← Chapters

သူနဲ့ မိတ်ဆွေဆက်ဆံရေးက အဲ့လောက် မဟုတ်သေးပါဘူး...

Vol. 10 Ch. 97

သူနဲ့ မိတ်ဆွေဆက်ဆံရေးက အဲ့လောက် မဟုတ်သေးပါဘူး...

Vol. 10 Ch. 97

"ကာ... ကာမအားတိုး‌ဆေးလား" ရှန်းချင်းဝူသည် သူမ၏အသိပညာမှာ အနည်းငယ် လိုအပ်နေသေးသလို ရုတ်တရက် ခံစားလိုက်ရတော့သည်။

သူမ၏ ကြောင်အမ်းအမ်း ဖြစ်သွားသည့် အမူအရာကို မြင်လိုက်သောအခါ အားချန်ကလည်း စေတနာလေးဖြင့် ရှင်းပြလိုက်၏။ "ဒါကကျွန်မအထူးဖော်စပ်ထားတဲ့ အမွှေးနံ့သာ ဆေးပဲ။ လူတွေအပေါ်မှာ အာနိသင်မရှိဘဲ ကျောင်းမျိုးနွယ်ကိုပဲ သီးသန့်ပစ်မှတ်ထားတာ"

အမွှေးနံ့သာဆေး ဖော်စပ်ခြင်းသည် အမှန်တွင်တော့ မခက်ခဲလှချေ။ ခက်ခဲသည်မှာ ရှန်းချင်းဝူ၏ အပိုင်းသာဖြစ်လေသည်။

ကျောင်းမူသည် နှစ်ပေါင်းများစွာ တည်ရှိခဲ့သော်ငြားလည်း အပြင်လူများက မတွေ့ရှိခဲ့ကြသည်မှာ ရှန်းမိသားစုဝင် အနည်းငယ်ကလွဲပြီး တခြားသူများက ဒီလျှို့ဝှက်ချက်ကို မသိကြသောကြောင့် ဖြစ်လိမ့်မည်။ ယခုအချိန်တွင်လည်း ရှန်းချင်းဝူ တစ်ယောက်တည်းကသာ ထိုကျောင်းမူနှင့် ထိတွေ့နိုင်စွမ်းရှိလေသည်။

ကျောင်းဟုခေါ်သော မိစ္ဆာအမျိုးအစားသည် သာမန်မိစ္ဆာ မျိုးနွယ်များထက် ပိုပြီးအစွမ်းထက်ကာ အခွင့်အလမ်းကိုအသုံးချသည့် နဂါးအဖြစ် ပြောင်းလဲနိုင်စွမ်း ရှိသော်ငြားလည်း သူတို့တွင် သေစေနိုင်သည့် အားနည်းချက် တစ်ခုရှိလေသည်။ နဂါးအဖြစ်သို့ မပြောင်းလဲနိုင်မည့် အချိန်အတွင်း နဂါး၏ ခန္ဓာကိုယ်ပေါ်က အရာဝတ္ထုများသည် လူတို့အတွက် သေလောက်အောင် ဆွဲဆောင်မှုရှိနေခြင်းပင်။

ယခင်က ထိုကျောင်းတစ်ကောင်ကို ဖမ်းဆီးရန်သုံးခဲ့သည့် အဆောင်မှာ သူမ အထူးဖော်စပ်ထားသော အမွှေးနံသာဆေးဖြစ်ပြီး ယခုတစ်ကြိမ်သည် ပိုလို့ပင် အစွမ်းထပ်ပေလိမ့်မည်။

ဒါပေါ့လေ ဒီအတွက်တော့ အထူးပါဝင်ပစ္စည်း နည်းနည်းတော့ လိုအပ်တာပေါ့။ သုံးရတာ နည်းနည်းလေး ဖြုန်းတီးရာကျပေမယ့်လည်း ကျောင်းမူက အဆင့်၄ ဖြစ်နိုင်တာကို ပြန်တွေးကြည့်ရင် သိပ်ပြီးဖြုန်းတီးရာတော့ မကျပါဘူး။

ဘယ်လို ကာမအားတိုးဆေးမျိုးက အားချန်ပြောသကဲ့သို့ အာနိသင်မျိုး ဖြစ်စေနိုင်သည်ကို မသိသော်ငြားလည်း ရှန်းချင်းဝူသည် အကူအညီတောင်းရန် ရွေးချယ်ခဲ့ပြီး ဖြစ်သည့်အတွက် ယခုအချိန်တွင်တော့ သူမကိုသာ ယုံကြည်ဖို့ရန် ရွေးချယ်ရတော့မည်။

အားချန်ကလည်း အကျယ်တဝင့် ရှင်းပြမနေတော့ဘဲ ရှန်းချင်းဝူနှင့် သုံးရက်အကြာတွင် ဆေးလာယူရန်သာ ချိန်းဆိုလိုက်ပြီး ဒီအကြောင်းကို ဆက်လက် မဆွေးနွေးတော့ချေ။

မကြာခင်တွင် ဟွေ့ညန်သည် ဟင်းလျာများ ချက်ပြုတ်ပြီးစီး သွားသဖြင့် လူလေးယောက်သည် မသေးလွန်း မကြီးလွန်း စားပွဲတစ်လုံးတွင် ဝိုင်းဖွဲ့ထိုင်လိုက်ကာ အလျှံပယ် ညစာတစ်နပ်ကို စားသုံးလိုက်ကြလေသည်။

ညစာစားသုံးပြီးသည်နှင့် အားချန်သည် သူမ၏ဘေးတွင် ထိုင်နေသော ရှန်းဟွေရွှယ်ကို ပြောလိုက်၏ "ဟွေရွှယ် ရှင် လီမြို့စား ရှီဇီရဲ့ ကိုယ်ရံတော် ခေါ်လာတာတွေ့တယ်။ သူတို့ကို ကျွန်မကို အကူအညီ တစ်ခုလောက် ပေးခိုင်းလို့ရမလား"

"ဘာအကူအညီလဲ ရှင်ပြောလေ"

မင်ကျင့်စီးရဲ့ ကျန့်ရှီဖူရှန်ကျော်က ရှီးလင်ကို ရောက်နေတယ်။ ကျွန်မကသူတို့ကို ဒီလူတည်းခိုတဲ့ နေရာကို တိတ်တဆိတ် ရှာဖွေခိုင်းချင်တာပါ။ ပြီးတော့ ရှန်လူကြီးမင်းကို ကျိချန်က သူ့ကိုတွေ့ခွင့်တောင်းတယ်လို့ စကားပါးပေး စေချင်တာပါ"

