← Chapters

ပိုင်ရှိုးမင် နေဝင်သွားပြီ ...

Vol. 11 Ch. 108

ပိုင်ရှိုးမင် နေဝင်သွားပြီ ...

Vol. 11 Ch. 108

ခဏလောက် ပွေ့ဖက်ထားပြီး နောက်တွင် ပိုင်ရှိုးမင်သည် သူ့ရင်ခွင်ထဲမှ လူသားလေးက မငြိမ်မသက် ဖြစ်လာသည်ကို ခံစားလိုက်ရလေသည်။

သူမသည် ကိုယ်လုံးလေးကို အနည်းငယ် တွန့်လိမ်လိုက်ကာ ထိုင်နေသည့် ပုံစံကိုပြင်လိုက်၏။ ထိုနောက်တွင်တော့ သူ့ပခုံးကို ခေါင်းလေးမှီတင်လိုက်ပြီး သူ့ဆံပင်များကို လက်ချောင်းများဖြင့် ကစားလို့နေလေသည်။

ပိုင်ရှိုးမင်သည် ကောင်းကင်ယံတွင် တဖြည်းဖြည်း နိမ့်ဆင်းလာသည့် နေလုံးကြီးကိုကြည့်ရင်း အသံတိတ်ကာ ပြုံးမိလေသည်။

သူသည် ရင်ခွင်ထဲတွင် ခိုးအောင်းနေသည့် အားချန်ကို ငုံကြည့်လိုက်မိ၏။ သူမ၏နူးညံ့ပြီး သေးသွယ်လှသည့် ခန္ဓာကိုယ်လေးသည် သူ့ထံသို့ နွေးထွေးမှုကို အဆက်မပြတ် သယ်ဆောင်လာ ပေးနေသဖြင့် သူ့လက်များကပင် မလွှတ်ချင်တော့ပေ။

သူ့ရင်ဘတ်ထဲက တုန်ခါမှုကို ခံစားမိလိုက်သည်တွင် အားချန်သည် လည်ပင်းလေးကို လှည့်ကြည့်လိုက်လေသည်။ ဒီရှုထောင့်မှဆိုလျှင် သူမသည် သူ၏ပြတ်သားသည့် မေးရိုးလှိုင်းနှင့် အတက်အဆင်း လှုပ်ရှားနေသည့် လည်စလုတ်ကိုသာ မြင်နိုင်လေသည်။

အားချန်သည် သူ၏လည်စလုတ်ကို ခဏလောက် စိုက်ကြည့်နေလိုက်မိပြီး စိတ်ဝင်စားစရာ ကောင်းသည်ဟု တွေးလိုက်မိ သော်ငြားလည်း လက်ကို မလှမ်းမိစေရန် ကြိုးစားပြီး ထိန်းချုပ်ထားလိုက်ရ၏။

ခဏအကြာတွင် သူမမှာ မနေနိုင်ဘဲ မေးလိုက်တော့သည်။ "ပိုင်ရှိုးမင်း ပင်ပန်းနေပြီလား"

"မပင်ပန်းပါဘူး"

"ဪ"

ဒါပေမဲ့ ငါကတော့ အပွေ့ခံရတာ နည်းနည်းလေး ပင်ပန်းလာပြီ။ အားချန်သည် သမ်းဝေလိုက်ပြီး အနည်းငယ် အိပ်ချင်လာတော့၏။ နောက်ခဏနေလျှင်တော့ သူမသည် အိပ်ပျော်သွား လောက်ပေသည်။

"ဒါဆိုရင် ရှင် ဝမ်းနည်းနေတုန်းပဲလား" အားချန်သည် ကိုယ်လုံးလေးကို အနည်းငယ် မတ်လိုက်ပြီး လည်ပင်းကိုနောက်သို့ အနည်းငယ်ပစ်ကာ သူ့မျက်နှာအမူအရာကို မြင်တွေ့ရန် ကြိုးစားလိုက်၏။

ပိုင်ရှိုးမင်က သူမ၏ခေါင်းလေးကို ပခုံးပေါ်သို့ တည်ငြိမ်စွာ ပြန်ဖိချထားလိုက်ရင်း ပြောလိုက်၏။ "ဝမ်းနည်းနေတုန်းပဲ"

အားချန်သည် ကြိတ်မှိတ်ကာ သည်းခံနေ သော်ငြားလည်း မနေနိုင်တော့ဘဲ ခပ်တိုးတိုး ရေရွတ်လိုက် မိတော့၏။ "ရှင်ကတကယ် ချော့ရခက်တာပဲ"

အဲဒီကလေးမလေးတောင် ခဏလေးနဲ့ချော့လိုက်တာ အဆင်ပြေသွားတယ်။ သူကဘယ်လောက်တောင် ကြာအောင် အချောခံချင်နေတာလဲ။

"စိတ်ရှည်မှပေါ့။ ငါ ဝမ်းနည်းနေတုန်းပဲ"

