← Chapters

အမေ့ရဲ့အရိုးပြာတွေ ဘယ်မှာလဲ ...

Vol. 11 Ch. 104

အမေ့ရဲ့အရိုးပြာတွေ ဘယ်မှာလဲ ...

Vol. 11 Ch. 104

ညအမှောင်ထုအောက်တွင် ရင်းနှီးနေသည့် ပုံရိပ်တစ်ခုသည် ရှီးလင်ဝမ်၏ မြင်ကွင်းထဲတွင် ပေါ်ထွက်လာခဲ့လေသည်။

မကြာမီအချိန်အထိ သူ မဖြစ်မနေရှာဖွေရမည်ဟု တွေးတောနေခဲ့သည့် သားအကြီးဆုံးသည် ဒီလိုနှင့်ပင် သူ့မျက်စိရှေ့မှောက်သို့ အသံတိတ် ပေါ်ထွက်လာခဲ့ပြီး သူသည် ထူးခြားမှု တစ်စုံတစ်ရာကို လုံးဝသတိပြုမိလိုက်ခြင်း မရှိချေ။

ရှီးလင်ဝမ်သည် ကုလားထိုင်ပေါ်မှ မတ်တတ်ထရပ်လိုက်၏။ ပိုင်ရှိုးမင်နှင့် ပိုပြီးနီးကပ်နေသည့် နေရာတွင် ရှိနေသော ရွှမ်မိန်းကလေးကတော့ တစ်ကိုယ်လုံး တောင့်တင်းသွားကာ သူ့ကိုသာ သေချာစိုက်ကြည့်နေပြီး အကြည့်မလွဲသွားချေ။

ယနေ့မနက်ခင်းတွင် သူမသည် ရှီးလင်းဝမ်အိမ်တော်သို့ သွားကာ သူ့ဇနီးလောင်းကိုကြိုဆိုရန် အပြင်ထွက်သွားတော့မည်ဖြစ်သည့် ပိုင်ရှိုးမင်ကို တွေ့မြင်ခဲ့သေးသည်။ ထိုအချိန်ကသူမသည် တစ်ခုခုလွဲနေသည်ကို သတိမထားမိခဲ့ချေ။

"ရှင်က ရှင့်ရဲ့ကျင့်ကြံမှု အဆင့်ကို ဖုံးကွယ်ထားခဲ့တာပဲ" ရွှမ်မိန်းကလေး၏အသံသည် အနည်းငယ် စူးရှလို့နေ၏။

ပိုင်ရှိုးမင်၏အကြည့်က သူမ၏ကိုပေါ်က ဖြတ်သန်းသွားပြီး နောက်ဆုံးတွင်တော့ ရှီးလင်ဝမ်၏ ကိုယ်ဘောသို့ကျရောက်သွားကာ ပေါ့ပေါ့ပါးပါး လေသံဖြင့် ပြောလိုက်လေသည်။ "ဒါက ရှီးလင်ဝမ် အနေနဲ့ မိစ္ဆာမျိုးနွယ်ကို အိမ်တော်ထဲ ခေါ်ဝင်လာတာ ဒုတိယအကြိမ်ပဲ။ ပြီးခဲ့တဲ့ တစ်ခေါက်တုန်းကတော့ မြေခွေးမိစ္ဆာရဲ့ လှည့်စားမှု ခံလိုက်ရတာလို့ ပြောခဲ့တယ်။ ဒီတစ်ခေါက်ကတော့ရော"

ရှီးလင်ဝမ်သည် သုန်မှုန်သည့် မျက်နှာထားဖြစ်သွားပြီး ဘာမှမပြောချေ။ သူသည် ဒီသားအလိမ္မာလေး ပြောလာမည့်စကားကို နားထောင်ချင် နေမိလေသည်။

ပိုင်ရှိုးမင်က ခြံဝင်းထဲတွင်ရပ်ကာ ပင်မခန်းဆောင်ထဲက အဝေးတစ်နေရာတွင် ရှိနေသည့် ရှီးလင်ဝမ်ကို ကြည့်လိုက်ပြီး သူ့နှုတ်ခမ်းပါးလေးများ ပေါ်တွင်လည်း လှောင်ပြောင်သရော်သည့် အပြုံးတစ်ခု ဖြစ်ပေါ်သွား၏။ "မိစ္ဆာတံဆိပ်တော်ကို ရယူဖို့ကြိုးစားတဲ့ အချိန်တုန်းက မင်ကျင့်စီးဌာနက ဒီလိုပုံစံပါပဲလေလို့ တွေးပြီး အရမ်းကို ဂုဏ်ယူနေတာ မဟုတ်လား"

ရှီးလင်ဝမ်၏ မျက်လုံးအိမ်များမှာ ကျုံ့သွားပြီး ပိုင်ရှိုးမင်သည် မိစ္ဆာစည်းတံဆိပ်က သူ့လက်ထဲသို့ ကျရောက်နေခဲ့မှန်း သိနှင့်နေသည်ကို သတိထားမိ သွားတော့သည်။

သူ့အမူအရာ ပြောင်းလဲသွားသည်ကို မြင်လိုက်ရသည်တွင် ပိုင်ရှိုးမင်က ခနဲ့ကာဖြင့် ပြောလိုက်၏။ "ကျွန်တော်ရဲ့ ခွင့်ပြုချက်သာ မရရင် ပိုင်ယိချန်က ရှန့်ကျင်းကနေ ထွက်သွားနိုင်မယ်လို့ ထင်နေတာလား။ မိစ္ဆာမျိုးနွယ်နဲ့ ပူးပေါင်း ကြံစည်တာက မျိုးဆက် ကိုးဆက်လုံးကို သုတ်သင်ထိုက်တယ်။ ရှီးလင်ဝမ် ခင်ဗျားက ကိုယ်တိုင် သေလမ်းကို ရှာဖွေခဲ့တာပဲ"

ဒီအခြေအနေသို့ ရောက်ရှိလာမှတော့ ပိုင်ရှိုးမင်သည် မကောင်းသော အကြံအစည်ဖြင့် ရောက်လာခြင်း ဖြစ်ကြောင်းကို ရှီးလင်ဝမ်သည် မမြင်ဘဲ အဘယ်မှာ ရှိပါမည်နည်း။ သူ့စိတ်ထဲတွင်လည်း အလွန် နာကျည်းနေမိတော့၏။ ဒီသားတော်သည် အမှန်တကယ်ပင် ပရိယာယ် ကြွယ်ဝလှသည်ပင်။

"ပိုင်ရှိုးမင် မင်းက ပန်ဝမ်ရဲ့ တရားဝင်သား အကြီးဆုံးပဲ။ တကယ်လို့ပန်ဝမ်က မျိုးဆက်ကိုးဆက်လုံး အသတ်ခံရရင် မင်းလည်း သေခြင်းတရားကနေ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး။ မင်း ထင်နေတာက မင်ဝမ်က မျက်နှာသာပေးပြီး မင်းအတွက် သက်ညှာပေးမယ်လို့ ထင်နေတာလား"

"ဟုတ်လား"

"ရှင် သူနဲ့ စကားအပိုတွေ ပြောမနေနဲ့တော့" ရွှမ်မိန်းကလေးသည် ဆက်ပြီး သည်းမခံနိုင်တော့ ချေ။ သူမသည် ရုတ်တရက် မူလပုံစံသို့ ပြောင်းလဲသွားပြီး အနက်ရောင်ကြောင် တစ်ကောင်သည် အနက်ရောင်ဓားသွား တစ်လက်အဖြစ် ပြောင်းလဲသွားသည့်အလား ပိုင်ရှိုးမင်ထန်သို့ တိုက်ရိုက်ပြေးဝင် လာတော့သည်။

ပိုင်ရှိုးမင်၏ ခန္ဓာကိုယ်သည် နောက်သို့လှန်ကျသွားပြီး သူ့ထံသို့ပျံလာသည့် ရွှမ်မိန်းကလေးကို ရှောင်တိမ်းလိုက်ကာ နောက်သို့လှည့်ပြီး တစ်ချက်ကန်လိုက်လေ၏။

မျက်စိတစ်မှိတ် အတွင်းမှာပင် သူတို့နှစ်ယောက်သည် အပြန်အလှန် တိုက်ခိုက် သွားကြတော့သည်။

