ကျွန်မသွားတော့မယ်
Vol. 12 Ch. 112
မွန်းတည့်ချိန်သို့ ရောက်ရှိလာခဲ့လေသည်။ စျေးထိပ်နေရာတွင် လူပင်လယ်ကြီး ဖြစ်နေပြီး ရှီးလင်မြို့ တစ်မြို့လုံး၏ လူတစ်ဝက်နီးပါးက ဒီနေရာသို့ ရောက်ရှိနေကြ၏။ ရှန်းမိသားစုသည် လွန်ခဲ့သော နှစ်ပေါင်းတစ်ရာမှ စတင်ကာ ရှီးလင်မြို့အတွင်း ထိပ်တန်းမျိုးနွယ်စုကြီး တစ်ခုဖြစ်ခဲ့ပြီး မနေ့က မင်ကျင့်စီးမှ ရှန်းမိသားစု၏ ပြစ်မှုများကို ကြေညာချက် ထုတ်ပြန်လိုက်ရာ တစ်မြို့လုံး တုန်လှုပ်သွားစေခဲ့၏။
ထိုပြစ်မှုများထဲတွင် မိစ္ဆာမျိုးနွယ်များကို မွေးမြူခြင်း အရာရှိများကို လာဘ်ထိုးခြင်းအပြင် ရှီးလင်နှင့်အနီး ဝန်းကျင်က ပြည်သူရာပေါင်းများစွာကို အန္တရာယ်ပြု သတ်ဖြတ်ခြင်းတို့ ပါဝင်လေသည်။
အမှန်တွင်တော့ မင်ကျင့်စီးက ရှန်းမိသားစုတွင် စစ်ဆေးတွေ့ရှိ ခဲ့ရသည်များမှာ ထိုအချက်များတင် မကသေးချေ။
ရှန်းကျီးဟန်သည် ဒီနှစ်များအတွင်းတွင် ကျောင်းမူမှတစ်ဆင့် မိစ္ဆာတစ်ပိုင်းများကို မွေးမြူနိုင်ခဲ့သော်ငြား အရည်အချင်းထူးချွန်သည့် ကျောင်းလုံဝမ်(မြွေနဂါးဘုရင်) တစ်ကောင်တည်းကိုသာ ရရှိခဲ့လေသည်။ သူက ထိုအရာနှင့် မလုံလောက်သေးဟု ယူဆကာ မိစ္ဆာအမြုတေများကို အသုံးပြုပြီး မိစ္ဆာတစ်ပိုင်းများ ဆက်လက် ဖန်တီးခဲ့လေသည်။ သို့သော်ငြား ထိုအမြုတေများကို သယ်ဆောင်ထားရသည့်လူများမှာ ရှန်းမိသားစုက လူများမဟုတ်ဘဲ သူ၏အနီးဝန်းကျင်နှင့် ရှီးလင်မြို့အတွင်းက သေသေချာချာ ဂရုစိုက်ရွေးချယ်ထား သူများဖြစ်နေကြသည်။
မင်ကျင့်စီးကလူများသည် ရှန်းမိသားစုကို အသေးစိတ် စစ်ဆေးကြည့်ရှုသည့်အခါ သိမ်းဆည်းထားခြင်းခံရသော မိစ္ဆာတစ်ပိုင်းအဖြစ် ပြောင်းလဲပြီးသား အလောင်းများစွာကိုလည်း ရှာဖွေတွေ့ရှိခဲ့လေသည်။
ထိုအပြင် သူသည် သက်ရှိလူသားများကို အသုံးပြုကာ မိစ္ဆာအမြုတေအတွင်းက ကြမ်းတမ်းရိုင်းစိုင်းသည့် မိစ္ဆာစွမ်းအင်များကို စစ်ထုတ်ခဲ့ပြီး ထိုစွမ်းအင်များ နူးညံ့ပျော့ပျောင်းသွားမှသာ ရွေးချယ်ထားသည့် ခန္ဓာကိုယ်ထဲသို့ ထည့်သွင်းခဲ့ခြင်းဖြစ်၏။ ကြိုးပမ်းမှု တစ်ကြိမ်တိုင်းတွင် အနည်းဆုံးလူဆယ်ဦးကျော် သေဆုံးခဲ့ရသည်။
ဒီသတင်းများကိုတော့ ပြည်သူများထံသို့ မကြေညာခဲ့ဘဲ မင်ကျင့်စီး၏ အထူးလမ်းကြောင်းမှ တစ်ဆင့် ဧကရာဇ်မင်းမြတ်ထံသို့ တိုက်ရိုက်လျှောက်တင်ခဲ့၏။ သို့မဟုတ်ပါက အရှင်မင်းကြီးသည် ရှန်းမိသားစုတစ်ခုလုံးကို ချက်ချင်းအဆုံးစီစဉ်ရန် ဒီလောက်လျင်လျင်မြန်မြန် အမိန့်ချမှတ်လိုက်မည် မဟုတ်ပေ။
အချိန်မရောက် သေးသော်ငြားလည်း ပတ်ဝန်းကျင်က ပြည်သူများ၏ ပြောဆိုဆွေးနွေးသံများမှာ ရောနှောပေါင်းစပ်သွားပြီး အသံလှိုင်းကြီး တစ်ခုဖြစ်ပေါ် လာတော့သည်။
ရှန်းချင်းဝူသည် ချန်ဟွေ့အနားတွင် လိုက်ပါလာရင်း နှစ်ဦးသား လူအုပ်ထဲတွင် ရောနှောနေခဲ့ကြ၏။ ရှေ့တွင် လူနှစ်တန်းခြားကာ ကာဆီးထားသော်ငြားလည်း ကွပ်မျက်မည့် နေရာတွင် ဒူးထောက်နေကြသည့် ရှန်းမိသားစုဝင်များကိုတော့ ရှင်းလင်းစွာ မြင်တွေ့နိုင်သေးသည်။ ယနေ့တွင် အဆုံးစီရင်ခံရမည့် လူများထဲတွင် ရှန်းချင်းဝူနှင့် ရင်းနှီးကျွမ်းဝင်ကြသည့် မျက်နှာများသာ ဖြစ်ကြသည်။ သူမ၏အစ်ကို ယောင်းမကြီး တူမ သူမ၏မောင်ဝမ်းကွဲများ မရီးများနှင့် သူတို့၏ သားသမီးများအပြင် တခြားသူများလည်း ပါဝင်လေသည်။
သူမသည် ရှန်းကျီးဟန်၏ ထိတ်လန့်တကြားဖြစ်နေသော အမူအရာကို မြင်လိုက်ရပြီး သူမ၏ မှတ်ဉာဏ်ထဲတွင် သူက သူမကို အဖေ၏ စမ်းသပ်မှုတွင် ပါဝင်ရန် သွယ်ဝိုက်သော နည်းလမ်းဖြင့် တိုက်တွန်းခဲ့သည့် ထိုအခိုက်အတန့်တွင် ရပ်တန့်သွားတော့၏။ ရှန်းချင်းဝူ၏ နှုတ်ခမ်းတောင့်များသည် အနည်းငယ် ကွေးတတ်သွားတော့၏။ ဒါက ကံကြမ္မာတစ်ပတ် ပြန်လည်တာပဲ။ ရှန်းကျီးဟန်ကရော သူ့မှာဒီလိုနေ့မျိုး ရောက်လာလိမ့်မယ်လို့ တစ်ခါလောက်များ တွေးကြည့်ခဲ့ဖူးရဲ့လား။
