← Chapters

ဆုံးဖြတ်ပြီးသွားပြီ

Vol. 11 Ch. 110

ဆုံးဖြတ်ပြီးသွားပြီ

Vol. 11 Ch. 110

ပိုင်ရှိုးမင်သည် ကျန်းကျင့်ဟွိုင်ကို ကြည့်လိုက်ပြီး သူ၏ရိုင်းစိုင်းသော အပြုအမူကို ဂရုမစိုက်ဘဲ တည်ငြိမ်နေသည့် လေသံဖြင့် မေးလိုက်၏။ "ရှီဇီက ကျွန်တော့်ကို ဘယ်သူ့ကို လွှတ်ပေးစေချင်တာလဲ"

"ရှန်းဟွေရွှယ်ပါ"

"ရှန်း မိသားစုဝင်လား"

"ပိုင်လူကြီးမင်း မှတ်မိဦးမယ် ထင်ပါတယ်။ ကျွန်တော်အရင်က သူ့ကိုခေါ်ပြီး မင်ကျင့်စီး ရုံးမှာ စာချုပ်ချုပ်ဖို့ လာခဲ့ဖူးပါတယ်" ပိုင်ရှိုးမင်ထံမှ ဘာတုံ့ပြန်မှုမှ မရရှိလာချိန်တွင် သူက ဆက်ပြောလာခဲ့သည်။ "ရှန်းမိသားစုက ကြီးလေးတဲ့ ပြစ်မှုကျူးလွန်ခဲ့တာ မှန်ပေမဲ့ ရှန်းဟွေရွှယ်က ဒီနှစ်မှာ ရှန့်ကျင်းမှာပဲ အမြဲနေခဲ့တာပါ။ ရှန်းမိသားစုရဲ့ ဘယ်ကိစ္စမှာမှ ပါဝင်ပတ်သက်ခဲ့တာ မရှိပါဘူး။ ပိုင်လူကြီးမင်းအနေနဲ့ သူ့ကို မျက်နှာသာပေးပြီး လွှတ်ပေးဖို့ တောင်းဆိုပါတယ်"

"သူ့ကိုမျက်နှာသာပေးရမယ်" ပိုင်ရှိုးမင်က ခပ်ဖွဖွ ရယ်လိုက်ပြီး ဖြေညှင်းစွာ ပြောလိုက်၏။ "ရှီဇီ ခင်ဗျား ဒီစကားကို အရှင်မင်းကြီး ရှေ့မှောက်မှာ ပြောရဲလို့လား"

ကျန်းကျင့်ဟွိုင်၏ မျက်နှာအမူအရာမှာ အေးခဲသွားလေတော့သည်။ "ပိုင်လူကြီးမင်း ရှင်းရှင်းပဲပြောပါ။ ကျွန်တော် သူ့ကို ခေါ်ထုတ်သွားချင်တယ်။ ဘယ်လို တန်ရာတန်ကြေးမျိုး ပေးဆပ်ရမှာလဲ"

"ရှီဇီက စကားကို ကြီးကြီးကျယ်ကျယ် ပြောနေပါပြီ။ မိစ္ဆာတစ်ပိုင်းလေး တစ်ယောက်အတွက်နဲ့ လွှတ်ပေးလိုက်တော့လည်း ဘာမှမဖြစ်ပါဘူး။ ဒါပေမဲ့ ရှီဇီက အဆင်သင့်ဖြစ်ပြီလား။ ရှန့်ကျင်းမှာရှိတဲ့ လူတော်တော်များများက သူက ရှန်းမိသားစုက လာတဲ့ဆိုတာကို သိကြတယ်။ သူ့ကို ကယ်ထုတ် လိုက်ပြီးရင်တော့ ခင်ဗျား သူ့ကို ဘယ်နေရာမှာ ထားနိုင်မှာမလို့လဲ"

ကျန်းကျင့်ဟိုင်မှာ နှုတ်ဆိတ်သွား လေတော့သည်။ သူသည် သူမကို နောက်ပိုင်းကျလျှင် မည်သို့ နေရာချပေးရမည်ကို အမှန်ပင် မစဉ်းစားရသေးချေ။ သို့သော်ငြား အနည်းဆုံးတော့ သူမ၏အသက်ကို အရင်ဆုံး ကယ်ထားရပေမည်။

သူသည် ထိုနေ့က မင်းကျင့်စီးနှင့် ချုပ်ဆိုခဲ့သော စာချုပ်တွင် ပြဿနာ အနည်းငယ်ရှိနေသည်ဟု မသဲမကွဲ ခံစားနေရ၏။ နောက်ဆုံးတွင် တွေးတော စဉ်းစားကြည့်လိုက်မှ ရှန်းဟွေရွှယ်ဆီသို့သာ အာရုံရောက်သွားတော့သည်။

သူ့ရဲ့အခြေအနေ သိပ်မကောင်း လောက်တော့ဘူး။ အစက သူသည် စစ်စခန်းမှ ထွက်လာရန် မသင့်လျော်သော်ငြား ရှန်းဟွေရွှယ်က စောင့်ဆိုင်းနေမည် မဟုတ်သည်ကိုလည်း စိုးရိမ်မိလေသည်။

အတန်ကြာမှ ကျန်းကျင့်ဟွိုင်က ပြောလိုက်၏။ "ပိုင်လူကြီးမင်း စိတ်ချလို့ ရပါတယ်။ ကျွန်တော် သူ့ကို ရှန့်ကျင်းကို ဘယ်တော့မှ ပြန်ခေါ်လာမှာ မဟုတ်တော့သလို သူ့ရဲ့သက်သေ အထောက်အထားကိုလည်း ဘယ်သူမှ သိခွင့်ရစေမှာ မဟုတ်ပါဘူး"

ပိုင်ရှိုးမင်သည် ကျန်းကျင့်ဟွိုင်ကို အတန်ကြာအောင် စိုက်ကြည့်နေလိုက်ပြီးမှ ပြောလိုက်သည်။ "ဒီအရာရှိက ရှီဇီကို ဒီလောက်စိတ်ခံစားချက် ဦးဆောင်သူ တစ်ယောက်မှန်း မသိခဲ့ဘူး။ လီမြို့စားကြီးသာ ဒါကို သိသွားရင် ရှီဇီ အပေါ်စိတ်ပျက် သွားလောက်တယ်"

ကျန်းကျင့်ဟွိုင်သည် ခါးကိုကိုင်းညွှတ် လိုက်ပြီး ပိုင်ရှိုးမင်ကို အရိုအသေ ပေးလိုက်၏။ "ပိုင်လူကြီးမင်း အနေနဲ့ သနားညှာတာ ပေးဖို့ တောင်းဆိုပါတယ်"

"လာကြအုံး"

"လူကြီးမင်း" တံခါးဝက မင်ကျင့်စီး အစောင့်တစ်ဦးသည် အခန်းအတွင်းသို့ ဝင်ရောက်လာခဲ့လေသည်။

