အဆိပ်သင့်ခြင်း
Vol. 10 Ch. 91
"ကျွန်မ အားချန်ကို သိတယ်။ ချစ်ခင်တွယ်တာချင်းရဲ့ "ချန်"၊ အားချန်မှာ ညီမလေး တစ်ယောက်လည်း ရှိသေးတယ်။ အားမန်လို့ ခေါ်တယ်"
(ချန်... ချည်နှောင်ခြင်းနှင့် မန်... ဆက်နွယ်ခြင်း။ ချန်မန်လို့ စာလုံးတစ်လုံးတည်း ပေါင်းစပ်နိုင်ပြီး ချစ်ခင်တွယ်တာခြင်း၊ ရင်းနှီးနက်ရှိုင်းခြင်းလို့ အဓိပ္ပာယ်ရတယ်)
ရှန်းချင်းဝူသည် အတိတ်ကိုပြန်လည် တွေးတောနေပုံရ၏။ သူမ၏မျက်လုံးများက အသက်မဲ့နေသော်ငြားလည်း မျက်နှာထဲတွင်တော့ ချိုမြိန်သည့် အပြုံးလေးတစ်ခု ဆင်မြန်းထားလေသည်။ "လျိုဖုန်းက ပြောတယ်။ ကျွန်မတို့ရဲ့ ဟွေရွှယ်လေးက သူတို့တွေလိုပဲ ချောမောလှပတဲ့ မိန်းကလေးတစ်ယောက် ဖြစ်လာမှာတဲ့"
အားချန်၏အသံက အလွန်တိုးညင်းလျက်ရှိပြီး ဖြည်းညင်းစွာ ပြောလိုက်လေသည်။ "ဟွေရွှယ်က ချောမောလှပတဲ့ မိန်းကလေး ဖြစ်နေပါပြီ"
"ဒါပေမဲ့ ကျွန်မရဲ့လျိုဖုန်းကတော့ မရှိတော့ဘူး !" ရှန်းချင်ဝူသည် ရုတ်တရက်ရှေ့သို့ ခြေတစ်လှမ်းတိုးကာ အားချန်၏ လက်ကိုတင်းနေအောင် ဆုပ်ကိုင်ထားလိုက်ပြီး မျက်လုံးများကလည်း ဝိုင်းစက်ပြူးကျယ်လာတော့၏။ "အားချန် လျိုဖုန်း ဘယ်ရောက်သွားတယ် ဆိုတာ ရှင် သိနေတယ် မဟုတ်လား။ ကျွန်မ သူ့ကို ဘယ်လိုရှာရမှန်းတောင် မသိတော့ဘူး"
ထိုအခြေအနေကို မြင်လိုက်ရသည်တွင် ရှန်းဟွေရွှယ်သည် ရှေ့သို့မြန်မြန်တိုးလာကာ သူမကို ဖျောင်းဖျလိုက်၏။ "အမေ အမေ လူမှားနေပြီ။ အားချန်က အဖေ့ကို မသိဘူး"
"သူက သမီးအဖေရဲ့ တူမပဲလေ။ သူက လျိုဖုန်းကို သိမှာပေါ့။ ဟုတ်တယ်မဟုတ်လား အားချန်"
မိခင်ဖြစ်သူကို မည်သို့မှ ပြောဆို၍ မရသည်ကို တွေ့ရသောအခါ ရှန်းဟွေရွှယ်၏ မျက်နှာပေါ်တွင် အခက်တွေ့သွားသည့် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားတော့၏။ သူမက အစေခံမလေးများကို ခေါ်ကာ မိခင်ဖြစ်သူကို အခန်းသို့ ပြန်ခေါ်ပြီး အနားယူခိုင်းရန် ရည်ရွယ်လိုက်တော့သည်။
အားချန်ကလည်းသူမ၏ အကြံအစည်ကို ရိပ်မိသဖြင့် ခေါင်းခါပြလိုက်၏။
ထိုနောက်တွင်တော့ သူမက ပြန်ဖြေလာသေးသည်။ "ကျွန်မ လျိုဖုန်းကို သိတာပေါ့။ ဒါပေမဲ့ သူ့ဘယ်မှာရှိနေလဲ ဆိုတာကိုတော့ ကျွန်မ မသိဘူး။ မိန်းကလေးချင်းဝူ ရှင်က သူနဲ့အမြဲတမ်း အတူတူရှိနေတာလေ။ သူ ဘယ်သွားတယ်ဆိုတာ ရှင် သိသင့်တယ် မဟုတ်လား"
"ကျွန်မကလား။ ကျွန်မက သိလို့လား" ရှန်းချင်းဝူသည် အနည်းငယ် တွေဝေသွားပုံရပြီး တတွတ်တွတ် ရေရွတ်နေလေသည်။
"ကျွန်မက သိလို့လား။ ကျွန်မ သိတာက ..."
ရုတ်တရက် သူမ၏အသံသည် ရပ်တန့်သွားပြီး ရုတ်တရက် ခေါင်းမော့လိုက်ကာ ထိတ်လန့်တကြား အမူအရာဖြင့် ပြောလာလိုက်၏။ "ကျွန်မ သိတယ်။ သူ သေသွားပြီ။ သူတို့တွေက သူ့ကို သတ်လိုက်ကြတာ !"
