← Chapters

အခန်း (၃၂၉၁-၃၂၉၅)

Vol. 168 Ch. 3291-3295

အခန်း (၃၂၉၁-၃၂၉၅)

Vol. 168 Ch. 3291-3295

Chapter 3291

ထိုစကားကိုကြားချိန်တွင် လုယွီ၏မျက်နှာပေါ်၌ မည်သည့်ခံစားချက်မျိုးမျှ ရှိမနေချေ။သူက ခေါင်းညိတ်ပြကာ ပြောဆိုသည်။

"ကောင်းပြီလေ...ငါ အဲ့ဒီကိစ္စကိုသိပြီ"

ထို့နောက် လုယွီသည် ရုတ်တရက် သူ၏သိုလှောင်အိတ်အတွင်းမှ ကျင့်ကြံနည်းစနစ်စာအုပ်တစ်အုပ်ကိုထုတ်ယူကာ ဖေးထျန်ကွမ်း၏ရှေ့၌ထားလိုက်၏။

"ဒါက..."

ဖေးထျန်ကွမ်း၏မျက်ခုံး မြင့်တက်သွားသည်။

လုယွီက ပြောဆိုသည်။

"ဒါက အလယ်ခေတ်တုန်းက ထိုက်ချန်ဓားနည်းစနစ်ပဲ...မင်း အရင်က ဒီနည်းစနစ်ကျင့်ကြံတာကို ငါ မြင်ဖူးတယ်...ငါ့အထင်တော့ မင်း ကျင့်ကြံတာက ဒီနည်းစနစ်ကနေ ဆင်းသက်လာတာပဲ...ငါ တော်ဝင်မြို့တော်မှာ ရှိနေတဲ့အချိန်အတွင်းမှာ ကံကြမ္မာကောင်းတချို့ ရရှိခဲ့တယ်...ငါက ဒီကျင့်ကြံနည်းစနစ်ကို မတော်တဆရခဲ့တာကြောင့် မင်းကိုပေးဖို့ယူလာခဲ့တာပဲ"

အမှန်အားဖြင့် ဤကျင့်ကြံနည်းစနစ်ကို လုယွီသည် အတိတ်ဘဝရှိ သူ၏မှတ်ဥာဏ်များကိုအသုံးပြု၍ ရေးသားထားခြင်းပင်။

ဤနည်းစနစ်သည် အလယ်ခေတ်အတွင်း၌ ထင်ရှားကျော်ကြားသော ဓားနည်းစနစ်တစ်ခုလည်းဖြစ်သည်။ဤဓားနည်းစနစ်သည် ဓားတာအိုမြင့်မြတ်နယ်မြေမှ ဆင်းသက်လာခြင်းဖြစ်ပေ၏။

ဤဓားနည်းစနစ်ကို ယခင်က တစ်ကြိမ်တစ်ခါမျှ မကျင့်ကြံဖူးသူများဆိုလျှင်ပင် ဤကျင့်ကြံနည်းစနစ်ကိုရရှိသည်နှင့် အလွန်ထူးချွန်သောဓားရေးပညာရှင်များ ဖြစ်သွားနိုင်သည်။

ထို့ပြင် ဖေးထျန်ကွမ်းအတွက်ကမူ ကျားကို အတောင်ပံတပ်ပေးသည်နှင့် တူညီသည်။ဤဓားနည်းစနစ်၏မူရင်းစာအုပ်ကိုရရှိသဖြင့် သူ ယခင်ကကျင့်ကြံခဲ့သည့် နည်းစနစ်အတွင်းမှ အားနည်းချက်များကို ပြုပြင်ဖာထေးနိုင်ပေမည်။

သူသည် ဤကျင့်ကြံနည်းစနစ်ကိုမှီခို၍ ပို၍မြင့်မားသောနယ်ပယ်သို့ပင် တက်လှမ်းသွားနိုင်ချေရှိသည်။

"ငါ ဒါကို လက်ခံလိုက်ပြီ"

ဖေးထျန်ကွမ်းသည် ကျေးဇူးတင်ကြောင်း ပြောဆိုခြင်းမရှိသော်လည်း ဤသည်က သူ၏အကျင့်စရိုက်ပင်။

သူသည် ကျေးဇူးတင်ကြောင်း မပြောဆိုသည့်တိုင် ထိုကိစ္စကို သူ၏စိတ်နှလုံးသားအတွင်း၌ သိမ်းဆည်းထားပေမည်။

ထို့ပြင် ဤအချိန်အတောအတွင်းတွင် ပုန်းကွယ်နဂါးတပ်ခွဲ၏ကိစ္စအရပ်ရပ်ကို ဖေးထျန်ကွမ်းကသာ ကိုင်တွယ်ဖြေရှင်းနေခဲ့ရသည်။လုယွီ၏နံဘေးတွင် စစ်ဗိုလ်ချုပ်များစွာရှိနေသော်လည်း ကျူးကော်ကဲ့သို့ ဥာဏ်ပညာကြွယ်ဝသည့် ဖေးထျန်ကွမ်းကဲ့သို့စစ်ဗျူဟာပညာရှင်မျိုး ရှားပါးသည်။

လုယွီသည် ဖေးထျန်ကွမ်းကို ထွက်ခွာသွားခွင့်ပြုလိုက်ပြီးနောက် သူသည် ပုန်းကွယ်နဂါးတပ်ခွဲ၏အချက်အလက်များကို စတင်၍ကြည့်ရှုလိုက်၏။

ပုန်းကွယ်နဂါးတပ်ခွဲသည် ဗာမီလီယန်စစ်စခန်း၌ စခန်းချနေချိန်မှစ၍ လုယွီသည် အခြေအနေကို မေးမြန်းခြင်းမပြုခဲ့ချေ။

ယခုချိန်၌ သတင်းအချက်အလက်များကို သူ ဖတ်ရှုပြီးချိန်တွင် နေရာအနှံ့အပြား၌ ပြဿနာများဖြင့် ပြည့်နှက်နေသည်ကို သူ တွေ့မြင်မိသည်။

ထိုပြဿနာများအားလုံး၏သော့ချက်သည် ရှောင်မိသားစုပင်။

ပုန်းကွယ်နဂါးတပ်ခွဲမှစစ်သားများသည် ပြင်ပသို့ထွက်ချိန်တွင် အန္တရာယ်အများဆုံးနှင့်တိုက်ပွဲအကျိုးဆောင်ရမှတ်အနည်းဆုံး တာဝန်များကိုသာ ထမ်းဆောင်ရသည်။

အကယ်၍ သူတို့သည် တာဝန်များကို ခက်ခက်ခဲခဲထမ်းဆောင်၍ ပြီးမြောက်အောင်မြင်သွားလျှင်ပင် တိုက်ပွဲအကျိုးဆောင်ရမှတ်များလဲလှယ်ရာ၌ အခက်အခဲများနှင့် ကြုံတွေ့ရလေ၏။

ဗာမီလီယန်စစ်စခန်းအတွင်းတွင် ပင်မတပ်ခွဲဖြစ်သည့် ဆန်းကြယ်မီးတောက်တပ်ခွဲမှလူများသည် ပုန်းကွယ်နဂါးတပ်ခွဲမှစစ်သားများကို မကြာခဏ ပြဿနာလာရှာလေ့ရှိသည်။

