← Chapters

ပိုင်လူကြီးမင်း ကျေးဇူးပြုပြီးတော့ ထောက်ထားညှာတာပေးပါ။

Vol. 11 Ch. 109

ပိုင်လူကြီးမင်း ကျေးဇူးပြုပြီးတော့ ထောက်ထားညှာတာပေးပါ။

Vol. 11 Ch. 109

နေဝင်သွားပြီးနောက် ရှီးလင်မြို့တော်အတွင်း မီးရောင်များ တစ်စတစ်စ လင်းလက်လာခဲ့၏။ ရှီးလင်းဝမ် အိမ်တော်၏ ဟင်္သာပြဒါး တံခါးမကြီး အပြင်ဘက်တွင်တော့ ဖြူဖွေးနေသည့် မီးပုံးနှစ်ပုံး ချိတ်ဆွဲထားပြီး တစ်စုံတစ်ယောက် အတွက် နာရေးပို့ဆောင်နေသည့် အလားပင်။

အားချန်နှင့် ပိုင်ရှိုးမင်တို့သည် အိမ်တော်တံခါးသို့ ဝင်ရောက်လာသည်နှင့် ရှန်ကျော်က မည်သည့်နေရာက ထွက်ပေါ်လာသည် မသိဘဲ ရောက်ရှိလာခဲ့၏။

ပထမဦးဆုံး ပိုင်ရှိုးမင်ကို အဝေးမှ အကဲခတ် လိုက်လေသည်။ သူ့မျက်နှာ အနေအထားသည် ယနေ့မနက်က တွေ့ရှိရသည်ထက် များစွာနူးညံ့နေပြီး ကိုယ်ပေါ်တွင်လည်း အမျက်ဒေါသများ ပျောက်ကွယ် သွားသည်ကို မြင်တွေ့လိုက်ရမှ နောက်ဆုံးတော့ စိတ်အေးသွားနိုင်တော့သည်။

သူက ရှေ့သို့လျှောက်လာပြီး စကားပြောသည့် လေသံကလည်း များစွာပေါ့ပါးလို့နေသည်။ "ပြန်လာကြပြီလား"

ပိုင်ရှိုးမင်ကလည်း အသာအယာ ခေါင်းငြိမ့်ပြလိုက်သည်။

ဘေးက အားချန်ကို တွေ့လိုက်ရသောအခါ ရှန်ကျော်သည် အနည်းငယ် အံ့အားသင့် သွားသော်ငြား သူမကို ဒီလောက် ညဉ့်နက်နေသည့် အချိန်ကျမှ လိုက်လာရသည့် အကြောင်းအရင်းကိုတော့ မမေးမြန်းခဲ့ချေ။ ထိုအစား အရေးကြီးသည့် ကိစ္စကိုသာ ပိုင်ရှိုးမင်အား အရင်ဦးဆုံး ပြောလိုက်တော့သည်။ "မင်းအမေရဲ့အရိုးတွေကို ကျိုင်းရှင်းမျှော်စင်မှာ ထားပြီးပြီ။ သွားကြည့်ရအောင်"

ပိုင်ရှိုးမင်သည် ရှန်ကျော်နောက်မှ ကျိုင်းရှင်းမျှော်စင်ဆီသို့ လိုက်ပါလာခဲ့ပြီး အားချန်ကတော့ သူတို့နှစ်ယောက်နောက်မှ လိုက်ပါလာခဲ့သည်။ လမ်းတလျှောက်လုံးတွင် သူတို့သုံးယောက်စလုံးသည် စကားတခွန်းမှ မပြောခဲ့ကြပေ။

ကျိုင်းရှင်းမျှော်စင်နှင့် နီးကပ်လာလေလေ ပတ်ဝန်းကျင်လေထုက ပိုပြီး လေးလံလာ လေလေဖြစ်နေ၏။

ကျိုင်းရှင်းမျှော်စင် အပြင်ဘက်တွင် မင်ကျင့်စီး အစောင့်ရှစ်ဦးက စောင့်ကြပ်နေလေသည်။ ယခုအချိန်တွင် ရှီးလင်းဝမ်အိမ်တော်သို့ မည်သူကမှ မကျူးကျော်ရဲကြသော်ငြားလည်း ဒီအခြေအနေကို ကြည့်ခြင်းအားဖြင့် ရှန်ကျော်သည် ဒီကိစ္စကို အလေးအနက်ထားကြောင်း မြင်တွေ့နိုင်လေသည်။

ကျိုင်းရှင်းမျှော်စင်၏ ပထမထပ်သည် အစကတည်းက လွတ်နေခြင်းဖြစ်၏။ ယခုအခါတွင်တော့ ခေါင်းတလားတစ်လုံး ပေါ်ထွက်လာခဲ့ပြီး ခေါင်းတလား၏ ဘေးတွင်လည်း အဖြူရောင် အဝတ်စတစ်စ ခင်းထားကာ ထိုအဝတ်အစ ပေါ်တွင် လူပုံစံအတိုင်း အရိုးများကို စီစဉ်ထားလေသည်။

အလင်းရောင်က မှိန်ဖျော့နေသော် ငြားလည်း အဝတ်ဖြူပေါ်က အရိုးများသည် မီးခိုးရောင်သန်းနေပြီး အနီရောင်များပင် စွန်းထင်းနေသည်ကို တွေ့မြင်နိုင်၏။ ခန္ဓာကိုယ်ပေါ်က အရိုးများက သိသာထင်ရှားခြင်း မရှိသော်ငြား ဦးခေါင်းခွံပေါ်က အရောင်ကတော့ အလွန်ထင်ရှားလို့ နေသည်။

ဒါသည် အရိုးပြာများကို ပြုပြင်မွမ်းမံပြီးနောက် ကျန်ရစ်ခဲ့သည့် အမှတ်အသား ဖြစ်ရပေမည်။

ရှီးလင်ဝမ်က ဒီအရိုးပြာများကို အသုံးပြုကာ မည်သို့ ကျင့်ကြံခဲ့သည်ကိုတော့ ဘယ်သူမှ မသိရှိကြပေ။ မည်သို့ဆိုစေ ရှန်ကျော်ကတော့ မြေအောက် နန်းတော်၏ နေရာအနှံ့က ပြန့်ကြဲနေသည့် အရိုးများကို ပြန်လည်ရှာဖွေ စုဆောင်းရန် အင်အားအနည်းငယ် သုံးစွဲခဲ့ရလေသည်။

ထိုဖြစ်စဥ် များကိုတော့ သူက ပိုင်ရှိုးမင်ကို ပြောပြရန် ဆန္ဒမရှိချေ။ မနေ့ညက ပိုင်ရှိုးမင်သည် ဒီနေရာတွင် တစ်ညလုံးရှိနေခဲ့ရာ သူ့အမေ၏ အရိုးပြာများသည် တစ်နေရာတည်း မရှိကြောင်းကို သိရှိပြီးဖြစ် မည်ဟုသာ စဉ်းစားထားလိုက်၏။

ဒီအချက်ကို တွေးမိသည်တွင် ရှန်ကျော်သည် စိတ်ထဲတွင် ကြိတ်ပြီး သက်ပြင်းချလိုက်ကာ ‘ရှီးလင်ဝမ်ကတော့ လူမဟုတ်တော့ဘူး’ဟု တစ်ခွန်းတည်း ထပ်ဆဲရေးလိုက်ပြီးမှ ပိုင်ရှိုးမင်၏ မျက်နှာအမူအရာကို အကဲခတ်ရင်း သတိကြီးစွာဖြင့် ပြောလိုက်တော့သည်။ "မင်းအမေရဲ့အရိုးပြာတွေကို မြေကြီးထဲက တူးဖော်လာကတည်းက ဒီအရောင်အတိုင်းပဲ"

ပိုင်ရှိုးမင်၏ မျက်နှာအမူအရာကလည်း အလွန် တည်ငြိမ်နေလို့ပင်။ "ကျေးဇူးတင်ပါတယ်"

"ငါ့ကို ကျေးဇူးတင် စရာလိုလို့လား။ ငါ လူလွှတ်ပြီး ခေါင်းတလားကို ရွေးခိုင်းထား သေးတယ်။ တကယ်လို့ မင်းကဒီပုံစံကို မကြိုက်ဘူးဆိုရင် ..."