ရွှမ်မိန်းကလေးသည် ပိုင်ရှိုးမင်၏ လက်ထဲတွင် အသာစီးမရနိုင်ခဲ့ချေ။ သူမသည် မိစ္ဆာကြီး တစ်ကောင်ဖြစ်ပြီး ကျင့်ကြံစွမ်းရည်မှာ အခြားသူကို ဖိနှိပ်ထားသည့်အခါ အလွန်အစွမ်းထက် လှလေသည်။ သို့သော်ငြား မျက်စိရှေ့ကလူသည် သူမနှင့် အဆင့်တူညီ နေချိန်တွင် သူမ၏ အားနည်းချက်ကို ဖော်ပြလိုက်သလို ဖြစ်သွားတော့၏။

ကြောင်မိစ္ဆာတစ်ကောင် ဖြစ်သည့်အလျောက် သူမ၏အားသာချက်မှာ အရှိန်အဟုန်ဖြစ်ပြီး ခွန်အားမဟုတ်ချေ။

သို့သော်ငြား ပိုင်ရှိုးမင်၏ ကိုယ်ဖော့ပညာကတော့ သူမထက် အနည်းငယ်သာ နိမ့်ပြီး သူလက်သီးများကလည်း လေပြင်းများနှယ် အလွန်အမင်း ပြင်းထန်လှသဖြင့် သူမသည် နည်းနည်းလေးမှ မပေါ့ဆဝံ့တော့ပဲ လက်သီးတစ်ချက် ထိမှန်သွားပါက အပြင်းအထန် ဒဏ်ရာရသွားမှာကိုလည်း စိုးရိမ်နေရတော့သည်။

ရှီးလင်ဝမ်က ဘေးကနေပြီး ကြည့်ရှုနေဆဲဖြစ်သည်ကို အကြည်တစ်ချက်တွင် တွေ့မြင်လိုက်ရချိန်တွင် ရွှမ်မိန်းကလေးသည် အလွန်ဒေါသထွက်လာပြီး အော်ဟစ်ကာ ပြောလိုက်တော့သည်။ "မြန်မြန်လာပြီး ကူညီလေ။ ဒီနေ့သူမသေရင် သေရမှာက ရှင်နဲ့ကျွန်မတို့ နှစ်ယောက်ပဲ"

ရှီးလင်ဝမ်သည် နောက်ဆုံးတော့ တိုက်ပွဲအတွင်းသို့ ဝင်ရောက်လာခဲ့ပြီး သားအဖနှစ်ဦးသည် ပထမဦးဆုံး အကြိမ်အဖြစ် မျက်နှာချင်းဆိုင် တိုက်ခိုက်ကြလေတော့၏။

ရှီးလင်ဝမ်နှင့် ရွှမ်မိန်းကလေးတို့၏ နှစ်ဖက်ပေါင်းညှပ်ပြီး တိုက်ခိုက်ခံ နေရချိန်တွင် ပိုင်ရှိုးမင်က ထိပ်တိုက်ရင်ဆိုင်ပြီး မတိုက်ခိုက်တော့ချေ။ သူက ရှီးလင်ဝမ် ရိုက်လာသည့် လက်ဝါးကို တခြားနေရာသို့ လမ်းလွှဲလိုက်ကာ ထိုပြင်းထန်လှသည့် လက်ဝါးချက်သည် သူ့ကိုမထိခိုက်စေသော်ငြား ရှီးလင်ဝမ်အိမ်တော်၏ အဆောက်အအုံ အများအပြားကိုတော့ ဖျက်ဆီးပစ် လိုက်လေသည်။

တစ်ချိန်တည်းမှာပင် အိမ်တော်ထဲကလူ အများ အားလုံးကလည်း အလန့်တကြား ဖြစ်သွားတော့၏။

အနားမယူ ရသေးသည့် ပိုင်ယိချန်သည် ပေါက်ကွဲသံ အများအပြားကို ကြားလိုက်ရပြီးနောက် စိတ်ထဲတွင် ထိတ်လန့်သွားတော့၏။ သူက ဖိနပ်ကိုသာ ကမန်းကတန်း စီးလိုက်ပြီး အပေါ်ဝတ်ရုံကိုပင် မဝတ်တော့ဘဲ ခြံဝင်းအပြင်ဘက်သို့ ပြေးထွက်လာခဲ့၏။

သူသည် အမောတကောဖြင့် ပင်မခြံဝင်းအပြင်ဘက်သို့ ရောက်ရှိလာချိန်တွင် သူ၏ တခြားညီအစ်ကိုများကလည်း အသံကြားရာသို့ လိုက်ပါလာခဲ့ကြ၏။ သူတို့အားလုံးသည် ဖြစ်ပျက်နေသည့် အကြောင်းအရာကို သေချာမသိကြသလို ပင်မခြံဝင်းအတွင်း ဝင်ရောက်ဖို့ရန်လည်း မဝံ့ရဲကြပေ။ ကောင်းကင်ယံတွင် အပြန်အလှန် ယှက်ဖြာနေသည့် အရိပ်သုံးခုနှင့် ထိုအရိပ်သုံးခု တိုက်ခိုက်ခြင်း၏ နောက်ဆက်တွဲ ရိုက်ခတ်သံများကြောင့် မကြာခဏ ပြိုကျပျက်စီးသွားသော မျှော်စင်များနှင့် ဇရပ်ဆောင်များကိုသာ အဝေးမှလှမ်းမြင်နေရလေသည်။

ရုတ်တရက်ဆိုသလို အမြီးများစွာ ရှိဟန်တူသည့် အနက်ရောင် အရိပ်တစ်ခုသည် ထိုအရိပ်မည်းများထဲက ကန်ထုတ်ခံလိုက်ရပြီး မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသွားလေတော့သည်။

ရှီးလင်ဝမ်သည် ပိုင်ရှိုးမင်က ရွှမ်မိန်းကလေးကို သွားရောက်တိုက်ခိုက်နေသည်ကို အခွင့်ကောင်းယူကာ သူ့မျက်လုံးထဲက သတ်ဖြတ်လိုစိတ်များမှာ ပြည်နှက်နေလျက် ပိုင်ရှိုးမင်၏ ရင်ဘတ်ကို လက်ဝါးဖြင့် ရိုက်ချလိုက်တော့၏။ သို့သော်ငြား သူသည်ကိုယ်ကို တစောင်းလှည့်ကာ ရှောင်တိမ်းလိုက်သဖြင့် ပခုံးကိုသာ ထိခိုက်သွားတော့သည်။

ပိုင်ရှိုးမင်ကတော့ ရှီးလင်ဝမ်၏ ဝမ်းဗိုက်ကို ခြေထောက်ဖြင့် တစ်ချက်လောက် ကန်ကျောက်လိုက်ပြီး ရစ်ပတ်နေသည့် ပုံရိပ်နှစ်ခုသည် လေထဲတွင် အခိုက်အတန့် လူချင်းကွဲသွားတော့သည်။

အသက်တစ်ချက် ရှုချိန်အတွင်းတွင် ရှီးလင်ဝမ်က ရုတ်တရက် ပြောလာလိုက်၏။ "မင်း ရှီးလင်ကို ပြန်လာတာ ပန်ဝမ်ကို ကလဲ့စားချေဖို့လား"

"ရှီးလင်ဝမ်လည်း စိတ်ထဲမှာ သိပြီးသား မဟုတ်ဘူးလား" ပိုင်ရှိုးမင်သည် သူ့လည်ပင်းကို လှည့်လိုက်ပြီး သူ့အကြည့်က ရှီးလင်ဝမ်ထံမှ တစ်ချက်လေးမှ မခွာသွားချေ။

ယခင်က သူတို့နှစ်ဦးသည် အိမ်တော်ထဲတွင် အတူတူငြိမ်းချမ်းစွာ နေထိုင်ခဲ့ခြင်းကလည်း နှစ်ဦးနှစ်ဖက်စလုံးက တမင်တကာ ဖုံးကွယ်ထားခြင်းသာ ဖြစ်လေသည်။ ဖြစ်ပျက်ပြီးခဲ့သော အကြောင်းအရာများကို မည်သို့မေ့ပျောက် နိုင်ပါမည်နည်း။

သူက မမေ့သေးသလို ရှီးလင်ဝမ်သည်လည်း ထိုနည်းတူ မေ့သေးမည်မဟုတ်ဟု ယုံကြည်လေသည်။

"မင်းအမေ သေဆုံးသွားလို့ ဒီပန်ဝမ်ကို မင်းက မုန်းတီးနေတာလား"