အကယ်၍ ပုန်းကွယ်နဂါးတပ်ခွဲမှစစ်သားတချို့ စစ်စခန်းပြင်ပသို့ တာဝန်ထမ်းဆောင်ရန် ထွက်သွားချိန်တွင် တစ်ခါတစ်ရံ၌ သူတို့သည် ရန်သူများ၏ရိုက်နှက်ခြင်းကိုခံရပြီး အရိုးများကျိုးပဲ့ကာ ပြန်ရောက်လာကြသည်။

သို့ရာတွင် ဗာမီလီယန်စစ်စခန်းမှလူများသည် ထိုကိစ္စများကို မမြင်သကဲ့သို့ ပြုမူနေကာ ဒဏ်ရာရစစ်သားများကို လျစ်လျှူရှုထားကြ၏။

လုယွီသည် ပုန်းကွယ်နဂါးတပ်ခွဲထံသို့ မှော်လက်နက်များ ကျင့်ကြံနည်းစနစ်များနှင့် ဆေးလုံးများ ပေးထားသည့်တိုင် ဗာမီလီယန်စစ်စခန်းမှလူများ၏ဝိုင်းဝန်းဖိနှိပ်မှုအောက်တွင် ပုန်းကွယ်နဂါးတပ်ခွဲမှထွက်ခွာသွားသော လူတချို့ရှိနေဆဲပင်။

"ရှောင်မိသားစုက ငါ့ရဲ့ခြေလက်တွေကိုဖြတ်တောက်ဖို့ ကြံစည်နေတာပါလား"

လုယွီ၏မျက်လုံးအတွင်း၌ အေးစက်စက်အလင်းတန်းများ ဖြတ်ပြေးသွားသည်။

ဤသည်က ရှောင်မိသားစု၏နည်းလမ်းဖြစ်ကြောင်း သိသာထင်ရှားလှ၏။

လုယွီသည် သူ့ရှေ့ရှိသတင်းအချက်အလက်များကို နှံ့စပ်စွာဖတ်ရှုလိုက်သည်။အချိန်တခဏကြာဖတ်ရှုပြီးနောက် သူသည် မျက်လုံးစုံမှိတ်ကာ မည်ကဲ့သို့ဆက်လုပ်ရမည်ကို စဥ်းစားလိုက်သည်။

လုယွီ၏ယူဆချက်အရ သူသည် ရာထူးနေရာကို လွှဲပြောင်းယူပြီးသည်နှင့် ထန်အင်ပါယာနှင့် တိုက်ခိုက်ရပေမည်။

ရှမိသားစုနှင့်အိမ်ရှေ့စံမင်းသားတို့သည် သူ့ကို ဤမျှထိမြင့်မားသော ရာထူးနေရာပေးအပ်ထားခြင်းကြောင့် သူ့အား လွယ်လင့်တကူ အချိန်ကုန်ဆုံးသွားရန် ခွင့်ပြုမည်မဟုတ်ချေ။

သူ ရှေ့တန်းသို့ရောက်ရှိချိန်တွင် မည်သူမျှမသိလိုက်ဘဲ လုပ်ကြံသတ်ဖြတ်ခြင်းခံရပါက သူတို့အတွက် အကောင်းဆုံးရလဒ်ဖြစ်သွားပေမည်။

သို့ရာတွင် ဤသည်က လုယွီအတွက် ကိစ္စငယ်လေးတစ်ခုပင်။

လုယွီထံတွင် အတိတ်ဘဝမှမှတ်ဥာဏ်များရှိနေလေရာ အိမ်ရှေ့စံမင်းသားကဲ့သို့ ဂျူနီယာတစ်ယောက်ကို မည်သည်ကြောင့် ထိတ်လန့်ကြောက်ရွံနေရမည်နည်း။

သူ၏စိတ်နှလုံးသားအတွင်း၌ရှိနေသည်မှာ ရှေးဟောင်းထန်အင်ပါယာ၏မြို့တော် ချန်အမ်းပင်။

ဤသတင်းသည် လုယွီကို အလွန်ထိတ်လန့်တုန်လှုပ်သွားစေသည်။အကယ်၍ ချန်အမ်းမြို့တော်၏သတင်းအစအနသာ ပြင်ပသို့ပျံ့နှံ့သွားပါက ကောင်းကင်ဘုံနယ်မြေတခွင်လုံး ရုတ်ရုတ်သဲသဲဖြစ်သွားမည့်အပြင် ပုန်းအောင်းနေသော မွန်းစတားအိုကြီးများလည်း ထွက်လာကြပေမည်။

အလယ်ခေတ်အတွင်းရှိ ဘေးကပ်ဆိုးကြီး အဆုံးသတ်သွားချိန်တွင် ကျင့်ကြံနည်းစနစ်များနှင့်အမွေအနှစ်အမြောက်အများ ပျောက်ဆုံးသွားခဲ့သည်။ထို့ကြောင့် ချန်အမ်းမြို့၏သတင်းသည် မရေမတွက်နိုင်သော ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများကို ဆွဲဆောင်နိုင်မည့်ကိစ္စပင်။

Chapter 3292

ဤရှေးဟောင်းမြို့တော်အတွင်း၌ အလယ်ခေတ်အတွင်းမှ အကန့်အသတ်မရှိသော ကျင့်ကြံနည်းစနစ်များနှင့်မှော်ရတနာများ ရှိနေနိုင်သည်။

ကောလဟာလများအရ ရှေးဟောင်းအချိန်ကာလအတွင်း၌ ပြတ်တောက်သွားခဲ့သည့် ထာဝရအသက်၏လျှို့ဝှက်ချက်သည်လည်း ထိုမြို့တော်အတွင်း၌ရှိနေသည်ဟု ဆိုကြ၏။

အကယ်၍ ဤကိစ္စသာအမှန်ဖြစ်ပါက လုယွီသည် ထိုအဖိုးတန်ရှားပါးသောအခွင့်ကောင်းကြီးကို မည်သည့်နည်းဖြင့် လက်လွတ်ခံနိုင်မည်နည်း။

"ဒါက ကောင်းကင်နဲ့မြေပြင်အကြားက အတိတ်နမိတ်တစ်ခုပဲ...အချိန်အကြာကြီးပျောက်ကွယ်နေခဲ့တဲ့ချန်အမ်းမြို့တောင် ပြန်ပြီးထွက်ပေါ်လာပြီ...မကြာခင်အချိန်အတွင်းမှာ ဒီလောကကြီးတစ်ခုလုံး ဖရိုဖရဲဖြစ်လာမှာကို ငါ စိုးရိမ်မိတယ်"

လုယွီက ရှည်လျားသောသက်ပြင်းတစ်ချက် ရှိုက်လိုက်သည်။

"မင်းတို့ကို ဝင်ခွင့်မပြုနိုင်ဘူး...ဒီနေရာက ငါတို့ပုန်းကွယ်နဂါးတပ်ခွဲရဲ့ အရေးကြီးတဲ့နေရာတစ်ခုပဲ"

"ဘေးဖယ်စမ်း"

ထိုအချိန်မှာပင် ပြင်ပမှနေ၍ ရုတ်ရုတ်သဲသဲ အသံများထွက်ပေါ်လာသဖြင့် လုယွီ၏အတွေးများ ပြတ်တောက်သွားသည်။

ရုတ်ချည်းဆိုသလိုပင် ရွက်ဖျင်တဲ၏ပြင်ပရှိတံခါးကို ပြင်ပမှနေ၍ ကန်ကျောက်ဖွင့်ခြင်းခံလိုက်ရကာ အစောင့်နှစ်ယောက် တဲအတွင်းသို့ လွင့်စင်လာသည်။

ဘုန်း...ဘုန်း...

