← Chapters

လျိုဖုန်းအကြောင်း နားထောင်ချင်လား ...

Vol. 10 Ch. 93

လျိုဖုန်းအကြောင်း နားထောင်ချင်လား ...

Vol. 10 Ch. 93

သမီးဖြစ်သူက အလွန်အံ့အားသင့်သွားသည်ကို တွေ့လိုက်သောအခါ ရှန်းချင်းဝူသည် မနေနိုင်ဘဲ ရယ်မောမိလေတော့သည်။ သူမသည် ရယ်မောလိုက်သောအခါ အလွန်ပင် တောက်ပနေပြီး အချိန်ကာလက သူမအပေါ်

ခြေရာချန်ထားရစ်ခြင်း မရှိသကဲ့သို့ပင်။

"ဒါပေါ့ အာဏာကို အချိန်အကြာကြီး ဆုပ်ကိုင်ထားနိုင်ဖို့ အတွက်ပေါ့။ ဒီလောကကြီးမှာ အာဏာဆိုတာ အစွမ်းထက်တဲ့ စွမ်းအားနဲ့ ဘယ်တုန်းကမှ သီးခြားစီး ရှိမနေခဲ့ဘူးလေ" ရှန်းချင်းဝူသည် ဒီအကြောင်းကို ရှန်းဟွေရွှယ်အား ဖြည်းဖြည်းချင်း ရှင်းပြလေသည်။

"ဥပမာ ပိုင်မျိုးနွယ် တော်ဝင်မိသားစုလိုပေါ့။ တိုင်းပြည်ကို နှစ်ပေါင်းထောင်ချီ မပြိုမလဲ တည်ထောင်နိုင်ခဲ့တာက ဧကရာဇ်တိုင်းက ထူးချွန်ထက်မြက်နေလို့ မဟုတ်ဘူး။ သူတို့က နှစ်၁၀၀ကြာတိုင်းမှာ အဆင့်၅ဆင့် ကျင့်ကြံသူတွေ ပေါ်ထွက်လာလို့ပဲ"

"ဒါပေမဲ့ ရှန်းမျိုးနွယ်မှာ ဒီလိုအစွမ်းထက်ပြီး ထူးချွန်တဲ့သွေးမျိုးဆက် မရှိခဲ့ဘူး။ ကျွန်မအဖေလက်ထက်မှာ ရောက်လာတဲ့အခါ သူက အဆင့်၃ကို ရောက်တယ်ဆိုရုံလောက်ပဲ ရှိခဲ့တာ။ မျိုးနွယ်ထဲမှာလည်း သေခါနီး ဦးရီးတော်တစ်ယောက်ပဲ အဆင့်၄အဆင့် ရှိခဲ့တယ်။ ပါရမီရှိတဲ့ နောက်မျိုးဆက်တွေ အများကြီးလည်း မကြီးပြင်းလာခင်မှာ မိစ္ဆာကျိန်စာကြောင့် သေဆုံးသွားကြရတယ်။ အဲဒီအချိန်တုန်းက ရှန်းမျိုးနွယ်က ကျဆင်းနေတဲ့ လမ်းကြောင်းပေါ်ကို ရောက်နေခဲ့ပြီ"

"ဒါကြောင့် သူတို့က စွမ်းအားမလုံလောက်တဲ့ အားနည်းချက်ကို ဖြည့်ဆည်းဖို့အတွက် အစွမ်းထက်တဲ့ မိစ္ဆာမျိုးနွယ်တစ်ကောင်ကို ထိန်းချုပ်ဖို့ ကြံစည်ခဲ့တာလား" အားချန်သည် မမေးဘဲ မနေနိုင်တော့ပေ။

"ဟုတ်တယ်။ အစပိုင်းမှာတော့ သူတို့က အစွမ်းထက်တဲ့ မိစ္ဆာမျိုးနွယ်တွေကို အမဲလိုက်ပြီး ခိုင်းစေဖို့ စဉ်းစားခဲ့ကြတာ။ မျိုးနွယ်ထဲက ထူးချွန်တဲ့သူတွေ အများကြီး ဆုံးရှုံးခံပြီးမှ တစ်ကောင်ကို ဖမ်းမိခဲ့ပေမယ့် နောက်ဆုံးတော့ ဝိညာဉ်စာချုပ် ချုပ်တဲ့အခါမှာ မအောင်မြင်ခဲ့ဘူးလေ"

အားချန်ကလည်း မအံ့ဩမိချေ။ လူနှင့်မိစ္ဆာကြား စာချုပ်ပြုလုပ်ခြင်းသည် နှစ်ဖက်စလုံး၏ စွမ်းအားအပေါ်တွင် မူတည်ပြီး စွမ်းအားချင်း မမျှတသည့်အခါ အချိန်မရွေး တန်ပြန်ထိခိုက်ခြင်း ခံရနိုင်လေသည်။

ရှန်းချင်းဝူက ဆက်ပြောလိုက်၏။ "နောက်ပိုင်း ကျွန်မအဖေက ဘယ်သူ့ဆီက လမ်းညွှန်ချက် ရခဲ့သလဲမသိဘူး။ မိစ္ဆာမျိုးနွယ်ရဲ့ အမြုတေကိုသုံးပြီး သာမန်လူတွေကို မိစ္ဆာတစ်ပိုင်းဖြစ်အောင် ကြိုးစားကြည့်ခဲ့တယ်။ လူတွေ အများကြီး သေဆုံးခဲ့ပေမယ့် လူတစ်ယောက်ကတော့ အောင်အောင်မြင်မြင်နဲ့ အသက်ရှင် ကျန်ရစ်ခဲ့တယ်လေ"

အားချန်မှာ အလွန်အံ့အားသင့် သွားတော့သည်။ သူမ မှတ်မိသည်မှာ လူသားမျိုးနွယ်သည် လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက ဒီလိုကြိုးစားခဲ့ကြသော်ငြားလည်း အားလုံးချွင်းချက်မရှိ ရှုံးနိမ့်ခဲ့ကြလေသည်။ မိစ္ဆာအမြုတေသည် မိမိသဘောအလျောက် ပေးအပ်ခြင်းမဟုတ်လျှင် လူသားတို့က အသုံးပြုနိုင်စွမ်း မရှိကြ ပေ။

ရှန်းမျိုးနွယ်သည် အောင်မြင်သွားခဲ့သည်မှာ တမျိုးပြောရလျှင်တော့ အမှန်တကယ် အစွမ်းထက်လှပေသည်။

"ဒီတစ်ကြိမ် အောင်မြင်မှုက ကျွန်မအဖေကို မျှော်လင့်ချက်တွေ ရှာတွေ့စေခဲ့တယ်။ သူက အဆင့်၄ဆင့် ကျောင်းတစ်ကောင်ရဲ့ အမြုတေကို ရရှိခဲ့ပြီး အချိန်အနည်းဆုံးနဲ့ ရှန်းမျိုးနွယ်ရဲ့သွေးသားနဲ့ ကျောင်းရဲ့သွေးမျိုးဆက် ပါဝင်တဲ့ အစွမ်းထက် မိစ္ဆာတစ်ပိုင်းကို ဖန်တီးဖို့ကြံစည်ခဲ့တယ်"