မွန်းတည့်ချိန် သုံးချက်တီးသို့ ရောက်လာသည်နှင့် ကွပ်မျက်မှုကို ကြီးကြပ်ရေးအရာရှိအဖြစ် ဆောင်ရွက်နေသော ရှန်ကျော်သည် အမိန့်တစ်ချက် ပေးလိုက်လေသည်။ မင်ကျင့်စီး အစောင့်များဖြင့် ဖွဲ့စည်းထားသော အာဏာသားတို့သည် သူတို့၏လက်ထဲက ခေါင်းဖြတ်ကွပ်မျက် ဓားကြီးကို ဝှေ့ယမ်းလိုက်ကြလေသည်။ ဓားအလင်းရောင်များသည် ကျဆင်းသွားသည်နှင့် လူဦးခေါင်းများသည်လည်း မြေပြင်ပေါ်သို့ လိမ့်ကျသွားကြတော့၏။
ရှန်းချင်းဝူသည် ဒီမြင်ကွင်းကို တည်ငြိမ်စွာကြည့်ရှုနေခဲ့ပြီး ရှန်းမိသားစု၏ ကျရှုံးခန်းကို ရှုစားနေခဲ့၏။ တစ်ချိန်က လူသားမျိုးနွယ်အတွက် တရားမျှတမှုအတွက် သိရှိခဲ့သော မိစ္ဆာနှိမ်နင်းသည့် မိသားစုသည် နောက်ဆုံးတွင်တော့ ပျက်သုဥ်းခြင်းလမ်းမပေါ်သို့ လျှောက်လှမ်းသွားခဲ့ရပြီး ထိုလမ်းမပေါ်သို့ သူမကိုယ်တိုင် ပို့ဆောင်ပေးခဲ့ခြင်းဖြစ်၏။
ရှန်းချင်းဝူသည် အသံမထွက်ဘဲ ပြုံးမိလိုက်လေသည်။ သူမစိတ်ထဲတွင်တော့ ဒီလိုတွေးလိုက်မိ၏။ အရမ်းကောင်းတာပဲ။ နောက်ဆုံးတော့လည်း အားလုံးသေကုန်ကြပြီ။ ငါ့ရဲ့ဟွေရွှယ်ကို ထိန်းချုပ်နိုင်မယ့်လူ ဘယ်သူမှမရှိတော့ဘူး။
ချန်ဟွေ့သည်လည်း ဆန္ဒရှိသည့်အတိုင်း မြေပြင်ပေါ် လှဲကျနေကြသည့် အလောင်းများကြားထဲက ရွှဲယင်နှင့် သူမ၏ဦးခေါင်းကို ရှာဖွေတွေ့ရှိခဲ့လေသည်။ ရွှဲယင်သေဆုံးသွားချိန်တွင် သူမ၏မျက်လုံးများက ပွင့်လျက်ရှိပြီး နုပျိုသော မျက်နှာပေါ်တွင်လည်း မျှော်လင့်ချက် ကင်းမဲ့မှုနဲ့ မကျေနပ်နိုင်မူတို့ဖြင့် ပြည့်နှက်နေလေ၏။
သူမသည် သေချင်ပုံမရခဲ့သလို ဒီလိုသေခြင်းတရားမျိုးဖြင့် အဆုံးသတ်ရ လိမ့်မည်ဟုလည်း တွေးထင်ထားခဲ့မည် မဟုတ်ချေ။
ခေါင်းဖြတ်အပြစ်ပေး ပြီးသည့်နောက်တွင်လည်း ပြည်သူများသည် ထွက်ခွာမသွားသေးဘဲ ကျန်ရစ်နေခဲ့ကြလေသည်။ တချို့ကတော့ ထိတ်လန့်နေကြပြီး အနာဂတ်တွင် အချိန်ကာလတစ်ခုအထိ ယနေ့ဖြစ်ပျက်ခဲ့သည့် ကိစ္စများမှာ ရှီးလင်မြို့အတွင်း အကြီးမားဆုံး ပြောဆိုစရာ အကြောင်းအရာ ဖြစ်နေပေဦးမည်။
ချန်ဟွေ့က ရှန်းချင်းဝူကို ခေါ်ဆောင်ကာ လူအုပ်ထဲက တိုးထွက်လာပြီး အိမ်ရှိရာဘက်သို့ လမ်းလျှောက်ကာ လာခဲ့တော့၏။ ခြံဝင်းငယ်လေး၏ အပြင်ဘက်သို့ ရောက်လာချိန်တွင် ရှန်းချင်းဝူကို စကားပြောရင်း ခြံဝင်းအတွင်းကတံခါးကို ဖွင့်နေသည့် ချန်ဟွေ့မှာ ရုတ်တရက် ခေါင်းကိုလှည့်ကာ ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်လေသည်။
"ဘာဖြစ်လို့လဲ" ရှန်းချင်းဝူက မေးလိုက်၏။
ချန်ဟွေ့၏ မျက်နှာပေါ်တွင် သံသယအချို့ ပေါ်ထွက်လာပြီး ပြန်ဖြေလိုက်၏။ "ဒီနှစ်ရက်အတွင်းမှာ ကျွန်မပြန်လာတိုင်း တစ်ယောက်ယောက်က ကျွန်မကိုစိုက်ကြည့်နေသလို ခံစားရတယ်။ အရင်ကတော့ ကျွန်မ အထင်မှားတာလို့ပဲ ထင်နေခဲ့တာ"
သူမသည် မကြာသေးခင်က မိစ္ဆာသာရဲ၏ သွေးကိုစုပ်ယူခဲ့သဖြင့် အဆင့်မတတ်သေးသော်ငြားလည်း ယခင်ကထက်တော့ ပိုပြီးထက်မြက်လာခဲ့သည်။ သူမကို သတိထားစေရသည့် ဒီခံစားချက်သည် ထပ်ခါတလဲလဲ ပေါ်ပေါက်လာခဲ့သည်တွင် နောက်ဆုံးတော့ သူမကို သတိကြီးကြီး ဖြစ်ရစေခဲ့၏။
ရှန်းချင်းဝူသည် ထိုစကားကို ကြားလိုက်ရသောအခါ အနည်းငယ် စိုးရိမ်သွားတော့သည်။ "အားချန်ကိုပြောပြရမလား။ တကယ်လို့ တစ်ယောက်ယောက်က စောင့်ကြည့်နေတယ်ဆိုရင် ကျွန်မနဲ့ ဟွေရွှယ်တို့ကိုပဲ ဖြစ်မှာသေချာတယ်"
ချန်ဟွေ့က လေးလေးနက်နက် တွေးလိုက်ပြီး ခေါင်းငြိမ့်လိုက်လေသည်။ "ခဏနေရင် သူ့ကိုပြောပြလိုက်မယ်"
