← Chapters

ရှန်းချင်းယင် သေချင်ဟန်ဆောင် မနေနဲ့ ...

Vol. 10 Ch. 98

ရှန်းချင်းယင် သေချင်ဟန်ဆောင် မနေနဲ့ ...

Vol. 10 Ch. 98

အားချန်သည် ခြေမြန်လက်မြန်ဖြင့် သူလက်ကို ဖမ်းဆွဲထားလိုက်ပြီး ပိုင်ရှိုးမင်၏ လက်ထဲက ကျောက်စိမ်းပုလင်းကို ဆွဲလုကာ ယူလိုက်လေသည်။

"ဒီလောက်ကပ်စေးမနှဲပါနဲ့။ ရှန်လူကြီးမင်းသာသိရင် ဝမ်းနည်းနေပါဦးမယ်"

"သူက အကျင့်ပါနေလောက်ပြီ" ထိုသို့ ပြောလိုက်သော်ငြားလည်း ပိုင်ရှိုးမင်သည် ကျောက်စိမ်းပုလင်းကို ပြန်တော့မယူလိုက်ချေ။

အားချန်သည် စိတ်ထဲမှ ညည်းညူလိုက်မိတော့၏။ ပါးစပ်နဲ့စိတ်နဲ့က တခြားစီပဲ။ ဘာပဲဖြစ်ဖြစ် ပစ္စည်းက ငါ့လက်ထဲ ရောက်လာပြီဆိုမှတော့ ငါ့ပစ္စည်းပဲပေါ့။

ပိုင်ရှိုးမင်းသည် သူမက ကုတင်ဆီသို့ အပြေးအလွှားသွားကာ အမြဲဆောင်ထားလေ့ရှိသည့် အမွှေးအိတ်ကို ရှာဖွေပြီး ကျောက်စိမ်းပုလင်းလေးကို ထိုးထည့်လိုက်သည်ကို ကူကယ်ရာမဲ့စွာ ကြည့်နေမိလေသည်။ သူက ဖြေးညှင်းစွာ ပြောလာခဲ့၏။ "သာ့ရှရဲ့ အရာရှိဆီကနေ လုယက်တာ ဘယ်လိုအပြစ် မျိုးလဲဆိုတာ မင်းသိလား"

အားချန်ကို အမွှေးအိတ်ကို သေသေချာချာလေး ချည်နှောင်လိုက်ပြီးမှ ခေါင်းပင်လှည့်မကြည့်ဘဲ ဖြစ်သလိုပြန်ဖြေလိုက်တော့သည်။ "သိပါပြီ~ နောက်တစ်ခါ မဖြစ်စေရပါဘူး"

ပစ္စည်းများကို သေချာသိမ်းဆည်းပြီးနောက် အားချန်သည် ပိုင်ရှိုးမင်ဘေးတွင် ပြန်ဝင်ထိုင်လိုက်ရာ သင်းပျံ့ပျံ့မွှေးရနံ့ တစ်ခုလေး သယ်ဆောင်လာလေသည်။

သူမက သူ့အတွက်ရေတစ်ခွက် ကိုယ်တိုင်ငှဲ့ပေးပြီး လက်နှစ်ဖက်ဖြင့် ကမ်းပေးကာ ဂရုတစိုက် ပြောလိုက်၏။ "ပိုင်လူကြီးမင်း ပင်ပန်းသွားပါပြီ။ ရေသောက်လိုက်ပါအုံး"

ပိုင်ရှိုးမင်သည် သူမကို ခဏလောက် စိုက်ကြည့်နေလိုက်ပြီးမှ သူမ ကမ်းပေးလာသည့် ရေခွက်ကို လှမ်းယူလိုက်လေသည်။ သို့သော်ငြား သူကတော့ ရေမသောက်လိုက်ဘဲ ခွက်ကိုလက်ထဲတွင် ကိုင်ထားရင်း သူမစကားစ ပြောလာမည်ကို စောင့်ဆိုင်းနေလိုက်၏။

အားချန်သည် အမှန်ပင် သူ့ကို စိတ်မပျက်ရစေချေ။ အရင်ဆုံး မျက်နှာချိုသွေးပြီးသည်နှင့် ချက်ချင်း သူမ၏သေးငယ်လှသည့် ရည်ရွယ်ချက်ကို ထုတ်ဖော်ပြော လိုက်တော့သည်။

"ပိုင်ရှိုးမင် အဲဒီ နဂါးကို ရှင်သတ်လိုက်တာ ကြာပြီပဲ။ ဘာဖြစ်လို့ အဲဒီပစ္စည်းကို သိမ်းထားသေးတာလဲ"

"သုံးစရာ နေရာမရှိလို့" ရှင် သုံးစရာနေရာမရှိပေမယ့် ကျွန်မ သုံးလို့ရတာပဲလေ။

အားချန်သည် သူ့အနားသို့ တိုးကပ်ကာ မေးလိုက်လေသည်။ "ကျွန်မ ကြားဖူးတယ်။ ရှင် ယိုးကျိုးမှာတုန်းက မိစ္ဆာတွေ အများကြီးကို သတ်ခဲ့တယ်ဆို။ ဒါဆိုရင် ရှင့်လက်ထဲမှာ သုံးစရာနေရာမရှိတဲ့ တန်ဖိုးကြီးပစ္စည်းတွေ အများကြီးရှိနေသေးတာပေါ့။ ဟုတ်လား"

ပိုင်ရှိုးမင်က ခေါင်းကို မသိမသာ စောင်းငဲ့လိုက်ပြီး သူ၏ မျက်ဝန်းနက်နက်များထဲတွင် ပြုံးရယ်စိတ် အနည်းငယ် ပါဝင်လို့နေတော့သည်။ "တကယ် မနည်းဘူး။ မင်းက ငါ့ရဲ့ပိုင်ဆိုင်မှုတွေကို အရမ်းစိတ်ဝင်စားနေတာလား"

အားချန်သည် ကြောင်အမ်းအမ်းဖြစ် သွားလေတော့သည်။ စိတ်ဝင်စားတယ်လို့ ဖြေရမှာလား။ ဒါမှမဟုတ် စိတ်မဝင်စားဘူးလို့ ဖြေရမှာလား။ ဒီမေးခွန်းက တစ်နေရာရာမှာ မှားနေသလိုပဲ။

နောက်ဆုံးတွင်တော့ သူမသည် လက်ညှိုးတစ်ချောင်း ထောင်ပြကာ ပြောလိုက်တော့သည်။ "နည်းနည်းပါးပါးပါ"

"ဪ ဒါဆိုရင်တော့ မင်းကို ပြောလို့မဖြစ်တော့ဘူး"

"ဘာဖြစ်လို့လဲ" အားချန်မှာ ချက်ချင်းဆိုသလို မကျေမနပ် ဖြစ်သွားတော့သည်။ ပြီးခဲ့တဲ့ နှစ်ခေါက်တုန်းက ပူးပေါင်းဆောင်ရွက်ရတာ ဘယ်လောက်တောင်မှ ပျော်စရာကောင်းလိုက်သလဲ။

သူမသည် စာရင်းတစ်ခုပြုစုပြီး နောက်ပိုင်းတွင်သူ့ထံက အခမဲ့ပစ္စည်းများ ရယူရန် ကြံရွယ်ထားသည် မဟုတ်ပါလား။

အားချန်၏ မေးခွန်းကို ရင်ဆိုင်လိုက်ရသော်ငြားလည်း ပိုင်ရှိုးမင်ကတော့ အဖြစ်ပြန်ပေးရန် လုံးဝစိတ်ကူးမရှိဘဲ စကားလမ်းကြောင်း တိုက်ရိုက်ပြောင်း ပစ်လိုက်လေသည်။ "ဒီရက်ပိုင်း ရှီးလင်က သိပ်မတည်ငြိမ်ဘူး။ အပြင်သိပ်မထွက်နဲ့"

