← Chapters

မိစ္ဆာတစ်ပိုင်း ဖြစ်သွားတော့ရော ဘာဖြစ်လဲ ...

Vol. 10 Ch. 95

မိစ္ဆာတစ်ပိုင်း ဖြစ်သွားတော့ရော ဘာဖြစ်လဲ ...

Vol. 10 Ch. 95

နောက်တစ်နေ့ မနက်စောစောတွင် ရှီးလင်ဝမ် အိမ်တော်၏ အစေခံများသည် စားဖွဘ်အစုံအလင်ကို စားပွဲအပြည့် ခင်းကျင်းပြင်ဆင်ပြီးနောက် ရိုသေလေးစားသည့် ဟန်ပန်ဖြင့် ဘေးတစ်ဖက် တစ်ချက်တွင် အစဉ်လိုက် ရပ်နေကြလေသည်။

ပိုင်ရှိုးမင်သည် စားပွဲရှေ့တွင် ထိုင်ကာ စားပွဲပေါ်က အစားအစာများကို ဖြည်းညင်းစွာ စားသောက်နေလိုက်၏။

အစားစားလို့ မပြီးသေးခင်မှာပင် ခြံဝင်းအတွင်းက အိမ်တော်ထိန်းသည် သတင်းလာပို့လေသည်။ "ရှီဇီ။ အာ့ကုန်းဇီ ရောက်လာပါတယ်"

"သူ့ကို စောင့်ခိုင်းထားလိုက်" ပိုင်ရှိုးမင်က ပျင်းရိစွာဖြင့် တစ်ခွန်းသာ ပြန်ပြောလိုက်၏။

ထိုအိမ်တော်ထိန်း၏ မျက်နှာတွင် အခက်တွေ့သွားသည့် အရိပ်အယောင်များ ချက်ချင်းထွက်ပေါ် လာတော့သည်။ "ဒါ ... ဒါက မကောင်းလောက်ဘူး ထင်ပါတယ်"

"မင်းက သူ့ကို စောင့်ခိုင်းထားတာ မကောင်းဘူးလို့ ထင်နေမှတော့ သူ့ကို ပြန်ခိုင်း လိုက်တော့လေ"

အိမ်တော်ထိန်းသည် ထိုစကားကို ကြားလိုက်ရသောအခါ ချက်ချင်း ကြောင်အမ်းအမ်း ဖြစ်သွားပြီး ဒုတ်ခနဲ မည်အောင် ဒူးထောက်ချ လိုက်တော့သည်။ "ကျွန်တော်မျိုး စကားမှားသွားပါတယ်။ ရှီဇီ အပြစ်ပေးပါ"

ပိုင်ရှိုးမင်ကတော့ ထိုအိမ်တော်ထိန်းကို လှည့်ပင်မကြည့်ချေ။ သူ့ဘေးတွင် လူတစ်ယောက် ဒူးထောက်နေသော်ငြားလည်း သူ၏စားချင်စိတ်ကို အနှောင့်အယှက် မပေးနိုင်ခဲ့ပေ။

သူသည် စိတ်မကျေမနပ် မဖြစ်သွားခဲ့ချေ။ ဒီရှီးလင်ဝမ်အိမ်တော်က အစေခံတွေက တော်တော်စိတ်ဝင်စားဖို့ ကောင်းတယ်ဟုသာ တွေ့မိလိုက်တော့သည်။ အထူးသဖြင့် ဟိုအရင်က ချီချဲ့ဖေး (ကိုယ်လုပ်တော်)က နေရာတိုင်းမှာ သတိကြီးကြီးနဲ့ နေတတ်တာကို မှတ်မိနေသေးတယ်။ အခု ဝမ်‌ဖေးဖြစ်လာတော့ အပေါ်ယံ ဟန်ပန်တွေကို ဂရုစိုက်လာပုံပဲ။ သူမွေးထားတဲ့သားဖြစ်ဖြစ် သူမွေးထားတဲ့ အစေခံဖြစ်ဖြစ် အပေါ်ယံ စည်းကမ်းတွေကတော့ မဆိုးပါဘူး။ ဒါပေမဲ့ ဝမ်းနည်းစရာက အဲဒီ သေးငယ်လှတဲ့ အတွေးအခေါ်တွေကို ကောင်းကောင်း မဖုံးကွယ် ထားနိုင်ကြဘူးလေ။

တစ်နာရီ၏ လေးပုံတစ်ပုံလောက် ကြာပြီနောက်တွင် စားသောက်ပြီးသွားသောအခါ ပိုင်ရှိုးမင်က တူကိုချလိုက်ပြီး ထထွက်သွားတော့သည်။

သူ ထွက်သွားသည်ကို မြင်လိုက်မှ ဘေးတွေရပ်နေသည့် အစေခံသည် မြန်မြန် ရှေ့တိုးလာပြီး အိမ်တော်ထိန်းကို ဆွဲထူလိုက်တော့၏။

အစေခံငယ်လေးတစ်ဦးက လေသံတိုးတိုးဖြင့် ပြောလာခဲ့သည်။ "ရှီဇီက တော်တော် သဘောထား သေးသိမ်းတာပဲ။ အာ့ကုန်းဇီနဲ့ အပြိုင်ဖြစ်တာကို ဘာဖြစ်လို့ အိမ်တော်ထိန်းဝမ်ကို လာပြီးဒုက္ခပေး နေရတာလဲ"

ထိုအိမ်တော်ထိန်းသည် စကားပြောလိုက်သူကို တစ်ချက်စွေ ကြည့်လိုက်ပြီး ပေါ့ပေါ့ပါးပါး ပြန်ပြောလိုက်၏။ "တော်ပြီ။ ရှီဇီ ဘယ်လိုပဲဖြစ်ဖြစ် ဒါက ငါတို့ ဝေဖန်ပြောဆိုရမယ့် ကိစ္စမဟုတ်ဘူး"

ထိုသို့ပြောဆိုပြီးနောက် တခြားအစေခံများ၏ စိတ်ထဲတွင်လည်း ဒီရှီဇီအပေါ် မကျေနပ်မှု အနည်းငယ် တိုးပွားလာခဲ့လေသည်။ အရင်တုန်းက အာ့ကုန်းဇီနားမှာ အစေခံတုန်းကဆိုရင် သူက ငါတို့လိုအစေခံတွေကို ဘယ်တုန်းကမှ အခက်တွေ့အောင် မလုပ်ခဲ့ဘူး။