တကယ် ဝမ်းနည်းနေတဲ့လူက ဒီလိုပုံစံနဲ့ စကားပြောမှာ မဟုတ်ဘူး။ အားချန်သည် နှုတ်ခမ်းလေးကို ဆူကာတမင်တကာ ပြောလိုက်လေသည်။ "ရှင်က ဒီလောက် အရွယ်တောင်ရောက်နေပြီပဲ။ ဘာလို့ဒီလောက် အကြာကြီးဝမ်းနည်းနေတာလဲ။ ကျွန်မဆို ဘယ်တော့မှ ဒီလိုမဖြစ်ဘူး"

"ဒါကြောင့်မလို့ မင်းက နေမကောင်းဖြစ်တဲ့ အချိန်မှ ခိုးပြီးတော့ ငိုတာလား"

အားချန်၏ ခန္ဓာကိုယ်လေးသည် တောင့်တင်းသွားပြီး အသံအကျယ်ကြီး အော်ဟစ်လိုက်တော့သည်။ "ကျွန်မ မငိုပါဘူး"

"ငိုလည်း ကိစ္စမရှိပါဘူး။ ငါတစ်ယောက်တည်းပဲ မြင်တာပါ"

"ဪ" အားချန်သည် စိတ်အေးသွားလေသည်။

သူမက စိတ်အေးသွားကာစပင် ရှိသေးသည် ပိုင်ရှိုးမင်က ဆက်ပြောလိုက်သည်ကို ကြားလိုက်ရ၏။ "ဖုန်းယန်နဲ့ ကျန်းခိုင်လည်း ရှိသေးတယ်"

ခဏလောက် တိတ်ဆိတ်သွားပြီးနောက် သူမသိယည် သူ့အင်္ကျီစကို စွဲလိမ်လိုက်ကာ လေးနက်စွာဖြင့် ပြောလိုက်လေသည်။ "ပြန်ရောက်ရင် သူတို့ကို ရှင်းပစ်လိုက်ရအောင်"

နားထဲတွင် သူမ၏အသံများဖြင့် ပြည့်နှက်လို့နေ၏။ ပိုင်ရှိုးမင်သည် မျက်လုံးများကို ဖြည်းညှင်းစွာ မှိတ်ထားလိုက်တော့သည်။ ရှီးလင်သို့ ရောက်လာပြီးကတည်းက မှောင်မိုက်နေသော သူ၏စိတ်အစဥ်သည် နောက်ဆုံးတော့ နေရောင်ခြည်ကို ပြန်လည်တွေ့ရှိ သွားသလိုပင်။

"ရှင် ကြားရဲ့လား"

"ကြားပါတယ်။ ပြန်ရောက်တာနဲ့ ရှင်းပစ်လိုက်မယ်"

သူက သူမကို ချော့မော့ပြောနေခြင်းမှန်း သိနေသော်ငြားလည်း အားချန်ကတော့ ချက်ချင်း ပျော်ရွှင်သွားတော့၏။

သူက ထင်သလောက် ဝမ်းမနည်းတော့ဘူးဟု ခံစားမိလိုက်ချိန်တွင် အားချန်ကလည်း စကားများလာလေသည်။ "ပိုင်ရှိုးမင်"

"အင်း"

"ကျွန်မတို့ ရှန့်ကျင်းကိုပြန်ရင် မြင်းလှည်းပဲ စီးဦးမှာလား" အပြန်လမ်းတွင် ရှန်းဟွေရွှယ် မရှိနိုင်တော့သည်ကို ရုတ်တရက် တွေးမိလိုက်သည်တွင် သူမ၏စိတ်ထဲတွင် ခဏလောက် ဝမ်းနည်းသွား လေတော့သည်။

"မင်းက မြင်းလှည်း မစီးချင်ရင် ငါ မင်းကို ခေါ်သွားလို့ရတယ်"

"ထားလိုက်ပါတော့" အားချန်သည် စိတ်လှုပ်ရှားသွား သော်ငြားလည်း ငြင်းလိုက်ပြန်လေသည်။ "ဟွေ့ညန်ကို ပစ်ထားလို့ မဖြစ်ဘူးလေ။ ပြီးတော့ ကျွန်မပစ္စည်းတွေကိုက အများကြီးဝယ်ထားတာ။ ကျွန်မ သူတို့နဲ့ အတူတူပြန်မှဖြစ်မှာ"

"မင်းသူ့ကို ရှန့်ကျင်းပြန်မဲ့ အဖွဲ့နဲ့ထည့်လိုက်လို့ ရတယ်လေ။ မင်းရဲ့ပစ္စည်းတွေကို ဘယ်သူမှ လာထိရဲမှာမဟုတ်ဘူး" ပိုင်ရှိုးမင်က အကြံပေးလိုက်၏။

"ဒါဆိုရင် ရှင်က ကျွန်မကိုပြန်ပြီးတော့ ခေါ်သွားမှာလား"

"ရတယ်"

"ရှင် ကျွန်မကို ကုန်းပိုးရမယ်။ ကောင်းကင်ပေါ်မှာ လေအရမ်းတိုက်တယ်။ ရှင်က ရှေ့ကနေ ကာပေး"

"အင်း"

"အရှိန်ကို ဖြည်းဖြည်းပဲ သွားရမယ်။ ကျွန်မ အရင်တစ်ခေါက်တုန်းက လေတောင်မှ မွန်းသွားတယ်"

"ကောင်းပြီ"

