သဘောကျရဲ့လား
Vol. 11 Ch. 103
အားချန်သည် တံခါးအပြင်ဘက်တွင် ရပ်နေလိုက်၏။ အချိန်က သန်းခေါင်ချိန် ရောက်နှင့်နေပြီ ဖြစ်ကာ ယာဉ်စွန်းတန်းက အလင်းရောင်နှင့် အရိပ်များသည်လည်း ညအမှောင်၏ ဝါးမျိုခြင်း ခံလိုက်ရပြီဖြစ်၏။
ညနေခင်းလေပြည်လေးက မသိမသာ အေးစိမ့်စိမ့် ဖြစ်နေသော်ငြားလည်း သူမသည် အပြင်ဘက်တွင် ခဏလောက်သာ စောင့်ဆိုင်းခဲ့ရပြီး အအေးမမိခင်မှာပင် သူမ၏နောက်က တံခါးက ပွင့်လာတော့သည်။
ပိုင်ရှိုးမင်က လျှောက်ကာထွက်လာခဲ့၏။ သူသည် အင်္ကျီလက်ကျဉ်း အနက်ရောင် သိုင်းဝတ်စုံကို ပြောင်းလဲကာ ဝတ်ဆင်ထားလေသည်။ သူသည် ရှည်လျားသည့် ဆံပင်များကို အနောက်ဘက်တွင် စုစည်းထားပြီး ဆံနွယ်တချို့က ရှေ့တွင် ဒီအတိုင်းကျနေကာ အနည်းငယ် ဖိုသီဖတ်သီ နိုင်လို့နေတော့သည်။
အားချန်က အခန်းထဲသို့ အရင်ဆုံး ချောင်းကာ ကြည့်လိုက်၏။ ဖယောင်းတိုင်များကို အခန်းထဲတွင် မီးထွန်းထားပြီးသား ဖြစ်လေသည်။ အတွင်းဘက်တွင် ပုံနေသည့် ပစ္စည်းများကိုလည်း သိမ်းဆည်းပြီးသွားပြီ ဖြစ်သော်ငြား စားပွဲပေါ်တွင် ဘူးလေးတချို့တော့ ရှိနေသေး၏။ အထဲမှာဘာတွေပါပါလိမ့်။
သူမ၏ အကြည့်သည် ပိုင်ရှိုးမင်ဆီသို့ ပြန်ရောက်သွားကာ သူ့ကိုမေးလိုက်တော့သည်။ "ရှင် သွားတော့မှာလား"
"ဟုတ်တယ်" ပိုင်ရှိုးမင်က သူမ၏ရှေ့တွင် ရပ်လိုက်ကာ လေသံတိုးတိုးဖြင့် ပြန်ဖြေလိုက်သည်။
အားချန်လည်း စိတ်ထဲတွင် သိနေ၏။ ရွှမ်ရွှေမြွေ၏ အဆိပ်ကို ဖြေပြီးသွားပြီးလျှင်တော့ ကျန်သည့်ဒဏ်ရာများက ပိုင်ရှိုးမင်အတွက် မပြောပလောက်သည့် အသေးအဖွဲ ဒဏ်ရာများသာ ဖြစ်ပြီး သူ နောက်ဆက်လုပ်မည့် ကိစ္စများကို နှောင့်နှေးစေ လိမ့်မည်မဟုတ်ပေ။
မင်ကျင့်စီးက ယနေ့တွင် ရှန်းမိသားစုကို အရေးယူ ဆောင်ရွက်ခဲ့သည်။ အကယ်၍ ဒီမိသားစုသည် ရှီးလင်တွင် ချမ်းသာကြွယ်ဝနေခဲ့လျှင် ဒါသည် ရှိယီးလင်ဝမ် အိမ်တော်နှင့် ရင်းနှီးသည့် ဆက်ဆံရေး သေချာပေါက် တစ်ခုရှိပေလိမ့်မည်။ သူတို့ကို အရေးယူရုံလောက်နှင့်တော့ လုံလောက်လိမ့်မည် မဟုတ်ပေ။ သူတို့ရင်ဆိုင်ရမည့် နောက်တစ်ခုမှာ ရှီးလင်ဝမ် အိမ်တော် ဖြစ်လေသည်။
ဟုတ်ပါသည်။ ဒီလိုကိစ္စမျိုးကို မြန်မြန်ဖြေရှင်းလိုက်လေ ပိုကောင်းလေပင်။ အချိန်ဆွဲလို့လည်း ကောင်းသည့်အရာ မဟုတ်ချေ။ ပိုင်ရှိုးမင်က အဆိပ်ဖြေဖို့ရန် ထိုမျှလောက် အလောတကြီး ဖြစ်နေရသည့် အကြောင်းအရာကလည်း ဒီကိစ္စကြောင့်သာ ဖြစ်ပေမည်။
သူသည် စကားလုံး အနည်းအကျဉ်းသာ ပြောလိုက်သော်ငြားလည်း အားချန်ကတော့ သူနှင့် ရှီးလင်ဝမ်ကြားတွင် ရှီးလင်ဝမ်ဖေး၏ အသက်က ကြားခံနေမှန်း ရိပ်စားမိနိုင်သည်။ သူ့အနေဖြင့် နောက်ဆက်တွဲ ဘာထပ်လုပ်မည်ကိုတော့ မသိနိုင်ပေ။
အတွေးများကို တဖြည်းဖြည်း ပြန်စုစည်းလိုက်ပြီး အားချန်မှာ မနေနိုင်ဘဲ သူ့ကိုသတိပေး လိုက်မိတော့၏။ "သတိထားနော်။ ထပ်ပြီးတော့ မထိခိုက်စေနဲ့။ နောက်တစ်ခါ ထပ်ဖြစ်တယ်ဆိုရင် ကျွန်မလည်းရှ င့်ကို အချိန်မီ ကူညီပေးနိုင်ချင်မှ ကူညီပေးနိုင်မှာ"
ပိုင်ရှိုးမင်က ပြုံးလိုက်သော်ငြားလည်း တလေးတနက်ဖြင့် ပြန်ဖြေလာသည်။ "ဟုတ်ပါပြီ။ ငါ နားလည်ပါတယ်"
သူ့အမူအရာသည် အလွန်လေးနက်နေပြီး ကတိစကားတစ်ခုနှင့်ပင် ပိုတူလို့နေသည်။
"ဒါဆိုရင် ရှင် သွားတော့လေ" စကားမဆုံးခင်မှာပင် အားချန်သည် ရုတ်တရက် ခံစားမိလိုက်ပြီး မြန်မြန်ထပ်ပြောလိုက်၏။ "ဪ ခဏလေးနေအုံး"
