အခန်း (၃၂၈၆-၃၂၉၀)
Vol. 168 Ch. 3286-3290
Chapter 3286
"မင်း ဘာပြောတာလဲ...ငါ့ကို ထပ်ပြီးပြန်ပြောစမ်း"
ရှောင်ကွမ်းဟယ်သည် သူ့အား ရိုင်းပျစွာ စကားပြောဆိုဝံ့သည်ကိုကြားချိန်၌ လုယွီ၏မျက်လုံးအတွင်း၌ အေးစက်စက်အလင်းရောင်များ ဖြတ်ပြေးသွားသည်။
ထို့နောက် လုယွီ၏လက်ဝါးမှနေ၍ ရက်စက်ကြမ်းကြုတ်သော မှော်စွမ်းအားလှိုင်းတစ်ရပ် ပွင့်အံ့ထွက်လာသည်။ထိုမှော်စွမ်းအားများသည် သူ၏ခေါင်းထက်၌ လက်ဝါးပုံရိပ်ယောင်ကြီးအသွင် ဖွဲ့စည်းသွားပြီး ရှောင်ကွမ်းဟယ်ထံဦးတည်၍ ရိုက်နှက်လိုက်၏။
ရှောင်ကွမ်းဟယ်သည် ကူကယ်ရာမဲ့စွာဖြင့် အံ့အားသင့်သွားကာ ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
"လုယွီ...မင်း လုပ်ရဲလား"
ဘုန်း....
ရှောင်ကွမ်းဟယ်သည် တိုက်ပွဲစင်မြင့်ပေါ်မှနေ၍ လွင့်ထွက်ကာ မြေပြင်ပေါ်သို့ ပြင်းပြင်းထန်ထန် ပြုတ်ကျသွားတော့သည်။
သူ၏ခန္ဓာကိုယ်ပေါ်ရှိ ရွှေရောင်သံချပ်ကာ ကျိုးပဲ့သွားကာ ထင်ရှားပြတ်သားသော အက်ကွဲကြောင်းကြီးများက သံချပ်ကာ၏မျက်နှာပြင်ပေါ်၌ ထွက်ပေါ်နေသည်။
ဖူး...
ရှောင်ကွမ်းဟယ်၏ပါးစပ်မှ နောက်ထပ်သွေးတစ်လုတ် အန်ထွက်လာကာ သတိလစ်မေ့မျောသွားတော့သည်။
"တော်သင့်ပြီ...ကျန်းကော်မဟာစစ်ဗိုလ်ချုပ်...ငါတို့ အခုချက်ချင်း ထွက်သွားမယ်"
ရှောင်ကွမ်းယွမ်သည် သူ၏တည်ငြိမ်မှုကို ထိန်းသိမ်းထားဆဲပင်။သူသည် အကိုဖြစ်သူကိုဆွဲထူကာ ထွက်ခွာသွားလေ၏။
ဆန်းကြယ်မီးတောက်တပ်ခွဲမှ စစ်သားများသည်လည်း သူတို့၏မဟာစစ်ဗိုလ်ချုပ်နှစ်ယောက်လုံး မရှုမလှ ရှုံးနိမ့်သွားသည်ကိုမြင်တွေ့ချိန်တွင် သူတို့အားလုံး ခေါင်းငိုက်စိုက်ကျနေကာ အလျှင်အမြန်ထွက်ခွာသွားတော့သည်။
သူတို့သည် ယခင်က ဤနေရာ၌ ဟန်ရေးပြနေခဲ့ကြသည်။လုယွီသည် ဤမျှထိ အလွန်သန်မာအားကောင်းနေမည်ဟု မည်သူက တွေးထင်မိမည်နည်း။
တော်ဝင်နန်းတွင်းမှ ခန့်အပ်ထားသော မဟာစစ်ဗိုလ်ချုပ်ရာထူးခြင်း တူညီသော်လည်း သူတို့သည် မည်သည်ကြောင့် လုယွီကို အလျှင်အမြန် ရှုံးနိမ့်ခဲ့ရသနည်း။
ရှောင်ညီအကိုနှစ်ယောက် ထွက်ခွာသွားသည်ကို လုယွီက ခံစားချက်ကင်းမဲ့သောမျက်နှာအမူအယာနှင့် ကြည့်နေလေ၏။
"အရှင့်ရဲ့ကူညီပေးမှုအတွက် ကျေးဇူးတင်ပါတယ်"
လုကျင်းရှန့်က အလျှင်အမြန်လျှောက်လှမ်းလာကာ သူ၏လက်နှစ်ဖက်ကိုပူးဆုပ်၍ ကျေးဇူးတင်စကားပြောဆိုသည်။
လုယွီက သူ၏လက်ကိုဝှေ့ယမ်းကာ အားပေးစကား ပြောဆိုလိုက်သည်။
"မင်းက ကောင်းကောင်းလုပ်နိုင်ခဲ့တာပဲ....ဒီလောက်အချိန်တိုလေးအတွင်းမှာ မင်းက မြေကမ္ဘာအင်မော်တယ်နယ်ပယ်ကို တက်လှမ်းနိုင်ခဲ့တယ်..ကြည့်ရတာတော့ မင်းက ဒီအချိန်အတွင်းမှာ အလဟဿမနေခဲ့ပုံပဲ"
လုကျန်းရှန့်၏မျက်နှာပေါ်၌ ရှက်ရွံမှုအရိပ်အယောင်များဖြင့် ပြည့်နှက်နေသည်။
"ငါက တခြားသူတွေနဲ့ယှဥ်ပြိုင်တဲ့နေရာမှာ ရှုံးနိမ့်ခဲ့တယ်....ငါ့ရဲ့အရည်အချင်းနိမ့်ပါးမှုကြောင့် အရှင့်ကို အရှက်ရစေမိပြီ"
"ဒါက ပြဿနာမရှိဘူး...သူတို့နှစ်ယောက်က ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ခဲ့တဲ့ လူနှစ်ယောက်သက်သက်ပဲ....ဒီနေရာမှာရှိနေတဲ့လူတိုင်း ဘယ်သူကရှက်ဖို့ကောင်းတယ်ဆိုတာသိမယ်လို့ ငါ ယုံကြည်တယ်"
လုယွီက အပြုံးနှင့် ပြောဆိုသည်။
ပတ်ဝန်းကျင်တွင်ရှိနေသော စစ်သားများအားလုံး ရယ်မောလိုက်ကြ၏။
ရှောင်ညီအကိုနှစ်ယောက်သည် အတူပူးပေါင်း၍ လုကျင်းရှန့်ကို ခိုးကြောင်ခိုးဝှက်တိုက်ခိုက်ခဲ့သော်လည်း မမျှော်လင့်ဘဲ လုယွီ၏ဟန့်တားခြင်းကို ခံခဲ့ရသည်။သူတို့သည် မြေပြင်ပေါ်၌လဲကျကာ သွေးများအန်ထွက်သည်အထိ ရိုက်နှက်ခံရလေ၏။
ရှောင်မိသားစုဝင်ဟူသော သူတို့၏အဆင့်အတန်းကိုမှီခို၍ ရှောင်ညီအကိုနှစ်ယောက်သည် တခြားတပ်ခွဲမှစစ်သည်များကိုလည်း မကြာခဏ တိုက်ခိုက်လေ့ရှိသည်။ထို့ကြောင့် စစ်သားအများစုသည် သူတို့ကို စိတ်မကျေမနပ်ဖြစ်နေသည်မှာ အချိန်အတော် ကြာမြင့်နေလေပြီ။
