ရှင့်ကိုဘယ်သူ အဆိပ်ခပ်ခဲ့သလဲဆိုတာ သိလား...
Vol. 10 Ch. 92
အားချန်သည် လျှို့ဝှက်မနေတော့ဘဲ ဆက်ပြီးပြောလိုက်တော့၏။
"ရှန့် အဆိပ်က ဆားငန်ရေ ပြင်းပြင်းထဲမှာ ပျော်ဝင်သွားရင် အဆိပ်အာနိသင် ပျောက်သွားလိမ့်မယ်။ နေ့တိုင်း သူ့ကို ဆားငန်ရေ ပြင်းပြင်းထဲမှာ ၁နာရီခွဲလောက် စိမ်ခိုင်းထားလိုက်။ ၃ရက်လောက်ကြာရင် သိသိသာသာ သက်သာလာသင့်တယ်"
ရှန်းဟွေရွှယ်သည် အနည်းငယ် စိတ်မရှည်သည့်ဟန်ဖြင့် ပြောလိုက်တော့သည်။ "ကောင်းပြီ။ ခဏနေ ကျွန်မ သွားစမ်းကြည့်လိုက်မယ်"
"တကယ်လို့ ရှန့် အဆိပ် ဟုတ်တယ်ဆိုရင် သူ့စိမ်ပြီးသား ဆားငန်ရေက အနီရောင် ပြောင်းသွားလိမ့်မယ်။ ပထမနေ့မှာ ရှင် အရင်ဆုံး အတည်ပြုကြည့် လို့ရတယ်"
"အားချန် ကျေးဇူးတင်ပါတယ်နော်" ရှန်းဟွေရွှယ်သည် အားချန်ကို အလေးအနက် ပြောလိုက်၏။
အားချန်ကလည်းပြုံးကာ ပြန်ပြောလိုက်သည်။ "ဒါက ကြီးကြီးကျယ်ကျယ် ကိစ္စမှ မဟုတ်တာ။ ဒီလောက် အလေးအနက် ထားစရာမလိုပါဘူး။ ဒီနေ့ ကျွန်မတို့ အနှောင့်အယှက် မပေးတော့ဘူး။ မနက်ဖြန်ကျမှပဲ ထပ်လာခဲ့မယ်"
ရှန်းဟွေရွှယ်ကလည်း ဆက်တိုက်ဆိုသလို ခေါင်းငြိမ့်ပြလိုက်ကာ "ကောင်းပါပြီ"
အားချန်လည်း ငြင်းဆန်မနေတော့ဘဲ ချန်ဟွေ့ နှင့်အတူ နှုတ်ဆက်ကာ ပြန်လာခဲ့တော့သည်။ မပြန်ခင်သူတို့နှစ်ဦးသည် ဝူမားမားကို နှုတ်ဆက်ခဲ့ကြပြီး ဝူမားမားကလည်း သူတို့နှစ်ယောက်အတွက် အသီးယိုစုံတုတ်ထိုး နှစ်ချောင်းကို ထုတ်ပိုးပေးလိုက်သေးသည်။
အားချန်သည် ဝူမားမား ပြုလုပ်ထားသည့် ရေနွေးငွေနှင့် ပေါင်းပြီးနောက် ခြောက်အောင် ဖိပြားထားသော အသီးစုံတုတ်ထိုးလေးကို စားရင်း သူမ၏ပါးစပ် ထဲတွင်လည်း ချိုချိုချဥ်ချဥ် အရသာများ ပြည့်နှက်နေတော့သည်။
သူတို့နှစ်ယောက်သည် ရှန်းအိမ်တော်အတွင်းမှ ထွက်လာကြပြီးနောက် လမ်းတစ်ဖက်ခြမ်းသို့ လျှောက်လာခဲ့ကြ၏။ ချန်ဟွေ့ ငှားထားသည့် အိမ်အသစ်သည် လမ်းတစ်ဖက်ခြမ်းရှိ လမ်းကြားလေး၏ အဆုံးတွင် ရှိလေသည်။
ထိုအိမ်လေးသည် ခြံဝင်းတစ်ခုတည်းသာ ရှိကာ ကြီးကျယ်ခမ်းနားခြင်း မရှိသော်ငြားလည်း သပ်ရပ်သန့်ရှင်းစွာ ပြင်ဆင်ထားလေသည်။ အခန်းသုံးခန်း ခြံဝင်းထဲတွင် ရေတွင်းတစ်တွင်းရှိပြီး လိုအပ်သည့် အသုံးအဆောင် ပစ္စည်းများကိုလည်း မနေ့ကတည်းက ချန်ဟွေ့က ကြိုတင်ဝယ်ယူထားခဲ့ပြီး ဖြစ်၏။
နှစ်ယောက်သားက အခန်းထဲသို့ ဝင်လာခဲ့ကြသည်။ အားချန်က ချန်ဟွေ့ သူမအတွက် ပြင်ဆင်ပေးထားသည့် အိပ်ရာခင်းနှင့် စောင်အသစ်များဆီသို့ သွားကာကြည့်ရှု လိုက်လေသည်။ နူးညံ့ပြီး နွေးထွေးလှသည်မှာ တိမ်တိုက်များထဲသို့ ခုန်ဆင်းလိုက်ရသလို ဖြစ်နေပြီး ကိုယ်ပေါ်တွင် နေရောင်ခြည်၏ နွေးထွေးသည့် အငွေ့အသက်လေးကပင် ငြိကျန်နေတော့သည်။
သူမက ကုတင်ပေါ်သို့ ပစ်လှဲလိုက်ပြီးနောက် မထချင်တော့သည်ကို မြင်လိုက်ရသည်တွင် ချန်ဟွေ့ကလည်း အလိုက်သင့် ဆိုသလို ကုတင်ပေါ်တွင် ဘေးတစောင်း ထိုင်ချလိုက်တော့သည်။
"ရှင့်ကို ဖမ်းသွားတဲ့ အကောင်ကရော ဘယ်လိုဖြစ်သွားလဲ"
ခုနက အပြင်ဘက်သို့ ရောက်နေသဖြင့် သူမသည် အများကြီးမေးလို့ မသင့်တော်ချေ။ သို့သော်ငြား ယခုအချိန်တွင်တော့ တခြားသူများ မရှိတော့သဖြင့် သိပ်ပြီးစိတ်ပူရန်လည်း မလိုတော့ချေ။
