ခင်ဗျားက ပိုင်ရှိုးမင်ကို ဘယ်လို ပြင်းပြင်းထန်ထန် အပြစ်ပေးချင်တာလဲ ...
Vol. 12 Ch. 115
ခဏလောက် စောင့်ဆိုင်းပြီးနောက်တွင် ရှေ့ကယာဉ်တန်းသည် နောက်ဆုံးတော့ စတင်ရွေ့လျားသွားလေသည်။
အားချန် စီးနှင်းလိုက်ပါလာသော မြင်းလှည်းသည် မြို့တံခါးကို ဖြတ်သန်းသည့်အခါ မြို့တံခါးနှင့် မလှမ်းမကမ်းတွင် အလွန်တရာ ခမ်းနားထည်ဝါလှသော မြင်းရထား တစ်စီးသည် အလယ်မှ နှစ်ပိုင်းကွဲလျက် မြင်းတစ်ကောင်ကတစ်ခြမ်းစီ ဆွဲထားသည်ကို တွေ့လိုက်ရ၏။
မြင်းလှည်းကို ကြည့်ရုံမျှဖြင့် ယနေ့လမ်းပိတ်ဆို့ထားသူသည် အနည်းဆုံးတော့ ဝမ်ရယ်တစ်ပါးဖြစ်ရမည်ကို သိနိုင်လေသည်။
သူမက ရှီးလင်ဝမ်သည် ဒီလောက်အခြေအနေ ဆိုးရွားနေသည့်တိုင် မူလက သူ့ကို ကပ်ဖားကာ မှီခိုခဲ့သူများသူနှင့် ရင်းနှီး ကျွမ်းဝင်သူများသည် အဝေးသို့ ရှောင်ရှားသွား ကြလိမ့်မည်ဟု ထင်ခဲ့ပြီး သူ့ကိစ္စအတွက် အမှန်တကယ် လာရောက်လှုပ်ရှားသူ ရှိလိမ့်မည်ဟု ထင်မထားမိချေ။
အားချန်သည် စိတ်ထဲကသံသယကို ချန်ဟွေ့ကိုပြောပြလိုက်သည်တွင် ချန်ဟွေ့ကလည်း ခေါင်းခါပြီးပြောပြ၏။ "ရှီးလင်ဝမ်အတွက် လှုပ်ရှားတာ မဟုတ်ပါဘူး။ သူတို့က အရှင်မင်းကြီးရဲ့ သဘောထားကို လာစမ်းသပ်နေကြတာ ဖြစ်မှာပါ"
ရှီးလင်ဝမ်သည် ရှားပါးလှသော ဘွဲ့အမည်နှစ်လုံးပိုင် ချင်းဝမ်တစ်ပါး ဖြစ်သည့်အပြင် နယ်စပ်ဒေသကို ကာကွယ်စောင့်ရှောက်ပြီး တစ်ချိန်က ရှီးလင်၏ စစ်တပ်အာဏာကိုလည်း လက်ဝယ်ကိုင်ဆောင် ထားခဲ့ဖူးလေသည်။ ကံဆိုးချင်တော့ ရှီးလင်ဝမ် အဟောင်းသည် အလွန်လျင်လျင်မြန်မြန် နတ်ရွာစံသွားခဲ့ပြီး စစ်တပ်အာဏာကို သားဖြစ်သူ၏ လက်ထဲသို့ မလွဲပြောင်း နိုင်သေးခင်မှာပင် အရှင်မင်းကြီးက ကြားဖြတ်ယူသွားခဲ့ခြင်း ဖြစ်၏။ ယခုအခါရှီးလင်ဝမ်သည် မြို့တော်သို့ ချုပ်နှောင်ခေါ်ဆောင် ခံရပြီးဖြစ်သဖြင့် သာ့ရှတော်ဝင်မိသားစုတွင် နောက်ပိုင်း၌ ဒီဘွဲ့အမည် ရှိလာတော့မည် မဟုတ်သည်ကို စိုးရိမ်ရလေသည်။
ရှီးလင်ဝမ် ကဲ့သောသူကပင် အရှင်မင်းကြီး၏ ဒီလိုအလွယ်တကူ ဖြေရှင်းခြင်း ခံရမည်ဆိုလျှင် ပိုင်နက်နယ်မြေများနှင့် အမှန်တကယ် အာဏာရှိသော ဝမ်ရယ်များသည် အဘယ်မှာ မစိုးရိမ်ဘဲ ရှိပါမည်နည်း။ ရှီးလင်ဝမ်ကို ဖယ်ထုတ်လိုက်လျှင်ပင် ဘွဲ့အမည်နှစ်လုံးပိုင် ချင်းဝမ် နှစ်ဦးရှိနေသေးသည်ကို သိထားရမည်ဖြစ်ကာ ထိုနှစ်ဦး၏ စိတ်ထဲတွင်လည်း မည်သို့တွေးတော နေပါမည်နည်း။
အားချန်သည် တော်ဝင်မိသားစုအတွင်းက အာဏာအရှုပ်အထွေးကို နားမလည်သော်ငြားလည်း သူမသည် အခြေခံသဘောတရား တစ်ခုကိုတော့ နားလည်လေသည်။ မည်သူမဆို အင်အားအတောင့်တင်းဆုံး ပိုင်ဆိုင်ထားသူသည် ဆုံးဖြတ်ပိုင်ခွင့်ကို ပိုင်ဆိုင်ထား၏။ မိစ္ဆာမျိုးနွယ်များကလည်း ဒီအတိုင်းပင်ဖြစ်ကာ သာ့ရှတော်ဝင်မျိုးနွယ်ကတော့ တခြားအရာများကို ထည့်သွင်းစဉ်းစားရသေးသည် ဖြစ်တန်ရာ၏။
သူမသည် ပိုင်ရှိုးမင်ဆန္ဒရှိသမျှ ပြည့်ဝစေရန် မျှော်လင့်မိလေသည်။ သို့မဟုတ်ပါက သူသည် ဒီလောက်ကြီးမားသည့် မတော်မတရားမှု ပြုလုပ်မှုတချို့ကို ကျူးလွန်လိမ့်မည်ဟု အမြဲတမ်း ခံစားနေမိ၏။
မြို့ထဲသို့ ဝင်ရောက်လာပြီးနောက် မင်ကျင့်စီး အစောင့်ခြောက်ယောက် ပါဝင်သည့် အဖွဲ့တစ်ဖွဲ့သည် အားချန်တို့ကို ချန်းဖိင်ဖန်း ရပ်ကွက်သို့ ပြန်လည်ပို့ဆောင်ပေးခဲ့၏။ မိမိ၏ဆိုင်တံခါးကို နောက်ဆုံးတော့ မြင်တွေ့လိုက် ရသောအခါ သူမ၏ စိတ်နှလုံးထဲတွင် တည်ငြိမ်အေးချမ်းလှသည့် ခံစားချက်အနည်းငယ် ဖြစ်ပေါ်လာပြီး နောက်ဆုံးတော့ ဝင်ရောက်ခဲ့လေသည်။
ထိုမင်ကျင့်စီး အစောင့်များက သူမ၏ခရီးဆောင်အိတ် နှစ်လုံးကို ချပေးပြီး အိမ်ထဲသို့သယ်ပို့ပေးပြီးမှသာ နှုတ်ဆက်ကာ ပြန်သွားကြတော့သည်။ အိမ်တံခါးကို ပိတ်လိုက်ပြီးနောက် နှစ်ယောက်သား ခရီးဆောင်အိတ်ကို အလျင်စလို ရှင်းလင်းခြင်းမပြုဘဲ ညဘက်တွင် နေထိုင်ရမည်ဖြစ်သဖြင့် အခန်းများကို အရင်ဆုံး သန့်ရှင်းရေးပြုလုပ် လိုက်ကြသည်။ ရက်တော်တော်ကြာအောင် ထွက်လာခဲ့ရသဖြင့် အိမ်ခန်းများကလည်း ဖုန်နံ့များထနေတော့သည်။
