← Chapters

ပိုင်ရှိုးမင် မကြောက်ပါနဲ့ ...

Vol. 11 Ch. 102

ပိုင်ရှိုးမင် မကြောက်ပါနဲ့ ...

Vol. 11 Ch. 102

"တကယ် မလိုဘူးလား။ ဘာပဲဖြစ်ဖြစ် စုတ်ပြတ်နေပြီပဲဟာ။ ပြီးတော့အဝတ်အစား ဝတ်ထားရင် အဆိပ်ဖြေရင် ခဏနေ ရှင် မသက်မသာ ခံစားရလိမ့်မယ်" အားချန်၏ လေသံသည် အလွန်လေးနက်လို့ နေသည်။ သူမ၏ မျက်လုံးများက ထိုမျှလောက် လျှောက်ကြည့်မနေခဲ့လျှင် ပိုပြီး ယုံကြည်နိုင်စရာ ကောင်းပေလိမ့်မည်။

ပိုင်ရှိုးမင်က သူမလက်ကို လွှတ်လိုက်ပြီး “ငါ နာမှာမကြောက်ပါဘူး"

"ဒါကဆေး စုပ်ယူအားကိုလည်း နှောင့်နှေးစေနိုင်တယ်"

"ဒါဆိုရင်လည်း နှောင့်နှေးပါစေ"

"ပိုင်ရှိုးမင် ရှင် ရှက်နေတာလား"

အားချန်သည် သူ့အနားသို့ ကပ်သွားကာ မေးလိုက်လေသည်။ သူမသည် သူ၏အဝတ်အစားများကို အမှန်တကယ် ချွတ်ချင်နေသည် မဟုတ်သော်ငြားလည်း သူက ခွင့်မပြုလာသည်ကို မြင်လိုက်သည်တွင် ကြိုးစားရမည်မှာ သဘာဝပင် မဟုတ်ပါလား။

ပိုင်ရှိုးမင်က မျက်လုံးများကို မှိတ်ထားလိုက်ပြီး သူမကို ဂရုမစိုက်တော့ချေ။

"မရှက်ပါနဲ့။ ကျွန်မ ဘာမှ ဂရုစိုက်နေမှာ မဟုတ်ပါဘူး" အားချန်သည် သူမ၏မငြိမ်မသက် ဖြစ်နေသည့် လက်သေးသေးလေးကို စမ်းကြည့်သလို နောက်တစ်ကြိမ် ဆန့်ထုတ်လိုက်လေသည်။

ပိုင်ရှိုးမင်က မျက်လုံးများကို ပင့်လာပြီး သူမကို ကြည့်ကာ သတိပေးလိုက်၏။ "ငါက အဆိပ်မိနေတာ။ သေသွားတာ မဟုတ်ဘူး"

မျက်နှာချင်းဆိုင်က ခြိမ်းခြောက်မှုသည် အားချန်ကို လိမ်လိမ်မာမာလေး လက်ပြန်ရုပ်သွားစေပြီး သူမ၏ရင်ထဲက လှုပ်ရှားနေသည့် အတွေးများကို လက်လျှော့လိုက်ရလေတော့သည်။ "သိပါပြီ။ ရှင့်ရဲ့ဂုဏ်သိက္ခာကို မထိပါးတော့ပါဘူး"

သူ နောက်တစ်ကြိမ် မျက်လုံးမမှိတ်မီတွင် အားချန်က မြန်မြန်ပြောလိုက်၏။ "နောက်ဆုံးမေးခွန်း"

"အင်း"

"ရှင့်ကိုယ်ပေါ်မှာ ကျင့်ကြံတဲ့နေရာမှာ အထောက်အကူပြုတဲ့ ဆေးလုံးတွေရော ဘယ်ရောက်သွားလဲ"

သူမက သိလိုစိတ်ဖြင့် မေးလိုက်၏။ "ငါက ကျင့်ကြံတဲ့ နေရာမှာ ဆေးလုံးတွေ မသုံးဘူး"

ဒါက တကယ် ဒေါသထွက်စရာပဲ။ သူကဒီနှစ်မှာ အသက်ဘယ်လောက် ရှိသေးလို့လဲ။ ကျင့်ကြံတာကို ထမင်းစား ရေသောက် အိပ်တာလောက် လွယ်ကူတဲ့လူမျိုး ရှိသေးလို့လား။

အားချန်သည် ခဏလောက် မနာလိုဖြစ်သွားပြီးနောက်မှ သူက အတွင်းအားလည်ပတ်ကာ အဆိပ်ကို တွန်းထုတ်နေသည်ကို တွေ့လိုက်ရသည်တွင် သူမကလည်း စားပွဲအနားသို့ ပြန်သွားလိုက်ပြီး ခုနကရွေးချယ်ထားသည့် ကျင့်ကြံရာတွင် အထောက်အကူပြု ဆေးပင်များကို ခွဲထုတ်လိုက် လေတော့သည်။

အခုနေ ဆေးဖော်စပ်ဖို့ကလည်း အချိန် လုံးဝမမှီတော့ဘူး။ ငါ့မှာကလည်း အဲ့လို အဆင့်မြင့်တဲ့ ဖော်စပ်နည်းပညာ တွေလည်းမရှိဘူး။ ဆေးဖော်စပ်တဲ့ နယ်ပယ်မှာ ငါ ကျွမ်းကျင်တဲ့ အမြင့်ဆုံး ပညာရပ်က လက်နဲ့ဆေးလုံး လုံးတာပဲ။ ဒီထက်လည်း ပိုမတတ်တော့ဘူး။ သူမသည် မီးဖိုချောင်သို့သွားကာ ဟွေ့ညန်က သူမအတွက် အထူးဝယ်ထားပေးသည့် မီးဖိုငယ်လေးနှင့် ဆေးကျိုသည့် အိုးလေးကို ယူလာခဲ့တော့သည်။ ဒီပစ္စည်းများသည် မူလက သူမအတွက် ပြင်ဆင်ထားခြင်း ဖြစ်သော်ငြားလည်း ရလဒ်အနေဖြင့် သူမက မသုံးဖြစ်ဘဲ ပိုင်ရှိုးမင်အတွက်သာ ဖြစ်သွားလေသည်။

အားချန်က တံခါးမကြီးဘေးတွင် မီးဖိုကို ဖိုလိုက်ပြီး ဆေးအနည်းငယ်ကို ကြိတ်ချေကာ ဝိညာဉ်စမ်းရေနှင့်အတူ ဆေးကြိုသည့်အိုးထဲသို့ ထည့်ကာ ကြိုလိုက်လေသည်။ ရေများအားလုံး ခမ်းခြောက်သွားပြီး အညိုဖျော့ရောင် ဆေးများ ကျန်ရှိနေသည်အထိ ကြိုထားလိုက်၏။

သူမသည် ဆေးများကို ဇွန်းဖြင့်ခြစ်ယူကာ ပန်းကန်လုံးထဲသို့ ထည့်လိုက်လေသည်။ အပူချိန် အနည်းငယ် အေးသွားသည်အထိ စောင့်ဆိုင်းလိုက်ပြီးနောက် မီးလောင်လွယ်သည့် လင်မုသစ်သားအမှုန့် အနည်းငယ်ကို ရောနှောလိုက်ပြီး ထိုဆေးများကို ရှစ်ပုံပုံကာ ကန်တော့ပုံစံ အမွှေးနံ့သာ တုံးလေးများ ပြုလုပ်လိုက်လေသည်။

ငါ့ရဲ့ဒီလို လုပ်ပုံလုပ်နည်းက တကယ်တော့ ဖြုန်းတီးရာကျတယ်။ ဒါပေမဲ့လည်း ဘယ်တတ်နိုင်မှာလဲ။ ငါက ဆေးဖော်စပ်တဲ့သူမှ မဟုတ်တာ။ ဖော်စပ်ထားတဲ့ဆေးကို လူတွေကို အလွယ်တကူ ကျွေးလို့မဖြစ်ဘူးလေ။

အမွှေးနံ့သာတိုင် ထွန်းထားတာကလည်း ဆေးလုံးသောက်တာလောက် အာနိသင်မရှိပေမယ့် ပိုပြီးတော့ ညင်သာတယ်။ အမွှေးတိုင် အားလုံးကို တစ်ကြိမ်တည်း ထွန်းလိုက်ရင် အာနိသင်က ပိုတောင်မှ ပြင်းသွားဦးမှာ။

