← Chapters

ဘယ်သူမှ သူမရဲ့ဒီဂုဏ်ပုဒ်ကို လာလုယူလို့ မရစေရဘူး ...

Vol. 12 Ch. 116

ဘယ်သူမှ သူမရဲ့ဒီဂုဏ်ပုဒ်ကို လာလုယူလို့ မရစေရဘူး ...

Vol. 12 Ch. 116

"ရွှမ်းချင်းဝမ်မှာ တခြားလျှောက်တင်စရာ ရှိသေးလား" အရှင်မင်းကြီး၏ အသံတော်သည် တဖန်ထွက်ပေါ်လာပြန်သည်။

ရွှမ်းချင်းဝမ်သည် တစ်ချက်တုန်ယင်သွားပြီး သူ့အကြည့်များက မတည်မငြိမ် ယိမ်းယိုင်သွားလေတော့၏။ သူတို့ရောက်လာသည့် မူလရည်ရွယ်ချက်မှာ အစဉ်အလာ ယဉ်ကျေးမှုနှင့် ဖြောင့်မတ် မှန်ကန်မှုတို့ကို အသုံးပြုကာ အရှင်မင်းကြီးကို အလျော့ပေးပြီး ဆုတ်ခွာစေရန်ဖြစ်သော်ငြား ပိုင်ရှိုးမင်၏ ခြေကန်ချက် တစ်ချက်ကြောင့် အစီအစဉ်အားလုံးကို ကန်ထုတ်ပျက်စီး သွားစေလိမ့်မည်ဟု မည်သူက ထင်ထားပါမည်နည်း။

အစဉ်အလာ၊ မျိုးရိုးဂုဏ်သိက္ခာ၊ ဖြောင့်မတ်မှန်ကန်မှု အားလုံးသည် အကြွင်းမဲ့အာဏာနှင့် မွေးရာပါ စွမ်းရည်တို့၏ ရှေ့မှောက်တွင် အလျော့ပေးရသည်သာပင်။

မနေ့တုန်းက မင်ဝမ်ကို တမင်ခြေချုပ် ထားပြီး ညီလာခံ မတတ်နိုင်အောင် လုပ်ခဲ့ကြလို့ပဲ တော်သေးတယ်။ အခု ပြန်စဉ်းစားကြည့်လိုက်တော့ မင်ဝမ်က သူ့မွေးစားသားကို တစ်ယောက်ယောက်က ပစ်မှတ်ထားမှာကို လုံးဝမကြောက်ခဲ့တာပဲ။

အသက်၃၀ မပြည့်သေးခင်မှာ အဆင့်လေးနယ်ပယ်ကို တက်လှမ်းနိုင်ခဲ့တယ် ဆိုတာက ဘာကိုပြောချင်တဲ့ သဘောလည်းဆိုတာ တော်ဝင်မိသားစုထဲက သားသမီးဖြစ်တဲ့ လူတိုင်းက ရှင်းရှင်းလင်းလင်း သိကြတယ်။ သူတို့က ပိုင်မျိုးနွယ်ရဲ့ မျိုးဆက်သစ် လူငယ်ပေါင်း ရာပေါင်းများစွာ ရှိတဲ့အထဲကမှ ဒီလိုပြိုင်ဖက်ကင်း ပါရမီမျိုးက ပိုင်ရှိုးမင်ဆီကျမှ ဘာဖြစ်လို့ ရောက်သွားရတာလဲ။ ဒါပေမဲ့စိတ်ထဲမှာ ဘယ်လောက်ပဲ မုန်းတီးနေပါစေ အရာမဝင်တော့ဘူး။

"ရွှမ်းချင်းဝမ် အရှင်မင်းကြီးက ခင်ဗျားကို မေးနေတယ်လေ"

ရွှမ်းချင်းဝမ်သည် ငေးကြောင်ကြောင် ဖြစ်သွားပြီး စကားမပြောသည်ကို မြင်လိုက်ရသောအခါ ကုန်းကုန်းချုပ်ကြီးက သတိပေးလိုက်လေသည်။

ရွှမ်းချင်းဝမ်သည် ဒီအချိန်တွင် ဆုတ်ခွာလိုစိတ်ဖြစ်သော်ငြား တိုက်ရိုက် အလျော့ပေးလို့လည်း မဖြစ်ချေ။ သို့မဟုတ်ပါက သူသည် လူငယ်တစ်ဦးကို ကြောက်ရွံသူဟု ပြောဆိုကြလျှင် နောင်တွင်သူသည် မြို့တော်၌ မည်သို့မျက်နှာပြကာ ရပ်တည်ရပါမည်နည်း။

အချိန် အတော်ကြာအောင် စဉ်းစားပြီးနောက်မှ သူက ပါးစပ်ကို ဖွင့်လိုက်သော်ငြား ယခင်ကလို တင်းမာခက်ထန်သည့် လေသံမျိုး မဟုတ်တော့ချေ။ "အရှင်မင်းကြီး ကိစ္စတစ်ခုတော့ ကျန်ပါသေးတယ်။ ပိုင်လူကြီးမင်းကို ရှင်းပြစေလိုပါတယ်"

"ပြော"

"မနေ့က ပိုင်လူကြီးမင်း မြို့တော်ကို ပြန်ရောက်ပြီးတာနဲ့ မင်ကျင့်စီး အစောင့်တွေကိုလွှတ်ပြီး ကျန်းပေမြို့စားနဲ့ ကျင့်ယန်မြို့စားတို့ကို ဖမ်းဆီးခဲ့ပါတယ်။ ကျန်းပေမြို့စားက တော်ဝင်ဘဏ္ဍာတိုက်ကို ခိုးယူရာမှာ ပါဝင်ခဲ့တာကို နားလည်ပေးလို့ ရနိုင်ပေမယ့် ကျင့်ယန်မြို့စား တစ်အိမ်တော်လုံးကို ဖမ်းဆီးထားတာကရော ဘာကြောင့်ဘာလဲ"

စကားတစ်ဝက်သို့ ရောက်လာသောအခါ သူသည် ပိုင်ရှိုးမင်းဘက်သို့ ခေါင်းလှည့်ကြည့်လိုက်ပြီး ထိုလူက လက်ပါရန် ရည်ရွယ်ချက် မရှိသည်ကို မြင်လိုက်မှ ဆက်ပြောလိုက်တော့သည်။ "ပန်ဝမ် ကြားတာတော့ ပိုင်ရှိုးမင်နဲ့ ကျင့်ယန်မြို့စားတို့ ကြားမှာ ပုဂ္ဂိုလ်ရေးအရ ရန်ငြိုးတချို့ ရှိတယ်လို့ ဆိုပါတယ်။ ဒီလိုအပြုအမူက ... အများအကျိုးကို အကြောင်းပြပြီး ပုဂ္ဂိုလ်ရေးအရ ကလဲ့စားချေတာမျိုး ဖြစ်နေမလားလို့ပါ"