ခြံဝင်းအပြင်ဘက်တွင် ပိုင်ယိချန်သည် ဝမ်အိမ်တော်ထဲတွင် ပထမဦးဆုံး အကြိမ်အဖြစ် တံခါးအပြင်ဘက်တွင် အငြင်းခံလိုက်ရခြင်း ဖြစ်တော့၏။ သူသည်အချိန်အတော်ကြာအောင် စောင့်ဆိုင်းနေပြီးမှ ပိုင်ရှိုးမင် ထွက်လာသည်ကို တွေ့လိုက်ရလေသည်။

ပိုင်ယိချန်သည် အသက်ကိုပြင်းပြင်း တစ်ချက်ရှုသွင်းလိုက်ပြီး ပိုင်ရှိုးမင်ကို တရိုတသေ အရိုအသေ ပေးလိုက်တော့၏။ "အစ်ကိုတော်"

အရိုအသေပေးပြီးနောက် သူသည် ဘေးဘယ်ညာကို ကြည့်လိုက်ပြီး အနည်းငယ် ထူးဆန်းသလို မေးလိုက်တော့၏။ "ခုနတုံးက သီတင်းသွားပို့တဲ့ အိမ်တော်ထိန်းဝမ်ကို မတွေ့ပါလား။ သူက အစ်ကိုတော်ကို စိတ်အနှောင့်အယှက် ဖြစ်အောင် လုပ်မိလို့လား"

"မင်းရဲ့မှတ်ဉာဏ် တော်တော်ကောင်းတာပဲ။ အိမ်တော်က အိမ်တော်ထိန်း မျိုးရိုးနာမည်က ဘာလဲဆိုတာကိုတောင် မှတ်မိနေသေးတယ်"

"ဒီအတိုင်း မထင်မှတ်ဘဲ တွေ့ဖူးတာပါ။ အိမ်တော်ထိန်းဝမ်ကို မူချင်း(အမေ)က အရမ်းသဘောကျတယ်လေ" ပိုင်ယိချန်က ထပ်ပြောလိုက်လေသည်။ "တကယ်လို့ သူလုပ်တာ မမှန်ကန်တဲ့ နေရာတွေရှိခဲ့ရင်လည်း အစ်ကိုကြီးကပဲ ခွင့်လွှတ်ပေးပါဦး"

"ရှီးလင်းဝမ်အိမ်တော်ရဲ့ စည်းကမ်းတွေက တော်တော်ထူးခြားတာပဲ။ ငါလို ရှီဇီ တစ်ယောက်က အစေခံတွေရဲ့ မျက်နှာကို ထောက်ထားပေး နေရဦးမှာလား"

ပိုင်ယိချန်၏ နှုတ်ခမ်းတောင့်မှာ တွန့်ကွေးသွားတော့သည်။ "အစ်ကိုကြီးက နောက်နေပြန်ပါပြီ။ သူက ဘာပဲပြောပြော မူချင်းရဲ့ ..."

ပိုင်ရှိုးမင်သည် ဝမ်ဖေးကို မျက်နှာသာပေးရန် နည်းနည်းလေးမှ အစီအစဉ်မရှိချေ။ "ဝမ်ဖေးက လူကြည့်တတ်တဲ့မျက်လုံး မရှိဘူးပဲ။ မင်းက သားတစ်ယောက် အနေနဲ့ ဝမ်ဖေးပို သွားတားမြစ်ပြီး သတိပေးသင့်တယ်"

"...အစ်ကိုကြီး ပြောတာမှန်ပါတယ်"

"ငါ့ကိုရှာတာ ကိစ္စရှိလို့လား" ပိုင်ရှိုးမင်က မေးလိုက်၏။

ပိုင်ယိချန်သည် ထိုအခါမှ လာရင်းကိစ္စကို သတိရသွားတော့သည်။ သူက ပြောလိုက်လေသည်။ "ဖုဟွမ်က လုံ့လဝီရိယရှိတော့ မနက်အစောကြီး ကတည်းက အရေးကြီးကိစ္စတွေကို ဖြေရှင်းနေရတယ်လေ။ အစ်ကိုကြီး အိမ်ပြန်ရောက်တိုင်း ဒီရက်ပိုင်းတွေမှာ ဖုဟွမ်ရဲ့ လက်အောက်ခံ အရာရှိတွေနဲ့ တွေ့ဆုံဖို့ အချိန်တန်ပါပြီ"

"လမ်းပြလေ"

ပိုင်ယိချန်သည် ပိုင်ရှိုးမင်ကို အုပ်ချုပ်ရေးရုံး ခန်းမသို့ ခေါ်ဆောင်လာသည့်အခါ အစည်းအဝေးက စတင်နေပြီဖြစ်၏။

သားတော်နှစ်ယောက် ရှေ့ဆင့်နောက်ဆင့် ဝင်လာသည်ကို မြင်လိုက်သောအခါ ရှီးလင်ဝမ်သည် ထရပ်လိုက်ပြီး ကိုယ်တိုင်ကြိုဆိုရန် ထွက်လာခဲ့ကာ လက်အောက်ခံ အရာရှိများကို ပြောလိုက်လေသည်။ "ဒါက ပန်ဝမ်ရဲ့ သားအကြီးဆုံး ပိုင်ရှိုးမင်ပဲ။ ရှီးလင်ဝမ် အိမ်တော်ရဲ့ ရှီဇီလည်း ဟုတ်တယ်။ နောက်ဆိုရင် ရှီဇိကို တွေ့ရတာက ပန်ဝမ်ကို တွေ့ရသလိုပဲ"

ပိုင်ယိချန်သည် ဘေးမှတိတ်ဆိတ်စွာ ကြည့်နေလေသည်။ ဖုဟွမ်၏ ဒီလုပ်ရပ်သည် ယာယီအစီအမံ တစ်ခုမျှသာဖြစ်ကြောင်း စိတ်ထဲတွင် သိနေသော်ငြားလည်း စိတ်ထဲက မကျေနပ်မှုကိုတော့ ဖုံးကွယ်မထားနိုင်သေးချေ။ ပိုင်ရှိုးမင်က ငါ့အထက်မှာ။ ဝမ်ဖေး အဟောင်းကလည်း မူချင်းရဲ့အထက်မှာ ရှိနေသလိုပဲ။ နှစ်ယောက်လုံးက ဆူးတစ်ချောင်းလိုပဲ။ ဝမ်ဖေးကတော့ အလိုက်တသိနဲ့ အရင်ထွက်သွား ပေးလိုက်ပြီ။ ပိုင်ရှိုးမင်ကရော

