← Chapters

ကျောင်းကျိုးကလာတဲ့ မိတ်ဆွေဟောင်း ရွှဲရွှင်ဖန်း (ရွှဲရှီ) ...

Vol. 12 Ch. 117

ကျောင်းကျိုးကလာတဲ့ မိတ်ဆွေဟောင်း ရွှဲရွှင်ဖန်း (ရွှဲရှီ) ...

Vol. 12 Ch. 117

ကျင့်ယန်မြို့စား အိမ်တော်၏ မြင်းလှည်းသည် ဝန်ကြီးအိမ်တော်တစ်ခု အရှေ့တွင် ရပ်တန့်သွားခဲ့၏။ အိမ်တော် တံခါးစောင့်သည် တစိမ်းအမျိုးသမီး တစ်ယောက် ရောက်လာသည်ကို တွေ့လိုက်ရပြီး သူမကို တွဲထားပေးသည့် အစေခံမလေးများကိုလည်း တွေ့လိုက်ရ၏။ သူသည် လျစ်လျူရှုခြင်း မပြုရဲဘဲ တလေးတစားဖြင့် မေးလိုက်လေသည်။ "ဖူးရန် ဘာကိစ္စရှိလို့လဲ"

ရွှဲရှီက သတင်းပို့ကို ပြောလိုက်လေသည်။ ရှင်းအန်းရှန့်ကျူနဲ့တွေ့ချင်လို့ ရောက်လာတာပါ။ ကျေးဇူးပြုပြီးတော့ ကျွန်မ ရောက်နေတဲ့အကြောင်း သတင်းပို့ပေးပါ"

အိမ်တော်တံခါးစောင့်၏ မျက်နှာပေါ်က အခက်တွေ့သွားသည့် အမူအရာကို တွေ့လိုက်ရသောအခါ ရွှဲရှီက ထပ်ပြောလိုက်၏။ “ကျောင်းကျိုးက မိတ်ဆွေဟောင်း ရွှဲရွှင်ဖန်း ရှန့်ကျူကို တွေ့ခွင့်တောင်း နေပါတယ်လို့ပဲ ပြောပေးဖို့လိုပါတယ်။ တကယ်လို့ ရှန့်ကျူက တွေ့ခွင့်မပေးဘူး ဆိုရင်လည်း ကျွန်မပြန်သွားလိုက်ပါ့မယ်"

" ကောင်းပါပြီ။ ဖူးရန် ခဏလောက် စောင့်ပေးပါ"

တံခါးစောင့်သည် ခဏလောက် ထွက်ခွာသွားပြီးမှ အစေခံမလေးတစ်ဦးကို ခေါ်ဆောင်ကာ တံခါးဝသို့ ပြန်လည်ရောက်ရှိ လာခဲ့သည်။

ရွှဲရှီ၏ ခန္ဓာကိုယ်သည် အားနည်းနေဆဲ ဖြစ်သဖြင့် ခဏလောက် ရပ်တန့်နေရုံမျှဖြင့် ချွေစီးများ ပြန်လာခဲ့၏။ တံခါးစောင့်၏ နောက်မှ လျှောက်လှမ်းကာ ထွက်ပေါ်လာသော အစေခံမလေးကို မြင်တွေ့လိုက် ရသောအခါ သူမ၏ တုန်လှုပ်နေသည့် စိတ်နှလုံးမှာ နောက်ဆုံးတော့ တည်ငြိမ်သွား လေတော့သည်။

အစေခံမလေးသည် ရွှဲရှီ၏ ရှေ့သို့ရောက်ရှိလာပြီး သူမကို အရိုအသေပြုကာ ပြောလိုက်၏။ "ရွှဲဖူးရန် ရှန့်ကျူက ရှင့်ကိုအတွင်းထဲမှာ စကားပြောဖို့ ဖိတ်ခေါ်လိုက်ပါတယ်"

"မိန်းကလေးကို အခက်တွေ့ရစေပါပြီ"

အစေခံမလေးက အရှေ့ကလမ်းပြ ခေါ်ဆောင်သွားပြီး ရွှဲရှီ၏ ခန္ဓာကိုယ်သည် နေထိုင်မကောင်းသည်ကို မြင်တွေ့ရ သောကြောင့်ဖြစ်နိုင်၏။ လျှောက်နေသည့် ခြေလှမ်းများကို နှေးထားလိုက်လေသည်။ သူမသည် ရွှဲရှီကို ပင်မခြံဝင်းထဲသို့ ခေါ်ဆောင်သွားခြင်း မဟုတ်ဘဲ အနောက်ဘက်ရှိ ဥယျာဉ်တစ်ခု ဆီသို့ ဦးတည်သွား ခဲ့လေသည်။