အားချန်က အလွန်လုံ့လဝီရိယရှိစွာဖြင့် ရေသွားခပ်ရန် ပြင်လိုက်သော်ငြား သူမ၏လက်သည် ရေပုံးကို မထိရသေးခင်မှာပင် ချန်ဟွေ့ကသူမကိုဆွဲမကာ ကုလားထိုင်ပေါ်တွင် ထိုင်ခိုင်းလိုက်ပြီး ထူထဲသော အဝတ်အစားတစ်စုံကို ရှာဖွေကာ လဲလှယ်ဝတ်ဆင်ခိုင်းလိုက်၏။ "ပြီးခဲ့တဲ့နှစ်ရက်လောက်က ရှင်နေမကောင်း ဖြစ်ခဲ့သေးတယ်လေ။ ရေအေးကို လျှော့ကိုင်ရမယ်။ ဒီနေရာမှာ ငြိမ်ငြိမ်လေးထိုင်နေ။ လျှောက်မလုပ်နဲ့"
အားချန်ကလည်း အဝတ်အစားများကို ပွေ့ဖက်ထားရင်း အလေးအနက် ပြောလိုက်၏။ "ကျွန်မက အဖျားနည်းနည်းလေး ပဲရှိတာပါ။ ပြီးတော့ အခုလည်းလုံးဝ ကောင်းသွားပါပြီ"
လွန်ခဲ့သည့် ရက်အနည်းငယ်က လမ်းခရီးတွင်သူမသည် စိတ်အတွင်း နယ်မြေထဲသို့ တိုက်တိုက်ဆိုင်ဆိုင် ရောက်ရှိသွားခဲ့ပြီး သူမ၏ခါးပေါ်တွင် ချည်နှောင်ထားသည့် သံကြိုးတစ်ချောင်းကလည်း အလိုလိုပြတ်တောက်သွားခဲ့သည်။ ဒါကငါ ရှန်းချင်းဝူကို ကူညီခဲ့လို့ နောက်ဆုံးမှာ အကျိုးတုံ့ပြန်မှု ရလာတာပဲဖြစ်ရမယ်။
ထိုသံကြိုးပြတ်တောက် သွားပြီးနောက် သူမသည် ယခင်ကဲ့သို့ နေထိုင်မကောင်း ဖြစ်သော်ငြားလည်း အချိန်အကြာကြီး ဆက်တော့မဖြစ်နေခဲ့ချေ။ ဒီအခြေအနေကို ကြည့်လျှင် ခန္ဓာကိုယ်ပေါ်က သံကြိုးများ ပျောက်ကွယ်သွားသည်နှင့်အမျှ သူမ၏ ခန္ဓာကိုယ်သည်လည်း အမှန်တကယ် တိုးတက်ကောင်းမွန်လာခဲ့သည်မှာ သိသာ၏။ သို့မဟုတ်လျှင် ပိုင်ရှိုးမင် ပေးအပ်ခဲ့သည့် အားဖြည့် ဝိညာဉ်သစ်သီးများနှင့် ဝိညာဉ်ဆေးဝါးများ အစွမ်းထက်မြက်လှခြင်း ကြောင့်လည်းဖြစ်နိုင်လေ။
ချန်ဟွေ့ကတော့ အားချန်ကို လုံးဝဂရုမစိုက်သဖြင့် သူမကလည်း ချန်ဟွေ့ကို ဆက်ပြီး ဖျောင်းဖျရန် လက်လျှော့လိုက်ကာ အရှေ့ဘက်သို့ လိမ်လိမ်မာမာလေး ပြန်သွားပြီး အဝတ်အစား လဲလှယ်လိုက်တော့သည်။ သူမက အဝတ်အစားများကို ပျင်းရိလေးတွဲစွာ လဲလှယ်ပြီးစီးသည့်အချိန်တွင် သူမ၏အခန်းကလည်း သန့်ရှင်းရေး ပြုလုပ်ပြီးသွားပြီ ဖြစ်၏။
အားချန်သည် မိမိ၏အခန်း အပြင်ဘက်တွင်ရပ်နေရင်း ဟွေ့ညန်က သူမကို အလုပ်မလုပ်ခိုင်းရသည့် အကြောင်းအရင်းကို ရုတ်တရက် သဘောပေါက် သွားတော့သည်။ ဟွေ့ညန်က ငါ့ကိုထပ်ဖျားမှာ စိုးရိမ်နေတာက ဆင်ခြေသက်သက်ပဲ။ တကယ်တမ်း ငါက အလုပ်လုပ်တာ နှေးလို့ဆိုပြီး မကျေမနပ်ဖြစ်နေတာပဲ ဖြစ်ရမယ်။
နှစ်ယောက်သား ပြန်ရောက်လာပြီး ဒုတိယနေ့တွင် ခြံတံခါးကိုဖွင့်လှစ်ကာ ဘေးချင်းကပ်ရပ်က သူဌေးရွှီကလည်း သူမပြန်ရောက်လာသည်ကို သိရှိသွားခဲ့လေသည်။ အားချန်ကလည်း ယခင်ရှီးလင်တွင် ဝယ်ယူခဲ့သည့် ကြွေထည် ပန်းကန်ခွက်ယောက် တစ်စုံကို လက်ဆောင်အဖြစ် ပေးလိုက်သည်တွင် သူဌေးရွှီကလည်း အမှန်တကယ် လက်ကမချနိုင်အောင် သဘောကျ သွားလေတော့သည်။
သူဌေးရွှီကအားချန်ကို ဆိုင်တံခါးဝတွင် အတန်ကြာအောင် ဆွဲထားကာ စကားစမြည် ပြောဆိုခဲ့လေသည်။ သူက အရင်ဆုံး သူမ၏ ရှီးလင်က အတွေ့အကြုံများကို မေးမြန်းပြီးနောက် မကြာသေးခင်က မြို့တော်တွင် ဖြစ်ပွားသွားခဲ့သည့် ကိစ္စများကိုလည်း သူမအားပြန်လည် ပြောပြနေခဲ့၏။ ထိုအရာများအားလုံးသည် အသေးအဖွဲ ကိစ္စများသာဖြစ်ပြီး သူဌေးရွှီ၏ ပါးစပ်ဖျားတွင်တော့ မကြာသေးမီက မြို့တော်သည် လေငြိမ်နေသည်ဟု ဖော်ပြနိုင်လေသည်။
စကားပြောဆိုရင်း သူသည်အနည်းငယ် စိတ်ပျက်အားလျော့ နေဟန်ရှိပြီး ကြည့်ရှုစရာ ပွဲလမ်းသဘင်များ မရှိသည်ကို နှမြောတသ ဖြစ်နေဟန်တူလေသည်။ အားချန်သည် သူဌေးရွှီကို သူလိုချင်သော ပွဲလမ်းသဘင်များက မကြာမီ ရောက်ရှိလာတော့မည် ဖြစ်ကြောင်းကိုတော့ မပြောပြခဲ့ချေ။
...
