← Chapters

အခန်း (၃၂၉၆-၃၃၀၀)

Vol. 168 Ch. 3296-3300

အခန်း (၃၂၉၆-၃၃၀၀)

Vol. 168 Ch. 3296-3300

Chapter 3296

ဤကဲ့သို့အခြေအနေများအောက်တွင် အသေအပျောက်အလွန်များပြားမည်မှာ တိကျသေချာသည်။

သူတို့အနက်မှအများစုသည် ထိုနေရာသို့ တစ်ကြိမ်ထွက်ခွာသွားပြီးနောက် ဘယ်သောအခါမျှ ပြန်လာနိုင်တော့မည်မဟုတ်ချေ။

တချို့လူများ၏မျက်နှာများပေါ်တွင် တွေဝေတုံ့ဆိုင်းမှုအရိပ်အယောင်များ ထင်ဟပ်လာသော်လည်း သူတို့သည် အလျှင်အမြန် စိတ်ပြန်လည်တည်ငြိမ်သွားသည်။

ယခုလက်ရှိနေရာတွင်ရှိနေသော လူနှစ်သိန်းအနက် မည်သူတစ်ဦးတစ်ယောက်မျှ ထွက်ခွာသွားရန် မရွေးချယ်ခဲ့ချေ။

အကယ်၍ သူတို့သည် သေရမည်ကို ကြောက်ရွံသောသူများဆိုပါက ပုန်းကွယ်နဂါးတပ်ခွဲမှထွက်ခွာ၍ တခြားတပ်ခွဲများသို့ပူးပေါင်းပြီးဖြစ်သည်မှာ အချိန်အတော်ကြာမြင့်နေလောက်လေပြီ။

အဆုံးသတ်၌ အကယ်၍ သူတို့သည် အလွန်သစ္စာစောင့်သိသူများမဟုတ်လျှင်ပင် သူတို့အနက်မှမည်သူမျှ သူရဲဘောကြောင်သူတစ်ယောက်မဟုတ်ချေ။

"အရမ်းကောင်းတယ်...ဒီနေ့ မင်းတို့ရဲ့ရွေးချယ်ခဲ့မှုအတွက် အချိန်ကျရင် မင်းတို့ကိုယ်မင်းတို့ ကျေးဇူးတင်သွားလိမ့်မယ်"

လုယွီသည် ပတ်ဝန်းကျင်ကို ဝေ့ဝိုက်ကြည့်ပြီးနောက် သူ၏မျက်နှာပေါ်၌ ချီးမွမ်းလိုသောအရိပ်အယောင်တချို့ ဖြတ်ပြေးသွားသည်။

"အခုခေတ်အချိန်ကာလက အလယ်ခေတ်နဲ့ကွဲပြားခြားနားတယ်...တကယ်လို့ မင်းတို့က တာယွီအင်ပါယာအတွက် ရှေ့ထွက်ပြီးတိုက်ခိုက်မယ်ဆိုရင် ကြီးမားတဲ့တိုက်ပွဲအကျိုးဆောင်ရမှတ်တွေ ရရှိလာမှာပဲ...ငါ မင်းတို့ကို ဒီထက်အများကြီး ပိုမြင့်မားတဲ့အဆင့်ထိ ပို့ပေးနိုင်တယ်"

"ဒီတိုက်ပွဲအကျိုးဆောင်ရမှတ်တွေက ဥာဏ်ကောင်းရုံ လိမ္မာပါးနပ်ရုံနဲ့ ရနိုင်တာမျိုးမဟုတ်ဘူး...ဒါတွေကို သွေးတွေ မီးတောက်တွေကြားမှာ မင်းတို့ကိုယ်မင်းတို့ ထိန်းညှိရင်းနဲ့ပဲရနိုင်တယ်...မင်းတို့အားလုံးက တိုက်ပွဲစစ်မြေပြင်မှာ မင်းတို့ရဲ့ခွန်အားကို ပြသနိုင်မယ်လို့ ငါ မျှော်လင့်တယ်...မင်းတို့က နောင်တစ်ချိန်မှာ အမတ်ကြီးဘွဲ့ထူးကို ခန့်အပ်ခံရပြီးတော့ အရာရှိတွေဖြစ်လာဖို့အတွက် လုံးဝအခက်အခဲမရှိစေရဘူး"

ထိုသို့ပြောဆိုပြီးနောက် လုယွီက သူ၏အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်ရာ ပင်လယ်သမုဒ္ဒရာတမျှများပြားသော ကျင့်ကြံနည်းစနစ်စာအုပ်များက စစ်သားများ၏ရှေ့၌ ထွက်ပေါ်လာသည်။

ထိုကျင့်ကြံနည်းစာအုပ်များတွင် အမျိုးအစားရာနှင့်ချီ၍ရှိနေကာ မည်သည့်ကျင့်ကြံနည်းစနစ်အမျိုးအစားကိုမဆို ရှာဖွေတွေ့ရှိနိုင်သည်။

"မင်းတို့က ပုန်းကွယ်နဂါးတပ်ခွဲရဲ့စစ်သားတစ်ယောက်ဖြစ်နေသရွေ့ ဒီကျင့်ကြံနည်းစနစ်တွေထဲကနေ မင်းတို့နဲ့သင့်တော်တာကို ရွေးချယ်နိုင်တယ်....ဗိုလ်ချုပ်အဆင့်နဲ့အထက်တွေအတွက်ကတော့ ငါကိုယ်တိုင် လမ်းညွှန်ပေးမယ်"

လုယွီက ပြောဆိုသည်။

သူ၏စကားအဆုံးသတ်သွားချိန်တွင် ပတ်ဝန်းကျင်ရှိစစ်သားများသည် သူတို့ရှေ့ရှိ ကျင့်ကြံနည်းစနစ်စာအုပ်ပင်လယ်ကြီးကို ကြည့်လိုက်ကြ၏။

သူတို့အနက်မှအများစုသည် တာယွီတော်ဝင်စစ်တပ်၏စံသတ်မှတ်ထားသော ကျင့်ကြံနည်းစနစ်များကိုသာ ကျင့်ကြံဖူးကာ သူတို့၏အပေါင်းအဖော်များနှင့် အတူပူးပေါင်း၍ တိုက်ပွဲဝင်ဝင်္ကပါကို ဖွဲ့စည်းမှသာ သူတို့၏ခွန်အားကုန်ကို ဖြန့်ကျက်နိုင်သည်။

သို့ရာတွင် ဤကျင့်ကြံနည်းစနစ်များ ကျင့်ကြံခြင်းဖြင့် သူတို့အားလုံး၏တိုးတက်မှုမှာ အလွန်အကန့်အသတ်ရှိသည်။

သူတို့လိုအပ်နေသည့် သင့်လျော်သောကျင့်ကြံနည်းစနစ်များကို လဲလှယ်ရန်မှာလည်း တိုက်ပွဲအကျိုးဆောင်ရမှတ်အမြောက်အများရှိနေရန် လိုအပ်ပေ၏။

ဥပမာအနေဖြင့် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်၏မိုးကောင်းကင်ကျမ်းစာဆောင်နှင့် ကျန်းမိသားစု၏စာကြည့်ဆောင်တို့ကို ကြည့်ကြပါစို့....