"သူတို့တွေဆိုတာ ဘယ်သူလဲ" အားချန်က မေးလိုက်၏။
ရှန်းချင်းဝူသည် အသည်းအသန်ပြန်လည် စဉ်းစားကြည့်လေ၏။ ခဏအကြာတွင်တော့ သူမက ကြောက်မက်ဖွယ်ရာကောင်းသည့် အတိတ်ဖြစ်ရပ်တစ်ခုကို ပြန်လည်သတိရ သွားဟန်ဖြင့် ဦးခေါင်းကို ဖုံးကွယ်ကာ မြေကြီးပေါ်တွင် ဆောင့်ကြောင့်ထိုင်ချရင်း အဆက်မပြတ် အော်ဟစ်နေလိုက်လေသည်။
ထိုအော်ဟစ်သံသည် အမှန်တကယ် နားထဲသို့စူးရှစွာ ထိုးဖောက်ဝင်ရောက် လာသော်ငြားလည်း အားချန်ကတော့ရှေ့သို့ ခြေတစ်လှမ်း တိုးလာလိုက်သည်။ သူမက ရှန်းချင်းဝူ၏ ဘေးတွင် ဆောင့်ကြောင့်ထိုင်ချလိုက်ကာ သူမ၏ကျောပြင်လေးကို ညင်သာစွာ ပွတ်ပေးရင်း သူမ၏ပေါ်နေသည့် အရေပြားလေးက နီရဲသွားသည်ကို မြင်လိုက်ရသည်တွင် မနေနိုင်ဘဲ နက်နဲသွားသည့် အတွေးတစ်ခု ပေါ်ထွက်လာလေတော့သည်။
မကြာမီမှာပင် ရှန်းချင်းဝူကို ပြုစုစောင့်ရှောက်နေသည့် အဘွားကြီး တစ်ဦးက အပြေးအလွှား ရောက်ရှိလာခဲ့၏။ ထိုအဘွားကြီး၏ ဆံပင်များမှာ ဖြူဖွေးနေပြီး အသက်အရွယ်ကတော့ မငယ်တော့သည်မှာ ထင်ရှားလေသည်။
သူမက ရှန်းချင်းဝူကို ရင်ခွင်ထဲသို့ ဆွဲသွင်းကာ ပွေ့ဖက်လိုက်ပြီး ချော့မော့ပြောဆိုလိုက်၏။ "ချင်းဝူ လိမ္မာတယ်နော်။ လူဆိုးတွေ မရှိတော့ဘူး။ လူဆိုးတွေကို အကုန် မောင်းထုတ်လိုက်ပြီ ..."
သူမသည် စိတ်ရှည်လက်ရှည်ဖြင့် ထပ်ခါတလဲလဲ ပြောဆိုနေမှ နောက်ဆုံးတော့ ရှန်းချင်းဝူသည် တည်ငြိမ်သွားလေတော့သည်။
ရှန်းချင်းဝူသည် အော်ဟစ်ခြင်းမပြုတော့ဘဲ မျက်နှာနဲ့လက်များပေါ်က နီရဲနေသည့် အရာများ ပျောက်ကွယ်သွားခဲ့ပြီးမှ တစ်ချိန်ထဲမှာပင် ခုနကပြောခဲ့သည် စကားများကိုလည်း လုံးဝမေ့လျော့သွားခဲ့တော့သည်။
သူမ၏မျက်လုံးများမှာ ကြည်လင်သွားပြီး ဘာကိုမှ မဖြစ်ခဲ့သည့်နှယ်ပင်။ သူမ၏ရှေ့က အဘွားကြီးကို ချွဲနွဲ့စွာပြောလိုက်တော့သည်။ "ဝူမားမား ချင်းဝူ အသီးယိုတုတ်ထိုး စားချင်တယ်"
ဝူမားမားက ပြုံးကာ သူမကို ချော့မော့လိုက်၏။ "ကောင်းပါပြီ။ ဝူမားမားက အခုပဲ ချင်းဝူအတွက် အသီးယိုတုတ်ထိုး သွားလုပ်ပေးမယ်နော်။ ချင်းဝူက အခန်းထဲမှာ လိမ်လိမ်မာမာလေးနဲ့ စောင့်နေနော် ဟုတ်ပြီလား"
ရှန်းချင်းဝူသည် ခေါင်းငြိမ့်ပြလိုက်ပြီး ဝူမားမား၏ ချော့မော့ပြောဆိုစကားတွင် အခန်းထဲသို့ ဝင်သွားတော့သည်။
မကြာခင်တွင် ဝူမားမားသည် ပြန်ထွက်လာပြီး အားချန်ကို တောင်းပန်တိုးလျှိုးသည့် အမူအရာဖြင့် ပြောလိုက်၏။ "မိန်းကလေး ခုနက လန့်သွားတယ် မဟုတ်လား။ ချင်းဝူက ပုံမှန်ဆိုရင် ဒီလိုမဟုတ်ပါဘူး"
သူမသည် ချင်းဝူက ဟွေရွှယ် ခက်ခက်ခဲခဲ ခေါ်ဆောင်လာသည့် သူငယ်ချင်းများကို ကြောက်လန့်ပြီး ထွက်ပြေးသွားမှာကို အနည်းငယ် စိုးရိမ်နေမိ၏။