အားချန်သည် မီးဖိုချောင်သို့ နောက်တစ်ကြိမ်သွားကာ ပန်းကန်ပြား ရှစ်ချပ်ကို ယူလာခဲ့လေသည်။ အမွှေးတိုင်များကို တစ်ချပ်ချင်း ထည့်လိုက်ပြီး မီးညှိတံဖြင့် မီးညှိကာ ကုတင်ဘေးတွင် တစ်ပတ်ပတ်ကာ တည်ထားလိုက်တော့၏။

အခြောက်မခံရသေးသည့် အမွှေးနံ့သာတိုင်များသည် လင်မု သစ်သားအမှုန့် ထည့်ထားသောကြောင့် အလွယ်တကူ မီးဆွဲနိုင်သော်ငြားလည်း လောင်ကျွမ်းနှုန်းကတော့ လျင်မြန်ခြင်းမရှိဘဲ အငွေ့က အလွန်များပြားလိုနေသည်။

အခန်းထဲတွင် မီးခိုးငွေ့များ လည်ပတ်နေသော်ငြား မလှုပ်မယှက် တည်ငြိမ်နေသည့် ပိုင်ရှိုးမင်ကို အားချန်တစ်ယောက် ခဏလောက် သဘောကျစွာ ကြည့်နေမိ၏။

ဘယ်သူက သူ့ကို ခုနကအဝတ် မချွတ်ခိုင်းလို့လဲ။ အနံ့စွဲသွားရင်လည်း ကိုယ့်ဟာကိုယ်ပဲ အပြစ်တင်လိုက်တော့။

ထိုနောက်တွင်တော့ သူမသည် ကျန်ရှိနေသည့် ပစ္စည်းများကို ပွေ့ဖက်ကာ တံခါးဝသို့ သွားလိုက်ပြီး လေရှူရန် အပြေးအလွှား ထွက်သွားတော့သည်။

ပိုင်ရှိုးမင်က ပြောခဲ့သည့်အတိုင်းပင် အမှန်တကယ် နာကျင်မှုကို ကြောက်ရွံဟန် မတူချေ။

ထိုကာလအတွင်းတွင် အားချန်သည် အခန်းထဲသို့ အကြိမ်ပေါင်းများစွာ ပြန်လာပြီး ကြည့်ရှုခဲ့သည်။ သူမှာပြုလုပ်ထားသည့် အမွှေးနံ့သာ တိုင်များမှာ အာနိသင် စပြနေပြီ ဖြစ်သော်ငြားလည်း ပိုင်ရှိုးမင်၏ နဖူးပြင်နှင့် လည်ပင်းတို့တွင် သွေးကြောများ ထောင်တက်လာပြီး ချွေးများနှင့် သွေးများရောစပ်ကာ အဝတ်အစားထဲသို့ စိမ့်ဝင်နေသည်ကိုသာ တွေ့မြင်ရ၏။ သို့သော်ငြား သူ့ထံက အသံကတော့ တစ်စက်ကလေးမှ ထွက်လာခြင်း မရှိချေ။

သူက အတွင်းအား လည်ပတ်နေချိန်တွင် အားချန်က အနီးသို့မကပ်ဝံ့ဘဲ အဝေးကသာ အခြေအနေကို အကဲခတ် ကြည့်ရှုပြီး အမွှေးနံ့သာ အသစ်များ ထပ်မံဖော်စပ်ရန် ပြန်ထွက်သွားလိုက်လေသည်။

ဒီတစ်ကြိမ် ပြုလုပ်ထားသည့် အမွှေးနံ့သာတိုင်များကတော့ ပိုပြီး ရိုးရှင်းကာ နာကျင်မှုကို သက်သာစေရန် ဖြစ်၏။ အားချန်သည် ခုနက ရှာတွေ့ထားသည့် ရေခဲပုလဲလုံးလေးများလို ဖော်ရှင်းလုကို ထုတ်လာခဲ့သည်။

ဒီပစ္စည်း၏ နာမည်ကိုလည်း လူသားမျိုးနွယ်များက ပေးထားခြင်း ဖြစ်လေသည်။ လူသားမျိုးနွယ်ထဲက ဗုဒ္ဓကျင့်ကြံသူများသည် စိတ်နှလုံးထဲက မိစ္ဆာကို ကြုံတွေ့ရခြင်း ရှားပါးသည်ဟု ကြားသိရသဖြင့် ဒီအရာကို ဖော်ရှင်းလုဟု အထူးတလည် အမည်ပေးထားခြင်းပင်။ နာမည်ကိုကြားရုံမျှဖြင့် စိတ်နှလုံးမှမိစ္ဆာကို ခုခံကာကွယ်ရန် အထူးအသုံးပြုကြောင်း သိနိုင်လေသည်။

စိတ်နှလုံးထဲကမိစ္ဆာကို ခုခံနိုင်သည့် ဝိညာဉ်ပင်များမှာ အလွန်ရှားပါးလှသဖြင့် ဒီပစ္စည်းသည် အလွန်ရှားပါးပြီး တန်ဖိုးကြီးမားလှလေသည်။

ငါ အရင်တုန်းက တစ်လုံးစားဖူးတယ်။ ဦးနှောက်က လိုတာထက်ကို ပိုကြည်လင်နေပြီး ရက်ပေါင်းများစွာ အိပ်မပျော်တာကလွဲရင် တခြားဘာအာနိသင်မှ မခံစားရပါဘူး။

သူမသည် ဖော်ရှင်းလုကို လေးလုံးလောက် ထုတ်လာလိုက်သည်။ ထိုအရာလေးများက ရေခဲလုံးလေးများမှနေ၍ ရေလုံးလေးများလို ချက်ချင်း ပြောင်းလဲသွား၏။ နည်းနည်းလေး ညှစ်လိုက်သည်နှင့် သူမ၏လက်ဖဝါးပေါ်တွင် အစိမ်းရောင် အလွှာလေးတစ်ခုသာ ကျန်ရစ်ခဲ့ကာ အတွင်းပိုင်းက အရေက အမွှေးနံ့သာမှုန့်ထဲသို့ ကျဆင်းသွားတော့သည်။

အားချန်သည် အမွှေးနံ့သာမှုန့်ကို ရောမွှေလိုက်ပြီး အမွှေးတိုင် ပုံစံပြုလုပ်လိုက်ကာ ဒီတကြိမ်တွင်တော့ လေးခုရလာခဲ့သည်။

သူမက အပြင်ဘက်တွင် အလုပ်များနေပြီး အတွင်းထဲက ပိုင်ရှိုးမင်ကို အခါအားလျော်စွာ ဝင်ကြည့်နေရင်းက မသိလိုက် မသိဘာသာပင် အချိန်ကသုံးနာရီကျော်လောက် ကုန်ဆုံးသွားခဲ့သည်။

ကောင်းကင်သည် တဖြည်းဖြည်း မှောင်မည်းလာခဲ့၏။ အပြင်ဘက်တွင် စောင့်ဆိုင်းနေသည့် မင်ကျင့်စီးတပ်မှူးက ညစာလာပို့သည့်အခါမှ သူမမှာ ပင်ပန်းနွမ်းနေပြီး ဗိုက်ဆာလာသည်ကို ခံစားမိလိုက်ရတော့သည်။

အစားအသောက်များမှာ အနီးအနားက စားသောက်ဆိုင်မှ ဝယ်လာခြင်းဖြစ်ဟန်တူသည်။ အရသာကတော့ မဆိုးလှချေ။ အားချန်သည် ထမင်းစားပြီးနောက် ပိုင်ရှိုးမင်ထံက မည်သည့်လှုပ်ရှားမှုမှ မရှိသည်ကို မြင်တွေ့လိုက်ရသည့်တွင် တပ်စုမှူးတစ်ဦးကို အခန်းအပြင်တွင် စောင့်ဆိုင်းခိုင်းထားလိုက်ပြီး သူမကိုယ်တိုင်ကတော့ ဟွေ့ညန်၏ အခန်းထဲသို့သွားကာ နားနေလိုက်လေသည်။

