← Chapters

ပိုင်လူကြီးမင်း ပင်ပန်းရပါပြီ။

Vol. 12 Ch. 114

ပိုင်လူကြီးမင်း ပင်ပန်းရပါပြီ။

Vol. 12 Ch. 114

သရဲပြဇာတ် ကြည့်ပြီးနောက်တွင် အားချန်နှင့် ချန်ဟွေ့တို့သည် အနီးအနားရှိ ဆိုင်တစ်ဆိုင်တွင် ဖက်ထုပ် ဝင်စားလိုက်ကြ၏။

ဆိုင်ရှင်၏လက်ရာသည် ပုံမှန်သာ ဖြစ်သော်ငြားလည်း အစားအသောက်ပမာဏ များများပေးနိုင်ခြင်းကတော့ အားသာချက်ပင်။ သရဲပြဇာတ် လာကြည့်သည့် သူများက များပြားသဖြင့် စီးပွားရေးကလည်း အလွန်ကောင်းမွန်လျက်ရှိသည်။

ဖက်ထုပ်စားပြီးနောက် သူတို့နှစ်ယောက်သည် မလှမ်းမကမ်းရှိ ဆိုင်တန်းများဆီသို့ သွားရောက်ကာ သစ်သီးယိုနှင့် နှမ်းယိုတို့ကို ဝယ်ယူ ခဲ့ကြသည်။ ထိုဆိုင်များ၏ ဘေးတွင် မျက်နှာဖုံးရောင်းချသော ဆိုင်တစ်ဆိုင်ရှိနေ၏။ အားချန်သည် ပါးစပ်ထဲတွင် နှမ်းယိုတစ်တုံးကို ကိုက်ငုံထားရင်း မျက်နှာဖုံးဆိုင်တွင် ချိတ်ဆွဲထားသည့် သရဲမျက်နှာဖုံးများကို စိတ်ဝင်တစား ကြည့်ရှုနေလိုက်သည်။

သရဲမျက်နှာဖုံး လာဝယ်သူ အများစုမှာ အိမ်တွင် ကလေးငယ်များ ရှိကြသူ ဖြစ်ကြသည်။ ဆိုင်ရှင်ပြောသည့် စကားအရ ညဘက်ကလေးငယ်များ ငိုယိုဂျီကျလျင် ဒီမျက်နှာဖုံးကို ကုတင်ခေါင်းရင်းတွင် ချိတ်ဆွဲထားလျှင် မကောင်းဆိုးဝါး အရာများကို ထိတ်လန့်ထွက်ပြေး သွားစေနိုင်ပြီး အလွန်အစွမ်းထက်သည် ဟူ၍။

အားချန်သည်လည်း ဒီမျက်နှာဖုံးများ ပြုလုပ်ထားပုံမှာ အလွန်ထူးဆန်းလှသည်ဟု တွေးထင်မိပြီး အတန်ကြာအောင် တုံ့ဆိုင်းနေလိုက်ပြီးနောက် ထိုမျက်နှာဖုံးများထဲက အကြီးဆုံး မျက်နှာဖုံးတစ်ခုကို ရွေးချယ်ကာ သူမ၏လက်ထဲတွင် ဒိုင်းအလွှာလေး တစ်ခုလို ဖြစ်နေတော့သည်။

ဒီအကြီးဆုံး မျက်နှာဖုံးသည် ဝမ်၁၀၀ တန် လေသည်။ ဆိုင်ရှင်ကလည်း သူမက ဒီလိုအမြဲတမ်း ရောင်းမထွက်သည့် မျက်နှာဖုံးကို လာရောက် ရွေးချယ်လိမ့်မည်ဟု မထင်မှတ်ထားမိသဖြင့် ဝမ်းပန်းတသာနှင့် မျက်နှာဖုံးကို ဖြုတ်ယူကာ သူမလက်ထဲသို့ ပေးအပ်လိုက်ပြီး လက်ဖဝါး အရွယ်အစားရှိသည့် မျက်နှာဖုံးငယ်လေးတစ်ခုကိုပင် လက်ဆောင်အဖြစ် ထည့်ပေးလိုက်သေးသည်။

သူတို့နှစ်ယောက်သည် မျက်နှာဖုံးကိုပိုက်ကာ တည်းခိုဆောင်သို့ ပြန်ရောက်လာချိန်တွင် နှုတ်ဆက်ထွက်ခွာသွားမည့် ကျောင်းကျိုးက အရာရှိများနှင့် တည့်တည့်တိုးလေတော့၏။

အရှေ့ဆုံးက လျှောက်လှမ်းလာသော ထိုမြို့တော်ဝန်သည် အရာရှိဆိုသူ၏ မာန်မာနမျိုး လုံးဝမရှိဘဲ မျက်နှာဖုံးကို သေသေချာချာလေး ကြည့်ရှုလိုက်ပြီး ပြုံးရွှင်စွာ မေးမြန်းလာသည်။ "မိန်းကလေးက သရဲပြဇာတ် သွားကြည့်တာလား"

အားချန်ကလည်း ပြန်ဖြေလိုက်၏။ " ဟုတ်ပါတယ်။ အခုပဲ ကြည့်ပြီး ပြန်လာတာ။ အရမ်းကောင်းတာပဲ"

"ဒါပေါ့ဗျ။ တခြားနေရာက ပြဇာတ်တွေ ကကျွန်တော်တို့ ကျောင်းကျိုးရဲ့ သရဲပြဇာတ်ကို လုံးဝမယှဉ်နိုင်ဘူး" မြို့တော်ဝန်သည် မျက်နှာပေါ်တွင် ဂုဏ်ယူနေသည့် အမူအရာများ ထင်ဟပ်နေပြီး သူသည် သရဲပြဇာတ်ကို အလွန်အမင်း နှစ်သက်သူ ဖြစ်သည်မှာလည်း ထင်ရှားလှ၏။ သရဲပြဇာတ်ကို ချီးကျူးသည့်အခါမှာပင် ကျန်နေသော ပြိုင်ဘက်များကို နှိမ့်ချပြောဆိုရန် မမေ့လျော့ခဲ့ချေ။