ပိုင်ရှိုးမင်က သူမကိုကြည့်ရင်း သူမထပ်ပြောလာမည့် စကားကို စောင့်ဆိုင်းနေလိုက်၏။
အားချန်က သူမ၏လက်ကို ရှေ့သို့ဆန့်လိုက်ကာ လက်ချောင်းထိပ်ဖျားလေးဖြင့် သူ၏ရင်ဘတ်ကို ထောက်ကာ မေးလိုက်လေသည်။ "ကျွန်မ ခံစားရမယ့် ဟာတွေရော"
"ဘာလိုချင်လို့လဲ"
အားချန်သည် လက်ကို ပြန်ရုပ်သိမ်းလိုက်ပြီး ခြေနှစ်လှမ်း နောက်ဆုတ်လိုက်ပြီး သူမ ရှေ့ကလူကို ခေါင်းအစခြေအဆုံး အကဲခတ် ကြည့်လိုက်ပြီးနောက် သူ့လက်ပေါ်သို့ မတော်တဆ ကျရောက်သွားတော့၏။
ပိုင်ရှိုးမင်ကလည်း တစ်ခုခုကို သတိထားမိ သွားဟန်တူသည်။ သူက ခေါင်းငုံ့ကာ တစ်ချက်ကြည့်လိုက်ပြီးနောက် သူ၏ညာဘက်လက်ကို မြှောက်က မေးလိုက်၏။ "ဒါကိုသဘောကျတာလား"
သူ ဆိုလိုသည်မှာ သူ၏ညာဖက်လက်ညှိုးတွင် ဝတ်ဆင်ထားသည့် အနက်ရောင်လက်စွပ် ဖြစ်လေသည်။
အားချန်ကလည်း အမှန်တကယ်ပင် သဘောကျလာ၏။ မည်သို့ပင်ဖြစ်စေ ထိုနေရာတွင် နဂါးဝိညာဉ်တစ်ကောင်ကို အဆိပ်ခပ်ကာ ချုပ်နှောင်ထားသည် မဟုတ်ပါလား။
သို့သော်ငြား သူမတွင် ကိုယ်ပိုင်အသိတရားတော့ ရှိပေသေးသည်။ သူမက ယနေ့ပိုင်ရှိုးမင်ကို ကူညီခဲ့သည့်အရာသည် နဂါးဝိညာဉ်နှင့် လဲလှယ်နိုင်မည် မဟုတ်ချေ။ ထို့အပြင် ပိုင်ရှိုးမင်ကလည်း သူမ၏အသက်ကို တစ်ကြိမ်ထက်မက ကယ်တင်ပေးခဲ့ဖူးသဖြင့် ကျေးဇူးတရားများကို အမှန်တကယ် တွက်ချက်ရမည်ဆိုလျှင် သူမကပင် ထိုလူအပေါ် ကျေးဇူးကျွေး တင်နေပေဦးမည်။
သူမသည် စကားဖြင့် ပိုင်ရှိုးမင်ကို ဘယ်သောအခါမှ အလျှော့မပေးခဲ့ သော်ငြားလည်း ဖြစ်ပျက်ခဲ့သည့် အရာအားလုံးကို စိတ်ထဲတွင်တော့ ကိုယ်ပိုင်အကဲဖြတ်ချက်များ ရှိထားပြီးဖြစ်၏။
"သဘောကျရဲ့လား" ပိုင်ရှိုးမင်က နောက်တကြိမ် ထပ်မေးလိုက်ပြန်သည်။
"သဘောကျတယ်။ ရှင် ကျွန်မကို ပေးမလို့လား" အားချန်က ပြုံးကာမေးလိုက်၏။
ပိုင်ရှိုးမင်ကလည်း သူ့လက်စွပ်ကို ချွတ်ယူလိုက်ပြီး အားချန်၏မျက်နှာပေါ်က အပြုံးမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး သူမသည် မျက်လုံးများကိုပင့်ကာ ရှေ့ကလူကို ငေးကြောင်စွာဖြင့် ကြည့်နေမိတော့သည်။
ပိုင်ရှိုးမင်က မျက်လွှာချထားပြီး သူမ၏ဘယ်ဖက်လက်ကို ဆွဲယူလိုက်ပြီးနောက် သူမလက်ချောင်းနှင့် အနည်းငယ် ကျယ်လွန်းနေသည့် လက်စွပ်ကို သူမ၏လက်ခလယ်တွင် စွပ်ပေးလိုက်လေသည်။ လက်စွပ်သည် တဖြည်းဖြည်း ကျုံ့ဝင်သွားပြီး နောက်ဆုံးတွင်တော့ အားချန်၏ လက်ချောင်းနှင့် ကွက်တိဖြစ်မည့် အရွယ်အစားသို့ ပြောင်းလဲသွားတော့၏။
"ရပြီ"
အားချန်သည် သူမ၏လက်ကို ကြည့်နေဆဲမှာပင် အသိစိတ်က ပြန်မကပ်နိုင်သေး သကဲ့သို့ပင်။
သူကတော့ သူမ၏လက်ကို အောက်သို့ ချပေးလိုက်ကာ မျက်လုံးများကို ပြန်ပင့်လာပြီး အနည်းငယ် တွေဝေနေသည့် သူမ၏မျက်ဝန်းနှင့် အကြည့်ချင်းဆုံကာ ပြောလိုက်၏။ "ငါ သွားပြီ"
အားချန်မှာ စကားတစ်ခွန်းမှ မပြောနိုင်ခဲ့ချေ။ သူမသည် မူလနေရာတွင် ရပ်လျက်သာ သူက ခြံတံခါးကိုဖွင့်ပြီး ထိုမြင့်မားလှသည့်အရိပ်က ညအမှောင်ထုထဲတွင် တဖြည်းဖြည်း ပျောက်ကွယ်သွားသည်ကိုသာ ငေးမောကြည့်နေလေတော့သည်။
သူမသည် ဖြည်းညှင်းစွာ ခေါင်းငုံ့လိုက်ပြီး ဘယ်ဖက်လက်ခလယ်ပေါ်က အနက်ရောင်လက်စွပ်ကို ကြည့်လိုက်သည်တွင် ထိုတခဏအတွင်း နှလုံးခုန်သံသည် ရုတ်တရက် အစီအစဉ်မကျသလို ဖြစ်သွားတော့၏။
လက်ချောင်းပေါ်တွင် လက်စွပ်တစ်ကွင်း ရုတ်တရက် ရောက်ရှိလာခြင်းကို သူမသည် အနည်းငယ် အသားမကျ ဖြစ်နေသော်ငြားလည်း ... အလွန်ပင် သဘောကျမိလေသည်။
...