"ကိစ္စမရှိပါဘူး။ ကျွန်မ သူတို့ကို အခုပဲ ရှန်လူကြီးမင်းဆီ သွားရှာခိုင်းလိုက်ပါ့မယ်" ရှန်းဟွေရွှယ်သည် အားချန်က ရှန်ကျော်ကို ရှာဖွေလို့သည့် အကြောင်းအရင်းကိုပင် မမေးမြန်းတော့ဘဲ အလွယ်တကူ သဘောတူ လိုက်တော့သည်။

ကောင်းကင်က တဖြည်းဖြည်း မှောင်မည်းလာသည်ကို မြင်တွေ့လိုက်ရသဖြင့် ရှန်းဟွေရွှယ်သည် မပြန်ချင်သေးသော်ငြားလည်း ဆက်ပြီးနေထိုင်ဖို့ရန်ကလည်း မသင့်တော်တော့ချေ။

အားချန်နှင့် နောက်တစ်နေ့တွင် လာလည်ရန်ချိန်းဆိုပြီးမှ သူမသည် ရှန်းချင်းဝူနှင့်အတူ နှမြောတသစွာ ထွက်ခွာသွားလေတော့သည်။

သူတို့နှစ်ဦးကို တံခါးဝအထိ လိုက်ပို့ပြီးမှ အားချန်သည် ရှန်းဟွေရွှယ်က ကိုယ်ရံတော်တစ်ဦးကို စကားအနည်းငယ် မှာကြားလိုက်သည်ကို တွေ့လိုက်ရ၏။ ထိုကိုယ်ရံတော်ကလည်း ခေါင်းငြိမ့်ပြပြီး တစ်ယောက်တည်း သီးသန့်ထွက်ခွာ သွားလေတော့သည်။

_

ဟိုင်အချိန်ကျော်လွန်သည်နှင့် ချန်ဟွေ့သည် ယခင်နေ့များအတိုင်း မိစ္ဆာသွေးတစ်ခွက်ကို သောက်လိုက်ပြီး အရက်မူးနေသည့်အလား ယိုင်တိုင်တိုင်ဖြင့် အခန်းထဲသို့ပြန်ကာ အိပ်စက်သွားလေတော့သည်။

အားချန်က ဖယောင်းတိုင်ကို ထွန်းညှိလိုက်ပြီး စားပွဲရှေ့တွင်ထိုင်ကာ ရေးလိုက်ဖျက်လိုက် လုပ်နေခဲ့၏။ နောက်ဆုံးပါဝင်ပစ္စည်းကို ရေးသားသည့်အခါ သူမသီစက္ကူနှစ်ရွက်ကို လုံးခြေလိုက်ပြီးမှ သွယ်ဝိုက်သော အခေါ်အဝေါ်တစ်ခုကို စဉ်းစားမိ သွားလေတော့သည်။

ဒီပစ္စည်းက ရှန်ကျော်ဆီမှာ ရှိမှာမဟုတ်တာ သေချာတယ်။ ဒါပေမဲ့ သူက ပိုင်ရှိုးမင်ဆီက တောင်းလို့ရတာပဲ။ ဒီလိုဆိုရင် ကျေးဇူးတင်စကား ပြောရမယ့်သူက ငါ မဟုတ်တော့ဘူး။

ငါလုပ်သမျှကလည်း မင်ကျင့်စီးအတွက် စေတနာထားပြီး လုပ်ပေးတာဆိုတော့ ကျေးဇူးတင်ကြွေးကလဲ ရှန်လူကြီးမင်းအပေါ်ပဲ ကျရောက်သင့်တာပေါ့။

နာရီဝက်ခန့် ကြာသွားသောအခါ အခန်းအပြင်ဘက်မှ စည်းချက်ကျကျ တံခါးခေါက်သံကို ကြားလိုက်ရ၏။

"ဝင်ခဲ့ပါ" အားချန်သည် ထိုင်ရာမှမထဘဲ တံခါးဝဆီသို့ လှမ်းပြောလိုက်လေသည်။

တံခါးက ကျွီခနဲ ပွင့်သွားပြီး ဆေးနံ့သင်းနေသည့် ရှန်ကျော်သည်အထဲသို့ ဝင်ရောက်လာခဲ့၏။

အားချန်သည် အနံ့ရလိုက်သည်တွင် အနည်းငယ် အံ့ဩသွားကာ ခေါင်းလှည့်ကာ မေးလိုက်တော့သည်။ "ရှန် လူကြီးမင်း ဒဏ်ရာရထားတာလား"

ရှန်ကျော်ကလည်း ခေါင်းငြိမ့်ပြကာ ထိုင်ခုံတလုံးကို မိမိဘာသာရှာဖွေကာ ထိုင်ချလိုက်ပြီးမှ စကားစပြောလိုက်တော့သည်။ "ဒဏ်ရာနည်းနည်း ရသွားတာပါ။ ဒီနေ့ ရှန်းမိသားစုကိုသွားပြီးတော့ ရှန်းကျီးယွမ်ကို ဖမ်းခဲ့တာ။ ကံဆိုးချင်တော့ ဘာမှမစစ်ဆေး ရသေးခင်မှာပဲ အသတ်ခံလိုက်ရတယ်လေ"

"ရှန် လူကြီးမင်းကို ဒဏ်ရာရစေနိုင်တာဆို ထိခိုက်တဲ့သူက ကျင့်ကြံတဲ့အဆင့် မနိမ့်ဘူးထင်တယ်"

"အဆင့်၄ တစ်ယောက် လာတယ်။ ရှန်း မိသားစုက ကျွန်တော့်ကို တော်တော်အထင်ကြီးတာပဲ" ရှန်ကျော်သည် မထိမဲ့မြင်ပြုကာ ရယ်မောလိုက်လေသည်။ "မိန်းကလေးကျိ ကျွန်တော်ကို ပေးခဲ့တဲ့ သဲလွန်စက အခုတော့ အတည်ပြုပြီးသလို ဖြစ်သွားပါပြီ"

ရှန်းမိသားစုရဲ့ နောက်ခံအင်အားနဲ့ဆိုရင် အဆင့်၄နယ်ပယ်ရှိတဲ့ လူနှစ်ယောက်ကို မွေးထုတ်နိုင်မှာမဟုတ်ဘူး။ ကြည့်ရတာ တိုက်ခိုက်တဲ့လူက ရှန်းကျီးယွမ်ရဲ့ ညီမအရင်းဖြစ်ရမယ်။

အမိန့်ပေးတဲ့လူကို ဘယ်လိုမှတ်ချက် ပေးရမလဲတောင် မသိဘူး။ သူတို့က ရှန်းကျီးယွမ်ကို သတ်လိုက်ရုံနဲ့ ဒီအမှုကို ဆက်စစ်လို့မရတော့ဘူးလို့ တကယ်ပဲရိုးရိုးစင်းစင်း ထင်နေတာတော့ မဟုတ်ဘူးမလား။