ရှန်းဟွေရွှယ်က နားမလည်နိုင်ဘဲ မေးလိုက်တော့သည်။ "သမီးလည်း မိစ္ဆာတစ်ပိုင်းပဲလေ။ သူက သမီးကို ဘာဖြစ်လို့ ပစ်မှတ်မထားတာလဲ"

"ဘာဖြစ်လို့လဲဆိုတော့ အချိန်အရမ်းပေးရလို့ပဲ" ရှန်းချင်းဝူသည် တစ်စုံတစ်ရာကို သတိရသွားဟန်ဖြင့် ရုတ်တရက် ပြုံးလိုက်ကာ သမီးဖြစ်သူကို ပြောလိုက်၏။ "မိစ္ဆာတစ်ပိုင်းဖြစ်ရင်တောင် ကြီးပြင်းဖို့ နှစ်ပေါင်းများစွာ အချိန်လိုအပ်တယ်လေ။ သမီးအဖေက အမေ့ကို ပြောခဲ့ဖူးတယ်။ သူ့မှာ တူမတစ်ယောက်ရှိတယ်တဲ့။ အသက်၁ဝဝလောက်မှာတောင် တောင်ပေါ်မှာ ရွံ့လူးနေတုန်းပဲတဲ့။ ကလေးတစ်ယောက်လိုပဲတဲ့လေ။ ဒီတော့ သမီးက သမီးအဖေရဲ့ပါရမီကို အမွေမဆက်ခံနိုင်ခဲ့ဘူး။ သူ့အတွက်တော့ သမီးက တန်ဖိုးမရှိဘူးပေါ့"

သားအမိနှစ်ယောက် စကားပြောနေချိန်တွင် အားချန်၏ မျက်နှာအမူအရာမှာ သိမ်မွေ့စွာ ပြောင်းလဲသွားတော့သည်။ ဦးလေး၆က ငါ မရှိတုန်း ဘာတွေလျှောက်ပြော ထားပြန်ပြီလဲ။ ငါက ရန်ဖြစ်ရင်း မတော်တဆ ရွံ့နွံထဲကျသွားတာပါ။ ရွံ့လူးနေတာ မဟုတ်ပါဘူး ! ပြီးတော့ အဲဒီတုန်းကလည်း ငါ့အသက်က တစ်ရာတောင် မပြည့်သေးပါဘူး။ အားချန်သည် စိတ်ထဲတွင် ခဏလောက် စိတ်တိုနေလိုက်ပြီးနောက် ရှန်းချင်းဝူအပေါ်သို့ အာရုံပြန်စိုက် ထားလိုက်တော့သည်။

ရှန်းဟွေရွှယ်က မေးလာသည့် စကားသံကို ကြားလိုက်ရ၏။ "ဒါဆိုရင် သူက အမေ့ကို ပစ်မှတ်ထားခဲ့တာလား"

"ဟုတ်တယ်။ အမေ့ရဲ့အဖေက ပင်မမျိုးနွယ်ကလာပြီး သူ့အပေါ် လုံလောက်အောင် သစ္စာရှိပြီး လုံလောက်အောင် ထက်မြတ်တဲ့ အရွယ်ရောက်ပြီးသား အမျိုးသမီးတစ်ယောက်ရဲ့ စတေးမှုကိုလိုအပ်ခဲ့တာ ... ကျောင်းမူ (ကျောင်းရဲ့မိခင်) ဖြစ်လာဖို့ပေါ့"

ဒီအခေါ်အဝေါ်သည် နားထဲတွင် ကသိကအောက်ဖြစ်ရ စေကာ ရှန်းဟွေရွှယ်သည် မျက်မှောင်ကို တင်းနေအောင် ကြုတ်လိုက်မိလေသည်။

သူမက အဘိုးဟုခေါ်ဆိုရသူအပေါ် ဘာပုံရိပ်မှမရှိချေ။ သူမ သိသည်မှာ မိမိမွေးလာပြီး မကြာမီတွင် အဘိုးဖြစ်သူ သေဆုံးသွားခဲ့သည် ဟူ၍သာ။

အပြင်လောက၏ ကောလဟာလများတွင် သူမ၏အဘိုးသည် ဖြောင့်မတ်မှန်ကန်ပြီး မိစ္ဆာနှိမ်နင်းခြင်းကို မိမိ၏တာဝန်အဖြစ် သတ်မှတ်ကာ သာမန်ပြည်သူများကို မကြာခဏ ကူညီစောင့်ရှောက်ပေးသည်ဟု ဆိုကြသည်။ တကယ်လက်တွေ့တွင်တော့ သူသည် မိမိ၏သမီးအရင်းကိုပင် အလွတ်မပေးခဲ့မှန်း မထင်မှတ်ခဲ့မိချေ။ လူစိတ်မရှိသူတစ်ယောက်ပင်။

ရှန်းချင်းဝူသည် အတိတ်ကို ပြန်လည်တွေးတောရင်း ခပ်တိုးတိုးလေး ပြောလိုက်၏။ "အစ်ကိုကြီးဆီက သတင်းကို မသိမသာ မေးမြန်းပြီး သိခဲ့ရတဲ့အချိန်မှာ တခြားအစီအစဉ်တွေဆွဲဖို့ အချိန်မမှီတော့ဘူး။ အမေလုပ်နိုင်တာက လောင်းကြေးထပ်ပြီးတော့ သမီးကို ဝူမားမားလက်ထဲ အပ်ပြီး ပြီးတော့ ရှန့်ပုလဲလုံးကို မြိုချလိုက်ဖို့ပဲ"

ထိုအချိန်ကစပြီး သူမ၏မှတ်ဉာဏ်များမှာ ပြတ်တောက်သွားလေတော့သည်။

တစ်ခါတစ်ရံတွင် ခဏလောက် ကြည်လင်တတ်သွားသော်လည်း မကြာမီပင် ဝေဝါးသွားခဲ့ပြီး အကြိမ်ကြိမ် ထပ်ကြွနေသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့လေသည်။

"အမေက အစီအစဉ်တွေ မအောင်မြင်မှာ မကြောက်ဘူးလား" ရှန်းဟွေရွှယ်က မတွေးဘဲမနေနိုင် ဖြစ်သွားပြီး အနည်းငယ် ထိတ်လန့်သွားတော့၏။