ယခုအချိန်က ဆောင်းဦးနှောင်းပိုင်း ကာလဖြစ်နေပြီ ဖြစ်သော်ငြား ဥယျာဉ်ထဲကာပန်းပွင့်များသည် ဖူးပွင့်နေဆဲပင်။ ပန်းခြံများ၏ အလယ်တွင် ဇရပ်ငယ်လေး တစ်ခုရှိပြီး အသက်၃၀ ကျော်အရွယ် နူးညံ့သိမ်မွေ့လှသော အသွင်အပြင်ရှိသည့် အမျိုးသမီးတစ်ဦးက ဇရပ်ငယ်လေးထဲတွင် ထိုင်နေလေ၏။ ရွှဲရှီကို ဥယျာဉ်သို့ ခေါ်ဆောင်လာပြီးနောက် အစေခံမလေးက ဇရပ်ငယ်လေးထဲက အမျိုးသမီးငယ်ကို အရိုအသေပြုလိုက်ကာ တိတ်ဆိတ်စွာ ပြန်လည် ထွက်ခွာသွားလေသည်။

"နင်တို့လည်း နောက်ဆုတ် ထားလိုက်ကြ" ရွှဲရှီက သူမ၏ဘေးက အစေခံမလေးများကို ပြောလိုက်သည်။

သူမကို တွဲကူပေးထားသော အစေခံမလေးများက အနည်းငယ် စိုးရိမ်နေကြသော်ငြားလည်း စကားကို အပိုမပြောရဲသဖြင့် ဥယျာဉ် အပြင်ဘက်သို့ နာနာခံခံဖြင့် လျှောက်ထွက်သွားကြရုံသာ ရှိတော့သည်။

ပတ်ဝန်းကျင်က လူများအားလုံး ထွက်ခွာသွားကြပြီး နောက်မှ ရွှဲရှီသည် ရင်ထဲတွင်ကြိတ်ပြီး သက်ပြင်းချလိုက်ကာ ရှေ့သို့တိုးလာခဲ့၏။ သူမသည် ဇရပ်ငယ်လေ၏

ကျောက်လှေကားထစ်များ ရှေ့သို့ ရောက်လာသောအခါ ရုတ်တရက် တည့်တည့်မတ်မတ် ဒူးထောက်ချ လိုက်လေသည်။ "ရှန့်ကျူ ကျွန်မမှာတကယ် မတတ်သာတော့လို့ ရှင့်ကိုလာပြီးနှောက်ယှက်ရတာပါ"

(ရှန့်ကျူ - မြို့စားမင်းသမီး။ ဝမ်ရယ်တစ်ဦးရဲ့ သမီးကို ခေါ်ဆိုတဲ့ဘွဲ့နာမည်)

ဇရပ်ငယ်လေးထဲက အမျိုးသမီးသည် ရွှဲရှီကို အတန်ကြာအောင် တိတ်ဆိတ်စွာ စောင့်ကြည့်နေလိုက်ပြီးမှ ရုတ်တရက် မေးလာ၏။ "ရွှဲဖူးရန်နဲ့ ကျွန်မတို့ သိကျွမ်းခဲ့တာ ဘယ်လောက်တောင် ကြာသွားပြီလဲ"

ရွှဲရှီသည် ရှင်းအန်းရှန့်ကျူ၏ အကြည့်ကို မော့ကြည့်လိုက်ပြီး ပြောလိုက်၏။ "၂၈ နှစ်တောင် ရှိသွားပါပြီ"

နှစ်ယောက်လုံးက ဒီလိုပင် အချင်းချင်း ကြည့်ရှုနေကြပြီး နောက်ဆုံးတော့ ရှင်းအန်းရှန့်ကျူက သက်ပြင်း ခပ်ဖွဖွချကာ ပြောလိုက်၏။ "ရှင် နေမကောင်းသေးဘူးပဲ။ ထပြီး ထိုင်လိုက်ပါ"

"ရှန့်ကျူကို ကျေးဇူးတင်ပါတယ်" သူမသည် ဖြေးညင်းစွာ ထရပ်လိုက်ပြီး ဇရပ်ငယ်လေးအတွင်းသို့ ဝင်ရောက်လာခဲ့သည်။

ရွှဲရှီက ထိုင်ချလိုက်သည်နှင့် ရှင်းအန်းရှန့်ကျူသည် သူမ၏ဘေးက ခွက်တစ်လုံးကို တွန်းပို့ပေးလိုက်၏။

ရွှဲရှီကလည်း မဆိုင်းမတွပင် ခွက်ကိုကောက်ကိုင်လိုက်ကာ တစ်ငုံသောက်လိုက်ပြီး ပါးစပ်ထဲသို့ ရောက်ရှိသွားမှာ အနည်းငယ် ငေးကြောင်သွားကာ ထိုနောက်တွင်မှ ခွက်ကို ခေါင်းငုံ့ကာ ပြန်ချလိုက်လေသည်။

"ဂျင်းပျားရေလေ။ အခုရော သောက်လို့ ကောင်းသေးရဲ့လား" ရှင်းအန်းရှန့်ကျူက မေးလိုက်၏။

ရွှဲရှီ၏ မျက်လုံးများမှာ အနည်းငယ် နီရဲသွားကာ "ကြိုက်ပါတယ်"

"ရှင် ကျွန်မကို ဘယ်တုန်းက မှတ်မိသွားတာလဲ"

"အစောကြီးကတည်းကပါ။ အဲဒီတုန်းက ကျွန်မမှာ ကိုယ်ဝန်ရှိနေပြီ။ မြို့စားမင်းက ကျွန်မကို ရှန့်ကျင်းကို ခေါ်လာခဲ့တယ်။ ပွဲတော်ရက်တွေမှာ ရှင့်ကို အဝေးကနေ အကြိမ်အနည်းငယ်ပဲ လှမ်းမြင်ခဲ့ဖူးတယ်။ နောက်ပိုင်းမှာလည်း မမျှော်လင့်ပဲ ကြုံကြိုက်တာတွေ ရှိခဲ့တော့ မှတ်မိသွားခဲ့တာပါ"