ချင်းဝူသည် သူမကြည့်ရှုစောင့်ရှောက်ရင်း ကြီးပြင်းလာခဲ့သူ ဖြစ်သဖြင့် ဟွေရွှယ်ကိုလည်း သူမကပင် မီးဖွားပေးခဲ့ခြင်းဖြစ်သည်။ သူတို့သားအမိ နှစ်ယောက်၏ဘဝသည် အလွန်ခါးသီးလှပြီး သူတို့နှင့် အပေါင်အသင်း လုပ်လိုသူများကလည်း မယ်မယ်ရရမရှိလှပေ။ နောက်ဆုံးတွင် ဟွေရွှယ်က သူငယ်ချင်းကို အိမ်သို့ခေါ်လာနိုင် သော်ငြားလည်း ချင်းဝူက ထိုအချိန်ကျမှ ရောဂါဖောက်လာခဲ့သည်။
"ဝူမားမား ဒီလောက်အားနာ နေစရာမလိုပါဘူး။ ကျွန်မ လန့်မသွားပါဘူး"
အားချန်၏မျက်ဝန်းထဲတွင် ရွံရှာသည့်အရိပ်အယောင် မတွေ့ရမှ ဝူမားမားသည်လည်း စိတ်အေးသွားလေတော့၏။
အားချန်၏ မျက်လုံးများက အနည်းငယ် လှုပ်ရှားသွားပြီးမှ ပြောလာခဲ့သည်။ ခုနတုန်းက မိန်းကလေး ချင်းဝုက ကျွန်မရဲ့သရုပ်မှန်ကို မှားယွင်းပြီး ဟွေရွှယ်ရဲ့ အဖေအကြောင်းကို ထည့်ပြောခဲ့တယ်။ အဲဒီကိစ္စကြောင့်ပဲ သူ ရောဂါထလာတာလား"
ဝူမားမားကလည်း ထိုစကားကို ကြားလိုက်ရပြီးနောက် သက်ပြင်းချ လိုက်လေသည်။ "ဟုတ်တယ်။ ဟွေရွှယ်ရဲ့ အဖေအကြောင်း တစ်ယောက်ယောက်က ထည့်ပြောလိုက်တိုင်း ချင်းဝူက ဒီလိုပုံစံဖြစ်သွားတာပဲ"
အားချန်ကလည်း တစ်ဖန် ထပ်မေးလိုက်လေသည်။ "ကျွန်မ မိန်းကလေး ချင်းဝူရဲ့ မျက်နှာနဲ့လက်တွေ နီရဲနေတာကို တွေ့လိုက်တယ်။ သူ စိတ်လှုပ်ရှားလာတိုင်း ဒီလိုပဲလား"
"ဒါကတော့ ..." ဝူမားမားသည် တချက်လောက် စဉ်းစားလိုက်ပြီးမှ ခေါင်းခါပြလိုက်၏။ "ချင်းဝူ ငယ်ငယ်တုန်းက တခြားသူတွေနဲ့ ရန်ဖြစ်တဲ့အခါ ဒီလိုမဟုတ်သလိုပဲ။ နောက်ပိုင်းကိစ္စတွေ ဖြစ်လာပြီးမှ ဒီအကျင့်က ပေါ်လာခဲ့တာ"
အားချန်ကလည်း ခေါင်းငြိမ့်လိုက်ကာ သေသေချာချာလေး စဉ်းစားနေဟန် တူလေသည်။
သို့သော်ငြားလည်း ရှန်းဟွေရွှယ်ကတော့ ဝူမားမားကို မျှော်လင့်တကြီး ကြည့်ရင်း တောင်းပန်စကား ပြောလိုက်လေသည်။ "ဝူမားမား ကျွန်မကိုအဖေ့အကြောင်း နည်းနည်းလောက် ထပ်ပြောပြပါလားဟင်။ ကျွန်မ တခြားသူတွေကို လုံးဝပြန်မပြောပါဘူးလို့ အာမခံပါတယ်"
"ကောင်းပြီလေ။ အရင်က သမီးအပြင်မှာ လျှောက်ပြောမှာစိုးလို့ မပြောပြခဲ့တာ။ အခုတော့ ဖုံးကွယ်ထားစရာ ဘာမှမရှိတော့ပါဘူး" ဝူမားမားကလည်း ဝမ်းသာအားရ သဘောတူလိုက်တော့သည်။ "ဒါပေမဲ့ အရင်ဆုံး ချင်းဝူအတွက် အသီးယိုတုတ်ထိုး သွားလုပ်ရဦးမယ်။ မဟုတ်ရင် သူ ပြန်သတိရလာတဲ့အခါ ကျွန်မကိုထပ်ပြီး ပူဆာနေလိမ့်မယ်။ မင်းတို့ ကျွန်မနဲ့ မီးဖိုချောင်ကို လိုက်ခဲ့ကြ"
ချန်ဟွေ့ကလည်း အချိန်ကိုက် ဝင်ပြောလိုက်၏။ "ကျွန်မ ချင်းဝူမိန်းကလေးကို စောင့်ကြည့်ဖို့ နေခဲ့လိုက်ပါ့မယ်။ ဝူမားမားက သူတို့နှစ်ယောက်ကိုပဲ ခေါ်သွားလိုက်ပါ"
ဝူမားမားကလည်း ကျေးဇူးတင်စွာဖြင့် ပြောလိုက်၏။ "ဒါဆိုရင်တော့ မိန်းကလေးကို ဒုက္ခပေးရပါဦးမယ်"
