ကျွန်မ ရှင့်ကို အသက်၁၀၀ကျော် နေရအောင် သေချာပေါက် လုပ်ပေးမှာ...
Vol. 11 Ch. 101
"ဒဏ်ရာရသွားသေးလား"
ကျန်းကျင့်ဟိုင်သည် သူမရှေ့တွင် ရပ်လိုက်ပြီး သူ့အကြည့်များက သူမ၏ခန္ဓာကိုယ်အနှံ့ အသေးစိတ် စစ်ဆေးကြည့်ရှုလိုက်၏။
ရှန်းဟွေရွှယ်က ခေါင်းငြိမ့်ပြလိုက်ကာ "မရခဲ့ပါဘူး။ ကိစ္စဖြစ်တုန်းက ကျွန်မ အပြင်ဘက် ရောက်နေပြီ"
သူမ၏စိတ်ထဲတွင် ပျောက်ဆုံးနေသည့် မိခင်ဖြစ်သူကိုသာ စိုးရိမ်နေမိသဖြင့် ကျန်းကျင့်ဟိုင်နှင့် တွေ့ဆုံရချိန်တွင် အနည်းငယ် အာရုံမစိုက်နိုင်သလို ဖြစ်နေတော့သည်။
ကျန်းကျင့်ဟိုင်က သူမ၏လက်ကို ဆုပ်ကိုင်လိုက်ကာ ခပ်တိုးတိုးလေး ပြောလိုက်၏။ "အခု မြို့ထဲမှာမလုံခြုံဘူး။ ငါ မင်းကိုပြန်လိုက် ပို့ပေးမယ်"
"ဒါပေမဲ့ ကျွန်မအမေက..."
"သူ ရှန်းအိမ်တော်မှာပဲ ကျန်နေသေးတာလား" ကျန်းကျင့်ဟိုင်သည် ရှန်းအိမ်တော်ဘက်သို့ ခေါင်းစောင်းကာ လှမ်းကြည့်လိုက်၏။ ထိုနေရာသည် နေရာတစ်ခုလုံးကို ပိတ်ဆို့ထားသည့် အစီအရင်တစ်ခု ဖြစ်နေသည်မှာ ထင်ရှားလာ၏။ ယခုအခါ ရှန်းအိမ်တော်သို့ ဝင်ရောက်၍ မရနိုင်ပေ။ မည်သူလက်ချက် ဖြစ်သည်ကိုလည်း မသိနိုင်သေးချေ။
"ကျွန်မလည်း မသိဘူး။ သူခဏနေရင် ကျွန်မကို လာရှာမယ်လို့ ပြောသွားတယ်" ရှန်းဟွေရွှယ်၏ မျက်လုံးများထဲတွင် တွေဝေမှုများ ပြည့်နှက်နေလေသည်။ သူမသည် ခုနကတည်းက မိခင်ဖြစ်သူကို ရှာဖွေနေခဲ့ သော်ငြားလည်း ရှာမတွေ့ခဲ့သေးချေ။
မနက်ခင်းက အမေဖြစ်သူ ပြောသည့်စကားများ ထိုနောက် ရှန်းအိမ်တော်ရဲ့ ရုတ်တရက် မတော်တဆမှုများ ဒီအရာအားလုံးသည် ရှန်းဟွေရွှယ်၏ စိတ်ကိုမတည်ငြိမ်နိုင်အောင် ပြုလုပ်လို့နေတော့သည်။ သူမမှာ ကြောက်ရွံ့နေမိ၏။ သူမ၏အမေသည် ဒီအတိုင်း ရှန်းအိမ်တော်တွင် ကျန်ရစ်နေခဲ့ပြီး ပြန်ထွက်မလာနိုင်မှာကိုလည်း ကြောက်ရွံ့နေမိလေသည်။
ကျန်းကျင့်ဟိုင်သည် သူမ၏စိတ်မလုံခြုံမှုကို ခံစားနေဟန်တူပြီး သူမကို ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်ကာ သူမ၏ကျောပြင်လေးကို နှစ်သိမ့်သလို ပွတ်ပေးလိုက်ပြီး ပျော့ပျောင်းစွာဖြင့် ပြောလိုက်၏။ "စိတ်မပူပါနဲ့။ ငါအခုပဲ လူလွတ်ပြီးတော့ ရှာခိုင်းလိုက်မယ်။ လူကိုသေချာပေါက် ပြန်ရှာတွေ့မှာပါ"
ရှန်းဟွေရွှယ်၏ ခေါင်းသည် သူ့ရင်ဘတ်ကိုမှီထားပြီး သူ၏ခန္ဓာကိုယ်မှ ကိုယ်သင်းနံ့လေးကို ရရှိနေတော့၏။
သူ၏ခန္ဓာကိုယ်ပေါ်တွင် သေရည်နံ့ ခပ်ပါးပါးရနေပြီး စားသောက်ပွဲတစ်ခုက ထွက်လာဟန်တူ၏။
သူမက ခေါင်းမော့ လိုက်သည်တွင် နှုတ်ခမ်းတောင့်များ အနည်းငယ် ကွေးတတ်သွားတော့သည်။ "ရှီဇီကို ကျေးဇူးတင်ပါတယ်"
ကျန်းကျင့်ဟိုင်သည် ခေါင်းကိုအနည်းငယ် ငုံ့လိုက်ပြီး နှစ်ဦးသား၏ အကွာအဝေးမှာ အနည်းငယ် နီးကပ်သွားကာ အသက်ရှူသံများကိုပင် ကြားနိုင်လို့နီးပါး ဖြစ်သွား၏။ ရှန်းဟွေရွှယ်က ခေါင်းကိုတစ်ဖက်သို့ လှည့်ထားလိုက်တော့သည်။
ကျမ်းကျင့်ဟိုင်သည် စိတ်ထဲတွင် သက်ပြင်းတစ်ချက် ခိုးချလိုက်ပြီး အခြေအနေက မသင့်တော်မှန်း သိနေသဖြင့် အတင်းအကြပ် မပြုလုပ်တော့ပေ။
"သွားကြရအောင်"
သူသည် ရှန်းဟွေရွှယ်ကို မြင်းပေါ်သို့ ခေါ်တင်ရန် ပြင်လိုက်စဉ်မှာပင် အဝေးက မြင်းခွာသံကို ထပ်မံကြားလိုက် ရပြန်သည်။
မြင်းခွာသံများ တဖြည်းဖြည်း နီးကပ်လာပြီး မကြာခင်မှာပင် မြင်းပေါ်ကပုံရိပ်ကို ရှင်းလင်းစွာ တွေ့လိုက်ရ၏။