အားချန်က သူ့ကို မကျေမချမ်း ကြည့်လိုက်တော့သည်။

ဒီခံစားချက်က အလွန်ဆိုးဝါးလွန်းလှ၏။ မျက်စိရှေ့တွင် ရတနာတောင်ကြီး တစ်လုံးရှိနေသည်ကို သိသော်ငြားလည်း အတွင်းထဲတွင် ဝှက်ထားသည့် အရာကိုတော့ မသိရသလိုပင်။

သူမ၏ မကျေမချမ်း ဖြစ်နေသော အကြည့်အောက်တွင် ပိုင်ရှိုးမင်သည်လုံးဝ လှုပ်ရှားသွားခြင်းမရှိဘဲ မေးလိုက်တော့သည်။ "ကြားလား"

"ကြားပါတယ်" ကြည့်ရသည်မှာ သူကအမှန်ပင် ပြောပြရန် စိတ်ကူးမရှိချေ။ ထို့ကြောင့် အားချန်ကလည်း ခဏလောက် လက်လျှော့ထား လိုက်တော့သည်။ ဒီတစ်ခါမအောင်မြင်ရင် နောက်တစ်ခါရှိသေးတာပဲ။ တစ်နေ့ကျရင် သူ့ပါးစပ်ကနေ စကားတွေ ထွက်လာအောင် လုပ်နိုင်မှာပါ။

ပိုင်ရှိုးမင်က မတ်တပ်ထရပ်လိုက်ပြီး ပြန်ဖို့ရန်ပြင်ဆင်တော့၏။

အားချန်၏ အကြည့်များက သူ့နောက်သို့လိုက်ပါသွားပြီး ရုတ်တရက် ပါးစပ်ဖွင့်ကာ မေးလိုက်လေသည်။ "ပိုင်ရှိုးမင် စေ့စပ်တဲ့နေ့မှာ ရှန်းမိသားစုက ရှန်းယင့်ကျူကို သွားကြိုမှာလား"

ပိုင်ရှိုးမင်က မျက်လွှာချကာ သူမကို ကြည့်လိုက်လေသည်။ "မဟုတ်ရင်ကော"

မူလက ဒီအဆင့်မပါဝင် သော်ငြားလည်း သို့မဟုတ်ပါက ကျောင်းမူသာ ရူးသွပ်သောင်းကျန်းလာလျှင် ရှန်ကျော်တို့ လူအုပ်စုနှင့် အခြေအနေကို ထိန်းချုပ်နိုင်မည် မဟုတ်ပေ။

ကိစ္စရပ်များက ရုတ်တရက်ဆန်လွန်းနေသဖြင့် မင်ကျင့်စီး၏ အစီအစဉ်များမှာ နေရာတကျ မရှိသေးချေ။ သို့သော်လည်း ကြီးကြီးမားမား ထိခိုက်မှုမရှိဘဲ အဆုံးတွင်တော့ သူတို့အတွက် အကျိုးရှိလှပေလိမ့်မည်။

ရှီးလင်ဝမ် ဘက်တွင်တော့ သူနှင့်ဖြေရှင်းရန် နည်းလမ်းရှိပြီးသားပင်။

"ဒါဆိုရင် ရှင့်အနေနဲ့ သတိထားရမယ်နော်။ ကျောင်းမူက ဆွဲခေါ်သွားတာ မခံလိုက်ရစေနဲ့ဦး" အားချန်၏ ဂရုစိုက်မှုကတော့ လုံးဝကို စိတ်မပါလှချေ။

ကံဆိုးသည်မှာ ကိုယ်တိုင်သွားရောက် ကြည့်ရှုနိုင်ခြင်း မရှိခြင်းပင်။ ထိုနေ့က မြင်ကွင်းသည် သေချာပေါက် ခမ်းနားထည်ဝါလွန်း နေပေလိမ့်မည်။ သူမက မျှော်လင့်တကြီး ဖြစ်နေသည့် မျက်နှာထားလေး ဖြစ်နေတော့၏။

ရုတ်တရက် အခန်းထဲက ဖယောင်းတိုင်မည်သည် ဝှေ့ခနဲ မြည်ကာ ငြိမ်းသွားလေတော့၏။ အားချန်ကလည်း အယ်ဟု ခပ်တိုးတိုးလေး အမေဍိတ် ပြုမိတော့သည်။ အမှောင်ထုထဲတွင် တိတ်ဆိတ်ငြိမ်သက် သွားပြီး ပိုင်ရှိုးမင်သည်လည်း ပျောက်ကွယ်သွားလေသည်။

"သွားတော့မယ်လို့တောင် တစ်ခွန်းမှ နှုတ်မဆက်သွားဘူး" အားချန်သည် တိုးတိုးလေး ရေရွတ်လိုက်ပြီး ရုတ်တရက် ပျောက်ကွယ်သွားသည့် သူ့ကို တော်တော်လေး မကျေမနပ် ဖြစ်နေမိတော့သည်။

သူမက ဖယောင်းတိုင်ကို ပြန်ထွန်းညှိပြီး ပစ္စည်းများကို စီစဉ်ရမလား။ သို့မဟုတ်လည်း အိပ်စက်ရလေမလား။ ခဏလောက် ချီတုံချတုံ ဖြစ်လိုက်ပြီးမှ ပြတ်သားစွာပင် ပြန်အိပ်ဖို့ရန် ရွေးချယ်လိုက် လေတော့သည်။

သူမသည် အမှောင်ထဲတွင်ပင် မိမိ၏ ကုတင်ဆီသို့ ပြန်သွားလိုက်ပြီး အနေအထားကို သေချာပြင်ဆင်လိုက်၏။ ခဏအကြာတွင် အိပ်ချင်စိတ်သည် တစ်ဖန် ပြန်လွှမ်းခြုံလာပြီး သူမသည်လည်း အိပ်မောကျသွားလေတော့သည်။

...

စိတ်ထဲတွင် လုပ်စရာကိစ္စ ရှိနေသည်ကို သိနေသောကြောင့် ဖြစ်မည်။ ချန်အချိန်ကျော်သည်နှင့် အားချန်သည် မျက်လုံးများ ပွင့်လာတော့၏။

တရေးပြန်အိပ်ရန် ကြိုးစားသော်ငြားလည်း မအောင်မြင်သဖြင့် သူမမှာ မကျေမနပ်ဖြင့် ထကာ မျက်နှာသစ်ရန် ပြင်ဆင်ရတော့သည်။

မနက်စာ စားသုံးပြီးနောက် အားချန်သည် ချန်ဟွေ့ကို အိပ်ခန်းထဲသို့ ဆွဲခေါ်သွားပြီး သူမ လတ်လတ်ဆတ်ဆတ် ရရှိထားသည့် ရတနာများကို ကြည့်ရှုခံစားခိုင်းလေသည်။

ချန်ဟွေ့က သူမအခန်းထဲက စားပွဲပေါ်တွင် ပစ္စည်းများ တစ်ပုံတပင် တင်ထားသည်ကို မြင်လိုက်သဖြင့် မေးလာတော့သည်။ "မနေ့က ရှန်လူကြီးမင်း ထပ်လာသွားတာလား"

သူမကတော့ မိစ္ဆာသွေးကို ခဏလောက် ဖြတ်ထား သင့်မသင့် စဉ်းစားရတော့သည်။ သို့မဟုတ်ပါက ညတိုင်းနှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်လွန်းသွားပြီး ခြံဝင်းထဲသို့ တစ်စုံတစ်ယောက် ဝင်လာသည်ကိုပင် သိတော့မည် မဟုတ်ပေ။

"သူ မဟုတ်ဘူး။ ပစ္စည်းတွေက ပိုင်ရှိုးမင်လာပို့ပေးတာ" အားချန်သည် ကုတင်ခြေရင်းတွင် ပစ်ထင်ထားသည့် သူမ၏အမွှေးအိတ်ကို ရှာဖွေလိုက်ပြီး ရတနာတစ်ခုကို ပြသနေသည့်အလား အတွင်းထဲက ကျောက်စိမ်းပုလင်းကို ထုတ်ယူကာ ပြသလိုက်လေသည်။