"ဪ။ ပိုင်ရှိုးမင် မင်းနဲ့ ကျင့်ယန်မြို့စားတို့ကြားမှာ ဘာပုဂ္ဂိုလ်ရေး ရန်ငြိုးရှိလို့လဲ" အရှင်မင်းကြီးကလည်း ဒီခေါင်းစဉ်ကို နည်းနည်းလေး စိတ်ဝင်စားသွားဟန် တူသည်။

"ကျွန်တော်မျိုးနဲ့ ကျင့်ယန်မြို့စားကြားမှာ ဘာပုဂ္ဂိုလ်ရေး ရန်ငြိုးမရှိပါဘူး။ သူ့ကို မင်ကျင့်စီးကို ခေါ်ဆောင်လာခဲ့တာက ကျင့်ယန်မြို့စားက လွန်ခဲ့တဲ့ရက်ပိုင်းကမှ သူ့ရဲ့မယားပါ သမီးကို ရှန်းမိသားစု လက်ထဲ ထည့်လိုက်လို့ပါပဲ။ ကျွန်တော်မျိုး တကယ်ကို သိချင်နေတာက ဆွေမျိုးတော်စပ်ခြင်း မရှိဘဲ ကျင့်ယန်မြို့စားက ဘာဖြစ်လို့ ဒီလောက် အလျင်စလိုနဲ့ သူ့သမီးကို အဝေးကြီးမှာရှိတဲ့ ရှီးလင်က မိသားစုထဲထည့်ပြီး လက်ထပ်ခိုင်းရ တာလဲဆိုတာပါပဲ"

ဒီစကားကို ကြားလိုက်ရပြီး နောက်တွင် အရှင်မင်းကြီး၏ မျက်နာတော်သည် တစ်ချက်မှောင်မည်း သွားလေတော့သည်။ "ဒီလိုကိစ္စမျိုး ရှိသေးတာလား"

"ရှိပါတယ်။ ကျွန်တော်မျိုး ရှင်းရှင်းလင်းလင်း စုံစမ်းစစ်ဆေးပြီးတဲ့အခါ တကယ်လို့ ကျင့်ယန်မြို့စားမှာ တကယ်ပဲ အပြစ်ကင်းတယ်ဆိုရင်သူ့ကို ပြန်လွှတ်ပေးမှာပါ။ တကယ်လို့ သူက ရှန်းမိသားစုနဲ့ ပူးပေါင်းကြံစည်မှုတွေ ရှိနေတာကို စစ်ဆေးတွေ့ရှိ ခဲ့ရင်လည်း ကျွန်တော်မျိုးက သူ့ကို မတရားစွပ်စွဲတယ်လို့ ပြောလို့မရနိုင်တော့ပါဘူး"

"ဒီကိစ္စကို မဖြစ်မနေ ပြင်းပြင်းထန်ထန် စစ်ဆေးရမယ်။ ရှန်းမိသားစုနဲ့ ပတ်သက်ဆက်နွှယ်မှု ရှိတဲ့လူတိုင်းကို ရှင်းရှင်းလင်းလင်း စစ်ဆေးရမယ်။ တစ်ယောက်မှ ကင်းလွတ်ခွင့်မပေးဘူး"

"ကျွန်တော်မျိုး အမိန့်တော်ကို နာခံပါတယ်"

"ရွှမ်းချင်းဝမ်" အရှင်မင်းကြီး၏ အကြည့်သည် ရွှမ်းချင်းဝမ်ဆီသို့ ကျရောက်သွားတော့သည်။

ရွှမ်းချင်းဝမ်သည် ချက်ချင်းဆိုသလို ရိုသေစွာ လျှောက်တင်လာ၏။ "အရှင်မင်းကြီး ပိုင်လူကြီးမင်းက ရှင်းရှင်းလင်းလင်း ရှင်းပြသွားပါပြီ။ ပန်ဝမ်မှာ မေးစရာ မရှိတော့ပါဘူး"

"အင်း" အရှင်မင်းကြီးသည် ရွှမ်းချင်းဝမ်၏ အလိုက်သိတတ်မှု အပေါ်တော်တော်လေး ကျေနပ်သွားလေတော့၏။ သူ၏အကြည့်သည် ခန်းမဆောင်တစ်ခုလုံးကို ဝေ့ဝဲကြည့်ရှုလိုက်ပြီး ရှီးလင်ဝမ်ကို သေဒဏ်ပေးသည့် ကိစ္စအား ကန့်ကွက်သူ နောက်ထပ် မထွက်ပေါ်လာတော့သည်ကို မြင်လိုက်ရမှ နှုတ်ဖွင့်ကာ မိန့်ကြားလိုက်တော့၏။ "ရှီးလင်ဝမ်က မိစ္ဆာမျိုးနွယ်နဲ့ ပူးပေါင်းကြံစည်ပြီး ကျန်းပေမြို့စား စတဲ့သူတွေကို တော်ဝင် ဘဏ္ဍာတိုက်ကို ခိုးယူဖို့ စေခိုင်းခဲ့တယ်။ ယခင်ဇနီးသည်ကို လုပ်ကြံသတ်ဖြတ်ပြီး ရှန်းမိသားစုကို နှစ်ပေါင်းများစွာ ဆိုးသွမ်းခွင့် ရမ်းကားခွင့် ပေးထားခဲ့တယ်။ အမိန့်တော်ကို ဆန့်ကျင်ပြီး မတော်မတရား ပြုကျင့်ခဲ့တယ်။ တကယ်ကို ဆိုးဝါးလှတဲ့ အပြစ်အဖြစ် သေဒဏ်ပေးအပ်မယ်"

"အရှင်မင်းကြီး ဉာဏ်ပညာ ကြီးမြတ်တော်မူပါတယ်" မှူးမတ်များ အားလုံးကလည်း တညီတညွတ်တည်း လျှောက်တင်လိုက်ကြလေသည်။

"ရာဇဝတ်မှုဌာနဝန်ကြီး အဆိုပြုတဲ့ အသားတစ်စစီ လှီးဖြတ်မယ့် ပြစ်ဒဏ်က အရမ်း ရက်စက်လွန်းတယ်။ လူအများရှေ့မှာ ပြသဖို့ မကောင်းဘူး။ ခင်ဗျားတို့ ရာဇဝတ်မှုဌာနကပဲ သီးသန့် ဆောင်ရွက်လိုက်တော့"