ထိုအခိုက်အတန့်တွင် နန်းတွင်းညီလာခံအတွင်း၌ ရှီးလင်ဝမ်ကို မည်သို့အပြစ်ပေး အရေးယူရမည်ကို အငြင်းပွား ဆွေးနွေးလျက် ရှိနေကြလေသည်။
မူလက ရှီးလင်ဝမ်၏ အပြစ်များသည် သက်သေ အထောက်အထား ခိုင်လုံပြီးသားဖြစ်ကာ အရှင်မင်းမြတ်က အမိန့်ချမှတ်ပြီးသည်နှင့် အရာအားလုံး အဆုံးသတ်သွားပေလိမ့်မည်။ သို့သော်ငြား ယနေ့နံနက်ခင်း ညီလာခံတွင် ရက်ပေါင်းများစွာ ညီလာခံ မတက်ရောက်ခဲ့သည့် ဝမ်ရယ် အဘိုးကြီးတချို့သည် ရုတ်တရက် ချင်းဝမ်ဘွဲ့ဝတ်စုံများကို ဝတ်ဆင်ကာ မင်းညီလာခံသို့ ရောက်ရှိလာခဲ့ကြပြီး တော်ဝင်မျိုးနွယ်စုထဲတွင် အလွန်သြဇာ တိက္ကမ ကြီးမားသော တော်ဝင်မျိုးနွယ်စုခေါင်းဆောင် ခန်းချင်းဝမ်ပင်လျင် ပါဝင်လာခဲ့လေသည်။
မှူးမတ်များ အားလုံးကလည်း ဒီဝမ်ရယ်အဘိုးကြီးများ၏ ရည်ရွယ်ချက် မကောင်းသည်ကို ခံစားမိသော်ငြား ကံဆိုးချင်တော့ ယနေ့တွင်မင်ဝမ်သည် ညီလာခံမတက်ရောက်ခဲ့ ချေ။ သို့သော် အရှင်မင်းကြီးကတော့ ဘာကိုမှမသိသေးသည့်အလား ညီလာခံသည် အစီအစဉ်အတိုင်း ဆက်လက်ကျင်းပခဲ့လေသည်။
ညီလာခံတွင် မည်သည့် အမတ်ကြီးများကမှ ရှေ့ထွက်မလာတော့သည့် အချိန်ကျမှ ပိုင်ရှိုးမင်သည် ထရပ်လိုက်လေသည်။ "အရှင်မင်းကြီးကို လျှောက်တင်ပါတယ်။ မင်းကျင့်စီးက ရှီးလင်ဝမ်ရဲ့ အပြစ်တွေအားလုံးကို ပြုစုပြီး မှတ်တမ်းတင် ထားပြီးပါပြီ။ အရှင်မင်းကြီး ကြည့်ရှုတော်မူပါ"
ကုန်းကုန်းချုပ်ကြီးသည် ပိုင်ရှိုးမင်က ညီလာခံတွင် တင်သွင်းလာသော လျှောက်တင်လွှာကို အရှင်မင်းကြီး၏ လက်ထဲသို့ ကိုယ်တိုင်ပေးအပ်လိုက်၏။ အရှင်မင်းကြီးက ဖတ်ရှုပြီးနောက် မျက်နှာတော်သည် မည်းမှောင်သွားကာ မိန့်လာလေသည်။ "နယ်စပ်လေးခုက မိစ္ဆာမျိုးနွယ်တွေနဲ့ ပူးပေါင်းပြီး တော်ဝင်မျိုးနွယ်ရဲ့ တားမြစ်ထားတဲ့ ဘဏ္ဍာတိုက်ကို ခိုးယူတယ်။ လက်အောက်ခံမိသားစုတွေကို ပြည်သူတွေ သတ်ဖြတ်တာကို လျစ်လျူရှုထားတယ်။ မိစ္ဆာမျိုးနွယ်တွေကို ထိန်းချုပ်ပြီး ဆူပူသောင်းကျန်းအောင်လုပ်တယ်။ ဟားဟား ငါတို့ သာ့ရှရဲ့ ဝမ်ရယ်က တကယ်တော်ပါပေတယ် !"
အရှင်မင်းကြီးသည် လက်ထဲက လျှောက်တင်လွှာကို ပစ်ချလိုက်သော်ငြားလည်း အောက်ဘက်က အမတ်ကြီးများကတော့ ပိုင်ရှိုးမင်ကို တိတ်တိတ်လေး ခိုးကြည့်နေကြ၏။ အကယ်၍ သူတို့အမှတ် မမှားခဲ့လျှင်တော့ ထိုရှီးလင်ဝင်သည် ပိုင်ရှိုးမင်၏ ဖခင်အရင်းဖြစ်လေသည်။
ပိုင်ရှိုးမင်ကတော့ တခြားသူများ၏ အကြည့်ကို သတိမထားမိသည့်အလား တည်တည်ငြိမ်ငြိမ်မျက်နှာထားဖြင့် လျှောက်တင်လိုက်၏။ "ကျွန်တော်မျိုး အရှင်မင်းကြီးကို အမိန့်တော်ချမှတ်ပြီး ရှီးလင်ဝမ်ကို သေဒဏ်ပေးသနားတော်မူဖို့ တောင်းဆိုပါတယ်။ ဒါမှ နောက်လူတွေလည်း သင်ခန်းစာယူနိုင်မှာပါ"
ပိုင်ရှိုးမင်၏ အသံတိတ်သွားသည့်အခါ ညီလာခံသည် ခဏလောက် တိတ်ဆိတ်ငြိမ်သက်သွားသော်ငြား မကြာခင်မှာပင် အရေးပါသောအမတ်တချို့က ထရပ်လိုက်ကြလေသည်။ သာ့လီစစ် အတွင်းဝန်ကလျှောက်တင်လိုက်၏။ "ကျွန်တော်မျိုးလည်း သဘောတူပါတယ်။ ရှီးလင်ဝမ်ရဲ့အပြစ်က ကြီးမားလွန်းပါတယ်။ ချက်ချင်း ခေါင်းဖြတ်သင့်ပါတယ်"
"ကျွန်တော်မျိုးကတော့ ကန့်ကွက်ပါတယ်" ရာဇဝတ်မှုဌာန ဝန်ကြီးက ထရပ်လိုက်ပြီး သာ့လီစစ် အတွင်းဝန်၏ မလိုလားသော အကြည့်အောက်တွင် ဖွင့်ဟကာပြောလိုက်လေသည်။ "ရိုးရိုးရှင်းရှင်း သေဒဏ်ပေးရုံလောက်နဲ့တော့ သင်ခန်းစာပေးရာ မရောက်ပါဘူး။ ရှီးလင်ဝမ်က သာ့ရှရဲ့ ချင်းဝမ်တစ်ပါးဖြစ်ပြီး မိစ္ဆာမျိုးနွယ်နဲ့ ပူးပေါင်းကြံစည်တာက တိုင်းပြည်ကို သစ္စာဖောက်တဲ့ ကြီးလေးတဲ့ပြစ်မှုကြီးပါပဲ။ သူ့ကို အသား တစ်လက်မချင်းစီ လှီးဖြတ်တဲ့ ပြစ်ဒဏ်ပေးသင့်ပါတယ်"
