← Chapters

ပိုင်လူကြီးမင်း မျက်နှာသာ ပေးလို့ရမလား ...

Vol. 11 Ch. 106

ပိုင်လူကြီးမင်း မျက်နှာသာ ပေးလို့ရမလား ...

Vol. 11 Ch. 106

အားချန်သည် သူမ၏ ခေါက်ဆွဲပန်းကန်ကို ပြီးအောင် မစားနိုင်တော့ချေ။ ခေါက်ဆွဲဆိုင်ပိုင်ရှင်ကို စကားတစ်ခွန်း လှမ်းပြောလိုက်ပြီးနောက် သူမသည် ငွေကိုချထားခဲ့ကာ ချန်ဟွေ့နှင့်အတူ ထွက်သွားလေတော့သည်။

အိမ်အပြန်လမ်းတွင် ချန်ဟွေ့က လေသံတိုးတိုးဖြင့် ပြောလာ၏။ "မင်ကျင့်စီးကလူတွေက သူတို့နှစ်ယောက်ကိုပဲ ဖမ်းခေါ်သွားတာ။ လူတွေအိမ်ထဲ မဝင်ခင်မှာ ချင်းဝူမိန်းကလေးက ဒီပစ္စည်းကို ကျွန်မဆီ ပေးသွားတယ်"

သူမသည် ပန်းထိုးထားသည့် အမွှေးအိတ်ငယ် လေးတစ်လုံးကို ထုတ်ယူကာ အားချန်ဆီသို့ လှမ်းပေးလိုက်လေသည်။

အားချန်သည် အမွှေးအိတ်ငယ်လေးကို လှမ်းယူလိုက် သော်ငြားလည်း ချက်ချင်းဖွင့် မကြည့်လိုက်ချေ။ အိမ်ပြန်ရောက်ပြီးနောက် ချန်ဟွေ့က အဝတ်အစားလဲရန် ပြန်သွားချိန်မှ အားချန်သည်လည်း မိမိအခန်းထဲသို့ ပြန်လာခဲ့လိုက်၏။

သူမသည် အိတ်ငယ်လေးပေါ်က ကြိုးကိုဖြည်လိုက်ပြီး အတွင်းထဲက ညစ်နွမ်းနွမ်း ပုလဲလုံးလေး တစ်လုံးကို သွန်ချလိုက်လေသည်။

အကယ်၍သာ ဖွင့်မပြောခဲ့လျှင် ဒီအရာသည် အဆင့်လေး မိစ္ဆာကြီးတစ်ဦး၏ အမြုတေ ဖြစ်လိမ့်မည်ဟု မည်သူမှ ယုံကြည်ကြမည် မဟုတ်ချေ။

အားချန်သည် ထိုအမြုတေကို ကောက်ယူကြည့်လိုက်၏။ သူမထံတွင် ကျင့်ကြံခြင်း အခြေခံမရှိသဖြင့် ဘာကိုမှမခံစားခဲ့မိချေ။

သို့သော်ငြား သူမ သိနေသည်မှာ ဒီအမြုတေထဲတွင် သူမ၏ ဦးလေးခြောက်၏ မိစ္ဆာစွမ်းအင်များအပြင် မကုန်ဆုံးနိုင်သည့် သက်စောင့်စွမ်းအင်များလည်း ရှိနေပြီး မှတ်ဉာဏ်တချို့လည်း မှတ်တမ်းတင် ထားနိုင်ဖွယ်ရှိသည်ပင်။

အားချန်သည် ထိုအမြုတေကို အတန်ကြာ ငေးစိုက်ကြည့်နေပြီးမှ ချန်ဟွေ့က တံခါးဖွင့်ကာ ဝင်ရောက်လာခဲ့၏။

"ဒါက ... အမြုတေလား" ချန်ဟွေ့က အရေမရာဖြင့် မေးလိုက်လေသည်။ "ဟုတ်တယ်။ ဟွေရွှယ် အဖေရဲ့ အမြုတေပဲ" အားချန်ကလည်း သူမကို ဖုံးကွယ်မထားချေ။ "ဒီ အမြုတေသာ ရှိရင် သူက မိစ္ဆာမျိုးနွယ်အဖြစ် လုံးဝ ပြောင်းလဲသွားနိုင်ပြီ"

ချန်ဟွေ့သည် အနည်းငယ် အံ့အားသင့်သွားတော့သည်။ သူမသည် ရှန်းဟွေရွှယ်က မိစ္ဆာတစ်ပိုင်းမှ မိစ္ဆာအဖြစ်သို့ ပြောင်းလဲသွားခြင်းအပေါ် မည်သို့မှ သဘောမထား သော်ငြားလည်း နည်းနည်းတော့ စိုးရိမ်နေမိ၏။ "ဟွေရွှယ်က သာ့ရှမှာ နှစ်ပေါင်းများစွာ နေထိုင်လာခဲ့တာ။ မိစ္ဆာအဖြစ် ပြောင်းလဲသွားရင် နေသားကျပါ့မလား"

"ကျွန်မလည်း မသိဘူး။ ကျွန်မ သူ့ကို မမေးရသေးဘူး။ ဒါပေမဲ့ သူနဲ့တွေ့မှပဲ မေးကြည့်ရတော့မယ်"

အားချန်သည် ဒီအမြုတေကို အသုံးချပြီး ရှန်းအိမ်တော်ကို ဖျက်ဆီးရန်သာ ရည်ရွယ်ခဲ့ခြင်း ဖြစ်လေသည်။ ရှန်းဟွေရွှယ် မိစ္ဆာအဖြစ် ပြောင်းလဲလိုခြင်း ရှိ၊ မရှိကိုတော့ သူမသည်လည်း အတင်းအကြပ် တိုက်တွန်းမည် မဟုတ်ပေ။

သူမသည် တခြားသူများ၏ ရွေးချယ်မှုကို ကြားဝင်စွက်ဖက် လိုခြင်းမရှိသလို တခြားသူ၏ ဘဝကိုလည်း ပြောင်းလဲပေးလိုခြင်း မရှိချေ။ ထိုသူသည် သူမ၏ ဝမ်းကွဲ ညီမဖြစ်နေလျှင်ပင် သူတို့ကိုယ်တိုင်က တောင်းဆိုလာခြင်း မဟုတ်လျှင်တော့ သူမသည် ဝင်ရောက်စွက်ဖက်လိမ့်မည် မဟုတ်ပေ။