"ဒီအချိန်လောက်ဆိုရင်တော့ အရေခွံဆုတ်ပြီး အကြောထုတ် ခံနေရလောက်ပြီ ထင်တယ်" အားချန်က ထထိုင်လိုက်ပြီး သူမကို ညည်းတွားပြောဆိုလိုက်၏။ "တကယ်တော့ ကျွန်မက ကျောင်းဆိုတာ ရှားပါးလို့ ခက်ခက်ခဲခဲ တွေ့ရတုန်း ရှင့်အတွက် ကျောင်းသွေး နည်းနည်းလောက် တောင်းထားမလို့ စဉ်းစားလိုက်သေးတယ်။ ဘယ်သိမှာလဲ။ အဲဒါက မိစ္ဆာတစ်ပိုင်း ဖြစ်နေတယ်လေ။ တခြားမိစ္ဆာတွေရဲ့ သတ္တဝါရဲ့သွေးနဲ့ပဲ လဲလှယ်ခဲ့ရတော့တယ်။ ပြန်ရောက်တဲ့အခါကျရင် ကျွန်မတို့ ယုံးကျိုး မင်ကျင့်စီးကို သွားပြီး ရှန်ကျော်ဆီကနေ ကျွန်မရမယ့် ဝေစုကို သွားတောင်းလို့ရပြီ"
ချန်ဟွေ့ သည်အနည်းငယ် အံ့အားသင့်သွားတော့သည်။ "ပိုင်လူကြီးမင်း သတ်လိုက်တာ မဟုတ်ဘူးလား"
အားချန်က ရှူး တိုးတိုးဟူသည့် လက်ဟန်ခြေဟန်လေးတစ်ခု ပြုလုပ်ပြလိုက်သည်။ ချန်ဟွေ့ကလည်း သဘောပေါက်သွားပြီး ထိုအကြောင်းကို ဆက်ပြီးမဆွေးနွေးတော့ချေ။
"အဲ့ဒီကျောင်းက ဘာဖြစ်လို့ ရှင့်ကို ပစ်မှတ်ထားတာလဲ သိပြီလား။ ရှန်းမောင်နှမတွေနဲ့ ပတ်သက်နေတာလား"
အားချန်က အဖြစ်ဆိုးကြုံရသည့် ကိစ္စတွင် အကြီးမားဆုံး သံသယရှိသူမှာ သူမနှင့် ရန်ငြိုးရှိသည့် ရှန်းယင့်ကျူပင် ဖြစ်လေသည်။ ချန်ဟွေ့သည် သူတို့၏သင်္ဘော ရှီးလင်သို့ ဆိုက်ကပ်ခဲ့ချိန်က အားချန်အကြောင်း ထည့်သွင်းပြောဆိုနေချိန်တွင် ရှန်းယင့်ကျူ၏ မျက်နှာပေါ်က ကျေနပ်နေသည့် အမူအရာကို မှတ်မိနေသေးသည်။
"သူတို့နဲ့ ပတ်သက်တာပေါ့။ အဲ့ဒီကျောင်းကို ရှန်း မိသားစုက မွေးထားတာလေ။ ဒီမိသားစုလက်ထဲမှာ ဘာအန္တရာယ်ရှိတဲ့ ပစ္စည်းတွေ ရှိနေ သေးလည်းမသိဘူး။ လောလောဆယ်တော့ ခဏလောက် ရှောင်နေလိုက်တာ ပိုကောင်းမယ်" ထိုနောက်တွင်တော့ သူမက ခပ်တိုးတိုးလေး ပြောလိုက်၏။ "နောက်ပိုင်းကျရင် လက်စားပြန် ချေရမယ့်အချိန်တော့ ရှိလာမှာပါ"
အားချန်က ဒီလိုပြောလာသည်ကို ကြားလိုက်ရသည်တွင် ချန်ဟွေ့သည် မအံ့သြပဲ မနေနိုင်အောင် ဖြစ်သွားတော့၏။ "ရှင် ရှန်းမိသားစုအပေါ် တော်တော်လေး အငြိုးကြီးနေတာပဲ"
ယခင်က သူမနှင့် နက်ရှိုင်းသောရန်ငြိုးရှိသည့် ရွှဲမိသားစုဝင်များကို ရင်ဆိုင်ရအချိန်ကပင် အားချန်သည် အခြေအနေအတိုင်းသာ လိုက်ပါဆောင်ရွက်တတ်ပြီး အခွင့်အရေးရမှသာ လက်တုံ့ပြန်တတ်၏။ နောင်တစ်ချိန်တွင် မည်သူကို လက်စားပြန်ချေ ရမည်ဟူသည့် စကားမျိုးကို အလွယ်တကူ ထုတ်ပြောလေ့မရှိခဲ့ချေ။
သူမ၏နှစ်သက်မှုနှင့် မနှစ်သက်မှုများကို ဒီလိုရှင်းလင်းစွာ ဖော်ထုတ်ပြသ လိုက်သည့် ရှန်းမိသားစုသည် သူမကို မပျော်ရွှင်စေသည့် ကိစ္စရပ်တစ်ခု လုပ်ဆောင်ခဲ့သည်မှာ ထင်ရှားလေသည်။
အားချန်ကလည်း ငြင်းဆိုမနေဘဲ ပြောလိုက်တော့၏။ "ရှန်း မိသားစုလို အကိုင်းအခက်တွေ ဝေဆာနေတဲ့ မျိုးနွယ်ကြီးတွေက မြေကြီးအောက်မှာ ရုပ်အလောင်း ဘယ်လောက်များများ မြှုပ်နှံထားပြီးပြီလဲ။ အပြစ်မဲ့တဲ့သူတွေ ဘယ်လောက်များများ သတ်ဖြတ်ခဲ့ပြီးပြီလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူးလေ။ သူတို့က ကျွန်မကိုပါ အဲဒီထဲက တစ်ယောက် ဖြစ်စေချင်နေကြတာ။ တကယ်ကို ရိုင်းစိုင်းကြတာပဲ"
ဒီအကြောင်း ကြောင့်ပဲတဲ့လား။ ချန်ဟွေ့သည် ဆက်ပြီးလည်း မမေးမြန်းတော့ချေ။
နောက်တစ်နေ့တွင် အားချန်သည် ကျန်းမာသည့် နေ့စဉ်ပုံစံအလေ့အထကို ပြန်လည်ရောက်ရှိသွားပြီး စစ်အချိန် မတိုင်ခင်အထိ အိပ်ရာက လုံးဝမထတော့ပေ။
ချန်ဟွေ့ကတော့ အပြင်ဘက်စျေးမှ တစ်ပတ်လှည့်လည်ကြည့်ရှုခဲ့ပြီး ပြန်ရောက်လာမှ အားချန်မှာ ပျင်းရိလေးတွဲစွာ တံခါးကို တွန်းဖွင့်ကာ လှပလှသည့် နေ့သစ်တစ်ခုကို စတင်လိုက်လေသည်။
အားချန်သည် မွှေးရနံ့နောက် လိုက်ပါလာပြီး မီးဖိုချောင်သို့ ရောက်ရှိလာခဲ့၏။ ချန်ဟွေ့က ဗာဒံစေ့လက်ဖက်ရည်ကို ကြိုချက်နေပြီး သင်းပျံ့နေသည့် ဗာဒံစေ့ ရနံ့လေးက မျက်နှာကိုလာရောက် ထိရိုက်နေလေသည်။