ထိုသူသည် အမျိုးသားငယ်လေး တစ်ဦးဖြစ်ပြီး မျက်နှာထားက ပြတ်သားကာ သူ့မျက်ခုံး မျက်လုံးများတွင် ရင်းနှီးနေသည့် အငွေ့အသက်များ ရှိနေသယောင်ပင်။
မြင်းက အနားသို့ ရောက်လာသောအခါ သူကမြင်းပေါ်မှ ခုန်ဆင်းလိုက်ပြီး ကျန်းကျင့်ဟိုင်ကို ပြောလိုက်၏။ "ရှီဇီ တွေ့စရာ ကိစ္စရှိတယ်လို့ ပြောထားတာကို ဘာဖြစ်လို့ တစ်ယောက်တည်း ထွက်သွားတာလဲ"
"မတော်တဆ ကိစ္စလေး ပေါ်လာလို့ပါ။ လက်ထောက် စစ်သူကြီးလျူက
ကျွန်တော့်ကို ဘာကိစ္စနဲ့ရှာတာလဲ"
ထိုလူသည် ဘေးက ရှန်းဟွေရွှယ်ကို တစ်ချက်ကြည့်လိုက်ပြီး ရုတ်တရက် ပြုံးကာပြောလိုက်၏။ "ယောက်ဖတော် ကျွန်တော့်ကို အဲ့လောက် အားနာဖို့မလိုပါဘူး။ ကျွန်တော့်ကို နာမည်နဲ့ပဲ ခေါ်လို့ရပါတယ်"
ရှန်းဟွေရွှယ်သည် ထိုရင်းနှီးလှသည့် ခံစားချက်မှာ အဘယ်ကြောင့် ဖြစ်ရသည်ကို ရုတ်တရက် သိရှိသွားတော့၏။ သူမသည် ရှီဇီ၏ လက်ထက်မည့် ကြင်ရာတော်လောင်းကို တွေ့ဖူးလေသည်။ ထိုမိန်းကလေးနှင့် ဒီလက်ထောက်စစ်သူကြီး လျူ၏ မျက်ခုံးမျက်လုံးများမှာ အလွန်ဆင်တူလှ၏။
ကျန်းကျင့်ဟိုင်က သူ့ခေါ်ဝေါ်ပုံကို မပြင်ဆင်ဘဲ တည်ငြိမ်သည့် လေသံဖြင့် မေးလိုက်လေသည်။ "ပြောပါ။ ဘာကိစ္စလဲ"
ထိုသူက ရင်ဘက်ထဲက စာတစ်စောင်ကို ထုတ်ယူကာ သူ့ကို လှမ်းပေးလာခဲ့သည်။ "ကျွန်တော့်ညီမက ခင်ဗျားဆီကို ပေးခိုင်းလိုက်တဲ့စာပါ။ ကျွန်တော့်ကို လာပို့ခိုင်းလိုက်တာ"
ကျန်းကျင့်ဟိုင်က ထိုစာကို တစ်ချက်ကြည့်လိုက်ပြီး လက်လှမ်းကာ ယူလိုက်သည်။
"တခြားကိစ္စရှိသေးလား"
"ရှိတာပေါ့" ထိုသူသည် ရှန်းဟွေရွှယ်ကို တစ်ချက်ထပ် ကြည့်လိုက်ကာ "စစ်တပ်ထဲကကိစ္စပါ။ အရမ်းအရေးကြီးတယ်"
အဓိပ္ပာယ်သည် ဘေးတွင်လူရှိနေသဖြင့် ပြောရန်အဆင်မပြေ နေခြင်းပင်။
ရှန်းဟွေရွှယ်သည် ထိုလူ၏အဓိပ္ပာယ်ကို နားလည်လိုက်ပြီး သူမ၏ရှေ့တွင် ထိုစာကို တမင်တကာ ထုတ်ပြခြင်းမှာ သူမကိုအလိုက်တသိ ထွက်ခွာ သွားစေရန်ဖြစ်ကြောင်း နားလည်လိုက်လေသည်။
ဒီလိုသွယ်ဝိုက်သော နည်းလမ်းကို အသုံးပြုသည်မှာ ဝန်ကြီးအိမ်တော်က မွေးထုတ်လိုက်သည့် သခင်လေးပင် ဖြစ်ပြီး ညီမဖြစ်သူကို ကာကွယ်တတ်သည့် အစ်ကိုကောင်းတစ်ယောက် ဖြစ်ပေသည်။
ရှန်းဟွေရွှယ်သည်လည်း ဘေးက ကျန်းကျင့်ဟိုင်ကို ခပ်တိုးတိုး ပြောလိုက်၏။ "ရှီဇီမှာ အရေးကြီးကိစ္စ ရှိသေးတယ်ဆိုရင် ကျွန်မအရင် ပြန်လိုက်ပါမယ်"
"ခဏလေး။ ငါ လူလွှတ်ပြီးတော့ လိုက်ပို့ပေးမယ်"
ရှန်းဟွေရွှယ်က စကားပြောရန် ပြင်လိုက်စဉ်မှာပင် တစ်စုံတစ်ယောက်က သူမကို လှမ်းခေါ်သံ ကြားလိုက်ရ၏။ "ဟွေရွှယ်"
"အမေ" ရှန်းဟွေရွှယ်သည် မြန်မြန် လှမ်းကြည့်လိုက်ကာ လမ်းတစ်ဖက်က အပြေးအလွှား ရောက်လာသည့် ရှန်းချင်းဝူကို တွေ့လိုက်ရတော့သည်။
သူမသည်ဘေးကလူများကို ဂရုမစိုက်နိုင်တော့ဘဲ အမေဖြစ်သူထံသို့ မြန်မြန်ပြီးသွားကာ ကြိုဆိုလိုက်တော့၏။ "အမေ ဘယ်တွေသွားနေတာလဲ။ သမီး ခုနတုန်းကအထိ အမေ့ကို ရှာမတွေ့ဘူး"
ရှန်းချင်းဝူသည် သမီးဖြစ်သူ၏လက်ကို ဆုပ်ကိုင်လိုက်၏။ သူမသည် သမီးဖြစ်သူ၏ နောက်ကလူအုပ်ကို သတိထားမိလိုက်ပြီး ထိုလူများအားလုံးက ဒီဘက်ကို လှမ်းကြည့်နေသည်ကို တွေ့လိုက်သောအခါ သူမကလည်း ပြောလိုက်သည်။ "ခုနက ရှန်းအိမ်တော်မှာ ရုတ်တရက် ကိစ္စဖြစ်သွားတော့ အမေလည်း လန့်သွားတာ။ တော်တော်ကြာမှပဲ သတိပြန်ဝင်လာတယ်။ ကံကောင်းလို့ အမေတို့တွေ အရင်ထွက်လာခဲ့မိလို့ပဲ"
ရှန်းဟွေရွှယ်၏ မျက်နှာတွင် စိုးရိမ်နေသည့် အရာများ ပေါ်ထွက်လာတော့သည်။ "ဆေးပေးခန်းကို အရင်သွားပြီး စိတ်ငြိမ်ဆေး အရင်သွားယူကြမလား"
