← Chapters

ရှန်းကျီးဟန် သေသင့်တယ် ...

Vol. 10 Ch. 96

ရှန်းကျီးဟန် သေသင့်တယ် ...

Vol. 10 Ch. 96

ရှန်းဟွေရွှယ်သည် အဝတ်အစားသစ် တစ်စုံယူလာပြီး ကန့်လန့်ကာကို ပတ်ကာလျှောက်လာခဲ့၏။ သူမအမေ၏ အေးစက်လှသည့် အမူအရာကို မြင်လိုက်သောအခါ အနားသို့လျှောက်လာပြီး တိုးတိုးလေး ပြောလိုက်လေသည်။ "အမေ။ ဘကြီး ဒီနေ့လာတာ မကောင်းတဲ့ ရည်ရွယ်ချက် ရှိမှာစိုးရတယ်။ အမေ ဒါကို ကိုင်တွယ်နိုင်ရဲ့လား။ တကယ်လို့ အဆင်မပြေဘူးဆိုရင် ... ကျန်းကျင့်ဟိုင်ရဲ့ နာမည်ကို သုံးပြီးတော့ သူ့ကို ဖိနှိပ်ထားလို့ရတယ်"

ရှန်းချင်းဝူသည် သမီးဖြစ်သူ၏ စကားကို ကြားလိုက်ရသောအခါ သူမ၏မျက်ဝန်းထဲတွင် ဝမ်းနည်းမှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားတော့၏။ ပြန်ရောက်လာသည့် ဒီရက်ပိုင်းအတွင်းတွင် ဟွေရွှယ်ထံမှ ထိုလူအကြောင်းကို တစ်ခွန်းမှ မကြားခဲ့ရချေ။ ဒီနေ့တွင်တော့ သူမအတွက် ထိုလူ၏ သြဇာအာဏာကို ချေးငှားရန် ပြောလာခဲ့လေသည်။

သူမ၏ ဟွေရွှ‌‌ယ်သည် မူလကဒီလိုဘဝမျိုးဖြင့် နေထိုင်သင့်သူ မဟုတ်ချေ။

ရှန်းချင်းဝူသည် သမီးဖြစ်သူက အင်္ကျီဝတ်ပေးနေသည်ကို ငြိမ်သက်စွာခံယူရင်း ခပ်တိုးတိုးလေး ပြန်ဖြေလိုက်၏။ "စိတ်မပူပါနဲ့။ အမေက သူ ဘာလိုချင်လဲဆိုတာ အရင်ဆုံး နားထောင်ကြည့်ပြီးမှ ဆက်ပြောမယ်"

"ခဏနေ သမီး အမေနဲ့ လိုက်ခဲ့မယ်"

ရှန်းချင်းဝူက ခေါင်းခါပြလိုက်၏။ "မလိုပါဘူး။ သမီး ဒီမှာပဲနေခဲ့။ တချို့စကားတွေက လူနည်းလေ ပြောရကောင်းလေပဲ"

အဝတ်အစားကို ဝတ်ဆင်ပြီးသွားသောအခါ ရှန်းချင်းဝူသည် ဆံပင်ကိုဖြစ်သလို ထုံးသင်ထားလိုက်ပြီး အခန်းထဲက ထွက်လာခဲ့လေသည်။ တံခါးပွင့်သွားသည်နှင့် ရှန်းကျီးဟန်သည် လှည့်ကြည့်လိုက်သည်တွင် ညီမဖြစ်သူက ယခင်နေ့များကနှင့် မတူတောသည်ကို တစ်ချက် ကြည့်လိုက်ရုံဖြင့် သိလိုက်၏။

သူ့စိတ်ထဲတွင်လည်း ရှုပ်ထွေးသွားသည့် ခံစားချက်များ ဖြစ်ပေါ်လာတော့သည်။ ငါ့ရဲ့ဒီညီမလေးက ငယ်ငယ်ကတည်းက ကိုယ်ပိုင်ဆုံးဖြတ်ချက် ပြတ်သားတယ်။ အဖေကလည်း သူ့ကိုအရမ်း အလိုလိုက်ခဲ့တယ်။ အဲဒီမြေခွေးမိစ္ဆာရဲ့ လှည့်စားမှုကိုသာ မခံရရင် သူက ဒီထက်ကောင်းတဲ့ ဘဝမျိုးမှာ နေထိုင်နိုင်ရမှာ။ ဒါပေမဲ့ သူက တစ်ဘဝလုံး အရူးတစ်ယောက်လိုပဲ ဖြတ်သန်းခဲ့ရတယ်။ တကယ်ကို မိုက်မဲလွန်းတာပဲ။

"အစ်ကိုကြီ ကျွန်မတို့တွေ မတွေ့ဖြစ်တာ နှစ်တွေအရမ်း ကြာသွားပြီနော်" ရှန်းချင်းဝူသည် ရှန်းကျီးဟန်၏ အကြည့်နှင့်ဆုံမိသောအခါ မျက်ရည်များ မထိန်းနိုင်အောင် ကျဆင်းလာတော့သည်။

ရှန်းကျီးဟန်သည် အရင်ဆုံး ကြောင်အမ်းအမ်း ဖြစ်သွားပြီးမှ မျက်နှာပေါ်တွင် ဝမ်းမြောက်သွားသည့် အရိပ်အယောင် ပေါ်လာကာ နေရာမှထပြီး ကြိုဆိုလိုက်၏။ "ချင်းဝူ နင် နောက်ဆုံးတော့ သတိပြန်လည်လာပြီပဲ။ နင့်အစ်ကို ဒီနေ့ကို စောင့်နေခဲ့တာ။ ဆယ်နှစ်ကျော်တောင် ရှိသွားပြီ"

ရှန်းချင်းဝူသည် ရှန်းကျီးဟန်၏ တွဲထူခြင်းဖြင့် ထိုင်ခုံပေါ်တွင် ထိုင်လိုက်ပြီး မျက်နှာပေါ်တွင် မယုံသင်္ကာ အမူအရာကို ဖန်တီးထားလိုက်လေ၏။ "ကျွန်မ ဘာဖြစ်သွားမှန်း ကိုယ့်ဟာကိုယ်တောင် မသိတော့ဘူး။ ရုတ်တရက်ကြီး ဒီလိုဖြစ်သွားခဲ့တယ်"

"ဒါက အဲဒီမြေခွေးမိစ္ဆာ မသေခင် နင့်ကို အဆိပ်ခပ်သွားတာပဲ ဖြစ်ရမယ်။ အဲဒီရှန့်အဆိပ်က အရမ်းရှားပါးတယ်။ သူက လွဲရင် ဘယ်သူရှိနိုင်ဦးမှာလဲ"