ပိုင်ရှိုးမင်သည် နှုတ်ဆိတ်နေလိုက်သော်ငြားလည်း သူ့ကိုယ်ပေါ်က ပျံ့လွှင့်ကာ ထွက်လာသည့် ပြင်းထန်လှသည့် လူသတ်လိုစိတ်ကတော့ တစ်ဖက်လူကို အဖြေပြောပြနေတော့သည်။

"ပန်ဝမ်က ဘာဖြစ်လို့ သူ့ကို မဖြစ်မနေ သေခိုင်းခဲ့လဲဆိုတာ မင်း သိလား"

"နောက်ဆုံးတော့ ခင်ဗျား ဝန်ခံလိုက်ပြီပေါ့။ သူ့ကို ခင်ဗျား သတ်ခဲ့တာလား"

"ဟားဟားဟား" ရှီးလင်ဝမ်သည် ကျယ်လောင်စွာ ရယ်မောလိုက်ပြီးနောက် တခဏအတွင်းမှာပင် သူ့ရယ်မောသံသည် ရုတ်တရက် ရပ်တန့်သွားကာ အေးစက်စွာဖြင့် ပြောလာလေသည်။ "ပိုင်ရှိုးမင် မင်းအမေရဲ့အရိုးတွေ ဘယ်နေရာမှာ ရှိလဲဆိုတာ သိချင်လား"

ပိုင်ရှိုးမင်၏ မျက်နှာသည် အေးစက်သွားပြီး အံကြိတ်ကာဖြင့် တစ်လုံးချင်း ပြောလိုက်တော့သည်။ "သူ့အရိုးတွေက ဂူသင်္ချိုင်းထဲမှာ မဟုတ်ဘူးလား"

"ဒါပေါ့ မဟုတ်ဘူးလေ" ရှီးလင်ဝမ်သည် ပိုင်ရှိုးမင်နှင့် စကားပြောနေရင်း သူ့အကြည့်တစ်ချက်က ရွှမ်မိန်းကလေးသည် သွားများကိုဖြဲကာ တိုက်ခိုက်ရန် အသင့်အနေအထား ဖြစ်နေသည်ကို မြင်တွေ့လိုက်ရလေသည်။

ပိုင်ရှိုးမင်က သူ့နောက်တွင် ရွှမ်မိန်းကလေးတစ်ယောက် ရှိသေးသည်ကို မေ့သွားဟန်တူပြီး သူ့အာရုံအားလုံးက ရှီးလင်ဝမ်၏ စကားများအပေါ်တွင်သာ ရှိနေတော့သည်။

သူက မေးလိုက်၏။ "သူ ဘယ်မှာလဲ"

"မင်းသေတဲ့ အထိစောင့်ပြီး အောက်လောကကို ရောက်သွားမှ သူ့ကို သွားမေးလိုက်ပေါ့" ရှီးလင်ဝမ်၏ မျက်နှာပေါ်တွင် ထူးဆန်းသည့် အပြုံးတစ်ခု ပေါ်ပေါက်လာတော့သည်။ ရွှမ်မိန်းကလေးသည် တိတ်တဆိတ် သတ်ဖြတ်ခြင်းကို အကျွမ်းကျင်ဆုံး ဖြစ်ပြီး ဒီလောက်နီးကပ်လှသည့် အကွာအဝေးတွင် ပိုင်ရှိုးမင်သည် ရှောင်တိမ်းနိုင်လိမ့်မည် မဟုတ်ချေ။

ပိုင်ရှိုးမင်သည် သူ့နောက်က တိုက်ခိုက်မှုကို သတိပြုမိ လိုက်သော်ငြားလည်း မူလနေရာတွင်ပင် မလှုပ်မယှက် ရပ်နေခဲ့လေသည်။

နောက်တစ်ခဏတွင်တော့ သန်မာထွားကြိုင်းလှသည့် အရိပ်တစ်ခုသည် ကောင်းကင်ယံမှ ကျဆင်းလာပြီး ရွှမ်မိန်းကလေး၏ ကျောပေါ်သို့ အတိအကျ နှင်းချလိုက်တော့၏။ ဂျွတ်ခနဲ ကျိုးပဲ့သံတစ်ချက်ကိုသာ ကြားလိုက်ရပြီး ထိုအရိပ်သည် မြေပြင်ပေါ်သို့ ကျဆင်းလာကာ ရွှမ်မိန်းကလေးသည်လည်း မြေပြင်ပေါ်တွင် ချနှင်းခံလိုက်ရပြီး နာကျင်စွာအော်ဟစ်လိုက် လေတော့သည်။

ထိုလူသည် လက်သန်းကို ဆန့်ထုတ်လိုက်ပြီး သူ၏နားကို ကလော်လိုက်ပြီးနောက် စိတ်မရှည်စွာဖြင့် ခြေတစ်ဖက်ကို ထပ်မံ ဆောင့်လိုက်သည်တွင် ကြောင်မိစ္ဆာ၏ကိုယ်ပေါ်မှ အရိုးတစ်ချောင်းမှာ ထပ်ပြီး ကျိုးကျေသွားဟန် တူလေသည်။

ရွှမ်မိန်းကလေးသည် မင်းသမီး၏ မျက်နှာသာပေးခြင်းကို ရရှိခဲ့ပြီး အဆင့်လေးသို့ တက်လှမ်းနိုင်ခဲ့ပြီးနောက် ဒီလို အားမတန်မာန်လျော့ရသည့် အရသာကို မခံစားရသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်၏။

သူမ၏ခေါင်းပေါ်က လူက စိတ်မရှည်စွာ ပြောလိုက်သည်ကိုလည်း ကြားလိုက်ရလေသည်။ "ဘာတွေအော်နေတာလဲ။ နားငြီးလို့ သေတော့မှာပဲ"

ရောက်လာသူကို ရှင်းရှင်းလင်းလင်း မြင်တွေ့လိုက်ရသည့် အခိုက်တွင် ရှီးလင်ဝမ်၏မျက်နှာသည် အလွန်အမင်း ဆိုးရွားသွားပြီး အံများကိုကြိတ်ကာ စကားလုံးနှစ်လုံးကို ညှစ်ထုတ်လိုက်ရတော့၏။ "ချင်ဟန်"

ရှန့်ကျင်းတွင်ရှိနေရမည့် ချင်ဟန်သည် ရှီးလင်တွင် တိတ်တဆိတ် ပေါ်ထွက်လာခဲ့ခြင်းပင်။ မင်ကျင့်စီးတစ်ခုလုံးတွင် မင်ဝမ်ကလွဲလျှင် သူ့အကြောက်ရဆုံးမှာ ချင်ဟန်ပင် ဖြစ်လေသည်။ ထို့ကြောင့် သူ သတိမထားမိသည့် အချိန်တွင် ဒီလူရှီးလင်သို့ ရောက်ရှိလာမည်ကို စိုးရိမ်သဖြင့် သူ့ကို အမြဲတမ်း စောင့်ကြည့်နေ ခဲ့ရခြင်းဖြစ်၏။

"ကျုပ် ဟုတ်ပါတယ်" ချင်ဟန်သည် ခေါင်းမော့လိုက်ပြီး ကောင်းကင်ပေါ်တွင် ရပ်နေသည့် ရှီးလင်းဝမ်ကို သွားဖြဲကာ ပြုံးပြလိုက်၏။ "ရှီးလင်ဝမ် နေကောင်းရဲ့လား။ အရင်တုန်းက ကြားဖူးတာတော့ ရှီးလင်ဝမ်က ကျုပ်ရဲ့သွားလာလှုပ်ရှားမှုတွေကို တော်တော်လေး စိတ်ဝင်စားတယ်ဆိုပဲ။ အခု ကျုပ်ကိုတွေ့ရတော့လည်း တော်တော်လေး ပျော်နေလောက်ရောပေါ့"

"အပြင်မှာ မင်းက ပိုင်ရှိုးမင်နဲ့ အမြင်မကြည်ဘူးလို့ ကောလဟာလ ထွက်နေတာတွေက အားလုံး အတုတွေလား။ မင်းတို့တွေက ကျုပ်ကို လိမ်ညာဖို့ တောက်လျှောက် ဟန်ဆောင်နေခဲ့ကြတာလား"