"ကျွန်တော်မျိုး အမိန့်တော်ကို နာခံပါတယ်" ရာဇဝတ်မှုဌာနဝန်ကြီးက လျှောက်တင်လိုက်လေသည်။ သူသည် အရှင်မင်းကြီးက သူ၏ ဒီအဆိုပြုချက်ကို ပယ်ချလိုက်မည်ဟု ထင်ထားခဲ့သော်ငြားလည်း လက်ခံလိမ့်မည်ဟူတော့ မထင်ထားခဲ့မိချေ။ ကြည့်ရတာ ရှီးလင်ဝမ်ရဲ့လုပ်ရပ်က အရှင်မင်းကြီးကို တကယ် အမျက်ထွက်စေခဲ့တဲ့ပုံပဲ။ "ညီလာခံ ရုပ်သိမ်းမယ်"

အရှင်မင်းကြီးသည် ထရပ်လိုက်ပြီး ခန်းမဆောင်က ထွက်ခွာသွားသည်တင် မှူးမတ်အပေါင်းတို့ကလည်း တရိုတသေ ဦးညွှတ်အရိုအသေ ပေးလိုက်ကြ၏။

ထိုတော်ဝင် မျိုးနွယ်စုများသည် ညီလာခံပြီးနောက် မိမိတို့၏ အိမ်တော်အသီးသီးသို့ ပြန်သွားကြပြီး အရှင်မင်းကြီးက တော်ဝင်မျိုးနွယ်စုကို ဖိနှိပ်သည်။ ပိုင်ရှိုးမင်ကို ဘက်လိုက်သည်။ ဘိုးဘေးတို့၏ စည်းမျဉ်းစည်းကမ်းများကို မလေးစားဟု သီးသန့်ပြောဆိုခြင်း မပြုလုပ်ကြတော့ချေ။ ပိုင်ရှိုးမင်နှင့် ရှီးလင်ဝမ်တို့၏ ပတ်သက်မှုအကြောင်းကိုလည်း ဘယ်သူကမှ ထုတ်ဖော်ပြောဆိုခြင်း မရှိတော့ ချေ။

ယနေ့ညီလာခံ ပြီးဆုံးသွားသည်နှင့် ရှီးလင်ဝမ်၏ အပြစ်ကို အများပြည်သူသိအောင် ကြေညာလိုက်သည်တွင် မကြာခင်မှာပင် ရှန့်ကျင်း တစ်မြို့လုံးသို့ ပျံ့နှံ့သွားလေတော့သည်။ ဒါကလည်း လက်ရှိမင်းဆက်တွင် အရှင်မင်းကြီး၏ အမိန့်ဖြင့် သေဒဏ်ပေးခံရသော ပထမဦးဆုံး ချင်းဝမ်ဖြစ်ကာ သူတို့သည် မတုန်လှုပ်ဘဲ ဘယ်မှာရှိပါမည်နည်း။

ယခုအခါ လမ်းမများပေါ်တွင် ဒီကိစ္စကို ဆွေးနွေးပြောဆို ကြသူများဖြင့် ပြည့်နှက်နေပြီး ရှီးလင်ဝမ်သည် နာရီအနည်းငယ် အတွင်းမှာပင် ရှန့်ကျင်းတစ်မြို့လုံးတွင် နာမည်ကျော်ကြား သွားခဲ့လေသည်။ ကံဆိုးချင်တော့ သူသည် ဒီအကြောင်းကို သိရှိခွင့်ရတော့မည် မဟုတ်ချေ။

အရှင်မင်းကြီးသည် မင်ကျင့်စီးကို ဒီကိစ္စတွင် ပါဝင်ခွင့် မပြုတော့သဖြင့် ညီလာခံပြီးဆုံးသည်နှင့် ရာဇဝတ်မှုဌာနဝန်ကြီးက မင်ကျင့်စီးသို့ လူလွှတ်ကာ ပိုင်ရှိုးမင်နှင့် တာဝန်လွှဲပြောင်းယူပြီး ရှီးလင်ဝမ်ကို ရာဇဝတ်မှုဌာန၏ အကျဉ်းထောင်သို့ ခေါ်ဆောင်ကာ ရက်ရွေးပြီး သေဒဏ်ပေးရန် စီစဉ်လေတော့သည်။

ဒီတစ်ကြိမ် တာဝန်လွှဲပြောင်း ရာတွင်တော့ ချင်ဟန်သည် ပိုင်ရှိုးမင်ကို ရှီးလင်ဝမ်နှင့် တွေ့ဆုံရန် တားဆီးခြင်း မပြုတော့ချေ။

ရှီးလင်မှ ရှန့်ကျင်းသို့ ချုပ်နှောင်ကာ ခေါ်ဆောင်လာခဲ့စဉ် တလျှောက်လုံး ရှီးလင်ဝမ်သည် ကောင်းကောင်းမစား ကောင်းကောင်းမအိပ်ရဲဘဲ အစကတည်းက ကျင့်ကြံခြင်းအားများ ဆုံးရှုံးထားခဲ့သူဖြစ်ကာ ပိုလို့ပင် အိုမင်းရင့်ရော် နေဟန်ပေါက်နေတော့၏။

မြေအောက် အကျဉ်းထောင်မှ ထွက်လာသောအခါ သူသည် မျက်လုံးများကို မှေးစဉ်းထားရင်း ကောင်းကင်ပေါ်က နေမင်းကြီးကို မော့ကြည့်လိုက်၏။ ဒီလောက်စူးရှလှသည့် နေရောင်ခြည်သည် လူကိုနွေးထွေးမှု တစ်စက်မှပင် မခံစားရချေ။

သူ့နောက်က အကျဉ်းထောင်မှူးက သူက အရှေ့ကို မလျှောက်သည်ကို တွေ့လိုက်ရသောအခါ လက်ဖြင့် တွန်းလိုက်သည်တွင် သူ့ခြေလှမ်းများသည် တစ်ချက်ယိုင်နဲ့သွားပြီး ခန္ဓာကိုယ်ပေါ်က သံခြေကျင်းများ၏ အသံက ထွက်ပေါ်လာခဲ့၏။

ရှီးလင်ဝမ်သည် ရှေ့သို့အနည်းငယ် ဆက်လျှောက်လိုက်ပြီး ရာဇဝတ်မှုဌာနက အမှုထမ်းတစ်စုက ဒီနေရာတွင် ပေါ်ထွက်လာသည်ကို မြင်လိုက်ရသောအခါ သူ့မျက်လုံးထဲတွင် ဝမ်းသာမှုတစ်ချက် ဖြတ်ပြေးသွားသော်ငြား ချင်ဟန်က တမင်တကာပင် မေးလိုက်လေသည်။ "ဘယ်လိုလဲ။ မင်းတို့ မင်ကျင့်စီးက ပန်ဝမ်ရဲ့အမှုကို တခြားဌာနကို လွှဲပြောင်းပေးလိုက်တာလား"