ရွက်ဖျင်တဲ၏ပြင်ပမှနေ၍ ပိန်ပါးပါးအဖိုးအိုတစ်ယောက် ရုတ်တရက် ထွက်ပေါ်လာကာ သူက ရက်စက်ကြမ်းကြုတ်သောအကြည့်ဖြင့် လုယွီကို စူးစိုက်၍ ကြည့်နေလေ၏။

ဤအဖိုးအို၏ခန္ဓာကိုယ်အတွင်းတွင် နှစ်သောင်းနှင့်ချီသက်တမ်းရှိသော ရေခဲတုံးကြီး ကိန်းအောင်းနေသည့်အလားပင်။

သူသည် လုယွီနှင့်ဝေးကွာသောနေရာတွင်ရှိနေဆဲဖြစ်သော်လည်း သူ၏ခန္ဓာကိုယ်မှထွက်ပေါ်နေသော အအေးလှိုင်းများကြောင့် ရွက်ဖျင်တဲတစ်ခုလုံးအတွင်းရှိအပူချိန် အလွန်အမင်းထိုးကျသွားသည်။

"ခင်ဗျားက ဘယ်သူလဲ"

လုယွီက ထိုအဖိုးအိုကိုကြည့်၍ မျက်မှောင်ကြုတ်လိုက်သည်။

"ငါက ကြေးနီနံရံတပ်ခွဲရဲ့တပ်မှူး ထျဲဝုဝေ"

အဖိုးအိုသည် သူ့ကိုယ်သူ မိတ်ဆက်ပေးပြီးနောက် လုယွီကို ခေါင်းအစခြေအဆုံးကြည့်ကာ သူ၏မျက်နှာပေါ်၌ ရက်စက်ကြမ်းကြုတ်သော အပြုံးတစ်ခု ထင်ဟပ်လာသည်။

"မင်းက ကျန်းကော်မဟာစစ်ဗိုလ်ချုပ်လား...မင်းက စာပေသူတော်စင်ယီဟန်ရဲ့တပည့်တစ်ယောက်လို့ ငါ ကြားထားတယ်...မင်းက စာရေးစာဖတ်ပဲသိတဲ့ ကျောင်းတော်သားတစ်ယောက်သက်သက်လို့တော့ ငါ့ကို မပြောနဲ့...မင်းရဲ့ခွန်အားကို ငါ မြင်ချင်တယ်"

ထိုစကားလုံးများ ထွက်ပေါ်လာသည်နှင့် မိုးခြိမ်းသံတမျှကျယ်လောင်သော ဆူညံသံများအဖြစ်သို့ ပြောင်းလဲသွားကာ အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။

ထျဲဝုဝေကိုကြည့်ရသည်မှာ ပိန်ပါးသော်လည်း သူ၏စကားသံသည် မိုးခြိမ်းသံတမျှ ကျယ်လောင်နေကာ လူအများကို သူတို့၏စိတ်နှလုံးသားအောက်ခြေမှနေ၍ ထိတ်လန့်ကြောက်ရွံမှုကို ခံစားရစေသည်။

"ဘာလဲ...တကယ်လို့ မင်း ကြောက်နေတယ်ဆိုရင် မင်းရဲ့ခေါင်းပေါ်မှာရှိနေတဲ့ 'ကျန်းကော်'ဆိုတဲ့ဘွဲ့ထူးကို ဖယ်ရှားပေးဖို့ တော်ဝင်နန်းတွင်းဆီ စာရေးပြီးတောင်းဆိုလိုက်လေ...မင်းက ဒီစာလုံးနှစ်လုံးနဲ့ မထိုက်တန်ဘူး"

လုယွီကို စူးစိုက်ကြည့်နေသော ထျဲဝုဝေ၏မျက်လုံးအတွင်း၌ ရက်စက်ကြမ်းကြုတ်မှုများဖြင့် ပြည့်နှက်နေသည်။

"စာပေသူတော်စင်ယီဟန်ရဲ့မျက်နှာနဲ့ ငါ မင်းကို မထိချင်ဘူး...အခုချက်ချင်း ဒီနေရာကနေ ထွက်သွားစမ်း"

လုယွီက ပြုံးလိုက်သည်။သူနှင့်ဖေးထျန်ကွမ်းတို့သည် တခြားသူများ သူ့အားလာရှာမည့်အကြောင်းကို အစောပိုင်းကမှ တိုင်ပင်ဆွေးနွေးခဲ့ကြ၏။သို့ရာတွင် အချိန်မကြာသေးမီမှာပင် တစ်စုံတစ်ယောက်သည် သူ့ရှေ့သို့ရောက်လာမည်ဟု သူ မျှော်လင့်မထားမိချေ။

ဤလူများသည် ပုန်းကွယ်နဂါးတပ်ခွဲကို ပြောင်းရွှေ့ရန် သူ ဤနေရာသို့ရောက်လာမည့် သတင်းကို ရရှိထားသဖြင့် ယခင်ကတည်းက ကြိုတင်စောင့်ဆိုင်းနေခြင်းသာဖြစ်ပေမည်။

ဝှစ်...ဝှစ်..ဝှစ်...

ဖေးထျန်ကွမ်း လုကျင်းရှန့်နှင့် တခြားသူများသည် ရုတ်ရုတ်သဲသဲအသံများကိုကြားသဖြင့် ဤနေရာသို့ အပြေးရောက်ရှိလာကြသည်။

လုကျင်းရှန့်သည် သူ့ရှေ့ရှိမြင်ကွင်းကို မြင်တွေ့ချိန်တွင် ဒေါသတကြီး အော်ဟစ်လိုက်၏။

"ထျဲဝုဝေ...မင်းက ဒီနေရာကိုလာပြီးတော့ ငါတို့ရဲ့အရှင်ကိုတောင် ပြဿနာရှာဝံ့တယ်...မင်းက သေလမ်းလာရှာနေတာလား...ဒီနေရာက ငါတို့ပုန်းကွယ်နဂါးတပ်ခွဲရဲ့စစ်တန်းလျားပဲ...မင်းတို့ ကြေးနီနံရံတပ်ခွဲရဲ့နေရာမဟုတ်ဘူး...ဒီနေရာကနေ ထွက်သွားစမ်း"

စကားဆုံးသည်နှင့် လုကျင်းရှန့်၏ခန္ဓာကိုယ်မှမှော်စွမ်းအားများ ပွင့်အံ့ထွက်လာကာ သူက ထျဲဝုဝေ၏ရှေ့၌ ပိတ်ဆို့ဟန့်တားလိုက်သည်။

ပတ်ဝန်းကျင်ရှိ အောင်းကွမ်းနှင့်တခြားစစ်ဗိုလ်ချုပ်များသည်လည်း အကြောက်အလန့်ကင်းမဲ့သော မျက်လုံးအကြည့်များဖြင့် ထျဲဝုဝေကို စူးစိုက်၍ ကြည့်နေကြသည်။

