← Chapters

သမီးရဲ့ အစ်ကိုက ဘယ်တော့မှ ပြန်လာမှာမဟုတ်ဘူး ...

Vol. 12 Ch. 119

သမီးရဲ့ အစ်ကိုက ဘယ်တော့မှ ပြန်လာမှာမဟုတ်ဘူး ...

Vol. 12 Ch. 119

ယွီသခင်မ၏ပုံရိပ်သည် အမြင်အာရုံက ပျောက်ကွယ်သွားသည့်တိုင် ပိုင်ယွဲ့သည် သူမ၏ အကြည့်များကို ပြန်ပြီးမရုပ်မသိမ်း နိုင်ခဲ့သေးချေ။

"ပိုင်ယွဲ့" လင်းစွေ့သည် သူမက ထွက်ခွာသွားသော ယွီသခင်မကြီးကို တစ်စိုက်မတ်မတ် စိုက်ကြည့်နေသည်ကို မြင်ရသောအခါ မနေနိုင်ဘဲ မေးမြန်းလိုက်တော့သည်။

ပိုင်ယွဲ့က ခေါင်ယမ်းပြလိုက်ပြီး သူမ၏စိတ်ထဲက ဖော်မပြတတ်သည့် ခံစားချက်ကို အတင်းဖိနှိပ်ချုပ်တည်းကာ အကြည့်ကို ပြန်ရုပ်သိမ်းလိုက်တော့သည်။ "ဘာမှမဖြစ်ပါဘူး။ ငါနင်တို့ကို အဘိုးရဲ့ ပန်းမန်ဆောင်ကို လိုက်ပြပေးမယ်လေ။ ပုံမှန်ဆိုရင်သူက ဘယ်သူ့ကိုမှ အထဲဝင်ခွင့် ပေးတာမဟုတ်ဘူး"

"ကောင်းသားပဲ" အားချန်ကလည်း ပေါ့ပေါ့ပါးပါး ထောက်ခံလိုက်၏။

ရွှေယင်ပန်းမန်ဆောင်သည် ဥယျာဉ်တော်၏ အနောက်မြောက်တောင့် တွင်တည်ရှိပြီး တံခါးအပြင်ဘက်တွင် ကိုယ်ရံတော်များကပင် စောင့်ကြပ်လျက်ရှိလေသည်။ ဒါကိုထောက်ချင့်လျှင် ယင်းအန်းဝမ်သည် ဒီနေရာကို အမှန်တကယ် အလေးအနက် ထားကြောင်းထင်ရှား လှလေသည်။

ပိုင်ယွဲ့ ရောက်လာသည်ကို တွေ့လိုက်ရသောအခါ တံခါးဝက ကိုယ်ရံတော်သည် ဘာမှမေးမြန်းခြင်းမရှိဘဲ တံခါးကိုတိုက်ရိုက် ဖွင့်ပေးလိုက်ကာ သူတို့ကိုဝင်ခွင့် ပေးလိုက်တော့၏။

ပန်းမန်ဆောင်သည် အလွန်ကျယ်ဝန်းလှပြီး နံရံသုံးဖက်တွင် သုံးထပ်စင်များ တည်ဆောက်ထားကာ အလွှာတိုင်းတွင်လည်း ဂန္ဓမာပန်းများဖြင့် ပြည့်နှက်လို့နေသည်။ လိမ္မော်နီရောင် ပန်းပွင့်များလည်းရှိပြီး ပန်းခိုင်များမှာ မျက်နှာအရွယ်အစား ကြီးမားကာ ဇာမနီငှက်၏ အမြီးများနှင့်တူလှ၏။ တချို့ကတော့ ပွင့်ဖက်များက သေးသွယ်နူးညံ့ပြီး အတိုအရှည် မတူညီဘဲ ပေါက်ကွဲသွားသည့် မီးရှူးမီးပန်းလေးများ ထင်ရ၏။

ပုံမှန်အချိန်များတွင် ပန်းပင်များအပေါ် စိတ်ဝင်စားမှု မရှိသူများပင်လျှင် ဒီနေရာသို့ရောက်လာလျှင် မပြန်ချင်အောင် ဖြစ်သွားနိုင်ပေသည်။