နှစ်ယောက်သား တံခါးမှဝင်သွားသည်နှင့် လူခန္ဓာကိုယ်အဖြစ် ပြန်လည်ရောက်ရှိနေပြီ ဖြစ်သော ရှန်းဟွေရွှယ်ကို တွေ့လိုက်ရ၏။ အားချန်သည် သူမကိုမိစ္ဆာစွမ်းအင် မည်သို့ အသုံးပြုရမည့် နည်းလမ်းများကို ပြောပြနေခဲ့ပြီး သူတို့နှစ်ယောက်ကို မြင်လိုက်မှသာ ရပ်တန့်လိုက်ကြ၏။
"အမေ" ရှန်းဟွေရွှယ်က ရှန်းချင်းဝူကို လှမ်းခေါ်လိုက်၏။ ရှန်းချင်းဝူသည် သမီးဖြစ်သူကို ခေါင်းအစခြေအဆုံး သေသေချာချာလေး ကြည့်လိုက်ပြီးနောက်မှ နောက်ဆုံးတွင်တော့ စိတ်အေးသွားလေ၏။ "ဘာမှမဖြစ်ရင်ပြီးတာပါပဲ"
ချန်ဟွေ့ကတော့ အားချန်အနားသို့ လျှောက်သွားလိုက်ပြီး သူမကို ပြောပြလိုက်တော့၏။ "ရွှဲယင်ကို တွေ့ခဲ့ပြီးပြီ။ သူ ဒီနေ့ရှန်းမိသားစု ဝင်တွေနဲ့အတူတူ ခေါင်းဖြတ်အပြစ်ပေးခံလိုက်ရတယ်"
အားချန်ကလည်း ဟန်ဆောင်ပန်ဆောင် မှတ်ချက်ပေးလိုက်လေသည်။ "တကယ်နှမြောစရာပဲ။ ငယ်ငယ်ရွယ်ရွယ်နဲ့ပဲ ကိုယ့်အဖေအမေ လက်ချက်နဲ့ပဲ သေလမ်းပေါ်ရောက်သွားရှာတယ်"
ကျိချန် သေတုန်းကတောင် သူတို့မိသားစုတွေ မီးပုံးပွဲတော်ကို ပျော်ပျော်ရွှင်ရွှင် ဆင်နွဲနေကြတာ။ ဝဋ်က တကယ်ကို လည်တတ်တာပဲ။ လည်တာလည်း တော်တော်ကို မြန်တယ်။
"ဒါနဲ့ ဒီရက်ပိုင်းတွေမှာ ကျွန်မတို့ကို တစ်ယောက်ယောက်က စိုက်ကြည့်နေသလို ခံစားရတယ်"
အားချန်သည် သူမကိုသံသယမဝင်ဘဲ ပြောလိုက်လေသည်။ "တိုက်တိုက်ဆိုင်ဆိုင်ပဲ ကျွန်မလည်း ပိုင်ရှိုးမင်နဲ့တွေ့ဖို့ ကိစ္စရှိနေတာ။ ခဏနေရင် ဒီကိစ္စကို သူ့ကိုပြောပြလိုက်ရုံပဲ"
"ကျွန်မ ရှင်နဲ့လိုက်ခဲ့ရမလား"
"မလိုပါဘူး။ ရှင် အိမ်မှာပဲ ဟွေရွှယ်တို့ကို ပစ္စည်းတွေထုတ်တာ ကူညီပေးလိုက်ပါ"
"အခုကို ပစ္စည်းတွေ ထုပ်ပိုးရတော့မှာလား။ ဒီနှစ်ရက်အတွင်း ထွက်ခွာတော့မလို့လား" ချန်ဟွေ့က တအံ့တဩမေးလိုက်၏။
ရှန်းဟွေရွှယ်သည် သူမ၏စကားကို ကြားလိုက်ရသောအခါ ချန်ဟွေ့ဘက်သို့ လှည့်ကာ ပြုံးပြလိုက်ပြီး သူမနှင့် ရှန်းချင်းဝူကို ပြောလိုက်တော့၏။ "ကျွန်မ အားချန်နဲ့ တိုင်ပင်ပြီးသွားပြီ။ ဒီနေရာကနေ အမြန်ဆုံး ထွက်ခွာသွားကြရမယ်။ မနက်ဖြန် ရာသီဥတုက တော်တော်လေး ကောင်းမွန်လောက်တယ်။ ခရီးသွားဖို့လည်း သင့်တော်တယ်"
ရှန်းချင်းဝူကတော့ ငြင်းပယ်စရာမရှိပေ။ သို့သော်ငြား ချန်ဟွေ့၏ စိတ်ထဲတွင်တော့ ခွဲခွာရမည်ကို နှမြောတသစိတ် အနည်းငယ် ဖြစ်ပေါ်လာခဲ့၏။ ရှန့်ကျင်းမှ ရှီးလင်အထိ တလမ်းလုံး အတူတူ နေထိုင်လာခဲ့ပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ခွဲခွာကြရပေတော့မည်။
ရှန်းဟွေရွှယ်က ထပ်ပြောလိုက်လေသည်။ "နောက်ပိုင်းကျရင် အခွင့်အရေး ရှိတဲ့အခါ ဟွေ့ညန်က အားချန်ကိုခေါ်ပြီး ကန္တရကို ကျွန်မဆီလာလည်လို့ ရပါတယ်"
ချန်ဟွေ့ကလည်း ခဏလောက် စဉ်းစားလိုက်ပြီး ထိုအနာဂတ်သည် သိပ်ပြီးဝေးကွာလှသည် မဟုတ်ဟု စဉ်းစားမိလိုက်၏။ သူမသည် အဆင့်နှစ်နယ်ပယ်သို့ ရောက်ရှိတော့မည်ဖြစ်သည်။ သူမသာ အဆင့်သုံးနယ်ပယ်သို့ ရောက်သွားသည့်အခါ ရှန်းဟွေရွှယ်ကဲ့သို့ပင် အပြင်လောကကိုထွက်ပြီး ကြည့်ရှုနိုင်ပေလိမ့်မည်။
"ကောင်းပါပြီ" သူမကလည်း လေးနက်စွာ သဘောတူလိုက်လေသည်။
အားချန်က တစ်ယောက်တည်း အပြင်ထွက်လာခဲ့တော့၏။ သူမသည် ခြံဝင်းငယ်လေးမှ ထွက်လာသည့်အချိန်တွင် တစ်စုံတစ်ယောက်က စိုက်ကြည့်နေသည်ဟုတော့ မခံစားရချေ။ ဖြစ်နိုင်သည်မှာ သူမကလည်း တော်တော်လေးကို ထုံထိုင်းသောကြောင့် ဖြစ်နိုင်သည်။