အားချန်ကတော့ ရှန်းမိသားစုဝင်များကို သိပ်ပြီးဂရုမစိုက်ချေ။ သူမသည် အဆင့်၄နှင့် တိုက်ခိုက်ပြီး ဒဏ်ရာအနည်းငယ်သာ ရခဲ့သည်ကိုကြည့်လျှင် မင်ကျင့်စီး၏ ကျန့်ရှီဖူများသည် အမှန်တကယ်ပင် အစွမ်းမသေး သူများဖြစ်ကြောင်း တွေးမိလိုက်လေသည်။

သူမသည်မိမိ၏ အတွေးများကို မြန်မြန်ပြန်စုစည်းထား လိုက်ပြီးနောက် မျက်လုံးများက အနည်းငယ် လှုပ်ခတ်သွားကာ စကားစပြော လိုက်တော့သည်။ "ရှန်း မိသားစုက တကယ်ပဲအတင့်ရဲတာပဲ။ ရှန်းကျီးယွမ် သေသွားပြီဆိုတော့ ဒီအမှုကို ရှန်လူကြီးမင်းအနေနဲ့ ပေါ်တင်စစ်ဆေးဖို့ မကောင်းတော့ဘူး။ ဒီအထိစစ်ဆေးပြီးနေပြီးမှ သဲလွန်စကဒီအတိုင်း ပြတ်တောက်သွားတာတော့ နှမြောစရာကောင်းတာပဲ"

ရှန်ကျော်သည် သူမ၏စကားထဲက တခြားအဓိပ္ပာယ်ကို ကြားလိုက်ရသဖြင့် မနေနိုင်ဘဲ မေးလိုက်လေတော့သည်။ "မိန်းကလေးကျိ ဒီနေ့ကျွန်တော့်ကိုခေါ်လိုက်တာ ရှန်းမိသားစုနဲ့ ပတ်သက်လို့ပဲဖြစ်ရမယ်။ သူတို့ကိုနှိမ်နင်းဖို့ ပိုကောင်းတဲ့ နည်းလမ်းများ ရထားလို့လား"

အားချန်၏ နှုတ်ခမ်းတောင့်ကလည်း ကော့တက်သွားလေ၏။ "စဉ်းစားထားတာလေး နည်းနည်းရှိလို့ပါ။ ရှန်လူကြီးမင်းရဲ့ ပူးပေါင်းဆောင်ရွက် မှုကိုတော့လိုအပ်တယ်"

"မင်းက ဘယ်လို လုပ်ချင်တာလဲ။ ကျွန်တော်က ဘယ်လို ပူးပေါင်း ပေးရမှာလဲ" ရှန်ကျော်သည် ချက်ချင်းစိတ်ဝင်စားသွားပြီး ခန္ဓာကိုယ်ကို ရှေ့သို့အနည်းငယ်ကိုင်းကာ သူမ ဆက်ပြောမည့်စကားကို စောင့်ဆိုင်းနေလိုက်၏။

"ရှန်းမိသားစုက ကျောင်းမူကို လူတွေရှေ့မှာ မပေါ်စေချင်မှတော့ ကျွန်မကလည်း နောက်ကနေ တွန်းအားပေးပြီး သူ့ဘာသာသူ လူတွေ ရှေ့မှာပေါ်လာအောင် လုပ်ပေးရုံပဲပေါ့" အားချန်သည် စကားပြောရင်း ရေးသားထားသည့် စာရင်းကို လမ်းပေးလိုက်၏။ "ဒီအပေါ်ကပစ္စည်းကို ရှန်လူကြီးမင်း နှစ်ရက်အတွင်း စုဆောင်းပြီးတော့ ကျွန်မလက်ထဲ ပို့ပေးတာ အကောင်းဆုံးပဲ။ အစီအစဉ် အောင်မြင်မလား မအောင်မြင်ဘူးလားဆိုတာ ရှန်လူကြီးမင်းအပေါ်ပဲ မူတည်နေပြီ"

ရှန်ကျော်သည် အားချန်လှမ်းပေးလာသည့် စာရင်းကိုယူကာ တစ်ချက်လောက် ကြည့်လိုက်ပြီးနောက် ဒီမြင်ကွင်းသည် အလွန်ရင်းနှီးနေသကဲ့သို့ ရုတ်တရက် ခံစားလိုက်ရတော့သည်။

သိပ်မကြာခင်တုန်းကပဲ ဒီလိုကိစ္စမျိုး တစ်ခါဖြစ်ခဲ့ဖူးသလိုပဲ။

ကျီရွှေမြစ်ထဲမှာ သောင်းကျန်းနေတဲ့ ကျောင်းတစ်ကောင် သေတာတောင်မှ မကြာသေးဘူး။ သူ့ပစ်မှတ်က အဆင့်၄နယ်ပယ် ကျောင်းတစ်ကောင် ဖြစ်သွားပြန်ပြီတဲ့လား။

အဆင့်၄ နယ်ပယ်ဆိုတာ လွယ်လွယ်ကူကူ ကြံစည်လို့ရတဲ့ အရာမှမဟုတ်တာ။

ဒါပေမဲ့ အရင်တစ်ခေါက်က အတွေ့အကြုံအရ သူ့အနေနဲ့ သံသယစကားကို အလွယ်တကူ မပြောရဲပါဘူး။ တကယ်လို့သူ့ကို သံသယဝင်လိုက်ရင် ကိုယ်တိုင်က အသိအမြင် တိမ်ရာကျသွားသလို ခံစားရတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ဒါတွေက ပါဝင်ပစ္စည်းတချို့ပဲလေ။ စမ်းကြည့်တော့ရော ဘာဖြစ်မှာမို့လို့လဲ။

ရှန်ကျော်သည် ထိုစာရွက်ကို သိမ်းဆည်းထားလိုက်ပြီး အားချန်ကို အာမခံလိုက်၏။ "မိန်းကလေးကျိ စိတ်ချပါ။ နှစ်ရက်အတွင်း အပေါ်ကပစ္စည်းတွေ အားလုံးကို ပို့ပေးပါမယ်"

ထိုသို့ ပြောလိုက်ပြီးနောက် သူကထပ်ပြီး ပြောလိုက်ပြန်သည်။ "ဒီတခါ အကူအညီ ပေးတဲ့အတွက် မိန်းကလေးကျိကို ကျေးဇူးတင်ပါတယ်။ နောက်ပိုင်း ကျွန်တော် ရှန်ကျော်ကို အသုံးလိုတဲ့နေရာရှိရင် မိန်းကလေးကျိက ပြောသာပြောလိုက်ပါ"