"ဘာဖြစ်လို့ လာပြီးတော့ မတွေ့ခဲ့တာလဲ"

"ကျွန်မ ရှင့်ကို အနှောင့်အယှက် ပေးဖို့ မစဉ်းစားခဲ့မိပါဘူး" ရွှဲရှီသည် ရှင်းအန်းရှန့်ကျူ၏ မျက်လုံးများကို ကြည့်ကာ နောက်တစ်ကြိမ် ထပ်မံပြောလိုက်၏။ "ရှင်ကတော့ ယုံချင်မှ ယုံပါလိမ့်မယ်။ ကျွန်မ ရှင့်ကို လာနှုတ်ဆက်ဖို့ ဘယ်တုန်းကမှ မစဉ်းစားခဲ့ဖူးဘူး။ တကယ်လို့ ဒီနေ့သာ သွားစရာလမ်း မရှိတော့ဘူးဆိုရင် ရှင့်ဆီကို ဘယ်လိုမှလည်း ရောက်လာမှာ မဟုတ်ပါဘူး"

"ရွှင်ဖန်း။ ကျွန်မ ရှင့်ကို ယုံပါတယ်" ရှင်းအန်းရှန့်ကျူ၏ လေသံသည် ပိုလို့ပင် နူးညံ့သိမ်မွေ့လာလေသည်။ "ပြောပါဦး။ တကယ်ပဲ ဘာတွေဖြစ်ခဲ့လို့လဲ။ ရှင့်လို ကျင့်ယန်မြို့စားကတော် တစ်ယောက်ကိုတောင် ဒီလောက်ဒုက္ခ ရောက်သွားစေ ရတယ်ဆိုတော့"

"ဒီကိစ္စက ပြောရရင် ရှုပ်ထွေးပါတယ်။ ကျွန်မ မြို့စားမင်းနဲ့ လက်ထက်ခဲ့တဲ့အချိန် ကတည်းက စပြီးမှ ပြောရလောက်တယ်"

"ဒါဆိုလည်း ပြောလေ။ ကျွန်မမှာ ဖြည်းဖြည်းချင်း နားထောင်ဖို့ အချိန်အလုံလောက် ရှိပါတယ်"

ဒီလိုနှင့် ရွှဲရှီသည် သူမနှင့်ကျိချန်တို့ အကြားမှာ ချစ်ခြင်း၊ မုန်းခြင်း၊ ရန်ငြိုးဖွဲ့ခြင်း ကိစ္စများအားလုံးကို တစ်ခုမကျန် ပြောပြလိုက်ပြီး သူမ၏သားသမီး နှစ်ယောက်သည်လည်း ကျိချန်ကြောင့် မည်သို့မည်ပုံ မဆုံးသင့်ဘဲ ဆုံးခဲ့ရသည်ကိုပါ ထည့်သွင်းပြောကြား လိုက်လေသည်။

ရွှဲရှိသည် စကားပြောလို့ ပြီးသွားချိန်တွင်တော့ မျက်ရည်များ စီးကျလာတော့၏။

တခဏအတွင်းမှာပင် သူမသည် နောင်တရခဲ့ဖူးလေသည်။ အကယ်၍များ အစကတည်းက သူမသာ ကျိချန်ကို မြို့စားအိမ်တော်က နှင်မထုတ်ခဲ့လျှင် နောက်ပိုင်းတွင် များစွာသော ကိစ္စရပ်များလည်း ဖြစ်ပေါ်လာလိမ့်မည် မဟုတ်ချေ။

သို့သော်ငြား နောင်တရဖို့ရန်လည်း အလွန်နောက်ကျ သွားခဲ့လေသည်။

ရွှဲရှီသည် မျက်ဝန်းထဲတွင် မျက်ရည်များဖြင့် ပြောလိုက်၏။ "ကျွန်မ ကျိချန်နဲ့ တိုက်ခိုက်ခဲ့တာ။ ဒါပေမဲ့ ကျွန်မရဲ့သနားစရာ ယင်ယင်ကိုပါ ပတ်သက်စေခဲ့ပြီး ရှီးလင်မှာ တစ်ယောက်တည်း အထီးကျန် သေဆုံးသွားစေခဲ့တယ်။ သူက ၁၇နှစ်ပဲ ရှိသေးတယ်။ သူ သေသွားတာတောင် မလုံလောက်သေးဘူး။ မင်ကျင့်စီးက လူတွေက မြို့စားမင်းက ရှန်းမိသားစုနဲ့ ပူးပေါင်းကြံစည် တယ်လို့ပြောပြီး သူ့ကို တိုက်ရိုက် ဖမ်းခေါ်သွားကြတယ်။ အခု ... ကျွန်မမှာ အားကိုးစရာ လူတစ်ယောက်မှတောင် မရှိတော့ဘူး"