ရှီးလင်ဝမ်အိမ်တော် အပြင်ဘက်သို့ နောက်တစ်ကြိမ် ရောက်ရှိလာသောအခါ တံခါးစောင့်များမှာ မင်ကျင့်စီး အစောင့်များသာ ဖြစ်နေဆဲပင်။ သူမက ပိုင်ရှိုးမင်ကို တွေ့လိုကြောင်း ကြားသိရသောအခါ ထိုလူကလည်း သူမကို ဆူပူကြိမ်းမောင်းခြင်း မပြုတော့ဘဲ စောင့်ဆိုင်းနေရန်သာ ပြောလိုက်တော့၏။ ၁၅ မိနစ်လောက် စောင့်ဆိုင်းပြီးနောက်တွင် ထိုအစောင့်သည် သူမကို မြေအောက် အကျဉ်းထောင်၏ အပြင်ဘက်သို့ ခေါ်ဆောင်လာခဲ့လေသည်။
အားချန်က မြေအောက် အကျဉ်းထောင် တံခါဝတွင် ခဏလောက် စောင့်နေခဲ့ပြီးမှ ပိုင်ရှိုးမင် အတွင်းက ထွက်လာသည်ကို တွေ့လိုက်ရ၏။ သူ့ကိုယ်ပေါ်တွင်လည်း သွေးညှီနံ့များ ကပ်ညှိလို့နေသည်။
အားချန်က ရွံရှာသွားသည့် အမူအရာဖြင့် နှာခေါင်းရှုံ့လိုက်သည်ကို မြင်လိုက်သောအခါ ပိုင်ရှိုးမင်ကလည်း သူမအနားသို့ တမင်တကာပင် ခြေနှစ်လှမ်းတိုးလာပြီး မေးလိုက်၏။ "ငါ့ကို ရှာတာ ကိစ္စရှိလို့လား"
နှစ်ရက်လောက် မတွေ့ရသည့် ကာလအတွင်းတွင် သူ့အခြေအနေကလည်း ပိုပြီးကောင်းမွန်လာဟန် တူသည်။ အားချန်၏ အကြည့်သည် သူ့မျက်နှာပေါ်က ဖြတ်သန်းသွားပြီး စိတ်ထဲတွင် ကျေနပ်သွားမိ၏။ မိမိအနေဖြင့် ယဉ်ကျေးမှုအရ အရင်နှုတ်ဆက်သင့်သည်ဟု တွေးမိကာ ပြန်ပြောလိုက်တော့သည်။ "ရှင် ဒီနေ့ နေလို့ကောင်းနေတဲ့ပုံပဲ"
ပိုင်ရှိုးမင်က မျက်ခုံးပင့် ပြလိုက်လေသည်။
ထိုနောက်တွင် သူမကလည်း အနည်းငယ် မကျေမနပ်ဟန်ဖြင့် ထပ်ပြီးပြောလာသည်ကို ကြားလိုက်ရ၏။ "ဒါပေမဲ့ အနံ့ကတော့ သိပ်မကောင်းဘူး"
"ဟုတ်ပြီလေ။ နောက်တစ်ခါ မင်းနဲ့မတွေ့ခင် ကြိုအကြောင်း ကြားလိုက်မယ်။ ငါ ရေမိုးချိုးပြီးမှ မင်းကိုလာတွေ့ရမလား"
အားချန်ကလည်း ခေါင်းငြိမ့်ပြလိုက်ကာ " မဆိုးပါဘူး"
ကြည့်ရသည်မှာ သူမသည် အမှန်ပင်ရွံရှာနေဟန်တူ၏။
ပိုင်ရှိုးမင်က ခေါင်းငုံ့လိုက်ပြီး ဒီမနက်ကတည်းက လဲဝတ်ထားသည့် အဝတ်အစားများကို ကြည့်လိုက်ကာ သူမကို သူနေထိုင်ရာ ခြံဝင်းဘက်သို့ ခေါ်ဆောင်သွားရင်း ပြောလိုက်လေသည်။ "သွားကြမယ်"
"ဘယ်သွားမလို့လဲ"
"အနံ့မကောင်းဘူးလို့ မင်းပဲ ပြောတာ မဟုတ်လား။ အဝတ်အစားသွားလဲမလို့"
"ဪ" အားချန်ကလည်း နောက်ကလိုက်ပါသွားတော့သည်။
ပိုင်ရှိုးမင်က အတွင်းခန်းသို့ဝင်ပြီး အဝတ်အစား သွားလဲနေချိန်တွင် သူမကတော့ အပြင်ခန်းတွင် လက်ဖက်ရည်သောက်ရင်း ထိုင်နေခဲ့လေသည်။ သူမ၏လက်လှမ်းမီရာတွင် လှပသေသပ်သော မုန့်ပန်းကန်လေးများ အနည်းငယ်ချထားပြီး သူမကတစ်ခုချင်းစီ မြည်းစမ်းကြည့်လိုက်ကာ အရသာကလည်း တော်တော်လေး ကောင်းမွန်လိုနေသည်။
ပိုင်ရှိုးမင်က ခရမ်းရင့်ရောင် လက်ကျင်းအင်္ကျီ လည်ဝိုင်းဝတ်စုံတစ်စုံကို လဲလှယ်ဝတ်ဆင်ကာ ထွက်လာခဲ့လေသည်။ အားချန်က ထိုမုန့်ပန်းကန်ကို စိုက်ကြည့်နေသည်ကို မြင်လိုက်သည်တွင် မေးလာခဲ့၏။ "ဗိုက်ဆာနေတာလား"
အားချန်က ခေါင်းခါပြလိုက်၏။ " ကျွန်မ အခုပဲ စားပြီးပါပြီ"
ဟွေ့ညန် ပေါင်းထားတဲ့ ကြက်သားက တကယ်အရသာရှိတာပဲ။ "ဒါဆိုရင် ညစာစားဖို့နေခဲ့မလား"
ပိုင်ရှိုးမင် စကားပြောပြီးသည်နှင့် အားချန်က သူ့ကိုတစိမ့်စိမ့် စိုက်ကြည့်နေသည်ကို မြင်လိုက်ရလေသည်။
"ဘာကြည့်နေတာလဲ" သူက မေးလာသည်
"ရှင် ဒီရက်ပိုင်းအတွင်း ကြည့်ရတာ လူကောင်းတစ်ယောက်နဲ့ ပိုပြီးတူလာတယ်" အားချန်က စိတ်ရင်းအမှန်ဖြင့် ပြောလိုက်၏။ သူမကို ညစာစားရန်ပင် တကူးတက ခေါ်နေလိုက်သေးသည်။
"ဒါဆိုရင် အရင်က မင်းက ငါ့ကို လူကောင်းတစ်ယောက်လို့ ထပ်ခါတလဲလဲ ပြောခဲ့တာတွေက လိမ်ခဲ့တာပေါ့"
ဒီလူဟာ တကယ်ကို တွက်ကပ်တတ်တဲ့သူပဲ။
မတော်တဆ အဖမ်းခံလိုက်ရသဖြင့် အားချန်မှာ ချက်ချင်းပင် တည်ငြိမ်သည့် အမူအရာဖြင့် စကားလမ်းကြောင်း ပြောင်းလိုက်တော့သည်။ "ရှင် စကားလမ်းကြောင်း မလွဲပါနဲ့။ ကျွန်မ ရှင့်ကို လာရှာတာ အရေးကြီးကိစ္စ ပြောမလို့"