"မဖြစ်နိုင်ဘူး။ လျိုဖုန်းက ကျွန်မကို ဒီလိုမျိုး ဘယ်တော့မှ လုပ်မှာ မဟုတ်ဘူး" ရှန်းချင်းဝူသည် ပြောရင်းဖြင့် အသံများတုန်ယင် လာခဲ့လေသည်။ "တကယ်လို့ သူသာ တကယ်လုပ်ခဲ့တယ် ဆိုရင်လည်း ... ကျွန်မက သူ့အပေါ် အရင်မှားခဲ့လို့ပဲ ဖြစ်မှာပါ"

ပြောပြီးသွားသည်နှင့် ရှန်းချင်းဝူသည် ပတ်ပတ်လည်ကို ကြည့်ပြီး ဇဝေဇဝါဖြင့် ပြောလိုက်၏။ "အစ်ကိုကြီး ကျွန်မကို အဆိပ်ဖြည်ပေးတဲ့ သမားတော်ကြီးကော ဘယ်မှာလဲ။ သူ မရှိတော့ဘူးလား။ ကျွန်မ သူ့ကို ကျေးဇူးတင်စကား ပြောချင်လို့ပါ"

"ဪ အဲဒီသမားတော်က ကိစ္စရှိလို့ ပြန်သွားနှင့်ပြီ" ရှန်းကျီးဟန်သည် အလွယ်တကူပင် ပြန်ဖြေလိုက်လေသည်။ တစ်ချိန်တည်းမှာပင် စိတ်လည်း လျော့ထားလိုက်တော့၏။ ကြည့်ရတာ ချင်းဝူက စိတ်မနှံ့တုန်းက လူကြီးမင်းချန်းကို ကောင်းကောင်း မမှတ်မိလိုက်ဘူးပဲ။

"မင်းက အဆိပ်မိနေတာ နှစ်တွေများနေပြီ။ အခု ကိုယ့်ဟာကိုယ် အားပြန်မွေးရမယ့် အချိန်ပဲ။ တခြားကိစ္စတွေကို နောက်မှပြောတာပေါ့"

"သိပါပြီ။ ဒီနှစ်တွေမှာ ကျွန်မနဲ့ ဟွေရွှယ်ကို စောင့်ရှောက်ပေးခဲ့လို့ အစ်ကိုကြီးကို ကျေးဇူးတင်ပါတယ်" ရှန်းချင်းဝူက မျက်နှာပေါ်တွင် ကျေးဇူးတင်သည့် အမူအရာကို ပြသလိုက်သည်။

"ဘာတွေပြောနေတာလဲ ငါတို့တွေက မိသားစုတွေပဲလေ"

မောင်နှမနှစ်ယောက်သည် မောင်နှမသံယောဇဉ်ကြီးမားသည့် ပြဇာတ်တစ်ပုဒ်ကို ကပြပြီးနောက် ရှန်းကျီးဟန်သည် တစ်ဖန် ချောင်းဆိုးလာပြန်လေသည်။ သူက လက်တစ်ဖက်ဖြင့် ပါးစပ်ကို အုပ်ထားလိုက်ပြီး လက်ကို ပြန်ဖြေလိုက်သည့်အခါ လက်ဖဝါးထဲတွင် သွေးများပြည့်နေတော့၏။

ရှန်းချင်းဝူ၏ မျက်လုံးအိမ်များမှာ ကျုံ့သွားပြီး အသံထဲတွင်လည်း စိုးရိမ်မှုများ ပါဝင်နေတော့သည်။ "အစ်ကိုကြီး ဒါက ဘယ်လိုဖြစ်တာလဲ"

ရှန်းချင်းဝူက သူ့ပါးစပ်မှ သွေးများကို သူမ၏လက်ခုံးဖြင့် သုတ်ပေးနေသည်ကို မြင်လိုက်ရသောအခါ ရှန်းကျီးဟန်ကလည်း သူမကို တားမြစ်ခြင်း မပြုဘဲ မျက်နှာပေါ်တွင် ခါးသီးသွားသော အပြုံးဖြင့် ပြောလိုက်၏။ "ငါ နင့်ကို မပြောချင်ခဲ့ပါဘူး။ ဒါပေမဲ့ အစ်ကိုကြီးရဲ့ ဒီခန္ဓာကိုယ်က သိပ်ပြီးတော့ ခံနိုင်တော့မှာ မဟုတ်ဘူး"

"ဘယ်လိုဖြစ်ရတာလဲ။ အစ်ကိုကြီးမှာ တခြားနည်းလမ်းတော့ ရှိမှာပါ။ ဆယ်နှစ်ကျော်တောင် ကြာခဲ့ပြီပဲ။ အစ်ကို့မှာ ကျိန်စာကို ဖြေဖျောက်နိုင်မဲ့ နည်းလမ်းကို ရှာတွေ့ပြီးလောက်ရောပေါ့။ အစ်ကို လုပ်နိုင်မယ်လို့ ပြောခဲ့တယ် မဟုတ်လား" ရှန်းချင်းဝူ၏ မျက်ဝန်းအိမ်သည် နီရဲလာပြီး မျက်လုံးထဲတွင်လည်း ဝမ်းနည်းမှုများ ပြည့်နက်နေတော့သည်။

"နည်းလမ်းတော့ ရှာတွေ့ထားပါတယ်။ ဒါပေမဲ့ ..."

"ဒါပေမဲ့ ဘာဖြစ်လဲ"

"ဒါပေမဲ့ မိစ္ဆာအမြုတေကို လမ်းညွှန်အဖြစ် သုံးဖို့လိုသေးတယ်။ မျိုးနွယ်ထဲမှာ အဆင့်၃မိစ္ဆာ အမြုတေ နည်းနည်းရှိပေမယ့် မိစ္ဆာကျိန်စာကို ထုတ်ယူတဲ့အချိန်မှာ အားလုံးကြေမွသွားခဲ့တယ်။ ကျိန်စာက အရမ်း ပြင်းထန်လို့ဖြစ်မယ်။ အဆင့်၄မိစ္ဆာ အမြုတေမှပဲ ရနိုင်လောက်တယ်"

ရှန်းကျီးဟန်သည် လုပ်ကြံပြောဆိုသည့် အလိမ်အညာကို ပြောလေတော့သည်။ ဒီစကားတွေက ရှန်းချင်းဝူကို သံသယဖြစ်စေမှာ မဟုတ်ဘူးလို့ ယုံတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီနည်းလမ်းကို ငါကိုယ်တို င်ကြိုးစား ကြည့်ခဲ့ပြီးပြီ။ မအောင်မြင်ခဲ့လို့ပဲ။

မိစ္ဆာကျိန်စာကို အပြင်သို့ ထုတ်ယူ၍မရနိုင်ပေ။ သူသည် မိမိကိုယ်ကို မိစ္ဆာတစ်ပိုင်းဖြစ်အောင် ပြောင်းလဲရန်သာ ရွေးချယ်နိုင်ပြီး ထိုသို့ဖြစ်သွားမှသာ မိစ္ဆာကျိန်စာသည်လည်း သူ့ကိုဒုက္ခမပေးနိုင်တော့မှာ ဖြစ်သည်။