ကောင်းရောပဲ။ ဒီဝန်ကြီးက ကန့်ကွက်တာ ရှီးလင်ဝမ်ကို ကူညီချင်လို့ထင်နေတာ တကယ်တမ်းက သူ့ကို လွယ်လွယ်ကူကူသေသွားမှာ မကျေနပ်လို့ကိုး။
"ကျွန်တော်မျိုးလည်း သဘောတူပါတယ်" ယခင်က အသားတစ်စစီ လှီးဖြတ်တဲ့ အပြစ်ဒဏ်ကို ကြားသည်နှင့် ချက်ချင်းထကြွကာ ရာဇဝတ်မှုဌာနဝန်ကြီးကို ရက်စက်လိုက်သည့် အရာရှိဟု ပြောဆိုတတ်သည့် ကွပ်ကဲရေး အမတ်များကပင် ထောက်ခံစကားပြောလာကြလေသည်။
ပုံမှန်ညီလာခံအတွင်းတွင် မှူးမတ်များသည် အသေးအဖွဲလေး ကိစ္စတစ်ခုလေး တစ်ခုအတွက်ပင် အငြင်းအခုန် ဖြစ်ပွားနိုင်သော်ငြားလည်း ယနေ့တွင်တော့ သူတို့၏သဘောထားများက ထူးဆန်းစွာပင် တညီတညွတ်တည်း ဖြစ်နေလေသည်။ မည်သို့ပင်ဖြစ်စေ သူတို့သည် ရှီးလင်ဝမ်နှင့်မည်သို့မှ ပတ်သက်ခြင်းမရှိဘဲ အကျိုးစီးပွားနှင့် မသက်ဆိုင်သည့်အခါတွင် သူတို့သည်ဥပဒေကို ချိုးဖောက်သော ဒီချင်းဝမ်များကို ဥပဒေအတိုင်း အရေးယူရန် ပိုမိုဆန္ဒရှိကြလေသည်။
ထို့အပြင် မင်ကျင့်စီးက စုံစမ်းစစ်ဆေးခဲ့သော ထိုသက်သေ အထောက်အထားများသည် သူတို့ကိုပင် ထိတ်လန့်တုန်လှုပ်ရစေ၏။ ရှီးလင်ဝမ်သည် မိစ္ဆာမျိုးနွယ်နှင့် ပူးပေါင်းကြံစည်ခဲ့သည်မှာ တစ်နှစ် နှစ်နှစ်တည်းမဟုတ်ဘဲ ဆယ်နှစ်ကျော် ကြာမြင့်ခဲ့လေသည်။ တစ်နေ့နေ့နိုးထလာသည့်အခါတွင် သာ့ရှ၏ ရှီးလင်သည် မိစ္ဆာမျိုးနွယ်တို့၏ ပိုင်နက်ဖြစ်သွားနိုင်သည်မှာလည်း အမှန်တကယ် ကြောက်မက်ဖွယ်ကောင်းလှ၏။
"မူးမတ်အားလုံးက ဒီလိုပဲပြောကြမှတော့ ဒီလိုဆိုရင် ..."
"အရှင်မင်းကြီး ကျွန်တော်မျိုး ကန့်ကွက်ပါတယ်" စစ်ရေးဌာနဝန်ကြီး ချီဟိုင်က ထရပ်လိုက်လေသည်။
ရှီးလင်ဝမ်သည် မိစ္ဆာမျိုးနွယ်တို့နှင့် ပူးပေါင်းကြံစည်သည်ဟူသောသတင်း ရှန့်ကျင်းသို့ ပြန့်ရောက်လာပြီးနောက် ချီဟိုင်သည် နေမကောင်းချင်ဟန်ဆောင်ကာ အိမ်ထဲတွင်အမြဲတစေနေထိုင်ခဲ့၏။ ယနေ့တွင်တော့ သူ့ရောဂါသည် ရုတ်တရက် ပျောက်ကင်းသွားပြီး ညီလာခံကို တက်ရောက်နိုင်ခဲ့လေသည်။
"အမတ်ကြီးချီက ဘာများလျှောက်တင်စရာ ရှိလို့လဲ"
"အရှင်မင်းကြီး ဒီအမှုကို စုံစမ်းစစ်ဆေးခဲ့တဲ့ မင်ကျင့်စီး ကျန့်ရှီဖူ ပိုင်ရှိုးမင်က ရှီးလင်ဝမ်ရဲ့သားအရင်း ဖြစ်ပါတယ်။ ဆယ်နှစ်ကျော်ကတည်းက သူ့ရဲ့မယ်တော် သေဆုံးမှုကြောင့် ရှီးလင်ဝမ်ကို အငြိုးအတေးထားခဲ့တဲ့သူပါ။ သူ့လက်နဲ့ စုံစမ်းစစ်ဆေးခဲ့တဲ့ ရလဒ်ကို ယုံကြည်လို့မရနိုင်ပါဘူး"
ပိုင်ရှိုးမင်ကလည်း ပြောလိုက်၏။ "အမတ်ကြီးချီ ကျွန်တော် မှတ်မိသလောက်တော့ လွန်ခဲ့တဲ့ဆယ်နှစ်ကတည်းက ခင်ဗျား ဒီနေရာမှာရပ်ပြီး အရှင်မင်းကြီးကို ရှီးလင်ဝမ်က မိစ္ဆာမျိုးနွယ်ရဲ့ လှည့်စားမှုကြောင့်သာ ကျွန်တော့မယ်တော်ကို သတ်ခဲ့မိတာပါ။ အခြေအနေအရ နားလည်ပေးပါ။ သူ့အပြစ်ကို လျော့ပေါ့ပေးသင့်ပါတယ်လို့ သစ္စာခံပြီး ပြောခဲ့တယ်မဟုတ်လား။ ဒီစကားကို ခင်ဗျားဝန်ခံသလား"
"ဒီစကားကို အမှန်တကယ်ပဲ ပြောခဲ့ပါတယ်" ချီဟိုင်ကလည်း ခေါင်းကိုအနည်းငယ်ချီကာ ပြောလိုက်လေသည်။
ပိုင်ရှိုးမင်သည် နောက်ထပ် လျှောက်တင်လွှာတစ်စောင်ကို ထုတ်ယူလိုက်ပြီး လျှောက်တင်လိုက်၏။ "အရှင်မင်းကြီး ဒါက မင်ကျင့်စီးတပ်မှူးချုပ် ချင်ဟန် လူကြီးမင်းချင် မေးမြန်းထားတဲ့ သက်ဆိုင်ရာ ထွက်ဆိုချက်တွေပါ။ ရှီးလင်ဝမ်နဲ့ ပူးပေါင်းကြံစည်ခဲ့တဲ့ ကျောင်းမိစ္ဆာကိုယ်တိုင်က ကိုယ်တိုင်ဝန်ခံထားတာပါ။ ရှီးလင်ဝမ်က အဲဒီတုန်းက မိစ္ဆာမျိုးနွယ်ရဲ့ လှည့်စားမှုကို မခံခဲ့ရပါဘူး။ သူက သူကမိစ္ဆာမျိုးနွယ်ရဲ့လှည့်စားမှုကို ခံရပါတယ်ဆိုတဲ့ ဆင်ခြေကို အသုံးချပြီး ယခင်ဝမ်ဖေးအဟောင်းကို လုပ်ကြံသတ်ဖြတ်ခဲ့တာပါ။ ဒါမှ သူ့ရဲ့မပြောပြနိုင်တဲ့ ရည်ရွယ်ချက်ကို အောင်မြင်မှာဖြစ်ပါတယ်"