ရှန်းချက်းဝူက ခေါင်းခါပြလိုက်ကာ "ဆေးသွားယူဖို့မလိုပါဘူး။ အရင်ဆုံး အိမ်ပြန်ကျရအောင်။ အပြင်မှာ ကမောက်ကမတွေ ဖြစ်နေတာ။ အဲဒီမိစ္ဆာကောင်က ဘယ်ကနေ ထွက်လာမှန်း မသိဘူး။ ထွက်ပြေးလာပြီး လူတွေကို ဒုက္ခပေးနေမှဖြင့်"
"ဟုတ်ကဲ့ သမီးတို့တွေ အိမ်အရင် ပြန်ကြတာပေါ့"
ရှန်းဟွေရွှယ်သည် အမေဖြစ်သူနှင့် ပြောဆိုပြီးနောက် ကျန်းကျင့်ဟိုင်ဘက်သို့ လှည့်ကြည့်လိုက်ကာ ကျန်းကျင့်ဟိုင်သည် ထိုနေရာတွင် ရပ်နေပြီး သူတို့သားအမိကို ကြည့်နေသော်ငြားလည်း အရှေ့သို့တက်မလာခဲ့ချေ။
သူမကလည်း ထိုလူ၏ အဓိပ္ပာယ်ကို နားလည်လိုက်ပြီး ကျန်းကျင့်ဟိုင်ကို ကိုယ်ကို အနည်းငယ်ညွတ်ကာ အရိုအသေ ပေးလိုက်ပြီးနောက် ရှန်းချင်းဝူဘယ်သို့ လှည့်ကာပြော လိုက်တော့သည်။ "အမေ သမီးတို့သွားရအောင်"
"ကောင်းပြီလေ" ရှန်းချင်းဝူသည် ထိုနေရာတွင် ရပ်နေသည့် ကျန်းကျင့်ဟိုင်ကို လုံးဝသတိမပြု မိသယောင်ပင်။
သို့သော်ငြားလည်း သူတို့အနားမှ ဖြတ်သွားသောအခါ ရုတ်တရက် ခေါင်းလှည့်ကာ သူ့ကိုကြည့်လိုက်လေသည်။
သူမ၏အကြည့်သည် အလွန်တည်ငြိမ်လှပြီး သူ့ရုပ်ရည်ကို အတည်ပြုရုံမျှသာ ကြည့်လိုက်ဟန်တူကာ ထိုနောက်တွင်တော့ ခေါင်းပြန်လှည့်သွားတော့၏။
သားသမီးနှစ်ယောက်သည် အတော်အတန်နေရာ အဝေးသို့ လျှောက်လာပြီးမှ ကျန်းကျင့်ဟိုင်က နောက်မှ အစေခံများကို လက်တစ်ချက် ဝှေ့ပြလိုက်၏။ အစောင့်နှစ်ဦးကလည်း သူတို့သားအမိ နှစ်ယောက်ကို အိမ်အပြန်လမ်း လုံခြုံစေရန် အဝေးမှ လိုက်ပါလာခဲ့လေသည်။
လမ်းမပေါ်တွင် သွားလာနေကြသော လူမရှိသလောက် ဖြစ်သွားခဲ့၏။ ရှန်းအိမ်တော်၏ ကိစ္စမှာ အလွန်ကြီးမားသောကြောင့် ရှီးလင်က ပြည်သူများသည်လည်း အိမ်ထဲတွင်သာ ပြန်လည်ပုန်းအောင်း နေကြတော့သည်။
သားသမိ နှစ်ယောက်၏ ခြေလှမ်းများကလည်း မနှေးလှပေ။ ရှန်းချင်းဝူသည် ယနေ့တွင်အလွန် စိတ်အားတက်ကြွနေပြီး နာရီဝက်ကျော်လောက် လမ်းလျှောက်ခဲ့ကြ သော်ငြားလည်း ပင်ပန်းနွမ်းနယ်နေဟန် မပြချေ။
အိမ်တံခါးကို မြင်လိုက်သည့်အခါမှ ရှန်းဟွေရွှယ်သည် နောက်သို့တစ်ချက် လှည့်ကြည့်လိုက်သည်တွင် သူတို့ကို လိုက်ပါပို့ဆောင် ပေးသည့် အစောင့်နှစ်ဦးသည် အဝေးတွင်သာ ရပ်နေပြီး သူတို့အိမ်ထဲ ဝင်သွားမှသာ ထွက်ခွာသွားမည့်ဟန်တူ၏။
ရှန်းဟွေရွှယ်က ရှေ့သို့လှမ်းကာ တံခါးခေါက်လိုက်သည်တွင် အိမ်တံခါးကို နှစ်ချက်ခေါက် လိုက်သည်နှင့် တံခါးက ပွင့်လာပြီး ဝူမားမားက သူတို့နှစ်ဦး ဘေးကင်းစွာ ပြန်လာသည်ကို မြင်ရသောအခါ မျက်နှာပေါ်မှ စိုးရိမ်ရသည့် အရိပ်အယောင်များ ပျောက်ကွယ်သွားပြီး သူတို့ကို အိမ်ထဲသို့ ခေါ်ဝင်လိုက်တော့၏။ "ပြန်လာကြပြီလား"
"အဆင်ပြေပါတယ်။ နောက်ဆိုရင် ဘာကိစ္စမှ မရှိတော့ဘူး" ရှန်းချင်းဝူသည် ရယပြုံးကာ သူမကို နှစ်သိမ့်ပေးလိုက်လေသည်။
ဝူမားမားသည် သူမ၏စကားထဲက နက်နဲလှသည့် အဓိပ္ပာယ်ကို နားမလည် သော်ငြားလည်း သူမပျော်ရွှင်နေသည်ကို ခံစားမိသဖြင့် ပြုံးကာသာ ပြောလိုက်တော့၏။ "သိပါပြီ နှစ်ယောက်စလုံး အရင်သွား နားလိုက်ကြဦး။ ဒီနေ့ ရှင်တို့အတွက် စားကောင်းအောင် ချက်ပြုတ်ပေးမယ်"
"ဟွေရွှယ်အတွက် ကြက်ပေါင်း နော်" ရှန်းချင်းဝူက ပြောလိုက်သည်။
"အသိပေးဖို့ မလိုပါဘူး။ အစောကတည်းက ပေါင်းထားပြီးသားပါ"