ရုတ်တရက် အရာအားလုံးကို လိုက်လျောညီထွေ ရှိနေသော ပိုင်ရှိုးမင်ကို ရလိုက်သဖြင့် အားချန်သည် မျက်လုံး လေးများကိုလှည့်ကာ မေးလိုက်လေသည်။ "ဖမ်းမိထားတဲ့ သူတွေကိုလည်း ကျွန်မတို့နဲ့အတူ ရှန့်ကျင်းကို ပြန်ခေါ်ရမှာလား"

"တချို့ကိုတော့ ရှန့်ကျင်းကို ပို့ရမယ်"

"ဒါဆို ... ရှန်းမိသားစုဝင်တွေ ကရော။ သူတို့ကိုလည်း ရှန့်ကျင်းကို ပို့ရမှာလား"

ပိုင်ရှိုးမင်းသည် ပြန်ဖြေမလာချေ။

အဖြေကို အတန်ကြာအောင် စောင့်ဆိုင်းနေ သော်ငြားလည်း ရမလားသဖြင့် သူမသည် ပိုင်ရှိုးမင်၏နားနားကပ်ကာ စကားလုံး တစ်လုံးချင်းစီ ပြောလိုက်လေသည်။ "ပိုင်ရှိုးမင် ရှင် ကျွန်မပြောတာ ကြားရဲ့လား"

"ကြားပါတယ်။ မဖြေချင်လို့"

ဘယ်လိုလုပ်ပြီး မဖြေချင်ဘဲ နေနိုင်ရတာလဲ။ ငါ့ရဲ့စမ်းသပ်မှုက ပထမအဆင့်ပဲ ရှိသေးတာကို။ ဒီအတိုင်းရှုံးနိမ့်သွား ရတော့မှာလား။

"ရှင် ကျွန်မကို ပြောပါ။ ကျွန်မ တကယ် သိချင်လို့ပါ"

"မင်းက ရှန်းမိသားစုဝင် အားလုံးအကြောင်း သိချင်တာလား။ ဒါမှမဟုတ် မင်းဂရုစိုက်တဲ့ တစ်ယောက်တည်းကိုပဲ သိချင်တာလား"

အားချန်သည် ထိုအခိုက်အတန့်တွင် ဆွံ့အသွားပြီးနောက် ချက်ချင်းဆိုသလို ယုံကြည်ချက်ရှိရှိဖြင့် မေးလိုက်တော့သည်။ "ရှင် စိတ်မကောင်း ဖြစ်နေတာ မဟုတ်ဘူးလား။ ဘာဖြစ်လို့ ဒီလိုအသေးအဖွဲ့ ကိစ္စတွေကို စိတ်ဝင်စားနေရတာလဲ"

သူက စိတ်အခြေအနေ ဒီလောက်ဆိုးရွား နေတာတောင် သူ့ကို လှည့်စားလို့ မရသေးဘူး။ တကယ် မတရားလိုက်တာ !

"ဒါကတော့ မင်းက ကိစ္စမရှိဘဲ ဘယ်တော့မှ ငါ့ဆီ ရောက်မလာတတ်မှန်း သိနေလို့ဖြစ်မယ်"

လူနှစ်ယောက် စကားပြောနေချိန်မှာပင် လေပြေ လေညှင်းများ တိုက်ခတ်လာပြီး အားချန်၏ ဆံနွယ်များက လွင့်ပြန့်သွားလေသည်။

အားချန်က လက်မမြောက်ရသေးခင်မှာပင် ပိုင်ရှိုးမင်က သူမ၏မျက်နှာပေါ်သို့ ဝဲကျလာသည့် ဆံနွယ်လေးများကို နားအနောက်သို့ သပ်တင်ပေးလိုက်၏။ သူ့လက်ချောင်းများသည် သူမ၏သေးငယ်လှသာ နားရွက်ဖျားလေးကို ထိမိသွားရာ နူးညံ့လို့နေတော့သည်။

သူကလည်း သိသွားပြီဖြစ်သဖြင့် အားချန်သည်လည်း သူ့ကို ကွေ့ဝိုက်မနေတော့ချေ။ သူမက သူ့လက်ကို ဖမ်းဆုပ်ထားပြီး သွေးတိုးစမ်းကာ မေးလိုက်တော့သည်။ "ဒါဆို ရှင် ... သူ့ကို တိတ်တိတ်လေး လွှတ်ပေးလို့ မရဘူးလား"

ထိုသို့ ပြောလိုက်ပြီးမှ သူမသည် ဒီလိုတိုက်ရိုက် ပြောဆိုခြင်းကလည်း မကောင်းလှဘူးဟု တွေးမိကာ အကြောင်းပြချက်များကို ဆက်ရှာဖွေလေတော့သည်။ "ရှင်ကြည့်လေ။ ရှန်းဟွေရွှယ်က ဒီနှစ်တွေမှာ ရှန့်ကျင်းမှာပဲ အမြဲနေခဲ့တာ။ ပြီးတော့ ရှန်းမိသားစုဝင်တွေက သူက မိစ္ဆာတစ်ပိုင်းဆိုပြီး မနှစ်သက်ကြဘူးလေ။ သူ့ကို အမြဲတမ်း အထင်သေးပြီး အဆက်အသွယ်လည်း မလုပ်ကြဘူး။ အခု ရှန်းမိသားစုက ပြစ်မှုကျူးလွန်တာကို သူကပါလိုက်ပြီး အပြစ်ပေးခံရမယ်ဆိုရင်တော့ မတရားဘူး မဟုတ်လား"