ရှီးလင်ဝမ်သည် သူ၏လက်အောက် ငယ်သားများက ချင်ဟန်နှင့် ပိုင်ရှိုးမင်တို့၏ ဆက်ဆံရေး မပြေလည်ကြောင်း သတင်းပို့ထားခဲ့သည်ကို ရှင်းရှင်းလင်းလင်း မှတ်မိနေသေးသည်။ ပိုင်ရှိုးမင်သည် သူ့ကိုပစ်မှားမိသဖြင့် ရာထူးကခေတ္တ ရပ်ဆိုင်းခံရပြီးနောက် ချင်ဟန်သည် မင်ကျင့်စီးတွင် အမြဲတမ်း ရှိနေခဲ့ပြီး ထွက်လာခဲ့ခြင်းလည်း မရှိချေ။

ယခု ကြည့်ရသည်မှာ ထိုအရာအားလုံးက သူ့ကို မြင်တွေ့စေရန် တမင်တကာ ဖန်တီးထားခြင်းသာ ဖြစ်တော့သည်။

ချင်ဟန်ကလည်း မေးစေ့ကိုကုတ်လိုက်ပြီး "ခင်ဗျားကိုလိမ်တာ ဘယ်လိုလုပ်ပြီး ဖြစ်ရမှာလဲ။ ကျုပ်တို့နှစ်ယောက် ဆက်ဆံရေးက တကယ်မကောင်းပါဘူး။ သူက အရင်တုန်းက ကျုပ်လက်အောက်မှာ သိုင်းသင်တုန်းက နေ့တိုင်း ကျုပ်ဆီကနေ အရိုက်ခံရလို့ မျက်နှာတွေ ဖူးယောင်နေတာပဲလေ။ သူက ဒီလောက်တောင် အငြိုးကြီးတာပဲ။ ကျုပ်နဲ့ဆက်ဆံရေး ကောင်းနေမှ ထူးဆန်းနေမှာပေါ့"

ရှီးလင်ဝမ်မှာ အံကြိတ်မိ လေတော့သည်။ ပိုင်ရှိုးမင်သည် ချင်ဟန်ကိုယ်တိုင် သင်ကြားပေးသော တပည့်ဖြစ်နေသည်ပင်။ ဒီအကြောင်းနှင့်ပတ်သက်ပြီး အဘယ်ကြောင့်များ မည်သူတစ်ဦး တစ်ယောက်ကမှ မပြောခဲ့ပါသနည်း။

ချင်ဟန်သည် ရှီးလင်ဝမ်၏ သံသယများကို စိတ်ရှည်လက်ရှည် ဖြေရှင်းပေးနေစဥ်မှာပင် မင်ကျင့်စီးအစောင့် ရာပေါင်းများစွာသည် ရှီးလင်းဝမ်အိမ်တော်ကို အတင်းအဓမ္မ ဝင်ရောက် စီးနှင်းလာကြပြီး မီးတုတ်များ၏ အလင်းရောင်သည်လည်း အိမ်တော်တစ်ခုလုံးကို မီးရောင်များဖြင့် လင်းထိန်သွားစေတော့သည်။

ခုခံတိုက်ခိုက်ကြသည့် အိမ်တော်အစောင့်များ အားလုံးသည် အဖမ်းခံလိုက်ရပြီး နာကျင်စွာ အော်ဟစ်သံများကလည်း တစ်နေရာပြီးတစ်နေရာ ထွက်ပေါ်လာခဲ့လေသည်။ ထိုမင်ကျင့်စီး အစောင့်များသည် လက်နက်ချအညံ့ခံရန် စကားတစ်ခွန်းမှပင် မပြောခဲ့ကြချေ။

အစောင့်များ၏ နာကျင်စွာ အော်ဟစ်သံများကြားတွင် ရှီးလင်ဝမ်၏မျက်နှာ အမူအရာမှာ ကြောက်မက်ဖွယ်ရာ ပြောင်းလဲသွားတော့၏။ "ချင်ဟန် မင်းက မင်ကျင့်စီးရဲ့ တပ်မှူးချုပ်တစ်ယောက်ဖြစ်ပြီး အမိန့်တော်မပါဘဲ ပန်ဝမ်ရဲ့အိမ်တော်ကို အတင်းအဓမ္မ ဝင်ရောက်စီးနင်းရဲတယ်။ အိမ်တော်ရဲ့ကိုယ်ရံတော်တွေကို အကြောင်းမဲ့ သတ်ဖြတ်ရဲတယ်။ အရှင်မင်းကြီးရော သိရဲ့လား"

ချင်ဟန်ကလည်း လှောင်ရယ်ကာ ပြောလိုက်၏။ "ကျုပ် သိတာတစ်ခုကတော့ ရှီးလင်ဝမ်က မိစ္ဆာမျိုးနွယ်နဲ့ ပူးပေါင်းပြီး ပုန်ကန်ဖို့ ကြံစည်နေတယ်။ ကျုပ်မှာ အရင်သတ်ပြီးမှ နောက်မှသတင်းပို့ တင်ပြခွင့်ရှိတယ်။ ရှီးလင်ဝမ် အသက်ရှင်ချင်တယ်ဆိုရင် အကောင်းဆုံးကတော့ လက်နက်ချပြီး အဖမ်းခံလိုက်တာပ"

"ပေါက်ကရတွေ။ ဒါက ခင်ဗျားတို့က ပန်ဝမ်အပေါ် ရေဆိုးတွေ လောင်းချနေတာပဲ !"

ရှီးလင်ဝမ်၏မျက်နှာသည် ခေါင်းမာ ဟန်ဆောင်နေသော်ငြား စိတ်ထဲတွင်တော့ နောက်ဆုတ်တော့မည် အတွေးများ ဖြစ်ပေါ်နေပြီးသားပင်။

ချင်ဟန်သည် လွန်ခဲ့သည့် နှစ်ပေါင်းများစွာကတည်းက အဆင့်လေး အထွတ်အထိပ်သို့ ရောက်ရှိခဲ့သူဖြစ်သည်။ သို့မဟုတ်ပါက သူသည်ဒီလောက် ကြောက်ရွံ့နေမည် မဟုတ်ချေ။ ရွှမ်မိန်းကလေးကပင် သူ၏တိုက်ကွက်တစ်ကွက်ကို မခုခံနိုင်ခဲ့ချေ။ သူသည် ဝန်မခံချင်သော်ငြားလည်း တစ်ဖက်လူနှင့် မျက်နှာချင်းဆိုင် တိုက်ခိုက်ဖို့ရန်လည်း မဝံ့ရဲ ချေ။

ထို့အပြင် ချင်ဟန်အပြင် ပိုင်ရှိုးမင်ဟူသည့် သကောင့်သားလေးကလည်း ရှိနေသေးသည်။

ဝမ်ရယ်၏ ရာထူးသည် ကောင်းမွန်သော်ငြား အသက်ရှင် နေထိုင်ရေးကသာ ပိုပြီးအရေးကြီးပေသည်။

သူ၏ ကျင့်ကြံရေးစွမ်းရည်ဖြင့် သာ့ရှမှ ထွက်ခွာသွားလျှင်ပင် လွတ်လပ်စွာ နေထိုင်နိုင်သေးသည်။ အဘယ်ကြောင့်များ ဒီနေရာတွင် စွဲမြဲကာ နေထိုင်ရပါမည်နည်း။

ဒီလိုတွေးလိုက်မိလျှင် သူ့မျက်ဝန်းထဲတွင် အေးစက်စက် အလင်းရောင် တစ်ချက်လင်းလက်သွားပြီး အသက်ကို ပ‌ဓာနမထားသည့်အလား ပိုင်ရှိုးမင်ကို တိုက်ခိုက်လာတော့၏။

.