ပိုင်ယွဲ့သည် အားချန်က ပန်းအိုးတစ်လုံးကို အချိန်အကြာကြီး စိုက်ကြည့်နေသည်ကို မြင်ရသောအခါ အလွန်ရက်ရောသည့် အမူအရာဖြင့် ပြောလိုက်၏။ "ဘယ်ပန်းအိုးကို သဘောကျလဲ ငါ့ကို ပြောလိုက်။ ခဏနေရင် ငါအစေခံမလေးကို ငါ့ခြံဝင်ထဲကို ပြောင်းရွှေ့ခိုင်းထားလိုက်မယ်။ နင်တို့ပြန်တဲ့အခါကျရင် ယူသွားပေါ့"

"ဒီလိုကြီးက မကောင်းဘူးမလား" အားချန်သည့်အနည်းငယ် တွန့်ဆုတ်သွား၏။

"အို အဲဒီလို အသေးအဖွဲ ကိစ္စတွေကို ဂရုမစိုက်စမ်းပါနဲ့။ ဘာမှမကောင်းတာ မရှိဘူး"

အားချန်က ဖွင့်မပြောသဖြင့် သူမက အားချန် အကြာဆုံး စိုက်ကြည့်လိုက်သည့် ပန်းအိုးကို လက်ညှိုးထိုးကာ အစေခံမလေးကို ပြောလိုက်လေသည်။ "ဒါကိုရွှေ့လိုက်"

ထို့နောက် လင်းစွေ့ဘက်သို့ ပြန်လှည့်ကြည့်လိုက်လေသည်။ လင်းစွေ့ကတော့ ခေါင်းခါယမ်းပြလိုက်၏။ "ငါ့ကို မကြည့်နဲ့။ ငါ မလိုချင်ဘူး"

"ကောင်းပြီလေ" ပိုင်ယွဲ့ကလည်း အတင်းအကြပ် မတိုက်တွန်းတော့ဘဲ နောက်ထပ်ပန်းအိုး နှစ်လုံးကို လက်ညှိုးထိုးကာ ပြောလိုက်ပြန်သည်။ "ဒီနှစ်အိုးကိုလည်း ရွေ့လိုက်"

အစေခံမလေးများက ပန်းအိုးများကို ယူဆောင်သွား လိုက်ပြီးနောက်မှ သူမကပြောလိုက်လေသည်။ "ရပြီ။ နင်တို့ ပန်းအိုးတွေကို ငါ့ခြံထဲ ပို့ထားလိုက်။ လမ်းမှာ သတိထားနော်။ အဘိုးနဲ့အဖေ မြင်သွားလို့မဖြစ်ဘူး"

"ဟုတ်ကဲ့" အစေခံမလေး သုံးဦးတို့သည် တပြိုင်တည်း ပြန်ဖြေလိုက်ကြပြီး ပန်းအိုးများကို သယ်မကာ ထွက်ခွာသွားကြ၏။

တံခါးဝက ကိုယ်ရံတော်များသည် တစ်စုံတစ်ခု ပြောချင်ဟန် တူသော်ငြား သူတို့ကိုပန်းအိုးများ ချထားခိုင်းဖို့ရန်လည်း မဝံ့ရဲကြပေ။

လူအများ ထွက်ခွာသွားပြီးနောက် ပိုင်ယွဲ့က မိမိသဘောအတိုင်း ရှေ့သို့တိုးကာ ကျန်နေသည့် ပန်းအိုးများကို အနည်းငယ် ရွှေ့ပြောင်းလိုက်ပြီး သယ်ဆောင်သွားသော ပန်းအိုးသုံးဖို့ကြောင့် ဖြစ်ပေါ်လာသည့် လစ်လပ်သော နေရာကို ဖြည့်လိုက်လေသည်။ ထိုနောက်မှလက်ကိုခါပြီး ပြောလိုက်တော့၏။ "ရပြီ"

အားချန်၏ နှုတ်ခမ်းတောင့်လေးများက တွန့်ချိုးသွားတော့သည်။ ဒါက ဘယ်နှစ်ခေါက်လောက် ခိုးယူဖူးလို့ ဒီလောက်တောင် ကျွမ်းကျင်နေရတာလဲ။

