← Chapters

နားထောင်ကြည့်လိုက်တော့ ဒါကရှန့်ကျူရဲ့ အတွေ့အကြုံနဲ့တူတယ် ...

Vol. 12 Ch. 118

နားထောင်ကြည့်လိုက်တော့ ဒါကရှန့်ကျူရဲ့ အတွေ့အကြုံနဲ့တူတယ် ...

Vol. 12 Ch. 118

အားချန် ရှန့်ကျင်းသို့ ပြန်ရောက်လာပြီး လေးရက်မြောက်နေ့တွင် သူမနှင့် ချန်ဟွေ့တို့သည် ချုံမင်ဖန်းကအိမ်သို့ ပြန်လာခဲ့ကြ၏။ သူမ၏ စိတ်ကူးထဲတွင် နေအိမ်ကို သန့်ရှင်းရေးလုပ်ပြီးမှ တစ်ဖက်ရှိစစ်သူကြီး အိမ်တော်သို့ သွားရောက် လည်ပတ်ရန် စဉ်းစားထားခဲ့သော်ငြား လင်းစွေ့ကတော့ အရင်ဆုံးရောက်ရှိလာလိမ့်မည်ဟု ထင်မထားခဲ့ချေ။

လင်းစွေ့သည် အားချန်က စစ်သူကြီး အိမ်တော်တွင် အပ်နှံထားသောမြင်းကို ဆွဲလာခဲ့ပြီး သူမ၏ လက်ထဲတွင်လည်း စားသောက်ဖွယ်ရာ အထုပ်အပိုး ကြီးငယ်များဖြင့် ပြည့်နှက်နေလေသည်။

အားချန်က သူမ၏လက်ထဲက ပစ္စည်းများကို မြန်မြန်လှမ်းယူ လိုက်ပြီးနောက် သူမကို မြင်းတင်းကုပ်သို့ ခေါ်ဆောင်သွားကာ မြင်းကို ချည်နှောင်ခိုင်းလိုက်သည်။

"ကျွန်မ ခဏနေမှ ရှင့်ကို လာရှာမလို စဉ်းစားထားတာ။ ရှင်က ကျွန်မ ပြန်ရောက်နေတာကို ဘယ်လိုသိသွားတာလဲ" အားချန်က မေးလိုက်သည်။

"ကျွန်မ အစ်ကိုကြီးက ပြောတာလေ။ သူက ပိုင်လူကြီးမင်းက ရှီးလင်ဝမ်ကို ချုပ်နှောင်ပြီး မြို့တော်ကို ပြန်လာတယ်လို့ ပြောတယ်။ ရှင်နဲ့သူက ရင်းနှီးတဲ့ဆက်ဆံရေး ရှိတယ်ဆိုတော့ သေချာပေါက် တစ်လမ်းထဲ အတူတူလိုက်လာမှာပဲလို့ ကျွန်မ တွေးမိလိုက်တာ။ ဒီနှစ်ရက်အတွင်းမှာ ကျွန်မတံခါးစောင့်ကို ရှင့်အိမ်ဘက်ကို သတိထားကြည့် ခိုင်းလိုက်တယ်လေ" လင်းစွေ့က ရှင်းပြလိုက်၏။ "ဘယ်လိုလဲ ရှီးလင်က ပျော်စရာ ကောင်းရဲ့လား"

အားချန်သည် ရှီးလင်က အတွေ့အကြုံများကို ပြန်လည်စဉ်းစားလိုက်ပြီး ပြောပြလိုက်၏။ "ပျော်ဖို့ ကောင်းတယ်လို့တော့ ပြောလို့မရပါဘူး။ ဒါပေမဲ့ လုံလောက်အောင်တော့ ရင်တထိတ်ထိတ်ဖြစ်ခဲ့ရတယ်"

ဒီလိုနှင့် သူမသည် လင်းစွေ့ကို ရှီးလင်သို့ သွားရာလမ်းခရီးတွင် ကျောင်း(မြွေနဂါး)၏ တိုက်ခိုက်ခြင်းခံခဲ့ရပုံ၊ ရှီးလင်သို့ ရောက်ရှိပြီး ရက်အနည်းငယ် အကြာမှာပင် ရှန်းမိသားစုတွင် ကြီးမားလှသည့် ကျောင်းတစ်ကောင် ပေါ်ထွက်လာပုံတို့ကို ပြောပြလိုက်လေသည်။

ထုံးစံအတိုင်းပင် သူမသည် ဇာတ်လမ်းနှစ်ခုလုံးမှာ မိမိကိုယ်တိုင် ဖယ်ထုတ်ထားရန် မမေ့လျော့ဘဲ သာမန်ဘေးက ကြည့်ရှုသူတစ်ဦး၏ ရှုထောင့်ကသာ လင်းစွေ့ကို ပြောပြခဲ့လေသည်။ ဤသို့ဆိုသော်ငြားလည်း ဘေးကလူကို တုန်လှုပ်သွားစေရန် လုံလောက်နေပြီဖြစ်၏။

"ဒါကြောင့် အရှင်မင်းကြီးက ရှီးလင်ဝမ်းကို သတ်ပစ်ချင် နေတာကိုး။ အဲဒါက ရှန်းမိသားစုက ရှီးလင်ဝမ်အိမ်တော်ရဲ့ လက်အောက်ခံ မိသားစုပဲ မဟုတ်ဘူးလား"

"ဟုတ်တယ်လေ။ ပိုင်လူကြီးမင်းက လူဖမ်းဖို့အတွက် ကိုယ်တိုင်အစီအစဉ်ထဲ ဝင်ပါခဲ့ရတာ။ ရှန်းမိသားစုရဲ့ သမက်တောင် ဖြစ်တော့မလို့" အားချန်ကလည်း ရယ်ရယ်မောမောဖြင့် ပြောဆိုလိုက်၏။

ရုတ်တရက် ဒီလိုထိတ်လန့်ဖွယ် အတွင်းသတင်းကို ကြားလိုက်ရသဖြင့် လင်းစွေ့မှာ မျက်လုံးများ ပြူးကျယ်သွားပြီး မနေနိုင်ဘဲ မေးလိုက်တော့သည်။ "နောက်တော့ရော"

"သူက စေ့စပ်တဲ့နေ့မှာပဲ ရှန်းမိသားစုက အဲဒီကျောင်းရဲ့လက်ချက်နဲ့ တစ်ဝက်လောက် ပျက်စီးသွားပြီး ကျန်တဲ့တစ်ဝက်ကို မင်းကျင့်စီးအစောင့်က ရှင်းလင်းလိုက်တယ်လေ"

လင်းစွေ့သည် စိတ်ရင်းအမှန်ဖြင့် မှတ်ချက်ပြုလိုက်၏။ "ပိုင်လူကြီးမင်းက အမှုစစ်ဆေးဖို့အတွက် တကယ်ပဲ စတေးခဲ့ရတာတွေ မနည်းဘူးပဲ"