"အဆင့်၄နယ်ပယ် ဟုတ်လား" ရှန်းချင်းဝူသည် တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် မျက်နှာပေါ်တွင် တုံ့ဆိုင်းမှုများ ပေါ်လာတော့၏။ ရှန်းကျီးဟန်က သူမကို ဆက်တိုက်ဆိုသလို စောင့်ကြည့်နေသဖြင့် သူမ၏ထူးခြားမှုကို ချက်ချင်း သတိပြုမိလိုက်ပြီး စိတ်ထဲတွင်လည်း ပေါ်ပေါက်သွား လေတော့သည်။

အရင်တုန်းက ချင်းဝူက စိတ်မနှံ့ဘူးလို့ ထင်ထားခဲ့တာ။ လူတစ်ယောက်ကို လွှတ်ပြီး အမြုတေ ဘယ်မှာထားလဲဆိုတာကို မေးခိုင်းလိုက်ရုံပဲ။ ဒါပေမဲ့ သူက လာတဲ့သူတိုင်းကို မောင်းထုတ်ခဲ့တယ်။ သူ့ကိုပြုစုဖို့ လွှတ်လိုက်တဲ့ အစေခံမလေးတွေကလည်း အိမ်ထဲမှာ အမြုတေ လိုက်ရှာပေမယ့် ရှာမတွေ့ခဲ့ဘူး။ အခုကြည့်ရတာတော့ အဲဒီမြေခွေးရဲ့ အမြုတေက တကယ်ပဲ သူ့လက်ထဲမှာ ရှိနေပုံရတယ်။ ရှိနေသေးရင်လည်း ပြီးတာပါပဲ။ ရှန်းချင်းဝူက မထုတ်ပေးချင်ရင်တောင် အဲဒီအမြုတေက မကြာခင် ငါ့အပိုင်ဖြစ် လာတော့မှာပဲ။

ဟုတ်တယ်။ ဒါပေမဲ့ အဆင့်၄နယ်ပယ်မိစ္ဆာကို ငါတို့က ဘယ်လို သွားရှာလို့ရမှာလဲ။ ဒါက ကိုယ့်သေတွင်းကို တူးတာနဲ့ ဘာမှမထူးဘူး" ရှန်းကျီးဟန်သည် သက်ပြင်းချ လိုက်လေသည်။ "တကယ်လို့ နောက်ဆုံးအချိန်အထိ ရှာမတွေ့ရင်လည်း ကိစ္စမရှိပါဘူး။ နင်လည်း သတိ ပြန်လည်လာပြီပဲ။ ငါ့ဘဝမှာ တခြားနောင်တရစရာ မရှိတော့ပါဘူး"

"အစ်ကိုကြီး ... ကျွန်မ ..." ရှန်းချင်းဝူ၏ လေသံသည် ပိုပြီးတုန့်ဆိုင်းသွားတော့သည်။ "ဘာဖြစ်လို့လဲ။ နေလို့ မကောင်းဘူးလား" ရှန်းကျီးဟန်က ဂရုတစိုက်မေးလိုက်၏။

"ဘာမှမဖြစ်ပါဘူး" ရှန်ူချင်းဝူက ခေါင်းခါပြ လိုက်လေသည်။

"ဒီနေ့ နင် သတိပြန်လည်လာတာကို အစ်ကိုကြီးက ပွဲလုပ်ပြီး ဂုဏ်ပြုပေးသင့်တာ။ ဒါပေမဲ့ နင့်တူမလေးက ရှီးလင်ဝမ်ရှီဇီနဲ့ စေ့စပ်တော့မှာမို့ အိမ်မှာနည်းနည်း အလုပ်ရှုပ်နေတယ်။ ဒီအချိန်ကာလကျော်သွားမှာပဲ အစ်ကိုကြီး နင့်ဆီကို လာခဲ့မယ်လေ ဟုတ်ပြီလား" သူ့စကားထဲတွင် ပြန်တော့မည့် အရိပ်အယောင်များ ပါဝင်နေလေသည်။

"အစ်ကိုကြီး ညီမနဲ့ ဒီလောက် ယဉ်ကျေးနေစရာ လိုလို့လား။ မျက်စိတစ်မှိတ်အတွင်းမှာ ရှန်းယင့်ကျူတောင် စေ့စပ်တော့မယ်နော်။ အဲဒီ စေ့စပ်ပွဲနေ့ကျရင် ကျွန်မ လာကြည့်လို့ ရနိုင်မလား"

"လာရမှာပေါ့။ နင်ကသူ့ ရဲ့တစ်ဦးတည်းသော အဒေါ်ပဲလေ" တစ်ဦးတည်းသော အဒေါ်တဲ့လား။ ရှန်းချင်းဝူ၏ စိတ်ထဲတွင် အနည်းငယ် လှုပ်ရှားသွားလေသည်။

သူတို့နှစ်ဦး စကားပြောနေစဉ်မှာပင် ရှန်းကျီးဟန် ခေါ်ဆောင်လာသည့် ကိုယ်ရံတော်က ရုတ်တရက် ဝင်လာခဲ့၏။ သူသည် ရှန်းချင်းဝူကို တစ်ချက်ကြည့်လိုက်ပြီး အနည်းငယ် တုံ့ဆိုင်းသွားတော့၏။ "ကိစ္စမရှိဘူး။ ဘာကိစ္စရှိလဲ တိုက်ရိုက်သာ ပြောလိုက်"

"စူးကျန် မင်ကျင့်စီးက ကျန့်ရှီဖူ ရှန်ကျော်က လူတွေကိုခေါ်ပြီး မျိုးနွယ်ထဲကို ဝင်လာပါတယ်။ ပြီးတော့ ရှန်းကျီးယွမ်ကို ဖမ်းသွားပါတယ်"

ရှန်းကျီးဟန်မှာ မျက်နှာပျက်သွားတော့သည်။ "အကြောင်းအရင်းကရော မင်ကျင့်စီးက ဘာအကြောင်းပြချက်မှမရှိဘဲ လူကိုဝင်ဖမ်းလို့ ရလို့လား"

"ယုံးကျိုး အရာရှိကို လာဘ်ထိုးလို့ လို့ပြောပါတယ်"

ဒီအကြောင်းပြချက်ကလည်း အလွန်ပင် ခိုင်လုံလှလေသည်။ ထို့အပြင် သူတို့လက်ထဲတွင် သက်သေလည်း ရှိနေလေသည်။ ဒီအမှုသည် မင်ကျင့်စီးနှင့် မသက်ဆိုင်ဟု ဆိုသော်ငြားလည်း ယခုအခါတွင် နေရာဒေသ ကွာဝေးလှသဖြင့် ရှန်ကျော်ကို မည်သူကမှ ထိန်းချုပ်နိုင်မည် မဟုတ်ပေ။