ဝူမားမားသည် တံခါးမကြီးကို ပိတ်လိုက်ပြီးနောက် မီးဖိုချောင်ဘက်သို့ တန်းတန်းမတ်မတ် ထွက်ခွာသွားခဲ့၏။ ရှန်းဟွေရွှယ်က မိခင်ဖြစ်သူနှင့်အတူ ပင်မခြံဝင်းထဲသို့ လိုက်ပါလာခဲ့ လေသည်။
သူတို့အခန်းထဲသို့ ရောက်ရှိလာပြီး သားအမိနှစ်ဦးသား ပြန်တွေ့ကြသည့်အချိန်မှ ရှန်းချင်းဝူသည် ရုတ်တရက် ရေမောလိုက်လေသည်။
ရှန်းဟွေရွှယ်က သူမကို ကြည့်လိုက်ပြီး "အမေ"
"ဟွေရွှယ် သမီးရဲ့အဖေကို သတ်ခဲ့တဲ့လူတွေ တစ်ယောက်မှ ကောင်းကောင်း သေရမှာ မဟုတ်ဘူး" ရှန်းချင်းဝူ၏ မျက်နှာပေါ်က အပြုံးသည် ရပ်တန့်မရနိုင်တော့ သယောင်ပင်။ သူမကထိုင်ခုံတွင်ထိုင်ကာ ရယ်မောရင်းမှ မျက်ရည်များကျလာတော့၏။
ရှန်းဟွေရွှယ်သည် ရှေ့သို့တိုးလာပြီး သူမ၏လက်ကို ဆုပ်ကိုင်ထားကာ သူမရှေ့တွင် ဒူးထောက်ထိုင် ချလိုက်ပြီး မော့ကြည့်ကာ ပြောလာလေသည်။ "အမေ။ ရှန်းအိမ်တော်ကိစ္စက အမေ လုပ်ခဲ့တာလား"
"ဟုတ်တာပေါ့။ အမေ လုပ်ခဲ့တာ" ရှန်းချင်းဝူသည် လက်မြောက်ကာ သမီးဖြစ်သူ၏ မျက်နှာလေးကို ပွတ်သပ်ရင်း လျိုဖုန်းနှင့် အလွန်တူညီလှသည့် သူမ၏ ရုပ်ရည်ကို ကြည့်ကာ လွန်ခဲ့သည့် နှစ်ပေါင်းများစွာက ထွက်ခွာသွားသည့် လျိုဖုန်းကို မြင်ယောင်လာ မိသလိုပင်။
သူတို့တွေက လူနဲ့မိစ္ဆာ အတူတူ မနေနိုင်ဘူးလို့ ပြောခဲ့ကြပြီးတော့ သူတို့ကိုယ်တိုင်ကျတော့ မိစ္ဆာဖြစ်နေ ချင်ကြတယ်တဲ့လေ။
မိစ္ဆာဖြစ်အောင် လုပ်စရာ လိုသေးလို့လား။ တစ်ခါတည်း သေသွားတာကမှ ပိုမကောင်းဘူးလား။
"သူတို့အားလုံးက အဓိက တရားခံတွေပဲ။ ရှန်းအိမ်တော်က တစ်ယောက်မှ အပြစ်ကင်းစင်တဲ့သူ မရှိဘူး"
"အမေ။ သမီး သိပါတယ်" ရှန်းဟွေရွှယ်သည် ရှန်းအိမ်တော်ကလူများ၏ သေရေးရှင်ရေးကို ဂရုမစိုက်ချေ။ သို့သော်ငြားလည်း ဒီကိစ္စက အလွန်ကြီးမားလှပြီး ရှန်းအိမ်တော်တွင် ကိစ္စဖြစ်ပွားခဲ့လျှင် သူမ၏အမေသည် ရှန်းကျီးဟန်၏ တရားဝင် ညီမအရင်းဖြစ်နေသဖြင့် ဒီအမှုထဲတွင် ပါဝင်ပတ်သက်သွားနိုင်ပေသည်။
ငါ ဘယ်လိုလုပ်ရမလဲ။ ကျန်းကျင့်ဟိုင်ကို အကူအညီ သွားတောင်းရမလား။
ရှန်းဟွေရွှယ်သည် တစ်ချိန်တည်းမှာပင် တွေဝေသွား လေတော့သည်။
ရှန်းချင်းဝူက စိုးရိမ်မှုများ အပြည့်ဖြစ်နေသည့် သမီးဖြစ်သူကို ကြည့်ကာ ရုတ်တရက် မေးလာ၏။ "ဟွေရွှယ် တကယ်လို့ သမီးကို မိစ္ဆာမျိုးနွယ် ဖြစ်ခွင့်ရမယ့် အခွင့်အရေး တစ်ခုရှိမယ်ဆိုရင် သမီးကဖြစ်ချင်လား"
ရှန်းဟွေရွှယ်မှာ ကြောင်အမ်းအမ်း ဖြစ်သွားလေတော့သည်။ "အမေ ဘာတွေပြောနေတာလဲ"
ငါက ဘယ်လိုလုပ်ပြီး မိစ္ဆာမျိုးနွယ် ဖြစ်နိုင်မှာလဲ။
“အားချန်က အမေ့ကို ပြောသွားတယ်။ သမီးအဖေရဲ့ အမြုတေ ရှိနေသရွေ့ သမီးကသူနဲ့ တစ်ထပ်တည်းတူတဲ့ မြေခွေးမိစ္ဆာ ဖြစ်လာနိုင်တယ်တဲ့။ ဟွေရွှယ် သမီးစမ်းကြည့်ချင်လား"
ရှန်းဟွေရွှယ်၏ စိတ်ထဲတွင်ရုတ်တရက် ကြောက်ရွံ့မှုတစ်ခု ဖြစ်ပေါ်လာတော့သည်။ မြေခွေးမိစ္ဆာတစ်ကောင်အဖြစ်... ပြောင်းလဲသွားမယ်တဲ့လား။
သူမသည် မွေးလာကတည်းက မိစ္ဆာတစ်ပိုင်းဖြစ်ပြီး ငယ်စဉ်ကတည်းက ရှန်းအိမ်တော်က လူအများ၏ အထင်သေးခြင်းကို ခံခဲ့ရလေသည်။ တခြားသူများက သူမ၏မျက်လုံးကို မြင်လိုက်သည်နှင့် အဝေးသို့ ရှောင်ထွက်သွားကြ၏။
သူမ၏ဘဝတွင် ပြောင်းလဲမှုများ ရှိလာလိမ့်မည်ဟု တစ်ခါမှ မတွေးမိခဲ့ဖူးချေ။ မိစ္ဆာဖြစ်သွားမယ်တဲ့... လုံးဝတောင် မတွေးကြည့်ဖူးတဲ့ အရာပဲ။
ဒီအရာများအပြင် သူမ၏အမေလည်း ရှိနေသေးသည်။
အမေကသူမကို ဒီလိုရုတ်တရက် မေးလာတာက သူမကိုဒီလို ရွေးချယ် စေချင်တာကြောင့် ဖြစ်တယ်ဆိုတာ သေချာသိပါတယ်။ ဒါပေမဲ့...