"မနေ့ညက မြေအောက် အကျဉ်းထောင်ကို စောင့်ကြပ်တဲ့ တပ်မှူးကြီးကို သွားခေါ်လိုက်။ ဒီအရာရှိ သူ့ကို မေးစရာရှိတယ်"

"ဟုတ်ကဲ့ပါ"

ထိုမင်ကျင့်စီး အစောင့်သည် ထွက်ခွာသွားပြီး မကြာခင်မှာပင် လူတစ်ယောက်ကို ခေါ်ဆောင်လာခဲ့လေသည်

"လူကြီးမင်း ဘာများအမိန့်ရှိစရာ ရှိလို့ပါလဲ" ထိုမင်ကျင့်စီး တပ်မှူးသည် မျက်နှာကို မော့မကြည့်ဘဲ အခန်းတွင်း လျှောက်ဝင်လာပြီး ပိုင်ရှိုးမင်ကို အရိုအသေ ပေးလိုက်လေသည်။

"အကျဉ်းထောင်ထဲမှာ ရှန်းဟွေရွှယ်လို့ခေါ်တဲ့ အကျဉ်းသား တစ်ယောက်ရှိတယ်။ သူ့ကိုသွားခေါ်လာခဲ့"

ထိုတပ်မှူးကြီးသည်ပိုင်ရှိုးမင်ကိုမော့ကြည့်လိုက်ပြီး ခဏအကြာတွင်တော့ မျက်လုံးများကို ပြန်နှိမ့်ချထားလိုက်ကာ "လူကြီးမင်း ကျွန်တော့မျိုး ဒီလူကို မှတ်မိပါတယ်။ မနေ့ညက ရှန်းဟွေရွှယ်နဲ့ ရှန်းချင်းဝူတို့ အကျဉ်းထောင်ထဲမှာ ကိုယ့်ဟာကိုယ် သတ်သေသွားကြပါတယ်။ ဒီအချိန်ဆိုရင် သူတို့အလောင်းတွေကို ရှင်းလင်းပြီး သွားလောက်ပါပြီ"

"မင်း ဘာပြောတယ်" ကျန်းကျင့်ဟွိုင်သည် ခေါင်းလှည့်လိုက်ပြီး အံကြိတ်ကာ မေးမြန်းလိုက်လေ၏။

"ကျန်းရှီဇီကို နှုတ်ဆက်ပါတယ်" တပ်မှူးကြီးသည် သူ့ကို ယခုမှ မြင်တွေ့လိုက်ရသည့် အလား နှုတ်ဆက် အရိုအသေ ပေးလိုက်လေသည်။

ကျန်းကျင့်ဟွိုင်သည် ထိုသူ၏ အမူအရာကို ဂရုမစိုက်ဘဲ သူ့အင်္ကျီကော်လံကို ဆောင့်ဆွဲလိုက်တော့၏။ "ခင်ဗျား ခုနက ပြောလိုက်တဲ့ စကားကို နောက်တစ်ခေါက် ပြန်ပြောစမ်း"

ထိုတပ်မှူးကြီး၏ မျက်နှာတွင် နားမလည်နိုင်သည့် အမူအရာများ ဖြစ်ပေါ်လာပြီး ထပ်ပြောလိုက်တော့သည်။ "ရှန်းဟွေရွှယ် နဲ့ ရှန်းချင်းဝူတို့က ကိုယ့်ဟာကိုယ် သတ်သေသွားကြပါပြီ"

"ခင်ဗျား ကျွန်းတော့်ကို လာနောက်နေတာလား။ သူက ဘယ်လို လုပ်ပြီးတော့ ကိုယ့်ဟာကိုယ် သတ်သေရမှာလဲ" ကျန်းကျင့်ဟွိုင်သည် သူ့စိတ်ထဲက ထိတ်လန့်တုန်လှုပ်မှု အနည်းငယ်ကို ကြိုးစား ဖိနှိပ် ထားလိုက်သော်ငြားလည်း သူ၏အသိစိတ်ကတော့ ရှန်းဟွေရွှယ်သည် ဒီလိုပြုလုပ်မည် မဟုတ်ကြောင်း ပြောပြနေသည်။

"ဒီနှစ်ရက်အတွင်း အကျဉ်းထောင်ထဲမှာ ကိုယ့်ဟာကိုယ် သတ်သေသွားတဲ့ ရှန်းမိသားစုဝင်တွေ မနည်းပါဘူး။ သူတို့က သေဆုံးရမယ့်ရက် နီးကပ်လာပြီ ဆိုတာကို သိနေကြတော့ ပိုပြီး သေပျော်တဲ့ နည်းလမ်းကို ရွေးချယ်ချင် ခဲ့ကြတယ် ထင်ပါတယ်" ထိုတပ်မှူးကြီးကလည်း ကျိုးကြောင်းခိုင်လုံစွာ ပြောလိုက်၏။

"ဒါဆိုရင် သူ့အလောင်းကရော။ ဘာဖြစ်လို့ သူအလောင်းကို အလျင်စလို ရှင်းပစ်လိုက်ရတာလဲ"

"ရှီဇီ နားလည်မှု လွဲနေပါပြီ။ အလောင်းကို ရှင်းလင်းတာက သူတစ်ယောက်တည်းကိုပဲ ရည်ရွယ်တာ မဟုတ်ပါဘူး။ ဒီရက်ပိုင်းတွေမှာ ကျွန်တော်မျိုးရဲ့ ညီအစ်ကိုတွေက ရှန်းမိသားစုဝင်တွေရဲ့ အလောင်းကို ရှင်းလင်းနေရတာပါ။ အားလုံးကို မီးသင်္ဂြိုလ်ရတာပါ။ သူက တိုက်တိုက်ဆိုင်ဆိုင် ဒီနေ့မှ သေဆုံးသွားတော့ ဒီတစ်ခေါက် မီးသင်္ဂြိုဟ်တာနဲ့ ကြုံသွားတာပါ"

ထိုသို့ ပြောလိုက်ပြီးနောက် ထိုတပ်မှူးကြီးသည် ပိုင်ရှိုးမင်ကို ထပ်မံပြောလိုက်ပြန်သည်။ "လူကြီးမင်း ကျွန်တော်မျိုး ပြောသမျှစကားတိုင်းက အမှန်တရားတွေ ချည်းပါပဲ။ လိမ်ညာထားတာ လုံးဝမရှိပါဘူး"

ပိုင်ရှိုးမင်က သူ့ကို ခေါင်းငြိမ့်ပြ လိုက်၏။ "မင်းအရင် ထွက်သွားတော့"

