← Chapters

ရှန်းမျိုးနွယ် ခေါင်းဆောင်ကို ကျွန်တော်က နည်းလမ်းတစ်ခု ညွှန်ပြပေးရင် ပိုကောင်းမလား ...

Vol. 10 Ch. 99

ရှန်းမျိုးနွယ် ခေါင်းဆောင်ကို ကျွန်တော်က နည်းလမ်းတစ်ခု ညွှန်ပြပေးရင် ပိုကောင်းမလား ...

Vol. 10 Ch. 99

ရှန်းချင်းဝူသည် တံခါးဘောင်ကို ကျော်ဖြတ်ကာ အတွင်းသို့ ခြေလှမ်းကျဲကြီးများဖြင့် ဝင်ရောက်လာခဲ့၏။

သူမသည် အခန်းထဲသို့ ဝင်ရောက်ပြီးချိန်မှာပင် နောက်ကျောကတံခါးသည် ဝုန်းခနဲ အသံနှင့်အတူ ပိတ်သွားခဲ့ပြီး ရှန်းကျီးဟန်ကို အပြင်ဘက်တွင် တားဆီးထားလိုက်လေသည်။

အခန်းထဲရှိ ပြတင်းပေါက်များမှာ တင်းကျပ်စွာ ပိတ်ထားပြီး ခန်းဆီးစများဖြင့်လည်း ကာရံထားသေးသည်။ အခန်းအတွင်းက အလင်းရောင်သည် မှိန်ဖျော့နေသော်ငြား ရှန်းချင်းဝူသည် ကန့်လန့်ကာနောက်တွင် ထိုင်နေသည့် ထိုအရိပ်ကို တစ်ချက်တည်းဖြင့် မြင်တွေ့လိုက်ရ၏။

"နင် ငါ့ကို တွေ့ချင်တယ် မဟုတ်ဘူးလား။ ဘယ်လိုလဲ။ မလာရဲတော့ဘူးလား"

ရှန်းချင်းဝူသည် ခဏလောက် တုံ့ဆိုင်းသွားပြီးမှ လက်ကိုမြောက်ကာ ခန်းဆီးကို မတင်လိုက်လေသည်။ တစ်ချိန်တည်းမှာပင် အတွင်းထဲကလူကိုလည်း ရှင်းလင်းစွာမြင်လိုက်ရ၏။

ယခင်က ရှန်းချင်းယင်၏ ရုပ်ရေရူပကာသည် ကြည်စင်ပြီးတော့ ချစ်စဖွယ်ဟု သတ်မှတ်နိုင်သော်ငြား ဆယ်နှစ်ကျော် ကြာမြင့်သွားသည့်တိုင် သူမ၏မျက်နှာသည် အိုမင်းရင့်ရော်ခြင်း လုံးဝမရှိချေ။ သို့သော် မျက်နှာတစ်ဖက်တွင်တော့ အနက်ရောင် ကြေးခွံ သေးသေးလေးများ ပြည့်နှက်နေပြီး ထိုကြေးခွံများသည် လည်ပင်းအထိရောက်အောင် ပျံ့နှံ့နေလေသည်။ သူ၏မျက်လုံးကြားက အကွာအဝေးသည်လည်း များစွာကျယ်ပြန့်လာခဲ့ပြီး အလွန် ထူးဆန်းအံ့ဩဖွယ်ရာ ကောင်းနေလေတော့၏။

ရှန်းချင်းဝူ၏ အကြည့်သည် ထိုသူ၏လက်ပေါ်သို့ ကျရောက်သွားပြန်သည်။ ထိုအရာကိုလက်ဟု ခေါ်လို့ပင် မရနိုင်တော့ဘဲ လက်သည်းဟုသာ ခေါ်ဆိုနိုင်တော့မည်။

သူမသည် ဘာမှမပြောဘဲ ရှန်းချင်းယင်၏ ဘေးကနေရာသို့ လျှောက်သွားလိုက်ကာ ထိုင်ချလိုက်လေသည်။

"နင်က အော်ဟစ်ပြီး ထွက်မပြေးသွားဘူးပဲ။ သတ္တိတွေ တော်တော် ကောင်းလာတာပဲ" ရှန်းချင်းယင်၏ လေသံထဲတွင် သရော်လှောင်ပြောင်မှုများ ပါဝင်နေပြီး သူမ၏အသံကပင် သူစိမ်းတစ်ယောက်လို ဖြစ်နေတော့၏။

"နင် မေ့သွားတာလား။ ငါ့သမီးက မိစ္ဆာတစ်ပိုင်းပဲလေ။ ဘာကြောက်စရာရှိလို့လဲ"

"ဪ။ ငါ မှတ်မိပြီ။ နင် မွေးထားတဲ့ အဲဒီအသုံးမကျတဲ့ ကလေးမလေးကို ပြောတာမလား"

"နင်ကရော ဘယ်လောက် ကောင်းနေလို့လဲ။ အရင်တုန်းက ငါ့အဖေဆီ သွားတိုင်တောခဲ့တာ လူကနေပြီး ဒီလိုမိစ္ဆာကောင် ဖြစ်လာဖို့အတွက်လား" ရှန်းချင်းဝူကလည်း ချက်ချင်းပင် ပြန်သရော်လိုက်လေသည်။

ထိုစကားသည် ထိုလူ၏ အထိမခံနိုင်ဆုံး နေရာကိုထိသွားဟန်တူ၏။ သူသည် ပြင်းထန်သည့် မာန်ဖီသံတစ်ချက် ကြားလိုက်ရပြီး ထိုအသံသည် လူသားတစ်ဦးထုတ်နိုင်သည့် အသံမျိုး မဟုတ်ချေ။ ရှန်းချင်းယင် တစ်ယောက် ဒေါသထွက်ပုံ ရနေလေသည်။

ရှန်းချင်းယင်၏မျက်နှာသည် ဒေါသကြောင့် ပြောင်းလဲမသွားခဲ့ချေ။ သူမ၏အသားအရေသည် မာကျောလှပြီး ပါးစပ်သည် သိသိသာသာ ရှိသို့ ငေါထွက်လာကာ ချွန်ထက်လှသည့် သွားများကလည်း ပေါ်ထွက်လာခဲ့၏။

ကံကောင်းထောက်မစွာဖြင့် ထိုပြောင်းလဲမှုသည် ဆက်လက်ဖြစ်ပေါ်ခြင်းမရှိဘဲ ရှန်းချင်းယင်သည် သူမ၏ စိတ်ခံစားချက်များကို နောက်ဆုံးတော့ ထိန်းချုပ်သွားနိုင်ပုံရ၏။