ရှန်းကျီးဟန်၏ မျက်နှာသည် အမျိုးမျိုး ပြောင်းလဲသွားတော့၏။ ရှန်းကျီးယွမ်က အများကြီး မသိထားပေမယ့် သူကစိတ်မထိန်းနိုင်ဘဲ မပြောသင့်တာတွေ ပြောလိုက်မှာကို စိုးရိမ်မိတယ်။ သူ့ကိုကယ်ထုတ်လို့ မရနိုင်ရင်တော့ ... နှုတ်ပိတ်လိုက် ရတော့မှာပဲ။ ထိုသို့ စဉ်းစားလိုက်ပြီးနောက် ရှန်းကျီးဟန်သည် ရှန်းချင်းဝူဘက်သို့ လှည့်ကာပြောလိုက်တော့သည်။ "မျိုးနွယ်ထဲမှာ ကိစ္စရှိသေးလို့ အစ်ကိုကြီး အရင်ပြန်လိုက်ဦးမယ်"

"ကျွန်မ အစ်ကိုကြီးကို လိုက်ပို့ပေးပါ့မယ်" ရှန်းချင်းဝူသည် နေရာမှထကာ ရှန်းကျီးဟန်ကို အပြင်သို့လိုက်ပို့ ပေးလိုက်လေသည်။

မောင်နှမနှစ်ယောက်သည် ပင်မတံခါးဝအထိ အတူလျှောက်လာခဲ့ကြ၏။ ရှန်းကျီးဟန်က ရှေ့သို့ခြေလှမ်း အနည်းငယ် လှမ်းပြီးချိန်တွင် ရှန်းချင်းဝူသည် ရုတ်တရက် သူ့နောက်သို့ ပြေးလိုက်လာကာ လှမ်းခေါ်လိုက်လေ၏။ "အစ်ကိုကြီး"

"ဘာကိစ္စရှိသေးလို့လဲ"

"အစ်ကိုကြီး ကျွန်မ ... ကျွန်မလက်ထဲမှာ အဆင့်၄ အမြုတေ တစ်လုံးရှိတယ်။ အစ်ကို သုံးချင်တယ်ဆိုရင် ကျွန်မ တခြားနေ့ကျရင် ထုတ်ပြီးတော့ လာပို့ပေးပါ့မယ်"

"အဲဒါ အဲဒီမြေခွေးမိစ္ဆာရဲ့ အမြုတေလား"

ရှန်းချင်းဝူကလည်း ခေါင်းငြိမ့်ပြလိုက်၏

"ထားလိုက်ပါတော့လေ။ ဒါကမြေ ခွေးမိစ္ဆာ ကျန်ခဲ့တဲ့ တစ်ခုတည်းသော အရာပဲ။ နင် အမှတ်တရပဲ သိမ်းထားလိုက်ပါတော့"

ရှန်းချင်းဝူက ခေါင်းခါကာ တင်းမာသည့်လေသံဖြင့် ပြောလိုက်၏။ "အစ်ကိုကြီးလောက် အရေးကြီးတဲ့အရာ ဘာမှမရှိပါဘူး"

သူမက ဒီစကားပြောလာသည်ကို ကြားလိုက်ရသည်တွင် ရှန်းကျီးဟန်သည် ဆက်ပြီးမငြင်း ပယ်တော့ချေ။ ချင်းဝူက ငါ့ရဲ့တစ်ဦးတည်းသော ညီမအရင်းပဲ။ သူက ငါ့ဘက်မှာ ရှိနေတာပဲ။

"ကောင်းပြီလေ။ ဒါဆိုရင် အစ်ကိုကြီးက ချင်းဝူကို ကျေးဇူးတင်ပါတယ်" ရှန်းချင်းဝူက ပြုံးလိုက်ကာ ကျွန်မရှာတွေ့တာနဲ့ အစ်ကိုကြီးဆီ လာပို့ပေးပါ့မယ်"

ရှန်းကျီးဟန် ထွက်သွားသည်ကို ကြည့်ရင်း ရှန်းချင်းဝူ၏ မျက်နှာပေါ်က အပြုံးသည် တဖြည်းဖြည်း မှိန်ဖျော့သွား လေတော့သည်။ သူမ၏ရှေ့တွင် ယှက်ထားသည့် လက်နှစ်ဖက်သည်လည်း တင်းကျပ်စွာ ဆုပ်ကိုင်ထားမိတော့၏။

လျိုဖုန်းရဲ့ အမြုတေကို ရှန်းကျီးဟန်ဆီ ပေးလိုက်ဖို့ ငါ ဘယ်လိုလုပ်ပြီးတော့ စိတ်ဆန္ဒရှိနိုင်မှာလဲ။ ဒါပေမဲ့ ရှန်းကျီးဟန်က ဒီလိုစိတ်ကူးရနေမှတော့ အမြုတေကို ငါ့အနားမှာ ဆက်ထားလိုက်ရင် ငါနဲ့ ဟွေရွှယ်အတွက် ဒုက္ခရောက်ဖို့ ပဲရှိတယ်။

ငါ့ရဲ့ အစ်ကိုကြီး အကြောင်းကို ငါ ကောင်းကောင်း သိတာပေါ့။ အမြုတေနဲ့ပတ်သက်ပြီး ဘယ်လိုရည်ရွယ်ချက်မျိုး ရှိနေပါစေ ဒါက အသက်ရှင်ခြင်း သေခြင်းနဲ့ သက်ဆိုင်နေတာမလို့ သူက ဘယ်တော့မှ လက်လျှော့မှာ မဟုတ်ဘူး။ တကယ်လို့ သူနဲ့သာ သဘောထားကွဲလွဲသွားရင် သူကသူ့ရဲ့ ညီမအရင်းကိုတောင် သတ်ပစ်ဖို့ ဝန်လေးနေမှာ မဟုတ်ဘူး။

ရှန်းဟွေရွှယ်သည် အချိန်အတော်ကြာအောင် စောင့်ဆိုင်းနေလိုက်ပြီးမှ သူမ၏အမေ ပြန်ရောက်လာသည်ကို တွေ့လိုက်ရ၏။

သူမ ကချက်ချင်း ထရပ်ကာ မေးလိုက်တော့သည်။ "အမေ ဘကြီးက ဘာတွေပြောသွားတာလဲ"