"ကိစ္စမရှိပါဘူး ဒီခေါင်းတလားကိုပဲ သုံးလိုက်ရအောင်" ပိုင်ရှိုးမင်သည် ထိုအရိုးပြာများ၏ ဘေးတွင်ဖြေးညှင်းစွာ ဒူးထောက်ပြီး ထိုင်ချလိုက်လေသည်။ သူသည် ထိုအရိုးပြာများ ပေါ်တွင် အမေဖြစ်သူ၏ အရိပ်အယောင်ကို ရှာဖွေနိုင်စွမ်း မရှိတော့ချေ။

အမေ သေဆုံးသွားခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီပဲ။

တစ်ချိန်က အရမ်းကို တက်ကြွလန်းဆန်းခဲ့တဲ့ လူငယ်တစ်ယောက်က နောက်ဆုံးတော့ အရိုးပြာ တစ်ပုံစာပဲ ကျန်ရစ်ခဲ့တော့တယ်။ သူ ပြန်သွားလို့ မရနိုင်ဘူးလို့ ထင်ခဲ့တဲ့ အတိတ်က အဖြစ်အပျက်တွေကလည်း နောက်ဆုံးတော့ ပြီးဆုံးသွားခဲ့ပါပြီ။

နောက်ဆိုရင် သူမက သူ့အိပ်မက်ထဲ ထပ်ပြီးပေါ်လာတော့မှာ မဟုတ်သလို သူ့ကို သတ်ပစ်ဖို့ အတွက်လည်း ထပ်ခါတလဲလဲ တောင်းဆိုတော့မှာ မဟုတ်ဘူး။

ပိုင်ရှိုးမင်သည် မျက်စိရှေ့က အရိုးပြာများကို ကြည့်ကာ ခပ်တိုးတိုး ပြောလိုက်၏။ "နှစ်တိုင်း ဆောင်းဦးရာသီ ဆိုရင်သူက ရွှမ်းလင်တောင်ကို သွားပြီးရှုခင်းတွေကို သွားကြည့်ရတာ ကြိုက်တယ်။ အခုက အချိန်အခါ ကောင်းပဲ။ သူ့ကို ရွှမ်းလင်တောင်မှာပဲ သင်္ဂြိုဟ်လိုက်ရအောင်"

"မင်းအမေရဲ့ အရိုးပြာကို ရှန့်ကျင်းကို ပြန်မသယ် သွားတော့ဘူးလား" ရှန်ကျော်ကအနည်းငယ် အံ့အားသင့်စွာဖြင့် မေးလိုက်၏။

ပိုင်ရှိုးမင်က ခေါင်းခါပြလိုက်လေသည်။ "မလိုတော့ပါဘူး။ ရှီးလင်မှာပဲ ထားခဲ့လိုက်ပါ။ သူ့ရဲ့မျက်စိရှေ့မှာ အနှောင့်အယှက် ဖြစ်စေတဲ့သူတွေက သိပ်မကြာခင် ဒီနေရာကနေ ထွက်သွားကြတော့မှာ။ နောက်ဆိုရင် သူ့ကိုလာပြီးတော့ အနှောင့်အယှက် ပေးတော့မှာမဟုတ်ဘူး"

သူတို့တွေ ရှန့်ကျင်းကို ရောက်သွားရင် သူတို့နဲ့ထိုက်တန်တဲ့ အဆုံးသတ်ကို ရင်ဆိုင်ရလိမ့်မယ်။ အရိုးပြာတွေ လွင့်ပြယ်သွားတာပဲ ဖြစ်ဖြစ် အစိပ်စိပ်အမွှာမွှာ ခုတ်ဖြတ်ခံရတာပဲဖြစ်ဖြစ် ဘယ်သူမှ လွတ်မြောက်မှာ မဟုတ်ဘူး။

ဒါကလည်း ပိုင်ရှိုးမင်၏ ဆန္ဒဖြစ်သောကြောင့် ရှန်ကျော်သည်လည်း အမှန်ပင် မငြင်းဆန်နိုင်ချေ။

အားချန်နှင့် ရှန်ကျော်တို့သည် ဘေးတွင်ရပ်ကြည့် နေလိုက်ကြလေသည်။ ပိုင်ရှိုးမင်က သူ့အမေအရိုးများကို တစ်စချင်း ခေါင်းတစ်လားထဲသို့ ထည့်သွင်းလိုက်ပြီးနောက် ခေါင်းတစ်လားအဖုံးကို ပိတ်နေလိုက်သည်ကို ကြည့်နေလိုက်ကြ၏။ ဂျောက်ခနဲ အသံတချက်နှင့်အတူ သေဆုံးပြီး ဆယ်နှစ်ကျော် ကြာသည့်အထိ ငြိမ်းချမ်းမှု မရရှိခဲ့သော ယခင်ရှီးလင်ဝမ်ဖေးသည် နောက်ဆုံးတွင်တော့ အေးချမ်းစွာ အနားယူနိုင် ခဲ့လေသည်။

ပိုင်ရှိုးမင်သည် သူ့အမေအရိုးများကို စုဆောင်းပြီးနောက် ခေါင်းတလားဘေးတွင် အတန်ကြာအောင် ရပ်နေပြီးမှ လှည့်ထွက်လာကာ ရှန်ကျော်ကို ကျေးဇူးတင်စကား ထပ်ပြောလိုက်ပြန်သည်။ "ဒီနေ့အတွက် ကျေးဇူးတင်ပါတယ်။ မင်း အရင်ပြန်ပြီးတော့ အနားယူလိုက်ပါဦး"

ရှန်ကျော်၏ မျက်နှာကလည်း ကူကယ်ရာမဲ့သွားသည့် အမူအရာများ ပေါ်လာတော့၏။ "အနားယူလို့ မဖြစ်သေးဘူး။ မြေအောက် အကျဉ်းထောင် တစ်ဝက်စာလောက် အကျဥ်းသားတွေက စစ်ဆေးမေးမြန်းဖို့ စောင့်နေကြသေးတယ်"

ရှန်းမိသားစုများအပြင် ရှီးလင်းဝမ် အိမ်တော်တစ်ခုလုံး ရှိသေးသည်။ ယနေ့တွင် ရှီးလင်ဝမ်၏ လက်အောက်ခံ အရာရှိ အများအပြားကို လိုက်လံဖမ်းဆီးခဲ့ရာ လူပေါင်း၁၀၀ကျော်ခန့် ရှိလေသည်။