သူမ၏ဦးခေါင်းသည် ရုတ်တရက် ရှန်းချင်းဝူရှေ့သို့ တိုးကပ်လာလေသည်။ ထိုလူ၏မျက်လုံးထဲက ထိတ်လန့်မှုများကို ရှင်းရှင်းလင်းလင်း မြင်တွေ့လိုက်ရမှ သူမက အေးစက်စွာ ပြောလိုက်၏။ "ရှန်းချင်းဝူ နင့်လို အချစ်အတွက်နဲ့ သေမလို ရှင်မလို ဖြစ်နေတဲ့ငတုံးမက ငါ့ကို ဝေဖန်ဖို့ ဘာအရည်အချင်း ရှိလို့လဲ။ နင့်ကို ဒီနေရာမှာ ရပ်ပြီးစကားပြောခွင့် ပေးထားတာကတောင် နင့်အပေါ်ထားတဲ့ ငါ့ရဲ့စေတနာဖြစ်နေပြီ"

ရှန်းချင်းဝူကတော့ သူမ၏စော်ကားမှုကို ဂရုမစိုက်ဘဲ ပြန်ပြောလိုက်၏။ "ငါ မှတ်မိသလောက်တော့ နင်က မိစ္ဆာမျိုးနွယ်တွေကို အမုန်းဆုံးပဲလေ။ အခုတော့ မိစ္ဆာ ... မိစ္ဆာတစ်ပိုင်း ဖြစ်သွားရတဲ့ ခံစားချက်က ကောင်းရဲ့လား"

ရှန်းချင်းယင်သည် သူမကို အေးစက်စက်ကြည့်နေပြီး ပြန်မဖြေလာခဲ့ချေ။

သူတို့နှစ်ယောက်သည် နှစ်ပေါင်းများစွာ ကြာမြင့်သွား သော်ငြားလည်း တစ်ယောက်၏ အထိမခံနိုင်ဆုံးသော နေရာကို တစ်ယောက်က မည်သို့ထိုးနှက်ရမည်ကို ကောင်းစွာသိရှိနေကြဆဲပင်။

"ရှန်းချင်းယင် နင့်အခန်းထဲမှာ ဘာဖြစ်လို့ မှန်မထားတာလဲ။ နင်က အရင်တုန်းက အလှအပကို အကြိုက်ဆုံး မဟုတ်ဘူးလား"

ဝုန်းခနဲ အသံတချက်နှင့်အတူ အခန်းတောင့်ရှိ မှန်တင်ခုံသည် ရုတ်တရက် ကြေမွသွားခဲ့၏။ ရှန်းချင်းဝူသည် အနက်ရောင် အရိပ်တစ်ခု ဖြတ်သွားသည်ကိုသာ မြင်တွေ့လိုက်ရပြီး အမြီးတစ်ချောင်းနှင့် တူလေသည်။

"ပါးစပ်ပိတ်ထား။ နင် ငါ့အခန်းထဲက ထွက်သွား !"

ရှန်းချင်းဝူက ထရပ်လိုက်၏။ သူမနှင့် ရှန်းချင်းယင်တို့ကြားတွင် ပြန်လည်ပြောဆိုစရာ နှောင်ကြိုးဟောင်းများ မရှိသည်က အစကတည်းကပင်။ သူမသည် ဆင်ခြေတစ်ခု ရှာဖွေကာ ရောက်လာခြင်းသာ ဖြစ်လေသည်။

သို့သော်ငြားလည်း ဒီလိုတွေ့ဆုံ လိုက်ရသောအခါတွင်တော့ အမည်မသိ ဝမ်းနည်းမှုတစ်ခု ခံစားလိုက်ရလေသည်။

ဒါက ငါ့အဖေနဲ့ ငါ့အစ်ကိုကြီးတို့က ရှန်းမိသားစုရဲ့ အာဏာကို ခိုင်မြဲစေဖို့ အသည်းအသန် ကြိုးစားဖန်တီးခဲ့တဲ့ ကျောင်းမူပဲ။ ငါ့ရဲ့ညီမဝမ်းကွဲပေါ့။

ချစ်သူကို ဆုံးရှုံးလိုက်ရလို့ ၁၀နှစ်ကျော်ကြာအောင် ရူးသွပ်နေခဲ့တဲ့ငါက ပိုသနားစရာ ကောင်းနေတာလား။ ဒါမှမဟုတ် ရှန်းချင်းယင်ကပဲ ပိုပြီးသနားဖို့ ကောင်းနေတာလား ဆိုတာကိုတောင် ဒီအခိုက်အတန့်မှာ မခွဲခြားတတ်တော့ဘူး။

တံခါးသို့ ရောက်သွားချိန်တွင် ရှန်းချင်းဝူသည် ခြေလှမ်းများကို ရပ်တန့်ထားလိုက်ပြီး သူမကို ပြန်မေးလိုက်၏။ "နင် နောင်တရခဲ့ဖူးလား"

အစက ကုလားထိုင် ပေါ်တွင်ထိုင်နေသည့် ရှန်းချင်းယင်သည် ရုတ်တရက် ရှန်းချင်းဝူ၏‌ဘေးသို့ ပေါ်ထွက်လာခဲ့ပြီး သူမမှာ လန့်ဖြန့်သွားတော့၏။

သူမ၏ခန္ဓာကိုယ်လေးသည် မသိမသာ တုန်ယင်သွားသည်ကို တွေ့လိုက်ရချိန်တွင် ရှန်းချင်းယင်သည် ကျယ်လောင်ပြီး စူးရှသည့် ရယ်သံကြီးဖြင့် ရယ်မောလိုက်လေသည်။ "နင်က တကယ်ကို တုံးအပြီးတော့ အပြစ်ကင်းစင်လွန်းတာပဲ။ ရုပ်ရည်က ဘာများ အရေးကြီးလို့လဲ။ ဒီလိုရှည်လျားတဲ့သက်တမ်းနဲ့ မယုံနိုင်စရာ ကောင်းလောက်တဲ့ စွမ်းအားတွေကို ပိုင်ဆိုင်နိုင်ဖို့ဆိုရင် ဘယ်လိုတန်ဖိုးမျိုးကိုမဆို ငါကတော့ ပေးဆပ်ဖို့အသင့်ပဲ။ ဘယ်လိုလုပ်ပြီးတော့ နောင်တရစရာရှိမှာလဲ။ ဒါကို မရနိုင်တဲ့လူတွေကပဲ နောင်တရကြတာ"