ရှန်းအိမ်တော်ရဲ့ ပြစ်မှုနဲ့ဆိုရင် မိသားစုဝင်တွေအားလုံး တစ်ပါတည်း အပြစ်ပေး ခံရလောက်တယ်။ အခုအရေးအကြီးဆုံးက ဟွေရွှယ်ကို ထောင်ထဲကနေ ဘယ်လိုပြန်ထုတ် လာမလဲဆိုတာပဲ။

"လူတစ်ယောက်ယောက်ကို အကူအညီ တောင်းရတော့မှာပေါ့" မည်သူ့ကို အကူအညီ တောင်းရမည်ကိုတော့ နှစ်ဦးစလုံးက အသိပင်။

အားချန်သည် စကားပြောရင်း အမြုတေကို အိတ်လေးထဲသို့ ပြန်ထည့်လိုက်၏။ ချန်ဟွေ့က သူမ၏လက်ပေါ်က လက်စွပ်ကို မြင်လိုက်ရသဖြင့် ချက်ချင်းဆိုသလို ကြောင်အ သွားလေတော့သည်။

ငါမှတ်မိသလောက် ဟိုပိုင်လူကြီးမင်းလက်မှာလည်း ဒီလိုတစ်ပုံစံတည်း လက်စွပ်တစ်ကွင်း ရှိနေတာပဲ။ ငါများ အမှတ်မှားသွားတာလား။

"အားချန်" ချန်ဟွေ့က သူမကို ရုတ်တရက် လှမ်းခေါ်လိုက်သည်။

"ဟင်" အားချန်က သူမကို မော့ကြည့်လိုက်၏။

"မနေ့တုန်းက ပိုင်လူကြီးမင်းရဲ့ ဒဏ်ရာတွေ သက်သာသွားပြီလား။ မတော်တဆ တစ်ခုခုများ ဖြစ်သွားသေးလား" ချန်ဟွေ့သည် သွယ်ဝိုက်သောအားဖြင့် မေးမြန်းလိုက်လေသည်။

"သက်သာသွားပါပြီ။ မတော်တဆ ..." အားချန်သည် သူမ၏ဘယ်ဘက်လက်ကို ငုံ့ကြည့်လိုက်လေ၏။ ဒါကတော့ အကြီးမားဆုံး မတော်တဆမှုပဲ။

သို့သော်ငြား သူမသည် ချန်ဟွေ့ကို အသိမပေးလိုက်ဘဲ ပြုံးရုံသာ ပြုံးပြလိုက်တော့သည်။ "အကြီးမားဆုံး မတော်တဆမှုကတော့ သူက ကျွန်မအပေါ်မှာ အသက်အကြွေးတစ်ခု တင်သွားတာပဲ။ ကျွန်မတို့ရဲ့ ဆက်ဆံရေးက သူ့ကို ခန္ဓာကိုယ်နဲ့ ပြန်ဆပ်ခိုင်းလို့ရတဲ့ အခြေအနေထိ ရောက်သွားပြီ"

ချန်ဟွေ့မှာ ခဏလောက်က ကြောင်အမ်းအမ်း ဖြစ်သွားပြီးမှ ရယ်မောလိုက်ကာ ဆက်ပြီးလည်း မမေးလိုက်တော့ချေ။

သူမ၏ စိုးရိမ်ပူပန်မှုများက အခြေအမြစ် မရှိလေခြင်းဟု ရုတ်တရက် ခံစားလိုက်ရတော့သည်။

အားချန်သည် အပေါ်ယံကြည့်လျှင်သာ နူးညံ့သိမ်မွေ့ပုံ ပေါက်နေခြင်းဖြစ်ပြီး သူမသည် မိမိ ဘာကိုလိုချင်သည်ကို အမြဲတမ်း သိနားလည်သူ ဖြစ်လေသည်။ အကယ်၍သာ အချစ်ရေးတွင် နစ်မျောသွားခဲ့လျှင်ပင် ထိုပိုင်လူကြီးမင်းက သူမထက်ပိုပြီး စိတ်အခြေအနေ ရှင်းလင်းလိမ့်မည် မဟုတ်ပေ။

အားချန်နှင့် ချန်ဟွေ့တို့သည် ရှန်းဟွေရွှယ် အကြောင်း ပြောဆိုနေချိန်တွင် သူမနှင့် ရှန်းချင်းဝူတို့သည် ရှီးလင်ဝမ် အိမ်တော်၏ မြေအောက် အကျဉ်းထောင်ထဲတွင် အပိတ်ခံထားရလေသည်။

ရှီးလင်သည် ရှီးလင်ဝမ်၏ ထိန်းချုပ်မှုအောက်တွင် ဆယ်စုနှစ်ပေါင်းများစွာ ရှိခဲ့ကာ အစိုးရရုံးများသည်ပင် ယုံကြည်စိတ်ချရခြင်း မရှိတော့ ချေ။ နန်းတော်ကလူများ ရောက်မလာမီတွင် ရှန်ကျော်သည် ဖမ်းဆီးရမိထားသည့် ရှန်းအိမ်တော်ကလူများနှင့် ရှီးလင်ဝမ်မိသားစုဝင်များ လက်အောက်ငယ်သားများ အားလုံးကို ရှီးလင်ဝမ်အိမ်တော်၏ မြေအောက် အကျဉ်းထောင်ထဲတွင်ပင် ချုပ်နှောင်ထားလိုက် တော့သည်။

ရှီးလင်ဝမ်သည် ဒီမြေအောက် အကျဉ်းထောင်ကို မည်သူ့ကိုချုပ်နိုင်ရန် တည်ဆောက်ခဲ့သည်ကိုတော့ မသိရချေ။ သို့သော်ငြား ထိုအကျဉ်းထောင်ကို အလွန်ခိုင်ခန့်အောင် တည်ဆောက်ထားခဲ့လေသည်။ အလကား တည်ဆောက်ခဲ့ခြင်းတော့ ဟုတ်ဟန်မတူချေ။ အနည်းဆုံးတော့ သူကိုယ်တိုင် ဝင်ရောက် နေထိုင်နိုင်သည် မဟုတ်ပါလား။