ထိုနောက်တွင်တော့ အနည်းငယ် မကျေမနပ် ညည်းတွားလိုက်လေသည်။ "ချင်းဝူဘေးက အစေခံမလေးတွေက ရှန်းမိသားစုက အခုတလောမှ လွှတ်လိုက်တဲ့သူတွေချည်းပဲ။ သိပ်ပြီး စိတ်ပါလက်ပါ မရှိလှဘူး။ ကျွန်မကလည်း သူတို့ကို မောင်းထုတ်လို့ မကောင်းဘူး။ တကယ်လို့ ချင်းဝူက တစ်ခုခု လိုအပ်တယ်ဆိုရင် အစေခံမလေးတွေကိုပဲ လုပ်ခိုင်းလိုက်ပါ။ ရှင်ကတော့ ကျွန်မကိုယ်စား အစေခံမလေးတွေကိုပဲ စောင့်ကြည့်ပေးပါ"
"စိတ်ချပါ"
ချန်ဟွေ့၏ ပုံစံသည် အလွန်အားကိုရဟန် တူလေသည်။ ဝူမားမားကလည်း ရှားရှားပါးပါး "အပေါ်ယံကို ကြည့်ပြီး လူကဲဖြတ်" လိုက်သော်ငြားလည်း အံ့သြဖွယ်ရာ ကောင်းလောက်အောင် တိကျမှန်ကန်နေခဲ့၏။
အားချက်နှင့် ရှန်းဟွေရွှယ်တို့သည် ဝူမားမားနောက်သို့လိုက်ကာ အနောက်ဘက် မီးဖိုဆောင်သို့ သွားလိုက်ကြ၏။ သူမက ဟောသွန်းအသီးများကို ကျွမ်းကျင်ပိုင်နိုင်စွာ ရှာဖွေကာ ရေဆေးပြီးအိုးထဲသို့ ထည့်ကာပေါင်းနေသည်ကို တွေ့လိုက်ရလေသည်။
သူမက အလုပ်လုပ်ရင်းဖြင့် သူတို့နှစ်ဦးကို အတိတ်က အကြောင်းအရာများ ပြောပြလာတော့သည်။ "တစ်ခါတုန်းကချင်းဝူက မျိုးနွယ်ထဲမှာ ညီအစ်မတွေ ရန်ဖြစ်ကြတယ်။ တစ်ယောက်က ပြောတယ်။ သူက မျိုးနွယ်စုရဲ့ အရင်းအမြစ်တွေကို အလကားရနေပြီး တိုးတက်ဖို့ မကြိုးစားဖူးတဲ့။ ဒီလိုမြှောက်ပေးတာ ခံလိုက်ရတော့ သူကလည်း တခြားသူတွေလို မိစ္ဆာဖမ်းဖို့ သင်ချင်လာခဲ့တယ်။ မျိုးနွယ်ထဲကလူတွေကို သက်သေပြချင်တာပေါ့။ နောက်တော့ သူက အိမ်ကနေ ခိုးထွက်သွားပြီး မိစ္ဆာတစ်ကောင်နဲ့ တကယ်တွေ့ရော။ ဒါပေမဲ့ မနိုင်ခဲ့ဘူးလေ။ ဟွေရွှယ်ရဲ့ အဖေက ဖြတ်သွားရင်း ဒဏ်ရာရနေတဲ့ သူ့ကို ကယ်တင်ပေးခဲ့တာ"
ထိုအကြောင်းကို ပြောမိလျှင် ဝူမားမားသည် ခေါင်းခါမိသည်အထိ ဖြစ်ရလေသည်။ "ချင်းဝူက လူတစ်ဖက်သားက ရုပ်ရည်ချောမော တာကိုမြင်တော့ ကိုယ်ခန္ဓာကို ပေးဆပ်ပြီး လက်ထပ်မယ်လို့ ချက်ချင်းတောင်းဆိုတော့တာပဲ"
ရှန်းဟွေရွှယ်မှာ အထိတ်တလန့် ဖြစ်သွားလေတော့သည်။ ငါ့အမေက ငယ်ငယ်တုန်းက ဘယ်လိုဖြစ်လို့ ဒီလိုပုံစံဖြစ်ရတာလဲ။
"ဒါဆိုရင်အဖေက သဘောတူလိုက်တာလား"
ဝူမားမားသည် ရှန်းဟွေရွှယ်၏ အံ့သြတကြီး ဖြစ်နေပုံကို မြင်လိုက်ရသည်တွင် မနေနိုင်ဘဲ ရယ်မောမိတော့သည်။ "သဘောမတူပါဘူး။ ဒါပေမဲ့ နောက်ပိုင်းမှာ ဘာတွေဖြစ်သွားလဲမသိဘူး။ သမီးအဖေ ဒဏ်ရာရတာ မသေးဘူး။ မြို့ထဲမှာလည်း လူတော်တော်များများက သူ့ကို လိုက်ရှာကြတယ်။ ချင်းဝူက သူ့ကို တိတ်တိတ်လေး ဝှက်ထားပေးခဲ့တာ။ သူတို့နှစ်ယောက်က အဲဒီအချိန်မှာပဲ တစ်ယောက်ကို တစ်ယောက် သဘောကျသွားကြတာ"
"ဒါပေမဲ့ ရှန်းမိသားစုက သဘောတူမှာ မဟုတ်ဘူး" ရှန်းဟွေရွှယ်က ခပ်တိုးတိုး ပြောလိုက်၏။
"ဟုတ်တယ်လေ။ သူတို့နှစ်ယောက် ဒီကိစ္စကြောင့် အချိန်အတိုင်းအတာတစ်ခုအထိ ခွဲခွာကြရသေးတယ်။ သမီးရဲ့အဖေက သူ့ဇာတိကို ပြန်သွားတယ်။ ချင်းဝူလည်း သခင်ကြီးက ရှီးလင်ဝမ်ဆီကို မယားငယ်အဖြစ် ပေးရတာခံရတော့မလို့။ ဒါပေမဲ့ နောက်ပိုင်းမှာ သမီးအဖေက ပြန်ရောက်လာတယ်။ သူတို့နှစ်ယောက် ရှီးလင်ကနေ အတူတူ ထွက်သွားဖို့ သဘောတူခဲ့ကြတယ်"