"ဒါဆိုရင် အမေကရော" ရှန်းဟွေရွှယ်သည် ရှန်းချင်းဝူကို မေးလိုက်၏။ "တကယ်လို့ သမီးက မိစ္ဆာဖြစ်သွားရင် သာ့ရှမှာ နေလို့မရတော့ဘူး"
"သမီးက အရွယ်ရောက် လာပြီပဲ။ အမေ့ဘေးမှာ အမြဲရှိနေလို့ မဖြစ်ဘူးလေ။ သာ့ရှက ထွက်သွားတာ မကောင်းဘူးလား။ ဒီနေရာက ထွက်သွားရင် သမီး လွတ်လွတ်လပ်လပ် နေနိုင်ပြီ။ သမီးအဖေ ပြောဖူးတယ်။ သာ့ရှပြည်ရဲ့ အပြင်ဘက်မှာ ကျယ်ပြောတဲ့ လောကကြီး ရှိနေသေးတယ်တဲ့"
"ဒါပေမဲ့ သမီးကတော့ အမေ့ကိုပဲ အဖော်ပြုပေးချင်တာ"
ရှန်းချင်းဝူသည် သမီးဖြစ်သူ၏ မျက်နှာလေးကို ညင်သာစွာ ပွတ်သပ်ပေးလိုက်ပြီး စကားမပြောတော့ချေ။
ရှန်းအိမ်တော်၏ အပြစ်ကို စစ်ဆေးတွေ့ရှိသွားလျှင် သေဒဏ်မှ လွတ်မြောက် နိုင်မည်မဟုတ်မှာ သေချာပြီး သူမကလည်း လွတ်မြောက်နိုင်မည် မဟုတ်ပေ။
ဒီအရာသည် သူမက အားချန်ထံမှ အကူအညီ တောင်းစဥ်ကတည်းက သတ်မှတ်ပြီးသား အဆုံးသတ်ဖြစ်မှန်း သိနေပြီး နောင်တလည်း ရမည်မဟုတ်ပေ။
သို့သော်ငြား သမီးဖြစ်သူကို သူမနှင့်အတူ ဒီနေရာတွင်တော့ မကျန်ရစ်စေလိုပေ။
ရှန်းချင်းဝူက ခေါင်းခါပြလိုက်၏။ "ဒီနေရာက သမီးအဖေကို မြှုပ်နှံထားတဲ့နေရာ။ အမေက ဒီနေရာမှာပဲ သူ့ကိုအဖော်ပြုပြီးတော့ နေခဲ့မှာ"
အခိုက်အတန့်တွင် သားအမိ နှစ်ယောက်စလုံးသည် အချင်းချင်း နားလည်အောင် မစည်းရုန်းနိုင်ခဲ့ချေ။
...
ထိုအချိန်တွင် အဝေးရှိ ခြံဝင်းငယ်လေးတစ်ခုထဲတွင် အားချန်သည် ရှန်းအိမ်တော်တွင် ပွဲကြမ်းနေသည်ကို မမြင်ရသော်ငြားလည်း အိမ်ထဲမှနေ၍ ကျောင်းမူ၏ ကြီးမားလှသည့် ခန္ဓာကိုယ် လှုပ်ရှားနေသည်ကို လှမ်းမြင်ရလိုက်သဖြင့် အတော်လေး ကျေနပ်သွားတော့သည်။
သို့သော်ငြား ခဏလေးသာ ကြည့်လိုက်ရပြီး ဘာမှလည်း မမြင်ရတော့ချေ။ ရှန်းအိမ်တော်ဘက်မှာ အခုဘယ်လိုဖြစ်သွားပြီလဲ မသိဘူး။
ပိုင်ရှိုးမင်နဲ့ရှန်ကျော်တို့ အခြေအနေကို ထိန်းချုပ်နိုင်မှာပဲ။ ပြဿနာ ကြီးကြီးမားမားတော့ မဖြစ်လောက်ပါဘူး။
သူမ တွေးနေစဉ်မှာပင် အပြင်ဘက်မှ အလောတကြီး တံခါးခေါက်သံများ ထွက်ပေါ်လာတော့သည်။
"ဘယ်သူလဲ" ဒီအချိန်ကြီး ဘယ်သူ လာလည်တာလဲ။ ဟွေရွှယ်တို့များလား။
အားချန်သည် တွေးရင်း တံခါးဝသို့ လျှောက်လာခဲ့လေသည်။
သူမ၏စိတ်ထဲတွင် စဉ်းစားနေစဉ်မှာပင် တံခါးအပြင်ဘက်က မရင်းနှီးသည့် ယောက်ျားသံကို ကြားလိုက်ရ၏။ "မိန်းကလေးကျိ ကျွန်တော်က မင်ကျင့်စီးရဲ့ တပ်စုမှူးပါ။ ကျေးဇူးပြုပြီးတော့ တံခါးဖွင့်ပေးပါဦး။ ပိုင်လူကြီးမင်း ဒဏ်ရာရလာလို့ပါ"
အားချန်သည် တံခါးဖွင့်လိုက်သည်နှင့် ပထမဦးဆုံး မြင်လိုက်ရသည်မှာ လူနှစ်ယောက် တွဲထားပေးသည့် ပိုင်ရှိုးမင်ကိုပင်။
သူ့ပုံစံမှာ အလွန်စုတ်ပြတ်သတ်နေပြီး အပြင်ဘက်က ဝတ်ဆင်ထားသော အနီရောင် တောက်တောက် ဝတ်ရုံရှည်ကြီးသည် နေရာအနံ့ စုတ်ပြဲနေကာ သွေးကွက်များဖြင့် ပြည်နှက်နေတော့၏။ အတွင်းဘက်က ဝတ်စုံမှာလည်း ရင်ဘတ်တွင် အပေါက်ကြီးတစ်ခု ဖြစ်နေပြီး အတွင်းက အရောင်ပြောင်းနေသည့် အရေပြားကိုပင် မြင်နေရလေသည်။
သူသည် ဒီအချိန်တွင် မျက်လုံးများကို မှိတ်ထားပြီး အသိစိတ် ရှိနေသေးသလားပင် မသိတော့ချေ။
"သူဘာဖြစ်လာတာလဲ" အားချန်ကလည်း အလောတကြီး မေးလိုက်၏။