ငါ ခုနက ဒီလက်ဆောင်ကို ပြင်းပြင်းထန်ထန် မငြင်းဆန် မိလိုက်တာကို ရုတ်တရက် နောင်တရမိသွားပြီ။ ကိုယ် ကိုယ်တိုင်က အလိုတူအလိုပါ ဖြစ်သွားသလို ခံစားလိုက်ရတာပဲ။

သူတို့သုံးယောက်သည် ပန်းမန်ဆောင်ကို တစ်ပတ်ကြည့်ရှုပြီးနောက် အပြင်သို့ ထွက်လာသည်နှင့် ဝမ်အိမ်တော်က အစေခံမလေးတစ်ဦးက အမြန်ရောက်လာသည်ကို တွေ့လိုက်ရလေသည်။

သူတို့ကို တွေ့လိုက်ရမှ နောက်ဆုံးတော့ သက်ပြင်းချပြီး ပြောလိုက်တော့သည်။ "သခင်မလေး ဟွမ်ချွန်း ဥယျာဉ်ဘက်မှာ ပွဲတော်စတော့မှာပါ။ ရှီဇီဖူးရန်နဲ့ အကြီးဆုံးသခင်မလေးတို့က သခင်မလေးကို နေရာအနံ့ လိုက်ရှာနေကြပါတယ်"

"သိပြီ။ ငါတို့ အခုပဲ သွားလိုက်မယ်" ပိုင်ယွဲ့က ပြန်လည်ဖြေကြားလိုက်ပြီး အားချန်နှင့်လင်းစွေ့တို့ကို ခေါ်ဆောင်ကာ ဟွမ်ချွန်းဥယျာဉ်ဘက်သို့ ထွက်ခွာလာခဲ့လေသည်။

ဟွမ်ချွန်း ဥယျာဉ်သည် ဇာတ်စင်၏ မျက်နှာချင်းဆိုင်တွင် တည်ရှိပြီး လာစဉ်ကအားချန်သည် ဇာတ်စင်ကိုသာ အာရုံပြုခဲ့မိပြီး တခြားဘက်ကိုတော့ သတိမထားမိခဲ့ ချေ။

ယခုအချိန်တွင်တော့ ထိုနေရာတွင် စားပွဲများစွာ ခင်းကျင်းထားကာ ဖိတ်ကြားခံထားရသော ဧည့်သည်တော်များမှာလည်း နေရာယူ ထိုင်နေကြပြီ ဖြစ်၏။

အမျိုးသမီး ဧည့်သည်များနှင့် အမျိုးသား ဧည့်သည်များ၏ စားပွဲများကို ဘယ်ညာသီးသန့်ခွဲထားပြီး အလယ်တွင် ပန်းတင်စင်တချို့ဖြင့် ခြားထားကာ အပေါ်တွင်လည်း ပန်းပွင့်များ အပြည့်ဖြစ်အောင် အလှဆင်ထားလေသည်။ ဒါကလည်း ဓလေ့ထုံးတမ်းကို ထိန်းသိမ်းရာ ရောက်သလို တင့်တယ်လှပမှုကိုလည်း မမေ့လျော့ရာကျ၏။

ပိုင်ယွဲ့သည် သူတို့ကို အမျိုးသမီး ဧည့်သည်တော်များ ဘက်တွင် နေရာချထားခြင်း မပေးဘဲ အဓိကစားပွဲမကြီးနှင့် နီးကပ်သော စားပွဲတစ်လုံးဆီသို့ ခေါ်ဆောင်လာခဲ့၏။

ထိုစားပွဲတွင်တော့ မိန်းမပျိုတချို့ ထိုင်နေကြပြီး သူတို့ထဲက တစ်ဦးသည် ပိုင်ယွဲနှင့် ရုပ်ချင်းအနည်းငယ် ဆင်တူလေသည်။ သို့သော်ငြား အသက်အရွယ်ကတော့ သိသိသာသာ ပိုကြီးပြီး ဆံပင်ကိုလည်း ထုံးဖွဲ့ထားကာ အစေခံမလေး ပြောကြားခဲ့သည့် ပထမသခင်မလေး ပိုင်ယွဲ့၏ အစ်မအရင်း ဖြစ်တန်ရာ၏။