ချင်ဟန်ကလည်း လက်နှစ်ဖက်ပိုက်ကာ ဘေးတွင်ရပ်ပြီး ဘာကိုမှ မပြောလိုက်ချေ။

ရာဇဝတ်မှုဌာနက အမှုထမ်းများကို ခေါ်ဆောင်လာသော ပိုင်ရှိုးမင်ကတော့ တည်တည်ငြိမ်ငြိမ်လေသံဖြင့် ပြောလိုက်လေသည်။ "ရှီးလင်ဝမ်က ဒီကိစ္စကိုသိပ်ပြီး အံ့ဩပုံ မရဘူးပဲ"

"ပန်ဝမ်က ဘာလို့ အံ့ဩရမှာလဲ။ မင်းတို့ မင်ကျင့်စီးက ပန်ဝမ်ကို ဘယ်လိုပဲ လုပ်ကြံစွပ်စွဲပါစေ။ ပန်ဝမ်အတွက် အရှင်မင်းကြီးဆီမှာ တရားမျှတမှု တောင်းဆိုပေးတဲ့သူ ရှိမှာပဲ" သူက တော်ဝင်မျိုးနွယ်စုထဲမှာ တစ်ယောက်တည်း အကူအညီမဲ့ နေတာမှ မဟုတ်တာ။

ပိုင်ရှိုးမင်က လှောင်ပြောင်သရော်သည့် လေသံဖြင့် ပြောလိုက်လေသည်။ "ဒီနေ့ မနက်မှာပဲ ဝမ်ရယ်တချို့က ညီလာခံတက်ပြီး ရှီးလင်ဝမ်အတွက် အသနားခံတောင်းဆို ပေးခဲ့တာတော့ အမှန်ပါပဲ"

ရှီးလင်ဝမ်၏ မျက်လုံးများသည် အရောင်တောက် သွားသော်ငြားလည်း နောက်တခဏတွင် ပိုင်ရှိုးမင်၏ စကားကြောင့် ချောက်နက်ထဲသို့ ထိုးဆင်းသွားတော့၏။ "ကံဆိုးချင်တော့ ခန်းချင်းဝမ်ရဲ့ ခန္ဓာကိုယ်က အားနည်းလွန်းလို့ စကားဆုံးအောင်တောင် မပြောနိုင်ခင်မှာပဲ ထမ်းခေါ်ပြီးတော့ ထွက်သွားခံလိုက်ရတယ်။ ရွှမ်းချင်းဝမ် တို့ကတော့ အမှောင်ကို စွန့်ခွာပြီး အလင်းကို ရွေးချယ်သွားကြတယ်"

"မင်းလိမ်နေတာ!"

ပိုင်ရှိုးမင်းသည် ရှီးလင်ဝမ်ကို စိုက်ကြည့်နေလိုက်၏။ သူ့မျက်နှာသည် ဝမ်းသာဂုဏ်ယူနေရာမှ မယုံကြည်နိုင်ခြင်း ထိုနောက်တွင်တော့ အားငယ်ခြင်း နောက်ဆုံးတွင်တော့ မျှော်လင့်ချက် ကင်းမဲ့ခြင်းတို့ ပြောင်းလဲသွားသည်ကို မြင်တွေ့လိုက်ရလေသည်။

တစ်ချိန်တုန်းက သူက ဘယ်လိုဖြစ်ပြီး ဒီလူကို အင်အားကြီးမားလွန်းလို့ ရှုံးနိမ့်အောင် မလုပ်နိုင်ဘူးလို့ ထင်ခဲ့မိပါလိမ့်။

ပိုင်ရှိုးမင်သည် ရုတ်တရက် အနည်းငယ် ငြီးငွေ့သွားသလို ခံစားလိုက်ရလေသည်။ သူသည် နောက်တွင်ရပ်နေသည့် ရာဇဝတ်မှုဌာနက အမှုထမ်းများကို လက်တစ်ချက် ဝှေ့ယမ်းပြလိုက်ပြီး တာဝန်လွှဲပြောင်း ယူနိုင်ပြီဖြစ်ကြောင်း အချက်ပြလိုက်တော့သည်။

ရာဇဝတ်မှုဌာနက အမှုထမ်းများသည် ရှီးလင်ဝမ်ကို ချုပ်နှောင်ကာ အပြင်သို့ ထွက်ခွာသွားချိန်တွင် ပိုင်ရှိုးမင်၏ ဘေးမှ ဖြတ်သွားသောအခါ သူသည် ရုတ်တရက် ခေါင်းလှည့်လာပြီး ကြောက်မက်ဖွယ် ကောင်းသည့်မျက်နှာထားဖြင့် ပိုင်ရှိုးမင်ကို အော်ဟစ်ကာပြောလိုက်၏။ "ပိုင်ရှိုးမင် မင်းက အဖေအရင်းကို သတ်လိုက်တာ။ မင်းက ဘယ်လို ကောင်းမွန်တဲ့ အဆုံးသတ်မျိုး ရလိမ့်မယ်လို့ ထင်နေတာလဲ။ အရှင်မင်းကြီးက မင်းကို အသုံးချနေတာ။ မင်ဝမ်က မင်းအဖေကို သတ်တာကို တကယ်ပဲ ဂရုမစိုက်ပဲနေမယ်လို့ မင်း ထင်သလား။ မင်းမကြာခင်မှာပဲ ဆိုဆိုးရွားရွား သေရမှာ"

ပိုင်ရှိုးမင် ကတော့ သူ့အော်ဟစ်သံကို ကြားရသော်ငြား စိတ်ထဲတွင် တုန်လှုပ်ခြောက်ချားခြင်း လုံးဝမရှိခဲ့ချေ။ သူသည် လွန်ခဲ့သည့်နှစ်ပေါင်းများစွာက မင်ဝမ်ကို အရှင်မင်းကြီးက ရှီးလင်ဝမ်ကို အဘယ်ကြောင့် လွတ်ပေးခဲ့ပါသနည်းဟု မေးမြန်းခဲ့သည်ကို ရုတ်တရက် ပြန်လည်သတိရမိလေသည်။

ထိုစဉ်က မင်ဝမ်သည် သူ့ကို ဘာအကြောင်းပြချက်မှ မပေးဘဲ စကားတစ်ခွန်းသာ ပြောလာခဲ့၏။ "မင်းက အင်အားကြီးမား လာအောင်ပဲလုပ်ပါ။ နောင်တစ်ချိန်မှာ တစ်ယောက်ယောက်က မင်းလက်ထဲကို တရားမျှတမှု ပို့ဆောင်ပေးလိမ့်မယ်"