ချန်ဟွေ့က ပုလင်းကို လှမ်းယူလိုက်ပြီး အနည်းငယ် အံ့အားသင့်သွား၏။ ထိုပုလင်းသည် ထိတွေ့လိုက်ချိန်တွင် အလွန်အေးစက် သော်ငြားလည်း ချက်ချင်းဆိုသလို အပူငွေ့တစ်ခု ပေါ်လာကာ အအေးဓာတ်ကို ဖိနှိပ်သွားလေသည်။

သူမက သိလိုစိတ်ဖြင့် မေးလိုက်၏။ "ဒီထဲမှာဘာ ထည့်ထားတာလဲ"

"နဂါးအဆီအနှစ်"

ချန်ဟွေ့သည် လက်ထဲကပစ္စည်းကို တစ်ချက်ကြည့်လိုက် အားချန်ကိုတစ်ချက် ကြည့်လိုက်ဖြင့် သူမထင်မှတ်ထားသည့် အရာဟုတ်မဟုတ်ကို အတည်ပြုနေ ဟန်တူသည်။ "ရှင် ထင်ထားတဲ့အတိုင်းပဲ။ ဒီပစ္စည်းက သာမာန်တန်ဖိုး ရှိတာမျိုး မဟုတ်ဘူး" သူမသည်ထိုင်ခုံတွင် ပြန်ထိုင်လိုက်ပြီး မျက်နှာပေါ်တွင် အပြုံးတစ်ခုဖြင့် ပြောလိုက်လေသည်။

"ပိုင်ရှိုးမင်က ဒီတစ်ခါ တော်တော်လေး ရက်ရောတယ်။ ဒီတစ်ပုလင်း သေးသေးလေး ပေးလိုက်တာ တစ်ဝက်လောက်တောင် ကျန်လောက်ဦးမယ်"

"ရှင်က ဒီပစ္စည်းနဲ့ ဘာလုပ်ဖို့ စဉ်းစားထားတာလဲ"

"အမွှေးနံ့သာ ဆေးလုံးလေ"

"ရှင်က ဒါကို ... မိန်းကလေး ချင်းဝူကို ပေးမလို့လား"

"ရှင် ဘယ်လိုလုပ်ပြီး ခန့်မှန်းမိတာလဲ" အားချန်ကမေးလိုက်၏။

သူမ မှတ်မိနေသည်မှာ ရှန်းချင်းဝူနှင့် သူမစကားပြောနေစဉ်တွင် ဟွေ့ညန်သည် မီးဖိုချောင်ထဲတွင် ဟင်းချက်နေဆဲပင်။

"တကယ်လို့ ရှင့်ကိုပြောစရာ ကိစ္စမရှိဘူးဆိုရင် သူ ကဘာဖြစ်လို့ ဟွေရွှယ်ကို ကျွန်မဆီ အကူအညီ လာတောင်းခိုင်းမှာလဲ"

အားချန်ကတော့ အမြင်မတူချေ။ သူမ၏လေသံသည် အလေးအနက် ဖြစ်သွားလေတော့သည်။ "ကျွန်မကတော့ စိတ်ရင်းအမှန်နဲ့ သွားကူညီတာလို့ ယုံကြည်တယ်”

ဟွေ့ညန်ရဲ့ လက်ရာကို ဘယ်သူက ငြင်းဆန်နိုင်မှာတဲ့လဲ။

ချန်ဟွေ့က ရယ်မောလိုက်၏။ "အခုပဲ အမွှေးနံ့သာဆေး ဖော်တော့မှာလား"

"ဟုတ်တယ်"

အားချင်သည် လရောင်ဖားပြုတ် တံတွေးများ ထည့်ထားသော ပုလင်းကို ထုတ်ယူလိုက်ပြီး ပန်းကန်တစ်လုံးကို ရှာကာ အကုန်လုံး လောင်းထည့်လိုက်လေသည်။ ချန်ဟွေ့က မီးဖိုချောင်သို့သွားကာ လက်ဖက်ဆီကို ရှာဖွေလိုက်ပြီး ချွဲရှီရှန်း အတုံးလိုက်ကို အတွင်းထဲတွင် စိမ်ထည့်ထား လိုက်သည်။ ဆီထဲတွင်စိမ်ထားသည့် ချွဲရှီရှန်းမှ ထွက်ပေါ်လာသော မွှေးရနံသည် အလွန်ပျော့ပျောင်းသွားပြီး တစ်နာရီကျော်ကျော် စောင့်ဆိုင်းလိုက်ပြီးမှ မွှေးရနံ့က လုံးဝပျောက်ကွယ် သွားလေသည်။

ထိုအချိန်တွင် အားချန်သည် တခြားဆေးဖက်ဝင် အပင်သုံးမျိုးကိုလည်း ဆုံထဲတွင် ကြိတ်ချေကာ အရည်ညှစ်ထုတ်ပြီး အနယ်ထိုင်အောင် ထားလိုက်၏။

ပါဝင်ပစ္စည်းများ အားလုံးကို ပြင်ဆင်ပြီးနောက် အားချန်သည် အရင်ဆုံးလက်သည်းခွံ အရွယ်ရှိ ချွဲရှီရှန်းကို ထုတ်ယူပြီး အနှစ်ဖြစ်သွားအောင် နယ်လိုက်ကာ လရောင်ဖားပြုတ် တံတွေးထဲသို့ ရောမွေလိုက်လေသည်။

ထိုတံတွေးသည် မူလက မီးခိုးရောင်ဖြစ်သော်ငြားလည်း အမွှေးအနှစ်ကို စုပ်ယူပြီးနောက်တွင်တော့ နို့နှစ်ရောင်သို့ ပြောင်းလဲသွားပြီး အရောင်အဝါ အနည်းငယ် ထွက်နေသည့် နို့နှစ်ရောင် အဖြူလေးအဖြစ် ပြောင်းလဲသွားတော့သည်

ထိုတံတွေးသည် အစပိုင်းတွင် ချွဲပစ်ခြင်းမရှိသော်လည်း အကြိမ်များစွာ ထပ်ခါတလဲလဲ မွေပြီးနောက်တွင်တော့ တဖြည်းဖြည်း ခဲလာလေသည်။

အားချန်က ထိုအရာကို ထုတ်ယူလိုက်ပြီး ဟွေ့ညန်ကို ဂျုံလှိမ့်တံဖြင့် အပြားလေးဖြစ်အောင် လိပ်ခိုင်းလိုက်ပြီး အလယ်တွင် ခွက်ပုံစံလေး ဖြစ်အောင် ပြုလုပ်ခိုင်းလိုက်သည်။ ထိုနောက်တွင်တော့ သူမက ဆေးဖက်ဝင် အပင်များ ရောနှောထားသည့် အစိမ်းရောင် ဖျော့ဖျော့ အရည်ကို ထုတ်ယူပြီးတော ကျောက်စိမ်းပုလင်းကို မြန်မြန်ထုတ်ယူကာ နဂါးအဆီအနှစ် အရည်တစ်ဝက်ကို အတွင်းသို့ လောင်းထည့်လိုက်၏။

ပုလင်းဖွင့်လိုက်သည့် ခဏမှာပင် ချန်ဟွေ့ပင်လျှင် ပူလောင်သည့် အငွေ့အသက်တစ်ခု တိုးဝင်လာသည်ကို ခံစားလိုက်ရပြီး အနည်းငယ် ညှီစို့စို့အနံတစ်ခုလည်း ပါဝင်နေဟန်တူသည်။