သူမ ဝင်လာသည်ကို မြင်လိုက်ရသောအခါ ချန်ဟွေ့က သူမအတွက် ဗာဒံစေ့ လက်ဖက်ရည်တစ်ခွက်ကို ခပ်ထည့်ကာ ဘေးကစားပွဲပေါ်သို့ တင်ပေးလိုက်လေသည်။ ထိုစားပွဲပေါ်တွင်လည်း မုန့်တစ်ထုပ် ရှိနေသေး၏။
အားချနိက မုန့်နှင့်အတူ ဗာဒံစေ့ လက်ဖက်ရည်ကို ကုန်စင်အောင် သောက်လိုက်ပြီး နောက်ဆုံးတွင်တော့ ချီးကျူးစကား ပြောလိုက်တော့သည်။ "ဗာဒံစေ့ လက်ဖက်ရည်က တကယ်အရသာ ရှိတာပဲ။ ဟွေ့ညန်က တကယ်တော်တာပဲ"
ထိုနောက်တွေတော့ သူမက ပန်းကန်အလွတ်ကို မြောက်ပြလိုက်၏။
ချန်ဟွေ့သည် သူမကို တစ်ချက်လှမ်းကြည့်ကာ ပြောလေသည်။ "အရသာရှိပေမယ့် နောက်တစ်ခွက်တော့ မရှိတော့ဘူး။ နည်းနည်းပဲသောက်။ မဟုတ်ရင် နေ့လယ်စာတောင် စားဝင်တော့မှာ မဟုတ်ဘူး"
အားချန်က သူမကို ချွဲနွဲ့စွာ ပြောလိုက်၏။ "အများကြီး ကျန်သေးတာပဲကို နောက်တစ်ခွက်လောက် ထပ်သောက်လို့ ကျွန်မ ထမင်းစားမပြတ်ပါဘူး"
"ပိုနေတာက ဟွေရွှယ်နဲ့ ဝူမာမားကိုပေးဖို့။ ရှင် စဉ်းစားမနေနဲ့တော့"
အားချန်သည် ချက်ချင်းဆိုသလို ညှိုးငယ်သွား လေတော့သည်။
မွန်းလွဲပိုင်း နေ့လယ်စာ စားပြီးနောက်တွင် အားချန်နှင့် ချန်ဟွေ့တို့သည် ရှန်းအိမ်တော်သို့ တစ်ဖန်သွားရောက် လည်ပတ်ခဲ့ကြ၏။ တံခါးလာဖွင့်ပေးသူမှာ အိမ်တော်မှ အစေခံမလေးတစ်ယောက် ဖြစ်လေသည်။ ထိုဆအစေခံမလေးကို ချန်ဟွေ့က တွေ့ခဲ့ပြီးဖြစ်ကာ သူမ၏နာမည်မှာ လွီဝူဟု ခေါ်ပုံရသည်။ သူမသည် မကြာသေးခင်က ရှန်းမိသားစုမှ ရှန်းချင်းဝူကို ပြုစုစောင့်ရှောက်ပေးရန် စေလွှတ်ခံထားရသူ ဖြစ်သည်။
လွီဝူသည်လည်း သူတို့နှစ်ဦးကို မှတ်မိနေသဖြင့် သူတို့ဖြစ်သည်ကို မြင်လိုက်ရသည်တွင် သူတို့ကို ပင်မခြံဝင်းထဲသို့ ခေါ်ဆောင်လာခဲ့ပြီး ပင်မဆောင်၏ အရှေ့ဘက်သို့ ပို့ဆောင်ပေးလိုက်လေသည်။
အခန်းထဲတွင် ဘာလုပ်နေသည်ကို မသိရသော်ငြားလည်း အခါအားလျော်စွာ အော်ဟစ်ရုန်းကန်သံများ ထွက်ပေါ်လို့နေသည်။
အားချန်က လွီဝူကို ကြည့်လိုက်သည်တွင် လွီဝူက နှုတ်ခမ်းထောင့်ကို ကွေးလိုက်ပြီး ရှင်းပြလာသည်။ "မိန်းကလေး ချင်းဝူက ဆော့နေတာပါ။ ထမင်းစားရင်း ဟင်းတွေကို သူ့ကိုယ်ပေါ်လောင်းချလို့ အခုအခန်းထဲမှာ ရေချိုးနေတယ်။ မိန်းကလေး ဟွေရွှယ်ကလည်း မလုပ်တတ် မကိုင်တတ်ဘူး ထင်တယ်။ လူကို စိတ်ဆိုးအောင် လုပ်လိုက်ပြန်ပြီ ထင်တယ်"
အမှန်တွင်တော့ ဟင်းများကို မိမိကိုယ်ပေါ် လောင်းချလိုက်ရုံမက သူတို့လို ပြုစုစောင့်ရှောက်ပေးရမည့် အစေခံမလေးများပင် ထိခိုက်ကုန်ကျလေသည်။ သူမပင်လျှင် အဝတ်အစား သပ်သပ်တစ်စုံ ဝတ်ဆင်ခဲ့ရပြီး ရေပင် မချိုးရသေးချေ။ ရှန်းဟွေရွှယ်သည် သူတို့ကို ကာကွယ်ထားပြီး ရှန်းချင်းဝူ အနားသို့ အကပ်မခံသည်ကို တွေးမိလျှင် လွီဝူမှာ စိတ်ထဲတွင် သရော်မိလေသည်။ တကယ်ပဲ သူတို့ကဒီအရူးမကို လာပြီးစောင့်ရှောက်ချင်ကြတယ်များ ထင်နေတာလား။ မျိုးနွယ်စုခေါင်းဆောင်ရဲ့ အမိန့်သာ မဟုတ်ဘူးဆိုရင် ဘယ်သူက ဒီလိုနေရာကို လာမှာလဲ။
လွီဝူ၏ အတွေးကိုဘယ်သူမှ မသိနိုင်သော်ငြားလဲ သူမ၏ လေသံထဲတွင် ဖုံးကွယ်ဖို့ရန် ခက်ခဲသည့် သရော်လှောင်ပြောင်မှုကတော့ ပေါ်လွင်လို့နေသည်။
အားချန်က ထိုစကားကို ကြားလိုက်ရသော်ငြားလည်း ဘာမှမပြောလိုက်ပေ။ သို့သော် ရှန်းဟွေရွှယ်၏ ရည်ရွယ်ချက်ကိုတော့ နားလည်လိုက်လေသည်။ ဆော့တယ်ဆိုတာက ရှန်းမိသားစုက လွှတ်လိုက်တဲ့ ဒီလူတွေကို ရှောင်ရှားဖို့ တမင်သက်သက် ဆင်ခြေရှာတာပဲ ဖြစ်ရမယ်။