သူ ယခင်က လိုချင်ခဲ့သည့် အရာကို ယခုတော့ တကယ် ရရှိခဲ့လေသည်။

ရှီးလင်ဝမ်၏ ပါးစပ်သည် နောက်ဆုံးတော့ ပိတ်ဆို့ခံလိုက်ရပြီး မင်ကျင့်စီးရုံးတော် အပြင်ဘက်သို့ ဆွဲထုတ်ကာ သယ်ဆောင်သွားခြင်း ခံလိုက်ရတော့၏။

နောက်ဆုံးတွင် ဒီပူလောင်နေသည့် အာလူးကို လက်လွှဲပေး လိုက်နိုင်ပြီဖြစ်ရာ ချင်ဟန်သည် ယခုအချိန်တွင်တော့ ပိုင်ရှိုးမင်ကို တစ်ချက်မှပင် မကြည့်ချင်တော့ဘဲ သူ့ကိုလက်တစ်ချက် ဝှေ့ယမ်းပြကာ ရုံးတော်အပြင်ဘက်သို့ ခြေလှမ်းကျဲကြီးများဖြင့် ထွက်သွားရင်း ပြောလိုက်တော့၏။ "တော်ပြီ။ ဒီအမှုကို မင်းပဲ အဆုံးသတ်လိုက်တော့။ အရေးမကြီးရင် ငါ့ကို လာမရှုပ်နဲ့တော့"

ပိုင်ရှိုးမင်သည် သူ့အလုပ်များကို ပစ်ထားကာ တာဝန်မဲ့စွာ ထွက်သွားတတ်သည်ကို ကျင့်သားရနေပြီဖြစ်သဖြင့် သူ့ကို ဂရုစိုက်မနေတော့ဘဲ မြေအောက် အကျဉ်းထောင်ဘက်သို့ တန်းတန်းမတ်မတ် လျှောက်သွားလိုက်တော့သည်။

ရှီးလင်ဝမ်ကို အပြစ်ပေးပြီး သော်ငြားလည်း အမှုကတော့ မပြီးဆုံးသေးချေ။

နန်းတွင်းတွင် ရှီးလင်ဝမ်နှင့် စာအဆက်အသွယ် ပြုလုပ်ခဲ့သော အရာရှိများက မများပြားလှ သော်ငြားလည်း အနည်းအကျဥ်းတော့ ကျန်ရစ်နေသေးပြီး ထိုသူများအားလုံးကိုလည်း စုံစမ်းစစ်ဆေးမှု ပြုလုပ်ရန် လိုအပ်လေသည်။

သို့သော်ငြား ယခုလောလောဆယ်တွင် မင်းကျင့်စီးသို့ ဖမ်းဆီးခေါ်ဆောင် လာသူများမှာ ကျန်းပေမြို့စားနှင့် ကျင့်ယန်မြို့စားတို့သာ ရှိသေးပြီး သူတို့သည် အကျဉ်းထောင်ထဲတွင် စစ်ဆေးမေးမြန်းခြင်းကို စောင့်ဆိုင်းနေကြ၏။ ပိုင်ရှိုးမင်က အရင်ဆုံး ကျင့်ယန်မြို့စားကို သွားရောက်တွေ့ဆုံ လိုက်လေသည်။

တစ်ချိန်က ထင်ရှားကျော်ကြားခဲ့ပြီး ယခုအခါလူအများကြားတွင် တိမ်မြုပ်ပျောက်ကွယ် သွားပြီဖြစ်သည့် ဒီမြို့စားကြီးသည် သူ့ကို မြင်လိုက်ရသောအခါ ဒေါသတကြီး မျက်နှာထားဖြစ်နေဆဲပင်။

"ပိုင်ရှိုးမင် မင်း တကယ်ပဲ ဘာလုပ်ချင်နေတာလဲ။ ငါ ပြောပြီးပြီလေ။ ငါနဲ့ ရှန်းမိသားစုက ဘာမှ မပတ်သက်ဘူးလို့" ကျင့်ယန်မြို့စားသည် အကျဉ်းထောင် တံခါးမှနေ၍ အထဲသို့လျှောက်လှမ်း လာသော ပိုင်ရှိုးမင်ကို သေမတတ်စိုက်ကြည့်ရင်း ပြောလိုက်လေသည်။

"ကြည့်ရတာ ကျင့်ယန်မြို့စားက ကျွန်တော်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အစီအစဉ် မရှိဘူး ထင်တယ်"

ကျင့်ယန်မြို့စား၏ စိတ်ထဲတွင် ဒေါသမီးများနှင့် နက်ရှိုင်းလှသည့် အားငယ်မှုများ ပြည့်နှက်နေတော့၏။ မနေ့က သူသည် ရွှဲယင် လက်ထက်ခဲ့သော မိသားစုက အရှင်မင်းကြီး၏ အမိန့်ဖြင့် မျိုးဆက်၉ဆက်လုံး သုတ်သင်သတ်ဖြတ် ခံခဲ့ရပြီး တရားစီရင်ရေး ဌာနသုံးခု၏ ပြန်လည်သုံးသပ်မှုကိုပင် ဖြတ်သန်းစရာမလိုဘဲ ထိုနေရာတွင်ပင် တိုက်ရိုက် ကွပ်မျက်ခံလိုက် ရသည်ဟု ရုတ်တရက် ကြားသိခဲ့ရလေသည်။ သူ့သမီးဖြစ်သူသည်လည်း ထိုအထဲတွင် ပါဝင်သွားခဲ့၏။

သူ၏ ယင်ယင်အတွက် အလောင်းကို ပြန်လည်သယ်ဆောင်ပေးရန် တစ်စုံတစ်ယောက်က သူ့ကို အကြောင်းကြား လာခဲ့ခြင်းပင် မရှိချေ။

တစ်နှစ်တာ အတွင်းမှာပင် သားသမီး နှစ်ယောက်စလုံးကို ဆက်တိုက်ဆုံးရှုံး လိုက်ရကာ သူ့စိတ်နှလုံး ထဲတွင်လည်း နာကျင်ဝမ်းနည်းမှုများကို မခံမရပ်နိုင် ဖြစ်နေခဲ့ပြီး ရွှဲရှီကတော့ ချက်ချင်းပင် သတိလစ် မေ့မျောသွားခဲ့လေသည်။ ကံဆိုးချင်တော့ ထိုအချိန်မှာပင် မင်ကျင့်စီးက သူက ရှန်းမိသားစုနှင့် ပူးပေါင်းကြံစည်ခဲ့သည်ဟု အကြောင်းပြချက်ဖြင့် သူ့ကိုမြေအောက် အကျဉ်းထောင်ထဲသို့ ဖမ်းဆီးထည့်သွင်းထားခဲ့၏။

