကလို ဖရိုဖရဲကိစ္စမျိုး ထပ်ပြီးဖြစ်လာဖို့ကို ခွင့်ပြုမှာမဟုတ်ဘူး"

လုယွီသည် ရှေးဟောင်းကောင်းကင်ဘုံတရားရုံး၏အမွေအနှစ်ကိုဆက်ခံထားသည့်အပြင် ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်၏မှတ်ဥာဏ်များကိုလည်း ရရှိထားသည်။မသိစိတ်မှနေ၍ သူသည် ဤအစွမ်းထက်ဧကရာဇ်နှစ်ပါး၏လွှမ်းမိုးခြင်းကို ခံနေရလေ၏။

ကောင်းကင်ဘုံနယ်မြေသို့ သူ ရောက်လာခဲ့စဥ်တွင် ယခင်နှင့်တူညီသောလမ်းကြောင်းကိုလျှောက်လှမ်းကာ ကျင့်ကြံ၍ရသော်လည်း သူ မလုပ်ခဲ့ချေ။ထိုအစား သူသည် တော်ဝင်မြို့တော်သို့လာကာ တာယွီအင်ပါယာ၏အရာရှိအသိုင်းအဝိုင်းတွင်းသို့ဝင်ရောက်ရန် ရွေးချယ်ခဲ့သည်။

ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်သည် လုယွီ၏ပြိုင်ဘက်ဟောင်းတစ်ယောက်ပင်။သို့ရာတွင် လုယွီသည် ဤဧကရာဇ်ကို သူ၏စိတ်နှလုံးသားအတွင်းမှနေ၍ ရိုသေလေးစားနေဆဲပင်။

ထို့ကြောင့် ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ် သေဆုံးသွားသည့်တိုင် သူ၏စိတ်ဆန္ဒကို ဖြည့်ဆည်းပေးရန်အတွက် လုယွီထံတွင် ဆန္ဒရှိပေ၏။

"မင်း ဒီနေ့ ပြောခဲ့တဲ့စကားတွေအားလုံးကို မင်း မှတ်ထားဖို့ ငါ မျှော်လင့်တယ်"

ယီဟန်၏မျက်နှာပေါ်တွင် မည်သည့်ပျော်ရွှင်မှု ဝမ်းနည်းမှုမျိုးမျှရှိမနေချေ။သူက လုယွီ၏မျက်နှာကို အချိန်အတော်ကြာစူးစိုက်ကြည့်ကာ ဆက်လက်၍ပြောဆိုသည်။

"ငါက မင်းရဲ့ဆရာသခင်လို့ နာမည်ခံထားပေမယ့် ငါ မင်းကို ဘာမှသင်မပေးရသေးဘူး...ဒီနေ့ ငါတို့ တွေ့ပြီးတာနဲ့ ဘယ်အချိန်ကျမှ နောက်တစ်ကြိမ် ပြန်တွေ့ရမယ်ဆိုတာ မသိနိုင်ဘူး...ငါက မင်း ကွန်ဖြူးရှပ်တာအိုကို အောင်မြင်ပြီးမြောက်ဖို့အတွက် ဥာဏ်အလင်းဖွင့်ပေးမယ်"

ရုတ်ချည်းဆိုသလိုပင် ပတ်ဝန်းကျင်နေရာတဝိုက်လုံး ယခင်ထက်ပို၍ တိတ်ဆိတ်ငြိမ်သက်သွားသည်။စာပေသူတော်စင်ယီဟန်၏အသံကသာ အခန်းအတွင်း၌ ပဲ့တင်ထပ်ပျံ့နှံ့နေပေ၏။

ပတ်ဝန်းကျင်ရှိလေဟာနယ်အတွင်း၌ မိုးခြိမ်းသံနှင့်တူညီသောအသံများ မြည်ဟီးလာသည်။ဤသည်က ပြင်ပမှနေ၍ မိုးကြိုးများဆင်းသက်လာသည့်အလား လုယွီ၏နားနံဘေးသို့ ကျရောက်လာသည်။

"ချမ်ကကောင်းကင်...မိုးကောင်းကင်က အားကောင်းတယ်...လူတော်တစ်ယောက်က သူ့ကိုယ်သူတိုးတက်အောင် အဆက်မပြတ်လုပ်နေတယ်..."