သူမ၏စကားကို ကြားလိုက်ရပြီးနောက် ရှင်းအန်းရှန့်ကျူက ထပ်ပြီးမေးမြန်း လိုက်လေသည်။ "မင်းကျင့်စီး ရုံးတော်က အကျိုးအကြောင်းမရှိဘဲ လုပ်တာမျိုးမှ မဟုတ်တာ။ တကယ်လို့ ကျင့်ယန်မြို့စားကြီးက ရှန်းမိသားစုနှင့် ပတ်သက်မှု မရှိဘူးလို့ စစ်ဆေးတွေ့ရှိရင် လူကိုပြန်လွှတ် ပေးမှာက အသေအချာပဲလေ။ ရှင်က ဘာကို ဒီလောက် ထိတ်လန့်နေရတာလဲ"

"ကျိချန် ကြောင့်ပါပဲ" ရွှဲရှီသည် ယခုအချိန်တွင်တော့ အားချန်၏ အကြောင်းကို ပြောမိသည့်အခါ ဒေါသထွက်ရန်ပင် အင်အားမရှိတော့ဘဲ ထိုအမည် နာမပေါ်တွင် ပြောမပြတတ်သည့် ကြောက်ရွံမှု အနည်းငယ်ပင် ဖြစ်ပေါ်နေတော့သည်။

"သူက မင်ကျင့်စီးကိုတောင် ချယ်လှယ်နိုင်လို့လား"

“ရှန့်ကျူက အရင်တုန်းက အပြင်လောကမှာ ဖြစ်ပျက်ခဲ့တဲ့ အသေးအဖွဲ ကိစ္စတွေကို ဘယ်တုန်းကမှ သတိမထားမိခဲ့လို့သာ ဖြစ်မယ်။ ကျိချန်က အစောပိုင်းကတည်းက ဘယ်လိုနည်းလမ်းမျိုး သုံးလိုက်လည်းမသိဘူး။ ပိုင်ရှိုးမင်းကို မျှားခေါ်သွားတယ်။ ဒီတစ်ခေါက် ပိုင်ရှိုးမင် ရှီးလင်ကို သွားတုန်းက သူကလည်း တစ်လမ်းလုံး လိုက်ပါသွားပြီး အတူတူ ပြန်လာခဲ့ကြတာ။ အရင်တစ်ခေါက် ကျွန်မနဲ့ ကျိချန် တရားရုံးမှာ မျက်နှာချင်းဆိုင် ရင်ဆိုင်ရတုန်းက ပိုင်ရှိုးမင်က ဘာအကြောင်းပြချက်မှမရှိဘဲ သူ့ဘက်ကနေ ကာကွယ်ပေးခဲ့တယ်။ အခု သူတို့ ရှန့်ကျင်းကို ပြန်ရောက်လာတာ မကြာသေးဘူး။ ပိုင်ရှိုးမင်က မြို့စားမင်းကို ချက်ချင်း အရေးယူတော့တာပဲ။ ဒါက ကျိချန်က နောက်ကွယ်က လှုံဆော်တာ မဟုတ်ဘူးလို့ ပြောရင် ဘယ်သူက ယုံမှာလဲ"

ရှင်းအန်းရှန့်ကျူသည် ခဏလောက် စဉ်းစားလိုက်ပြီးမှ ပြောလိုက်၏။ "ရှင့်ရဲ့ ဒီလင်ပါသမီးကတော့ တော်ရုံတန်ရုံ အစွမ်းအစ မဟုတ်ဘူးပဲ"

ရွှဲရှီပြောခဲ့သည့် စကားများက သူမ၏ခန့်မှန်းချက် သက်သက်သာ ဖြစ်သော်ငြားလည်း ထိုအရာကို သက်သေပြဖို့ရန်ကလည်း မခက်ခဲချေ။

ရွှဲရှီသည် ခါးသီးစွာ ပြုံးလိုက်ပြီး သူမ၏စိတ်ထဲက အတွေးများကို ဖုံးကွယ်မထားတော့ချေ။ "ကျွန်မက သူ့ကို ကြိုက်သလို နင်းချေလို့ ရတဲ့ ပျော့ညံ့တဲ့လူလို့ ထင်ခဲ့တာ။ ဘယ်သူက သိထားမှာလဲ။ ဒီပျော့ညံ့တဲ့လူက အဆိပ်ပြင်း နေမယ်လို့လေ။ အခုမြို့စားမင်းက ပိုင်ရှိုးမင်ရဲ့ လက်ထဲကို ကျရောက်နေပြီ။ အသက်ရှင်ခြင်း သေခြင်းဆိုတာ ကလည်း ဟိုဘက်က စကားတစ်ခွန်းတည်းပါပဲ။ ကျိချန်က ကျွန်မနဲ့မြို့စားမင်းကို သေမလောက် မုန်းတီးနေတာ။ သူ့ကို ဘယ်လိုမှ အလွတ်ပေး မှာမဟုတ်ဘူး"

"ဒါဆိုရင် ရှင်က ကျွန်မကို ရှင့်အတွက် ဘာလုပ်ပေးစေချင်လို့လဲ"

