← Chapters

ပိုင်တော်ဝင်မျိုးနွယ်ထဲမှာ မင်ဝမ် တစ်ယောက်တည်း ရှိတာမှ မဟုတ်တာ...

Vol. 10 Ch. 94

ပိုင်တော်ဝင်မျိုးနွယ်ထဲမှာ မင်ဝမ် တစ်ယောက်တည်း ရှိတာမှ မဟုတ်တာ...

Vol. 10 Ch. 94

ထိုညဥ့်သန်းခေါင်ယံတွင် အားချန်တစ်ယောက် အိပ်မပျော်နိုင်အောင် ဖြစ်နေခဲ့၏။

သူမသည် စောင်ကိုပိုက်ကာ ပြတင်းပေါက်နံဘေးရှိ ညောင်စောင်းပေါ် တက်ပြီး ညလေကို ရှူရှိုက်ရင်း ရှီးလင်၏ လမင်းကို မော့ကြည့်နေလေသည်။

ခြံဝင်းထဲတွင် တိတ်ဆိတ်ငြိမ်သက်နေပြီး ဟွေ့ညန်ကတော့ အိပ်မောကျသွားခဲ့လေပြီ။

ပုံမှန်အချိန်များတွင် သူမသည် အိပ်စက်ရန် မလိုအပ်သော်လည်း ယနေ့ညတွင်တော့ သူမသည် မိစ္ဆာသားရဲ၏ သွေးကို သောက်သုံးထားခဲ့သည်။ ထိုသွေးထဲမှ စွမ်းအင်များသည် သူမအတွက် အနည်းငယ် ပြင်းထန်လွန်းလှပြီး သင့်လျော်အောင် ညှိယူရန် အချိန်အတိုင်းအတာတစ်ခု လိုအပ်နိုင်ပေသည်။ ထိုသွေးထဲမှ စွမ်းအင်များကို စုပ်ယူပြီးသွားသည့်အခါ သူမသည် အဆင့်တက်နိုင်လိမ့်မည်။

အားချန်သည် သူမ၏ လက်တစ်ဖက်ကို ပြတင်းပေါက်အပြင်ဘက်သို့ ထုတ်လိုက်သည်တွင် ငွေလရောင်တို့သည် မြူခိုးငွေ့များ၊ ပိုးသားများအလား သူမ၏ လက်ချောင်းများကြားမှ ယိုစိမ့်ကျဆင်းသွားလေသည်။

ရှန်းအိမ်တော်က ပြန်လာပြီးကတည်းက ငါ ကိစ္စတစ်ခုကို တောက်လျှောက်တွေးနေခဲ့တယ်။ ဒါက ကိစ္စကောင်းတစ်ခုလို့ ထင်သင့်ပေမဲ့ အားမန် အရင်က ပြောခဲ့တဲ့ စကားတွေကို ပြန်စဉ်းစားမိတော့ ငါလည်း သိပ်မသေချာတော့ဘူး။

ငါ မြေခွေးမိစ္ဆာ ဖြစ်ခဲ့တုန်းက ညတိုင်း လမင်းကို မျက်နှာမူပြီး ကျင့်ကြံရတယ်။ လရောင်ကို ခံယူနေရတာက ဆောင်းတွင်းကြီးထဲ ရေနွေးနွေးလေးထဲ စိမ်နေရသလို သက်သောင့်သက်သာ ရှိလှတယ်။ ဒါပေမဲ့ အခုတော့ ဘာခံစားချက်မှ မရှိတော့ဘူး။

အရင်တုန်းကလို ပြန်ဖြစ်ချင်လိုက်တာ။ တကယ်လို့ တစ်ယောက်ယောက်ကသာငါ့ကို ဒီလိုအခွင့်အရေးတစ်ခု ပေးမယ်ဆိုရင် ဘာနဲ့ပဲ လဲလှယ်ရပါစေ အကုန်လုပ်မိမှာပဲ။

မွေးကတည်းက အဖေ့ဆီက အရာအားလုံးကို အမွေဆက်ခံခဲ့တယ်။ အစွမ်းထက်တဲ့ သွေးမျိုးနွယ်၊ ကျင့်ကြံခြင်း ပါရမီ၊ ပြီးတော့ အလှအပပေါ့။

သွေးသားတော်စပ်တဲ့ မိသားစုဝင်တွေကလွဲရင် တခြားသူတွေ ငါ့ကို အလွယ်တကူ သဘောကျအောင် လုပ်နိုင်ခဲ့တယ်။ အားချန်အတွက်တော့ အဲ့ဒီလိုဘဝက တကယ်ကို ကောင်းခဲ့တာပေါ့။

ဒါပေမဲ့ မိစ္ဆာတစ်ပိုင်း လူတစ်ပိုင်း (ပန့်ယောင်း) တွေတိုင်းကတော့ ဒီလိုမျိုးတွေ မပိုင်ဆိုင်ကြဘူးလေ။

နေ့လယ်တုန်းက ရှန်းချင်းဝူ ပြောသွားတယ်။ သူနဲ့ ရှန်းဟွေရွှယ်တို့ အသက်ဆက်ရှင်နိုင်ဖို့အတွက် သူက သူ့ကိုယ်သူ အဆိပ်ခတ်ဖို့တောင် ဝန်မလေးခဲ့ဘူးတဲ့။

ဒါပေမဲ့ ဒီလိုလုပ်ခဲ့တာတောင် ရှန်းဟွေရွှယ်က ဘဝမကောင်းခဲ့ပါဘူး။ သူ ရှန့်ကျင်းကို အပို့ခံလိုက်ရပြီး မျိုးရိုးမြင့်တွေရဲ့ ကစားစရာ အရုပ်တစ်ခု ဖြစ်သွားခဲ့ရတယ်။ ဟိုမျိုးရိုးမြင့်က ထင်ထားတာထက် နည်းနည်း ပိုကောင်းနေခဲ့ရင်တောင်မှ ဒါက အဲ့ဒီဘဝရဲ့ ဆိုးညစ်မှုတွေကို ဖုံးကွယ်ထားလို့ မရပါဘူး။