"ပိုင်ရှိုးမင် ငါ မင်းကို ဘယ်တုန်းကမှ မပစ်မှားခဲ့ဖူးဘူးလို့ ကိုယ့်ဟာကိုယ် ယုံကြည်တယ်။ မင်း ဘာဖြစ်လို့ ငါ့ကို သက်သက်မဲ့ ပစ်မှတ်ထားနေရတာလဲ"

"ကျင့်ယန်မြို့စားက စကားကို ဆင်ခြင်ပြောပါ။ ကျွန်တော်က လူတိုင်းကို တန်းတူရည်တူ ဆက်ဆံတာပါ။ ခင်ဗျား ဘာတွေကို ဝန်ခံရမလဲဆိုတာကို သေသေချာချာ စဉ်းစားထားတာက ပိုကောင်းပါလိမ့်မယ်"

"ဒီမြို့စား ကောင်းကင်နဲ့ မြေကြီးကို မျက်နှာမူရဲတယ်။ ဝန်ခံစရာ ဘာမှမရှိဘူး" ရုတ်တရက် ကျင့်ယန်မြို့စားသည် တစ်စုံတစ်ခုကို တွေးမိသွားဟန်တူပြီး မျက်လုံးများက ချက်ချင်း ပြူးကျယ်သွားကာ အော်ဟစ်လိုက်လေသည်။ "ကျိချန် ... ကျိချန်ကြောင့် မဟုတ်လား။ မင်း ကျိချန်ကြောင့် ငါ့ကို လာစွပ်စွဲနေတာ။ မင်းက မိန်းမတစ်ယောက်အတွက်နဲ့ လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ မြို့စားတစ်ယောက်ကို စွပ်စွဲရဲတယ်ပေါ့လေ"

ပိုင်ရှိုးမင်သည် သူတစ်ယောက်တည်း စကားပြောနေသည်ကို အတန်ကြာ နှုတ်ဆိတ်ကာ စိုက်ကြည့်နေလိုက်ပြီးမှ တည်တည်ငြိမ်ငြိမ် ဖွင့်ပြောလိုက်၏။ "ကျန်းခိုင်"

"လူကြီးမင်း" အမှောင်ထဲတွင် အမြဲတစေ ဖုံးကွယ်နေသည့် ကျန်းခိုင်သည် ရှေ့သို့လျှောက်ကာ ထွက်လာခဲ့လေသည်။

"ကျင့်ယန်မြို့စားကို ငါနဲ့ ဘယ်လို စကားပြောရမလဲဆိုတာ သင်ပေးလိုက်"

ကျန်းခိုင်သည် ကျင့်ရန်မြို့စားကို မျက်စောင်းဖြင့် တစ်ချက် လှမ်းကြည့်လိုက်ပြီး သွားများပေါ်သည်အထိ ရယ်မောလိုက်ရင်း ပြောလိုက်တော့၏။ "လူကြီးမင်း စိတ်ချပါ"

ကျင့်ယန်မြို့စားသည် မြေအောက်အကျဉ်းထောင်ထဲတွင် နည်းလမ်းပေါင်းစုံဖြင့် နှိပ်စက်ခံနေရသည့် အချိန်တွင် ကျင့်ယန်မြို့စား အိမ်တော်သည်လည်း အရှုပ်အထွေးများဖြင့် ပွက်လောရိုက်နေတော့၏။

ကျင့်ယန်မြို့စားသည် မနေ့က မင်းကျင့်စီးအစောင့်များ၏ တံခါးဖြတ် ဝင်ရောက်ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး ရွှဲရှီကတော့ အလွန်အမင်း ထိတ်လန့်တုန်လှုပ် သွားခဲ့ကာ သွေးအန်ပြီး သတိလစ် မေ့မျောသွားခဲ့သဖြင့် ဒီကပ်ဘေးက လွတ်မြောက်သွားခဲ့ခြင်းပင်။ ကံကောင်းထောက်မစွာ အိမ်တော်ထိန်းသည် အခြေအနေကို အတော်အတန် ထိန်းချုပ်ထားခဲ့သဖြင့် မြို့စားအိမ်တော်သည် လုံးဝ ဖရိုဖရဲ ဖြစ်မသွားခြင်းပင်။

ဒီအချိန်တွင် အိမ်တော်ထိန်းသည် ပင်မဆောင်အပြင်ဘက်တွင် စိုးရိမ်ပူပန်နေသည့် မျက်နှာဖြင့်စောင့်ဆိုင်းရင်း တစ်နှစ်အတွင်း မြို့စားအိမ်တော် ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်များကို တွေးတောကာ ခပ်တိုးတိုး ညည်းတွားလိုက်မိ၏။ "ဒါတွေက ဘယ်လို ကိစ္စတွေ ဖြစ်ကုန်တာလဲ"

ယခင်မြို့စားကတော် ကွယ်လွန်ပြီးနောက် မြို့စားမင်းက သမီးအရင်းကို အိမ်တော်မှ နှင်ထုတ်လိုက်သည့် အချိန်ကစပြီး မြို့စားအိမ်တော်သည် ကျိန်စာသင့် သွားသကဲ့သို့ပင်။ သခင်လေးနှင့် သခင်မလေးနှစ်ဦးစလုံး ဆုံးပါသွားခဲ့ရပြီး ယခုအခါ မြို့စားမင်းကပင် အဖမ်းခံလိုက်ရလေသည်။ ဒီမြို့စားအိမ်တော်သည် ပြိုလဲပျက်စီးတော့မည့် လက္ခဏာများ မသိမသာ ပေါ်ထွက်လာနေတော့၏။

ပင်မဆောင်အတွင်းတွင် ရွှဲရှီသည် ကုတင်ပေါ်တွင် လှဲလျောင်းနေပြီး ခန်းဆီးများကို ချထားကာ အစေခံမလေးသည် အပြင်ဘက်တွင် စောင့်ဆိုင်းရင်း ဘာအသံမှ မပြုလုပ်ရဲချေ။

သူမ၏ ဦးခေါင်းသည် အလွန်နာကျင်ကိုက်ခဲနေပြီး တကိုယ်လုံးလည်း အားအင်မရှိတော့ချေ။ သို့သော် ဒီလိုဖြစ်နေသော်ငြား သူမသည် မျက်လုံးများကို မမှိတ်နိုင် ဖြစ်နေလေသည်။ မျက်လုံးများ မှိတ်လိုက်သည်နဲ့ ထိုနေ့က ရှန်းယင့်ရှောင်းထံသို့ အတင်းအကြပ် လက်ထက်ကာ ထည့်လိုက်ရသော သမီးဖြစ်သူကို မြင်ယောင်လာမိ၏။