ထိုနေရာများသို့ လူတိုင်း ဝင်ရောက်ခွင့်မရှိသည့်အပြင် အတွင်း၌သိမ်းဆည်းထားသော စာအုပ်များကိုလည်း ဆန္ဒရှိသည့်အတိုင်း မဖတ်ရှုနိုင်ချေ။ဤသည်က သူတို့၏ကိုယ်ပိုင်အင်အားစု အင်အားကြီးထွားလာရန်အတွက်သာဖြစ်ပြီး ပြင်ပသို့ပေါက်ကြားခွင့်မပြုပေ။

သို့ရာတွင် ယခုလက်ရှိချိန်၌ လုယွီသည် ဘဏ္ဍာတိုက်ကြီးတစ်ခုကို ဖွင့်ပေးလိုက်သည့်အလား ကျင့်ကြံနည်းစနစ်များကို သူတို့အားလုံး ဆန္ဒရှိသည့်အတိုင်း ရွေးချယ်ခွင့်ပြုနေသည်။

လူတိုင်း ရူးသွပ်သွားလုနီးပါးပင်။

ဤသည်က ရွှေတောင်ကြီးတစ်တောင် သူတို့၏ရှေ့သို့ ရောက်ရှိလာသည်နှင့်တူညီသည်။

ဤစစ်သားများသည် ဂိုဏ်းများမှလက်ရွေးစင်တပည့်များနှင့် ကွဲပြားခြားနားနေရသော အကြောင်းအရင်းမှာ ကျင့်ကြံနည်းစနစ်များနိမ့်ကျမှုကြောင့်ပင်။

သူတို့သည် တိုက်ပွဲဝင်ဝင်္ကပါကိုဖွဲ့စည်း၍ မည့်သည့်ဂိုဏ်းအင်အားစုကိုမဆို ချေမှုန်းနိုင်သည်။သို့ရာတွင် စစ်သားများသည် တကွဲတပြားစီတိုက်ခိုက်ပါက ဂိုဏ်းများမှတပည့်များ၏ ပြိုင်ဘက်မဖြစ်နိုင်ချေ။

ယခုချိန်တွင် ဤကျင့်ကြံနည်းစနစ်များရှိနေခြင်းကြောင့် သူတို့၏ဘဝများအတွက် အလင်းရောင်အသစ်တစ်ခု ပေါက်ဖွားလာခြင်းနှင့် ကွဲပြားခြားနားခြင်းမရှိပေ။

တပ်ခွဲ၏စစ်ဗိုလ်ချုပ်တစ်ယောက်ဖြစ်သော ချောင်ပေါင်သည် ကျင့်ကြံနည်းစနစ်ကို ပထမဆုံး ရွေးချယ်လိုက်၏။

သူသည် အချိန်တခဏကြာခန့်ကြာအောင် တိတ်တဆိတ် ရွေးချယ်ခဲ့ပြီးနောက် ရှေးဟောင်းစာအုပ်တစ်အုပ်ကိုထုတ်ယူကာ အံ့အားတသင့် အော်ဟစ်လိုက်သည်။

"ဒါက ဆေဘာအရှင်သခင်ရဲ့လျှို့ဝှက်ကျမ်းစာပဲ...ဒီကျမ်းစာက အလယ်ခေတ်ကတည်းက ပျောက်ကွယ်သွားတာ မဟုတ်ဘူးလား"

တခြားစစ်သားများအားလုံး အံ့အားသင့်တုန်လှုပ်သွားသည်။

ဆေဘာအရှင်သခင်၏လျှို့ဝှက်ကျမ်းစာသည် ရှေးဟောင်းစာအုပ်များအတွင်းတွင် မှတ်တမ်းတင်ထားသော အစွမ်းထက်ကျင့်ကြံနည်းစနစ်များမှတစ်ခုပင်။ဤကျင့်ကြံနည်းစနစ်ကိုဖန်တီးခဲ့သူသည် ရှေးဟောင်းခေတ်အတွင်း၌ နာမည်ကျော်ကြားခဲ့သော နယ်မြေသခင်တစ်ယောက်ပင်။

ယနေ့တွင် ဤနေရာ၌ 'ဆေဘာအရှင်သခင်၏လျှို့ဝှက်ကျမ်းစာ'ကဲ့သို့ ကျင့်ကြံနည်းစနစ်ကို မြင်တွေ့ရမည်ဟု သူ မျှော်လင့်မထားမိချေ။

ချောင်ပေါင်သည် ရာထူးမြင့်မားသောနေရာ၌ အချိန်အတော်ကြာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည့်တိုင် သူသည် အလွန်စိတ်လှုပ်ရှားနေကာ စာအုပ်ကိုလှန်လှော၍ ဖတ်ရှုလိုက်သည်။

Chapter 3297

သို့ရာတွင် ချောင်ပေါင်သည် သူ၏လက်အတွင်းရှိ ကျင့်ကြံနည်းစနစ်စာအုပ်ကို ဖွင့်လိုက်သည်နှင့် အတွင်းမှနေ၍ ထက်ရှသောစိတ်ဆန္ဒတစ်ရပ် ထွက်ပေါ်လာသည်။

ရုတ်ချည်းဆိုသလိုပင် ချောင်ပေါင်ရှိနံဘေးရှိ လူများသည်လည်း သူတို့ထံသို့တိုးဝင်လာသော ထက်ရှသောဓားချီကို ခံစားမိသည်။

ဤသည်က ထိုကျင့်ကြံနည်းစနစ်အတွင်းတွင် မရေမတွက်နိုင်သည့် ထက်ရှသောဓားရှည်များ ကိန်းအောင်းနေသကဲ့သို့ပင်။ထိုအရာများသည် လေထုအတွင်းသို့ ထွက်ပေါ်လာပြီးနောက် ချက်ချင်းဆိုသလိုပင် ပြင်းထန်သောသတ်ဖြတ်လိုခြင်းစိတ်ဆန္ဒတစ်ရပ်အဖြစ် ပြောင်းလဲသွားသည်။

ဝှစ်...ဝှစ်...ဝှစ်...

ချောင်ပေါင်၏နံဘေးပတ်ဝန်းကျင်ရှိ လူတချို့၏အဝတ်အစားများသည် ထက်ရှသောဓားချီများဖြင့် ဖြတ်တောက်ခံရသည့်အလား ပြတ်တောက်သွားပေ၏။

"မကောင်းတော့ဘူး...ဒါက ဆေဘာအရှင်ရဲ့လျှို့ဝှက်ကျမ်းစာ အစစ်အမှန်ပဲ"

ချောင်ပေါင်၏မျက်ခွံ တဆတ်ဆတ်တုန်ရီသွားသည်။ထို့နောက် သူသည် သူ၏လက်အတွင်းရှိ ကျင့်ကြံနည်းစနစ်စာအုပ်ကို အလျှင်အမြန်ပိတ်လိုက်သည်။

ထိုကျင့်ကြံနည်းစနစ်စာအုပ်ကို ပိတ်လိုက်သည်နှင့် ပတ်ဝန်းကျင်ရှိ တုန်လှုပ်ချောက်ချားဖွယ် သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒ ချက်ချင်းပျက်ပြယ်သွားကာ ယခင်အတိုင်း သာမာန်အခြေအနေမျိုးသို့ ပြန်လည်ရောက်ရှိသွားတော့သည်။