"ပိုင်လူကြီးမင်းက အဆင့်လေး ရွှမ်ရွှေမြွေ မိစ္ဆာက အလစ်ငိုက် တိုက်ခိုက်လို့ အဆိပ်မိသွားတာပါ" ဘေးကတပ်စုမှူးက အတိုချုပ်ရှင်းပြလိုက်၏။
အားချန်သည် ထိုရွှမ်ရွှေမြွေ မည်သို့ဖြစ်သွားသည်ကို စိတ်မဝင်စားဘဲ ပိုင်ရှိုးမင်၏ မျက်နှာကို အနီးကပ် ကြည့်လိုက်၏။ သူမကအနားသို့ ကပ်လိုက်သည်နှင့် ပိုင်ရှိုးမင်ကလည်း ရုတ်တရက် မျက်လုံးဖွင့် လာခဲ့လေသည်။
"ပိုင်ရှိုးမင်။ ရှင် ကျွန်မကို မှတ်မိသေးလား" အားချန်က မေးလိုက်၏။
ပိုင်ရှိုးမင်က သူမကို ခဏလောက် စိုက်ကြည့်လိုက်ပြီးမှ အင်း ဟု ခပ်တိုးတိုးတစ်ချက် ညည်းလိုက်၏။
အားချန်သည် စကားစ ဒီမှာတင် ပြီးဆုံးသွားပြီဟု ထင်လိုက်ချိန်မှာပင် သူကထပ်ပြီး ပြောလာခဲ့လေသည်။ သူ့အသိစိတ်က အလွန်ရှင်းလင်း နေသေး၏။ "ငါ ရွှမ်ရွှေမြွေ အဆိပ်မိသွားတယ်။ နည်းလမ်းရှာပေးဦး။ အမြန်ဆုံး အဆိပ်ဖြေပေး"
အားချန်မှာ အနည်းငယ် အခက်တွေ့သွားတော့၏။ ဒီအဆိပ်ကို သူမ သိလေသည်။ အမှန်တကယ်တွင် အဆိပ်ပြင်းလှသည်မဟုတ်ဘဲ ဖြည်းဖြည်းချင်း အဆိပ်ဖြေလျှင် ရပေသည်။ သို့သော်ငြား ဒီအဆိပ်သည် လူကိုအလွန် နာကျင်ရစေပြီး ခန္ဓာကိုယ် နာကျင်ရုံသာမက စိတ်ပိုင်းဆိုင်ရာပါ နာကျင်ရစေ၏။ အဆိပ်ဖြေနှုန်းကို မြန်ဆန်အောင် လုပ်ခြင်းက နာကျင်မှုကို နှစ်ဆ တိုးပေစေလိမ့်မည်။
"ဖြစ်တော့ ဖြစ်ပါတယ်။ ဒါပေမဲ့... ရှင်က" ခံနိုင်လို့လား။
အားချက်၏ စကားမဆုံးသေး ခင်မှာပင် ပစ္စည်းတခုက သူမဆီသို့ ပစ်ဝင်လာပြီး သူမကလည်း လက်မြန်ခြေမြန်ဖြင့် ဖမ်းယူထားလိုက်၏။ ထိုအရာက ငွေအိတ်လေး တစ်လုံးဖြစ်လေတော့သည်။
ပိုင်ရှိုးမင်က သူမကို ငွေအိတ်ပေးလာရသည့် အကြောင်းအရင်းကို စဉ်းစားနေစဉ်မှာပင် သူက ပြောလာသည်ကို ကြားလိုက်ရလေသည်။ "ငါ့ရဲ့ပိုင်ဆိုင်မှုတွေကို သိချင်တယ် မဟုတ်လား။ အကုန်လုံး ဒီထဲမှာ"
အားချန်ကလည်း ချက်ချင်းဆိုသလို ခေါင်းငုံ့ကြည့်လိုက်၏။ သူမတွင် ကျင့်ကြံမှုမရှိသဖြင့် ဒီပစ္စည်းကို မဖွင့်နိုင်ပေ။ ဒီပစ္စည်သည် ပိုက်ဆံအိတ် မဟုတ်ဘဲ သိုလှောင်အိတ် ဖြစ်ကြောင်းကို သက်သေပြနေ၏။ "ဒီထဲက ပစ္စည်းတွေကို မင်း စိတ်ကြိုက် ယူသုံးလို့ရတယ်။ မနက်ဖြန်မတိုင်ခင် ငါ့အဆိပ်ကို ဖြေနိုင်သရွေ့ မင်းဒီထဲက ကြိုက်တဲ့ ပစ္စည်းတစ်ခုခုကို ရွေးယူနိုင်တယ်"
"တကယ်လား" အားချန်၏ မျက်လုံးများမှာ အမှတ်တမဲ့ ကွေးညွှတ်သွားလေတော့သည်။ ကောင်းကင်ပေါ်က မုန့်လုံးကျလာသလောက် ကောင်းတာရှိသေးလို့လား။
"တကယ်"
"ကတိနော်။ အထဲကို မြန်မြန်ဝင်ခဲ့"
အားချန်သည် သူကနောင်တရ သွားမှာစိုးရိမ်သဖြင့် တက်ကြွစွာဖြင့် တပ်စုမှူးနှစ်ယောက်ကို သူ့အားအိမ်ထဲသို့ တွဲခေါ်ရန် ညွှန်ကြားလိုက် တော့သည်။
ထိုအချိန်တွင် ချန်ဟွေ့သည် အသံကြားကာ ထွက်လာခဲ့ပြီး စုတ်ပြတ်သတ်ကာ အခြေအနေ မကောင်းဖြစ်နေသည့် ပိုင်ရှိုးမင်နဲ့ မင်ကျင့်စီး တပ်စုမှူးနှစ်ဦးကို မြင်လိုက်ရသောအခါ ရှေ့တိုးရလေမလား။ ပြန်ဆုတ်ရလေ မလားမသိအောင် ဖြစ်သွားတော့သည်။
မင်ကျင့်စီး အစောင့်တစ်ဦးက ချန်ဟွေ့ကို မြင်လိုက်သောအခါ မျက်နှာပျက်သွားပြီး အားချန်ဘက်သို့ လှည့်ကာပြောလိုက်၏။ "မိန်းကလေးကျိ ခွင့်လွှတ်ပါ။ ပိုင်လူကြီးမင်း အဆိပ်ဖြေနေတုန်းမှာ ဒီအမျိုးသမီးက ဒီနေရာမှာ မနေတာ ပိုကောင်းပါတယ်"