သူမသည် မိမိကိုယ်တိုင်အတွက် သမီးဖြစ်သူကို ရှန်းမိသားစုထဲသို့ အတင်းအကြပ် လက်ထပ်ခိုင်းခဲ့သည်။ ထိုအချိန်က သူမသည် မိမိကိုယ်ကို လိမ်ညာလှည့်ဖျားနိုင်ခဲ့သည်။ သမီး၏ နောက်ခံမိသားစုဖြင့် ရှီးလင်ဝမ်ကို ကျောထောက် နောက်ခံပြုထားသော ရှန်းမိသားစုထဲသို့ လက်ထပ်ဝင်ရောက်ခြင်းကလည်း မဆိုးလှသော ရွေးချယ်မှုဟု ဆိုနိုင်ပေသည်။

သို့သော်ငြား နှစ်လပင် မပြည့်သေးသည့် အချိန်မှာပင် ရှီးလင်ဝမ် ပြုတ်ကျသွားခဲ့ပြီး ရှန်းမိသားစုသည်လည်း ပျက်စီးသွားခဲ့ကာ သူမ၏သမီးသည်လည်း သေဆုံးသွားခဲ့ရ၏။

ယင်ယင်က နာကျင်ရမှာကို အကြောက်ဆုံးပဲ။ ခေါင်းဖြတ်သတ်တာက ဒီလောက်နာကျင်ရတာ။ အဲဒီတုန်းက သူ ဘယ်လောက်တောင် ကြောက်ရွံ့နေလိမ့်မလဲ။ သူ သေဆုံးသွားတဲ့အခါမှာ အမေဖြစ်တဲ့သူမကို မုန်းတီးသွားမလားပဲ။

ဒီအကြောင်းကို တွေးမိတိုင်း ရွှဲရှီသည် နှလုံးထဲက တစ်ဆစ်ဆစ် နာကျင်မှုကို ခံစားနေရ၏။ ပထမတော့ ကျောင်းအာ။ အခုတော့ ယင်ယင်အလှည့်။ ပြီးတော့ သူမရဲ့မမွေးဖွားလာ သေးတဲ့ ကလေးလေး ... ဘယ်လိုဖြစ်လို့ တစ်ယောက်မှ မကျန်ရစ်ခဲ့တာလဲ။ ရှေ့ဘဝက ဘယ်လို အကုသိုလ်တွေများ ပြုလုပ်ခဲ့လို့လဲ။

မျက်ရည်များသည် ရွှဲရှီ၏ မျက်လုံးထောင့်မှ အသံတိတ်ကျဆင်း လာခဲ့လေသည်။

အတန်ကြာမှ သူမသည် အားတင်းကာ ထထိုင်လိုက်ပြီး ကွဲအက်နေသည့် လေသံဖြင့် လှမ်းပြောလိုက်၏။ "လူရှိလား"

"ဖူးရန် နိုးပြီလား" တံခါးအပြင်ဘက်တွင် စောင့်ဆိုင်းနေသော အစေခံမလေးက ဝမ်းသာအားရဖြင့် မြန်မြန်ဝင်ရောက်လာခဲ့သည်။

ရွှဲရှီက ထိုအစေခံမလေးကို တစ်ချက်ကြည့်လိုက်ပြီး အကြည့်ကိုလွှဲကာ မေးလိုက်လေသည်။ "မြို့စားကြီးရော သူဘာလို့မရှိတာလဲ" ယခင်က သူမနေမကောင်း ဖြစ်သည့်အခါအတိုင်း မြို့စားကြီးသည် သူမ၏ဘေးတွင် အမြဲတမ်း ရှိနေတတ်လေ၏။

အစေခံမလေးသည် ရွှဲရှီ၏ မျက်နှာအမူအရာကို တိတ်တိတ်လေး အကဲခတ်လိုက်ပြီးမှ သတိကြီးစွာဖြင့် ပြန်ဖြေလိုက်၏။ "ဖူးရန် သတိလစ်သွားပြီးတဲ့ နောက်မှာ မြို့စားကြီးကို မင်းကျင့်စီး အစောင့်တွေက ဖမ်းသွားကြပါတယ်။ သူတို့ပြောတာကတော့ မြို့စားကြီးက ရှန်းမိသားစုနဲ့ ပူးပေါင်းကြံစည်မှု ရှိနိုင်လို့ ခေါ်သွားပြီး စုံစမ်းစစ်ဆေးဖို့ လိုပါတယ်တဲ့"

ရွှဲရှီ၏ ခန္ဓာကိုယ်သည် ယိမ်းယိုင်သွားပြီး မျက်စိထဲတွင် အမှောင်ထုများ ဖုံးလွမ်းသွားသည်ကို ခံစားလိုက်ရ၏။ သူတို့က မြို့စားမင်းကိုတောင် အလွတ်မပေးဘူးလား။

"ဖူးရန် အိမ်တော်ထိန်းကြီး အပြင်မှာ စောင့်နေတုန်းပါ"

"သူ့ကို ဝင်လာခိုင်းလိုက်"

မကြာခင်မှာပင် အိမ်တော်ထိန်းကြီးသည် အစေခံမလေး၏ ဦးဆောင်မှုနောက်က ပင်မခန်းဆောင်ထဲသို့ ဝင်ရောက်လာခဲ့၏။ သူသည် ကန့်လန့်ကာနောက်တွင် စည်းကမ်းတကျ ရပ်လိုက်ပြီး မျက်လုံးများကို အောက်သို့စိုက်ချ ထားလိုက်လေသည်။

"အိမ်တော်ထဲက အခြေအနေ ဘယ်လိုရှိလဲ" ရွှဲရှီက ဖေမေးလိုက်သည်။

" မြို့စားမင်း အဖမ်းခံရတုန်းက အိမ်တော်ထဲကအစေခံတွေ နည်းနည်း လန့်သွားပါတယ်။ ဒါပေမဲ့ ကျွန်တော် မျိုးဆူပူ ကြိမ်းမောင်းလိုက်ပြီးပါပြီ။ ဘာမှမဖြစ်လောက် တော့ပါဘူး"

"မြို့စားမင်း အဖမ်းမခံရခင် ဘာတွေ မှာကြားသွားသေးလဲ"