မိစ္ဆာတစ်ပိုင်း လူတစ်ပိုင်း အများစုက တကယ်တော့ ဘဝမကောင်းကြပါဘူး။

ငါ တကယ်သိချင်မိတယ်။ ရှန်းဟွေရွှယ်က သူ့ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ မိစ္ဆာမျိုးနွယ် တစ်ဝက်ရဲ့ သွေးတွေကို မုန်းတီးနေမလား။

အားမန်ကတော့ အရင်က မုန်းတီးခဲ့ဖူးတယ်။

သူ ပြောဖူးတယ်။ သူက တောသူတောင်သား လင်မယားရဲ့ ကလေးဖြစ်ချင် ဖြစ်ပါစေ၊ အဖေနဲ့ အမေ့ရဲ့ ကလေး မဖြစ်ချင်ဘူးတဲ့။

သူတို့က သူ့ကို ဘာတစ်ခုမှ မပေးခဲ့ဘူး။ မျှော်လင့်ချက် ကင်းမဲ့မှုနဲ့ နာကျင်မှုတွေပဲ ပေးခဲ့တယ်။ ပြီးတော့ မြေခွေးမျိုးနွယ်တွေဆီက အထင်အမြင်သေးမှုနဲ့ စက်ဆုပ်ရွံရှာမှုတွေပေါ့။

အဲ့ဒါကြောင့်နဲ့ ငါတို့ ညီအစ်မနှစ်ယောက် တစ်ခါတည်း စကားများခဲ့ကြတာပဲ။ အဲ့ဒီတုန်းက ငါ့စိတ်ခံစားချက်ကို မှတ်မိနေသေးတယ်။ ဒေါသထွက်တာ မဟုတ်ဘူး။ အရမ်းကြောက်သွားခဲ့တာ။ အားမန်က ငါ့ကိုပါ မုန်းတီးသွားမှာကို ကြောက်ခဲ့တာ။

ဘာလို့လဲဆိုတော့ အားမန် မရခဲ့တဲ့ အရာအားလုံးက ငါ့ကိုယ်ပေါ်မှာ ရှိနေလို့ပဲ။

ဟွေရွှယ်ကရော။ သူလဲ အားမန်နဲ့ အတွေးအခေါ်ချင်း တူနေမလား။ သူက ဒုက္ခပိုပြီးတောင် ခံခဲ့ရသေးတယ်။ ဒီအရာအားလုံးက မိစ္ဆာတစ်ပိုင်း လူတစ်ပိုင်း ဆိုတဲ့ ဂုဏ်ပုဒ်ကြောင့်ပဲ။

ရှန်းချင်းဝူ ပြောတာကို ကြားရတော့ ဦးလေး၆ရဲ့ အမြုတေက သူ့လက်ထဲမှာ ရှိနေတယ်တဲ့။ အဲ့ဒီအချိန်မှာ အားချန်က စပြီး တုံ့ဆိုင်းသွားခဲ့တယ်။

တကယ်လို့... အခွင့်အရေးတစ်ခုသာ ရှိခဲ့ရင် ရှန်းဟွေရွှယ်ကို မိစ္ဆာအဖြစ် ပြောင်းလဲပေးနိုင်ပြီး သူက အခုလက်ရှိဘဝနဲ့ လုံးဝမတူညီတဲ့ ဘဝမျိုးမှာ နေထိုင်ရမယ်ဆိုရင် သူ သဘောတူပါ့မလား။

တကယ်လို့သာ အားချန်ကိုယ်တိုင်သာဆိုရင်တော့ သူက လုံးဝ စိတ်မရှည်နိုင်ဘဲ သဘောတူလိုက်မှာ သေချာတယ်။

ဒါပေမဲ့ ရှန်းဟွေရွှယ်အတွက်တော့ ဒါက သူလိုချင်တဲ့ အနာဂတ်မျိုးမှ ဟုတ်ချင်မှ ဟုတ်မှာ။

သာ့ရှပြည်နဲ့ ဝေးရာမှာ ခြေသလုံးအိမ်တိုင် ဘဝမျိုးနဲ့ မိစ္ဆာတွေ အုပ်စုကြားထဲမှာ အားကြီးသူက အနိုင်ယူစားသောက်တဲ့ လောကကြီးထဲ ရှင်သန်ရမယ်ဆိုတော့ ကြားရတာက သိပ်ပြီး မျှော်လင့်ချင်စရာ မကောင်းဘူးပဲ။

ခဏလောက် ထပ်စောင့်ကြည့်လိုက်ဦးမယ်လေ။ အားချန်သည် ကိုယ့်ဟာကို ပြန်ပြောလိုက်တော့သည်။

သင့်တော်တဲ့ အချိန်ရောက်မှ ရှန်းဟွေရွှယ်ကို ထပ်ပြောပြမယ်။ သိပ်အကြာကြီးတော့ စောင့်ရမှာ မဟုတ်လောက်ပါဘူး။

အခု ရှီးလင်က အပေါ်ယံကြည့်ရင် လေငြိမ်ရေငြိမ် ပုံစံမျိုးပဲ။ တကယ်တမ်းတော့ မုန်တိုင်းမလာခင် တိတ်ဆိတ်နေတာ။ ငါကလဲ အဲ့ဒီ အခွင့်အခါကောင်းကို စောင့်နေတာ။

"ပိုင်ရှိုးမင်၊ ရှင် ကျွန်မကို စိတ်မပျက်ရစေနဲ့ဦးနော်”