ပိုင်ယွဲ့က အားချန်နှင့် လင်းစွေ့တို့ကို နေရာချပေးလိုက်ပြီးနောက် သူမကိုယ်တိုင်ကတော့ အစ်မဖြစ်သူပိုင်ခယ့်၏ ဘေးတွင်ဝင်ထိုင် လိုက်လေသည်။

ပိုင်ခယ့်သည် အစေခံမလေး၏ လက်ထဲက လက်ကိုင်ပုဝါ အစိုတစ်ထည်ကို လှမ်းယူကာ သူ့ကိုလက်သုတ် ခိုင်းလိုက်ပြီးမှ မေးလိုက်၏။ "ဘယ်တွေ သွားကစားနေတာလဲ။ နင့်ကို လုံးဝရှာမတွေ့ပါလား"

"အဘိုးရဲ့ပန်းတွေကို သွားခိုးလာတာ"

"ဟင့်"

ပိုင်ခယ့်က သူမကိုမျက်စောင်း တစ်ချက်ထိုးလိုက်ပြီး လေသံတိုးတိုးဖြင့် ပြောလေသည်။ "ပန်းမန်ဆောင်ဘက်က သဲလွန်စတွေ ရှင်းခဲ့ရဲ့လား။ အဘိုး တွေ့သွားလို့ မဖြစ်ဘူးနော်"

"အို။ သိပါတယ်။ အစ်မကြိုက်တဲ့ “တစ်ပွင့်တည်းသော အလှ”ဆိုတဲ့ ပန်းအိုးကိုလည်း ငါ ယူလာခဲ့သေးတယ်။ ပြန်တဲ့အခါကျရင် ငါ့ဆီမှာ လာယူဖို့ မမေ့နဲ့နော်" သူမက အရမ်းကို သစ္စာရှိတာလေ။ အစ်မကသူမကိုဧည့်သည်နဲ့ တွေ့ဆုံဧည့်ခံပေးဖို့ကူညီတယ်။ သူမကလည်း အစ်မအတွက် အဘိုးဆီကနေ ပန်းခိုးပေးလာခဲ့ တယ်လေ။

"ငါ့ညီမလေးလို့ မပြောရဘူး" ညီအစ်မနှစ်ယောက်သည် စကားအနည်းငယ် ပြောရုံဖြင့် ခိုးရာပါပစ္စည်း ခွဲဝေခြင်း ပြီးမြောက်သွားတော့သည်။

အားချန်က ဘေးမှထိုင်ကာ နားထောင်ရင်း ဒီညီမနှစ်ယောက်မှာ အလွန်စိတ်ဝင်စားစရာ ကောင်းသည်ဟု ထင်မိလေသည်။

ခဏလောက်ထပ်ပြီး စောင့်ဆိုင်းလိုက်ပြီး နောက်တွင် ယင်းဝမ်အိမ်တော်၏ သခင်များက နောက်ဆုံးတော့ ရောက်ရှိလာကြလေသည်။

ယင်းဝမ်နှင့် ရှီဇီတို့သည် ရှေ့ဆုံးမှဦးဆောင်ကာ လျှောက်လာကြပြီး ရှီဇီဖူးရန်နှင့် ရှင်းအန်းရှန့်ကျူ တို့ကတော့ ဝမ်ဖေးကိုတွဲကာ အတူတူလိုက်ပါ လာကြသည်။ ရှန့်ကျူ၏ သမီးကိုတော့ အစေခံမလေးက လက်တွဲကာ နောက်မှလိုက်ပါလာလေသည်။ ကလေးမလေး၏ ပုံစံမှာ ညှိုးနွမ်းနေပြီး အနည်းငယ် စိတ်မပါသလိုဖြစ်နေ၏။ ဝမ်ဖေး၏ကျန်းမာရေး အခြေအနေမှာ သိပ်မကောင်းလှဟု ထင်ရသော်ငြား စိတ်ဓာတ်ကတော့ ကောင်းမွန်နေပြီး ဝမ်ဖေးက ရှင်အန်းရှန့်ကျူနှင့် စကားအဆက်မပြတ် ပြောဆိုနေကာ မျက်နှာထားမှာလည်း အလွန်နူးညံ့ ပျော့ပျောင်းနေလေသည်။