ရှီးလင်ဝမ်သည် ယနေ့ ပိုင်ရှိုးမင်ကို ခေါ်လာခြင်းမှာ ဒီသားတော်ကို သူမည်မျှ အလေးထားကြောင်း လူအများကို ပြောပြရန် သက်သက်သာ ဖြစ်ဟန်တူသည်။ ထိုနောက်တွင်တော့ သူသည် လူများကို ကုလားထိုင်နှစ်လုံး ယူလာခိုင်းလိုက်ပြီး သားတော်နှစ်ယောက်ကို သူ၏ ဘယ်တစ်ဖက် ညာတစ်ဖက်တွင် အသီးသီး ထိုင်ခိုင်းလိုက်၏။

အောက်ဘက်က လက်အောက်ခံ အရာရှိများသည် ရှီးလင်ဝမ်၏ ဘယ်ဘက်အောက်တွင် ထိုင်နေသော ပိုင်ရှိုးမင်ကို ကြည့်ရင်း စိတ်ထဲတွင် မကျေမနပ် တီးတိုးပြောဆို နေကြတော့၏။ အစတုန်းက ဝမ်ရယ်က အာ့ကုန်းဇီကို ပိုပြီးအလေးထားတော့ နောက်ဆုံးမှာ ရှီဇီ နေရာကို လဲပစ်လိုက်တော့မယ်လို့ ထင်ထားတာ။ အခု ကြည့်ရတာတော့ ဒီရုတ်တရက် ပြန်ပေါ်လာတဲ့ ရှီဇီက အနိုင်ရနိုင်ခြေ ပိုများနေသလိုပဲ။

ရှီးလင်ဝမ်သည် ယနေ့ စိတ်ခံစားချက် ကောင်းမွန်နေသဖြင့် အစည်းအဝေးသည် တစ်နာရီမပြည့်ဘဲ ပြီးသွားခဲ့လေသည်။

အရာရှိများစွာ မထွက်ခွာသေးခင်မှာပင် အမတ်ကြီးလျူချီသည် ရုတ်တရက် ရှေ့သို့ထွက်လာပြီး လျှောက်တင်လိုက်၏။ "ဝမ်ရယ် ရှီဇီ အိမ်ပြန်ရောက်တာလည်း ရက်အနည်းငယ် ရှိသွားပါပြီ။ လူတွေက အိမ်ထောင်ပြုပြီးမှ အလုပ်အကိုင် အတည်တကျ ဖြစ်နိုင်တယ်လို့ ပြောပါတယ်။ ရှီဇီရဲ့ လက်ထက်ပွဲကို အတည်ပြုသတ်မှတ် သင့်ပြီလား"

"မင်းရော ဘယ်လိုထင်လဲ" ရှီးလင်ဝမ်က ပိုင်ရှိုးမင်ကို မေးလိုက်၏။

ပိုင်ရှိုးမင်က ရှီးလင်ဝမ်ကို ပြန်စိုက်ကြည့်လိုက်ပြီး သူ့မျက်နှာပေါ်မှာ ဖုံးကွယ်ထားလို့ မရနိုင်သည့် ပျော်ရွှင်မှုကိုကြည့်ကာ ဖြေညင်းစွာ ပြောလိုက်လေသည်။ "ဘယ်တော့လဲ"

ဒီသားကို ဖျောင်းဖျဖို့ အချိန်နည်းနည်း လိုအုံးမယ်လို့ ထင်ထားတာ။ ဘာလို့လဲဆိုတော့ သူက ရှန်းမိသားစုရဲ့သမီးကို သိပ်သဘောကျပုံ မပေါ်ဘူးလေ။ ဒါပေမဲ့ ဒီလောက် လွယ်လွယ်ကူကူ အလျှော့ပေး လိုက်မယ်လို့တော့ မထင်ထားခဲ့ဘူး။ ကြည့်ရတာ ငါ့ရဲ့ဒီသားက ဝမ်အိမ်တော် ရှီဇီဆိုတဲ့ဂုဏ်ပုဒ်ကို လုံးဝ စိတ်မဝင်စားတာတော့ မဟုတ်ဘူးပဲ။ စဉ်းစားကြည့်တော့လည်း ဟုတ်ပါတယ်လေ။ မင်ဝမ်က သူ့ကို ဘယ်လောက်ပဲ ကောင်းကောင်းမွန်မွန် ဆက်ဆံပါစေ။ နောက်ဆုံးတော့ သူက မွေးစားသား တစ်ယောက်ပဲ။ မင်ဝမ်ရဲ့ ဘွဲ့ထူးကိုလည်း သူ ဆက်ခံခွင့် ရမှာမဟုတ်ဘူး။ ကြည့်ရတာ ရှန့်ကျင်းမှာ နေခဲ့တဲ့ ဒီနှစ်တွေက အနည်းဆုံးတော့ သူ့ကိုအာဏာရှိတဲ့ သူရှေ့မှာ ခေါင်းငုံ့တတ်အောင် သင်ပေးလိုက်နိုင်ခဲ့တာပဲ။

ရှီးလင်ဝမ်သည် ဒီလိုရည်မှန်းချက် ကြီးခြင်းကို မမုန်းတီးပေ။ သို့သော်ငြား ဝမ်းနည်းစရာ ကောင်းသည်မှာ သူ၏ပန်ဝမ်ဘွဲ့ကို အလိုက်မသိသော သားတော်ကို ဆက်ခံခွင့် ပေးမည်တော့ မဟုတ်ပေ။

ရှီးလင်ဝမ်က လျူချီဘက်သို့ လှည့်ကြည့်လိုက်ကာ လျူချီကလည်း မြန်မြန် လျှောက်တင်တာလေသည်။ "ဒီလ၂၀ရက်နေ့က အကောင်းဆုံးနေ့ပါပဲ"

"နောက် ငါးရက်ပဲ လိုတော့တယ်ဆိုတော့ နည်းနည်းလေး အလျင်စလို ဖြစ်သွားပါတယ်။ ဒါပေမဲ့ ဝမ်ဖေးက စေ့စပ်ပွဲ ကိစ္စအဝဝကို အစောကြီးကတည်းက စီစဉ်ပြီးသားပါ။ မင်း သဘောတူရင် ဒီနေ့ကို သတ်မှတ်လိုက်ရင်ကော ဘယ်လိုလဲ" ရှီးလင်ဝမ်က မေးလိုက်လေသည်။

"ဖြစ်ပါတယ်"