ရှီးလင်ဝမ်က မိစ္ဆာမျိုးနွယ်များနှင့် ပူးပေါင်းကြံစည်သည်ကို လက်ပူးလက်ကြပ် မိခဲ့သော်ငြားလည်း အပြစ်ဒဏ် သတ်မှတ်နိုင်ရန် သက်သေ အထောက်အထားများကို စုဆောင်းရန် လိုအပ်သေးသည်။ သို့မှသာ ရှန့်ကျင်းသို့ ပြန်ရောက်သည့်အခါ အခြားသူများ အပြစ်တင်စရာ မရှိပေမည်။

မည်သို့ပင်ဖြစ်စေ နန်းတွင်းတွင် မင်ကျင့်စီး၏ အာဏာစက်က အလွန်ကြီးမားနေသည်ဟု ထင်နေကြသည့် အရာရှိများစွာကလည်း မနည်းလှချေ။ ယခုတော့ သူတို့၏ ဝမ်ရယ်တစ်ပါးကို ဖမ်းဆီးကာ မြို့တော်သို့ ပြန်သွားမည် ဖြစ်သောကြောင့် လူအများအပြားကလည်း စောင့်ကြည့်နေကြမည်မှာ သေချာလေသည်။ "ငါ မင်းကိုယ်စား မေးမြန်းစစ်ဆေးပေးမယ်"

" တကယ်လား" ရှန်ကျော်၏ မျက်နှာပေါ်တွင် မယုံကြည်နိုင်သည့် အမူအရာများ ပြည့်နှက်သွားတော့၏။ ပိုင်ရှိုးမင်က စိတ်သဘောထား ပြောင်းလဲသွားတာလား။

"တကယ်ပါ" ရှန်ကျော်သည် ခဏလောက် တုံ့ဆိုင်းသွားပြီးမှ သူ့အကြည့်သည် အားချန်ဆီသို့ ရောက်သွားပြီး ခဏအကြာတွင်တော့ ခေါင်းငြိမ့်ပြလိုက်တော့သည်။ "ကောင်းပြီလေ။ ဒီညတော့ မင်းကိုပဲ ဒုက္ခပေးရတော့မှာပဲ"

သူက ပိုင်ရှိုးမင် ဘာလုပ်ချင်လဲ ဆိုတာတော့ မသိဘူး။ ဒါပေမဲ့ ဒီညက သူ တာဝန်ကျတာမှ မဟုတ်တာ။ သူနဲ့ဘာဆိုင်ဦးမှာလဲ။

ရှန်ကျော်ထွက်ခွာ သွားပြီးနောက်တွင် ပိုင်ရှိုးမင်က အားချန်ကို ခေါ်ဆောင်ကာ ရှီးလင်ဝမ်အိမ်တော်၏ မြေအောက်အကျဉ်းထောင်သို့ သွားခဲ့လေသည်။

ဒီမြေအောက် အကျဉ်းထောင်သည် တော်တော်လေးကို အသစ်ဖြစ်နေ၏။ ဖြစ်နိုင်သည်မှာ ဒီနေရာသည် ယခင်က အကျဉ်းသားများကို ချုပ်နှောင်ထားခြင်း မရှိခဲ့သောကြောင့်ပင်။ ထို့ကြောင့်သာမန် ‌မြေအောက် အကျဉ်းထောင်များကဲ့သို့ အနံ့အသက်ဆိုးများ မရှိခြင်းဖြစ်နိုင်သည်။

သို့သော်ငြား ယခုအချိန်တွင်တော့ ဒီမြေအောက် အကျဉ်းထောင်သည် လူများဖြင့် ပြည့်လျှံနေတော့၏။

ပိုင်ရှိုးမင်က လူခေါ်ဆောင်လာသည်ကို မြင်သောအခါ အကျဉ်းထောင် တံခါးဝတွင် စောင့်နေသည့် တပ်မှူးကြီးက အလျင်အမြန် ရှေ့တိုးလာပြီး အရိုအသေပေးလိုက်တော့သည်။ "လူကြီးမင်း"

ဒီတပ်မှူးကြီးသည် အနည်းငယ် မျက်မှန်းတန်းမိနေ၏။ အားချန်က ရှန့်ကျင်းရှိ မင်ကျင့်စီးရုံးတွင် ဒီလူကို မြင်ဖူးသည်ဟု မှတ်မိနေသည်။

ထို့ကြောင့် သူသည် ပိုင်ရှိုးမင်၏ လက်အောက်ငယ်သား ဖြစ်ရမည်။

"ဒီည မင်းတစ်ယောက်ပဲ မြေအောက် အကျဉ်းထောင်ကို စောင့်ကြပ်တာလား"

"ဟုတ်ကဲ့ပါ" ထိုတပ်မှူးကြီးသည် အလွန်မျက်စိရှင်လေသည်။ သူက ဒီလို မေးလိုက်သည်ကို ကြားလိုက်သောအခါ ချက်ချင်းပြောလာ၏။ "ဒီညအတွင်းထဲမှာ စောင့်ကြပ် နေတာတွေကလည်း ကျွန်တော်တို့ရဲ့ လူတွေချည်းပါပဲ။ လူကြီးမင်းမှာ အမိန့်ပေးစရာ တစ်ခုခုရှိလို့လား"

" အမျိုးသမီးအလောင်း နှစ်လုံးကိုရှာပြီး အထဲကို ပို့လိုက်"

ထိုတပ်မှူးကြီးသည် အကြောင်းအရင်းကိုပင် မမေးမြန်းတော့ဘဲ ကိုယ်ကိုညွှတ်ကာ ပြောလိုက်လေသည်။ "ကျွန်တော်မျိုးအခုပဲ သွားလုပ်လိုက်ပါ့မယ်"

ယခင်ကဆိုလျှင် အလောင်းများကို ရှာဖွေရန် မလွယ်ကူ သော်ငြားလည်း ယခုအခါတွင်တော့ အလွန်လွယ်ကူသွားခဲ့သည်။

ရှန်းမိသားစုက မွေးမြူထားသည့် ကျောင်းမူ ရူးသွပ်သွားချိန်က သတ်ဖြတ်ခဲ့သည့် လူအရေအတွက်မှာ မသိနိုင်တော့ပေ။ ယခုအခါ အအေးတိုက်ထဲတွင်လည်း အလောင်းများ ပြည့်နှက်နေလေသည်။

ထိုတပ်မှူးကြီးကို အမိန့်ပေးလိုက်ပြီးနောက် ပိုင်ရှိုးမင်သည် အားချန်ကို ခေါ်ဆောင်ကာ မြေအောက် အကျဉ်းထောင်သို့ ဝင်ရောက်သွားခဲ့တော့သည်။

ကျဉ်းမြောင်းလှသည့် ဝင်ပေါက်လေးကိုဖြတ်လျှောက်လာပြီးနောက်တွင် ကျယ်ဝန်းသောနေရာတစ်ခုသို့ရောက်ရှိသွားလေသည်။ မင်းကျင့်စီး အစောင့်နှစ်ဦးသည် စားပွဲပေးတွင်ထိုင်ကာ အနားယူနေကြပြီး ပိုင်ရှိုးမင်ဝင်လာသည်ကို မြင်လိုက်သောအခါ မြန်မြန်ထရပ်ကာ နှုတ်ဆက်လိုက်ကြ၏။