လမင်းကို ခဏလောက် ငေးမောကြည့်ရှုပြီးနောက် အားချန်သည် သမ်းဝေလိုက်လေသည်။ သူမသည် အိပ်စက်ခြင်းနှင့် လသာခံခြင်း နှစ်ခုကြားတွင် ပြတင်းပေါက်ဖွင့်ပြီး အိပ်စက်ရန်ကိုသာ ရွေးချယ်လိုက်သည်။ မနက်ဖြန်မနက် ဟွေ့ညန် တွေ့မသွားပါစေနဲ့။ မဟုတ်ရင် အဆူခံရမှာ မြင်ယောင်သေးတယ်။

အားချန်သည် သလွန်ပေါ်သို့ ပြန်လှဲချလိုက်ပြီး စောင်ထဲသို့ တိုးဝင်လိုက်ကာ လက်လှမ်းမီနိုင်လုနီးပါး ဖြစ်နေသော လမင်းကို ကြည့်ရင်း အပြုံးတစ်ချက် ပေါ်ပေါက်လာကာ တဖြည်းဖြည်း အိပ်မောကျသွားလေတော့သည်။

ဤအချိန်တွင် လုံခြုံရေး တင်းကျပ်စွာ ချထားပြီး နက်မှောင်သော ညအမှောင်ထု လွှမ်းခြုံထားသည့် ရှီးလင်ဝမ် အိမ်တော်ကြီးသည် အပေါ်ယံ မြင်တွေ့နေရသကဲ့သို့ တည်ငြိမ်နေခြင်း မရှိပေ။

ရှီဇီကို ကြိုဆိုရန်အတွက် အထူးတလည် ဆောက်လုပ်ထားသည်ဟု ဆိုကြသော ခမ်းနားထည်ဝါသည့် ခြံဝင်းကြီးအတွင်းတွင် အပြင်ဘက်၌ အမှုထမ်းနေကြသော အစေခံများအားလုံးသည် အိပ်ချင်စိတ်ကို မထိန်းနိုင်တော့ဘဲ အိပ်မောကျသွားခဲ့ကြလေပြီ။

အိပ်ဆောင်ထဲတွင် အနားယူနေသော ပိုင်ရှိုးမင်သည် ရုတ်တရက် မျက်လုံးများ ပွင့်လာခဲ့၏။ ထို စွဲမက်ဖွယ်ကောင်းသော မျက်ဝန်းတစ်စုံထဲတွင် ယခုအခါ အေးစက်မှုများသာ ရှိနေတော့သည်။ ဒီရက်တွေအတွင်း စိတ်ရှည်ရှည်နဲ့ ဟန်ဆောင်နေခဲ့ရတာ အလကားတော့ မဖြစ်သွားဘူးပဲ။ နောက်ဆုံးတော့ မိစ္ဆာမျိုးနွယ်တွေရဲ့ အနံ့အသက်ကို ရလိုက်ပြီ။

ယနေ့ညတွင် ရှီးလင်ဝမ်သည် ဝမ်ဖေး၏ အဆောင်တော်တွင် သွားရောက်ခြင်း မရှိသလို ကိုယ်လုပ်တော်များနှင့် မောင်းမဆောင်များသို့လည်း ကြွချီခြင်း မရှိဘဲ စာကြည့်ခန်းထဲတွင် တစ်ဦးတည်း အနားယူနေလေသည်။

ည နှစ်ချက်တီးပင် ကျော်လွန်သွားပြီ ဖြစ်သော်လည်း သူသည် အနားမယူသေးဘဲ လက်ရေးလှ ရေးသား လေ့ကျင့်နေလေသည်။

လက်ရေးလှ လေ့ကျင့်ခြင်းသည် လူကို စိတ်တည်ငြိမ် အေးချမ်းစေသည်ဟု ဆိုကြသော်လည်း ယနေ့ည သူ၏အတွက်တော့ အကျိုးသက်ရောက်မှုမှာ မကောင်းမွန်လှပေ။ သူ၏ စိတ်နှလုံးသည် လုံးဝ တည်ငြိမ်လာခြင်း မရှိခဲ့ချေ။

စာကြည့်ခန်းတံခါးသည် အသံတိတ်စွာ ပွင့်လာပြီး တစ်ကိုယ်လုံး မည်းနက်နေသော ကြောင်တစ်ကောင် ဝင်ရောက်လာသည့် အချိန်အထိပင်။

ထိုကြောင်သည် သာမန်အိမ်မွေးကြောင်တစ်ကောင်နှင့် ဘာမှ ထူးခြားမှု မရှိဟု ထင်ရသော်လည်း အကြည့်ကို အောက်သို့ ရွှေ့လိုက်သည့်အခါ မြေပြင်ပေါ်တွင် ထင်ဟပ်နေသော အရိပ်၌ အမြီး ရှစ်ချောင်း အပြည့် ရှိနေသည်ကို တွေ့ရှိရပေမည်။

ရှီးလင်ဝမ်သည် ထိုကြောင်နက်ကြီး ရပ်တန့်သွားသည်ကို ကြည့်နေရင်း သူကိုယ်တိုင်လည်း မတ်တပ်ထရပ်လိုက်လေသည်။

ပွင့်နေသော တံခါးသည် ဖြည်းညင်းစွာ ပြန်ပိတ်သွားပြီး သူနှင့် မျက်နှာချင်းဆိုင် မော့ကြည့်နေသော ကြောင်နက်ကြီး၏ ခန္ဓာကိုယ်သည် တဖြည်းဖြည်း ပြောင်းလဲသွားကာ လှပသော အမျိုးသမီးတစ်ဦးအဖြစ်သို့ ပြောင်းလဲသွားလေသည်။