အားချန်တို့က ဘာမှမတုံ့ပြန်လာသည်ကို တွေ့ရသည်တွင် လွီဝူသည် နှုတ်ခမ်းစူလိုက်ပြီး အရှေ့သို့တက်ကာ အခန်းတံခါးကို အကြိမ်အနည်းငယ် ခေါက်လိုက်တော့၏။ အတွင်းက အသံများမှာ အနည်းငယ်တိုးသွားပြီး ခဏအကြာတွင် စကပ်အနားစများ စိုရွှဲနေသည့် ရှန်းဟွေရွှယ်က တံခါးလာဖွင့်ပေးလေသည်။ အပြင်ဘက်ကလူများမှာ အားချန်နှင့် ချန်ဟွေ့ ဖြစ်နေသည်ကို မြင်လိုက်ရသဖြင့် သူမ၏မျက်နှာပေါ်က တင်းမာနေသည့် အမူအရာသည် အများကြီး ပျော့ပျာင်း သွားတော့၏။
"နောက်ဆုံးတော့ ရှင်တို့တွေ ရောက်လာကြပြီ။ အထဲဝင်ပြီး ထိုင်ကြပါအုံး"
ထိုသို့ပြောလိုက်ပြီးနောက် လွီဝူကို ထပ်ပြောလိုက်၏။ "ဒီမှာ ရှင့် အကူအညီမလိုတော့ဘူး။ ရှင် အရင် ပြန်သွားလိုက်တော့"
"ဟုတ်ကဲ့"
လွီဝူကို ပြန်လွှတ်လိုက် ပြီးနောက်တွင် သူတို့နှစ်ဦးကို အခန်းထဲသို့ ဖိတ်ခေါ်ကာ တံခါးကို သေသေချာချာ ပိတ်ထားလိုက်ပြီးမှ ရှန်းဟွေရွှယ်က အားချန်ကို တိုးညင်းစွာ ပြောလာခဲ့သည်။ "မနေ့က ကျွန်မအမေ သုံးပြီးသား ရေက တကယ်ပဲ အနီရောင်ဖြစ်နေတယ်"
သူမ၏အသံထဲတွင် အနည်းငယ် ရှိုက်သံပါနေပြီး ယခုအချိန်အထိ မယုံကြည်နိုင် ဖြစ်နေသေးလေသည်။ ကိုယ်တိုင်မျက်မြင် မတွေ့ခဲ့ရလျှင် သူမအမေသည် အမှန်တကယ် အဆိပ်သင့်နေခဲ့သည်ကို လုံးဝ ယုံကြည်နိုင်လိမ့်မည် မဟုတ်ပေ။
"ဒါ ကကောင်းတာပဲ မဟုတ်လား။ သူ မကြာခင် ပြန်ကောင်းလာတော့မှာပါ" အားချန်က နှစ်သိမ့်ပေးလိုက်၏။
ရှန်းဟွေရွှယ်က ခေါင်းကိုလေးပင်စွာ ငြိမ့်ပြလိုက်တော့သည်။
အတွင်းခန်းထဲတွင် ရှန်းချင်းဝူ ရေစိမ်ရမည့်အချိန်မှာ မပြီးဆုံသေးသဖြင့် သူတို့နှစ်ယောက်ကအထဲသို့ ဝင်သွားရန်လည်း မသင့်တော်ချေ။ ကံအားလျော်စွာ ရေစိမ်နေသည်မှာ တစ်နာရီကျော် ရှိနေပြီဖြစ်ကြောင်း ခဏအကြာတွင် ထွက်လာနိုင်တော့မည်ဖြစ်ကြောင်း ရှန်းဟွေရွှယ်က ပြောလာ၏။
သူတို့သုံးယောက်သည် အခန်းအပြင်တွင် ထိုင်နေကြပြီး ရှန်းဟွေရွှယ်က အားချန်ယူလာသည့် ဗာဒံစေ့ လက်ဖက်ရည်ကို သောက်ရင်း သူတို့နှင့်အတူ စကားစမြည် ပြောဆိုနေကြသည်။
စကားစပ်မိသွားပြီး ငယ်စဉ်က သူမတစ်ယောက်တည်း ထွက်ပြေးခဲ့ကာ လူကုန်ကူးခံရပြီး ရောင်းစားခံရတော့မည့်ဆဲဆဲ ဖြစ်ခဲ့သည့် အကြောင်းအရာ များဆီသို့ ရောက်သွားတော့၏။ "အဲဒီတုန်းက ကျွန်မအမေဘေးမှာ စောင့်ရှောက်တဲ့ အစေခံမလေးတွေ အားလုံးက မျိုးနွယ်စုက လွှတ်လိုက်တဲ့ သူတွေချည်းပဲ။ သူတို့က ကျွန်မအမေရဲ့ဘေးမှာ နေ့တိုင်းဝိုင်းနေကြပြီး ကျွန်မကိုအမေနဲ့ တွေ့ခွင့်မပေးဘူးလေ။ ကျွန်မကို အပြင်ထွက်ဆော့ဖို့ ခဏခဏ မောင်းထုတ်ကြတယ်။ အခု ပြန်စဉ်းစားကြည့်တော့မှ တမင်သက်သက် လုပ်ခဲ့ကြတာပဲ ဖြစ်မယ်"
"ရှင် ဘယ်လိုလုပိပြီးတော့ လွတ်မြှောက်လာတာလဲ" အားချန်ကလည်း သိလို့စိတ်ဖြင့် မေးလိုက်လေသည်။
ရှန်းဟွေရွှယ်က ခဏလောက် ပြန်စဉ်းစားလိုက်ပြီးမှ ပြောလာ၏။ "ကျွန်မက တစ်ဖက်လူရဲ့ လက်ကောက်ဝတ်ကို ကိုက်ပစ်လိုက်တာ။ အဲဒီတုန်းက ကျွန်မရဲ့သွားတွေက အရမ်းထက်တယ်။ တစ်ချက်ပဲ ကိုက်လိုက်တာ။ အဲဒီလူလက်ကနေ သွေးတွေ အများကြီး ထွက်လာတယ်။ ကျွန်မလည်း အခွင့်အရေးရတုန်း ထွက်ပြေးလာခဲ့တာပဲ"
ထိုသို့ပြောလိုက်ပြီးနောက် သူမသည် အနည်းငယ် နှမြောတသစွာ ပြောလာခဲ့သည်။ "နှမြောစရာ ကောင်းတာက ကြီးပြင်းလာလေလေ ကျွန်မခန္ဓာကိုယ်အပေါ်က မိစ္ဆာမျိုးနွယ်ရဲ့ လက္ခဏာတွေက နည်းသွားလေလေပဲ။ ကျွန်မသာ အဖေ့ရဲ့ တဝက်လောက် တော်ရင် ကောင်းမှာပဲ"