ရှမ်းကျီးဟန်၏ အမိန့်ကိုနားထောင်ပြီး နှစ်တိုင်းမတူညီတဲ့ မိစ္ဆာတွေနဲ့ မိတ်လိုက်ပြီး သားသမီးတွေ မွေးဖွားပေးရပေမယ့် ဒါတွေအားလုံးက တန်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကိုယ်ကလည်း ဒီလောက်အများကြီး ပိုင်ဆိုင်ထားပြီးပြီပဲလေ။

ရှန်းချင်းယင်သည် ရှန်းချင်းဝူကို ကြည့်ကာ နောက်တစ်ကြိမ် ထပ်ပြောလိုက်လေသည်။ "ဘယ်လိုပေးဆပ်မှုမျိုးမဆို တန်ဖိုးရှိပါတယ်"

တကယ် နောင်တမရဘူးလား။ ဒါပေမဲ့ သူ့မျက်နှာပေါ်မှာ ဘာဖြစ်လို့များ ကျေနပ်ရောင့်ရဲမှု တစ်စက်ကလေးမှ မမြင်ရတာလဲ။

ရှန်းချင်းဝူသည် တံခါးကို ဆွဲကာ ထွက်ခွာသွားချိန်တွင် တံခါးအတွင်းဘက်တွင် ရပ်နေသည့် ရှန်းချင်းယင်ကို မနေနိုင်ဘဲ လှည့်ကြည့်လိုက်မိ၏။

သူမသည် အပြင်သို့ တစ်လှမ်းလေးပင် ထွက်လာဖို့ရန် ဝန်လေးနေခဲ့လေသည်။

"ထွက်သွား။ နောက်ဆိုရင် ဘယ်တော့မှ ပြန်မလာနဲ့"

ရှန်းချင်းဝူသည် ကိုယ်ကိုလှည့်လိုက်ပြီး နောက်တွင်တော့ တံခါးပိတ်သံကို ကြားလိုက်ရ၏။ သူမသည် အတန်ကြာအောင် ငြိမ်သက်စွာရပ်နေပြီးမှ ခါးတွင်

ချိတ်ဆွဲထားသည့် အမွှေးနံ့သာ အိတ်ကလေးကို လက်ဖြင့် ဆုပ်ကိုင်လိုက်၏။

အားအနည်းငယ် သုံးလိုက်သည်နှင့် ထိုလုံးဝန်းနေသည့် အလုံးလေးသည် တိတ်ဆိတ်စွာပင် ကျေမွသွားခဲ့လေသည်။

ဘာမှဖြစ်ပျက်လာ ခဲ့ခြင်းတော့ မရှိချေ။

ခြံဝင်းထဲက ထွက်လာခဲ့ပြီး ရှန်းကျီးဟန်သည် အပြင်ဘက်တွင် စောင့်ဆိုင်းနေခဲ့၏။ သူမထွက်လာသည်ကို မြင်လိုက်ရသောအခါ သူက မေးလာသည်။ "မင်းတို့ညီအစ်မတွေ တွေ့ရခဲတယ်လေ။ ဘာတွေများ ပြောဖြစ်လိုက်ကြသေးလဲ"

"ဒီအတိုင်းပဲစကား နည်းနည်းပါးပါး ပြောဖြစ်ကြတာပါ။ စကားပြောတာလည်း သိပ်အဆင်မပြေပါဘူး။ သူ့ရဲ့ဒေါသကတော့ အရင်ကထက်တောင်မှ ပိုပိုပြီး ဆိုးလာသေးတယ်" ရှန်းချင်းဝူက မကျေမနပ် ပြောဆိုဟန်ဖြင့် ပြန်ဖြေလိုက်၏။

"ချင်းယင်က ဒီနှစ်တွေထဲမှာ စိတ်အခြေအနေ သိပ်မကောင်းဘူး ဖြစ်နေတယ်"

ရှန်းချင်းဝူက အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီး ထပ်ပြောလိုက်သည်။ "နောက်ပြီးတော့ သူ့ရဲ့ရုပ်ရည်ကလည်း ဘယ်လိုဖြစ်ပြီး ... အဲ့လောက်တောင် ထူးဆန်းနေရတာလဲ"

ရှန်းကျီးဟန်၏ မျက်နှာမှာ တင်းမာသွားလေ၏။ "နောက်ဆိုရင် သူ့ရှေ့မှာ ဒီလိုစကားတွေ သွားမပြောနဲ့။ သူ ဒီလိုပုံစံ ဖြစ်သွားတာကလည်း ငါတို့ရှန်းမျိုးနွယ်စုကြီး တစ်ခုလုံးအတွက်ပဲ"

ဂရုဏာကြီးမားလှသည့် ဟန်ပန်အမူအရာ ဖြစ်နေသည့် အစ်ကိုကြီးဖြစ်သူကို ကြည့်ရင်း ရှန်းချင်းဝူသည် ရုတ်တရက် ရယ်မောချင်စိတ် ပေါက်လာတော့သည်။

သူမရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ အဖေနဲ့ ဟန်ဆောင်ကောင်းပြီး အရှက်မရှိတဲ့ အစ်ကိုကြီးကို ကြည့်ပြီး ရယ်ချင်လိုက်တာ။ သူတို့တွေက ကိုယ့်ဟာကိုယ် မှားခဲ့တယ်လို့ ဘယ်တော့မှ တွေးကြမှာ မဟုတ်ဘူး။

ဒီလိုကြည့်လိုက်တော့ ငါက သူတို့နဲ့ မိသားစုတစ်ခုတည်း ဖြစ်နေတာ မဆန်းတော့ပါဘူး။ စိတ်နှလုံးက လုံလောက်အောင် ရက်စက်ပြီးသားပဲလေ။ ပြီးးတော့ အမှောင်ဖုံးတဲ့ လမ်းကိုလည်း အဆုံးထိ လျှောက်လှမ်းရဲတယ်။

နှစ်ဦးသားသည် ရှေ့ဘက်ခြံဝင်းသို့ လျှောက်လာခဲ့ကြပြီး ရှေ့ကပျော်ရွှင်ဖွယ်ရာ တေးသံများကို တိုးတိုးလေး ကြားလိုက်ရ၏။ ပင်မခြံဝင်းသို့ မရောက်ခင်မှာပင် ရှန်းချင်းဝူသည် ယနေ့၏ အဓိကဇာတ်ဆောင် ရှန်းယင်ကျူကို တွေ့လိုက်ရလေသည်။ သူမက သူတို့ဘက်သို့ မြန်မြန်လျှောက်လာပြီး သူမ၏နောက်တွင်လည်း ကျောက်ရှီနှင့် အစေခံမလေးတချို့ လိုက်ပါလာခဲ့၏။