"မဟုတ်လို့လား"

လင်းစွေ့သည် ရုတ်တရက် အသံကိုနိမ့်ကာ မေးလာလေသည်။ "ကျွန်မကြားတာတော့ ကျင့်ယန်မြို့စားကြီးက ရွှဲယင်ကို ရှန်းမိသားစုထဲ လက်ထပ်ပြီး ထည့်ပေးလိုက်တယ်ဆို။ တကယ်ပဲလား"

"ဒါကိုလည်း ရှင် သိသွား သေးတာလား" အားချန်သည် အနည်းငယ် အံ့သြသွားတော့၏။ သူမက လင်းစွေ့သည် ဒီလိုကိစ္စမျိုးကို စိတ်ဝင်စားလိမ့်မည် မဟုတ်ဟု ထင်မှတ်ထားခဲ့လေသည်။ "တကယ်ပဲ ရွှဲယင်သေတုန်းက ဟွေ့ညန်တောင် သွားကြည့်လိုက်သေးတယ်"

"ကျွန်မက အစက မသိပါဘူး။ မနေ့တုန်းက ပိုင်ယွဲ့ ပြောလို့သိတာ" လင်းစွေ့သည် အားချန်က ပိုင်ယွဲ့ မည်သူဖြစ်သည်ကို မသိနိုင်သည်ကို ရုတ်တရက် တွေးမိလိုက်သဖြင့် ထပ်ပြီးရှင်းပြလိုက်၏။ "ပိုင်ယွဲ့က ကျွန်မ အရင်က လမ်းမပေါ်မှာ သိကျွမ်းခဲ့တဲ့ သူငယ်ချင်းပါ။ သူနဲ့သူ့အစေခံမလေး အပြင်ထွက်လည်တုန်း သူခိုးနဲ့တွေ့လို့ ကျွန်မအဲဒီသူခိုးကို ဖမ်းပေးရင်း ကူညီခဲ့တာလေ"

အားချန်မှာလည်း မရယ်မောဘဲ မနေနိုင်အောင် ဖြစ်သွားတော့သည်။ ဒါက လင်းစွေ့ရဲ့ပုံစံအမှန် အစစ်အမှန်ပဲ။ မိတ်ဆွေဖွဲ့တာတောင် လမ်းမပေါ်မှာ မတရားမှုတွေ့လို့ ဝင်ကူညီရာကနေ စတာပဲ။

"မျိုးရိုးနာမည်က ပိုင်ဆိုတော့ သူက တော်ဝင်မျိုးနွယ်ထဲကလား"

"သူ့အဖိုးက ယင်းအန်းကျွင်းဝမ်လေ မနေ့က ကျွန်မ သူ့ကို ရှင့်အကြောင်း ပြောပြလိုက်တော့ သူက နည်းနည်း အံ့ဩသွားတဲ့ပုံပဲ။ တခြားသူဆီကနေ ရှင့်အကြောင်း ကြားဖူးထားပုံရတယ်"

အားချန်ကတော့ ပုံမှန်အတိုင်း ခေါင်းငြိမ့်လိုက်လေသည်။ သူမသည် ပိုင်ယွဲ့ကို လုံးဝမမှတ်မိချေ။ ယခင်က ကျိချန်သည်လည်း ထိုလူနှင့် ပတ်သက်ဆက်နွှယ်မှု ရှိခဲ့မည်မဟုတ်ပေ။

ချန်ဟွေ့သည် အိမ်ခန်းများကို ရှင်းလင်းပြီးစီးသောအခါ လင်းစွေ့ကို အိမ်တွင် ညစာစားရန် ခေါ်ထားလိုက်၏။ သုံးယောက်သားသည် အိမ်ခန်းထဲတွင် ထိုင်ကာ အေးအေးလူလူ စကားစမြည် ပြောဆိုနေကြပြီး ညရောက်လာသောအချိန်မှ အားချန်က ဒီနှစ်ရက်အတွင်း ချန်းဖိင်ဖန်း ရပ်ကွက်သို့ ပြန်ဦးမည်မဟုတ်ကြောင်း ကြားသိရသဖြင့် သူမက စစ်သူကြီး အိမ်တော်သို့ ပြန်သွားခဲ့လေသည်။

ဒုတိယနေ့ နေ့လယ်ခင်းရောက်မှ လင်းစွေ့သည် ရောက်လာပြန်ခဲ့၏။

ဒီတစ်ကြိမ်တွင် သူမသည် စားသောက်ဖွယ်ရာများ ယူဆောင်လာခြင်းမရှိဘဲ ဖိတ်စာတစ်စောင်ကို ယူဆောင်လာခဲ့လေသည်။

"ဒါက ဘာလဲ" အားချန်က သူမ၏လက်ထဲက ဖိတ်စာကို မြင်လိုက်ရသဖြင့် စိတ်ဝင်တစား မေးလိုက်၏။

"ပိုင်ယွဲ့က ဒီနေ့မနက်စောစော လာပို့သွားတာ။ ယင်းအန်းဝမ် အိမ်တော်က ဂန္ဓမာပန်းပွဲ လုပ်မယ်တဲ့။ ဝမ်ရယ်က ကျောင်းကျိုးကနေ သရဲပြဇာတ်အဖွဲ့ကို အထူးတလည် ဖိတ်ကြားထားတာတဲ့။ သူက ကျွန်မကို လာဖို့ ဖိတ်ထားတာ။ ပြီးတော့ရှင့်ကိုလည်း ဖိတ်သွားတယ်"

"ဘာဖြစ်လို့ ကျွန်မကို လာဖိတ်တာလဲ" အားချန်သည် ဒီလိုဖိတ်စာပေးပို့ခြင်းက အနည်းငယ် ထူးဆန်းနေသည်ဟု ခံစားလိုက်ရ၏။

"သူက လူများများနဲ့ ပိုစည်ကား စေချင်လို့တဲ့။ တကယ်လို့ ရှင် မသွားချင်ဘူးဆိုရင် ကျွန်မ အဲဒီအချိန်ကျရင်လည်း သူ့ကိုတစ်ခုခု ပြောလိုက်ရုံပါပဲ" အမှန်တကယ်တွင် လင်းစွေ့သည်လည်း ပိုင်ယွဲ့က အားချန်ကို ဖိတ်ကြားရသည့် အကြောင်းအရင်းကို နားမလည်ခဲ့ချေ။

အားချန်သည် အစက သိပ်ပြီး စိတ်မဝင်စားသော်ငြားလည်း လင်းစွေ့က သရဲပြဇာတ်အကြောင်း ပြောလာသည်ကို ကြားလိုက်ရသောအခါ ရုတ်တရက် စိတ်ပြောင်းသွားတော့သည်။

