← Chapters

သူမ သေချာပေါက် ကြီးပြင်းလာပါလိမ့်မယ်

Vol. 12 Ch. 111

သူမ သေချာပေါက် ကြီးပြင်းလာပါလိမ့်မယ်

Vol. 12 Ch. 111

"ဒါဆို သူက နေရာအတိအကျ ပြောခဲ့သေးလား" အားချန်က ထပ်မေးလိုက်သည်။

ရှန်းချင်းဝူသည် ခေါင်းခါလိုက်ပြီး ဖြေလေသည်။ "သူ မပြောခဲ့ဖူးဘူး"

သည်အကြောင်းကို လျိုဖုန်းက အမှန်တကယ် မပြောခဲ့သလို ပြောရန်လည်း မလိုအပ်ခဲ့ပေ။ အကြောင်းမှာ လျိုဖုန်းက သူမကို သူ၏အစ်ကိုကြီးအကြောင်း ပြောပြခဲ့သည့်အချိန်တွင် သူ၏အစ်ကိုကြီးသည် သေဆုံးသွားခဲ့သည်မှာ နှစ်အတန်ငယ်ပင် ကြာမြင့်နေပြီဖြစ်၏။

အားချန်သည် အနည်းငယ် စိတ်ပျက်သွားဟန် ပေါ်သော်လည်း ရှန်းချင်းဝူ၏ နှုတ်မှ ထိုသတင်းကို ကြားသိရခြင်းသည် သူမအတွက် လုံလောက်နေပြီ ဖြစ်သည်။ သူမက ဆက်မမေးတော့သဖြင့် ရှန်းချင်းဝူမှာ စိတ်ထဲမှ တိတ်တဆိတ် သက်ပြင်းချမိလေသည်။

ထို့နောက်တွင် အားချန်သည် ရှန်းဟွေရွှယ်ကို ပြောခဲ့သည့်အတိုင်း သူတို့အနေဖြင့် သာ့ရှပြည်မှ အမြန်ဆုံး ထွက်ခွာရန် လိုအပ်သည့်အကြောင်းကို ရှန်းချင်းဝူအား တစ်ပါတည်း ပြောပြလိုက်၏။

ရှန်းချင်းဝူထံတွင် ထူးထူးခြားခြား တုံ့ပြန်မှု မရှိခဲ့ပေ။ ယခင်က သူမသည် ရှန်းဟွေရွှယ်ကို ရှီးလင်တွင် နေရစ်မည်ဟု ပြောခဲ့ခြင်းမှာ မိမိကိုယ်ကို သေခြင်းတရားမှ မလွတ်မြောက်နိုင်ကြောင်း သိရှိသောကြောင့်သာ ဖြစ်သည်။ ယခုအခါ သမီးဖြစ်သူနှင့်အတူ ထွက်ခွာနိုင်မည်ဖြစ်ရာ မည်သည့်နေရာသို့ သွားရသည်ဖြစ်စေ သူမက သဘောတူလေသည်။

"ဟွေရွှယ်က ရှင်နဲ့ သွားမယ့်နေရာကို တိုင်ပင်ပြီးသွားပြီလား" သူမက အားချန်ကို မေးလိုက်၏။

အားချန်က ခေါင်းညိတ်လိုက်သည်။ "တိုက်ဆိုင်လိုက်တာ။ ကျွန်မ ခုနကပဲ သူ့ကို ပြောနေတာ။ ကန္တာရနယ်မြေက မဆိုးတဲ့ နေရာတစ်ခုလို့ ပြောရမယ်။ အဲဒီမှာ မျိုးနွယ်စုပေါင်းစုံ ရောနှောနေထိုင်ကြတယ်။ တကယ်လို့ ဟွေရွှယ်သာ မိစ္ဆာအဖြစ် အောင်အောင်မြင်မြင် ပြောင်းလဲနိုင်ခဲ့ရင် သူ့ရဲ့ကျင့်ကြံမှုက အနည်းဆုံး အဆင့် ၃ မှာ ရှိလိမ့်မယ်။ နည်းနည်းလောက် သတိထားလိုက်ရင် ရှင်တို့တွေ အဲဒီမှာ ဘေးမသီရန်မခ ဘဝကို ဖြတ်သန်းနိုင်မှာပါ"

ရှီးလင်တွင် အဆင့် ၄ ပညာရှင်များ ရုတ်တရက် အများအပြား ပေါ်ထွက်လာခဲ့သော်လည်း အမှန်တကယ်တွင် အဆင့် ၄ သည် သိပ်ပြီး အတွေ့မများလှပေ။ အဆင့် ၅ ကတော့ ပိုလို့ပင် ရှားပါးလှသည်။ အဆင့် ၃ ကျင့်ကြံမှုဖြင့် အပြင်လောကတွင် လုံလောက်အောင် သတိကြီးကြီး ထားပြီး ဒုက္ခမရှာသရွေ့ ကောင်းမွန်စွာ နေထိုင်နိုင်ပေသည်။

"ကောင်းသားပဲ။ ဒါဆို ကန္တာရနယ်မြေကိုပဲ သွားကြတာပေါ့။ နာမည်ကြားရုံနဲ့တင် နေလို့ကောင်းမယ့် နေရာတစ်ခု ဖြစ်လောက်တယ်"

လွန်ခဲ့သော နှစ်ပေါင်းများစွာက သူမသည် ထိုနေရာအကြောင်းကို လျိုဖုန်း၏ နှုတ်မှ ပထမဆုံးအကြိမ် ကြားသိခဲ့စဉ်ကတည်းက သည်လိုပင် ထင်မြင်ခဲ့သည်။ ထိုစဉ်က လျိုဖုန်းက အခွင့်အရေးရလျှင် သူမကို လိုက်ပို့ပြီး ကြည့်ခိုင်းဦးမည်ဟုပင် ပြောခဲ့သေးသည်။ ဆယ်နှစ်ကျော်ကြာပြီးနောက် သူတို့သည် ထိုနေရာတွင် သွားရောက် အခြေချနေထိုင်ကြရလိမ့်မည်ဟု မည်သူက ထင်ထားနိုင်မည်နည်း။

သည်အချိန်တွင် ချန်ဟွေ့က စကားစလိုက်၏။ "သာ့ရှပြည် အပြင်ဘက်ကို သွားမှာဆိုတော့ မြေပုံ ကြိုတင်ပြင်ဆင်ထားဖို့ လိုမလား။ ဒါပေမဲ့ ဈေးထဲမှာ ဒီလိုမြေပုံမျိုး ဝယ်လို့ရပါ့မလား"

သည်မေးခွန်းသည် အဓိကအချက်ကို တည့်တည့်မတ်မတ် ထိမှန်သွားခဲ့၏။ အားချန်က ခဏလောက် စဉ်းစားပြီးနောက် ပြောလိုက်တော့သည်။ "မနက်ဖြန်ကျရင် ငါတို့ သွားရှာကြည့်ကြတာပေါ့" အကယ်၍ အမှန်တကယ် ရှာမတွေ့ပါက သူမသည် မိမိသိရှိထားသည့် အကြောင်းအရာအချို့ကို အားကိုးကာ လက်ဖြင့်သာ ရေးဆွဲရတော့မည်။

...