ရှင်းအန်းရှန့်ကျူ၏ စကားကို ကြားလိုက်ရသောအခါ ရွှဲရှီ၏မျက်နှာပေါ်တွင် အတိုင်းမသိ ဝမ်းသာသော အမူအရာများ ထင်ဟပ်သွားတော့သည်။ "ကျွန်မ အများကြီး မမျှော်လင့်ရဲပါဘူး။ မြို့စားမင်းက မင်ကျင့်စီးကနေ ဘေးမသိရန်မခဘဲ ထွက်လာနိုင်ဖို့ပဲ မျှော်လင့်တာပါ"

"ကောင်းပြီလေ။ ဒီကိစ္စကို ကျွန်မ လက်ခံလိုက်မယ်။ ရှင် အရင်ပြန်သွားပြီးတော့ စောင့်နေလိုက်။ နှစ်ရက်လောက်ကြာရင် ကျင့်ယန်မြို့စား အိမ်ကိုပြန်ရောက် လာပါလိမ့်မယ်"

“ရှန့်ကျူကို ကျေးဇူးတင်ပါတယ်။ ရှန့်ကျူရဲ့ ဒီလိုကြီးမားလှတဲ့ ကျေးဇူးတရားကို ကျွန်မ ဒီတသက်မမေ့ပါဘူး"

ရွှဲရှီသည် ရှင်းအန်းရှန့်ကျူက မည်သည့်နည်းလမ်းကို အသုံးပြုကာ မင်ကျင့်စီးကို လူပြန်လွတ်ခိုင်းမည်ကို မမေးမြန်းတော့ဘဲ ချက်ချင်းပင် မြေပြင်ပေါ် ဒူးထောက်ကာ ဦးချရန် ပြင်လိုက်သော်ငြား ထိုလူ၏တားဆီးခြင်းကို ခံလိုက်ရလေသည်။

"နောက်ဆိုရင် ဒီလောက်အားနာနေဖို့ မလိုပါဘူး။ ရှင် နေမကောင်း သေးဘူးလေ။ အပူအပင်တွေလည်း အရမ်းများနေတယ်။ ကျန်းမာရေးကို ဂရုစိုက်ဖို့ပဲ လိုပါတယ်။ အဲဒီကလေး နှစ်ယောက်စလုံးကလည်း သနားစရာတွေပါ။ ရှင်သာ တစ်ခုခု ဖြစ်သွားရင် ဘယ်သူကသူတို့ကို သတိရနေတော့မှာလဲ"

"ရှန့်ကျူ ပြောတာမှန်ပါတယ်"

"ပြန်လိုက်ပါဦး။ နောက်ရက် နည်းနည်းကြာလို့ ရှင် နေကောင်းသွားတဲ့အခါ ကျွန်မ ရှင့်ကို အပြင်ထွက် လေငြင်းခံဖို့ ထွက်ခေါ်ပါ့မယ်"

ရွှဲရှီသည် သူမ၏ မျက်နှာပေါ်က မျက်ရည်စများကို သုတ်လိုက်ပြီး အကြိမ်ကြိမ် ခေါင်းငြိမ့်ပြလိုက်၏။ "ရှန့်ကျူ ပြောတဲ့အတိုင်းပါပဲ"

"ရှင့်ရဲ့ အဲဒီလင်ပါ သမီးကိုလည်း သိပ်ပြီးဂရုစိုက်နေဖို့ မလိုပါဘူး။ နောက်ရက်ကျရင် ကျွန်မ အခွင့်အရေးရှာပြီး သူ့ကိုတစ်ချက် သွားကြည့်လိုက်မယ်။ သူက ရှင့်ရဲ့ သတ္တိတွေကို အကုန်လုံး ကြောက်ရွံ့သွားအောင် လုပ်နိုင်တဲ့ ခေါင်းသုံးလုံး လက်ခြောက်ဖက်များ ပေါက်နေလို့လား ဆိုတာကို ကြည့်ရသေးတာပေါ့"

ရွှဲရှီ၏စိတ်ထဲတွင်တော့ ခါးသီးသွားတော့၏။ သူမသည် ယခင်ကလည်း ထူးဆန်းသောအရာများကို မယုံကြည်ခဲ့ဘဲ ကျိချန်ကို အလွယ်တကူ ဖြေရှင်းနိုင်သည်ဟု အမြဲထင်မှတ်ခဲ့သော်ငြား အကြိမ်တိုင်း ရှုံးနိမ့်ခဲ့ရလေသည်။

ယခုအချိန်တွင်တော့ သူမသည် ရှင်းအန်းရှန့်ကျူက သူမကို ရှင်းလင်းသော လမ်းတစ်ခုညွှန်ပြပေးနိုင်ရန်သာ မျှော်လင့်နေတော့၏။

ရွှဲရှီနှင့် စကားပြောပြီးနောက် ရှင်းအန်းရှန့်ကျူသည် အစေခံမလေးများကို ခေါ်လိုက်ပြီး ရွှဲရှီကိုလိုက်ပါ ပို့ဆောင်ခိုင်းလိုက်သည်။