"ရှီးလင်ဝမ်ဖေးကလည်း ဝန်ခံထားပါတယ်။ ရှီးလင်ဝမ်က ဝမ်ဖေးရာထူးနဲ့ သူ့အဖေချီဟိုင်ကို မျှားခေါ်ခဲ့ပြီး ချီဟိုင်ရဲ့အကူအညီနဲ့ ရှီးလင်ဝမ်ကအပြစ်ကနေ အောင်အောင်မြင်မြင် လွတ်မြောက်ခဲ့တာပါ"
ချီဟိုင်၏ စိတ်နှလုံးသည် တုန်လှုပ်သွားပြီး ဘုတ်ခနဲအသံနှင့်အတူ ကြမ်းပြင်ပေါ်သို့ ဒူးထောက်ချကာ လျှောက်တင်လိုက်၏။ "အရှင်မင်းကြီး ကျွန်းတော်မျိုး စွပ်စွဲခံရတာပါ။ ကျွန်တော်မျိုး လှည့်စားခံခဲ့ရတာပါ"
ပိုင်ရှိုးမင်ကလည်း လှောင်ရယ်ကာ ပြောလိုက်လေသည်။ "အမတ်ကြီးချီ ခင်ဗျားရဲ့သမီးကတော့ ဒီလိုမပြောဘူးနော်။ သူက ကျွန်တော့်ကို ယုံကြည်အောင် လုပ်ဖို့အတွက် ခင်ဗျားတို့အချင်းချင်း ပေးပို့ခဲ့တဲ့စာတွေကိုတောင် ထုတ်ပေးခဲ့သေးတယ်။ ခင်ဗျားတို့သားအဖရဲ့ စကားပြောဆိုပုံကို ကြည့်ရတာ ခင်ဗျားက ဒီကိစ္စကို တစ်ခုမှသိတဲ့ပုံ မပေါ်ဘူး"
အရှေ့မင်းကြီးသည် ဒုတိယ လျှောက်တယ်လွှာကို ဖတ်ပြီးနောက် ပြစ်တင်ရှုံ့ချသည့် စကားတစ်ခွန်းမှ မမိန့်ကြားတော့ဘဲ တော်ဝင်အစောင့်တပ်ကို တိုက်ရိုက်အမိန့်ပေးလိုက်တော့သည်။ "ဆွဲထုတ်သွားကြ"
ချီဟိုင်သည် ကြမ်းပြင်ပေါ်တွင် ပျော့ခွေကျသွားပြီး တော်ဝင်အစောင့်တပ်သား နှစ်ဦး၏ ဆွဲခေါ်ခြင်းကို ခံခဲ့ရ၏။ ယနေ့ပြီးးနောက်တွင်တော့ ရှန့်ကျင်းတွင် ချီမိသားစုဟူ၍ရှိ ရှိလာတော့မည်မဟုတ်ချေ။
ချီဟိုင်ကို ဖြေရှင်းပြီးနောက် အဖြစ်အပျက်များ အဆုံးသတ်သွားပြီဟု ထင်မှတ်နေဆဲမှာပင် အိုမင်းသော်ငြား သြဇာအာဏာရှိသည့် အသံတစ်သံက ရုတ်တရက် ဝင်ရောက်လာခဲ့၏။ "အရှင်မင်းကြီး ဒီပန်ဝမ်က တော်ဝင်မျိုးနွယ်စုကိုယ်စား ရှီးလင်ဝမ်ကို ဒီလိုပေါ့ပေါ့ဆဆ သေဒဏ်ပေးတာကို ကန့်ကွက်ပါတယ်"
အရှင်မင်းကြီးသည် စကားပြောသူကို ရှင်းရှင်းလင်းလင်း မြင်တွေ့လိုက်ရပြီးနောက် မျက်လုံးထဲတွင် အေးစက်စက် အလင်းရောင်တစ်ချက် ဖြတ်ပြေးသွားတော့၏။ "ခန်းချင်းဝမ်ရဲ့ အကြောင်းပြချက်ကရော ဘာများလဲ"
အသက်၇၀ကျော် ရှိပြီဖြစ်သော်ငြား သက်တော်၅၀အရွယ် ဟုသာထင်ရသည့် ခန်းချင်းဝမ်က ဖြေးညှင်းစွာပြောလာ၏။ "တကယ်လို့ ရှီးလင်ဝမ်က အမှန်တကယ် ကြီးလေးတဲ့ ပြစ်မှုကို ကျူးလွန်ခဲ့တယ်ဆိုရင် သူ့ကို သေဒဏ်ပေးတာက ဖြစ်သင့်ပါတယ်။ ဒါပေမဲ့ ဒီတစ်ကြိမ် မင်ကျင့်စီးရဲ့ စုံစမ်းမှုရလဒ်ကိုတော့ ပန်ဝမ်အနေနဲ့ မယုံကြည်နိုင်ပါဘူး"
"ဪ။ ခန်းချင်းဝမ်ကလည်း မင်းကျင့်စီးရဲ့စုံစမ်းမှုရလဒ်ကို သံသယဝင်နေတာလား" အရှင်မင်းကြီးက မေးလိုက်၏။
ခန်းချင်းဝမ်သည် ခေါင်းလှည့်ကာ အနီရောင်တောက်တောက် အရာရှိဝတ်စုံကို ဝတ်ဆင်ထားပြီး နည်းလာခန်းတွင် အလွန်အမင်း ငယ်ရွယ်နေသေးသည့် ပိုင်ရှိုးမင်ကိုတစ်ချက်ကြည့်လိုက်ပြီး ပြောလိုက်၏။ "ပန်ဝမ်က မင်ကျင့်စီးကို မယုံတာမဟုတ်ပါဘူး။ ပိုင်ရှိုးမင်ကိုပဲ မယုံတာပါ။ ရှေးယခင်ကတည်းက သားက အဖေကို တိုင်တန်းတာက မိဘကိုဆန့်ကျင်တဲ့ ကြီးလေးတဲ့ အပြစ်ကြီးဖြစ်ပါတယ်။ ရှီးလင်ဝမ်မှာ မကောင်းတဲ့အချက်တွေ အမျိုးမျိုး ရှိနေရင်တောင်မှ သားကိုချစ်တဲ့စိတ်ကိုတော့ ဖုံးကွယ်ထားလို့ မရပါဘူး။ ဒါပေမဲ့ ပိုင်ရှိုးမင်ကတော့ အခွင့်ကောင်းယူပြီး သူ့အဖေကို တိုင်တန်းခဲ့တယ်။ သူ့ရဲ့စာရိတ္တက ဘယ်လောက်တောင် နိမ့်ကျနေလဲဆိုတာ မြင်နိုင်ပါတယ်"