"ငါ့ကို ရှန်းချင်းဝူနဲ့ ရှန်းဟွေရွှယ် တို့ရဲ့အကျဉ်းခန်းဆီ ခေါ်သွား"

"ဟုတ်ကဲ့ပါ" ထိုမင်ကျင့်စီး အစောင့်နှစ်ဦးသည် ချက်ချင်းပင် အခန်းသော့များကို ယူဆောင်ကာ ရှေ့ကလမ်းပြရင်း ခေါ်ဆောင်သွားတော့သည်။

သိပ်မရှည်လျားလှသော လမ်းကြားတစ်ခုကို ဖြတ်ကျော်ပြီး ဘယ်ဖက်သို့ ကွေ့လိုက်သည်နှင့် အကျဉ်းခန်းများကို တစ်ခန်းပြီးတစ်ခန်း မြင်တွေ့လိုက်ရ၏။

အားချန်သည် နံရံပေါ်က ဆီမီးခွက်များ၏ အလင်းရောင်ကို အားပြုရင်း အပြင်ဘက်နှင့် အနီးဆုံး အခန်းငယ်လေးထဲတွင် ရင်းနှီးနေသော မျက်နှာကို တွေ့မြင်လိုက်ရ၏။

"လူကြီးမင်း ဒီနေရာပါပဲ" မင်ကျင့်စီးအစောင့်သည် အားချန် မြင်တွေ့လိုက်ရသောအခန်းကို လက်ညှိုးထိုးပြလိုက်၏။

ပိုင်ရှိုးမင်သည် ခေါင်းတစ်ချက် ငြိမ့်ပြလိုက်ပြီး ခြေလှမ်းများကို ရပ်တန့်ကာ ရှေ့ဆက်မသွားတော့ချေ။ ထိုလူနှစ်ယောက်သည်လည်း လက်များကို ဘေးသို့ချကာ ငြိမ်သက်စွာ ရပ်နေကြပြီး အားချန် တစ်ယောက်တည်းကသာ ရှေ့သို့လျှောက်သွားခဲ့၏။

သူမသည် အကျဉ်းခန်း တံခါးဝတွင်ရပ်လိုက်ပြီး နံရံကိုမှီထိုင်နေသည့်လူကို ခပ်တိုးတိုးလေး ခေါ်လိုက်တော့သည်။ "ဟွေရွှယ်"

ရှန်းဟွေရွှယ်သည် အိပ်ပျော်ခါစပင် ရှိသေးသည်။ ရုတ်တရက် အားချန်၏အသံကို ကြားလိုက်ရသောအခါ အိပ်မက်နေသည်ဟုပင် ထင်မှတ်သွားတော့၏။

သူမက နောက်တစ်ကြိမ် ထပ်ကြားလိုက်ရမှ မျက်လုံးများကို ဖွင့်ကာ အားချန်က အကျဉ်းခန်းတံခါးဝတွင် ရပ်နေသည်ကို တွေ့လိုက်ရ၏။

"အားချန် ရှင် ဘယ်လို လုပ်ပြီးတော့ ရောက်လာတာလဲ" ရှန်းဟွေရွှယ်သည် မတ်တပ်ထရပ်လိုက်ကာ ဘေးတွင်ထိုင်နေသည့် ရှန်းချင်းဝူကိုလည်း လှုပ်နှိုးလိုက်သလို ဖြစ်သွား၏။

ရှန်းချင်းဝူသည် အားချန်ဖြစ်ကြောင်း မြင်တွေ့လိုက်ရသည်တွင် စကားမပြောဘဲ သမီးဖြစ်သူက အားချန်နှင့် စကားပြောရန် ရှေ့သို့တက်သွားသည်ကိုသာ ကြည့်နေလိုက်တော့သည်။

"ကျွန်မ ရှင်တို့ကို လာကြည့်တာ။ ဒုက္ခများ ရောက်ခဲ့သေးလား" အားချန်က မေးလိုက်၏။

ရှန်းဟွေရွှယ်ကလည်း ခေါင်းခါလိုက်ကာ " မရောက်ပါဘူး"

"ဒါဆိုရင်တော်သေးတာပေါ့"

" ရှင် ..." ရှန်းဟွေရွှယ်သည် တစ်ခုခုပြောရန် ပြင်လိုက်သော်ငြားလည်း အနီးအနားတွင် ရပ်နေသည့် ပိုင်ရှိုးမင်ကို ဖျတ်ခနဲ မြင်တွေ့လိုက်ရသဖြင့် ချက်ချင်းဆိုသလို ပါးစပ်ပိတ်ထားလိုက်တော့၏။

အားချန်သည် သူမ၏အမူအရာက ပုံမှန်မဟုတ်သည်ကို ကြည့်ကာ ခေါင်းလှည့်လိုက်သည်တွင် ပိုင်ရှိုးမင်က ဒီဘက်ကို ကြည့်နေသည်ကို တွေ့လိုက်ရလေသည်။

သူမက လက်ကို ဝှေ့ယမ်းပြလိုက်ပြီး နောက်သို့အနည်းငယ် ဆုတ်ခိုင်းလိုက်ကာ သူတို့ စကားပြောသည်ကို အနှောင့်အယှက် မပေးရန် အချက်ပြလိုက်လေသည်။

ပိုင်ရှိုးမင်က သူမကို ခဏလောက် စိုက်ကြည့်နေလိုက်ပြီးနောက် အမှန်ပင် လှည့်ထွက်သွားကာ ထိုလူနှစ်ယောက်ကို ခေါ်ဆောင်ပြီး နောက်သို့ အနည်းငယ် ဆုတ်သွားခဲ့လေသည်။

သူ၏ကျင့်ကြံမှု အဆင့်ဖြင့် တိတ်တဆိတ် နားထောင်လို့လျှင် တားဆီးနိုင်မည် မဟုတ်သော်ငြားလည်း သူက အဝေးသို့ ထွက်သွားခြင်းက ရှန်းဟွေရွှယ်ကို ပိုပြီးလုံခြုံစိတ်ချရစေ၏။

ပိုင်ရှိုးမင်ထွက်သွား ပြီးသည်ကို မြင်လိုက်ရသည့်အချိန်မှ ရှန်းဟွေရွှယ်က ခပ်တိုးတိုးလေး ပြောလိုက်တော့သည်။ "အားချန် ကျွန်မဘာမှ မဖြစ်ပါဘူး။ သူတို့က ကျွန်မနဲ့အမေကို ဖမ်းခေါ်လာတာပဲရှိတာ။ ဘယ်သူမှလာပြီး မစစ်ဆေးကြသေးဘူး"

ထိုသို့ပြောရင်း သူမသည် မေးငေါ့ပြလိုက်ကာ အားချန်၏ ဘေးတွင်ရှိအခန်းသို့ ကြည့်ရန်အချက်ပြ လိုက်လေသည်။ "သူတို့ထက်စာရင်တော့ အများကြီး ပိုကောင်းပါတယ်"

သူမ မပြောလျင်ပင် အားချန်သည် သတိပြုမိမည် မဟုတ်ပေ။ ရှန်းဟွေရွှယ်၏ ဘေးတစ်ဖက်ရှိ အခန်းထဲတွင် ထိုင်နေသည့် သူမှာ ရှန်းယင့်ကျူ ဖြစ်နေခဲ့လေသည်။