"မတွေ့တာ ကြာပါပြီ၊ ရှီးလင်ဝမ်ကတော့ ဟန်ပန်တင့်တယ်တုန်းပဲ”" ကြောင်နက်ကြီးသည် ရှီးလင်ဝမ်ကို အပေါ်အောက် အကဲခတ်ရင်း အနည်းငယ် ကွဲအက်သံဖြင့် ပြောလိုက်သည်။

"ရွှမ်မိန်းကလေး ကိုပဲ ကျေးဇူးတင်ရမှာပါ။ အဲ့ဒီတုန်းကသာ ခင်များရဲ့ လမ်းညွှန်မှု မရှိခဲ့ရင် ပန်ဝမ်လည်း ဒီနေ့လို အခြေအနေမျိုး ရောက်လာမှာ မဟုတ်ဘူး” ရှီးလင်ဝမ်သည် လူတစ်ဦးအပေါ် သည်လို စိတ်ရင်းမှန်ဖြင့် ပြောဆိုခြင်းမှာ ရှားပါးလှပြီး ပြောလိုက်သော ကျေးဇူးတင်စကားများ အားလုံးသည် နှလုံးသားထဲမှ ထွက်ပေါ်လာခြင်း ဖြစ်လေသည်။

ရွှမ်မိန်းကလေးဟု ခေါ်တွင်သော အမြီးရှစ်ချောင်း ကြောင်နက်မသည် ခပ်ဖွဖွ ရယ်မောလိုက်၏။ သူမသည် လူအသွင်ကို ပြည့်စုံစွာ ပြောင်းလဲနိုင်သော်လည်း လူအသွင် ပြောင်းပြီးနောက်တွင် အမြီးတစ်ချောင်းကို ချန်ထားရသည်ကို နှစ်သက်လေသည်။

ထိုအမြီးသည် အနောက်ဘက်သို့ ချိတ်လိုက်ရာ ကုလားထိုင်တစ်လုံးကို ဆွဲယူလာခဲ့ပြီး သူမသည် ထိုကုလားထိုင်ပေါ်တွင် ထိုင်ချလိုက်ပြီးမှ ပြောလေသည်။ "ရှင်တို့ လူသားတွေအားလုံးက ကြီးမြတ်တဲ့အရာကို လုပ်ဆောင်မယ့်သူတွေက အသေးအဖွဲတွေကို ဂရုမစိုက်ဘူးလို့ ပြောရတာကို သဘောကျကြတယ်။ ကျွန်မအမြင်မှာတော့ ရှီးလင်ဝမ်က အဲ့ဒီထဲက ထူးချွန်ပြောင်မြောက်တဲ့သူ တစ်ယောက်ပဲ။ ကျွန်မက ရှင့်ကို နည်းလမ်းပဲ ပြောပြခဲ့တာပါ။ ကျန်တာတွေအားလုံးက ရှင့်ရဲ့ လုပ်ဆောင်မှုနဲ့ ထိုက်တန်လို့ ရခဲ့တာတွေချည်းပါပဲ”

ထိုသို့ ပြောပြီးနောက် သူမသည် အနည်းငယ် အားကျသလို ပြောလိုက်၏။ "ကောင်းကင်ဘုံက လူသားမျိုးနွယ်ကို တကယ်ပဲ မျက်နှာသာ ပေးတာပဲ။ အရင်တုန်းက ရှီးလင်ဝမ်က ဘယ်လောက်တောင် အဖိုးတန်တဲ့ သဘာဝရတနာတွေ စားခဲ့စားခဲ့ အဆင့် ၃ မှာပဲ ရပ်တန့်နေခဲ့တာ။ အခုတော့ ဆယ်စုနှစ်ကျော်လေးပဲ ရှိသေးတယ်။ အဆင့် ၄ ကို ရောက်သွားပြီး ကျွန်မနဲ့တောင် စွမ်းအားတူတူ ဖြစ်နေပြီ”

မှတ်မိနေပါသေးတယ်။ အရင်တုန်းက ဒီ ရှီးလင်ဝမ်ကို လာရှာတုန်းက သူက အခုလိုမျိုး သြဇာအာဏာ ကြီးမားတဲ့ ပုံစံမျိုး လုံးဝ မဟုတ်သေးဘူး။

အဲ့ဒီတုန်းက ရှီးလင်ဝမ်က ရည်မှန်းချက်ကြီးပဲ ရှိပြီး ပါရမီကြောင့် အကျဉ်းကျနေတဲ့ သနားစရာ ဝမ်ရယ်တစ်ပါးပဲ ရှိသေးတယ်။ နေ့တိုင်း ရှီးလင်ဝမ်ဆိုတဲ့ ရာထူးကို တခြားသူတွေ အစားထိုး လုယူသွားမှာကို စိုးရိမ်နေခဲ့ရတာ။

ငါကတော့ ဒီလိုလူမျိုးကို သဘောကျတာ။ ဒီလိုလူမျိုးမှ အကောင်းဆုံး ပူးပေါင်းလုပ်ဆောင်ရမယ့် သူပဲ။

ဒါကြောင့် ပေဟွမ် (မြောက်ပိုင်း) ကို သွားပြီးမှ ဆုံးဖြတ်မလို့ လုပ်ထားတဲ့ ငါက ရှီးလင်မှာ တန်းနေလိုက်ပြီး ရှီးလင်ဝမ်နဲ့ ပူးပေါင်းဖို့ ရွေးချယ်ခဲ့တာ။ အခုတော့ အဲ့ဒီနေ့က ငါ့အမြင်က တကယ် မှန်ကန်ခဲ့တယ်ဆိုတာ သက်သေပြနေပြီ။

ကိုယ့်အတွက်ကိုယ်ဆို ဇနီးသည်ရဲ့ အသက်ကိုတောင် စတေးပစ်နိုင်တဲ့လူမျိုးမှ သူတို့ မိစ္ဆာမျိုးနွယ်တွေအတွက် အကောင်းဆုံး မိတ်ဖက်ပဲ။