အားချန်သည်လည်း မနေနိုင်တော့ဘဲ စိတ်ထဲမှ ချီးကျူးလိုက်မိတော့သည်။ ကိစ္စတွေတောင် မပြီးသေးဘူး။ ရှန်လူကြီးမင်းက ကတိတွေပေးနေပြီ။ လူတွေရဲ့ ကိုယ်ကျင့်တရား ဆိုတာက တကယ်နှိုင်းယှဉ်လို့ မရတာပါလား။

"အစီအစဉ် အောင်မြင်သွားမှ ရှန်လူကြီးမင်းက ကျွန်မကို ကျေးဇူးတင်လည်း နောက်မကျပါဘူး" ထိုသို့ ပြောလိုက်ပြီးနောက် သူမသည် သက်ပြင်းတစ်ချက် ချလိုက်လေသည်။ "ပြောရရင်တော့ ကျွန်မက ကိုယ့်အတွက်ကိုယ် လုပ်တာပါ။ တနေ့လုံး ကျွန်မကို အငြိုးနဲ့ ကြည့်နေတဲ့သူတွေ ရှိနေတော့ အိပ်တာတောင် မျက်စိစုံ မမှိတ်ရဲဘူးလေ။ လူတွေ ကြံစည်မှာ ကြောက်နေရတယ်"

သူမသည် သနားစဖွယ် ပြောနေသော်ငြားလည်း ရှန်ကျော်ကတော့ စကားတစ်ခွန်းကိုမှ မယုံရဲချေ။

ဒီမိန်းကလေးက အန္တရာယ်ကင်းတဲ့ပုံ ပေါက်ပေမယ့် မျက်နှာတစ်ချက် မပျက်ဘဲ အဆင့်၄မိစ္ဆာကြီးကို တိတ်တဆိတ် ကြံစည်နိုင်တယ်။ ပိုင်ရှိုးမင် ပြောသလိုပဲ တကယ်ကို အငြိုးအတေးကြီးတာပဲ။

ပြီးတော့ ဒါက ရက်ပိုင်းပဲ ရှိသေးတယ်လေ။ ရှန်းမိသားစုကို နှိမ်နင်းမယ့် နည်းလမ်းကို စဉ်းစားမိနေပြီ။ ငါတို့ မင်ကျင့်စီး ထက်တောင်မှ မြန်သေးတယ်။ ဒီလို လှုပ်ရှားနိုင်စွမ်းမျိုးကို နောင်တချိန်မှာ လွယ်လွယ်နဲ့ သွားမစော်ကား မိအောင်နေရမယ်။

အားချန်သည် ရှန်ကျော်က သူမကို အန္တရာယ် အဆင့်အမြင့်ဆုံး အဖြစ် တိတ်တဆိတ် တိုးမြင့်လိုက်သည်ကို မသိလိုက်ချေ။ ကိစ္စအားလုံးကို မှာကြားပြီးနောက် ရှန်ကျော်သည် ထိုင်ရာမှထကာ နှုတ်ဆက်ထွက်ခွာ သွားလေတော့သည်။

ရှန်ကျော်သည် မင်ကျင့်စီး၏ တည်းခိုရာနေရာသို့ တန်းတန်းမတ်မတ် ပြန်လာခဲ့လိုက်၏။ ရှန်းကျီးယွမ်ကို လာသတ်သည့် လူသည် ယနေ့သူ၏ လက်အောက် ငယ်သားနှစ်ယောက်ကို ဒဏ်ရာရောက်စေခဲ့ပြီး နံရံတစ်ဖက်ကိုလည်း ဖြိုချသွားခဲ့သည်။

သူထွက်သွားသည်မှာ တစ်နာရီပင် မပြည့်သေးချေ။ အလုပ်မရှိကြသည့် သူ၏လက်အောက် ငယ်သားများက ဖြိုချလိုက်သည့်နံရံကို အသစ်ပြန်လည် တည်ဆောက် ပြီးစီးနေကြပြီဖြစ်၏။

ရှန်ကျော်သည် ဒီနံရံအသစ်နှင့် ချီးကျူးခံရမည်ကို စောင့်မျှော်နေသော လက်အောက်ငယ်သား များကိုကြည့်ရင်း ရုတ်တရက် စကားမပြောနိုင်အောင် ဖြစ်သွားတော့သည်။

သူ့လက်အောက် ငယ်သားများ၏ လုပ်နိုင်စွမ်းသည် ထူးခြားသော နေရာများတွင်သာ အသုံးဝင်နေသလို ခံစားလိုက်ရတော့၏။

လူအားလုံးကို ပြန်လွှတ်လိုက်ပြီးနောက် ရှန်ကျော်သည် အခန်းထဲသို့ ပြန်လာခဲ့ကာ အားချန်ပေးလိုက်သည့် စာရင်းကိုဖွင့်လိုက်ပြီး အထဲတွင် ပါဝင်ပစ္စည်း ၆မျိုး ရေးသားထားသည်ကို တွေ့လိုက်ရလေသည်။

သုံးမျိုးမှာရှန်ကျော် ကြားဖူးသည့် အရာများဖြစ်ပြီး စျေးကွက်ထဲတွင် ရှားပါးသော ဆေးဖက်ဝင်အပင်များ ဖြစ်ကြ၏။ ရှားပါးသော်ငြားလည်း မရနိုင်သည်တော့မဟုတ်ပေ။ အနည်းဆုံးတော့ မင်ကျင့်စီး၏ ဂိုဒေါင်ထဲတွင် သေချာပေါက် ရှိနေပေမည်။

အောက်တွင် ရေးထားသည်မှာ အမွှေးနံ့သာတစ်မျိုးဖြစ်ပြီး ချွဲရှီရှန်းဟု အမည်ရလေသည်။

သာမန်လူများကြားတွင် ထိုအမွှေးနံ့သာသည် မိုင်တစ်ရာတိုင်အောင် ပျံ့နှံ့နိုင်ပြီး မွှေးရနံကသေသူကိုပင် ပြန်လည်ရှင်သန် နိုင်စေသည်ဟူသည့် ဒဏ္ဍာရီတွင်လည်း ဆိုထား၏။

ကံကောင်းထောက်မစွာဖြင့် ရှန်ကျော်သည် ချွဲရှီရှန်းနှင့် ပတ်သက်သောအမှုတစ်ခုကို ကိုင်တွယ်ဖူးသဖြင့် ဒီပစ္စည်း၏အစွမ်းကို မျက်မြင်ကိုယ်တွေ့ ကြုံတွေ့ခဲ့ဖူး၏။ ထိုပစ္စည်းသည် ဒဏ္ဍာရီထဲကအတိုင်း သေသူကို ပြန်လည်ရှင်သန်နိုင်ခြင်း မရှိသော်ငြားလည်း အမွှေးရနံ့ ပျံ့နှံ့သွားသည်နှင့် လူ၏သွေးကြောများကို လှုပ်ရှားစေပြီး အတွင်းအားများကို ဆူပွက်စေကာ မတည်မငြိမ် ဖြစ်နိုင်စေလေသည်။