သူတို့သုံးဦးသည် အခန်းထဲတွင် နာရီဝက်ခန့် ထိုင်နေခဲ့ကြသည်။ သူတို့သည် ထွက်ခွာသည့်အခါ ယူဆောင်သွားရမည့် မရှိမဖြစ် နေ့စဉ်သုံး ပစ္စည်းများအကြောင်းနှင့် မျိုးနွယ်စုအသီးသီး၏ ရှောင်ကြဉ်ရမည့် အချက်များကို ဆွေးနွေးနေကြရာ မတော်တဆ ဒုက္ခတက်မည်ကို ရှောင်ရှားနိုင်လိမ့်မည်။ အချိန်အများစုတွင် အားချန်က ပြောကြားပြီး ရှန်းချင်းဝူက အလေးအနက် နားထောင်နေခဲ့သည်။

ထိုအခိုက်တွင်ပင် တံခါးအပြင်ဘက်မှ ကုတ်ခြစ်သံတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့၏။

သုံးဦးသား စကားပြောနေရာမှ ရပ်တန့်လိုက်ကြပြီး ချန်ဟွေ့က ရှေ့သို့တိုးကာ တံခါးကို ဖွင့်လိုက်လေသည်။ အပြင်ဘက်မှ တစ်ကိုယ်လုံး ဖြူဆွတ်နေပြီး အမြီး ၆ ချောင်းပါသည့် အလုံးလေးတစ်လုံး လှိမ့်ဝင်လာခဲ့ပြီး ထိုအလုံးလေး၏ အမြီးဖျားများတွင် အဝါရောင် အမွေးနုလေးများ အနည်းငယ် ပါရှိနေသည်။

အားချန်သည် ထိုမြင်ကွင်းကို တွေ့သောအခါ ရှေ့သို့ အရင်ဆုံး လှမ်းလာပြီး ထိုအလုံးလေးကို ပွေ့ချီလိုက်ပြီး လက်ထဲမှ အထိအတွေ့ကို တိတ်တဆိတ် ခံစားကြည့်လိုက်ရာ အသားများဖြင့် ပြည့်တင်းနူးညံ့နေလေသည်။ အမွေးဖွားဖွားများကြားတွင် နစ်မြုပ်နေသော မြေခွေးမျက်နှာလေးသည် ထိုအခါမှ ပေါ်ထွက်လာခဲ့၏။

"ဟွေရွှယ်" ရှန်းချင်းဝူသည်လည်း အနားသို့ တိုးကပ်လာခဲ့ပြီး သူမ၏ မျက်ဝန်းများတွင် အံ့ဩမှုများ ပြည့်နှက်နေသည်။

ရှန်းဟွေရွှယ်သည် ပါးစပ်ဟလိုက်သော်လည်း လူသံ ထွက်ပေါ်လာခြင်း မရှိခဲ့ပေ။

"အားချန်၊ ဟွေရွှယ် ဒါက ဘယ်လိုဖြစ်သွားတာလဲ"

"ဘာမှမဖြစ်ပါဘူး" အားချန်က ပေါ့ပါးသော အမူအရာဖြင့် ပြောလိုက်သည်။ "သူက မိစ္ဆာစွမ်းအင်ကို ခုမှရလို့ မထိန်းချုပ် တတ်သေးတာပါ။ အချိန်အတိုင်းအတာ တစ်ခုလောက် အသားကျသွားရင် သူက မိစ္ဆာခန္ဓာကိုယ်ကို လွတ်လွတ်လပ်လပ် ထိန်းချုပ်နိုင်သွားမှာ။ ပြီးတော့ စကားလည်း ပြောနိုင်သွားပါလိမ့်မယ်"

သူမသည် ရှန်းဟွေရွှယ်၏ အမြီးများကို ရေတွက်ကြည့်လိုက်ရာ အမြီး ၆ ချောင်းဖြစ်သဖြင့် အဆင့် ၃ သို့ အမှန်ပင် ရောက်ရှိသွားပြီ ဖြစ်သည်။ သူမ၏ ရင်ခွင်ထဲတွင် ပွေ့ချီခံထားရသော ရှန်းဟွေရွှယ်က ခေါင်းညိတ်ပြလိုက်ရာ အားချန်က လက်မြှောက်လိုက်ပြီး သူမ၏ ဦးခေါင်းလေးကို ပွတ်သပ်ပေးလိုက်၏။ ရှန်းဟွေရွှယ်၏ နားရွက်လေးများ လှုပ်ရှားသွားပြီး ခေါင်းလေးစောင်းကာ သူမ၏လက်ကို ပွတ်သပ်နေလေသည်။

ရှန်းဟွေရွှယ်သည် ယခုအခါ စကားမပြောနိုင်သည့်အပြင် လူအသွင်လည်း မပြောင်းနိုင်သေးသဖြင့် အားချန်သည် သူမအား အမြုတေကို စုပ်ယူခဲ့သည့် ဖြစ်စဉ်အကြောင်း ဆက်လက်မေးမြန်းရန် အဆင်မပြေတော့ဘဲ သူမ ပြန်လည်ကောင်းမွန်လာမှသာ ပြောဆိုရန် ဆုံးဖြတ်လိုက်သည်။ ကောင်းကင်ကို ကြည့်လိုက်ရာ အချိန်လည်း မစောတော့သဖြင့် အားချန်နှင့် ချန်ဟွေ့တို့သည် မိမိတို့၏ အခန်းသို့ ပြန်သွားကြပြီး ရှန်းဟွေရွှယ်ကိုတော့ ရှန်းချင်းဝူ၏ လက်ထဲသို့ လွှဲပြောင်းပေးခဲ့လေသည်။

"ဟွေရွှယ်၊ ငါတို့ အိပ်ကြတော့မလား" ရှန်းချင်းဝူသည် နူးညံ့အိစက်နေသော သမီးငယ်လေးကို ပွေ့ချီထားရင်း သူမ၏ နှလုံးသားသည်လည်း အရည်ပျော်ကျသွားသလို ခံစားလိုက်ရသည်။

မြေခွေးငယ်လေးသည် ခေါင်းညိတ်ပြပြီး သမ်းဝေလိုက်၏။ သမီးဖြစ်သူကို ကုတင်ပေါ်သို့ ပြန်လည် ပွေ့ချီတင်ပေးပြီး နေရာတကျ သိပ်လိုက်ပြီးနောက် ရှန်းချင်းဝူသည် ဖယောင်းတိုင်ကို မှုတ်ငြိမ်းကာ ကုတင်ပေါ်သို့ ပြန်တက်လာခဲ့သည်။

...