အပိုင်း (၁၀၄) အမေ့ရဲ့အရိုးပြာတွေ ဘယ်မှာလဲ ... (၂)

ပိုင်ရှိုးမင်က သူ့လက်ဝါးနှင့် ရိုက်ချလိုက်ချိန်တွင် ရှီးလင်ဝမ်သည် ခွန်အားကိုအသုံးချပြီး မြန်မြန်ပြန်ဆုတ်ကာ ထွက်ပြေးဖို့ရန် ကြိုးစားလေတော့၏။

ရှီးလင်ဝမ်သည် ဒီနှစ်များအတွင်းတွင် ကိုယ်ရောစိတ်ပါ နှစ်မြုပ်ကာ ကျင့်ကြံခဲ့သော်ငြားလည်း ပါရမီကတော့ ထိုမျှလောက် မပါခဲ့ချေ။

သူသည် ပြင်ပစွမ်းအင်ကို အကူအညီ ယူခဲ့သော်ငြားလည်း ကျင့်ကြံခြင်းအရှိန်ကိုသာ မြင့်တင်နိုင်ခဲ့ပြီး အဆင့်တက်ခြင်းနှင့် ပတ်သက်ပြီး အတားအဆီးများ မရှိခဲ့ရုံသာ ဖြစ်လေသည်။ သိုင်းပညာရပ်တွင်တော့ သူသည် ပါရမီ လုံးဝမပါခဲ့ချေ။

သူသည် ကိုယ်ဖော့ပညာကို အမြင့်ဆုံးအထိ တွန်းတင်လိုက်သော်ငြားလည်း အဝေးသို့ထွက် မပြေးရသေးခင်မှာပင် ပိုင်ရှိုးမင်၏အရိပ်က သူ့မျက်စိရှေ့တည့်တည့်တွင် ပေါ်ထွက်လာသည်ကို တွေ့လိုက်ရသည်။

နောက်သို့လှည့်ကြည့် လိုက်သောအခါ ချင်ဟန်က သူ့နောက်ကျောဘက် မနီးမဝေးတွင် ရပ်လို့နေလေသည်။

ရှီးလင်ဝမ်၏ မျက်နှာသည် အကျည်းတန်သွားပြီး ချင်ဟန်က ပြောလာသည်ကို ကြားလိုက်ရလေသည်။ "အခွင့်အရေးက တစ်ကြိမ်ပဲ ရှိတယ်။ တကယ်လို့ ရှီးလင်ဝမ်သာ ရှေ့ကို တစ်လမ်းထပ်တိုး လိုက်မယ်ဆိုရင် ဝမ်ရယ်ကို အခွင့်အရေးမပေးဘူးလို့ ကျုပ်ကို အပြစ်မတင်နဲ့"

လူနှစ်ဦးသည် အချိန်အတော်ကြာအောင် ထိပ်တိုက်ရင်ဆိုင်ပြီးနောက် ရှီးလင်ဝမ်သည် နောက်ဆုံးတော့ စိတ်ပျက်သွားသည့် မျက်နှာဖြင့် ပြောလိုက်တော့၏။ "မင်းတို့ နိုင်သွားပါပြီ"

ရှီးလင်ဝမ်သည် ဖမ်းဆီးခေါ်ဆောင်ခံလိုက်ရပြီး လူသုံးဦးသည် မြေပြင်ပေါ်သို့ ပြန်ဆင်းလာပြီးနောက် မင်ကျင့်စီးအစောင့်များက အစုလိုက် အပြုံလိုက် တိုးဝှေ့လာကြပြီး ကြိုတင်ပြင်ဆင်လာသည့် သံခြေကျင်းများကို သူ၏ကိုယ်ပေါ်တွင် တပ်ဆင်လိုက် ကြတော့သည်။

ချင်ဟန်က စကားတစ်ခွန်းမှ မပြောသည့် ပိုင်ရှိုးမင်ကို တစ်ချက်ကြည့်လိုက်ပြီး သူနှင့်ရှီးလင်ဝမ်တို့ ပြောစရာစကားများ ရှိနေသေးသည်ကို သိနေသဖြင့် နောက်သို့ဆုတ်ပေးလိုက်ကာ သူတို့နှစ်ယောက်အတွက် နေရာချန်ပေးလိုက်တော့သည်။

"ဘာဖြစ်လို့ ကျွန်တော့်အမေကို သတ်ခဲ့တာလဲ" ပိုင်ရှိုးမင်က မေးလိုက်သည်။

"ဒါကတော့ ပန်ဝမ်က သူ့ကို ငြီးငွေ့သွားလို့ပေါ့။ ဒါပေမဲ့ သူက ကိုယ့်အခြေအနေ မသိဘဲ ဝမ်ဖေးနေရာကို မက်မောပြီး မလွှတ်တမ်းဆုပ်ကိုင် ထားခဲ့တယ်လေ။ ဒီလိုဆိုမှတော့ ပန်ဝမ်က သူ့ကို သေလမ်းဆီ ပို့ပေးလိုက်ရတာပေါ့" ရှီးလင်ဝမ်၏အသံမှာ ပေါ့ပါလို့နေ၏။ သူသည် ထာဝရအရိုး၏ အမှန်တရားကိုတော့ ပြောပြနိုင်မည် မဟုတ်ပေ။

"သူ့အရိုးတွေ ဘယ်မှာလဲ"

"သူ့ကို ပန်ဝမ်က အရိုး ခြေမွပြီးပြာချပစ်လိုက်တာ ကြာပြီ။ အရိုးတွေ ဘယ်မှာ ကျန်တော့မှာလဲ"

ရှီးလင်ဝမ်၏ စကားသံ မဆုံးသေးခင်မှာပင် ပိုင်ရှိုးမင်သည် သူ့ကို မြေပြင်ပေါ်သို့ ကန်ကာလှဲချပစ်လိုက်ပြီး ခါးကိုင်းကာ သူ့ဆံပင်ကို ဆုပ်ကိုင်လိုက်ပြီးနောက် ကိုယ်ကိုညွှတ်ချလိုက်ပြီး သူ့ဦးခေါင်းကို လှေကားထစ်များပေါ်တွင် တချက်ခြင်း ဆောင့်ချလိုက်လေသည်။

"ခင်ဗျားကို ကျွန်တော် နောက်တခါ ထပ်မေးမယ်။ ကျွန်တော့်အမေရဲ့ အရိုးတွေ ဘယ်မှာလဲ"

အဆင့်လေး ကျင့်ကြံသူတစ်ဦး၏ ဦးခေါင်းသည် လုံလောက်စွာ မာကျော် ပေသည်။ လှေကားထစ်များပင် ဆောင့်မိပြီး ကွဲကြေသွား သော်ငြားလည်း သွေးအနည်းငယ်သာ ထွက်လာခဲ့၏။ ရှီးလင်ဝမ်၏ နဖူးပေါ်က သွေးများသည် မျက်နှာတစ်လျှောက် စီးကြလာပြီး သူ့အမြင်အာရုံကိုပင် ဖုံးကွယ်သွားတော့၏။

ဒီလှုပ်ရှားမှုသည် သိပ်ပြီးအားမပါလှ သော်ငြားလည်း ရှီးလင်ဝမ်အတွက်တော့ အလွန်အမင်း အရှက်ရစရာ ဖြစ်လေသည်။

ရှီးလင်ဝမ်သည် လွန်ခဲ့သည့် နှစ်ပေါင်းများစွာက ဝမ်ဖေးသေဆုံးပြီးနောက် ပိုင်ရှိုးမင်က ဓားတစ်လက်ကို ကိုင်ဆောင်ကာ သူ့ထံသို့ အသက်စွန့် တိုက်ခိုက်ရန် လာရောက်ခဲ့သည်ကို ရုတ်တရက် သတိရမိလိုက်တော့သည်။ သူသည် ထိုဓားမြှောင်ကို ပိုင်ရှိုးမင်၏ ကိုယ်ပေါ်သို့ စိုက်ချလိုက်ပြီး အစောင့်များကို သူ့အား ဖမ်းဆီးချုပ်နှောင် ခိုင်းလိုက်ကာ ဒီနေရာတွင်ပင် သူ သတိလစ်သွားသည်အထိ ဦးခေါင်းကို တစ်ချက်ချင်း ဆောင့်ချကာ အရိုအသေ ပေးခိုင်းခဲ့လေသည်။

သူ့စိတ်ထဲတွင် အလွန်အမင်း နောင်တရသွားတော့၏။ ထိုအချိန်က ဓားတစ်ချက်တည်းဖြင့် ဒီတိရစ္ဆာန်ကောင်လေးကို ဘာကြောင့်များ မသတ်ခဲ့မိပါသနည်း။

"ပြောလေ !" ပိုင်ရှိုးမင်က အော်ဟစ်လိုက်လေသည်။

ရှီးလင်ဝမ်က မျက်တောင်ခတ် လိုက်ကာ "ပန်ဝမ်က ... အရိုးတွေကို ခြေမွပြီး ပြာချပစ်လိုက်ပြီ။ အကြိမ်တစ်ရာ ထပ်မေးလည်း ဒီအဖြေပဲ"

ပိုင်ရှိုးမင်းသည် နောက်ကိုလက်ယက် ခေါ်လိုက်ကာ "ဓား"