ဤဖြစ်ရပ်ကြောင့် လူအမြောက်အများ ထိတ်လန့်တုန်လှုပ်သွားသည်။

အလွန်အမင်း အဆင့်မြင့်မားသော ကျင့်ကြံနည်းစနစ်များထံမှသာ ယခုကဲ့သို့ သဘာဝလွန်ပုံရိပ်မျိုး ထွက်ပေါ်လာလေ့ရှိသည်။အ​ကြောင်းအရင်းမှာ ထိုကျင့်ကြံနည်းစနစ်ကို ရေးသားခဲ့စဥ်ဤ ဖန်တီးခဲ့သူ၏စိတ်စွမ်းအားအမြောက်အများ ရောယှက်နေခြင်းကြောင့်ပင်။

ဤကဲ့သို့ သဘာဝလွန်ပုံရိပ်မျိုးကို အတုအပပြုလုပ်ရန်မှာ မဖြစ်နိုင်ချေ။

တခြားစကားပြောင်းဆိုရလျှင် လုယွီ ထုတ်ဖော်ပြသခဲ့သော ကျင့်ကြံနည်းစနစ်စာအုပ်များသည် အစစ်အမှန်များပင်။

ဆေးလုံးများကို အခွင့်အရေးရရှိပါက ရှာဖွေတွေ့ရှိပြီး သန့်စင်နိုင်ပေမည်...

မှော်ရတနာများကို ငွေကြေးဖြင့် ဝယ်ယူရရှိနိုင်သည်....

သို့ရာတွင် ကျင့်ကြံနည်းစနစ်များကမူ အလွန်ကံကောင်းမှသာ ရရှိနိုင်သော တစ်စုံတစ်ခုဖြစ်သည်။ကျင့်ကြံနည်းစနစ်ကောင်းတစ်ခုသည် စျေးကွက်အတွင်းတွင် တန်ဖိုးမဖြတ်နိုင်သော ပစ္စည်းတစ်ခုဖြစ်ပေ၏။

မူလက တိတ်ဆိတ်ငြိမ်သက်ပြီး နာမည်မရှိသော လူတချို့သည် ပြန်လည်မွေးဖွားလာသကဲ့သို့ဖြစ်သွားပြီး ပြိုင်ဘက်ကင်းအစွမ်းထက်ကျင့်ကြံသူများ ဖြစ်သွားရသောအကြောင်းအရင်းမှာ သူတို့သည် ဒဏ္ဍာရီလာကျင့်ကြံနည်းစနစ်များကို ကျင့်ကြံနိုင်ခဲ့သောကြောင့်ပင်။

"အရှင့်ကို ကျေးဇူးတင်ပါတယ်"

ယခုလက်ရှိနေရာတွင်ရှိနေသော စစ်သားများအားလုံး စိတ်လှုပ်ရှားစွာဖြင့် လုယွီကို ဦးညွှတ်၍အရိုအသေပြုလိုက်ကြသည်။

လုယွီသည် သူတို့ကို လုံလောက်သောအကျိုးအမြတ်များ ပေးပြီးပြီဖြစ်ရာ သူတို့ဘက်မှနေ၍ သစ္စာစောင့်သိမှုကို ပြန်လည်ပြသရပေမည်။

လောကကြီးအတွင်းရှိ အရာရာတိုင်းကို စိတ်ခံစားချက်တစ်ခုတည်းဖြင့် ထိန်းသိမ်းထား၍မရချေ။သူတို့အား လုံလောက်သော အကျိုးအမြတ်ပေးနိုင်သည်နှင့် လူအများကို မည်သည့်ကိစ္စရပ်မဆိုပြုလုပ်ရန် အမိန့်ပေးနိုင်သည်။

"မင်းတို့အားလုံး ကျင့်ကြံနည်းစနစ်တွေ ရွေးချယ်ပြီးတာနဲ့ ပုန်းကွယ်နဂါးတပ်ခွဲတစ်ခုလုံး ချက်ချင်းထွက်ခွာမယ်"

လုယွီက ကျယ်လောင်စွာ အော်ဟစ်လိုက်၏။

စစ်သားများအားလုံးသည် ရှေ့သို့တိုးလာကာ ကျင့်ကြံနည်းစနစ်များကို ရွေးချယ်ကြတော့သည်။

သို့ရာတွင် သူတို့၏အထက်အရာရှိများမှ အော်ငေါက်နေမှုအောက်တွင် သူတို့အားလုံးသည် စိတ်စောနေသော်လည်း ကျင့်ကြံနည်းစနစ်များကို အလှည့်ကျရွေးချယ်လိုက်ကြ၏။

မည်သို့ပင်ဆိုစေကာမူ လုယွီသည် နံဘေးဘက်နှနေ၍ စောင့်ကြည့်နေဆဲပင်။စစ်သားများသည် အလွန်စိတ်လှုပ်ရှားနေသော်လည်း သူတို့၏အလှည့်သို့ရောက်ရန် စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေကြသည်။

သို့ရာတွင် သူတို့ထက်ပို၍ စိတ်လှုပ်ရှားနေသူများမှာ နံဘေးပတ်ဝန်းမှ စောင့်ကြည့်နေကြသော တခြားတပ်ခွဲများမှစစ်သားများဖြစ်သည်။

သူတို့သည် ကူကယ်ရာမဲ့စွာဖြင့် ပုန်းကွယ်နဂါးတပ်ခွဲမှစစ်သားများ အဖိုးတန်ရှားပါးသည့် ကျင့်ကြံနည်းစနစ်များ ရွေးချယ်နေခြင်း ငွေပမာဏများပြားသည့် ငွေလက်မှတ်များ ရရှိသွားခြင်းတို့ကို စောင့်ကြည့်နေရသည်။သူတို့၏မျက်လုံးများ ချက်ချင်းဆိုသလိုပင် နီမြန်းသွားပေ၏။

"မဟာစစ်ဗိုလ်ချုပ်လု....ကျွန်တော်တို့က အခု ပုန်းကွယ်နဂါးတပ်ခွဲကို ဝင်ချင်တယ်...ကျွန်တော်တို့ကို လက်ခံပေးနိုင်မလား"

"ဒါက အမှန်ပဲ...မဟာစစ်ဗိုလ်ချုပ်...ကျွန်တော်တို့ ပုန်းကွယ်နဂါးတပ်ခွဲထဲကို ဝင်နိုင်မယ်ဆိုရင် အရှင့်ရဲ့နာမည်ဂုဏ်သတင်းကို ထိခိုက်စေမယ့်ကိစ္စမျိုး ဖြစ်မလာစေရဘူး"

စစ်သားတချို့သည် လုယွီကို အသနားခံတောင်းဆိုလိုက်ကြသည်။

လုယွီက ထိုစစ်သားများကို တစ်ချက်ကြည့်လိုက်သော်လည်း မည်သည့်စကားမျှ ပြောဆိုခြင်းမပြုချေ။

ဖေးထျန်ကွမ်းက ပြောဆိုလိုက်သည်။

"ပုန်းကွယ်နဂါးတပ်ခွဲရဲ့လူသစ်ခေါ်ယူတဲ့ ကြော်ငြာစာကို ကပ်ထားတာ ငါတို့ ဗာမီလီယန်စစ်စခန်းကို ပထမဆုံးရောက်လာတဲ့ နေ့ကတည်းကပဲ...ဟုတ်တယ်မလား"