မိုးခြိမ်းသံကဲ့သို့ကျယ်လောင်သောအသံများက လုယွီ၏နားအတွင်း၌ အဆက်မပြတ်မြည်ဟီးနေကာ နောက်ဆုံး၌ သူ၏စိတ်အတွင်း၌ နက်ရှိုင်းစွာ စွဲထင်သွားတော့သည်။

လုယွီက မျက်လုံးစုံမှိတ်ကာ ဤဥာဏ်အလင်းပြမှုအတွင်း၌ နစ်မြုပ်သွားတော့သည်။

သူ၏ကံကြမ္မာကို မူလက အစွမ်းထက်သောအားလှိုင်းတစ်ရပ်က ဖုံးကွယ်ထားသဖြင့် အနာဂတ်ကို ကြိုတင်သိမြင်နိုင်ရန်မှာ သူ့အတွက် မဖြစ်နိုင်ချေ။ယခုလက်ရှိချိန်တွင် ထိုအားလှိုင်းသည် ရုတ်တရက်ထွက်ပေါ်လာကာ လုယွီ၏ကံကြမ္မာအတွင်းသို့ တိုးဝင်လာပြီး ထွင်းထုထားသည့်အလား နက်ရှိုင်းစွာစွဲထင်ကျန်ရစ်ခဲ့သည်။

ဤသည်က လုယွီ၏အနာဂတ်လမ်းကြောင်းတွင် အပြောင်းအလဲများစွာ ရှိနေသကဲ့သို့ပင်။ရှည်လျားပြီး အဆုံးမရှိသော သူ၏ကံကြမ္မာလမ်းကြောင်းသည် ဤအချိန်အခိုက်အတန့်တွင် ရုတ်တရက်သွေဖည်သွားလေ၏။

စာပေသူတော်စင်ရွတ်ဆိုသောကျမ်းစာမှ စကားလုံးတစ်ခုစီတွင် ကိုယ်ပိုင်အသက်ရှိနေသကဲ့သို့ပင်။ထိုအရာများသည် ရွှေရောင်အလင်းတန်းများအဖြစ်သို့ ပြောင်းလဲကာ သူ၏နဖူးအတွင်းသို့ တိုးဝင်လာသည်။

ရုတ်ချည်းဆိုသလိုပင် ထိုရွှေရောင်အလင်းတန်းများ၏စွမ်းအားများ ပွင့်အံ့ထွက်လာပေ၏။ဤအချိန်အခိုက်အတန့်တွင် ထိုအရာများသည် လုယွီ၏ကွန်ဖြူးရှပ်တာအိုဥပဒေသကို မကြုံစဖူးအမြင့်ထိ တွန်းပို့လိုက်သည်။

လုယွီ၏ခန္ဓာကိုယ်မှနေ၍ ရုတ်တရက် ပြင်းထန်သောလေပြင်းတစ်ရပ် ထွက်ပေါ်လာကာ သူ၏အင်္ကျီလက်များ ရှေ့နောက်လူးလွန့်သွားသည်။သူသည် မျက်မှောင်အနည်းငယ်ကြုတ်လိုက်သော်လည်း တဖြည်းဖြည်း ပြန်လည်တည်ငြိမ်သွားပေ၏။

ဤအချိန်အခိုက်အတန့်တွင် အကယ်၍ တစ်စုံတစ်ယောက်သည် လုယွီ၏ကောင်းကင်ဘုံလမ်းကြောင်းအတွင်းသို့ ချောင်းမြောင်းကြည့်ပါက ရွှေရောင်အလင်းတန်းများ လှည့်ပတ်ပျံဝဲနေသည်ကို တွေ့မြင်ရပေမည်။

ကွန်ဖြူးရှပ်တာအိုဥပဒေသ...အကြီးစားအောင်မြင်ခြင်း...

လုယွီသည် ဤအဆင့်သို့ သူ ရောက်ရှိနိုင်မည်ဟု တစ်ကြိမ်တစ်ခါမျှ တွေးတောခဲ့ဖူးခြင်းမရှိချေ။

"ဆရာသခင်ကို ကျေးဇူးတင်ပါတယ်"

လုယွီက သူ၏လက်နှစ်ဖက်ကို ပူးဆုပ်၍ပြောဆိုသည်။သူ၏အသံတွင် ကျေးဇူးတင်မှုများဖြင့် ပြည့်နှက်နေပေ၏။