"ဟုတ်ကဲ့ပါ" ထိုတပ်မှူးကြီးသည် ကျန်းကျင့်ဟွိုင်၏ လက်ကို သူ့ကော်လံပေါ်မှ ဆွဲဖယ်ချလိုက်ပြီး လူနှစ်ယောက်ကို အရိုအသေ ပေးပြီးနောက် ထွက်ခွာသွားတော့၏။

အခန်းထဲက ထွက်လာပြီး နောက်တွင် သူသည် သက်ပြင်းတစ်ချက် ချလိုက်ပြီး စိတ်ထဲက တွေးလိုက်တော့သည်။ လူကြီးမင်းက ငါ့ရဲ့တုံ့ပြန်မှုကို ကျေနပ်သွားလောက်တယ်။ ထိုနောက်တွင်တော့ ပေါ့ပေါ့ပါးပါး ခြေလှမ်းများဖြင့် ထွက်ခွာသွားခဲ့လေသည်။

အခန်းထဲတွင် ပိုင်ရှိုးမင်နှင့် ကျန်းကျင့်ဟွိုင် နှစ်ယောက်တည်း ကျန်ရစ်ခဲ့ချိန်တွင် ကျန်းကျင့်ဟွိုင်သည် မျက်စိရှေ့က လူကို စိုက်ကြည့်ရင်း အံကြိတ်ကာ တစ်လုံးချင်း ပြောလိုက်တော့၏။ "ပိုင်ရှိုးမင် ခင်ဗျား ကျွန်တော့်ကို လာနောက်နေတာလား"

ပိုင်ရှိုးမင်၏ မျက်နှာပေါ်တွင် ကူကယ်ရာမဲ့သွားသည့် အမူအရာတချို့ ပေါ်ထွက်လာခဲ့၏။ "ဒီအရာရှိက ရှီဇီကို နောက်ပြောင်လိုစိတ် မရှိပါဘူး။ ဒီမတိုင်ခင်အထိ ကျွန်တော် ဒီကိစ္စကို မသိခဲ့ပါဘူး"

တကယ်လို့သာ အားချန်တစ်ယောက် ဒီနေရာတွင် ရှိနေခဲ့လျှင် ပိုင်လူကြီးမင်းက မျက်လုံးဖွင့်ပြီး လိမ်လည်ပြောနိုင်သည့် အရည်အချင်းကို အံ့သြသွားမည်မှာ သေချာလေသည်။

"ကျွန်တော် မယုံဘူး။ သူသေသွားပြီ ဆိုတာကို ကျွန်တော် မယုံဘူး။ ကျွန်တော် မြေအောက် အကျဉ်းထောင်ကို သွားမယ်"

ပိုင်ရှိုးမင်ကတော့ ချက်ချင်း ငြင်းပယ်လိုက်တော့၏။ "ဒီအရာရှိက ဒီကိစ္စကို သဘောမတူနိုင်တာတော့ ခွင့်လွှတ်ပါ။ မြေအောက်အကျဉ်းထောင်ထဲမှာ နန်းတော်ရဲ့ အရေးကြီးအကျဉ်းသားတွေကို ချုပ်နှောင်ထားတာပါ။ မင်ကျင့်စီးကလွဲပြီး ဘယ်သူမှ ဝင်ခွင့်မရှိပါဘူး"

"တကယ်လို့ ကျွန်တော်က မဖြစ်မနေ ဝင်မယ်ဆိုရင်ရော" ကျန်းကျင့်ဟွိုင်၏ လေသံသည် အလွန်မာကျော လှသော်ငြားလည်း ပိုင်ရှိုးမင်ကတော့ စိတ်ကောင်းရှိစွာဖြင့် သူ့ကိုလမ်းညွှန်ပြ လိုက်လေသည်။ "ဒါဆိုရင်တော့ ရှီဇီက အရင်ဆုံး တပ်မှူးချုပ်ဆီကနေ ဖြတ်သန်းခွင့်လက်မှတ် သွားတောင်းသင့်ပါတယ်။ တပ်မှူးချုပ်က အခု ရှန်းမိသားစု အိမ်တော်မှာ နေထိုင်နေပါတယ်။ ရှီဇီသာ လက်မှတ် ယူလာနိုင်မယ်ဆိုရင် ဒီအရာရှိက ခင်ဗျားရဲ့တောင်းဆိုမှုကို လက်ခံပေးမှာပါ"

ကျန်းကျင့်ဟိုင်သည် ပိုင်ရှိုးမင်ကို စူးစိုက်စွာ တစ်ချက် ကြည့်လိုက်ပြီးနောက် စကားတခွန်းမှ ထပ်မပြောဘဲ လှည့်ထွက်သွား လေတော့သည်။

သူ ထွက်ခွာသွားပြီး မကြာခင်မှာပင် ရှန်ကျော်တစ်ယောက် လန်းလန်းဆန်းဆန်း အမူအရာဖြင့် ရောက်လာခဲ့၏။ "ငါ ခုနက မြင်လိုက်တာ လီမြို့စားရှီဇီ မဟုတ်လား။ သူ ဘာလာလုပ်တာလဲ"

ပိုင်ရှိုးမင်က ပြောလိုက်၏။ " မြေအောက်အကျဉ်းထောင်ထဲ ဝင်ချင်လို့တဲ့။ ငါ ငြင်းလိုက်ပြီး တပ်မှူးချုပ်ဆီက လက်မှတ် သွားတောင်းခိုင်းလိုက်တယ်"

ရှန်ကျော်၏ လေသံကတော့ ပေါ့ပေါ့ပါးပါးပင်။ "အဘိုးကြီးချင်က ရှန်းမိသားစုထဲမှာ မထင်မှတ်ထားတဲ့ ပစ္စည်းတွေတွေ့လို့ သုတေသန လုပ်နေတုန်းပဲ ရှိသေးတယ်။ သူက ဒီလို မှူးမတ်မျိုးနွယ်က ညီအစ်ကို သားသမီးတွေကို လာတွေ့ဖို့အချိန် ဘယ်ရှိမှာလဲ။ သူတို့တွေ တနေ့တနေ့ ဘာတွေစဉ်းစားနေလဲ မသိတော့ဘူး။ ငါတို့မင်ကျင့်စီးရဲ့ နေရာကိုတောင်မှ လာပြီး စပ်စုချင်နေကြသေးတယ်"

ရှန်ကျော်၏ တရစပ်ပြောဆိုနေသည့် စကားများကို နားထောင်ရင်း ပိုင်ရှိုးမင်သည် မိမိကိုယ်တိုင်အတွက် လက်ဖက်ရည်တစ်ခွက် ငှဲ့လိုက်လေသည်။ သူက လက်ဖက်ရည်ခွက်ကို မြှောက်ကိုင်လိုက်ပြီး လွင့်ပျံ့နေသည့် လက်ဖက်ရည်နံ့များကြားတွင် နှုတ်ခမ်း တောင့်လေးက အနည်းငယ် ကွေးတက်သွားတော့၏။