နာရီဝက်ပင် မပြည့်သေးချေ။ သူမစောင့်ကြည့် ခိုင်းထားသည့် တပ်စုမှူးက ရုတ်တရက် အခန်းတံခါးကို လာခေါက်တော့သည်။

"မိန်းကလေးကျိ" တံခါးအပြင်ဘက်က လူ၏အသံမှာ အနည်းငယ် အလျင်စလိုဖြစ်နေ၏။

အားချန်က တံခါးဖွင့်လိုက်သည်နှင့် ထိုတပ်စုမူး၏မျက်နှာပေါ်တွင် အခက်တွေ့နေသည့် အရိပ်အယောင်များ တွေ့မြင်လိုက်ရတော့သည်။

"ဘာဖြစ်လို့လဲ" သူမကမေးလိုက်၏။

"မင်းကိုယ်တိုင် သွားကြည့်တာ ပိုကောင်းမယ်။ ပိုင်လူကြီးမင်း ကြည့်ရတာ တစ်ခုခု မှားနေသလိုပဲ"

အားချန်သည် ထိုတပ်စုမှူးနှင့်အတူ သူမ၏အခန်းသို့ အလျင်အမြန် လိုက်ပါလာခဲ့၏။ အထဲသို့ဝင်လိုက်သည်နှင့် ထိုလူက ထူးဆန်းနေသည်ဟု ပြောရသည့် အကြောင်းအရင်းကို သိလိုက်ရတော့သည်။

ပိုင်ရှိုးမင်သည် မျက်လုံးများ ဖွင့်ထားသော်ငြားလည်း မျက်ဝန်းများမှာ အသက်မဲ့နေပြီး ရှေ့တွင်ရပ်နေသည့် အားချန်ကို လုံးဝမမြင်သကဲ့သို့ပင်။

သူ့ခန္ဓာကိုယ်တွင်လည်း အကြောင်းအရင်းမသိဘဲ ဒဏ်ရာများစွာ ရုတ်တရက် ပေါ်ထွက်လာလေသည်။ ရှည်လျားလှသည့် သွေးစင်းကြောင်းများမှာ ကျာပွတ် ဒဏ်ရာများနှင့်တူလှပြီး သွေးများကလည်း အဆက်မပြတ် အန်နေ၏။

"မိန်းကလေးကျိ ပိုင်လူကြီးမင်း ဒါဘာဖြစ်သွားတာလဲ"

အားချန်ကလည်း တစ်ဖက်လူကို ပြန်ဖြေဖို့ရန် အချိန်မရှိတော့ချေ။ သူမက ခုနကဖော်စပ်ထားသည့် အမွှေးတိုင် တစ်ခုကို ထုတ်ယူလိုက်ပြီး မီးညှိကာ ကုတင် ဘေးတွင် တင်ထားလိုက်လေသည်။

အစိမ်းရောင် မီးခိုးငွေ့များက တလိမ့်လိမ့်ထွက်ပေါ်လာပြီး မီးခိုးငွေ့များသည် ပိုင်ရှိုးမင်၏ ပတ်ပတ်လည်တွင် ဝေ့ဝဲလို့နေ၏။

"ဘာမှမဖြစ်ပါဘူး ရွှမ်ရွှေမြွေ အဆိပ်က စိတ်ထင်ယောင်ထင်မှား ဖြစ်သွားစေတဲ့ အခြေအနေတစ်ခုထဲ ရောက်သွားစေတာပါ။ ထင်ယောင်ထင်မှား ဖြစ်နေတဲ့ စိတ်အခြေအနေထဲမှာ ရခဲ့တဲ့ဒဏ်ရာတွေက ခန္ဓာကိုယ်ပေါ်မှာ လာပေါ်တာ" သူမသည် စိတ်လှုပ်ရှားနေသည့် တပ်စုမှူးကို ရှင်းပြလိုက်ပြီး သူ့ကိုအရင်ထွက်သွား ခိုင်းလိုက်တော့သည်။

ထိုနောက်တွင်တော့ သူမက တံခါးကို ပိတ်ထားလိုက်ကာ ကုလားထိုင်တစ်လုံးကို ကုတင်ဘေးသို့ သယ်လာခဲ့ပြီး ထိုင်ချလိုက်ပြီးနောက် ကုတင်ပေါ်ကလူကို ကြည့်လိုက်လေသည်။

သူမသည် ပိုင်ရှိုးမင်၏ အတိတ်က မည်သည့်အရာများ ဖြတ်သန်းခဲ့သည်ကို မသိသော်ငြားလည်း ထိုအရာများက ကောင်းမွန်သည့် အမှတ်တရများ မဟုတ်သည်မှာ ထင်ရှားလှပြီး ယခုအချိန်တွင် သူသည် ထိုအခြေအနေထဲတွင် နှစ်မြောကာ ရုန်းမထွက်နိုင် ဖြစ်နေခြင်းပင်။

လူအများစု၏ စိတ်နှလုံးထဲက မိစ္ဆာသည် အတိတ်ကနာကျင်ဖွယ် အတွေ့အကြုံများမှ လာလေ့ရှိ၏။

ယခင်က နာကျင်မှုများသည် ကြီးပြင်းလာသည်နှင့်အမျှ ပျောက်ကွယ်သွားခြင်းမရှိဘဲ ပုတ်သိုးနေသော ဒဏ်ရာများလို လူကို ပိုပြီး နာကျင်ရစေသည်။ ကျင့်ကြံမှုအဆင့် မြင့်မားလာလေလေ ထိုအတိတ်များသည် စိတ်နှလုံးထဲကမိစ္ဆာအဖြစ် ပြောင်းလဲသွားကာ အမြစ်ဖြတ်ရန်ခက်ခဲလေလေပင်။

သူသည် ထင်ယောင်ထင်မှား ဖြစ်နေသည့် အခြေအနေထဲတွင် မည်သည့်အရာများကို တွေ့နေရပါသနည်း။

"အမေ"

အားချန်သည် သူ ခပ်တိုးတိုး ခေါ်လိုက်သံကို ကြားလိုက်ရ၏။

ပိုင်ရှိုးမင်က သူ့အမေကို မြင်တွေ့လိုက်ရသည်။ ထိုအချိန်က နူးညံ့သိမ်မွေ့ပြီး နူးညံ့လှပသော အမျိုးသမီးပင်။

ရှီးလင်ဝမ်ဝမ်ဖေး၏ အဖေနှင့်အစ်ကိုများသည် စစ်မြေပြင်တွင် ထူးချွန်ပြောင်မြောက်သော်ငြား ကံဆိုးစွာဖြင့် သူတို့သည် နောက်ဆုံးတော့ စစ်မြေပြင်၌ပင် ကျဆုံးခဲ့ရသည်။ အရှင်မင်းကြီးက သူမ မိဘမဲ့ဖြစ်သွားသည်ကို သနားကြင်နာသောအားဖြင့် သူမကို ရှီးလင်ဝမ်နှင့် လက်ထက်ထိမ်းမြားပေးခဲ့သည်။

အစပိုင်းတွင်တော့လည်း အားလုံး အဆင်ပြေနေသေးသည်။ ရှီးလင်ဝမ်ဖေးသည် ရှီးလင်ဝမ်၏ ချစ်ခင်မြတ်နိုးမှုကိုရရှိခဲ့ပြီး သူမ၏ သားတော်သည်လည်း ရှီဇီ အဖြစ်သတ်မှတ်ခံခဲ့ရသည်။

တစ်နှစ်သို့ ရောက်လာသောအခါ ချင်းညန်ဟု ခေါ်သည့်အမျိုးသမီးတစ်ဦး အိမ်တော်သို့ ရောက်ရှိလာပြီး ချဲ့ဖေး (ဒုတိယမယား) တစ်ယောက် ဖြစ်လာခဲ့၏။