အမျိုးသမီးများဖြစ်ကြသည့် ရှန်းချင်းဝူတို့သားအမိကိုတော့ အပြင်ဘက်နှင့် နီးကပ်သည့်နေရာတွင် ချုပ်နှောင်ထား လိုက်သည်။ တို့အပြင် သူတို့သည် တခြားရှန်းအိမ်တော်က အမျိုးသမီးများနှင့် မထားဘဲ သူတို့၏ဘေးဘက်က အချုပ်ခန်းငယ်လေးထဲတွင် သီးသန့်ချုပ်နှောင် ထားလေသည်။

အချုပ်ခန်းထဲသို့ ဝင်ရောက်လာခဲ့သော်ငြား ရှန်းချင်းဝူ၏ မျက်နှာပေါ်တွင် စိုးရိမ်သောကရိပ်များ မတွေ့ရချေ။ သူမသည် အချုပ်ခန်းထဲတွင် ကောက်ရိုးဖျာ နှစ်ခုရှိနေသည်ကို တွေ့လိုက်ရသဖြင့် ထိုကောက်ရိုးဖျာများကို နံရံအနားသို့ဆွဲယူကာ သမီးဖြစ်သူကို ဆွဲခေါ်ပြီး ထိုင်ချလိုက်တော့သည်။

ဘေးအခန်းက အသံကိုကြားလိုက်ရသဖြင့် ရှန်းချင်းဝူ၏ ယောင်းမတော်စပ်သူ ကျောက်ရှီက ခေါင်းမော့ကြည့်လိုက်လေသည်။ "ရှန်းချင်းဝူ နင်ကဘယ်လိုဖြစ်လို့ အခုမှဝင်လာရတာလဲ"

ရှန်းချင်းဝူသည် သူမကို တစ်ချက်သာ လှမ်းကြည့်လိုက်ပြီး ဂရုမစိုက်ဘဲ နေလိုက်၏။

ကျောက်ရှီကနောက်ထပ် တစ်စုံတစ်ခုပြောရန် ပြင်လိုက်သော်ငြားလည်း ရှန်းယင့်ကျူ၏ လှမ်းတားခြင်းကို ခံလိုက်ရတော့သည်။ "အမေ သူတို့နဲ့သွားပြီး စကားမပြောနဲ့"

သူမသည် ရှန်းချင်းဝူတို့ သားအမိကို မုန်းတီးမှုအပြည့်ဖြင့် ကြည့်လိုက်ပြီး "ရှင် လုပ်တာမဟုတ်လား"

"ဘာကို ရှင်လုပ်တာလဲ"

ကျွန်မအဖေက ပြောတယ်။ ရှင်ကကျောင်းမူနဲ့သွားတွေ့ ခဲ့တယ်တဲ့။ ရှင်တစ်ယောက်တည်းပဲ သူ့ကိုတွေ့ခဲ့တာ။ သူ ရူးသွပ်သွားတာ။ ရှင် လုပ်တာ မဟုတ်လား"

ရှန်းချင်းဝူသည် ရယ်မောလိုက်လေသည်။ ပျော်ရွှင်မှုအပြည့်ဖြင့် ထိုရယ်သံသည် မကျယ်မဝန်း အချုပ်ခန်းထဲတွင် ပဲ့တင်ထပ်သွားတော့၏။ "ကြည့်ရတာ အစ်ကိုကြီးက သိသွားပြီပဲ။ ဒီလိုဆိုတော့လည်း ကောင်းတာပေါ့။ ငါက သူ့ကို အမှန်တရားပြောဖို့ အခွင့်အရေး ထပ်ရှာနေစရာ မလိုတော့ဘူးပေါ့"

"ဘာဖြစ်လို့ အဲ့လိုလုပ်ရတာလဲ" ရှန်းယင့်ကျူမှာ ဒေါသများ အထွဋ်အထိပ်သို့ ရောက်သွားတော့သည်။ သူမသည်အချုပ်ခန်းနှစ်ခုကြားက သံတိုင်များကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ထားကာ လက်တွင် ချုပ်နှောင်ထားသော လေးလံလှသည့် လက်ထိပ်များက ချလွမ်း ဟူသည့်အသံများ ပေါ်ထွက်နေတော့သည်။

ဖြစ်နိုင်ရင် အခုချက်ချင်းပဲ ဟိုဘက်ကိုကူးသွားပြီး ဒီမိန်းမယုတ် နှစ်ယောက်ကို အရှင်လတ်လတ် ဆွဲဖြဲပစ်ချင်လိုက်တာ။

သူတို့ကြောင့်သာ မဟုတ်ရင် သူမသည် ဒီလို အကျဉ်းသားဘဝသို့ ရောက်ရှိလာမည် မဟုတ်ချေ။

ရှန်းချင်းဝူသည် သူမ၏မေးခွန်းကို ရယ်စရာကောင်းသည်ဟု ထင်နေဟန်တူ၏။ "ဘာဖြစ်လို့လဲ ဟုတ်လား။ ရှန်းအိမ်တော်က ငါ ချစ်ရတဲ့လူကို သတ်ခဲ့တယ်။ အဆိပ်တွေ မျိုချခိုင်းခဲ့ပြီး ဆယ်နှစ်ကျော် အရူးတစ်ယောက်လို နေခိုင်းခဲ့တာ။ ငါ ရှန်းအိမ်တော်က လူတစ်စုလုံးရဲ့ အသက်ကို လိုချင်တာ ဘာများမှားလို့လဲ"

"ဒါက အဘိုးနဲ့ အဖေတို့ လုပ်ခဲ့တာလေ။ ကျွန်မတို့က ရှင့်ကို ဘာမှမလုပ်ခဲ့ဘူး"

အမှန်တွင်တော့ ယခုအချိန်တွင် ဒီစကားများပြောနေလျှင်လည်း အဓိပ္ပါယ်မရှိ တော့ချေ။ သို့သော်ငြား တစ်ခွန်းလေးတောင် မပြောလိုက်ရလျှင် ရှန်းယင့်ကျူတစ်ယောက် အရူးလို ဖြစ်သွားနိုင်လေသည်။