ဤသည်က သူ၏နှလုံးသားအောက်ခြေမှလာသော ကျေးဇူးတင်စကားပင်။စာပေသူတော်စင်ယီဟန်သည် သူ၏နောက်ခံအင်အားတစ်ရပ်အရဖြစ်စေ ယခုလက်ရှိ သူ့အားတိုက်ရိုက်ကူညီပေးခဲ့မှုအရဖြစ်စေ သူ ကျေးဇူးတင်ထိုက်သောပုဂ္ဂိုလ်တစ်ယောက်ဖြစ်သည်။

လုယွီထံတွင် အတိတ်ဘဝမှမှတ်ဥာဏ်များရှိနေသော်လည်း သူ ရန်စခဲ့သောရန်သူများသည် ယခင်ထက်ပို၍ သန်မာအားကောင်းကာ ကောက်ကျစ်ယုတ်မာသည်။ယခုထိတိုင် သူသည် အပြည့်အဝကြီးထွားခြင်း မရှိသေးချေ။အကယ်၍ ထိုလူများကသာ အမှန်တကယ် ဖယ်ရှားဖို့ ပြင်းပြင်းထန်ထန် လှုပ်ရှားလာပါက သူ့အား သုတ်သင်ဖယ်ရှားရန် ခက်ခဲမည်မဟုတ်ပေ။

သူ့နောက်တွင် စာပေသူတော်စင်ယီဟန်ရှိနေခြင်းကြောင့်သာ ရှကွေ့ကျုံးကဲ့သို့လူစားမျိုးပင်လျှင် မဆင်မခြင်မလှုပ်ရှားဝံ့ခြင်းဖြစ်သည်။

ဤကဲ့သို့ မဟာတာအိုတစ်ခုကို ပြီးပြည့်စုံခြင်းအဆင့်သို့ မြှင့်တင်ပေးနိုင်ရန်မှာ အနိမ့်ဆုံးအနေဖြင့် နယ်မြေသခင်အဆင့်ကျင့်ကြံသူတစ်ယောက်သာ လုပ်ဆောင်နိုင်ပေမည်။

ယီဟန်၏လှုပ်ရှားမှုများသည် လုယွီအတွက် ကြီးမားသောအကူအညီဖြစ်သည်မှာ သံသယဖြစ်ဖွယ်မရှိချေ။ဤသည်က သူ၏ကျင့်ကြံဆင့်ကို အဆများစွာ တိုက်ရိုက်မြှင့်တင်ပေးလိုက်သကဲ့သို့ပင်။

Chapter 3269

"အဲ့ဒီစွမ်းအားကို ဖြည်းဖြည်းချင်း ခံစားကြည့်လိုက်...ကွန်ဖြူးရှပ်တာအိုရဲ့ဥပဒေသတွေက အရမ်းလျှို့ဝှက်ဆန်းကြယ်ပြီးတော့ နားလည်ဖို့မလွယ်ကူဘူး...မင်းရဲ့ အခြေခံအုတ်မြစ်က မဆိုးပေမယ့် တကယ်လို့ မင်း ဒီဥပဒေသရဲ့စွမ်းအားကို အပြည့်အဝဖမ်းဆုပ်ချင်တယ်ဆိုရင် မင်းကိုယ်မင်း ထိန်းညှိဖို့အတွက် အချိန်လိုအပ်တယ်"

ယီဟန်သည် လုယွီကို တစ်ဆင့်ပြီးတစ်ဆင့် လမ်းညွှန်ပေးနေကာ စိတ်လောခြင်းမရှိချေ။

လုယွီသည် ဤအရာများကို ကောင်းစွာသိရှိပေ၏။

သူသည် အတိတ်ဘဝရှိ အတုအယောင်အင်မော်တယ်အဆင့်ထက်သာလွန်၍ ​ယခုဘဝတွင် သူ မြေကမ္ဘာအင်မော်တယ်နယ်ပယ်သို့ ရောက်ရှိစဥ်ကပင် ဥပဒေသများကို ထိတွေ့နိုင်ခြင်းဖြစ်သည်။ဤဘဝတွင် သူသည် ဥပဒေသများကို ကြိုတင်၍လေ့လာဆင်ခြင်နိုင်ခဲ့သော်လည်း အားနည်းချက်အနည်းငယ်ရှိနေဆဲပင်။

ထို့ကြောင့် ပြီးပြည့်စုံသောကွန်ဖြူးရှပ်တာအိုဥပဒေသသည် လုယွီအတွက် များစွာအကျိုးကျေးဇူးရှိသည်။