လုယွီထံမှ ကျင့်ကြံနည်းစနစ်များနှင့်ဆေးလုံးများ၏ ကူညီထောက်ပံမှုကြောင့် ပုန်းကွယ်နဂါးတပ်ခွဲမှ စစ်ဗိုလ်ချုပ်အများစုသည် မြေကမ္ဘာအင်မော်တယ်နယ်ပယ်သို့ ရောက်ရှိနေလေပြီ။မြေကမ္ဘာအင်မော်တယ်အမြောက်အများသည် သူ့အား တစ်ချိန်တည်း စူးစိုက်ကြည့်နေသဖြင့် ထျဲဝုဝေသည် အလွန်ကြီးမားသောဖိအားကို ခံစားနေရလေ၏။

"လုယွီ...မင်းက လက်အောက်ငယ်သားတွေရဲ့နောက်မှာပဲ ပုန်းနေတော့မှာလား...တကယ်လို့ မင်းက ဒီလိုပုံစံမျိုးနဲ့ ကျန်းကော်ဘွဲ့ထူးကိုခံယူဝံ့တယ်ဆိုရင် ဒါကအရမ်းရယ်စရာကောင်းတဲ့ကိစ္စပဲ"

ထျဲဝုဝေသည် မျက်စိစွေ၍ လုယွီကို ကြည့်လိုက်ကာ သူ၏မျက်လုံးအတွင်း၌ သရော်တော်တော်အရိပ်အယောင်များဖြင့် ပြည့်နှက်နေသည်။

လုကျင်းရှန့်က ဒေါသတကြီး အော်ဟစ်လိုက်သည်။

"ရိုင်းပျလိုက်တာ"

"မင်းတို့ သူ့ကို တားဆီးစရာမလိုဘူး...ဘေးဖယ်ကြစမ်း"

လုယွီက ထိုမြင်ကွင်းကိုမြင်တွေ့ချိန်တွင် သူ၏လက်ကိုဆန့်တန်းကာ လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်၏။

သူ၏လက်ဝါးရိုက်ချက်သည် လေထုအတွင်းသို့ ရောက်ရှိသည်နှင့် ကြီးမားသော ရွှေရောက်လက်ဝါးပုံရိပ်ယောင်ကြီးအသွင် ပြောင်းလဲသွားသည်။ထိုလက်ဝါးရိုက်ချက်တွင် မြင့်မြတ်မှုနှင့်တောက်ပမှုအရှိန်အဝါများ ပါဝင်နေကာ ထျဲဝုဝေ၏ရှေ့သို့ ချက်ချင်းရောက်ရှိသွားတော့သည်။

ထျဲဝုဝေသည် သူ၏အမြင် ဝေဝါးသွားသကဲ့သို့ ခံစားလိုက်ရကာ နေရောင်ခြည်ကိုပင် ပိတ်ဖုံးလုမတတ် အလွန်ကြီးမားသောလက်ဝါးပုံရိပ်ယောင်ကြီးက ကောင်းကင်ယံအတွင်းမှ ကျရောက်လာသည်။

"

Chapter 3293

ထျဲဝုဝေသည် လုယွီ ဤကဲ့သို့တိုက်ခိုက်ရန်ရွေးချယ်မည်ဟု တွေးတောထားမိပုံမရချေ။

ရုတ်ချည်းဆိုသလိုပင် ထျဲဝုဝေ၏အင်္ကျီလက်များ လေပြင်းကြောင့်လူးလွန့်သွားကာ သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှနေ၍ အရိုးအက်ကွဲသံများ ထွက်ပေါ်လာသည်။

ကောင်းကင်နှင့်မြေပြင်အကြားတွင် သူ မြင်တွေ့နေရသည့် တစ်ခုတည်းသောအရာမှာ နေရောင်ခြည်ကိုပင်ပိတ်ဖုံးလုမတတ် အလွန်ကြီးမားသော လက်ဝါးပုံရိပ်ယောင်ကြီးပင်။

"လာခဲ့စမ်း...မင်းမှာ အစွမ်းအစ ဘယ်လောက်ရှိလဲဆိုတာ ငါ ကြည့်ကြည့်မယ်"

ထျဲဝုဝေ၏ခန္ဓာကိုယ်တစ်ခုလုံးနေ၍ မှော်စွမ်းအားများ ပွင့်အံ့ထွက်လာကာ သူ၏ခေါင်းထက်၌စုဝေးသွားပြီး ကြီးမားသောနတ်ဆိုးနတ်ဘုရားပုံရိပ်ယောင်ကြီးအဖြစ် ဖွဲ့စည်းသွားသည်။

ဤနတ်ဆိုးနတ်ဘုရားပုံရိပ်ယောင်ကြီးသည် အလွန်အသက်ဝင်ပေ၏။ထိုပုံရိပ်ယောင်ကြီးသည် မျက်လုံးစုံမှိတ်ထားသည့်တိုင် လူအများကို စူးစိုက်ကြည့်နေသကဲ့သို့ ခံစားချက်မျိုးအား ပေးစွမ်းနိုင်သည်။ဤပုံရိပ်ယောင်ကြီး၏ရှေ့တွင် တစ်စုံတစ်ယောက်သည် မလေးမစားပြုလုပ်သည့်အမူအယာမျိုး ပြသဝံ့မည်မဟုတ်ချေ။နတ်ဆိုးနတ်ဘုရားပုံရိပ်ယောင်ကြီးတွင် အကန့်အသတ်မရှိသော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ပါဝင်နေသကဲ့သို့ပင်။

"သေစမ်း..."

ထျဲဝုဝေက ဒေါသတကြီး အော်ဟစ်ကြုံးဝါးလိုက်သည်။သူသည် နတ်ဆိုးနတ်ဘုရားပုံရိပ်ယောင်ကြီးကိုထိန်းချုပ်၍ လုယွီထံတိုးဝင်ကာ တိုက်ခိုက်စေသည်။

သူ၏ခွန်အားသည် ရှောင်ညီအကိုနှစ်ယောက်ထက် သန်မာအားကောင်းသည်မှာ သိသာထင်ရှားလှ၏။သူသည် မြေကမ္ဘာအင်မော်တယ်နယ်ပယ် နှောင်းပိုင်းအဆင့်သို့ပင် ရောက်ရှိနေလေပြီ။

ဤအဆင့်အစွမ်းထက်ကျင့်ကြံသူမျိုးကို အလွန်ထူးချွန်သော မဟာစစ်ဗိုလ်ချုပ်တစ်ယောက်ဟု ယူဆနိုင်သည်။သူသည် ရှေ့သို့နောက်တစ်ဆင့်တက်လှမ်းနိုင်သည်နှင့် ပို၍မြင့်မားသောရာထူးကို ရရှိနိုင်ကာ တာယွီတော်ဝင်နန်းတွင်း၏အရေးပါသောတည်ရှိမှုကြီးတစ်ခု ဖြစ်လာပေမည်။

ကံဆိုးစွာဖြင့် သူသည် လုယွီထံ အပြေးရောက်လာခဲ့ပေ၏။

ဝုန်း...

ကျယ်လောင်သောအသံကြီးတစ်သံက ရွက်ဖျင်တဲအတွင်းမှ ထွက်ပေါ်လာသည်။

ရွက်ဖျင်တဲသည် ဤပြင်းထန်သောခွန်အားဒဏ်ကို တောင့်မခံနိုင်တော့သဖြင့် အလယ်မှနေ၍ နှစ်ခြမ်းကွဲထွက်သွားသည်။

ကြေမွှပျက်စီးနေသော ရွက်ဖျင်တဲအစအနများသည် အရပ်မျက်နှာအဘက်ဘက်သို့ လွင့်ထွက်သွားပေ၏။လုယွီက ခြေတစ်လှမ်းရှေ့တိုးလိုက်ပြီးနောက် ရွှေရောင်လက်ဝါးပုံရိပ်ယောင်ကြီးသည် ထျဲဝုဝေ၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားတော့သည်။

ဘန်း...