" ပန်ဝမ် ကြားသိရတာကတော့ သူ ရှီလင်မှာနေတုန်းက ရှီးလင်ဝမ်ကို သတ်ဖြတ်ဖို့ ကြံစည်ခဲ့တယ်တဲ့။ စိတ်ဓာတ်က ဒီလောက် ရက်စက်ကြမ်းကြုတ်တဲ့သူက ရှီးလင်းဝမ်ရဲ့စုံစမ်းစစ်ဆေးမှုကို ဝင်စွက်ဖက်တာ လူအများကိုဘယ်လိုလုပ်ပြီး လက်ခံစေနိုင်မှာလဲ။ ကျွန်တော်တို့လို တော်ဝင်မျိုးနွယ်စုတွေကို လက်ခံအောင် မစည်းရုံးနိုင်တာကိုပဲ ခဏထားလိုက်အုံး။ လောကကြီးထဲက ပြည်သူတွေကိုတောင် ရှင်းပြလို့ရမှာမဟုတ်ပါဘူး"
ချန်းချင်းဝမ်သည် စိတ်အားထက်သန်စွာဖြင့် တစ်လျှောက်လုံး ပြောဆိုပြီးနောက် ထပ်မံဖြည့်စွက်လိုက်လေသည်။ "အရှင်မင်းကြီး ရှီးလင်ဝမ်က မျိုးရိုးစဉ်ဆက် ရှီးလင်ကို ကာကွယ်စောင့်ရှောက်ပေးခဲ့တာပါ။ အကျိုးကျေးဇူး မရှိဘူးဆိုရင်တောင် ပင်ပန်းဆင်းရဲခဲ့ ရတာတွေကတော့ အမှန်ပါပဲ။ ပိုင်ရှိုးမင်ရဲ့ လုပ်ကြံစွပ်စွဲမှုလောက်နဲ့တော့ ဒီလောက်လွယ်လွယ်ကူကူနဲ့ သူ့ရဲ့အပြစ်တွေကို ဆုံးဖြတ်လို့ ဘယ်ဖြစ်ပါ့မလဲ"
ပိုင်ရှိုးမင်သည် ခန်းချင်းဝမ်၏ နှာခေါင်းကို လက်ညိုးငေါက်ငေါက်ထိုးကာ ဆဲဆိုခြင်းခံလိုက်ရသော်ငြားလည်း မျက်နှာပေါ်တွင် ဘာစိတ်ခံစားမှုမှ မရှိဘဲပြောလိုက်၏။ "ဒီတကြိမ် ရှီးလင်ဝမ်ကို ဖမ်းဆီးတဲ့အခါ တပ်မှူးချုပ်လူကြီးမင်းလည်း ရှိခဲ့ပါတယ်။ ခန်းချင်းဝမ်က ကျွန်တော့်ကို မယုံဘူးဆိုရင်တောင် ကျွန်တော်တို့ရဲ့ မင်ကျင့်စီးတပ်မှူးချုပ်ကို မယုံကြည်ဘူးလို့ပြောချင်တာလား"
ခန်းချင်းဝမ်သည် ချက်ချင်းဆိုသလို အေးစက်ကာ ရယ်မောပြီးပြောလိုက်၏။ "ပိုင်ရှိုးမင် တခြားသူတွေ မသိဘူးဆိုပေမယ့် ဒီဝမ်ရယ်ကလည်း မသိဘူးလို့ မင်း ထင်နေတာလား။ ချင်ဟန်က မင်းရဲ့ဆရာလို့ သတ်မှတ်လို့ရတယ်။ သူက မင်းဘက်ကို ဘက်လိုက်တာကလည်း သဘာဝကျတယ်လေ။ သူ့ရဲ့စကားကိုလည်း သေချာပေါက် ယုံကြည်လို့မရဘူး"
"မင်ကျင့်စီးရဲ့ တပ်မှူးချုပ်စကားကိုတောင်မှ ယုံကြည်လို့ မရဘူးဆိုရင် ခန်းချင်းဝမ်က ဘယ်သူ့စကားကို ယုံကြည်နိုင်မယ်လို့ ထင်လဲ" အရှင်မင်းကြီးက မေးလိုက်၏။
"အရှင်မင်းကြီး အရင်းစစ်လိုက်ရင် ရှီးလင်ဝမ်က တော်ဝင်မျိုးနွယ် တစ်ယောက်မှာ ပန်ဝမ် ထင်တာကတော့ အရှင်မင်းကြီးအနေနဲ့ တော်ဝင်မျိုးနွယ်စုထဲက ဂုဏ်သရေရှိတဲ့ သက်ကြီးဝါကြီး တစ်ယောက်ကို ဒီအမှုကို ကြီးကြပ်ဖို့ တာဝန်ပေးသင့်ပါတယ်။ ရာဇဝတ်မှုဌာနနဲ့ သာ့လီစစ်ကို ဦးဆောင်စေပြီး ပြန်လည်စုံစမ်း စစ်ဆေးခိုင်းပါ။ ရှီးလင်ဝမ်က တစ်ပါးသူရဲ့ လုပ်ကြံခြင်း ခံရတာဟုတ်မဟုတ် ရှင်းရှင်းလင်းလင်း သိရအောင် လုပ်ရပါမယ်"
ဘာပဲဖြစ်ဖြစ် သူနဲ့ပူးပေါင်း ကြံစည်တယ်လို့ဆိုတဲ့ မိစ္ဆာမျိုးနွယ်တွေက သေသွားခဲ့ပြီ။ ဒီလိုခေါ်တဲ့ ထွက်ဆိုချက်တွေကလည်း ပိုင်ရှိုးမင်က ရှီးလင်ဝမ်းကို အပြစ်ပုံချဖို့ ဖန်တီးထားတာတွေ ဖြစ်နိုင်ပါတယ်။
ခန်းချင်းဝမ်၏ အကြံပြုချက်သည် သူ နာမည်တပ်ခေါ်လိုက်သော ရာဇဝတ်မှုဌာနဝန်ကြီးနှင့် သာ့လီစစ် အတွင်းဝင်တို့အား သူ့ကို မနေနိုင်ဘဲတစ်ချက် လှည့်ကြည့်ရစေတော့သည်။ ဒီတော်ဝင်မျိုးနွယ်စု ခေါင်းဆောင်က တော်တော်လေးကို လက်စွမ်းထက်တာပဲ။ အရင်ဆုံး မင်ကျင့်စီးကိုနင်းချေပြီး ငါတို့ကိုပါဒီကိစ္စထဲဆွဲထည့်နေတယ်။ ဒီလိုဆိုမှတော့ မင်ကျင့်စီးက လွဲပြောင်းပေးရမယ့် ဒီအာဏာကိုရယူဖို့အတွက် ငါတို့ကသဘာဝအတိုင်း တော်ဝင်မျိုးနွယ်စုဘက်ကနေ ရပ်တည်ရတော့မှာပေါ့။ ကံဆိုးတာက ဒီဝမ်ရယ်အဘိုးကြီးက ညီလာခံနဲ့ အဆက်အသွယ် ပြတ်နေတာကြာလွန်းပြီး သူက အရှင်မင်းကြီးရဲ့ သဘောထားကို သိပ်နားမလည်ဘူးပဲ။
"ထပ်ရှိသေးလား"
"အရှင်မင်းကြီး ပိုင်ရှိုးမင်ကို ပြင်းပြင်းထန်ထန် အပြစ်ပေးဖို့ တောင်းဆိုပါတယ်"