ချင်းညန်သည် အလွန်ချောမောလှပသော အမျိုးသမီးတစ်ဦးဖြစ်ပြီး ရှီးလင်ဝမ်က သူမကိုအလွန် စွဲလမ်းသွားကာ ချင်းညန် တစ်ဦးတည်းကိုသာ အလေးပေး ချစ်ခင်လေတော့သည်။ အိမ်တော်၏ အတွင်းရေးကိစ္စများ အားလုံးကိုလည်း ချင်းညန်က လွဲပြောင်းယူခဲ့ပြီး တခြားမယားငယ်များသည် ဝမ်ရယ်၏ မျက်နှာကို မမြင်ရသလို ဝမ်ဖေးသည်လည်း ထိုနည်းတူပင် ဖြစ်ခဲ့လေသည်။ ထိုမျှမကသေးဘဲ အကြောင်းအရင်းမသိ ဝမ်ဖေးသည် ချင်းညန်၏ မျက်လုံးထဲတွင် ဆူးညောင့်ခလုတ် ဖြစ်လာလေတော့သည်။

သူမကို ကာကွယ်ပေးနေသည့် လူများမှာ တစ်ယောက်ပြီး တစ်ယောက် ပျောက်ကွယ်သွားခဲ့ပြီး သူမနှင့် သူမ၏သားတော် သည်လည်း ညတွင်းချင်းမှာပင် ရှိရင်းစွဲအရာများကို ဆုံးရှုံးသွားတော့၏။ အိမ်တော်ထဲတွင် အစေခံများထက်ပင် နိမ့်ကျသည့်ဘဝနှင့် နေထိုင်ခဲ့ရပြီး အချိန်မရွေး ရိုက်နှက်ခံရကာ ဆဲဆိုခြင်းခံခဲ့ရသည်။

အလွန်ငယ်ရွယ် လှသေးသည့် ပိုင်ရှိုးမင်သည် ထိုလူများက သူနှင့်သူ့အမေကို အနိုင်ကျင့်နေရသည့် အကြောင်းအရင်းကို နားမလည်နိုင်ခဲ့ချေ။

ငါ့ကိုဘာလို့ နှိပ်စက်နေကြတာလဲ။ ငါ့အမေကိုရော ဘာဖြစ်လို့ နှိပ်စက်နေကြတာလဲ။ အရင်တုန်းက နေ့တိုင်းတွေ့ရတဲ့ ဖုဟွမ်က ရော ဘာဖြစ်လို့ငါ့ကို လားမကြည့်တော့တာလဲ။

တစ်ကြိမ်တွင်တော့ သူသည် အမေဖြစ်သူ ရိုက်နှက်ခံနေရသည်ကို ကိုယ်တိုင်မြင်တွေ့ ခဲ့ရလေသည်။ သူသည် ထိုရက်စက်လှသည့် အစေခံများကို ရှောင်တိမ်းကာ ဖုဟွမ်ထံသို့ တရားမျှတမှုရရန် သွားရောက်ခဲ့သော်ငြား ချင်းညန်၏ဘေးက အစောင့်များက တွေ့ရှိသွားခဲ့ပြီး သူ့ကိုခြံဝင်းထဲတွင် ဖမ်းချုပ်ထားကာ ကြိမ်ဒဏ် အချက်၂၀ရိုက်နှက် ခဲ့လေသည်။

ကြိမ်ဒဏ် တစ်ချက်ချင်းစီသည် အသည်းခိုက်အောင် နာကျင်လှပြီး ပေးနေလှသည့် ခန္ဓာကိုယ်လေးမှာ အရေပြားများ စုတ်ပြဲကာ သွေးထွက်သံယို ဖြစ်ခဲ့ရ၏။ သူ့ ဖုဟွမ် ပြန်လာသည့်အထိပင်။

ထိုလူက သူ့အတွက် တရားမျှတမှု ရှာဖွေပေးလိမ့်မည်ဟု ထင်ခဲ့သော်ငြားလည်း ထိုသို့ဖြစ်မလာခဲ့ချေ။

ရှီးလင်ဝမ်သည် သူ့ဘေးမှ အေးစက်စက် ဖြတ်သန်းသွား ခဲ့လေသည်။ သူ ကြားလိုက်ရသည်မှာ ချင်းညန်က ရှီးလင်ဝမ်ကို သူသည် စည်းကမ်းမရှိဘဲ သူမကိုထိခိုက်မိအောင် ပြုလုပ်သဖြင့် အထူးတလည်လူလွှတ်ပြီး ဆုံးမခိုင်းခြင်းဖြစ်သည်ဟု ပြောနေခြင်းပင်။

ထိုနောက်တွင် ချင်းညန်က ထပ်မံပြောပြန်သည်။ သူက ဒီလိုစည်းကမ်းမရှိခြင်းက ရှီးလင်ဝမ်ဖေးက သင်ကြားပေးထားခြင်း ဖြစ်သည်မှာ သေချာပြီး ဝမ်ဖေးအမှား လုပ်မိလျှင်လည်း အတူတူအပြစ်ပေးသင့်သည်ဟူ၍။

ပိုင်ရှိုးမင်သည် သူတို့ကို တားဆီးချင်သော်ငြားလည်း လည်ချောင်းထဲတွင် သွေးနံ့များသာ ခံစားလိုက်ရ၏။ သူ စကားမပြောနိုင်ဘဲ သွေးများကို အန်ထုတ်လိုက်ပြီးနောက် နောက်ဆုံးတွင်တော့ သတိလစ်သွားတော့သည်။

သူ နိုးလာချိန်တွင် မှောင်မဲနေသည့် အခန်းထဲတွင် ပိတ်လှောင်ခံထားရလေသည်။

ဘယ်သူကမှ သူ့ကို ဆေးလိမ်းပေးခြင်းမရှိဘဲ သူကိုယ်တိုင်သာ ကြံ့ကြံ့ခံ နေခဲ့ရသည်။ ထိုအချိန်များတွင် သူ့အနားတွင်ရှိနေသည်မှာ အေးစက်ညစ်ပတ်လှသည့် ရေများ ပုတ်သိုးနေပြီဖြစ်သည့် အစားအသောက်များနှင့် နာကျင်ပုတ်သိုးနေသည့် ဒဏ်ရာများသာပင်။

ဤသို့ဖြစ်ရခြင်းမှာ သူသည်နားမလည်သောကြောင့် ဝမ်ရယ်က သူ့ကိုအပြစ်ပေးခြင်းဖြစ်သည်ဟု တံခါးအပြင်ဘက်က စောင့်နေသည့်လူများက ပြောကြလေသည်။

သူသည် အခန်းထဲတွက် မရပ်မနား အော်ဟစ်ငိုကြွေးကာ အမေနှင့် တွေ့ချင်သည်ဟု ပြောခဲ့၏။ အချိန်အကြာကြီး စောင့်ဆိုင်းပြီး နောက်တွင်တော့ မိမိကို သေဆုံးတော့မည်ဟု ထင်မှတ်ချိန်တွင် သူတို့က သူ့ကို အပြင် သူ့ခေါ်ထုတ်သွားပြီး အမေရှိရာဆီသို့ ပို့ဆောင်ပေးခဲ့လေသည်။

.

ထိုလူများသည် အမေ့ကို မည်သို့ပြုလုပ်ခဲ့သည် မသိပေ။ သူမ၏ခန္ဓာကိုယ်အနှံ့ ဒဏ်ရာများပြည်နှက်နေပြီး လက်များတွင် သွေးများပြည့်နေတော့၏။ သူမ တစ်ချိန်က ဂရုတစိုက် ထိန်းသိမ်းထားသည့် လက်သည်းများသည် တစ်ခုချင်း ဆွဲနှုတ်ခံထားရပြီး တိရစ္ဆာန်တစ်ကောင်လို လည်ပင်းတွင်လည်း သံကြိုးများဖြင့် ချည်နှောင်ခံထားရကာ အခန်းထဲတွင် ပိတ်လှောင်ခံထားရလေသည်။

သူမသည် သူ့ကို မြင်လိုက်ချိန်တွင် လုံးဝကို မမှတ်မိတော့သယောင်ပင်။

ချင်းညန်သည် မိစ္ဆာမဖြစ်ပြီး ရှီးလင်ဝမ်ကို လှည့်စားထားကာ သူတို့သားအမိကို သေစေချင်နေသည်ဟု သူမက အဆက်မပြတ် ပြောနေခဲ့၏။ ထိုအချိန်က ပိုင်ရှိုးမင်သည် အမေဖြစ်သူကိုသာ အမြဲတမ်း စောင့်ကြည့်နေခဲ့ရပြီး အလွန်အိပ်ချင်မှသာ မျက်လုံးများကို မှိတ်ရဲလေသည်။ သို့သော်ငြား သူမသည် နေ့တိုင်းဆိုသလို ရှီးလင်ဝမ်၏ အစောင့်များ ခေါ်ဆောင်သွားခြင်းကို ခံရပြီး ပြန်ပို့ပေးချိန်တွင်လည်း ခန္ဓာကိုယ်က ဒဏ်ရာများမှာ ပိုပြီးတိုးပွားလာခဲ့၏။