အနည်းဆုံးအနေဖြင့် သူ၏အတွေးများ ပို၍ရှင်းလင်းလာကာ ပို၍တိကျလာပေ၏။

သူ မျက်လုံးမှိတ်လိုက်စဥ်တွင် ကွန်ဖြူးရှပ်တာအို၏ ကျမ်းစာများနှင့်စည်းမျဥ်းများက သူ၏စိတ်အတွင်း၌ ထွက်ပေါ်လာကာ မဟာတာအိုအပေါ် သူ လေ့လာဆင်ခြင်ရာတွင် ကြီးမားသောအကူအညီတစ်ခု ရရှိစေသည်။

ဤှအကျိုးသက်ရောက်မှုသည် သူ၏ခွန်အား တိုးတက်လာသကဲ့သို့ သိသာထင်ရှားခြင်းမရှိချေ။သို့ရာတွင် လုယွီသည် မဟာတာအိုအသစ်တစ်ခုကို တစ်ကြိမ်လေ့လာနိုင်သည်နှင့် နတ်ဘုရားတစ်ပါး၏ကောင်းချီးပေးမှုကိုရရှိသကဲ့သို့ ဖြစ်သွားပေမည်။

"သွားတော့...ငါက မင်းကို ခဏပဲကူညီပေးနိုင်မှာ...ဒါပေမယ့် မင်းရဲ့လမ်းကြောင်းကို မင်းကိုယ်တိုင်ပဲ ဆက်ပြီးလျှောက်လှမ်းဖို့လိုအပ်တယ်"

ယီဟန်က သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။

လုယွီက မတ်တတ်ထရပ်ကာ ထွက်ခွာခဲ့တော့သည်။သူ မထွက်ခွာခဲ့မီ မူးယစ်ရီဝေပန်းပွင့်ဝိုင်ခရားနှစ်လုံးကို ခွေးဝါကြီးအတွက် ချန်ထားခဲ့လေ၏။ဤသည်ကို ဖူကျစ်ရွှယ်ထံမှ သူ သိရှိခဲ့ခြင်းပင်။ခွေးဝါကြီးထံတွင် ဝါသနာအမြောက်အများမရှိချေ။သို့ရာတွင် သူသည် ဝိုင်အရက်သောက်ခြင်းကို သဘောကျနှစ်ခြိုက်သည်။သို့ရာတွင် သူသည် အလွန်ပျင်းရိသူဖြစ်သဖြင့် နေ့စဥ်နေ့တိုင်း တိတ်ဆိတ်ငြိမ်သက်စွာ ထိုင်နေလေ့ရှိသည်။ဖူကျစ်ရွှယ် ရောက်ရှိလာမှသာလျှင် ခွေးဝါကြီးအတွက် ဝိုင်အရက်များယူလာလေ့ရှိသည်။

လုယွီသည် စာပေသူတော်စင်ယီဟန်အတွက် မည်သည့်လက်ဆောင်မျှ ယူမလာသော်လည်း ဤစီနီယာအကိုကြီးအတွက်ကိုမူ သတိတရယူဆောင်လာခဲ့ပေ၏။

"မင်း မသွားနဲ့အုံးလေ...ငါနဲ့အတူ တစ်ခွက်လောက်သောက်သွားအုံး"

ခွေးဝါးကြီးက လုယွီကို ရှားရှားပါးပါး ဖိတ်ခေါ်လိုက်သည်။

လုယွီက ခပ်ဖျော့ဖျော့အပြုံးနှင့် ပြောဆိုသည်။

"စီနီယာအကိုကြီးက ကျွန်တော်ကိုဖိတ်ခေါ်မှတော့...ကျွန်တော်က အမိန့်ကိုလိုက်နာရတော့မှာပေါ့"

"ကောင်းတယ်"

ခွေးဝါကြီး၏အသံ ပျက်ပြယ်သွားချိန်တွင် လုယွီ၏ရှေ့ရှိလေဟာနယ် ရုတ်တရက် တောင့်တင်းသွားကာ လူတစ်ယောက်နှင့်ခွေးတစ်ကောင်သည် လယ်ကွင်းတစ်ခုအတွင်း၌ ထွက်ပေါ်လာလေ၏။

ဤနေရာသည် သက်ကယ်တဲအိမ်နှင့် အနည်းငယ်ကွာဝေးသောနေရာတွင် တည်ရှိသည်။

"ဒါက ပတ်ဝန်းကျင်မှာရှိတဲ့လေဟာနယ်ကိုတောင် သက်ရောက်စေပြီးတော့ ငါ့ကိုတိုက်ရိုက်ရွှေ့ပြောင်းသွားစေတာပဲ...သူ့ရဲ့ကျင့်ကြံဆင့်က နယ်မြေသခင်နယ်ပယ် အထွတ်အထိပ်အဆင့်ကို ရောက်နေလောက်ပြီ"