"အဲ့ဒီအချိန်တုန်းက မင်းတို့တွေအားလုံး ပုန်းကွယ်နဂါးတပ်ခွဲကို မဝင်ခဲ့ကြဘူး...ဒါပေမယ့် အခုချိန်ကျမှ မင်းတို့က အပြေးရောက်လာကြတယ်...ငါတို့ကို ငတုံးငအတွေလို့ မင်းတို့က ထင်နေကြတာလား"

"ဒီနေ့ကနေ့စပြီးတော့ ငါတို့ရဲ့ပုန်းကွယ်နဂါးတပ်ခွဲက ဗာမီလီယန်စစ်စခန်းရဲ့တခြားတပ်ခွဲတွေကနေ ပြောင်းရွှေ့လာချင်တဲ့ ဘယ်စစ်သားကိုမှ လက်မခံတော့ဘူး...မင်းတို့ တခြားတစ်ယောက်ကို သွားပြီးရှာဖွေကြပါ"

ဖေးထျန်ကွမ်း၏အသံ ထွက်ပေါ်လာချိန်တွင် တခြားတပ်ခွဲများမှ စစ်သားများ၏မျက်နှာများပေါ်တွင် စိတ်ဓာတ်ကျသွားသောအရိပ်အယောင်များ ထင်ဟပ်လာသည်။

အထူးသဖြင့် ယခင်က ပုန်းကွယ်နဂါးတပ်ခွဲမှ ထွက်ခွာသွားခဲ့သော စစ်သားများပင်။သူတို့အားလုံးသည် သူတို့၏နားရွက်များ ပါးများကို ပြန်လည်ကုတ်ခြစ်နေကာ သူတို့၏အူများ အစိမ်းရောင်သို့ ပြောင်းလဲသွားသည်အထိ နောင်တရနေကြ၏။

Chapter 3298

သို့ရာတွင် ယခုချိန်မှ သူတို့ နောင်တရနေခြင်းသည် အလွန်နောက်ကျသွားလေပြီ။

ဤကျင့်ကြံနည်းစနစ်အများစုသည် လုယွီကိုယ်တိုင် ဂရုတစိုက်ရွေးချယ်ထားခြင်းပင်။'ဆေဘာအရှင်သခင်၏လျှို့ဝှက်ကျမ်းစာ'ကဲ့သို့ ထိပ်တန်းအဆင့်ကျင့်ကြံနည်းစနစ်တချို့မှလွဲ၍ တခြားကျင့်ကြံနည်းစနစ်များသည် အဖိုးတန်ရှားပါးသော်လည်း အလွန်အမင်း ထိတ်လန့်တုန်လှုပ်ဖွယ်မကောင်းချေ။

သူ လိုအပ်သောအရာမှာ ပုန်းကွယ်နဂါးတပ်ခွဲ၏စုပေါင်းစွမ်းအား တိုးတက်လာစေရန်သာဖြစ်ပြီး သူတို့အတွက် သေစေနိုင်သောကပ်ဘေးကို ယူဆောင်လာပေးခြင်းမဟုတ်ချေ။

မည်သို့ပင်ဆိုစေကာမူ အကယ်၍ သူသည် ထိပ်တန်းအရည်အသွေးရှိသော ကျင့်ကြံနည်းစနစ်များကိုသာ သူတို့အတွက် ထုတ်ပေးလိုက်ပါက ကောင်းမွန်သောကိစ္စတစ်ရပ်ဖြစ်မည်မဟုတ်ချေ။ထိုအစား သူတို့အတွက် သေစေနိုင်သော ကပ်ဘေးကြီးသာ ဆိုက်ရောက်လာပေမည်။

ထိုအချိန်မှာပင် ဒေါသတကြီး ဆူပူအော်ဟစ်နေသံများက ပြင်ပမှနေ၍ ထွက်ပေါ်လာသည်။

ချောင်ပေါင်က ဒေါသတကြီး အော်ဟစ်လိုက်၏။

"ဘာတွေဖြစ်နေတာလဲ...မင်းတို့ ဘာလို့ ဒီလောက်ထိ ဆူညံနေတာလဲ"

လက်ထောက်တပ်မှူးတစ်ယောက်က ပြင်ပမှနေ၍ ပြေးဝင်လာသည်။သူသည် ချောင်ပေါင်ကို စကားပြောဆိုတော့မည့်အချိန်မှာပင် လုယွီကို မြင်တွေ့သွားသဖြင့် သူ၏လက်နှစ်ဖက်ကိုပူးဆုပ်ကာ ဦးညွှတ်၍အရိုအသေပြုလိုက်သည်။

လုယွီက မေးမြန်းလေ၏။

"ဘာကိစ္စ ဖြစ်နေလို့လဲ"

ထိုလက်ထောက်တပ်မှူးသည် တစ်စုံတစ်ခုကို ပြောဆိုလိုသော်လည်း တွန့်ဆုတ်နေသည်။အချိန်တခဏကြာတွေဝေတုံ့ဆိုင်းနေပြီးနောက် သူက ပြောဆိုသည်။

"စစ်ရေးစီမံခန့်ခွဲရေးဌာနက လူတွေရဲ့စကားအရတော့ စစ်သင်္ဘောတွေအားလုံး တခြားတစ်နေရာကို ထွက်ခွာသွားတယ်...အခုချိန်မှာ ဘာစစ်သင်္ဘောမှ စစ်စခန်းမှာမရှိတော့ဘူး"

ပတ်ဝန်းကျင်ရှိလူများထံမှနေ၍ ထိတ်လန့်တကြား ရေရွတ်လိုက်သောအသံများ ထွက်ပေါ်လာသည်။

တော်ဝင်မြို့တော်မှနေ၍ အရှေ့အောင်နိုင်ခြင်းကြယ်မြစ်ထံ သွားရမည့်လမ်းခရီးသည် အလွန်ရှည်လျားပေ၏။အကယ်၍ ရွှယ်အင်မော်တယ်တစ်ယောက်မဟုတ်ပါက ဤမျှဝေးကွာသောခရီးကိုဖြတ်သန်း၍ အချိန်အကြာကြီး ပျံသန်းနိုင်မည်မဟုတ်ချေ။

ထို့ပြင် ကြီးမားသောစစ်တပ်ကြီး ထွက်ခွာမည်ဖြစ်သဖြင့် ပြီးပြည့်စုံသော သယ်ယူပို့ဆောင်မှုရှိရန်လိုအပ်သည်။

အကယ်၍ မည်သည့်စစ်သင်္ဘောမျှမရှိပါက အင်အားနှစ်သိန်းရှိသောစစ်တပ်ကြီးသည် လျော့ရဲနေသောသဲပုံကဲ့သို့ တကွဲတပြားစီ ထွက်ခွာရပေမည်။ထိုစစ်တပ်ကြီးသည် စစ်စခန်းသို့ အချိန်မီ မရောက်နိုင်ရုံသာမက လမ်းတစ်ဝက်မှာပင် ထိခိုက်ဆုံးရှုံးမှုများနှင့်လည်း ရင်ဆိုင်ရနိုင်သည်။

"ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ...ဘာလို့ စစ်သင်္ဘောတစ်စီးတောင်မှ မကျန်တော့တာလဲ"