သူသည် ထိုလူများကို တားဆီးရန် အင်အားပင်မရှိဘဲ အစောင့်များ၏ ခြေထောက်များဖြင့် နှင်းခံထားရကာ အမေဖြစ်သူ ဆွဲခေါ်ခံသွား ရသည်ကိုသာ ကြည့်နေခဲ့ရသည်။ တစ်နေ့တွင်တော့ သူ့အမေသည် ရုတ်တရက် သတိပြန်ဝင် လာသယောင်ပင်။

သူမက ဆံထိုးတစ်ချောင်းကို ထုတ်ယူကာ သူ့ကိုလှမ်းပေးလိုက်ပြီး ဒီလိုနာကျင်မှုများကို ဆက်မခံနိုင်တော့ သဖြင့် သူမကို သတ်ပစ်ရန် တောင်းပန်လာခဲ့သည်။

သို့သော်ငြား သူမ၏မျက်လုံးများ ထဲတွင်တော့ အသက်ရှင်လိုသည့် ဆန္ဒများ ရှိနေသည်မှာ ထင်ရှားနေ၏။

ပိုင်ရှိုးမင်သည် အလန့်တကြား ဖြစ်သွားပြီး သူမကို ငြင်းဆန်ခဲ့ သော်ငြားလည်း သူမကတော့ နောက်ဆုံးတွင် သူ့ရှေ့၌ပင် သေဆုံးသွားခဲ့၏။

သူမသည် ဆံထိုးဖြင့် လည်ပင်းကို ထိုးစိုက်လိုက်ရာ သွေးများစွာ စီးကျလာလေသည်။ သူမက မြေပြင်ပေါ်သို့ လှဲကျသွားချိန်တွင် အသက်မှာ မထွက်သွားသေးဘဲ မျက်လုံးများဖွင့်လျက် ပါးစပ်ဟကာ ပါးစပ်ထဲတွင်လည်း သွေးများပြည်နှက် နေတော့သည်။

သူမသည် သူ့ကို ဆက်တိုက်ဆိုသလို စိုက်ကြည့်လို့နေသည်။

နောက်တစ်နေ့တွင် သူမ၏အလောင်းကို ဆွဲထုတ်သွားခဲ့ပြီး မြေပြင်ပေါ်တွင်တော့ အေးခဲနေသည့် သွေးများနှင့် လွတ်နေသည့်အခန်းထဲတွင် ပိုင်ရှိုးမင်တစ်ယောက်တည်းသာ ကျန်ရစ်တော့သည်။

ထိုနေ့ကစပြီး ပိုင်ရှိုးမင်သည် သူမ မသေဆုံးမီက အသက်ရှူသံ ပြင်းပြင်းများကို မကြာခဏ ကြားနေရသလိုဖြစ်နေပြီး မျက်လုံးများ မှိတ်လိုက်သည်နှင့် သူမက ဆံထိုးကို သူ့အားပေးကာ မင်းငါ့ကို သတ်ပေးလို့ မရဘူးလားဟု ပြောနေသည်ကို မြင်ယောင်မိနေ၏။

သူ့စိတ်ထဲတွင် မျှော်လင့်ချက် ကင်းမဲ့မှုနှင့် မုန်းတီးမှုများ ပြည့်နှက်နေတော့သည်။ ရှီူလင်ဝမ်ကို မုန်းတီးသလို အစွမ်းအစမရှိလှသည့် မိမိကိုယ်တိုင်ကိုလည်း မုန်းတီးခဲမိလေသည်။

သို့သော် ထိုအရာအားလုံးကလည်း အသုံးမဝင်ခဲ့ချေ။ ရှီးလင်ဝမ်ဖေး၏ သေဆုံးမှုသည် ရှီးလင်ဝမ် အိမ်တော်ကို တစွန်န်းတစ်စ ပြောင်းလဲသွားခြင်း မရှိစေဘဲ ရှီးလင်ဝမ်က သူ ချစ်မြတ်နိုးရသည့် မယားငယ်နှင့်အတူ ပျော်ရွှင်မြူးတူးနေဆဲပင်။

သူ့အမေသေဆုံး သွားပြီးနောက်တွင် သူ့ကိုပြန်လွှတ်ပေးခဲ့ပြီး သူ့ကိုပြုစုစောင့်ရှောက် လာပေးခဲ့သည့် အိမ်တော်ထိန်းဟောင်းကြီးက သူ့ကိုတိုးတိုးတိတ်တိတ်လေး ဆေးလိမ်းပေးခဲ့လေသည်။

သို့သော် သူ့ခန္ဓာကိုယ်ပေါ်က ဒဏ်ရာသည် ပျောက်ကင်းသွားခြင်း မရှိဘဲ တစ်နေ့လုံး နာကျင်နေခဲ့ရ၏။ ထိုနာကျင်မှုသည် အရိုးထဲထိ စိမ့်ဝင်နေပြီး လူကို ရူးသွပ်သွားစေမလောက်အောင်ပင်။

သူသည်လည်း သေရတော့မည်ဟု ထင်မှတ်ထားလိုက်တော့၏။ သူသည် ခုတင်ပေါ်တွင် လှဲလျောင်းနေပြီး မည်သူ့ကို ရည်ရွယ်ပြီး ပြောနေမှန်းမသိချေ။ "အမေ မသေပါနဲ့နော်"

ဝေဝါးနေသည့် အသိစိတ်ကြားတွင် သူသည် မွှေးပျံ့သည့် ရနံ့တခုကို ရရှိလိုက်သယောင်ပင်။

အားချန်သည် သူ့ခန္ဓာကိုယ်ပေါ်က ဒဏ်ရာများ မပျောက်ကွယ် သွားသည့်အပြင် ပိုပြီးနက်ရှိုင်း လာသည်ကို မြင်ရသောအခါ အလန့်တကြား ထရပ်မိတော့၏။

သူမသည် ပိုင်ရှိုးမင်၏ ယခင်က တားဆီးခြင်းကို ဂရုမစိုက်နိုင်တော့ဘဲ ရှေ့သို့တိုးလာကာ သူ့ခါးပတ်ကိုဖြည်ပေးလိုက်ပြီး သူ့အဝတ်အစားများကို ချွတ်ပစ်လိုက်တော့သည်။

အရိုးထိအောင် နက်ရှိုင်းလှသည့် ဒဏ်ရာများသည် သူ၏ ဗလာကျင်းနေသည့် ခန္ဓာကိုယ် အပေါ်ပိုင်းအနှံ့ ပြည့်နှက်လို့နေသည်။

သူ့ရင်ဘတ်ပေါ်က မူလက မြွေအဆိပ်သင့်နေသည့် အရေပြားသည် တဖြည်းဖြည်း မူလအရောင်သို့ ပြန်လည် ရောက်ရှိနေပြီး ဖြစ်၏။ သူ့ခန္ဓာကိုယ်က အဆိပ်များက တဖြည်းဖြည်း ပျောက်ကွယ်နေသည်မှာ ထင်ရှားနေ သော်ငြားလည်း သူသည် မြွေအဆိပ်ကြောင့် ဖြစ်ပေါ်လာသည့် ထင်ယောင်ထင်မှား ဖြစ်သည့် အခြေအနေထဲတွင် နှစ်မြုပ်ကာ ရုန်းမထွက်နိုင်သေးချေ။