ရွှမ်မိန်းကလေး၏ စကားကို ကြားသောအခါ ရှီးလင်ဝမ်သည် ကြီးစွာသော အနှောင့်အယှက်တစ်ခုကို ခံစားလိုက်ရသည့်အလား သက်ပြင်းတစ်ချက် ချလိုက်လေသည်။

သူက ပြောလိုက်၏။ "အခုလို အောင်မြင်မှုမျိုး ရခဲ့တာက ရွှမ်မိန်းကလေးက ဝမ်ဖေးက ပန်ဝမ်ကို အောင်မြင်စေနိုင်တယ်လို့ တစ်ချက်ကြည့်ရုံနဲ့ သိခဲ့လို့ပဲ။ ဒါပေမဲ့ အဆင့် ၄ ထဲ ဝင်သွားပြီးကတည်းက ပန်ဝမ်ရဲ့ ကျင့်ကြံနှုန်းက တဖြည်းဖြည်း နှေးကွေးလာတယ်။ အဲ့ဒီတုန်းက ရွှမ်မိန်းကလေး ပန်ဝမ်အတွက် ချပေးခဲ့တဲ့ အစီအရင်က အာနိသင် ပျယ်သွားပြီလားတော့ မသိဘူး”

ရွှမ်မိန်းကလေးသည် ခဏလောက် စဉ်းစားလိုက်ပြီး ခေါင်းခါကာ ပြောလိုက်၏။ "အရင်တုန်းက အစီအရင် ချဖို့ သုံးခဲ့တဲ့ ပစ္စည်းတွေက အကောင်းဆုံးတွေချည်းပဲ။ ပြောရရင် နှစ်တစ်ထောင်လောက် ခံနိုင်ရည်ရှိပြီး ဘာပြဿနာမှ မရှိသင့်ဘူး။ တကယ်လို့ ဝမ်ရယ်က ကျင့်ကြံဆင့် တိုးတက်မလာတော့ဘူးလို့ ခံစားရတယ်ဆိုရင် တခြားအကြောင်းရင်းတွေကို စဉ်းစားကြည့်သင့်တယ်”

ရှီးလင်ဝမ်သည် ရွှမ်မိန်းကလေးကို ကြည့်လိုက်ပြီး သူမ၏ နောက်ဆက်တွဲ စကားကို စောင့်ဆိုင်းနေလေသည်။

"ကျွန်မ အဲ့ဒီတုန်းက ဝမ်ရယ်ကို ပြောခဲ့ဖူးပါတယ်။ ဝမ်ဖေးရဲ့ အရိုးပြာကို 'ထာဝရအရိုး' (ပုကျင့်ကူ) အဖြစ် သန့်စင်လိုက်ရင် ကျင့်ကြံသူကို အထောက်အကူ ပေးနိုင်တာတော့ မှန်တယ်။ ဒါပေမဲ့ ဘယ်လောက်အထိ တိုးတက်စေနိုင်မလဲ ဆိုတာကတော့ ဝမ်ဖေးဆီမှာ မူလက ပါရမီ ဘယ်လောက်ရှိခဲ့လဲ ဆိုတာပေါ် မူတည်တယ်။ အခုကြည့်ရတာတော့ ဝမ်ဖေးရဲ့ ပါရမီက ကုန်သွားပြီနဲ့ တူတယ်”

ရှီးလင်ဝမ်၏ မျက်နှာပေါ်တွင် နှမြောတသခြင်း အနည်းငယ် ပေါ်လာပြီး တိုးတိုးလေး ရေရွတ်လိုက်သည်။ "အဆင့် တစ်ဆင့်ပဲ တက်ရသေးတာကို။ အဲ့ဒါနဲ့တင် ကုန်သွားပြီလား”

ရွှမ်မိန်းကလေးသည် သူ၏ မျက်နှာပေါ်တွင် အံ့ဩမှုများစွာ မတွေ့ရသောကြောင့် သည်လူသည် သည်ရလဒ်ကို အစကတည်းက တွေးဆထားပြီး ဖြစ်ကြောင်း သိလိုက်ရသည်။ ယနေ့သည် သူမနှင့် နောက်တစ်ကြိမ် ထပ်မံ အတည်ပြုခြင်းမျှသာပင်။

သူမက ပြုံးလိုက်ပြီး မျက်ဝန်းထဲတွင် လျှို့ဝှက်သော အလင်းရောင်တစ်ချက် ဖြတ်ပြေးသွားကာ ပြောလိုက်သည်။ "ကျွန်မ မှတ်မိသလောက်တော့ ဝမ်ရယ်ရဲ့ တရားဝင် သားတော်ကြီးရဲ့ အရည်အသွေး (အရိုးအမြစ်) ကလည်း အရမ်းကောင်းတာပဲ။ သူက ဝမ်ရယ်နဲ့ ဝမ်ဖေးတို့ရဲ့ တစ်ဦးတည်းသော သားတော်လေ။ ဒီနှစ်တွေမှာ ကျွန်မ အပြင်ဘက်မှာတောင် အဲ့ဒီ ပိုင်လူကြီးမင်းရဲ့ ဂုဏ်သတင်းကို ခဏခဏ ကြားနေရတယ်”

ရှီးလင်ဝမ်၏ မျက်နှာပေါ်တွင် စိတ်ပျက်မှု အနည်းငယ် ပေါ်လာပြီး ပြောလိုက်သည်။ "ဒီ သစ္စာဖောက်သားက ကြီးလာလေ၊ နားမထောင်လေ ဖြစ်လာတယ်”