အရှင်မင်းကြီးသည် တစ်ချက်ပြုံးလိုက်ဟန် တူသော်ငြားလည်း ခန်းချင်းဝမ်ကတော့ ရှင်းလင်းစွာ မမြင်လိုက်ရချေ။ သူသည် အရှင်မင်းကြီးက ထပ်ပြီးမေးလိုက်သည်ကိုသာ ကြားလိုက်ရလေသည်။ "ခင်ဗျားက ပိုင်ရှိုးမင်ကို ဘယ်လိုပြင်းပြင်းထန်ထန် အပြစ်ပေးချင်တာလဲ"
ခန်းချင်းဝမ်ကလည်း ဖြောင့်မတ်တည်ကြည်စွာဖြင့် လျှောက်တင်လိုက်၏။ ဒီလိုအဖေကို သတ်တဲ့လူမျိုးက အပြစ်ကို ခွင့်လွှတ်လို့မရပါဘူး။ ကျွန်တော်တို့ သာ့ရှ တော်ဝင်မျိုးနွယ်စုက လုံးဝလက်ခံနိုင်မှာ မဟုတ်ပါဘူး။ ဒီလူရဲ့ကျင့်ကြံရေးစွမ်းအားကို ဖျက်ဆီးပြီး သာမန်ပြည်သူအဖြစ် အဆင့်နိမ့်ချသင့်ပါတယ်။ ဒါမှ တော်ဝင်မိသားစုရဲ့ စည်းကမ်းကို ပြန်လည်တည့်မတ်နိုင်မှာပါ"
"တခြားဦးရီးတော်တို့ကလည်း ဒီလိုပဲတွေးထင်ကြတာလား" အရှင်မင်းကြီးက မေးလိုက်၏။
ကျန်ရှိနေသော ဝမ်ရယ်တစ်ချို့သည် အချင်းချင်း ကြည့်လိုက်ကြပြီး ခေါင်းငြိမ့်ကာလျှောက်တင် လိုက်ကြလေသည်။ "ဟုတ်ပါတယ်"
"ပိုင်ရှိုးမင် မင်း ခန်းချင်းဝမ်ကို ပြောစရာစကားရှိသေးလား"
ပိုင်ရှိုးမင်းသည် ခန်းချင်းဝမ်၏ ဘေးသို့လျှောက်သွားလိုက်ပြီး သူ့ကိုမေးလိုက်၏။ " ခန်းချင်းဝမ်က ကျွန်တော် အဖေ့ကို သတ်ချင်နေတယ်လို့ ထင်နေတာလား"
ခန်းချင်းဝမ်သည် အနားသို့တိုးကပ်လာသောလူကို ကြည့်ကာ အေးစက်စွာ ရယ်မောလိုက်ပြီးပြောလိုက်၏။ "ပိုင်ရှိုးမင် အခုမှ လာပြီး ဆင်ခြေပေးတာကတော့ အချိန်မမှီတော့ဘူး"
"ကျွန်တော်က ဆင်ခြေပေးဖို့ စဉ်းစားခဲ့တာ မဟုတ်ဘူး။ ခန်းချင်းဝမ်ကို တစ်ခုပြောပြချင်လို့ပါ။ ကျွန်တော်သာ သူ့ကို သေစေချင်ခဲ့ရင် သူ ရှန့်ကျင်းကို ရောက်လာဖို့ နည်းလမ်း လုံးဝမရှိဘူး။ ဘာဖြစ်လို့လဲ သိလား"
ခန်းချင်းဝမ်သည် ပိုင်ရှိုးမင်ကို အေးစက်စွာစိုက်ကြည့်လိုက်ပြီး စကားပြန်မပြောလိုက်ချေ။
ပိုင်ရှိုးမင်က သူ၏ အရာရှိဝတ်စုံကို မ,ကာ ရုတ်တရက်လှည့်ပြီး ခန်းချင်းဝမ်၏ ရင်ဝကို ခြေတစ်ဖက်ဖြင့် ကန်ကျောက်လိုက်သည်တွင် ထိုလူသည် ခုခံနိုင်စွမ်းလုံးဝမရှိဘဲ တံခါးအပြင်ဘက်သို့ လွင့်စင်ထွက်သွားပြီး မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျဆင်းသွားသည်ကို တွေ့လိုက်ရသည်။ အဆင့်၃နယ်ပယ်ရှိသော ခန်းချင်းဝမ်သည် တုံ့ပြန်ရန်အချိန်ပင် မရလိုက်ချေ။
ပိုင်ရှိုးမင်၏အသံက ညင်သာစွာ ထွက်ပေါ်လာခဲ့လေသည်။ "ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်ကအဆင့်၄ နယ်ပယ်ရောက်နေပြီမို့ပဲ။ ကျွန်တော် လူသတ်ချင်ရင် တပ်မှူးချုပ်တောင်မှ တားလို့ရမှာ မဟုတ်ဘူး"
ညီလာခံတစ်ခုလုံးသည် သေမတက် တိတ်ဆိတ်သွားကြပြီး သူ့စကားကြောင့်လား။ သို့မဟုတ် ဒီလောက်မောက်မာလှသော အပြုအမူကြောင့်လား တော့မသိရ ချေ။
တချို့သောမူးမတ်များသည် မူလက ယနေ့ မင်ဝမ်မရှိသဖြင့် ပိုင်ရှိုးမင်သည် ဒီဝမ်ရယ်အဘိုးကြီးများ၏ ပြိုင်ဘက်မဖြစ်နိုင်ဟု ထင်မှတ်ထားခဲ့သော်ငြားလည်း မထင်မှတ်ထားခဲ့သည်က- မင်ဝမ်ရဲ့ သားတော်ပီသပါပေတယ်။ မင်ဝမ်နဲ့ တစ်ပုံစံတည်းပဲ။ လူကို စကားမပြောနိုင်လောက်အောင် ကြမ်းတမ်းတဲ့နည်းလမ်းတွေ သုံးတတ်တယ်။
“ပိုင်ရှိုးမင် မင်း အရှင်မင်းကြီးရဲ့ ရှေ့တော်မှောက်မှာ ခန်းချင်းဝမ်ကို လုပ်ကြံရဲတယ်" ကျန်ရှိနေသည့် ချင်းဝမ်တချို့ကလည်း ချက်ချင်းဒေါသတကြီး အော်ဟစ်လိုက်ကြသော်ငြား ပိုင်ရှိုးမင်က ခေါင်းလှည့်ကြည့်လိုက်သည့်အခါတွင် ခန်းချင်းဝမ်ကဲ့သို့ အဆုံးသတ်မျိုးဖြစ်မည်ကို စိုးရိမ်သဖြင့် နောက်သို့တရစပ် ဆုတ်ခွာသွားကြတော့သည်။