ယခုအချိန်တွင် ရှန်းယင့်ကျူထံတွင် ယခင်ကလို လှပကျော့ရှင်းလှသော အသွင်အပြင်များ မရှိတော့ချေ။ သူမ၏ဆံပင်များက ဖရိုဖရဲ ဖြစ်နေပြီး ကောက်ရိုးပုံပေါ်တွင် မှောက်လျက် လှဲလို့နေသည်။ ကျောပေါ်က အင်္ကျီသည်လည်း သွေးများစိမ့်ထွက်နေပြီး ရက်ရက်စက်စက် စစ်ဆေးမေးမြန်းခြင်း ခံခဲ့ရသည်မှာ ထင်ရှား၏။

သူမနှင့်အတူ လှဲလျောင်းနေသူမှာ မမြင်ဖူးသော အမျိုးသမီးတစ်ဦး ဖြစ်ပြီး အကျဉ်းခန်းထဲက တတိယမြောက်လူကတော့ ရွှဲယင်။

အားချန်သည် ရှီးလင်သို့ လာသည့်လမ်းတွင် ရွှဲယင်ကို တစ်ကြိမ်သာ မြင်တွေ့ခဲ့ဖူးပြီး ထိုနောက်တွင်တော့ တစ်ခါမှပြန်မဆုံတော့ချေ။

ယခုအခါ ဒီနေရာတွင် ပြန်လည်တွေ့ဆုံကြရသည်က ရေစက်ဟုဆိုရမည်ပင်။

ရွှဲယင်သည် မျက်နှာထား တင်းတင်းဖြင့် လျှောက်လှမ်းနှင့် အနီးဆုံး သံတိုင်များဘေးကို မှီကာထိုင်နေ၏။ သူမ၏ပုံစံသည် ရှန်းယင့်ကျူထက် သာလွန်ခြင်း မရှိချေ။ သူမ၏ကိုယ်ပေါ်က အဝတ်အစားများက စုတ်ပြဲနေပြီး ထိုစုတ်ပြဲနေသည့် အဝတ်အစားများကို သူမ၏ ဘယ်ဘက်လက်မောင်းနှင့် ညာဘက်ခြေထောက်တို့တွင် ပတ်တီးအဖြစ် စည်းနှောင်ထားလေသည်။

မနေ့က ကျောင်းမူ ရူးသွပ်သွားချိန်က သူမသည် ရှန်းယင့်ရှောင်းနှင့်အတူ ရှိနေခဲ့ပြီး ကျောင်းမူက လွှဲရိုက်လိုက်သဖြင့် မြေပြင်ပေါ်သို့ ပြုတ်ကျသွားကာ ခန္ဓာကိုယ်အနံ့အပြား အရိုးများ ကျိုးသွားခဲ့လေသည်။

သို့သော်ငြား ရှန်းယင့်ရှောင်းနှင့် နှိုင်းယှဉ်ကြည့်လျှင်တော့ အလွန်ကံကောင်းသည်ဟု ဆိုရမည်။

ရွှဲယင်သည် မနေ့က သွေးသံရဲရဲနှင့် ရက်စက် ကြမ်းကြုတ်လှသော မြင်ကွင်းထဲက ယခုအချိန်အထိ ရုန်းထွက်နိုင်ခြင်း မရှိသေးချေ။ သူမ နားမလည်နိုင်သည်မှာ အရာအားလုံး အဆင်ပြေနေပါလျက်နဲ့ ရုတ်တရက် ဒီလိုဖြစ်ပျက်သွားခဲ့သည့် အကြောင်းအရင်းကိုပင်။

ထိုအချိန်က သူမသည် ဤသို့ တွေးနေမိဆဲပင်။ သူမ၏မိဘများက သူမကို ဂရုမစိုက်မှာတော့ ရှန်းယင့်ရှောင်းနှင့် ရှန်းကျီးဟန်တို့ လင်မယားနှစ်ယောက်က သူမအပေါ် ကောင်းနေလေသည်။ နောက်ဆိုလျှင် ဒီနေရာတွင်သာ အေးအေးချမ်းချမ်း နေထိုင်သွားတော့မည် ဟူ၍။

သို့သော်ငြား မျက်စိတစ်မှိတ် အတွင်းမှာပင် ရှန်းမိသားစုတစ်ခုလုံး အကျဉ်းထောင်ထဲသို့ ရောက်ရှိသွားခဲ့ပြီး မျိုးဆက်၉ဆက်လုံး သုတ်သင်ခံရမည့် ကြီးလေးသော ပြစ်မှုကြီးကို ကျူးလွန်ခဲ့သည်ဟု ဆိုသည်။ ရှန်းယင့်ရှောင်းမှာလည်း ကြောက်မက်ဖွယ်ရာ မိစ္ဆာတကောင်၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရ၏။ နောက်ဆိုရင် သူမ မည်သို့ လုပ်ရာပ။

ရွှဲယင်သည် ဒီမေးခွန်းကို အကြိမ်ကြိမ် တွေးတောနေမိတော့သည်။ သူမသည် ဒီလောက် ငယ်ရွယ်သေးသည်ဖြစ်ရာ ရှန်းမိသားစုနှင့်အတူတူ သေဆုံးလို့တော့ မဖြစ်ပေ။

သူမနှင့် ရှန်းယင့်ရှောင်းတို့သည် မင်္ဂလာပွဲ မကျင်းပရသေးသဖြင့် လက်မထပ်ရသေးဟု သတ်မှတ်နိုင်ပြီး ရှန်းမိသားစုဝင်ဟု လုံးဝသတ်မှတ်လို့ မရနိုင်ပေ။

ထို့အပြင် သူမသည် ကျင့်ယန်မြို့စားကြီး၏ သမီးဖြစ်လေသည်။ သူမကို ဒီနေရာသို့ ဖမ်းခေါ်လာသည့် လူများသည် မသိရှိကြသည်မှာ သေချာသည်။ ဒီအကြောင်းကိုသာ ပြောပြလိုက်လျှင် အပြစ်မှ လွတ်မြောက်နိုင်သည်မှာလည်း သေချာသည်။

ဤသို့ တွေးမိသောအခါ ရွှဲယင်၏ မျက်လုံးများက တောက်ပသွားတော့၏။ မင်ကျင့်စီးက လူတွေကိုရှာပြီး သူမရဲ့သက်သေ အထောက်အထားကို ပြောပြရမယ်။

အာရုံလွင့်နေသည့် ရွှဲယင်သည် ထိုအချိန်မှသာ အကျဉ်းခန်း အပြင်ဘက်တွင် လူတစ်ယောက် ရောက်နေသည်ကို သတိထားမိလိုက်၏။

သူမက မော့ကြည့်လိုက်ရာ ရင်းနှီးလွန်းပြီး သူမကို မုန်းတီးစေကာ သူမ၏ မိသားစုတစ်ခုလုံးကို အိပ်မပျော် စားမဝင် ဖြစ်စေသည့် မျက်နှာကို တစ်ချက်တည်း မြင်တွေ့သွားတော့၏။