"နောက်ထပ်ရော"

အားချန်သည် ခဏလောက် တုံ့ဆိုင်းသွားပြီးမှ ဆက်ပြောလိုက်လေသည်။ "နောက်ပြီး ရှန်းဟွေရွှယ်ရဲ့အမေရောပဲ"

သူမသည် ဘယ်တုန်းကမှ ထုတ်မပြောခဲ့သော်ငြားလည်း ဟွေရွှယ်နှင့်ယှဥ်လျှင် ရှန်းချင်းဝူကိုတာ့ သိပ်ပြီးမနှစ်သက်ခဲ့ ချေ။

ဦးလေး၆၏ သေဆုံးမှုသည် ရှန်းချင်းဝူကြောင့်ဟု တိုက်ရိုက်သတ်မှတ်လို့ မရသော်ငြားလည်း အားချန်ကတော့ အလိုလိုဒေါသ ထွက်မိဆဲပင်။

အကယ်၍ ရှန်းမိသားစုဝင်များသာ မရှိခဲ့လျှင် ဦးလေး၆သည် ထိုကဲ့သို့အလွယ်တကူ သေဆုံးသွားလိမ့်မည် မဟုတ်ချေ။

သူမသည် ရှန်းချင်းဝူကို အသုံးချပြီး ရှန်းမိသားစုကို တိုက်ခိုက်ခဲ့၏။ ရှန်းချင်းဝူကလည်း ဒီအကြောင်းကိုရှင်းရှင်းလင်းလင်း သိရှိခဲ့ပြီး သူမအသုံးချခြင်းကိုလည်း လက်ခံခဲ့သည်။ ဒါကရှန်းမိသားစု ဝင်များနှင့်အတူ တူညီသော နိဂုံးကို လက်ခံလိုက်ခြင်းနှင့် အတူတူပင်။

အားချန်သည် ဒီဆုံးဖြတ်ချက်ကိုချခဲ့ချိန်ကလည်း တစ်ခါမှ စိတ်မပျော်ခဲ့ဘူး ချေ။

အစကတော့ သူမသည် ရှန်းချင်းဝူကို လျစ်လျူရှုရန် စဉ်းစားခဲ့သော်ငြား စကားကတော့ ပြောထွက်သွားခဲ့လေသည်။ သူမ တွေးလိုက်ခြင်းသည်က ဟွေရွှယ်က အဖေမရှိတော့ သူ့အမေနဲ့အတူတူ နေခွင့်ရရင်တော့ ပျော်လောက်မှာပဲဟူ၍။

မိသားစုဝင်များ ဘေးတွင်ရှိနေခြင်းက တစ်ယောက်တည်း အထီးကျန်နေခြင်းတက်တော့ ပိုကောင်းသည် မဟုတ်ပါလား။

"သူကလည်း အပြစ်မရှိဘူးလား"

"သူကတော့ တော်တော်လေး အပြစ်မရှိတာတော့ မဟုတ်ပါဘူး။ ဘာပဲဖြစ်ဖြစ်လေ။ သူက ရှန်းကျီးဟန်ရဲ့ ညီမအရင်းပဲကိုး" အားချန်ကလည်း စကားလမ်းကြောင်း လွှဲလိုက်၏။ "ဒါပေမဲ့ ဒီဆယ်နှစ်ကျော်လုံးသူက အရူးတစ်ယောက်လို ဖြစ်နေခဲ့တာလေ။ မကြာသေးခင်ကမှ နည်းနည်းလေး ပြန်ကောင်းလာတာ။ ရှန်းမိသားစုက ဘာပဲလုပ်ခဲ့လုပ်ခဲ့ သူ့အပေါ်တော့ အပြစ်တင်လို့မရဘူး။ ပြီးတော့ ကျောင်းမူကို ရူးသွပ်သွားအောင် လုပ်နိုင်တာကလည်းသူ့ရဲ့ အကူအညီ ကြောင့်ပဲလေ။ သူ့ကို ဆုမချရင်တောင်မှ ရှန်းမိသားစုဝင်တွေနဲ့ အတူတူသေခိုင်းလို့တော့ မဖြစ်ဘူးလေ။ ဟုတ်တယ်မလား။ ရှင်ရော ဘယ်လိုထင်လဲ"

ထိုသို့ ပြောလိုက်ပြီးနောက် အားချန်သည် မျှော်လင့်ချက် အပြည့်ဖြင့် ပိုင်ရှိုးမင်ကို ကြည့်လိုက်လေသည်။

"အင်း နည်းနည်းတော့ အဓိပ္ပာယ်ရှိသလိုပဲ" ပိုင်ရှိုးမင် ပြောလိုက်သည့် စကားကို ကြားလိုက်ရသောအခါ အားချန်၏ မျက်လုံးများကလည်း အနည်းငယ် တောက်ပသွားတော့သည်။ သို့သော် သူကစကားလမ်းကြောင်း လွှဲလိုက်သည်ကို ကြားလိုက်ရပြန်၏။ "ဒါပေမဲ့ မဖြစ်ဘူး"