ကျန်းကျင့်ဟွိုင်က ပိုင်ရှိုးမင်ထံသို့ လူလာတောင်းသည့် သတင်းကို တခြားသူများ မသိရှိသလို ရှန်းဟွေရွှယ်သည်လည်း သိရှိနိုင်မည် မဟုတ်သည်မှာ သဘာဝပင်။

သူမနှင့် သူမအမေသည် အားချန်နောက်သို့ လိုက်သွားကာ ခြံဝင်းငယ်လေးထဲတွင် နေရာပြောင်းရွေ့ နေထိုင်လိုက်၏။

ယခုအခါ သူမအမေ၏ ခြံဝင်းတွင် နေထိုင်လို့ မဖြစ်တော့‌ချေ။ ကံကောင်းသည်ကလည်း မဖမ်းဆီးခံရခင်က သူတို့သည် အဒေါ်ဝူကို နေရာချထား ပေးခဲ့ပြီးဖြစ်သဖြင့် နောက်ဆံတင်းစရာ မရှိတော့ချေ။

အားချန်၏ ခြံဝင်းငယ်လေးသည် မကျယ်ဝင်လှဘဲ နေထိုင်နိုင်သည့် အခန်းနှစ်ခန်းသာ ရှိလေသည်။ ချန်ဟွေ့က သူမ၏အခန်းကို သားအမိနှစ်ယောက်အား ဖယ်ပေးလိုက်ပြီး သူမကတော့ အားချန်နှင့်အတူ တစ်ခန်းထဲနေထိုင်လိုက်၏။

မြေအောက် အကျဉ်းထောင်ထဲတွင် တစ်နေ့နှင့်တစ်ဝက်ခန့် နေထိုင်ခဲ့ရသောကြောင့် ချန်ဟွေ့သည် သူ့အတွက် ရေချိုးရန် ရေနွေးများပြင်ဆင် ပေးထားလေသည်။ ဒီအချိန်တွင် သူမအမေကလည်း ကန့်လန့်ကာ အနောက်ဘက်တွင် ရေချိုးလို့နေ၏။

ရှန်းဟွေရွှယ်က ကုတင်စောင်းတွင်ထိုင်ရင်း သူ့လက်ကို ငုံ့ကြည့်ကာ မျက်လုံးများထဲတွင်လည်း နားမလည်နိုင်ခြင်းများ ပြည့်နှက်နေတော့သည်။

သူမသည် အနာဂတ်တွင် မည်သို့ရှေ့ဆက်ရမည်ကို မသိတော့ချေ။

ယခင်က နေထိုင်ခဲ့ရသည့် ဘဝသည် သူမလိုချင်သည့်အရာ မဟုတ်သော်ငြားလည်း သူမသည် ထိုအတိုင်း ဆက်လက် နေထိုင်သွားရမည်ကို သိရှိနေခဲ့လေသည်။

ကျန်းကျင့်ဟွိုင်က စေ့စပ်လိုက်ပြီ ဖြစ်သော်ငြား သူမက သူ့ဘေးတွင် ဆက်လက်နေထိုင်ရဦးမည်။ ထိုအချိန်ကတည်းက သူမသိရှိခဲ့သည်မှာ အနာဂတ်တွင် လီမြို့စားကြီး၏ မနှစ်သက်မှုကို ရင်ဆိုင်ရုံသာမက ကျန်းကျင့်ဟွိုင် ဇနီးဖြစ်သူ၏ မုန်းတီးမှုကိုလည်း ရင်ဆိုင်ရဦးမည် ဖြစ်ကြောင်းကိုပင်။

သူမ၏ အနာဂတ်သည် ဘယ်သောအခါမှ သူမကိုယ်တိုင် ဆုံးဖြတ်ခွင့်မရှိခဲ့ချေ။

သို့သော် ယခုအခါတွင်တော့ သူမကို ချည်နှောင်ထားသော စာချုပ်သည် ရုတ်တရက် ပျောက်ကွယ်သွားခဲ့လေပြီ။

ရှန်းဟွေရွှယ်သည် ငေးမောနေစဉ်မှာပင် ရှန်းချင်းဝူက ချန်ဟွေ့၏ အဝတ်အစားကို ဝတ်ဆင်ကာ ထွက်လာခဲ့၏။ သမီးဖြစ်သူက လက်ဖမိုးကို စိုက်ကြည့်နေသည်ကို မြင်လိုက်ရသောအခါ သူမကလည်း ဘေးတွင် ဘာမှမပြောဘဲ ထိုင်လိုက်တော့၏။

ခဏလောက် တိတ်ဆိတ်နေလိုက်ပြီးမှ သူမကပြောလိုက်လေသည်။ "ဟွေရွှယ် အမေအရင်တုန်းက သမီးကိုပြောပြခဲ့တဲ့ ကိစ္စကို မှတ်မိသေးလား"

ရှန်းဟွေရွှယ်သည် အမေဖြစ်သူကို ကြည့်လိုက်ပြီးအနည်းငယ် တုံ့ဆိုင်းသွားပြီးမှ ပြောလိုက်၏။ "မိစ္ဆာမျိုးနွယ်အဖြစ် ပြောင်းလဲသွားမယ့် ကိစ္စကို ပြောတာလား"

ရှန်းချင်းဝူက ခေါင်းငြိမ့်ပြလိုက်၏။ "ဟုတ်တယ်။ သမီး ဘယ်လို စဉ်းစားထားလဲ"

ရှန်းဟွေရွှယ် တစ်ယောက် ချက်ချင်းပြန်မဖြေ နိုင်တော့ချေ။ သိပ်မကြာသေးခင်က ဖြစ်ပျက်ခဲ့သည့်ကိစ္စများက အလွန်များပြားလွန်းနေသဖြင့် သူမ စဉ်းစားချိန် မရခင်မှာပင် အကျဉ်းထောင်ထဲသို့ ရောက်ရှိသွားခဲ့လေသည်။

သူမက သေဆုံးတော့မည်ဟု ထင်မှတ်ထားခဲ့သော်ငြားလည်း ဒီလိုအလွယ်တကူ အကျဉ်းထောင်ထဲမှ ထွက်ခွာလာနိုင်ခဲ့သည်။

နှစ်ရက်သာ ကြာမြင့်သေးသော်ငြား အနိမ့်အမြင့် အတက်အကျများကို ကြုံတွေ့ခဲ့ရ၏။ ယခင်က အမေဖြစ်သူ ပြောခဲ့သည့်စကားများကြောင့် ထိတ်လန့်တုန်လှုပ် ခဲ့ရသော်ငြားလည်း ယခုအချိန်တွင်တော့ ထိုနေ့ကလို တုန်လှုပ်ကြောက်ရွံ့မှုများ မရှိတော့ချေ။