ပိုင်ရှိုးမင်သည်လည်း သူမနှင့်မငြင်းခုံနေတော့ဘဲ အနားက ကုလားထိုင် တစ်လုံးတွင် ဝင်ထိုင်လိုက်ပြီး မေးလိုက်၏။ "ပြောလေ ဘာကိစ္စလဲ"
"ဟွေ့ညန်က ကျွန်မကို ပြောတယ် ဒီရက်ပိုင်းအတွင်း သူ့ကို တစ်ယောက်ယောက်က စိုက်ကြည့်နေသလို ခံစားရတယ်တဲ့။ ရှင့်အနေနဲ့ တစ်ယောက်ယောက်က ရှန်းဟွေရွှယ် မသေသေးဘူးဆိုတာ သိသွားပြီး လိုက်စုံစမ်းနေတာလို့ ထင်လား"
"အင်း"
"အင်းဆိုတာ ဘာအဓိပ္ပာယ်လဲ။ ရှင်လည်း တစ်ခုခုပြောဦးလေ" အားချန်သည် သူ၏ပေါ့ပျက်ပျက် အဖြေကို မကျေမနပ် ဖြစ်သွားတော့သည်။
"မင်း ရှန်းဟွေရွှယ်တို့ သားအမိကို ခေါ်သွားပြီး နောက်တစ်နေ့မှာပဲ ကျန်းကျင့်ဟွိုင်က လူလာရှာတယ်။ ငါက သူ့ကိုလူသေသွားပြီလို့ ပြောလိုက်ပေမယ့် သူကမယုံခဲ့ဘူး"
ကျန်းကျင့်ဟွိုင်သည် ချင်ဟန်ကို မတွေ့နိုင်ခဲ့သော်ငြား ရှီးလင်ကတော့ ထွက်ခွာသွားခြင်း မရှိချေ။ သူသည် ရှန်းဟွေရွှယ်နှင့် ရင်းနှီးသောဆက်ဆံရေးရှိသည့် အားချန်ကို ချက်ချင်းပစ်မှတ်ထား ခဲ့သော်ငြားလည်း အတိုင်းအတာတစ်ခုအထိ သိရှိနားလည်နေသဖြင့် အိမ်အတွင်းသို့ လူလွတ်ကာ စုံစမ်းခြင်းမပြုဘဲ အပြင်မှသာ စောင့်ကြည့်နေခဲ့ခြင်းပင်။
"သူလား" အားချန်မှာ မျက်မှောင်ကြုတ်လိုက်၏။ ထိုလူကို မနှစ်သက် သော်ငြားလည်း မျှတသည့် စကားတခွန်းကိုတော့ ပြောလိုက်လေသည်။ "သူက တာဝန်ယူစိတ်တော့ နည်းနည်းလေးရှိသားပဲ"
မည်သို့ဆိုစေ မျိုးဆက်၉ဆက်လုံး သုတ်သင်ခံရမည့် ကြီးလေးသော ပြစ်မှုကြီးဖြစ်ရာ လည်လည်ပတ်ပတ် ရှိလှသည့် လီမြို့စားရှီဇီသည် ပိုင်ရှိုးမင်၏လက်ထဲသို့ အခွင့်အရေးကို မိမိသဘောဖြင့် လာရောက်ပေးအပ်ခြင်းက အနည်းဆုံးတော့ သူသည် ရှန်းဟွေရွှယ်ကို အမှန်တကယ် ဂရုစိုက်ကြောင်း သက်သေပြလို့ နေ၏။
သို့သော်ငြား အားချန်ကတော့ ပြဿနာတစ်ခုကို မြန်မြန်ပင် တွေးမိလိုက်တော့သည်။ "ကျွန်မကို စောင့်ကြည့်နေတာ နှစ်ရက်တောင် ရှိနေပြီ။ ဖြစ်နိုင်တာက သူက ဟွေရွှယ်ကို ကျွန်မအိမ်မှာရှိနေတာ သိသွားလောက်ပြီ။ ဒါဆိုရင်သူက ရှင့်ရဲ့အမှားတွေကို ဆုပ်ကိုင်ထားနိုင် သွားတော့မှာ မဟုတ်ဘူးလား"
"ဟုတ်တယ်။ ငါ့ကို ဘယ်လို ပြန်ပေးဆပ်မလဲ ဆိုတာကို စဉ်းစားပြီးပြီလား"
အားချန်ကလည်း ပြန်လည်ပေးဆပ်ဖို့ရန် ဆန္ဒမရှိသဖြင့် အကြံပြုလိုက်တော့သည်။ "သူ့ကို နှုတ်ပိတ်လိုက်ရင်ကော"
ပိုင်ရှိုးမင်မှာ ဒေါသထွက်ရသဖြင့် ရယ်မောမိတော့ မလိုပင်ဖြစ်သွားတော့သည်။
"မနက်ဖြန် ကျွန်မ ရှန်းဟွေရွှယ်တို့ သားအမိကို လိုက်ပို့တော့မှာ။ အဲဒီ လီမြို့စားရှီဇီက ထွက်လာပြီး ဒုက္ခပေးမှာတော့ မဟုတ်ဘူးမလား" သူမမှာ အနည်းငယ် စိုးရိမ်သွားလေသည်။
"သူ့ကို စိုးရိမ်ဖို့ မလိုပါဘူး။ သူက ကိစ္စတွေကို ကြီးကြီးကျယ်ကျယ် ဖြစ်အောင်လုပ်မှာ မဟုတ်ဘူး" ပိုင်ရှိုးမင်၏လေသံက ပေါ့ပေါ့ပါးပါးရှိလှပြီး ကျန်းကျင့်ဟွိုင်ကို အမှန်တကယ် စိတ်ထဲမထားသလို သူမကို ပြန်မေးလာလေသည်။ "သူတို့ ဘယ်လမ်းကနေသွားဖို့ စီစဉ်ထားတာလဲ"
"သာ့ရှပြည်ကနေထွ က်ဖို့ အနီးဆုံးလမ်းက အနောက်ဘက်မြို့တံခါးပဲ။ ဒါပေမဲ့ အဲဒီနေရာက ခွင့်ပြုအမိန့်စာ လိုအပ်တယ်။ ဒါကြောင့် ကျွန်မတို့ ယုံးကျိုးကို အရင်သွားပြီးမှ လမ်းကြောင်းပြောင်းဖို့ တိုင်ပင်ထားတယ်"
"ဒီလောက်ဒုက္ခခံဖို့ မလိုပါဘူး" ပိုင်ရှိုးမင်ကသူမကို စာရွက်တစ်ရွက် ကမ်းပေးလာခဲ့သည်။ အားချန်က လှမ်းယူ ကြည့်လိုက်သည်တွင် ထိုအရာမှာ အစိုးရက ထုတ်ထားပေးထားသည့် ခရီးသွားခွင့်ပြုစာဖြစ်ပြီး သုံးရက်သက်တမ်းရှိကာ တံဆိပ်တုံးလည်း ရိုက်နှိပ်ထားလေသည်။
ဒီအရာရှိနေလျှင် အနောက်ဘက်မြို့တံခါးမှ တိုက်ရိုက်ထွက်ခွာ သွားနိုင်လေသည်။