သို့သော်ငြား ဆေးဖက်ဝင်အပင် အရည်ထဲသို့ လောင်းထည့်လိုက်ပြီး နောက်တွင်တော့ ထိုအနံ့သည် သစ်ပင်ပန်းပန်များ၏ သင်းပျံ့ပျံ့ မွှေးရနံ့အဖြစ် ပြောင်းလဲသွားကာ တစ်ချိန်တည်းမှာပင် သိပ်သည်းမှုသည်လည်း အနည်းငယ် ပြောင်းလဲလာပြီး ပိုပြီးချွဲပစ်လာလေတော့သည်။

အားချန်သည် ထိုအရာကို ပုံသွင်းထားသော လရောင်ဖားပြုတ် တံတွေးထဲသို့ လောင်းထည့်လိုက်ပြီးနောက် ချန်ဟွေ့ကလည်း အဝကို မြန်မြန်ပိတ်ကာ အလုံးလေးတစ်လုံး ဖြစ်အောင်လုံးလိုက် လေသည်။

သူတို့သည် ပြုလုပ်ထားပြီးသား အလုံးကို ဘေးတွင်အအေးခံ အခြောက်ခံထားလိုက်၏။ မျက်စိဖြင့်မြင်နိုင်သည်မှာ အပြင်ဘက်က ချွဲရှီရှန်းနှင့် ရောနှောထားသည့် တံတွေးအလွှာသည် တဖြည်းဖြည်း ကျုံ့ဝင်သွားပြီး မာကျောလာခြင်းပင်။

ဟွေ့ညန်၏ လက်ရာသည် အလွန်ကောင်းမွန်လှပြီး နယ်ထားသည့် အမွှေးလုံးလေးသည် လုံးလုံးဝန်းဝန်းလေး ရှိနေတော့၏။ လုံးဝ ခြောက်သွေ့သွားချိန်တွင်တော့ ထိုအမွှေးလုံးလေးသည် အရောင်တောက်ပသည့် ပုလဲလုံးလေး တစ်လုံးလို ဖြစ်သွားတော့သည်။

အနားသို့ တိုးကပ်ကြည့်ရန် မလိုဘဲ ချွဲရှီရှန်းနှင့် ဆေးဖက်ဝင်အပင်များ ရောစပ်ထားသော မွှေးရနံ့ကို ရရှိလိုက်လေသည်။ သစ်သီးရနံ့နှင့် တူသော်ငြားလည်း အလွန်လတ်ဆတ် သန့်စင်လှ၏။

အမွှေးဆေးလုံး ပြုလုပ်ပြီးနောက်တွင် အားချန်သည် ထိုဆေးလုံးလေးကို ဟွေ့ညန်ချုပ်ပေးထားသော အဝတ်အိတ်ထဲသို့ ထည့်လိုက်ပြီး မနက်ဖြန် ရှန်းချင်းဝူ လာယူသည်ကို စောင့်ဆိုင်းနေလိုက်တော့၏။

ဒုတိယနေ့တွင်တော့ ရှန်းချင်းဝူသည် ရှန်းဟွေရွှယ်ကို ခေါ်ကာ အိမ်သို့တဖန်လာရောက် လည်ပတ်ပြန်သည်။

နှစ်ယောက်သားက မုန့်ပဲသရေစာများ ယိုစုံများနှင့် နွားနို့တို့ကိုလည်း ယူဆောင်လာခဲ့ကြ၏။

ချန်ဟွေ့က နွားနို့ကိုမြင်လိုက်ချိန်တွင် သူတို့အတွက် နို့လက်ဖက်ရည် သွားလုပ်ပေးရန် ပြင်ဆင်လိုက်ပြီး ထွက်ခွာသွားချိန်တွင် ရှန်းဟွေရွှယ်ကိုပါ လက်ဆွဲကာခေါ်သွားပြီး အရသာမြည်းခိုင်းမည်ဟု ပြောလာ၏။

လူများထွက်ခွာသွားမှ အားချန်သည် အဝတ်အိတ်ကိုထုတ်ယူကာ ရှန်းချင်းဝူထံသို့ ပေးလိုက်လေသည်။

ရှန်းချင်းဝူက အဝတ်အိတ်ကို လှမ်းယူလိုက်ပြီး မဖွင့်ရသေးခင်မှာပင် မွှေးရနံ့ကို ရရှိလိုက်လေသည်။ သူမက အတွင်းက ပစ္စည်းကို သတိထားမိကာ သွန်ထုတ်လိုက်ကြည့်သည်တွင် သူမျှော်လင့်ထားသလို မည်းနက်နေသည့် ဆေးလုံးတစ်လုံး မဟုတ်ဘဲ ဒီအမွှေးနံ့သာလုံးဟု ခေါ်သည့်အရာမှာ အရည်အသွေး ကောင်းမွန်သည့် ပုလဲတစ်လုံးနှင့်ပင် တူနေလေတော့၏။

ဒီအမွှေးနံ့သာလုံးထဲက အမွှေးရနံ့များသာ ထွက်ပေါ်မနေခဲ့လျှင် သူမသည်အားချန်က ပစ္စည်းမှားပေးလိုက် သည်ဟုပင် ထင်မှတ်မိပေလိမ့်မည်။

"ဒီပစ္စည်းကို ဘယ်လို သုံးရမှာလဲ။ ဒီအတိုင်း ဆောင်ထားရုံပဲလား" ရှန်းချင်းဝူက မေးလိုက်သည်။

"အခုချိန်မှာ ဒါက သာမန် အမွှေးနံ့သာလုံးလေး တစ်လုံးပဲ။ ရှင် လူကို တွေ့တဲ့အချိန်ကျရင် ဒါကိုချေမွလိုက်ရုံပဲ"

"ဒီလောက်လွယ်လွယ်လေးပဲလား"

"ဒါပေါ့ မလွယ်ပါဘူး" အားချန်၏ အမူအရာက အလွန်တည်ငြိမ် နေတော့သည်။ "အမွှေးနံ့သာ ဆေးလုံးကို ချေမွပြီးသွားတဲ့ နောက်မှာ ရှေ့မှာထွက်ခွာဖို့ အမွှေးတိုင်တစ်တိုင်စာ အချိန်ပဲရတယ်။ ဒီအချိန်အတွင်းမှာ ရှင်က လုံလောက်တဲ့ အကွာအဝေးကို မရောက်သေးဘူးဆိုရင် အဆင့်၄ ကျောင်းတစ်ကောင် ရူးသွပ်သောင်းကျန်းတာ ဘယ်လိုပုံစံမျိုးလဲဆိုတာ ရှင် သိရလိမ့်မယ်"

ရှန်းချင်းဝူက ခေါင်းငြိမ့်ပြလိုက်၏။ "ကျွန်မ နားလည်ပါတယ်။ လျိုဖုန်းရဲ့ အမြုတေက ကျွန်မလက်ထဲမှာ ရှိနေတုန်းပဲ။ ကျွန်မကိုယ့်ဟာကို ဘာမှမဖြစ်အောင် နေမှာပါ"

သူမသည် အမြုတေကို ယူသွားပြီးလျှင် ဘေးကင်းစွာ ပြန်ယူလာနိုင်ရပေမည်။ သို့မဟုတ်ပါက သူမ၏ ဟွေရွှယ်က မည်သို့တတ်နိုင်ပါမည်နည်း။

အားချန်က အခြေအနေကို မြင်သော်ငြားလည်း ထပ်ပြီးမပြောဆို လိုက်တော့ချေ။ လုပ်နိုင်သမျှ အရာအားလုံးကို လုပ်ပြီးသွားပြီဖြစ်၏။ နောက်ဆက်တွဲကတော့ ရှန်းချင်းဝူ အပေါ်တွင်သာ မူတည်ပေတော့မည်။