ကံဆိုးချင်တော့ ရှန်းဟွေရွှယ်ရဲ့ ဆန္ဒကလည်း ပြည့်ဖို့ခက်ခဲလိမ့်မယ်။ ငါနဲ့ အားမန်လိုပဲပေါ့။ အဖေအမေအတူ သားသမီးတွေ ဖြစ်ပေမယ့် ငါက မွေးရာပါ အမြီးရှစ်ချောင်းနဲ့ အဖေ့ဆီက အစွမ်းနဲ့ သွေးကြောတွေကို အမွေဆက်ခံရပေမယ့် အားမန်ကတော့ ဘာမှမရခဲ့ဘူး။
မိစ္ဆာတစ်ပိုင်းအများစုက ငါ့လူလိုကံကောင်းတာမျိုး မရှိလောက်ပါဘူး။
ဒါကြောင့် ငါကတော့ မိစ္ဆာဖြစ်ရတာ အမြဲကောင်းတယ်လို့ ထင်ခဲ့တာ။ အားမန်သာ ဆိုရင်တော့ ငါနဲ့အတွေး ဆန့်ကျင်ဘက်ဖြစ်နေမှာပဲ။
အားချန်သည် ခဏလောက် စဉ်းစားလိုက်ပြီးနောက် ပြောလိုက်၏။ "တကယ်လို့ ရှင့်အဖေရဲ့ အမြုတေသာ ကျန်ခဲ့မယ်ဆိုရင် ရှင့်အတွက် အသုံးဝင်နိုင်လောက်တယ်"
အဖေနှင့် သမီးကြားတွင် အမြုတေထဲက မိစ္ဆာစွမ်းအားကို အမွေဆက်ခံနိုင်သည့် အခွင့်အရေးရှိလေသည်။ မိစ္ဆာတစ်ပိုင်းဖြစ်သည့်တိုင် ဒဏ်ပြန်သက်ရောက်မှု ဖြစ်စေရန်မလွယ်ကူချေ။
ရှန်းဟွေရွှယ်က ခေါင်းခါပြလိုက်ပြီး ဒီကိစ္စအပေါ်တွင် မျှော်လင့်ချက် တစ်စုံတစ်ရာ မထားရှိချေ။ "ဒီလောက်အချိန်တွေ ကြာနေပြီပဲ။ ကျန်ခဲ့ရင်တောင်မှ ရှန်းမိသားစု လက်ထဲမှာပဲ ရှိနေမှာ"
"ရှင့်လက်ထဲကို ပြန်ရောက်လာနိုင်မယ့် အခွင့်အရေးရှိတာပဲလေ"
ရှန်းဟွေရွှယ်က ရယ်မောလိုက်လေသည်။ "ကျွန်မလည်း အဲဒီအခွင့်အရေး ရဖို့မျှော်လင့်ပါတယ်"
သူမ၏မျိုးရိုး အခြေအနေကြောင့် မိခင်၏ ရူးသွပ်သည့်ရောဂါကြောင့် သူမ၏အတိတ်သည် အမြဲတမ်း အမှောင်ကျခဲ့ရသည်။ ဒီနှစ်တလျှောက်တွင် တခြားသူများ၏ အကြည့်များက သူမကို နေရောင်ခြည် အောက်တွင်ပင် ရပ်တည်ဖို့ရန် မထိုက်တန်သလို ခံစားရစေ၏။
ထိုအတိတ်များကို သူမသည် မည်သူ့ကိုမှ ထုတ်ဖော်ပြောကြား ခြင်းမရှိသလို သော်ငြားလည်း ယခုအချိန်တွင်တော့ အားချန်ကိုစိတ်ထဲတွင် ဘာစိုးရိမ်ပူပန်မှုမှ မရှိဘဲ ပြောပြနိုင်ခဲ့လေသည်။
သုံးယောက်သား စကားပြောနေကျစဉ်တွင် အတွင်းခန်းထဲက ရှန်းချင်းဝူ၏ အသံသည် မည်သည့်အချိန်က ပျောက်ကွယ်သွားသည်ကိုပင် မသိလိုက်ချေ။
ရှန်းဟွေရွှယ် သတိပြုမိချိန်တော့ ဝူမားမားသည် အတွင်းခန့်ထဲက ထွက်လာသည်ကို တွေ့လိုက်ရ၏။ သူမက သူတို့သုံးယောက်ကို ပြုံးပြလိုက်ကာ တိုးညှင်းစွာ ပြောလာသည်။ "ချင်းဝူ အိပ်ပျော်သွားပြီ။ ရှင်တို့ ခဏလောက် ထိုင်စောင့်နေကြအုံး။ ရေစိမ်လို့ ပြီးသွားရင် ကျွန်မ ထပ်ခေါ်လိုက်မယ်"
ဝူမားမားသည် ဒီကိစ္စမှာ အားချန်အကြံပေးသည့် နည်းလမ်းဖြစ်ကြောင်း စိတ်ထဲမှ သိနေသဖြင့် သူမကို မည်သို့ကျေးဇူးတင်ရမည်ကို မသိတော့ချေ။ ချင်းဝူသည် ပြန်လည်ကောင်းမွန်လာမည့် နေ့တစ်နေ့ ရှိလာလိမ့်မည်ဟုလည်း သူမ မျှော်လင့်ခဲ့ဖူးချေ။
"ဝူမားမား ဗာဒံစေ့ လက်ဖက်ရည်လေး သောက်ပါဦး"
"ဪ" ဝူမားမားသည် ပြန်ဖြေလိုက်ပြီး ချိုမြိန်လှသည့် ဗာဒံစေ့ လက်ဖက်ရည်ကို သောက်သုံးပြီးနောက် လူသည်လည်း ပေါ့ပါးလန်းဆန်းသွားကာ မကြာခင်တွင် အတွင်းခန်းသို့ ပြန်ဝင်သွားလေတော့သည်။
ခဏအကြာတွင်တော့ သူတို့သည် ဝူမားမားက အတွင်းခန်းထဲမှ စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည့်အသံကို ရုတ်တရက် ကြားလိုက်ရ၏။ "ဟွေရွှယ် မြန်မြန်လာ။ သမီးရဲ့အမေ နိုးလာပြီ"
ရှန်းဟွေရွှယ်သည် ဝူမားမား၏ပုံမှန်မဟုတ်သည့် အပြုအမူကို အနည်းငယ် ထူးဆန်းနေမိ၏။ သူမက ကာထားသည့်ခန်းဆီးကို ကျော်ဖြတ်သွားကာ ရေဇလုံထဲတွင် ထိုင်နေဆဲဖြစ်သည့် မိခင်ဖြစ်သူကို မြင်လိုက်ရသည်တွင် အကြည့်ချင်း ဆုံမိသွားတော့သည်။