လုယွီသည် သူ၏စိတ်နှလုံးသားအတွင်းမှနေ၍ အံ့အားသင့်တုန်လှုပ်သွားသည်။

ဤအချိန်တွင် ခွေးဝါကြီးသည် သူ၏စွမ်းအားကိုအသုံးပြု၍ ဝိုင်ခွက်နှစ်ခွက်ကိုဖွဲ့စည်းကာ အတွင်းသို့ ဝိုင်အရက်များဖြည့်လိုက်၏။

"သာမာန်အချိန်တွေမှာဆို ဆရာသခင်က ငါ အရက်သောက်တာကိုမကြိုက်ဘူး...ဒါကြောင့် ငါက အဝေးမှာပုန်းသောက်ရတယ်...ဝမ်ကျီးနဲ့တခြားသူတွေကလည်း ရုံးတော်ကိစ္စတွေနဲ့ အလုပ်ရှုပ်နေကြတာ...ငါနဲ့အတူသောက်ဖို့ ဘယ်သူမှရောက်မလာတာ အတော်ကြာနေပြီ"

ခွေးဝါကြီးက သက်ပြင်းတစ်ချက်ရှိုက်ကာ လုယွီနှင့် ဝိုင်ခွက်ခြင်းတိုက်လိုက်သည်။

လုယွီက သူ၏လက်နှစ်ဖက်ကိုပူးဆုပ်၍ ပြောဆိုသည်။

"ရှောင်အိမ်တော်မှာတုန်းက ကျွန်တော်ကို ကူညီပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်"

"အဲ့ဒီကိစ္စက ဆရာသခင်က ငါ့ကိုသွားဖို့ စေခိုင်းခဲ့တာ...တကယ်တော့ ငါ ရောက်မလာရင်တောင် မင်းက ဆရာသခင်ရဲ့တပည့်ဆိုတာကိုသိတာနဲ့ သူတို့က မင်းကို ထိဝံ့မှာမဟုတ်ဘူး"

ခွေးဝါကြီးက လုယွီကိုစောင်းငဲ့ကြည့်ကာ သူ၏ခေါင်းကိုခါယမ်းလိုက်သည်။

"ငါက ဝမ်ကျီးပြန်လာပြီးတော့ ငါနဲ့တိုက်ခိုက်မှာကို စောင့်နေခဲ့တာ...ကံဆိုးချင်တော့ သူက အဝေးကိုသွားပြီး တာဝန်ထမ်းဆောင်နေရတယ်...အချိန်အတိုင်းအတာတစ်ခုထိ ပြန်လာနိုင်မှာမဟုတ်ဘူး...မင်းကလည်း အရမ်းအားနည်းတယ်...ငါနဲ့တိုက်ခိုက်လို့ရမှာ မဟုတ်ဘူး"

လုယွီက ဝိုင်တစ်ငုံသောက်၍ တည်ငြိမ်စွာပြောဆိုသည်။

"စီနီယာအကိုကြီးက ကျွန်တော်ကို ဒီနေရာခေါ်လာတာ ဆူပူကြိမ်းမောင်းဖို့တော့ မဖြစ်နိုင်ဘူး...ဟုတ်တယ်မလား...ဆရာသခင်က ကျွန်တော်ကို လက်ဆောင်ကြီးတစ်ခု ပေးပြီးပြီ..ဒီဝိုင်နှစ်ခရားရဲ့မျက်နှာနဲ့ စီနီယာအကိုကြီးကလည်း ကပ်စေးနှဲမှာမဟုတ်ဘူးလို့ ကျွန်တော်ထင်တယ်"

ခွေးဝါကြီးသည် ရုတ်တရက် သရဲတစ္ဆေတစ်ကောင်ကို မြင်လိုက်ရသည့်အလား သူ၏မျက်လုံးများပြူးကျယ်သွားကာ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

"မင်းလည်း ဝမ်ကျီးဆိုတဲ့ကောင်နဲ့အတူတူပဲ...မင်းတို့က တော်တော်လေး ဥာဏ်ကောင်းတဲ့ကောင်တွေပဲ"