ရွှေရောင်လက်ဝါးပုံရိပ်ယောင်ကြီးသည် ရှေ့ရှိ နတ်ဆိုးနတ်ဘုရားပုံရိပ်ယောင်ကြီးကို ကြေမွှပျက်စီးသွားစေသည်။ထျဲဝုဝေ၏ထိတ်လန့်တုန်လှုပ်နေသော အကြည့်အောက်တွင် လက်ဝါးပုံရိပ်ယောင်ကြီးသည် သူ့ထံသို့ ကျရောက်လာပေ၏။

မြေပြင်တပြင်လုံး ပြင်းပြင်းထန်ထန် တုန်ခါနေသည်။ထျဲဝုဝေ၏ခန္ဓာကိုယ်တစ်ခုလုံးသည် မြေအောက်သို့ နက်ရှိုင်းစွာနစ်မြုပ်သွားကာ မလှုပ်ရှားနိုင်တော့ချေ။

လုယွီသည် ခြေလှမ်းကျဲကြီးများဖြင့် ရွက်ဖျင်တဲ၏ပြင်ပသို့ထွက်သွားကာ သူ၏အကြည့်က ဗာမီလီယန်စစ်စခန်းတစ်ခုလုံးကို ဝေ့ဝိုက်၍ကျရောက်သွားသည်။သူက ကျယ်လောင်စွာ အော်ဟစ်လိုက်၏။

"ငါက တော်ဝင်နန်းတွင်းကနေ အသစ်ခန့်အပ်လိုက်တဲ့ မဟာစစ်ဗိုလ်ချုပ်တစ်ယောက်ပဲ...တကယ်လို့ တစ်ယောက်ယောက်က ငါ့ကိုမကျေနပ်ဘူးဆိုရင် ဒီနေရာကိုလာပြီးတော့ ငါ့ကိုလာရှာနိုင်တယ်"

ထိုသို့ပြောဆိုပြီးနောက် လုယွီ၏ခန္ဓာကိုယ်မှနေ၍ သိုင်းပညာသူတော်စင်တစ်ယောက်၏သွေးချီများ ပွင့်အံ့ထွက်လာကာ မိုးကောင်းကင်ယံအတွင်းသို့ မြင့်တက်သွားသည်။

သာမာန်မျက်စိအမြင်ဖြင့်ပင် စစ်စခန်းအတွင်းရှိလူတိုင်းသည် တုန်လှုပ်ချောက်ချားဖွယ် သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ တဟုန်ထိုးမြင့်တက်လာသည်ကို ခံစားမိသည်။လုယွီ ထုတ်လွှတ်လိုက်သော အရှိန်အဝါသည် ရှေးဟောင်းခေတ်အချိန်ကာလအတွင်းမှ ဆင်းသက်လာသော နတ်ဆိုးတစ်ကောင်နှင့်တူညီကာ လူအများ၏စိတ်နှလုံးသားများအတွင်းမှ ခုခံကာကွယ်လိုသော သတ္တိများကို ပျောက်ဆုံးသွားစေသည်။

လုယွီသည် နတ်ဘုရားနဂါးဟိန်းသံနည်းစနစ်ကို အသုံးပြု၍ ပြောဆိုလိုက်ခြင်းဖြစ်သဖြင့် သူ၏အသံသည် ကောင်းကင်နှင့်မြေပြင်အကြား၌ အဆက်မပြတ်ပဲ့တင်ထပ်ပျံ့နှံ့နေပေ၏။

ဝုန်း...

ရုတ်ချည်းဆိုသလိုပင် ဗာမီလီယန်စစ်စခန်းသာမက တခြားစစ်စခန်းသုံးခုမှလည်း လုယွီ၏အသံကို ကြားလိုက်ရသည်။

သန်းဆယ်နှင့်ချီသောစစ်သားများသည် လုယွီ၏သွေးချီများ ထွက်ပေါ်နေသောနေရာသို့ တပြိုင်နက်တည်း ကြည့်လိုက်ကြသည်။

"ဒီအရှိန်အဝါက လူသားတစ်ယောက် လုပ်ဆောင်နိုင်တဲ့အရာမျိုး မဟုတ်ဘူး"

"ဘယ်လောက်တောင် အားကောင်းတဲ့သွေးချီစွမ်းအားလဲ...မှော်စွမ်းအားက အရမ်းအားကောင်းတာပဲ...ဒါက ဘယ်လိုနည်းနဲ့မှ မြေကမ္ဘာအင်မော်တယ်တစ်ယောက်ရဲ့စွမ်းအားမျိုး မဖြစ်နိုင်ဘူး...ရွှယ်အင်မော်တယ်တစ်ယောက်တောင် သူ့ရဲ့မှော်စွမ်းအားတွေလောက် နက်ရှိုင်းမှာမဟုတ်ဘူး"

"သူက စာမေးပွဲသုံးခုလုံးမှာ ပထမနေရာကိုရခဲ့ပြီးတော့ ထိပ်သီးကျောင်းတော်သားဖြစ်လာတာ အံ့အားသင့်စရာမရှိတော့ဘူး...ဒါက ကံကောင်းတာကြောင့်မဟုတ်ဘူး..သူ့မှာ ဒီလိုလုပ်နိုင်တဲ့ စွမ်းအားမျိုးရှိနေတယ်"

ပတ်ဝန်းကျင်၌ မရေမတွက်နိုင်သော နတ်ဘုရားစစ်အာရုံများ ပျံ့နှံ့နေကာ လုယွီထံသို့ ကျရောက်လာပေ၏။

လုယွီ၏လွှမ်းမိုးချုပ်ကိုင်နိုင်သော အပြုအမူကိုမြင်တွေ့ချိန်တွင် ပတ်ဝန်းကျင်နေရာတဝိုက်လုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။

ထျဲဝုဝေသည် ပထမဆုံးအစမ်းသပ်ခံ သက်သက်ပင်။သူ၏နောက်၌ လုယွီ၏အစစ်အမှန်စွမ်းအားကို သိရှိလိုသော တပ်မှူးအမြောက်အများရှိနေသည်။

ကျန်းကော်မဟာစစ်ဗိုလ်ချုပ်ဟူသော အမည်နာမသည် အလွန်ကြီးကျယ်ခမ်းနားပေ၏။လုယွီသည် မည်သူမည်ဝါဖြစ်နေပါစေ သူတို့သည် ထိုကိစ္စကို လက်ခံနိုင်ခြင်းမရှိချေ။

အကယ်၍ လုယွီသည် ထိုလူများကို ပါးစပ်ပိတ်သွားအောင်ပြုလုပ်လိုပါက လုံလောက်သောခွန်အားကို ထုတ်ဖော်ပြသရပေမည်။ထိုသို့မဟုတ်ပါက ဤကဲ့သို့စိန်ခေါ်မှုမျိုးသည် အကန့်အသတ်ရှိတော့မည်မဟုတ်ချေ။