ပိုင်ရှိုးမင်က မကြာမီ စေ့စပ်တော့မည်ဟု ကြားလိုက်ရသောအခါ ရှီးလင်ဝမ်၏ လက်အောက်ခံ အရာရှိများစွာသည် ချက်ချင်းဆိုသလို ရှေ့တိုးလာပြီး ဂုဏ်ပြုစကား ပြောဆိုကြတော့၏။ ပိုင်ရှိုးမင်က ကုလားထိုင်ပေါ်တွင် ထိုင်ကာ လာရောက်ဂုဏ်ပြုကြသည့် မျက်နှာတစ်ခုချင်းစီကို ကြည့်ပြီး ထိုသူတို့အားလုံးကို သူ၏ဦးနှောက်ထဲတွင် မှတ်သားထားလိုက်တော့သည်။

မွန်းမတည့်ခင်မှာပင် ရှီးလင်ဝမ် ရှီဇီသည် ရှန်းမိသားစု၏ တရားဝင်သမီးနှင့် စေ့စပ်တော့မည်ဆိုသည့် သတင်းက မြို့တော်ထဲတွင် ပျံ့နှံ့သွားလေတော့၏။

ထိုအချိန်မှာပင် ပိုင်ရှိုးမင်သည် ဝမ်ဖေး၏ အမျိုးဝေးသည့် ဝမ်းကွဲ ညီမတစ်ဦးက အားကိုးရှာရန် ရောက်လာပြီး အိမ်တော်တွင် ခဏတည်းခိုရန် ကြံရွယ်ထားကြောင်း အစေခံများ ပြောလာသည်ကို ကြားလိုက်ရလေသည်။

မနေ့ညကမှ ဝမ်အိမ်တော်ထဲကို မိစ္ဆာတစ်ကောင် ဝင်လာတယ်။ ဒီနေ့မနက် ဝမ်ဖေးမှာ ညီအစ်မဝမ်းကွဲ တစ်ယောက် တိုးလာတယ်။ ရှန့်ကျင်းမှာရှိတဲ့ အမတ်ကြီးချီက သူ့အိမ်မှာ ဒီလိုဆွေမျိုးတစ်ယောက် တိုးလာတာကိုရော သိခဲ့လား မသိဘူး။

ဝမ်အိမ်တော်၏ အပြင်ဘက်တွင် အားချန်သည် မနက်စောစော မျက်လုံးဖွင့်ကြည့်လိုက်ရာ မမျှော်လင့်ဘဲ မနေ့ကဖွင့်ထားသည့် ပြတင်းပေါက်က ယနေ့မနက်တွင်တော့ ပိတ်ထားသည်ကို တွေ့လိုက်ရလေသည်။ သူမသည် ကုတင်ပေါ်တွင် လှဲလျောင်းရင်း ထို့ပြတင်းပေါက်ကို အတန်ကြာအောင် စိုက်ကြည့်နေခဲ့မိ၏။ ရုတ်တရက် ပြတင်းပေါက်ကို အပြင်ဘက်က တစ်စုံတစ်ယောက်က ဖွင့်လိုက်ပြီး ချန်ဟွေ့က ခေါင်းပြူကာ ဝင်လာခဲ့သည်။ "ဒီနေ့ အဆိပ်ဖြေရမယ့် နောက်ဆုံးနေ့လေ။ ရှန်းအိမ်တော်ကို သွားရမှာ မဟုတ်ဘူးလား။ အခုထိ မထသေးဘူးလား"

ချန်ဟွေ့၏ မျက်နှာကိုမြင်လိုက်ရ သောအခါ အားချန်သည် အနည်းငယ် အံ့ဩသွားပြီး အနားသို့တိုးလာကာ သေသေချာချာလေး ကြည့်လိုက်လေသည်။ "ဟွေ့ညန် ရှင့်ပုံစံ တော်တော်လေး ကြည့်ကောင်းနေတာပဲ"

ချန်ဟွေ့၏ မျက်နှာမှာ သွေးရောင်ကို တွေ့ရတာ တော်တော်လေး ရှားရှားပါးပါးပဲ။

ချန်ဟွေ့က သူမ၏ပါးပြင်ကို ပွတ်သပ်လိုက်ပြီး ပြုံးကာပြောလာခဲ့သည်။ "မနေ့ညက မိစ္ဆာသားရဲသွေးတွေ အရမ်းများများ သောက်လိုက်မိလို့ ဒီနေ့မနက်တောင် သွေးတွေ ဆူဝေနေသလို ခံစားရတုန်းပဲ"

သက်ရှိဖုတ်ကောင် ဖြစ်ပြီးသွားကတည်းက ဒါက ခန္ဓာကိုယ်ထဲမှာ သွေးတွေ ဆူပွက်နေတာကို ပထမဦးဆုံးအကြိမ် ခံစားမိတာပဲ။

"အကျိုးသက်ရောက်မှု ရှိရင်တော့ကောင်းတာပဲ။ ကျွန်မ ရှီးလင်ကနေ ပြန်သွားရင် အဆင့်နှစ်ကိုတက်သင့်ပြီ" အားချန်၏လေသံသည် အနည်းငယ် အားကျကာ မနာလိုမှုများ ပါဝင်လို့နေသည်။

"ကျွန်မကို ဒီလောက် စိုက်မကြည့်နေပါနဲ့တော့။ နောက်ထပ် နည်းနည်းလောက် ထပ်ကြာရင် ဟွေရွှယ်က ရှင့်ကို ကိုယ်တိုင်လာရှာတော့မယ်"

"သိပါပြီ" သူမသည် စောင်ကိုပိုက်ကာ ကုတင်ပေါ်တွင် ခဏလောက် လူးလွန့်နေလိုက်ပြီးမှ ထပြီး မျက်နှာသစ်ရန် သဘောတူ လိုက်တော့သည်။

သို့သော်ငြား ချန်ဟွေ့သည် ယနေ့တွင် မှားယွင်းစွာ ခန့်မှန်းခဲ့မိ၏။ သူတို့နှစ်ဦးသည် နေ့လည်တစ်နာရီမှ သုံးနာရီအထိ ထွက်မလာခဲ့သော်ငြားလည်း ရှန်းဟွေရွှယ်ကတော့ ပေါ်မလာခဲ့ချေ။

သူတို့နှစ်ဦးသည် ရှန်းအိမ်တော် တံခါးမကြီးဆီသို့ မရောက်သေးခင်မှာပင် ဝူမားမားက လမ်းထောင့်ချိုးမှ ရုတ်တရက် အလျင်အမြန် ကြိုဆိုရန် ထွက်လာသည်ကို တွေ့လိုက်ရ၏။

"မိန်းကလေးကျိ".ဝူမားမား၏ မျက်နှာတွင် စိုးရိမ်ပူပန်မှု အနည်းငယ် ထင်ဟပ်လို့နေသည်။

"ဝူမားမား ဒါက ဘယ်လိုဖြစ်တာလဲ။ မိန်းကလေးချင်းဝူမှာ တစ်ခုခုဖြစ်လို့လား" အားချန်က နားမလည်သလို မေးလိုက်၏။