ယနေ့ည၏ရှီးလင်ကတော့ ထုံးစံအတိုင်းပင် တိတ်ဆိတ်ငြိမ်သက်လျက်ရှိ၏။ ပိုင်ရှိုးမင်သည် အစောကြီးကတည်းက ထွက်ခွာသွားခဲ့ပြီး ဟွေ့ညန်သည်လည်း ဟွေရွှယ်တို့နှင့်အတူ ရှိနေသင့်ပေသည်။ အားချန်သည် ခြံဝင်းကို မင်းတုတ်ချလိုက်ပြီး သူမ၏အခန်းထဲသို့ ပြန်လျှောက်လာခဲ့တော့၏။
သူမ၏အခန်းကို ပိုင်ရှိုးမင်က သန့်ရှင်းသပ်ရပ်နေအောင် ရှင်းလင်းပေးထားခဲ့သည်။ သူသည် သူမအတွက် အိပ်ရာကိုပင် အသစ်ပြန်ခင်းပေးထားခဲ့ပြီး ရေချိုးစည်ကိုလည်း သန့်စင်နေအောင် ဆေးကြောပေးခဲ့လေသည်။
အားချန်က စားပွဲအနီးသို့ လျှောက်လာကာ ထိုင်ချလိုက်ပြီး မှိန်ဖျော့ဖျော့ ဖယောင်းတိုင်မီးရောင်ကို အားပြုကာ စားပွဲပေါ်တွင် တင်ထားသည့် သေတ္တာငယ်လေးတချို့ကို ဖွင့်ကြည့်လိုက်လေသည်။ ထိုအထဲတွင် နတ်ဆေးပင်များ နတ်ဆေးသစ်သီးများကို ထည့်သွင်းထားပြီး အားလုံးက ခန္ဓာကိုယ်ကို အားဖြည့်ရန် အတွက်သာဖြစ်၏။ အားလုံးက အာနိသင်ပျော့ပျောင်းပြီး သာမန်လူများနှင့် အသင့်တော်ဆုံး ဖြစ်သည်ကတော့ ချွင်းချက်မရှိချေ။
သူမသည် အထဲက လက်တစ်ဖဝါးစာခန့်ရှိ သစ်သီးတစ်လုံးကို ယူကာလက်ထဲတွင် ကိုင်ထားလိုက်မိသည်။ တုန်ခါနေသည့် ဖယောင်းတိုင်မီးသည် သူမ၏မျက်ဝန်းကို ရောင်ပြန်ဟပ်နေစေပြီး တဖြည်းဖြည်းသူမ၏ မျက်လုံးများက လှပသည့် လခြမ်းသဏ္ဍာန်သို့ ကွေးညွှတ်သွားကာ မျက်ဝန်းထဲတွင်လည်း အပြုံးရိပ်များ ထွက်ပေါ်လာတော့၏။
သစ်သီးက အရမ်းချိုတာပဲ။
အိပ်ရာမဝင်မီ ခန္ဓာကိုယ်ကို နွေးထွေးစေသည့် နတ်ဆေးသစ်သီးကို စားသုံးခဲ့သဖြင့် ဒီနေ့ညတွင်တော့ အားချန်သည် အလွန်နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်နိုင်ခဲ့လေသည်။
မကြာသေးခင်က ရာသီဥတု အေးလာခြင်းကြောင့် အနည်းငယ် အေးစက်နေသည့် ခြေလက်များသည်လည်း အများကြီး နွေးထွေးလာခဲ့တော့၏။
သို့သော်ငြား တချို့သူများအတွက်တော့ ဒီနေ့ညသည် အိပ်စက်ရန် ခက်ခဲစေမည့် ညအဖြစ် သတ်မှတ်ပြီးသားပင်။
ရှီးလင်ဝမ်အိမ်တော်တွင် နေ့ဘက်က တည်ခင်းဧည့်ခံခဲ့သည့် ဧည့်သည်တော်များအားလုံး ထွက်ခွာသွားကြပြီ ဖြစ်သော်ငြားလည်း ရှီးလင်ဝမ်ကတော့ ပင်မခန်းဆောင်တွင် ထိုင်နေဆဲဖြစ်ကာ မျက်နှာကလည်း အင်မတန်မှ ခက်ထန်မည်းမှောင်လျက်ရှိ၏။
ရုပ်လက္ခဏာ ကျက်သရေရှိလှသည့် ရှီးလင်ဝမ်ဖေးသည်လည်း ရှီးလင်ဝမ်၏ ဘေးတွင် အတူထိုင်နေပြီး ပိုင်ယိချန်က သူတို့၏အောက်ဘက်တွင် ထိုင်ကာ လူတိုင်းကလည်း တိတ်ဆိတ်စွာ စောင့်ဆိုင်းနေကြလေသည်။
လက်ဖက်ရည်တစ်ခွက် သောက်စာအချိန် ထပ်မံကုန်ဆုံးသွားပြီးနောက် အစောင့်တပ်မှူးသည် နောက်ဆုံးတော့ ပြန်ရောက်လာခဲ့လေသည်။
ဒါသည် သူ့ကို ဒုတိယအကြိမ် အပြင်သို့ စေလွှတ်လိုက်ခြင်းဖြစ်၏။ ပထမအကြိမ်တွင် သူသည်လူကို ရှာမတွေ့ခဲ့ဘဲ အိမ်တော်သို့ ပြန်လာခဲ့သဖြင့် ရှီးလင်ဝမ်၏ အပြင်းအထန်ဆူပူ ကျိန်းမောင်းခြင်းကိုလည်း ခံခဲ့ရသေးသည်။ အကယ်၍ ပိုင်ယိချန်ကသာ အသနားခံပေးခြင်း မရှိခဲ့လျှင် ယခုအချိန်တွင် အပြစ်ပေးခံ နေရလောက်ပြီး ဖြစ်သည်။
"ဝမ်ရယ် ရှန်းမိသားစု အနီးတစ်ဝိုက်မှာ မြူခိုးတွေ ထူထပ်ပြီးတော့ ဖုံးလွှမ်းနေတုန်းပါပဲ။ ကျွန်တော်မျိုးက လူတွေကိုခေါ်ပြီး ပတ်ဝန်းကျင်မှာ အချိန်အကြာကြီး လိုက်လံစုံစမ်းခဲ့ပေမယ့် ဝင်ပေါက်ကိုရှာမတွေ့ခဲ့သလို ရှီဇီရဲ့ သဲလွန်စကိုလည်း မတွေ့ခဲ့ရပါဘူး" အစောင့်တပ်မှူးကြီးသည် ရှီးလင်ဝမ်၏ မည်းမှောင်နေသည့် မျက်နှာအမူအရာကို မြင်တွေ့လိုက်ရသဖြင့် တံတွေးကို မျိုချလိုက်ပြီး ဆက်ပြောလိုက်သေးသည်။ "ကံကောင်းထောက်မစွာနဲ့ပဲ ဘေးမှာ အမြဲတမ်း စောင့်ဆိုင်းနေခဲ့လို့ မင်းကျင့်စီးရဲ့ တရားဝင်ဝတ်စုံ ဝတ်ဆင်ထားတဲ့ လူတချို့က အထဲကနေထွက်လာတာကို နောက်ဆုံးတော့ တွေ့လိုက်ရပါတယ်"
ရှီးလင်ဝမ်သည် သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်တော့သည်။ "မင်ကျင့်စီး ဟုတ်လား။ မင်း အကြည့်မမှားပါဘူးနော်"