"သူတို့တွေ အဖမ်းခံ လိုက်ရတာလား"
"ဟုတ်တယ်။ အဖမ်းခံလိုက်ရတယ်" ဝူမားမား၏ လေသံထဲတွင် ခါးသီးမှုများ ပြည့်နှက်လို့နေသည်။
ရှန်းဟွေရွှယ်သည် တချိန်က သူမ၏မိဘနှစ်ပါး တွေ့ဆုံခဲ့ခြင်းသည် လိမ်လည် လှည့်ဖျားမှုတစ်ခု ဖြစ်သည်ဟု ထင်ကြေးပေးခဲ့ဖူး၏။ ယခုအခါ ထိုသို့မဟုတ်မှန်း သိလိုက်ရသော်ငြားလည်း သူမကို ပျော်ရွှင်သွားစေခြင်း မရှိခဲ့ချေ။
"ဒီကိစ္စကို မိန်းကလေး ချင်းယင်က သိသွားတယ်။ သူက ရှီဇီနဲ့ သခင်ကြီးကို သွားပြီးတော့ ပြောလိုက်တယ်။ နောက်တော့ ... ချင်းဝူက သွေးအလိမ်းလိမ်းနဲ့ ပြန်ခေါ်ခံလာ ရခဲ့တယ်။ သူ့ကို သခင်ကြီးက ပိတ်လှောင်ထားလိုက်ပြီး သမီးအဖေကတော့ ဘယ်တော့မှ ပေါ်မလာတော့ဘူး။
"ဝူမားမား ကျွန်မအဖေ ဘယ်လိုသေသွားလဲဆိုတာ သိလား" ရှန်းဟွေရွှယ်သည် ရှန်းမိသားစု၏ ရက်စက်ကြမ်းကြုတ်သော စိတ်ဓာတ်အရ သူမ၏ဖခင်ကို အသက်ရှင်လျက် ထားလိမ့်မည်ဟု မယူဆခဲ့ချေ။
"အဲဒီတုန်းက ချင်းဝူ ဒီရောဂါ မဖြစ်သေးဘူး။ သူပြောတာကို ကျွန်မ မသဲမကွဲ ကြားလိုက်မိသလိုပဲ။ လူတစ်စုက ဝိုင်းတိုက်ခိုက်လို့ သေသွားတာတဲ့။ သခင်ကြီးလည်း ပါတယ်။ ပြီးတော့ ... အစိုးရရုံးက လူတွေလည်းပါတယ်"
ဝူမားမားက သွယ်ဝိုက်ပြောဆို နေသော်ငြားလည်း အားချန်က နားမလည်ဘဲ ဘယ်မှာရှိပါမည်နည်း။ အစိုးရရုံးဟု ပြောလိုက်သည်တွင် ရှီးလင်ဝမ် အိမ်တော်မဟုတ်ဘဲ တခြားဘာဖြစ်နိုင်ပါဦးမည်နည်း။
ဒါဆိုရင် ဦးလေး၆ သေဆုံးမှုမှာ ရှီးလင်ဝမ်လည်း တစ်စိတ်တစ်ပိုင်း ပါဝင်နေတာပေါ့။
"ဘာဖြစ်လို့ အစိုးရရုံးကလဲ ဒီထဲမှာဝင်ပါနေရတာလဲ" အားချန်ကလည်း ထပ်ပြီးမေးလိုက်သည်။
"ဒါကတော့ ..." ဝူမားမားကလေသံကို နိမ့်ထားလိုက်ကာ "အရင်တုန်းက ဝမ်ရယ်က မိစ္ဆာမျိုးနွယ်ရဲ့ လှည့်စားတာ ခံခဲ့ရဖူးတယ်။ အဲဒီမိစ္ဆာမျိုးနွယ်က ဝမ်ဖေးကိုတောင် ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သေးတယ်။ ကြားတာကတော့ အဲဒါက မြေခွေးမိစ္ဆာတစ်ကောင်တဲ့လေ"
"ဟွေရွှယ်ရဲ့ အဖေက အဲဒီမြေခွေးမိစ္ဆာနဲ့ ပတ်သက်နေလို့လား"
အားချန်သည် ဒီကိစ္စတွင် ပါဝင်ပတ်သက်နေသည့် အချက်များက ထိုမျှလောက် ရိုးရှင်းလိမ့်မည်ဟု မတွေးမိချေ။ သို့မဟုတ်လျှင်လည်း လူတစ်စုက ဦးလေး၆၏ အသက်ကိုလိုချင်သဖြင့် ထွက်ပေါ်လာလိမ့်မည် မဟုတ်ပေ။
ဝူမားမားက ခေါင်းခါပြ လိုက်လေသည်။ "ဒါကတော့ ကျွန်မလည်း မသိဘူး။ ချင်းဝူကတော့ သိချင်သိလိမ့်မယ်။ ဒါပေမဲ့ အခုချိန်မှာတော့ သူလည်း ပြောပြနိုင်စွမ်း မရှိတော့ပါဘူး"
"ဒါဆိုရင် ဝူမားမား ခုနတုန်းကပြောတဲ့ သတင်းသွားပေးတဲ့ ရှန်းချင်းယင်က ဘယ်လိုလူမျိုးလဲ"
ဒီနာမည်ကို နှစ်ကြိမ်တိုင်တိုင် ကြားလိုက်ရသောအခါ အားချန်သည် သိချင်စိတ်ဖြင့် မေးလိုက်တော့သည်။