ဤတစ်ကြိမ်တွင် သူတို့နှစ်ယောက်သည် ပူးပေါင်းအင်အားကိုအသုံးပြု၍ ပုန်းကွယ်နဂါးတပ်ခွဲထံမှ တာဝန်ဆုလာဘ်ကိုလုယူရန် ကြိုးစားခဲ့ခြင်းဖြစ်သည်။သူတို့၏လှုပ်ရှားမှုများသည် အမှန်တကယ်ကိုပင် စည်းလွတ်ဝါးလွတ်နိုင်ပေ၏။
"စုဝေးဗုံကို တီးလိုက်ကြစမ်း...ငါ ဆွေးနွေးစရာတစ်ခု ရှိနေတယ်"
လုယွီက အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။
လုကျန်းရှန့်က ချက်ချင်းသွားရောက်စီစဥ်လိုက်သည်။ရုတ်ချည်းဆိုသလိုပင် ကြီးကျယ်ခမ်းနားသော စစ်ဗုံသံက ကောင်းကင်နှင့်မြေပြင်အကြား၌ ပဲ့တင်ထပ်ပျံ့နှံ့သွားသည်။
တစ်ချိန်တည်းမှာပင် လုကျင်းရှန့်သည် ပုန်းကွယ်နဂါးတပ်ခွဲမှ တခြားစစ်ဗိုလ်ချုပ်များထံသို့ အသံသတင်းပေးပို့ကာ ဗာမီလီယန်စစ်စခန်းသို့ပြန်လာရန် တောင်းဆိုလိုက်၏။
ပုန်းကွယ်နဂါးတပ်ခွဲမှလူတချို့သည် တာဝန်များထမ်းဆောင်နေသော်လည်း တော်ဝင်မြို့တော်၏အစောင့်တပ်ငါးဆယ့်ငါးတပ်မှတစ်တပ်ဖြစ်သဖြင့် သူတို့သည် မြို့တော်၏ပိုင်နက်နယ်မြေမှ မနီးမဝေးနေရာတွင်သာ ရှိနေကြသည်။
ဖေးထျန်ကွမ်း သိုက်ဖုန်းနှင့် အောင်းကွမ်းတို့သည် အလျှင်အမြန် ပြန်လည်ရောက်ရှိလာကြ၏။
သူတို့သည် တစ်ယောက်နှင့်တစ်ယောက် မမြင်တွေ့ရသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။သိုက်ဖုန်းသည် လောကီအင်မော်တယ်နယ်ပယ်သို့ ရောက်ရှိနေခဲ့သည်။ထို့ပြင် သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှ ထွက်ပေါ်နေသော ပြင်းထန်သည့်မှော်စွမ်းအားများအရ အကဲဖြတ်ကြည့်ပါက သူသည် လောကီအင်မော်တယ်နယ်ပယ် အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေလေ၏။
အောင်းကွမ်းသည် ယခင်ကတည်းက ခရမ်းရွှေရောင်နဂါးတစ်ကောင်ဖြစ်ကာ ထိပ်တန်းနဂါးသွေးမျိုးဆက်ကို ပိုင်ဆိုင်ထားခဲ့သည်။ယခုချိန်တွင် လုယွီထံမှ ကျင့်ကြံမှုအရင်းအမြစ်များ၏ကူညီထောက်ပံမှုကြောင့် သူ၏ခွန်အားသည် အဆများစွာမြင့်တက်လာကာ မြေကမ္ဘာအင်မော်တယ်နယ်ပယ် နှောင်းပိုင်းအဆင့်သို့ ရောက်ရှိနေလေပြီ။
ဖေးထျန်ကွမ်းကမူ လုယွီ သဘောကျနှစ်ခြိုက်ဆုံးလူပင်။
သူသည် မူလက အိမ်တော်တွင်အနားယူတော့မည့် အရာရှိဟောင်းတစ်ယောက်ဖြစ်သည်။လုယွီနှင့်ပူးပေါင်းပြီးနောက် သူသည် လုယွီ၏ညာလက်ရုံးဖြစ်လာသည်။
လုယွီသည် ပုန်းကွယ်နဂါးတပ်ခွဲ၌ ရှိမနေစဥ်တွင် ကိစ္စရပ်များအားလုံးကို အခြေခံအားဖြင့် ဖေးထျန်ကွမ်းကသာ ကိုင်တွယ်ဖြေရှင်းရသည်။
ပုန်းကွယ်နဂါးတပ်ခွဲ၌ စည်းမဲ့ကမ်းမဲ့လူများ ရှားပါးခြင်းမရှိချေ။သို့ရာတွင် ဖေးထျန်ကွမ်း၏ရှေ့၌ သူတို့သည် မောက်မာရိုင်းစိုင်းမနေဝံ့ပေ။ဖေးထျန်ကွမ်းသည် အတွေ့အကြုံရင့်ကျက်သူတစ်ယောက်ဖြစ်ရုံသာမက သူသည် ရွှယ်အင်မော်တယ်နယ်ပယ်ကျင့်ကြံသူတစ်ယောက်လည်းဖြစ်ပေ၏။
Chapter 3287
ဤနေရာတွင် ထိပ်သီးအစွမ်းထက်ကျင့်ကြံသူဖြစ်သော ဖေးထျန်ကွမ်းရှိနေခြင်းကြောင့် မည်သူကမျှ စကားအပိုမပြောဝံ့ချေ။
"အရှင့်ကို အရိုအသေပြုပါတယ်"
ပုန်းကွယ်နဂါးတပ်ခွဲ၏စစ်တဲအတွင်း၌ စစ်ဗိုလ်ချုပ်တစ်စုက လုယွီကို အရိုအသေပြုလိုက်ကြသည်။
အထူးသဖြင့် သိုက်ဖုန်းတို့လူစုပင်။သူတို့သည် လုယွီကိုမြင်တွေ့ချိန်တွင် အလွန်စိတ်လှုပ်ရှားနေကြကာ သူတို့၏မျက်လုံးများအတွင်း၌ အလင်းရောင်များဖြင့် ပြည့်နှက်နေသည်။
သူတို့သည် မူလက တော်ဝင်စစ်ရေးဌာနမှ အမြှောက်စာအဖြစ်အသုံးပြုရန် ရည်ရွယ်ထားသော အကျဥ်းသားများသာဖြစ်သည်။သို့ရာတွင် လုယွီ၏ကူညီထောက်ပံမှုကြောင့် သူတို့သည် အသစ်တဖန်မွေးဖွားလာသကဲ့သို့ဖြစ်သွားကာ ယနေ့ကဲ့သို့အောင်မြင်မှုမျိုး ရရှိနိုင်ခဲ့လေ၏။
လုယွီက သူ၏လက်ကိုဝှေ့ယမ်းပြကာ လူတိုင်းကို သူ၏ရာထူးခန့်အပ်ခံရသောအမိန့်တော်အကြောင်း ပြောပြလိုက်သည်။
သူတို့သည် တခြားနေရာသို့ ထွက်ခွာသွားရတော့မည်ကိုကြားချိန်တွင် လုကျင်းရှန့်နှင့်တခြားစစ်ဗိုလ်ချုပ်တချို့၏မျက်နှာအမူအယာများ ယခင်ထက်ပို၍ ကောင်းမွန်သွားသည်။