ရှန်းချင်းဝူကလည်း ခေါင်းခါပြလိုက်ကာ "အမေက အဖေနဲ့ အစ်ကိုကြီးအကြောင်းကို သိတယ်လေ။ သူတို့ရင်ထဲမှာ အမေ့ရဲ့အရေးပါမှုကပဲ သူတို့တန်ဖိုးထားတဲ့ ရာထူးနဲ့အာဏာကို ဘယ်လိုမှ မမှီတာ။ ဒါပေမယ့် သူတို့မှာ အမေ့အပေါ်သံယောဇဉ် နည်းနည်းတော့ ရှိပါသေးတယ်။ အမေက ပို့ပြီးတော့ သနားစရာကောင်းလေ သူတို့ရင်ထဲက အပြစ်ရှိသလို ခံစားရတဲ့စိတ်ကို နည်းနည်းလေးပိုပြီး လှုံ့ဆော်နိုင်လေပဲ။ ဒါမှ သမီးကိုရော ကိုယ့်ဟာကိုယ်ရော ကာကွယ်နိုင်မှာ"

သူမသည် ရှန်းမျိုးနွယ်၏ သြဇာအာဏာစက်ဝန်းမှ လွတ်မြောက်နိုင်ခြင်းမရှိသလို ပြန်လည်တိုက်ခိုက်ရန်လည်း အင်အားမရှိချေ။ ထို့ကြောင့် မိမိကိုယ်ကိုနှင့် သမီးဖြစ်သူ၏အသက်ကို ကယ်တင်ရန် ဒီလိုအနိမ့်ကျဆုံး နည်းလမ်းကိုသာ ရွေးချယ်ခဲ့ရလေသည်။

ရှန်းဟွေရွှယ်သည် ရုတ်တရက် အလွန်ဝမ်းနည်းသွားတော့၏။ သူမသည် အကြိမ်ပေါင်းများစွာ မကျေမနပ် ဖြစ်ခဲ့ဘူးလေသည်။ အမေသည် အဘယ်ကြောင့် သူမကို မွေးဖွားခဲ့ပြီး ဒီလိုခက်ခဲသည့်ဘဝကို ရှင်သန်စေခဲ့ရသနည်း ဟူ၍။

ယခုအချိန်မှပင် သူမသိရှိလိုက်ရသည်က ထိုစဉ်ကသူမ ရှင်သန်ရသည့် ပတ်ဝန်းကျင်သည် သူမ၏အမေက မည်မျှလောက် အကြံအညဏ်များ ထုတ်သုံးကာ သူမအတွက် ကြိုးပမ်းရယူပေးခဲ့ရခြင်း ဖြစ်သည်ကိုပင်။

ရှန်းချင်းဝူသည် ရှန်းဟွေရွှယ်၏ စိတ်ခံစားချက် အနည်းငယ် ပြန်တည်ငြိမ်သွားသည့်အထိ စောင့်ဆိုင်းလိုက်ပြီးမှ သူမကိုမေးလိုက်၏။ "အခုမျိုးနွယ်ထဲမှာ ရှန်းချင်းယင် ဆိုတဲ့လူတစ်ယောက်ရှိသေးလား"

ရှန်းဟွေရွှယ်က ခေါင်းခါပြလိုက်၏။ "မရှိတော့ဘူး။ ဝူမားမား ပြောတာကတော့ အဘိုးသေပြီးနောက်မှာ သူပျောက်သွားတယ်တဲ့။ မျိုးနွယ်ထဲမှာလည်း ဘယ်သူမှ သူ့ကို မရှာခဲ့ကြဘူး"

"ကြည့်ရတာ အဖေ့ရဲ့ အစီအစဉ်က ဆက်ပြီးလုပ်ဆောင်ခဲ့တဲ့ပုံပဲ။ အောင်မြင်သွားလား မအောင်မြင်ဘူးလား ဆိုတာတော့ မသိဘူး"

"အောင်မြင်သွားလောက်တယ်" အားချန်၏ အသံသည် ရုတ်တရက် ထွက်ပေါ်လာလေသည်။

"ဘယ်လိုလုပ်ပြီးတော့ သိတာလဲ" ရှန်းချင်းဝူက သူမကို အံ့သြတကြီး လှမ်းကြည့်လာသည်။

အားချန်ကလည်း ပြောပြလိုက်၏။ "ကျွန်မလာတုန်းက ကျောင်းတစ်ကောင်ရဲ့ တိုက်ခိုက်တာ ခံခဲ့ရတယ်။ အဲဒါက မိစ္ဆာတစ်ပိုင်းပဲ။ သူ့ပုံစံက အရမ်းထူးဆန်းတယ်။ အခု ပြန်စဉ်းစားကြည့်လိုက်မှ တကယ်လို့ အဲ့ဒါက ရှင်ပြောတဲ့ ကျောင်းမိခင်နဲ့ ကျောင်းတစ်ကောင်က မွေးလာတာဆိုရင် အဲဒီလိုပုံစံဖြစ်တာက ပုံမှန်ပါပဲ။ ဒါပေမဲ့ကျွ န်မ ခန့်မှန်းရသလောက်တော့ ရှန်းမျိုးနွယ်က သူ့အပေါ်မှာ တစ်ခုခု လုပ်ထားလောက်တယ်။ သူ့စွမ်းအားက မနိမ့်ဘူး"

ထိုအချိန်က သဲလွန်စများမှာ အကန့်အသတ် ဖြစ်နေသဖြင့် အားချန်သည် ဒီကိစ္စကို မစဉ်းစားမိခဲ့ချေ။ ယခု ရှန်းချင်းဝူ၏ စကားတချို့ကိုကြားလိုက်ရမှ ရုတ်တရက် နားလည်သွားတော့၏။

ကျောင်းလုံဝမ်(မြွေနဂါးဘုရင်) မတိုင်မီက အမွှေးတိုင်ကို စုပ်ယူခဲ့သူမှာ ရှန်းချင်းဝူ၏ ညီမဝမ်းကွဲ ဖြစ်သည်မှာ သေချာလေသည်။

ရှန်းမျိုးနွယ်၏ အစီအစဉ်သည် အလွန်ချောမွေ့စွာ ရှေ့ဆက်ခဲ့ဟန်တူ၏။ အချိန်အနည်းဆုံးဖြင့် စွမ်းအားကြီးမားသော မိစ္ဆာတစ်ပိုင်း တစ်ယောက်ကို ဖန်တီးခဲ့ပြီး အမွှေးတိုင်များ၏အကူအညီဖြင့် ကျင့်ကြံမှုအဆင့်ကို ပိုမိုမြင့်မားအောင် ပြုလုပ်နိုင်ခဲ့သည်။

မိစ္ဆာတစ်ပိုင်းအဖြစ် ပြောင်းလဲပြီးနောက် မိစ္ဆာမျိုးနွယ်နှင့် ပေါင်းဖက်ကာ မွေးလာသည့် သားသမီးများ၏ စွမ်းရည်သည် မိစ္ဆာမျိုးနွယ်ဘက်သို့ ပိုပြီးယိမ်းယိုင်နိုင်ပြီး ပိုပြီးအစွမ်းထက်လာနိုင်သလို လူသားဆန်မှုတချို့ကိုလည်း ဆက်လက်ထိန်းထားနိုင်သဖြင့် ထိန်းချုပ်ရန် လွယ်ကူလေသည်။