"ကျွန်တော်မျိုး အကြည့်မမှားပါဘူး။ အဲဒီဦးဆောင်တဲ့လူက လွန်ခဲ့တဲ့ လဝက်လောက်ကတည်းက ယုံးကျိုးမှာ လှည့်ပတ်နေတဲ့ မင်ကျင့်စီး ကျန့်ရှီဖူ ရှန်ကျော်ပါ"
ရှန်ကျော်သည် ရှီးလင်သို့ ရောက်နေသည့်ကိစ္စက မည်သူ၏ သတိပြုခြင်းကိုမှ မခံရသကဲ့သို့ ထင်ရသော်ငြား သူသည် မင်ကျင့်စီး၏ ကျန့်ရှီဖူတစ်ယောက် ဖြစ်သည့်အလျောက် မူလကတည်းက လူအများ၏ အာရုံစိုက်မှုကို လုံလုံလောက်လောက် ခံနေရသူဖြစ်ကာ ရှီးလင်ဝမ်သည်လည်း သူ၏ခြေရာလက်ရာများကို သိရှိပြီးသားဖြစ်လေသည်။
ရှန်းမိသားစုသည် ကိစ္စရပ်များကို လုပ်ဆောင်ရာတွင် လုံလုံလောက်လောက် သတိမထားမိသဖြင့် သူတို့၏ပစ်မှတ်ထားခြင်းကို ခံခဲ့ရသော်ငြား ရှီးလင်ဝမ်သည် ထိုအရာကိုစိတ်ထဲတွင် မထားခဲ့ချေ။ သူသည် ရှန်းကျီးဟန်က ဒီကိစ္စကို ကောင်းမွန်စွာ ဖြေရှင်းနိုင်လိမ့်မည်ဟု ထင်မှတ်ထားခဲ့လေသည်။
သို့သော်ငြား ဒီလိုမတော်တဆမှုမျိုး ရုတ်တရက် ဖြစ်လာလိမ့်မည်ဟု မထင်မှတ်ထားမိဘဲ မင်ကျင့်စီးသည်လည်း ရှန်းမိသားစုကို အစကတည်းက စောင့်ကြည့်နေသည်မှာ ထင်ရှားလှ၏။ အဆင့်၃သာ ရှိသေးသည့် ကျန့်ရှီဖူတစ်ယောက်က သူ့ရှေ့မှောက်တွင် သူ့အနာဂတ် ချွေးမလောင်း၏ မိသားစုကို လာရောက်ထိပါးခြင်းက ဝမ်ရယ်တစ်ပါးအဖြစ် သူ့ကို မျက်စိထဲတွင် မထည့်သွင်းခြင်းပင်။
"မင်ကျင့်စီး ထပ်ဖြစ်ပြန်ပြီလား။ သူတို့ တကယ်ပဲ သိပ်ပြီးတော့ သတ္တိတွေ ရှိနေကြတာပဲ။ ပန်ဝမ်ရဲ့ နယ်မြေထဲမှာတောင် ရိုင်းစိုင်းရဲကြတယ်" ရှီးလင်ဝမ်သည် လက်တင်ကုလားထိုင်၏ လက်ရန်းကို ရိုက်ချိုးလိုက်ကာ သူ့မျက်လုံးထဲက ဒေါသမီးများကိုလည်း ဖုံးကွယ်ထားနိုင်ခြင်း မရှိတော့ချေ။
အချိန်အနေကို မြင်လိုက်သည်တွင် ပိုင်ယိချန်က မျက်နှာပေါ်တွင် စိုးရိမ်နေသည့် အမူအရာဖြင့် ပြောလာခဲ့၏။ "ဖုဟွမ် တကယ်လို့ မင်ကျင့်စီးက ရှန်းမိသားစုကို တကယ် လက်စတုံးလိုက်တယ်ဆိုရင် ကျွန်တော်တို့အနေနဲ့ ပေါ်ပေါ်တင်တင် တားဆီးဖို့က မကောင်းလောက်ဘူး ထင်ပါတယ်"
သူသည် ရှီးလင်တွင် အမြဲတမ်း နေထိုင်လာခဲ့သော်ငြားလည်း သူ့အမေဘက်ကအဘိုးသည် ယခုလက်ရှိ စစ်ရေးဝန်ကြီးဌာန၏ ဝန်ကြီးဖြစ်ပြီး အဘိုးနှင့် အပြန်အလှန် စာအပေးအယူများမှတစ်ဆင့် သူသည် ထိုမင်ကျင့်စီး၏ အကြီးအကဲနှင့် ပတ်သက်သည့် ကိစ္စရပ်များစွာကို သိရှိထားခဲ့လေသည်။
ဖုဟွမ်က အခုအချိန်မှာ အဆင့်၄နယ်ပယ်ကို ရောက်ရှိနေပြီး လောကတခွင်လုံးကို စိတ်ကြိုက်သွားလာနိုင်သည် ဆိုပေမယ့် မင်ဝမ်ရဲ့ ရှေ့မှာတော့ နှိမ့်နှိမ့်ချချလေး ပြုမူနေရတုန်းပဲ။
မင်ဝမ်သည် သာ့ရှပြည်တွင် တစ်ရက်ရှိနေသမျှ ကာလပတ်လုံး အဆင့်၅ ကျင့်ကြံသူများသည် သာ့ရှပြည်သို့ ဝင်ရောက်ရင်ပင် မဝင့်ရဲကြပေ။ ဒါသည်မည်မျှပင် ကြောက်မက်ဖွယ်ကောင်းသည့် သြဇာအာဏာ ဖြစ်ပါသနည်း။
ဖုဟွမ်က အစောပိုင်း နှစ်တွေတုန်းက မင်ဝမ်ကို ဒုက္ခပေးခဲ့ဖူးပြီး ကံကောင်းလို့ ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ထားတာကြောင့် အသက်ဘေးကနေ လွတ်မြောက်ခဲ့ရတာလို့ ကြားခဲ့ဖူးတယ်။ ဖုဟွမ်ရဲ့ စရိုက်အရ စိတ်ထဲမှာ မင်ဝမ်ကို မုန်းတီးနေမှာ သေချာတယ်။ ဒါပေမဲ့ အခုက အချိန်အခါကောင်း မဟုတ်သေးဘူး။ ဖုဟွမ်က ဒီလိုလူမျိုးကိုထပ်ပြီး မထိပါးစေချင်တော့ဘူး။
"ပန်ဝမ်က ပေါ်ပေါ်တင်တင် သူတို့ကို ဘာမှလုပ်မှာ မဟုတ်တာ သဘာဝကျပါတယ်" ဒီစကားသည် ဤသို့ဆိုလိုက်သော်ငြားလည်း သူ၏စကားလုံးများထဲက သတ်ဖြတ်လိုသည့် အငွေ့အသက်များကိုတော့ ဖုံးကွယ်နိုင်ခြင်းမရှိချေ။
"အစ်ကိုကြီးက အစက မင်ကျင့်စီးရဲ့ကျန့်ရှီဖူ တစ်ယောက်လေ။ ပြောရမယ်ဆိုရင်တော့ သူနဲ့ရှန်ကျော်က ရင်းနှီးသင့်တာပေါ့" ထိုသို့ပြောလိုက်ပြီးနောက် ပိုင်ယိချန်သည် အစောင့်တပ်မှူးကြီး ဘက်သို့လှည့်ကာ မေးလိုက်လေသည်။ "တပ်မှူးကြီးလင်း အစ်ကိုတော် သူတို့နဲ့အတူတူ ထွက်လာတာကိုများ တွေ့မိသေးလား"