နှစ်ယောက်သားက ခဏလောက်ညစကားပြောဆိုပြီးနောက် ချန်ဟွေ့နှင့် ရှန်းဟွေရွှယ်တို့သည် နို့လက်ဖက်ရည်ကို သယ်ဆောင်လာကာ ပြန်ရောက်လာကြလေသည်။ လူလေးယောက်က စားပွဲဝိုင်းတွင် ဝိုင်းဖွဲ့ထိုင်ကာ မုန့်ပဲသရေစာများ စားသုံးရင်း ချိုမြိန်နေသည့် နို့လက်ဖက်ရည်လေးကို သောက်သုံးကြကာ နေ့လယ်ခင်းအချိန်သည် လျှင်လျှင်မြန်မြန် ကုန်ဆုံးသွားလေတော့သည်။

နောက်ထပ်နှစ်ရက်လောက် ကုန်ဆုံးသွားပြီးနောက် မနက်အစောပိုင်းတွင် အပြင်ဘက်က မောင်းတီးခရာမှုတ်သံများ ထွက်ပေါ်လာကာ အားချန်ကလည်း စိတ်တိုတိုဖြင့် တံခါးကိုကန်ဖွင့်လိုက်ပြီး ခြံဝင်းထဲတွင် သစ်သားများကို လက်ဖြင့်ဆွဲခွာနေသည့် ချန်ဟွေ့ကို မေးလိုက်လေသည်။ ‌‌"ဟွေ့ညန် အပြင်မှာ ဘာတွေလုပ်နေကြတာလဲ"

ခွဲထားပြီးသား သစ်ချောင်းများကို တစ်ခုချင်းစီထပ်ရင်း ချန်ဟွေ့၏ အသံကတော့ တည်ငြိမ်လို့ပင်။ "ဘာလုပ်စရာရှိဦးမှာလဲ။ ဒီနေ့ ရှီးလင်ဝမ်ရှီဇီက စေ့စပ်တာလေ။ ပြည်သူတွေနဲ့အတူ ပျော်ပွဲရွှင်ပွဲ လုပ်နေတာ။ အပြင်မှာအဖွဲ့တွေ အများကြီး လမ်းကြားတွေထဲ လျှောက်သွားနေပြီး နေရာအနှံ့မှာလည်း မင်္ဂလာသကြားလုံးတွေ ဝေနေတယ်။ ငွေတွေတောင်မှ ကြဲနေသေးတယ်"

ဟွေ့ညန် သတိပေးလိုက်မှ အားချန်သည် ဒီနေ့မည်သည့်နေ့ ဖြစ်သည်ကို ပြန်လည်သတိရ သွားတော့သည်။

"ရှီးလင်ဝမ်က ဒီစေ့စပ်ပွဲကို တော်တော်အလေးထားတာပဲ။ အခုအချိန် ရှန်းမိသားစုမှာ တော်တော်လေး စည်ကားနေလောက်ရောပေါ့" သူမသည် တံခါးဝရှိရာအရပ်သို့ လှမ်းမျှော်ကြည့်လိုက်၏။ ဘာကိုမှ မမြင်ရသော်ငြားလည်း ယခုအချိန်တွင်တော့ လူသံများဆူညံနေသည့် ရှန်းမိသားစုကို ကြိုတင်မြင်ယောင် မိနေသလိုပင်။

မနက်စောစောတွင် ရှန်းချင်းဝူနှင့် ရှန်းဟွေရွှယ်တို့သည် အိပ်ရာစောစောထကာ ပြင်ဆင်ကြလေသည်။ ပြင်ဆင်ပြီးစီးသည့်အချိန်တွင် ရှန်းကျီးဟန်က လွှတ်လိုက်သည့် လူလည်းရောက်ရှိလာခဲ့၏။

ရောက်လာသူမှာ ရှန်းကျီးဟန်၏ ယုံကြည်ရသော လက်အောက်ငယ်သားဖြစ်ပြီး ရှန်းဟွေရွှယ် ငယ်စဉ်ကတည်းက သူ့ကို သိခဲ့လေသည်။ ဒီလူသည် ရှန်းမိသားစု၏ မျိုးနွယ်စုခွဲမှဖြစ်ပြီး ရှန်းရှူးနန်ဟု ခေါ်လေသည်။

ရှန်းချင်းဝူက သူ့ကိုခဏလောက် စောင့်ဆိုင်းခိုင်းထားလိုက်ပြီး အရေးကြီးလက်ဆောင်တစ်ခု ပြန်ယူဦးမည်ဟု ပြောလိုက်သည်တွင် ရှန်းရှူးနန်သည်လည်း သူမ၏စကားထဲက ဆိုလိုရင်းကို နားလည်သွားဟန်တူပြီး မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှု အနည်းငယ် ထွက်ပေါ်လာတော့သည်။

ခဏလောက် စောင့်ဆိုင်းပြီးနောက် သူမပြန်ထွက် လာသည့်အခါတွင်တော့ ခါးပေါ်တွင် လက်ရာမြှောက်စွာ ပန်းထိုးထားသည့် အမွှေးအိတ်လေး တစ်လုံး ပိုလာလေသည်။

သူမက အမွှေးအိတ်လေးတစ်လုံး ချိတ်ဆွဲထားပြီးနောက် အမွှေးအိတ်တစ်လုံးကိုလည်း ယူဆောင်လာသည်ကို ကြည့်ရင်း ရှန်းရှူးနန်သည် မည်သည့်စကားမှ မပြောတော့ဘဲ သူမနှင့် ရှန်းဟွေရွှယ်တို့ကို ရှန်းအိမ်တော်သို့ လွှတ်လိုက်သည့် မြင်းလှည်းပေါ်သို့ လေးစားစွာ ဖိတ်ခေါ်လိုက်ပြီး မိမိကိုယ်တိုင်ကတော့ မြင်းစီးကာရှေ့မှ လမ်းပြအဖြစ် လိုက်ပါသွားတော့သည်။

မြင်းလှည်းထဲတွင် သားအမိနှစ်ယောက်က စကားပြောဖြစ်ကြသေးသည်။

အနည်းငယ် နီးကပ်နေသဖြင့် ရှန်းဟွေရွှယ်သည် သူမ၏ အမေကိုယ်ပေါ်က အမွှေးနံ့သာက တခြားအနံ့တစ်ခုအဖြစ် ပြောင်းလဲသွားသည်ကို အမှတ်တမဲ့ သတိထားမိလိုက်၏။ ဒီအနံ့က အနည်းငယ် စိမ်းသက်နေသော်ငြားလည်း အလွန်မွှေးပျံ့လို့နေသည်။

သူမက မနေနိုင်ဘဲ ပြောလိုက်တော့သည်။ "အမေ အမွှေးနံ့သာ ပြောင်းလိုက်တာလား"

ရှန်းချင်းဝူက ပထမတော့ တစ်ချက်လောက် ကြောင်အမ်းအမ်း ဖြစ်သွားပြီးမှ ပြုံးကာ ပြောလိုက်တော့၏။ "ဟုတ်တယ်။ အားချန်က အမေ့ကို အမွှေးဆေးလုံး လက်ဆောင်ပေးထားတာ။ အနံ့က အရမ်း မွှေးတယ်လို့ထင်လို့ အမွှေးအိတ်ထဲ ထည့်ထားလိုက်တာ"

ရှန်းဟွေရွှယ်ကလည်း လေးနက်စွာ ထောက်ခံလိုက်လေသည်။ "အားချန်ရဲ့ အမွှေးနံ့သာဖော်စပ်တဲ့ လက်ရာက တကယ်ကောင်းတာပဲ။ ဒါပေမယ့် သူက သိပ်ပြီး လုံ့လဝီရိယမရှိဘူးလေ။ ကံကောင်းလို့ပေါ့။ သူက အမွှေးနံ့သာ ဆေးလုံးရောင်းပြီး အသက်မွေးတာ မဟုတ်လို့ပဲ။ မဟုတ်ရင်တော့ ငတ်ပြီးသေမှာပဲ"