ရှန်းမျိုးနွယ်၏အစီအစဉ်မှာ အမှန်ပင် အမြော်အမြင် ကြီးမားလှပေသည်။

အားချန်၏ စကားလုံးများကို ကြားလိုက်ရပြီးနောက် ရှန်းချင်းဝူသည် အနည်းငယ် တအံ့တဩဖြစ်သွားပြီး အချိန်ခဏအကြာမှ ပြောလာခဲ့၏။ "ဒီလိုကိုး ... သူကလည်း လိုချင်တာကို ရသွားတာပဲလို့ ဆိုရမှာပဲ"

ရှန်းချင်းဝူနှင့် ရှန်းချင်းယင်တို့သည် သက်တူရွယ်တူများ ဖြစ်ကြပြီး ငယ်စဉ်ကတည်းက အတူတူကြီးပြင်း လာခဲ့ကြသော်ငြားလည်း ဘယ်သောအခါမှ အတူတူဆော့ကစားလို့ မရခဲ့ကြပေ။

ရှန်းချင်းယင်၏ ဖခင်သည် မိစ္ဆာကပ်ဘေးတွင် သေဆုံးခဲ့ရသဖြင့် သူမသည် မိစ္ဆာမျိုးနွယ်ကို အလွန်မုန်းတီးရွံရှာ သော်ငြားလည်း ရှန်းမျိုးနွယ်၏ ဂုဏ်သိက္ခာကိုတော့ မိမိအသက်ထပ်ပိုပြီး အရေးကြီးသည်ဟု မှတ်ယူခဲ့လေသည်။

သို့သော်ငြား ယခုအချိန်တွင်တော့ သူမသည် ကျောင်းမိခင်ဖြစ်လာပြီး ရှန်းမျိုးနွယ်၏ အားကိုးရာ ဖြစ်လာခဲ့လေသည်။ သူမ ပျော်ရွှင်နေမည် မဟုတ်ပါလား။

ရှန်းဟွေရွှယ်ကတော့ သူမအမေ အဆိပ်မိသည့်ကိစ္စကို မေးလိုက်ရုံဖြင့် ဒီလောက်များပြားလှသော ရှန်းမျိုးနွယ်၏ လျှို့ဝှက်ချက်များ ထွက်ပေါ်လာမည်ဟု မထင်ထားခဲ့ချေ။ ကြားရုံမျှဖြင့် ကြက်သီးမွေးညင်းထ စရာကောင်းလှတော့သည်။

တဆက်တည်း စကားအများကြီး ပြောဆိုပြီးနောက် ရှန်းချင်းဝူသည် နားထင်မှ တဒိတ်ဒိတ် ကိုက်ခဲလာသည်ကို ခံစားရသဖြင့် လက်မြောက်ကာ နားထင်ကို ဖိနှိပ်လိုက်ရ၏။

"အမေ ဘာဖြစ်တာလဲ"

ရှန်းချင်းဝူက ခေါင်းခါပြလိုက်ကာ "ဘာမှမဖြစ်ပါဘူး ဟွေရွှယ် အမေ နည်းနည်း ဗိုက်ဆာလာလို့ မီးဖိုဆောင်ကို သွားပြီး ဝူမားမားကို ခေါက်ဆွဲတစ်ပွဲလောက် လုပ်ခိုင်းပေးလို့ရမလား"

ရှန်းဟွေရွှယ်ကလည်း ချီတုံချတုံဖြင့် ခေါင်းငြိမ့်ပြလိုက်တော့သည်။

"ဟုတ်ကဲ့"

သူမက ထရပ်လိုက်ချိန်တွင် ချန်ဟွေ့သည်လည်း နောက်မှ လိုက်သွားတော့သည်။ "ကျွန်မရှင်နဲ့အတူ လိုက်ခဲ့မယ်"

နှစ်ဦးသားအခန်းထဲက ထွက်သွားပြီးနောက် ရှန်းဟွေရွှယ်သည် ခဏလောက် တုံ့ဆိုင်းနေပြီးမှ တံခါးကိုပိတ်လိုက်တော့သည်။

လူအများထွက်သွားကြပြီး အခန်းထဲတွင် ခဏလောက် တိတ်ဆိတ်သွားပြီးမှ ရှန်းချင်းဝူက သက်ပြင်တစ်ချက်ကို ခပ်ဖွဖွလေူချလိုက်၏။ "လျိုဖုန်းက ကျွန်မကို ပြောဖူးတယ်။ သူ့မှာအားချန်လို့ ခေါ်တဲ့တူမလေး တစ်ယောက်ရှိတယ်တဲ့။ တိုက်တိုက်ဆိုင်ဆိုင်ပဲ မင်းနာမည်ကလည်း အားချန်ပဲနော်"

အားချန်ကလည်း ပြုံးပြလိုက်၏။ "တကယ်တိုက်ဆိုင်တာပဲ။ ဒါပေမဲ့ ကျွန်မရဲ့နာမည်အရင်းက ကျိချန်ပါ။ အားချန်က ငယ်နာမည်ပါ"

"ဒီလိုလား" ရှန်းချင်းဝူသည် အားချန်၏ ကြည်လင်သန့်စင်နေသည့် မျက်ဝန်းများနှင့် မျက်လုံးချင်းဆုံလိုက်ရာ ဘာမကောင်းသည့် အငွေ့အသက်ကိုမှ မမြင်ရပေ။ သို့သော် သူမစိတ်ထဲတွင်တော့ မျက်စိရှေ့က မိန်းကလေးသည် သူမကို သိပ်မနှစ်သက်ကြောင်း ခံစားမိနေလေသည်။

ခဏလောက် အပြန်အလှန် စိုက်ကြည့်နေလိုက်ပြီးနောက် ရှန်းချင်းဝူက အရင်ဆုံး အကြည့်လွှဲလိုက်ပြီး ခပ်တိုးတိုးလေး ပြောလိုက်၏။ "မင်း လျိုဖုန်း အကြောင်းကြားချင်လား"

"မိန်းကလေးချင်းဝူက ပြောချင်တယ်ဆိုရင်တော့ ကျွန်မက နားထောင်ချင်တာပေါ့"

ရှန်းချင်းဝူသည် နှုတ်ခမ်းတောင့်ကို အနည်းငယ် လှုပ်ရှားလိုက်တော့၏။ "လျိုဖုန်းက တောင်ပေါ်က ဆင်းလာပြီးနောက်ပိုင်း နေရာအနှံ့ လျှောက်သွားခဲ့တယ်။ အဲဒီနှစ်က သူ ရှီးလင်ကို တိုက်တိုက်ဆိုင်ဆိုင် ရောက်လာခဲ့တယ်။ အဲဒီအချိန်မှာ ရှီးလင်ဝမ်က ချင်းညန်လို့ ခေါ်တဲ့ အမျိုးသမီး တစ်ယောက်ကို ကိုယ်လုပ်တော်အဖြစ် တော်ကောက်ခဲ့တယ်။ အဲဒီအမျိုးသမီးက အရမ်းလှတယ်။ ရုပ်ရည်အလှအပနဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင် ကျွန်မ တသက်မှာ မြင်ဖူးသမျှထဲမှာ လျိုဖုန်းတစ်ယောက်ပဲ သူနဲ့ယှဉ်နိုင်တယ်"