"အဖေ ရှီဇီက တံခါးဝရောက်နေပြီ။ အဖေ ခုနက ဘယ်သွားတာလဲ" ရှန်းယင့်ကျူသည် နေရာတွင် သေချာမရပ်ရသေးဘဲ ရှန်းကျီးဟန်ကို စတင်ရေရွတ်လေတော့သည်။

ရှန်းချင်းဝူကို တွေ့လိုက်ရပြီးနောက် သူမသည် ခပ်ပေါပေါ့သာ တစ်ချက်ကြည့်လိုက်ပြီး ဒီလူကိုမမြင်သလို ဟန်ဆောင်လိုက်လေသည်။

"ဘိုးဘွားတွေကို အမွှေးတိုင် သွားထွန်းတာပါ။ ဘာလို့ဒီလောက် အလျင်လိုနေတာလဲ။ မင်းအစ်ကိုရော" ရှန်းကျီးဟန်သည် ဒီအချိန်တွင် တည်ငြိမ်သော အမူအရာရှိနေဆဲပင်။

"အစ်ကိုကြီးနဲ့ ရွှဲယင်က ရှီဇီကို သွားကြိုနေပြီ။ သမီးတို့တွေ ပင်မခြံဝင်းကို အမြန်သွားကြရအောင်"

ရှန်းကျီးဟန်က သဘောတူရန် ပြင်လိုက်စဉ်မှာပင် ဘေးက ညီမဖြစ်သူကို ရုတ်တရက် တွေ့လိုက်ရသဖြင့် မနေနိုင်ဘဲ ပြောလိုက်တော့၏။ "ချင်းဝူ ငါတို့တွေအတူတူ ပင်မခြံဝင်းကို လိုက်ခဲ့မလား"

"အဖေ"

ရှန်းယင့်ကျူသည် မကျေမနပ်အမူအရာဖြင့် ရှန်းကျီးဟန်၏ စကားကို ရုတ်တရက် ဖြတ်ပြောလိုက်တော့၏။

သားအဖနှစ်ဦးသည် တိတ်ဆိတ်စွာ အကြည့်ချင်း ဖလှယ်လိုက်ပြီး အားပြိုင်နေကြသလိုပင်။

ရှန်းယင့်ကျူသည် သူမ၏ စေ့စပ်ပွဲနေ့တွင် ရှန်းချင်းဝူတို့ သားအမိ ထွက်လာပြီး မျက်စိစပါးမွေးစူးစရာ ဖြစ်မှာကို မလိုလားချေ။ ထို့အပြင် သူမသည် အရူးမတစ်ယောက်သာပင်။ သူမက အမှန်တကယ် လုံးဝပျောက်ကင်း သွားသည်ဟု မည်သူက သိနိုင်ပါမည်နည်း။ အကယ်၍ ဒီနေ့မှ အရူးထပြီး သောင်းကျန်းနေလျှင်တော့ တော်တော်လေး ကံဆိုးသွားပေတော့မည်။

နောက်ဆုံးတွင်တော့ ရှန်းကျီးဟန်ကပင် အလျှော့ပေး လိုက်ရတော့သည်။ သို့သော် သူက စကား မပြောသေးခင်မှာပင် ရှန်းချင်းဝူက ပြောလာသည်ကို ကြားလိုက်ရ၏။ "ကျွန်မ ပင်မခြံဝင်းကို မလိုက်တော့ပါဘူး။ ရှီဇီက ရုပ်ရည်ချောမော ခန့်ညားတယ်လို့ ကြားဖူးတာကြာပါပြီ။ ခဏနေ ကျွန်မ အစ်ကို့ကိုယ်စား တံခါးဝကိုအရင် သွားကြည့်လိုက်ပါဦးမယ်"

"ထားလိုက်ပါတော့" ရှန်းကျီးဟန်သည် သက်ပြင်းချလိုက်ပြီး သူမကို ထပ်ပြောလိုက်၏။ "ကိုယ့်အိမ်ပဲကို။ မင်း သဘောအတိုင်းပဲနေပါ။ ငါ ရှီဇီနဲ့ ယင့်ကျူကို အိမ်တော်တံခါးဝထိ လိုက်ပို့ပြီးတာနဲ့ မင်းကို လာရှာမယ်"

သူက အဲဒီ အမြုတေကို မမေ့ပါဘူး။ ဒါပေမဲ့ အခုလောလောဆယ်တော့ သမီးဖြစ်သူက အရေးအကြီးဆုံးပဲ။

"ကောင်းပါပြီ။ အစ်ကိုကြီး မြန်မြန်သွားလိုက်ပါ။ ကျွန်မအစ်ကို့ကို စောင့်နေပါ့မယ်" ရှန်းချင်းဝူသည် မျက်နှာပေါ်တွင် အပြုံးတစ်ခုကို ဆင်မြန်းထားရင်း မိသားစုသုံးယောက်နှင့် အစေခံမလေးများ အလျင်အမြန် ထွက်ခွာသွားသည်ကို ကျန်ရစ်ကာ ကြည့်နေခဲ့လေသည်။

လူအများ ထွက်ခွာသွားပြီးနောက် သူမသည် ခါးတွင်ချည်နှောင်ထားသည့် အမွှေးနံ့သာအိပ်လေးကို ဖြေးညှင်းစွာဖြေလိုက်ပြီး လမ်းဘေးက မြက်တောထဲသို့ ပစ်ထည့်လိုက်၏။ ထိုနောက်တွင်တော့ တံခါးမကြီးဆီသို့ လျှောက်ကာသွားလိုက်တော့သည်။

အိမ်တော်ဟောင်း၏ တံခါးဝတွင် ရှန်းယင့်ရှောင်းသည် ရွှဲယင်နှင့်အတူ ရှန်းမျိုးနွယ်ဝင်များနှင့် ပိုင်ရှိုးမင်တို့လူစုကို ကြိုဆိုနေခဲ့ကြ၏။

ရှန်းချင်းဝူသည် အနောက်ဘက်က လူအုပ်ထဲတွင်ရပ်ရင်း သူမ၏တူဖြစ်သူ ဘေးတွင် အိမ်တော်သခင်မကြီး တစ်ဦး၏ ဟန်ပန်အပြည့်ဖြင့် ရပ်နေသည့် ရွှဲယင်ကို ကြည့်ကာ သမီးဖြစ်သူ ပြောပြခဲ့သည့် ထိုကောလဟလများကို မနေနိုင်ဘဲ တွေးမိတော့သည်။