ရှန်းချင်းဝူသည် ခဏလောက် တုံ့ဆိုင်းသွားလိုက်ပြီး အမြုတေ အကြောင်း သမီးအား မပြောပြလိုက်ပေ။ သမီးဖြစ်သူကို ပြောလိုက်လျှင် သမီးဖြစ်သူ ဝမ်းနည်းသွားမည်ကို စိုးရိမ်သောကြောင့်ပင်။ "မောင်နှမ သံယောဇဉ်တွေ အကြောင်းပြောသွားတာပါ။ အမေကလည်း သူ့ရဲ့ညီမအရင်းပဲလေ။ သူတို့သမီးက ရှီးလင်ဝမ်ရှီဇီနဲ့ လက်ထက်တော့မယ်လို့ ကြားတယ်။ သူက အမေ့ကို စေ့စပ်ပွဲကိုတောင် လာခဲ့ဖို့ဖိတ်သွားသေးတယ်"

"သူ သမီးကိုလည်း ပြောပြီးပြီ။ ဒါပေမဲ့ ဒီကိစ္စက ဒီလောက်မလွယ် လောက်ဘူးလို့တော့ ထင်တယ်"

"ဘယ်လိုပြောလိုက်တာလဲ" သမီးဖြစ်သူ၏အဖြေကြောင့် ရှန်းချင်းဝူသည် အနည်းငယ် သိချင်စိတ် ဖြစ်သွားတော့၏။

"ရှန့်ကျင်းမှာ နေတုန်းက သမီး အဲဒီ ရှီးလင်ဝမ်ရှီဇီနဲ့ အကြိမ်အနည်းငယ် တွေ့ဆုံခဲ့ဖူးတယ်။ သူက အလွယ်တကူ ဆက်ဆံလို့ရတဲ့ သူမျိုးမဟုတ်ဘူး"

"အဲဒီလိုလား" ရှန်းချင်းဝူသည် အနည်းငယ် စိတ်လှုပ်ရှား သွားလေတော့၏။ "ကြည့်ရတာ အဲဒီရှီဇီက တကယ်ပဲ ကြီးပြင်းလာပြီ ထင်တယ်။ ရှန်းယင့်ကျူက ရှီးလင်ဝမ်အိမ်တော်ကို တကယ်ပဲ ချွေးမတော်နိုင်တာ ဖြစ်စေ မတော်နိုင်တာဖြစ်စေ အမေတို့ကတော့ စောင့်ကြည့်နေရုံပဲ"

"ဟုတ်သားပဲ။ ဒီနေ့ အားချန် မလာဘူးလား" ရှန်းချင်းဝူက ရုတ်တရက် မေးလိုက်၏။ "သမီး ဝူမားမားကို သူတို့ကို တားခိုင်းထားလိုက်တာ။ သူဘကြီးနဲ့တွေ့သွားမှာစိုးလို့"

"ဒါလည်းကောင်းပါတယ်" ရှန်းချင်းဝူသည် ရုတ်တရက် ပြောလိုက်လေသည်။ "ဒီနေ့ ဘာအလုပ်မှ မရှိတာဘဲ။ အမေတို့သူ့ဆီကို သွားလည်ကြရင် ကောင်းမလား"

"အမေ အပြင်ထွက်လို့ အဆင်ပြေပါ့မလား"

"ရပါတယ် အမေအခု နေကောင်းနေပါပြီ။ အပြင်ထွက်ပြီး လမ်းလျှောက်တာလေးကလည်း အဆင်ပြေပါတယ်။ အမေ မှတ်မိသလောက် သမီးမှာ ကိုယ်ရံတော် တချို့ရှိတယ် မဟုတ်လား။ သူတို့ကို ခေါ်လိုက်လေ"

ထိုမြို့စားကြီး ရှီဇီ၏ ကိုယ်ရံတော်များကို ခေါ်ဆောင်သွားပါက ရှန်းမိသားစုက လူများသည် နောက်ယောင်ခံ လိုက်တော့မည်မဟုတ်ချေ။

ရှန်းဟွေရွှယ်ကလည်း ခေါင်းငြိမ့်ပြလိုက်ကာ "ကောင်းပြီလေ။ ဒါဆိုရင် သမီးသွားပြီးတော့ ပြင်ဆင်လိုက်ဦးမယ်"

သားအမိနှစ်ယောက်သည် လက်ဆောင်ပစ္စည်း အထုပ်အကြီး အငယ်များနှင့်အတူ အားချန်ထံသို့ ရောက်ရှိလာချိန် တွင်တော့ ညနေစောင်းနေပြီဖြစ်၏။ သူမသည် မီးဖိုချောင်ထဲတွင် ချန်ဟွေ့ကို မီးမွေးကူပေးနေလေသည်။

မီးဖိုချောင်ထဲတွင်လည်း ဟင်းနံ့များ မွှေးကြိုင်လို့နေ၏။ ယနေ့တွင်တော့ အားချန်သည် ကြက်သွေးဟင်းကို အထူးတလည် မှာကြားထားပြီး ဟွေ့ညန်နှင့်အတူ ထိုဟင်းနာမည်ကို ‘တိုးတက်ဆုတ်ယုတ်’ ဟူသည့် အမည်လှလှလေး ပေးထားလေသည်။ အတူတူတိုးတက်ပြီး အတူတူဆုတ်ယုတ်ခြင်း ရှိမရှိကိုတော့ ဟွေ့ညန် မသိသော်ငြားလည်း သူမသည် ပိုပြီးပါးနပ်လာသည်ကိုတော့ သိလေသည်။

အားချန်က မွှေးပြန့်နေသည့် အနံ့ကို ရလိုက်သည်တွင် နှုတ်ခမ်းကို သပ်လိုက်၏။ ကြက်သွေးဟင်း ချက်ရန် လတ်လတ်ဆတ်ဆတ် ကြက်သွေး လိုအပ်နေသဖြင့် ကြက်အရှင် တစ်ကောင်ကို ဝယ်ခဲ့ရသည်။ ကြက်လည်း သတ်ပြီးပြီဖြစ်သဖြင့် ယနေ့ညတွင် ပေါင်းစားလိုက်မှသာ လတ်ဆတ်ပြီး အရသာရှိပေမည်။

ငါ တကယ်ကို ဉာဏ်ကောင်းပြီးတော့ လိမ္မာပါးနပ်လိုက်တာ။ အားချန်က စိတ်ထဲတွင် မိမိကိုယ်ကိုမိမိ ပြန်ချီးကျူးလိုက်၏။ ဟင်းမချက်ရ သေးခင်မှာပင် ချန်ဟွေ့သည် ရုတ်တရက် မီးဖိုချောင်အပြင်ဘက်သို့ လှမ်းကြည့်လိုက်လေသည်။ "တစ်ယောက်ယောက်က တံခါးလာ ခေါက်နေတယ်။ ကျွန်မ သွားကြည့်လိုက်ဦးမယ်"

"ကျွန်မ သွားလိုက်ပါ့မယ်"

အားချန်က လက်ခါပြလိုက်ပြီး နေရာမှထကာ တံခါးဝသို့ မြန်မြန်လျှောက်သွားပြီး တံခါးမကြီးကို ဖွင့်လိုက်သည့်တွင် စျေးဝယ်ရာမှ ပြန်လာဟန်တူသည့် ရှန်းမိသားစုက သားအမိနှစ်ယောက်ကို တွေ့လိုက်ရတော့၏။