"ချင်းညန်က မြေခွေးမိစ္ဆာလား"

"ကြည့်ရတာ ဝူမားမားက မင်းကို အတိတ်က အကြောင်းအရာ တချို့ပြောပြထားတဲ့ပုံပဲ" ရှန်းချင်းဝူက ခေါင်းငြိမ့်ပြလိုက်လေသည်။ "ဟုတ်တယ် လျိုဖုန်းက နောက်ပိုင်းကျမှ ကျွန်မကိုပြောပြလာတာ။ အဲဒါက မြေခွေးမိစ္ဆာ တစ်ကောင်တဲ့။ ပြီးတော့ သူ့မျိုးနွယ်ထဲကပဲတဲ့"

အားချန်က ခေါင်းငြိမ့်ပြလိုက်၏။ ချင်းယွီတောင်မှ မြေခွေးမျိုးနွယ်သည် အစည်ပင်ဆုံးဖြစ်ကာ ရှီးလင်တွင် တစ်ကောင်နှင့် တစ်ကောင် တွေ့ဆုံခြင်းမှာလည်း ထူးဆန်းသည့် အရာမဟုတ်ချေ။

"ပြီးတော့ရော"

"ရှန်း မျိုးနွယ်က ရှီးလင်ဝမ်အိမ်တော်နဲ့ အမြဲတမ်း အနည်းငယ် ပတ်သက်မှုရှိနေတော့ တခြားသူတွေ မသိနိုင်တဲ့ သတင်းတချို့ကို စုံစမ်းနိုင်ခဲ့တယ်။ အဲဒီတုန်းက ကျွန်မအစ်ကိုကြီး ပြောတာကြားဖူးတယ်။ အဲဒီ ချင်းညန်က စိတ်ဓာတ်အရမ်း ပြင်းထန်ပေမယ့် ရှိးလင်ဝမ်ရဲ့ အချစ်ဆုံး ဖြစ်နေတယ်တဲ့။ ချင်းညန်က ရှီးလင်ဝမ်ဖေးကို အမြင်မကြည်ဘူး။ ဒါကြောင့် လူလွတ်ပြီးတော့ နှိပ်စက်ခိုင်းတယ်။ အရမ်းရက်စက်တဲ့ အလုပ်တွေ အများကြီးလုပ်ခဲ့ပြီး နောက်ဆုံးမှာတော့ အဲဒီလူကို မခံမရပ်နိုင်အော င်တွန်းပို့ပြီး သေသွားအောင် လုပ်ခဲ့တယ်တဲ့"

အားချန်သည် ရုတ်တရက် စဉ်းစားမိသွားတော့သည်။ ရှီးလင်ဝမ်ဖေးဆိုတာ ပိုင်ရှိုးမင်ရဲ့အမေ မဟုတ်ဘူးလား။

"အဲဒါ ဝမ်ဖေးလေ။ သူ့ကို ကူညီမယ့်သူ တစ်ယောက်မှ မရှိဘူးလား"

ရှန်းချင်းဝူကလည်း ခေါင်းခါပြလိုက်၏။ "အဲဒီတုန်းက လူတိုင်းက ချင်းညန်ရဲ့ အရှိန်အဝါကို ရှောင်ဖယ်နေကြတာ။ ပြီးတော့ ဝမ်ဖေး မရှိတော့တာက တခြားလူတွေအတွက် အကျိုးမရှိတာမှ မဟုတ်တာ။ ဝမ်ဖေးကို ကယ်တင်ချင်တဲ့ တစ်ဦးတည်းသောသူက ရှီဇီ သခင်ငယ်လေးပဲ။ ဒါပေမဲ့ ရှီဇီကလည်း ဘာမှမတတ်နိုင်ဘူးလေ။ သူကိုယ်တိုင်လည်း ဒီကိစ္စကြောင့်ပဲ ရှီးလင်ဝမ်ရဲ့ မုန်းတီးတာကိုခံရပြီး သေမလိုတောင်မှ ဖြစ်ခဲ့ရသေးတယ်"

ရှီးလင်ဝမ်အိမ်တော်၏ အတိတ်ကိစ္စများကို အနည်းငယ် ပြောပြပြီးနောက် ရှန်းချင်းဝူသည် စကားလမ်းကြောင်း ပြန်လွဲလိုက်လေသည်။ "လျိုဖုန်းက ချင်းညန်ရဲ့ လုပ်ရပ်တွေက သာ့ရှ တော်ဝင်မျိုးနွယ်ကို သိသိသာသာ စိန်ခေါ်နေတယ်လို့ ထင်ခဲ့တယ်။ ခဏတာ ရှီးလင်ဝမ်ကို လှည့်စားနိုင်ခဲ့ရင်တောင် နောင်တချိန်မှာ လူသိသွားတဲ့အခါ သေဒဏ်ကနေ လွတ်မှာ မဟုတ်ဘူးလေ။ သူက အဲဒီချင်းညန်နဲ့ တစ်ကြိမ်တွေ့ဆုံပြီး လက်လျှော့ဖို့ တိုက်တွန်းခဲ့ပေမယ့်လည်း အဖမ်းခံရတဲ့သူ ဖြစ်သွားခဲ့တယ်"

ဒီအပိုင်းကိုတော့ အားချန်သည် ဝူမားမားထံက ကြားသိရပြီး ဖြစ်လေသည်။ ဦးလေး၆နှင့် ရှန်းချင်းဝူတို့သည်လည်း ထိုအချိန်တွင် အချင်းချင်း မေတ္တာသက်ဝင်နေခဲ့ကြ၏။

သူမသည် ဒီဖြစ်စဉ်ကို နားထောင်ရင်း စိတ်ရှည်သည်းခံမှု မရှိတော့သဖြင့် ရလဒ်ကိုသာ တိုက်ရိုက်မေးလိုက်တော့သည်။ "ဒါဆိုရင် သူက ဘယ်လိုသေသွားတာလဲ"