ဒီရွှဲမိန်းကလေးက ရှန့်ကျင်းကနေ လက်ထပ်လာတာလို့ ကြားတယ်။ သူ့ရဲ့မိသားစုနောက်ခံက အနည်းငယ် အပြစ်အနာအဆာ ရှိပေမယ့် မြို့စားအိမ်တော်က ဆင်းသက်လာတာပဲ။ သူက အားချန်ရဲ့ အဖေတူအမေကွဲ ညီမတော်စပ်သူတဲ့။

အပြောအဆို အမှုအကျင့်တွေက တကယ်ကို ကျော့ရှင်းပြီး အိန္ဒြေရှိနေတဲ့ပုံပဲ။ လိမ္မာပါးနပ်တဲ့ မိန်းကလေးတစ်ယောက် ဖြစ်လောက်တယ်။ ကံဆိုးတာက ရှန်းမိသားစုထဲကို လက်ထပ်ပြီး ဝင်ရောက်လာမှတော့ ဒါကလည်း သူ့ရဲ့ကံဆိုးခြင်းလို့ပဲ သတ်မှတ်ရမှာပဲ။

ရွှဲယင်၏ ကိုယ်ပေါ်မှ အကြည့်ကို ဖယ်ခွာလိုက်ပြီး ရှန်းချင်းဝူသည် ယနေ့၏အဓိက ဇာတ်ဆောင်ဖြစ်သူ နာမည်ကျော်ကြားလာခဲ့သည့် ရှီးလင်ဝမ်ရှီဇီကို နောက်ဆုံးတွင် မြင်လိုက်ရလေသည်။

ဟွေရွှယ် ပြောခဲ့သလိုပင် သူ၏အရှိန်အဝါသည် အနည်းငယ် ကြောက်မက်ဖွယ် ကောင်းလှ၏။ ပတ်ဝန်းကျင်က လူများအားလုံးက သူ့ကိုဂုဏ်ပြုစကား ဆိုနေကြသော်ငြားလည်း သူသည်ဘာကိုမှ တုံ့ပြန်မှု များများစားစား မရှိခဲ့ချေ။ ကြည့်ရသည်မှာ လက်ထပ်မည့် ဇနီးလောင်းကို လာကြိုသည့် ပုံစံမဟုတ်ဘဲ ရန်ငြိုးရန်စအတွက် လက်စားလာချေနေဟန် ပိုတူနေသေးသည်။

အဝေးက အကဲခတ်ကြည့်လိုက်စဉ် ထိုသူသည် ရုတ်တရက် သူမကို လှည့်ကြည့်လာခဲ့ပြီး ထိုအကြည့်ထဲတွင်လည်း စူးစမ်း ဆန်းစစ်လိုသည့် အရိပ်အယောင်များ ပါဝင်လို့နေ၏။

ပတ်ဝန်းကျင်က လူများက သူသည်သာမန်မျှသာ ကြည့်လိုက်သည်ဟု ထင်မှတ်နေကြပြီး ဂရုမစိုက်ကြသော်ငြားလည်း ရှန်းချင်းဝူကတော့ ဒီရှီဇီသည် သူမကို တမင်တကာ ကြည့်နေခြင်းဖြစ်ကြောင်း သေချာနေခဲ့သည်။

သူက ဘာကို ကြည့်နေတာပါလိမ့်။

ပိုင်ရှိုးမင်သည် ရှန်းချင်းဝူ၏ ကိုယ်ပေါ်ကအကြည့်ကို ပြန်လည်ရုပ်သိမ်းလိုက်လေသည်။ ဒီမိန်းမက ရှန်းမိသားစုခေါင်းဆောင်ရဲ့ ညီမအရင်း။ အဲဒီမိစ္ဆာတစ်ပိုင်းရဲ့ အမေအရင်းလို့ ကြားတယ်။

အားချန်က သူ့ကိုဘယ်လိုများ စည်းရုံးလိုက်လို့ သူက ဒီလောက်ကြီးမားတဲ့ အန္တရာယ်ကိုရင်ဆိုင်ပြီး ကျောင်းမူကို ဖြေရှင်းပြီး ရှန်းမိသားစုကိုဖျက်စီးဖို့ သဘောတူလိုက်တာလဲ။ နည်းနည်းတော့သိချင်မိသွားပြီ။

ပိုင်ရှိုးမင်၏ စိတ်အစဥ်သည် အနည်းငယ် လှုပ်ရှားသွားလေသည်။ ဖြစ်နိုင်တာကတော့ ... အရင်တုန်းက ရှန်းမိသားစုရဲ့ လက်ထဲမှာ သေသွားခဲ့တဲ့ အဲဒီမြေခွေးမိစ္ဆာ အကြောင်းကို စုံစမ်းကြည့်သင့်ပြီ ထင်တယ်။

"ရှီဇီ ကြွပါ" ရှန်းယင့်ရှောင်းက ပိုင်ရှိုးမင်ကို အတွင်းဘက်သို့ ယဉ်ကျေးစွာ လမ်းပြခေါ်ဆောင် သွားခဲ့လေသည်။

ရွှဲယင်သည် ရှန်းယင့်ရှောင်း၏ ဘေးတွင်လိုက်ပါပြီး ပိုင်ရှိုးမင်ကို မကြာခဏ ငဲ့စောင်းကြည့်ကာ စိတ်ထဲတွင် ရှင်းမပြတတ်သည့် ကျေနပ်ပီတိစိတ်များ ဖြစ်ပေါ်လာတော့သည်။

ကျိချန်က ဒီယောက်ျားနဲ့ ဘယ်လောက်ပဲ ပတ်သက်နေပါစေ။ နောက်ဆုံးတော့ သူက သူ့ယောင်းမကို လက်ထပ်ဖို့ပဲ ရွေးချယ်ခဲ့တာ မဟုတ်ဘူးလား။

ရုပ်ရည်နဲ့ယောက်ျားတွေကို အလုပ်အကျွေးပြုတာက အာဏာနဲ့ အကျိုးစီးပွားကို ဘယ်လိုလုပ်ပြီးတော့ ယှဉ်နိုင်မှာလဲ။

အရင်တစ်ခေါက်က သူ့ကိုကံကောင်းထောက်မစွာနဲ့ လွတ်မြောက်ခွင့် ပေးလိုက်ရတယ်။ အခု ပိုင်ရှိုးမင်က သူ့ကိုအကာအကွယ် မပေးနိုင်တော့မှတော့ ရှီးလင်မှာ ဘယ်သူက သူ့အတွက်ကို ကယ်တင်နိုင်ဦးမှာလဲ။

ရှန်းမိသားစုဝင် အားလုံးသည် ပိုင်ရှိုးမင်နဲ့ ရှန်းယင့်ရှောင်းတို့ အုပ်စုကိုဝန်းရံကာ အိမ်တော်အတွင်းသို့ ပျော်ရွှင်စွာ ဝင်ရောက်သွားကြလေသည်။