သူတို့၏စားပွဲနားက ဖြတ်သန်းသွား သောအခါ ပိုင်ခယ့်နှင့် ပိုင်ယွဲ့တို့ ညီအစ်မ နှစ်ယောက်ကလည်း တပြိုင်တည်း အသံထွက်ပြီး ဝမ်ဖေးကို နှုတ်ဆက်လိုက်ကြကာ ယင်းအန်းဝမ်ဖေးကလည်း သူတို့ဆီသို့ အာရုံရောက်လာလေသည်။

သူမက စူးစမ်းနေသည့် အကြည့်တို့ဖြင့် စားပွဲတွင်ရှိသည့် တခြားသူများကို တစ်ဦးချင်းစီ ဝေ့ဝဲကြည့်ရှုသွားပြီး အားချန်နှင့် လင်းစွေ့တို့ထံ အကြည့်ရောက်လာသောအခါ သိသိသာသာ မျက်မှောင်ကြုတ် လိုက်လေသည်။

နောက်ဆုံးတွင် အကြည့်တို့သည် ပိုင်ယွဲ့ထံသို့ကျရောက် သွားတော့သည်။ "ခုနက ယွဲ့အာကို ဘာဖြစ်လို့ လုံးဝမတွေ့ရတာလဲ"

ရှီဇီဖူးရန်က ဘေးမှပြုံးရယ်ကာ ဖြေရှင်းလိုက်၏။ "ယွဲ့အာက သူ့သူငယ်ချင်းနှစ်ယောက်နဲ့ သွားကစားနေလို့ပါ။ မူဖေး အမြင်မတော်တာရှိရင် ခွင့်လွှတ်ပါ"

ယင်းအန်ဝမ်ဖေးသည် ရှီဇီဖူးရန်ကို မျက်စောင်းဖြင့် ကြည့်လိုက်လေသည်။ "မင်းက ဒီလို ဂရုမစိုက်ဘဲနေလို့ သူကဒီလောက်တောင် စည်းကမ်းမရှိ ဖြစ်နေရတာပေါ့။ သူ့ကို ကြည့်လိုက်ပါအုံး။ ဘယ်လိုလူမျိုးကိုမဆို ..."

သူမ၏စကား မဆုံးသေးခင်မှာပင် ရှင်းအန်းရှန့်ကျူက ဖြတ်ပြောလိုက်လေသည်။ "မူဖေး လူတွေအများကြီး ရှိနေတယ်လေ။ အားလုံးက မူဖေး နေရာယူမှာကို စောင့်နေကြတယ်"

ဝမ်ဖေးသည် ပိုင်ယွဲ့ကို မကျေမနပ်ဖြင့် မျက်စောင်းထိုး လိုက်ပြန်သော်ငြား သမီးဖြစ်သူ၏ မျက်နှာကို ထောက်ထားသောအားဖြင့် စကားကို ဆက်မပြောဘဲ ရပ်တန့်ထားလိုက်လေသည်။

အားချန်ကလည်း သဘောပေါက်လိုက်၏။ ဒီဝမ်ဖေးက ငါနဲ့ လင်းစွေ့ ဒီနေရာမှာ ရှိနေတာကို လုံးဝသဘောမကျ ဖြစ်နေတာပဲ။

ခုနတုန်းက ဝမ်းဖေးက ရှင်းအန်းရှန့်ကျူ အပေါ်မှာဒီလောက် နူးညံ့တာကိုမြင်တော့ ပေါင်းသင်းဆက်ဆံရ လွယ်ကူတဲ့လူလို့ ထင်နေတာ။ တကယ်တမ်းကျတော့ ကြမ်းတမ်းခက်ထန်တဲ့လူပဲ။ လူတွေဒီလောက် အများကြီးရှေ့မှာတောင် ကိုယ့်မြေးမလေးကို နည်းနည်းလေးမှ မျက်နှာသားမပေးဘူး။