အပေါ်ကရက်စွဲကို ကြည့်လိုက်တော့ သူက လူလွှတ်လိုက်သည့် နေ့ကတည်းက ဒီခွင့်ပြုစာကို ထုတ်ပေးခဲ့ခြင်းပင်။
အားချန်မှာ ဒီလူ တစ်ယောက်ကတော့ အမှန်တကယ် စေ့စပ်သေချာလှသည်ဟု တွေးတောရင်း ခွင့်ပြုစာကို မြန်မြန်သိမ်းဆည်း ထားလိုက်တော့၏။ သူမ၏ မျက်နှာပေါ်တွင်လည်း ချိုလွင်လွင် အပြုံးလေးတစ်ခု ပေါ်ထွက်လာတော့သည်။
"ပိုင်လူကြီးမင်းကို ကျေးဇူးတင်ပါတယ်"
အားချန်သည် နောက်ဆုံးတွင်တော့ ရှီးလင်ဝမ်အိမ်တော်တွင် ညစာစားရန် မနေရစ်တော့ချေ။
ဟွေရွှယ်က မနက်ဖြန် ထွက်ခွာပေတော့မည်။ ပိုင်ရှိုးမင်ကို အချိန်မရွေး တွေ့နိုင်သေးရာ ဘာကပိုအရေးကြီးသည်ကို သူမက ခွဲခြားသိနိုင်သေးသည်။
ကောင်းကင်သည် တဖြည်းဖြည်း မှောင်မိုက်လို့လာခဲ့၏။ အားချန်နေထိုင်ရာ နေရာကို စောင့်ကြည့်နေခဲ့သည့် အစောင့်သည် နောက်ဆုံးတော့ ထွက်ခွာသွားခဲ့လေသည်။ သူသည် တစ်ပတ်ပတ်လိုက်ပြီးနောက် တည်းခိုခန်းအတွင်းသို့ ဝင်သွားခဲ့၏။
မနေ့က ကျန်းကျင့်ဟွိုင်သည် ဒီတည်းခိုခန်းတွင် တည်းခိုနေခဲ့၏။
ထိုအစောင့်က တံခါးခေါက်လိုက်ပြီး မကြာခင်မှာပင် အတွင်းက အသံထွက်ပေါ်လာခဲ့၏။ "ရှီဇီ ကျွန်တော်မျိုး ပြန်ရောက်ပါပြီ"
"ဝင်ခဲ့" ကျန်းကျင့်ဟွိုင်၏ အသံထွက်ပေါ်လာခဲ့၏။ ထိုအစောင့်က ဝင်သွားပြီးနောက်တွင် အခန်းထဲတွင် ကျန်းကျင့်ဟွိုင်အပြင် တခြားတစ်ယောက် ရှိနေသည်ကို တွေ့လိုက်ရပြီး ထိုလူက အနည်းငယ် စိမ်းသက်လို့ နေလေသည်။
သူဝင်လာသည်ကို မြင်လိုက်သောအခါ ထိုလူသည် ကျန်းကျင့်ဟွိုင်ဘက်သို့ လက်နှစ်ဖက်ယှက်ကာ ဦးညွှတ်လိုက်ပြီး "ရှီဇီ ကျွန်တော်အရင် ပြန်လိုက်ပါဦးမယ်"
ကျန်းကျင့်ဟွိုင်ကလည်း အင်းဟု တစ်ချက်ပြန်ဖြေလိုက်ပြီးမှ ခုနကထိုလူ ယူဆောင်လာခဲ့သည့်သတင်းကို ပြန်လည်စဉ်းစားခဲ့လေသည်။ ပိုင်ရှိုးမင်သည် လူလွှတ်ပြီး အစိုးရရုံးသို့သွားကာ ခရီးသွားခွင့်ပြု စာတစ်စောင်ထုတ်ခိုင်းခဲ့ပြီး သက်တမ်းသုံးရက်ရှိကာ မနက်ဖြန်သည် နောက်ဆုံးသတ်မှတ်ရက် ဖြစ်လေသည်။
တံခါးပိတ် သွားပြီးနောက် အစောင့်က ခပ်တိုးတိုး သတင်းပြန်ပို့လေသည်။ "ရှီဇီ ဒီမနက် အဲဒီသက်ရှိဖုတ်ကောင်နဲ့ ရုပ်ရည်သေချာမမြင်ရတဲ့ အမျိုးသမီးတစ်ယောက်က ကျိချန်ရဲ့ ခြံဝင်းထဲက ထွက်သွားပါတယ်။ ကိုယ်လုံးကိုဉါပေါက်ကို ကြည့်ရတာတော့ ကျိချန် မဟုတ်ပါဘူး။ ကျွန်တော်မျိုး လူကြီးမင်းရဲ့ အမိန့်အတိုင်း သူတို့အနား မကပ်ခဲ့ပါဘူး။ ဒါပေမဲ့ အဲဒီလူက ဟွေရွှယ်မိန်းကလေးရဲ့ အမေဖြစ်နိုင်ခြေ များတယ်လို့ ခန့်မှန်းမိပါတယ်"
"မနေ့တုန်းက မြေပုံသွားဝယ်တယ်။ ဒီနေ့အိမ်ထဲမှာ လူတစ်ယောက် ပိုလာတယ် ..." ကျန်းကျင့်ဟွိုင်က လှောင်ရယ်လိုက်တော့၏။ "ငါက ပိုင်ရှိုးမင်မှာ ခံစားချက်မရှိဘူး။ လောဘမရှိဘူးလို့ ထင်နေတာ။ သူလည်း ကိုယ်ကျိုးအတွက် တရားဥပဒေကို ချိုးဖောက်တတ်တာပဲ"
ထိုအစောင့်သည် ခေါင်းငုံ့ထားပြီး ကြားဖြတ်ပြောဆိုရန် မဝင့်ရဲချေ။
အချိန်တော်တော် ကြာအောင် တိတ်ဆိတ်နေပြီးနောက်မှ ကျန်းကျင့်ဟွိုင်က ရုတ်တရက် မတ်တတ်ထရပ်လိုက်ကာ အပြင်သို့ထွက်ရန် ပြင်ဆင်လေတော့သည်။ "ရှီဇီ" ထိုအစောင့်သည် နောက်ဆုံးတွင်တော့ ပါးစပ်ဖွင့်ကာ သူ့ကိုတားလိုက်တော့၏။
"ဘာကိစ္စရှိသေးလို့လဲ" ကျန်းကျင့်ဟွိုင်က မေးလာခဲ့၏။
"ပိုင်လူကြီးမင်းက မိန်းကလေးဟွေရွှယ်ကို ကယ်တင်ပြီးမှတော့ ရှီဇီက ဘာဖြစ်လို့ဒီကိစ္စထဲမှာ ဆက်ပြီး ပါဝင်ချင်နေတာလဲ" အစောင့်သည် စကားပြောနေစဉ်မှာပင် နဖူးပေါ်ကချွေးများမှာ ဆို့တတ်လာတော့၏။ သူ့အဆင့်အတန်းဖြင့် မဆင်မခြင် ပြောဆိုရန် မသင့်ကြောင်း သိသော်ငြား ရှီဇီက တဖြည်းဖြည်း နစ်မွန်းသွားသည်ကိုလည်း ကြည့်မနေနိုင်ချေ။