မြွေအဆိပ်ကြောင့် ဖြစ်ပေါ်လာသည့် ထင်ယောင်ထင်မှား အခြေအနေထဲတွင် ဒီလောက်ကြီးမားသည့် စွမ်းအင်မရှိသည်မှာ သေချာနေသော်ငြားလည်း ပိုင်ရှိုးမင်က မိမိကိုယ်တိုင် ထိုထင်ယောင်ထင်မှား ဖြစ်နေသည့် အခြေအနေထဲက ဒဏ်ရာများနှင့် ထပ်တူဒဏ်ရာများ ဖြစ်ပေါ်အောင် ပြုလုပ်နိုင်ပြီး ထိုဒဏ်ရာများ တိုးပွားနေဆဲ ဖြစ်နေ၏။ ထိုအခြေအနေက မိမိကိုယ်ကို အပြစ်ပေးသကဲ့သို့ပင်။

အားချန်သည် ပိုင်ရှိုးမင်အပေါ် သက်ရောက်လာသည့် ထင်ယောင်ထင်မှား ဖြစ်ခြင်း၏ ဆိုးကျိုးကို လျော့တွက်မိခဲ့လေသည်။ အကယ်၍သူ့ကို အချိန်မီ သတိပြန်လည် လာအောင် မလုပ်နိုင်ခဲ့လျှင် မြွေဆိပ်မပြယ် သေးခင်မှာပင် သူသည် ကိုယ့်ကိုယ်ကိုယ် အရင်သတ်ပစ် လိမ့်မိတော့မည်။

သူမသည် ကျန်ရှိနေသည့် အမွှေးတိုင် သုံးခုလုံးကို မြန်မြန် မီးညှိလိုက်၏။

မွှေးတိုင်မှ ပျံ့နှံ့လာသည့် မွှေးရနံ့သည် အခန်း၏ထောင့်တိုင်းသို့ ပျံ့နှံ့သွားပြီး စိတ်ကို လန်းဆန်းစေသော အေးမြသည့် ရနံ့လေးလည်း ပါဝင်နေ၏။ ထိုအရာကတော့ ဖော်ရှင်းလုအနံ့ပင်။

ဒီရနံ့ပြန့်သွားပြီးနောက် ပိုင်ရှိုးမင်၏ အမူအရာသည် နာကျင်မှု သိပ်မရှိတော့သလို ဖြစ်သွားသော်ငြား သတိပြန်လည်လာခြင်းတော့ မရှိသေးချေ။

ခဏလောက် စောင့်ဆိုင်းလိုက် ပြီးနောက် အားချန်သည် အားနည်းနေသည့် လေသံဖြင့် ပြောလာသည့် သူ့စကားကို ကြားလိုက်ရ၏။ "အမေ မသေးပါနဲ့လား။ နော်။"

ထိုအသံထဲတွင် မျှော်လင့်ချက် ကင်းမဲ့မှုများ ပြည့်နှက်လို့နေသည်။

အားချန်သိသည့် ပိုင်ရှိုးမင်က ဒီလိုပုံစံမျိုး မဟုတ်ပေ။

သူမသည် သူ့ဘေးတွင် ထိုင်ချလိုက်ပြီး သူ့လက်ကိုဆုပ်ကိုင်ကာ သူ၏ ကွေးထားသည့် လက်ချောင်းများကို တစ်ချောင်းချင်း ဖြန့်ထုတ်လိုက်လေသည်။ သူမ၏ လက်ကို သူ့လက်ဖဝါးထဲသို့ ထည့်ကာ သူ၏အေးစက်နေသည့်လက်ကို နွေးထွေးလာအောင် ကြိုးစားလိုက်၏။

သူမက သူ့နားနားသို့ကပ်ကာ ပြောလိုက်လေသည်။ "ကောင်းပါပြီ"

ပိုင်ရှိုးမင်သည် တစ်စုံတစ်ယောက်က ကောင်းပါပြီဟု ပြောလိုက်သည်ကို ကြားလိုက်ရလေသည်။

သူသည် မျက်လုံးကို ဖွင့်ကြည့်လိုက်သည်တွင် သူ့ဘေးတွင် မည်သူမှ ရှိမနေဘဲ မှောင်မည်းပြီး လွတ်နေသည့် အခန်းကိုသာ တွေ့လိုက်ရ၏။

သို့သော်ငြား သူ့ဘေးတွင် လူပိုတစ်ယောက် ရှိနေသလို ခံစားနေရ၏။ အစပိုင်းတွင်တော့ သူသည် မိမိကိုယ်ကို ထင်ယောင်ထင်မှား ဖြစ်နေသည်ဟု ထင်မှတ်ခဲ့လေသည်။ ထိုစကားတစ်ခွန်းကို ပြောပြီးနောက် အသံက ပျောက်ကွယ်သွားခဲ့၏။

ပိုင်ရှိုးမင်သည် အချိန်အကြာကြီး စောင့်ဆိုင်းနေခဲ့ပြီး အသံကလည်း ထပ်ပြီး ပေါ်ထွက်လာခြင်း မရှိချေ။ သူက စိတ်ပျက်လက်ပျက်ဖြင့် မျက်လုံးကို မှိတ်လိုက်ချိန်မှာပင် ရုတ်တရက် စကားပြောသံကို ထပ်ပြီး ကြားလိုက်ရပြန်သည်။

သူမက သူ့ကို မေးလိုက်၏။ "ပိုင်ရှိုးမင် ရှင်ဒီနှစ် အသက်ဘယ်လောက်ရှိပြီလဲ"

ပိုင်ရှိုးမင်သည် နှုတ်ဆိတ်နေလိုက်ပြီး ဒီလူက သူ့အမေ မဟုတ်သည်ကိုလည်း သေသေချာချာလေး သိနေ၏။ ငါ့အမေရဲ့အသံက နူးညံ့ပြီးတော့ တည်ငြိမ်တယ်။ ဒီအသံကတော့ ပျော့ပျောင်းပြီးတော့ နူးညံ့တယ်။

သူက သေချာပေါက် စိတ်ရှည်တဲ့ လူတစ်ယောက်တော့ မဟုတ်လောက်ဘူး။ ဒါပေမဲ့ သူက ငါ့နာမည်ကို သိတယ်။ သူ ဘယ်သူလဲ။

အဖြေမရသော်ငြားလည်း အသံကတော့ ရပ်တန့်မသွားဘဲ တတွတ်တွတ် ပြောဆိုနေလေသည်။

"ရှင် ငယ်ငယ်ကတည်းက ဒီလောက်ဒေါသကြီးတာလား"

သူ ဒေါသမကြီးပါဘူး။ အမေက သူ့ကို အလိမ္မာဆုံးနဲ့ အသိတတ်ဆုံး ကလေးလို့ ပြောခဲ့တာပါ။

"ပိုင်ရှိုးမင် ရှင် အသက် ဘယ်နှစ်နှစ်ကတည်းက ကျင့်ကြံတာလဲ"

တစ်ခါမှ မကျင့်ကြံခဲ့ဖူးပါဘူး။ ဒါကဘယ်လိုတုံးအတဲ့ မေးခွန်းမျိုးလဲ။

"ရှင် ကြီးလာတော့ ဘယ်လိုလုပ်ပြီး ဒီလောက်တောင် တော်လာရတာလဲ။ ကျွန်မ တွက်ကြည့်လိုက်တော့ ဆယ်နှစ်ကျော်လေးပဲ ရှိသေးတယ်လေ။ ဒါကအဓိပ္ပာယ်မရှိဘူး"

ငါက ကြီးတောင် မကြီးသေးဘူး ... ငါလည်း မြန်မြန် ကြီးချင်ပါတယ်။

"ပိုင်ရှိုးမင် ကျွန်မ နည်းနည်း အိပ်ချင်လာပြီ။ ရှင် ဘယ်တော့ သတိပြန်ရမှာလဲ။ မနက်ဖြန် သတိပြန်မရရင် ကတိပေးထားတဲ့ ရတနာအိတ်က အကျုံးမဝင်တော့ဘူးလား"

သူ ဘာတွေပြောနေတာလဲ။ ပိုင်ရှိုးမင်သည် တွေဝေလို့နေသည်။

တစ်စုံတစ်ယောက်က သူ့ရင်ဘတ်ကို လာထိသည်ကို ခံစားလိုက်ရပြီး နာကျင်မှု မခံစားရချေ။ ခုနက ခန္ဓာကိုယ်ထဲက အရိုးခိုက်အောင် နာကျင်မှုများကလည်း ပျောက်ကွယ်သွားသလိုပင်။