သူမ မသိလိုက်သည်မှာ အားချန်သည်လည်း လုံ့လဝီရိယ ရှိခဲ့ဖူးသော်ငြား နောက်ဆုံးတွင်တော့ ကိုယ်တိုင် အသက်မွေးရန် အလွန်ခက်ခဲသည်ကို တွေ့လိုက်ရသဖြင့် နောက်ထပ်နည်းလမ်းတစ်ခုသို့ ပြောင်းလဲကာ အမွေဆက်ခံခြင်းသို့သာ ဦးတည်သွားခဲ့ခြင်းပင်။

ရှန်းချင်းဝူသည် အားချန်အကြောင်း ပြောလိုက်သည်နှင့် ပိုပြီးတက်ကြွလာသည့် သမီးဖြစ်သူကို ကြည့်ရင်း မျက်နှာပေါ်တွင် အပြုံးအရိပ်အယောင် အနည်းငယ် ပေါ်ထွက်လာတော့၏။

သူမ၏ ဟွေရွှယ်တွင်လည်း ရင်းနှီးလှသည့် ညီအစ်မရှိနေခဲ့ပြီး နောင်တစ်ချိန်တွင် နေ့ရက်များက တဖြည်းဖြည်း ပိုမိုကောင်းမွန်ဖို့ရန်သာ ရှိတော့၏။

"ဒီနေ့ ဘကြီးက သမီးတို့ကို လာကြိုဖို့လူကို အထူးတလည် လွှတ်လိုက်ရတာလဲ။ သူ့ရဲ့ကိုယ်ပိုင် အနီးကပ် ကိုယ်ရံတော်ကိုတောင်မှ လွှတ်လိုက်သေးတယ်" ရှန်းဟွေရွှယ်က အမေဖြစ်သူကို တိုးတိုးလေး မေးလိုက်လေသည်။

"အမေက ရှန်းမိသားစုကို သွားတဲ့လမ်း မမှတ်မိတော့မှာ စိုးလို့နေမှာပေါ့။ ဒါကြောင့် လမ်းပြဖို့ လူကို အထူးတလည် လွှတ်လိုက်တာဖြစ်မယ်"

ရှန်းကျီးဟန်သည် အဘယ်ကြောင့် လူလွှတ်ပြီး လာကြိုခိုင်းခဲ့ပါသနည်း။ သူမက အရေးကြီးလက်ဆောင်ကို တစ်ပါတည်း ယူမလာမှာကို စိုးရိမ်နေသည်ကလည်း သဘာဝကျပေသည်။

ရှန်းဟွေရွှယ်က ဒီအကြောင်းပြချက်ကို အနည်းငယ် ထူးဆန်းသည်ဟု ခံစားမိသော်ငြားလည်း ထဲထဲဝင်ဝင်တော့ မစဉ်းစားမိလိုက်ချေ။

မြင်းလှည်းသည် ရှန်းမိသားစုနှင့် တဖြည်းဖြည်း နီးကပ်လာလေသည်။ ရှန်းချင်းဝူက ရုတ်တရက်ပြောလိုက်၏။ "ဟွေရွှယ် ခဏနေကြရင် အမေက သမီးရဲ့ ဘကြီးနဲ့စကား နည်းနည်းပြောရမယ်။ သမီးက ရှန်းမိသားစုက လူတွေနဲ့လည်း မရင်းနှီးဘူးဆိုတော့ သူတို့ကို အများကြီး ဂရုစိုက်စရာ မလိုဘူး။ ရှန်းယင့်ကျူကို တွေ့ပြီးရင် အကြောင်းပြချက် တစ်ခုခုရှာပြီး အရင်ပြန်သွားလိုက်။ မှတ်ထားနော်။ ရှန်းမိသားစုကနေ သေချာပေါက် ထွက်သွားရမယ်။ ဝေးဝေးကို သွားရမယ်"

ရှန်းဟွေရွှယ်၏ မျက်နှာမှာ ပြောင်းလဲသွားတော့သည်။ ဒီစကားထဲက ပြဿနာကို သူမသည် နားမလည်ဘဲ အဘယ်မှာရှိပါမည်နည်း။ သူမ၏ အမူအရာကလည်း လေးနက်သွားလေတော့သည်။ "အမေ အမေက ..."

ရှန်းချင်းဝူက သူမ၏အနားနားသို့ တိုးကာပြောလိုက်၏။ "အမေ့စကားကို နားထောင်ပါ စိတ်ချ ဘာမှမဖြစ်ဘူး"

ရှန်းဟွေရွှယ်၏ စိတ်ကတော့ မတည်ငြိမ်နိုင်သေးပေ။ "အမေ။ အမေ ဘာလုပ်မလို့လဲ။ သမီး အမေနဲ့အတူတူ လိုက်ခဲ့လို့ရတယ်လေ"

ရှန်းချင်းဝူကတော့ ခေါင်းခါလိုက်လေသည်။ "အမေက အရင်တုန်းက ညီအစ်မတွေကို သွားတွေ့မလို့ပါ။ သမီးဘေးမှာ အတူတူလိုက်နေလို့ မဖြစ်ဘူး"

"ဒါပေမဲ့ ..."

"ဒါပေမဲ့ မရှိဘူး"ရှန်းချင်းဝူ၏ သဘောထားက အလွန်ပြတ်သားနေသဖြင့် ရှန်းဟွေရွှယ်သည် နောက်ဆုံးတော့ အလျှော့ပေး လိုက်ရလေတော့သည်။

"တကယ် ဘာမှ မဖြစ်ဘူးလား"

ရှန်းချင်းဝူမှာ မနေနိုင်ဘဲ ရယ်မောမိတော့ကာ ပေါ့ပေါ့ပါးပါး လေသံဖြင့် ပြောလိုက်တော့သည်။ "ရှန်းမိသားစုထဲမှာ အမေက ဘာဖြစ်နိုင်မှာမလို့လဲ။ စိတ်ချပါ အမေ့အဆိပ်တွေတောင် အကုန်ပျယ်သွားပြီ။ ကိစ္စကြီးကြီးမားမားတွေ ဖြစ်လာမှာမဟုတ်ဘူး"

ရှန်းဟွေရွှယ်သည် အမေဖြစ်သူက သူမကို ချော့မော့ပြောဆို နေခြင်းမျှသာဖြစ်ကြောင်း သိထားသော်ငြားလည်း ခဏအကြာတွင် ရှန်းမိသားစုက ထွက်ခွာရမည်ကိုသာ အလေးအနက်ထားပြီး မှတ်သားထား လိုက်တော့၏။

မကြာခင်တွင် လှည်းသည် ရပ်တန့်သွားလေသည်။ ရှန်းရှူးနန်က မြင်းပေါ်က ဆင်းကာ မြင်းလှည်းဘေးတွင် ရပ်လိုက်ပြီး ရှန်းချင်းဝူကို မြင်းလှည်းပေါ်မှ တွဲခေါ်ကာ ဆင်းခိုင်းလိုက်၏။

ဒီအချိန်တွင် ရှန်းမျိုးနွယ်၏ ဘိုးဘွားစဥ်ဆက် နေအိမ်၏ ဟင်္သာပြဒါးရောင် တံခါးမကြီးသည် ပွင့်လျက်ရှိပြီး ရှန်းချင်းဝူ၏ အကြီးဆုံးမရီးဖြစ်သူ ကျောက်ရှီနှင့် ရှန်းမျိုးနွယ် မျိုးနွယ်စုခွဲက အမျိုးသမီး အနည်းငယ်တို့သည် အတူတူအပြင်သို့ ထွက်လာခဲ့ကြတာ ဧည့်သည်များကို ကြိုဆိုရန် ပြင်ဆင်နေကြလေသည်။

တံခါးမကြီးက မထွက်ခွာခင်မှာပင် နှစ်ပေါင်းများစွာ မတွေ့ဆုံရသည့် ရှန်းချင်းဝူကို တွေ့လိုက်ရ၏။