ရှန်းချင်းဝူကတော့ သူတို့နဲ့ဆန့်ကျင်ဘက် အဖြစ် အိမ်တော်ဟောင်းထဲက ခြေလှမ်းကျဲကြီးများဖြင့် ထွက်ခွာသွားခဲ့လေသည်။

သူမသည် လမ်းလျှောက်လာသည်မှာ ပိုပြီးမြန်ဆန်လာခဲ့ပြီး နောက်ဆုံးတွင်တော့ အပြေးအလွှား ဖြစ်သွားတော့၏။

မည်မျှဝေးဝေးအထိ ပြေးလွှားခဲ့သည်ကိုပင် မသိတော့ချေ။ သူမ၏ရင်ဘတ်ထဲက တဖြည်းဖြည်း နာကျင်လာသည်အထိ ပြေးလွှားခဲ့ပြီးမှ နောက်ဆုံးတွင်တော့ ရပ်တန့်လိုက်တော့သည်။

ရှန်းချင်းဝူသည် ရှန်းမျိုးနွယ်စု အိမ်တော်ရှိရာ အရပ်သို့ ခေါင်းလှည့်ကြည့်လိုက်၏။ ခဏတာတိတ်ဆိတ် ငြိမ်သက်သွားပြီးနောက် ရုတ်တရက် ဝုန်းခနဲ ဟူသည့် ကျယ်လောင်သည့် ပေါက်ကွဲသံကြီး ပေါ်လာပြီး မြေကြီးကပင် တုန်ခါသွားခဲ့လေသည်။ ထိုနောက်တွင်တော့ နားဝင်ဆိုးလှသည့် စူးရှလှသော ဟန်းဟောက်သံကြီးက ကောင်းကင်ယံတွင် ပျံ့နှံ့သွားကာ ဧရာမအနက်ရောင် ကျောင်းတစ်ကောင်သည် ရှန်းမိသားစု၏ အိမ်တော်မှ ထိုးထွက်လာခဲ့လေသည်။

လမ်းပေါ်က ဖြတ်သွားဖြတ်လာများက မိစ္ဆာကောင်ကြီးဟု အော်ဟစ်ကြရင်း ဦးတည်ရာမဲ့ အရပ်လေးမျက်နှာသို့ ထွက်ပြေးတိမ်းရှောင် သွားကြ၏။

ရှန်းချင်းဝူ တစ်ယောက်တည်းကသာ လက်များကို ဘေးသို့ချထားပြီး လမ်းဘေးတွင် ရပ်နေခဲ့လေသည်။ သူမသည် မကြာသေးခင်ကမှ သူမနှင့်စကားပြောခဲ့ပြီး ယခုအချိန်တွင်တော့ လုံးဝမိစ္ဆာ ခန္ဓာကိုယ်အဖြစ် ပြောင်းလဲသွားခဲ့ကာ အသိစိတ်လုံးဝ ကင်းမဲ့နေပြီဖြစ်သည့် ရှန်းချင်းယင်ကို မော့ကြည့်လိုက်လေသည်။

သူမ၏မျက်နှာပေါ်တွင် ခပ်ရေးရေးအပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့၏။ ရှန်းမိသားစုရဲ့ မိသားစုဝင်တစ်ယောက်အနေနဲ့ ရှန်းမိသားစုရဲ့ ပျက်သုဥ်းမှုအတွက် လူတိုင်းက အားထည့်ပြီး ပါဝင်သင့်တာပေါ့။

မကြာမီ အခိုက်အတန့်လေးမှာပင် ပိုင်ရှိုးမင်သည် ပင်မခန်းဆောင်သို့ ရောက်ရှိလာခဲ့၏။ ရှန်းကျီးဟန်က အထူးတလည် ပြင်ဆင်ထားသည့် ရှန်းယင့်ကျူကို ဦးဆောင်ကာ ပိုင်ရှိုးမင်ထံသို့ လျှောက်လာခဲ့ပြီး သမီးဖြစ်သူကို သူ့လက်ထဲသို့ အပ်နှံပေးရန် ကြိုးစားလိုက်လေသည်။

ဘေးကရှန်းမိသားစုဝင် အားလုံးက ဒီမြင်ကွင်းကို မျှော်လင့်ချက် အပြည့်ဖြင့် ကြည့်ရှုနေကြ၏။

ထိုအချိန်မှာပင် အပြင်ဘက်က နေ့စဉ်ကြားနေကျ အသံနှင့်လုံးဝကွဲပြား ခြားနားနေသော နဂါးဟိန်းသံလိုလို အသံသည် ထွက်ပေါ်လာခဲ့ပြီး ပင်မခန်းဆောင်၏ အမိုးသည်လည်း ရုတ်တရက်ပြိုကျကာ အောက်သို့ ထိုးဆင်း လာတော့သည်။

မူလက ဆူဆူညံညံဖြင့် အတွင်းသို့တိုးဝှေ့ကာ ကြည့်ရှုလိုကြသည့် လူများသည် ထိတ်လန့်တကြားဖြင့် အပြင်ဘက်သို့ ပြေးထွက်ကြလေသည်။ တချို့ကျင့်ကြံခြင်း စွမ်းအား ရှိသူများကတော့ အလွန်လျင်လျင်မြန်မြန် ပြေးလွှားနိုင်ခဲ့ကြ၏။ သို့သော်ငြား ထိုသူများက အဝေးသို့ မရောက်သေးခင်မှာပင် ဘေးတိုက်ဝင်ရောက်လာသည့် အကြေးခွံများဖြင့် ပြည့်နှက်နေသော သန်မာထွားကြိုင်းလှသည့် ကျောင်းအမြီးကြီး၏ ရိုက်ခတ်မှုကြောင်း မြေထဲသို့ စိုက်ဝင်သွားကာ အသွေးနှင့်အသား တစ်စစီပြောင်းလဲ သွားလေတော့သည်။

သူတို့က မော့ကြည့်လိုက်သည်နှင့် ဧရာမ ကျောင်းကောင်ကြီးသည် သူတို့၏ ခေါင်းပေါ်တွင် ထိန်းမနိုင် သိမ်းမရ လှုပ်ရှားနေသည်ကို တွေ့မြင်ရလေသည်။

ရွှဲယင်က ရှန်းယင့်ရှောင်း၏ရင်ခွင်ထဲတွင် အကာအကွယ်ယူထားပြီး အော်ဟစ်ကာ ပါးစပ်မှလည်း အဆက်မပြတ် ပြောနေလေသည်။ "မြန်မြန်သွား။ မြန်မြန်သွားတော့ !"