"ရှင် သတိပြန်မရရင် ကျွန်မ ရှင့်ရဲ့ ပိုင်ဆိုင်မှုအားလုံးကို ယူပြီး လောကကြီးအနှံ့ လျှောက်သွားပစ်မယ်။ ရှင့်ကို ဆင်းရဲတွင်း နက်အောင်လုပ်ပစ်မယ်"

ငါ့ရဲ့ ပိုင်ဆိုင်မှု အားလုံးကို ယူသွားမယ် ဟုတ်လား။ ဒါက လောကအနံ့ လျှောက်သွားတာမှ မဟုတ်တာ။ ဒါက ပစ္စည်းတွေယူပြီး ထွက်ပြေးတာပဲ။

ပိုင်ရှိုးမင်သည် ထို့အသံ၏ စကားကို စိတ်ထဲတွင် ပြန်လည်ဖြေကြားနေခဲ့ လေသည်။ မူလက နာကျင်မှုတွင် နစ်မျောနေသည့် အသိစိတ်သည် ဒီစကားပြောသံကြောင့် တဖြည်းဖြည်း ပြန်လည်ဆွဲထုတ် ခံလိုက်ရသလိုပင်။

သူသည် နာကျင်မှုကို မခံစားရတော့ချေ။ နှာခေါင်းထဲတွင် ခပ်သင်းသင်း ရနံ့ကို ရရှိနေပြီး အေးမြမြ အငွေ့အသက် အနည်းငယ်သည် သူ့အသိစိတ်ကို တဖြည်းဖြည်း ကြည်လင်လာစေတော့၏။ သူသည် သူမ၏အသံကို ရှင်းလင်းစွာကြားနိုင်ပြီး တစ်စုံတစ်ယောက်က သူ့လက်ကို ဆုပ်ကိုင်ထားကာ မငြိမ်မသက် သူ့လက်ချောင်းများကို ဆုပ်နယ်နေသည်ကို ခံစားမိနေ၏။

သူမက ပြောလာပြန်သည်။ "ပိုင်ရှိုးမင် မကြောက်ပါနဲ့။ ကျွန်မ ဒီမှာ ရှင့်ကို အဖော်ပြုပေးနေတယ်"

ပိုင်ရှိုးမင်သည် မျက်လုံးများ ပွင့်လာတော့၏။

သူ မျက်လုံးများကို နှိမ့်ချကြည့်လိုက်သည်တွင် အားချန်က သူ့ဘေးတွင် မှီကာထိုင်နေပြီး သူ့လက်ချောင်းများကို ကစားနေရင်း မျက်မှောင်ကြုတ်ကာ ခပ်တိုးတိုး ရေရွတ်နေသည်ကို တွေ့လိုက်ရ၏။ "ကျွန်မ ဖော်စပ်ထားတဲ့ အမွှေးတိုင်က ပြဿနာရှိနေလို့လား။ ဘာဖြစ်လို့ ဘာတုံ့ပြန်မှုမှ မရှိတော့တာလဲ"

"ပိုင် ..." သူမသည် ပိုင်ရှိုးမင်နှင့် စကားနည်းနည်း ထပ်ပြောရန် ကြိုးစားလိုက်ချိန်မှာပင် မော့ကြည့်လိုက်သည်နှင့် ခုနက ထင်ယောင်ထင်မှား အခြေအနေထဲတွင် နှစ်မျောနေသည့် ထိုလူသည် မျက်လုံးများ ပွင့်လာသည်ကို တွေ့လိုက်ရ၏။ အားချန်သည်လည်း သူက အမှန်တကယ် နိုးလာသည်လား။ သို့မဟုတ် ထင်ယောင်ထင်မှား အခြေအနေထဲတွင် နှစ်မျောနေဆဲလား အခြေအနေကို သေချာမသိသဖြင့် ခေါင်းလေးကိုစောင်းကာ သူ့ကိုခဏလောက် စိုက်ကြည့်လိုက်ပြီး လက်မြောက်ကာ သူ့မျက်လုံးရှေ့တွင် ဝှေ့ယမ်းပြလိုက်လေသည်။

သို့သော်ငြားလည်း မျက်လုံးများက တစ်ချက်မှ မျက်တောင်မခတ်ချေ။ အားချန်သည် ခန္ဓာကိုယ်ကို စောင်းလိုက်ပြီး သူ့မျက်နှာအနားသို့ မထိန်းနိုင်ဘဲ တိုးကပ်မိသွားတော့၏။ ဒီမျက်လုံးအကြည့်က ...

"ဘာကြည့်နေတာလဲ"

ရုတ်တရက် သူ စကားပြောလိုက်သံကို ကြားလိုက်ရသဖြင့် အားချန်မှာ အလန့်တကြား ဖြစ်သွားပြီး ခန္ဓာကိုယ်က နောက်သို့ လှန်ကျသွားကာ ကုတင်ပေါ်မှ ပြုတ်ကျတော့မလို ဖြစ်သွားခဲ့၏။ လက်တစ်ဖက်က သူမ၏ခါးကို လှမ်းထိန်းလိုက်ပြီး သူမကို ပြန်ဆွဲထလိုက်လေသည်။

အားချန်၏ လက်တစ်ဖက်သည် အမှတ်တမဲ့ သူ့ပေါင်ပေါ်တွင် ထောက်ထားမိပြီး မျက်နှာပေါ်တွင်လည်း အံ့ဩမှုများအပြည့် ဖြစ်သွားတော့၏။ "ရှင် နိုးလာပြီလား"

ငါ ပြောပါတယ်။ ငါကိုယ်တိုင် ဖော်စပ်ထားတဲ့ အမွှေးတိုင်က ဘယ်လိုလုပ်ပြီးတော့ ပြဿနာရှိနိုင်မှာလဲ။ ငါက တကယ် တော်လွန်းနေတာပဲ။

"ဘယ်နေရာမှာ နေလို့မကောင်းတာ ရှိသေးလဲ။ ထင်ယောင်ထင်မှား ဖြစ်နေတာတွေရော ရှိသေးလား"

သူမသည် ပိုင်ရှူးမင်ကို ခေါင်းအစ ခြေအဆုံး အကဲခတ် ကြည့်လိုက်လေသည်။ သူ့ခန္ဓာကိုယ်ပေါ်က ကြက်ခြေခတ်ရာ ဒဏ်ရာများကလည်း တဖြည်းဖြည်း ပြန်လည်ပျောက်ကင်း သွားပြီး ပန်းရောင်ဖျော့ဖျော့လေးအဖြစ် ပြောင်းလဲသွားတော့၏။

အားချန်က လက်ကို လှမ်းကာ ခါးပေါ်က အပြင်းထန်ဆုံး အမာရွတ်ကို ညင်သာစွာ ထိတွေ့လိုက်ပြီး စူးစမ်းကာဖြင့် မေးလိုက်လေသည်။ "ဒီအမာရွတ်က ဘာလို့ ကျန်နေသေးတာလဲ"

"အမြဲတမ်း ရှိနေခဲ့တာ"

"ဘာဖြစ်လို့လဲ" အဆင့်သုံး ရောက်ပြီးနောက်မှ ခန္ဓာကိုယ်အပေါ်မှာ ဘယ်လောက် နက်ရှိုင်းတဲ့ အမာရွတ်ပဲ ကျန်နေပါစေ ဖယ်ရှားလို့ ရသင့်တာပေါ့။

"ဒါက ငါ ရှီးလင်ဝမ်ကို လုပ်ကြံဖို့ ကြိုးစားရင်း ရှုံးနိမ့်ခဲ့ပြီး သူ ချန်ထားခဲ့တဲ့ ဒဏ်ရာပဲ"

လုပ်ကြံတယ်လို့တော့ ပြောလို့မရပေမယ့် အဲဒီအချိန်တုန်းက တခြားသူတွေရဲ့ မျက်လုံးထဲမှာတောင် အဲဒါက ကလေးကလားဆန်ပြီး ရယ်စရာကောင်းခဲ့တဲ့ တုံ့ပြန်မှုတစ်ခု တာပါပဲ။