ထို့နောက် ခွေးဝါကြီးသည် ရုတ်တရက် စိတ်လျှော့ချလိုက်ပုံဖြင့် လုယွီကို စူးစူးဝါးဝါးစိုက်ကြည့်ကာ ကျင့်ကြံနည်းစနစ်စာအုပ်တစ်အုပ်ကို ပစ်ပေးလေသည်။

Chapter 3270

ထိုကျင့်ကြံနည်းစနစ်စာအုပ်က လုယွီ၏ရှေ့သို့ ကျရောက်လာသည်။

ဤစာအုပ်၏မျက်နှာပြင်သည် ရိုးရှင်းပြီး ဟောင်းနွမ်းနေသည်။ထိုအရာပေါ်တွင် အစွန်းအထင်းများ ဖုန်မှုန့်များ ရှိနေလေ၏။ဤစာအုပ် တည်ရှိခဲ့သည်မှာ အချိန်အတော်ကြာမြင့်ပြီဖြစ်ကြောင်း သိသာထင်ရှားသည်။

ထိုကျင့်ကြံနည်းစနစ်၏အဖုံးပေါ်တွင် 'ကွေ့ကျန်း'ဟု ရေးသားထားသော ရှေးဟောင်းစာလုံးနှစ်လုံးရှိနေသည်။

လုယွီက အံ့အားသင့်သွားသည်။

"ဒါက ရှေးဟောင်းကံကြမ္မာဆရာသခင် ရေးသားခဲ့တဲ့ ရှေးဟောင်းမဟာကျမ်းစာသုံးခုထဲက တစ်ခုဖြစ်တဲ့ ကွေ့ကျုံးလား"

သူသည် ထိုစာအုပ်ကို ဂရုတစိုက်ကောက်ယူကာ ဖတ်ရှုလိုက်၏။

ရှေးဟောင်းအချိန်ကာလများအတွင်းတွင် ကျင့်ကြံနည်းစနစ်အမြောက်အများရှိသော်လည်း အဆုံးသတ်၌ နက်နဲသိမ်မွေ့ဆုံးကျင့်ကြံနည်းစနစ်များမှာ ကံကြမ္မာကျင့်ကြံနည်းစနစ်များပင်။

ကံကြမ္မာကျင့်ကြံသူတစ်ယောက်သည် ကံကြမ္မာကိုထွင်းဖောက်မြင်နိုင်ကာ ကံကြမ္မာကောင်းနှင့်ကံကြမ္မာဆိုးကို ထိန်းချုပ်နိုင်ပြီး လောကကြီးအတွင်းရှိ အပြောင်းအလဲများစွာကို ထိန်းချုပ်နိုင်စွမ်းရှိသည်။ဤသည်က အလွန်အစွမ်းထက်ပြီး လျှို့ဝှက်ဆန်းကြယ်သော ကျင့်ကြံနည်းစနစ်တစ်ခုပင်။

လောကကြီးအတွင်းရှိ သက်ရှိများအားလုံးတွင် ကံကြမ္မာရှိသည်။

တစ်စုံတစ်ယောက်ထံတွင် မည်မျှထိမြင့်မားသော ကျင့်ကြံဆင့်နယ်ပယ်နှင့် ပြိုင်ဘက်ကင်းကျင့်ကြံနည်းစနစ်များရှိနေပါစေ အဆုံးသတ်၌ ထိုလူသည် ဆိုးရွားသောအခြေအနေအတွင်းသို့ ကျရောက်သွားပါက သူသည်ကံကြမ္မာ၏ရွေးချယ်ခြင်းမှ လွတ်မြောက်နိုင်ခြင်းမရှိဘဲ သူ၏ကံကြမ္မာနှင့်တာအိုနှစ်မျိုးလုံး ပျောက်ကွယ်သွားပေမည်။

ကံကြမ္မာကျင့်ကြံသူများကမူ လောကကြီးအတွင်း၌ အစဥ်အမြဲတည်ရှိနေသော ကံကြမ္မာလမ်းကြောင်းများကို တွေ့မြင်နိုင်စွမ်းရှိသည်။ထို့ကြောင့် သူတို့သည် မိုးကောင်းကင်ကိုဖီဆန်၍ သူတို့၏ကိုယ်ပိုင်ကံကြမ္မာကို ပြောင်းလဲကာ ရောက်ရှိလာမည့်ဘေးကပ်ဆိုးများကို ရှောင်တိမ်းနိုင်သည်။