ပိုင်ရှိုးမင်သည် ယခုအချိန်တွင် အဆိပ်ပြင်းသင့်နေပြီး ရှေ့က အမျိုးသမီးကလည်း လူသား မဟုတ်ချေ။ အကယ်၍ ကြားတွင် တစ်စုံတစ်ခု မှားယွင်းသွားပါက သူတို့သည် အသက်ဖြင့်သာ အပြစ်ကို ပေးဆပ်ရပေတော့မည်။
ချန်ဟွေ့ကလည်း စိတ်မဆိုးမိချေ။ ယခုအခြေအနေတွင် အားချန်အတွက် စိတ်မပူပါက သူမသည် အဝေးကြီးသို့ ရှောင်တိမ်းနေ ပြီးလောက်ပြီ။
ပိုင်ရှိုးမင်နှင့် ပတ်သက်မိလျှင် အနည်းငယ် မတော်တဆ ဖြစ်ရုံမျှဖြင့် အသက်ဆုံးရှုံး နိုင်ပေသည်။ သူမက အားချန်ကို ယုံကြည်သော်ငြားလည်း မိမိကိုယ်တိုင်ကိုတော့ ယုံကြည်မည် မဟုတ်ပေ။
အားချန်သည် ထိုစကားကို ကြားလိုက်ရသောအခါ ခဏလောက် စဉ်းစားလိုက်ပြီးမှ ပြောလာလိုက်သည်။ "ဟွေ့ညန်။ ရှင် ကျွန်မကို ဟွေရွှယ် အိမ်ပြန်ရောက်ပြီလား သွားကြည့်ပေးပါလား"
မည်သို့ပင်ဖြစ်စေ အိမ်နှစ်လုံးကလည်း နီးကပ်နေသဖြင့် ဟွေ့ညန် ထိုနေရာတွင်နေလျှင်လည်း သူမက စိတ်ချနိုင်ပေသည်။
"ကောင်းပါပြီ" ချန်ဟွေ့ကလည်း သဘောတူလိုက်၏။ "ကျွန်မ မနက်ဖြန် ပြန်လာခဲ့မယ်။ အရာရာ သတိထားနော်"
ချန်ဟွေ့သည် တွေဝေမနေဘဲ လှည့်ထွက်သွားလေတော့သည်။
မင်ကျင့်စီး တပ်စုမှူးနှစ်ဦးသည် ပိုင်ရှိုးမင်ကို အားချန်၏ ကုတင်ပေါ်သို့ တွဲတင်ပေးလိုက်ပြီး အရိုအသေပေးကာ ပြောလာ၏။ "မိန်းကလေးကျိ ကျွန်တော်တို့ နှစ်ယောက် ခြံအပြင်မှာ စောင့်နေပါ့မယ်။ တကယ်လို့ တစ်ခုခု လိုအပ်တာရှိရင် ခြံထဲကနေ လှမ်းအော်လိုက်ရင် ရပါတယ်"
"ရှင်တို့ နှစ်ယောက်စလုံးကို ဒုက္ခပေးမိပါပြီ"
ထိုလူနှစ်ဦးကို လိုက်ပါပို့ဆောင်ပြီးနောက် အားချန်သည် တံခါးကို ပိတ်လိုက်ပြီး သူကအိတ်ကိုကိုင်ကာ ကုတင်ဘေးသို့ပြေးလာပြီး မျက်နှာပေါ်တွင်လည်း စိတ်မရှည်လက်မရှည် အမူအရာဖြင့် ပြောလိုက်တော့၏။ "ပိုင်ရှိုးမင် မြန်မြန်ဖွင့်"
ကုတင်ပေါ်တွင် လှဲလျောင်းနေသည့် အမျိုးသားသည် လက်ကို မြှောက်လိုက်ပြီး လက်ချောင်းတစ်ချောင်းကို အနည်းငယ် လှုပ်ရှားလိုက်ရာ အားချန်သည် သိုလှောင်အိတ်လေးကို သူ့လက်ထဲသို့ မြန်မြန်ပြန်ထည့် ပေးလိုက်တော့သည်။
သူက ထိုအိတ်ကို ဖိကိုင်လိုက်သည်နှင့် ပစ္စည်းများက တစ်ခုပြီးတစ်ခု ထွက်ကျလာပြီး ကြမ်းပြင်ပေါ်တွင် ပုံကျသွားကာ ခဏအတွင်းမှာပင် အခန်းတစ်ဝက် ပြည့်နှက်သွား လေတော့သည်။
အားချန်က တစ်ချက်လောက် လှမ်းကြည့်လိုက်ပြီး အလွန်ရှားပါးသည့် ဝိညာဉ်ဆေးပင်များ ဝိညာဉ်သစ်သားများ ရှားရှားပါးပါး သတ္တုရိုင်းများ မရေမတွက်နိုင်သည့် ဆေးလုံးများကို တွေ့လိုက်ရ၏။
ထို့အပြင် ရှားပါးထူးဆန်း သားရဲများ၏ ခန္ဓာကိုယ် အစိတ်အပိုင်းများနှင့် ထူးဆန်းသော သားရိုင်းများ၏သွေးများကို သိုလှောင်ထားသော သေတ္တာဘူးကပင် ဆယ်လုံးလောက် ရှိနေလေသည်။
အားချန်သည် ကြည့်ရင်းက မျက်စိများပင်ကျိန်းစက်လာပြီး ပစ္စည်းတိုင်းကို လိုချင်နေမိတော့၏။
"ဒါပဲလား" သိုလှောင်အိတ်မှ ပစ္စည်းများ ထပ်မထွက် လာတော့သည်ကို မြင်လိုက်သောအခါ သူမမှာ အနည်းငယ် စိတ်ပျက်သွား မိတော့သည်။
"ကျန်တာက အခန်းထဲမှာ ဆန့်မှာမဟုတ်တော့ဘူး"
"ကောင်းပြီလေ" အားချန်သည် ရတနာပုံထဲသို့ ဝင်ရောက်သွားပြီး ပစ္စည်းများကို စတင်ရွေးချယ် လေတော့၏။