"ကိစ္စမရှိပါဘူး။ ဘာပဲဖြစ်ဖြစ် ကျွန်မလည်း အခုတလော ဘာအလုပ်မှမရှိဘဲ အားနေတာ။ ရှင်နဲ့အတူတူ သွားပြီးတော့ ပွဲကြည့်တာပေါ့"

တကယ်လို့ တခြားကိစ္စမရှိဘူးဆိုရင် အဲဒီသရဲပြဇာတ်အဖွဲ့က ယွီသခင်မပါတဲ့ ပြဇာတ်အဖွဲ့ပဲ ဖြစ်ရမယ်။ ဒီဖိတ်စာ ငါ့လက်ထဲ ရောက်လာတဲ့ အကြောင်းအရင်းက ဘာပဲဖြစ်ဖြစ်ပါ။ ယွီသခင်မအတွက် တစ်ခေါက်လောက် သွားကြည့်လိုက်တာက တကယ်ကိုတန်ပါတယ်။

လင်းစွေ့သည် သူမက သဘောတူ လိုက်သည်ကို ကြားလိုက် ရသောအခါ မပျော်ဘဲမနေနိုင်အောင် ဖြစ်သွားတော့၏။ သူမသည်လည်း ဒီလို ပွဲလမ်းသဘင်များကို တက်ရောက်ရန် သိပ်ပြီး စိတ်မပါလှချေ။ အရင်က ကိစ္စများကြောင့် အပြင်လောကတွင် သူမ၏ နာမည်ဂုဏ်သတင်း ကလည်းအလွန် ဆိုးရွားနေခဲ့ပြီး ထိုမျိုးရိုးမြင့် မိန်းကလေးများသည် သူမကို ကပ်ရောဂါ ဘုရင်မတစ်ဦးလို ရှောင်တိမ်းနေကာ သူမသည်လည်း ထိုလူများကို ဂရုစိုက်ရန် ငြီးငွေ့နေခဲ့၏။

သို့သော်ငြား ပိုင်ယွဲ့၏ဖိတ်စာကိုတော့ ငြင်းဆန်လို့လဲ မကောင်းလှချေ။ သို့သော်ဒီတစ်ကြိမ်တွင် အားချန်လိုက်ပါလာမည် ဖြစ်သဖြင့် သူမသည် အများကြီး လွတ်လပ်ပေါ့ပါးသွားနိုင်ပေသည်။

အားချန်က ဖိတ်စာကိုယူကာ ဖွင့်ဖတ်လိုက်သည်တွင် ပွဲတော်ကျင်းပမည့်အချိန်မှာ သုံးရက်အကြာတွင် ဖြစ်နေ၏။

ဒီတစ်ကြိမ် ယင်းအန်းဝမ်အိမ်တော်သို့ ပွဲတော်တက်ရောက်ရန် သွားသည့်အခါ ချန်ဟွေ့က အတူတူ လိုက်မသွားတော့ချေ။ သို့သော်ငြား အားချန်ကို လာရောက်ခေါ်ဆောင်သည့်အခါ လင်းစွေ့က ချန်ဟွေ့ကို သေချာပေါက် ကာကွယ်စောင့်ရှောက် ပေးမည်ဖြစ်ကြောင်း အထပ်ထပ် အာမခံခဲ့လေသည်။

မည်သို့ပင်ဖြစ်စေ လင်းစွေ့သည်လည်း ယခုအခါ ကျင့်ကြံသူတစ်ဦး ဖြစ်ကာစ ဖြစ်နေပြီး သာမန်လူများသည် သူမ၏ပြိုင်ဖက် မဟုတ်ကြပေ။ သူမ ခေါ်ဆောင်လာသည့် အစေခံနှစ်ဦးသည်လည်း လင်းရီက သူမအတွက် အထူးတလည် ရှာဖွေပေးထားသူများ ဖြစ်ပြီး နှစ်ယောက်စလုံးက သိုင်းပညာ ကျွမ်းကျင်ကြသည်။

နှစ်ယောက်သားသည် မြင်းလှည်းစီးကာ ယင်းအန်းဝမ်အိမ်တော်သို့ ရောက်ရှိလာသောအခါ ဝမ်အိမ်တော်၏ အတွင်းအပြင်တွင် အလွန်စည်ကားလျက်ရှိပြီး မြင်းလှည်းများကို တွေ့ရသည်မှာလည်း ယနေ့ဖိတ်ကြားခံရသူ အများစုက မျိုးရိုးမြင့်မိသားစု၊ တော်ဝင်မျိုးနွယ်သာ ဖြစ်ကြလေသည်။

သူတို့သည် ဖိတ်စာကို ပြလိုက်သည်နှင့် ဘေးက စောင့်ဆိုင်းနေသည့် အစေခံမလေးတစ်ဦးက အနောက်ဘက် ဥယျာဉ်သို့ ခေါ်ဆောင်သွားခဲ့၏။

ဥယျာဉ်ထဲသို့ မဝင်ရောက် ရသေးခင်မှာပင် သူတို့သည် လမ်းတလျှောက်တွင် ဂန္ဓမာပန်းအမျိုးအစား များစွာကို ရှုမြင်ခံစားခဲ့ရလေသည်။ ပန်းအိုးများကို စနစ်တကျ နေရာချထားပြီးလမ်းဘေးတွင် စီစီရီရီ ပြင်ဆင်ထားကာ အရောင်အသွေး စုံလင်လှသော ပန်းပွင့်များသည် အပြိုင်အဆိုင် ဖူးပွင့်လျက်ရှိပြီး တချို့သော မျိုးစေ့များက အလွန်ရှားပါးလှလေသည်။

ဒါက အားချန် ရှီးလင်တွင် ထားရစ်ခဲ့သည့် ပန်းအိုးလေးကို မနေနိုင်ဘဲ တွေးမိသွားစေတော့၏။

အားချန်နှင့် လင်းစွေ့တို့ နှစ်ယောက်သည် လမ်းဘေးက ပန်းပွင့်များကို ကြည့်ရှုခံစားနေသည်ကို မြင်လိုက်သောအခါ လမ်းပြပေးသည့် အစေခံမလေးကလည်း အလျင်စလိုမပြုဘဲ ခြေလှမ်းများကို နှေးလိုက်၏။