"သူက ချင်းဝူရဲ့ ဝမ်းကွဲညီမလေ။ အဲဒီတုန်းက မျိုးနွယ်ထဲမှာ သူနဲ့ ချင်းဝူက အထင်ပေါ်ဆုံးပဲ။ လူတော်တော်များများက ပြောကြတယ်။ ချင်းဝူသာ မရှိရင် သူက ရှီးလင်ဝမ် အိမ်တော်ထဲကို ဝင်ခွင့်ရနိုင်ချေ ရှိတယ်တဲ့"
"နောက်ပိုင်းတော့လည်း သူ ရှီးလင်ဝမ်အိမ်တော်ကို ဝင်သွားခဲ့တာလား"
ဝူမားမားက ခေါင်းခါပြလိုက်ကာ "ဒါကပဲ ထူးဆန်းသွားတာ။ သူ ရုတ်တရက် ပျောက်သွားခဲ့တယ်လေ။ အဲဒီအချိန်တုန်းက ချင်းဝူက နေမကောင်းဖြစ်နေပြီ။ လူတောင် မမှတ်မိတော့ဘူး။ သခင်ကြီးကလည်း ရုတ်တရက် ကွယ်လွန်သွားတယ်။ မျိုးနွယ်ထဲမှာ လူတွေက စိုးရိမ်စိတ်တွေ ဖြစ်နေကြတာပေါ့။ ဒီကိစ္စကို ဘယ်သူမှလည်း ဂရုမစိုက်ကြတော့ဘူး။ တဖြည်းဖြည်းနဲ့ လူတိုင်းက သူ့ကို မေ့သွားခဲ့ကြတာပဲ"
ထိုသို့ပြောလိုက်ပြီးနောက် သူမက ထပ်ပြီးပြောလိုက်လေသည်။ "ဒီနေ့ ချင်းဝူကို လာရှာတဲ့သူက ရှန်းချင်းယင်ရဲ့ ယောက်မ အရင်းတစ်ယောက်ပဲလေ။ စဉ်းစားကြည့်ပါဦး။ တခြားသူတွေက ဂရုမစိုက်တာကို နားလည်ပေးလို့ရတယ်။ ဘယ်လိုဖြစ်ပြီး အစ်ကိုအရင်းနဲ့ ယောက်မတို့က ဂရုမစိုက်ရတာလဲ"
ရှန်းဟွေရွှယ်က ဝင်ပြောလိုက်လေသည်။ "ဒါကဘာများ ထူးဆန်းလို့လဲ။ တကယ်လို့ အမေက တစ်နေ့နေ့မှာ ပျောက်သွားခဲ့ရင်တောင် ဘကြီးက လိုက်ရှာမှာမဟုတ်ဘူး"
သူမ ဘကြီးဟု ခေါ်ဆိုလိုက်သူမှာ အမှန်တွင်တော့ ဦးကြီးဟု ခေါ်ရမည် ဖြစ်လေသည်။
သို့သော်ငြားလည်း သူမသည် ရှန်းမိသားစု၏ မျိုးရိုးအမည်ကို ယူထားသဖြင့် အခေါ်အဝေါ်ကို ပြောင်းလဲခေါ်ဆိုရန် တောင်းဆိုခံခဲ့ရ၏။ ယခင်က မှားယွင်းခေါ်ဆိုခဲ့မိသဖြင့် အပြစ်ပေးခြင်းပင် ခံခဲ့ရဖူးသေးသည်။
ရှန်းဟွေရွှယ်သည် ရှန်းမိသားစု၏ ဟန်ဆောင်လုပ်ကြံမှုများကို ဘယ်သောအခါမှ နားလည်နိုင်မည် မဟုတ်ချေ။ အခေါ်အဝေါ် ပြောင်းလိုက်တော့ရော ဘာဖြစ်လဲ။ သူတို့ကများ သူမအပေါ် တကယ်သံယောဇဉ်တွေ ဖြစ်လာနိုင်လို့လား။
ဝူမားမားကတော့ သက်ပြင်းတစ်ချက် ချလိုက်၏။ "ပြောတာလည်း ဟုတ်တာပါပဲ။ ကံကောင်းတာက ချင်းဝူက ဒီအိမ်ကို စောစောစီးစီး ပြင်ဆင်ထားပြီး ပြောင်းလာခဲ့လို့လေ။ မဟုတ်ရင် ဒုက္ခပေါင်းစုံနဲ့ ဘယ်လောက်တောင် တွေ့ရဦးမလဲ မသိဘူး"
ထိုအချိန်တွင် ဝူမားမား ပေါင်းထားသည့် ဟောသွန်း အသီးများကလည်း နူးအိသွားလေသည်။ သူမက ပေါင်းပြီးသား ဟောသွန်း အသီးများကို အစေ့ထုတ်ကာ ပြားနေအောင် ဖိနေစဉ်တွင် အားချန်နှင့် ရှန်းဟွေရွှယ်တို့လည်း ကူညီရန်ပြင်ဆင် လိုက်ကြသော်ငြား လက်နှေးသည်ဟု အဆူခံလိုက်ရတော့သည်။
သူမက သူတို့နှစ်ယောက်ကို သကြားမုန့်တစ်ခုစီပေးကာ ဘေးတွင် ရပ်နေခိုင်းလိုက်တော့၏။
သူတို့နှစ်ယောက်ကလည်း မီးဖိုဆောင်ရှိ သစ်သားခုံငယ်လေးပေါ်တွင် တန်းစီကာ ထိုင်လိုက်ကြပြီး တူညီသည့်လှုပ်ရှားမှုများဖြင့် သကြားမုန့်ကို နည်းနည်းချင်း ကိုက်စားနေကြလေသည်။ ဝူမားမားက တစ်ချက် လှမ်းကြည့်လိုက်ကာ မရယ်ဘဲမနေနိုင်တော့ချေ။