လုကျင်းရှန့်နှင့်တခြားလူများသည် အလွန်အမင်း ဒေါသထွက်သွားပေ၏။

တော်ဝင်မြို့တော်၏အဓိကစစ်စခန်းလေးခုအနက်မှတစ်ခုဖြစ်သည့်အလျောက် ဗာမီလီယန်စစ်စခန်းတွင် စစ်သင်္ဘောများနှင့်လေဟာနယ်သင်္ဘောများ အမြောက်အများရှိသည်။စစ်ပွဲဖြစ်နေသည့် အလုပ်အရှုပ်ဆုံးအချိန်အခိုက်အတန့်ဖြစ်နေလျှင်ပင် စစ်သင်္ဘောတစ်စီးမျှမရှိဟူသောကိစ္စမှာ မဖြစ်နိုင်ချေ။

ယခုလက်ရှိချိန်တွင် ထိုစစ်သင်္ဘောများအားလုံးမရှိတော့ဟုဆိုသည်မှာ ရှောင်မိသားစု၏အကွက်ချကြံစည်မှုပင် ဖြစ်ပေမည်။

လုယွီက ကြည်လင်ပြတ်သားသောအသံဖြင့် ပြောဆိုသည်။

"ယာယီတပ်မှူးရှောင်...ဖြစ်နိုင်တာတော့ မင်းတို့ရဲ့ကြီးကျယ်ခမ်းနားလှတဲ့ ဗာမီလီယန်စစ်စခန်းမှာ စစ်သင်္ဘောတစ်စီးတောင် မရှိတော့တာများလား"

"ငါ တောင်းပန်ပါတယ် မဟာစစ်ဗိုလ်ချုပ်လု...ငါလည်း မင်းအတွက် စစ်သင်္ဘောတစ်စီးကို စီစဥ်ပေးချင်ပါတယ်...ကံဆိုးချင်တော့ စစ်သင်္ဘောတွေအားလုံးကို တခြားနေရာဆီ စေလွှတ်လိုက်ရတယ်...စစ်စခန်းမှာ ဘာအပိုစစ်သင်္ဘောမှ မကျန်ခဲ့ဘူး"

ရှောင်ချန်းယုက သရော်တော်တော်လေသံဖြင့် ပြောဆိုလေ၏။

တခြားတပ်ခွဲများမှလူများသည်လည်း မလှမ်းမကမ်းမှနေ၍ လုယွီ အရှက်ကွဲမည့်အချိန်ကို စောင့်ကြည့်နေကြသည်။

မင်းက မောက်မာဝံ့ကြွားပြီးတော့ အကျိုးအမြတ်မျိုးစုံကို ထုတ်ပေးနိုင်ရင်တောင် ဘာအရေးစိုက်စရာလိုလဲ...

အခု မင်းရဲ့တပ်ခွဲ ထွက်ခွာသွားဖို့တောင် စစ်သင်္ဘောမရှိတော့ဘူးမလား...မင်း ဘယ်လိုနည်းနဲ့ ထွက်ခွာမှာလဲ....

လုကျင်းရှန့်က အံ့တင်းတင်းကြိတ်ကာ ပြောဆိုသည်။

"အရှင်...တော်ဝင်စစ်ရေးဌာနကိုသွားပြီးတော့ ပြောင်းရွှေ့ဖို့အတွက်ကို တောင်းဆိုကြရအောင်...ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် စစ်သင်္ဘောတစ်စီးကိုတော့ ယူလာနိုင်မှာပဲ"

စစ်သင်္ဘောများမရှိပါက သူတို့သည် အရှေ့အောင်နိုင်ခြင်းကြယ်မြစ်သို့ အချိန်မီရောက်ရှိနိုင်မည်မဟုတ်ချေ။

ဤသည်က အလွန်အရေးကြီးသောကိစ္စမဟုတ်သော်လည်း လုယွီအတွက်မူ ကြီးမားသောကိစ္စတစ်ရပ်ပင်။ယခုလက်ရှိချိန်တွင် သူ့ကို လူ မည်မျှများများ စောင့်ကြည့်နေကြသည်ကို မသိရှိနိုင်ပေ။

အကယ်၍ လုယွီသာ တာဝန်ကျစစ်စခန်းသို့ အချိန်မီရောက်မသွားပါက သူတို့သည် ထိုအချက်ကိုအသုံးပြု၍ သူ့အား အခက်တွေ့စေရန် လုပ်ဆောင်နိုင်ပေမည်။

ထိုအချိန်ကျပါက လုယွီ ရင်ဆိုင်ရမည့်ဖိအားသည် အားနည်းမည်မဟုတ်ချေ။

ဖေးထျန်ကွမ်းက သူ၏ခေါင်းကို ခါယမ်းလိုက်၏။

"ဒီအချိန်ကျမှ တော်ဝင်စစ်ရေးဌာနကိုသွားပြီးတော့ စစ်သင်္ဘောကိုတောင်းဆိုရင် အရမ်းနောက်ကျသွားမှာကို ငါ စိုးရိမ်မိတယ်"

အရာရှိဟောင်းတစ်ယောက်ဖြစ်သော သူ့အနေဖြင့် အုပ်ချုပ်ရေးရုံးတော်များ၏လုပ်ငန်းစဥ်များကို ကောင်းစွာသိရှိထားသည်။

အကယ်၍ သူတို့၏ပုန်းကွယ်နဂါးတပ်ခွဲသည် စစ်သင်္ဘောအသုံးပြုခွင့်ကို တောင်းဆိုလိုပါက ရက်အနည်းငယ်ခန့် ကြိုတင်၍လျှောက်ထားရန် လိုအပ်သည်။

ထိုသို့မဟုတ်ပါက သူတို့သည် စစ်သင်္ဘောကို ရရှိနိုင်မည်မဟုတ်ချေ။အကြောင်းအရင်းမှာ တော်ဝင်စစ်ရေးဌာနသည် စစ်သည်များနှင့်အရင်းအမြစ်များကို နေရာဒေသအသီးသီးသို့ ပို့ဆောင်နေရသဖြင့် စစ်သင်္ဘောများအားလုံးကို ခွဲဝေ၍နေရာချထားပြီးဖြစ်သောကြောင့်ပင်။

ယခုချိန်တွင် သူတို့၏ပုန်းကွယ်နဂါးတပ်ခွဲမှ စစ်သင်္ဘောကိုတောင်းဆိုလိုက်ပါက တခြားနေရာများမှနေ၍ အချိန်မီ ပြန်လည်ရောက်ရှိလာမည်မဟုတ်ချေ။

Chapter 3299

ဤှသည်က ပြောင်ပြောင်တင်းတင်းကြံစည်မှုဖြစ်ပြီး လုယွီကို ရွေးချယ်မှုတစ်ခုပြုလုပ်ရန် ဖိအားပေးခြင်းဖြစ်သည်။

"ဟမ့်...ခုဏတုန်းက မင်းမှာ အစွမ်းအစတွေ အရမ်းရှိနေတာမလား...စစ်သင်္ဘောတွေမရှိဘဲနဲ့ မင်း အရှေ့အောင်နိုင်ခြင်းကြယ်မြစ်ကို ဒီလောက်လူတွေအများကြီးနဲ့ ဘယ်လိုသွားမလဲဆိုတာ ငါ စောင့်ကြည့်အုံးမယ်"

ဤအချိန်အခိုက်အတန့်တွင် ထျဲဝုဝေကို တစ်စုံတစ်ယောက်မှ ကူညီပေးခဲ့သဖြင့် သူ မတ်တတ်ထရပ်နေလေပြီ။ထျဲဝုဝေက သရော်တော်တော် မျက်နှာအမူအယာဖြင့် လုယွီကို စူးစိုက်၍ကြည့်နေလေ၏။