အစောင့်တပ်မှူးကြီးကလည်း ခေါင်းခါပြလိုက်ကာ "ကျွန်တော်မျိုးက ရှီဇီ သူတို့နဲ့အတူတူ ရှိနေတာကို မတွေ့မိပါဘူး"
"ဒါတော့ ထူးဆန်းသွားပြီ" ပိုင်ယိချန်သည် ခပ်တိုးတိုးရေရွတ် လိုက်ပြီးနောက် ရှီးလင်ဝမ်ကို ထပ်ပြီးပြောလိုက်လေသည်။ "ဖုဟွမ် အစ်ကိုကြီးရဲ့သဲလွန်စကို နောက်မှဆက်ပြီး စုံစမ်းလို့ရပါတယ်။ အခု အရေးအကြီးဆုံးက ရှန်းမိသားစုမှာ နောက်ဆုံး ဘာဖြစ်သွားလဲဆိုတာကို အရင်စုံစမ်းဖို့ပါပဲ။ ရှန်ကျော်ရဲ့ ကျင့်ကြံရေးအဆင့်နဲ့ ကျောင်းမူကို ဘယ်လိုလုပ်ပြီးတော့ နှိမ်နင်းနိုင်မှာလဲ"
ရှီးလင်ဝမ်သည် သူ၏ဒုတိယသား စကားအပေါ်တွင် မှတ်ချက်တစ်စုံတစ်ရာ မပေးပေ။ ရှန်းမိသားစု၏တန်ဖိုးသည် သူ့တရားဝင်သား အကြီးဆုံးဖြစ်သူ ပိုင်ရှိုးမင်လောက် တန်ဖိုးမရှိပေ။
သို့သော်ငြား သူသည်သားဖြစ်သူကို အများကြီး မပြောဘဲ ဒီအတိုင်းသာ ပြောလိုက်တော့၏။ "မင်ကျင့်စီးကျန့်ရှီဖူ တစ်ယောက်လက်ထဲမှာ မိစ္ဆာမျိုးနွယ်ကို နှိမ်နင်းနိုင်တဲ့ ရတနာပစ္စည်း နည်းနည်းပါးပါး ကိုင်ဆောင်ထားတာကလည်း ထူးဆန်းတဲ့ကိစ္စ မဟုတ်ပါဘူး"
စကားကိုဒီလို ပြောလိုက်သော်ငြားလည်း သားဖြစ်သူ၏ ဒီစကားတစ်ခွန်းကြောင့် သူသည် မျက်မှောင်ကြုတ်မိနေဆဲပင်။
ရှန်ကျော်က ကံကောင်းထောက်မစွာနဲ့ ကျောင်းမူကို နှိမ်နင်းနိုင်ခဲ့ပြီး ရှန်းမိသားစုဝင်တွေကို ထိန်းချုပ်ထားနိုင်ခဲ့တယ် ဆိုဦးတော့ ချန်းကုန်းဇီက ရှန်းမိသားစုထဲမှာ ရှိနေသေးတာပဲ။ သူ ဘာဖြစ်လို့ မလှုပ်ရှားသေးတာလဲ။ မဟုတ်မှလွဲရော သူလည်း မင်ဝမ်ရဲ့ သြဇာအာဏာကို ကြောက်ရွံ့ပြီး မလှုပ်ရှားရဲတော့တာတော့ မဟုတ်လောက်ဘူးမလား။
ဒီလို တွေးလိုက်မိသောအခါ ရှီးလင်ဝမ်သည် အစောင့်တပ်မှူးကြီးကို လက်ဝှေ့ယမ်းပြ လိုက်တော့သည်။ "မင်း အရင်ထွက်သွားတော့"
"ဟုတ်ကဲ့" အစောင့်တပ်မှူးကြီးသည် သက်ပြင်းတစ်ချက်ချလိုက်ပြီး နောက်ဆုံးတွင်တော့ ဝမ်ရယ်၏ အပြစ်ပေးခြင်းမှ လွှတ်မြောက်ပြီဟု တွေးလိုက်တော့သည်။
လူများထွက်သွားပြီးနောက်တွင် ပိုင်ယိချန်က ထပ်ပြောလာခဲ့၏။ "ဖုဟွမ် ရှန်းမိသားစုဘက်ကို ဒီအတိုင်း အချိန်ဆွဲထားလို့ မဖြစ်ပါဘူး။ အခြေအနေကို ရှင်းရှင်းလင်းလင်း သိရအောင် အမြန်ဆုံး စုံစမ်းစစ်ဆေး သင့်တယ်လို့ ထင်ပါတယ်။ ဆက်ပြီး လူလွှတ်ပြီး စောင့်ကြည့်ခိုင်း ထားသင့်သလား"
ရှီးလင်ဝမ်က ခေါင်းခါပြလိုက်၏။ "မလိုတော့ဘူး။ ပန်ဝမ်ရဲ့ စိတ်ထဲမှာ အစီအစဉ်ရှိပြီးသားပါ"
ရှိးလင်ဝမ်က မိမိကိုအများကြီး ပြောရန်ဆန္ဒမရှိသည်ကို တွေ့လိုက်ရသည်တွင် ပိုင်ယိချန်သည် စိတ်ပျက်သွားလေတော့သည်။
ဖုဟွမ်တွင် လျို့ဝှက်ချက်များစွာ ရှိနေမည်ကိုလည်း သူက သိရှိပြီးသားပင်။ ဥပမာ အိမ်တော်သို့ ရုတ်တရက် ရောက်ရှိလာပြီး နေထိုင်နေသည့် ထိုရွှမ်းမိန်းကလေးပင်။ သူသည် အစပိုင်းတွင်တော့ ဖုဟွမ်က ထိုအမျိုးသမီးကို သဘောကျနေပြီး အိမ်တော်ထဲသို့ သိမ်းသွင်းလိုသည်ဟု ထင်မှတ်ခဲ့လေသည်။ သို့သော်ငြား ဖုဟွမ်က သူနှင့်စကားပြောနေသည်ကို မတော်တဆ အကြိမ်အနည်းငယ် တွေ့ရှိခဲ့ရပြီး နှစ်ဦးစလုံးက တန်းတူရည်တူ ဆက်ဆံနေသည်ကို တွေ့လိုက်ရသဖြင့် ထိုမိန်းကလေး၏နောက်ခံက မသေးငယ်လှကြောင်းကို စဉ်းစားမိလိုက်၏။
သို့သော်ငြား ဖုဟွမ်သည် မိမိကို ထိုမိန်းကလေး၏ နောက်ခံရာဇဝင်အကြောင်း ဘယ်သောအခါမှ မပြောပြခဲ့သလို သူ့ကိုလည်း ထိုလူနှင့် စကားပြောခွင့် မပေးခဲ့ချေ။
သားဖြစ်သူက တစ်စုံတစ်ခုကို ထပ်မံပြောကြား လိုသေးသည်ကို တွေ့လိုက်ရသောအခါ ရှီးလင်ဝမ်သည် စိတ်မရှည်နိုင်တော့ချေ။ သူသည် ရှီးလင်ဝမ်ဖေး ဘက်သို့ ခေါင်းလှည့်ကာ ပြောလိုက်တော့သည်။ "အချိန်လည်း မစောတော့ဘူး။ မင်းနဲ့ချန်အာတို့ အရင်ပြန်ပြီး အနားယူကြတော့။ ပန်ဝမ်မှာလည်း ဖြေရှင်းစရာကိစ္စတွေ ရှိသေးတယ်"