"ကျိချန်" ရွှဲယင်သည် အံကြိတ်သံများကြားက ထိုစကားလုံးနှစ်လုံးကို ညှစ်ထုတ်လိုက်၏။

အကျဉ်းထောင်တွင် သူမကို တွေ့မြင်ရလိမ့်မည်ဟု အိပ်မက်ပင် မမက်ခဲ့ဖူးချေ။

အားချန်၏ အကျဉ်းခန်းသံတိုင်၏ တခြားတစ်ဖက်က ရွှဲယင်ကိုကြည့်ကာ နှုတ်ခမ်းတောင့်များက အနည်းငယ် ကွေးတက်သွားတော့၏။ "ရွှဲယင် တကယ် တိုက်ဆိုင်တာပဲနော်"

ရွှဲယင်သည် သူမကို စိုက်ကြည့်လို့နေသည်။

အားချန်က သူမ၏ အေးစက်စက် အမူအရာကို ဂရုမစိုက်ဘဲ ခပ်တိုးတိုး ဆက်ပြောလိုက်၏။ "ပြောရမယ်ဆိုရင် ကျွန်မနဲ့ရှင်တို့ ရွှဲမိသားစုက တကယ်ရေစက်ပါတာပဲ။ အရင်တစ်ခေါက်တုန်းက ရှင့်အစ်ကိုရဲ့ နာရေးကို ပို့ဆောင်ပေးခဲ့ရတယ်။ ဒီလောက်ပဲ ကြာသေးတာကို အခု ရှင့်အလှည့် ရောက်လာပြန်ပြီ"

ရွှဲယင်သည် သံတိုင်များကို ဆုပ်ကိုင်ပြီး သူမ၏မျက်လုံးထဲက မုန်းတီးမှုများက လျှံကျလာတော့ မတတ်ပင်။ "နင် ဝန်ခံ လိုက်ပြီပေါ့။ ငါ့အစ်ကိုကို နင် သတ်ခဲ့တာပဲ"

"ရွှဲမိန်းကလေး စိတ်လွတ်သွားပြီ ထင်တယ်။ သူ့ရဲ့သေဆုံးမှုက ကျွန်မနဲ့ ဘာဆိုင်လို့လဲ။ ကျွန်မ အဲဒီနေရာမှာ ရှိနေပြီး သူ့ကို မကယ်တင် နိုင်ခဲ့တာနဲ့ပဲ ကျွန်မကို လူသတ်သမားလို့ ပြောလို့ရလို့လား" အားချန်က ပြုံးကာချေပလိုက်၏။ " အခုလိုမျိုးပေါ့။ ကျွန်မက ရှင်ကို ကယ်တင်ချင်တဲ့စိတ် ရှိပေမယ့်လည်း ဆွဲဆောင်နိုင်စွမ်း မရှိဘူးလေ။ နောင်တစ်ချိန် ရွှဲမိန်းကလေးက တမလွန်ဘဝကို ရောက်သွားခဲ့တဲ့အခါ ကျွန်မကိုအပြစ် မတင်မိပါစေနဲ့နော်"

"ငါ ဘယ်တော့မှ သေမှာမဟုတ်ဘူး။ ငါ့အဖေက ကျင့်ယန်မြို့စားပဲ။ သူတို့ ငါ့ကို မသတ်ရဲဘူး"

"ဟုတ်ပါပြီ။ ဒါဆိုရင်တော့ ရွှဲမိန်းကလေး ဆန္ဒပြည့်ဝပါစေလို့ ဆုတောင်းပေးပါတယ်" အားချန်က ပြုံးနေတော့သည်။

သူမသည် အနီးအနားသို့ လှည့်ကာ လက်ရမ်းပြလိုက်ရာ အကျဉ်းခန်းသော့ကို ကိုင်ဆောင်ထားသော မင်းကျင့်စီးအစောင့်သည် ရှေ့သို့တိုးလာပြီး ရှန်းဟွေရွှယ်နှင့် ရှန်းချင်းဝူတို့အား ချုပ်နှောင်ထားသည့် အကျဉ်းခန်းကို ဖွင့်ပေးလိုက်တော့၏။

ရှန်းဟွေရွှယ်တို့ သားအမိသည် ဖြစ်ပျက်သွားသည့် အကြောင်းအရာကို မသိလိုက်ခင်မှာပင် အားချန်က ပြောလိုက်သည်ကို ကြားလိုက်ရ၏။ "ဟွေရွှယ် အချိန်မစောတော့ဘူး။ ကျွန်မတို့ အိမ်ပြန်ကြရအောင်"

"အိမ် ... အိမ်ပြန်မယ် ဟုတ်လား" ရှန်းဟွေရွှယ်မှာ မှင်သက် အံ့သြသွားတော့၏။ "ဟုတ်တယ်။ မြန်မြန်။ ရှင့်အမေကို သွားတွဲလိုက်" ရှန်းဟွေရွှယ်သည် ခဏတာ ကြောင်အမ်းအမ်း ဖြစ်သွားပြီးနောက် မြန်မြန်လှည့်ကာ အမေဖြစ်သူကို သွားရောက်တွဲခေါ် လိုက်တော့သည်။ သူမသည် အကျဉ်းခန်းထဲက ခြေလှမ်းထွက် လာချိန်မှာပင် ဘေးတွင်ရပ်နေသည့် မင်ကျင့်စီး အစောင့်ကလည်း လုံးဝတုံ့ပြန်မှုမရှိချေ။

"အားချန် ကျွန်မတို့ ..." ရှန်းဟွေရွှယ်သည် ဘာပြောရမည်ပင် မသိတော့ချေ။

သူမသည် ဘာမှနားမလည်သူ တစ်ယောက်မဟုတ်ပေ။ ဒါသည် မျိုးဆက်၉ဆက်လုံး သုတ်သင်ရမည့် ကြီးလေးသော အမှုကြီး ဖြစ်လေသည်။ ဒီလိုအမိန့်အောက်တွင် အပြစ်မရှိသူများ ရှိနေလျှင်ပင် သေခြင်းတရားက လွတ်မြောက်ရန် ခဲယဉ်းလှပေသည်။

အားချန်ကတော့ သူတို့ကို အကျဉ်းထောင်ထဲမှ ခေါ်ထုတ်သွားနိုင်ခဲ့၏။

ဒီအတွက် ဘယ်လောက်များ ပေးဆပ်လိုက် ရပါသနည်း။

ဒီလောက် ကြီးမားတဲ့ သံယောဇဉ်ကို သူမက ဘယ်လိုပြန်ပေးဆပ် နိုင်မှာလဲ။

"သွားကြရအောင်" အားချန်သည် ရှန်းဟွေရွှယ်ကို စကားအများကြီး မပြောတော့ဘဲ ပိုင်ရှိုးမင်ရှိရာ ဘက်သို့လှည့်ထွက် သွားခဲ့၏။

နောက်က မင်းကျင့်စီး အစောင့်သည် အကျဉ်းခန်းတံခါးကို ပိတ်လိုက်ပြီး လှည့်မထွက်ခင်မှာပင် ဘေးအခန်းက ရွှဲယင်၏ စူးရှရှအသံ ထွက်ပေါ်လာတော့၏။ "နေအုံး။ ဘာဖြစ်လို့ သူတို့ကို လွှတ်ပေးရတာလဲ။ သူတို့က ရှန်းမျိုးနွယ်တွေ။ ရှန်းမိသားစုဝင်တွေပဲ"

ဘယ်သူကမှ သူမ၏မေးခွန်းကို ပြန်မဖြေလာချေ။

"လာကြပါဦး မြန်မြန်လာကြပါဦး။ အကျဉ်းသားတွေကို လွှတ်ပေးနေပြီ"