ထိုအချိန်မှာပင် ပိုင်ရှိုးမင်ကလည်း လျှောက်လာခဲ့လေသည်။

ထိုမြို့တော်ဝန်သည် သူ့ကို မြင်လိုက်သောအခါ မျက်နှာထားကို ချက်ချင်းပြင်လိုက်ပြီး ပြောလာ၏။ "ကျွန်တော်တို့ ပြန်လိုက်ပါဦးမယ်။ ပိုင်လူကြီးမင်း နေရစ်ခဲ့ပါ"

ပိုင်ရှိုးမင်ကလည်း အသာအယာ ခေါင်းငြိမ့်ပြလိုက်ကာ "လူကြီးမင်းလျို ဖြည်းဖြည်းပြန်ပါ"

အားချန်သည် ဘေးသို့အနည်းငယ် ရှောင်တိမ်းပေးလိုက်ပြီး ထို ဒေသခံအရာရှိများက တည်းခိုဆောင်မှ ထွက်ခွာသွားမှသာ သူမ၏ မျက်နှာဖုံးကိုပိုက်ပြီး အတွင်းသို့ဝင်ရောက်သွားခဲ့လေသည်။

ခြေလှမ်းနှစ်လှမ်းလောက် လျှောက်ပြီးနောက်တွင် သူမသည် ပိုင်ရှူးမင်၏ဘေးသို့ ပြန်လည်ဆုတ်ခွာလာပြီး မျက်နှာချိုသွေးကာ ပြုံးရင်း ပြောလိုက်၏။ "ပိုင်ရှိုးမင် ကျွန်မအခန်းက ဘယ်မှာလဲ"

ပိုင်ရှိုးမင်ကလည်း သူမကိုတစ်ချက် စွေ ကြည့်လိုက်ကာ "မင်းက သင်္ဘောပေါ်က ဆင်းဆင်းချင်းပဲ အရိပ်အယောင်တောင် မမြင်ရအောင် ပျောက်သွားတယ်။ ငါက မင်း ပြန်မလာတော့ဘူးလို့တောင် ထင်နေတာ"

"ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။ ကျွန်မ အပြင်ထွက် လည်နေတုန်းမှာ စိတ်ထဲမှာ ရှင့်ကို သတိရနေတာ။ ဒါက ရှင့်အတွက် ကျွန်မ ပေးတဲ့လက်ဆောင်" ပျော်ရင်းဆိုရင်း သူမ၏ရင်ခွင်ထဲက ကြီးမားလှသည့် မျက်နှာဖုံးကို ပိုင်ရှိုးမင်၏လက်ထဲသို့ အတင်းထိုးထည့် ပေးလိုက်တော့သည်။

"လက်ဆောင် ဟုတ်လား" ပိုင်ရှိုးမင်ကလည်း သူ့လက်ထဲကို အတင်းထိုးထည့် လိုက်သည့် လက်ဆောင်ကို ခေါင်းငုံ့ကာ ကြည့်လိုက်ပြီး ထိုပစ္စည်း၏ အသုံးဝင်ပုံကို သိပ်ပြီး နားမလည်နိုင်အောင် ဖြစ်သွားတော့၏။

အားချန်က မျက်နှာထားကို အတည်ငြိမ်ဆုံးဖြစ်အောင် ပြင်ထားလိုက်ပြီးမှ ရှင်းပြလိုက်လေသည်။ "ဒါက ကျောင်းကျိုးရဲ့ အထူးထုတ် သရဲမျက်နှာဖုံးပဲ။ ကုတင်ခေါင်းရင်းမှာ ချိတ်ထားရင် သရဲတစ္ဆေတွေကို မောင်းထုတ်ပေးနိုင်တယ်တဲ့။ မျက်နှာဖုံးက ပိုကြီးလေ အစွမ်းပိုထက်လေပဲတဲ့။ ကျွန်မက အကောင်းဆုံးကို ဝယ်ပြီးရှင့်အတွက် လက်ဆောင်ပေးရမှာပေါ့"

စကားပြောလိုက်ပြီးနောက် သူမ၏မျက်နှာပေါ်တွင် ရှင် ကျွန်မကို မြန်မြန် ချီးကျူးသင့်နေပြီ ဟူသည့် အမူအရာများ ပြည်နှက်နေတော့သည်။

မလှမ်းမကမ်းတွင် ရပ်နေသည့် ချန်ဟွေ့မှာ မျက်နှာကို တိတ်တဆိတ် တစ်ဖက်သို့ လွှဲထားလိုက်ပြီး စိတ်ထဲမှလည်း စဉ်းစားတွေးတော နေမိတော့၏။ အဲဒီမျက်နှာဖုံး ရောင်းတဲ့သူဌေးကတော့ နောက်တစ်ပိုင်းကို ပြောမသွားခဲ့ဘူး။ သူ့မှာသာ အားချန်ရဲ့ပါးစပ် တစ်ဝက်လောက်ရှိရင် သူ့မျက်နှာဖုံးတွေ ရောင်းမထွက်မှာ စိုးရိမ်စရာတောင် မလိုဘူး။

ပိုင်ရှိုးမင်သည် မျက်နှာဖုံးကို ဟိုလှန်ဒီလှန် ကြည့်လိုက်လေသည်။ မျက်နှာဖုံး ပြုလုပ်ထားပုံမှာ အလွန် ကြောက်မက်ဖွယ်ရာ ကောင်းလှပြီး သရဲတစ္ဆေ မောင်းထုတ်သည့် အစွမ်းကတော့ မသိရချေ။ သို့သော်ငြား ကုတင်ခေါင်းရင်းတွင် ချိတ်ထားပါက ညသန်းခေါင် လူတစ်ယောက်ယောက်ကို လန့်သေသွားအောင် ပြုလုပ်ရန်ကတော့ လွယ်ကူလှပေ၏။

သို့သော်ငြားလည်း သူသည် ဒီလက်ဆောင်ကြီးကို လက်ခံလိုက်ပြီး မျက်နှာဖုံးကို လက်တစ်ဖက်ဖြင့်ကိုင်ရင်း အားချန်ကို ပြောလိုက်တော့၏။ "သွားမယ်။ မင်းကို အခန်း လိုက်ပြပေးမယ်"