အားချန်တစ်ယောက် ဆွံ့အမိတော့သည်။ မဖြစ်နိုင်တာ။ ခုနကတောင်မှ သူ ငါပြောသမျှ အကုန် ခေါင်းငြိမ့်နေတာ မဟုတ်ဘူးလား။ ဘယ်လိုဖြစ်ပြီးတော့ ချက်ချင်းပြောင်းလဲ သွားရတာလဲ။

"ယောက်ျားတွေက ဘာဖြစ်လို့ ဒီလောက်တောင် စိတ်အပြောင်းအလဲ မြန်ရတာလဲ" အားချန်က မကျေမနပ် ပြောလိုက်တော့၏။

"ဒါက ငါ ဝမ်းနည်းနေတဲ့ အချိန်ဆိုစကားပြောရတာ ပိုကောင်းလို့ ဖြစ်မယ်"

သူ၏ ပေါ့ပေါ့တန်တန် ဖြေရှင်းချက်က အားချန်ကိုပိုပြီး ဒေါသထွက်သွား စေတော့သည်။ "ဒါဆိုလည်း ရှင် ဘာဖြစ်လို့ ဆက်ပြီး ဝမ်းမနည်းနေတာလဲ"

"ဒါက မင်း ငါ့ကို ချော့လိုက်လို့လေ"

အားချန်သည် ဒေါသကြောင့် မျက်နှာများပင် နီရဲလာတော့သည်။ ငါက ဘာဖြစ်လို့များ အလိုလို စိတ်ပျော့ပြီး ဒီလူကို သွားချော့မိတာလဲ။ ဒေါသထွက်လိုက်တာ !

သူမ ဒေါသထွက်နေသည့် ပုံစံကိုမြင်လိုက်သည်တွင် ပိုင်ရှိုးမင်သည် ရုတ်တရက် ပြောလာခဲ့၏။ "သူတို့အတွက် အကြောင်းပြချက်တွေ အများကြီး ရှာပေးနေတာ။ ဒါဆို မင်းကရော"

"ကျွန်မလား" အားချန်မှာ ကြောင်အမ်းအမ်း ဖြစ်သွားတော့သည်။ သူမသည် ရုတ်တရက်လေးနက်သွားသည့် ထိုအမျိုးသားကို ကြည့်လိုက်မိ၏။

ပိုင်ရှိုးမင်က သူမနှင့် မျက်လုံးချင်းစုံကာ မေးလိုက်လေသည်။ "မင်း ဘာဖြစ်လို့ သူတို့ကို ကူညီပေးချင်တာလဲ။ ရှန်းမိသားစုကို ဘာဖြစ်လို့ မဖြစ်မနေ တိုက်ခိုက်ချင်ရတာလဲ"

အားချန်က ပါးစပ်အဟောင်း သားလေးဖြစ်သွားသည်ကို မြင်လိုက်သောအခါ သူက ထပ်ပြော လိုက်လေသည်။ "ငါ လက်ခံနိုင် လောက်တဲ့ အကြောင်းပြချက် တစ်ခုပေး"

အားချန်တွင် အကြောင်းပြချက် များစွာရှိနေသည်မှာ သေချာလေသည်။ သို့သော်ငြား သူ၏ လေးနက်လှသည့် မျက်ဝန်းများကို မြင်လိုက်ချိန်တွင် ရုတ်တရက် တွေးလိုက်တော့၏။ ဒီတစ်ခါ ပိုင်ရှိုးမင်က တကယ်လေးနက် နေတာပဲ။ သူက အမှန်တရားကိုပဲ နားထောင်ချင်နေတာ။

အမှန်တရားကိုတော့ သူ့ကို ပြောပြလို့ မရဘူး။ ဒါပေမဲ့ အမှန်တရားရဲ့ တစိတ်တစ်ပိုင်းကိုတော့ ပြောပြလို့ရပါတယ်။

အားချန်သည် ခဏလောက် စဉ်းစားလိုက်ပြီးမှ စကားစ လိုက်တော့သည်။ "ရှင် သိသားပဲ။ ကျွန်မအသက်ကို အဲဒီမြေခွေးမိစ္ဆာက ကယ်ထားတာလေ။ ကျွန်မ သူ့ကို အရမ်းကျေးဇူးတင်တာ"

ပိုင်ရှိုးမင်သည် မျက်မှောင်ကြုတ် လိုက်သော်ငြားလည်း အားချန်၏ စကားကို ဖြတ်မပြောလိုက်ချေ။

အားချန်က ပြုံးလိုက်လေသည်။ "ဟွေရွှယ်နဲ့ သိကျွမ်းခဲ့တုန်းက ကျွန်မတို့စကားစမြည်တွေ ပြောဖြစ်ခဲ့ကြတယ်။ သူက သူ့အဖေရဲ့နာမည်က လျိုဖုန်းလို့ ပြောပြတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ကျွန်မရထားတဲ့ မှတ်ဉာဏ်တစ်စိတ်တစ်ပိုင်း ထဲမှာလည်း လျိုဖုန်းလို့ခေါ်တဲ့ မြေခွေးမိစ္ဆာ တစ်ကောင်ရှိခဲ့တယ်"