"ပါးစပ်ပိတ်ထား" ကျန်းကျင့်ဟွိုင်၏အသံမှာ အလွန် အေးစက်နေပြီး ဒေါသထွက်နေသည် မှာလည်း ထင်ရှားလှ၏။
ထိုအစောင့်ကလည်း ဖုတ်ခနဲ ဒူးထောက်ချလိုက်သော်ငြား ပါးစပ်တော့ ပိတ်မသွားချေ။
"ရှီဇီ။ ရှီဇီ ကောင်းကောင်းသိပါတယ်။ ဒီကိစ္စဖြစ်ပြီးတဲ့နောက်မှာ မိန်းကလေးဟွေရွှယ်က ဘယ်လိုနည်းနဲ့မှ ရှီဇီရဲ့ အနားမှာ ဆက်နေနိုင်မှာ မဟုတ်တော့ပါဘူး" အစောင့်သည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီးမှ ဆက်ပြောလာလေသည်။ "သူ့ကို ဒီအတိုင်း လွှတ်ပေးလိုက်တာက ပိုကောင်းပါတယ်"
သူသည် ကျန်းကျင့်ဟွိုင်၏ ကိုယ်ရံတော်အဖြစ် ငယ်စဉ်ကတည်းက အတူတူကြီးပြင်းလာခဲ့ကာ လီမြို့စားကြီးထက်ပင် ကျန်းကျင့်ဟွိုင်ကို ပိုပြီးနားလည်လေသည်။ လီမြို့စားအိမ်တော်က လူအားလုံးက ကျန်းကျင့်ဟွိုင်သည် ရှန်းဟွေရွှယ်ကို မွေးမြူထားခြင်းမှာ လူငယ်တစ်ဦး၏ တခဏ စိတ်လှုပ်ရှားခြင်းကြောင့်ဟု ထင်ကြသော်ငြား ရှီဇီက မိန်းကလေးဟွေရွှယ်ကို နှစ်သက်ကြောင်းကိုလည်း သူက သိရှိလေသည်။ သို့မဟုတ်လျှင် အစောပိုင်း သူမကို တွေ့ရှိချိန်က သူမ၏ တောင်းပန်စကား နည်းနည်းလေးမျှဖြင့် ခေါ်ဆောင်သွား လိမ့်မည် မဟုတ်ချေ။ ဒီလိုနှင့် နှစ်ပေါင်းများစွာ မွေးမြူထားခဲ့ခြင်းဖြစ်၏။
သို့သော်ငြား ချစ်ခင်မြတ်နိုးလျှင်ပင် ဘာတတ်နိုင်ပါမည်နည်း။ လောကီသားတို့၏ အမြင်တွင် အဆင့်အတန်း ကွာခြားမှုကပင် သူတို့ကြားက ပြဿနာမဟုတ်ခဲ့ဘဲ မျိုးနွယ်စုသည်သာ ပြဿနာဖြစ်လေသည်။ လီမြို့စားအိမ်တော်၏ ရှီဇီကတော်သည် မည်သို့ပင်ဖြစ်နေပါစေ မိစ္ဆာတစ်ပိုင်း တစ်ယောက်တော့ ဖြစ်လာနိုင်မည် မဟုတ်ပေ။
ရှီဇီသည် ဒီအချက်ကို အလွန်ရှင်းလင်းစွာ သိနေသဖြင့် နှစ်ပေါင်းများစွာ အချိန်ဆွဲထား ခဲ့ပြီးနောက် နောက်ဆုံးတွင်တော့ တခြားသူတစ်ဦးနှင့် စေ့စပ်ခဲ့ရသည်။
အကယ်၍များ ဒီမတော်တဆမှုများသာ မဖြစ်ပေါ်ခဲ့လျှင် ရှီဇီသည် မိန်းကလေးဟွေရွှယ်ကို သူ့အနားတွင် အတင်းအကြပ် ဆက်ပြီးထားရှိ နိုင်သေးမည်ဖြစ်သော်ငြား ယခုတော့ နောက်ဆုံးမျှော်လင့်ချက် အစအနပင် မရှိတော့ချေ။
"ထွက်သွား" ကျန်းကျင့်ဟွိုင်က တစ်လုံးချင်း ပြောလိုက်တော့၏။
ထိုအစောင့်ကလည်း ဒူးထောက်လျက်သာ ရှိနေဆဲပင်။ သူက ခေါင်းမော့ကာ
ကျန်းကျင့်ဟွိုင်ကို ကြည့်လိုက်၏။ "ဒါအပြင် ကျွန်တော်တို့ လီမြို့စားအိမ်တော်က ပိုင်ရှိုးမင်ကို မပစ်မှားနိုင်ပါဘူး။ ရှီဇီ သူက အဆင့်၄နယ်ပယ်ကို ရောက်နေပါပြီ။ အရင်တစ်ခေါက်က အဆင့်၄နယ်ပယ် မိစ္ဆာကြီးနှစ်ကောင် ပူးပေါင်းတာတောင် သူ့အသက်ကို မသတ်နိုင်ခဲ့ဘူး။ တကယ်လို့သာ မတော်တဆအဖြစ်မျိုး မရှိခဲ့ရင် သူက ကျွန်တော်တို့ သာ့ရှပြည်ရဲ့ နောက်တက်မယ့် မင်ဝမ်ဖြစ်လာမှာပါ"
" ထွက်သွား !" ကျန်းကျင်ဟိုင်သည် ဒေါသတကြီး အော်ဟစ်လိုက်တော့၏။
ထိုအစောင့်ကလည်း သူ့ကိုဦးညွတ်ကာ အရိုအသေ ပေးလိုက်ပြီးနောက် ထရပ်ကာ ထွက်ခွာသွားခဲ့ လေတော့သည်။
အစောင့်သည်တံခါးဝတွင် တောက်လျှောက်ရပ်နေခဲ့ပြီး ကျန်းကျင့်ဟွိုင်ကလည်း နောက်ဆုံးတွင်တော့ ထိုတံခါးမှနေ၍ တစ်လှမ်းမှ ထွက်မသွားခဲ့ချေ။
နောက်တစ်နေ့ မိုးမလင်းခင်မှာပင် အားချန်သည် အိပ်ရာမှနိုးလာခဲ့၏။ ယနေ့အပြင်ဘက်တွင် မြို့များဆိုင်းနေပြီး ဖြူဖွေးကာ ဝေဝါးလို့နေလေသည်။
အရာအားလုံးကို ထုတ်ပိုးပြီးစီးနေပြီ ဖြစ်၏။ ရှန်းဟွေရွှယ်က အားချန်သင်ထားပေးသော ချန်ခွင်ပညာ (အင်္ကျီလက်အိတ်ထဲမှာ ပစ္စည်းတွေကို သိမ်းတဲ့ပညာ)ကို သုံးကာ သူမ၏ပိုင်ဆိုင်မှုများကို ခဏလောက် သိမ်းဆည်းထား လိုက်လေသည်။ သားအမိနစ်ယောက်သည် ပေါ့ပေါ့ပါးပါး အဝတ်အစားများကို လဲလှယ်ဝတ်ဆင်လိုက်ပြီး မျက်နှာကိုလည်း ရုပ်ဖျက်လိုက်ကြကာ လေးဦးသား အတူတကွ အပြင်ထွက်လာခဲ့ကြ၏။