ဝူမာမားက ဘေးဘယ်ညာကို ကြည့်လိုက်ပြီး သူတို့နှစ်ဦးကို လေသံတိုးတိုးဖြင့် ပြောလာခဲ့လေသည်။ "ရှင်တို့နှစ်ယောက် ကျွန်မနဲ့ လိုက်ခဲ့ပါ"

ဝူမားမားသည် သူတို့ကို ရှန်းအိမ်တော်သို့ ခေါ်မသွားဘဲ မလှမ်းမကမ်းရှိ လူသူမရှိသည့် လမ်းကြားငယ် လေးတစ်ခုသို့ ခေါ်လာ‌ လေ၏။

ပတ်ဝန်းကျင်တွင် ဘယ်သူမှမရှိသည်ကို မြင်လိုက်မှ သူမက လေသံတိုးတိုးဖြင့် ပြောလာခဲ့၏။ "ဒီမနက် မျိုးနွယ်ခေါင်းဆောင်က ရုတ်တရက် ရောက်လာတယ်။ လူတွေကိုပါ ခေါ်လာသေးတယ်။ ချင်းဝူအတွက် ဆေးကုပေးမယ်လို့ ပြောတယ်"

"ရှန်းမိသားစုက ဘာဖြစ်လို့ ရုတ်တရက် မိန်းကလေး ချင်းဝူရဲ့ ရောဂါကို ဂရုစိုက်လာတာလဲ"

ဝူမာမားက ခေါင်းခါပြလိုက်၏။ "ရုတ်တရက် ဂရုစိုက်လာတာတော့ မဟုတ်ပါဘူး။ ဒီ ၂ နှစ်တွေအတွင်းမှာ မျိုးနွယ်စုခေါင်းဆောင်က သမားတော်တွေ အများကြီး ပင့်ဖိတ်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီနေ့ရောက်လာတဲ့ တစ်ယောက်ကတော့ တခြားသူတွေနဲ့ မတူဘူး"

"ဘယ်လိုမျိုးလဲ"

"သူက ချင်းဝူရဲ့ ခန္ဓာကိုယ်ထဲမှာ ရှန့်အဆိပ် မဖြည်ရသေးတာကို ကြည့်ရုံနဲ့ သိတယ်။ ပြီးတော့ မိန်းကလေးကျိပေးတဲ့ အဆိပ်ဖြေ ဆေးနည်းနဲ့တူတဲ့ နည်းလမ်းကိုလည်း ပေးသွားတယ်"

ဝူမားမားသည် ပြောရင်းဆိုရင်းပင် ရင်တုန်နေမိနေသည်။ “အကြောင်းအရင်းကို သေချာမပြောပြတတ်ပေမယ့် မျိုးနွယ်စုခေါင်းဆောင် ခေါ်လာတဲ့ အဲဒီလူက အရာအားလုံးကို သိနေသလိုပဲ ခံစားမိတယ်။ တော်တော်ကြောက်ဖို့ ကောင်းတာပဲ။ ကံကောင်းတာက မနေ့ညက ချင်းဝူနဲ့ ဟွေရွှယ်တို့သားအမိ နှစ်ယောက် စကားပြောတာ နောက်ကျသွားလို့ အိပ်ရာထတာလည်း နောက်ကျသွားတယ်။ နောက်ဆုံးတစ်ခါက် ဆားရေစိမ်တာကို မလုပ်ဖြစ်လိုက်ဘူး။ မဟုတ်ရင် ချင်းဝူမှာ ရောဂါမရှိဘူးဆိုတဲ့သတင်းကို အဲဒီလူ သိသွားနိုင်တယ်"

"ရှန့်အဆိပ်ကို သိတယ်ဟုတ်လား ..." အားချန်သည် တစ်စုံတစ်ခုကို စဉ်းစားနေဟန်တူလေသည်။ "ရှန့်က ရှားပါးသလို ဖမ်းဖို့လည်းခက်တယ်။ ရှန့်မှာ အဆိပ်ရှိမှန်းရော အဆိပ်ဖြေဆေးနည်းကိုပါ သိနေတာက လူသားတစ်ယောက် မဖြစ်လောက်ဘူးလို့ ခံစားမိနေတယ်။

"မိန်းကလေးချင်းဝူက ရှင့်ကို ကျွန်မဆီကို လာရှာခိုင်းတာလား" အားချန်ကထပ် မေးလိုက်လေသည်။

ဝူမာမားက ခေါင်းခါပြလိုက်၏။ "မျိုးနွယ်စုခေါင်းဆောင် ရောက်လာပြီးတဲ့ နောက်မှာ ချင်းဝူကလည်း အမှားအယွင်း တခုမှ မပြရဲတော့ဘူး။ အခုထိ သူတို့ကို ကိုင်တွယ်နေရတုန်းပဲ။ ဟွေရွှယ်က ကျွန်မကို တိတ်တိတ်လေး လာရှာပြီး ရှင်တို့ကို လာတားခိုင်းတာပါ။ သူက ရှင်တို့မျိုးနွယ်စု ခေါင်းဆောင်နဲ့ တွေ့ပြီး ဒုက္ခရောက်မှာကို စိုးရိမ်နေတာ"

အားချန်သည် ထိုစကားကို ကြားလိုက်ရသည်နှင့် ချက်ချင်းပြော လိုက်တော့သည်။ "ကျွန်မ သိပါပြီ။ ဒါဆိုရင် ကျွန်မတို့ အရင်ပြန်လိုက်ပါဦးမယ်။ တကယ်လို့ တခြားကိစ္စ ရှိသေးရင် လူတွေပြန်သွားမှ ဝူမားမား ကျွန်မကို ထည့်လာရှာပါအုံး"

"ကောင်းပါပြီ" ဝူမားမားကလည်း မြန်မြန်ပြန်ဖြေလာခဲ့သည်။

အားချန်တို့အဖွဲ့ကို တားဆီး လိုက်နိုင်သဖြင့် သူမသည်လည်း သက်ပြင်းတချက် ချသွားနိုင်တော့၏။ ဟွေရွှယ် ပြောစကားအရ မိန်းကလေးကျိ ရောက်လာစဉ်က ရှန်ယင့်ရှောင်းတို့ မောင်နှမနှစ်ယောက်ကို အပြင်းအထန် စိတ်အနှောင့်အယှက် ဖြစ်စေခဲ့သည်ဟု ကြားဖူးသည်။ အကယ်၍ မျိုးနွယ်စုခေါင်းဆောင်ကသာ သူမကို တွေ့သွားခဲ့လျှင် ကောင်းသည့်ကိစ္စ ရှိနိုင်ပါမည်တဲ့လား။