သေခြင်းရှင်ခြင်း ရှေ့မှောက်တွင် လူဖြစ်စေ၊ မိစ္ဆာဖြစ်စေ အသက်ရှင်ခြင်းထက် အရေးကြီးသည်မှာ မရှိတော့ချေ။

သူမသည် ခဏလောက် စဉ်းစားလိုက်ပြီးမှ ပြောလိုက်တော့သည်။ "အမေ သမီးအားချန်နဲ့ အရင်ဆုံးစကား သွားပြောလိုက်ဦးမယ်"

သူမသည် သူမ၏ဘဝအတွက် မသေချာ မရေရာမှု များစွာရှိနေသော်ငြား အားချန်ကတော့ သူမနှင့်ဆန့်ကျင်ဘက်ပင်။ ဒီအချိန်တွင် သူမသည် အားချန်၏ အကြံဉာဏ်ကို ပိုပြီးနားထောင် ချင်မိလေသည်။

"ကောင်းပြီလေ" ရှန်းချင်းဝူကလည်း ခေါင်းငြိမ့်ပြလိုက်ကာ "အရင်ဆုံး ရေသွားချိုးလိုက်ဦး။ အကျဉ်းထောင်ထဲက ကပ်ငြိလာတဲ့ မကောင်းတဲ့ အငွေ့အသက်တွေကို ဆေးကြောပြီးမှ အားချန်ကို သွားတွေ့လိုက်"

ရှန်းဟွေရွှယ်ကလည်း သဘောတူ လိုက်တော့သည်။ သူမကရိုးရိုးရှင်းရှင်း ရေချိုးသန့်စင်ပြီးနောက် တစ်ယောက်တည်း အားချန်၏အခန်းသို့ သွားလိုက်တော့သည်။

ချန်ဟွေ့သည် သူမကအားချန်နှင့် ပြောစရာရှိသည်ဟု ထင်မိသဖြင့် ရှန်းချင်းဝူနှင့် စကားသွားပြောမည်ဟု အကြောင်းပြကာ ထွက်လာခဲ့လိုက်လေသည်။

ဒီအချိန်တွင် အားချန်သည် ဆံပင်များကို ဖြည်ချထား၏။ ရှည်လျား နက်မှောင်လှသည့် ဆံနွယ်တွေများသည် သူမ၏မျက်နှာဘေးတွင် နူးညံ့စွာ ဝဲကျနေပြီး လက်ဖဝါးအရွယ် မျက်နှာလေးကိုသာ မြင်ရလေသည်။ သူမသည် အတွင်းခံအင်္ကျီကို ဝတ်ဆင်ထားပြီး ခြေဗလာဖြင့် ကုတင်ပေါ်တွင် ထိုင်နေလေသည်။

ရှန်းဟွေရွှယ် ဝင်လာသည်ကို မြင်ရသောအခါ သူမကို လက်ယမ်းပြလိုက်တော့၏။ "လာလေ။ ထိုင်"

ရှန်းဟွေရွှယ်က ကုတင်ဘေးတွင် ထိုင်လိုက်ပြီး အားချန်၏အကြည့်များ အောက်တွင် သူမလာခဲ့သည့် ရည်ရွယ်ချက်ကို ပြောပြလိုက်လေသည်။

"အားချန် အမေက ကျွန်မကို ပြောတယ်။ ကျွန်မအဖေရဲ့ အမြုတေကို သုံးလိုက်ရင် ကျွန်မက မိစ္ဆာမျိုးနွယ်အဖြစ် ပြောင်းလဲသွားနိုင်တယ်တဲ့။ အဲဒါ တကယ်ပဲလား"

အားချန်က ခေါင်းငြိမ့်ပြလိုက်ကာ " တကယ်ပဲ။ ဒီနည်းလမ်းကို ကျွန်မက သူ့ကို ပြောပြခဲ့တာ"

ရှန်းဟွေရွှယ်သည် တစ်ဖန် အတွေးနှစ် သွားပြန်လေသည်။

အားချန်က သူမချီတုံချတုံ ဖြစ်နေဆဲဟု ထင်မှတ်သွားပြီး သူမကို အတင်းအကြပ် မတိုက်တွန်းလိုပဲ ထပ်ပြော လိုက်လေသည်။ "တကယ်လို့ ရှင်က မိစ္ဆာမျိုးနွယ်အဖြစ် မပြောင်းလဲ ချင်ဘူးဆိုရင်လည်း ကိစ္စမရှိပါဘူး။ ဒါက မဖြစ်မနေ လက်ခံရမယ့် ကိစ္စမျိုးမှ မဟုတ်တာ"

ရှန်းဟွေရွှယ်သည် ခေါင်းခါလိုက်ပြီး ခပ်တိုးတိုး ပြောလိုက်တော့သည်။ "ကျွန်မ တကယ်တော့ မတွေဝေတော့ပါဘူး။ ကျွန်မအတွက်ကတော့ လူဖြစ်ဖြစ် မိစ္ဆာတစ်ပိုင်းပဲဖြစ်ဖြစ် မိစ္ဆာပဲဖြစ်ဖြစ် သိပ်ပြီး မကွာခြားတော့ပါဘူး။ ကျွန်မက မိစ္ဆာအဖြစ် ပြောင်းလဲသွားမှာကို ကြောက်တာ မဟုတ်ဘူး။ တကယ်လို့ မိစ္ဆာဖြစ်သွားတာက ကျွန်မအတွက် ပိုကောင်းမယ်ဆိုရင် မိစ္ဆာဖြစ်လိုက်ရုံပဲပေါ့"

" ဒါဆိုရင် ရှင်က ဘာကိုကြောက်နေတာလဲ" အားချန်က နားမလည်နိုင် ဖြစ်သွားတော့သည်။

ရှန်းဟွေရွှယ်က အနည်းငယ် တုံ့ဆိုင်းသွားပြီး ရုတ်တရက် စကားလမ်းကြောင်း ပြောင်းလိုက်တော့သည်။ "ရှန်း မိသားစုတွေက မကြာခင်အားလုံး အသတ်ခံရတော့မယ်။ ကျွန်မနဲ့ကျွန်မအမေက ရှင့်ကြောင့် အသက်ရှင်ခွင့်ရခဲ့တာ။ ဒီလိုဖြစ်သွားမှတော့ နောက်ဆိုရင် လူတွေရှေ့မှာ ပေါ်ပေါ်တင်တင် သွားလာလို့ မရတော့ဘူး မဟုတ်လား"

အားချန်က ခဏလောက် စဉ်းစားလိုက်ပြီးမှ ပိုင်ရှိုးမင်ပြောလာသည့် အခြေအနေကို ပွင့်ပွင့်လင်းလင်း ပြောပြလိုက်တော့သည်။ "ဟုတ်တယ်။ ပိုင်ရှိုးမင်းက ရှင်တို့ကို လွှတ်ပေးဖို့ သဘောတူလိုက်တဲ့ အခြေအနေကတော့ နောက်ဆိုရင် ရှင်တို့တွေ သာ့ရှမှာ ဆက်နေလို့ မရတော့ဘူး"