ရွှမ်ရွှေမြွေ၏ အဆိပ်သည် လူ့ခန္ဓာကိုယ်ကို အလွန်အထိ ခိုက်မခံဖြစ်စေပြီး နာကျင်မှုများ တိုးပွားလာမည်ဖြစ်ကာ စိတ်ကို ထင်ယောင်ထင်မှား ဖြစ်ပေါ်စေပြီး ထိုအရာများထဲ နှစ်မျောသွားပြီးနောက် ရုန်းမထွက်နိုင်ခြင်းပင် ဖြစ်လေသည်။
အဆိပ်ဖြေနှုန်းကို မြန်ဆန်အောင်လုပ်ခြင်းမှာ အမှန်တကယ် လွယ်ကူလှ၏။ ခန္ဓာကိုယ်အတွင်းက အတွင်းအားလည်ပတ်မှုကို အထောက်အကူ ပြုနေသရွေ့ အဆိပ်ကို ပျော်ဝင်စေနှုန်းကလည်း ပြန်ဆန်လာပေလိမ့်မည်။
သို့သော်ငြား ပိုင်ရှိုးမင်၏ လက်ထဲတွင် ဆေးလုံးအများကြီး ရှိသော်ငြားလည်း ကျင့်ကြံနှုန်းကို မြင့်တင်ပေးသည့် ဆေးက မပါဝင်နေ ချေ။
စားလို့ ကုန်သွားတာများလား။ အားချန်သည် သိပ်ပြီးလည်း မတွေးမိတော့ချေ။ ကံကောင်းထောက်မစွာ သူမသည်ယခင်က ကျင့်ကြံရာတွင် အထောက်အကူပြုသည့် ဆေးပင်များကို ကိုယ်တိုင်ဖော်စပ်ခဲ့ ဖူးလေသည်။ လူနှင့်မိစ္ဆာ အသုံးပြုပုံတော့ တူလောက်မှာပါလေ။
ထိုအပြင် ရွှမ်ရွှေမြွေ အဆိပ်ကြောင့် ဖြစ်ပေါ်လာသည့် ထင်ယောင်ထင်မှား စိတ်ကူးများကို ဖြေရှင်းရာမှာလည်း အနည်းငယ် ခက်ခဲသေး၏။ ဒီအခြေအနေသည် စိတ်နှလုံးထဲက မိစ္ဆာပေါ်ပေါက်လာသည်နှင့် တူညီပြီး ကိုယ်တိုင်ကိုသာ အားကိုးရပေမည်။ သို့သော်ငြား ခန္ဓာကိုယ်ပေါ်က နာကျင်မှုကိုတော့ နည်းနည်းလေး သက်သာအောင် ပြုလုပ်ပေးနိုင်၏။
ပိုင်ရှိုးမင်က ဒီလောက် ရက်ရောလှသဖြင့် အားချန်ကလည်း သူ့ကို နာကျင်စွာ မခံစားစေလို ပေ။
သူမက ပစ္စည်း၁၀မျိုးကျော်ကို ရွေးထုတ်လိုက်ပြီးနောက် ထပ်မံကြည့်ရှုရန် ပြင်လိုက်စဉ်မှာပင် နောက်က မေးလာသည့်အသံကို ကြားလိုက်ရ၏။ "ရွေးပြီးပြီလား"
"မပြီးသေးဘူး" အားချန်သည် နောက်သို့တစ်ချက် လှည့်ကြည့်လိုက်သည်တွင် ထိုလူက သွေးအန်နေသည်ကို တွေ့လိုက်ရ၏။
"ရှင် ဘာဖြစ်လို့ သွေးအန်နေတာလဲ"
ပိုင်ရှိုးမင်၏ မျက်နှာသည် အနည်းငယ် ကူကယ်ရာမဲ့ သွားသလို ဖြစ်သွားကာ သူကပဲ သွေးကိုဆန္ဒအလျောက် အန်ထုတ်ချင်နေ သည့်နှယ်ပင်။
အားချန်က သူမ၏ လက်ကိုင်ပုဝါကို ထုတ်ကာ သူနှုတ်ခမ်းတောင့်က သွေးများကိုသုတ်ပြီး အာမခံကာ ပြောလိုက်လေသည်။ "ရှင် စိတ်မပူနဲ့။ ကျွန်မ ရှင့်ကို အသက်ရာကျော် နေရအောင် လုပ်ပေးမယ်"
ပိုင်ရှိုးမင်က သူမကို စိုက်ကြည့်လိုက်တော့၏။ ထိုအချိန်တွင် သူမျက်စိရှေ့တွင် ထင်ယောင်ထင်မှား စိတ်ကူးများ ပေါ်နေပြီ ဖြစ်သော်ငြားလည်း သူ့အသံကိုတော့ တည်ငြိမ်အောင် ကြိုးစားထိန်းထားဆဲပင်။ "မင်း ငါ့ကို ကျိန်ဆဲနေတာလား"
အားချန်က ခဏလောက် စဉ်းစားလိုက်၏။ အသက်ရာကျော် ရှည်တယ်ဆိုတာ သူ့အတွက် ကျိန်ဆဲသလို ဖြစ်နေတာပဲ။
"အိုး.. အသေးစိတ်တွေကို အဲ့လောက် လိုက်တွက်ကပ် မနေပါနဲ့တော့။ ကျွန်မ ဆိုလိုချင်တဲ့ အဓိပ္ပာယ်ကို နားလည်လိုက်ရင်ရပြီ"
"အင်း။ နားလည်လိုက်ပြီ" သူက ဆက်ပြီး လှဲမနေတော့ဘဲ ကုတင်ပေါ်တွင် တင်ပျဥ်ခွေ ထိုင်လိုက်လေသည်။
အားချန်က သူ့အပြင်ဘက် ဝတ်ရုံကို ချွတ်ပေးလိုက်ပြီး ခဏလောက် စဉ်းစားကာ သူ့ခါးပတ်ကိုပါ ဖြည်ပေးရန် ပြင်လိုက်၏။ ဘာပဲဖြစ်ဖြစ်လေ အတွင်းဝတ်စုံလည်း စုတ်ပြဲနေပြီပဲ အတူတူ ချွတ်လိုက်ရမလား။
ပိုင်ရှိုးမင်သည် သူမ၏လက်ကို အချိန်မှီ ဖမ်းဆုပ်ထားလိုက်ပြီး သူလက်ဖဝါးမှာ အေးစက်လို့ နေလေတော့သည်။
"ဒါတော့ မလိုဘူး"
...