သူတို့နှစ်ယောက် ထွက်သွားသည်ကို စောင့်ကြည့်လိုက်ပြီးနောက် သူမသည် အိမ်တော်သို့ တန်းမပြန်ရဲဘဲ စျေးဘက်သို့ပတ်သွားကာ ဟင်းသီးဟင်းရွက် အနည်းငယ် ထပ်ဝယ်ပြီးမှ ပြန်လာခဲ့လေသည်။

သူမပြန်ရောက် လာသည့်အခါ မျိုးနွယ်စုထဲက ချင်းဝူကို ပြုစုစောင့်ရှောက်ရန် ပို့ထားသည့် အစေခံမလေးတချို့သည်လည်း မီးဖိုချောင်ထဲတွင် ရေနွေးတည်နေသည်ကို တွေ့လိုက်ရ၏။ သူမက ဟင်းသီးဟင်းရွက် တစ်ခြင်းကို ဆွဲကာဝင်လာသည်ကို မြင်လိုက်ရသောအခါ လွီဝူဟုခေါ်သည့် အစေခံမလေးသည် သူမ၏ခြင်းတောင်ကို လှန်လှောကြည့်ရှု လိုက်လေသည်။

"ဝူမားမား ဘာလို့ ဒီအချိန်မှ ရုတ်တရက် ထွက်ဝယ်ရတာလဲ။ မျိုးနွယ်စုခေါင်းဆောင်က ခုနလေးတင်က ရှင့်ကို လာတွေ့ခိုင်းနေသေးတယ်"

ဝူမားမား၏ အမူအရာက တည်ငြိမ်နေပုံ ပေါ်လေသည်။ "မနေ့က ချင်းဝူက စားချင်တယ်လို့ အော်နေတာ။ မနက်စောစောထတုန်းက မေ့သွားလို့။ အခုမှ သွားဝယ်ရတာပါ။ မဟုတ်ရင် သူ စိတ်မကျေမနပ် ဖြစ်နေဦးမယ်။ မျိုးနွယ်ခေါင်းဆောင်က ကိစ္စရှိလို့လား။ ဒါဆိုရင် ကျွန်မအခုပဲ သွားလိုက်ပါ့မယ်"

သူမ၏တုံ့ပြန်မှုက ပုံမှန်ဖြစ်နေသည်ကို တွေ့လိုက်ရသောအခါ လွီဝူသည် အကြည့်ကို ပြန်ရုပ်သိမ်း ထားလိုက်လေသည်။ "လောလောဆယ်တော့ မလိုသေးပါဘူး။ မျိုးနွယ်စုခေါင်းဆောင် ခေါ်လာတဲ့ ချန်းကုန်းဇီက ရေနွေးပူပူ တစ်စည်လောက် တည်ခိုင်းထားတယ်။ မိန်းကလေး ချင်းဝူကို အဆိပ်ဖြည်ပေးမလို့တဲ့။ ရေနွေးဆူသွားမှ ရှင် သွားပို့လိုက်တော့"

ဝူမားမားက အံ့သြဝမ်းသာသွားသည့် အမူအယာကို ထုတ်ပြလိုက်ကာ "အဲဒီကုန်းဇီက ပြောသွားသေးလား။ တကယ်လို့ အဆိပ်ဖြည်ပြီးသွားရင် ချင်းဝူကို ပြန်ကောင်းလာ နိုင်မှာတဲ့လား"

"ဒါတော့ ကျွန်မလည်း မသိဘူး။ ခဏနေ ဝူမားမားကိုယ်တိုင် သွားမေးကြည့်လိုက်ပေါ့" လွီဝူသည် ဖြစ်သလို စကားနည်းနည်းပါးပါး ပြောလိုက်ပြီး ဝူမားမားကို ကိုယ်တိုင်ရေနွေး တည်ခိုင်းလိုက်တော့၏။ သူတို့အစေခံမလေး တချို့ကတော့ ဘေးမှစောင့်ကြည့် နေကြလေသည်။

မကြာခင်မှာပင် ဝူမားမားသည် ရေနွေးအိုးကြီးနှစ်အိုးစာ တည်ပြီးသွားခဲ့ပြီ။

အစေခံမလေးတချို့က ရေနွေအိုးများကို အသီးသီး မ,သွားကြပြီး ဝူမားမားကလည်း ဆားအိုးတစ်အိုးကိုပိုက်ကာ ပင်မအိပ်ဆောင်သို့ ထွက်လာခဲ့လေသည်။

ထိုအချိန်တွင် အခန်းထဲ၌ ရှန်းချင်းဝူသည် သူမ၏အစ်ကိုကြီး ရှန်းကျီးဟန်၏ လက်စကို ကိုင်ဆောင်ထားပြီး သူမကို သကြားလုံး ဝယ်ကျွေးရန် အတင်းပူဆာလို့နေသည်။

ရှန်းကျီးဟန်က သူမကို စိတ်ရှည်လက်ရှည် စကားနှစ်ခွန်းသုံးခွန်း ချော့မြူလိုက်ပြီးနောက် ခေါင်းကိုလှည့်လိုက်ကာ ရုတ်တရက် ပြင်းထန်စွာ ချောင်းဆိုးလာခဲ့လေသည်။ အတန်အနည်းငယ်ကြာမှ ချောင်းဆိုးရပ်သွားတော့၏။

ရှန်းဟွေရွှယ်သည် အမြင်အာရုံစူးရှသဖြင့် ထိုလက်ကိုင်ပုဝါပေါ်တွင် သွေးစများ စွန်းထင်းနေသည်ကို တွေ့လိုက်ရတော့သည်။

ရှန်းကျီးဟန်သည် ဒီကိစ္စကို စိတ်ထဲထားပုံမရပဲ ထိုလက်ကိုင်ပုဝါကို ဖြစ်သလို သိမ်းဆည်းလိုက်ပြီး ရှန်းချင်းဝူကို စိတ်ရှည်စွာ ဆက်လက်ချော့မြူရင်း တစ်ဖက်မှာ ရှန်းဟွေရွှယ်ကို ပြောလိုက်သည်။ "ဟွေရွှယ် ရှန့်ကျင်းကနေ ပြန်ရောက်လာတာ ရက်အနည်းငယ် ရှိပြီပဲ။ ဘာဖြစ်လို့ အိမ်ကို တစ်ခါမှပေါ်မလာတာလဲ"