ညသည် တဖြည်းဖြည်း နက်ရှိုင်းလာခဲ့၏။ အိမ်ပြင်ဘက်တွင် ပိုးကောင်ငယ်လေးများ၏ အော်မြည်သံကို တိုးတိုးလေး ကြားနေရသည်။ သူမ၏ ဘေးရှိ ရှန်းဟွေရွှယ်သည် ကိုယ်ပေါ်တွင် ခြုံထားသော စောင်ပါးလေးကို ကန်ထုတ်လိုက်ပြီး ခန္ဓာကိုယ်ကို လုံးထွေးကာ အမြီး ၆ ချောင်းမှာ ပန်းပွင့်တစ်ပွင့်ကဲ့သို့ ဖြာကျလို့နေလေသည်။

သို့သော် ရှန်းချင်းဝူမှာ မျက်လုံးများကို ဖွင့်ထားဆဲဖြစ်ပြီး အိပ်ချင်စိတ် နည်းနည်းမှ မရှိခဲ့ပေ။

ဒါကလည်း ယနေ့ ဖြစ်ပျက်ခဲ့သော အကြောင်းအရာမျိုးစုံကြောင့် စိတ်လှုပ်ရှားနေခြင်း မဟုတ်ဘဲ အစောပိုင်းက အားချန် ရုတ်တရက် ပြောဆိုခဲ့သော လျိုဖုန်း၏ အစ်ကိုကြီးကြောင့် ဖြစ်လေသည်။ အတိတ်မှ မှတ်ဉာဏ်ပေါင်းများစွာသည် အားချန်၏ ရုတ်တရက် ထည့်သွင်းပြောဆိုမှုနှင့်အတူ သူမ၏ ဦးနှောက်ထဲသို့ လှိုက်တက်ဝင်ရောက်လာခဲ့၏။

အချို့အရာများကို သူမသည် မေ့ပျောက်သွားပြီဟု ထင်မှတ်ခဲ့သော်လည်း အမှန်တကယ်တွင် နှလုံးသားထဲ၌ မှတ်သားထားဆဲပင်။ လျိုဖုန်းက သူမကို ပြောကြားခဲ့သော ထိုစကားများသည် မနေ့တစ်နေ့က ပြောခဲ့သလိုပင် ထင်ရှားနေဆဲ။

လျိုဖုန်းသည် သူ၏ အစ်ကိုကြီးကို အလွန်လေးစားကြည်ညိုလေသည်။ မြေခွေးဘုရင်မဟု ခေါ်တွင်သော သူ၏မိခင်နှင့် နှိုင်းယှဉ်ပါက သူ၏စိတ်ထဲတွင် အစ်ကိုကြီးသည်သာ အစွမ်းအထက်ဆုံး ဖြစ်သည်။ တစ်ကြိမ်တွင် သူမသည် လျိုဖုန်း သေရည် အလွန်အကျွံ သောက်သုံးနေသည်ကို တွေ့ရှိခဲ့ပြီး မေးမြန်းကြည့်မှသာ ထိုနေ့သည် သူ၏အစ်ကိုကြီး လွန်လေပြီးသောနေ့ ဖြစ်ကြောင်း သိရှိခဲ့ရသည်။

သူသည် ယခင်က သူ၏အစ်ကိုကြီး မည်မျှ ကောင်းမွန်ကြောင်းကိုသာ ပြောလေ့ရှိပြီး အကြောင်းအရာများစွာကို ထည့်သွင်းပြောကြားခြင်း မရှိခဲ့ပေ။ ထိုနေ့တွင်တော့ တစ်စုံတစ်ယောက်ကို ရင်ဖွင့်လိုဟန်ဖြင့် သူမကို စတင် ပြောပြလာခဲ့သည်။

သူက ပြောပြသည်မှာ သူ၏အစ်ကိုကြီးသည် ဘယ်လောက် ပါရမီ ထူးချွန်ပြောင်မြောက်ပြီး မိစ္ဆာမျိုးနွယ်စုတွင် သြဇာလွှမ်းမိုးခဲ့ကာ မိစ္ဆာဧကရာဇ် တစ်ပါးတည်းသာလျှင် သူနှင့် ယှဉ်ပြိုင်နိုင်စွမ်း ရှိခဲ့သည်ဟူ၏။

ရှန်းချင်းဝူသည် မိစ္ဆာမျိုးနွယ်စုအကြောင်း များစွာ မသိရှိသော်လည်း ရှန်းမိသားစုသည် မိစ္ဆာနှိမ်နင်းသည့် မျိုးနွယ်ဖြစ်သည့် အားလျော်စွာ ရှေးဟောင်းကျမ်းစာအချို့ ကျန်ရစ်နေသေးပြီး ထိုကျမ်းများတွင် မိစ္ဆာဧကရာဇ်၏ ကြီးကျယ်ခိုင်မာပုံကို မှတ်တမ်းတင်ထားခဲ့သည်။

ညီတိုင်းက ကိုယ့်အစ်ကိုကို အင်မတန် တော်တယ်လို့ ထင်ကြတာပဲ ဖြစ်မှာပါ။ သူမက ထိုစဉ်က တွေးမိခဲ့သော်လည်း သူနှင့် သည်လို အကြောင်းအရာငယ်လေးကို အငြင်းအခုံ မလုပ်လိုသဖြင့် မေးလိုက်မိသည်။ "ရှင့်အစ်ကိုက ဒီလောက် တော်တာဆိုရင် သူက ဘာလို့ သေဆုံးသွားရတာလဲ။ ရန်ငြိုးကြောင့် အသတ်ခံလိုက်ရတာလား"

လျိုဖုန်းက ခေါင်းခါလိုက်၏။ "လုံးဝမဟုတ်ဘူး။ ကျွန်တော့်အစ်ကိုက အဆင့် ၅ လေ။ အမေတောင် သူ့ရဲ့ပြိုင်ဘက် မဟုတ်ဘူး။ ပြီးတော့ သူက အငြိုးအတေး အရမ်းကြီးတယ်။ နေ့ခင်းဘက် သူ့ကို ပြစ်မှားမိတဲ့သူကို ညဘက်ကျရင် သူက လက်စားပြန်ချေတော့တာပဲ"

"ဒီလောကမှာ သူ့ရဲ့ရန်သူလို့ သတ်မှတ်နိုင်တဲ့သူတွေလည်း လွန်ခဲ့တဲ့ နှစ်တစ်ရာလောက်ကတည်းက သူ့ရဲ့ပရိယာယ်ထဲ ကျရောက်ပြီး ဝိုင်းဝန်းသတ်ဖြတ်တာကို ခံလိုက်ရတယ်။ သေပုံက တော်တော် ဆိုးဆိုးရွားရွားပဲ။ ဝိညာဉ်တောင် မကျန်ခဲ့ဘူး"