"မင်းက ငါ့သမီးကို အရှက်ခွဲခဲ့ဖူးတယ်" ရှန်းချင်းဝူသည် ကျောက်ရှီဘက်သို့ တစ်ဖန် လှည့်ကြည့်လိုက်၏။ "ပြီးတော့ ရှင်ရောပဲ။ ကျွန်မရဲ့ ဟွေရွှယ်ကို ရှန့်ကျင်းကို ပို့ခဲ့တယ်။ ဒါက ကျွန်မအတွက်တော့ အကြီးမားဆုံး ပြစ်မှုတစ်ခုပဲ။ ရှင်တို့အားလုံး သေသင့်တယ်"

"နင်သာ သေသင့်တာ မိစ္ဆာမျိုးနွယ်နဲ့ ပေါင်းဖက်ခဲ့တဲ့ မိန်းမယုတ် အစကတည်းက သခင်ကြီးကို နင့်ကို သတ်ခိုင်းလိုက်ရမှာ" ကျောက်ရှီသည် ကျယ်လောင်စွာ အော်ဟစ်လိုက်လေသည်။

သမီးဖြစ်သူကသာ ဖွင့်ပြောမလာခဲ့လျှင် မိမိတို့အိမ်တော်၏ ကပ်ဘေးသည် ရှန်းချင်းဝူထံမှ လာသည်ဟု သိရလိမ့်မည်မဟုတ်ပေ။

"ဝမ်းနည်းစရာပဲ။ ရှင့်မှာ အဲဒီအခွင့်အရေး မရှိတော့ဘူး။ အခု ကျွန်မက ရှင်တို့တွေ သေဆုံးသွားတာကို ကြည့်ရမယ့်အလှည့်ပဲ"

"ငါတို့သေရင် နင်ကကော ကောင်းကောင်းမွန်မွန်နဲ့ ပြီးဆုံးမယ်လို့ ထင်နေတာလား။ နင်နဲ့နင့်သမီးလည်း သေရမှာပဲ။ ဘယ်သူက နင်တို့ကို ရှန်းမျိုးရိုး ယူခိုင်းထားလို့လဲ" ရှန်းယင့်ကျူသည် ရက်စက်စွာ ပြောလိုက်လေသည်။ "လောကကြီးထဲမှာ ဘာကိုမှ ကြိုပြောလို့ မရပါဘူး" ရှန်းချင်းဝူသည် ဒီစကားတစ်ခွန်းကိုသာ ပြောလိုက်ပြီး သူတို့ကို ဂရုမစိုက်တော့ချေ။

ရှန်းဟွေရွှယ်ကတော့ အမေဖြစ်သူ၏ လက်ကိုဆုပ်ကိုင်ထားရင်း အံ့ဩစရာကောင်း လောက်အောင်ပင် မိမိ၏အနာဂတ်အတွက် ကြောက်ရွံ့နေမှုကို မခံစားရတော့ပေ။ ထိုအနာဂတ်သည် သေခြင်းတရား ဖြစ်နေလျင်မှပင်။

မနေ့ညက မင်ကျင့်စီး အစောင့်များ ရှီးလင်ဝမ်းအိမ်တော်ကို ဝန်းရံလိုက်ချိန်ကစပြီး နန်းတော်ထဲက ရှီးလင်ဝမ်ကို အရေးယူတော့မည် ဟူသည့်ဒီသတင်းသည် ရှီးလင်အနီးတစ်ဝိုက်တွင် ပျံ့နှံ့သွားခဲ့လေသည်။ သတင်းအမြန်ဆုံး ရရှိကြသူများမှာ အထူးသဖြင့် ရှီးလင်စစ်တပ်ထဲက စစ်သူကြီးအများအပြားသည် သတင်းကိုကြိုတင် ရရှိခဲ့ကြလေသည်။

စစ်တပ်အတွင်းက စစ်သူကြီးတချို့သည် အမိန့်ကိုမနာခံဘဲ စစ်တပ်ကိုဦးဆောင်ကာ စစ်စခန်းမှ ထွက်ပြေးရန်ပင် ကြိုးစားခဲ့ကြသေးသည်။

တစ်ညအတွင်းမှာပင် ကျန်းကျင့်ဟိုင်သည် လူနှစ်စုကို နှိမ်နင်းခဲ့ရပြီး စစ်သည်အများအပြား၏ ရှေ့‌မှောက်တွင် ခေါင်းဆောင်သူများ၏ ဦးခေါင်းကို ဖြတ်ခဲ့၏။ ထိုနောက်တွင်တော့သူသည် လင်းချန်ကို အကြောင်းပြချက်ရှာကာ ရှီးလင်ဝမ် ထည့်သွင်းထားသည့် ဒုတိယစစ်သူကြီး နှစ်ဦးကိုလည်း ဖမ်းဆီးခိုင်းလိုက်ပြီး ရှီးလင်စစ်တပ်သည် လုံးဝတည်ငြိမ်သွားတော့သည်။

မိုးလင်းပြီးနောက် တစ်ညလုံး မအိပ်စက် ရသေးသည့် ကျန်းကျင့်ဟိုင်မှာ စစ်စခန်းအတွင်း ထိုင်ရင်း ရှီးလင်မြို့ကသတင်းကို စောင့်ဆိုင်းနေလေသည်။

"ရှီဇီ ရှီးလင်မြို့ထဲကသတင်း ရောက်လာပါတယ်" သူ၏ကိုယ်ရံတော်သည် စစ်စခန်း၏ တံခါးကိုဖွင့်ကာ ဝင်လာခဲ့၏။

"ပြော"

"လူကြီးမင်းချင်ဟန်က မနေ့ညက ရှီးလင်ကို ကိုယ်တိုင်ရောက်လာပြီး ရှီးလင်ဝမ်နဲ့ ပူးပေါင်းနေတဲ့ အဆင့်လေး မိစ္ဆာကြီးကို ဖမ်းဆီးသွားခဲ့ပါတယ်"

ချင်ဟန်၏ အမည်ကို ကြားလိုက်ရချိန်တွင် ကျန်းကျင့်ဟိုင်သည် သက်ပြင်းတစ်ချက် ချနိုင်သွားတော့၏။

ဒီပုဂ္ဂိုလ်သည် နာမည်ကျော်ကြားမှု သိပ်မရှိသော်ငြား စွမ်းရည်ကတော့ အလွန်ယုံကြည်စိတ်ချ ရလေသည်။

"ရှီးလင်ဝမ် ဘယ်လိုဖြစ်သွားလဲ"