နှစ်ယောက်သားက အချိန်အနည်းငယ် ပိုယူလိုက်ပြီးနောက် နောက်ဆုံးတွင်တော့ ဥယျာဉ်ထဲသို့ ရောက်ရှိလာခဲ့ကြသည်။ အိမ်တော်၏ဥယျာဉ်သည် အလွန်ကျယ်ဝန်းလှပြီး တစ်ချက်ကြည့်ရုံမျှဖြင့် အဆုံးကိုမမြင်နိုင် ချေ။ နှစ်ယောက်သားက အစေခံမလေး၏နောက်သို့ လိုက်ပါကာ ရေကန်ဘေးရှိ စင်္ကြန်လမ်းအတိုင်း ရှေ့သို့ဆက်လျှောက် လာခဲ့ကြပြီး ပထမဦးဆုံး ဇရပ်ငယ်လေးသို့ ရောက်သောအခါမှ ခမ်းနားထည်ဝါစွာ ဝတ်စားထားသည့် မျက်နှာဝိုင်းဝိုင်းနှင့် မိန်းမပျိုတစ်ဦးက အစေခံမလေး လေးဦးနှင့်အတူ ထိုနေရာတွင် ရပ်စောင့်နေသည်ကို တွေ့လိုက်ရလေသည်။

လင်းစွေ့ကို မြင်လိုက်သောအခါ ထိုမိန်းမပျိုက စကပ်စလေးကိုမကာ ရှေ့သူထွက်လာကာ အလွန်တရင်းတနှီးဖြင့် ကြိုဆိုလိုက်လေသည်။ "ရှင် ဒီနေ့ မလာတော့ဘူးလို့တောင် ထင်နေတာ"

လင်းစွေ့၏ မျက်နှာမှာ အနည်းငယ် နူးညံ့သိမ်မွေ့သွားပြီး ပြန်ဖြေလိုက်၏။ "ရှင်က ဖိတ်ကြားထားတာကို ကျွန်မက မလာဘဲ ဘယ်နေမှာလဲ"

မိန်းကလေးသည် သူမ၏စကားကို ကြားလိုက်ရသည်တွင် ချက်ချင်းဆိုသလို ဝမ်းသာသွားပြီး သူမက အားချန်ဘက်သို့ လှည့်ကြည့်လိုက်ကာ သူမ၏ မျက်ဝန်းထဲတွင်လည်း ဖုံးကွယ်မထားနိုင်သည့် သိလိုစိတ်များ ဖြစ်သွားတော့၏။ "ဒီတစ်ယောက်က မိန်းကလေးကျိပဲ ဖြစ်ရမယ်။ ကျွန်မနာမည်က ပိုင်ယွဲ့ပါ။ အရင်က လင်းစွေ့ဆီကနေ ရှင့်အကြောင်း အများကြီး ကြားဖူးပေမယ့် တစ်ခါမှတော့ မတွေ့ခဲ့ဖူးဘူး"

"ပိုင်မိန်းကလေး မင်္ဂလာပါ" အားချန်ကလည်း ပိုင်ယွဲ့ကို ပြုံးပြလိုက်လေသည်။

ခဏလောက် တွေ့ဆုံရုံများဖြင့် အားချန်သည် ဒီပိုင်ယွဲ့ မိန်းကလေးက စိတ်ထားရိုးရှင်း ဖြူစင်သူ တစ်ဦးဖြစ်ပြီး လူတစ်ဦးအပေါ် နှစ်သက်ခြင်း မနှစ်သက်ခြင်းကို မျက်နှာတစ်ချက်ကြည့်ရုံမျှဖြင့် သိရှိနိုင်ကြောင်း သဘောပေါက်လိုက်တော့၏။ လင်းစွေ့က သူမနှင့်ခင်မင်ရင်းနှီးသွားသည့် အကြောင်းအရင်းကလည်း နားလည်ဖို့ရန် မခက်ခဲတော့ချေ။

"သွားကြစို့။ ကျွန်မတို့ အရင်ဆုံး ရွှေရှင်းကျိုင်းကို သွားကြမယ်။ ကျွန်မ အမေနဲ့ အဒေါ်တို့ အဲဒီမှာရှိတယ်။ သူတို့ကိုတွေ့ပြီးတာနဲ့ ကျွန်မတို့ အပြင်ထွက်လည်လို့ရပြီ"

ကျိုင်း- အဆောင်တော်

လင်းစွေ့သည် ပိုင်ယွဲ့၏ အမေဖြစ်သူက သူမ၏သမီးကို မိမိနှင့် များများစားစား ပေါင်းသင်းဆက်ဆံခွင့် ပြုမည်မဟုတ်ကြောင်း သိသော်ငြားလည်း ပွဲတော်သို့တက်ရောက်လာသည့်အခါ ပွဲတော်ပိုင်ရှင် တစ်ဦးကို သွားရောက် တွေ့ဆုံ ဂါရဝပြုရမည် ကလည်း ယဉ်ကျေးမှုတစ်ရပ် ဖြစ်လေသည်။

နှစ်ယောက်သားက ပိုင်ယွဲ့နောက်က လိုက်ပါလာကာ စင်္ကြန်လမ်းကို ဖြတ်ကျော်လာခဲ့ပြီးနောက် ပြဇာတ်စင်ကြီးတစ်ခုကို တွေ့မြင်လိုက်ရ၏။ ပြဇာတ်စင်ပေါ်တွင် လူအများ ရှုပ်ယှက်ခတ်ကာ မြင်ကွင်းများကို ပြင်ဆင်နေကြဟန်တူသည်။ တချို့က စင်မြင့်ပေါ်တွင် ရပ်နေကြပြီး နေရာအနေအထားကို အကျွမ်းတဝင်ဖြစ်အောင် ပြုလုပ်နေဟန်တူသည်။

အားချန်၏ အကြည့်များသည် ထိုလူများကိုဝေ့ဝဲကာ ကြည့်လိုက်သော်ငြား ယွီသခင်မကိုတော့ မတွေ့ရချေ။

မကြာခင်မှာပင် သူတို့သည် ပြဇာတ်စင်ကို ဖြတ်ကျော်လာခဲ့ပြီး အနောက်ဘက်ရှိ ရွှေရှင်းကျိုင်းသို့ ရောက်ရှိလာခဲ့သည်။

ရွှေရှင်းကျိုင်း အတွင်းက တေးဂီတသံများ သာယာနာပျော်ဖွယ် ပြန့်လွှင့်လာပြီး အတွင်းသို့ မဝင်ရောက်ရသေးခင်မှာပင် အမျိုးသမီးများ၏ စကားပြောသံများကို ကြားနေရလေသည်။

ကျယ်ဝန်းလှသည့် ခန်းမဆောင်ကြီးထဲတွင် အမျိုးသမီးကြီး တချို့ ထိုင်နေကြပြီး သူတို့အားလုံးသည် ပုလဲရတနာများဖြင့် ပြည့်နှက်ကာ တစ်ချက်ကြည့်လိုက်ရုံဖြင့် သာမန်မျိုးရိုးမှ မဟုတ်ကြောင်း သိသာထင်ရှားလှ၏။