ထိုအခါမှ ရှန်းချင်းဝူသည် အလေးအနက် ဖြစ်လာခဲ့သည်။ လျိုဖုန်းသည် သူ၏အစ်ကိုကြီးအကြောင်း မဟုတ်မမှန် လုပ်ကြံဇာတ်လမ်းများ ဖန်တီးကာ သူမကို လိမ်ညာမည် မဟုတ်ကြောင်း သူမ သိလိုက်တော့၏။ အကြောင်းမှာ ထိုသို့ပြုလုပ်ရန် မည်သည့်အကြောင်းပြချက်မှ မလိုအပ်သောကြောင့်ပင်။ အဆင့် ၅ မြေခွေးမိစ္ဆာဟူသည် သူမ၏ ရှန်းမိသားစု ဘိုးဘေးများပင် တွေ့မြင်ခဲ့ဖူးခြင်း မရှိသည့် အစွမ်းထက် မိစ္ဆာမျိုးနွယ် ဖြစ်သည်။

"သူက ဒီလောက်တောင် တော်တာကို ရှင်က သူတကယ်ပဲ သေသွားပြီဆိုတာ ဘယ်လိုလုပ်ပြီး သေချာနေရတာလဲ" ထိုစဉ်က ရှန်းချင်းဝူသည် သံသယကို ထုတ်ဖော်မေးမြန်းခဲ့သည်။

လျိုဖုန်း၏ မျက်ဝန်းများသည် အနည်းငယ် ဝေဝါးသွားပြီး သူမကို ပြောပြခဲ့လေသည်။ "ကျွန်တော် သူ့ကို နောက်ဆုံးအကြိမ် သွားတွေ့တုန်းက သူက ကျွန်တော့်ကို နောက်ဆိုရင် သူ့ကို ဘယ်တော့မှ မရှာတော့ဖို့ ပြောတယ်။ ပြီးတော့ ချင်းယွီတောင်ကို ပြန်ပြီး အမေ့ကို သူ့ရဲ့ ဝိညာဉ်မီးတိုင်ကို ဖြုတ်သိမ်းလိုက်ဖို့ သွားပြောခိုင်းတယ်"

သူမ နားမလည်သည်ကို မြင်သောအခါ သူက ရှင်းပြခဲ့သည်။ "အမေ့ရဲ့ သားတိုင်းက တောင်ပေါ်ကနေ ထွက်ခွာတဲ့အချိန်မှာ တောင်ထဲမှာ ဝိညာဉ်မီးတိုင် တစ်တိုင်စီ ချန်ထားခဲ့ရတယ်။ ကျွန်တော်နဲ့ အစ်ကိုကြီးလည်း အဲဒီမီးတိုင်ကို ထွန်းညှိခဲ့ဖူးတယ်။ မင်းတို့ လူသားမျိုးနွယ်တွေ ပြောကြတဲ့ လူသေ မီးငြိမ်း ဆိုတာ ဒီအဓိပ္ပာယ်ပဲ။ ကျွန်တော် အဲဒီတစ်ခေါက် တောင်ပေါ်ပြန်ရောက်သွားတဲ့အချိန်မှာ အစ်ကိုကြီးရဲ့ ဝိညာဉ်မီးတိုင်က ငြိမ်းသွားခဲ့ပြီ"

"ဒါဆို သူ့ကို သေအောင်လုပ်တဲ့သူက ဘယ်သူလဲ"

ထိုစဉ်က လျိုဖုန်းသည် အချိန်အတော်ကြာ တိတ်ဆိတ်သွားခဲ့ပြီး သူမ အဖြေကို သိခွင့်ရတော့မည် မဟုတ်ဟု ထင်မှတ်မိသည့် အချိန်မှသာ သူက "ဖြစ်နိုင်တာကတော့... သာ့စောင်(မရီး)ပဲ" ဟု ပြောသည်ကို ကြားလိုက်ရသည်။

"ဘယ်သူ" ရှန်းချင်းဝူသည် မိမိကိုယ်ကို နားကြားမှားသည်ဟု ထင်လိုက်မိသေးသည်။

လျိုဖုန်းက ထပ်ပြောသည်ကို ကြားလိုက်ရပြန်သည်။ "တကယ်လို့ အစ်ကိုကြီးသာ သဘောမတူခဲ့ရင် သူက ဒီလောက် လွယ်လွယ်ကူကူ သေဆုံးသွားမှာ မဟုတ်ဘူး။ ကျွန်တော့်အမေက အစ်ကိုကြီးကို အရမ်း အလေးထားတာ။ သူ့ရဲ့ ဝိညာဉ်မီးတိုင် ငြိမ်းသွားတာကို မြင်တဲ့အချိန်မှာတောင် အဲဒီမီးတိုင်ကိုပဲ တောက်လျှောက် စောင့်ကြည့်နေခဲ့ပြီး တောင်အောက်ဆင်းပြီး သူ့အတွက် လက်စားချေပေးတာမျိုး မလုပ်ခဲ့ဘူး။ စဉ်းစားကြည့်ရတာ အစ်ကိုကြီးက အမေ့ကို ကြိုတင် ပြောပြထားပြီးသား ဖြစ်လောက်တယ်။ သာ့စောင်ကလွဲရင် သူ့ကို ဘယ်သူက သတ်နိုင်ဦးမှာလဲ ဆိုတာ ကျွန်တော် စဉ်းစားလို့မရဘူး"

"ဒါဆို ရှင့်သာ့စောင်ကရော"

"သူလည်း သေသွားလောက်ပြီ ထင်တယ်။ ကျွန်တော်လည်း သိပ်မသေချာဘူး"

"ဘာလို့လဲ"

"သူတို့နှစ်ယောက်ကြားမှာ အစကတည်းက သွေးကြွေးရန်ငြိုးတွေ ရှိနေတာကိုး။ ကျွန်တော့်အစ်ကိုက အတင်းအဓမ္မ တောင်းယူခဲ့တဲ့ ရေစက်မို့လို့ ဒီလိုအခြေအနေထိ ရောက်သွားတာကလည်း ပုံမှန်ပါပဲ"

ထိုအချိန်တွင် ရှန်းချင်းဝူသည် လျိုဖုန်း အမြဲတစေ ပြောလေ့ရှိသည့် သူ၏တူမလေးများကို သတိရလိုက်သည်။ သူ၏ အစ်ကိုနှင့် သာ့စောင်ဆိုသည်မှာ ထိုမြေခွေးငယ်လေး နှစ်ကောင်၏ မိဘများ မဟုတ်ပါလား။ သူမက မနေနိုင်ဘဲ မေးလိုက်သည်။ "ဒီကိစ္စကို ရှင့်တူမ နှစ်ယောက်က သိကြလား"