ဤနည်းလမ်းများသည် မိုးကောင်းကင်ကို အလွန်ဖီဆန်နေသောကြောင့် ရှေးဟောင်းခေတ်ကာလအတွင်းမှ ကံကြမ္မာဆရာသခင်များထံတွင် ရှည်လျားသောဘဝသက်တမ်းမရှိချေ။ဤနည်းလမ်းများသည် မိုးကောင်းကင်တာအိုကို အလွန်မနာလိုဖြစ်စေသည်။အဆုံးသတ်၌ ကံကြမ္မာဆရာသခင်များ၏ဘဝသက်တမ်းသည် မိုးကောင်းကင်တာအို၏ဖျက်ဆီးခြင်းကိုခံရကာ သူတို့အားလုံးသေဆုံးသွားကာ သူတို့၏တာအိုသည်လည်း ပျက်ပြယ်သွားပေ၏။

ကံကြမ္မာဆရာသခင်နှင့်ဆက်စပ်သော မဟာကျမ်းစာသုံးအုပ်သည်လည်း သူ၏သေဆုံးသွားခြင်းနှင့်အတူ မည်သည့်သတင်းမျှမကြားရတော့ချေ။

ယခုချိန်တွင် လောကကြီးတခွင်လုံး၌ တာယွီတော်ဝင်နန်းတွင်းတွင်သာ မပြည့်စုံသော 'ကျိုးယီ'ကျမ်းစာကို သိမ်းဆည်းထားသည်။တခြားကျမ်းစာနှစ်အုပ် မည်သည့်နေရာတွင်ရှိနေသည်ကို မည်သူမျှမသိကြချေ။

ကံကြမ္မာတာအိုသည် အလွန်လျှို့ဝှက်ဆန်းကြယ်ပြီး နက်နဲသိမ်မွေ့ကာ မရေမတွက်နိုင်သောလူများကို ဆွဲဆောင်နိုင်စွမ်းရှိသည်။တစ်ချိန်က ထိုမဟာကျမ်းစာသုံးအုပ်၏တည်နေရာကို လူအမြောက်အများ ရှာဖွေခဲ့ကြကာ သူတို့၏ဘဝတသက်တာလုံး ကုန်ဆုံးသွားသည့်တိုင် ထိုအရာများကို မတွေ့ရှိခဲ့ချေ။

လုယွီသည် အတိတ်ဘဝတွင် တာအိုသခင်ဖြစ်ခဲ့သော်လည်း တခြားကျမ်းစာနှစ်အုပ်ကို ရှာဖွေတွေ့ရှိခဲ့ခြင်းမရှိပေ။

ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်၏ အကြွင်းအကျန်စိတ်ဝိညာဥ်အတွင်း၌ ကျိုးယီကျမ်းစာနှင့်ပတ်သတ်သော မှတ်ဥာဏ်များမှာ ဝိုးတဝါးသာပါရှိပြီး ပြည့်စုံခြင်းမရှိချေ။

"ဆရာသခင်က ကံကြမ္မာတာအိုကို ကျင့်ကြံတာလား....သူက ငါ့ကိုကူညီပြီးတော့ ငါ ရှေးဟောင်းကောင်းကင်ဘုံနန်းတော်ရဲ့အမွေအနှစ် ရထားတဲ့ကိစ္စကို ဖုံးကွယ်ပေးထားတာ အံ့အားသင့်စရာမရှိတော့ဘူး"

လုယွီသည် ရုတ်တရက် ထိုကဲ့သို့တွေးတောမိရာ သူ၏စိတ်နှလုံးသားအတွင်း၌ ထိတ်လန့်တုန်လှုပ်မှုများဖြင့် ပြည့်နှက်သွားတော့သည်။

ကံကြမ္မာဆရာသခင်၏အမွေအနှစ် ပြတ်တောက်သွားသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။ထို့ကြောင့် သူ သူတော်စင်အဆင့်ထိရောက်အောင် ကျင့်ကြံခဲ့သည်မှာ လွယ်ကူသောကိစ္စတစ်ရပ်မဟုတ်ချေ။ထို့ပြင် သူ့ထံမှစကားတစ်ခွန်းသည် မိုးကောင်းကင်၏လျှို့ဝှက်ချက်ကို ဟန့်တားနိုင်သည်ဟူသောအချက်အား ထည့်သွင်းဖော်ပြရန်ပင် မလိုအပ်တော့ချေ။ဤသည်က မိုးကောင်းကင်ကိုဖီဆန်သည့် မည်သည့်နည်းစနစ်မျိုးဖြစ်သနည်း။