ပြီးတော့ ငါကပိုပြီး ပြင်းထန်တဲ့ အပြစ်ပေးခြင်းကို ခံခဲ့ရတယ်။

တကယ်လို့ မင်ဝမ်သာ ရှီးလင်ကို ရောက်မလာခဲ့ဘူးဆိုရင် ငါ ဒီနေ့အထိ အသက်ရှင်နိုင်မှာတောင် မဟုတ်လောက်ဘူး။

"ပိုင်ရှိုးမင် ရှင် အခု အရမ်းတော်နေပါပြီ။ ရှင့်အတွက်ရော ရှင့်အမေအတွက်ရော လက်စားပြန်ချေနိုင်ပါပြီ" အားချန်သည် လေးနက်လှသည့် လေသံဖြင့် သူ့ကိုပြောလိုက်၏။

ပိုင်ရှိုးမင်က ခေါင်းကို လှည့်လာကာ သူမကို ကြည့်လိုက်လေသည်။ နက်ရှိုင်းလှသည့် မျက်ဝန်းထဲက အမှောင်ထုနှင့် ရှုပ်ထွေးမှုများသည် မနက်စောစော မြူခိုးများကဲ့သို့ပင် နေရောင်ခြည် ထွက်ပေါ်လာချိန်တွင် တဖြည်းဖြည်း ပျောက်ကွယ်သွားလေတော့၏။

"ပိုင်ရှိုးမင်"

"အင်း"

အားချန်သည် နှာခေါင်းကိုရှုံ့ထားလိုက်ကာ "ရှင် ရေသွားချိုးသင့်ပြီ"

သူမသည် သူ့အနားသို့ တိုးကပ်လာကာ အနံ့ခံကြည့်လိုက်၏။ ပေါ့ပေါ့ပါးပါး အသက်ရှူသံသည် သူ၏ဗလာကျင်းနေသည့် အရေပြားပေါ်သို့ ကျရောက်ကာ ယားယံမှုလေး ဖြစ်စေလေတော့သည်။

အဆင့်၄ ရောက်ပြီးနောက်ပိုင်း ခန္ဓာကိုယ်သည် အညစ်အကြေး ကင်းစင်သည်ဟု ဆိုသော်ငြားလည်း အားချန်သည် သူ့ထံက မီးခိုးငွေနံ့များ ရရှိနေသည်ဟု ခံစားမိ နေသေးသည်။

ခုနက သူ သတိမရသေးသဖြင့် ဒီလိုအသေးအဖွဲ့ကိစ္စလေးကို ဂရုစိုက်ရန် စိတ်ကူးမရှိခဲ့ချေ။ ယခု သူ နိုးလာသောအခါ သူမသည် ရွံရှာမိသလို ဖြစ်လာပြန်လေသည်။

သူမက အလေးအနက်ထားပြီး ပြောလိုက်၏။ "ရှင့်ဆီက အနံက တစ်လလုံး မီးခိုးမှိုင်း တိုက်ထားတဲ့ ကြက်ပေါင်လိုပဲ။ ကျွန်မ ခုတင်က အစတုန်းက မွှေးနေတာပါ"

ပိုင်ရှိုးမင်မှာ သူမကြောင့် ရယ်မောမိလေတော့သည်။ အခန်းထဲတွင် ပြည့်နှက်နေသည့် မီးခိုးနံ့နှင့် ဖော်ရှင်းလု၏ ရနံ့ကြားတွင် အားချန်၏ခန္ဓာကိုယ်က မွှေးပျံ့လှသည့် ကိုယ်သင်းနံ့လေးကို အမှန်တကယ်ပင် ဖျော့ဖျော့လေး ရနေသယောင်ပင်။

"ကောင်းပြီလေ" ပိုင်ရှိုးမင်က စိတ်ကောင်းဝင် နေဟန်တူပြီး သဘောတူကာ ခုတင်ပေါ်က ထကာဆင်းလိုက်တော့၏။

သူက တံခါးဖွင့်လိုက်သည်တွင် အပြင်ဘက်က စောင့်ဆိုင်းနေသည့် တပ်စုမှူးနှစ်ဦးသည် သူ့ကို ဘေးမသီရန်မခ ရှိနေသည်ကို မြင်လိုက်ရသဖြင့် တပြိုင်နက်တည်း သက်ပြင်းချလိုက်ကြတော့၏။

သူတို့နှစ်ယောက်သည် မှာကြားချက်အတိုင်း ရေများကိုအိမ်ထဲသို့ သယ်ဆောင်လာခဲ့ပြီး အခန်းထဲတွင် ပြန့်ကျဲနေသည့် ရတနာများကို ရှောင်ကွင်းကာ ကာထားသည့် နေရာ၏ နောက်က ရေချိုးစည်ထဲသို့ ရေများကို လောင်းထည့် ပေးလိုက်ကြသည်။

အားချန်သည် ကန့်လန့်ကာ နောက်ဘက်သို့ လျှောက်သွားလိုက်ချိန်တွင် ပိုင်ရှိုးမင်က သူမကို ကျောပေးထားသည်ကို တွေ့လိုက်ရ၏။ သူ့ကျောပြင်သည် ကျယ်ပြန့်ပြီး ကြွက်သားများမှာ အချိုးအစား လှပစွာ တည်ရှိနေကာ ခါးသို့ ရောက်လာသောအခါ ရုတ်တရက် သေးသွယ်သွား လေသည်။

သူက လက်တစ်ဖက်ဖြင့် ရေချိုးစည်၏ အနားကိုကိုင်ထားပြီး ခါးကိုကုန်းကာ လက်ဖြင့်ရေထဲတွင် မွှေနှောက်နေ၏။

သူမက နောက်တွင် ရှိနေသည်ကို သတိထားမိဟန်တူပြီး ပိုင်ရှိုးမင်က ခေါင်းလှည့်လာ လေသည်။ အားချန်၏ မငြိမ်မသက် ဖြစ်နေသည့် မျက်လုံးလေးများက သူ၏ ခန္ဓာကိုယ်အနံ့ ကြည့်ရှုနေသည်ကို မြင်လိုက်သောအခါမှ ပြောလိုက်တော့သည်။ "မင်းလည်း ရေချိုးချင်လို့လား"

"မဟုတ်ပါဘူး။ ကျွန်မ ရှင့်ကို ဒါလာပေးတာ" အားချန်သည် ဖုံးကွယ်ထားသည့်ဟန်ဖြင့် အကြည့်ကို လွဲထားလိုက်ပြီး လက်ထဲက သိုလှောင်အိတ်ကို သူ့ဆီသို့ ပစ်ပေးလိုက်တော့သည်။

ပိုင်ရှိုးမင်က သိုလှောင်အိတ်ကို လက်ခံ ယူလိုက်ပြီး ရုတ်တရက် ခပ်ဖွဖွ ရယ်မောကာ သူမကို မေးလာ၏။ "မယူတော့ဘူးလား"

"ဟင်" အားချန်ကလည်း သူ့တုံ့ပြန်မှုကို နားမလည်နိုင်အောင် ဖြစ်သွားတော့သည်။

"ပြောထားတယ် မဟုတ်ဘူးလား။ ငါ့ရဲ့ ပိုင်ဆိုင်မှုတွေ အားလုံးကိုယူပြီး လောကအနံ့ လျှောက်သွားမယ်ဆို။ ဒါကို မကိုင်ထားပဲနဲ့ ငါ့ပိုင်ဆိုင်မှုကို ဘယ်လိုလုပ်ပြီးတော့ ထည့်မှာလဲ"

အားချန်၏ပါးပြင်မှာ အနည်းငယ် ပူနွေးသွားပြီး တည်တည်ငြိမ်ငြိမ် ပြန်ပြောလိုက်တော့၏။ "ရှင် လျှောက်မပျော်နဲ့နော်။ ကျွန်မ အဲဒီလို စကားမျိုး မပြောခဲ့ပါဘူး"

သူမသည် မြန်မြန်လှည့် ထွက်သွားပြီး ထွက်မလာခင်တွင် အထူးတလည် မှာကြားလိုက်သေးသည်။ "ခဏနေကျရင် ကျွန်မရဲ့ အခန်းကိုလည်း သန့်ရှင်းအောင် ပြန်ရှင်းပေးဖို့ မမေ့နဲ့နော်"

"ကောင်းပြီ"

...

All Chapters