ခင်ပွန်းဖြစ်သူ၏ ပါးစပ်မှ ယောက်မဖြစ်သူ ပြန်လည်ကောင်းမွန် လာပြီဖြစ်ကြောင်း ကြားသိထားသော်ငြားလည်း ရုတ်တရက် တွေ့လိုက်ရချိန်တွင် အံ့ဩမှုကို ဖုံးကွယ်ထားရန် ခက်ခဲနေဆဲပင်။

"ယောက်မ မတွေ့ရတာကြာပြီပဲ" ရှန်းချင်းဝူက အရှိသို့တိုးလာကာ ကျောက်ရှီကို ဂါရဝပြု နှုတ်ဆက်လိုက်လေသည်။

"မင်းရဲ့အစ်ကိုကြီးက မင်းနေကောင်းသွားပြီလို့ ပြောတာကို စောစောထဲက ကြားထားပြီးသားပါ။ ဒီနေ့မင်းလာနိုင်တာ တကယ်ကို ဝမ်းသာစရာပဲ" ကျောက်ရှီ၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှု အနည်းငယ် ပေါ်ထွက်လာခဲ့၏။ အမှန်တကယ် စိတ်ရင်းမှန် မည်မျှပါဝင်ပြီး ဟန်ဆောင်မှု မည်မျှပါဝင်သည်ကိုတော့ သူမကိုယ်တိုင်သာ သိရှိပေလိမ့်မည်။

ရှန်းဟွေရွှယ်ကတော့ ဘေးတွင် ရပ်ကြည့်နေလိုက်သည်။ သူမသည် ဒီဘကြီးတော်သူ၏ ဇနီးသည်က တစ်စုံတစ်ယောက်အပေါ် ဒီမျှလောက် နွေးထွေးစွာ ဆက်ဆံသည်ကို တစ်ခါမှ မမြင်တွေ့ခဲ့ဖူးချေ။

အရင်တုန်းက ငါ့ကိုရှန့်ကျင်းကိုပို့ဖို့ အကြံအစည် ပေးခဲ့တာလည်း ဒီဘကြီးရဲ့မိန်းမပဲ မဟုတ်လား။ အဲဒီတုန်းက သူက ငါ့ကို ရှန်းမိသားစုရဲ့ ကျေးဇူးတရားကို အမြဲတမ်း အမှတ်ရနေဖို့တောင်မှ သတိပေးခဲ့သေးတယ်။

"ယောက်မက ကျွန်မကို ရိုင်းပြတယ်လို့ မထင်ရင်ပြီးတာပါပဲ။ အစ်ကိုကြီး ဘယ်မှာလဲမသိဘူး။ ကျွန်မ အစ်ကိုကြီးနဲ့ ပြောစရာကိစ္စနည်းနည်း ရှိလို့ပါ"

ကျောက်ရှီသည် နောက်မှလိုက်ပါလာသည့် ရှန်းရှူးနန်ကို တွေ့လိုက်ရသဖြင့် စိတ်ထဲတွင်ချက်ချင်း စဉ်းစားမိလိုက်ပြီး သူမကို တိုးတိုးလေး ပြောလိုက်လေသည်။ "မင်းရဲ့အစ်ကိုက အခုချိန်ဆိုရင် ဘိုးဘွား‌ဆောင်မှာ ရှိနေမှာပါ။ ရှူးနန်ကို မင်းကို လိုက်ပို့ ခိုင်းလိုက်ရင်ရပြီ။ ဟွေရွှယ်ကတော့ ..."

သူမသည် ခဏလောက် ချီတုံချတုံဖြစ်သွား၏။ ရှန်းဟွေရွှယ်ကဲ့သို့ အဆင့်အတန်းဖြင့် ရှန်းမိသားစု၏ ဘိုးဘွားဆောင်အနီးသို့ ကပ်ခွင့်မရှိသည်မှာ သဘာဝပင်။

"ဟွေရွှယ်ကို အရင်ဆုံး ယင့်ကျူဆီ သွားတွေ့ခိုင်းလိုက်ပါ။ ပြီးရင် သူ့ဘာသာသူ လွှတ်ထားလိုက်ရင် ရပါပြီ။ ယောက်မ သူ့ကိုဂရုစိုက်ဖို့ မလိုပါဘူး"

ဒီစကားသည် ကျောက်ရှီ၏ စိတ်နှင့်ထပ်တူကျသွားသဖြင့် သူမကလည်း ချက်ချင်းဆိုသလို ခေါင်းငြိမ့်ကာ ပြောလိုက်တော့သည်။ "ကောင်းပြီလေ ဒါဆိုရင် ငါအခုပဲ အစေခံမလေးကို ဟွေရွှယ်ကို ခေါ်သွားခိုင်းလိုက်မယ်"

သားအမိနစ်ဦး ခွဲခွာချိန်တွင် ရှန်းဟွေရွှယ်သည် ရှန်းချင်းဝူကို စိုးရိမ်တကြီး ကြည့်နေဆဲပင်။ ရှန်းချင်းဝူက သူမကို လက်ဝှေ့ယမ်းပြလိုက်ပြီး ရှန်းရှူးနန်၏ နောက်သို့လိုက်ပါသွားလေ၏။

ရှန်းမိသားစု၏ ဘိုးဘွားစဉ်ဆက် နေအိမ်တည်ရှိရာ နေရာသည် အနည်းငယ် ဆိတ်ငြိမ်ပြီး တောင်တစ်လုံးကို မှီထားလေသည်။ လူများနေထိုင်ရာ အရှေ့ခြံဝန်းက ကောင်းမွန်သော်ငြားလည်း အနောက်ဘက်ကတော့ ပိုလို့ပင်မှောင်မိုက် အေးစက်လို့နေ၏။

အနောက်ဘက် ခြံဝင်းသည် ရှန်းမိသားစု၏ ဘိုးဘွားဆောင်ဖြစ်ပြီး အနောက်ဘက်တောင်နှင့် ဆက်စပ်နေသောနေရာသည် ရှန်းမိသားစု၏ တားမြစ်နယ်မြေဖြစ်ကာ သာမန်အချိန်များတွင် ဝင်ရောက်ခွင့် မရှိကြောင်းကိုသာ သူမ သိထားခဲ့သည်။ အနည်းဆုံးတော့ ရှန်းချင်းဝူသည် တစ်ခါမှ အထဲသို့ မဝင်ခဲ့ဘူးချေ။

ရှန်းချင်းဝူကို ခေါ်ဆောင်လာပြီးနောက် ရှန်းရှူးနန်သည် ဘိုးဘွားဆောင်တံခါးဝတွင် စောင့်ဆိုင်းနေလိုက်၏။ ရှန်းကျီးဟန် ထွက်လာပြီး သူနှင့် တီးတိုး စကားအနည်းငယ် ပြောပြီးမှသာ ရှန်းရှူးနန်သည် လှည့်ထွက်သွား လေတော့သည်။

"ချင်းဝူ မင်း လာပြီလား" ရှန်းရှူးနန် ထွက်ခွာသွားပြီးနောက် ရှန်းကျီးဟန်သည် ခြေလှမ်းကျဲကြီးများဖြင့် ရှန်းချင်းဝူထံသို့ လျှောက်လှမ်းလာကာ သူ့အကြည့်သည်လည်း သူမ၏ခါးပေါ်က အမွှေးနံ့သာ အိတ်ပေါ်တွင် တစ်ချက်ဖြတ် ပြေးသွားတော့၏။

ရှန်းချင်းဝူကလည်း ပြုံးကာ ရှန်းကျီးဟန်ကို ဆုတောင်းစကား ပြောပေးလိုက်လေသည်။ "အစ်ကိုကြီး ဒီနေ့ တော်တော်လေး ခန့်ညားထည်ဝါနေတာပဲ။ အစ်ကိုကြီးအတွက် ဂုဏ်ယူပါတယ်"