လုယွီသည် ယခင်က ရှောင်မိသားစုနှင့် ပဋိပက္ခဖြစ်ခဲ့သည်။ထိုအကြောင်းအရင်းကြောင့် ဗာမီလီယန်စစ်စခန်းအတွင်းရှိ ရှောင်မိသားစု၏တိုက်ရိုက်မျိုးဆက်များသည် ပုန်းကွယ်နဂါးတပ်ခွဲကို မကြာခဏပြဿနာရှာလေ့ရှိသဖြင့် သူတို့သည် အသက်ရှင်သန်စေရန် ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ရသည်။
ယခုချိန်တွင် သူတို့သည် တခြားနေရာသို့ထွက်ခွာသွားရမည်ဟု ကြားချိန်၌ မည်သူမျှ စိတ်မကောင်းမဖြစ်ကြချေ။ထိုအစား သူတို့သည် အလွန်ပျော်ရွှင်နေကြ၏။
သူတို့သည် ဗာမီလီယန်စစ်စခန်းမှ ထွက်ခွာနိုင်သည်နှင့် မည်သူကမျှ သူတို့၏တာဝန်ဆုလာဘ်များကို ကြားဖြတ်၍နှောက်ယှက်ဝံ့တော့မည်မဟုတ်ချေ။
"အရှေ့အောင်နိုင်ခြင်းကြယ်မြစ်လား"
ဖေးထျန်ကွမ်းသည် ထိုနေရာကိုကြားချိန်တွင် မျက်မှောင်ကြုတ်လိုက်ကာ သူက လုယွီကို ကြည့်လိုက်သည်။
"မင်းကို အဲ့ဒီနေရာရဲ့အသေးစိတ်အချက်အလက်တွေ ပြောပြစေချင်လား"
လုယွီက ခေါင်းညိတ်ပြလေသည်။
ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်၏အကြွင်းအကျန်စိတ်ဝိညာဥ်မှတဆင့် သူသိခဲ့ရသော တာယွီအင်ပါယာနှင့်ပတ်သတ်သည့် မှတ်ဥာဏ်များသည် သူ၏စိတ်အတွင်း၌ ရစ်သိုင်းလွှမ်းခြုံနေဆဲပင်။
သို့ရာတွင် နှစ်ပေါင်းများစွာ ကြာညောင်းခဲ့ပြီဖြစ်သောကြောင့် ကောင်းကင်ဘုံနယ်မြေအတွင်းရှိအခြေအနေသည် အမြောက်အများ ပြောင်းလဲသွားလေပြီ။
ဤအချိန်အခိုက်အတန့်တွင် လက်ရှိအခြေအနေကိုသိရှိနိုင်ရန် သူသည် ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်၏မှတ်ဥာဏ်များနှင့် တိုင်းတာ၍မရတော့ချေ။
သူတို့နှစ်ယောက်သည် တခြားရွက်ဖျင်တဲတစ်လုံးအတွင်းသို့ ဝင်ခဲ့ကြလေ၏။
"လုယွီ...တကယ်လို့ သွားလေသူဧကရာဇ်လက်ထက်မှာသာဆိုရင် အရှေ့အောင်နိုင်ခြင်းကြယ်မြစ်က နေရာကောင်းတစ်ခုပဲ...အဲ့ဒီနေရာက ချမ်းသာကြွယ်ဝပြီးတော့ တပ်စခန်းချနေတဲ့ စစ်တပ်တွေလည်း အများကြီးရှိတယ်...အဲ့ဒီနေရာက အရမ်းတည်ငြိမ်တယ်...တကယ်လို့ ငါတို့ အဲ့ဒီနေရာမှာ စစ်စခန်းချရရင်တောင် ဘာမတော်တဆကိစ္စမှ ဖြစ်မှာမဟုတ်ဘူး"
ဖေးထျန်ကွမ်းသည် စားပွဲရှေ့ရှိထိုင်ခုံပေါ်သို့ လုယွီ ထိုင်လိုက်သည်နှင့် ချက်ချင်းပြောဆိုလိုက်သည်။
"ဒါပေမယ့် အခုချိန်မှာ အရင်နဲ့မတူတော့ဘူး...အခုချိန်မှာ ထန်အင်ပါယာက ကြီးမားတဲ့ထိုးစစ်တွေကို ဆက်တိုက်လုပ်နေတယ်...ရှေ့တန်းခံတပ်တွေ တစ်ခုပြီးတစ်ခု ကျရှုံးနေပြီ...အခုလက်ရှိချိန်မှာ အရှေ့အောင်နိုင်ခြင်းကြယ်မြစ်က ဝေးလံခေါင်သီတဲ့နေရာတစ်ခု မဟုတ်တော့ဘူး...ဒါက မကြာခင်မှာဘဲ ရှေ့တန်းစစ်မျက်နှာစာ ဖြစ်လာလိမ့်မယ်"
ဖေးထျန်ကွမ်းက သက်ပြင်းတစ်ချက် ရှိုက်လေသည်။
လုယွီက မျက်မှောင်ကြုတ်လိုက်သည်။
"ထန်အင်ပါယာရဲ့တိုက်ခိုက်မှုက ဘာလို့ အရှေ့အောင်နိုင်ခြင်းကြယ်မြစ်ကို ဦးလှည့်သွားတာလဲ"
မြေပုံအရ အကယ်၍ ထန်အင်ပါယာသည် တိုက်ပွဲကို အလျှင်အမြန်အဆုံးသတ်လိုပါက အကောင်းဆုံးနည်းလမ်းမှာ တော်ဝင်မြို့တော်ကိုဦးတည်တိုက်ခိုက်၍ အုပ်ချုပ်ရေးဗဟိုချက်ကို ဖျက်ဆီးရန်ပင်။
အကယ်၍ သူတို့သည် အင်အားကိုခွဲခြမ်းပြီး တခြားနေရာများကို အရင်တိုက်ခိုက်လိုက်ပါက ထန်အင်ပါယာ၏စုပေါင်းအင်အား လျော့နည်းသွားပေမည်။ဤကဲ့သို့ နေရာများကိုခွဲ၍ တိုက်ခိုက်ခြင်းဖြင့် သူတို့အတွက် အကျိုးကျေးဇူးရရှိနိုင်မည်မဟုတ်ပေ။
"ငါ အရင်က အဲ့ဒီကိစ္စကို မသိခဲ့ဘူး...ဒါပေမယ့် ရှေးဟောင်းကျမ်းစာတွေကို ဖတ်ပြီးတဲ့နောက်မှာ ငါ သဲလွန်စတစ်ခုကို ရခဲ့တယ်"
ဖေးထျန်ကွမ်းက အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။
"အရှေ့အောင်နိုင်ခြင်းကြယ်မြစ်ကို အလယ်ခေတ်အချိန်ကာလမှာတုန်းက အရှေ့အောင်နိုင်ခြင်းနတ်ဘုရားကုန်းမြေလို့ခေါ်တယ်"
"ထန်အင်ပါယာရဲ့ရှေးဟောင်းမြို့တော်ချန်အမ်းက အရှေ့အောင်နိုင်ခြင်းကြယ်မြစ်ရဲ့အောက်မှာ နစ်မြုပ်နေတယ်"
ဤစကားသည် ကောင်းကင်နှင့်မြေပြင် အစိတ်စိတ်အမွှာမွှာ ကြေမွှပျက်စီးသွားပြီး အမှောင်ထုကြီးကိုဆုတ်ဖြဲကာ အလင်းပြလိုက်သည့်အလားပင်။
လုယွီက ရုတ်တရက် သူ၏မျက်လုံးကိုဖွင့်လိုက်ရာ တောက်ပသောအလင်းတန်းများဖြာထွက်လာသည်။