ပိုင်ယွဲ့ကတော့ ဒီအခြေအနေကို ကျင့်သားရနေဟန်တူသည်။ သူမ၏မျက်နှာ အမူအရာသည် နည်းနည်းလေးမှပင် မပြောင်းလဲဘဲ အဘိုးနှင့်အဘွားတို့ နေရာယူပြီးမှသာ အားချန်တို့ကိုဆွဲကာ ထိုင်ခိုင်းလိုက်၏

မကြာခင်မှာပင် ယင်းဝမ်အိမ်တော်က အစေခံများသည် ဟင်းလျာမျိုးစုံကို သယ်ခင်းလာကြပြီး ဇာတ်စင်ပေါ်တွင်လည်း ဗုံမောင်းသံများ ဆူညံလာတော့၏။

နေ့ခင်းကြောင်တောင်တွင် တစ္ဆေဇာတ်လမ်း ကြည့်ရှုရခြင်းသည် ခံစားမှု အငွေ့အသက်ကို အနည်းငယ် လိုအပ်နေစေသည်မှာ အမှန်ပင်။ သို့သော်ငြား ဆန်းသစ်မှုက အနိုင်ရသွားပြီး လူတိုင်းသည် စားသောက်ရင်း ဇာတ်စင်ကိုကြည့်ရှုနေကြရာ အတော်ပင် ထမင်း မြိန်လာစေလေသည်။

စားပွဲသောက်ပွဲသည် တစ်ဝက်သို့ ရောက်လာသောအခါ ယွီသခင်မကြီးက နောက်ဆုံးတွင် စင်ပေါ်သို့တက်လာခဲ့၏။

သူမသည် အသံကိုစပြီး ဖွင့်လိုက်သည်နှင့် စင်အောက်က ဧည့်သည်တော်များ၏ ချီးကျူးအားပေးသံများကို ချက်ချင်းဖမ်းစားနိုင်ခဲ့သည်။ ယနေ့တွင်တော့ ယွီသခင်မ၏ သရဲမျက်နှာဖုံးသည် ယခင်က မြင်ဖူးသကဲ့သို့ ကြောက်မက်ဖွယ်ရာ မကောင်းလှသော်ငြား ယခင်အကြိမ်က မြင်တွေ့ရသကဲ့သို့ပင် အသက်ဝင်လှပြီး မျက်နှာဖုံးတုတစ်ခုကို ဖုံးအုပ်ထားသလို မာကျောတောင့်တင်း နေခြင်းမရှိချေ။

ပိုင်ယွဲ့သည် မျက်တောင်မခက်တမ်း ကြည့်ရှုနေပြီး ဇာတ်စင်ကို စိုက်ကြည့်ရင်း အားချန်၏ အနားသို့တိုးကပ်လာကာ မေးလိုက်၏။ ဒီယွီသခင်မရဲ့ မျက်နှာကို ဘယ်လိုဆွဲထားတာလဲ မသိဘူးနော်။ မျက်နှာအစစ်အတိုင်းပဲ"

"ပိုင်သခင်မလေးက ကျွန်မကို အကျပ်ရိုက်အောင် မေးလိုက်တာပဲ။ ဒါက ယွီသခင်မရဲ့သီးသန့် လျှို့ဝှက်နည်းလမ်းပဲ ဖြစ်မယ်ထင်တယ်"

ငါကလည်း ယွီသခင်မရဲ့ဇာတ်ကို ဒုတိယအကြိမ် ကြည့်ဖူးတာဖြစ်ပေမယ့် ဒီသရဲမျက်နှာဖုံးရဲ့ အဓိကလျှို့ဝှက်ချက်ကို အခုအထိတော့ ဆန်းစစ်လို့မရနိုင်သေးဘူး။

ပိုင်ယွဲ့သည် စိတ်ထဲက အမှန်တကယ် စူးစမ်းချင်စိတ် ပြင်းပြနေသဖြင့် မထိန်းနိုင်တော့ဘဲ ပြောလိုက်လေသည်။ "ခဏနေပွဲပြီးရင်တော့ အဲဒီယွီသခင်မကို သွားမေးကြည့်လို့ရတာပဲ။ သူက ပြောပြမလား မပြောပြမလားတော့ မသိဘူးနော်"