ထိပ်ဆုံးတွင် ထိုင်နေသူမှာ မျက်နှာဝိုင်းဝိုင်းနှင့် အမျိုးသမီးကြီး တစ်ဦးဖြစ်ပြီး ခန္ဓာကိုယ်မှာ ပြည့်ပြည့်ဖြိုးဖြိုးရှိကာ မျက်နှာပေါ်တွင် အပြုံးကို ဆင်မြန်းထားပြီး ကြည့်ရသည်မှာ အလွန်စိတ်ထား ကောင်းသူ တစ်ဦးဖြစ်သည်ဟု ထင်မှတ်ရလေသည်။

သူမသည် ပိုင်ယွဲ့နှင့် အလွန်ရုပ်ချင်း ဆင်တူလှပြီး ထိုသူက မည်သူမည်ဝါ ဖြစ်သည်ကို ခွဲခြားရန် မခက်လှချေ။

ရှီဇီဖူးရန်၏ ဘယ်ဘက် အောက်ဖက်တွင် မျက်နှာထား နူးညံ့သိမ်မွေ့သည့် ရှင်းအန်းရှန့်ကျူ ထိုင်နေပြီး သူမ၏ရင်ခွင်ထဲတွင် ၇နှစ်၈နှစ်အရွယ် မိန်းကလေးတစ်ဦးကို ပွေ့ချီထား၏။

"အမေ ဒေါ်ဒေါ်" ပိုင်ယွဲ့သည် စိတ်လှုပ်ရှားစွာဖြင့် တံခါးဝသို့ ဝင်ရောက်လာပြီး အရင်ဆုံးမိခင်ဖြစ်သူနှင့် အဒေါ်ဖြစ်သူကို နှုတ်ဆက်လိုက်ပြီးနောက် တခြားသူများကိုပါ နှုတ်ဆက်လိုက်လေသည်။ "ဖူးရန်တို့အားလုံး မင်္ဂလာပါ"

အခန်းထဲရှိ ဖူးရန်များအားလုံးက ပြုံးရွှင်စွာဖြင့်ပြန်လည် နှုတ်ဆက်ကြလေသည်။ ရှင်အန်းရှန့်ကျူ၏ ရင်ခွင်ထဲက ကလေးမလေးက မိခင်ဖြစ်သူ၏ ဒူးပေါ်မှ ခုန်ဆင်းကာ ပိုင်ယွဲ့ထံသို့ "မမ" ဟု အော်ဟစ်ရင်း ပြေးလွှားသွားတော့သည်။

ပိုင်ယွဲ့က ကလေးမလေးကို လက်ကမ်းစွာကြိုဆိုလိုက်ပြီး သူမ၏ ပါးပြင်လေးကို အသာအယာ ဆွဲညှစ်လိုက်ပြီးနောက် လူကြီးနှစ်ယောက်ကို မိတ်ဆက် ပေးလိုက်လေသည်။ "ဒါက ကျွန်မရဲ့ သူငယ်ချင်းကောင်း လင်းစွေ့နဲ့ ကျိချန်ပါ"

" ရှီဇီဖူးရန်၊ ရှင်းအန်းရှန့်ကျုတို့ကို ဂါရဝပြုပါတယ်" အားချန်နှင့် လင်းစွေ့တို့သည် ထိုလူများကို အရိုအသေပေး လိုက်ကြလေသည်။

"ယဉ်ကျေးနေဖို့ မလိုပါဘူး။ ဒီနေ့က ဘာတရားဝင် အခမ်းအနားမှ မဟုတ်ဘူး။ မင်းတို့တွေစိတ်ကြိုက် ပျော်ပျော်ရွှင်ရွှင်သာ လည်ပတ်ကြပါ" ရှီဇီဖူးရန်သည် ထင်ထားသည်ထက်ပင် ပိုပြီးနူးညံ့သိမ်မွေ့ သူဖြစ်ပြီး သူတို့၏ မျိုးရိုးဇာတိကိုပင် မမေးမြန်းဘဲ နေ့စဉ် ဝါသနာပါသည့် အရာများကိုသာ မေးမြန်းခဲ့လေသည်။ ထိုအပြင် နှစ်သက်သဘောကျသည့် ပန်းအိုးများ ရှိလာခဲ့လျှင် ပိုင်ယွဲ့ကို ပြောရုံဖြင့် ယူသွားနိုင်ကြောင်းလည်း ပြောလာခဲ့လေသည်။

ပိုင်ယွဲ့က ဘေးမှနေပြီး သူမ၏အဘိုးမွေးမြူထားသော အနောက်ဘက်က ရွှေယင်ပန်းခြံထဲက ဂန္ဓမာပန်းများသည် အလှဆုံးဖြစ်ကြောင်း ခဏနေလျှင် သွားရောက်ကာ သယ်ယူကြမည်ဖြစ်ကြောင်း ဝင်ပြောလိုက်ရာ ရှီဇီဖူးရန်က သူမ၏နဖူးကို လက်ကလေးဖြင့် အသာအယာတွန်းလိုက်ပြီး ရယ်မောကာ ဆူငေါက်လေသည်။

ရှင်းအန်းရှန့်ကျူသည် ရှီဇီဖူးရန်က သူတို့နှစ်ယောက်နှင့် စကားပြောနေသည်ကို နားထောင်ရင်း အကြည့်ကတော့ အားချန်၏ ကိုယ်ပေါ်သို့ ကျရောက်သွားတော့၏။

ကြည့်ရတာ တော်တော်လေး ထင်ရှားပေါ်လွင်တဲ့ မိန်းကလေးပဲ။ အမူအရာက နူးညံ့ပြီး လှုပ်ရှားမှုတိုင်းက ကျော့ရှင်းတယ်။ လေသံကလည်း ထူးထူးခြားခြား နားဝင်ချိုပြီး သာယာတယ်။ တကယ်လို့သာ တစ်ယောက်ယောက်ကို ပလီပလာ ပြောလိုက်ရင် စိတ်မလှုပ်ရှားဘဲ နေနိုင်တဲ့သူ တော်တော်လေး ရှားမှာပဲ။

သူမသည် လွန်ခဲ့သော နှစ်ရက်က ဒီမိန်းကလေးနှင့် ပိုင်ရှိုးမင်တို့၏ ပတ်သက်မှုကို လူလွတ်ပြီး အထူးတလည် စုံစမ်းခိုင်းခဲ့လေသည်။ ရွှဲရှီ၏ စကားများသည် ချဲ့ကားပြောဆိုခြင်း ဖြစ်မည်ဟု ထင်ထားခဲ့သော်ငြားလည်း မထင်မှတ်ထားဘဲ သူတို့နှစ်ဦး၏ ပတ်သက်မှုက သူမ ထင်ထား သည်ထက်ပင် ပိုပြီးနက်ရှိုင်းနေခဲ့သည်။