သူမ၏မျက်လုံးများထဲက စိတ်ခံစားချက်များသည် ယခင်ကလို ရိုးရှင်းနေသည် မဟုတ်ဘဲ ရှုပ်ထွေးကာ ဝမ်းနည်းပူဆွေးပြီး ရှန်းဟွေရွှယ် တစ်ခါမှ မမြင်ဖူးသည့်အရာများ ဖြစ်နေတော့သည်။
"အမေ" သူမက သွေးတိုးစမ်းကာ လှမ်းခေါ်လိုက်၏။
ရှန်းချင်းဝူ၏ မျက်ဝန်းထဲက မျက်ရည်များသည် ရုတ်တရက်ပါးပြင်ပေါ်သို့ လျောကျလာလေတော့သည်။ "မင်း ... ဟွေရွှယ်လား"
ရှန်းဟွေရွှယ်သည် မှင်သက်အံ့သြသွားပြီး ခဏအကြာတွင်တော့ မျက်လုံးများ အဝိုင်းသား ဖြစ်သွားတော့၏။ "အမေ ... ကျွန်မကိုမှ တ်မိပြီလား"
ဤသည်မှာ သူမကို အမှန်တကယ် မှတ်မိသွားခြင်းဖြစ်ပြီး မျက်စိတစ်မှိတ်အတွင်း သူမကို ဘယ်သူလဲဟု ပြန်မေးတော့မည့် ပုံစံမျိုး မဟုတ်တော့ပေ။
"ဟွေရွှယ် သမီး ဒီလောက်တောင် ကြီးလာပြီပဲ"
သူမ၏ မှတ်ဉာဏ်ထဲတွင် သမီးဖြစ်သူသည် သေးငယ်သည့် အလုံးလေး တစ်လုံးမျှသာဖြစ်ပြီး နုနယ်ကာ ပျက်စီးလွယ်ခဲ့လေသည်။
"ဟုတ်တယ်။ သမီး ကြီးလာပြီ" ရှန်းဟွေရွှယ်က ခပ်တိုးတိုးလေး ပြန်ဖြေလိုက်၏။
ရှန်းချင်းဝူသည် မျက်နှာပေါ်က မျက်ရည်များကို သုတ်လိုက်ပြီး အသံကလည်း အနည်းငယ် မပီမသဖြစ်လို့နေသည်။ "ဒီတစ်ခေါက် အိပ်ပျော်သွားတာ တော်တော်ကြာတာပဲ"
သူမက ဝူမားမားဘက်သို့ ခေါင်းလှည့်ကြည့်လိုက်ရာ ဝူမားမား၏ ဆံပင်များပင် ဖြူဖွေးလို့နေသည်။ ဝူမားမားသည်လည်း ပြုံးနေသော်ငြား မျက်ဝန်းအိမ်ကတော့ နီရဲလို့နေ၏။ "မိန်းကလေး နိုးလာရင် အဆင်ပြေပါပြီ"
ရှန်းချင်းဝူသည် အတွင်းခန်းထဲတွင် အဝတ်အစား လဲလှယ်ခဲ့ပြီး သမီးဖြစ်သူနှင့် ဝူမားမားတို့၏ စကားများကို နားထောင်ပြီးမှ အမှန်တကယ် ဖြစ်ပျက်သွားသည့် အကြောင်းအရာကို သိရှိသွားလေတော့သည်။
"ဟွေရွှယ်ရဲ့ သူငယ်ချင်းက အမေ အဆိပ်သင့်နေတာကို တွေ့သွားတာ။ ပြီးတော့ သမီးတို့ကို အဆိပ်ဖြေဆေး ပြောပြခဲ့တာလား"
ရှန်းဟွေရွှယ်က ခေါင်းငြိမ့်ပြလိုက်၏။ အားချန်နဲ့ ဟွေ့ညန်တို့ အပြင်မှာရှိတယ်။ သူတို့က ရှန့်ကျင်းမှာ သမီးသိခဲ့တဲ့ သူငယ်ချင်းတွေပါ။ ဒီတစ်ခေါက် အလည်အပတ်လာကြတာ"
သမီးဖြစ်သူက အားချန်အကြောင်း ပြောသွားချိန်တွင် မျက်နှာပေါ်၌ ဖုံးကွယ်မထားသည့် ဝမ်းသာပျော်ရွှင်မှုကို မြင်တွေ့ရသည်တွင် ရှန်းချင်းဝူသည်လည်း လိုက်ပြုံးမိလေသည်။
အားချန် ...
နာမည်က တော်တော်ရင်းနှီးတာပဲ။
လျိုဖုန်းသည် သူ၏မျိုးနွယ်စုအကြောင်းကို ပြောလေ့ပြောထ မရှိချေ။ တစ်ဦးတည်းသော ပြောဆိုတတ်သူမှာ သူ၏ အစ်ကိုကြီးကလွဲလျှင် သူ့အစ်ကိုကြီး၏သမီး အားချန်ပင် ဖြစ်လေသည်။
တကယ်လို့ အဲဒီတုန်းကသာ ငါတို့တွေ ရှီးလင်ကနေ ထွက်သွားနိုင်ခဲ့ကြမယ်ဆိုရင် အားချန်နဲ့ တွေ့ခွင့်ရမှာ။ ကံဆိုးချင်တော့ ဒီလိုရေစက်မျိုး မရှိခဲ့ဘူးပဲ။
ဟွေရွှယ်ပြောတဲ့ အားချန်က လူသား။ ငါ သိတဲ့အားချန်ကတော့ ဟွေရွှယ်လိုပဲ မိစ္ဆာတစ်ပိုင်း။
တကယ်ပဲ နာမည်တူသွားတာလား။ ဒါမှမဟုတ် ... ဒီနှစ်တွေအတွင်းမှာ မတော်တဆမှုများ ဖြစ်သွားခဲ့တာလား။
"အမေ့ကို အားချန်အကြောင်း နည်းနည်းပြောပြပါဦး။ သမီးတို့သိတာ ဘယ်လောက်ကြာပြီလဲ" ရှန်းချင်းဝူက မေးလိုက်သည်။
"တကယ်တော့ နှစ်လတောင် မပြည့်သေးပါဘူး" ရှန်းဟွေရွှယ်သည် အနည်းငယ် ရှက်က်ရွံ့သွားပြီး အပြင်ကလူများ ကြားသွားမှာကို စိုးရိမ်သဖြင့် လေသံကို အနည်းငယ် နှိမ့်ထားလိုက်တော့သည်။ "သမီးတို့တွေ ဘုရားကျောင်းမှာ တွေ့ခဲ့ကြတာ။ တစ်ယောက်နဲ့တယောက် တွေ့တွေ့ချင်းပဲ ရင်းနှီးသွားကြတာ။ သူက တခြားသူတွေလို သမီးကို ရှောင်မနေဘူးလေ။ သမီးတို့ အကြိုက်ချင်လည်း တော်တော်များများ တူကြတယ်။ သမီး သူ့ကို အရမ်းသဘောကျတာပဲ"