"မြို့စားမင်းက စကားမပြောလိုက်ရခင်မှာပဲ ခေါ်ဆောင်သွား ခံလိုက်ရတာပါ" အိမ်တော်ထိန်းကြီးသည် ခေါင်းကိုပိုလို့ပင် ငုံ့ထားလေသည်။ အဲဒီ မင်ကျင့်စီး အစောင့်တွေက အရမ်းကြမ်းကြုတ်တာ။ ပါးစပ်ကို တိုက်ရိုက်ပိတ်ပြီး လူကို ဖမ်းခေါ်သွားတာ။ မြို့စားမင်းမှာ ဘယ်လိုလုပ်ပြီး စကားပြောဖို့ အခွင့်အရေးရှိမှာလဲ။

"အပြင်ဘက်ကရော ဘာသတင်းထူးတွေ ကြားလဲ"

အိမ်တော်ထိန်းသည် အနည်းငယ် တုံ့ဆိုင်းသွားပြီး ပြောလိုက်၏။ "ကျွန်တော်မျိုး ကြားတာတော့ အရှင်မင်းကြီးက ရှီးလင်ဝမ်ကို သေဒဏ် ချမှတ်လိုက်တယ်တဲ့။ အပြစ်တွေထဲကတစ်ခုက ရှန်းမိသားစုကို ဆိုးသွမ်းရမ်းကားခွင့် ပေးထားလို့ပါတဲ့"

ရွှဲရှီ၏ နှလုံးသားမှာ အေးစက်သွားတော့၏။ သူတို့က ရှန်းမိသားစုနဲ့ တကယ် မရင်းနှီးဘူးဆိုပေမယ့် တခြားသူတွေက ယုံကြည်ပါ့မလား။ မြို့စားမင်းလည်း မရှိတော့ဘဲ သူမလို အမျိုးသမီး တစ်ယောက်ကို မြို့စားမင်းနဲ့ရင်းနှီးတဲ့ မင်းမျိုးမင်းနွယ်တွေက ဘယ်လိုလုပ်ပြီး ကူညီဖို့ဆန္ဒရှိမှာလဲ။

သူမသည် တွေးလေလေ မျှော်လင့်ချက် ကင်းမဲ့လာလေလေ ဖြစ်သော်ငြား မျှော်လင့်ချက်ကင်းမဲ့မှုထဲတွင် ဆန့်ကျင်လိုသော စိတ်ဆန္ဒများ ပါလာခဲ့၏။ သူမသည် ဒေသဆိုင်ရာအရာရှိတစ်ယောက်၏ သမီးအဖြစ်မှနေ၍ မြို့စားကတော်ဖြစ်လာရန် ခြေလှမ်းတစ်လှမ်းချင်း ခက်ခက်ခဲခဲ တက်လှမ်းခဲ့ရသည်။ ဒီအခြေအနေသို့ ရောက်ရှိလာပြီးမှတော့ တခြားသူများ၏ အလွယ်တကူ အနိုင်ယူခြင်းကို မည်သို့ခံနိုင်ပါမည်နည်း။

ဘယ်သူကမှ သူမရဲ့ဂုဏ်ပုဒ်ကို လာလုယူလို့မရစေရဘူး။

ဒီအတိုင်း ထိုင်စောင့်နေလို့ မဖြစ်ဘူး။ နည်းလမ်းတစ်ခုခုတော့ စဉ်းစားမှာဖြစ်မယ်။ အနည်းဆုံးတော့ မြို့စားမင်းကို အရင်ကယ်ထုတ်နိုင်အောင် ကြိုးစားရမယ်။

ရွှဲရှီ၏ မျက်လုံးများသည် ရုတ်တရက် အရောင်တောက်သွားခဲ့၏။ သူမက လူတစ်ယောက်ကို သတိရမိလိုက်လေသည်။ သူမသည် ယခင်က ကျောင်းကျိုးတွင် သိကျွမ်းခဲ့သော မိတ်ဆွေတစ်ဦးဖြစ်၏။ ထိုလူကိုမှတ်မိပြီးနောက် သူမသည် ဒီကိစ္စကို စိတ်နှလုံးထဲတွင် ဖိနှိပ်ထားကာ တစ်ခါမှလည်း သွားရောက် အနှောင့်အယှက်ပေးရန် မစဉ်းစားခဲ့ဖူးချေ။ သို့သော်ငြား ယခုအချိန်တွင်တော့ သူမတွင် သွားစရာ လမ်းမရှိတော့ပေ။

"လာကြ။ ငါ့အတွက် အလှပြင်ပေး" ထိုနောက်တွင်တော့ အိမ်တော်ထိန်းကြီးကို အမိန့်ပေးလိုက်၏။ " မြင်းလှည်းသွား ပြင်ဆင်လိုက်။ ငါအပြင် သွားစရာရှိတယ်"

"ဖူးရန်။ ဖူးရန်က နေမကောင်းသေးဘူးလေ။ ဘယ်လိုလုပ်ပြီး အပြင်ထွက်လို့ ဖြစ်မှာလဲ" အစေခံမလေးက စိုးရိမ်တကြီး ပြောလာလေသည်။

"ပါးစပ်ပိတ်ထား" ရွှဲရှီ၏ မျက်လုံးများက စူးရှသွားပြီး အော်ဟစ်လိုက်တော့သည်။ " မြန်မြန်မသွားသေးဘဲ ဘာလုပ်နေတာလဲ"

မကြာခင်မှာပင် အစေခံမလေးသည် ရွှဲရှီကိုအလှပြင်ဆင်ပေးလို့ ပြီးစီးသွားတော့၏။ အဒေါ်ကြီးတစ်ဦးက ဂျင်ဆင်းလက်ဖက်ရည်တစ်ခွက် လာရောက်ဆက်သကာ ထိုလက်ဖက်ရည်ကို သောက်ပြီးနောက်တွင် ရွှဲရှီသည် အနည်းငယ် အားအင်ရှိသလို ခံစားလိုက်ရတော့သည်။

သူမသည် အစေခံလေးဦးကိုတွဲကာ မြင်းလှည်းပေါ်သို့ တက်ရောက်ခဲ့ပြီး ကိုက်ခဲနေသည့် ဦးခေါင်းဝေဒနာကို အတင်းအကြပ် ချုပ်တီးထားရင်း မြင်းလှည်းသမားကို အမိန့်ပေးလိုက်တော့၏။ "ရွှီဝန်ကြီး အိမ်တော်ကိုသွား"

မြင်းလှည်းသမားသည် ရွှဲရှီက မည်သူ့ကိုဆိုလိုသည်ကို အခိုက်အတန့် မစဉ်းစားနိုင်‌ တော့သဖြင့် မနေနိုင်ဘဲ မေးလိုက်တော့၏။ "ဖူးရန်က ဘယ်ဝန်ကြီး အိမ်တော်ကို ပြောတာလဲ"

"ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီး ရွှီဇယ်ချန်ပဲ"

...

All Chapters