ကျောက်ရှီကတော့ စူးရှသည့်အသံဖြင့် ရှန်းကျီးဟန်ကို မေးလိုက်၏။ "သခင်ကြီး တကယ်ပဲ ဘာတွေဖြစ်ကုန်တာလဲ။ ဘယ်လို ... ဘယ်လို လုပ်ပြီးတော့ မိစ္ဆာကောင်ကြီး တစ်ကောင် ရုတ်တရက် ထွက်ပေါ်လာရတာလဲ"

"ပါးစပ်ပိတ်ထားစမ်း !"

ကံဆိုးစွာဖြင့် အချိန်နှောင်းသွားခဲ့ပြီဖြစ်သည်။ ကျောင်းမူသည် ကျောက်ရှီပြောလိုက်သည့် စကားကို ကြာသွားဟန်တူ၏။ သူ့ခန္ဓာကိုယ်သည် အောက်ဘက်သို့ နိမ့်ဆင်းလာပြီး ချွန်ထက်လှသည့် သွားများဖြင့် ပြည့်နေသောပါးစပ်မှ သွားရည်များသည် အောက်သို့ စီးကျလာကာ ပျက်စီးသွားသည့် အမိုးကတစ်ဆင့် အခန်းအတွင်းသို့ ကျဆင်းလာတော့သည်။

သူသည် တခြားသူများ နားမလည်နိုင်သည့် ဟိန်းဟောက်သံများကို ဆက်လက်ပြုလုပ်နေပြီး မျက်လုံးအိမ်များကလည်း အတွင်းခန်းက လူများ၏ကိုယ်ပေါ်တွင် တစ်ယောက်ချင်းစီ ဖြတ်သန်း ကြည့်ရှုသွားကာ နောက်ဆုံးတွင်တော့ ရှန်းယင့်ရှောင်း၏ ကိုယ်ပေါ်သို့ ရပ်တန့်သွားတော့သည်။

သူ့ကိုယ်ပေါ်မှာ... မျိုးနွယ်တူရဲ့ အနံ့အသက်တွေ ရှိနေတာပဲ။

တခြားသူများက ဖြစ်ပျက်သွားသည်ကို မတုံ့ပြန်နိုင်ခင်မှာပင် လက်သည်း တစ်ချောင်းသည် အတွင်းသို့ ဝင်ရောက်လာပြီး ရှန်းယင့်ရှောင်းကို တိုက်ရိုက် ချိတ်ယူသွားခဲ့၏။

သူ၏ရင်ခွင်ထဲက ရွှဲယင်သည် အမိုးအပေါ်ထိ ပါသွားခဲ့သော်ငြားလည်း သေချာစွာ မဆုပ်ကိုင်နိုင်ဘဲ မြေကြီးပေါ်သို့ ချက်ချင်း ပြန်ပြုတ်ကျ လာတော့သည်။ သို့သော်ငြား ဒီအချိန်တွင် သူမ သေသည် ရှင်သည်ကို ဘယ်သူမှ ဂရုမစိုက်နိုင် ကြတော့ချေ။

“သခင်ကြီး အဲဒီမိစ္ဆာကောင်ကြီးက ယင့်ရှောင်းကို ဖမ်းသွားပြီ။ မြန်မြန်တစ်ခုခု စဉ်းစားပါဦး"

"ဖယ်စမ်း" ရှန်းကျီးဟန်သည် ကျောက်ရှီကို ဆွဲတွန်းလိုက်သည်တွင် သူမမှာ ယိုင်နဲ့သွားခဲ့ပြီး သူကတော့ ခြံဝင်းထဲသို့ ပြေးထွက်သွားခဲ့၏။

ရှန်းယင့်ရှောင်း၏ ခန္ဓာကိုယ်သည် ယခုအခါ ကျောင်းမူ၏ လက်သည်းထဲတွင် စုတ်ပြတ်နေသော အိတ်တစ်လုံးကဲ့သို့ လှုပ်လီလှုပ်လဲ့ ဖြစ်နေလေတော့သည်။

သူ့ကြည့်ရသည်မှာ စိတ်ရှုပ်ထွေးနေပုံ ရလေသည်။ ဒီနဂါးအငွေ့အသက်ရှိတဲ့ မျိုးနွယ်တူက ဘာဖြစ်လို့ မူလခန္ဓာကိုယ်ကို မြန်မြန်မပြောင်း သေးတာလဲ။

ခဏလောက် စောင့်ဆိုင်းပြီးနောက်တွင် ဘာပြောင်းလဲမှုမှ ဖြစ်မလာခဲ့ချေ။ ကျောင်းမူသည် သည်းခံနိုင်စွမ်း ကုန်ဆုံးသွားခဲ့ပြီး ချွန်ထက်နေသည့် သွားများဖြင့် ပြည့်နေသောပါးစပ်ကိုဖွင့်ကာ သူ့ကိုကိုက်ဖြတ်ရန် ကြိုးစားလိုက်တော့သည်။

"ရှန်းချင်းယင် ရပ်လိုက် !" ရှန်းကျီးဟန်သည် ဒေါသတကြီး အော်ဟစ်လိုက်သည်တွင် ကျောင်းမူကို ဆက်လက် ကိုက်ဖျက်မည့်အရေးမှ တားဆီးနိုင်သော်ငြားလည်း သူမကိုတော့ လုံးဝဒေါသ ထွက်သွားစေခဲ့၏။

သူမက အမြီးကို လှုပ်ယမ်းရင်း ပတ်ဝန်းကျင်ကို မြင်မြင်သမျှ ရိုက်ခတ်နေခဲ့ပြီး အမြီးတစ်ချက် ဝှေ့လိုက်တိုင်း နာကျင်စွာ အော်ဟစ်သံများ ထွက်ပေါ်လာခဲ့၏။

ဒီအချိန်မှ ရှန်းမိသားစု အိမ်တော်ဟောင်းသည် သားသတ်ရုံတစ်ရုံနှင့် ပိုတူနေခဲ့ပြီး သွေးသံရဲရဲဖြင့် ကြောက်မက်ဖွယ် ကောင်းလှတော့သည်။

ရှန်းကျီးဟန်သည် ရှမ်းချင်းယင်နှင့် ချုပ်ဆိုထားသည့် ဝိညာဉ်စာချုပ်ကို အသည်းအသန် အသက်သွင်းကာ သူမကို တားမြစ်ရန် ကြိုးစားနေတော့သည်။