အားချန်ကလည်း ချက်ချင်းပင် သူ့နောက်သို့ လိုက်ပါသွားပြီး စိတ်ထဲတွင်လည်း တွေးလိုက်မိလေသည်။ ဒီလူက ချော့မော့ရတာ ပိုပြီးလွယ်လာတာပဲ။

ဒီတစ်ကြိမ်တွင်တော့ လိုက်ပါလာသူများမှာ အမှန်တကယ် များပြားလှသဖြင့် ကျောင်းကျိုးမြို့တော်ဝန်က တည်းခိုဆောင် အတွင်းရှိ အိမ်များကို ရှင်းလင်းပေးထားပြီး မင်းကျင့်စီးကို နေထိုင်ရန် နေရာချထားပေး သော်ငြား အခန်းများကတော့ သိပ်ပြီးမလုံလောက်လှချေ။

ယနေ့တွင် အားချန်သည် ချန်ဟွေ့နှင့်အတူ အခန်းတစ်ခန်းထဲတွင် အိပ်စက်ရပေမည်။

အားချန်သည် ဒီကိစ္စနှင့် ပတ်သက်၍တော့ ကန့်ကွက်စရာမရှိချေ။ အခန်းသည် အနည်းငယ် ရိုးရှင်းသော်ငြား သန့်ရှင်းသပ်ရပ်စွာ ရှင်းလင်းထားပြီး အိပ်ရာခင်းနှင့် စောင်များကလည်း အသစ်များဖြစ်နေ၏။

လူကိုအခန်းသို့ ပို့ဆောင်ပေးပြီး နောက်တွင် ပိုင်ရှိုးမင်သည် အပြင်သို့ထွက်ခွာရန် ပြင်လိုက်စဉ်မှာပင် အားချန်က သူ၏အင်္ကျီလက်စကို ဆွဲထားလိုက်သည်ကို ရုတ်တရက် ခံစားလိုက်ရ၏။

သူက လှည့်ပြီး မေးလိုက်ပြန်၏။ "ဘာဖြစ်ပြန်ပြီလဲ"

"ကျွန်မတို့ မနက်ဖြန် ဘယ်အချိန် ထွက်ကြမှာလဲ"

"မနက်ဖြန် စစ်အစောပိုင်းအချိန်"

"ကျွန်မ အချိန်မီ ပြန်လာခဲ့မယ်" သူမသည် မနက်ဖြန်တွင် စောစောထကာ အပြင်သို့ထွက်ပြီး လျှောက်လည်ဖို့ရန် ဆုံးဖြတ်ထားလေသည်။

"မင်း ထပ်ပြီး သွားလည်ဦးမလို့လား"

"လည်တယ်လို့ပြောလို့ ဘယ်ရမှာလဲ။ ဒါကို ...” အားချန်သည် ခဏလောက် စဉ်းစားလိုက်ပြီးမှ အံဝင်ခွင်ကျ ရှိလှသည့် စကားလုံးတစ်လုံးကို ရှာတွေ့သွားတော့၏။ "အများပြည်သူတွေရဲ့ ဘဝကို ထောက်လှမ်း စစ်ဆေးတယ်လို့ ခေါ်တယ်"

ပိုင်ရှိုးမင်၏ မျက်နှာထားမှာ ပြုံးယောင်ယောင် ဖြစ်သွားပြီး မေးလိုက်လေသည်။ "ဒါဆိုရင် မင်းက ဘယ်လို အများပြည်သူရဲ့ ဘဝကို ထောက်လှမ်းနိုင်ခဲ့သလဲ"

"ပေါင်ဖုန်းခရိုင်ရဲ့ နှမ်းယိုက အရမ်းစားလို့ကောင်းတာပဲ" ပြောရင်းဆိုရင်း စားပွဲပေါ်တွင် တင်ထားသည့် ဆီစိမ်စက္ကူကို ဖွင့်လိုက်ပြီး နှမ်းယိုတစ်တုံးကို ကောက်ယူကာ သူ့ပါးစပ်အနားသို့ ကပ်ပေးလိုက်ရင်း မျှော်လင့်တကြီး ကြည့်ရှုနေလိုက်၏။

ပိုင်ရှိုးမင်က ထိုနှမ်းယိုကို တစ်ချက်လောက် ကြည့်လိုက်ပြီး ပါးစပ်ဟကာ ကိုက်ယူလိုက်တော့သည်။

ပိုင်ရှိုးမင်သည် အားချန်၏ အခန်းထဲက ထွက်လာချိန်တွင် အခန်းထဲသို့ မပြန်သေးသည့် မင်ကျင့်စီးအစောင့် အနည်းငယ်က သူတို့၏ လူကြီးမင်း ဖြစ်သူသည် လက်တစ်ဖက်တွင် ထူးဆန်းသော ဒိုင်းကာကြီးတစ်ခုကို ကိုင်ထားကာ ပါးစပ်ထဲတွင်လည်း သကြားလုံးတစ်လုံး ကိုက်ငုံထားသည်ကို မြင်တွေ့လိုက်ရပြီး ထိုမြင်ကွင်းမှာ အများပြည်သူနှင့် အလွန်နီးစပ်နေသော ပုံစံမျိုး ဖြစ်နေတော့သည်။

လူအနည်းငယ်မှာ မနေနိုင်ဘဲ အကြိမ်နည်းငယ် ထပ်မံကြည့်ရှု လိုက်မိသည်တွင် ပိုင်ရှိုးမင်၏ အေးစက်စက် အကြည့်တစ်ချက်ကို လက်ခံရရှိလိုက်ပြီး ချက်ချင်းပင် လူစုကွဲသွားလေတော့သည်။

ထိုညတွင် အားချန်သည် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ခဲ့လေ၏။ သင်္ဘောပေါ်က ဆင်းခဲ့ပြီးနောက် ခြေမထိလက်မထိ ယိမ်းထိုးနေရသည့် ခံစားချက်မျိုးက နောက်ဆုံးတွင်တော့ ပျောက်ကွယ်သွားတော့သည်။

နိုးလာသောအချိန်တွင် ချန်အချိန်ပင် မရောက်သေးချေ။ သူမနှင့် ချန်ဟွေ့တို့သည် မျက်နှာသစ် ကိုယ်လက်ဆေးကြော လိုက်ပြီးနောက် တည်းခိုခန်းမှ ထွက်လာခဲ့ကြလေသည်။