ရှန်းချင်းဝူက ပြုံးကာနားထောင် နေလိုက်သည်။ သမီးဖြစ်သူ မြို့တော်တွင်နေသည့် ဘဝအကြောင်း တမင်တကာ ရှောင်ကွင်းပြောဆိုပြီး အားချန်ထံက အတွေ့အကြုံများကိုသာ ပြောပြနေသည်ကို နားထောင်မိနေသည်။ သူတို့နှစ်ဦးသည် အမှန်တကယ် သိကျွမ်းသည်မှာ မကြာသေးပုံရပြီး အတူတူမျှဝေခံစားခဲ့ရသည့် အမှတ်တရ များစွာမရှိသေးသော်ငြား ဟွေရွှယ်ကတော့ အလွန်ပျော်ရွှင်နေပုံရ၏။
မိခင်ဖြစ်သူက အလေးအနက်ထားကာ နားထောင်နေသည်ကို မြင်လိုက်ရသည်တွင် နောက်ဆုံးတော့ ရှန်းဟွေရွှယ်က ဖြည့်စွက်ကာ ပြောလိုက်သေးသည်။ "ပြီးတော့လေ အားချန်က သမီးရဲ့နာမည်ကို ကြားပြီးတာနဲ့ သမီးရဲ့မိသားစုထဲက အကြီးအကဲနာမည်က လျိုဖုန်းလို့ ခန့်မှန်းခဲ့တယ်တော့။ အမေ တိုက်ဆိုင်တယ်လို့ မထင်ဘူးလား"
တကယ်ပဲ တိုက်ဆိုင်တာများလား။
ရှန်းချင်းဝူသည် လျိုဖုန်းက သူမကို တစ်ချိန်က ပြောခဲ့သည်ကို မှတ်မိနေသေးသည်။ “ငါတို့ရဲ့အားချန်က ဘာကိုမှ ဂရုစိုက်တာ မဟုတ်ဘူး။ သူက ဟွေရွှယ်ဆိုတာ နားထောင်လို့ ကောင်းနေတဲ့။ ငါတို့သမီးလေးကို ဟွေရွှယ်လို့ နာမည်ပေးလိုက်ရင် မကောင်းဘူးလား”
ထိုအချိန်က သူမသည် မရွှေမပျ ဖြစ်သွားခဲ့ပြီး သူ့ကို လက်သီးဖြင့် နှစ်ချက်ဆင့်ထုကာ ညည်းတွားမိ လိုက်သေးသည်။ "ရှင်က ဘယ်လိုဖြစ်ပြီး ဒီလောက်ပေါ့ပေါ့ဆဆ နိုင်ရတာလဲ။ သမီးရဲ့နာမည်ကိုတောင် တူမကို ပေးခိုင်းရတယ်လို့"
နောက်ပိုင်းတွင်တော့ ... သူမသည် သူတို့၏သမီးကို ဟွေရွှယ်ဟုသာ ခေါ်တွင် စေခဲ့သည်ပင်။
ရှန်းချင်းဝူ၏ အတွေးများသည် ပြန်လည်စုစည်း သွားချိန်တွင်တော့ သမီးဖြစ်သူက သူမကိုမေးမြန်းသည်ကို ကြားလိုက်ရ၏။ "အမေ အမေ့ကို ဘယ်သူအဆိပ်ခတ် သွားလဲဆိုတာ သိလား။ ရှန်းမိသားစုဝင်တွေလား"
သူမ ခုနက အဆိပ်သင့်ကြောင်း ပြောပြခဲ့ချိန်တွင် သူမှမိခင်၏ တုံ့ပြန်မှုမှာ အံ့သြစရာကောင်းလောက်အောင် တည်ငြိမ်နေခဲ့လေသည်။
ရှန်းချင်းဝူက ထိုစကားကို ကြားလိုက်ရပြီးနောက် လက်မြောက်ကာ သမီးဖြစ်သူ၏ နူးညံ့လှသည့် ဆံနွယ်လေးကို ပွတ်သပ်ပေးလိုက်ပြီး သူမကိုပြောပြလိုက်၏။ "သမီးရဲ့သူငယ်ချင်းတွေကို အထဲကို ဖိတ်ခေါ်လိုက်ပါ။ ခဏနေကျရင် အမေ သူတို့ကို ပြောပြမယ်"
"ဟုတ်ကဲ့"
ရှန်းဟွေရွှယ်သည် အားချန်နှင့် ဟွေ့ညန်တို့ကို သွားရောက်ခေါ်ဆောင်ခဲ့ သော်ငြားလည်း ဝူမားမားကတော့ ရှောင်ထွက်သွားခဲ့၏။ ရှန်းချင်းဝူသည် သူမအား အတွင်းရေး အကြောင်းအရာ များစွာကို သိရှိစေရန် မလိုလားခဲ့ချေ။ ထိုကိစ္စကလည်း သူမအတွက် ကောင်းမွန်သည့် ကိစ္စရပ်တစ်ခု မဟုတ်ချေ။
ဟွေရွှယ်က သူမအမေ နိုးလာပြီဖြစ်ပြီး သူတို့ကိုတွေ့လိုသည်ဟု ပြောလာသည်ကို ကြားရသည်တွင် အားချန်သည် ထရပ်လိုက်ပြီး သူမနှင့်အတူ အတွင်းသို့လိုက်ဝင် သွားလေတော့သည်။
ရှန်းချင်းဝူက ယခင်ကအတိုင်း တောက်ပလှသည့် စကပ်တစ်ထည်လေးကို ဝတ်ဆင်ထားဆဲ ဖြစ်သော်ငြား အမူအရာကတော့ များစွာတည်ငြိမ်သွားပြီး မျက်နှာမှာ အေးချမ်းတည်ငြိမ်ကာ မျက်ဝန်းများထဲတွင်လည်း လျှို့ဝှက်ချက်များကို ဖုံးကွယ်ထားပုံရလေသည်။
"မိန်းကလေးချင်းဝူ"
အားချန်နှင့် ချန်ဟွေ့တို့က သူမကိုလှမ်း နှုတ်ဆက်လာသည်ကို ကြားလိုက်ရသည်တွင် ရှန်းချင်းဝူသည်လည်း နှုတ်ခမ်းကို စေ့ကာ ပြုံးပြီး သူတို့ကိုပြန်နှုတ်ဆက်လိုက်၏။ "ထိုင်ကြပါအုံး"