ရှန်းဟွေရွှယ်သည် သက်ပြင်းတစ်ချက်ချ လိုက်ပြီး အားချန်ကို ပြောလိုက်တော့၏။ "ဒါက ကျွန်မ ကြောက်နေတဲ့အရာပဲ။ ကျွန်မက အမြဲတမ်း သူများ မွေးမြူထားသလို နေခဲ့ရတာ။ သူတို့က ကျွန်မရဲ့ဘဝကို စီစဉ်ပေးထားတာ။ ဒါပေမဲ့ အခုဘယ်သူမှ မစီစဉ်ပေးတော့ဘူး"

"ကျွန်မအရမ်း စိတ်ရှုပ်ထွေးနေတယ်။ သာ့ရှပြည်က ထွက်သွားရင် ဘယ်နေရာကို သွားပြီးနေထိုင်ရမှာလဲ။ ဘယ်လိုနေထိုင်ရမှာလဲ။ ဒါတွေကို မသိဘူး။ ကျွန်မနဲ့ ကျွန်မအမေကတကယ်ပဲ နေထိုင်စရာနေရာ တစ်ခုရှာတွေ့နိုင်ပါ့မလား။ ကျွန်မ ..."

သူမ၏လေသံသည် ရပ်တန့်သွားပြီး တုံ့ဆိုင်းစွာဖြင့် မေးလိုက်လေသည်။ "အားချန် ကျွန်မဘယ်လိုလုပ်ရမလဲ"

ရှန်းဟွေရွှယ် ဂရုစိုက်သည့် အရာများသည် အားချန် ထင်ထားသည်နှင့် မတူညီခဲ့ပေ။ သို့သော်ငြား စဉ်းစားကြည့်လိုက်တော့လည်း ဒါကလည်း ပုံမှန်ပင်။

ယခုနှင့် လုံးဝ ကွဲပြားနေသောဘဝတွင် နေထိုင်ရန်အတွက် ကြီးမားသောသတ္တိ ရှိရန်လိုအပ်လေသည်။

သူမသည် လူသားတို့၏နယ်မြေသို့ ပထမဦးဆုံး ရောက်ရှိလာချိန်ကလည်း ဒီလိုပင် ကြောက်ရွံ့ တုန်လှုပ်ခဲ့ရသည်။ အကယ်၍ အားမန်အတွက်သာ မဟုတ်လျှင် သူမသည် လူသားတို့၏ နယ်မြေထဲသို့ ခြေတစ်လှမ်းပင် ချရမည် မဟုတ်ပေ။

နောက်ပိုင်းတွင်တော့ ...

အားချန်၏ မျက်နှာသည် အေးစက်သွားပြီး စိတ်မချမ်းမြေ့ဖွယ်ရာ အတိတ်ကို ခဏလောက် ဘေးဖယ်ထားလိုက်ရာ အရေးကြီးသော ကိစ္စများအပေါ်တွင်သာ အာရုံစိုက်ထားလိုက်တော့၏။

သူမသည် သူမသိရှိထားသော သာ့ရှ အပြင်ဘက်က သတင်း အချက်အလက်များကို ခဏလောက် စဉ်းစားလိုက်ပြီး ရှန်းဟွေရွှယ်ကို ဖြည်းဖြည်းခြင်း ပြောပြလိုက်တော့၏။ "သာ့ရှပြည် အပြင်ဘက်မှာ အရမ်းကို ကျယ်ပြောတဲ့ လောကကြီး ရှိတယ်။ ဒါပေမဲ့ အရမ်းအန္တရာယ်များတယ်။ မြောက်ပိုင်းလွင်ပြင်ရဲ့ မြောက်ဘက်က မိစ္ဆာမျိုးနွယ်တွေရဲ့ နယ်မြေပဲ။ မိစ္ဆာမျိုးနွယ်တွေရဲ့ လောကကလည်း အရမ်း ရက်စက်ကြမ်းတမ်းတယ်။ ရှင်က မိစ္ဆာအဖြစ် ပြောင်းလဲသွားရင်တောင် အဲဒီကိုသွားဖို့ ကျွန်မ အကြံမပြုဘူး"

အားချန်သည် ရှန်းဟွေရွှယ်ကို ချင်းယွီတောင်အကြောင်းပင် မပြောပြခဲ့ချေ။ သူမ၏အဘွားဖြစ်သူသည် ဟွေရွှယ်ကို လက်ခံလိမ့်မည်ဟု သူမ မထင်မိချေ။ တကယ်လို့ သူတို့ကို နေထိုင်စရာ နေရာပေးခဲ့လျှင်ပင် ဟွေရွှယ်တို့ သားအမိအတွက် ထိုနေရာသည် နေရာကောင်းတစ်ခု ဖြစ်လာမည် မဟုတ်ချေ။

ရှန်းဟွေရွှယ်က ခေါင်းငြိမ့်ပြလိုက်၏။ အားချန်က မိစ္ဆာမျိုးနွယ်တို့၏ နေရာက မကောင်းဟု ပြောမှတော့ သူမကလည်း သွားလိမ့်မည် မဟုတ်ပေ။

အားချန်က ဆက်ပြောလာခဲ့၏။ “ရှီးလင်ဘက်က တခြားမျိုးနွယ်တွေက လူသားတွေကို မုန်းတီးရုံမကဘူး။ မိစ္ဆာမျိုးနွယ်တွေ အပေါ်ထားတဲ့ သဘောထားက ပိုပြီးတော့တောင် ဆိုးသေးတယ်။ အရေးအကြီးဆုံးကတော့ သူတို့က မထက်မြက်ကြဘူး။ ဦးနှောက်က ကျွန်မတို့နဲ့ မတူသလိုပဲ။ သူတို့နဲ့ ဝေးဝေးနေတာ ကောင်းတယ်။ တောင်ဘက်ကို ကြည့်ပြန်တော့ အဲဒီမှာ ပင်လယ်ပြင်ကြီးတွေရှိတယ်။ ပြီးတော့ နဂါးမျိုးနွယ်တွေ အများကြီးရှိတယ်။ နဂါးမျိုးနွယ်တွေက တိုက်ခိုက်ရတာ ကြိုက်ရုံတင်မကဘူး မျက်လုံးကလည်း ကောင်းကင်ပေါ် ရောက်နေတာ။ တခြားမျိုးနွယ်တွေကို ပိုးကောင်တွေလိုပဲ ကြည့်ကြတာ။ ဘယ်နေရာက ဒီလောက်ယုံကြည်မှုတွေ ရလာလဲတော့ မသိဘူး။ ရှင် အဲဒီကိုမသွားတာ ပိုကောင်းတယ်"