မနေ့က ဖက်ထုပ်ကို စားနေစဉ်မှာပင် ပေါင်ဖုန်းခရိုင်၏ ဆွန်းကျိ သိုးသားပြုတ်သည် အရသာအလွန်ကောင်းမွန်ပြီး ပြဇာတ်ကပြသော နေရာ၏ ဘေးလမ်းကြားထဲတွင် ရှိသည်ဟု ကြားသိခဲ့ရသဖြင့် သူမကလည်း သွားရောက်မြည်းစမ်းကြည့်ရန် ရည်ရွယ်လိုက်တော့၏။

သူမ ရောက်ရှိသွား သောအချိန်မှာ အနည်းငယ် နောက်ကျနေပြီဖြစ်ကာ ဆွန်းကျိ သိုးသားပြုတ်ဆိုင်ထဲတွင်လည်း လူများပြည့်နှက်လို့နေသည်။ သူတို့နှစ်ယောက်သည် မျက်နှာစိမ်းဧည့်သည်များ ဖြစ်သည်ကို မြင်လိုက်သောအခါ ဆိုင်ရှင်အမျိုးသမီးက သူတို့နှစ်ယောက်ကို တောင့်တစ်နေရာသို့ ခေါ်ဆောင်သွားပြီး ထိုင်ခိုင်းလိုက်ကာ သူတို့နှင့် တစ်စားပွဲတည်း ထိုင်သူမှာလည်း အမျိုးသမီးတစ်ဦးပင် ဖြစ်လေသည်။

ထိုအမျိုးသမီး၏ ခန္ဓာကိုယ်သည် ပိန်လှီပြီး ရိုးရိုးရှင်းရှင်း ဆံထုံးကို ထုံးဖွဲ့ထားကာ အလှပြင်ဆင် ထားခြင်းလည်း မရှိချေ။ သူမ၏ မျက်နှာအခြေအနေမှာ သိပ်မကောင်းလှဘဲ မျက်နှာပေါ်တွင်လည်း သွေးရောင်လေးတစ်စက်မှပင် မရှိပေ။

မကြာခင်မှာပင် ဆိုင်ရှင်အမျိုးသမီးသည် သိုးသားပြုတ် ပန်းကန်နှစ်လုံးကို လာရောက်ချပေးပြီး ထိုအထဲက ပန်းကန်တစ်လုံး တွင်တော့ သိုးသွေးများသာ ထည့်ထားလေ၏။

အားချန်သည် မျက်နှာချင်းဆိုင်က အမျိုးသမီးစားသောက်နေသည့် ဟူပင်းမုန့်မှာ မဆိုလှဟု တွေးမိသဖြင့် ထိုကဲ့သို့ မုန့်များကိုပင် မှာယူလိုကြောင်း ပြောလိုက်ရာ ဆိုင်ရှင်အမျိုးသမီးက မျက်နှာပျက်ပျက်ဖြင့် ပေါက်စီသာရှိပြီး ဟူပင်း မရောင်းကြောင်း ပြောလာလေသည်။

ထိုအမျိုးသမီးသည် အားချန်နှင့် ဆိုင်ရှင်အမျိုးသမီးတို့ စကားပြောသံကို ကြားလည်းရသည်တွင် ခေါင်းမော့ကြည့်လာပြီး ရုတ်တရက် ဖွင့်ပြောလာခဲ့၏။ "မိန်းကလေး မရွံဘူးဆိုရင် ကျွန်မဆီက ဟူပင်းတစ်တုံး ယူလိုက်ပါ"

ထိုအမျိုးသမီး၏ စကားသံထဲတွင် လေထဲမှ ပြန့်လွှင့်လာသော အသံမျိုးပါဝင်နေပြီး ထူးခြားလှသည့် အသံမျိုး။ တစ်ကြိမ် ကြားဖူးရုံမျှဖြင့် မေ့ပျောက်ရန် ခက်ခဲလှ၏။

"ရှင်က ယွီသခင်မပဲ" အားချန်ကလည်း အသေအချာ ပြောလိုက်လေသည်။

ထိုအမျိုးသမီးသည် နှုတ်ခမ်းတောင့်ကို အနည်းငယ် လှုပ်ရှားလိုက်ပြီး သူမ၏မျက်နှာပေါ်က အမူအရာကလည်း အနည်းငယ် တောင့်တင်းသွား၏။ "မိန်းကလေးက ကျွန်မကို သိလို့လား"

"မနေ့ကမှ ကျွန်မ ရှင့်ပြဇာတ်ကို ကြည့်ခဲ့ရတယ်လေ။ ရှင့်အသံက အရမ်းနားထောင် ကောင်းတယ်။ သရဲပြဇာတ်ကလည်း ကြည့်လို့ကောင်းတယ်" အားချန်သည် စိတ်ရင်းအမှန်ဖြင့် ချီးကျူးလိုက်ပြီး ဆက်ပြောလိုက်လေသည်။ "ဒါပေမဲ့ ဟူပင်းကတော့ မလိုတော့ပါဘူး။ ကျွန်မပေါက်စီပဲ စားလိုက်တော့မယ်"

"မိန်းကလေးရဲ့ လေယူလေသိမ်းက ကျောင်းကျိုးကလူ မဟုတ်ဘူး ထင်တယ်" ယွီသခင်မက မေးလာ၏။

အားချန်ကလည်း ရှင်းပြလိုက်လေသည်။ "ကျွန်မက မြို့တော်ကပါ။ မြို့တော်ကို ပြန်မလို့ မနေ့ညက ပေါင်ဖုန်းခရိုင်ကို ဖြတ်ရင်း သရဲပြဇာတ်ကို ကြည့်ဖြစ်သွားတာ"

"ဒါဆိုရင်တော့ တကယ်ရေစက်ပါတာပဲ။ ကျွန်မလည်း အစတုန်းက မြို့တော်ကပါပဲ။ ဒီလိုရေစက်ရှိမှာတော့ ဒီဟူပင်းကို ကျွန်မတို့ သိကျွမ်းတဲ့ လက်ဆောင်အဖြစ် ထားလိုက်ပါ။ မိန်းကလေး မငြင်းပါနဲ့"