"မသိတဲ့သူတွေက နင်တို့နှစ်ယောက်ကို ညီအစ်မအရင်းတွေလို့ ထင်နေကြဦးမယ်"
ချိုမြိန်သည့်အရသာလေးက အားချန်ကို ကျေနပ်စွာ မျက်လုံးများ မေးစဉ်းသွားစေတော့သည်။ "ကျွန်မတို့က အဖေမတူ အမေမတူပေမယ့် ညီအစ်မအရင်းတွေလို ဖြစ်နေတာကိုတော့ တားဆီးလို့မရပါဘူး"
ရှန်းဟွေရွှယ်ကလည်း ကြက်ကလေးက ဆန်စေ့ကောက်စားသလို တဆတ်ဆတ် ခေါင်းငြိမ့်ပြလိုက်လေသည်။ "ဟုတ်တယ်"
ဝူမားမား၏မျက်လုံးမှာ ပိုလို့ပင် နူးညံ့လာလေတော့၏။ လွန်ခဲ့သည့် ငါးနှစ် အဝေးသို့ ပို့ခံလိုက်ရသည့် အချိန်နှင့် နှိုင်းယှဉ်ကြည့်လျှင် ဟွေရွှယ်သည် ပိုပြီးပျော်ပျော်ရွှင်ရွှင် ရှိလာပုံရလေသည်။ သူမသာ အမြဲတမ်း ဒီအတိုင်းနေနိုင်လျှင် ကောင်းပေလိမ့်မည်။
နောက်ထပ်နာရီဝက်ခန့် ကြာပြီးနောက်တွင် ဝူမားမားက ချင်းဝူလိုချင်သည့် အသီးယိုတုတ်ထိုးကို ပြုလုပ်ပြီးစီးသွားရုံသာမက သူတို့အတွက်လည်း ဟင်းလျာတစ်ပွဲကိုပင် ချက်ပြုတ်ပေးခဲ့သေးသည်။
သူမ၏ စိတ်အားထက်သန်စွာ ဖိတ်ခေါ်မှုကြောင့် အားချန်နှင့် ချန်ဟွေ့ တို့သည်လည်း ညစာစားသောက်ရင်း နေရစ်ခဲ့လိုက်တော့သည်။
အစားအစာများကို ရှန်းဟွေရွှယ်၏ အခန်းသို့ ပို့ဆောင်ပေးခဲ့၏။ ဝူမားမားက ရှန်းချင်းဝူကို သွားရောက်ပြုစု စောင့်ရှောက်ရမည်ဖြစ်သဖြင့် ဟွေရွှယ်ကိုသာ သူတို့နှင့်အတူ အဖော်ပြုပေးရန် ထားခဲ့လိုက်လေသည်။
ဝူမားမား၏ အချက်အပြုတ် လက်ရာကလည်း အလွန်ကောင်းမွန်လှပြီး သူမချက်ပြုတ်ပေးသည့် ရှီးလင် အထူးဟင်းလျာများကို အားချန်ကလည်း အလွန်နှစ်သက်မိလေသည်။ ဟုတ်ပါသည်။ သူမ ပိုပြီးနှစ်သက်ရသည်မှာ စားပွဲတစ်ဝက်နီးပါးရှိသည့် ကြက်သားဟင်းများပင်။
ဟင်းလျာများအားလုံး အပြည့်အစုံရောက်ရှိလာပြီး အစေခံမလေးများကို ပြန်လွှတ်လိုက်ပြီးနောက်မှ အားချန်နှင့် ဟွေရွှယ်တို့သည် တူများကိုစတင် ကိုင်လိုက်ကြတော့သည်။
ထမင်းစားပြီးနောက်တွင် အားချန်က ရှန်းဟွေရွှယ်ကို ပြောလိုက်၏။ "ဟွေရွှယ် ကျွန်မ ရှင့်ကို ပြောစရာကိစ္စ တစ်ခုရှိတယ်"
"ဟင် ? ဘာကိစ္စလဲ" ရှန်းဟွေရွှယ်၏ လက်ထဲတွင် တစ်ဝက်တစ်ပျက် ကိုက်ထားသည့် ကြက်သားဖတ်ကို ကိုင်ထားလေသည်။ အနည်းငယ် စပ်သောကြောင့် နှုတ်ခမ်းများပင် နီရဲလို့နေ၏။ သူမသည်အနည်းငယ် ဇဝေဇဝါဖြစ်သွားကာ အားချန်ကို ကြည့်လာတော့သည်။
အားချန်ကလည်း ခဏလောက် ချီတုံချတုံ ဖြစ်သွားတော့သည်။ "ကျွန်မ ဒီခန့်မှန်းချက်က တိကျမှန်ကန်ရဲ့လားဆိုတာတော့ မသိဘူး။ ဒါပေမဲ့ ကျွန်မ သံသယ ရှိနေတာကတော့ ရှင့်အမေက နေမကောင်းတာ မဟုတ်ဘဲ အဆိပ်မိနေသလိုပဲ"
ရှန်းဟွေရွှယ်၏ မျက်နှာမှာ မယုံကြည်မှုများဖြင့် ပြည့်နှက်သွားကာ သူမက တီတိုးရေရွတ်လိုက်လေသည်။ "ဝူမားမားက အဲဒီတုန်းက ရှန်းမိသားစုက သမားတော်တွေ အများကြီးကို ပင့်ဖိတ်ပေးခဲ့တယ်လို့ ပြောတယ်။ ဒါဆိုရင် အဆိပ်ခတ်တာက သူတို့ကိုယ်တိုင်ပဲလား"