"ငါ ဒီကျမ်းစာကို တစ်ဝက်ကျော်ကျော် ကျင့်ကြံပြီးပြီ...ကံကြမ္မာရဲ့စွမ်းအားက အရမ်းအစွမ်းထက်ပေမယ့် အရမ်းလည်းလျှို့ဝှက်ဆန်းကြယ်တယ်...ဒီစွမ်းအားကိုအသုံးပြုတဲ့ဘယ်သူမဆို တန်ကြေးပြန်ပေးဆပ်ရလိမ့်မယ်"

ခွေးဝါကြီးက ဝိုင်တစ်ငုံသောက်ကာ သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။

"ငါက သစ်ပင်တစ်ပင်ရဲ့အောက်မှာနေတဲ့ ခွေးတစ်ကောင်ပဲ...လူမသိသူမသိနဲ့ ငါရဲ့ဘဝက ဖြစ်ကတတ်ဆန်း အဆုံးသတ်သွားသင့်တယ်...ဆရာသခင်က ငါ့ကိုကူညီပြီးတော့ ငါ့ရဲ့ကံကြမ္မာကို ဖုံးကွယ်ပေးခဲ့တယ်...ပြီးတော့ ငါ့ကို ကျင့်ကြံနိုင်အောင်လုပ်ပေးခဲ့တာကြောင့် အင်မော်တယ်တွေထက်တောင် သာလွန်ခဲ့တယ်...ဒါပေမယ့် ငါက အရာရာတိုင်းအတွက် တန်ကြေးပြန်ပေးဆပ်ခဲ့ရတယ်...ငါက ကျန်နေတဲ့ဘဝသက်တမ်းတလျှောက်လုံး ကံကြမ္မာကိုဆန့်ကျင်ပြီးတော့ တိုက်ခိုက်ရလိမ့်မယ်...တကယ်လို့ ငါ နည်းနည်းလောက်အနားယူလိုက်ရင် ငါ့ကိုစောင့်ကြိုနေတာက သေခြင်းတရားပဲ"

"မင်းရဲ့ဥာဏ်ကောင်းပုံမျိုးနဲ့ဆိုရင် ဒီကျမ်းစာကိုကျင့်ကြံတာက အခက်အခဲရှိမှာမဟုတ်ဘူးလို့ ငါ ယုံကြည်တယ်...ဒါပေမယ့် လောကကြီးထဲမှာရှိတဲ့အရာရာတိုင်းအတွက် တန်ကြေးပြန်ပေးဆပ်ရတယ်...နောင်တစ်ချိန်မှာ မင်း ဒီကံကြမ္မာနည်းစနစ်ကို အသုံးပြုမယ်ဆိုရင် သေသေချာချာစဥ်းစားပါ...ဒါကို အသုံးပြုပြီးမှ ပြန်ပြီးအဖတ်ဆယ်လို့မရဘူး...မင်းက ဒီတန်ကြေးကို ပေးဆပ်နိုင်ဖို့ တောင့်ခံထားနိုင်ရမယ်"

လုယွီက ခေါင်းညိတ်ပြကာ ပြောဆိုလိုက်၏။

"စီနီယာအကိုကြီးရဲ့လမ်းညွှန်ပေးမှုအတွက် ကျေးဇူးတင်ပါတယ်"

သူသည် ခွေးဝါကြီး၏လေသံအတွင်းမှ အဆုံးမရှိသော ဝမ်းနည်းကြေကွဲခြင်းများနှင့်အထီးကျန်ဆန်ခြင်းတို့ကို ခံစားမိသည်။

ဤစကားလုံးများ၏နောက်တွင် သွေးလွှမ်းသောသင်ခန်းစာများ ရှိနေလေ၏။

ခွေးဝါကြီးသည် ရှင်းရှင်းလင်းလင်း မပြောဆိုသော်လည်း ဤကျမ်းစာ မည်မျှထိအဖိုးတန်သည်ကို လုယွီက ကောင်းစွာသိရှိထားသည်။

ဤသည်က ကြီးမားသောလက်ဆောင်တစ်ခုဖြစ်သဖြင့် လုယွီသည် သူ၏စိတ်နှလုံးသားအတွင်း၌ နက်ရှိုင်းစွာ အမှတ်ရနေပေမည်။အကယ်၍ နောင်အနာဂတ်တွင် အခွင့်အရေးတစ်ခုရရှိပါက ဤကိစ္စအတွက် သူ သေချာပေါက်ပြန်ပေးဆပ်ရပေမည်။

All Chapters