စကားပြောပြီးနောက် ယွီသခင်မသည် စားပွဲပေါ်တွင်တင်ထားသည့် ဟူပင်းနှစ်တုံး ကျန်ရှိသေးသည့် စက္ကူအိတ်ကို တွန်းပို့ပေးလိုက်လေသည်။

သူမက ဒီလို ပြောလာသောအခါ အားချန်ကလည်း ဆက်ပြီးမငြင်းတော့ချေ။ ယွီသခင်မ၏ အမူအရာကို ကြည့်ရသည်မှာလည်း ဟန်ဆောင်ကာ ယဉ်ကျေးပြနေခြင်း မဟုတ်ချေ။

ခဏလောက် စကားပြောဆိုပြီးနောက် နှစ်ယောက်သားက ဆက်ပြီးစကား မပြောဖြစ်ကြတော့ပေ။ အားချန်သည် ထိုင်ချလိုက်ပြီး ဟင်းရည်အနည်းငယ်ကို သောက်သုံးလိုက်ရာ သိုးသားပြုတ် အရသာသည် အမှန်ပင်အလွန် လတ်ဆတ်လှပြီး ကျွပ်ရွမွှေးပျံ့လှသည့် ဟူပင်းနှင့် တွဲဖက်လိုက်သောအခါ အလွန်လိုက်ဖက် ညီနေတော့သည်

အားချန်သည် ဟူပင်း တစ်ဝက်စားပြီးနောက် ယွီသခင်မကို ခေါင်းမော့ကြည့်လိုက်ကာ သူမသည်လည်း ဟူပင်းမုန့်ကို စားသုံးနေဆဲဖြစ်သော်ငြား ပါးစပ်ဖြင့် တိုက်ရိုက်ကိုက်ဖြတ် စားသုံးခြင်း မဟုတ်ဘဲ လက်နှင့် အတုံးငယ်လေးများ ဖြစ်အောင် ဖဲ့ချွေကာ စားသုံးနေခြင်းဖြစ်လေသည်။

သူမ၏အပြုအမူ အမူအရာတိုင်းတွင် မွေးရာပါ ကျော့ရှင်းမှုတစ်မျိုး ပါဝင်နေပြီး အခန်းထဲရှိ လူများနှင့်လုံးဝ သီးခြားဖြစ်နေသော်ငြား တမင်တကာ ဟန်ဆောင်ထားခြင်းတော့ မဟုတ်ချေ။

ဒီလိုစားသုံးသည့် ပုံစံမျိုးကို အားချန်ကလည်း သင်ယူခဲ့ဖူးလေသည်။ တစ်ချို့သော ပွဲလမ်းသဘင်များတွင် မင်းသမီး အများအပြားသည် ဒီလိုအမူအရာဖြင့် စားသုံးကြပြီး ထိုသို့မပြုလုပ်ပါက အိမ်တော်၏ သင်ကြားပြသမှု မကောင်းကြောင်း တခြားသူများ၏ တိတ်တဆိတ် လှောင်ပြောင်ခြင်းကို ခံရတတ်သည်။

မနေ့ညကြားသိရသည့် ကောလဟာလများကို ပြန်လည်တွေးတော မိသောအခါ အားချန်သည် သူမ၏အရှေ့က ယွီသခင်မ၏ နောက်ကျောင်းကို အနည်းငယ် သိလိုစိတ်များ ဖြစ်လာလေတော့သည်။

"ကျွန်မ ကြားတာတော့ ယွီသခင်မက ဒီပြဇာတ်ကပြီးရင် အရှင်မင်းကြီးရဲ့ မွေးနေ့ပွဲအတွက် ပြဇာတ်အဖွဲ့နဲ့အတူ မြို့တော်ကို လိုက်သွားတော့မယ်ဆို" အားချန်က စကားကို စကာ ပြောလိုက်လေသည်။

သတင်းကလည်း လူတွေကြား ထဲမှာတောင် ပြန့်နေပြီဆိုတော့ ပြောလို့မရတဲ့ ကိစ္စမျိုးတော့ မဟုတ်လောက်ပါဘူး။

အားချန်၏စကားကို ကြားပြီးနောက်တွင် ယွီသခင်မက ဖြေးညှင်းစွာ ပြောလာခဲ့၏။ "ဒါကလူတွေ မြှောက်ပြော နေကြတာပါ။ အရှင်မင်းကြီးအတွက် မဟုတ်ပါဘူး။ ပြဇာတ်အဖွဲ့က ယင်းအန်းဝမ်ရဲ့ ဖိတ်ကြားချက်ကြောင့် ရှန့်ကျင်းကို သွားရတာပါ။ ဝမ်ရယ်က ကျောင်းကျိုးကို ဖြတ်သန်းသွားတုန်း သရဲပြဇာတ်ကို နားထောင်ရတာကို သဘောကျသွားလို့ မြို့တော်ကို ပြန်ရောက်ပြီး နောက်မှာလည်း မမေ့ပျောက်နိုင် ဖြစ်နေပြီး ကျွန်မတို့ကို မြို့တော်မှာ အကြိမ်အနည်းငယ်လောက် လာပြီးတော့ ကပြစေချင်တာပါ။ နောက်ပြီး အရှင်မင်းကြီးရဲ့ သက်တော်ရှည် မွေးနေ့ပွဲကလည်း နီးကပ်လာပြီဖြစ်လို့ ကျွန်မတို့ပြဇာတ်အဖွဲ့ကို အဆိုတင်သွင်း ပေးခဲ့တာပါ။ ဒီအတိုင်းအခွင့်အရေးတစ်ခု ရလိုက်တာပါပဲ"

စကားပြောပြီးနောက် သူမသည် အားချန်ကိုမော့ကြည့်ကာ မေးလိုက်လေသည်။ "မိန်းကလေး ကြည့်ရတာ သာမန်လူမဟုတ်ဘူးဆိုတာ သိသာတယ်။ ယင်းအန်းဝမ်ကို သိလား"

အားချန်ကလည်း သူမ၏စကားကို မငြင်းဘဲ ခေါင်းငြိမ့်ပြ လိုက်လေသည်။ "နည်းနည်းပါးပါးတော့ ကြားဖူးပါတယ်။ ဒါပေမဲ့ အများကြီးတော့ မသိပါဘူး"