ဒီအရာကတော့ သူ မျှော်လင့်ထားသည်ထက် အနည်းငယ် ကျော်လွန်သွားတော့သည်။

"လျိုဖုန်းက သူ့ဦးလေးတဲ့။ အရင်တုန်းက သူတို့နှစ်ယောက်က အရမ်းရင်းနှီးခဲ့ကြတာ။ နောက်တော့ တစ်ယောက်က ရှန့်ကျင်းမှာသေပြီး တစ်ယောက်က ရှီးလင်မှာ သေသွားခဲ့တယ်"

ငါသာ ကျိချန်နဲ့ မတွေ့ခဲ့ဘူးဆိုရင် ဦးလေး၆နဲ့ငါလည်း ဒီလိုမျိုး တစ်ယောက်နဲ့တစ်ယောက် မသိတဲ့နေရာတွေမှာ သေဆုံးသွားနိုင် လောက်တယ်။

ပိုင်ရှိုးမင်၏ မျက်နှာတွင် ဘာခံစားချက်မှ ပြောင်းလဲမသွားချေ။ သူကမေးလာခဲ့လေသည်။ "မင်း ရှီးလင်ကို တမင်တကာ လာခဲ့တာက ရှန်းမိသားစုကို ဖျက်ဆီးပြီး အဲဒီမြေခွေးမိစ္ဆာ ဦးလေးအတွက် လက်စားချေပေးဖို့လား"

အားချန်က ချက်ချင်း ငြင်းဆိုလိုက်၏။ "လုံးဝ မဟုတ်ပါဘူး။ ကျွန်မက တကယ်ပဲ စိတ်ပြေလက်ပျောက် ထွက်လာခဲ့တာပါ။ ဘယ်သူက သိမှာလဲ။ ရှင်နဲ့ ရှန်းမိသားစုက ရန်ငြိုးတွေရှိကြလို့ နောက်ဆုံးမှာ ရှန်းမိသားစုက လျိုဖုန်းရဲ့သေဆုံးမှုနဲ့ ပတ်သက်နေမှန်း သိလိုက်ရတယ်လေ"

"အစတုန်းကတော့ ကျွန်မမှာ ဘာမှလုပ်ဖို့ စိတ်ကူးမရှိခဲ့ပါဘူး။ ဒါပေမဲ့ သူတို့က ကျွန်မအရှေ့မှာ အမြဲရောက်လာပြီး ကျွန်မကို စိတ်မပျော်အောင် လုပ်နေကြတယ်လေ။ တိုက်တိုက်ဆိုင်ဆိုင် ရှန်းချင်းဝူကလည်း သေဆုံးသွားတဲ့ သူ့ချစ်သူအတွက် လက်စားချောချင်နေတော့ ကျွန်မလည်း အဆင်ပြေအောင် ကူညီပေးလိုက်တာပါ"

အားချန်သည် မိမိကိုယ်ကို သန့်ရှင်းအောင် ဖယ်ထုတ်ထားလိုက်၏။ သူမသည်လည်း အစကတည်းက ဤကဲ့သို့ လုပ်ဆောင်ခဲ့ခြင်းပင်။

သူမသည် အစကတည်းက တက်ကြွစွာ လှုပ်ရှားတတ်သူ တစ်ယောက် မဟုတ်ချေ။ အမှောင်ထဲတွင် သားကောင်က အားနည်းချက် ထုတ်ပြလာသည့်အထိ စောင့်ဆိုင်းပြီးမှ တစ်ချက်တည်းဖြင့် အဆုံးသတ်ပစ်ရသည်ကို ပိုနှစ်သက်လေသည်။

ပိုတက်ကြွစွာ လှုပ်ရှားလေလေ အမှားများ ပေါ်ထွက်လာနိုင် လေလေပင်။ သူမ ရှန့်ကျင်းသို့ ရောက်သည့် ပထမဦးဆုံးနေ့တွင် ပိုင်ရှိုးမင်နှင့် တွေ့ဆုံခဲ့ရပြီး သူက သူမကို မြေအောက်အကျဉ်းထောင်ထဲသို့ ပို့ခဲ့သည့်ကိစ္စက သူမကို သင်ခန်းစာ ကောင်းကောင်း ရရှိစေခဲ့ကာ သတိထားတတ်စေခဲ့တော့သည်။

ပိုင်ရှိုးမင်၏ တွန့်ချိုးနေသော မျက်မှောင်များမှာ ဖြေလျော့သွားသော်ငြားလည်း သူမကို သတိပေးလိုက်သေး၏။ "မင်းက အဲဒီမြေခွေးမိစ္ဆာရဲ့ မှတ်ဉာဏ်တွေကို အရမ်းဂရုစိုက် လွန်းနေတယ်။ ဒါက ကောင်းတဲ့ကိစ္စ မဟုတ်ဘူး။ မင်းက လူ။ မိစ္ဆာမဟုတ်ဘူး"