ဝန်ကြီးအိမ်တော်မှ တစ်လှမ်းလုံး ထွက်ခွာလာပြီး မြို့စားအိမ်တော်၏ မြင်းလှည်းကိုမြင်တွေ့လိုက်ရသောအခါ ရွှဲရှီ၏ စိတ်တို့သည် ပေါ့ပါးသွားတော့၏။ သူမသည် ဒီနေ့တွင်တော့ ဒီမျှလောက် အဆင်ပြေချောမွေ့လိမ့်မည်ဟု မထင်ထားခဲ့ဘဲ မူလက လေးလံနေသည့် ကိုယ်ခန္ဓာသည်ပင် များစွာပေါ့ပါးသွားသလို ထင်မှတ်ရလေသည်။

သူမသည် အစေခံလေးကိုတွဲကာ လှည်းပေါ်သို့ တက်ရောက်နေချိန်မှာပင် ဝေါယာဉ်တစ်စီးသည် ဝန်ကြီးအိမ်တော်၏ တံခါးဝတွင်ရပ်တန့်သွားပြီး လှည်းထဲက ခန္ဓာကိုယ်ပိန်လှီကာ မုတ်ဆိတ်မွေးတိုတိုဖြင့် သက်လတ်ပိုင်းအရွယ်အမျိုးသား တစ်ဦးဆင်းလာခဲ့လေသည်။

ရွှဲရှီကိုအပြင်သို့ လိုက်ပါပို့ဆောင်ပေးသော အစေးခံမလေးသည် ထိုအမျိုးသားကို မြင်တွေ့လိုက်ရပြီးနောက် မြန်မြန်ပြုံးရွှင်စွာဖြင့် သွားရောက် ကြိုဆိုလိုက်၏။ "ရှီဇီ ... ဒီနေ့ ဘယ်လိုဖြစ်ပြီး ရှန့်ကျူကို လာတွေ့ဖို့ အချိန်ရသွားတာလဲ ရှန့်ကျူက မနေ့ကတောင် ရှီဇီအကြောင်း ပြောနေပါသေးတယ်။ မကြာသေးခင်က အရမ်းအလုပ်များလို့ အရိပ်အယောင်တောင်မှ မမြင်ရတော့ဘူးတဲ့"

ရောက်ရှိလာသူမှာ ရှင်းအန်းရှန့်ကျူ၏ အစ်ကိုတော် ယင်းအန်းဝမ်၏ရှီဇီပင် ဖြစ်လေသည်။

"ညီမလေးက အိမ်ထဲမှာဘာတွေ အလုပ်များနေတာလဲ" ယင်းအန်းဝမ် ရှီဇီသည် အစေခံမလေး နှင့်အတူ ဝန်ကြီးအိမ်တော် အတွင်းသို့ ဝင်ရောက်သွားပြီး သူ့အကြည့်သည် ရွှဲရှီပေါ်သို့ တစ်ချက်သာ ဖြတ်သန်းသွားပြီးနောက် ချက်ချင်းပင် အကြည့်လွဲသွားတော့၏။

"ရှန့်ကျူ က မိတ်ဆွေဟောင်း တစ်ယောက်နဲ့ တွေ့နေတာ။ အခု ထိဥယျာဉ်ထဲမှာ ရှိနေတုန်းပါပဲ"

"ကောင်းပြီလေ။ ငါ့ကို ခေါ်သွားပေး" ယင်းအန်းဝမ် ရှီဇီသည် အစေခံမလေးနှင့်အတူ လိုက်ပါလာသည်ကို မြင်လိုက်ရသည်တွင် ရှင်းအန်းရှန့်ကျူကလည်း ထရပ်ကာ ကြိုဆိုလိုက်၏။ "အစ်ကိုတော် ... ဒီနေ့ဘယ်လိုလုပ်ပြီး ကျွန်မကိုလာရှာဖို့ အချိန်ရသွားတာလဲ"

"ဖုဟွမ် သဘောကျတဲ့ အဲဒီပြဇာတ်အဖွဲ့ မြို့တော်ကို ရောက်လာပြီ။ သူက အိမ်တော်မှာ ဂန္ဓမာပန်းပွဲ လုပ်ချင်တယ်လို့ ဇွတ်ပြောနေလို့ လူတွေကို သူနဲ့အတူ သရဲပြဇာတ် လာကြည့်ဖို့ ဖိတ်ခေါ်နေတာ"

ရှင်းအန်းရှန့်ကျူသည် ရှင်အန်းဝမ်ရှီဇီ၏ စကားသံထဲက မကျေမနပ် ညည်းသွားသံကို ကြားလိုက်ရသဖြင့် မနေနိုင်ဘဲ ရယ်မောမိလိုက်လေသည်။

"မင်းကရယ်တောင် ရယ်နေသေးတယ်။ ဖုဟွမ်က သရဲပြဇာတ်အဖွဲ့ကို အရှင်မင်းကြီးဆီ အဆိုတင်သွင်း ချင်တယ်လို့တောင်မှ ပြောနေသေးတယ်။ မင်းပဲ ပြောကြည့်ဦး။ အရှင်မင်းကြီးက သက်တော်ရှည် မွေးနေ့ပွဲ ကျင်းပမှာလေ။ ဒီသရဲပြဇာတ်က နာမည်ကြားရုံနဲ့ကို မင်္ဂလာမရှိဘူး။ သူလည်း ဘယ်လိုတွေ တွေးနေလဲတောင် မသိတော့ဘူး"