ရွှဲယင်၏ အော်ဟစ်သံသည် ရပ်တန့်မသွားချေ။ အကျဉ်းသား အများအပြားသည် သူမ၏ စကားသံကြောင့် လိုက်လံအော်ဟစ်ကြရာ ခဏအတွင်းမှာပင် မြေအောက် အကျဉ်းထောင်ထဲ၌ ဆူညံသံများ ပွက်လောရိုက်သွားတော့၏။

ထိုမင်ကျင့်စီး အစောင့်သည် ရွှဲယင်ကို အေးစက်စွာ ကြည့်လိုက်ပြီး ဒေါသတကြီး အော်ဟစ်လိုက်တော့သည်။ "ပါးစပ်ဟရဲတဲ့ကောင် ငါကိုယ်တိုင် အရင်ဆုံးသတ်ပစ်မယ်"

ထိုသို့ အော်ဟစ်လိုက်သော အကျဉ်းသား များထဲတွင် အများစုမှာ နေ့ခင်းဘက်က နှိပ်စက်ခံ ထားရသူများဖြစ်လေပြီး အသက်ရှင်ရန် မျှော်လင့်ချက် မရှိတော့သည်ကို မြင်တွေ့ လိုက်ရသော်ငြား ရက်အနည်းငယ်လောက် အသက်ရှင်ရန် ကြိုးစားနေရသဖြင့် ချက်ချင်း အသံတိတ်သွားတော့၏။

ရွှဲယင်တစ်ယောက် တည်းကသာ လက်မခံနိုင်သေးဘဲ ထိုမင်ကျင့်စီး အစောင့်ကို ပြောလိုက်၏။ "ရှင် ဘာစိုက်ကြည့် နေတာလဲ။ ကျွန်မက ရှင် ခြိမ်းခြောက်တာကို ခံမှာမဟုတ်ဘူး။ ကျွန်မအဖေက ကျင့်ယန်မြို့စားပဲ။ ရှင့်အထက်လူကြီးကို သွားခေါ်လိုက်။ ကျွန်မ သူနဲ့ စကားပြောမယ်"

ထိုမင်းကျင့်စီး အစောင့်သည် အကြည့်ကိုလွှဲပြီး စိတ်ထဲတွင် လှောင်ပြောင်လေတော့၏။

ဒီမိန်းကလေးက နားမလည်ဘူးလား မသိဘူး။ မျိုးဆက်၉ဆက်လုံး သုတ်သင်ရမယ့် အပြစ်ဆိုတာ ဘာလဲဆိုတာကိုလေ။ ကျင့်ယန်မြို့စား မပြောနဲ့။ တော်ဝင်မျိုးနွယ် တွေတောင် ဒီလိုအချိန်မှာ လာပတ်သက်ရဲ မှာမဟုတ်ဘူး။

ထိုအချိန်တွင် ရွှဲယင်သည် အဝေးက ပိုင်ရှိုးမင်ကို ရုတ်တရက် တွေ့လိုက်ရပြီး အသက်ကယ် ကောက်ရိုးတစ်မျှင်ကို ဆုပ်ကိုင်မိသည်နှယ် အသံက ပိုပြီးကျယ်လောင်စွာ ထွက်ပေါ်လာတော့၏။ "ပိုင်ရှိုးမင်း။ ပိုင်လူကြီးမင်း ကျွန်မက ကျင့်ယန်မြို့စားရဲ့ သမီးပါ။ ကျွန်မက အပြစ်မရှိပါဘူး။ ကျွန်မကို လွှတ်ပေးဖို့ တောင်းပန်ပါတယ်။ ကျွန်မအဖေက ရှင့်ကိုကျေးဇူး ဆပ်ပါလိမ့်မယ်"

ရွှဲာင်သည် အော်ဟစ်ရင်း ငိုယိုနေခဲ့ရာ ထိုငိုသံသည် အလွန်ဆွေးမြေ့ဖွယ် ကောင်းနေလေတော့သည်။

အားချန်က တွေးလိုက်မိ၏။ တကယ်လို့သာ ရွှဲရှီ ဒီနေရာမှာရှိနေပြီး သူ့သမီးရဲ့ ငိုသံကို ကြားလိုက်ရရင် ဘယ်လောက်တောင် ရင်ကွဲနာကျနေမလဲ မသိဘူး။

ဒီလိုသတင်းမျိုးသာ ရှန့်ကျင်းကို ပြန်ရောက်သွားရင် ရွှဲရှီကို ပထမဦးဆုံး အသိပေးသင့်တဲ့ သတင်းပဲ။

အားချန်က ပိုင်ရှိုးမင်း၏ ဘေးသို့ရောက်ရှိလာပြီး သူ့ကို ပြောလိုက်တော့သည်။ "ပိုင်လူကြီးမင်း ကျွန်မတို့ သွားကြရအောင်"

ပိုင်ရှိုးမင်သည် စကားမပြောဘဲ အပြင်သို့ ခြေလှမ်းကျဲ ကြီးများဖြင့် ထွက်ခွာသွားတော့၏။ ရွှဲယင်၏ ဝမ်းပန်းတနည်း ငိုယိုသံသည် သူ့မျက်နှာပေါ်တွင် အနည်းငယ်မျှပင် လှုပ်ရှားသွားခြင်း မရှိချေ။

ရွှဲယင်၏ငိုသံနှင့်အတူ အားချန်ကပြောလိုက်၏။ "ရွှဲမိန်းကလေး နောက်ဆုံး ဘယ်လိုဖြစ်သွားမလဲ မသိဘူးနော်။ ပိုင်လူကြီးမင်းက သူက ကျင့်ယန်မြို့စားကြီးရဲ့ သမီးဖြစ်နေလို့ သူ့ကိုမျက်နှာသာ ပေးလိုက်မှာလား"

"ဒါကတော့ ကျင့်ယန်မြို့စားရဲ့ အရည်အချင်းပေါ်ပဲ မှုတည်တယ်"

"ဘယ်လိုအရည်အချင်းမျိုးလဲ"

"တကယ်လို့ သူကသာ အရှင်မင်းကြီးဆီမှာ သနားညှာတာမှုကို တောင်းခံနိုင်ခဲ့ရင် ဒီအရာရှိက စဉ်းစားချင် စဉ်းစားပေးမှာပေါ့"

"တကယ်လို့ အရှင်မင်းကြီးက သနားညှာတာမှု မပေးခဲ့ရင်ကော" အားချန်သည် ရုတ်တရက် တွေးလိုက်မိလေသည်။ ဒီလိုမျိုးဆက်၉ဆက်လုံး သုတ်သင်ရမဲ့အဖြစ်က သိပ်ပြီးတော့ မခိုင်လုံသေးဘူး ထင်တယ်။

ပိုင်ရှိုးမင်သည် အားချန်ကို တစ်ချက်ကြည့်လိုက်ပြီး ဖြေးညင်းစွာ ပြောလိုက်တော့၏။ "သနားညှာမှု ပေးခဲ့ရင်တောင် အချိန်မီမှာ မဟုတ်တော့ဘူး"