အားချန်သည် မျက်လွှာချ ထားလိုက်ပြီး သူ့အခြေအနေက ရုတ်တရက်အနည်းငယ် ကျဆင်းသွားသော်ငြားလည်း ပြန်လည်ချေပလိုက်လေသည်။ "သူက ကျွန်မကို ကယ်ပေးခဲ့တာလေ။ ဒီကျေးဇူးကိုတော့ ကျွန်မ မဖြစ်မနေ ပြန်ဆပ်ရမှာပဲ"

"မင်းက ဘယ်လို ပြန်ဆပ်မှာလဲ။ သူနဲ့ပတ်သက်တဲ့ မိစ္ဆာတွေအကုန်လုံးကို ရှာပြီး သူတို့ကို ကူညီပေးတာက ကျေးဇူးဆပ်တာလို့ သတ်မှတ်မှာလား"

"အဲ့လိုတော့ မလိုပါဘူး။ ဒီဦးလေးအပြင် သူ့အလေးထားရဆုံး ညီမတစ်ယောက်ပဲရှိတယ်။ ကျွန်မက သူ့ညီမကိုတွေ့အောင် ကူညီပေးမယ်။ သူညီမဘဝ အဆင်ပြေ နေရဲ့လား ဆိုတာကို သေချာအောင် လုပ်ပေးမယ်။ တကယ်လို့ အဆင်မပြေဘူးဆိုရင်တော့ နည်းနည်းလေး ကူညီပေးလိုက်မှာပေါ့"

ပိုင်ရှိုးမင်သည် တစ်နေ့နေ့ တစ်ချိန်ချိန်တွင် သူကဒီနေရာတွင် ရပ်ပြီး လူတစ်ယောက်က မိစ္ဆာတစ်ကောင်ကို မည်သို့ကျေးဇူးဆပ်မည့် အကြောင်း ပြောနေသည်ကို နားထောင်ရလိမ့်မည်ဟု ထင်မထားခဲ့ဘူးချေ။ ထိုအပြင် သူမ၏ အတွေးအမြင် များကိုလည်း ပြောင်းလဲပစ်ရန် တောင်းဆိုလို့ မရနိုင်ချေ။

သူမသည် ဒီလောက်ခေါင်းမာနေပြီး အစီအစဉ်များပင် ဆွဲထားပြီးသည်ကို မြင်လိုက်သောအခါ ပိုင်ရှိုးမင်သည်အတန်ကြာ တိတ်ဆိတ်နေပြီး နောက်ဆုံးမှ သက်ပြင်းတစ်ချက် ချလိုက်တော့၏။ "ဒီတစ်ခါပဲနော်"

အားချန်၏ မျက်လုံးများက တောက်ပသွားတော့၏။ "တကယ်လား"

"ဒါပေမဲ့ တောင်းဆိုရမယ့် အခြေအနေတွေတော့ ရှိတယ်"

"ရှင်ပြောလေ။ ကျွန်မ အကုန် သဘောတူတယ်" အားချန်၏ မျက်လုံးများထဲတွင် ပျော်ရွှင်မှုများ ပြည့်လျှံနေတော့၏။

"ငါ သူတို့ကို လွှတ်ပေးလိုက်လို့ ရတယ်။ ဒါပေမဲ့ အဲဒီနေ့ကစပြီး သူတို့တွေ သာ့ရှပြည်ကနေ ထွက်သွားရမယ်"

ပိုင်ရှိုးမင်သည် ဧကရာဇ်မင်းများ၏ အမိန့်ကို လျစ်လျူရှု နိုင်သော်ငြားလည်း ဧကရာဇ်မင်းမြတ် သိရှိသွားလျှင်ပင် ဒီလူနှစ်ယောက်အတွက်နှင့် ပြဿနာ အကြီးအကျယ် ရှာမည် မဟုတ်ပေ။ သို့သော် သူသည် ဧကရာဇ် မင်းမြတ်ကိုလည်း မျက်နှာသာတော့ ထောက်ထားရပေမည်။

"ဘာပြဿနာမှ မရှိဘူး" ဒါကလည်း အားချန် လိုချင်နေသည့် ရလဒ်ပင်။

ထိုအချိန်တွင် ပိုင်ရှိုးမင်သည် ခေါင်းမော့ကာ ကောင်းကင်ယံကို ကြည့်လိုက်လေသည်။

အားချန်ကလည်း သူ့အကြည့်နောက်ကို လိုက်ကြည့်လိုက် သည်တွင် ကောင်းကင်ယံမှ ဆည်းဆာ ရောင်ခြည်များသည် တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး နေမင်းသည် အနီရောင် အလုံးကြီးအဖြစ် ပြောင်းလဲသွားကာ သူ၏ တောက်ပနေသည့် အလင်းရောင်များကလည်း ပျောက်ဆုံးလာ ခဲ့လေသည်။

နေမင်းကြီးသည် တဖြည်းဖြည်းနှင့် မိုးကုပ်စက်ဝိုင်း အောက်သို့ ကျဆင်း နေလေ၏။

အားချန်သည် ပိုင်ရှိုးမင်း၏ ရင်ခွင်ထဲက ရုန်းထွက်လိုက်ပြီး ခြေဖျားထောက်ကာ အဝေးကို လှမ်းမျှော်ကြည့်လိုက်၏။ သို့သော်ငြား ရှေ့က တံတိုင်းက သူမ၏ မြင်ကွင်းကို ကွယ်နေသည်ဟု ခံစားလိုက်ရလေသည်။