လျိုဖုန်းက ခေါင်းခါရင်း ပြောခဲ့၏။ "သူတို့ မသိကြဘူး။ အစ်ကိုကြီးက ကျွန်တော့်ကို သူ့အတွက် စကားပါးခိုင်းလို့ ရတာပဲ။ ဒါပေမဲ့ သူက ဘာတစ်ခုမှ မပြောခဲ့ဘူး။ ဒါက သူတို့ကို အသိမပေးဖို့ ဆုံးဖြတ်ထားလို့ပဲ"

"ဒီလိုလုပ်တာက သူတို့အတွက် ပိုကောင်းလို့လား" အရွယ်ငယ်သေးသော ရှန်းချင်းဝူသည် ထိုအခိုက်တွင် ခွဲခြားဆုံးဖြတ်ရန် ခက်ခဲသွားခဲ့သည်။ လျိုဖုန်းနှင့် သူ၏မိခင်တို့က သည်ကိစ္စကို ဖုံးကွယ်ထားခြင်းသည် ထိုမြေခွေးငယ်လေး နှစ်ကောင်အတွက် အမှန်တကယ် ကောင်းမွန်သည့်အရာ ဟုတ် မဟုတ်ကိုပင်။ သို့သော် အမှန်တရားသည် လျိုဖုန်း ပြောခဲ့သလို မိဘနှစ်ပါး အချင်းချင်း သတ်ဖြတ်ခဲ့ကြသည်ဆိုပါက အမှန်တကယ်ပင် ရက်စက်လွန်းလှပေသည်။

လျိုဖုန်းက သူမကို အခိုင်အမာ ပြောခဲ့သည်။ "ဒီလိုရွေးချယ်လိုက်တာက အကောင်းဆုံးပါပဲ"

သူက ပြော၏။ "အားမန်ကတော့ ဒီကိစ္စကို ဂရုစိုက်မှာ မဟုတ်လောက်ဘူး။ သူ့မိဘတွေ အသက်ရှင်နေသည်ဖြစ်စေ၊ သေဆုံးသွားသည်ဖြစ်စေ သူ့အတွက် အရေးမကြီးဘူး။ သူက စပ်စုနေမှာလည်း မဟုတ်ဘူး။ အဲဒီကောင်မလေးက ကြည့်လိုက်ရင် နူးညံ့ပြီး အနိုင်ကျင့်လို့ လွယ်တဲ့ပုံ ပေါက်ပေမယ့် သူ့နှလုံးသားက အေးစက်နေတာ။ သူက အားချန်ကိုပဲ ဂရုစိုက်တယ်"

"ဒုက္ခပေးတာက အားချန်ပဲ။ သူ့ရဲ့ခေါင်းမာတဲ့စိတ်က ဘယ်သူနဲ့ တူနေမှန်း မသိဘူး။ သူ့အဖေအမေဆီက ဂရုစိုက်တာမျိုး တစ်ခါမှ မရခဲ့ဖူးဘဲနဲ့ သူတို့ကိုပဲ အဲဒီလောက် အလေးထားနေတာ"

ထိုတစ်ကြိမ် လျိုဖုန်းက အားချန်အကြောင်း ပြောလာစဉ် သူ၏လေသံထဲတွင် သနားကြင်နာမှုများ ပါဝင်နေခဲ့သည်။

သူက ပြောခဲ့သည်။ "အားချန်က မွေးလာကတည်းက အစ်ကိုကြီးနဲ့ အစ်မကြီးတို့ရဲ့ စွန့်ပစ်တာကို ခံခဲ့ရပြီးသား။ သူ့ကို ဒုတိယအကြိမ် ထပ်ပြီး စွန့်ပစ်ခံရအောင် မလုပ်သင့်တော့ဘူး။ အမှန်တရားကို သိသွားရင် သူ့မိဘတွေက သူ့ကို ဘယ်တုန်းကမှ မရွေးချယ်ခဲ့ဘူး ဆိုတာကိုပဲ ပိုပြီး ရှင်းရှင်းလင်းလင်း သိမြင်သွားတာကလွဲလို့ ဘာထူးမှာလဲ"

"ကျွန်တော့်အစ်ကိုကြီးရဲ့ ထင်ပေါ်ကျော်ကြားမှုတွေကို သူ့သမီးတွေ မသိခဲ့ရဘူး။ သူ့ရဲ့ ကောင်းကျိုးချမ်းသာတွေကိုလည်း သူ့သမီးတွေ မခံစားခဲ့ရဘူး။ သူ သေသွားတဲ့အချိန်မှာတောင် သူ့သမီးတွေကို အသိပေးဖို့ စဉ်းစားခဲ့ပုံမရဘူး။ ဒီလိုမှတော့ သူတို့ကို အသိပေးစရာ မလိုတော့ပါဘူး"

သူက ထပ်ပြောသေးသည်။ "ဒါထက်စာရင် အားချန်ရဲ့ စိတ်ထဲမှာ မျှော်လင့်ချက် အနည်းငယ်လောက် ထားရှိရင်း ဖြည်းဖြည်းချင်း ကြီးပြင်းလာစေတာက ပိုကောင်းပါတယ်။ သူက မြေခွေးမကြီးတစ်ကောင် ဖြစ်လာတဲ့အထိ စောင့်လိုက်ရင် တစ်နေ့နေ့ကျရင် သူက မိဘတွေကို တမ်းတမနေတော့ဘဲ လုံးဝ ခြေလှမ်းသစ်တွေ စနိုင်သွားမှာပါ"

"မိစ္ဆာမျိုးနွယ်တွေ အများကြီးက ဒီလိုမျိုးပဲ။ မိဘမောင်နှမတွေကို ခွဲခွာပြီး ကြီးပြင်းလာကြတာ။ အားချန်က ကြီးပြင်းလာတာ နည်းနည်း နှေးချင်နှေးနေလိမ့်မယ်။ ဒါပေမဲ့ သူက သေချာပေါက် ကြီးပြင်းလာမှာပါ"

လျိုဖုန်း၏ စကားသံများထဲတွင် အားချန်၏ အနာဂတ်အပေါ် မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေခဲ့သည်။

ဒါပေမဲ့ လျိုဖုန်းရယ်... ရှင့်ရဲ့ အားချန်က ကြီးတောင် မကြီးပြင်းသေးဘူး။ မတော်တဆမှုနဲ့ ကြုံတွေ့သွားခဲ့ရပြီ

ရှန်းချင်းဝူသည် မျက်လုံးများကို ဖွင့်ထားရင်း စိတ်ထဲမှ ညည်းညူစွာ သက်ပြင်းချလိုက်မိသည်။ နောက်ထပ် ဆယ်နှစ်ကျော် ကြာမြင့်သွားခဲ့ပြန်ပြီ။ အားချန်သည် လူအဖြစ်သို့ ပြောင်းလဲသွားခဲ့သော်လည်း သူမ၏ ဖခင်ဖြစ်သူ သတင်းကို စုံစမ်းနေဆဲပင်။ သူမသည် လျိုဖုန်း ပြောခဲ့သည့် ကြီးပြင်းလာခြင်းသည် နှစ်မည်မျှ ကြာမြင့်ရန် လိုအပ်သည်ကို သူမ မသိရှိပေ။ သူ ပြောခဲ့သည့်အတိုင်း တစ်နေ့နေ့တွင် အားချန်သည် သူတို့ကို အမှန်တကယ် မေ့ပျောက်သွားလိမ့်မည်ဟုသာ မျှော်လင့်မိလေသည်။

...