ဒီပစ္စည်းကို ကောင်းစွာမကိုင်တွယ်နိုင်လျှင် ပြဿနာအကြီးကြီး ဖြစ်သွားပေလိမ့်မည်။

ရှန်ကျော်က ဆက်ပြီး ဖတ်ရှုလိုက်သည်တွင် ပဉ္စမမြောက်ပစ္စည်းမှာ လရောင်ဖားပြုတ်၏တံတွေး တစ်ပုလင်း ဖြစ်လေသည်။ ဖားပြုတ်တစ်မျိုးမျိုးရဲ့ တံတွေးပေါ့။ မမြင်ဖူးပေမယ့်လည်း နည်းနည်းတော့ ရွံစရာကောင်းသလိုပဲ။

နောက်ဆုံးတစ်ခုက... လုံယန်ရွှေတဲ့လား။

ရှန်ကျော်သည် နှစ်ခေါက် သုံးခေါက် ပြန်ဖတ်ကြည့် လိုက်သော်ငြားလည်း ဤအရာသည် မည်သည့် ပစ္စည်းဖြစ်သည်ကို စဉ်းစားမရတော့ချေ။ လုံယန်ရွှေ။ နဂါးနဲ့ ပတ်သက်တာဆိုရင်တော့ ပိုင်ရှိုးမင်ကို မေးကြည့်ရင် ကောင်းမလားပဲ။ တိုက်တိုက်ဆိုင်ဆိုင် ဒီညသူနဲ့တွေ့ဖို့ ချိန်းထားတာပဲ။

လွန်ခဲ့သည့်ရက် အနည်းငယ်က သူသည် ရှိးလင်ဝမ် အိမ်တော်သို့ တိတ်တဆိတ် ခိုးဝင်နိုင်သော်ငြားလည်း လက်တလော နှစ်ရက်အတွင်းတွင် ပိုင်ရှိုးမင်က အိမ်တော်တွင် မသန့်ရှင်းသောအရာများ ဝင်ရောက်နေသဖြင့် သူ့ကိုမလာရန် တားမြစ်ထားလေသည်။ သို့ဖြစ်လျှင်တော့ ပိုင်ရှိုးမင်က သူ့ထံသို့ လာရောက်သည်ကိုသာ စောင့်ဆိုင်းရပေတော့မည်။

ညသည် တဖြည်းဖြည်း နက်ရှိုင်းလာပြီး ရုံးတော်သည် အလွန်တိတ်ဆိတ် ငြိမ်သက်သွားကာ ရံဖန်ရံခါ ကင်းလှည့်နေသည့် မင်ကျင့်စီးအစောင့်များ၏ ခြေသံကိုသာ ကြားနေရ၏။

ရှန်ကျော်၏ အခန်းထဲက ဖယောင်းတိုင်မီးသည် မငြိမ်းသေးချေ။ ညသန်းခေါင်ယံသို့ ရောက်သောအခါ ဖယောင်းတိုင်မီးသည် နှစ်ချက်လောက် တုန်ခါသွားပြီး လေပြည်လေးတစ်ချက် ဝေ့တိုက်သွားသည်ကို ခံစားလိုက်ရပြီးနောက် အခန်းထဲတွင် လူတစ်ယောက်တိုးလာခဲ့၏။

သူ လှည့်ကြည့် လိုက်သောအခါ ပြတင်းပေါက်နားတွင် မည်သည့်အချိန်က ရောက်နေမှန်းမသိသော လူတစ်ယောက်ကို တွေ့လိုက်ရလေသည်။

ပိုင်ရှိုးမင်သည် အင်္ကျီလက်ကျယ် အဖြူရောင်ဝတ်စုံတစ်ခုကို ဝတ်ဆင်ထားပြီး ခါးတွင်လည်း ကျောက်စိမ်းခါးပတ်လေးကို ပတ်ထားသည်။ သူ၏ပုံစံမှာ လမင်းကိုရှုစားရန်ထွက်လာသည့် သခင်လေးတစ်ဦးနှင့် ပိုလို့ပင်တူနေတော့သည်။

"ကျစ်။ ညကြီးမင်းကြီး မင်းက ဒီလို ဝတ်စားထားရမှ ကျေနပ်မှာလား" သူက မနေနိုင်ဘဲ ပြောလိုက်၏။

"ရှီးလင်ဝမ်ရဲ့ အကြိုက်လေ" ပိုင်ရှိုးမင်သည် ပေါ့ပေါ့ပါးပါးဖြင့် ဖြေရှင်းချက် ပေးလိုက်ပြီး လေသံကို တည်ငြိမ်းအောင် ပြန်ထိန်းကာ ပြောလိုက်တော့သည်။ "ပြောစရာရှိတာ ပြောတော့။ ငါ့ကိုဘာကိစ္စ ခေါ်တာလဲ"

"အစတုန်းကတော့ ရှန်းကျီးယွမ်ကို ဖမ်းမိပြီလို့ပြောမလို့ပဲ။ ဘယ်သူက သိမှာလဲ။ တစ်နာရီတောင် မကြာသေးဘူး။ အသတ်ခံ လိုက်ရတယ်လေ" ဒီလိုပြောလိုက်ခြင်းက သူ့ကိုယ်သူ အစွမ်းအစမရှိသလို ဖြစ်သွားစေသည်ဟု ရှန်ကျော်သည် ခဏလောက် တွေးလိုက်ပြီးမှ ဆက်ပြောလိုက်လေသည်။ "ဒါပေမဲ့ အနည်းဆုံးတော့ ရှန်းမိသားစုမှာ ကျောင်းမူက တကယ်ရှိတယ်ဆိုတာကို သက်သေပြ နိုင်သွားတာပေါ့"

ပိုင်ရှိုးမင်ကတော့ အေးစက်စက် ဟက်ခနဲ တစ်ချက်ရယ်မောလိုက်သည်။ "သူတို့တွေ တော်တော်သတ္တိရှိတာပဲ။ လူကိုတောင် လာသတ်ရဲသေးတယ်"