ထိုစဉ်က အဖြစ်အပျက်များကို ပြန်လည်တွေးတောရင်း ရှန်းချင်းဝူ၏ မျက်နှာတွင် နာကျင်သွားသည့် အရိပ်အယောင်များ ပေါ်ထွက်လာတော့သည်။ "အဲဒီနေ့က ကျွန်မတို့ ရှီးလင်မြို့ကနေ ထွက်လာခဲ့ကြပြီးပြီ။ အဖေနဲ့မျိုးနွယ်ထဲက အဆင့်၄ဦးလေးတို့လည်း လိုက်လာကြတယ်။ သူတို့အပြင် ရှီးလင်ဝမ်ရဲ့ လူတွေလည်း ပါတယ်။ လျိုဖုန်းက ကျွန်မရဲ့ဦးလေးကို ပြင်းပြင်းထန်ထန် ဒဏ်ရာရအောင်လုပ်ခဲ့ပြီး ကျန်တဲ့သူတွေကတော့ သူ့ပြိုင်ဘက်တွေ မဟုတ်ကြပါဘူး။ ကျွန်မတို့တွေ ထွက်ပြေးလွတ်မြောက်ဖို့ အခွင့်အရေးရှိခဲ့တယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ အဆင့်၄မိစ္ဆာမျိုးနွယ် နှစ်ကောင် ရုတ်တရက် ပေါ်လာခဲ့တယ်။ သူတို့နှစ်ယောက်ပူးပေါင်းပြီးတော့ လျိုဖုန်းကို သတ်လိုက်ပေမယ့် ကျွန်မကိုတော့ လွတ်ပေးခဲ့တယ်"

"မိစ္ဆာမျိုးနွယ်" အားချန်သည် ဒီကိစ္စတွင် မိစ္ဆာမျိုးနွယ်၏အခန်းကဏ္ဍ ပါဝင်လိမ့်မည်ဟု မထင်ထားခဲ့ချေ။

အဘွား ကဒီကိစ္စကို ဘာလို့ ဆက်မစုံစမ်းခဲ့တာလဲ။ ဦးလေး၆ကို တကယ်ပဲ ဂရုမစိုက်လို့လား။ ဒါမှမဟုတ် အမှန်တရားကို ကြိုသိနေခဲ့လို့လား။

"ဟုတ်တယ် သူတို့ကတော့ ရှီးလင်ဝမ်ရဲ့ လူတွေ။ ပြီးတော့ ကျွန်မတို့အိမ်တော်က လူတွေနဲ့ပါ အရမ်းရင်းနှီးကြတယ်".ရှန်းချင်းဝူသည် ခါးသီးစွာ ရယ်မောလိုက်လေသည်။

ထိုအချိန်ကတည်းက သူမသိရှိခဲ့သည်မှာ အဖေဖြစ်သူ လိုက်ပါလာခဲ့ခြင်းသည် မိစ္ဆာမျိုးနွယ်နှင့် ပုလဲနံသင့် နေခဲ့သည့် သမီးဖြစ်သူကြောင့် မဟုတ်ဘဲ သူတို့သည် လျိုဖုန်းကို သေစေလိုသည်မှာ သိသာနေသည်။

"ကျွန်မ အမြဲတမ်း ထင်ထားခဲ့တာက လျိုဖုန်းက လျို့ဝှက်ချက် တချို့ကိုသိရှိသွားခဲ့လို့ အသက်အန္တရာယ်နဲ့ ရှင်ဆိုင်ခဲ့ရတာပဲလို့။ ပြီးတော့ ရှီးလင်ဝမ်နဲ့ ကျွန်မတို့အိမ်က အဲဒီမိစ္ဆာမျိုးနွယ်နှစ်ကောင်နဲ့ ပူးပေါင်းကြံစည်ခဲ့ကြတယ်"

ကိစ္စ၏အမှန်တရားသည် အားချန် ထင်မှတ်ထားသည်ထက် အများကြီး ပိုပြီးရှုပ်ထွေးနေပြီး ရှန်းချင်းဝူ သိရှိထားသည်များကပင် အားလုံး မဟုတ်သေးချေ။

"လျိုဖုန်း သေပြီးနောက်မှာ သူ့အလောင်းက ရှီးလင်ဝမ်ရဲ့ လက်ထဲကို ရောက်သွားခဲ့တယ်။ ကျွန်မက သူ့အမြုတေကို လုယူခဲ့တယ်။ ကျွန်မအဖေက ကျွန်မအပေါ် အပြစ်ရှိသလို ခံစားရလို့။ ဒါမှမဟုတ်လည်း သူ့အမြု တေကို ခဏတာ အသုံးမလိုသေးလို့ ဖြစ်နိုင်တယ်။ သေတဲ့အထိ ကျွန်မဆီက လာမတောင်းခဲ့ဘူး"

သူမက အမြုတေအကြောင်း ပြောလာချိန်တွင် အားချန်၏ အမူအရာသည် အနည်းငယ် လှုပ်ရှားသွားပြီး တစ်ခုခုကို စဉ်းစားမိသွားဟန် တူသော်ငြားလည်း ရှန်းချင်းဝူကိုတော့ မပြောလိုက်တော့ပေ။

"ဒီလောက်ပဲလား"

ရှန်းချင်းဝူကလည်း ပြုံးပြလိုက်၏။ "အခု လောလောဆယ်တော့ ဒီလောက်ပါပဲ"

အားချန်က သူမ ဆက်မပြောလိုတော့သည်ကို တွေ့လိုက်ရသဖြင့် မတ်တပ်ထရပ်လိုက်တော့သည်။ "ဒီနေ့အတွက်တော့ အားနာစရာ ဖြစ်သွားပါပြီ"

"ဒီလိုမပြောပါနဲ့။ မင်းနဲ့တွေ့ရတာကိုပဲ အရမ်းဝမ်းသာပါတယ်"

ရှန်းဟွေရွှယ်နှင့် ချန်ဟွေ့တို့ ခေါက်ဆွဲပန်းကန်ကို ယူဆောင်ကာ ပြန်လာချိန်တွင် အားချန်နှင့် ရှန်းချင်းဝူတို့သည် ခြံဝင်းထဲက ဂန္တမာပန်းများကို ရှုစားနေကြလေသည်။ အားချန်၏ လက်ထဲတွင်တော့ လိမ္မော်ရောင် ညနေခင်းဆည်းဆာနှင့် အရောင်အသွေးအလွန်တူကာ တောက်ပပြီး လှပနေသော လျိုရှာ (စီးဆင်းနေသောဆည်းဆာ) ပန်အိုးတစ်လုံးကို ပိုက်ထားလေသည်။

ယနေ့ အားချန်သည် အိမ်တော်တွင် ထမင်းမစားတော့ဘဲ ချန်ဟွေ့နှင့်အတူ နှုတ်ဆက်ကာ ပြန်လာခဲ့တော့၏။ တံခါးအပြင်ဘက်သို့ ထွက်လာပြီးနောက်တွင် ချန်ဟွေ့က သူမ၏လက်ထဲက ပန်းအိုးကို လှမ်းယူလိုက်ပြီး နှစ်ယောက်သားက အိမ်ရှိရာဘက်သို့အတူတူ ပြန်လျှောက်လာခဲ့ကြသည်။

အိမ်တံခါးဝသို့ ရောက်လာချိန်တွင် တံခါးအပြင်ဘက်၌ လူတစ်ယောက် ရပ်နေသည်ကို တွေ့လိုက်ရ၏။