ထိုကိုယ်ရံတော်သည် တံတွေးကို မျိုချလိုက်ပြီးမှ ဆက်ပြောလာခဲ့၏။ "ကြားတာတော့ ပိုင်လူကြီးမင်းက ရှီးလင်ဝမ်ရဲ့ တန့်ထျန်းကို ဖျက်ဆီးပစ်လိုက်ပြီ။ ခြေထောက်ကိုပါ ရိုက်ချိုးလိုက်တယ်လို့ ကြားပါတယ်။ အခုဆိုရင် ရှီးလင်ဝမ်က ပြန်ပြီး နာလံထူနိုင်ဖို့ ခဲယဉ်းသွားပါပြီ"

ကျန်းကျင့်ဟိုင်က ခေါင်းငြိမ့်ပြလိုက်၏။ "ဒါကတော့ သတင်းကောင်းပဲ။ ရှီးလင်ဝမ် ကျရှုံး သွားပြီဆိုတော့ ဒီသတင်း ရှန့်ကျင်းကို ရောက်သွားရင် တော်တော်လေး ပွဲဆူသွားလောက်တယ်"

အနည်းဆုံးတော့ စစ်ဘက်ရေးရာ ဝန်ကြီးဌာန၏ ဝန်ကြီးနေရာ လစ်လပ်သွားမည်ဖြစ်ပြီး ချီဟိုင်ဘက်က လူများလည်း ပါဝင်ပေလိမ့်မည်။ ထိုနေရာကို နောက်ဆုံး မည်သူက ရရှိသွားမည်ကိုတော့ မိမိတို့၏ အရည်အချင်း အပေါ်တွင်သာ မူတည်ပေတော့သည်။

သူသည် ခဏလောက် စဉ်းစားလိုက်ပြီးမှ ရုတ်တရက် မေးလိုက်၏။ "ရှန်းအိမ်တော်ဘက်ကိုရော မင်ကျင့်စီးက ဘယ်လို အရေးယူ လိုက်သလဲ"

ကိုယ်ရံတော်သည် မိမိ၏သခင်ကြီး ဂရုစိုက်နေသည်မှာ ရှန်းအိမ်တော်၏ သတင်းမဟုတ်ဘဲ ရှန်းဟွေရွှယ်၏ အခြေအနေဖြစ်ကြောင်း သိနေလေသည်။

သူက ခဏလောက် တုံ့ဆိုင်းသွားပြီးမှ ပြောလိုက်၏။ "ရှန်းအိမ်တော်က လူတွေအများကြီး သေဆုံးသွားခဲ့ပါတယ်။ ကျန်တဲ့လူတွေကိုတော့ ဖမ်းဆီးလိုက်ပါပြီ။ ဒီလိုမိစ္ဆာမျိုးနွယ်နဲ့ ပူးပေါင်းရဲတဲ့ မိသားစုဆိုရင် မျိုးဆက်ကိုးဆက်လုံး ရှင်းလင်းသုတ်သင် ခံရမှာပါ။ ဒီမနက်မှာပဲ ဟွေရွှယ် မိန်းကလေးနဲ့ သူ့အမေကိုလည်း ဖမ်းခေါ်သွားခဲ့ပါပြီ"

မူလက ရှန်းအိမ်တော်တွင် ရှီးလင်ဝမ်အိမ်တော်ကဲ့သို့ အားကိုးစရာ ရှိခဲ့လေသည်။ ယခုအခါ အားကိုးစရာ ကျရှုံးသွားပြီဖြစ်သဖြင့် သူတို့လိုဒေသခံ သူဌေးမိသားစုသည် ပြန်လည်နာလံထူနိုင်တော့မည် မဟုတ်ပေ။ ဘယ်သူကမှ ဧကရာဇ်မင်းမြတ်ကို လိမ်လည်လှည့်ဖျားသည့် ပြစ်မှုကို ကျောပိုးကာ လူများကို လွှတ်ပေးရဲမည် မဟုတ်ချေ။

"ရှီဇီ" ထိုကိုရံတော်သည် ကျန်းကျင့်ဟိုင်ကို တစ်ချက်ကြည့်လိုက်ပြီး သတိကြီးစွာဖြင့် မေးလိုက်၏။ "ဟွေရွှယ် မိန်းကလေးဘက်ကို ဘယ်လိုစီစဉ်လိုက်ရမလဲ"

ကျန်းကျင့်ဟိုင်က ထရပ်လိုက်ပြီး စစ်စခန်းတံခါးဝသို့ လျှောက်သွားကာ ရုတ်တရက် ခြေလှမ်းများ ရပ်တန့်သွားတော့သည်။

သူသည် ယခုအချိန်တွင် ရှီးလင်စစ်တပ်၏ စစ်သူကြီးချုပ် ဖြစ်နေသည်။ စစ်တပ်၏ စိတ်ဓာတ်မတည်ငြိမ်သေးသည့် အခြေအနေတွင် စခန်းထဲက မည်သို့မှ ထွက်ခွာသွားလို့မရပေ။

စစ်စခန်းတံခါဝတွင် ခဏလောက် ရပ်နေလိုက်ပြီးမှ သူသည် စားပွဲဆီသို့ ပြန်လှည့်လာခဲ့၏။ စုတ်တံကို ကောက်ကိုင်လိုက်ပြီး တိုတောင်းလှသည့် စာတစ်စောင်ကို ရေးသားကာ စာအိတ်ကိုပိတ်ပြီး ကိုယ်ရံတော်ထံသို့ ပေးလိုက်လေသည်။ "ဒီစာကို ပိုင်ရှိုးမင်လက်ထဲ ရောက်အောင်ပို့ပေးလိုက်"

ထိုကိုယ်ရံတော်သည် စာကို တလေးတနက် လက်ခံယူလိုက်ပြီး "ရှီဇီ စိတ်ချပါ။ ကျွန်တော်မျိုး ရောက်အောင်ပို့ပေးပါမယ်"

ကျန်းကျင့်ဟိုင်နှင့် ပိုင်ရှိုးမင်တို့သည် ရင်းနှီးသည့် ဆက်ဆံရေးမရှိပေ။ သို့သော်ငြား ရင်းနှီးသည့်ဆက်ဆံရေး မရှိလျှင်ပင် အကျိုးစီးပွားတော့ ရှိနိုင်ပေသည်။

ပိုင်ရှိုးမင်၏လက်ထဲက မိစ္ဆာတစ်ပိုင်းကို တောင်းယူခြင်းသည် ခက်ခဲသောကိစ္စတော့ မဟုတ်ချေ။

ကျန်းကျင့်ဟိုင်တစ်ယောက် ဖြစ်နိုင်ခြေအားလုံးကို တွေးတောထားသော်ငြားလည်း သူ၏ကိုယ်ရံတော်က ပိုင်ရှိုးမင်နှင့် တွေ့ဆုံခွင့်မရဘဲ ထိုစာကို ပြန်လည် ယူဆောင်လာလိမ့်မည်ဟု ထင်မထားခဲ့မိချေ။

...