"အရင်တုန်းက ကျွန်မ ဝမ်ရယ်ကို ပြောခဲ့ဖူးပါတယ်။ သူက ဝမ်ဖေးရဲ့ အရည်အသွေး (အရိုးအမြစ်) တွေကို မုချ အမွေဆက်ခံမှာပဲ။ တကယ်လို့သာ အတူတူ 'ထာဝရအရိုး' အဖြစ် သန့်စင်နိုင်ခဲ့မယ်ဆိုရင် ဝမ်ရယ်လည်း ဒီနေ့ ကျင့်ကြံဆင့် တစ်လက်မမှ မတိုးတက်လို့ စိတ်ပျက်နေစရာ လိုတော့မှာ မဟုတ်ဘူး”

ရှီးလင်ဝမ်ကတော့ ပြောလိုက်သည်။ "ဒီနေ့လည်း နောက်ကျတယ်လို့ မဆိုနိုင်သေးပါဘူး”

"ဩော်၊ ဝမ်ရယ်က ဆုံးဖြတ်ချက် ချပြီးသွားပြီလား”

ရှီးလင်ဝမ်က ပြောလိုက်၏။ "အဲ့ဒီ သစ္စာဖောက်သားက အခု အိမ်တော်ထဲမှာပဲ ရှိနေတယ်။ ဒီတစ်ခေါက် ရွှမ်မိန်းကလေး လာလိမ့်မယ်လို့ ကျွန်တော် ထင်ခဲ့လို့ သူ့ကို ကြိုပြီး ပြန်ခေါ်ထားလိုက်တာ။ ကျွန်တော်နဲ့ သူက သားအဖ တော်စပ်ခဲ့ကြတာပဲ။ သူက ကျွန်တော့် ရှီးလင်ဝမ် အိမ်တော်အတွက် နည်းနည်းပါးပါးတော့ ပေးဆပ် အသုံးတော်ခံသင့်တာပေါ့”

ရွှမ်မိန်းကလေးသည် ခပ်ဖွဖွ ရယ်မောလိုက်လေသည်။ "ဝမ်ရယ်နဲ့ တကယ် ထိုက်တန်တာပဲ။ သတ်ဖြတ်တဲ့နေရာမှာ တကယ်ကို ပြတ်သားလှတယ်။ ဝမ်ရယ်က အရာအားလုံးကို အဆင်သင့် ပြင်ထားပြီးပြီ ဆိုမှတော့ နောက်တစ်နေ့ကျရင် ကျွန်မ ဝမ်ရယ်အတွက် 'ထာဝရအရိုး' တစ်စုံကို အသစ်ပြန်သန့်စင်ပေးပါ့မယ်”

"ရွှမ်မိန်းကလေးကို ကျေးဇူးတင်ပါတယ်။ တကယ်လို့ ခင်များမှာ တောင်းဆိုစရာ ရှိရင် ပန်ဝမ်ကို အားမနာတမ်း ပြောပါ”

ရွှမ်မိန်းကလေးက ခေါင်းခါလိုက်သည်။ "ဒီတစ်ခေါက် ကျွန်မ သာ့ရှပြည်ထဲကို စွန့်စွန့်စားစား ခိုးဝင်လာတာ မိစ္ဆာတံဆိပ်တော် ကို လာယူဖို့သက်သက်ပဲ။ 'ထာဝရအရိုး' ကတော့ ကျွန်မက ဝမ်ရယ်ကို ပေးတဲ့ လက်ဆောင်လို့ပဲ သဘောထားလိုက်ပါ။ အရောင်းအဝယ် ပြီးသွားတဲ့အခါ ဝမ်ရယ်က ကျန်နေတဲ့ 'ကျိုယွမ်တန်း' နှစ်လုံးကို ရသွားပြီဆိုရင် အဆင့် ၅ ရောက်ဖို့က လက်တစ်ကမ်းလေးတင်ပဲ”

ရှီးလင်ဝမ်သည် နှစ်ပေါင်းများစွာ တည်ငြိမ်နေခဲ့သော်ငြားလည်း ရွှမ်မိန်းကလေး၏ စကားကို ကြားလိုက်ရသောအခါ စိတ်ထဲတွင် လှုပ်ရှားမှုကို ဖုံးကွယ်ထား၍ မရနိုင်တော့ပေ။

ပိုင်မျိုးနွယ်က ပါရမီရှင်တွေ အများကြီး ထွက်တယ်လို့ ပြောကြတယ်။ ဒါပေမဲ့ အဲ့ဒီတုန်းက ငါ ဘယ်လောက်ပဲ နည်းလမ်းတွေ ရှာခဲ့ ရှာခဲ့၊ အဆင့် ၃ မှာပဲ ပိတ်မိနေပြီး တစ်လက်မမှ တိုးတက်မလာခဲ့ဘူး။

အဲ့ဒီလို အားမတန်ဘဲ မျှော်လင့်ချက် ကင်းမဲ့သွားတဲ့ ခံစားချက်က ပြန်တွေးလိုက်တိုင်း၊ နိုးထလို့မရတဲ့ အိပ်မက်ဆိုးကြီး တစ်ခုလိုပဲ။

ငါ မိစ္ဆာမျိုးနွယ်နဲ့ အရောင်းအဝယ် လုပ်ခဲ့တာကို ဘယ်တုန်းကမှ နောင်တမရခဲ့ဘူး။ တစ်ခါတလေ သူ့အပေါ် လေးလေးစားစား ဆက်ဆံခဲ့ရတဲ့ အဲ့ဒီအမျိုးသမီးကို ပြန်သတိရမိတဲ့အခါ နည်းနည်းတော့ အပြစ်ရှိသလို ခံစားရတယ်။ ဒါပေမဲ့ အဲ့ဒါကလဲ အဆင့် ၄ ကို မတက်ခင်အထိပါပဲ။