"ဒါပေမဲ့ သရဲပြဇာတ်ကလည်း တကယ်ကြည့်လို့ ကောင်းတာပဲလေ။ အရှင်မင်းကြီးက ဂရုမစိုက်လောက်ပါဘူး"

"မင်း ဒီလိုပြောမယ်ဆိုတာ ငါသိသားပဲ။ ဖုဟွမ်က အစကတည်းက သရဲပြဇာတ်ကို သဘောကျသွားတာက မင်း ဖျက်ဆီးလိုက် လို့ပဲလေ" ယင်းအန်းဝမ်ရှီဇီက ဘာမှမတတ်နိုင်သည့် အမူအရာဖြင့် ပြောလိုက်လေသည်။ ရှင်းအန်းရှန့်ကျူကလည်း ပြုံးသာပြုံးနေလိုက်ပြီး အစ်ကိုဖြစ်သူနှင့် အငြင်းမပွားလိုက်တော့ချေ။

"ဖုဟွမ်က မင်းကို ပြောခိုင်းလိုက်တယ်။ ဂန္ဓမာပန်းပွဲနေ့ကြရင် စောစောလာခဲ့ပါတဲ့။ မင်း ဝမ်အိမ်တော်ကို မရောက်တာလည်း တော်တော်ကြာပြီ။ သူနဲ့မူဖေးတို့က မင်းကိုစိတ်ထဲမှာ သတိရနေကြတယ်တဲ့"

"အစ်ကိုတော် မပြောရင်တောင် ကျွန်မစောစောသွားမှာပါ" ထိုသို့ပြောရင်း သူမသည် ကိစ္စတစ်ခုကိုထပ်ပြီး သတိရသွားဟန်တူ၏။ "ဟုတ်သားပဲ။ ကျွန်မ လူနှစ်ယောက်ကို ဂန္ဓမာပန်းပွဲကို အတူတူကြည့်ဖို့ သွားဖိတ်ခေါ်ချင်တယ်။ အစ်ကိုယ်တော် ကျွန်မကို ယောက်မဆီ စကားပါးပေးလို့ရမလား။ သူ့ကိုကျွန်မအတွက် ဖိတ်စာနှစ်စောင်လောက် ပို့ပေးခိုင်းဖို့ အကူအညီ တောင်းချင်လို့ပါ"

ယခုအချိန် ယင်းအန်းဝမ်ဖေးသည် အိမ်တော်ကိစ္စများကို ဝင်ရောက်စီမံခြင်း မရှိတော့ဘဲ ဝမ်အိမ်တော်အတွင်းက ကိစ္စကြီးငယ်များ အားလုံးကို ရှီဇီဖူးရန် တနည်းအားဖြင့် ရှင်းအန်းရှန့်ကျူ၏ ယောက်မဖြစ်သူက စီမံခန့်ခွဲလျက်ရှိလေသည်။ ဂန္ဓမာပန်းပွဲတော် ဖိတ်စာ များသည်လည်း သူမထံကတဆင့် ပို့ပေးခဲ့ခြင်းဖြစ်၏။

"မင်းက ငါ့ကို ခိုင်းတတ်တာပဲ။ ပြောပါဦး ... ဘယ်သူ့ကို ဖိတ်ချင်တာလဲ"

"တစ်ယောက်က ကျင့်ယန်မြို့စားကတော် ရွှဲရှီ၊ နောက်တစ်ယောက်ကတော့ ကျိချန်လို့ ခေါ်တယ်"

"ကျင့်ယန်မြို့စားကတော်" ရှင်းအန်ဝမ်ရှီဇီသည် ခုနကတွေ့ခဲ့သောလူကို သတိရသွားပြီး အနည်းငယ် မျက်မှောင်ကြုတ်လိုက်၏။ "ဒီနေ့ညီလာခံထဲမှာ ကျင့်ယန်မြို့စားအိမ်တော်က ရှီးလင်ဝမ်ရဲ့အမှုထဲ ပါဝင်ပတ်သက်နေတယ်လို့ ကြားတယ်။ မင်း ဘယ်တုန်းက သူနဲ့ ဒီလောက်ရင်းနှီးသွားတာလဲ"

ရှင်းအန်းရှန့်ကျူကလည်း ပေါ့ပေါ့ပါးပါးလေသံဖြင့် ပြန်ပြောလိုက်၏။ " အစ်ကိုယ်တော် မေ့သွားပြီလား။ ကျွန်မ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က ဖူးကျွင်းနဲ့အတူတူ ကျောင်းကျိုးကို သုံးနှစ်လောက် လိုက်သွားခဲ့ဖူးတယ်လေ။ အဲဒီတုန်းက သိခဲ့ကြတာပေါ့"

ယင်းအန်းဝမ်ရှီဇီသည် မြန်မာဖြစ်သူ၏ စကားကိုစိတ်ထဲတွင်မထားဘဲ ပြောလိုက်တော့၏။ "ထားလိုက်ပါတော့။ မင်း ကြိုက်တဲ့သူကို ဖိတ်လို့ရတယ်။ ဒါပေမဲ့ မင်းက အရင်ကတည်းက အကင်းမပါးဘူး။ ကိုယ့်ဟာကိုယ်လည်း သတိထားအုံး။ တခြားသူတွေ လှည့်စားတာကို မခံရစေနဲ့ဦး"