ထိုသူသည် အပြာရောင် ချည်ထည်ဝတ်စုံကို ဝတ်ဆင်ထားပြီး ခန္ဓာကိုယ် ပုံပန်းသဏ္ဍာန်မှာ သိပ်မရင်းနှီးလှချေ။ သို့သော် သူက ကိုယ်ကို လှည့်လာသည့်အခါမှ ထိုလူမှာ ရှန်ကျော်ဖြစ်နေသည်ကို အားချန်တစ်ယောက် တွေ့လိုက်ရတော့သည်။

"လူကြီးမင်းရှန်ကျော်က ဘယ်လိုလုပ်ပြီး ဒီကိုရောက်လာတာလဲ" အားချန်ကလည်း တအံ့တဩဖြင့် မေးလိုက်၏။

"ရှီးလင်မှာ ကိစ္စရှိလို့ပါ။ လမ်းကြုံရင်းနဲ့ မင်းအတွက်ပစ္စည်း လာပို့ပေးတာ" ရှန်ကျော်သည် အားချန် ဘေးတွင် ပန်းအိုးပိုက်ထားသည့် ချန်ဟွေ့ကို ကြည့်လိုက်ပြီး သူမသည် သွေးလိုအပ်ရသည့် အကြောင်းအရင်းကို နောက်ဆုံးတော့ သိရှိသွားတော့သည်။

အားချန်သည် ရှန်ကျော်လာပို့သည့် ပစ္စည်းအကြောင်းကို ချက်ချင်းတွေးမိလိုက်သဖြင့် မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်ထွက်လာပြီး တံခါးဖွင့်ကာ ထိုလူကို အထဲသို့ ဖိတ်ခေါ်လိုက်တော့၏။

ရှန်ကျော်ကို အိမ်ထဲသို့ ဖိတ်ခေါ်ပြီးနောက် အားချန်က သူ့အတွက် ပျားရည်တစ်ခွက် ဖျော်ပေးလိုက်လေသည်။

ရှန်ကျော်က တစ်ငုံလောက် သောက်လိုက်ပြီး ချိုလွန်းသဖြင့် မျက်မှောင်များပင် ကျုံ့သွားတော့သည်။

စကားမစရသေးခင်မှာပင် အားချန်ကသူ့ကို စူးစိုက်စွာ ကြည့်နေသည်ကို တွေ့ရသဖြင့် ရှန်ကျော်မှာ စိတ်မရှည်နိုင်တော့ဘဲ မိစ္ဆာသားရဲသွေးများကို အရင်ဆုံးထုတ်ပေးလိုက်တော့သည်။

စုစုပေါင်း အိုး၅အိုး ပါရှိပြီး သွေး၅မျိုးဖြစ်လေသည်။

"အားလုံး မင်း တောင်းဆိုထားတဲ့အတိုင်း ပြင်ဆင်ထားပေးတယ်။ ဒါတွေက အဆင့်တက်ဖို့ လုံလောက်ပါတယ်"

"လူကြီးမင်း ရှန်ကျော်ကို ကျေးဇူးတင်ပါတယ်" အားချန်သည် အိုးများကို ဖွင့်ပြီး အနံ့ခံကြည့်လိုက်ရာ အားလုံးက လတ်ဆတ်နေသဖြင့် ချန်ဟွေ့အတွက် အသုံးပြုရန် အဆင်ပြေလှပေသည်။

"အားမနာပါနဲ့။ ဒါ မင်းရသင့် ရထိုက်တာပါ"

ခဏလောက် တုံ့ဆိုင်းနေလိုက်ပြီးမှ သူက ခက်ခက်ခဲခဲ ထုတ်ပြောလာခဲ့၏။ "တကယ်တော့ ကျွန်တော်ဒီနေ့ မင်းကို လာရှာတာ နောက်ထပ်ကိစ္စတစ်ခု ရှိသေးတယ်"

"လူကြီးမင်းရှန်ကျော် ပြောပါ။ ကျွန်မ ကူညီနိုင်တာရှိရင် ကူညီပါ့မယ်"

"မိန်းကလေးကျိက ရှန်းမျိုးနွယ်နဲ့ ပတ်သက်တဲ့ အကြောင်းအရာ တချို့များ သိမလားလို့ပါ။ ဘယ်လိုကိစ္စ ဖြစ်ဖြစ်ရပါတယ်"

"လူကြီးမင်းရှန်ကျော်က ဘယ်လိုများစဉ်းစားမိလို့ ကျွန်မကို လာမေးရတာလဲ" အားချန်ကလည်း တိုက်ရိုက်ငြင်းပယ်ခြင်းမပြုဘဲ မေးခွန်းပြန်ထုတ်လိုက်လေသည်။

ရှန်ကျော်ကလည်း ချက်ချင်းပင် အနည်းငယ် အနေခက်သွားတော့၏။ "ပိုင်ရှိုးမင်က ကျွန်တော့်ကို မင်းဆီလာရှာဖို့ အကြံပေးလိုက်တာပါ"

"လူကြီးမင်းပိုင်ကတော့ ကျွန်မကို တကယ် အထင်ကြီးလွန်း နေပါပြီ" အားချန်က နှိမ့်ချသော အမူအရာဖြင့် ပြောလိုက်ပြီး ချက်ချင်းပင် မြန်မြန်ပြန်မေးလိုက်တော့သည်။ "သူက ကျွန်မရဲ့ ဘယ်လို မကောင်းကြောင်းတွေ ပြောလိုက်သေးလဲ"

ရှန်ကျော်မှာ ပိုင်ရှိုးမင်အတွက် မြန်မြန်ရှင်းပြရတော့သည်။ "သူက မင်း မကောင်းကြောင်းတွေ ဘယ်လိုဖြစ်ပြီး ပြောပါ့မလဲ။ သူ ပြောတာက ... မိန်းကလေးကျိက အမြဲတမ်းသတင်းစုံတယ်တဲ့။ ဒါကြောင့် ကျွန်တော် မင်းဆီမှာ အကူအညီလာတောင်းတာပါ"

အမှန်တကယ်တွင်တော့ ပိုင်ရှိုးမင်ပြောခဲ့သည်မှာ အားချန်၏ အမြဲတစေ အငြိုးအတေး ထားတတ်သော စိတ်ဓာတ်အရ ဆိုလျှင် ရှီးလင်သို့ ရောက်သည့် ပထမဦးဆုံးကိစ္စသည် ရှန်းမျိုးနွယ်၏ သတင်းများကို စုံစမ်းရန်

ကြောက်ရွံ့နေခြင်း ဖြစ်နိုင်သည်ဟုပင်။

တိုက်ဆိုင်စွာပင် သူမထံတွင် အလွန်ကောင်းမွန်သည့် လမ်းကြောင်းတစ်ခုရှိပြန်ရာ မင်ကျင့်စီးထက် ပိုမိုသိရှိနေမည်မှာတော့ သေချာလှ၏။

တကယ်တမ်းတွင်တော့ ရှန်ကျော် ပိုပြီးသိချင်နေသည်မှာ အားချန်က သတင်းများ စုံစမ်းပြီးနောက်တွင် အားချန် ကြံစည်နေသည့် အကြောင်းအရာကိုပင်။