သူ့လေသံက တည်ငြိမ်လွန်း နေသော်ငြားလည်း ရှီးလင်ဝမ်ကို ကြည့်နေသည့် အကြည့်ကတော့ လူသတ်လိုစိတ်များ ပြင်းပြနေတော့၏။

အခုလေးတင်မှ လျှောက်ကာ ဝင်လာခဲ့သည့် ရှန်ကျော်သည် သူ ပြောလိုက်သည့် စကားကို ကြားလိုက်ရပြီး ဓားကိုထုတ်ကာ သူ့ဆီသို့ ပစ်ပေးလိုက်လေသည်။ "ရော့"

ချင်ဟန်မှာ သတိပြန်ဝင်လာပြီး ရှန်ကျော်၏ခေါင်းကို လက်ဖဝါးဖြင့် ရိုက်ချလိုက်ကာ ဒေါသတကြီးဖြင့် ပြောလေတော့သည်။ "မင်းက တကယ်ကို ပွဲကြည့်လို့ မဝသေးဘူးပဲ။ ဘယ်သူက မင်းကို သူ့ကိုဓား ပေးခိုင်းလို့လဲ"

ရှန်ကျော်မှာ အရိုက်ခံလိုက်ရသဖြင့် နာကျင်သွားသည့် ဦးခေါင်းကို ပွတ်သပ်လိုက်ပြီး ဇဝေဇဝါလေသံဖြင့် ပြောလိုက်လေသည်။ "ဓား ပေးတာ ဘာဖြစ်လို့လဲ"

ချင်ဟန်မှာ သူ့ကို စိတ်ပျက်ပျက်ဖြင့်သာ ဒေါသတကြီး ကြည့်မိလိုက်တော့သည်။ "ငတုံးကောင်"

ရှန်ကျော်မှာ မျက်လုံးကို ပင့်လှန်ထားမိ လေတော့သည်။ ဒါကြောင့်ပဲ ငါက မြို့တော်ကို ပြန်လာပြီး တာဝန်အစီရင်ခံရမှာကို အရမ်းစိတ်ညစ်တာ။ အဘိုးကြီးချင်နဲ့ တွေ့တိုင်း အကြောင်းပြချက်မရှိဘဲ အဆူအဆဲ ခံနေရတယ်။ ဒါပေမဲ့ သူ့ကို ပြန်တိုက်ခိုက်လို့လည်း မနိုင်ပြန်ဘူး။

ပိုင်ရှိုးမင်သည် ဓားကိုဆုပ်ကိုင်လိုက်ပြီး မဆိုင်းမတွပင် သူ့လက်ထဲကဓားကို ရှီးလင်ဝမ်၏ နောက်ကျောဘက်သို့ ထိုးစိုက်ချလိုက်တော့သည်။

ထိုးစိုက်လိုက်သည့် ထောင့်ချိုးကို ကြည့်လိုက်လျှင် ဓားဖျားသည် နှလုံးကို တည့်တည့်မတ်မတ် ဦးတည်နေသည်မှာရှင်းလင်းလေသည်။

သို့သော်ငြား ဓားက ရှီးလင်းဝမ်၏ခန္ဓာကိုယ်ကို မထိုးဖောက်သေးခင်မှာပင် ဓားသွားများမှာ အပိုင်းပိုင်းအစစ ကျိုးပြတ်သွားတော့၏။

ပိုင်ရှိုးမင်က ခေါင်းလှည့်လိုက်ပြီး နီရဲနေသည့် မျက်လုံးများဖြင့် ချင်ဟန်ကိုကြည့်လိုက်ကာ သူ့အကြည့်ထဲတွင်လည်း သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေတော့သည်။

ချင်ဟန်ကတော့ သူ့အကြည့်ကြောင့် နည်းနည်းလေးမှ ထိတ်လန့်သွားခြင်းမရှိဘဲ ဆန့်ကျင်ဘက်အနေဖြင့် ပြန်ပြီးစိုက်ကြည့်ကာ ပြောလိုက်လေသည်။ "ဘာကြည့်တာလဲ။ မင်းအဖေရဲ့အမိန့်ပဲ။ မင်း ဘာပဲလုပ်လုပ်ရတယ်။ ဒါပေမဲ့ ရှီးလင်ဝမ်ကိုတော့ သတ်လို့မရဘူး"

ပိုင်ရှိုးမင်သည် ဘာမှမပါတော့သည့် ဓားရိုးကို ဆုပ်ကိုင်ထားပြီး သူ့ကိုယ်ပေါ်က သတ်ဖြတ်လိုစိတ်များမှာ ပြည့်နှက်နေကာ ရင်ဘတ်သည်လည်း အကြိမ်ပေါင်းများစွာ နိမ့်ချီမြင့်ချီ ဖြစ်နေသော်ငြား နောက်ဆုံးတွင်တော့ ဆက်ပြီးမတိုက်ခိုက်တော့ချေ။

ပိုင်ရှိုးမင်က မလှုပ်ရှားလာသည်ကို မြင်လိုက်သည်တွင် ရှီးလင်ဝမ်သည် သေဒဏ်မှ ကင်းလွတ်ခွင့် ရရှိသွားသည့်အလား သူ့လေသံထဲတွင် ဆိုးညစ်သည့် အငွေ့အသက်များ ပြည့်နှက်ကာပြောလာလေသည်။ "မင်းလို သစ္စာမရှိ သိတတ်မှုမရှိတဲ့ တိရစ္ဆာန်မျိုးကို အစကတည်းက ပန်ဝမ်က အသက်ရှင်ခွင့် မပေးခဲ့သင့်တာ"

ပိုင်ရှိုးမင်သည် သူ့လက်ထဲက ဓားရိုးကိုပစ်ချလိုက်ပြီး မြေပြင်ပေါ်တွင် ဝတ်တွားနေသည့် ယောက်ျားကို အပေါ်စီးကနေ ငုံ့ကြည့်လိုက်ကာ တစ်ကြိမ်ထပ်ပြီး မေးလိုက်လေသည်။ "ကျွန်တော့် အမေရဲ့အရိုးတွေ ဘယ်မှာလဲ"

"မင်း ဘယ်တော့မှ သိခွင့်ရမှာ မဟုတ်ဘူး" ရှီးလင်ဝမ်၏ စိတ်ထဲတွင် ပိုင်ရှိုးမင်ကို အလွန် မုန်းတီးလို့နေတော့သည်။

ဒီသကောင့်သားက တကယ်ပဲ ငါ့အသက်ကို လိုချင်နေတာပဲ။ ပြီးတော့ ငါ့ပါးစပ်ထဲကနေ အဲဒီမိန်းမရဲ့ အရိုးတွေ ဘယ်မှာရှိလဲ ဆိုတာကိုတောင် သိချင်နေသေးတယ်။ အိပ်မက်မက်နေလိုက်။

ပိုင်ရှိုးမင်သည် သူ့ကိုအချိန် အတော်ကြာအောင် စိုက်ကြည့်နေပြီးနောက် ရုတ်တရက် ပြောလာတော့၏။ "လူရှိလား။ ရှီးလင်ဝမ်ရဲ့ မိသားစုတွေ အကုန်လုံး ဒီကိုခေါ်လာခဲ့"

"မင်း ဘာလုပ်ချင်တာလဲ"

"ရှီးလင်ဝမ်က ကျွန်တော့်ရဲ့ပုံမှန် လုပ်ကိုင်နေကျ ပုံစံကို မသိသေးဘူး ထင်တယ်။ ကျွန်တော် ခင်ဗျားကို ဒီနေ့ မြင်တွေ့ခွင့်ပေးလိုက်မယ်"

စကားပြောနေစဉ်မှာပင် မင်ကျင့်စီးအစောင့်များသည် လူများကို ဖမ်းဆီးခေါ်ဆောင် လာခဲ့ကြ၏။

ပိုင်ယိချန်သည် ရှေ့ဆုံးမှ လျှောက်လမ်းလာပြီး တစ်ကိုယ်လုံး ဖရိုဖရဲဖြစ်နေကာ ယခင်ကသပ်ရပ် လှပသည့်ပုံစံမှာ လုံးဝပျောက်ကွယ် နေလေသည်။

ပိုင်ရှိုးမင်ကို မြင်တွေ့လိုက် ရသောအခါ သူ့မျက်လုံးအိမ်များမှာ ကျုံ့သွားပြီး မယုံကြည်နိုင်သည့် အမူအရာ ဖြစ်သွားတော့၏။

"ပိုင်ရှိုးမင် မင်း ..."