လူသူအများရှေ့တွင် သူသည် လုယွီကဲ့သို့ ဂျူနီယာတစ်ယောက်၏ရိုက်နှက်ခြင်းကို ခံရသဖြင့် သူ အရှက်ရခဲ့ရသည်။

ယခုလက်ရှိချိန်တွင် လုယွီ ကံဆိုးမိုးမှောင်ကျနေသည်ကို မြင်တွေ့ရသဖြင့် သူ အလွန်ဝမ်းသာပျော်ရွှင်နေသည်။

ယခုချိန်တွင် လုယွီသည် အမြင့်မှပြုတ်ကျလာသကဲ့သို့ အကျနာပါက အကောင်းဆုံးဖြစ်ပေမည်။ထိုသို့ဖြစ်လာမှသာ သူ၏စိတ်နှလုံးသားအတွင်းမှ နယကျည်းမုန်းတီးမှုများ အနည်းငယ်လျော့ပါးသွားနိုင်သည်။

"လုယွီ...တကယ်တော့ ငါ မင်းကို လမ်းတစ်လမ်း ပြပေးလို့ရတယ်"

ထိုအချိန်မှာပင် ရှောင်ချန်းယု၏အသံက ရုတ်တရက် ထွက်ပေါ်လာသည်။

လူတိုင်း၏မျက်လုံးအကြည့်များက အသံထွက်ပေါ်လာရာသို့ ကျရောက်သွားသည်။ရှောင်ချန်းယု မည်သည့်အရာအား ကြံစည်နေသည်ကို သူတို့အားလုံး မသိရှိကြချေ။

လုယွီက အမူအယာကင်းမဲ့စွာဖြင့် ခေါင်းဆောင်တပ်မှူး၏တဲရှိရာသို့ကြည့်ကာ တည်ငြိမ်စွာပြောဆိုသည်။

"မင်း ဘာလိုချင်တာလဲ"

ခေါင်းဆောင်တပ်မှူး၏ရွက်ဖျင်တဲအတွင်း၌ အချိန်တခဏကြာခန့် တိတ်ဆိတ်ငြိမ်သက်သွားသည်။ထို့နောက် ရှောင်ချန်းယု၏ အူလှိုက်သည်းလှိုက်ရယ်မောသံကြီးကို ကြားလိုက်ရ၏။

"ဟား ဟား ဟား...ငါက ပုန်းလျှိုးကွယ်လျှိုးမလုပ်တတ်ဘူး...မင်းကို တဲ့တဲ့ပဲပြောမယ်...မင်းနဲ့ ငါတို့ရဲ့ရှောင်မိသားစုကြားမှာရှိတဲ့ ပဋိပက္ခကို လူတိုင်း သိထားကြတယ်...တကယ်လို့ မင်းက အရှေ့အောင်နိုင်ခြင်းကြယ်မြစ်ကို ချောချောမွေ့မွေ့သွားချင်တယ်ဆိုရင် ဒါက မဖြစ်နိုင်တဲ့ကိစ္စတော့မဟုတ်ဘူး...မင်းရဲ့ဆရာသခင်မျက်နှာကိုထောက်ပြီးတော့ ငါတို့ရှောင်အိမ်တော်ရှိတဲ့ဘက်ကို ဦးညွှတ်အရိုအသေပြုပြီးတော့ မင်း မှားပါတယ်လို့ ဝန်ခံတာနဲ့...ငါက ဒီနေ့ မင်းဆီကို စစ်သင်္ဘောတွေ လွှဲပြောင်းပေးမယ်"

"ဘာလဲ...ရှောင်မိသားစုက တကယ်ကြီး လှည့်ကွက်တွေသုံးနေတာလား"

"ဗာမီလီယန်စစ်စခန်းတစ်ခုလုံးရဲ့မျိုးရိုးနာမည်ကို ရှောင်လို့ပြောင်းလိုက်ရင်တောင် အံ့အားသင့်စရာ မရှိတော့ဘူး...သူတို့ပြောသမျှက သံမဏိစည်းမျဥ်းလိုပဲ...ဘယ်သူမှ ငြင်းဆန်လို့မရဘူး"

ဖေးထျန်ကွမ်းက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

"ကျန်းနင်အမတ်ကြီး....မင်း ဒီလိုလုပ်တာ အရမ်းလွန်နေတယ်လို့ မထင်ဘူးလား...တော်ဝင်နန်းတွင်းရဲ့အရေးကိစ္စမှာ ဘာလို့ပုဂ္ဂိုလ်ရေးရန်ငြှိုးတွေ ပါဝင်ပတ်သက်နေတာလဲ...ငါ ဒီကိစ္စကို တော်ဝင်စစ်ရေးဌာနဆီ သတင်းပို့မယ်"

ဟမ့်...

အေးစက်စက်နှာမှုတ်သံတစ်သံက ခေါင်းဆောင်တပ်မှူး၏ရွက်ဖျင်တဲအတွင်းမှ ထွက်ပေါ်လာသည်။

"မင်း သတင်းပို့လို့ရတယ်...အခုချိန်မှာ ဗာမီလီယန်စစ်စခန်းတစ်ခုလုံး ငါ့ရဲ့စီမံအုပ်ချုပ်မှုအောက်မှာရှိနေတယ်...စစ်သင်္ဘောတွေအားလုံး သူတို့ရဲ့အစီအစဥ်တွေနဲ့ချည်းပဲ...တကယ်လို့ မင်းတို့ပုန်းကွယ်နဂါးတပ်ခွဲသွားဖို့ စစ်သင်္ဘောမရှိဘူးဆိုရင် ဒါက မင်းတို့မှာ အခွင့်အရေးမရှိလို့ပဲ...တခြားသူတွေကို အပြစ်တင်လို့မရဘူး"

ဤသည်က ထိပ်တန်းမိသားစုကြီးတစ်စု၏စွမ်းအားပင်။

ဥပမာအနေဖြင့် မြောက်ပိုင်းဝါးမြိုခြင်းကုန်းမြေ၏အုပ်ချုပ်သူအရှင် ထျန်းပိုယန်သည် ထိုနယ်မြေမှလူများအတွက် ကောင်းကင်ဘုံနှင့်တူသော တည်ရှိမှုကြီးပင်။ထျန်းပိုယန်သည် တော်ဝင်နန်းတွင်းမှစုံစမ်းစစ်ဆေးရေးမှူးများ လာရောက်စစ်ဆေးခြင်းမပြုရန်အတွက် နည်းမျိုးစုံဖြင့် ကာကွယ်ဟန့်တားခဲ့သည်။

သို့ရာတွင် ရှောင်ချန်းယုကမူ ထိတ်လန့်ကြောက်ရွံခြင်းမရှိချေ။

သူသည် ရှောင်မိသားစု၏မြင့်မြတ်သူတစ်ယောက်ပင်။သူသည် တော်ဝင်နန်းတွင်းနှင့်ပြင်ပရှိဂိုဏ်းများတို့တွင် အလွန်အမင်းမြင့်မားသောအဆင့်အတန်းနှင့် အဆက်အသွယ်အမြောက်အများရှိသူဖြစ်သည်။

အကယ်၍ သူသည် တော်ဝင်စုံစမ်းစစ်ဆေးရေးအဖွဲ့၏ စစ်ဆေးခြင်းကို ခံယူရလျှင်ပင် သူ ဘေးကင်းလုံခြုံအောင် ကာကွယ်ပေးမည့် လူအမြောက်အများရှိနေသည်။