"မိန်းကလေးချင်းဝူ ဟွေရွှယ် မြန်မြန်ဝင်လာပါ"

အားချန်သည် နွေးထွေးစွာပင် သူတို့ကိုအိမ်ထဲသို့ ဖိတ်ခေါ်လိုက်လေသည်။ တံခါးအပြင်ဘက်တွင် မြင်လှည်းတစ်စီးရပ်ထားပြီး တံခါးဝတွင် ကိုယ်ရံတော်လေးဦး ရပ်နေလေသည်။

အစကတည်းက သိပ်မကျယ်ဝန်းလှသည့် ခြံဝင်းငယ်လေးထဲသို့ ဝင်လာပြီးနောက် ရှန်းဟွေရွှယ်သည် အသက်ကို တစ်ချက်ပြင်းပြင်း ရှူထုတ်လိုက်ပြီး မျက်လုံးများက အရောင်တောက်လာကာ အားချန်ကို ကြည့်ပြီးမေးလိုက်တော့သည်။

"ဟွေ့ညန် ကြက်သားပေါင်း ချက်နေပြန်ပြီလား"

အားချန်ကလည်း ပြုံးလိုက်လေသည်။ "ဟုတ်တယ် ကြက်တစ်ကောင်လုံးပဲ။ ရှင်လာတာနဲ့ အတော်ပဲ"

ဟွေရွှယ်၏ စိတ်မရှည်လက်မရှည် ဖြစ်နေသည့် အမူအရာကို မြင်လိုက်သည်တွင် ရှန်းချင်းဝူကလည်း ပြုံးလိုက်ပြီး "မြန်မြန် မီးဖိုချောင်ထဲသွားပြီး ဟွေ့ညန်ကို သွားကူးပေးလိုက်လေ"

"ဒါဆိုရင်သမီး အရင်သွားနှင့်ပြီနော်"

ရှန်းဟွေရွှယ်သည် မီးဖိုချောင်ဘက်သို့ ထွက်သွားပြီး ရှန်းချင်းဝူနှင့် အားချန်တို့ကတော့ သူတို့ယူဆောင်လာသည့် ပစ္စည်းများကို အိမ်ထဲသို့ သယ်လာခဲ့ကြ၏။ နှစ်ယောက်သား အိမ်ထဲသို့ ဝင်သွားပြီးနောက်တွင် ချက်ချင်းပြန်ထွက်မလာခဲ့ကြပေ။

"ဒီနေ့ ကျွန်မအစ်ကိုက လျိုဖုန်းကို သတ်ခဲ့တဲ့ မိစ္ဆာကြီးကိုခေါ်လာပြီး ကျွန်မကို အဆိပ်ဖြည်ပေးတယ်" ရှန်းချင်းဝူက ခပ်တိုးတိုး ပြောလိုက်လေသည်။

အားချန်၏ မျက်နှာပေါ်မှ အပြုံးမှာမှိန်ဖျော့ သွားတော့၏။ "သူ တကယ်ပြန်လာတာပဲ။ ဒီလောက် တိုက်ဆိုင်နေစရာလား။ တစ်ယောက်တည်းလား နှစ်ယောက်လုံးလား"

"ကျွန်မတော့ တစ်ယောက်ပဲ တွေ့လိုက်တယ်။ နောက်တစ်ယောက်သာ ရောက်လာရင် ရှီလင်ဝမ် အိမ်တော်ထဲမှာ ရှိနေလောက်ပြီ။ သူတို့ ဘာလုပ်ချင်နေမှန်းလည်း ကျွန်မ မသိဘူး။ ဒီရက်ပိုင်းအတွင်းမှာ ရှီးလင်ဝမ်ရှီဇီရဲ့ စေ့စပ်ပွဲကလွဲပြီး တခြားဘာကိစ္စမှ မရှိဘူးတဲ့"

အားချန်က တွေးလိုက်လေတော့သည်။ ဒါဆိုရင်တော့ ငါတို့မသိတဲ့ ကြီးကြီးမားမား ကိစ္စတစ်ခုခု ရှိနေလို့ပဲဖြစ်ရမယ်။ ပိုင်ရှိုးမင်က ရှီးလင်ကို ရောက်လာတာ တိုက်ဆိုင်မှုတစ်ခု ဘယ်လိုမှ မဖြစ်နိုင်ဘူး။

သူမသည် မနေနိုင်ဘဲ စိတ်ထဲတွင် တွက်ချက်မိ လေတော့သည်။ ပိုင်ရှိုးမင်က ဘယ်လောက်ပဲ တော်နေပါစေ။ လူတစ်ယောက်တည်းနဲ့ အဆင့်၄မိစ္ဆာကြီး နှစ်ကောင်ကို ရင်ဆိုင်ဖို့ မလွယ်လောက်ဘူး။

ဒါအပြင် ရှီးလင်မှာ ဘယ်လောက်ပဲ အစွမ်းထက်မှန်းမသိတဲ့ ကျောင်းမူ (မြွေနဂါးမိခင်) ဆိုတာလည်း ရှိသေးတယ်။ တခြားပုန်းကွယ်နေတဲ့ အဆင့်၄မိစ္ဆာတွေလည်း ရှိနေနိုင်သေးတယ်။

အားချန် မျက်မှောင်မကြုတ်ဘဲ မနေနိုင်အောင် ဖြစ်သွားတော့၏။ သူဒီနေရာမှာ သူ့အသက်ကိုလာပြီး အဆုံးသတ်နေတာတော့ မဟုတ်ပါဘူးနော်။

သူမသည် မိမိကိုယ်တိုင် ပိုင်ရှိုးမင်၏ အသက်အတွက် စိုးရိမ်နေရသည့် အကြောင်းအရင်းကို သေချာမစဉ်းစား ရသေးခင်မှာပင် ရှန်းချင်းဝူက ဆက်ပြောလာသည်ကို ကြားလိုက်ရ၏။ "ကျွန်မအစ်ကိုကြီးက ဒီနေ့ ကျွန်မကို လာရှာတာ လျိုဖုန်းရဲ့ အမြုတေ အတွက်ပဲ။ သူ့ရဲ့ခန္ဓာကိုယ်က သိပ်ပြီး ခံနိုင်တော့မှာ မဟုတ်ဘူးတဲ့။ သူက အမြုတေကို သုံးပြီး မိစ္ဆာကျိန်စာကို ထုတ်ယူမယ်လို့ ပြောတယ်"

"မဖြစ်နိုင်ဘူး" အားချန်ကလည်း ပြတ်ပြတ်သားသား ပြောလိုက်လေသည်။ မိစ္ဆာအမြုတေမှာ ဒီလိုထူးဆန်းတဲ့ အစွမ်းမျိုး ဘယ်မှာရှိမှာလဲ။