ဒုတိယနေ့တွင် အားချန်သည် အိပ်ရာမှ မနိုးသေးမီမှာပင် သူမ၏ ပါးပြင်ပေါ်တွင် စိုစိစိ အထိအတွေ့ကို ရုတ်တရက် ခံစားလိုက်ရသည်။ သူမသည် မျက်လုံးတစ်ဖက်ကို ဖွင့်ကြည့်လိုက်ရာ မြေခွေးလုံးလေး တစ်ကောင်က သူမကို လျက်နေသည်ကို တွေ့လိုက်ရ၏။

"ဟွေရွှယ်၊ နင် နည်းနည်းတော့ ထိန်းချုပ်သင့်တယ်" အားချန်က လေသံတည်တည်ဖြင့် ပြောလိုက်ပြီးနောက် တစ်ဖက်သို့ လှည့်အိပ်လိုက်ကာ လက်တစ်ဖက် ဆန့်တန်းလိုက်ပြီး မြေခွေးလုံးလေးကို ရင်ခွင်ထဲသို့ ဆွဲသွင်း ပွေ့ဖက်ထားလိုက်သည်။

ရှန်းဟွေရွှယ်သည် အိအိ ဟု နှစ်ချက် အော်လိုက်၏။ သူမသည် မိမိ၏ ပင်ကိုယ်ဗီဇကို မထိန်းချုပ်နိုင်သေးဘဲ အသားကျအောင် ကြိုးစားနေဆဲဖြစ်ရာ ခဏလောက် ဆက်လက် လျက်နေလိုက်သေးသည်။

သည်အချိန်သည် မနက် ၉ နာရီခွဲ ဝန်းကျင်ပင် ရှိနေပြီ။ အားချန်သည် မြေခွေးလုံးလေးကို ပွေ့ဖက်ရင်း ကုတင်ပေါ်တွင် ခဏလောက် ဆက်လက် လဲလျောင်းနေခဲ့ပြီးမှ ရှန်းဟွေရွှယ်ကို ပွေ့ချီကာ အခန်းတံခါးမှ အတူတူ ထွက်လာခဲ့သည်။

ချန်ဟွေ့ ရှိမနေခဲ့ပေ။ ရှန်းချင်းဝူသည် အိုးထဲတွင် နွှေးထားသော အစားအစာများကို သယ်ထုတ်လာခဲ့ပြီး အားချန်က ဟိုဟိုဒီဒီ လူလိုက်ရှာနေသည်ကို မြင်မှ သူမကို ပြောလိုက်သည်။ "ဟွေ့ညန်က ကျွန်မအတွက် ပစ္စည်းတွေ သွားဝယ်ပေးနေတယ်။ သူက မနေ့က စာရင်းလုပ်ထားတဲ့ ပစ္စည်းတွေအကုန်လုံးကို ကြိုတင် ဝယ်ထားမယ်လို့ ပြောသွားတယ်"

အားချန်သည် ထိုစကားကို ကြားပြီးနောက် ခေါင်းညိတ်လိုက်ပြီး သူမ၏ မနက်စာကို စားသုံးရန် ထိုင်ချလိုက်လေသည်။ သူမသည် စားသောက်ရင်း စပ်စုနေသော ရှန်းဟွေရွှယ်ကိုပါ တစ်ဖက်မှ ခွံ့ကျွေးနေရသည်။ သူတို့နှစ်ဦး ပျော်ရွှင်စွာ ဆော့ကစားနေသည်ကို မြင်သောအခါ ရှန်းချင်းဝူသည်လည်း အနှောင့်အယှက် မပေးခဲ့တော့ပေ။

မွန်းလွဲ ၁ နာရီ ဝန်းကျင်ရောက်မှသာ ချန်ဟွေ့သည် ပစ္စည်းများ အပြည့်တင်ထားသော လှည်းတစ်စီးဖြင့် ပြန်လည် ရောက်ရှိလာခဲ့သည်။

ထို့နောက် သူမသည် အနည်းငယ် ဟောင်းနွမ်းနေသော ထူးဆန်းသည့် ဇာတ်လမ်းပုံပြင်စာအုပ်တစ်အုပ်ကို အားချန်ထံသို့ ကမ်းပေးလိုက်ပြီး ပြောလိုက်လေသည်။ "ကျွန်မ အရင်က စာအုပ်ဆိုင် ပိုင်ရှင်ဆီမှာ သွားစုံစမ်းကြည့်တော့ အဲဒီပိုင်ရှင်က ကျွန်မရဲ့တောင်းဆိုချက်ကို ကြားပြီးတာနဲ့ ကျွန်မကို ဒီပုံပြင်စာအုပ်ကို ရှာပေးတယ်။ ပြောတာတော့ ဒီအပေါ်မှာ သာ့ရှပြည် အပြင်ဘက်က မြေပုံကို ရေးဆွဲထားတယ် ဆိုပဲ"

အားချန်သည် အနည်းငယ် အံ့အားသင့်သွားပြီး လှန်လှောကြည့်လိုက်သောအခါ စာအုပ်ထဲတွင် သရုပ်ဖော်ပုံများစွာ အမှန်တကယ် ပါဝင်နေသည်ကို တွေ့ရှိလိုက်ရသည်။ ပုံပြင်စာအုပ်၏ နောက်ဆုံးစာမျက်နှာတွင် မြေပုံ အပြည့်တစ်ချပ် ပါရှိပြီး ခန့်မှန်းခြေ နယ်မြေဒေသ ပိုင်းခြားမှုများသာ ရှိနေကာ ကျန်ရှိသည်များမှာ သည်နေရာများကို ဖြတ်သန်းသွားသော ရေပြင်ဒေသများသာ ဖြစ်သည်။ အသေးစိတ် အချက်အလက်များ များစွာ မပါဝင်သော်လည်း အားချန် သိရှိထားသည်များနှင့် များစွာ ကွာခြားခြင်း မရှိခဲ့ပေ။