လမ်းမပေါ်တွင် လူများများစားစား မရှိခဲ့ချေ။
အနောက်မြို့တံခါးသည် အားချန်နေထိုင်ရာနေရာနှင့် အနည်းငယ် ဝေးကွာသော်ငြား ဒီလောက်ရှည်လျားသော အကွာအဝေးကို မျက်စိတစ်မှိတ်အတွင်းမှာပင် ရောက်ရှိသွားခဲ့လေသည်။
ယနေ့မြို့စောင့်စစ်သားသည် အံ့ဩစရာကောင်းလောက်အောင် ပြီးခဲ့သည့်တစ်ခေါက်က အားချန်နှင့် ပိုင်ရှိုးမင်တို့ တွေ့ဆုံခဲ့သောလူ ဖြစ်နေ၏။ သူသည်မြို့စောင့် စစ်သည်များ၏ ခေါင်းဆောင်ဖြစ်ဟန်တူသည်။ အားချန်ကသူ့ကို ခရီးသွားခွင့်ပြုအမိန့်စာကို ပြသလိုက်ပြီး သူ၏သူငယ်ချင်းများကို အပြင်သို့လိုက်ပို့ပြီး ခဏနေလျှင် ပြန်လာမည်ဖြစ်ကြောင်း ပြောဆိုဆွေးနွေးရာ ထိုသူကလည်း တုံ့ဆိုင်ခြင်းမရှိဘဲ ချက်ချင်းသဘောတူလိုက်၏။
အားချန်တစ်ယောက်ကတော့ စိတ်ထဲတွင် ထူးဆန်းလိုနေတော့သည်။ ဒီလူက အရင်တစ်ခေါက်တုန်းက စည်းကမ်းတွေကို တော်တော်လေး အလေးထားတာ မဟုတ်ဘူးလား။ ပိုင်ရှိုးမင်ကို မျက်နှာသာ ပေးလိုက်တာများလား။
သို့သော်ငြား လေးယောက်သား မြို့တံခါးမှထွက်လာခဲ့ပြီးနောက် ထူထပ်သော မြူခိုးများထဲတွင် အရိပ်တစ်ခုက ကြိုတင်စောင့်ဆိုင်းနေသည်ကို တွေ့မြင်လိုက်ရတော့သည်။
ကျန်လူများက ထိုသူမည်သူမည်ဝါဖြစ်သည်ကို မမှတ်မိသေးခင်မှာပင် ရှန်းဟွေရွှယ်ကတော့ သူ့ကိုတစ်ချက် ကြည့်လိုက်ရုံဖြင့် မှတ်မိသွားတော့၏။ ကျန်းကျင့်ဟွိုင် ဖြစ်နေခြင်းပင်။
ဒီရက်များအတွင်းတွင် သူမသည် ကျန်းကျင့်ဟွိုင်အကြောင်းကို တစ်ခါမှ မတွေးခဲ့မိချေ။ မနေ့ညက သူ့ကိုရုတ်တရက် သတိရမိလိုက် သော်ငြားလည်း ထိုအတွေးသည် မျက်တောင်တခတ်အတွင်းမှာပင် ပျောက်ကွယ်သွားခဲ့၏။
ကျန်းကျင့်ဟွိုင်သည် တစ်ချိန်က သူမ၏ အသက်ကယ်တင် ပေးခဲ့သူဖြစ်၏။ သူမသည် သူ့ထံမှ သံယောဇဉ် အစအနကို အချိန်တော်တော်ကြာအောင် ရယူနိုင်ခဲ့သော်ငြားလည်း နောက်ဆုံးတွင်တော့ ရေရှည် မတည်တံ့နိုင်ခဲ့တော့ချေ။
နှုတ်ဆက်စကားပင် မဆိုဘဲ တိတ်တဆိတ် ထွက်ခွာသွားရမည်ဟု ထင်မှတ်ထားခဲ့သော်ငြား သူက ဒီနေရာတွင် ပေါ်ထွက်လာလိမ့်မည်ဟု ထင်မထားခဲ့မိချေ။
ဒီအချိန်တွင် အားချန်သည်လည်း ထိုသူက မည်သူမည်ဝါ ဖြစ်ကြောင်းကို ခွဲခြားသိမြင်သွားခဲ့ပြီး အနည်းငယ် မျက်မှောင်ကြုတ်လိုက်ကာ စိတ်ထဲတွင် တွေးလိုက်မိတော့သည်။ ပိုင်ရှိုးမင်က မနေ့ကပဲ ဒီလူကို ဂရုစိုက်စရာ မလိုဘူးလို့ ပြောလိုက်တယ်။ ဒီနေ့ကျတော့ လူက ပေါ်လာပါလေရော။ တကယ်ပဲ မကျွတ်မလွတ်နိုင်တဲ့ ဝိညာဉ်တစ်ကောင်လိုပဲ။
ကျန်းကျင့်ဟွိုင်ကတော့ အနားသို့ တိုးမလာခဲ့ချေ။ ရှန်းဟွေရွှယ်က သူရှိရာဘက်သို့ ခဏလောက် လှမ်းလိုက်ပြီးနောက် ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားလိုက်တော့သည်။
"ဟွေရွှယ်" အားချန်က သူမကိုလှမ်းခေါ်လိုက်၏။
ရှန်းဟွေရွှယ်က သူမဘက်သို့ လှည့်ကာပြုံးပြရင်း "အားချန် ကျွန်မ သူနဲ့ စကားနည်းနည်းလောက် သွားပြောလိုက်ဦးမယ်။ ဘာမှမဖြစ်ပါဘူး"
ရှန်းချင်းဝူသည် သူတို့နှစ်ယောက် စကားပြောဆိုမှု မှတစ်ဆင့် ရောက်လာသူက မည်သူဖြစ်သည်ကို ခန့်မှန်းမိသွားဟန်တူ၏။ သမီးဖြစ်သူက ရှေ့သို့တိုးသွားရန် ဆန္ဒပြင်းပြနေသည်ကို မြင်တွေ့ နေသော်ငြား မတားဆီးလိုက်ချေ။
ရှန်းဟွေရွှယ်သည် ကျန်းကျင့်ဟွိုင်ရှေ့သို့ လျှောက်သွားခဲ့လေသည်။ သူသည် ယနေ့တွင်လည်း မြင်းပေါ်တွင် ရှိနေဆဲဖြစ်ပြီး သူမကအနားသို့ လျှောက်လာသည့်အခါမှ မြင်းပေါ်ကဆင်းကာ သူမရှေ့တွင် လာရပ်လေသည်။
"ကျန်းကျင့်ဟွိုင် ကျွန်မ သွားတော့မယ်" သူမသည် သူ့ကိုကြည့်ရင်း တစ်ခွန်းတည်းသာ ပြောလိုက်လေတော့သည်။
...