ရှန်းဟွေရွှယ်သည် အားချန်က တခြားမျိုးနွယ်စုများ အကြောင်း တစ်ခုပြီးတစ်ခု ပြစ်တင်ပြောဆိုနေသည်ကို နားထောင်ရင်း ရုတ်တရက် အနည်းငယ် ရယ်ချင်လာတော့သည်။

သူမက မနေနိုင်ဘဲ တွေးမိတော့၏။ ဒီအကြောင်းကို အားချန်က ဘယ်သူ့ဆီက ကြားလာခဲ့တာပါလိမ့်။

အားချန်သည် သူမ ကြားဖူးသည့် သတင်းများကို ကြိုးစားကာ ပြန်လည်စဉ်းစားပြီး နောက်ဆုံးတွင်တော့ နေရာတစ်ခုကို သတိရလိုက်တော့သည်။ "ဟုတ်သားပဲ။ ကျွန်မအရင်တုန်းက ကြားဖူးတယ်။ ကန္တာရနယ်မြေမှာ လူသားတွေနဲ့ မျိုးနွယ်စု အသီးသီးက နေထိုင်ကြတယ်တဲ့။ အဲဒီမှာနေထိုင်တဲ့ မျိုးနွယ်စုအသီးသီးက နှိုင်းယှဥ်ကြည့်ရင် စိတ်သဘောထား ပိုကောင်းပြီးတော့ ငြိမ်းချမ်းကြတယ်။ နေရာကောင်းတစ်ခုလို့ သတ်မှတ်လို့ရတယ်"

" သာ့ရှပြည် အပြင်ဘက်မှာလည်း လူသားတွေ ရှိသေးတာလား" ရှန်းဟွေရွှယ်မှာ တအံ့တဩ မေးလိုက်တော့သည်။

"ရှိတာပေါ့" အားချန်က ပြုံးကာ ပြောလိုက်သည်။ "လောကကြီးက ဒီလောက်ကျယ်ဝန်းတာပဲ။ ဘယ်လိုလုပ်ပြီး နေထိုင်စရာ နေရာမရှိဘဲ နေမှာလဲ"

ရှန်းဟွေရွှယ်၏ အစက စိုးရိမ်ပူပန်နေသည့်စိတ်သည် အားချန်၏စကားကြောင့် ရုတ်တရက် တည်ငြိမ်သွားပြီး မျှော်လင့်ချက်တချို့ပင် ဖြစ်ပေါ်လာခဲ့တော့သည်။ သာ့ရှပြည်မှ ထွက်ခွာရခြင်းသည် ထင်သလောက် ကြောက်စရာ မကောင်းတော့ သလိုပင်။

"အားချန်" ရှန်းဟွေရွှယ်က အားချန်ကို ကြည့်လိုက်ပြီး "အခုပဲ လုပ်လိုက်ရအောင်။ ကျွန်မကို မိစ္ဆာမျိုးနွယ်အဖြစ် ပြောင်းလဲပေးပါ"

"ရှင် ဆုံးဖြတ်ပြီးပြီလား"

ရှန်းဟွေရွှယ်သည် အားတက်သရော ခေါင်းငြိမ့်ပြလိုက်၏။ "ကျွန်မ ဆုံးဖြတ်ပြီးပါပြီ"

"ဒါဆိုရင်လည်း ကောင်းပါပြီ"

အားချန်သည် အမြုတေ ထည့်ထားသည့် ပိုးအိတ်လေးကို ထုတ်ယူလိုက်ပြီး အထဲက အမြုတေကို ထုတ်ကာ ရှန်းဟွေရွှယ်ကို လှမ်းပေးလိုက်၏။

ရှန်းဟွေရွှယ်သည် အမြုတေကို လက်ခံလိုက်ပြီးနောက် မူလက မည်းမှောင်နေသော အမြုတေသည် ရုတ်တရက် အပေါ်မှ ဖုံးလွမ်းထားသည့် အရောင်များ လွင့်ပြယ်သွားသလို အနည်းငယ် တောက်ပလာခဲ့လေသည်။

"အားချန် ဒါက ဘယ်လို ဖြစ်သွားတာလဲ" ရှန်းဟွေရွှယ်က လက်ဖဝါးထဲက အမြုတေကို စိုက်ကြည့်ရင်း တအံ့တဩ မေးလိုက်တော့သည်။

အားချန်က ရှင်းပြလိုက်၏။ "ဒါက ရှင့်အဖေရဲ့ အမြုတေပဲ။ သူ သေဆုံးသွား ပြီးတဲ့နောက်မှာ အမြုတေက အလိုလို ညစ်နွမ်းသွားတတ်တယ်။ ပုံမှန်ဆိုရင်တော့ အမြုတေကို နှိုးထဖို့ မိစ္ဆာစွမ်းအင်ကို သုံးလို့ရသလို ရှင့်သွေးကိုလည်း သုံးလို့ရတယ်။ ဒါပေမဲ့ သူက ရှင်တို့ရဲ့ဆက်ဆံရေးကို အာရုံခံမိသွားတဲ့ပုံပဲ။ ဒါကြောင့်မလို့ တဖြည်းဖြည်း နိုးထလာတာ"

"နောက်တဆင့်ကရော"

"နောက်တစ်ဆင့်ကတော့ ရှင့်ရဲ့မိစ္ဆာစွမ်းအင်နဲ့ အမြုတေကို ဆက်သွယ်လိုက်ပါ။ အမြုတေထဲမှာ မူလပိုင်ရှင်ရဲ့ အသိစိတ်တွေ ရှိနေတတ်တယ်။ ဒါပေမဲ့ ဒီအသိစိတ်က အမြုတေထဲကနေ ထွက်ခွာဖို့ အရမ်းခက်ခဲတယ်။ ရှင်က မိစ္ဆာစွမ်းအင်ကို အထဲကိုပို့လွှတ်ပြီး သူ့ကို ပြောပြရမယ်။ ရှင်ကသူ့ရဲ့ မိစ္ဆာစွမ်းအင်ကို လိုအပ်တယ်။ သူကလည်း သူ့ရဲ့မိစ္ဆာစွမ်းအင်ကို ရှင့်ကိုပေးဖို့ ပြောရမယ်"

ရှန်းဟွေရွှယ်သည် အားချန် ဆက်ပြောမည်ကို စောင့်ဆိုင်းနေ လိုက်သော်လည်း သူမကတော့ ဒီလောက်နှင့်ပဲ ရပ်သွားခဲ့လေသည်။

လူနှစ်ယောက်သည် အပြန်အလှန် ခဏလောက် ကြည့်လိုက်ကြပြီးမှ ရှန်းဟွေရွှယ်က ကြောင်အမ်းအမ်းဖြင့် မေးလိုက်တော့၏။ "ဒီလောက်ပဲလား။ တခြားအဆင့်တွေ မရှိတော့ဘူးလား"