အားချန်သည်လည်း ပိုင်ရှိုးမင်၏ သတင်းအစအနကို ရှာမတွေ့ခဲ့သဖြင့် မတတ်သာတော့ဘဲ ရှန်ကျော်ကို အရင်ဆုံး သွားရှာရတော့သည်။

မင်ကျင့်စီး၏ ရုံးတံခါးဝတွင် အချိန်အတော်ကြာ စောင့်ဆိုင်းပြီးနောက်မှ သူမသည် ရှန်ကျော်၏အရိပ်ကို မြင်တွေ့လိုက်ရတော့သည်။

ရှန်ကျော်သည် အားချန်ကိုမြင်လိုက်သည်တွင် မျက်နှာပေါ်တွင် အံ့သြသွားသည့် အရိပ်အယောင်များ ပေါ်ထွက်လာတော့၏။ "မိန်းကလေးကျိ မင်း ဘယ်လိုလုပ်ပြီးတော့ ရောက်လာတာလဲ။ ကျွန်တော့်ကို ရှာတာကိစ္စများ ရှိလို့လား"

အားချန်ကလည်း တစ်ဖက်လူကို နှုတ်ဆက်လိုက်ပြီးမှ ပြောလိုက်၏။ "ကျွန်မ ပိုင်ရှိုးမင်နဲ့ တွေ့ချင်လို့ပါ။ လူကြီးမင်းရှန် ကျွန်မကို သူ့ဆီ လိုက်ပို့ပေးဖို့ အဆင်ပြေမလား မသိဘူး"

ဒါက ... ရှန်ကျော်မှာ အနည်းငယ် တုံ့ဆိုင်းသွားတော့သည်။

ပိုင်ရှိုးမင်ရဲ့အခု အခြေအနေက သူတို့ရဲ့အထက်အရာရှိတောင် မထိန်းထားနိုင်တာ။ ငါလည်း ရှေ့မတိုးချင်ဘူး။ ချင်ဟန်ကတော့ ပိုင်ရှိုးမင်နဲ့အပြန်အလှန် တိုက်ခိုက်နိုင်သေးတယ်။ ငါသာ သွားရင်တော့ အလကား လက်သီးစာမိမှာပဲ ရှိမှာ။

သူမကို ခေါ်သွားခြင်းကလည်း ပြဿနာတော့မရှိချေ။ သို့သော်ငြား ပိုင်ရှိုးမင် စိတ်မကြည်မလင် ဖြစ်သွားပြီး သူမကို ထိခိုက်ဒဏ်ရာရအောင် ပြုလုပ်မည်ကိုတော့ စိုးရိမ်မိလေသည်။

"မိန်းကလေးကျိ ပိုင်ရှိုးမင်က အခု စိတ်အခြေအနေ မကောင်းဘူး။ မင်းမှာ တကယ်အရေးကြီး ကိစ္စမရှိဘူးဆိုရင် နောက်နှစ်ရက်လောက်မှ သူ့ကို လာတွေ့တာ ပိုကောင်းမလားပဲ"

"စိတ်အခြေအနေ မကောင်းဘူး ဟုတ်လား" အားချန်မှာ ခဏလောက် စဉ်းစားလိုက်ပြီးမှ မေးလိုက်၏။ "သူ့အမေ ... သူ့အမေကြောင့်များလား"

ဟမ်။ ဒီလိုကိစ္စမျိုးတောင် သူက သိနေတာလား။ သူနဲ့ပိုင်ရှိုးမင်ရဲ့ ဆက်ဆံရေးက ဒီအခြေအနေထိတောင် ရောက်နေပြီလား။

သူသည် အားချန်ကို သေသေချာချာလေး အကဲခတ်ကြည့်လိုက်ပြီး သူ့အကြည့်သည် သူမ၏လက်ပေါ်သို့ ကျရောက်သွားကာ မျက်လုံးများမှာ ချက်ချင်းပင် ပြူးကျယ်သွားလေတော့သည်။

သူသည် မိမိကိုယ်တိုင် အမြင်မှားသွားသည်ဟုပင် သံသယဝင်မိသဖြင့် မျက်လုံးများကို ပိတ်လိုက်ဖွင့်လိုက် နှစ်ကြိမ်လောက် ပြုလုပ်ပြီးမှ မြင်တွေ့နေရသည့်အရာကို ယုံကြည်သွားလေတော့သည်။

ထိုလက်စွပ်ကို မြင်တွေ့လိုက်ရပြီးနောက် ရှန်ကျော်သည် ချက်ချင်းဆိုသလို စကားပြောင်း ပြောလိုက်တော့၏။ "ပိုင်ရှိုးမင်ကအခု ရှီးလင်ဝမ်အိမ်တော်မှာ ရှိနေတယ်။ ဒီလိုလုပ်ပါလား။ ကျွန်တော် မိန်းကလေးကျိကို အခုပဲ ခေါ်သွားပေးလိုက်မယ်။ မိန်းကလေးက သူ့ကို စိတ်ဖြေပေးနိုင်လောက်ပါတယ်"

"ဒါဆိုရင်တော့ လူကြီးမင်းရှန်ကိုပဲ ဒုက္ခပေးရပါဦးမယ်"

ရှန်ကျော်သည် အားချန်ကို ရှီးလင်ဝမ်အိမ်တော်ထဲသို့ ခေါ်ဆောင်သွားခဲ့၏။ တစ်ညအတွင်းမှာပင် ယခင်က စည်ကားသိုက်မြိုက်ပြီး ခမ်းနားလှသည့် ရှီးလင်ဝမ် အိမ်တော်သည် အခွံသက်သက်သာ ကျန်ရစ်လေတော့သည်။