"ဒီနေရာက ရှီးလင်ပဲလေ။ ရှီးလင်ဝမ်က တဦးတည်း အာဏာရှင် လုပ်နေတာဆိုတော့ ရှန်းမိသားစုကလည်း ထင်တိုင်းကျဲနေတာ ကြာပြီပဲဖြစ်ရမယ်။ ဒီလောက်နှစ်တွေကြာမှ ငါတို့မင်ကျင့်စီးက ရှီးလင်မှာ အမှုလာစစ်ဖို့ အခွင့်အရေးရခဲ့တာ မထင်မှတ်ဘဲ အရင်ဆုံး အထင်သေး ခံလိုက်ရတာကတော့ တကယ်ကို ထူးခြားတဲ့ အတွေ့အကြုံပဲ"

ရှန်ကျော်၏ မျက်နှာတွင် ဒေါသအရိပ်အယောင် မတွေ့ရသဖြင့် ပိုင်ရှိုးမင်သည် နည်းနည်းလေး အံ့သြသွားလေတော့သည်။ "ကြည့်ရတာ မင်းမှာဖြေရှင်းမယ့် နည်းလမ်းရထားတဲ့ပုံပဲ"

ရှန်ကျော်ကလည်း တဟဲဟဲ ရယ်မောလိုက်ပြီး စကားလမ်းကြောင်း ပြောင်းလိုက်တော့သည်။ "ငါ ခုနက အပြင်ထွက်သွားသေးတယ်။ ဘယ်သူ့ကို သွားတွေ့လဲဆိုတာ မှန်းကြည့်ကြည့်"

ပိုင်ရှိုးမင်ကတော့ မျက်နှာသေဖြင့် သူ့ကိုကြည့်လိုက်ပြီး သူနှင့်အတူ ပဟေဠိဝှက်တမ်း ကစားရန် စိတ်မဝင်စားကြောင်း ထင်ရှားနေလေသည်။

"ထားလိုက်ပါတော့လေ။ ငါ မိန်းကလေးကျိကို သွားတွေ့ခဲ့တာ"

ပိုင်ရှိုးမင်၏ မျက်ခုံးများမှာ မြင့်တက်သွားတော့သည်။ "သူ့ကို သွားတွေ့တယ်ဟုတ်လား"

"ငါက သူ့ကို တွေ့ချင်တာ မဟုတ်ပါဘူး။ သူက ငါ့ကို လူလွှတ်ပြီးတော့ ရှာခိုင်းလိုက်တာ။ မိန်းကလေးကျိက ငါ့ကို ကူညီနိုင်မယ့် နည်းလမ်းရှိတယ်တဲ့" ထိုသို့ပြောရင်း သူသည် လက်ထဲကစာရင်းကို ပိုင်ရှိုးမင်ထံသို့ ပစ်ပေးလိုက်လေသည်။ "ကြည့်လိုက်အုံး။ ဒါက သူခုနက ငါ့ကို ပေးလိုက်တာ"

ပါးလွှာသော စက္ကူလေးသည် ရုတ်တရက် အသွင်သဏ္ဌာန် ပြောင်းလဲသွားသလို လေထဲက ထိုးခွင်းလာသည့် အသံတစ်ချက် ထွက်ပေါ်လာလေသည်။

ပိုင်ရှိုးမင်က လက်ကိုမြောက်ကာ ထိုစက္ကူကို ညှပ်ယူလိုက်ပြီး လှန်ကြည့်လိုက်သည်တွင် အပေါ်က စာကြောင်းတချို့ကို တွေ့လိုက်ရလေသည်။

သူ့အကြည့်သည် အပေါ်က ရေးထားသော ပါဝင်ပစ္စည်းများကို တစ်ခုချင်း ဖြတ်ကျော်ကြည့်ရှုသွားပြီး နောက်ဆုံးတွင်တော့ လုံယန်ရွှေပေါ်သို့ ကျရောက်သွား၏။ သူသည်ပထမတော့ တစ်ချက်လောက် ကြောင်အမ်းအမ်း ဖြစ်သွားပြီးမှ ဒီအရာကမည်သည့် ပစ္စည်းဖြစ်သည်ကို ချက်ချင်း သဘောပေါက်သွားကာ မျက်နှာကိုမဲ့ပြီး ရယ်မောလိုက်လေတော့သည်။ "ဒါက သူ မင်းကို ရှာခိုင်းတဲ့ပစ္စည်းတွေလား"

"ဟုတ်တယ်။ ငါလည်း မင်းကို မေးမလို့ပဲ။ နောက်ဆုံးက လုံယန်ရွှေ ဆိုတာ ဘာပစ္စည်းလဲ။ နဂါးနဲ့ ပတ်သက်နေတာလား" ရှန်ကျော်သည် နှိမ့်ချစွာ မေးမြန်းလိုက်၏။

ပိုင်ရှိုးမင်က သူ့ကိုတစ်ချက် ကြည့်ပြီး လက်ထဲက စက္ကူကိုတစ်ချက် ပြန်ငုံ့ကြည့် လိုက်လေသည်။

ဒီစာရင်းက ရှန်ကျော်ကို ပေးတာလို့ ထင်ရပေမယ့် တကယ်တမ်းကျတော့ သူ့ဆီကနေ ပစ္စည်း လာတောင်းနေတာပဲ။

လအနည်းငယ် အတွင်းမှာပဲ အရင်ဆုံး သူ့ဆီက နဂါးအရိုးကို ယူသွားတယ်။ ပြီးတော့ နဂါးသွေး။ အခုကျတော့ နဂါးအဆီအနှစ်တဲ့လား။

အရင်တစ်ခေါက် သတ်ခဲ့တဲ့နဂါးက သူ့အတွက် တော်တော်အကျိုး ရှိသွားတာပဲ။

ဒီတစ်ခေါက်တော့ သူတော်တော်လေး ပါးနပ်လာတယ်။ ရှန်ကျော်ကို ငါ့ဆီလာတောင်းခိုင်း တယ်ပေါ့လေ။ ကြားထဲမှာ လူတစ်ယောက်ခံလိုက်တော့ ငါ့ဆီမှာ အကြွေးတင်စရာ မလိုတော့ဘူးလို့ ထင်နေတာလား။

ရှန်ကျော်သည် ပိုင်ရှိုးမင်ထံမှ အချိန်အတော်ကြာသည်အထိ စကားတစ်ခွန်းမှ ထွက်မလာသည်ကို တွေ့လိုက်ရသောအခါ သူလည်း မသိတာပဲဖြစ်မည်ဟု ထင်သွားပြီး ပြောလိုက်တော့သည်။ "တကယ်လို့ မဖြစ်နိုင်ရင် မနက်ဖြန် ငါ သူ့ကို နောက်တစ်ခေါက် သွားပြီးတော့ ဒါဘာ ပစ္စည်းလဲလို့ မေးလိုက်ဦးမယ်"