ဒီမြို့စားက အမြဲတမ်း အနေအေးပြီး တိတ်တဆိတ် နေထိုင်တတ်တယ်။ လူတွေ မှတ်မိစေနိုင်တဲ့ တစ်ခုတည်းသော အချက်ကတော့ သူ့ဇနီးဖြစ်သူကို အရမ်းကြောက်ရွံ့တာပဲတဲ့။ သူ့အိမ်တော်မှာ မောင်းမ တစ်ဦးတစ်ယောက်မှ မရှိဘဲ သားတစ်ယောက် သမီးတစ်ယောက်ပဲ ရှိတယ်တဲ့။ သားဖြစ်သူကလည်း ဘာအရည်အချင်းမှ မရှိပေမယ့် သမီးဖြစ်သူကတော့ အိမ်ထောင်ရေး ကံကောင်းတယ်။ ကြားရတာကတော့ သူ့ရဲ့ခင်ပွန်းလောင်းကို ကျွမ့်ယွမ် အောင်စာရင်း ထုတ်ပွဲနေ့မှာ ကိုယ်တိုင်ဖမ်းဆွဲ ထားခဲ့တာတဲ့။ အခုတော့ သူ့ရဲ့ခင်ပွန်းက ပြည်ထဲရေး ဝန်ကြီးဌာနက လက်ထောက်ဝန်ကြီးတောင် ဖြစ်နေပြီ။

အပ်ချန်သည် လွင့်ပျံနေသော အတွေးများကို ပြန်လည်စုစည်းလိုက်ပြီး ပြုံးကာပြောလိုက်လေသည်။ "ယွီသခင်မရဲ့ အရည်အချင်းနဲ့ဆိုရင် သေချာပေါက် အောင်မြင်မှာပါ"

"မိန်းကလေးရဲ့ ဆုတောင်းအတိုင်းပါပဲ။ အခွင့်အရေးရှိရင် မြို့တော်ကို ရောက်တဲ့အခါ ကျွန်မက မိန်းကလေးကို ပြဇာတ်ကြည့်ဖို့ ဖိတ်ခေါ်ပါ့မယ်"

"ယွီသခင်မသာ မြို့တော်ကို ရောက်လာခဲ့ရင် ကျွန်မကလည်း သေချာပေါက် လာပြီးတော့ အားပေးမှာပါ"

ယွီသခင်မသည် သိုးသားပြုတ် သောက်သုံးပြီးနောက် အားချန်ကို နှုတ်ဆက်ကာ ထွက်ခွာသွားလေသည်။

အားချန်သည် သူမထွက်ခွာ သွားသည်ကို လှမ်းကြည့်နေလိုက်ပြီးမှ အကြည့်ကို ပြန်ရုတ်သိမ်းလိုက်တော့၏။

"မနေ့က ယွီသခင်မရဲ့သရဲမျက်နှာကို တွေ့တုန်းက တကယ်ပဲ မျက်နှာပြားပြားကြီးနဲ့ သွားအစွယ်တွေ ရှိနေတယ်ထင်တာ ဘယ်လိုများ ပြင်ဆင်ထားလဲ မသိဘူး။ တကယ်အစစ်အတိုင်းပဲနော်" အားချန်က မနေနိုင်ဘဲ ချန်ဟွေ့ကိုပြောလိုက်၏။

ချန်ဟွေ့ကတော့ ဒီကိစ္စကိုသိပ်ပြီး ဂရုမစိုက်ချေ။ လူများကြားထဲတွင် သခင်မဟု ခေါ်တွင်ခံရသူတိုင်းသည် ကိုယ်ပိုင်ထူးချွန်သည့် အရည်အချင်းများ ရှိကြပြီး တခြားသူများက ဖွင့်ဟပြောရန် မလိုအပ် ချေ။

သူမက အားချန်ကို ပြောလိုက်၏။ "သူ့မျက်နှာအရောင်က သိပ်မမှန်ဘူး။ သူ့ကိုယ်ပေါ်မှာလည်း ယင်စွမ်းအင် နည်းနည်းရှိနေတယ်"

အားချန်သည်လည်း သူမ၏မျက်နှာ အခြေအနေ မကောင်းသည်ကို သတိပြုမိသော်ငြား ဘာအတွေးမှမရှိဘဲ ဒီအတိုင်းသာ ပြောလိုက်လေသည်။ "မတော်တဆ ကပ်ငြိလာတာများ ဖြစ်မလား"

သာမန်လူများ ညဘက်သွားလာမိလျှင် ယင်စွမ်းအင်များ ကပ်ငြိလာတတ်လေသည်။ သရဲပြဇာတ်ဆိုသည်မှာ ညဘက်တွင် ဖွင့်လှစ်ကပြရပြီး ရံဖန်ရံခါ လွင့်မျောနေသည့် ဝိညာဉ်များကို ဆွဲဆောင်မိခြင်းကလည်း သိပ်ပြီးထူးဆန်းသည့် ကိစ္စဟု မဆိုနိုင်ချေ။ ပုံမှန် နေရောင်ခြည် များများ ခံယူလိုက်လျှင် ကောင်းမွန်သွား ပေလိမ့်မည်။

ချန်ဟွေ့က ခေါင်းငြိမ့်လိုက်ပြီး အားချန်ပြောစကားကို ထောက်ခံလိုက်၏။

သူတို့နှစ်ယောက် မနက်စာစားသုံးပြီးနောက် တည်းခိုခန်းသို့ ပြန်ရောက်လာချိန်တွင် မင်ကျင့်စီး အစောင့်များသည် ခရီးဆောင်ပစ္စည်းများကို စတင်သိမ်းဆည်း နေကြပြီဖြစ်၏။ အားချန်နှင့် ချန်ဟွေ့တို့ ပြန်လာသည်ကို မြင်လိုက်သည်တွင် တစ်စုံတစ်ယောက်က သူတို့နှစ်ယောက်ကို အဖွဲ့၏အနောက်ဘက်ရှိ မြင်းလှည်းဆီသို့ လမ်းညွှန်ကာ ခေါ်ဆောင်သွားလေသည်။