ဒီလောက်ကြီးကျယ်တဲ့ ကိစ္စကို ရှုပ်ထွေးတဲ့ ဓလေ့ထုံးတမ်းတွေနဲ့ လုပ်ရမယ်လို့ ထင်ထားတာလေ။

အားချန်ကလည်း မတတ်တာဘဲ ရယ်မောလိုက်တော့၏။ "ဒီလောက်ကို ရိုးရှင်းပါတယ်။ ရှင်တို့က သားအဖတွေပဲလေ။ ရှင့်အဖေရဲ့ အမြုတေက ရှင့်ကို ငြင်းဆန်မှာ မဟုတ်ပါဘူး"

မိစ္ဆာအားလုံးက သူတို့၏ သားသမီးများကို လက်ခံကြသည် မဟုတ်သော်ငြားလည်း သူမ၏ဦးလေး၆ကတော့ လက်ခံပေလိမ့်မည်။

သူမ၏ ဦးလေး၆သည် ဟွေရွှယ်ကို သူ၏မိစ္ဆာအစွမ်းများ ပေးအပ်ရန် သေချာပေါက် သဘောတူပေလိမ့်မည်။ အကြောင်းမှာ သူမသည် သူ့အမြဲတမ်း တောင်းတနေခဲ့ရသည့် သမီးဖြစ်နေသောကြောင့်ပင်။

ရှန်းဟွေရွှယ်၏ လက်ထဲက အမြုတေသည် တဖြည်းဖြည်း အလင်းရောင်များ ပေါ်ထွက်လာသည်ကို မြင်လိုက်ရသောအခါ အားချန်က ကုတင်ပေါ်မှ ထရပ်လိုက်ပြီး အခန်းကို ရှန်းဟွေရွှယ် အတွက်ချန်ထား ပေးလိုက်တော့၏။

မထွက်ခွာခင်တွင် သူမက နှစ်သိမ့်ပေးလိုက်သေးသည်။ "စိတ်မပူပါနဲ့။ ရှင် အောင်မြင်မှာပါ"

ထိုသို့ပြောလိုက်ပြီးနောက် သူမသည် ထွက်လာခဲ့လိုက်ပြီး ရှန်းဟွေရွှယ် တစ်ယောက်တည်းကိုသာ အခန်းထဲတွင် ထားရစ်ခဲ့လိုက်သည်။

အားချန်သည် ချန်ဟွေ့၏ အခန်းထဲသို့ ဝင်လာခဲ့လိုက်၏။ ဒီအချိန်တွင် ရှန်းချင်းဝူက ချန်ဟွေ့နှင့် စကားစမြည် ပြောဆိုနေသော်ငြား သူမသည် အနည်းငယ် စိတ်မတည်မငြိမ် ဖြစ်နေသည်ကို တွေ့နေရလေသည်။

အားချန် ဝင်လာသည်ကို မြင်လိုက်ရသောအခါ သူမကစိုးရိမ်တကြီး ထရပ်လိုက်တော့၏။ "အားချန်။ ဟွေရွှယ် သူ ..."

"သူ အမြုတေနဲ့ ဆက်သွယ်နေတုန်းပဲ။ သူ အမြုတေထဲက မိစ္ဆာစွမ်းအင်တွေကို စုပ်ယူပြီးသွားရင် ခန္ဓာကိုယ်က တဖြည်းဖြည်း ပြောင်းလဲသွားလိမ့်မယ်။ စိတ်မပူပါနဲ့။ အန္တရာယ်မရှိပါဘူး"

" သူ ... သူ ဒီအတိုင်း သဘောတူလိုက်တာလား" ရှန်းချင်းဝူက မယုံကြည်နိုင်စွာဖြင့် မေးလိုက်လေသည်။ ပထမက သမီးဖြစ်သူသည် တစ်ရက်လောက် စဉ်းစားလိမ့်ဦးမည်ဟု ထင်မှတ်ထားခဲ့ သော်ငြားလည်း တခဏအတွင်းမှာပင် ဆုံးဖြတ်သွားခဲ့၏။

"သူက အစကတည်းက ငြင်းဆန်ဖို့ စိတ်ကူးမရှိခဲ့ပါဘူး"

ထိုသို့ပြောလိုက်ပြီးနောက် အားချန်သည် ဘေးကထိုင်ခုံတွင် ဝင်ထိုင်လိုက်တော့၏။ ရှန်းချင်းဝူသည် နောက်ဆုံးတော့ သတိပြန်ဝင်လာမှ သူမကလည်း စကားစ ပြောလိုက်တော့၏။ "ကျွန်မ မိန်းကလေးချင်းဝူကို မေးစရာကိစ္စ တစ်ခုရှိတယ်။ ရှင် ကျွန်မကို အမှန်အတိုင်း ဖြေပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်"

"ရှင် မေးပါ" အားချန်က သူမတို့သားအမိ၏ အသက်ကို ကယ်တင်ပေးထားခဲ့သည်။ ယခုအခါသူမသည် မည်သည့်အရာကို မေးလာပါစေ ရှန်းချင်းဝူက သူမကိုပြောပြပေမည်။

"ရှင် လျိုဖုန်းရဲ့ ပါးစပ်ကနေ သူ့အစ်ကိုကြီးရဲ့ သတင်းအစအနကို ကြားခဲ့ဖူးလား" အားချန်သည် နောက်ဆုံးတွင်တော့ မေးလိုက်လေတော့သည်။

"ကြားဖူးတယ်။ သူ ပြောတယ်" ရှန်းချင်းဝူသည် ရုတ်တရက် ရပ်တန့်သွား၏။ သူမက အားချန်ကို မည်သည့်ထူးခြားမှုမှ မတွေ့ရစေရန် မျက်နှာအမူအရာကိုလည်း ကြိုးစားပြီး ထိန်းချုပ်ထား လိုက်လေသည်။

"သူ ဘာပြောခဲ့လဲ" အားချန်က အနည်းငယ် စိတ်လှုပ်ရှား သွားကာဖြင့် မေးလိုက်၏။

ရှန်းချင်းဝူက မျက်လွှာကို ချထားလိုက်ကာ "သူ ပြောခဲ့တယ်။ သူ့အစ်ကိုကြီးက ကန္တာရ နယ်မြေကို သွားခဲ့တယ်တဲ့"

အားချန်၏ မျက်လုံးများက တောက်ပသွားတော့သည်။ တကယ်ပဲ တိုက်ဆိုင်လိုက်တာ။

ရှန်းချင်းဝူ ထုတ်မပြောခဲ့သည်မှာ လျိုဖုန်းက သူ့အကိုကြီးသည် ကန္တာရ နယ်မြေသို့သွားခဲ့ပြီး ထိုနေရာတွင် သေဆုံးသွားခဲ့သည်ဟု ပြောခဲ့ခြင်းကိုပင်။

...

All Chapters