အိမ်တော်၏ အတွင်းအပြင်ကို မင်ကျင့်စီး အစောင့်များက ထိန်းချုပ်ထား၏။ အားချန်သည် ထိုအစောင့်များထဲတွင် အနည်းငယ် ရင်းနှီးနေသည့် မျက်နှာတချို့ကို တွေ့လိုက်ရလေသည်။ သူတို့သည် ရှန့်ကျင်းကမင်းကျင့်စီး ရုံးတော်တွင် မြင်တွေ့ခဲ့ဖူးဟန်တူ၏။

နှစ်ယောက်သားက ရှေ့ဆင့်နောက်ဆင့် ခြံဝင်းရှေ့ကို ဖြတ်ကျော်ကာ အနောက်ဘက်သို့ လျှောက်လာခဲ့ကြ၏။

ရှန်ကျော်က လမ်းလျှောက်ရင်း ပြောလိုက်လေသည်။ "ဒီကိစ္စကို ကျွန်တော် မပြောသင့်ပါဘူး။ ဒါပေမဲ့ မိန်းကလေးကျိက အနည်းအကျဉ်း သိထားပြီးသားဆိုတော့ ကျွန်တော် မင်းကို ကြိုပြောထားလိုက်ပါ့မယ်"

"လူကြီးမင်းရှန် စိတ်ချပါ။ ကျွန်မ ပါးစပ်လုံပါတယ်။ တတိယတစ်ယောက်ကို ဘယ်တော့မှ အသိပေးမှာ မဟုတ်ဘူး" အားချန်က အာမခံလိုက်လေသည်။

ရှန်ကျော်ကလည်း ပြုံးလိုက်၏။ မိန်းကလေးကျိက တခြားလူတွေကို မတွက်ချက်ဘဲ နေတဲ့အချိန်ဆို တကယ်ချစ်စရာကောင်းတာပဲ

"မနေ့ညက ပိုင်ရှိုးမင်းက သူ့အမေရဲ့ သေဆုံးရတဲ့ အကြောင်းအရင်းကို သိသွားခဲ့တယ်။ တကယ်လို့သာ လူတစ်ယောက်ယောက်က ဝင်မသွားရင် သူ ရှီးလင်ဝမ်ကို သတ်ပစ်လိုက်ပြီ"

အားချန်သည်လည်း ထိုစကားထဲက အဓိပ္ပာယ်ကို ချက်ချင်းနားလည် သွားတော့သည်။ "သူ့အမေကို ရှီးလင်ဝမ်က သတ်လိုက်တာလား"

ရှန်ကျော်ကလည်း ခေါင်းငြိမ့်ပြလိုက်ကာ "ဒါတင်မကသေးဘူး။ ရှီးလင်ဝမ်နဲ့ ပူးပေါင်းနေတဲ့ မိစ္ဆာကြီးကလည်း မိစ္ဆာပညာရပ်ကိုသုံးပြီး သူ့အမေရဲ့အရိုးတွေကို ကျင့်ကြံဖို့အတွက် ပြုပြင်စီရင်ခဲ့သေးတယ်တဲ့"

ပုကျင့်ကူ။

အားချန်၏ ဦးနှောက်ထဲတွင် ပထမဦးဆုံး ပေါ်ထွက်လာသည်မှာ ဒီပစ္စည်းပင်။

ရန်သူ၏အရိုးများကို ကျင့်ကြံရန်အတွက် ပြုပြင်စီရင်ပြီး ထိုသေဆုံးသွားသော ရန်သူကို ထာဝရ နာလံမထူအောင် လုပ်နိုင်ခြင်းပင်။

ဒီလောကထဲတွင် လူသားမျိုးနွယ်တစ်ခုသာ မိစ္ဆာမျိုးနွယ်များ၏ အစွမ်းကို ရယူလိုကြခြင်း မဟုတ်ချေ။ ဝူမျိုးနွယ်များသည်လည်း ထိုသို့သော ကြိုးပမ်းမှုများကို ပြုလုပ်ခဲ့ဖူးလေသည်။ သို့သော်ငြား သူတို့ကတော့ အရိုးများကို အရည်ကြိုရန် ရွေးချယ်ခဲ့ကြ၏။

မိစ္ဆာမျိုးနွယ်များ၏ အရိုးများသည် အရည်ကြိုချက်ရန် မလွယ်ကူသည့်အပြင် မျိုးနွယ်နှစ်ခု၏ စွမ်းအင်စနစ်မှာ လုံးဝကွဲပြားခြားနား နေသဖြင့် ရရှိလာသည့် စွမ်းအင်မှာလည်း အလွန်နည်းပါးလေသည်။ ပေးဆပ်ခြင်းနှင့် ရရှိခြင်းက မတန်တဆ ဖြစ်နေသောကြောင့် ဒီပညာရပ်သည် နောက်ဆုံးတွင်တော့ ဝူမျိုးနွယ်စု၏ ပူဇော်ပသပွဲ အခန်းအနားတစ်ခုအဖြစ်သာ တည်ရှိနေတော့သည်။

ထိုအကြောင်းအရာကိုလည်း အားချန်၏ လက်ထဲကစာအုပ်ထဲတွင် ဖော်ပြထားခဲ့ခြင်းပင်။

အစပိုင်းတွင် သူမသည် ထိုစာအုပ်ကို ဖတ်နေချိန်က ဒီအကြောင်းအရာကို ပြီးစလွယ် ဖတ်ရှုခဲ့ပြီး အလေးအနက် မစဉ်းစားခဲ့မိချေ။ ယခုအခါ ပြန်စဉ်းစားကြည့်လိုက်တော့ အကယ်၍သာ လူသားမျိုးနွယ်များစွာတွင် အသုံးပြုခဲ့လျှင်တော့ အမှန်တကယ် အောင်မြင်နိုင်ဖွယ်ရာရှိ၏။

တကယ် ဆင်တူနေတာပဲ။ တကယ်လို့သာ ပုကျင့်ကူသာဆိုရင် ငါ့အမေမျိုးနွယ်ရဲ့ အမွေအနှစ်က ဘယ်လိုဖြစ်ပြီးတော့ မိစ္ဆာမျိုးနွယ်ရဲ့ လက်ထဲကို ရောက်သွားရတာလဲ။