ဇာတ်လမ်း ပြီးဆုံးသွားသောအခါ စင်အောက်က ဧည့်သည်တော်များသည် ချီးကျူးအားပေးကြပြီး ယခင်က သရဲဇာတ်လမ်းအပေါ် အထင်မကြီးခဲ့သည့် ယင်းအန်းဝမ်ဖေးကပင် အကြိမ်ကြိမ် ခေါင်းငြိမ့်နေလေသည်။

ယွီသခင်မ စင်ပေါ်က ဆင်းသွားပြီးမှသာ သူမက ဘေးတွင်ထိုင်နေသည့် ယင်းအန်းဝမ်ကို ပြောလိုက်၏။ "ဝမ်ရယ် ဒီတစ်ခေါက် ကျွန်မကို မလိမ်ဘူးပဲ။ ဒီဇာတ်သမ သီဆိုတာ တကယ်ကောင်းတယ်။ ဆုချီးမြှင့်သင့်တယ်"

ယင်းအန်းဝမ်သည် အနည်းငယ် ဂုဏ်ယူသွားသည့် အမူအရာဖြင့် မုတ်ဆိတ်ကိုသပ်လိုက်ပြီး ဘေးတွင်ခစားနေသော အစေခံမလေးကို လက်ယက်ခေါ်လိုက်လေသည်။ "ဝမ်ဖေး ပြောတာ မကြားလိုက်ဘူးလား မြန်မြန်ဆုသွားပို့လိုက်လေ"

အစေခံမလေးက သွားတော့မည် ပြန်လိုက်စဉ်တွင် ယင်းအန်းဝမ်ဖေးက ထပ်မံတားမြစ်လိုက်လေသည်။ "ခဏနေအုံး အဲဒီဇာတ်သမကို ဒီကိုပဲ ခေါ်လိုက်ပါအုံး။ ခုနက သရဲမျက်နှာဖုံးက ကြည့်ရတာ အရမ်းထူးဆန်းတယ်။ သူ့ကို ငါ့ကို လာရှင်းပြခိုင်းလိုက်"

"ဟုတ်ကဲ့" အစေခံမလေးသည် အမိန့်ကိုနာခံကာ ထွက်သွားကာ မကြာခင်မှာပင် မိတ်ကပ်များဖျက်ပြီးစ ယွီသခင်မကို ခေါ်ဆောင်လာခဲ့လေသည်။

သရဲမျက်နှာဖုံး မရှိတော့သည့်အခါ ယွီသခင်မ၏ မျက်နှာသည် အလွန်သာမန်ဆန်သွားပြီး ဝမ်ဖေးက တစ်ချက်မျှသာ ကြည့်လိုက်ပြီးနောက် ပြောလိုက်၏။ "မင်းရဲ့ရုပ်ရည်ကတကယ် သာမာန်ပါပဲ။ ခုနက သရဲမျက်နှာဖုံး တပ်ထားတာကမှ ပိုကောင်းဦးမယ်"

အားချန်တို့စားပွဲသည် အဓိကစားပွဲကြီးနှင့် မဝေးကွာလှသဖြင့် သူမက ယင်းအန်းဝမ်ဖေး၏ စကားများကို ရှင်းလင်းစွာ ကြားနေရပြီး မနေနိုင်တော့ဘဲ ခေါင်းကိုအနည်းငယ် စောင်းထားမိတော့သည်။

အဓိကစားပွဲမှ လူအားလုံးသည် မျက်နှာအမူအရာ ပုံမှန်အတိုင်းပင် ရှိနေကြပြီး ဒါကလည်း ယင်းအန်းဝမ်ဖေး၏ ဒီလိုစကားပြောဟန်ကို အစောကြီးကတည်းက ကျင့်သားရနေပြီဖြစ်ကြောင်း ထင်ရှားလေသည်။

ယွီသခင်မက ဒီစကားကို ကြားလိုက်ရသော်ငြား မျက်နှာ အမူအရာကတော့ ပုံမှန်အတိုင်းပင် ရှိနေသေးပြီး ယင်းအန်းဝမ်ဖေးကို ခပ်ဖွဖွ အရိုအသေ ပေးလိုက်၏။ "ဝမ်ဖေးရဲ့ လမ်းညွှန်ပြသမှုကို ကျေးဇူးတင်ပါတယ်"