သူမသည် ဘေးဘက်သို့ အနည်းငယ် ရွှေ့လိုက်သော်လည်း ကြည့်ရသည့်မြင်ကွင်းက မကောင်းသေးဟု ခံစားနေရဆဲပင်။

သူမက အလုပ်ရှုပ် နေစဉ်မှာပင် ခန္ဓာကိုယ်လေးသည် ရုတ်တရက် ပေါ့ပါးသွားပြီး ပိုင်ရှိုးမင်က သူ့ကို လက်တစ်ဖက်တည်းဖြင့် ပွေ့ချီလိုက်လေ၏။

သူသည် အားချန်ကို သူ၏ညာဘက်ပခုံးပေါ်တွင် တင်လိုက်ပြီး သူ့လက်မောင်းဖြင့် သူမ၏ ခြေထောက်ကို သိုင်းဖက်ကာ ကိုယ်လုံးလေးကို တည်ငြိမ်အောင် ထိန်းထားပေးလိုက်လေသည်။

အားချန်သည် ခဏလောက် ငေးကြောင်သွား သော်ငြားလည်း သူမ၏အာရုံ အစုံသည် မျက်စိရှေ့က မြင်ကွင်းထဲသို့ ရောက်ရှိသွားတော့၏။

သူတို့သည် မြို့ရိုးပေါ်တွင် ရပ်ရင်း နေမင်းကြီး၏ နောက်ဆုံး အလင်းတန်း လေးက အမှောင်ထုထည်သို့ တိုးဝင်ပျောက်ကွယ် သွားသည်ကို ကြည့်နေလိုက်ကြလေသည်။

"ပိုင်ရှိုးမင် နေဝင်သွားပြီ" သူမက တိုးတိုးလေး ရေရွတ်လိုက်၏။

အားချန်သည် နေဝင်ဆည်းဆာ အလှတရားထဲတွင် နှစ်မျောနေဆဲ ဖြစ်သော်ငြား မြေပြင်ပေါ်သို့ ပြန်လည်ချထားခြင်း ခံလိုက်ရလေ၏။

အမြင်အာရုံသည် ရုတ်တရက် နိမ့်ကျသွားသဖြင့် သူမမှာ နေသားမကျ ဖြစ်သွားတော့၏။

"နေဝင်တာလည်း ကြည့်ပြီးသွားပြီ။ ငါ မင်းကို ပြန်လိုက်ပို့ပေးရမလား" ပိုင်ရှိုးမင်က မေးလိုက်၏။

အားချန်က ခေါင်းခါပြီး စဉ်းစားလိုက်လေသည်။ ခဏနေကျရင် သူကသူ့အမေရဲ့ အရိုးပြာကို သွားသိမ်းရဦးမှာပဲ မဟုတ်လား။

အဲဒီအချိန်ကျရင် သူက ထပ်ပြီး ဝမ်းနည်းနေဦးမှာပဲ။

သူက ငါနဲ့အတူတူ တစ်နေကုန် ရှိနေ ပေးတာ။ ငါလည်း သူ့ကို ခဏလောက် အဖော်ပြုပေး သင့်တယ်မဟုတ်လား။

"ကျွန်မ ရှင်နဲ့အတူ ရှီးလင်ဝမ်အိမ်တော်ကို လိုက်ခဲ့လို့ရမလား" သူမက မေးလိုက်၏။

"ဘာသွား လုပ်မလို့လဲ" ပိုင်ရှိုးမင်းသည် ငြင်းဆန်ခြင်းမရှိဘဲ ပြန်မေးလာခဲ့သည်။

အားချန်ကလည်း သူမ၏ ရုတ်တရက် ပေါ်ပေါက်လာသည့် အတွေးများကို သူ့အား ပြောပြမည် မဟုတ်ချေ။ သူမသည် မိမိ၏ထူးဆန်းသော အတွေးအတွက် အကြောင်းပြချက် ကောင်းကောင်းတစ်ခု ရှာထားလိုက်တော့သည်။ "ရှင်က ကျွန်မကို ဟွေရွှယ်နဲ့ သူ့အမေကို လွှတ်ပေးမယ်လို့ ကတိပေးထားတယ်လေ။ ကျွန်မ သူတို့ကို သွားကြိုမလို့"

"သူတို့ကို မင်းဆီပို့ပေးဖို့ လွှတ်လိုက်မယ်။ မင်း လာကြိုစရာ မလိုဘူး"

အားချန်မှာ ဒေါသထွက်သွားတော့သည်။ ဒီလူက ဒီလောက်တောင် ပူးပေါင်းဆောင်ရွက်မှု မရှိရတာလဲ။

"ဒါဆိုလည်း ကျွန်မလိုက်ဦးမှာပဲ!"

ပိုင်ရှိုးမင်းသည် သူမ၏ အတွေးများကို ထိုးဖောက် မြင်နေသယောင် ပြုံးလိုက်လေတော့၏။

"သွားကြမယ်"

...

All Chapters