"ဆင်ခြင်ဉာဏ်မဲ့လိုက်တာ” အရှင်မင်းမြတ်က ဟိန်းဟောက်လိုက်တော့သည်။ “ညီလာခံမှာလက်တွေခြေတွေ ပါနေကြတာ။ ဘယ်လိုစည်းကမ်းမျိုးလဲ"
"ကျွန်တော်မျိုးမှာ အပြစ်ရှိပါတယ်" ပိုင်ရှိုးမင်းကချက်ချင်း ဒူးထောက်ကာ အပြစ်ဝန်ခံလိုက်၏။ "မင်းအမှားကို ဝန်ခံတဲ့သဘောထားက ရိုးသားတဲ့အတွက် မင်းကို တစ်နှစ်စာ လစာဖြတ်တောက်တဲ့ ပြစ်ဒဏ်ပေးလိုက်မယ်"
"အရှင်မင်းကြီးရဲ့ ကြင်နာသနားမှုအတွက် ကျေးဇူးတင်ပါတယ်"
မှူးမတ်များအားလုံး စကားပြောရန် အချိန်မရလိုက်ခင်မှာပင် အရှင်မင်းကြီးနှင့် ပိုင်ရှိုးမင်တို့သည် အပြစ်ဝန်ခံခြင်းနှင့် အပြစ်ဒဏ်ပေးခြင်း လုပ်ငန်းစဉ် အားလုံးကို အပြီးသတ်လိုက်ကြတော့၏။
ခြေတစ်ဖက်ဖြင့် အကန်ခံလိုက်ရသည့် ခန်းချင်းဝမ်ကတော့ ခုနကပင် တော်ဝင်အစောင့်တပ်၏ ထမ်းခေါ်ခြင်းကို ခံသွားလိုက်ရပြီဖြစ်၏။ ခုနကခန်းမဆောင်ထဲသို့ လေးဖက်ထောက်ကာဝင်ပြီး ပိုင်ရှိုးမင်နှင့် အသက်စွန့် တိုက်ခိုက်ရန် ကြိုးစားနေသော ပုံစံကိုကြည့်ရသည်ကလည်း ဘာမှတော့ ထူးခြားသွားဟန်မတူချေ။
“အရှင်မင်းကြီး ပိုင်ရှိုးမင်က ဒီလောက်အထိမောက်မာနေတာကို ဘယ်လိုလုပ်ပြီးပေါ့ပေါ့တန်တန်လွှတ်ပေးလို့ရမှာလဲ။ တကယ်လို့ တော်ဝင်မျိုးနွယ်စုတိုင်းကသူ့ကို အတုယူနေမယ်ဆိုရင် တိုင်းပြည်က တိုင်းပြည်နဲ့ တူတော့မှာမဟုတ်ပါဘူး" ခန်းချင်းဝမ် လှဲကျသွားပြီးနောက်တွင် ရွှမ်းချင်းဝမ်က ထပ်မံထရပ်လိုက်လေသည်။
"ရွှမ်းချင်းဝမ်ရဲ့ စကားက မှားနေပြီ။ ကျွန်တော်က ခန်းချင်းဝမ် မယုံကြည်မှာစိုးလို့ ကိုယ်တိုင်သရုပ်ပြလိုက်တာပါ။ ခင်ဗျား စိတ်ချလက်ချ နေလို့ရပါတယ်။ သူ ဒဏ်ရာမရခဲ့ပါဘူး"
"မင်း ..." ရွှမ်းချင်းဝမ်သည် ဆွံ့အ သွားလေတော့၏။ ဒဏ်ရာမရတိုင်း ကြိုက်သလို ကန်ကျောက်လို့ရသလား။ ခန္ဓာကိုယ်က ဒဏ်ရာမရခဲ့ပေမယ့် ဂုဏ်သိက္ခာကတော့ ထိခိုက်သွားခဲ့တယ်လေ။
ပိုင်ရှိုးမင်သည် ရွှမ်းချင်းဝမ်ကို ဆက်ပြီးဂရုမစိုက်တော့ဘဲ အရှင်မင်းကြီးကို လျှောက်တင်လိုက်တော့၏။ "ကျွန်တော်မျိုး အရှင်မင်းကြီးကို ခန်းချင်းဝမ်အား စေ့စေ့စပ်စပ် စုံစမ်းစစ်ဆေးပေးဖို့ တောင်းဆိုပါတယ်"
"အကြောင်းပြချက်"
"ကျွန်တော်မျိုးက ခန်းချင်းဝမ်နဲ့ ရှီးလင်ဝမ်တို့အကြားမှာ စာအဆက်အသွယ် အလွန်အနီးကပ် ရှိတာကိုတွေ့ခဲ့ရပါတယ်။ စာထဲမှာ ခန်းချင်းဝမ်က မြေခွေးမိစ္ဆာကို အရမ်းစိတ်ဝင်စားနေပြီး အကြိမ်ကြိမ် မေးမြန်းထားပါတယ်။ ကျွန်တော်မျိုး သံသယရှိတာက ခန်းချင်းဝမ်က ရှီးလင်ဝမ်ကတစ်ဆင့် မိစ္ဆာမျိုးနွယ်နဲ့ ပူးပေါင်းကြံစည်မှုတွေ ရှိနေပါတယ်"
"သက်သေရှိလား"
"မရှိသေးပါဘူး"
"ဒါဆိုရင်သွားစုံစမ်းချည်" အရှင်မင်းကြီးသည် ရာဇဝတ်ဌာနကို တစ်ချက်ကြည့်လိုက်ပြီး မိန့်တော်မူလိုက်၏။ "ဒီကိစ္စကို ရာဇဝတ်မှုဌာနကို အပ်လိုက်မယ်။ မဖြစ်မနေ စေ့စေ့စပ်စပ် စုံစမ်းစစ်ဆေးရမယ်။ ခန်းချင်းဝမ်ကို မတရားစွပ်စွဲခံရတာမျိုး မဖြစ်စေနဲ့"
ကျန်နေသည့် ချင်းဝမ်တချို့မှာလည်း အသက်ရှူ မှားသွားကြတော့သည်။ သူတို့ထဲကဘယ်သူကများ အစစ်အဆေးခံနိုင်လို့လဲ။ ရာဇဝတ်မှုဌာနကသာ စစ်ဆေးလိုက်ရင် ချန်းချင်းဝမ်က မိစ္ဆာမျိုးနွယ်နဲ့ ပူးပေါင်းကြံစည်မှု မရှိခဲ့ရင်တောင်မှ တခြားကိစ္စတွေနဲ့ သူ့ကိုဒုက္ခအကြီးအကျယ် ရစေဖို့လုံလောက်နေပြီလေ။
သူတို့သည် ယခုအချိန်တွင်တော့ အခြေအနေကို ရှင်းရှင်းလင်းလင်း သဘောပေါက်သွားကြတော့သည်။ အရှင်မင်းမြတ်သည် ပိုင်ရှိုးမင်၏ လက်ကိုအသုံးချပြီး သူနှင့်သဘောထားမတိုက်ဆိုင်သည့် တော်ဝင်မျိုးနွယ်စုများကို ရှင်းလင်းဖယ်ရှား လိုခြင်းသာ ဖြစ်လေ့တော့၏။
...