"ဒါဆိုရင် ဝမ်ရယ်လည်း ကျန်းမာရေး ဂရုစိုက်ပါ" ရှီးလင်ဝမ်ဖေးသည် သားဖြစ်သူ၏ မကျေနပ်ပုံကို မြင်တွေ့နေရ သော်ငြားလည်း သူ့ကိုခေါ်ဆောင်ကာ ထွက်သွားရုံမှတပါး ဘာမှမတတ်နိုင်တော့ချေ။
သားအမိနစ်ယောက်သည် တော်တော်လေး ဝေးသည့်နေရာသို့ ထွက်ခွာလာပြီးမှ ရှီးလင်ဝမ်ဖေးသည် ဖြေးညှင်းစွာ ပြောလိုက်တော့သည်။ "ယိချန် သားကအရမ်း စိတ်လောသွားတယ်။ ဒီနေ့ဒီလောက် ကြီးကျယ်တဲ့ ကိစ္စကြီးမှာ သားက ဘယ်လို လုပ်ပြီးတော့ သားရဲ့ဖုဟွမ်ကို ဘယ်လိုဆောင်ရွက် ရမယ်ဆိုတာ ပေါ်ပေါ်တင်တင် ဝင်ပြောရတာလဲ။ တကယ်လို့သာ တခြားသူတွေ မရှိခဲ့ရင် သားရဲ့ဖုဟွမ်က ဒေါသထွက်နေလောက်ပြီ"
ပိုင်ယိချန်သည် လေကိုတစ်ချက်။ရှုသွင်းလိုက်ပြီး ခပ်တိုးတိုး ပြောလိုက်၏။ "အစ်ကိုတော် ပြန်ရောက်လာ ပြီးတဲ့နောက် သားတော်နည်းနည်းလေး စိတ်လောသွားမိတာပါ"
ဖုဟွမ်သည် ပိုင်ရှိုးမင်ကို အလေးမထားကြောင်းကို အစောကြီးကတည်းက သိရှိထားပြီး ထိုလူကို ပြန်ရှာခိုင်းရခြင်းကလည်း တခြားသော ရည်ရွယ်ချက်များ ရှိနေသည်ကို သိနေသော်ငြား ရှီဇီ၏ နေရာသည် သူ့ခေါင်းပေါ်သို့ တစ်ရက် မရောက်ရှိ လာသေးသမျှ ကာလပတ်လုံး သူသည် စိတ်အေးနိုင်လိမ့်မည် မဟုတ်ချေ။
ရှီးလင်ဝမ်ဖေးကလည်း ခပ်တိုးတိုးလေး ရယ်မောလိုက်ကာ "သားရယ် မင်းကအတွေးတွေ အရမ်းများနေပါပြီ။ စိတ်ချလက်ချသာနေပါ။ သားရဲ့ဖုဟွမ်က ဘယ်လိုအခြေအနေ မျိုးမှာပဲဖြစ်ဖြစ် သားကို ဆက်ဆံသလိုမျိုး ပိုင်ရှိုးမင်ကို ဆက်ဆံ မှာမဟုတ်ဘူး။ သူက အကြီးဆုံးသားအပေါ်မှာ ဘာခံစားချက်မှ ရှိကိုမရှိတာ"
"မူဖေးက ဘာဖြစ်လို့ ဒီလောက်တောင် သေချာနေရတာလဲ"
ရှီးလင်ဝမ်ဖေးက ခပ်ဖွဖွရယ်မောလိုက်ပြန်သည်။ "သားရဲ့ ဖုဟွမ်ရဲ့ အဲဒီပထမဇနီးက မြေခွေးမိစ္ဆာရဲ့ ညှဉ်းပန်းနှိပ်စက်တာကြောင့် သေဆုံးသွားရတယ်လို့ ပြောပေမယ့် အဲဒီမြေခွေးမိစ္ဆာကလည်း သူ့ရဲ့အရှိန်အဝါကို အခွင့်ကောင်းယူပြီးတော့မှ ပထမဇနီးကို သတ်ဖြတ်နိုင်ခဲ့တာလေ။ ပိုင်ရှိုးမင်က ဒီကိစ္စကို ဘယ်တော့မှ မေ့မှာမဟုတ်ဘူး"
ဒီအတိတ်က ကိစ္စရပ်များကို မူဖေးသည် ယခင်က နည်းနည်းလေးမှပင် မပြောပြခဲ့သလို သူ့ကိုလည်း မေးမြန်းခွင့်မပြုခဲ့ချေ။ ယနေ့တွင်တော့ သူမသည် နောက်ဆုံး ဖွင့်ဟပြောလာသည်ကို တွေ့လိုက်ရသည်တွင် ပိုင်ယိချန်သည် သိလိုစိတ်ဖြင့် မနေနိုင်ဘဲ ထပ်မေးလိုက်တော့၏။
အစတုန်းက ဖုဟွမ်က မြေခွေးမိစ္ဆာကို မြှောက်စားခဲ့တာကို အရှင်မင်းကြီးက ဘာဖြစ်လို့ ဖုဟွမ်ကို အပြစ်မတင်ခဲ့တာလဲ"
ရှီးလင်ဝမ်ဖေးသည် အတိတ်က ကိစ္စရပ်များကို ပြန်လည် တွေးတောရင်း ဖြေးညှင်းစွာ ပြောလိုက်လေသည်။ "အဲဒီတုန်းက မင်ဝမ်က မြေခွေးမိစ္ဆာကို သုတ်သင်ခဲ့ပြီး သားရဲ့ဖုဟွမ်ကလည်း အရှင်မင်းကြီးဆီမှာ ကိုယ်တိုင်အပြစ်ကို ဝန်ခံခဲ့တယ်။ ဒါပေမဲ့ နောက်ဆုံးကျတော့ သူက မြေခွေးမိစ္ဆာရဲ့ လှည့်စားခံရလို့သာ ဒီလိုမဆင်မခြင် နိုင်တဲ့ကိစ္စတွေကို ပြုလုပ်မိသွားတာ ဖြစ်တဲ့အကြောင်း စစ်ဆေးတွေ့ရှိခဲ့တော့ ခွင့်လွှတ်ပေး နိုင်လောက်တဲ့ အကြောင်းပြချက် ဖြစ်သွားတာပေါ့"
"နောက်ပိုင်း မြောက်ပိုင်းဒေသက မိစ္ဆာမျိုးနွယ်တွေ ဆူပူသောင်းကျန်း တော့လည်း သားရဲ့ဖုဟွမ်ကပဲ အိမ်တော်ရဲ့ပိုင်ဆိုင်မှု တစ်ဝက်ကျော်ကို စရိတ်အနေနဲ့ လှူဒါန်းခဲ့တယ်လေ။ ပြီးတော့သားရဲ့ အဘိုးကလည်း သူ့အတွက် ညီလာခံအတွင်းမှာ ကြားဝင်ညှိနှိုင်းပေးလိုက်တော့မှ အရှင်မင်းကြီးကလည်း ဒီကိစ္စကို ပေါ့ပေါ့ပါးပါးပဲ သဘောထား လိုက်တော့တာ"
"ဒီလိုကိုး" ပိုင်ယိချန်၏ စိတ်ထဲတွင် ရှင်းလင်းသွားတော့သည်။
"ဒါကြောင့် ပိုင်ရှိုးမင်ကို စိုးရိမ်စရာ မလိုဘူး။ ဒီရှီးလင်ဝမ် ရှီဇီ နေရာကလည်း မကြာခင် ဒါမှမဟုတ်လည်း နောက်တစ်ချိန်မှာ သားရဲ့နေရာ ဖြစ်လာမှာပါပဲ။ သားက စိတ်ရှည်ရှည်နဲ့ စောင့်နေရုံပဲ"
ပိုင်ယိချန်သည် နောက်ဆုံးတော့ စိတ်အေးသွား လေတော့သည်။ "သားတော် နားလည်ပါပြီ"
...