အဲ့ဒီအချိန်က စပြီးတော့ ငါ့စိတ်ထဲက အပြစ်ရှိသလို ခံစားချက်က ရုတ်တရက် ပျောက်ကွယ်သွားခဲ့တယ်။

အဲ့ဒီ အပေါယံ သံယောဇဉ်က အစွမ်းထက်တဲ့ စွမ်းအားနဲ့ ယှဉ်လို့တောင် မရဘူး။ အစွမ်းထက်တယ်ဆိုတဲ့ ခံစားချက်က တကယ်ကို လူကို စွဲလမ်းစေတာပဲ။ ဒီလောကကြီးက အရာအားလုံးထက်တောင် သာလွန်တယ်။

အဆင့် ၄ က ငါ့ အဆုံးစွန် မဟုတ်သေးဘူး။ အဆင့် ၅ မှ ငါ့ရဲ့ ပန်းတိုင်ပဲ။ ပိုင်တော်ဝင်မျိုးနွယ်ထဲမှာ မင်ဝမ် တစ်ယောက်တည်း ရှိတာ မဟုတ်ဘဲ ရှီးလင်ဝမ် ဆိုတာလည်း ရှိသေးတယ်ဆိုတာကို တစ်လောကလုံး သိစေရမယ်။

"ဒါဆိုရင်တော့ ရွှမ်မိန်းကလေးရဲ့ မင်္ဂလာစကားကိုပဲ ယူရတော့မှာပေါ့” စကားပြောပြီးသောအခါ ရှီးလင်ဝမ်၏ အကြည့်သည် ရုတ်တရက် အနည်းငယ် လှုပ်ရှားသွားသည်။ "ဒီနေ့ ရွှမ်မိန်းကလေး တစ်ယောက်တည်းပဲ လာတာလား။ ကျွန်တော် မှတ်မိသလောက် ခင်များနဲ့ ချန်းကုန်းဇီ က အမြဲတမ်း အရိပ်လို မခွဲမခွာ ရှိနေကြတာ”

"သူ ရှန်းအိမ်တော်ကို သွားတယ်။ ဒီကို လာမှာ မဟုတ်ဘူး” ရွှမ်မိန်းကလေးက ပြုံးလိုက်သည်။ "စဉ်းစားကြည့်မိပါတယ်။ ဝမ်ရယ်ကလည်း အိမ်ထဲမှာ အဆင့် ၄ မိစ္ဆာမျိုးနွယ် နှစ်ယောက်ကို တွေ့ချင်မှာ မဟုတ်လောက်ဘူး။ ကျွန်မတို့က ဝမ်ရယ်နဲ့ အရောင်းအဝယ် လာလုပ်တာပါ။ ဝမ်ရယ်ကို အနိုင်လာကျင့်တာမှ မဟုတ်တာ”

"ရွှမ်မိန်းကလေးက နောက်တာပါပဲ။ ပန်ဝမ်က ခင်များတို့ နှစ်ယောက်ရဲ့ ဂုဏ်သိက္ခာကို ယုံကြည်ပြီးသားပါ”

ဤသို့ ပြောပြီးနောက် သူသည် လက်ကို ဖြန့်လိုက်ရာ ကျောက်စိမ်းတံဆိပ်တုံး တစ်ခုသည် သူ၏ လက်ဖဝါးထဲတွင် ပေါ်ထွက်လာလေသည်။

မိစ္ဆာတံဆိပ်တော် ကို မြင်လိုက်ရသောအခါ ရွှမ်မိန်းကလေး၏ မျက်နှာသည် ရုတ်တရက် ပြောင်းလဲသွားတော့၏။ သူမ၏ မျက်ဝန်းထဲတွင် လှုပ်ရှားတက်ကြွမှုကို ဖုံးကွယ်မထားနိုင်ဘဲ ရုတ်တရက် မတ်တပ်ထရပ်ကာ ထို မိစ္ဆာတံဆိပ်တော် ရှိရာသို့ ဒူးထောက်လိုက်လေသည်။

ရှီးလင်ဝမ်သည် သူမ၏ သညလိုအပြုအမူကို တားဆီးခြင်း မပြုဘဲ သူမ သုံးကြိမ်တိုင်တိုင် အရိုအသေပေးပြီးမှ ပြန်ထသည်ကို ကြည့်နေလိုက်သည်။

"ရွှမ်မိန်းကလေးက ဒီကျောက်စိမ်းတံဆိပ်တုံးရဲ့ အစစ်အမှန်ကို အတည်ပြုနိုင်လောက်ပြီ ထင်ပါတယ်နော်”

"ဒါက တကယ့် မိစ္ဆာတံဆိပ်တော် အစစ်အမှန်ပဲ။ မိစ္ဆာဘုရင်ရဲ့ ကျောက်စိမ်းတံဆိပ်တော်ပဲ” ရွှမ်မိန်းကလေး၏ လေသံသည် အနည်းငယ် တုန်ယင်နေသည်။ "ရှီးလင်ဝမ်နဲ့ တကယ် ထိုက်တန်တာပဲ။ မိစ္ဆာတံဆိပ်တော်ကို တကယ်ကြီး ယူလာနိုင်ခဲ့တာပဲ။ ဒီနေ့ ကျွန်မတို့ မိစ္ဆာမျိုးနွယ်က ရှင့်အပေါ် ကျေးဇူးတင်ကြွေး တစ်ခု တင်သွားပြီ”

ထိုသို့ ပြောပြီးနောက် သူမသည် ရင်ဘတ်ထဲမှ ကျောက်စိမ်းပုလင်း နှစ်လုံးကို ထုတ်ယူလိုက်လေသည်။