"ဟားဟား အတူတူ ဝမ်းသာရတာပေါ့" ရှန်းကျီးဟန်၏ မျက်နှာပေါ်တွင် ဝမ်းသာမှုကို ဖုံးကွယ်မထားနိုင်ချေ။ သမီးဖြစ်သူကို အာ့ကုန်းဇီနှင့် လက်ထပ်ခွင့် မရသော်ငြားလည်း ရှီဇီသည်လည်း မဆိုးလှပေ။ ရှီးလင်ဝမ် အိမ်တော်သို့ ဝင်ရောက်နိုင်သမျှတော့ ကောင်းမွန်သည့် နေရာတစ်ခု ဖြစ်လေသည်။

"မင်း တံခါးဝမှာ မင်းရဲ့ယောက်မနဲ့ တွေ့ခဲ့တယ်လို့ ကြားတယ်။ ဘာဖြစ်လို့ သူနဲ့အတူ မျိုးနွယ်စုဝင်တွေကို သွားမတွေ့တာလည်း"

ရှန်းချင်းဝူသည် ခပ်တိုးတိုး သက်ပြင်းချလိုက်၏။ "မျက်စိတစ်မှိတ် အတွင်းမှာပင် ၁၀နှစ်ကျော်သွားပြီ။ လူတော်တော်များများကို ကျွန်မ မမှတ်မိတော့ဘူးလေ။ တွေ့ရင်လည်း ဘာပြောရမယ်မှန်း မသိဘူး။ ထားလိုက်ပါတော့ ဒီအတိုင်းပဲရှိပါစေတော့"

"မင်းကတော့လေ တကယ်ပဲ အတွေးတွေ များလွန်းပါတယ်"

"အဲဒီလူတွေရဲ့ သနားတဲ့အကြည့်တွေကို မြင်ရမယ့်အစား သူတို့တွေ မနာလိုဘဲပြောတဲ့စကားတွေကိုပဲ နားထောင်လိုက်ချင်တယ်။ ရှန်းချင်းယင်လို လူမျိုးပေါ့” သူမသည် စကားတစ်ဝက်ကို ရုတ်တရက် ရပ်တန့်ထားလိုက်ပြီး လေသံထဲတွင် တုံ့ဆိုင်းမှု အနည်းငယ်ဖြင့် မေးမြန်းလိုက်၏။ "အစ်ကိုကြီး ရှန်းချင်းယင် ... သူ အသက်ရှင်နေသေးတယ် မဟုတ်လား"

ရှန်းကျီးဟန်သည် တစ်ချက် ကြောင်အမ်းအမ်း ဖြစ်သွားပြီးမှ ပြုံးကာပြောလိုက်၏။ "မင်းက သူ့ကို မှတ်မိနေသေးတာကိုး"

"ဒါပေါ့ မှတ်မိတာပေါ့။ ကျွန်မနဲ့သူက ငယ်ငယ်လေးကတည်းက ရန်ဖြစ်လာကြတာ။ သံယောဇဉ်တောင် တော်တော်ရှိတယ်လို့တောင် ပြောလို့ရတယ်။ ယင့်ကျူ စေ့စပ်တာကို သူ့ရဲ့အဒေါ်အရင်း ဖြစ်နေရဲ့သားနဲ့ ဒီနေ့မလာဘူးလား"

"သူလည်း လာပါတယ်။ ဒါပေမဲ့ မင်းလိုပဲ လူမတွေ့ချင်ဘူး ဖြစ်နေတယ်"

"ဒါဆိုရင်တော့ အတော်ပဲ မတွေ့တာလည်း ဆယ်နှစ်ကျော်သွားပြီ။ သူ ရုပ်ဆိုးသွားပြီလား။ မဆိုးသေးဘူးလား ဆိုတာကို သွားကြည့်လိုက်ဦးမယ်"

ရှန်းချင်းဝူ၏ လေသံသည် ပေါ့ပေါ့ပါးပါးရှိလှ၏။ ရှန်းကျီဟန်က ခဏလောက် တုံ့ဆိုင်းသွားချိန်မှာပင် ရှန်းချင်းဝူက မေးလာသည်ကို ကြားလိုက်ရလေသည်။ "ကျွန်မ သူ့ကိုအခု သွားတွေ့ဖို့ အဆင်မပြေဘူးလား"

သူကလည်း ချက်ချင်းတွေးလိုက်မိ၏။ ညီမလေးက အဖေ့ရဲ့ အဲဒီတုန်းက အစီအစဉ်တစ်ခုကို သိသင့်သလောက်တော့ သိနေပါပြီ။ ဒီကိစ္စကိုသူ့ကို ဖုံးကွယ်ထားစရာ မလိုလောက်ပါဘူး။

ဒီအပြင် ... သူကလည်း ဒီနေ့ မိစ္ဆာ အမြုတေကို ယူလာခဲ့တယ်ဆိုတော့ ကိစ္စသေးသေးလေးတွေကြောင့် သူ့ကို စိတ်အနှောင့်အယှက် လုပ်စရာအကြောင်း မရှိပါဘူးလေ။

သို့နှင့် သူကလည်း ပြုံးကာပြောလိုက်၏။ "မင်းတို့က ညီအစ်မတွေပဲလေ။ တွေ့ဆုံရုံသက်သက်ပဲဟာ။ ဘာအဆင်မပြေစရာ ရှိမှာလဲ"

ထိုသို့ပြောလိုက်ပြီးနောက် သူသည် သူမကို ဦးဆောင်ကာ ဘိုးဘွားဆောင်သို့ ကွေ့ဝိုက်ပြီး အနောက်ဘက် ခြံဝင်းဆီသို့ လျှောက်သွားလေသည်။ "ချင်းယင်က အနောက်ဘက် ခြံဝင်းထဲမှာ အနားယူနေတယ်။ အခုက အရင်လို မဟုတ်တော့ဘူး။ မင်း သူနဲ့စကားတစ်ခွန်း မတည့်တာနဲ့ ရန်သွားမဖြစ်နဲ့တော့နော်”

"သိပါပြီ"

အနောက်ဘက်ခြံဝင်းသည် တောင်နှင့် နီးကပ်နေလေသည်။ ခြံဝင်းထဲတွင် တိတ်ဆိတ်ငြိမ်သက်နေပြီး အစေခံမလေးများက တစ်ယောက်မှပင် မရှိချေ။

ရှန်းကျီးဟန်သည် ခြံဝင်းတံခါးကို ဖွင့်လိုက်ပြီး ရှန်းချင်းဝူကို ဦးဆောင်ကာ ဝင်ရောက်သွားခဲ့၏။

အိမ်တစ်လုံး၏ အပြင်ဘက်သို့ ရောက်လာသောအခါ သူက လှမ်းပြောလိုက်သည်။ "ချင်းယင် ငါ ချင်းဝူကို ခေါ်ပြီး မင်းကို လာတွေ့တယ်"

ထိုအခန်းသည် တိတ်ဆိတ်ငြိမ်သက်လို့ နေသည်။ ရှန်းချင်းဝူက ခဏလောက် စောင့်ဆိုင်းနေလိုက်ပြီးမှ ရုတ်တရက် ဖွင့်ကာပြောလိုက်၏။ "ရှန်းချင်းယင် နင် အခုလူအရှေ့ မထွက်ရဲတော့တာလား။ သေချင်ဟန်ဆောင်မနေနဲ့"

တံခါးသည် ရုတ်တရက် ဝုန်းခနဲ အသံတစ်ခုနှင့်အတူ ပွင့်သွားပြီး အတွင်းက အမျိုးသမီးတစ်ဦး၏ ခြောက်ကပ်ကပ် ကွဲအက်နေသည့် အသံတစ်သံ ထွက်ပေါ်လာခဲ့တော့သည်။

"ရှန်းချင်းဝူ နင် အသက်ရှင် နေတုန်းထဲလား"

...

All Chapters