ပိုင်ရှိုးမင်က အရင်ဆုံး ဒီမိန်းကလေးအတွက် ညသန်းခေါင်မှာ နန်းတော်တံခါးဖွင့်ပြီး သမားတော်ကို သွားရှာခဲ့တယ်။ ပြီးတော့ ကျန်းပေမြို့စား လက်ထဲကနေ လူကို ကယ်တင်ပေးခဲ့တယ်။ ပြီးခဲ့တဲ့ ရက်တုန်းကတောင် ရှီးလင်ကို အတူတူသွားခဲ့ပြီး နောက်ဆုံးအတူတူ ပြန်လာခဲ့ကြတယ်။ ဒါကိုကြည့်ရုံနဲ့ သူတို့နှစ်ယောက် ပတ်သက်မှုက သာမန် မဟုတ်ဘူးဆိုတာ ထင်ရှားတယ်။

ရွှဲရှီပြောခဲ့ဖူးတဲ့ ဒီမိန်းကလေးက ဘယ်လောက်တောင်မှ ကိုင်တွယ်ရ ခက်ခဲတယ်ဆိုတာကို မကြားခဲ့ဖူးရင် သူမတောင်မှ ဒီမိန်းကလေးကို မှားယွင်းဆုံးဖြတ် မိတော့မှာပဲ။

ရွှဲရှီရဲ့အရည်အချင်း မပြည့်ဝလို့သာ တစ်ဖက်လူကို ရှုံးနိမ့်ခဲ့တာလို့ အစတုန်းက ထင်ထားခဲ့ပေမယ့် အခုကျတော့ ဒီကိစ္စကို ဝင်ကူညီတာက တန် မတန် သေသေချာချာလေး စဉ်းစားရတော့မယ်။

အားချန်သည် သူမ၏ကိုယ်ပေါ်တွင် ကျရောက်နေသည့် သိသာထင်ရှားလှသည့် မျက်လုံးများကို ခံစားမိလိုက်လေသည်။ သူမက ခေါင်းကို အနည်းငယ် ငဲ့လိုက်သည်တွင် ရှင်းအန်းရှန့်ကျူ၏ အကြည့်နှင့် တည့်တည့်တိုးသွားတော့သည်။

သူမက တစ်ဖက်လူကို ပြုံးပြလိုက်ကာ တစ်ဖက်လူကလည်း အပြုံးဖြင့် ပြန်လည်တုံ့ပြန် လာပြီးနောက် အကြည့်လွှဲ သွားတော့သည်။

ရှီဇီဖူးရန်နှင့် စကားအနည်းငယ် ထပ်မံပြောဆိုပြီးနောက်တွင် ရှင်းအန်းရှန့်ကျူက ပိုင်ယွဲ့ကို တွယ်ကပ်နေသည့် သမီးဖြစ်သူကို သူမ၏ ဘေးသို့ပြန်လာရန် ခေါ်လိုက်မှသာ သူတို့သည် ပိုင်ယွဲ့နှင့်အတူ ရွှေရှင်းကျိုင်းမှ ထွက်ခွာလာ ခဲ့တော့သည်။

တံခါးဝက ထွက်လာသည်နှင့် အစေခံမလေးတစ်ဦးက လူတစ်ယောက်ကို လမ်းညွှန်ခေါ်ဆောင်လာသည်ကို တွေ့လိုက်ရ၏။

နှစ်ဖက်သား မျက်နှာချင်းဆိုင် တွေ့ဆုံမိသောအခါ အားချန်သည် အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်သွားတော့သည်။ ရွှဲရှီပဲ။

ရွှဲရှီကလည်း အဝေးကတည်းက အားချန်ကို လှမ်းမြင်တွေ့လိုက်ရပြီး သူမကိုသာ စိုက်ကြည့်နေလေသည်။ ထိုမှောင်မည်းလှသည့် အကြည့်မှာ အမှန်ပင်လူကို တစ်ကိုယ်လုံး မသက်မသာဖြစ်ရစေ၏။

ရွှဲရှီသည် အနားသို့ လျှောက်လှမ်း လာချိန်တွင် အားချန်ကလည်း ရုတ်တရက် ထပြောလိုက်လေသည်။ "ဖူးရန်က ကျွန်မကိုပဲ တောက်လျှောက် စိုက်ကြည့်နေတာ ပြောစရာများ ရှိလို့လား"

"နင့်ရဲ့ အကြံအစည်တွေ ပျက်သွားပြီ။ မြို့စားမင်း ဘာမှမဖြစ်တော့ဘူး"

"ဒီလိုလား။ ဒါဆိုရင်တော့ မြို့စားကတော်ကို ဂုဏ်ပြုပါတယ်" အားချန်သည် နည်းနည်းတော့ အံ့အားသင့်သွား၏။ ကြည့်ရတာ ပိုင်ရှိုးမင်က တော်တော်လေး မြန်တာပဲ။ တကယ်ပဲ။ လူကို ဖမ်းထည့် လိုက်တာကိုး။

သူမသည် ဒီကိစ္စလောက်လေးဖြင့် ကျင့်ယန်မြို့စားကို ဘာမှလုပ်နိုင်မည် မဟုတ်ဟု အစက မျှော်လင့် မထားမိချေ။ သူမက တမင်သက်သက် သူတို့ကို နေမထိထိုင်မသာ ဖြစ်နေစေချင်ရုံမျှသာဖြစ်ပြီး ပိုင်ရှိုးမင်အား သူတို့ကို ဒုက္ခပေးရန် တမင်တကာ လှုံ့ဆော်ခဲ့ခြင်းသာ ဖြစ်လေသည်။

သူမ၏ ပေါ့ပေါ့ပါးပါး အမူအရာကို မြင်လိုက်ရသောအခါ ရွှဲရှီ၏ အသက်ရှူသံများမှာ အနည်းငယ် လေးလံသွားတော့၏။ "နင် လုပ်ခဲ့တဲ့ အရာတိုင်းကို ငါ မှတ်ထားမှာပါ"

အားချန်ကလည်း ခပ်ဖွဖွ ရယ်မောလိုက်ကာ အဓိပ္ပာယ်ပါပါဖြင့် ပြန်ပြောလိုက်၏။ "ရွှဲဖူးရန် စိတ်ကို အဲ့လောက်ကြီး တင်းမထားပါနဲ့။ ရှင့်ရဲ့မျက်နှာအရောင် သိပ်မကောင်းဘူး။ ကျန်းမာရေးကို သေသေချာချာ ဂရုစိုက်သင့်တယ်။ တကယ်လို့များ မတော်တဆ တစ်ခုခုဖြစ်သွားရင် ကျင့်ယန်မြို့စား အိမ်တော်မှာ မျိုးဆက် ပျောက်သွားနိုင်တယ်နော်"

"နင် ..." အားချန်သည် သူမကို အသာအယာ ခေါင်းငြိမ့်ပြလိုက်ပြီး လှည့်မကြည့်တော့ဘဲ ထွက်သွားခဲ့တော့၏။ ရွှဲရှီတဦးတည်းကသာ နေရာတွင် ကျန်ရစ်ခဲ့ပြီး သူမ၏ ကျောပြင်ကို စိုက်ကြည့်နေမိလေသည်။