Chapter 3294

လုယွီ၏အသံက အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။လုယွီကို စုံစမ်းထောက်လှမ်းနေသောလူများသည်လည်း သူတို့၏နတ်ဘုရားစိတ်အာရုံများကို တဖြည်းဖြည်း ပြန်ရုတ်သိမ်းလိုက်ကြ၏။

တချို့လူများက သူတို့သည် လုယွီ၏ပြိုင်ဘက်မဖြစ်နိုင်ကြောင်း ချက်ချင်းဆိုသလိုပင် နားလည်သဘောပေါက်သွားသည်။

အကယ်၍ ယခုချိန်တွင် သူတို့ ရှေ့ထွက်လိုက်ပါက ထျဲဝုဝေကဲ့သို့ အဆုံးသတ်ရပေမည်။

သူတို့သည် မြေပြင်ပေါ်၌ ဆယ်မီတာခန့်နက်ရှိုင်းသော ကျင်းကြီးတစ်ကျင်းရှိနေသည်ကို တွေ့မြင်မိလေ၏။

ထိုကျင်းကြီး၏ပုံသဏ္ဍာန်သည် လက်ဝါးရာကြီးတစ်ခုနှင့် အတိအကျတူညီနေသည်။ထျဲဝုဝေသည် ထိုကျင်းကြီးအတွင်း၌ နစ်မြုပ်နေကာ သူ၏ခန္ဓာကိုယ်တစ်ခုလုံး မြေကြီးများ သွေးများဖြင့် ပေကျံနေပေ၏။

လက်ဝါးရိုက်ချက်တစ်ချက်တည်းဖြင့် ထျဲဝုဝေသည် ဤကဲ့သို့ အဆုံးသတ်ခဲ့ရသလော....

နတ်ဘုရားစိတ်အာရုံတချို့သည် ထျဲဝုဝေ၏ရလဒ်ကို မြင်တွေ့ပြီးနောက် ပြင်းပြင်းထန်ထန် လှုပ်ခတ်စပြုလာသည်။

ဤသည်က သူတို့၏ဗာမီလီယန်စစ်စခန်းတွင် အားအကောင်းဆုံးမဟာစစ်ဗိုလ်ချုပ်များအနက်မှ တစ်ယောက်ပင်။

သူသည် လုယွီ၏လက်ဝါးရိုက်ချက်တစ်ချက်ကိုပင် တောင့်ခံနိုင်စွမ်းမရှိခဲ့ချေ။

"လုယွီ...ငါ့ရဲ့ရွက်ဖျင်တဲထဲကို လာခဲ့ပါလား...ငါတို့ အသေးစိတ်ဆွေးနွေးကြရအောင်"

ရုတ်တရက် ကျယ်လောင်သောအသံတစ်သံက လေထုအတွင်းမှ ထွက်ပေါ်လာကာ အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။

ယခုလက်ရှိချိန်တွင် ဗာမီလီယန်စစ်စခန်း၏ခေါင်းဆောင်တပ်မှူး ရှောင်ချွမ်သည် စစ်စခန်း၌ရှိမနေချေ။ခေါင်းဆောင်တပ်မှူးရွက်ဖျင်တဲ၌ ရှိနေသူသည် ဗာမီလီယန်စစ်စခန်း၏လက်ထောက်တပ်မှူး ရှောင်ချန်းယုပင်။

သူသည်လည်း ရှောင်မိသားစု၏အရေးပါသောလူတစ်ယောက်ဖြစ်သည်။သူသည် 'ကျန်းနင်အမတ်ကြီး'ဘွဲ့ထူးကို ရရှိထားသူဖြစ်ပေ၏။သူသည် ရှောင်မိသားစုအတွင်း၌ အစစ်အမှန်အခွင့်အာဏာရှိသူပင်။

ဗာမီလီယန်စစ်စခန်းတစ်ခုလုံးတွင် အဓိကခေါင်းဆောင်နှစ်ယောက်လုံးမှာ ရှောင်မိသားစုမှဖြစ်သည်။ဗာမီလီယန်စစ်စခန်းသည် ရှောင်မိသားစု၏သီးသန့်စစ်တပ်ဟုဆိုလျှင်ပင် မမှားနိုင်ချေ။

အမှန်အားဖြင့် လုယွီသည် သတင်းအချက်အလက်များကို ဖတ်ရှုပြီးနောက် သူသည် ဗာမီလီယန်စစ်စခန်းအတွင်းရှိ အပြောင်းအလဲများကို နားလည်သဘောပေါက်ပြီးဖြစ်သည်။ရှောင်မိသားစုသည် ဤနှစ်အတွင်းတွင် ဗာမီလီယန်စစ်စခန်းကို တိတ်တဆိတ်အကွက်ချစီမံနေခဲ့သည်။စစ်စခန်းတစ်ခုလုံးသည် ရှောင်မိသားစု၏​ခန်းမခွဲတစ်ခုကဲ့သို့ဖြစ်လာကာ တခြားမည်သူမျှ အခွင့်အာဏာမရှိတော့ချေ။

"ဘာမှပြောနေဖို့မလိုဘူး...ငါ့ဆီမှာ တော်ဝင်စစ်ရေးဌာနရဲ့စစ်သည်ပြောင်းရွှေ့ခွင့်အမိန့်တော်ရှိတယ်...ဒီနေ့ကနေ့စပြီးတော့ ပုန်းကွယ်နဂါးတပ်ခွဲက ငါ့ရဲ့အမိန့်အောက်ကို ရောက်သွားပြီ"

လုယွီက ပတ်ဝန်းကျင်ကိုဝေ့ဝိုက်ကြည့်ကာ အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။

"ပြီးတော့ ငါ့ရဲ့ပုန်းကွယ်နဂါးတပ်ခွဲက စစ်သည်တွေရဲ့လစာကို ပြန်ပေးဖို့အတွက် ငါ မင်းကို အချိန်သုံးရက်ပေးမယ်...တကယ်လို့ အင်မော်တယ်ကျောက်တုံးတစ်တုံး လျော့တာနဲ့ ဒီနေ့ကိစ္စကို ငါ ကြေအေးမပေးဘူး"

ဝုန်း...

လုယွီ၏ခန္ဓာကိုယ်ပေါ်မှ ထွက်ပေါ်နေသော အရှိန်အဝါများက ချက်ချင်းဆိုသလိုပင် ခေါင်းဆောင်တပ်မှူး၏ရွက်ဖျင်တဲပေါ်သို့ ကျရောက်သွားသည်။

ဤအချိန်အခိုက်အတန့်တွင် ရှောင်ချန်းယုသည် တိတ်ဆိတ်ငြိမ်သက်သွားပေ၏။

သူသည် ရွှယ်အင်မော်တယ်တစ်ယောက်ဖြစ်သည့်တိုင် လုယွီ၏အရှိန်အဝါအောက်တွင် သူ၏ခေါင်းထက်သို့ ကြီးမားလေးလံသောတောင်ကြီးတစ်လုံး ဖိစီးလာသည့်အလား ခံစားနေရသည်။သူသည် စိတ်သက်သာရာရမှုကို အနည်းငယ်မျှပင် မခံစားရချေ။

ဗာမီလီယန်စစ်စခန်းမှလူများသည် ရှောင်ချန်းယု မည်ကဲ့သို့တုံ့ပြန်မည်ကို စောင့်ကြည့်နေကြသည်။

"ပေးရမှာပေါ့...ပုန်းကွယ်နဂါးတပ်ခွဲရဲ့လစာတွေကို ထုတ်ပေးရမှာက ဖြစ်သင့်တဲ့ကိစ္စပဲလေ"

ရှောင်ချန်းယုက ကြည်လင်ပြတ်သားသောအသံနှင့် ပြောဆိုသည်။

ရှောင်မိသားစုသည် နောက်ဆုတ်ပေးလိုက်သလော....