"ဘကြီးကို ရယ်စရာ ဖြစ်သွားစေခဲ့ပါပြီ။ ကျွန်မအမေနဲ့ မတွေ့တာကြာလို့ ခဏလောက် မေ့လျော့သွားခဲ့တာပါ"

ရှန်းကျီးဟန်က လက်ခါပြလိုက်ကာ "မိသားစုတွေပဲ။ ဒီလောက် ယဉ်ကျေးနေဖို့ မလိုပါဘူး။ နောက်ရက်နည်းနည်းကျရင် မင်းရဲ့ ဝမ်းကွဲအစ်မက ရှီးလင်ဝမ် ရှီဇီနဲ့ စေ့စပ်တော့မယ်။ အဒီ အချိန်ကျရင်တော့ မဖြစ်မနေ လာရမယ်နော်"

ပြောပြီးနောက် သူသည် ရှန်းချင်းဝူကို ကြည့်လိုက်လေသည်။ "အဲဒီအချိန်ကျရင် မင်းရဲ့အမေက မင်းနဲ့အတူတူ လိုက်သွားနိုင်လောက်ပါပြီ"

ရှန်းဟွ့ရွှယ်၏ မျက်နှာတွင်လည်း မျှော်လင့်ချက် အရိပ်အယောင်များ ပေါ်လာခဲ့၏။ "တကယ်လို့ အမေသာ တကယ်ပျောက်ကင်းသွားရင် ဘကြီးကိုရော ပြီးတော့ ... ချန်းကုန်းဇီကိုရော ကျေးဇူးတင်ရမှာပါ"

ထိုသို့ပြောရင်း သူမသည် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ရှန်းကျီးဟန် ဘေးတွင်တိတ်ဆိတ်စွာ ထိုင်နေသည့် ထိုအမျိုးသားကို ထပ်ကြည့်လိုက်၏။

ဒီယောက်ျားက သာမန်လူတွေနဲ့ ဘာမှမခြားဘူးလို့ ထင်ရပေမယ့် သူ ဝင်လာတဲ့ အချိန်ကတည်းက သူမဆီမှာ သားရဲတိရစ္ဆာန် တစ်ကောင်ရဲ့ ပစ်မှတ်ထားခံလိုက်ရသလို အန္တရာယ်ရှိတဲ့ ခံစားချက်မျိုး ခံစားလိုက်ရတယ်။ သူမ သိပါတယ်။ ဒါက သူမစိတ်ထဲမှာ ထင်နေတာ မဟုတ်ဘူး။ ဒီလိုသွေးသားထဲကလာတဲ့ အကျပ်အတည်း ခံစားမှုက သူမကို သတိပေးနေတယ်လေ။ မျက်စိရှေ့က ဒီတစ်ယောက်က လူမဟုတ်ဘူး။ သူက မိစ္ဆာတစ်ကောင်ဆိုတာ သေချာတယ်။

ချန်းကုန်းဇီ၏ စိတ်ခံစားချက် ကင်းမဲ့နေသည့် အကြည့်သည် ရှန်းဟွေရွှယ်ကို ဖြတ်သန်းကာ ကြည့်လိုက်သည်မှာ မြေပြင်ပေါ်က ပုရွတ်ဆိတ် တစ်ကောင်ကို ကြည့်နေသလို ဖြစ်နေပြီး သူမကို ဘာတုံ့ပြန်မှုမှမပေးခဲ့ ချေ။

ထိုအချိန်တွင် တံခါးခေါက်သံ ထွက်ပေါ်လာပြီး ဝူမားမားနှင့် အစေခံမလေးများသည် ရေနွေးအိုးများကို မလာခဲ့ကြလေသည်။

ဝူမားမားက အစေခံမလေးများကို ရေနွေးများအား ရေချိုးစည်ထဲသို့ လောင်းထည့်ရန် ညွှန်ကြားလိုက်ပြီး ဆားအိုးထဲက ဆားများကိုလည်း အကုန်လုံးထည့်လိုက်၏။

ရေအပူချိန်ကို ညှိလိုက်ပြီးနောက် ဝူမားမားသည် အခန်းအတွင်းသို့ သတိကြီးစွာ ပြန်ဝင်လာခဲ့ပြီး ရှန်းကျီးဟန်ကို အရိုအသေပေး လိုက်လေသည်။ " စူးကျန် (မျိုးနွယ်စုအကြီးအကဲ) ရေအဆင်သင့်ဖြစ်ပါပြီ"

"ဝူမားမားနဲ့ ဟွေရွှယ်တို့ အရင်ဆုံး ချင်းဝူကို ရေချိုးဖို့ ပြုစုပေးလိုက်ပါ။ ကျုပ်တို့အပြင်ခန်းမှာ စောင့်နေပါ့မယ်" ရှန်းကျီးဟန်နှင့် ချန်းကုန်းဇီတို့သည် ထကာအပြင်ဘက်သို့ ထွက်သွားကြလေသည်။ အပြင်ခန်းသို့ ရောက်လာသောအခါ သူက လေသံတိုးတိုးဖြင့် ပြောလိုက်၏။ "ချန်းကုန်းဇီ ကျွန်တော်ညီမလေးသာ သတိပြန်ရလာရင် အဲဒီတုန်းက ကိစ္စတွေကို ပြန်ပြီးမှတ်မိသွားမှာ စိုးရတယ်။ ခင်ဗျား အရင်ရှောင်နေတာ ပိုကောင်းမလား"

အဲဒီတုန်းက ချန်းကုန်းဇီနဲ့ ရွှမ်းမိန်းကလေးတို့ ပူးပေါင်းပြီး ဟိုမြေခွေးမိစ္ဆာကို သတ်ခဲ့တာလေ။ တကယ်လို့ ချင်းဝူက သူ့မျက်နှာကို မြင်သွားရင် နောက်တစ်ခေါက်ထပ်ပြီး ထိတ်လန့်သွားဦးမယ်။

ရှန်းကျီးဟန်သည် နှစ်ပေါင်းများစွာ ရူးသွပ်နေသည့် ဒီညီမကို ဂရုစိုက်နေခြင်းမဟုတ်ဘဲ သူမ လက်ထဲက သူလိုချင်သောအရာကို မရရှိမှာ စိုးရိမ်နေခြင်းပင်။

"ရှိပါစေတော့လေ။ ကျွန်တော် ရှောင်နေလိုက်ပါ့မယ်" ချန်းကုန်းဇီသည် ရှန်းကျီးဟန်ကို တစ်ချက်ခေါင်း စွေကြည့်လိုက်ကာ "ခင်ဗျား မြေခွေးမိစ္ဆာရဲ့ အမြုတေ ဘယ်ရောက်သွားလဲ ဆိုတာကို အမြန်ဆုံး မေးမြန်းထားလိုက်။ ခင်ဗျားရဲ့ ဒီခန္ဓာကိုယ်က သိပ်ကြာကြာ တောင့်ခံထားနိုင်တော့မှာ မဟုတ်ဘူး"