"အဲ့ဒီကိစ္စက သေချာလား"
အလယ်ခေတ်အတွင်း၌ ထန်အင်ပါယာ၏မြို့တော်ချန်အမ်းသည် ကောင်းကင်ဘုံနယ်မြေတခွင်လုံး၌ စည်ကားသိုက်မြိုက်ဆုံး မြို့တစ်မြို့ပင်။
ကောင်းကင်ဘုံနယ်မြေတစ်ခုလုံးအတွင်းရှိ မြောက်မြားစွာသော ကျင့်ကြံသူများ အင်မော်တယ်များနှင့် နတ်ဆိုးမှော်သားရဲများသည် ချန်အမ်းမြို့တော်အတွင်းသို့ ဆန္ဒရှိသည့်အတိုင်း ဝင်ထွက်သွားလာနိုင်ကြသည်။မနက်ခင်းမှစ၍ညသန်းခေါင်ယံအချိန်ထိတိုင် ချန်အမ်းမြို့အတွင်း၌ တီးမှုတ်ကခုန်နေသံများ ရယ်မောသံများနှင့်ပြည့်နှက်နေပေ၏။
ဤသည်က အလယ်ခေတ်အတွင်း၌ ဖရိုဖရဲဖြစ်ခဲ့မှုကို မီးမောင်းထိုးပြနေသကဲ့သို့ပင်။ယခုလက်ရှိ တာယွီတော်ဝင်မြို့တော်ပင်လျှင် ချန်အမ်းမြို့တော်၏စည်ကားသိုက်မြိုက်မှုကို မမှီချေ။
သို့ရာတွင် ထန်အင်ပါယာနိမ့်ကျသွားခြင်းနှင့်အတူ ချန်အမ်းမြို့တော်သည်လည်း တခြားရှေးဟောင်းနယ်မြေအများစုကဲ့သို့ပင် လူသူအများရှေ့မှ ပျောက်ကွယ်သွားခဲ့သည်။
ချန်အမ်းမြို့တော် မည်သည့်နေရာ၌ ပျောက်ကွယ်သွားသည်ကို မည်သူမျှမသိကြချေ။
Chapter 3288
ကြီးကျယ်ခမ်းနားပြီး စည်ကားသိုက်မြိုက်သော မြို့ကြီးတစ်မြို့သည် အရိပ်အယောင်ပင်မတွေ့ရတော့ဘဲ နေ့ချင်းညချင်း ပျောက်ကွယ်သွားလေ၏။
ချန်အမ်းမြို့တော်နှင့်အတူ ထန်အင်ပါယာ၏အကန့်အသတ်မရှိသော ရတနာများနှင့်ဒဏ္ဍာရီများသည်လည်း အလယ်ခေတ်အချိန်ကာလအတောအတွင်း၌ ပျောက်ကွယ်သွားခဲ့သည်။
မည်သူကမျှ ချန်အမ်းမြို့တော်ကို ရှာမတွေ့တော့ချေ။
တချို့လူများသည် ဤသို့ဖြစ်ရခြင်းမှာ ထန်အင်ပါယာတော်ဝင်မိသားစု၏လက်ချက်ဖြစ်ကြောင်း ပြောဆိုနေကြ၏။သူတို့သည် ချန်အမ်းမြို့တော်ကိုဖုံးကွယ်ထားကာ သူတို့၏ထန်အင်ပါယာ တဖန်ပြန်၍မြင့်တက်လာမည့်အချိန်ကို စောင့်ဆိုင်းနေခြင်းဖြစ်ပေမည်။
တချို့လူများကမူ ချန်အမ်းမြို့တော် ပျောက်ကွယ်သွားသည်မှာ အချိန်အတော်ကြာမြင့်နေပြီဖြစ်ကြောင်း ယူဆထားကြ၏။အကြောင်းအရင်းမှာ ကောင်းကင်ဘုံနယ်မြေအတွင်းတွင် အလွန်စည်ကားသိုက်မြိုက်သော မြို့တစ်မြို့ထွက်ပေါ်လာသည်ကို မိုးကောင်းကင်တာအိုမှ မနာလိုသဖြင့် ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးဖြင့် ဖျက်ဆီးလိုက်ခြင်းပင်။
လုယွီသည် အတိတ်ဘဝ၌ လူတချို့ကိုစေလွှတ်၍ ချန်အမ်းမြို့တော်ကို ရှာဖွေခိုင်းခဲ့သော်လည်း အဆုံးသတ်၌ သူတို့သည် အရိပ်အယောင်ကိုပင် ရှာမတွေ့ခဲ့ချေ။
"ငါ အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ အရင်က ဘာတစ်ခုကိုမှ ရှာမတွေ့ခဲ့ဘူး...ဘာလို့ အခုချိန်ကျမှ ရုတ်တရက်ကြီး ထွက်ပေါ်လာတာလဲ"
လုယွီက မျက်မှောင်ကြုတ်၍ မေးမြန်းလိုက်သည်။
ဖေးထျန်ကွမ်းက ပြောဆိုသည်။
"ဒီကိစ္စက အရမ်းထူးဆန်းတယ်...လတ်တလောအချိန်မှာ ရှေးဟောင်းအလယ်ခေတ်အတွင်းက သင်္ချိုင်းဂူတစ်ခုကို တူးဖော်နိုင်ခဲ့တယ်...ဒါက တကယ်တော့ ရှေးဟောင်းထန်အင်ပါယာကတော်ဝင်မိသားစုဝင်တစ်ယောက်ရဲ့ သင်္ချိုင်းဂူပဲ . အဲဒီထဲမှာ မရေမတွက်နိုင်တဲ့ ထောင်ချောက်တွေရှိနေတယ်"
"တော်ဝင်နန်းတွင်းက အစွမ်းထက်ပညာရှင်တွေအများကြီးစေလွှတ်ပြီးတော့ အဲ့ဒီနေရာကို စူးစမ်းလေ့လာစေခဲ့တယ်...အဆုံးသတ်မှာတော့ သူတို့က ရှေးဟောင်းသင်္ချိုင်းဂူထဲကနေပြီးတော့ ချန်အမ်းမြို့ရဲ့မြေပုံကိုမှတ်သားထားတဲ့ မှတ်တမ်းတစ်ခုကို ရှာဖွေတွေ့ရှိခဲ့တယ်...တော်ဝင်နန်းတွင်းက အစွမ်းထက်ပညာရှင်တွေရဲ့တွက်ချက်မှုတွေအရ ချန်အမ်းမြို့က အရှေ့အောင်နိုင်ခြင်းကြယ်မြစ်ရဲ့ တစ်နေရာရာမှာရှိနေတယ်လို့ အတည်ပြုနိုင်ခဲ့တယ်"
"အဲ့ဒီသတင်းကို တော်ဝင်နန်းတွင်းက ဖုံးကွယ်ထားပြီးတော့ အပြင်လူတွေကို သိခွင့်မပြုဘူး...ဒါပေမယ့် ထန်အင်ပါယာကလူတွေဆီမှာ ရှေးဟောင်းအလယ်ခေတ်အတွင်းက အမွေအနှစ်မှတ်တမ်းတွေရှိနေတယ်...သူတို့ကလည်း ဒီအချက်ကို သိထားပုံပဲ...အရှေ့အောင်နိုင်ခြင်းကြယ်မြစ်ကို သူတို့တိုက်ခိုက်နေတဲ့အကြောင်းအရင်းက ချမ်အမ်းမြို့တော်ဟောင်းကို ရယူနိုင်ဖို့ပဲဖြစ်မယ်...အဲ့ဒီနည်းလမ်းနဲ့ သူတို့က ရှေးဟောင်းထန်အင်ပါယာရဲ့အင်အားကိုအမြန်ပြန်ရနိုင်လိမ့်မယ်"