"မိန်းကလေးကျိ" ရှန်ကျော်သည် အားချန်က ရုတ်တရက် တိတ်ဆိတ်သွားသည်ကို မြင်လိုက်ရသဖြင့် သူမကိုလှမ်းခေါ်လိုက်၏။

အားချန်ကလည်း အတွေးများကို စုစည်းထားလိုက်ကာ လိုရင်းကိုသာ တန်းမေးလိုက်တော့သည်။ "သူ့အမေရဲ့အရိုးတွေ.ဘယ်နေရာမှာ ရှိနေတာလဲ"

ရှန်ကျော်ကလည်း ကူကယ်ရာမဲ့သွားသည့်ဟန်ဖြင့် မင်းငေါ့ပြလိုက်ကာ အိမ်တော်ထဲက ထင်ရှားလှသည့် မျှော်စင်ကို အားချန်အား လှမ်းကြည့်ခိုင်းလိုက်တော့သည်။

"မနေ့ညက ရလာတဲ့ ထွက်ဆိုချက်အရ အဲဒီအောက်မှာ မြှုပ်နှံထားတယ်လို့ ပြောတယ်။ ပိုင်ရှိုးမင်က အထဲမှာ တစ်ညလုံးရှိနေပြီး သူ တခြားလူတွေကိုလည်း ဝင်ခွင့်မပြုဘူး"

အားချန် ကျိုင်းရှင်းမျှော်စင်သို့ ပို့ဆောင်ပြီးနောက် ရှန်ကျော်သည် ထွက်ခွာသွားလေတော့သည်။

သူ့စကားအရဆိုလျှင် ပိုင်ရှိုးမင်သည် ယခုအချိန်တွင် စိတ်အခြေအနေ မကောင်းသဖြင့် တခြားသူများ အသက်ရှူသံကို ကြားလျှင်ပင် ထိုသူများက သူ့ကို စိန်ခေါ်နေသည်ဟု ထင်မှတ်နိုင်လေသည်။ သူသည် နောက်ထပ် နှစ်ရက်လောက်တော့ အသက်ရှင်ချင်နေသေးသည်။

ရှန်ကျော်ပြောသည့် စကားကို နားထောင်ကြည့်လျှင် ကျိုင်းရှင်းကယ်၏ ပထမထပ်မှ အောက်ထပ်သို့ ဆင်းသွားလျှင် မြေအောက်နန်းတော်ရှိပြီး ပိုင်ရှိုးမင်သည် အထဲတွင်ရှိနေလေသည်။

အားချန်က တင်းကျပ်စွာ ပိတ်ထားသည့် တံခါးရှေ့တွင်ရပ်ရင်း စိတ်ထဲတွင် ချီတုံချတုံ ဖြစ်နေလေ၏။

ပိုင်ရှိုးမင်က သူ့အမေ သေဆုံးရတဲ့ အမှန်တရားကိုအခုမှ သိခါစပဲ ရှိသေးတယ်။ ဒီအချိန်မှာ သူ့ကို သွားအနှောင့်အယှက် ပေးတာ မကောင်းလောက်ဘူး။ နောက်နေ့မှ လာတွေ့ရင် ပိုကောင်းမလား။

ဟွေရွှယ်ရဲ့ ကိစ္စကိုလည်း ခဏလောက် စောင့်ပြီးမှပြောရမှာပဲ။

ဒါပေမဲ့ ရောက်တောင် ရောက်နေပြီပဲ။ သူ့ကိုနှစ်သိမ့်စကားလေး နည်းနည်းလေးတော့ ပြောသင့်တယ် မဟုတ်လား။

အဲ့လိုလုပ်လိုက်ရင်ရော ရိုင်းရာကျသွားမလား။

သူမသည် ဒီလိုနှင့် အကြိမ်ကြိမ် အခါခါ စဉ်းစားနေသည်မှာ ၁၅မိနစ်ခန့် ကြာမြင့်သွားခဲ့ပြီးနောက် တံခါးသည် အလိုလိုပွင့် လာလေတော့သည်။

"မင်း ဘယ်လိုဖြစ်လို့ ရောက်လာတာလဲ" ပိုင်ရှိုးမင်သည် တံခါးအတွင်းဘက်တွင် ရပ်နေလေသည်။ သူသည်မနေ့က သူမအိမ်က ထွက်ခွာသွားစဉ်က ဝတ်စားထားသည့် အဝတ်အစားကို ဝတ်ဆင်ထားဆဲဖြစ်သော်ငြား အင်္ကျီလက်ပေါ်တွင် ရွံ့များပေကျံနေပြီး သူ၏လက်နှစ်ဖက် လုံးတွင်လည်း မြေကြီးများအပြည့် ဖြစ်နေလေသည်။

အားချန်က သူ့ကို ကြည့်လိုက်၏။ သူ၏ ခန္ဓာကိုယ်ပေါ်တွင် လေးလံပြီး ထုတ်ဖော်လို့မရနိုင်သည့် ရက်စက်ကြမ်းကြုတ်သော အငွေ့အသက်များ ဖိစီးနေသကဲ့သို့ပင်။ ထိုအရာသည် သူ့မျက်ခုံးများ ကြားထဲတွင် ပေါ်လွင်လို့နေ၏။ ရှန်ကျော် ထွက်ပြေးသွားသည်ကလည်း အံ့သြစရာ မရှိတော့ချေ။

သူမက ရှေ့ကလူကို မော့ကြည့်လိုက်ပြီး ခပ်တိုးတိုး ပြောလိုက်တော့သည်။ "ရှင် တစ်ညလုံး အလုပ်များနေတယ်လို့ ကြားလို့ ကျွန်မ ရှင့်ကို အစားအတူတူ စားဖို့ လာခေါ်တာ"

"အစားစားဖို့ ဟုတ်လား"

"ဟုတ်တယ်လေ။ ကျွန်မလည်း မနက်စာ မစားရသေးဘူး။ ပိုင်လူကြီးမင်း မျက်နှာသာ ပေးလို့ရမလား"

ပိုင်ရှိုးမင်သည် အားချန်ကို အချိန်တော်တော်ကြာအောင် စိုက်ကြည့်နေလိုက်ပြီးမှ ခေါင်းငြိမ့်ပြလိုက်လေတော့သည်။

"ကောင်းပြီလေ"

...

All Chapters