"ချန်းကုန်းဇီက ကူညီဖို့သဘောတူ ပေးလို့ကျေးဇူးတင်ပါတယ်"

"ဒါက ခင်ဗျားရသင့် ရထိုက်တဲ့ဟာပဲ။ မင်းသမီးက ချင်းယွီတောင်က မြေခွေးမိစ္ဆာတွေကို အရိုးထဲဆွဲအောင် မုန်းတီးနေတာ။ ခင်ဗျားတို့ ရှန်းမိသားစုက သူ့ကိုပျော်အောင် လုပ်ပေးခဲ့တော့ ဒါတွေအားလုံးက မင်းသမီးကပေးတဲ့ ဆုလာဘ်တွေပဲ" ချန်းကုန်းဇီက အေးစက်ကာ ပြောလိုက်လေသည်။

"မင်းသမီးက တကယ်သဘောထား ကြီးမားပါတယ်" ရှန်းကျီးဟန်၏ ဟန်ပန်သည် အလွန်ရိုကျိုးနေတော့သည်။

ကောလဟဟာလတွေအရ အဲဒီမင်းသမီးက မိစ္ဆာဘုရင် ချန်ထားခဲ့တဲ့ တစ်ဦးတည်းသော သွေးသားလို့ ပြောတယ်။ သူ့ရဲ့မျက်နှာသာပေးမှုကို ရနိုင်ခဲ့ရင် နောင်တချိန်မှာ ရှန်းမိသားစုက သေချာပေါက် အနာဂတ်ပန်းတိုင် ကြီးမားလာလိမ့်မယ်။ ကိုယ်လုပ်ခဲ့တဲ့ အပြုအမူတွေက ဘိုးဘေးတွေရဲ့ မူလရည်ရွယ်ချက်ကို သွေဖီသွားစေမလား ဆိုတာကတော့ ...

အဲဒီတုန်းက သူတို့ရှန်းမိသားစုက သာမန်ပြည်သူတွေအတွက် မိစ္ဆာတွေကို ရှင်းလင်းပေးခဲ့တာပဲ။ နာမည်ကောင်း နည်းနည်း ရတာကလွဲလို့ တဖြည်းဖြည်း ယိုယွင်းလာတဲ့ မိသားစုနဲ့ သေခါနီး မိစ္ဆာတစ်ကောင်ချင်းစီရဲ့ ကျိန်စာတွေကိုပဲ ရလိုက်တယ်။ မိစ္ဆာကျိန်စာက မျိုးနွယ်ထဲက အရည်အချင်းရှိတဲ့ မျိုးဆက်သစ်တွေကို စောစောစီးစီး ကျိန်စာမိစေခဲ့တယ်။ သူ့အဖေ၊ သူ၊ ပြီးတော့ သူ့ရဲ့သား အားလုံးက ဒီအတိုင်းပဲ။ တကယ်လို့သာ သူတို့က ကိုယ့်ဟာကိုယ် ကယ်တင်ဖို့ နည်းလမ်းပေါင်းစုံ မကြိုးစားခဲ့ရင် ရှန်းမျိုးနွယ်က အစောကြီးကတည်းက ပြတ်သုန်းသွားလောက်ပြီ။

အရာအားလုံးကလည်း အသက်ဆက်ရှင်ဖို့ အတွက်ပဲလေ။ လူနဲ့မိစ္ဆာဆိုတဲ့ ခွဲခြားမှုမှာ ဘာလို့သွားပြီးတော့ အစွဲအလန်း ထားနေရမှာလေ။ မိစ္ဆာတစ်ပိုင်း ဖြစ်သွားတော့ရော ဘာအရေးလဲ။ အနည်းဆုံးတော့ သူက ဒီပျက်စီးနေတဲ့ ခန္ဓာကိုယ်ကြီးကို မတောင့်ခံနိုင်တော့မှာကို စိုးရိမ်နေစရာ မလိုတော့ဘူးလေ။

ဖြစ်ချင်တော့ အဆင့်လေး မိစ္ဆာကြီးတွေကို ရှာဖွေဖို့ ခက်ခဲလာပြီး သတ်ဖြတ်ဖို့ကလည်း မလွယ်ကူတော့ဘူး။ အစောပိုင်းက ရထားတဲ့ ကျောင်းအမြုတေကလည်း ချန်းကုန်းဇီက ချီးမြှင့်ပေးခဲ့တာ။ လက်တလော နှစ်တွေမှာ သူကျန်းမာရေးကလည်း ပိုပြီးဆိုးရွားလာခဲ့တယ်။ ညီမဖြစ်သူ လက်ထဲက အဲဒီမြေခွေး အမြုတေကိုပဲ ပစ်မှတ်ထား ရတော့မယ်။

ရှန်းကျီးဟန်နှင့် စကားပြောပြီးနောက် ချန်းကုန်းဇီသည် အဆောတလျင် ထွက်ခွာသွားခဲ့လေသည်။

ရှန်းကျီးဟန်သည် ရှန်းချင်းဝူ ပြန်ကောင်းလာသည်ကို မြင်တွေ့လိုစိတ် အလွန်ပြင်းပြနေဟန်တူပြီး အပြင်ဘက်တွင် တစ်နာရီကြာအောင် ထိုင်စောင့်နေခဲ့၏။

ရေချိုးခန်းထဲတွင် ရှန်းချင်းဝူ၏ ကြောင်တောင်တောင် အမူအယာသည် တဖြည်းဖြည်း ပုံမှန်အတိုင်း ပြန်ဖြစ်လာခဲ့လေသည်။ သူမ၏ အကြည့်များက ကာရံထားသော ခန်းဆီးများကို ဖောက်ထွင်းကာ အပြင်ဘက်တွင် စောင့်ဆိုင်းနေသည့် သူမ၏အစ်ကိုဖြစ်သူကို မြင်နေရသည့်အလားပင်။

ဒါက တကယ်ကို သူမရဲ့အစ်ကိုကြီးပါပဲ။ ဆယ်နှစ်ကျော် ကြာပြီးတဲ့နောက်မှာ လျိုဖုန်းကို သက်ခဲ့တဲ့ ရန်သူကို ခေါ်လာပြီး သူမကို အဆိပ်ဖြည် ပေးဖို့လုပ်နေတယ်တဲ့လေ။

...

All Chapters