လုယွီ၏စိတ်နှလုံးသား လေးလံသွားသည်။
ရှေးဟောင်းထန်အင်ပါယာသည် အလွန်အစွမ်းထက်သောတည်ရှိမှုကြီးဖြစ်ကာ လျှော့တွက်၍မရချေ။
တာယွီအင်ပါယာကို တည်ထောင်နိုင်ခဲ့ရသည့်အကြောင်းအရင်းမှာ အလယ်ခေတ်ကာလ၏ကပ်ဘေးကြီးအတွင်း၌ အစွမ်းထက်သောအင်အားစုအမြောက်အများ ပျက်စီးသွားခဲ့သောကြောင့်ပင်။
သို့ရာတွင် ထန်အင်ပါယာကမူ ကွဲပြားခြားနားပေ၏။
အလယ်ခေတ်အချိန်ကာလအတွင်းရှိ မရေမတွက်နိုင်သော အင်အားစုများကြားမှနေ၍ ထန်အင်ပါယာသည် အင်အားကြီးထွားလာခြင်းဖြစ်သည်။ထန်အင်ပါယာသည် စတင်တည်ထောင်စဥ်မှစ၍ အဆုံးမရှိသောတိုက်ခိုက်သတ်ဖြတ်မှုများကို ပြုလုပ်ခဲ့သည်။
တာယွီအင်ပါယာ၏မင်းဆက်တလျှောက်လုံးတွင် ဧကရာဇ်ကောင်းဇူနှင့်ဧကရာဇ်ထိုက်ချမ်သည်သာ ရှည်လျားသောသမိုင်းစဥ်အတွင်း၌ သူတို့၏နာမည်ကို ချန်ထားနိုင်ခဲ့လေ၏။
ထို့ပြင် တာယွီအင်ပါယာ၏ဧကရာဇ်အများစုသည် နာမည်ကျော်ကြားခြင်းမရှိချေ။ထိုဧကရာဇ်များသည် တစ်ချိန်က တာယွီအင်ပါယာကို အုပ်ချုပ်ခဲ့သည့်တိုင် သူတို့သည် လူသားဧကရာဇ်ဓားကိုသာ မှီခိုနေရပြီး သူတို့ထံ၌ ကိုယ်ပိုင်အစွမ်းအစမရှိချေ။
တခြားတစ်ဖက်ရှိ ထန်အင်ပါယာကမူ မတူကွဲပြားသည်။
ထန်အင်ပါယာသည် အလယ်ခေတ်ဖရိုဖရဲအချိန်ကာလအတွင်း၌ ပေါက်ဖွားလာသော်လည်း မည်သည့်ဧကရာဇ်မျှ အမှိုက်တစ်စမဟုတ်ချေ။
ထန်အင်ပါယာ၏မင်းသားတိုင်းသည် မွေးဖွားလာချိန်မှစတင်၍ အချိန်ကြာမြင့်စွာ လေ့ကျင့်ကြရသည်။တော်ဝင်မိသားစုဝင်များအကြားရှိ ယှဥ်ပြိုင်မှုသည်လည်း အလွန်ခက်ခဲကြမ်းတမ်းပေ၏။အကယ်၍ တစ်စုံတစ်ယောက်သည် သတိလက်လွတ်နေမိပါက မျှော်လင့်ချက်မဲ့သောအခြေအနေဖြင့် အဆုံးသတ်ရပေမည်။
ထန်ဧကရာဇ်ဖြစ်လာသူတိုင်းသည် ထီးနန်းအတွက် ယှဥ်ပြိုင်သည့်အတွေ့အကြုံများကို ရရှိပြီးဖြစ်သည်။ထို့ကြောင့် အကယ်၍ ထန်အင်ပါယာတွင် လူသားဧကရာဇ်ဓားကဲ့သို့ မသေမျိုးအဆင့်မှော်လက်နက်မျိုးရှိမနေလျှင်ပင် ဧကရာဇ်သည် မရေမတွက်နိုင်သော အင်အားစုများနှင့်ဂိုဏ်းများကို ခြိမ်းခြောက်နိုင်ဆဲပင်။
တာယွီအင်ပါယာတွင် ကျင့်သုံးနေသော အုပ်ချုပ်မှုစနစ်အများစုသည် ထန်အင်ပါယာ၏စည်းမျဥ်းဥပဒေကို အတူယူခဲ့ခြင်းဖြစ်ပေ၏။
"အခုလက်ရှိ အရှေ့အောင်နိုင်ခြင်းကြယ်မြစ်မှာ စစ်စခန်းငါးခုရှိတယ်...အဲ့ဒီစစ်စခန်းတွေကြားမှာ အရှင်လု...မင်းရဲ့လက်ဝဲစစ်စခန်းက အရှေ့အောင်နိုင်ခြင်းကြယ်မြစ်ရဲ့ အရှေ့ဘက်အစွန်ဆုံးမှာ တည်ရှိနေတယ်...အခုချိန်မှာ အဲ့ဒီနေရာက ထန်အင်ပါယာနဲ့တိုက်ပွဲတွေ ဆင်နွှဲနေရပြီ...မင်း ဘယ်လိုနေရာမျိုးကို တာဝန်ကျတယ်ဆိုတာကို အခုသိပြီလား...မင်းက ထန်အင်ပါယာရဲ့ခြိမ်းခြောက်မှုနဲ့ တိုက်ရိုက်ရင်ဆိုင်ရမှာကို ငါ စိုးရိမ်မိတယ်"
ဖေးထျန်ကွမ်းက သက်ပြင်းတစ်ချက် ရှိုက်လိုက်သည်။
လုယွီထံတွင် လုံလောက်သောပါရမီအရည်အချင်းရှိသော်လည်း အဆုံးသတ်၌ သူသည် လူငယ်တစ်ယောက်သက်သက်ပင်။
သူကိုယ်တိုင်ဖြစ်စေ ပုန်းကွယ်နဂါးတပ်ခွဲဖြစ်စေ လုံလောက်သောအရင်းအမြစ်များ ကင်းမဲ့နေသည်။အကယ်၍ သူတို့သည် ကြီးမားသောခြိမ်းခြောက်မှုနှင့်ရင်ဆိုင်ရပါက အဆုံးသတ်တွင် မည်သူအနိုင်ရရှိမည်ကိုပြောဆိုရန် လွန်စွာခက်ခဲပေမည်။
Chapter 3289
ဖေးထျန်ကွမ်းသည် သူ၏အင်္ကျီလက်အတွင်းမှ သတင်းအချက်အလက်စာရွက်များကိုထုတ်ယူ၍ လုယွီထံ လက်ကမ်းပေးလေသည်။
ဤကိစ္စများသည် ပြင်ပ၌သတင်းပျံ့နှံ့နေရန်မှာ မဖြစ်နိုင်သဖြင့် လုယွီသည်လည်း မသိရှိချေ။သို့ရာတွင် ဖေးထျန်ကွမ်းသည် သူ၏ကိုယ်ပိုင်သူလျှိုများကိုအသုံးပြု၍ ဤသတင်းအချက်အလက်များကို ရယူခဲ့ခြင်းဖြစ်ပေမည်။
လုယွီသည် ထိုသတင်းအချက်အလက်များကို ဖတ်ရှုပြီးနောက် ရုတ်တရက် အဓိကပြဿနာတစ်ခုကို သတိပြုမိသွားသည်။
"လက်ဝဲစစ်တပ်ရဲ့အရင်တပ်မှူးက အဆိပ်မိပြီး သေဆုံးသွားတာလား...သူ့ကို ဘယ်သူကအဆိပ်ခတ်ခဲ့တယ်ဆိုတာ ခုထိရှာမတွေ့သေးဘူး"