ပင်မခန်းဆောင်ထဲတွင် ဇနီးနှင့်သားတော်တို့ ထွက်ခွာသွားသည်ကို စောင့်ဆိုင်းနေလိုက် ပြီးနောက် ရှီးလင်ဝမ်သည် ကျယ်ဝန်းစွာ ဖွင့်ထားသော တံခါးမကြီးကို ကြည့်ကာ အသံပြုလိုက်လေသည်။ "ရွှမ်မိန်းကလေးကို အထဲကြွဝင်လာဖို့ ဖိတ်ပါတယ်"
အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် ရွှမ်မိန်းကလေးသည် တိတ်ဆိတ်ငြိမ်သက်စွာပင် အပြင်ဘက်က လျှောက်လှမ်း ဝင်ရောက်လာခဲ့ပြီး အပြင်ဘက်တွင် မည်မျှကြာအောင် နားထောင်နေခဲ့ သည်ကိုမသိချေ။
"ဘာလဲ။ ရှန်းမိသားစုဘက်က ကိစ္စတွေ မဖြေရှင်းရ သေးဘူးလား" ရွှမ်မိန်းကလေးက မေးလိုက်၏။ ရှီးလင်ဝမ်က ခေါင်းခါပြလိုက်ပြီး လေသံထဲတွင်လည်း သံသယ အနည်းငယ် ပါဝင်လို့နေသည်။ "ရွှမ်မိန်းကလေး ကျွန်တော်တို့ အခုဆိုရင် ကြိုးတစ်ချောင်း အပေါ်က နှံကောင်တွေ ဖြစ်နေပါပြီ။ ဒီတစ်ခေါက် ရှန်းမိသားစုမှာ ကိစ္စဖြစ်တာ ချန်းကုန်းဇီကလည်း အထဲမှာရှိနေတာပဲ။ ဘာဖြစ်လို့ ဝင်မကူညီရတာလဲ"
ရွှမ်မိန်းကလေးသည် သူ့မေးခွန်းအပေါ် အနည်းငယ် မကျေမနပ် ဖြစ်သွားသော်ငြားလည်း ရှင်းပြလိုက်၏။ "ကျွန်မနဲ့ချန်းတို့ အဆက်အသွယ် ပြတ်သွားတယ်"
"တကယ်လား" ရှီးလင်ဝမ်သည် သိပ်မယုံကြည်လှပေ။
"ဒီနေ့ ကျွန်မ လျှို့ဝှက်နည်းလမ်းသုံးပြီး သူ့ကိုသတင်း ပို့လိုက်သေးတယ်။ ဒါပေမဲ့ သူက တစ်ခါမှ ပြန်မဖြေခဲ့ဘူး" စကားကို ထိုသို့ပြောလိုက် သော်ငြားလည်း ရွှမ်မိန်းကလေး၏ မျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှုကို မတွေ့ရ ချေ။
"မင်ကျင့်စီးမှာ တခြားဘာများ နောက်ထပ်အကွက်တွေ ချန်ထားသေးလို့လဲ။ ချန်ကုန်းဇီတောင်မှ ဒီကိစ္စထဲမှာ ဖြစ်ပျက်သွားခဲ့တာလား" ရှီးလင်ဝမ်သည် ဒီလိုမတွေးချင် သော်ငြားလည်း ယနေ့တွင်တော့ ဘာအကြောင်းကြောင့်မှန်းမသိ စိတ်ထဲတွင် မတည်မငြိမ် ခံစားနေရပြီး တစ်စုံတစ်ခုက ထိန်းချုပ်မှုအောက်က လွတ်ကင်းသွားသည်ဟု ခံစားနေရလေသည်။
"ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ" ရွှမ်မိန်းကလေး၏ လေသံကလည်း အလွန်သေချာလို့နေသည်။ ချန်းရဲ့နည်းလမ်းတွေက ရှင်တို့ လူသားမျိုးနွယ်တွေ ဖြေရှင်းနိုင်တာမျိုး မဟုတ်ဘူး။ တကယ်လို့ အဆင့်၅ ကျင့်ကြံသူ ရောက်လာတာမျိုး မဟုတ်ရင် သူ ဘယ်တော့မှ တစ်ခုခုဖြစ်သွားမှာ မဟုတ်ဘူး"
"ဒီလိုဆိုမှတော့ ကျွန်တော်က ရွှမ်မိန်းကလေးကို ရှန်းမိသားစုဆီ တစ်ခေါက်သွားပြီး နောက်ဆုံး ဘာကိစ္စတွေ ဖြစ်ခဲ့လည်း ဆိုတာကို ကြည့်ရှုပေးဖို့ တောင်းဆိုချင် ပါသေးတယ်"
ရွှမ်မိန်းကလေးသည် အနည်းငယ် တုန့်ဆိုင်းသွားပြီးမှ ထုတ်ပြောလာတော့၏။ "ထားလိုက်ပါလေ။ ကျွန်မ ရှင့်အတွက် တစ်ခေါက်သွားပေးမယ်"
ရွှမ်မိန်းကလေး၏ ပုံရိပ်သည် ညအမှောင်ထုတဲတွင် လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့ပြီး မျက်တောင်အနည်းငယ် ခတ်ရုံမျှဖြင့် သူမသည် မြူခိုးများ ဖုံးလွှမ်းနေသော ရှန်းမိသားစု၏ မျိုးရိုးစဉ်ဆက် အိမ်တော်ကြီး၏ အပြင်ဘက်သို့ ရောက်ရှိသွားလေသည်။
သူမသည် မြုခိုးထဲသို့ ဝင်ရောက်ရန် ကြိုးစားခဲ့ သော်ငြားလည်း စွမ်းအင်တစ်ရပ်၏ တားဆီးခြင်းကို ခံလိုက်ရ၏။
အကြိမ်အနည်းငယ် ကြိုးစားခဲ့သော်ငြား အောင်မြင်မှုမရှိသဖြင့် သူမသည် အနည်းငယ် ဒေါသထွက်သွားကာ ပြင်းထန်စွာ တိုက်ခိုက်လေတော့သည်။
သူမ၏ မိစ္ဆာစွမ်းအင်သည် အစီအရင်နှင့် ပွတ်တိုက်မိသွားကာ ကျယ်လောင်သည့် မြည်ဟီးသံသည် ထွက်ပေါ်လာပြီး ထိုအစီအရင်သည်လည်း အပေါက်တစ်ပေါက် ပွင့်သွားတော့သည်။ သို့သော်ငြား သူမက မဝင်ရသေးခင်မှာပင် ပွင့်ထွက်သွားသည့် အပေါက်သည် လျင်မြန်စွာ ပြန်ပိတ်သွားခဲ့ပြန်သည်။
တခဏတာ ဖြစ်သော်ငြားလည်း ရွှမ်မိန်းကလေးသည် အတွင်းဘက်တွင် ချန်ကုန်းဇီ၏ အငွေ့အသက် မရှိသည်ကို ခံစားမိလိုက်၏။
မဟုတ်မှလွဲရော သူ ဒီနေ့ ရှန်းမိသားစုထဲမှာ မရှိတာလား။ ဒါပေမဲ့ ဘာလို့ အပြင်ထွက်သွားတာကို ငါ့ကို မပြောရတာလဲ။
ရွှမ်းမိန်းကလေး၏ စိတ်ထဲတွင် သံသယတချို့ရှိနေပြီး ခဏလောက် တုံ့ဆိုင်းသွားပြီးနောက် ဒီနေရာက အရင်ဆုံး ထွက်ခွာသွားရန် ဆုံးဖြတ်လိုက်တော့သည်။ ရှန်းမိသားစု မည်သို့မည်ပုံ ဖြစ်သွားသည်ကို သူမသည်လည်း အစကတည်းက ဂရုမစိုက်ချေ။