စကားသည် ပါးစပ်မှ ထွက်လာသည်နှင့် သူ့ကိုဖမ်းဆီးလာခဲ့သည့် မင်ကျင့်စီးအစောင့်က ခြေတကောက်ကွေးနေရာကို ကန်ကျောက်လိုက်ကာ ဒုတ်ခနဲ အသံတစ်ချက်နှင့်အတူ မြေပြင်ပေါ်သို့ ဒူးထောက်ကျသွားပြီး ဒူးခေါင်းက ပြင်းထန်လှသည့် နာကျင်မှုကို ခံစားလိုက်ရတော့၏။

ထိုမင်ကျင့်စီးအစောင့်က အေးစက်စွာဖြင့် ပြောလာလေသည်။ "ပိုင်လူကြီးမင်းရဲ့ရှေ့မှာ မင်းက စကား ပြောခွင့်ရှိလို့လား။ နောက်တစ်ခါ ပါးစပ်ထပ်ဟရဲရင် မင်းရဲ့လျှာကို ဖြတ်ပစ်မယ်"

ပိုင်ယိချန်မှာ ချက်ချင်းဆိုသလို ပါးစပ်ပိတ်ထားလိုက်ပြီး စကားထပ်မပြောရဲတော့ချေ။

အဖေဖြစ်သူ ဝမ်ရယ်က ယခုအချိန်တွင် သူ့လိုပင် ဖြစ်နေပြီး ကိုယ်ပေါ်တွင်လည်း သံခြေကျင်းများဖြင့် ချုပ်နှောင်ခံထားရသည်ကို ကိုယ်တိုင်မြင်တွေ့ လိုက်ရသည်တွင် ပိုင်ယိချန်သည် ယနေ့တော့ ကောင်းခြင်းထက် ဆိုးခြင်းက ပိုများနိုင်ကြောင်း စိတ်ထဲတွင် သိရှိလိုက်ပြီး စိတ်ထဲတွင်လည်း မတည်မငြိမ် ဖြစ်လာကာ ဒီလူများက အမှန်တကယ် ဘာလုပ်ချင် နေသည်ကိုပင် မသိတော့ချေ။

ရှီးလင်ဝမ်၏ သားတော်လေးဦးနှင့် သမီးတော်နှစ်ဦးတို့သည် တစ်တန်းတည်း ဒူးထောက်နေကြရပြီး နောက်ဘက်တွင် ရှီးလင်ဝမ်ဖေးနှင့် အိမ်တော်ထဲက ကိုယ်လုပ်တော်များ မောင်းမတော်များသည်လည်း တွန်းထုတ်ခြင်း ခံလိုက်ရလေသည်။

ရှီးလင်ဝမ်က ဒီအခြေအနေကို မြင်တွေ့လိုက်ရ သော်ငြားလည်း မျက်နှာအမူအရာကတော့ နည်းနည်းလေးမှ မပြောင်းလဲဘဲ လှောင်ရယ်သံပင် ထွက်ပေါ်လာသေးသည်။ "ပိုင်ရှိုးမင် မင်းက သူတို့ရဲ့အသက်ကိုသုံးပြီး ဒီပန်ဝမ်ကို ခြိမ်းခြောက်နိုင်မယ်လို့ ထင်နေတာတော့ မဟုတ်ပါဘူးနော်"

ပိုင်ရှိုးမင်က စကားလည်း ပြောမလာသလို ညီအစ်ကို မောင်နှမများဟု ခေါ်သည့် ထိုလူများကိုလည်း မကြည့်ချေ။

သူသည် ဒီလူများရှေ့တွင်ပင် ရှီးလင်ဝမ်၏ အင်္ကျီကော်လံကို ဆုပ်ကိုင်လိုက်ပြီး သူ့ကို ပိုင်ယိချန်နှင့် ရှီးလင်ဝမ်ဖေးတို့ ရှေ့မှောက်သို့ ဆွဲခေါ်သွားတော့၏။

ဒီလူများသည် မြင့်မြတ်သော နေရာတွင် ရှိခဲ့သည့် ရှီးလင်ဝမ်က ဒီလိုဖရိုဖရဲ ပုံစံဖြစ်နေသည်ကို တစ်ခါမှ မမြင်တွေ့ခဲ့ဖူးရာ ထိုအခိုက်အတန့်တွင် မည်သို့ တုံ့ပြန်ရမည်ကိုပင် မသိကြတော့ချေ။

ပိုင်ရှိုးမင်ကတော့ ကိုယ်ကိုညွှတ်လိုက်ပြီး နောက်တစ်ကြိမ် ထပ်မေးလိုက်လေသည်။ "ခင်ဗျား ... မပြောချင်သေးဘူးလား"

ရှီးလင်ဝမ်ကတော့ ခေါင်းကိုတစ်ဖက်သို့ လွှဲထားကာ အလွန်ခေါင်းမာလို့နေသည်။

ထိုနောက်တွင်တော့ ပိုင်ရှိုးမင်သည် ရုတ်တရက် လက်ကိုလှုပ်ရှားလိုက်ပြီး လက်ဝါးချက်က ရှီးလင်ဝမ်၏ ဝမ်းဗိုက်တွင် ကပ်သွားကာ ပြင်းထန်သည့် အတွင်းအားတစ်ရပ်သည် သူ၏ တန့်ထျန်း(ချက္ကရ)နေရာသို့ တိုက်ရိုက် တိုးဝင်သွားတော့သည်။

ရှီးလင်ဝမ်သည် သူ၏တန့်ထျန်းကို ပြင်ပမှ အတွင်းအားက တစ်လက်မချင်း မွှေနှောက်ဖျက်ဆီး နေသည်ကိုသာ ခံစားလိုက်ရပြီး နောက်ဆုံးတွင်တော့ ထိုတန်ထျန်းမှာ လုံးဝပျက်စီးသွားလေတော့၏။

ရှီးလင်ဝမ်မှ နာကျင်စွာ အော်ဟစ်ပြီး ပြင်းထန်သည့် နာကျင်မှုကြောင့် တွန့်ရှုပ်သွားကာ မျက်လုံးနှစ်လုံးကလည်း ပြူးထွက်လာပြီး မျက်လုံးအိမ်ပေါ်တွင် သွေးကြောမျှင်များ ပြည့်နှက်လို့နေတော့သည်။

တခဏအတွင်းမှာပင် သူသည် အသက်၂၀ကြီးရင့် သွားသည့်အလား မူလကနက်မှောင် နေသည့်ဆံပင်များမှာ နေရာအနံ့ ဖြူဖွေးသွားပြီး ခြောက်

‌သွေ့သော မြက်ပင်များလို ဖြစ်သွားကာ ချောမွေ့နေသည့် မျက်နှာပေါ်တွင်လည်း အကြောင်းပြချက်မရှိ အရေးကြောင်းများစွာ ပေါ်ထွက်လာတော့သည်။

သူ၏ တန့်ထျန်းသည် ပျက်စီးသွားခဲ့ပြီး ကျင့်ကြံရေးစွမ်းရည်များ အားလုံးမှာလည်း တစ်နေ့တည်းနှင့် လုံးဝဆုံးရှုံးသွားတော့၏။

သူ့ကိုယ်ပေါ်တွင် တပ်ဆင်ထားသည့် သံခြေကျင်းများသည် ရုတ်တရက် အလွန်အမင်း လေးလံလာပြီး သူ့ကိုမတ်မတ်ပင် မရပ်နိုင်အောင် ဖိနှိပ်ထားလေတော့သည်။

ပိုင်ရှိုးမင်က သူ့လက်ကိုပြန် ရုပ်သိမ်းထားလိုက်ပြီး ဖြေးညှင်းစွာ မတ်တပ်ထရပ်လိုက်၏။ သူ့အကြည့်က မြေပြင်ပေါ်တွင် ဒူးထောက်နေကြသည့် ထိုလူများထံသို့ ဝေ့ဝဲလိုက်ပြီးမှ ခပ်ပြတ်ပြတ်လေသံဖြင့် မေးလိုက်လေသည်။ "ခင်ဗျားတို့ထဲက ကျွန်တော့်အမေရဲ့အရိုးတွေ ဘယ်မှာရှိလဲ ဆိုတာကို သိတဲ့လူရှိလား"