လုယွီက မျက်မှောင်ကြုတ်လိုက်၏။
ဖေးထျန်ကွမ်းက သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။
"ဒါက ငါ စိုးရိမ်ပူပန်ဆုံးအချက်ပဲ...အရှေ့အောင်နိုင်ခြင်းကြယ်မြစ်က တော်ဝင်နန်းတွင်းရဲ့လက်အောက်ခံနယ်မြေဆိုပေမယ့် တကယ်တမ်းကျ လူအများစုက စိတ်ဝမ်းကွဲနေကြပြီးတော့ သစ္စာမရှိကြတော့ဘူး...တချို့လူတွေက ထန်အင်ပါယာနဲ့တောင် တိတ်တဆိတ်ပူးပေါင်းထားကြတယ်...သူတို့က တော်ဝင်နန်းတွင်းကို သစ္စာဖောက်ကြဖို့ စီစဥ်နေကြတာပဲ"
"ဒီကိစ္စကို သက်သေပြစရာမရှိပေမယ့် တော်ဝင်စစ်ခုံရုံးရဲ့စုံစမ်းစစ်ဆေးမှုတွေအရ အဲ့ဒီနေရာရဲ့နောက်ကွယ်မှာ ဂိုဏ်းတစ်ဂိုဏ်း ရှိနေနိုင်တယ်လို့ ရှာဖွေဖော်ထုတ်နိုင်ခဲ့တယ်"
လုယွီ၏မျက်ခုံး မြင့်တက်သွားသည်။
"ဂိုဏ်းတစ်ဂိုဏ်းလား...အဲ့ဒီကောင်တွေက ထပ်ပြီးအသက်မရှင်ချင်တော့တာများလား"
တာယွီအင်ပါယာ၏စည်းမျဥ်းများအောက်တွင် ဂိုဏ်းများနှင့်အင်အားစုများအားလုံးသည် သတ်ဖြတ်ခံရရန် စောင့်ဆိုင်းနေရသော သိုးငယ်များနှင့်တူညီသည်။သူတို့သည် မကောင်းသောအကြံအစည်များကို ဖယ်ရှားပြီး နာခံရို့ကျိုးစွာဖြင့် နေထိုင်မှသာ အသက်ဆက်၍ရှင်သန်နိုင်ပေမည်။
ထိုဂိုဏ်းများသည် နှစ်စဥ်နှစ်တိုင်း အခွန်အခအမြောက်အများကို ပေးဆောင်ရသည့်အပြင် အကယ်၍ တော်ဝင်နန်းတွင်းမှနေ၍ စစ်မှုမထမ်းမနေရအမိန့်ဖြင့်ဆင့်ခေါ်ပါက သူတို့သည် ရှေ့သို့ပထမဆုံးထွက်၍ ပူးပေါင်းဆောင်ရွက်ရသည်။အကယ်၍ လိုက်နာခြင်းမရှိသော ဂိုဏ်းတစ်ဂိုဏ်းရှိနေပါက တာယွီအင်ပါယာ၏သံမဏိစည်းမျဥ်းအရ ဂိုဏ်းတစ်ဂိုဏ်းလုံး အမြစ်ပြတ်သုတ်သင်ခြင်းခံရပေမည်။
တော်ဝင်နန်းတွင်း၏အရာရှိတစ်ယောက်ကို အဆိပ်ခတ်သတ်ရန်မဆိုထားနှင့် အကယ်၍ နယ်မြေခံအရာရှိငယ်တစ်ယောက်သည် အကြောင်းအရင်းမရှိဘဲ အင်အားစုတစ်စု၏လက်အတွင်း၌ သေဆုံးသွားပါက ထိုအင်အားစုသည် ဘေးကပ်ဆိုးကြီးကို ကိုယ်တိုင်သယ်ဆောင်လာခြင်းဖြစ်ပေမည်။
ဖေးထျန်ကွမ်းက သူ၏ခေါင်းကိုခါယမ်းကာ ခါးသည်းသောအပြုံးနှင့်ပြောဆိုသည်။
"အခုချိန်က အတိတ်တုန်းကနဲ့ မတူတော့ဘူး...အစကတည်းက အဲ့ဒီဂိုဏ်းတွေက တော်ဝင်နန်းတွင်းကို ကြောက်လန့်ပြီးတော့သာ ရိုသေလေးစားနေကြတာ...ဒါပေမယ့် အခုချိန်မှာ ထန်အင်ပါယာ ထွက်ပေါ်လာတာနဲ့အတူ သူတို့က ပူးပေါင်းဖို့ တွေးတောနေကြပြီ"
"ထန်အင်ပါယာက ငါတို့ အင်ပါယာနဲ့မတူဘူး...ဂိုဏ်းတွေပေါ်မှာထားတဲ့ သူတို့ရဲ့သဘောထားက နူးညံပျော့ပျောင်းတယ်...အဲ့ဒီဂိုဏ်းတွေက အခွန်အခတွေပေးဆောင်စရာ မလိုတဲ့အပြင် တပည့်သစ်တွေအများကြီးကို ခေါ်ယူနိုင်တယ်...အဲ့ဒီအကျိုးအမြတ်ကြောင့် သူတို့က ထန်အင်ပါယာနဲ့ပူးပေါင်းဖို့ ဆန္ဒမရှိဘူးဆိုတာ မဖြစ်နိုင်ဘူး"
လုယွီက အသက်ပြင်းပြင်းတစ်ချက်ရှိုက်ကာ အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။
"ယုတ်ညံတဲ့ရည်ရွယ်ချက်ကို ဖုံးကွယ်ထားပြီးတော့...ဒါက ပြောင်ပြောင်တင်းတင်း အကွက်ချစီမံတာပဲ"
မည်သည့်အင်ပါယာမျှ ဂိုဏ်းများအပေါ်တွင် နူးညံပျော့ပျောင်းသော စိတ်နေသဘောထား ရှိမည်မဟုတ်ချေ။
ထန်အင်ပါယာ ယခုကဲ့သို့ နူးညံပျော့ပျောင်းသည့်နည်းဗျူဟာကို ကျင့်သုံးနေရသည့်အကြောင်းအရင်းမှာ သူတို့အတွက် အလုပ်လုပ်ကိုင်ပေးရန်အတွက် ထိုဂိုဏ်းများကိုဆွဲဆောင်သိမ်းသွင်းနိုင်ရန်ပင်။
ဖေးထျန်ကွမ်းက ပြောဆိုလေ၏။
"ဒါက အမှန်ပဲ...သူတို့က ဒီနည်းဗျူဟာကို အသုံးပြုခဲ့တယ်...ပြီးတော့ သူတို့က ဂိုဏ်းတွေရဲ့အင်အားကိုအသုံးပြုပြီးတော့ စစ်သည်အင်အားပိုများလာတယ်...ဒါကြောင့် ငါတို့ကို ဖိအားပေးနိုင်တာပဲ...မဟာအကြံပေးအဖွဲ့ကလူတွေက အခုချိန်မှာ ထန်အင်ပါယာလိုမျိုး ဂိုဏ်းတွေအပေါ်ကို နူးညံပျော့ပျောင်းတဲ့သဘောထားမျိုးနဲ့ ဆက်ဆံသင့်လားဆိုတာ စပြီးစဥ်းစားနေကြပြီ"
လုယွီက သူ၏ခေါင်းကို ခါယမ်းလိုက်သည်။
"မဟာအကြံပေးအဖွဲ့ကလူတွေက အရူးတွေမဟုတ်ဘူး...ဒီလိုကိစ္စမျိုးက မလုပ်သင့်ဘူးဆိုတာ သူတို့လည်း သိကြမှာပဲ...မဟုတ်ရင် နောင်တစ်ချိန်မှာ ဘေးကပ်ဆိုးကြီး ဆိုက်ရောက်လာလိမ့်မယ်"