ရှန်းမိသားစု၏ ကိုယ်ကျင့်တရားနှင့် နှိုင်းယှဉ်ပါက သူမသည် အားချန်၏စကားကို ပိုပြီးယုံကြည်သည်မှာ သိသာလေသည်။
အားချန်က ခေါင်းခါပြလိုက်၏။ ရှန်းမိသားစုကဒီအဆိပ် အကြောင်းကို သိခြင်း မသိခြင်းနှင့်ပတ်သက်ပြီး သူမ မသိသော်ငြားလည်း ဦးလေး၆ထံတွင် ရှိနေသည်ကိုတော့ သူမ သိလေသည်။
"ခုနတုန်းက ရှင် ဝူမားမားကို မိန်းကလေးချင်းဝူ စိတ်လှုပ်ရှားတဲ့အခါ အရေပြား နီရဲလာတဲ့ကိစ္စ မေးနေတာကို တွေ့ခဲ့တယ်။ ဒါက အဆိပ်သင့်တဲ့ လက္ခဏာတွေထဲက တစ်ခုလား" ချန်ဟွေ့သည် အားချန်၏ ထိုအချိန်က ပုံမှန်မဟုတ်သည့် အမူအရာကို တစ်ချိန်တည်းနှင့် အမှန်တကယ် သတိပြုမိလိုက်၏။
ရှန်းဟွေရွှယ်၏ စိတ်ခံစားချက်များမှာ အနည်းငယ်တည်ငြိမ်သွားပြီး အားချန်ဘက်သို့ လှည့်ကြည့်လိုက်ကာ အဖြေကို စောင့်ဆိုင်းလို့ နေလေသည်။
"ဟုတ်တယ်။ ဒီအဆိပ်မျိုးက စစ်ဆေးတွေ့ရှိဖို့ အရမ်းခက်တယ်။ ဒီလက္ခဏာက အထင်ရှားဆုံးလို့ ပြောလို့ရပေမယ့် လူတွေ အလွယ်ကူဆုံး မျက်ကွယ်ပြုခံရတဲ့ လက္ခဏာတစ်ခုပဲ"
ရှန်းဟွေရွှယ်က ခေါင်းငြိမ့်လိုက်၏။ မျက်ကွယ်ပြုခံရဖို့ လွယ်တာပေါ့။ တခြားလူတွေအားလုံးက သူမရဲ့အမေကို စိတ်လှုပ်ရှားတာကြောင့်ပဲ ဒီလိုဖြစ်ရတယ်လို့ ထင်နေကြတာလေ။
သို့သော်ငြားလည်း သူမသည် အားချန်က ဝူမားမားကို သူမ၏အမေက ယခင်က ထိုသို့မဟုတ်ခဲ့ကြောင်း မေးမြန်းခဲ့သည်ကိုလည်း သေသေချာချာလေး မှတ်မိနေသေးသည်။
"ဒါဆိုရင် ဒါက ဘယ်လိုအဆိပ်မျိုးလဲ။ ဘယ်လိုထပ်ပြီးတော့ အတည်ပြုရမှာလဲ" ရှန်းဟွေရွှယ်က စိတ်မရှည်စွာဖြင့် မေးလိုက်လေသည်။
"ရှင်တို့တွင် ‘ရှန့်’ အကြောင်း ကြားဖူးကြလား" အားချန်က ဖြေးညင်းစွာ ရှင်းပြလာသည်။ "ရှန့် ရဲ့ခန္ဓာကိုယ်ထဲမှာ ရှန့် ပုလဲလုံးတစ်လုံးရှိတယ်။ အဲဒီပုလဲလုံးက ထင်ယောင်ထင်မှား အငွေ့အသက်တွေကို ထုတ်လွှတ်နိုင်တယ်။ ရှန့် အငွေ့က အဆိပ်ရှိတယ်။ လူကို မှတ်ဉာဏ်တွေ ရှုပ်ထွေးသွားစေပြီး စိတ်ပိုင်းဆိုင်ရာ ပုံမှန်မဟုတ်တာတွေ ဖြစ်စေနိုင်တယ်"
ရှန့် - တရုတ်ဒဏ္ဍာရီလာ သတ္တဝါကြီးတစ်မျိုး။ များသောအားဖြင့် ကမာကောင်တွေနဲ့ တူပါတယ်။
"အဲဒီအဆိပ်ကို ဖြည်လို့ရလား" ရှန်းဟွေရွှယ်သည် သူမ၏အမေဖြစ်သူက မည်သို့ အဆိပ်သင့်သွားသည်ကို မသိချင်တော့ချေ။ သူမပိုပြီး အတည်ပြုလိုသည်မှာ အားချန်ထံတွင် အဆိပ်ဖြေဆေးရှိမရှိပင် ဖြစ်တော့သည်။
တကယ်လို့ အမေက အဆိပ်သင့်လို့သာ ဒီလိုဖြစ်သွားတာဆိုရင် အဆိပ်ကို ဖြည်လိုက်တာနဲ့ သူ ပုံမှန်အတိုင်း ပြန်ဖြစ်သွားနိုင်မှာမလား။
"တကယ်လို့ ရှန့် အဆိပ်အစစ် ဖြစ်ခဲ့ရင်တော့ ..."
ရှန်းဟွေရွှယ်၏ မျှော်လင့်တကြီး စောင့်ကြည့်နေသည့် အကြည့်အောက်တွင် အားချန်သည် ပြတ်ပြတ်သားသား ခေါင်းငြိမ့်ပြ လိုက်တော့သည်။ "ရတယ်။ ပြီးတော့ အရမ်းလည်း လွယ်တယ်"
...