"မလိုပါဘူး" ပိုင်ရှိုးမင်က စက္ကူကို ခေါက်သိမ်းလိုက်လေသည်။ "ငါ့ဆီမှာ ရှိတယ်။ မင်း ပါဝင်ပစ္စည်းတွေ ပြင်ထားလိုက်။ အချိန်တန်ရင် ငါ သူ့ဆီကို သွားပို့ပေးလိုက်မယ်"

"မင်းကလား မင်းကအခု ရှီးလင်းဝမ်အိမ်တော်က ထွက်လာလို့ အဆင်ပြေလို့လား"

"ခဏတဖြုတ် အားတာတော့ ရှိပါတယ်။ သူ မင်းကို ပြောသွားသေးလား။ ဒီပစ္စည်းနဲ့ ဘာလုပ်မလဲ ဆိုတာလေ"

ရှန်ကျော်သည် မျက်တောင်တစ်ချက် ခပ်လိုက်ပြီး သူ အရေးကြီးကိစ္စကို မေ့နေခဲ့သည်ကို နောက်ဆုံးတော့ သိလိုက်ရတော့သည်။ ခုနက ဝမ်းသာအားရ ဖြစ်သွားသဖြင့် အားချန်ပြောသမျှကိုသာ သာမန်ကာလျှံကာ နားထောင်ကာ ပြန်လာခဲ့မိလေသည်။ အစီအစဉ် အတိအကျကို လုံးဝမမေးခဲ့မိချေ။

"သူက ကျောင်းမူကို သူ့ဘာသာသူ ပေါ်လာအောင် လုပ်နိုင်တဲ့ နည်းလမ်းရှိတယ်လို့ပဲ ပြောပြီးတော့ ငါ့ကို ဒီစာရွက်ပေးလိုက်တာ"

ပိုင်ရှိုးမင်၏ စိတ်ထဲတွင် တစ်ခုခု လှုပ်ရှားသွား လေတော့သည်။ နဂါးအဆီအနှစ်ကိုတောင် သုံးမှတော့ သူက ကျောင်းမူကို ပေါ်လာအောင် လုပ်ရုံသက်သက်တော့ မဟုတ်လောက်ဘူး။ ရှန်း မိသားစုတစ်ခုလုံးကို ဖျက်ဆီးပစ်တော့မယ့်ပုံပဲ။

သေချာစဉ်းစားကြည့်လျှင် နည်းလမ်းက အနည်းငယ် လွဲချော်နေသော်ငြားလည်း အဓိကပစ်မှတ်ကို တန်းတန်းမတ်မတ် ဦးတည်သွားခြင်းသည် သူမ၏ ပုံမှန်လုပ်ရိုးလုပ်စဉ် ဖြစ်လေသည်။

မပြန်ခင်တွင် ပိုင်ရှိုးမင်က ပြောလိုက်၏။ "ပစ္စည်းတွေ စုဆောင်းပြီးရင် ငါ့ကို သတင်းပို့လိုက်"

"ကောင်းပြီလေ" သူက ပစ္စည်းသွားပို့ပေးမည်ဆိုမှတော့ ရှန်ကျော်သည်လည်း ဒီအလုပ်ကို လုမနေတော့ချေ။

နောက်ထပ်နှစ်ရက် အကြာတွင် လမ်းပေါ်တွင် ရှီးလင်းဝမ် အိမ်တော်က လူများကို မကြာခဏမြင်တွေ့ နေရလေသည်။ ရှီဇီက စေ့စပ်တော့မည်ဖြစ်သဖြင့် ဝမ်ရယ်က အလွန်ဝမ်းမြောက်နေပြီး ရှီဇီဖူးရန် အလောင်းအလျာအတွက် ရှားပါးသော ရတနာများကို ဝယ်နေသည်ဟု ကြားရလေသည်။

ယခုအခါ အပြင်ထွက်လိုက်သည်နှင့် ဒီကိစ္စကိုပြောဆိုနေသည်ကို ကြားနေရသဖြင့် အားချန်မှာ နားထောင်ရသည်ကိုပင် ပျင်းရိလာနေတော့သည်။

သူမ တွေးမိသည်မှာ ပိုင်ရှိုးမင်၏ စေ့စပ်မည့် မိန်းကလေးသည် အလွန်ဆိုးရွားလှသောကြောင့် သူမအနေဖြင့် အတင်းအဖျင်း ပြောလိုစိတ်ပင် မရှိတော့ခြင်းပင်။

ထိုညတွင် အားချန်သည် စာအုပ်ကိုပိုက်ကာ အိပ်မောကျနေချိန် ညသန်းခေါင်တွင် ရုတ်တရက် နိုးလာတော့၏။

ယခင်က ဒီလိုအခြေအနေမျိုး တစ်ခါမှ မဖြစ်ဘူးချေ။ သူမသည် အမှန်တကယ် အိပ်ချင်နေသေး၏။

သူမသည် သမ်းဝေလိုက်ပြီး ဆက်လက်အိပ်ရင်း ကိုယ်အနေအထားကို ပြောင်းလိုက်ချိန်မှာပင် တစ်ဖက်သို့အလှည့် ကုတင်ခေါင်းရင်းတွင် မတ်တပ်ရပ်နေသူ တစ်ယောက်ကို တွေ့လိုက်ရတော့၏။

အိပ်ချိင်စိတ်များမှာ ချက်ခြင်းဆိုသလို ပျောက်ကွယ်သွား လေတော့သည်။ အားချန်သည် ကုတင်ပေါ်က ဝုန်းခနဲ ထထိုင်လိုက်သော်ငြားလည်း ထိုလူကတော့ မလှုပ်မယှက် ရပ်နေဆဲပင်။ သူမသည် အနားကို တိုးကပ်ကာ သေသေချာချာလေး ကြည့်လိုက်ပြီးမှ ရောက်လာသူ၏ ပုံပန်းသဏ္ဍာန်ကို အတည်ပြုနိုင်တော့၏။

သူမ၏ လေသံထဲတွင် မကျေနပ်ချက် အနည်းငယ် ပါဝင်သွားလေတော့သည်။ "ပိုင်ရှိုးမင် မိန်းကလေးတွေရဲ့ အိပ်ခန်းထဲကို ညဘက် ခိုးဝင်တတ်တာက ကလေက‌ချေတွေပဲ ရှိတာ"

"မင်း ရှန်ကျော်ကို လာတွေ့ခိုင်းတုန်းကလည်း ညဘက်ပဲလေ"

"ရှန်လူကြီးမင်းက ရှင့်ထက် အများကြီး ယဉ်ကျေးတယ်။ အနည်းဆုံးတော့ သူက တံခါးခေါက်ရမယ်မှန်း သိသေးတယ်" အားချန်သည် ဒေါသတကြီးဖြင့် ကုတင်ပေါ်က ဆင်းကာ ဖယောင်းတိုင်မီး ထွန်းရန်ပြင်ဆင် လိုက်လေသည်။