ထိုကျောင်းမူဆိုသူကလည်း ချန်းကုန်းဇီက ရှန်းမိသားစု၏လက်ကို အသုံးပြုကာ စမ်းသပ်မှုတစ်ခု ပြုလုပ်ခြင်းမျှသာ ဖြစ်ပြီး စွမ်းရည်သည် သူတို့လို အဆင့်၄ မိစ္ဆာကြီးများနှင့် နှိုင်းယှဉ်လျှင်ပင် အများကြီး ကွာခြားလို့ နေသေးသည်။ ထူးဆန်းသည့် သွေးနှောတစ်ယောက်မျှသာ ဖြစ်ပြီး သေသည် ရှင်သည် သူမနှင့်ဘာမှ မပတ်သက်ချေ။
သူမ လုပ်ဆောင်ရန် လိုအပ်သည်မှာ မင်းသမီး၏ အမိန့်ကိုနာခံပြီး မိစ္ဆာတံဆိပ်တော်ကို အဆင်ပြေချောမွေ့စွာ ပြန်လည်ယူဆောင် သွားရန်သာဖြစ်၏။
ယခုအချိန်တွင် ရှီးလင်တွင် သိပ်ပြီးမတည်မငြိမ် ဖြစ်နေပုံရလေသည်။ ကြည့်ရသည်မှာ ရှီးလင်ဝမ်ကို ပိုင်ရှိုးမင်အား အမြန်ဆုံး ရှာဖွေခိုင်းရန်သာဖြစ်ပြီး သူမကတော့ သူ့အတွက် ထာဝရအရိုးကို သန့်စင်ပြုလုပ်ပြီးသည်နှင့် ချန်းနှင့်အတူ ဒီနေရာမှ အမြန်ဆုံး ထွက်ခွာသွားရပေတော့မည်။
စိတ်ထဲတွင် ဆုံးဖြတ်ချက် ချလိုက်ပြီးနောက် သူမသည် ရှီးလင်ဝမ်အိမ်တော် ဘက်သို့ လှည့်ထွက်လာခဲ့သော်ငြား ရှန်းမိသားစုတွင် ပေါ်ထွက်လာသည့်အချိန်၌ ပုံရိပ်တစ်ခုသည် အပေါ်ဘက် ကောင်းကင်ယံတွင် အမြဲတမ်း ပုန်းကွယ်ကာ အပေါ်စီးမှနေ၍ စိုက်ကြည့်နေသည်ကိုတော့ သတိမပြုမိခဲ့ ချေ။
သူမ ထွက်ခွာ သွားသည်ကို မြင်လိုက်ရသည်တွင် ထိုပုံရိပ်သည်လည်း နောက်မှလိုက်ပါ သွားခဲ့လေသည်။
ရှီးလင်ဝမ်သည် စိတ်ရှည်လက်ရှည် ခဏလောက် စောင့်ဆိုင်းနေလိုက်ပြီးနောက် မကြာခင်မှာပင် ပြန်လည်ရောက်ရှိလာသည့် ရွှမ်မိန်းကလေးကို တွေ့လိုက်ရလေသည်။
"ဘယ်လိုလဲ ချန်းကုန်းဇီရဲ့ သဲလွန်စကို ရှာတွေ့ခဲ့လား" ရှီးလင်ဝမ်က မေးလိုက်၏။
"သူ့ရဲ့အငွေ့အသက်တွေ ပျောက်နေတယ်။ ဒီနေ့ ရှန်းမိသားစုမှာ မရှိဘူး"
"ဒါဆိုရင် ရှန်းမိသားစုကရော"
"ကျွန်မ အသက်ရှင်နေတဲ့ လူသားအငွေ့အသက် နည်းနည်းလေးကိုပဲ ခံစားမိတယ်။ အဲဒီကျောင်းမူကတော့ အထဲမှာမပါဘူး"
ရွှမ်မိန်းကလေးကလည်း အမှန်အတိုင်း ပြန်လည် ဖြေကြားလိုက်၏။
အစောကြီးကတည်းက မျှော်လင့်ထားပြီးသား ဖြစ်သော်ငြားလည်း ရှီးလင်ဝမ်သည် အနည်းငယ် စိတ်ပျက်မိဆဲပင်။
"ဒီနေ့အတွက် ရွှမ်မိန်းကလေးကို ကျေးဇူးတင်ပါတယ်"
"အားနာဖို့ မလိုပါဘူး။ ရှီးလင်ဝမ်ကသာ ရှန်းမိသားစုကို တကယ် အလေးထားတယ်ဆိုရင် ကိုယ်တိုင်ကိုယ်ကျ တစ်ချက်လောက် သွားပြီးတော့ စုံစမ်းကြည့်လိုက်ပါလား" ထိုသို့ပြောလိုက်ပြီးနောက် ရွှမ်မိန်းကလေးက ထပ်ပြီးပြောလာခဲ့သည်။ "ကျွန်မ ရှီးလင်ဝမ်ကို တစ်ခု သတိပေးချင်တယ်။ ကျွန်မ ဒီနေရာမှာ အကြာကြီး နေမှာမဟုတ်ဘူး။ ရှင့်အနေနဲ့ ပိုင်ရှိုးမင်ကို အမြန်ဆုံးရှာထားတာ အကောင်းဆုံးပဲ။ ကျွန်မတို့ သဘောတူညီချက် ပြီးဆုံးသွားတာ ကျွန်မနဲ့ချန်းက ရှီးလင်ကနေ ချက်ချင်းထွက်သွားမှာ။ မင်းသမီးက ကျွန်မ အမိန့်ပြန်ကြားတာကို စောင့်နေတုန်းပဲ"
ရှီးလင်ဝမ်၏ စိတ်ထဲတွင် အနည်းငယ် ကူကယ်ရာမဲ့သွားသည့် ခံစားချက် ဖြစ်လာလေတော့သည်။ ရွှမ်မိန်းကလေးသည် လူကိုရှာမတွေ့ခဲ့သဖြင့် ယခုအချိန်တွင် သူကိုယ်တိုင် သွားရှာရုံက လွဲပြီးလည်း မရှိတော့ ချေ။
သူ၏ ထိုသားတော်သည် မည်သို့ပင် မင်ကျင့်စီးတွင် နှစ်ပေါင်းများစွာ လေ့ကျင့်သင်ကြားခဲ့ပြီး ဖြစ်သဖြင့် အလွယ်တကူ သေဆုံးသွားလိမ့်မည် မဟုတ်ဟု တွေးမိ၏။ သူသည် သိပ်ပြီးစိုးရိမ်ပူပန်ခြင်း မရှိသော်ငြား အမှန်ပင် လူကိုတော့ အမြန်ဆုံးရှာတွေ့ရန် လိုအပ်နေလေသည်။
အစကတော့ ရှန်းယင့်ကျူကို သူနဲ့လက်ထပ်ပေးပြီး မျိုးဆက်တစ်ခု ချန်ထားခဲ့ဖို့ စဉ်းစားထားခဲ့ပေမယ့် အခုတော့ ဒီလိုမတော်တဆမှုတွေ ဖြစ်သွားခဲ့ပြီဆိုတော့ ရှိပါစေတော့။
ဘာပဲဖြစ်ဖြစ် သူလည်း အဆင့်၅နယ်ပယ် ရောက်သွားပြီးရင် သက်တမ်းကလည်း ရှည်လာလိမ့်မယ်။ သားသမီးမျိုးဆက် ဆိုတာကလည်း အရေးကြီးတော့မှာ မဟုတ်ဘူး။
စကား အားလုံးကို ပြောပြီးသွားသဖြင့် ရွှမ်မိန်းကလေးသည် ထွက်ခွာရန် ပြင်လိုက်လေသည်။
ရုတ်တရက် အသံတစ်ခုက ထွက်ပေါ်လာခဲ့၏။
"ခင်ဗျား ရှီးလင်ကနေ အသက်ရှင်လျက် ထွက်ခွာသွားဖို့ နည်းလမ်းမရှိတော့မှာကိုပဲ စိုးရိမ်မိတယ်"
...