ဤှသည်က ထိပ်တန်းမိသားစုကြီးတစ်စု၏အားသာချက်ပင်။အကယ်၍ လူတချို့ထံတွင် ကြီးမားသောစွမ်းအားရှိသည့်တိုင် မိသားစုနောက်ခံအင်အားမရှိပါက ထိုကဲ့သို့ပြုလုပ်နိုင်မည်မဟုတ်ချေ။

"ငါ စကားကုန်ပြောပြီးပြီ...လုယွီ...မင်း ဆန္ဒရှိသလို ဆက်လုပ်တော့"

ရှောင်ချန်းယုက သရော်တော်တော် ပြောဆိုသည်။

ဤအချိန်အခိုက်အတန့်တွင် ရှောင်ချန်းယု၏အစစ်အမှန်ရည်ရွယ်ချက်သည် စစ်သင်္ဘောများကိစ္စကိုအသုံးပြု၍ လုယွီ အညံခံအောင် ပြုလုပ်လိုခြင်းဖြစ်ကြောင်း လူတိုင်း သိရှိသွားပေ၏။

ရှောင်မိသားစုသည် လုယွီကို ဒုက္ခပေးရန်ကြံစည်မှုကို ဘယ်သောအခါမျှ လက်လျှော့မည်မဟုတ်ချေ။

သို့ရာတွင် ဤတစ်ကြိမ်တွင် ရှောင်ချန်းယုသည် လုယွီနှင့် ထိပ်တိုက်ရင်ဆိုင်ငြင်းခုံမှုမျိုး မပြုလုပ်ခဲ့ချေ။ထိုအစား သူသည် လုယွီ၏လမ်းကြောင်းကို ပိတ်ဆို့ဟန့်တားခဲ့သည်။

ဤသည်က ပြင်းထန်သောတိုက်ခိုက်မှုဖြစ်သဖြင့် လုယွီ ရင်ဆိုင်နိုင်မည်မဟုတ်ချေ။

"ရှောင်ချန်းယု...အဲ့ဒီနေ့တုန်းက မင်း ရှောင်အိမ်တော်မှာ ရှိမနေဘူးထင်တယ်....ငါ မင်းတို့ရှောင်အိမ်တော်ကနေ ဘေးကင်းကင်းနဲ့ထွက်လာနိုင်ခဲ့ပြီးတော့ မင်းတို့ရဲ့ဘိုးဘေးတောင် ငါ့ကိုဘာမှမလုပ်နိုင်ခဲ့တာ ဘာလို့လဲဆိုတာ မင်း သိလား"

လုယွီက ရုတ်တရက် ခြေလှမ်းရှေ့တိုးလိုက်ရာ အစွမ်းထက်သောဖိအားအရှိန်အဝါတစ်ရပ်က ကောင်းကင်ယံမှဆင်းသက်လာပြီး ခေါင်းဆောင်တပ်မှူး၏ရွက်ဖျင်တဲပေါ်သို့ သက်ရောက်သွားသည်။

Chapter 3300

"လုယွီ...မင်း အရမ်းမောက်မာမနေစမ်းနဲ့"

ရှောင်ချန်းယုက အေးစက်စက်လေသံဖြင့် သတိပေးသည်။

"ငါ့အထင်တော့ မင်းက သေလမ်းရှာနေတာပဲ"

လုယွီက ရုတ်တရက် ခြေဆောင့်နင်းလိုက်ရာ ပြင်းထန်ပြီးအစွမ်းထက်သော အားလှိုင်းတစ်ရပ်က ခေါင်းဆောင်တပ်မှူး၏ရွက်ဖျင်တဲပေါ်သို့ ထပ်မံ၍ကျရောက်သွားသည်။

အား....

ခေါင်းဆောင်တပ်မှူး၏ရွက်ဖျင်တဲနံဘေးတွင်ရှိနေသော စစ်သားများအားလုံးသည် မိုးကောင်းကင်မှနေ၍ ဖိအားအရှိန်အဝါတစ်ရပ် ကျရောက်လာသည်ကို ခံစားမိလေ၏။ထိုဖိအားအရှိန်အဝါသာ သူတို့ထံသို့ သက်ရောက်လာပါက သူတို့၏ခန္ဓာကိုယ်များ ကြေမွှပျက်စီးသွားပေမည်။

လုယွီသည် ရှောင်ချန်းယုကို ထိပ်တိုက်စိန်ခေါ်နေခဲ့သလော....

"မင်းက ပုန်ကန်ချင်တာလား"

ရှောင်ချန်းယုသည် အလွန်ဒေါသထွက်သွားကာ တူညီစွာတုံ့ပြန်သည့်အနေဖြင့် သူ၏အရှိန်အဝါကို ဖြန့်ကျက်လိုက်သည်။

ဤအချိန်အခိုက်အတန့်တွင် ရွှယ်အင်မော်တယ်တစ်ယောက်၏ တုန်လှုပ်ချောက်ချားဖွယ် ဖိအားအရှိန်အဝါက လူတိုင်း၏ခေါင်းထက်သို့ ဆင်းသက်လာသည်။

ပြင်းထန်သောဖိအားအရှိန်အဝါကြောင့် ခေါင်းဆောင်တပ်မှူး၏ရွက်ဖျင်တဲ ပွင့်ထွက်သွားသည်။အစွမ်းထက်သောဖိအားအရှိန်အဝါသည် တိမ်စိုင်များအကြားသို့ မြင့်တက်သွားကာ နောက်ဆုံးတွင် မိုးကောင်းကင်ယံအတွင်း၌ ရစ်သိုင်းလွှမ်းခြုံနေသည်။

တခြားစစ်သားများသည် သူတို့၏နတ်ဘုရားစိတ်အာရုံများကို ဖြန့်ကျက်ကာ လုယွီကို အာရုံစူးစိုက်လိုက်ကြ၏။

မဟာစစ်ဗိုလ်ချုပ်တစ်ယောက်သည် တပ်မှူးကို စိန်ခေါ်နေခဲ့သလော...

ဤကဲ့သို့ကိစ္စမျိုး မဖြစ်ပွားခဲ့သည်မှာ အချိန်မည်မျှ ကြာမြင့်နေပြီဖြစ်သနည်း...

စစ်စခန်းလေးခု၏ခေါင်းဆောင်တပ်မှူး ဖြစ်လာသူတိုင်းသည် အကယ်၍ သူသည် ယာယီတပ်မှူးဖြစ်လျှင်ပင် အမတ်ကြီးရာထူးအဆင့်ရှိသူများဖြစ်သည်။

သူတို့သည် လူသူအများရှေ့၌ မဆင်မခြင်ပြုမူဝံ့သော မဟာစစ်ဗိုလ်ချုပ်တစ်ယောက်ကို ယခင်က တစ်ကြိမ်တစ်ခါမျှ မြင်တွေ့ဖူးခြင်းမရှိချေ။

ဝုန်း....