သို့သော်ငြား ပုံမှန်အချိန်များတွင် ဝိညာဉ်စာချုပ်ကို တသွေမတိမ်း လိုက်နာခဲ့သည့် ရှန်းချင်းယင်သည် ယနေ့တွင်တော့ ဝိညာဉ်စာချုပ်ကို ချိုးဖောက်ခြင်း၏ ပြင်းထန်သည့် နာကျင်မှုကို ခံစားရမည်ကို သိလျက်နဲ့ပင် သူ့ကို ဘာတုံ့ပြန်မှုမှမပေးဘဲ ပတ်ဝန်းကျင်ရှိ အရာများအားလုံးကို ရူးသွပ်စွာ ဆက်လက်ဖျက်ဆီးလို့ နေတော့သည်။

ရှန်းကျီးဟန်သည် အသက်ရှင် သေဆုံးမှုအတွက် စိုးရိမ်ပူပန်နေပြီး ဒီပရမ်းပတာ အခြေအနေအတွက် ဒေါသများ ပြည့်နှက်နေကာ မည်သို့မှ ဖွင့်ချလို့မရနိုင် ဖြစ်နေချိန်တွင် သူ့နောက်ကျောဘက်မှ အသံတစ်သံ ထွက်ပေါ်လာခဲ့၏။

"ဒါက ရှန်းမိသားစုက အပင်ပန်း အဆင်းရဲခံပြီး မွေးထားတဲ့ ကျောင်းမူလား"

သူသည် ရုတ်တရက် ခေါင်းအလှည့်တွင် စကားပြောလာသူမှာ ပိုင်ရှိုးမင်ဖြစ်နေသည်ကို တွေ့လိုက်ရပြီး မြန်မြန်ပြောလိုက်တော့သည်။ "ဒီနေရာက အရမ်းအန္တရာယ်များတယ်။ ရှီဇီအနေနဲ့ အမြန်ဆုံး ရှောင်ရှားတာက ပိုကောင်းပါလိမ့်မယ်"

ပိုင်ရှိုးမင်သည် သူ့ကိုဂရုမစိုက်ဘဲ အသိစိတ် လုံးဝကင်းမဲ့နေသည့် ထိုကျောင်းကောင်ကြီးကို ကြည့်ကာ တစ်ယောက်တည်း ဆက်ပြောလိုက်၏။ "အဆင့်လေးနယ်ပယ် မိစ္ဆာကြီးကို တိတ်တဆိတ် မွေးမြူထားတာက မျိုးဆက်ကိုးဆက်လုံး သုတ်သင်ရမယ့် ကြီးလေးတဲ့ ပြစ်မှုကြီးပဲ။ ရှန်းမိသားစု ခေါင်းဆောင်က တကယ်သတ္တိ ရှိလွန်းတာပဲ"

ရှန်းကျီးဟန်သည် ပိုင်ရှိုးမင်က အတည်ပြောနေခြင်းလား သို့မဟုတ် နောက်ပြောင်နေခြင်းလား အခိုက်အတန့် ဆုံးဖြတ်ရန် ခက်ခဲသွားတော့၏။

သူသည် သားဖြစ်သူအတွက် စိုးရိမ်ပူပန်မှုကို ခဏလောက် ဘေးဖယ်ထားလိုက်ပြီး ရှေ့ကလူကိုပါ ရင်ဆိုင်လိုက်ရတော့သည်။ "ရှီဇီက နောက်နေတာပဲ ဖြစ်ရမယ်။ ဒါကမတော်တဆ ဖြစ်ရပ်တစ်ခုပါ။ ဘယ်သူမှ သိမှာမဟုတ်ပါဘူး။ နောင်တချိန်မှာ ရှီဇီနဲ့ ကျွန်တော်သမီးတို့ လက်ထပ်ပြီးသွားရင် ဒီကျောင်းမူက ရှီဇီရဲ့ လက်ထဲမှာ အကြီးမားဆုံး အထောက်အကူ ဖြစ်လာမှာပါ"

ပိုင်ရှိုးမင်ကတော့ မည်သို့မှ သဘောမထားဘဲ ပြောလာခဲ့သည်။ "ရှီးလင်ဝမ် ကရောသိလား"

"ဒါပေါ့ ဝမ်ရယ်ကသိပါတယ်"

"ဒါဆိုရင် ကြံရာပါလည်း ရှိနေတာပေါ့"

ရှန်းကျီးဟန်သည် ပိုင်ရှိုးမင်းထံသို့ ခေါင်းလှည့်ကာ ကြည့်လိုက်၏။ သူ့မျက်လုံးထဲတွင် နောက်ပြောင်လိုသည့် အရိပ်အယောင် တစ်စက်ကလေးမှမရှိဘဲ လေးလေးနက်နက် ဖြစ်နေသည်မှာ ထင်ရှားလို့နေသည်။

သူ့မှာမနေနိုင်ဘဲ တုန်လှုပ်သွားတော့၏။ "ရှီဇီ ဒါက ဘာအဓိပ္ပာယ်နဲ့ပြောတာလဲ"

"ကျောင်းကောင်ကြီးက သောင်းကျန်းနေပြီ။ ရှန်းမျိုးနွယ် ခေါင်းဆောင်ကို ကျွန်တော်က တစ်ခုလောက် လမ်းညွှန်ပေးရရင် ပိုကောင်းမလား"

"ဘယ်လိုလမ်းညွှန်မှာလဲ"

ထိုအချိန်တွင် နောက်ထပ်အသံတစ်ခု ထွက်ပေါ်လာတော့၏။ "ဒါပေါ့။ လက်မြောက် အရှုံးပေးပြီးတော့ မင်ကျင့်စီးကို ဖြေရှင်းခိုင်း လိုက်ရုံပဲလေ။ ခင်ဗျားလည်း ဒီလိုပဲထင်တယ် မဟုတ်လား။ ပိုင်လူကြီးမင်း"

အသံထွက် ပေါ်လာပြီးနောက် ရှန်းမိသားစု၏ ကောင်းကင်ယံတွင် မီးခိုးရောင် မြူခိုးတလွှာက လျင်မြန်စွာ ဖုံးလွှမ်းသွားပြီး မကြာခင်မှာပင် ဒီနေရာကို အပြင်လောကနှင့် အဆက်အသွယ် ဖြတ်တောက် လိုက်လေတော့သည်။

ရှန်ကျော်သည် မင်ကျင့်စီး အစောင့်များကို ဦးဆောင်ကာ မြူခိုးများထဲမှ ပေါ်ထွက်လာခဲ့ပြီး ရှန်းကျီးဟန်၏ ရှေ့တွင် ရပ်တန့်လိုက်တော့သည်။

"ရှန်းမိသားစု ခေါင်းဆောင်။ ကျွန်တော်တို့ ပြန်တွေ့ကြပြန်ပြီနော်"

...

All Chapters