ဤအချိန်အခိုက်အတန့်တွင် ပုန်းကွယ်နဂါးတပ်ခွဲကို ပစ်မှတ်ထားခဲ့ကြသော လူတချို့သည် ထိတ်လန့်ကြောက်ရွံသွားပေ၏။

သူတို့အတွက် ရှောင်မိသားစုသည် အကြီးမားဆုံး နောက်ခံအင်အားပင်။သို့ရာတွင် ရှောင်မိသားစုသည် လုယွီနှင့်ရင်ဆိုင်ရချိန်တွင် လက်လျှော့အရှုံးပေးလိုက်မည်ဟု သူတို့အားလုံး မျှော်လင့်မထားမိချေ။

ပုန်းကွယ်နဂါးတပ်ခွဲမှ စစ်သားတချို့အပေါ်တွင် ပြုလုပ်မိသော ကိစ္စများကို ပြန်လည်တွေးတောမိချိန်တွင် သူတို့အနက်မှတချို့သည် ထိတ်ထိတ်ပျာပျာ ဖြစ်သွားကြတော့သည်။လုယွီသည် သူတို့အား လာရောက်ရှာဖွေမည်ကို သူတို့က စိုးရိမ်ပူပန်နေကြသည်။

သို့ရာတွင် လုယွီသည် ထိုကဲ့သို့ အထင်သေးစက်ဆုပ်ဖွယ်ကောင်းသောလူများကို ပြဿနာရှာရန် စိတ်မဝင်စားချေ။

သူသည် ခွန်အားကိုတိုက်ရိုက်အသုံးပြု၍သာ စစ်စခန်းတစ်ခုလုံးကို ငြိမ်သက်စေခဲ့သည်။

သုံးရက်ကြာပြီးနောက်....

ပုန်းကွယ်နဂါးတပ်ခွဲမှ စစ်သားများအားလုံး စုဝေးနေသည်။သူတို့ရရှိမည့် လစာများနှင့်အရင်းအမြစ်များအားလုံးကိုလည်း အကျဥ်းသားထိန်းချုပ်ရေးအဖွဲ့မှ လွှဲပြောင်းပေးအပ်ပြီးဖြစ်သည်။

အကျဥ်းသားထိန်းချုပ်ရေးအဖွဲ့သည် အရေးကြီးပုဂ္ဂိုလ်တစ်ယောက်ကို ဆက်ဆံသည့်အလား လူအများကို သေသေချာချာသေလွှတ်၍ ပစ္စည်းများကို ပို့ဆောင်စေသည်။သူတို့သည် လုယွီ စိတ်ဆိုးဒေါသထွက်မည်ကို ထိတ်လန့်ကြောက်ရွံနေကြသကဲ့သို့ပင်။ပုန်းကွယ်နဂါးတပ်ခွဲမှစစ်သားများအားလုံး ဂုဏ်ယူဝင့်ကြွားမှုကို ခံစားရလေ၏။

ဤသည်က သူတို့၏တပ်မှူးပင်။

သူ၏စကားတစ်ခွန်းကို ရှောင်မိသားစုပင်လျှင် နားထောင်ရပေ၏။

Chapter 3295

"အရှင်..ပုန်းကွယ်နဂါးတပ်ခွဲမှာ စစ်သည်အင်အားနှစ်သိန်းလုံး ဒီနေရာကို ရောက်နေပါပြီ"

စစ်ဗိုလ်ချုပ်ချောင်ပေါင်က စစ်သားများအားလုံး၏ရှေ့တွင် မတ်တတ်ရပ်ကာ လုယွီကို သတင်းပို့လေသည်။

လုယွီသည် ထိုအရေအတွက်ကိုကြားချိန်တွင် သူ၏စိတ်နှလုံးသားအတွင်းမှနေ၍ သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။

သူ ဤနေရာသို့ခေါ်ဆောင်လာခဲ့သော ပုန်းကွယ်နဂါးတပ်ခွဲတွင် စစ်သည်အင်အားခုနစ်သိန်း ရှိပေ၏။

လအနည်းငယ်အတွင်းမှာပင် စစ်သည်အင်အားနှစ်သိန်းသာ ကျန်ရှိတော့မည်ဟု သူ မျှော်လင့်မထားမိချေ။

ယခုလက်ရှိ ကျန်ရှိနေသူများသည် သူ့အပေါ်တွင် အပြည့်အဝ သစ္စာစောင့်သိသူများ ဖြစ်ပေမည်။

သူတို့သည် ဗာမီလီယန်စစ်စခန်းမှ တခြားလူများ၏ဖိနှိပ်ခြင်းကိုခံရသော်လည်း လုယွီသည် သူတို့ကို အထွတ်အထိပ်ထိရောက်အောင် ဦးဆောင်ပေးနိုင်မည်ဟု ယုံကြည်နေကြဆဲပင်။

"အားလုံးပဲ...ဆုလာဘ်တွေကို ခွဲယူကြတော့"

လုယွီက ရုတ်တရက် သူ၏လက်ကိုဝှေ့ယမ်းလိုက်၏။ရုတ်ချည်းဆိုသလိုပင် ငွေလက်မှတ်များသည် နှင်းပွင့်လွှာများအလား စစ်သားများအားလုံး၏လက်အတွင်းသို့ ကျရောက်သွားတော့သည်။

စစ်သားများသည် သူတို့လက်အတွင်းရှိငွေလက်မှတ်ပေါ်မှ အင်မော်တယ်ကျောက်တုံးပမာဏကိုကြည့်ပြီး အံ့အားသင့်တုန်လှုပ်သွားသည်။

ထိုငွေလက်မှတ်များသည် အံ့အားသင့်ဖွယ်ကောင်းစွာပင် အင်မော်တယ်ကျောက်တုံးတစ်သန်းတန်ငွေလက်မှတ်များပင်။

ဤနေရာရှိစစ်သားအများစုသည် တစ်နှစ်တာလုံး ပင်ပင်ပန်းပန်း ကြိုးစားလုပ်ကိုင်လျှင်ပင် ဤမျှထိများပြားသော အင်မော်တယ်ကျောက်တုံးပမာဏကို ရရှိနိုင်မည်မဟုတ်ချေ။

အင်မော်တယ်ကျောက်တုံးတစ်သန်းသည် သူတို့၏ဘဝတွင် အချိန်အတော်ကြာသည်အထိ ကြီးကျယ်ခမ်းနားစွာနေထိုင်ရန် လုံလောက်ပေ၏။

အကယ်၍ ထိုအရာကို ကျင့်ကြံမှုအရင်းအမြစ်များနှင့်လဲလှယ်လိုက်ပါက အဖိုးတန်ရှားပါးသောရတနာများနှင့် သင့်တော်သောကျင့်ကြံနည်းစနစ်တချို့တို့ ရရှိပေလိမ့်မည်။

ကျင့်ကြံခြင်းလောကသည် သေမျိုးလောကနှင့် တူညီသောအချက်မှာ တစ်စုံတစ်ယောက်သည် ရှေ့သို့ဆက်၍ လျှောက်လှမ်းရန်အတွက် ငွေကြေးလိုအပ်ပေသည်။