အလယ်ခေတ်အတွင်းရှိ ထန်အင်ပါယာကို ဖျက်ဆီးခဲ့သူများမှာ ဂိုဏ်းများမှထိပ်သီးအစွမ်းထက်ကျင့်ကြံသူများပင်။
ထိုဂိုဏ်းကြီးများမှထိပ်သီးအစွမ်းထက်ကျင့်ကြံသူများသည် အာဏာရှင်များ၏လက်ပါးစေများအလား ကောင်းကင်ဘုံနယ်မြေတစ်ခုလုံး၌ လှည့်လည်သွားလာနေကာ သူတို့၏ကိုယ်ပိုင်အင်အားစုနှင့်ချမ်းသာကြွယ်ဝမှုတို့ကိုလည်း ပိုင်ဆိုင်ထားကြ၏။
ဤကဲ့သို့ နူးညံပျော့ပျောင်းသည့် နည်းဗျူဟာကိုသာ အသုံးပြုလိုက်ပါက အချိန်တိုအတွင်း၌ ဖိအားအမြောက်အများ လျော့ကျသွားပေမည်။သို့ရာတွင် အရှည်ကိုမျှော်တွေးကြည့်ပါက ထိုနည်းဗျူဟာသည် နောင်အနာဂတ်၌ အင်ပါယာ၏အခြေခံအုတ်မြစ်ကို လှုပ်ခတ်သွားစေမည့် ဘေးကပ်ဆိုးကြီးဖြစ်လာပေမည်။
"နတ်ဘုရားမြင့်မြတ်အမတ်ကြီးရှက အဲ့ဒီကိစ္စကို အဆိုပြုခဲ့တယ်...ဒါပေမယ့် စစ်ရေးအမတ်ကြီးကျုံးလီယန်ရဲ့ငြင်းဆန်တာကို ခံလိုက်ရတယ်"
ဖေးထျန်ကွမ်းက သူ၏ခေါင်းကိုခါယမ်းကာ သက်ပြင်းတစ်ချက်ရှိုက်လိုက်၏။
"တော်ဝင်နန်းတွင်းရဲ့ကိစ္စတွေကို အရင်ဆုံး မပြောနဲ့အုံး...မင်းရဲ့ကိစ္စကို အရင်ဆွေးနွေးကြရအောင်...ကျန်းကော်စစ်ဗိုလ်ချုပ်ဆိုတဲ့ဘွဲ့ထူးက အရမ်းကြီးကျယ်ခမ်းနားတာကြောင့် မင်းက အရမ်းများပြားတဲ့လူတွေရဲ့မနာလိုတာကို ခံရလိမ့်မယ်...မင်းရဲ့ခေါင်းကိုဖြတ်ပြီးတော့ အဲ့ဒီဘွဲ့ထူးကို အစားဝင်ယူချင်နေတဲ့သူ ဘယ်လောက်များများရှိနေလဲဆိုတာ ငါ မသိဘူး"
"တိုင်းပြည်ကို ကာကွယ်ရမယ်...တိုင်းပြည်ရဲ့ကံကြမ္မာကို ထမ်းပိုးနိုင်ရမယ်....မင်းကို ဒီဘွဲ့ထူး ပေးအပ်လိုက်တဲ့လူမှာ မကောင်းတဲ့ရည်ရွယ်ချက်တွေရှိနေမှာ အသေအချာပဲ...သူက မင်းကို ရှေ့တွန်းပို့ပြီးတော့ တခြားလူတွေရဲ့ဓားကိုငှားပြီး မင်းကိုသတ်ချင်နေတာပဲ"
Chapter 3290
"အဲ့ဒီလိုလား...တကယ်တော့ အဲ့ဒီလူတွေ ဘာကိုတွေးနေတာလဲဆိုတာ ငါ သိပြီးသားပါ...ဒါပေမယ့် ဒီလောက်နဲ့ ငါကိုသတ်ဖို့လုံလောက်ပြီလို့ သူတို့ တကယ်ကြီးထင်နေရင် သူတို့အရမ်းမှားသွားလိမ့်မယ်"
လုယွီက သရော်တော်တော်လေသံဖြင့် ပြောဆိုသည်။
"ကြက်လေးခွေးလေးတွေတစ်သိုက်လောက်နဲ့....တကယ်လို့ သူတို့က ငါ့ရဲ့ကျန်းကော်စစ်ဗိုလ်ချုပ်ဆိုတဲ့ဘွဲ့ထူးကို လက်လျှော့အရှုံးပေးစေချင်တယ်ဆိုရင် သူတို့ရဲ့ခွန်အားကို ထုတ်ပြသင့်တယ်...သူတို့ဆီမှာ အရည်အချင်းမရှိဘူးဆိုရင်လည်း ဘေးကနေမတ်တတ်ရပ်ပြီးတော့ စောင့်ကြည့်နေကြလေ...ငါက ဘာလို့ အဲ့ဒီလူတွေကို ကြောက်နေရမှာလဲ"
"အဲ့ဒီသစ္စာဖောက်ဂိုဏ်းတွေနဲ့ အင်အားစုတွေကိုတော့ အမြစ်ပြတ်သုတ်သင်သင့်တယ်...အဲ့ဒီကောင်တွေက တော်ဝင်နန်းတွင်းရဲ့အရာရှိတစ်ယောက်ကိုတောင် သတ်ဖြတ်ဝံ့တယ်...သူတို့က ထပ်ပြီးတော့ ဘာလုပ်ချင်သေးတာလဲ...ငါ အရှေ့အောင်နိုင်ခြင်းကြယ်မြစ်ကို ရောက်တာနဲ့ အဲ့ဒီက ဂိုဏ်းတွေနဲ့အင်အားစုတွေကို သေချာစုံစမ်းစစ်ဆေးမယ်...စည်းမျဥ်းတွေကို မလိုက်နာတဲ့ ဘယ်သူ့ကိုမဆို အမြစ်ပြတ်သုတ်သင်မယ်"
သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒ အရိပ်အယောင်တစ်ရပ်က လုယွီ၏စကားလုံးများအကြား၌ ခင်ဟပ်နေသည်။
အကယ်၍ ထိုဂိုဏ်းများသည် နာခံရိုကျိုးနေပါက မည်သည့်ပြဿနာမျှ ရှိမည်မဟုတ်ချေ။အကယ်၍ သူတို့သည် လုယွီ၏စည်းမျဥ်းကို လိုက်နာခြင်းမရှိဘဲ ထင်ရာစိုင်းပြီးပြဿနာရှာဝံ့ပါက သူတို့အားလုံးကို သူ ဖျက်ဆီးလိုက်ရုံပင်။လုယွီသည် ထိုလူများအပေါ်တွင် မည်သည့်သနားညှာတာမှုမျိုးမျှ ပြသနေမည်မဟုတ်ချေ။
ဖေးထျန်ကွမ်း၏စိတ်နှလုံးသားအတွင်း၌ လေးလံသောခံစားချက်တစ်ရပ် ဖြတ်ပြေးသွားသည်။
လုယွီသည် ဤကဲ့သို့အမိန့်ပေးလာခဲ့သဖြင့် အရှေ့အောင်နိုင်ခြင်းကြယ်မြစ်၏လက်ဝဲစစ်တပ်အတွင်းတွင် သွေးလွှမ်းသောနေ့ရက်များ စတင်ဖြစ်ပွားလာတော့ပေမည်။
"အရင်ဆုံး သွားပြီးပြင်ဆင်ထားလိုက်တော့...ငါက သုံးရက်အတွင်းမှာ ပုန်းကွယ်နဂါးတပ်ခွဲတစ်ခုလုံး အဆင်သင့်ဖြစ်နေတာကို မြင်ချင်တယ်...ငါတို့ အဲ့ဒီထက်ပိုပြီး အချိန်နှောင့်နှေးလို့မရဘူး"