ထိုမြင်းလှည်းသည် ကျယ်ဝန်းပြီး သက်သောင့်သက်သာရှိလှ၏။ တုန်ခါမှု လျော့နည်းအောင် ပြုလုပ်ထားဟန်တူပြီး လာစဉ်ကစီးနင်းခဲ့သော မြင်းလှည်းထက် မညံ့လှချေ။ စစ်အချိန် အစောပိုင်းတွင် အဖွဲ့သည် နောက်ဆုံးတော့ ထွက်ခွာလာခဲ့လေသည်။

ဒီခရီးစဉ်သည် ၁၀ရက်တိုင်တိုင် ကြာမြင့်ခဲ့ပြီး အားချန်သည် ရှန့်ကျင်း၏ မြို့တံခါးကို နောက်ဆုံးမြင်တွေ့ လိုက်ရသောအခါ သူမ၏စိတ်နှလုံးထဲတွင် ဒီလောကနှင့် အဆက်ပြတ် သွားခဲ့သည်မှာ ကြာမြင့်လှပြီဖြစ်သလို ခံစားလိုက်ရ၏။

မျက်စိတစ်မှိတ် အတွင်းမှာပင် သူမ ရှန့်ကျင်းသို့ ရောက်လာသည်မှာ တစ်နှစ်နီးပါး ရှိပေတော့မည်။

ရှန့်ကျင်း၏ ဆောင်းဦးရာသီသည် ရှီးလင်ထက် များစွာပိုပြီး အေးမြလှ၏။ အားချန် ပြင်ဆင်လာသော အဝတ်အစားများမှာ လုံလောက်အောင် မထူထဲသဖြင့် မြင်းလှည်းထဲတွင် ထိုင်နေသော်ငြား အနည်းငယ် အေးစက်နေသည်ဟု ခံစားလိုက်ရသည်။ ကံကောင်းထောက်မစွာ မကြာမီ အိမ်ပြန်ရောက်ပေတော့မည်။

မြို့တံခါးဝသို့ ရောက်လာသောအခါ ရှေ့ကယာဥ်တန်းသည် ရပ်တန့်သွားလေသည်။

ခဏလောက် စောင့်ဆိုင်းလိုက် ပြီးနောက်တွင် ယာဉ်တန်းသည် ဆက်ပြီး မရွေ့လျားသေးချေ။ တခွပ်ခွပ် မြင်းခွာသံများ ထွက်ပေါ်လာပြီး အားချန်ကလည်း မြင်းလှည်း ပြတင်းပေါက်၏ ခန်းဆီးကိုမကာ ခေါင်းပြူကာ ကြည့်လိုက်သည်တွင် ပိုင်ရှိုးမင်က မြင်းစီးကာ လှည်းအနားသို့ ရောက်ရှိလာသည်ကို တွေ့လိုက်ရ၏။

"ရှေ့မှာဘာဖြစ်လို့လဲ"အားချန်က မေးလိုက်၏။

"ဘာမှမဖြစ်ဘူး။ တစ်ယောက်ယောက်က လမ်းပိတ်ထားလို့" ပိုင်ရှိုးမင်းက ပေါ့ပေါ့ပါးပါး ပြောလိုက်ပြီး ထပ်ပြောလာခဲ့သည်။ "မြို့ထဲရောက်ရင် မင်းကို အိမ် တန်းပြန်ပို့ ခိုင်းလိုက်မယ်"

"ကောင်းပြီလေ" အားချန်ကလည်း ခေါင်းငြိမ့်ပြလိုက်သည်။

လမ်းပိတ်ထားသူမှာ ရာထူးအဆင့်အတန်း နိမ့်ကျသူ မဟုတ်သည်မှာ သေချာလှပြီး ရှီးလင်ဝမ်နှင့် ပတ်သက်နိုင်ဖွယ်ရှိ၏။ ဒီလိုကိစ္စမျိုးတွင် သူမဝင်ရောက် စွက်ဖက်တော့မည် မဟုတ်ချေ။

သို့သော်ငြား ချက်ချင်းဆိုသလို သူမ၏ မျက်လုံးများသည် တစ်ချက် လှုပ်ရှားသွားပြီး ပိုင်ရှိုးမင်းကို လက်ယက် ခေါ်လိုက်လေသည်။

"ပြောချင်တာ ရှိသေးလို့လား"

ပိုင်ရှိုးမင်က ကိုယ်ကို ကိုင်းညွှတ်လိုက်သောအခါ သူမကလည်း ကိုယ်၏အပေါ်ပိုင်း တစ်ဝက်ကို မြင်းလှည်း၏ အပြင်ဘက်သို့ ထုတ်လိုက်ပြီး သူ၏နားနားသို့ကပ်ကာ ပြောလိုက်လေသည်။ "ရှင် ပြောကြည့်။ ကျင့်ယန်မြို့စား လင်မယား သူတို့သမီးကို ရှန်းမိသားစုထဲ အတင်းထည့်လိုက်တာ လက်ထပ်ခိုင်းတာက ရှန်းမိသားစုနဲ့ မသိအောင်လုပ်ထားတဲ့ ပတ်သက်မှုတွေ ရှိနေလို့မဟုတ်ဘူးလား"

ရှန်းမိသားစုနှင့် ကျင့်ရန်မြို့စားမိသာစု ပတ်သက်မှုကို စိတ်ထဲမှာလည်း သေသေချာချာ သိထားပြီးသားပဲလေ။ ပိုင်ရှိုးမင် ကိုယ်တိုင် စုံစမ်းစစ်ဆေးခဲ့တဲ့ သတင်းကလည်း မှာယွင်းမှာ မဟုတ်လောက်ဘူး။

ဒါပေမဲ့ အခုတော့ အခြေအနေ မတူတော့ဘူး။ ရှန်းမိသားစုက အပြစ်ဒဏ် ကျခံရပြီး ရွှဲယင်တောင်မှ သေဒဏ်ပေး ခံလိုက်ရပြီ။ ကျင့်ယန်မြို့စားမိသားစုက ဘာဖြစ်လို့များ အန္တရာယ်ကင်းကင်းနဲ့ နေထိုင်ခွင့်ရှိရမှာလဲ။

ပိုင်ရှိုးမင်က သူ့ကိုတစ်ချက် စွေကြည့်လိုက်၏။ "မင်း ပြောချင်တာ ဒါပဲလား"