ငွေကြေးသာမရှိပါက သူတို့၏ကျင့်ကြံဆင့်ကို မြှင့်တင်နိုင်ရန် လွန်စွာခက်ခဲပေမည်။

တခြားတပ်ခွဲမှလူများသည် ပုန်းကွယ်နဂါးတပ်ခွဲမှလူများ၏လက်များအတွင်းရှိ ငွေလက်မှတ်များကို မြင်တွေ့ချိန်တွင် သူတို့၏မျက်လုံးများအတွင်း၌ မနာလိုအားကျသောအရိပ်အယောင်များ ဖြတ်ပြေးသွားသည်။

ဤကဲ့သို့ငွေပမာဏများပြားသော ငွေလက်မှတ်များကို သူတို့၏ရှေ့၌ ရှိနေလေရာ မည်သူက မနာလိုအားကျမှုမရှိဘဲ နေနိုင်မည်နည်း။

"ပုန်းကွယ်နဂါးတပ်ခွဲကလူတွေတော့ တကယ့်ကို ချမ်းသာသွားပြီ"

တစ်စုံတစ်ယောက်က တီးတိုးရေရွတ်လိုက်၏။

အတိတ်တွင် ရှောင်မိသားစု၏ဖိနှိပ်မှုကြောင့် ပုန်းကွယ်နဂါးတပ်ခွဲသည် ဗာမီလီယန်စစ်စခန်းအတွင်း၌ အခြေအနေအဆိုးရွားဆုံး တပ်ခွဲတစ်ခုပင်။

သို့ရာတွင် ယခုလက်ရှိအချိန်၌ အခြေအနေသည် ပြောင်းပြန်လှန်လိုက်သကဲ့သို့ ပြောင်းလဲသွားလေပြီ။

"အရှင့်ကို ကျေးဇူးတင်ပါတယ်"

ယခုလက်ရှိနေရာတွင်ရှိနေသော စစ်သားများအားလုံးထံမှနေ၍ ဝမ်းသာပျော်ရွှင်စွာ ကျေးဇူးတင်စကားပြောဆိုသောအသံများ တပြိုင်နက်တည်း ထွက်ပေါ်လာသည်။

မည်သူကမျှ အရူးမဟုတ်ချေ။

သူတို့ထံတွင် လူအင်အားနှစ်သိန်းရှိသည်။လုယွီသည် သူတို့တစ်ယောက်ချင်းစီကို အင်မော်တယ်ကျောက်တုံးတစ်သန်း ပေးခဲ့လေ၏။ဤပမာဏသည် အလွန်ချမ်းသာကြွယ်ဝသူများသာ အသုံးပြုနိုင်စွမ်းရှိသောအရာပင်။

လုယွီကဲ့သို့ အစွမ်းထက်မိသားစုနောက်ခံအင်အား မရှိသူတစ်ယောက်သည် ဤမျှထိများပြားသောငွေပမဏကို ထုတ်ပေးသည်မှာ သူတို့ကို မည်မျှထိ တန်ဖိုးထားကြောင်း ပြသနေခြင်းပင်။

အနှစ်သာရမဲ့သော စကားလုံးများနှင့် နှိုင်းယှဥ်ပါက ဤကဲ့သို့သဘောထားကြီးပြီးရက်ရောမှုမျိုးသည် လူအများကို ပို၍စိတ်လှုပ်ရှားစေသည်။

ဤငွေကြေးဖြင့် သူတို့သည် ဘဝကို သက်တောင့်သက်သာ ဖြတ်ကျော်နိုင်ပေမည်။

လုယွီက ပတ်ဝန်းကျင်ရှိ စိတ်လှုပ်ရှားနေသူများကို ဝေ့ဝိုက်၍ကြည့်ကာ ပြောဆိုလိုက်၏။

"နောက်ထပ်ကတော့...ငါက မင်းတို့ကို အရှေ့အောင်နိုင်ခြင်းကြယ်မြစ်မှာ တာဝန်ထမ်းဆောင်ဖို့ ခေါ်ယူချင်တယ်"

"အရှေ့အောင်နိုင်ခြင်းကြယ်မြစ်က ရှေ့တန်းစစ်မျက်နှာစာဖြစ်လာတော့မယ်ဆိုတာ မင်းတို့အားလုံး သိပြီးလောက်ပြီလို့ ငါ ယုံကြည်တယ်...ထန်အင်ပါယာက အရှေ့အောင်နိုင်ခြင်းကြယ်မြစ်ရဲ့ရှေ့တန်းခံတပ်တွေဆီကိုတောင် ရောက်နေပြီ"

"မင်းတို့ အဲ့ဒီနေရာမှာ သေရင်လည်းသေသွားနိုင်တယ်...မင်းတို့ရဲ့နာမည်တွေတောင် မကျန်ခဲ့တာမျိုး ဖြစ်နိုင်တယ်...အခု ငါ မင်းတို့ကို အခွင့်အရေးတစ်ခုပေးမယ်...မင်းတို့က ဒီငွေလက်မှတ်တွေကိုယူပြီးတော့ ဒီနေရာကနေ ထွက်သွားနိုင်တယ်....ဒါမှမဟုတ် မင်းတို့က ငါ့နောက်ကိုလိုက်ပြီးတော့ အရှေ့အောင်နိုင်ခြင်းကြယ်မြစ်ကိုသွားပြီး ရှေ့တန်းမှာတာဝန်ထမ်းဆောင်ရမယ်"

သူ ထိုစကားကိုပြောဆိုလိုက်ချိန်တွင် စိတ်လှုပ်ရှားနေသော လူများအားလုံး ချက်ချင်းတိတ်ဆိတ်ငြိမ်သက်သွားသည်။

သူတို့သည် သေဆုံးရန်အတွက် သွားရမည်လော....

လက်ရှိနေရာတွင်ရှိနေသော စစ်သားအများစုသည် ရှေ့တန်းစစ်မျက်နှာစာအကြောင်းကို အတော်အသင့် နားလည်သဘောပေါက်ထားပေ၏။

ပုန်းကွယ်နဂါးတပ်ခွဲမှစစ်သားများသည် နတ်ဆိုးသားရဲမျိုးနွယ်နှင့်ရှုရာမျိုးနွယ်၏ပုန်ကန်မှုကိုသာ ရင်ဆိုင်ဖူးသည်။ဤကဲ့သို့ပုန်ကန်မှုမျိုးသည် စစ်တပ်မှအရင်ဦးအောင် လှုပ်ရှားနိုင်ပါက ငြိမ်သက်သွားမည်ဖြစ်ကာ သူတို့၏နောက်တွင် စစ်ကူအမြောက်အများလည်းရှိနေသည်။

သို့ရာတွင် အစစ်အမှန်စစ်ပွဲကမူ လုံးလုံးလျားလျား ကွဲပြားခြားနားသည်။

တစ်ဖက်ရန်သူများသည် တာယွီအင်ပါယာကဲ့သို့ ကျင့်ကြံခြင်းနိုင်ငံတစ်နိုင်ငံပင်။အမှန်အားဖြင့် ထန်အင်ပါယာ၏သမိုင်းကြောင်းသည် တာယွီအင်ပါယာထက်ပင် ပို၍အချိန်ကြာညောင်းပေ၏။

All Chapters