ပိုင်ယွဲ့က စိတ်ထားရိုးရှင်းသော်ငြား အားချန်နှင့် ရွှဲမိသားစုတို့၏ ပတ်သက်မှုမှာ မကောင်းမွန်သည်ကို သိနေသဖြင့် ရှင်းပြလိုက်တော့သည်။ "ကျွန်မအမေက အဲဒီ ရွှဲဖူးရန်နဲ့ သိပ်မရင်းနှီးပါဘူး။ သူက အဒေါ်ဖိတ်ကြားချက်နဲ့လာတာပါ"

ဒီလိုပြောလိုက်ချိန်တွင် ပိုင်ယွဲ့၏ မျက်လုံးများသည် အနည်းငယ် ယိမ်းယိုင်သွားလေသည်။

အဒေါ်က အစတုန်းက ကျိချန်ကိုလည်း ဖိတ်မလို့ပဲ။ ဒါပေမဲ့ အမေနဲ့ ဖုဟွမ်တို့က ဖိတ်စာပို့လိုက်ရင် ဟိုဘက်က လာပါ့မလားစိတ်ပူပြီး နည်းနည်းအခက် တွေ့နေတာကိုလည်း ကြားခဲ့ရတယ်။ သူက လင်းစွေ့က ကျိချန်နဲ့ ရင်းနှီးတယ်လို့ ပြောဖူးတာကို သတိရသွားပြီး ဒီကိစ္စကို သူမကိုယ်တိုင်ပဲ တာဝန်ယူလိုက်ရတာ။

အဒေါ်က ကျိချန်ကို ဘာဖြစ်လို့ ဖိတ်ချင်လဲဆိုတာကို မသိပေမယ့် ဘာပဲဖြစ်ဖြစ် ကောင်းတဲ့ကိစ္စတော့ မဟုတ်လောက်ဘူး။

"ရှင်းအန်းရှန့်ကျူလား" အားချန်၏ စိတ်ထဲတွင် တစ်ချက်လှုပ်ရှား သွားတော့သည်။ ဒီရှန့်ကျူက ရွှဲရှီနဲ့ ရင်းနှီးကျွမ်းဝင်နေတာပဲ။ ဒါဆိုရင် ငါ ဖိတ်ကြားခံရတာ ပိုင်ယွဲ့ကြောင့်လား။ ဒါမှမဟုတ် ဒီရှန့်ကျူရဲ့ သဘောထားကြောင့်လား။ သူမသည် ခုနက အခြေအနေကို ပြန်လည်စဉ်းစားလိုက်ပြီး ဒီရှန့်ကျူက သူမအပေါ် နှစ်သက်ခြင်း မနှစ်သက်ခြင်းကို ခဏအတွင်းဆုံးဖြတ်ရန် အခက်တွေ့သွားတော့သည်။

အားချန်က ဆက်ပြီး။လေးလေးနက်နက် စဉ်းစားမနေတော့ဘဲ ထပ်မေးလိုက်၏။ "ရှန့်ကျူက ပွဲလန်းသဘင်တွေကို သိပ်ပြီးမတက်ရောက် ဘူးနဲ့တူတယ်"

"ဟုတ်တယ် ကျွန်မအဒေါ်က လွန်ခဲ့တဲ့နှစ်အနည်းငယ်တုန်းက အဘွားအတွက်နဲ့ ကျန်းမာရေး ထိခိုက်သွားတယ်။ ဒါကြောင့် အပြင် သိပ်မထွက်ဖြစ်တော့တာ။ အရင်တုန်းကဆိုရင် ဝမ်အိမ်တော်မှာပဲ အဘိုးနဲ့အဘွားကို လာတွေ့လေ့ရှိတယ်"

"ရှန့်ကျူက မြင့်မြတ်တဲ့မျိုးရိုး ဖြစ်ပါလျက်နဲ့ ဘယ်လိုလုပ်ပြီးတော့ ကျန်းမာရေး ထိခိုက်သွားရတာလဲ" အားချန်သည် သိလိုစိတ် များသွားတော့သည်။

ပိုင်ယွဲ့ကလည်း သူမ၏စကားကို ဖုံးကွယ်မထားနိုင်တော့ချေ။ သူမက မေးလာသည်ကို ကြားလိုက်ရသောအခါ သူမ၏ စကားအတိုင်း လိုက်ပြီး ပြောလိုက်လေသည်။ "တစ်နှစ်တုန်းက အဘွားက အပြင်းထန် နေမကောင်းဖြစ်တယ်။ အဲဒီတုန်းက အဒေါ်က နှင်းတွေကျနေတဲ့ကြားထဲက ကော်အန်းဘုရားကျောင်းအထိ ဒူးထောက်ပြီး အဘွားအတွက် သွားဆုတောင်းပေးခဲ့ရတာ။ နောက်ပိုင်းကျတော့ အဘွားက တကယ် နေကောင်းသွားပေမယ့် သူကတော့ တစ်ကိုယ်လုံး ရောဂါတွေနဲ့ ကျန်ခဲ့တယ်လေ"

"ဒီလိုဖြစ်နေတာကိုး။ တကယ်ပဲ သားသမီးဝတ္တရားကျေပွန်တာပဲ" အားချန်က ချီးကျူးလိုက်ပြီး ထပ်မေးလိုက်လေသည်။ "ကျွန်မက ရှင်းအန်းရှန့်ကျူရဲ့ သမီးလေးက တော်တော်လေး ချစ်စရာကောင်းတာကို တွေ့လိုက်ရတယ်။ ခုနကဘာဖြစ်လို့ အဲဒီကလေးမလေးကို အတူတူခေါ်မလာတာလဲ"

"ကျွန်မအဒေါ်က ပေါင်အာကို ပုလဲလေးတစ်လုံးလို သဘောထားတာလေ။ တကယ်လို့ ပေါင်အာကိုသာ ခေါ်လာခဲ့ရင် သူ သေချာပေါက် လိုက်လာမှာပဲ"

"အိမ်တော်ထဲမှာတောင်မှ စိတ်မချ ဖြစ်နေတာလား"

ပိုင်ယွဲ့ကလည်း သက်ပြင်းတစ်ချက် ချလိုက်ပြီးပြောလိုက်၏။ "ဒါက နောက်ထပ် ဝမ်းနည်းစရာကိစ္စတစ်ခုပဲ။ ပြီးခဲ့တဲ့နှစ် အနည်းငယ်တုန်းက ကျွန်မအဒေါ်နဲ့ သူ့ခင်ပွန်းတို့မှာ သားတစ်ယောက် ရှိခဲ့ဖူးတယ်။ ဘယ်သူက သိမှာလဲ။ အဒေါ်က အဘွားအတွက် သွားဆုတောင်းပေးနေတဲ့ ရက်ပိုင်းလောက်မှာပဲ အဲဒီကလေးက လူယုံအစေခံတွေရဲ့ ပြန်ပေးဆွဲတာကို ခံလိုက်ရပြီး အဲဒီအချိန်ကစပြီး ဘယ်တော့မှ ပြန်ရှာမတွေ့တော့ဘူးလေ"