"ဒီလိုလား" အားချန်ကလည်း မယုံကြည်သည်မှာ သိသာသော်ငြား ဆက်ပြီးမေးမြန်းခြင်း မပြုတော့ဘဲ ဒီအတိုင်းသာ မေးလိုက်တော့၏။ "လူကြီးမင်းရှန်ကျော်က အခုဘာတွေ စုံစမ်းသိရှိထားပြီးပြီလဲ"

အကူအညီ လာတောင်းရသည့် အတွက် ရှန်ကျော်သည် သူမကို ဖုံးကွယ်မထားတော့ဘဲ ရှန်းမျိုးနွယ်ခေါင်းဆောင်၏ ညီဝမ်းကွဲ ရှန်းကျီးယွမ်နှင့် ပတ်သက်ပြီး စုံစမ်းသိရှိထားသည့် ကိစ္စများကို ပြောပြလိုက်တော့သည်။

"ယုံးကျိုးက အရာရှိတွေ စစ်ဆေးခံရပြီးတဲ့နောက်မှာ ရှန်းကျီးယွမ်ကို ထုတ်ဖော်ပြောခဲ့တယ်။ လွန်ခဲ့တဲ့နှစ်တွေက အရာရှိတွေကို လာဘ်ထိုးပြီး ပြည်သူတွေကြားမှာ ကျောင်းနတ်ဘုရားကို ကိုးကွယ်တာကို ဒီအတိုင်း လွှတ်ထားဖို့ တွန်းအားပေးခဲ့တဲ့သူက ဒီလူပဲ"

အားချန်က တွေးတွေးဆဆ လေးဖြင့် ခေါင်းငြိမ့်ပြလိုက်ပြီး "ရှန်း မျိုးနွယ်ခေါင်းဆောင်မှာ ညီအစ်ကိုဝမ်းကွဲ ဘယ်နှစ်ယောက်ရှိတာလဲ"

"ဒီတစ်ယောက်ပါပဲ"

"ဒါဆိုရင်တော့ တကယ် တိုက်ဆိုင်သွားပြီ" အားချန်က ရုတ်တရက် ပြောလိုက်လေသည်။

"ဘာက တိုက်ဆိုင်တာလဲ"

ကျွန်မက ဒီရှန်းကျီးယွမ်နဲ့ ပတ်သတ်တဲ့ အကြောင်းအရာတချို့ကို တိုက်တိုက်ဆိုင်ဆိုင် သိနေတယ်လေ"

ရှန်းချင်းယင်နှင့် ရှန်းချင်းဝူတို့သည် ညီအစ်မဝမ်းကွဲများ ဖြစ်ကြပြီး အခုရှန်းမျိုးနွယ်၏ ခေါင်းဆောင်မှာ ရှန်းချင်းဝူ၏ အစ်ကိုအရင်းဖြစ် လေသည်။

သူမ တိုက်တိုက်ဆိုင်ဆိုင် သိထားသည့်အရာမှာ ရှန်းချင်းယင်တွင်လည်း အစ်ကိုတစ်ယောက်ရှိပြီး ထိုသူသည် ရှန်းမျိုးနွယ်ခေါင်းဆောင်၏ ညီဝမ်းကွဲပင် မဟုတ်ပါလား။

"မိန်းကလေးကျိ ပြောပြပေးပါ။ ကျွန်တော် တကယ် ကျေးဇူးတင်မှာပါ"

အားချန်ကလည်း စိတ်ထဲမှနေ၍ မချီးကျူးဘဲ မနေနိုင်အောင် ဖြစ်သွားတော့သည်။ လူကြီးမင်းရှန်ကျော်က တကယ်ယဉ်ကျေးတာပဲ။ မင်ကျင့်စီး ကျန့်ရှီဖူတွေရဲ့ ကိုယ်ကျင့်တရားစံနှုန်းကို မြင့်တင်ပေးလိုက်တာပဲ။

သူမသည် ရှန်ကျော်ကို ထုတ်ဖော်ပြောပြနိုင်သည့် သတင်းများကို ပြောပြလိုက်တော့သည်။ "ကျွန်မ သိသလောက်တော့ ရှန်းကျီးယွမ်မှာ ညီမတစ်ယောက် ရှိသေးတယ်။ သူ့ညီမက ယုံးကျိုးက ပြည်သူတွေ အစောဆုံး ကိုးကွယ်ခဲ့တဲ့ အဲဒီကျောင်းဖြစ်ဖို့ အလားအလာ အရမ်းများတယ်"

ရှန်‌ကျော်မှာ အလွန်တုန်လှုပ် သွားလေတော့သည်။ "ဒါပေမဲ့ သူ့ညီမက လူသား မဟုတ်ဘူးလား"

"ဒါကတော့ လူကြီးမင်းရှန်ကျော် ကိုယ်တိုင် သွားစုံစမ်းဖို့ လိုအပ်ပါလိမ့်မယ်။ ကျွန် မခန့်မှန်းရ သလောက်တော့ အစ်ကိုအရင်း တစ်ယောက်အနေနဲ့ သူ့ညီမ ဘယ်မှာရှိလဲ ဘယ်လိုမိစ္ဆာ ဖြစ်သွားသလဲဆိုတာကို သူ သိသင့်ပါတယ်။ ဒါကတော့ လူကြီးမင်းရှန်ကျော်ရဲ့ အရည်အချင်းပေါ် မူတည်သွားပါပြီ"

"ဒီသတင်းက တကယ် အမှန်အကန် ဖြစ်ကြောင်း အာမခံနိုင်ခဲ့လား" ရှန်ကျော်သည် စိတ်မချဘဲ ထပ်မေးလိုက်၏။

"အာမခံပါတယ်" အားချန်က အခိုင်အမာ ဖြေလိုက်ပြီးမှ ထပ်ပြီးသတိပေးလိုက်၏။ "ဒါပေမဲ့ ရှင် သတိထားဖို့တော့ လိုလိမ့်မယ်။ သူ့ညီမရဲ့စွမ်းအားက တော်တော်လေး အစွမ်းထက်လောက်တယ်"

"သိပါပြီ ဒီနေ့ မိန်းကလေးကျိကို ကျေးဇူးတင်ပါတယ်" ဒီသတင်းသည် ရှန်ကျော်ကို အလွန်တုန်လှုပ် သွားစေသဖြင့် သူသည် ဆက်မနေတော့ဘဲ မြန်မြန်ထွက်ခွာ သွားလေတော့သည်။

"အဲဒီ လူကြီးမင်း ရှန်ကျော်က ဘာဖြစ်လို့ ဒီလောက် အလျင်လို နေရတာလဲ" ချန်ဟွေ့ကလည်း သိချင်စိတ်ဖြင့် မေးလိုက်၏။

"ရှန်းမျိုးနွယ်ကို ဒုက္ခသွားပေးဖို့ ဖြစ်မှာပေါ့"

...

All Chapters