"ကျွန်မလည်း အဲဒီလိုပဲ ထင်ပါတယ်။ သူက သူ့ကိုယ်သူ မိစ္ဆာတစ်ပိုင်း ဖြစ်အောင် ကြိုးစားချင် နေတယ်လို့ ကျွန်မတော့ သံသယရှိတယ်"

ဒါကလည်း ရှန်းချင်းဝူ အကြိမ်ကြိမ် စဉ်းစားပြီးမှ ရရှိလာသည့် အဖြေဖြစ်လေသည်။ ထိတ်လန့်စရာ ကောင်းသော်ငြားလည်း အံ့သြစရာတော့ မဟုတ် ပေ။

အားချန်သည် ရှန်းချင်းဝူ၏ အစ်ကိုဖြစ်သူ ရည်ရွယ်ချက်ကို စိတ်မဝင်စားဘဲ မေးလိုက်၏။ "ရှင် သူ့ကိုပေးဖို့ သဘောတူလိုက်ပြီလား"

"ကျွန်မ ငြင်းလို့မရဘူး။ သူက သူ့ရည်မှန်းချက် ပြည့်ဖို့ဆိုရင် ဘယ်လိုနည်းလမ်းကိုမဆို သုံးမှာပဲ"

အားချန်က ခေါင်းငြိမ့်လိုက်၏။ သူမသည် ရှန်းချင်းဝူ၏ အတွေးကို နားလည်နိုင်သော်ငြားလည်း ...

"အဲဒီတုန်းက ရှင် အမြုတေ အကြောင်းပြောတုန်းက ကျွန်မ ရှင့်ကို မပြောလိုက်ရတဲ့ ကိစ္စတစ်ခု ရှိသေးတယ်"

"ဘာများလဲ"

အားချန်သည် ပြတင်းပေါက် အပြင်ဘက်သို့ကြည့်ကာ ခပ်တိုးတိုးလေး ပြောလိုက်လေသည်။ "မိစ္ဆာတစ်ပိုင်းကသာ သူ့ရဲ့ အမြုတေကို ရရှိပြီး အထဲက မိစ္ဆာစွမ်းအင်ကို စုပ်ယူနိုင်ခဲ့မယ်ဆိုရင် မိစ္ဆာအဖြစ် ပြောင်းလဲသွားနိုင်တဲ့ အခွင့်အရေးရှိတယ်"

ရှန်းချင်းဝူ၏ မျက်နှာပေါ်တွင် မယုံကြည်မှုများ ပြည့်နှက်သွား လေတော့သည်။ "ရှင် ပြောနေတာတွေက အမှန်ပဲလား။ ဒါပေမဲ့ ... ဒါပေမဲ့ကျွ န်မ ဒီလိုတစ်ခါမှ မကြားဖူးဘူး"

"ဘာဖြစ်လို့လဲဆိုတော့ ဘယ်မိစ္ဆာကမှ ဒီလို မလုပ်ကြလို့ဘဲလေ။ အဆင့်၄ ဒါမှမဟုတ် အဆင့်၅ မိစ္ဆာအမြုတေက ပေးစွမ်းနိုင်တဲ့ စွမ်းအင်ကမှ ပြောင်းလဲဖို့ လုံလောက်တာ။ ဒီလောက် အစွမ်းထက်တဲ့မိစ္ဆာတွေက အသက်ရှည်ကြတယ်။ မတော်တဆ သေဆုံးသွားတာမျိုးကလည်း ရှားတယ်လေ"

"ဟွေရွှယ်က လျိုဖုန်းလို မိစ္ဆာအစစ် တစ်ယောက် ဖြစ်လာနိုင်တယ်ပေါ့ ဟုတ်လား"

"ဟုတ်တယ်"

ရှန်းချင်းဝူသည် သက်ပြင်းရှည်ကြီး တစ်ချက်ကို ရှုသွင်းလိုက်ပြီး သူမ၏ ခန္ဓာကိုယ်မှာ အနည်းငယ် တုန်ယင်သွားကာ သူမသည် လေသံတိုးတိုးဖြင့် ရေရွတ်လိုက်လေသည်။ "ရှန်းကျီးဟန်က တကယ် သေသင့်တာပဲ။ သူက ကျွန်မသမီးရဲ့ မိစ္ဆာ အမြုတေကို လိုချင်နေတာ"

အားချန်သည် ရှန်းချင်းဝူကို နှုတ်ဆိတ်စွာ ကြည့်နေမိလေ၏။

“ဒါပေမဲ့ ကျွန်မ သူ့ကိုပေးဖို့ သဘောတူလိုက်ပြီးပြီ။ အခုမှ ပြန်ငြင်းလို့လည်း မရတော့ဘူး။ လျိုဖုန်းရဲ့ အမြုတေကို သူ လက်လျှော့သွားအောင် ဘယ်လိုလုပ်ရမလဲ"

ရှန်းချင်းဝူသည် ရုတ်တရက် အားချန်ဘက်သို့ လှည့်ကြည့်လိုက်လေ၏။ သူမ၏ မျက်လုံးများထဲတွင် ရူးသွပ်မှု အရိပ်အယောင်များ လွမ်းခြုံလို့နေတော့သည်။ ရှန့် အဆိပ်ကို ဖြည်ပြီးသွားသော်ငြားလည်း သူမအပေါ်တွင် သက်ရောက်မှု အနည်းငယ် ကျန်နေသေးလေ၏"

"အားချန် လျိုဖုန်းက ရှင် အရမ်း ဉာဏ်ကောင်းတယ်လို့ အမြဲတမ်း ပြောတယ်။ ရှန်းကျီးဟန်ကို လက်လျှော့သွားအောင် ဘယ်လိုလုပ်ရမလဲ ဆိုတာကို ရှင် ကျွန်မကို ပြောပြနိုင်မလား"

ဒီတစ်ကြိမ်တွင်တော့ အားချန်ကလည်း မငြင်းတော့ဘဲ ပြောလိုက်လေသည်။ "ရှင်ကိုယ်တိုင် အဖြေသိနေလောက်ပြီ ထင်တယ်"

"ဟုတ်တာပေါ့။ ကျွန်မ သိတာပေါ့" ရှန်းချင်းဝူ၏ အသံသည် အတက်အကျ မြန်ဆန်လို့နေသည်။ "ရှန်း မိသားစုကိုသာ ဖျက်ဆီးလိုက်နိုင်ရင် သူတို့က ကျွန်မရဲ့ ဟွေရွှယ်ကို ဒုက္ခပေးတော့မှာ မဟုတ်ဘူး။ ကျွန်မရဲ့ ဟွေရွှယ်နဲ့ သူ့အဖေရဲ့ အမြုတေကို လာလုတော့မှာမဟုတ်ဘူး"