လုယွီက ပြောဆိုသည်။
သူ့အား တော်ဝင်အမိန့်တော်ပေးအပ်ခဲ့သော မိန်းမစိုးသည် တာဝန်ကျနေရာသို့ သူ အချိန်မီသွားရောက်ရမည်ဖြစ်ကြောင်း သတိပေးခဲ့လေ၏။
လုယွီက သူ၏ရန်သူများသည် ထိုနေရာ၌ ထောင်ချောက်များပြင်ဆင်ထားမည်ကို သူ တွေးတောမိပြီးဖြစ်သည်။အကယ်၍ သူသာ အချိန်နှောင့်နှေးသွားပါက တစ်ဖက်ရန်သူများ ပြင်ဆင်ရန် အချိန်ကြာကြာ ပိုရသွားပေမည်။
ဖေးထျန်ကွမ်းက ခေါင်းညိတ်ပြကာ ရုတ်တရက် သူက သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။
"ပုန်းကွယ်နဂါးတပ်ခွဲက ရှောင်မိသားစုရဲ့ဖိနှိပ်တာကို တစ်ချိန်လုံးခံနေရတယ်...တပ်ခွဲရဲ့အရင်းအမြစ်တွေလည်း ပြတ်လပ်နေပြီ...တပ်ခွဲကစစ်သားတွေရဲ့လစာတွေတောင် ကြန့်ကြာနေတာ အချိန်တော်တော်ကြာနေပြီ...ဒီဗာမီလီယန်စစ်စခန်းမှာစခန်းချကတည်းက တပ်ခွဲမှာရှိတဲ့စစ်သားတွေရဲ့လစာဆိုလို့ အင်မော်တယ်ကျောက်တုံးတစ်တုံးတောင် မရခဲ့ဘူး"
"တကယ်လို့ မင်းကသာ ကျင့်ကြံနည်းစနစ်တွေနဲ့ဆေးလုံးတချို့ကို အရင်ကြိုပေးမထားခဲ့ရင်...ပုန်းကွယ်နဂါးတပ်ခွဲကစစ်သားတွေ ထွက်ခွာသွားတာ အချိန်အတော်ကြာနေလောက်ပြီ...ဒါပေမယ့် ကျင့်ကြံသူတွေဖြစ်တာကြောင့် သူတို့ရဲ့အသုံးစရိတ်တွေက အရမ်းကြီးမားတယ်...သူတို့ရဲ့လစာတွေမရဘဲနဲ့ ပြောင်းရွှေ့ဖို့ပြင်ဆင်ရမယ်ဆိုရင် အရမ်းခက်ခဲလိမ့်မယ်"
ကျင့်ကြံခြင်းနိုင်ငံများအကြားတွင် စစ်ပွဲများတိုက်ခိုက်ခြင်းမှာ ငွေကိုရေကဲ့သို့အသုံးပြုရသောကိစ္စပင်။
စိတ်ဝိညာဥ်ကျောက်တုံးအမြှောက်များနှင့် ကြီးမားသောစစ်သင်္ဘောကြီးများအတွက် စိတ်ဝိညာဥ်ကျောက်တုံးပမာဏ အမြောက်အများ လိုအပ်သည့်ကိစ္စကို မဆိုထားနှင့်...စစ်သားများ၏ခန္ဓာကိုယ်ပေါ်ရှိ မှော်လက်နက်များ သံချပ်ကာများနှင့် သူတို့ကျင့်ကြံနိုင်ရန်အတွက် စိတ်ဝိညာဥ်ကျောက်တုံးများ လိုအပ်ပေရာ ငွေကြေးကိုအသုံးပြုရသောနေရာအမြောက်အများရှိနေသည်။
ငွေကြေးမရှိပါက စစ်တပ်တစ်တပ်၏သာမာန်လုပ်ဆောင်ချက်များကို ထိန်းသိမ်းနိုင်ရန်ပင် လွန်စွာခက်ခဲပေမည်။
သာမာန်အားဖြင့် လုယွီပေးခဲ့သော မှော်လက်နက်များ ဆေးလုံးများဖြင့် ပုန်းကွယ်နဂါးတပ်ခွဲကို ပုံမှန်အတိုင်းလည်ပတ်အောင် ထိန်းသိမ်းထားနိုင်သည်။
သို့ရာတွင် ထိုအရာများအားလုံးအတွက် အချိန်အကန့်အသတ်ရှိပေ၏။
ပုန်းကွယ်နဂါးတပ်ခွဲမှစစ်သားများသည် အချိန်အတော်ကြာသည်အထိ သူတို့၏လစာများ နှောင့်နှေးကြန့်ကြာနေပါက တခြားတပ်ခွဲများသို့ ပြောင်းရွှေ့သွားပေလိမ့်မည်။
ထိုအချိန်ကျပါက ပုန်းကွယ်နဂါးတပ်ခွဲသည် ပါရမီရှင်များကို လက်လွတ်ဆုံးရှုံးရနိုင်သည့်အပြင် တပ်ခွဲပင်ပျက်စီးသွားနိုင်သည်။
"ရှောင်မိသားစုက စစ်သားတွေရဲ့လစာတွေကိုတောင် ထိပါးဝံ့တယ်...သူတို့ကို ဒီလိုသတ္တိမျိုး ဘယ်သူက ပေးထားတာလဲ...သူတို့က တော်ဝင်စစ်ရေးဌာနက စုံစမ်းစစ်ဆေးမှာကို သူတို့က မကြောက်ကြဘူးလား"
လုယွီ၏မျက်နှာ သုန်မှုန်နေကာ သူက အေးစက်စက်လေသံဖြင့် မေးမြန်းလိုက်၏။
ဖေးထျန်ကွမ်းက သူ၏ခေါင်းကို ခါယမ်းပြလေသည်။
"မင်း စစ်တပ်ထဲကိုရောက်တာကြာတာနဲ့...ဒီကိစ္စတွေက သာမာန်ပဲဆိုတာ မင်း သိသွားလိမ့်မယ်"
"ဒါက ဘာဆင်ခြေမှပေးနေဖို့တောင် မလိုအပ်ဘူး...သူတို့လုပ်ဖို့လိုအပ်တာက ပုန်းကွယ်နဂါးတပ်ခွဲရဲ့လစာငွေတွေကို အကျဥ်းသားထိန်းချုပ်ရေးအဖွဲ့ဆီ လွှဲပြောင်းပေးလိုက်ရုံပဲ..ပုန်းကွယ်နဂါးတပ်ခွဲရဲ့စစ်သားတွေအားလုံးက အရင်ကအကျဥ်းသားတွေပဲ...တိုက်ပွဲတစ်ပွဲမှာ သေကြေပျက်စီးတဲ့အကျဥ်းသားပမာဏက အရမ်းများပြားတာကြောင့် လျော်ကြေးတွေ အချိန်မီစီစဥ်မပေးနိုင်ဘူး"
"ဒါက နှောင့်နှေးကြန့်ကြာနေတာကြောင့် ပုန်းကွယ်နဂါးတပ်ခွဲရဲ့လစာတွေကို စီစဥ်မပေးနိုင်ဘူး....ဒီကိစ္စကို လတွေအများကြီးကြာတဲ့အထိ အချိန်ဆွဲထားရင်တောင် ဒါက ကျိုးကြောင်းဆီလျော်တယ်...တော်ဝင်စစ်ရေးဌာနကလူတွေ လာပြီးစစ်ဆေးရင်တောင်မှ သူတို့က အကြောင်းပြချက်ကောင်းကောင်း ပေးနိုင်လိမ့်မယ်"