အားချန်၏ မျက်လုံးများက လှုပ်ရှားသွားကာ မေးလိုက်တော့သည်။ "ကျွန်မက ဒီလောက် အကျဉ်းသားတွေ အများကြီးရှေ့မှာ ရှန်းဟွေရွှယ်တို့ သားအမိကို ခေါ်ထုတ်သွားခဲ့တာလေ။ တကယ်လို့ အကျဉ်းသားတစ်ယောက်ယောက်က ဒီကိစ္စကို ထုတ်ပြောလိုက်ရင် ဘယ်လိုလုပ်မလဲ"

"ဘယ်သူ့ကို သွားပြောမှာလဲ"

ဒီနေရာတွင် ချုပ်နှောင်ထားသူများ အားလုံးသည် ရှန်းမိသားစုဝင်များ ဖြစ်လေသည်။ သူတို့ ဝင်လာသည့် နေ့ကစပြီး သေခြင်းတရား တစ်ခုထဲကသာ သူတို့ကို ထွက်ခွာခွင့် ပေးနိုင်ပေမည်။

လူများက အကျဉ်းထောင် တံခါးဝသို့ ရောက်သွားချိန်တွင် ရှန်းဟွေရွှယ်၏ စိတ်ထဲ၌ ထိန်းချုပ်မရအောင် စိတ်လှုပ်ရှားလာတော့၏။ သူမသည် ပိုင်ရှိုးမင်ကသူမကို ခေါ်လိုက်သည်ကို ရုတ်တရက် ကြားလိုက်ရလေ၏။

"ရှန်းဟွေရွှယ်"

ရှန်းဟွေရွှယ်သည် သတိဝင်လာပြီး ခန္ဓာကိုယ်မှာ တောင့်တင်းသွားတော့သည်။ "ပိုင်လူကြီးမင်း အမိန့်ရှိပါ"

ပိုင်ရှိုးမင်သည် သူမကို လစ်လျူရှုထားသော မျက်ဝန်းများဖြင့် ကြည့်ကာ လက်ညှိုးကိုမြှောက်ပြီး သူမ၏နဖူးပေါ်သို့ ထောက်လိုက်၏။

ရှန်းဟွေရွှယ်သည် အတွင်းအားတစ်ခုက သူမ၏ခန္ဓာကိုယ်ထဲသို့ အဓမ္မ တိုးဝင်လာသည်ကို ခံစားလိုက်ရပြီးနောက် သူမ၏ဦးနှောက်ထဲတွင် ဝုန်းခနဲ အသံတစ်ချက် မြည်သွားပြီး အခိုက်အတန့် ဗလာအတိ ဖြစ်သွားလေတော့သည်။

ပိုင်ရှိုးမင်ကလက်ကို ပြန်ရုတ်သိမ်းလိုက်ချိန်တွင် ရှန်းဟွေရွှယ်သည် အမှတ်တမဲ့ ခေါင်းငုံ့ကာ သူမ၏လက်ကို ကြည့်လိုက်ရာ လက်ဖမိုးပေါ် ရှင်းလင်းနေသည့် စာချုပ်အမှတ်အသားမှာ ပျောက်ကွယ်သွားခဲ့တော့သည်။

သူမ ဒီလိုနဲ့ လွတ်လပ်သွားပြီလား။

ရှန်းဟွေရွှယ်သည် သတိပြန်ဝင်မလာသေးသည့်နှယ်။ ပိုင်ရှိုးမင်က အားချန်ကို ပြောလိုက်၏။ "သွားကြမယ်"

အားချန်သည် အိမ်တော်၏ဘေးတံခါးမှ ထွက်ခွာလာခဲ့တော့သည်။ ထိုအချိန်တွင် အိမ်တော်ထဲက မူလအစောင့်အရှောက်များကို ရုတ်သိမ်းထားပြီးဖြစ်သဖြင့် သူမသည် လူနှစ်ယောက်ကို အလွယ်တကူ ခေါ်သွားနိုင်ခဲ့လေသည်။

အားချန် ထွက်သွားပြီးနောက်တွင် မြေအောက် အကျဉ်းထောင်ကို စောင့်ကြပ်နေသည့် မင်းကျင့်စီး တပ်မှူးက "လူကြီးမင်း အလောင်းတွေ အဆင်သင့်ဖြစ်ပါပြီ"

"မှတ်တမ်းတင်ထားလိုက်။ ရှန်းဟွေရွှယ်နဲ့ ရှန်းချင်းဝူတို့ ဒီညရုတ်တရက် သေဆုံးသွားပြီလို့"

"ကျွန်တော်မျိုး နားလည်ပါပြီ။ ဒါဆိုရင် သူတို့အလောင်း တွေကိုရော"

"ကျန်တဲ့ သေဆုံးသွားတဲ့ ရှန်းမိသားစုဝင်တွေနဲ့ အတူတူ အမြန်ဆုံး ရှင်းပစ်လိုက်"

ထိုတပ်မှူးကြီးက ခေါင်းငြိမ့်လိုက်၏။ အမြန်ဆုံး ရှင်းလင်းပစ် ရမည်ဆိုသည်မှာ ဒီနေ့ညကို ဆိုလိုလေသည်။

သူတို့မင်ကျင့်စီးက အလောင်းများကို ရှင်းလင်းသည့်အခါ မိသားစုထံ ပြန်လည် ပေးအပ်နိုင်လျှင် အလောင်းအပြည့်အစုံ ထားရှိပေသည်။ အကယ်၍ မိသားစုဝင် မရှိတော့လျှင်တော့ နောက်ဆက်တွဲ ပြဿနာများမရှိစေရန် တိုက်ရိုက် မီးသင်္ဂြိုဟ်လိုက်ကြသည်။

"ကျွန်တော်မျိုး အခုပဲ သွားရှင်းလင်းလိုက်ပါ့မယ်"

အားချန်က ရှန်းဟွေရွှယ်နှင့် ရှန်းချင်းဝူတို့ကို သူမ၏နေအိမ်သို့ ခေါ်ဆောင်သွားသည့် အချိန်တွင်တော့ သားအမိနှစ်ယောက်သည် စာရင်းဇယားများအရ သေဆုံးသူများ ဖြစ်သွားခဲ့လေပြီ။

နောက်တစ်နေ့ မနက်စောစောတွင် တစ်ညလုံး အလုပ်များနေခဲ့သည့် ပိုင်ရှိုးမင်သည် အိပ်ရာမှနိုးလာခါစပင် ရှိသေးသည်။ အပြင်ဘက်တွင် မင်ကျင့်စီး အစောင့်တစ်ဦး၏ အသံထွက်ပေါ်လာသည်ကို ကြားလိုက်ရ၏။ "လူကြီးမင်း ကျန်းကျင့်ဟွိုင် ကျန်းလူကြီးမင်းက တွေ့ဆုံခွင့် တောင်းနေပါတယ်"

"သူ့ကို ဝင်လာခိုင်းလိုက်"

စကားသံ မဆုံးသေးခင်မှာပင် ကျန်းကျင့်ဟွိုင်သည် ခြေလှမ်းကျဲကြီးများဖြင့် ဝင်ရောက်လာလေတော့သည်။

ကျန်းကျင့်ဟွိုင်၏ မျက်နှာအမူအရာမှာ အလွန်ဆိုးရွားလို့နေ၏။ ပိုင်ရှိုးမင်ကို မြင်လိုက်သောအခါ နှုတ်ဆက်စကားပင် မပြောဘဲ ချက်ချင်းဆိုသလို လိုရင်းကိုသာ ပြောလိုက်လေတော့သည်။

...

All Chapters