ရှီးလင်ဝမ်သည် ကျောက်စိမ်းပုလင်းများကို လှမ်းယူလိုက်ပြီး တစ်လုံးချင်း ဖွင့်ကြည့်လိုက်ရာ အထဲတွင် 'ကျိုယွမ်တန်း' ဆေးလုံး နှစ်လုံး ရှိနေလေသည်။

ဤတစ်ကြိမ် အရောင်းအဝယ်တွင် မိစ္ဆာမျိုးနွယ်သည် 'ကျိုယွမ်တန်း' ဆေးလုံး စုစုပေါင်း သုံးလုံးကို ထုတ်ပေးခဲ့သည်။

သူသည် ထိုအထဲမှ တစ်လုံးကို ကျန်းပေမြို့စားကို ပေးခဲ့ပြီး ကျန်ရှိသော နှစ်လုံးကိုတော့ သူ ပိုင်ဆိုင်လေသည်။

'ကျိုယွမ်တန်း' ဆေးလုံးများအပြင် ရွှမ်မိန်းကလေးသည် သေတ္တာတစ်လုံးကို ထပ်မံ ထုတ်ယူလိုက်၏။ သူမသည် အက်ကွဲကြောင်းတစ်ခုမျှသာ ဖွင့်လိုက်သော်လည်း ပြင်းထန်သော ဝိညာဉ်စွမ်းအင်များ ထွက်ပေါ်လာလေသည်။

"ဒီထဲမှာ ထည့်ထားတာတွေ အားလုံးက ကျွန်မတို့ မိစ္ဆာမျိုးနွယ်မှာပဲ ရှိတဲ့ နတ်ဆေးပင်တွေချည်းပဲ။ ဒါက ကျွန်မတို့ မင်းသမီးလေးက ဝမ်ရယ်ကို ပေးလိုက်တဲ့ လက်ဆောင်ပါ။ မင်းသမီးလေးက ဝမ်ရယ်နဲ့ ကိုယ်တိုင်ကိုယ်ကျ တွေ့ဆုံလို့ မရပေမဲ့ ဝမ်ရယ်က အဆင့် ၅ ကို ဖောက်ထွက်ပြီးတဲ့ အချိန်ရောက်ရင် ကျွန်မတို့တွေ သေချာပေါက် ပိုပြီး နက်နက်ရှိုင်းရှိုင်း ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ကြဦးမှာပါ။ ရှင် ဘယ်လိုထင်လဲ”

ရှီးလင်ဝမ်သည် ဟားတိုက် ရယ်မောလိုက်ပြီး လက်တစ်ဖက်ကို သေတ္တာပေါ်တွင် ဖိတင်လိုက်လေသည်။ "ဒါဆိုရင်တော့ မင်းသမီးလေးရဲ့ လက်ဆောင်ကို ကျွန်တော် လက်ခံလိုက်ပါ့မယ်။ နောင်တစ်ချိန်ကျရင် ပန်ဝမ်က မိစ္ဆာမျိုးနွယ်ဆီကို ကိုယ်တိုင်ကိုယ်ကျ သွားပြီး မင်းသမီးလေးကို ဂါရဝပြု ပါဦးမယ်”

ရှီးလင်ဝမ်သည် ပစ္စည်းများကို ယူလိုက်ပြီး သူ၏ လက်ထဲမှ မိစ္ဆာတံဆိပ်တော်ကို ခပ်ဖွဖွ ပစ်မြှောက်လိုက်ရာ ထိုတံဆိပ်တုံးသည် ရွှမ်မိန်းကလေး၏ လက်ထဲသို့ ကျရောက်သွားလေသည်။

သူမသည် ဤကျောက်စိမ်းတံဆိပ်တုံးကို စွဲလမ်းစွာ ကြည့်ရင်း တိုးတိုးလေး ရေရွတ်လိုက်၏။ "မိစ္ဆာဘုရင်က အဲ့ဒီ ချင်းယွီတောင်က မြေခွေးမိစ္ဆာရဲ့ သစ္စာဖောက်မှုကြောင့် ကျဆုံးခဲ့ပြီးကတည်းက၊ မိစ္ဆာတိုင်းပြည်ကြီးက အစိတ်စိတ်အမြွှာမြွှာ ကွဲပြားသွားခဲ့တာ နှစ်ပေါင်း ရာနဲ့ချီ ကြာခဲ့ပြီ။ အခုတော့ မိစ္ဆာတံဆိပ်တော်က နောက်ဆုံးတော့ ပိုင်ရှင်အစစ်အမှန်ဆီ ပြန်ရောက်လာခဲ့ပြီ”

လူတစ်ဦးနှင့် မိစ္ဆာတစ်ကောင်တို့သည် ထိုကျောက်စိမ်းတံဆိပ်တုံးကို အထင်တကြီး ကြည့်ရှုနေကြစဉ် ပိုင်ရှိုးမင်သည် မျက်လုံးများကို မှိတ်ထားလျက် ပြတင်းပေါက်နံဘေးတွင် ရပ်နေပြီး သူ၏ မျက်နှာသည် ရှီးလင်ဝမ်၏ စာကြည့်ခန်း ရှိရာဘက်သို့ ဦးတည်နေလေသည်။

အမှောင်ထုထဲတွင် မိစ္ဆာမျိုးနွယ်ပိုင် အငွေ့အသက်များသည် လုံးဝ ဖုံးကွယ်မထားဘဲ ၎င်း၏ တည်ရှိမှုကို ထင်တိုင်းကြဲ ထုတ်ဖော် ပြသနေလေသည်။

ပိုင်ရှိုးမင်သည် မျက်လုံးများကို ဖွင့်လိုက်ပြီး နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ချက် ကွေးတက်သွားလေသည်။ သူ့ရဲ့ ဒီအဖေက သူ့ကို ဘယ်တော့မှ စိတ်မပျက်စေခဲ့တာ အမှန်ပဲ။

...

All Chapters