သူ့အကြည့်သည် လူအများ၏ ကိုယ်ပေါ်တွင် တစ်ယောက်ချင်းစီ ဖြတ်သန်းသွားကာ ထိုလူများသည် တုန်လှုပ်နေကြပြီး ခေါင်းပင် မဖော်ဝင်ကြချေ။

ခုနကမြင်ကွင်းသည် သူတို့အပေါ်မှာ သက်ရောက်မှု အလွန်ကြီးမား သွားခဲ့လေသည်။

"တကယ်လို့ ဘယ်သူမှ မသိဘူးဆိုရင်တော့ ခင်ဗျားတို့အားလုံး ရှီးလင်ဝမ်နဲ့အတူတူ သွားရဖို့ပဲရှိတော့မယ်"

ရုတ်တရက် အနောက်ဘက်တွင် ဒူးထောက်နေသည့် အသက်၃၀အရွယ် ဝန်းကျင် အမျိုးသမီးတစ်ဦးက စကားပြောလာ၏။ "ရှီ ... ပိုင် ... ပိုင်လူကြီးမင်း ကျွန်မ ... ကျွန်မ နည်းနည်းလောက်တော့ သိပါတယ်"

ပိုင်ရှိုးမင်သည် ထိုမျက်နှာကို ကြည့်လိုက်ပြီး အနည်းငယ် မှတ်မိဟန်တူ၏။

သူ မှတ်မိသည်မှာ ဒီအမျိုးသမီးသည် တစ်ချိန်က တခြားသူများက ရှီးလင်ဝမ်ကို လက်ဆောင်အဖြစ် ပေးအပ်ခဲ့သော ကချေသည်တစ်ဦး ဖြစ်လေသည်။ သို့သော်ငြား ထိုအချိန်က သူမသည် အလွန်ငယ်ရွယ်သေးပြီး အချိန်အတိုင်းအတာ တစ်ခုအထိ မျက်နှာသားပေးခြင်း ခံခဲ့ရဖူး၏။

"ပြော"

"ဝမ်ဖေးဟောင်း ကွယ်လွန်ပြီးတဲ့နောက်မှာ ဝမ်ရယ်က ရုတ်တရက် အိမ်တော်ထဲမှာ ကျိုင်းရှင်းကယ်မျှော်စင်ကို ဖြိုချပြီးပြန်လည် တည်ဆောက်ခဲ့တယ်။ ကျွန်မ သံသယ ရှိတာကတော့ ကွယ်လွန်သွားတဲ့ဝမ်ဖေးနဲ့ ပတ်သက်နိုင်လောက်တယ်"

"နောက်ထပ်ရော"

"ရှိသေးတယ်။ ရှိသေးတယ်။ ဝမ်ဖေးလည်း ဒီကိစ္စကိုသိတယ်။ တစ်ခေါက်က ကွယ်လွန်သွားတဲ့ ဝမ်ဖေးရဲ့ နှစ်ပတ်လည်နေ့မှာ ဝမ်ဖေး မသွားခဲ့ဘူး။ နောက်ပိုင်း ကျွန်မ သူနဲ့သူ့အနားက အစေခံတဲ့ အထိန်းတော် ပြောတာကို ခိုးနားထောင်မိတယ်။ ကွယ်လွန်သွားတဲ့ဝမ်ဖေးရဲ့ အရိုးတွေက သင်္ချိုင်းထဲမှာ လုံးဝမရှိဘူးတဲ့။ သူက ဝမ်ရယ်ရဲ့ စွန့်ပယ်တာကို ခံခဲ့ရပြီး အရိုးတွေကို အစောကြီးကတည်းက ဖိနှိပ်ထားလိုက်ပြီတဲ့။ တသက်လုံး ကျွတ်လွတ်ခွင့် ရတော့မှာ မဟုတ်ဘူးလို့ တောင်မှစိုးရိမ်မိတယ်တဲ့"

"ရှီးလင်ဝမ်ဖေး ခင်ဗျား ပြောပါဦး" ပိုင်ရှိုးမင်၏အကြည့်သည် ရှီးလင်ဝမ်ဖေးထံသို့ ရောက်ရှိသွား လေသည်။

"ပန်ကုံး ဒီလိုစကားမျိုး တစ်ခါမှ မပြောခဲ့ဖူးဘူး" ရှီးလင်ဝမ်ဖေးသည် လူအများ၏ ဖမ်းဆီးချုပ်နှောင်ခြင်း ခံရကာ မြေပြင်ပေါ်တွင် ဒူးထောက်နေရ သော်ငြားလည်း သူမ၏ကျောပြင်ကတော့ မားမားမတ်မတ် ရှိနေဆဲပင်။

"ဝမ်ဖေးက မသိဘူးလား"

"မသိဘူး" ပိုင်ရှိုးမင်က ခေါင်းငြိမ့်လိုက်ပြီး ပိုင်ယိချန်၏ နောက်တွင်ရပ်နေသည့် မင်ကျင့်စီးအစောင့်ကို အမိန့်ပေး လိုက်တော့သည်။ "သူ့လက်တစ်ဖက်ကို ဖြတ်လိုက်"

"ရှင် လုပ်ရဲလား ! ပန်ကုံးရဲ့အဖေက စစ်ဖက်ရေးရာ ဝန်ကြီးဌာနရဲ့ ဝန်ကြီးပဲ။ နန်းတော်က အမိန့်မချမှတ်ခင်မှာ ရှင်ပန်းကုံးရဲ့သားကို လက်နဲ့တောင် ထိလို့မရဘူး" ယခုအခါ ခင်ပွန်းဖြစ်သူက အပြစ်ကျူးလွန်ခဲ့ပြီး ဝမ်းရယ်၏ရာထူးပင် မတည်မြဲတော့သည်ကို မြင်တွေ့ရသောအခါ ရှီးလင်ဝမ်ဖေး အားကိုးနိုင်သည်မှာ သူမ၏ဖခင် တစ်ဦးတည်းသာ ကျန်တော့လေသည်။

သူမ ယုံကြည်ထားသည်က ဖခင်ဖြစ်သူသည် နန်းတော်အတွင်း ရှိနေသရွေ့ မိမိကို မဖြစ်မနေ ကာကွယ်ပေးနိုင် လိမ့်မည်ဟူ၍။

ရှီးလင့်ဝမ်ဖေး၏ စူးရှသည့် အော်သံအောက်တွင် ပိုင်ယိချနိ၏ ဘေးက မင်ကျင့်စီးအစောင့်သည် ဓားကို မြှောက်ကာ ခုတ်ချလိုက်သည်တွင် တခြားသူများ တားဆီးရန် အခွင့်အရေးပင် မရလိုက်ဘဲ ပိုင်ယိချန်၏ နာကျင်စွာ အော်ဟစ်သံမှာ ထွက်ပေါ်လာလေတော့၏။

ပိုင်ရှိုးမင်၏အသံတွင် အနိမ့်အမြင့် လုံးဝမရှိချေ။ "နောက်တစ်ခေါက် ထပ်မေးမယ်။ သိလားမသိဘူးလား"

ရှီးလင်ဝမ်ဖေး၏ မျက်နှာမှာ ဖြူဖျော့သွားပြီး မျက်နှာတစ်ခုလုံး မျက်ရည်များ ပြည့်နှက်သွားကာ ထိတ်လန့်လွန်းသဖြင့် စကားပင် မပြောနိုင်တော့ချေ။

"နောက်တဖက် ထပ်ဖြတ်"

"မလုပ်ပါနဲ့" ရှီးလင်ဝမ်ဖေးသည် စူးရှစွာ အော်ဟစ်လိုက် တော့သည်။ "ကျွန်မသိတယ်။ "ကျိုင်းရှင်းမျှော်စင်အောက်မှာပဲ။ ဝမ်ရယ်က အိမ်တော်ထဲမှာ မြေအောက် နန်းတော်တစ်ခု ဆောက်ထားတယ်။ ဝင်ပေါက်က ကျိုင်းရှင်းမျှော်စင် နားမှာပဲ"

ပိုင်ရှိုးမင်သည် ခန္ဓာကိုယ်ကို လှည့်ကာ ရှီးလင်ဝမ်ကို ကြည့်လိုက်ပြီး လူသေတစ်ယောက်ကို ကြည့်နေသည့်အလား ပြောလိုက်တော့၏။ "ခင်ဗျားကြည့်လေ။ ဒါကအရမ်း လွယ်ကူတာပဲ မဟုတ်ဘူးလား"

...

All Chapters