"ဘယ်လိုလဲ" ချန်ဟွေ့က မေးလိုက်သည်။

အားချန်သည် ပုံပြင်စာအုပ်ကို ရှန်းချင်းဝူထံသို့ ကမ်းပေးလိုက်ရင်း ပြောလိုက်၏။ "အသုံးပြုလို့ရတဲ့ မြေပုံပဲ။ စဉ်းစားကြည့်ရတာ ဒီပုံပြင်စာအုပ်ကို ရေးတဲ့သူက သာမန်လူတစ်ယောက်တော့ မဟုတ်လောက်ဘူး။ ခဏနေရင် ကျွန်မ ကန္တာရနယ်မြေရဲ့ နေရာကို အမှတ်အသား လုပ်လိုက်တာနဲ့ သုံးလို့ရပြီ"

အရှုပ်ထွေးဆုံးဖြစ်သော မြေပုံကိစ္စကို ဖြေရှင်းပြီးသွားသည့်အခါ ကျန်ရှိသော ကိစ္စများအတွက် အလွန်အမင်း စိုးရိမ်ပူပန်နေစရာ မလိုအပ်တော့ပေ။

ထို့နောက်တွင် ချန်ဟွေ့က ပြောလာသည်ကို ကြားလိုက်ရပြန်သည်။ "ဒီနေ့ မင်ကျင့်စီးက ကြေညာချက် ထုတ်ပြန်တယ်။ ရှန်းမိသားစုရဲ့ ပြစ်မှုတွေကို လူအများသိအောင် ကြေညာခဲ့ပြီး မနက်ဖြန် မွန်းတည့်ချိန်မှာ ဈေးထိပ်မှာ ရှန်းမိသားစု အကြီးအကဲနဲ့ သက်ဆိုင်ရာ မျိုးနွယ်စုဝင်တွေကို ခေါင်းဖြတ် အပြစ်ပေးမယ်တဲ့"

သူမသည် ရှန်းချင်းဝူကို ကြည့်ကာ မေးလိုက်၏။ "ရှင် သွားမှာလား"

ရှန်းချင်းဝူက ခေါင်းညိတ်လိုက်ပြီး ပြောလေသည်။ "ဘာပဲဖြစ်ဖြစ် ကျွန်မရဲ့ အစ်ကိုကြီးပဲလေ။ ကျွန်မ သူ့ကို သွားပို့ပေးလိုက်မယ်" ထို့နောက် သူမက ထပ်ဖြည့်ပြောလိုက်သည်။ "ကျွန်မ သတိထားပါ့မယ်။ သူတို့ ကျွန်မကို တွေ့သွားအောင် လုပ်မှာမဟုတ်ပါဘူး"

အားချန်က ခေါင်းညိတ်ပြလိုက်သည်။ သူမသည် ရှန်းမိသားစု၏ ကိစ္စများကို ထိုမျှလောက် အလေးမထားခဲ့ပေ။ ရှန်းမိသားစု ပျက်စီးသွားသည့် အချိန်ကတည်းက သူမသည် ရှန်းမိသားစုအပေါ် စိတ်ဝင်စားမှု ကင်းမဲ့သွားခဲ့ပြီး သူတို့၏ သေခြင်းရှင်ခြင်းကို မည်သို့မျှ ဂရုမစိုက်ဘဲ ပြောလိုက်သည်။ "ဒါဆို ရှင်တို့ သွားကြလေ။ ကျွန်မ အိမ်မှာပဲ ဟွေရွှယ်နဲ့ အဖော်လုပ်ပြီး ဆော့နေလိုက်မယ်"

ပြောပြီးမှ တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် ချန်ဟွေ့ကို ပြောလိုက်လေသည်။ "ဟွေ့ညန်၊ ရှင် အဲဒီအချိန်ကျရင် ရွှဲယင်ကရော အဲဒီအထဲမှာ ပါသလားဆိုတာ ကျွန်မအစား ကြည့်ပေးပါဦး"

ချန်ဟွေ့က ခေါင်းညိတ်ပြလိုက်သည်။ "သိပါပြီ"

...

နောက်တစ်နေ့တွင် ချန်ဟွေ့သည် ဦးခေါင်းတွင် ခမောက်ဝိုင်းကြီး ဆောင်းထားပြီး မျက်နှာတွင် မျက်နှာဖုံးပဝါတစ်လွှာ ပတ်ထားကာ နောက်ဆုံးတွင် မိတ်ကပ်များ ထူထဲစွာ လိမ်းခြယ်ထားသော ရှန်းချင်းဝူကို ခေါ်ဆောင်ပြီး အပြင်သို့ အတူတူ ထွက်ခွာသွားခဲ့သည်။ မထွက်ခွာမီတွင် သူတို့နှစ်ဦးအတွက် မီးဖိုချောင်ထဲ၌ ကြက်ပေါင်းတစ်အိုး ပေါင်းထားခဲ့လေသည်။

အားချန်နှင့် ရှန်းဟွေရွှယ်တို့သည် လက်ဝါးချင်းရိုက် ကစားနည်းကို ဆော့ကစားနေခဲ့ကြပြီး ခဏလောက် မကစားရသေးမီမှာပင် မီးဖိုချောင်ဘက်မှ မွှေးပျံ့သော ရနံ့ကို ရရှိလိုက်ကြသည်။ ထို့ကြောင့် လူတစ်ယောက်နှင့် မြေခွေးတစ်ကောင်တို့သည် မီးဖိုချောင်သို့ ပြေးသွားကြပြီး မီးဖိုရှေ့တွင် ဆောင့်ကြောင့်ထိုင်ကာ မျှော်လင့်တကြီး စောင့်ကြည့်နေကြတော့သည်။

ဟွေ့ညန်က နောက်ထပ် ၁၅ မိနစ်ခန့် ပေါင်းထားရဦးမည်ဟု ပြောခဲ့သဖြင့် သူတို့အားလုံး အနည်းငယ် မစောင့်နိုင်တော့အောင် ဖြစ်နေကြသည်။

အားချန်နှင့်ယှဉ်ကြည့်လျှင် ရှန်းဟွေရွှယ်သည် အနည်းငယ် ပိုပြီး မတည်မငြိမ် ဖြစ်နေသည်။ သူမသည် စူးစမ်းလိုစိတ်ဖြင့် လက်သည်းကို ဆန့်တန်းကာ မီးဖိုတွင်းထဲသို့ ထိုးနှိုက်လိုက်ရာ လက်သည်းပေါ်မှ အမွေးများသည် ကျန်ရှိနေသော အပူရှိန်ကြောင့် မည်းနက်သွားတော့၏။ သူမသည် နာကျင်စွာ အော်ဟစ်လိုက်ပြီး ရုတ်တရက်ပင် လူ့ခန္ဓာကိုယ်အဖြစ်သို့ ပြန်လည် ပြောင်းလဲသွားခဲ့လေသည်။

အားချန်က ရှန်းဟွေရွှယ်ကို မော့ကြည့်လိုက်၏။ သူမ၏ ရုပ်ရည်သည် လုံးဝ ပြောင်းလဲသွားခြင်း မရှိသော်လည်း တစ်ချိန်က သူမသည် မိစ္ဆာတစ်ပိုင်း ဖြစ်ကြောင်း ဖော်ပြနေသည့် လက္ခဏာများကတော့ အားလုံး ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