"သိပါပြီ။ နောက်နှစ်ရက်လောက်ကျရင် ကျင့်ယန်မြို့စားသာ ပြန်မလွတ်လာဘူးဆိုရင် ကျွန်မ သူ့ကို ဖုဟွမ်ရဲ့ ဂန္ဓမာပန်းပွဲတော်ကို မဖိတ်တော့ဘူး"

"မင်း သဘောပဲ"

ယင်းအန်းဝမ်ရှီဇီသည် တခြားကိစ္စများ ရှိနေသေးဟန်တူပြီး သူမနှင့် စကားအနည်းငယ် ထပ်မံပြောပြီးနောက် ပြန်သွားလေတော့၏။

ထိုလူထွက်ခွာ သွားပြီးနောက်တွင် ရှင်းအန်းရှန့်ကျူသည် ဇရပ်ငယ်လေးထဲတွင် ပြန်လည်ထိုင်ချလိုက်ပြီး အဝေးကစိမ်းလန်း စိုပြေနေဆဲဖြစ်သည့် သစ်ပင်များကိုကြည့်ရင်း သူမ၏အကြည့်ကလည်း တဖြည်းဖြည်း နက်ရှိုင်းသွားတော့၏။

ရွှဲရွှင်ဖန်း ... တကယ်ကို ဒုက္ခများတဲ့သူပဲ။

ဒါပေမဲ့ တော်တော်လေးတော့ ဉာဏ်ကောင်းတဲ့သူပဲ။ ကျင့်ယန်မြို့စားကတော် နေရာကို ရောက်နိုင်တာလည်း မဆန်းတော့ဘူး။ ဒီတစ်ကြိမ်တော့ သူ့ကို တစ်ချက်ကူညီလိုက်မယ်။ ကျန်တဲ့ကိစ္စတွေကတော့ ခဏလောက် စောင့်ကြည့်ရသေးတာပေါ့။

ညဘက်သို့ ရောက်လာသောအခါ ဝန်ကြီးအိမ်တော်သည် တိတ်ဆိတ်ငြိမ်သက် သွားလေသည်။

ပင်မခြံဝင်းထဲတွင် ရှင်းအန်းရှန့်ကျူသည် ရွှီဇယ်ချန်၏ ရင်ခွင်ထဲတွင်မှီကာ သူနှင့် တိုးတိုးညင်းညင်း စကားပြောနေလေ၏။

"ဖူးကျွင်း ဒီနေ့ကျင့်ယန် မြို့စားကတော် ကျွန်မကို လာရှာတယ်”

"အဲဒီ ရွှဲ ..."

"ရွှဲရွှင်ဖန်းပါ"

"သူက မင်းကို ဘာကိစ္စလာရှာတာလဲ" ရွှီဇယ်ချန်က မေးလိုက်၏။

"သူက ကျွန်မကို ကျင့်ယန်မြို့စားကို ကယ်တင်ပေးဖို့ လာတောင်းဆိုတာ" ရှင်အန်းရှန့်ကျုက ညင်သာစွာ ပြောလိုက်လေသည်။ "ကြားတာတော့ ကျင့်ယန်မြို့စားက ပိုင်ရှိုးမင်ကို ပစ်မှားမိလို့ အဖမ်းခံလိုက်ရတာတဲ့။ သူက ကျွန်မကို နှစ်ပေါင်း၂၀ကျော်က သံယောဇဉ်ကို ထောက်ထားပြီး သူ့ကို တစ်ချက်ကူညီပေးဖို့ တောင်းဆိုတယ်။ ကျွန်မလည်း သဘောတူလိုက်တယ်"

"သူက တော်တော်လေး ပြောရဲဆိုရဲရှိတာပဲ" ရွှီဇယ်ချန်၏ လေသံသည် အနည်းငယ် တိုးညှင်းသွားလေသည်။

"အို ... ဒါကအသေးအဖွဲ ကိစ္စလေးပါပဲ။ ပြီးတော့ ကျင့်ယန်မြို့စားက အရည်အချင်းနည်းနည်း နိမ့်ကျတယ်ဆိုပေမယ့် ဘာပဲဖြစ်ဖြစ် သူက မျိုးရိုးမြင့် တစ်ယောက်ပဲလေ။ ဖူးကျွင်းကို နည်းနည်းပါးပါး အကူအညီ ပေးနိုင်ရင်လည်း ပေးဖို့ပြောတာပါ။ ကျွန်မကလည်း သူ့ကို ငြင်းဆန်ဖို့ သိပ်မကောင်းဘူးလေ"

"ဟုတ်ပါပြီ။ ငါ ကူညီလိုက်ပါ့မယ်။ အဲဒီရွှဲရှီကိုတော့ မင်းကိုယ်တိုင်ပဲ ချင့်ချိန်ပြီး ဆုံးဖြတ်လိုက်"

"စိတ်ချပါ။ ကျွန်မ အတိုင်းအတာကို သိပါတယ်"

လင်မယားနှစ်ယောက်သည် အတန်ကြာအောင် တိုးတိုးဖွဖွ စကားပြောဆိုပြီးမှ တစ်ဦးကိုတစ်ဦး ပွေ့ဖက်ကာ အိပ်စက်လိုက်ကြလေတော့သည်။

...

All Chapters