သူမ၏သမီးသည် သူမအဖေကဲ့သို့ပင် လွတ်လပ်စွာ နေထိုင်နိုင်ရမည်။ ဤသည်မှာသူတို့က သမီးဖြစ်သူအတွက် အစကတည်းက စဉ်းစားပေးထားသည့် ဘဝတစ်ခုပင်။ "ရှင့်မှာ နည်းလမ်း ရှိတယ်မဟုတ်လား" ရှန်းချင်းဝူသည် အားချန်ကို တောင်းပန်သည့် မျက်ဝန်းများဖြင့် လှမ်းကြည့်လာခဲ့၏။

အားချန်ကလည်း ဝေ့ဝဲမနေတော့ဘဲ ပြောလိုက်တော့သည်။ "ရှန်း မိသားစုရဲ့ အဓိက အားကိုးရာက ရှင့်ရဲ့ညီမဝမ်းကွဲ၊ အဲဒီကျောင်းမူပဲ ဖြစ်လောက်တယ်။ ကျွန်မ ခန့်မှန်းရ သလောက်တော့ သူ့ရဲ့အစွမ်းက အဆင့်၄ကို ရောက်နေလောက်ပြီ"

"ရှင်က သူ့ကို ပစ်မှတ်ထား ချင်တာလား"

"ရှင်သာ ကျောင်းမူနဲ့ တွေ့နိုင်မယ်ဆိုရင် သူ့ကို ရူးသွပ်သွားအောင် လုပ်နိုင်တဲ့ နည်းလမ်း ကျွန်မမှာ ရှိတယ်။ ရူးသွပ်နေတဲ့ အဆင့်၄မိစ္ဆာကြီး တစ်ကောင်က အရမ်းကြောက်စရာ ကောင်းတယ်။ သူက ရှန်းမိသားစုကို မဖျက်စီးနိုင်ရင်တောင် ရှန်းမိသားစုက မိစ္ဆာမွေးမြူထားတာကို လူတွေ သိသွားလိမ့်မယ်။ ဒါပေမဲ့ ရှင်နဲ့ ဟွေရွှယ်ကိုပါ အမှုပတ်နိုင်တယ်။ ရှင် သေချာစဉ်းစားပြီးပြီလား။

"ဟွေရွှယ်ကို ကာကွယ်ပေးနိုင်မဲ့ နည်းလမ်းရောရှိလား" ရှန်းချင်းဝူသည် မိမိကိုယ်တိုင် အမှုပတ်မည်ကို ဂရုမစိုက်ဘဲ သူမ၏သမီး ဖြစ်သူကိုသာ အလေးထားလေသည်။ "ဒါက မခက်ပါဘူး။ သူက ရှန့်ကျင်းမှာပဲ အမြဲနေခဲ့တာလေ။ ရှန်းမိသားစုရဲ့ ကိစ္စတွေက သူနဲ့ဘာမှမဆိုင်ဘူး"

အားချန်က ဒီလောက်တော့ အာမခံချက် ပေးရဲလေသည်။

အချိန်ကျလာရင် ပိုင်ရှူးမင်ကို သွားပြီး ချော့မော့လိုက်ရုံပဲ။ သူက သဘောတူမှာပါ။

"ဒါဆို ကောင်းပြီလေ။ နောက်၅ရက် နေရင် ကျွန်မ အမြုတေယူပြီး ရှန်း မျိုးနွယ်ဆီ သွားရမယ်။ အဲဒီအချိန်ကျရင် ကျွန်မ ကျောင်းမူနဲ့ တွေ့နိုင်မယ့် နည်းလမ်းကို ရှာလိုက်မယ်"

အနည်းငယ် အလျင်စလို ဖြစ်နေသော်ငြားလည်း သူမသည် အမြုတေကို ယူဆောင်သွားပေးပါက သူမ၏ အစ်ကိုသည် အလွန်အမင်း ပျော်ရွှင်သွားသည်မှာ သေချာပေသည်။ ထိုအချိန်တွင် ရှန်းချင်းယင်ကို တစ်ချက်လောက် တွေ့ချင်သည်ဟု တောင်းဆိုပါကလည်း အစ်ကိုဖြစ်သူက သူမကို ငြင်းဆန်လိမ့်မည် မဟုတ်ချေ။ မည်သို့ပင်ဖြစ်စေ သူမသည်လည်း ရှန်းမိသားစုဝင်တစ်ဦး မဟုတ်ပါလား။

အားချန်သည် အနည်းငယ် အံ့သြသွားတော့၏။ ရှန်းချင်းဝူသည် သူမ ထင်ထားသည်ထက် ပိုလို့ပင် ပြတ်သားနေသေးသည်။

ဒီလောက် ကြီးမားသည့်ကိစ္စကို သာမန်လူတစ်ယောက်အဖို့ အချိန်ယူ စဉ်းစားရမည် ဖြစ်သော်ငြားလည်း သူမကတော့ ချက်ချင်း သဘောတူလိုက်၏။

အားချန်၏ အမူအရာကို မြင်လိုက်သောအခါ သူမက ပြုံးလိုက်လေသည်။ "ကျွန်မ သူတို့ကို သတ်ပြီး လျိုဖုန်းအတွက် လက်စားချေချင်ခဲ့တာ အကြိမ်ပေါင်း မရေမတွက် နိုင်အောင်ပါပဲ။ ကျွန်မက အချစ်အတွက်နဲ့ မိသားစုကို သစ္စာဖောက်နိုင်တဲ့ လူစားမျိုးဖြစ်မယ် ထင်ပါတယ်။ ကျွန်မ ဒီအကြောင်းကို ဆယ်နှစ်ကျော်လောက် စဉ်းစားခဲ့ပြီးပြီ။ ထပ်ပြီး စဉ်းစားစရာ မလိုတော့ဘူး"

"ရှင် ဆုံးဖြတ်ချက် ချပြီးပြီဆိုရင်တော့ ကျွန်မ ဒီရက်ပိုင်းအတွင်း ရှင့်အတွက် အမွှေးနံ့သာဆေးကို ပြင်ဆင်ထား ပေးလိုက်မယ်"

"အမွှေးနံ့သာ ဆေးလား အဆိပ်ပါတာလား"

ရှန်းချင်းဝူသည် မည်သို့သောဆေးက အဆင့်၄မိစ္ဆာတစ်ကောင်ကို ရူးသွပ်သွားစေနိုင်သည်ကို စဉ်းစားမရချေ။

"အဆိပ် မပါပါဘူး" အားချန်၏ အမူအရာမှာ အနည်းငယ် ထူးဆန်းသွားလေသည်။ "ရှင်နဲ့ပိုပြီးတော့ ရင်းနှီးမယ့် နောက်ထပ် နာမည်တစ်ခု ရှိသေးတယ်။ ကာမဆန္ဒ ကြွစေတဲ့ဆေးလေ"

...

All Chapters