ရှန်းဟွေရွှယ်သည် မိမိကိုယ်တိုင် အစောပိုင်းက မည်သည့်အရာများ ပြုလုပ်ခဲ့သည်ကို ပြန်လည် သတိရသွားပြီး မျက်နှာကို တိတ်တဆိတ် အုပ်ထားလိုက်တော့သည်။ သို့သော် သူမသည် အချိန်အကြာကြီး အနေရခက် မနေခဲ့ပေ။ အကြောင်းမှာ ၁၅ မိနစ်သည် လျင်မြန်စွာပင် ရောက်ရှိလာခဲ့သောကြောင့်ပင်။

သူမနှင့် အားချန်တို့သည် အလွန် အရသာရှိအောင် ချက်ပြုတ်ထားသော ကြက်ပေါင်းကို ခပ်ထည့်လိုက်ကြပြီး ထမင်းနှစ်ပန်းကန်ကိုပါ ခပ်ထည့်ကာ စားပွဲတွင် အလိုက်တသိ ဝင်ထိုင်ကာ စားသောက်ကြလေသည်။

နှစ်ဦးသားသည် စားသောက်ရင်း စကားပြောဆိုနေကြသည်။

အားချန်က သူမကို မေးလိုက်၏။ "အမြုတေကို စုပ်ယူတုန်းက မတော်တဆမှုတွေ ဖြစ်ခဲ့သေးလား"

"မတော်တဆမှုတော့ မဖြစ်ခဲ့ပါဘူး။ ဒါပေမဲ့ နောက်ပိုင်း မိစ္ဆာစွမ်းအင်က ခန္ဓာကိုယ်ကို ပြုပြင်ပြောင်းလဲပေးတဲ့အချိန်မှာ အရမ်းနာကျင်ခဲ့တယ်" ထိုစဉ်က အခြေအနေကို ပြန်တွေးမိလိုက်ပြီး သူမ၏ မျက်ဝန်းအိမ်များသည် အနည်းငယ် နီရဲလာခဲ့လေသည်။ သို့သော် လျင်မြန်စွာပင် အကြောင်းအရာ တစ်ခုကို သတိရသွားခဲ့ပြီး ပြောလိုက်သည်။ "အားချန်၊ ကျွန်မ အဖေ့ကို တွေ့လိုက်တယ်"

အားချန်မှာ တစ်ချက် ကြောင်ငေးသွား၏။

ရှန်းဟွေရွှယ်က ပြောပြလာ၏။ "ကျွန်မက အားစိုက်ထုတ်စရာတောင် သိပ်မလိုလိုက်ဘူး။ အမြုတေထဲက မိစ္ဆာစွမ်းအင်တွေက သူ့အလိုလို ကျွန်မဆီကို စီးဝင်လာခဲ့တယ်။ နောက်ဆုံး အမြုတေက လုံးဝ စုပ်ယူခံလိုက်ရတော့မယ့် အချိန်မှာ ကျွန်မ သူ့ကို တွေ့လိုက်တယ်။ သူကလည်း ကျွန်မကို ကြည့်နေခဲ့တယ်။ ဒါပေမဲ့ အဲဒီအရိပ်က အရမ်း မှိန်လွန်းတော့ ခဏလေးအတွင်းမှာပဲ ပျောက်ကွယ်သွားခဲ့တယ်"

ရှန်းဟွေရွှယ်၏ စကားသံများထဲတွင် နှမြောတခြင်း အနည်းငယ် ပါဝင်နေလေသည်။

"ဒီလိုကိုး..."

"ဒါပေမဲ့ ကျွန်မနဲ့ အဖေက တကယ်ပဲ ရုပ်ချင်း အရမ်းတူတာ" သူမ မြေခွေးအဖြစ် ပြောင်းလဲသွားသည့်အချိန်တွင် ပထမဆုံး လုပ်ဆောင်ခဲ့သည်မှာ မှန်တင်ခုံပေါ်သို့ တက်ပြီး မှန်ကြည့်ခြင်း ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ အလွန်တူနေလေသည်။

အားချန်မှာ မရယ်မိဘဲ မနေနိုင်တော့ချေ။ မိစ္ဆာအဖြစ်သို့ ပြောင်းလဲသွားပြီးနောက် ရှန်းဟွေရွှယ်သည် များစွာ ပေါ့ပါးသွားသလို ခံစားလိုက်ရသည်။

"အားချန်၊ ရှင့်ကို ကျေးဇူးတင်ပါတယ်။ ကျွန်မ ရှင့်ကို ဘယ်လို ကျေးဇူးပြန်ဆပ်ရမလဲတောင် မသိတော့ပါဘူး" ရှန်းဟွေရွှယ်၏ လေသံထဲတွင် ကျေးဇူးတင်စိတ်များ အပြည့်အဝ ပါဝင်နေခဲ့သည်။

"ဒါဆိုရင် ရှင့်အနေနဲ့ ကျွန်မကို အကူအညီတစ်ခု ပေးပြီးတော့ ကျေးဇူးဆပ်လိုက်ပါလား"

"ဘယ်လို အကူအညီမျိုးလဲ။ ရှင်သာ ပြောလိုက်ပါ။ ကျွန်မ ရှင့်အတွက် သေချာပေါက် လုပ်ဆောင်ပေးပါ့မယ်"

အားချန်က ပြောလိုက်သည်။ "ကျွန်မက ကန္တာရနယ်မြေမှာ သိကျွမ်းတဲ့သူ နှစ်ယောက်လောက် ရှိနိုင်တယ်။ သူတို့ ဘယ်နေရာမှာ ရှိနေလဲဆိုတာ ကျွန်မ အတိအကျ မသိဘူး။ ပြီးတော့ သူတို့ အဲဒီမှာ ရှိနေသေးလား ဆိုတာလည်း မသေချာဘူး။ ရှင့်ကို သူတို့ရဲ့သဲလွန်စကို ကျွန်မကိုယ်စား ရှာဖွေပေးစေချင်တယ်။ တကယ်လို့ ရှာမတွေ့ခဲ့ရင်လည်း ထားလိုက်ပါ။ တကယ်လို့ ရှာတွေ့ခဲ့တယ်ဆိုရင်လည်း သူတို့ကို အနှောင့်အယှက် ပေးစရာမလိုပါဘူး။ ကျွန်မဆီကို သတင်းတစ်ခု ပြန်ပို့ပေးရုံနဲ့ ရပါပြီ"

"ကောင်းပြီ" ရှန်းဟွေရွှယ်သည် လေးနက်စွာ ခေါင်းညိတ်လိုက်ပြီး သည်ကိစ္စကို သူမ၏ စိတ်ထဲတွင် မှတ်သားထားလိုက်လေတော့သည်။

...

All Chapters