ရှောင်ချန်းယု၏ဓမ္မပုံရိပ်ယောင်ကြီးသည် လုယွီ၏အစွမ်းထက်သောမှော်စွမ်းအားများနှင့် ရိုက်ခတ်မိချိန်တွင် ပြင်းထန်သောပေါက်ကွဲမှုကြီးက ချက်ချင်းဆိုသလိုပင် ပွင့်အံ့ထွက်လာသည်။

လုယွီ၏နောက်တွင် ရှေးဟောင်းသင်္ကေတအက္ခရာများ ဝိုင်းရံနေသော ဧရာမရွှေရောင်ခန္ဓာကိုယ်ကြီး ထွက်ပေါ်လာပေ၏။အစွမ်းထက်သောဖိအားအရှိန်အဝါများက မိုးကောင်းကင်ယံမှ ဆင်းသက်လာလေရာ လူအများသည် ထိုအရာကို မော့မကြည့်ဝံ့ချေ။

နှိုင်းယှဥ်ကြည့်ပါက ရှောင်ချန်းယု၏ဓမ္မပုံရိပ်ယောင်ကြီးသည် လုယွီ၏ရွှေရောင်ခန္ဓာကိုယ်ကြီးထက် ပို၍နိမ့်ပါးပုံရသည်။

လုယွီကျင့်ကြံသော ကျင့်ကြံနည်းစနစ်သည် ရှေးဟောင်းခေတ်အတွင်းမှ မဟာမိုးကောင်းကင်ရွှေအင်မော်တယ်တစ်ယောက်၏ အမွေအနှစ်ပင်။ထို့ပြင် မြင့်မြတ်ဧကရာဇ်ခန္ဓာကိုယ်နည်းစနစ်သည် ရှေးဟောင်းဧကရာဇ်တစ်ပါး ကျင့်ကြံခဲ့သော ခန္ဓာကိုယ်သန့်စင်ခြင်းနည်းစနစ်ဖြစ်သည်။အရည်အသွေးအရဆိုပါက ထိုအရာသည် အနာဂတ်မျိုးဆက်မှကျင့်ကြံနည်းစနစ်များအားလုံးကို နောက်ကောက်ချနိုင်သည်။

ထို့ပြင် လုယွီသည် ရှေးဟောင်းတာအိုအင်မော်တယ်တစ်ယောက်ပင်။ကျင့်ကြံဆင့်နယ်ပယ်အရဆိုပါက သူသည် ရှောင်ချန်းယုထက် အဆင့်ကြီးတစ်ဆင့် နိမ့်ကျနေသည်။သို့ရာတွင် စိတ်ဝိညာဥ်စွမ်းအားအရဆိုပါက သူသည် အနည်းငယ်မျှပင် နိမ့်ပါးနေမည်မဟုတ်ချေ။

ဘန်း...ဘန်း...ဘန်း..

ရုတ်ချည်းဆိုသလိုပင် နှစ်ဖက်စလုံးသည် တိုက်ကွက်ပေါင်းဆယ်ကွက်ကျော်ခန့် ဖလှယ်ပြီးဖြစ်သည်။

တခြားသူများသည် သူတို့နှစ်ယောက် တိုက်ခိုက်မှုခြင်းဖလှယ်နေသည်ကို တွေ့မြင်နိုင်ခြင်းမရှိသော်လည်း လေထုအတွင်း၌ထွက်ပေါ်နေသော ပေါက်ကွဲသံများမှတဆင့် ဤတိုက်ပွဲမည်မျှထိ ပြင်းထန်သည်ကို သိရှိနိုင်ပေ၏။

"လုယွီ...မဆင်မခြင်မလုပ်နဲ့...မဟုတ်ရင် သူတို့က ဒီကိစ္စကိုအသုံးပြုပြီးတော့ မင်းကို အခက်တွေ့အောင်လုပ်နိုင်တယ်"

ဖေးထျန်ကွမ်းက ရုတ်တရက် ပြောဆိုသည်။

ထိုသတိပေးချက်ကြောင့် လုယွီက ရုတ်တရက် အသိဝင်သွားသည်။

သူသည် ရွှယ်ရှားအမတ်ကြီးကိုပင် ဖိနှိပ်နိုင်ခဲ့သည်။ထို့ကြောင့် သူ့ရှေ့ရှိ ဗာမီလီယန်စစ်စခန်းမှဒုတိယအရေးအကြီးဆုံးပုဂ္ဂိုလ်ကို ဖိနှိပ်ရန်မှာလည်း သူ့အတွက် အခက်အခဲမရှိချေ။

အကယ်၍ သူ ရှောင်ချန်းယုကို အမှန်တကယ်ဖိနှိပ်လိုက်ပါက ပြဿနာများစွာဖြင့် ရင်ဆိုင်ရပေမည်။

လုယွီသည် အစောပိုင်းက ထျဲဝုဝေကို ရိုက်နှက်ခဲ့သော်လည်း သူတို့နှစ်ယောက်သည် ရာထူးနေရာတူညီသူများဖြစ်သည်။အဆင့်အတန်းအရဆိုပါက သူသည် ထျဲဝုဝေထက် ပို၍မြင့်မားသည်။ထျဲဝုဝေသည် သူ့ကို အရင်ဆုံးရန်စခဲ့သည့်အချက်ကို ထည့်သွင်းဖော်ပြရန်ပင်မလိုအပ်ချေ။ထို့ကြောင့် လုယွီသည် ထျဲဝုဝေကို မည်မျှထိပြင်းပြင်းထန်ထန် ရိုက်နှက်လိုက်ပါစေ ပြဿနာမရှိချေ။

သို့ရာတွင် ယခုလက်ရှိချိန်၌ ရှောင်ချန်းယုသည် သူ၏အထက်အရာရှိအဖြစ်ရှိနေဆဲပင်။

တာယွီတော်ဝင်နန်းတွင်း၏စည်းမျဥ်းများအရ အကယ်၍ တစ်စုံတစ်ယောက်သည် အခွင့်အာဏာမရှိဘဲ အထက်အရာရှိတစ်ယောက်ကို ထိခိုက်နာကျင်အောင်ပြုလုပ်ပါက မည်သည့်အကြောင်းပြချက်မျိုးရှိနေပါစေ ထိုလူသည် တော်ဝင်စစ်ခုံရုံ၏ဖမ်းဆီးစစ်ဆေးခြင်းကို ခံရပေမည်။

သူ့အား တော်ဝင်နန်းတွင်းမှနေ၍ တရားဝင်အရာရှိရာထူးကို ခန့်အပ်ထားသည်မှာ မကြာသေးချေ။အကယ်၍ ဤအချိန်တွင် သူ တစ်စုံတစ်ခု အမှားကျူးလွန်မိပါက စာပေသူတော်စင်ယီဟန်ပင် သူ့အား ကယ်တင်နိုင်မည်မဟုတ်ချေ။

ဟမ့်...

လုယွီက သူ၏လက်ဝါးရိုက်ချက်ကိုပြန်ရုတ်သိမ်းကာ ထပ်မံ၍တိုက်ခိုက်ခြင်းမပြုတော့ချေ။

လုယွီ ရှုံးနိမ့်ကြောင်းဝန်ခံလိုက်ပြီဟု လူတိုင်း တွေးတောလိုက်ကြ၏။သို့ရာတွင် သူတို့ရှေ့ရှိမြင်ကွင်းကို မြင်တွေ့ချိန်တွင် သူတို့အားလုံး ထိတ်လန့်တုန်လှုပ်သွားသည်။

ဤအချိန်အတောအတွင်းတွင် လုယွီနှင့်ရှောင်ချန်းယုသည် တိုက်ကွက်ပေါင်းရာနှင့်ချီ၍ ဖလှယ်ပြီးလေပြီ။

All Chapters