ပိုင်ရှိုးမင်က သူမကို လှမ်းတားလိုက်ပြီး လက်တစ်ချက် လှုပ်လိုက်သည်နှင့် စားပွဲပေါ်က ဖယောင်းတိုင်သည် မီးတောက်တစ်ခု ဖြစ်ပေါ်လာတော့သည်။

"ငါ တံခါးခေါက်လိုက်ရင် မင်းအိပ်နေတာ အနှောင့်အယှက် ဖြစ်သွားမှာ စိုးလို့ပါ"

"ကျွန်မအိပ်ရေးပျက်မှာ သိရင်လည်း ရှင့်အနေနဲ့ တခြားအချိန် လာတွေ့လို့ မရဘူးလား"

ဖယောင်းတိုင် မီးလင်းလာ သောအခါ အားချန်သည် မိမိ၏ အဝတ်အစားကို ငုံ့ကြည့်လိုက်မိ၏။ အနည်းငယ် ပါးလွှာနေသေးသော်ငြားလည်း သင့်တော်နေသေး သည်ဟုဆိုရပေမည်။

သူမသည် စားပွဲနားသို့ လျှောက်သွားလိုက်ကာ ထိုင်ချလိုက်ပြီး မိမိကိုယ်တိုင်အတွက် ရေတစ်ခွက်ငှဲ့လိုက်၏။ တငုံသောက်လိုက် ကြည့်ပြီးနောက် အေးစက်နေသည်ကို ခံစားမိလိုက်သဖြင့် ခွက်ကိုဘေးသို့ တွန်းပို့လိုက်လေသည်။

ပိုင်ရှိုးမင်က သူမ၏ မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်ကာ ခွက်ကိုလက်ဖြင့် တို့ထိလိုက်ပြီး အတွင်းက ရေများသည် ချက်ချင်းဆိုသလို နွေးထွေးသွား လေတော့သည်။

သူက ရေခွက်ကို အားချန်၏ လက်အနားသို့ တွန်းပို့ပေးလိုက်၏။ အားချန်က ခွက်ကို ယူလိုက်ပြီး လက်နှင့် ထိတွေ့လိုက်ရသော အနွေးဓာတ်ကြောင့် ခဏလောက် ငေးကြောင်သွားပြီးမှ ခွက်ကို လှမ်းယူကာ နောက်ထပ်အနည်းငယ် သောက်သုံး လိုက်တော့သည်။ ရေနွေးနွေးလေးသည် နှုတ်ခမ်းများကို စိုစွတ်သွားစေပြီး နီရဲသည့် အရောင်တချို့ ဖြစ်ပေါ်လာတော့၏။

ပိုင်ရှိုးမင်၏ အကြည့်သည် သူမ၏နှုတ်ခမ်းပေါ်မှာ ဖယ်ခွာလိုက်ပြီး ပြင်းပြနေသည့်အလား ပြောလာ၏။ "နေ့ဘက်မှာ နည်းနည်း အလုပ်များနေလို့ ဒီအချိန်မှ ပိုအဆင်ပြေတာ"

အားချန်ကလည်း သူ့ကိုမျက်စောင်းထိုးပြီး နှာခေါင်းရှုံ့သံ တစ်ချက်ဖြင့် ပြောလိုက်တော့သည်။ "သိပါ့။ ပိုင်လူကြီးမင်းက စေ့စပ်ပွဲအတွက် အလုပ်များနေတာ မဟုတ်လား"

"ကြားပြီးပြီလား"

"ရှီးလင်မှာ အခုဆိုရင် ရှီဇီ စေ့စပ်တော့မယ့်အကြောင်း မသိတဲ့သူ ရှိသေးလို့လား"

ပိုင်ရှိုးမင်သည် ခပ်တိုးတိုး ရယ်မောလိုက်လေ၏။ "ဒါကြောင့် မင်းက ငါ့စေ့စပ်ပွဲနေ့မှာ လက်ဆောင်ကြီးတစ်ခု ပေးဖို့ပြင်ဆင်ထားတာလား"

အားချန်၏စိတ်ထဲက ရှင်းမပြတတ်သည့် စိတ်အနှောင့်အယှက်ဖြစ်သည့် အရာသည် ရုတ်တရက်ဆိုသလို ပျောက်ကွယ်သွားတော့သည်။ သူမကလည်း တစ်ဖက်ဖြင့် မေးစေ့ကို ထောက်ထားလိုက်ပြီး ပြုံးစိစိဖြင့် မေးလိုက်၏။ "ရှင် ခန့်မှန်းမိ သွားတာလား"

ပိုင်ရှိုးမင်က စကားမပြောဘဲ သူမ တောင်းဆိုထားသည့် ပစ္စည်းများကို တစ်ခုချင်း ထုတ်ယူလိုက်ပြီး နောက်ဆုံးတွင်တော့ အေးစက်သည့် အငွေ့အသက်များ ထွက်ပေါ်နေသော ကျောက်စိမ်းပုလင်း တစ်လုံးကို ထုတ်ယူလာခဲ့သည်။

ထိုကျောက်စိမ်း ပုလင်းသည် လက်တစ်ဆစ်စာသာ ရှိပြီး အထဲတွင် ထည့်ထားသည့် အရာကိုတော့ အားချန်သည် ချက်ချင်းသဘော ပေါက်သွားကာ သူ့မျက်လုံးများမှာ အရောင်တောက်လာလေတော့သည်။

ပိုင်ရှိုးမင်က ကျောက်စိမ်းပုလင်းကို သူမရှေ့တွင် ချထားလိုက်ကာ "မင်း လိုချင်တဲ့ ပစ္စည်းပဲ။ သတိထားပြီးသုံး"

ဒီအချိန်တွင် အားချန်သည် တာဝန်ခွဲဝေရန် မမေ့သေးဘဲ အလေးအနက် ပြောလိုက်လေသည်။ "ဒါက ရှန်လူကြီးမင်း တောင်းထားတာ။ ကျွန်မနဲ့ မဆိုင်ဘူး"

ပိုင်ရှိုးမင်ကလည်း မျက်ခုံးတစ်ချက်ပင့်ကာ ပုလင်းကိုပြန်ယူ ထားလိုက်လေ တော့သည်။

"ဒါက ရှန်ကျော် တောင်းထားတာ ဆိုရင်တော့ ထားလိုက်ပါတော့။ ငါနဲ့ သူ့ရဲ့မိတ်ဆွေ ဆက်ဆံရေးကလည်း အဲ့လောက်အထိ နက်ရှိုင်းနေသေးတာ မဟုတ်ဘူးလေ"

...

All Chapters