"ရုံးတော်ကို မတိုင်တန်းခဲ့ဘူးလား"

"ဘယ်လိုလုပ်ပြီး မတိုင်တန်းပဲ နေမှာလဲ။ ဒါပေမဲ့ အဲဒီတုန်းက အဒေါ်ရဲ့ခင်ပွန်းကလည်း အိမ်တော်မှာ မရှိဘူး။ အဒေါ်ကလည်း မရှိဘူးလေ။ အဲဒီယုတ်မာတဲ့ အစေခံတွေက သခင်မရှိတာနဲ့ ပေါ့ဆသွားကြတာ။ အဲဒီတုန်းက သူတို့ လူပျောက်တာကို သိတဲ့အချိန်မှာ ကလေးက ပျောက်သွားတာ ၂ရက်တောင်ရှိနေပြီ။ ဘယ်လိုမှပြန်ရှာ မတွေ့နိုင်တော့ဘူးလေ"

အားချန်က ခေါင်းငြိမ့်လိုက်လေသည်။ ကြည့်ရတာ ဒီရှန့်ကျူရဲ့ အတွေ့အကြုံကလည်း တော်တော်လေး ဆိုးဝါးတာပဲ။

"ဒါကြောင့်ကိုး။ ရှန့်ကျူကလည်း တကယ်မလွယ်ကူပါလား"

အားချန်သည် ပိုင်ယွဲ့နှင့် စကားပြောနေချိန်တွင် လင်းစွေ့သည် ရုတ်တရက် ဘေးက ကျောက်ဆောင်ထု၏ အနောက်ဘက်သို့ လှည့်ကြည့်လိုက်ပြီး ဟိန်းဟောက်လိုက်၏။ "ဘယ်သူလဲ ထွက်ခဲ့"

အားချန်နှင့် ပိုင်ယွဲ့တို့ကလည်း ခေါင်းလှည့်ကြည့်လိုက်ကြ၏။ ခဏအကြာတွင် ကျောက်ဆောင်ထု၏ လှိုဏ်ဂူထဲက လူတစ်ယောက် ဖြေးညှင်းစွာ ထွက်ပေါ်လာလေသည်။

"ယွီသခင်မ" အားချန်သည် ထိုလူကို မှတ်မိသွားတော့၏။ ယွီသခင်မသည် ယခုအချိန်တွင် မျက်နှာများ ဖြူဖျော့လျက်ရှိနေဆဲဖြစ်ပြီး မျက်ဝန်းအိမ်များက အနည်းငယ် နီရဲနေကာ ခုနကမှ ငိုကြွေးထားဟန် တူလေသည်။

လင်းစွေ့က ဒီမြင်ကွင်းကို မြင်လိုက်ရသောအခါ အနည်းငယ် အားနာသွားတော့၏။ သူမက တစ်စုံတစ်ယောက်က သူတို့ စကားပြောနေသည်ကို ချောင်းနားထောင်နေသည်ဟု ထင်မြင်ခဲ့မိရာ သူမသည် တစ်ဖက်လူကို အော်ဟစ်ပြီး မခေါ်လိုက်သင့်ပေ။

ယွီသခင်မက သူတို့သုံးယောက်ကို ဦးညွှတ်ကာ အရိုအသေပေးလိုက်ပြီး ပြောလိုက်လေသည်။ "တောင်းပန်ပါတယ်။ အနှောင့်အယှက် ဖြစ်သွားတယ်"

"ရှင်က ပြဇာတ်အဖွဲ့က လူမဟုတ်လား။ ဘာမှအနှောင့်အယှက် မဖြစ်ပါဘူး။ ကျွန်မတို့က ရှင့်ကို လန့်သွားအောင် လုပ်မိတာပါ" ပိုင်ယွဲ့၏ လေသံက နူးညံ့နေကာ ဒီလိုအသေးအဖွဲ့ ကိစ္စလေးကို ဂရုစိုက်ဟန် မတူချေ။

ဒီအချိန်တွင် သူမကို ကြည့်ရသည်မှာ မိခင်ဖြစ်သူနှင့်ပင် ပိုပြီးတူနေသေးသည်။

ယွီသခင်မသည် ပိုင်ယွဲ့ကို အတန်ကြာအောင် စိုက်ကြည့်နေလိုက်ပြီးမှ သူ့အကြည့်ကို လွဲဖယ်လိုက်ကာ အားချန်ကို ကြည့်လိုက်လေသည်။

ဒီအချိန်တွင် သူမသည် မိမိ၏ စိတ်ခံစားချက်များကို ပြန်လည်ထိန်းချုပ် နိုင်လိုက်ပြီဖြစ်ပြီး အားချန်ကို နှုတ်ဆက်လိုက်၏။ "မိန်းကလေး တကယ် တိုက်ဆိုင်တာပဲ။ ကျွန်မတို့ ပြန်တွေ့ကျပြန်ပြီနော်"

"သိပ်ပြီး တိုက်ဆိုင်တယ်လို့တော့ မဆိုနိုင်ပါဘူး။ ကျွန်မကဒီနေ့ ယင်းအန်းဝမ် အိမ်တော်မှာ သရဲပြဇာတ် နားထောင်စရာ ရှိတယ်လို့ကြားလို့ အထူးတလည် လာပြီးတော့ အားပေးတာပါ"

ယွီသခင်မ၏ နှုတ်ခမ်းတောင့်သည် အနည်းငယ် ကွေးညွှတ်သွားပြီး ပြုံးချင်သော်လည်း မပြုံးနိုင်သည့် အလားပင်။ "ဒါဆိုရင် ဒီနေ့ မိန်းကလေးကို စိတ်ပျက်ရစေမှာမဟုတ်ပါဘူး"

ထိုနောက်တွင်တော့ သူမသည် ပိုင်ယွဲ့ကို ထပ်ပြောလိုက်လေသည်။ "ကျွန်မကို အရင်သွားခွင့်ပြုပါအုံး"

ယွီသခင်မထွက်ခွာသွားသည့် ကျောပြင်ကိုကြည့်ရင်း ပိုင်ယွဲ့သည် အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိ၏။ ထိုပိန်လှီလှသောအရိပ်သည် အကြောင်းပြချက်မရှိဘဲ ရင်းနှီးနေသလို ခံစားရသော်ငြား သူမသည် ဒီလူကို လုံးဝသိကျွမ်း မနေခဲ့သည်မှာ သေချာလို့နေသည်။

...

All Chapters