သူကကိုယ်ကို ပြန်လည်မတ်ရန် ပြင်လိုက်သည်ကို မြင်လိုက်သောအခါ အားချန်ကလည်း သူ့အင်္ကျီရင်ဘတ်အစကို မြန်မြန်ဆွဲထားလိုက်ပြီး သူ့ကို ပြန်ဆွဲထားကာ မကျေမနပ်ဖြင့် ပြောလေသည်။ "ကျွန်မစကား မဆုံးသေးဘူးလေ"

"ဒါဆိုလည်းပြောလေ"

"ရှင် မြို့တော် ပြန်ရောက်ရင် အရမ်းအလုပ်များတော့မှာ မဟုတ်လား"

"ကိစ္စတွေ အများကြီးရှိတယ် ဘာဖြစ်လို့လဲ" သူက မေးလာ၏။

"ဒါဆိုရင် ကျွန်မက ရှင့်ကို တွေ့ချင်ရင် ဘယ်လိုလုပ်ရမှာလဲ"

"ငါ့ကို တွေ့စရာအကြောင်း ရှိလို့လား" ပိုင်ရှိုးမင်သည် သူမ၏မျက်လုံးများကို စူးစိုက်ကာ ကြည့်လိုက်ပြီး မေးလိုက်၏။ "ဘာဖြစ်လို့လဲ"

"ကျွန်မက ရှင့်ကို တွေ့ချင်တာ အကြောင်းပြချက် လိုလို့လား" သူမကလည်း ယုံကြည်ချက်အပြည့်ဖြင့် ပြန်ပြီးမေးခွန်း ထုတ်လိုက်၏။

ဒါပေါ့။ သူမက သူ့ကိုသေချာပေါက် တွေ့ချင်တာပေါ့။

ဘာဖြစ်လို့လဲဆိုတာကိုတော့ ... အားချန်သည် ခဏလောက် စဉ်းစားလိုက်ပြီးနောက် အကျင့်ပါ သွားခြင်းကြောင့်ဟု နောက်ဆုံးတော့ ကောက်ချက်ချ လိုက်လေသည်။ ဒီရက်တွေမှာ တစ်နေ့လုံးသူ့ကို တွေ့နေရတာ။ ရုတ်တရက် မတွေ့ရတော့ရင် နေသားမကျ ဖြစ်တာက ပုံမှန်ပဲ မဟုတ်ဘူးလား။ မြို့တော်က ထွက်မလာခင်တုန်းက ငါ့မှာဒီလို အကျင့်ဆိုး မရှိပါဘူး။ ဒါတွေက ပိုင်ရှိုးမင်ကြောင်ပဲ။

ပိုင်ရှိုးမင်သည် အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်သွားပြီး မျက်လုံးထဲတွင်လည်း ပြုံးရိပ်များ ထွက်ပေါ်လာကာ သူမကို ပြောလိုက်လေသည်။ "မင်ကျင့်စီးရဲ့ အစောင့်တွေက မင်းကို တားဖူးလို့လား"

"ကျွန်မက မင်ကျင့်စီးကို မသွားချင်ပါဘူး။ ပြီးတော့ ဘာဖြစ်လို့ ကျွန်မက ရှင့်ကို လာရှာရမှာလဲ"

ပိုင်ရှိုးမင်ကလည်း ချက်ချင်းဆိုသလို အလိုက်တသိဖြင့် ပြောလိုက်လေသည်။ "ဒါဆိုရင်လည်း နောက်ရက်ကျရင် ငါ့အိမ်ကို ဧည့်သည်လာဖို့ ငါက မင်းကို ဖိတ်ရင်ကောင်းမလား။ ငါ့အိမ်တော်မှာ နဂါးငါးတကန် မွေးထားတယ်။ အရမ်းလှတယ် မင်း သဘောကျမှာ သေချာတယ်"

နဂါးငါး ... ဒီနာမည်ကပင် အားချန်ကို သဘောကျ ရစေလေသည်။

သူ့အဖြေသည် အားချန်ကို ကျေနပ်သွားစေခဲ့ပြီး သူမကလည်း မေးစေ့ကို အနည်းငယ်ပင့်ကာ ပြောလိုက်၏။ "ကျွန်မစဉ်းစား ကြည့်လိုက်ဦးမယ်"

ပိုင်ရှိုးမင်၏ မျက်လုံးများက နူးညံ့သွားကာ အားချန်က ထပ်မေးလာသည်ကို ကြားလိုက်ရလေသည်။ "ဒါနဲ့ ကျင့်ယန်မြို့စား မိသားစုကိစ္စကရော"

စကားတွေ အများကြီး ပြောပြီးတာတောင် ဒီကိစ္စမမေ့သေးဘူးဘဲ။

ပိုင်ရှိုးမင်ကလည်း ရယ်မောကာ ပြောလိုက်တော့၏။ "ခဏနေရင် သွားဖမ်းပြီး သေသေချာချာ စေ့စေ့စပ်စပ် စုံစမ်းစစ်ဆေးမှာပါ"

အားချန်ကလည်း အလိုက်သင့်ပင် သူ့ရင်ဘတ်ကို လက်ဖြင့်ပုတ်ကာ ပြောလိုက်၏။ "ပိုင်လူကြီးမင်း တကယ်ပင်ပန်းရပါပြီ"

မြင်းလှည်းထဲတွင် ထိုင်ကာ ထိုလူနှစ်ယောက် စကားပြောသံကို နားထောင်နေသည့် ချန်ဟွေ့မှာ နှုတ်ခမ်းထောင့်ကို အနည်းငယ် ကွေးထားလိုက်ပြီး စိတ်ထဲကလည်း တွေးလိုက်မိတော့သည်။

ကံကောင်းလို့ ပိုင်ရှိုးမင်က တော်ဝင်မျိုးနွယ်ပဲ ဖြစ်နေတာ။ ဒီတစ်သက် ဘုရင်ဖြစ်လာဖို့ အခွင့်အရေး မရှိတော့ဘူး။ မဟုတ်ရင် ဘာမှမစဉ်းစားနိုင်တဲ့ ဘုရင်တစ်ပါး သေချာပေါက် ဖြစ်လာမှာပဲ။

...

All Chapters