ထိုနောက်တွင်တော့ အားချန်တို့ကို ရှင်းပြလာခဲ့၏။ "အရင်တုန်းက ဟွေရွှယ်ရဲ့အဖေက ကျွန်မကို ဒီလိုပဲ ခေါ်တာလေ။ ကျွန်မလည်း နားထောင်ရတာ ကျင့်သားရနေတော့ အားလုံးကို ဒီလိုပဲခေါ်ခိုင်းထားတာ"
"မိန်းကလေး ချင်းဝူရဲ့ အသိစိတ်တွေ အကုန်ပြန်ပြီးတော့ ကြည်လင်သွားပြီလား" အားချန်က ထပ်မေးလိုက်၏။
"ဒီနှစ်တွေအတွင်းက မှတ်ဉာဏ်တွေကတော့ ဝေဝါးနေတုန်းပဲ။ ဒါပေမဲ့ ကျွန်မအခု လောလောဆယ်တော့ ပုံမှန်လို့ပြောလို့ရပါတယ်" ထိုသို့ပြောလိုက်ပြီးနောက် ရှန်းချင်းဝူက အားချန်ကို ပြောလာသည်။ "ကျွန်မကို ကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"
"မိန်းကလေးချင်းဝူ အားနာစရာ မလိုပါဘူး။ ကျွန်မနဲ့ ဟွေရွှယ်က သူငယ်ချင်းကောင်းတွေပါ။ ဒါကလုပ်သင့် လုပ်ထိုက်တဲ့ကိစ္စပါ"
အားချန်၏မျက်လုံးများက အနည်းငယ်လှု ပ်ရှားသွားခဲ့၏။ ဦးလေး ၆ရဲ့ သေဆုံးမှု အမှန်တရားက လက်တစ်ကမ်းအကွာကို ရောက်နေပြီ။ သူက ငါ့ကိုပြောပြမှာလား။
ထိုအချိန်တွင် ရှန်းဟွေရွှယ်က စိတ်မရှည်တော့ဘဲ စတင်မေးမြန်းလိုက်တော့သည်။ "အမေ အမေ မပြောရသေးဘူးနော်။ အမေ့ခန္ဓာကိုယ်ထဲက အဆိပ်ကို တကယ်တော့ ဘယ်သူခပ်ခဲ့တာလဲ"
အားချန်သည် ထိုစကားကို ကြားလည်းရပြီး ရှန်းချင်းဝူကို လှမ်းကြည့်လိုက်၏။ သူမသည်လည်း သိချင်မိလေသည်။
"အမေကိုယ်တိုင် အဆိပ်ခပ်ခဲ့တာ"
"ဘယ်လို" ရှန်းဟွေရွှယ်မှာ ကြောင်အမ်းအမ်း ဖြစ်သွားကာ "ဘာဖြစ်လို့လဲ"
ရှန်းချင်းဝူသည် ဘေးကစားပွဲပေါ်တွင် တင်ထားသည့် မြူစိမ်း ဂန္တမာပန်းအိုးတစ်အိုးကို လှမ်းကြည့်လိုက်၏။ ပန်းပွင့်များ၏ ပွင့်ဖက်များသည် ပါးလွှာနေရာမှ ထူထပ်လာပြီး ပွင့်ဖက်လေးများစွာ ပွင့်လင်းနေသည်။ သူမက ခပ်တိုးတိုး ပြောလိုက်၏။ "အမေသာ ရူးမသွားခဲ့ရင် သမီးရဲ့အဘိုးက အမေ့မှာ အသုံးချလို့ရတဲ့ တန်ဖိုးရှိနေသေးတယ်လို့ စဉ်းစားလိမ့်မယ်။ သူက အမေတို့ကို အလွတ်ပေးမှာ မဟုတ်ဘူး"
"အဲဒီတုန်းက တစ်ခုခုဖြစ်ခဲ့လို့လား"
သူမ၏မိခင်အရင်းက မရှင်းမလင်း ပြောဆိုနေ သော်ငြားလည်း တိကျသည့်ကိစ္စရပ်တစ်ခု မဖြစ်ပွားခဲ့လျှင် သူမ၏အမေသည် မိမိကိုယ်ကို ဒီလိုမျိုးအဆိပ်ခပ် လိမ့်မည် မဟုတ်ပေ။
ရှန်းချင်းဝူ၏ အကြည့်များသည် သမီးဖြစ်သူမှတစ်ဆင့် အားချန်ဆီသို့ ရောက်ရှိသွား၏။ အားချန်သည် ရှန်းမိသားစုများ၏ ကိစ္စရပ်များကို အလွန်စိတ်ဝင်စားနေပုံ ရလေသည်။
အားချန်က ရှန်းချင်းဝူ၏ အကြည့်များကို သတိထားမိ လိုက်သဖြင့် သူမကိုမော့ကြည့်ကာ ပြန်ပြုံးပြလိုက်၏။
ရှန်းချင်းဝူကလည်း ပြန်ပြုံးပြလာပြီး ရှန်းမိသားစု၏ လျို့ဝှက်ချက်ကို ဖြည်းညှင်းစွာ ထုတ်ဖော်ပြောကြား လာတော့သည်။ "အဲဒီတုန်းက မျိုးနွယ်စုထဲမှာ အရမ်းအရေးကြီးတဲ့ စမ်းသပ်မှုတစ်ခု လုပ်ဆောင်နေခဲ့တာ။ အဲဒါက ရှန်းမိသားစု သွေးပါဝင်တဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ပေးဆပ်စတေးမှုကို လိုအပ်နေတယ်။ အဲဒီအချိန်မှာ ရွေးချယ်စရာ နှစ်ခုပဲရှိခဲ့တယ်။ တစ်ယောက်ကအမေ၊ နောက်တစ်ယောက်ကတော့ အမေ့ရဲ့ညီမဝမ်းကွဲ ရှန်းချင်းယင်ပဲ"
"ဘာစမ်းသပ်မှုလဲ" ရှန်းဟွေရွှယ်က မေးလိုက်၏။
"... လူကို မိစ္ဆာအဖြစ် ပြောင်းလဲဖို့"
ဒီအဖြေက လူတိုင်းကို အမှန်တကယ် အံ့ဩသွားရ စေတော့သည်။ ရှန်းဟွေရွှယ်မှာ အထိတ်တလန့် ဖြစ်သွားပြီး "သူတို့တွေ ရူးနေကြတာလား။ ဘာဖြစ်လို့ ဒီလိုလုပ်ကြတာလဲ"
မိစ္ဆာများကို အမဲလိုက်ခြင်းဖြင့် အသက်မွေးဝမ်းကြောင်း ပြုနေကြသည့် ရှန်းမိသားစုသည် သူတို့၏မျိုးနွယ်စုဝင်များကို မိစ္ဆာများအဖြစ် ပြောင်းလဲ နေခဲ့သေးတဲ့လား။
...