"လမ်းညွှန်တာတော့ မဟုတ်ပါဘူး။ ငါက မင်းရဲ့အဲဒီ သရဲမျက်နှာဖုံးကို ဘယ်လိုတပ်ထားပြီး ဒီလောက်တောင် အသက်ဝင် နေရတာလဲလို့ ဆိုတာကို အရမ်းစိတ်ဝင်စားနေတာ"

"အဲဒီသရဲမျက်နှာဖုံးက အထူးပြုလုပ်ထားတာပါ။ ကျွန်မရဲ့မျက်နှာနဲ့ အရမ်းကွက်တိကျပြီး ကော်လည်း သုံးထားရပါတယ်။ ပြီးတော့ နှစ်ပေါင်းများစွာ လေ့ကျင့်ထားမှ မျက်နှာအစစ်အတိုင်း အသက်ဝင်နေတာပါ"

"ဒီလိုကိုး" သူမ၏ အသေးစိတ် ရှင်းပြချက်ကိုနားထောင်ပြီးနောက် ယင်းအန်းဝမ်ဖေးသည် တစ်ဖန်စိတ်ဝင်စားမှု ကင်းမဲ့သွားသယောင်ပင်။ ထိုအချိန်မှာပင် ယင်းအန်းဝမ်အိမ်တော်က အစေခံတစ်ဦးသည် လရောင်ရှု ပညာရှင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် အမျိုးသားတစ်ဦးကို ခေါ်ဆောင်လာခဲ့လေသည်။

ရှင်းအန်းရှန့်ကျူက မလှုပ်ရှားရ သေးခင်မှာပဲ သူမ၏ဘေးတွင် ထိုင်နေသည့် ပေါင်အာက ပြေးထွက်သွားပြီး လှမ်းခေါ်လိုက်၏။ "အဖေ"

ရောက်လာသူမှာ ပြည်ထဲရေးရာ ဝန်ကြီးဌာနက လက်ထောက်ဝန်ကြီး ရွှီဇယ်ချန် ဖြစ်လေသည်။

ရွှီဇယ်ချန်က သမီးဖြစ်သူကို ပွေ့ဖက်လိုက်သည်နှင့် ဝမ်ဖေး၏ ဆူပူကြိမ်းမောင်းသံကိုကြားလိုက်ရတော့၏။ "ပေါင်အာ မြန်မြန် ပြန်လာ မထိုင်သေးဘူးလား။ ဘယ်လိုတောင် စည်းကမ်းမရှိရတာလဲ"

ပေါင်အာသည် နှုတ်ခမ်းကို ဆူထားလိုက်ပြီး စားပွဲဆီသို့ ဖြေညှင်းစွာ ပြန်လည့်လျှောက်လာခဲ့လေသည်။

ဝမ်ဖေးက သူမ၏ အဆင့်အတန်း မရှိသောအမူအရာကို ကြည့်မရဟန်ဖြင့် ထပ်မံပြောလိုက်ပြန်သည်။ "ဒီကလေးက ဘယ်သူနဲ့ တူမှန်းမသိဘူး။ တစ်ကိုယ်လုံး အဆင့်အတန်းမရှိတဲ့ အငွေ့အသက်တွေချည်းပဲ။ အရင်တုန်းက ချဲ့အာ သူ့အရွယ်လောက် တုန်းကဆိုရင် အရမ်းကို လိမ္မာနေပြီ"

သူမ၏ပါးစပ်မှ ထွက်လာသော ချဲ့အာဆိုသည်မှာ လွန်ခဲ့သော နှစ်များက ပျောက်ဆုံးသွားခဲ့သော မြေးကလေးပင် ဖြစ်လေသည်။ ယခုအခါ အိမ်တော်တွင် ဝမ်ဖေးတစ်ဦးတည်းသာ မကြာခဏ ထုတ်ဖော်ပြောဆို တတ်ပြီး တခြားသူများ အားလုံးကတော့ ရှင်းအန်းရှန့်ကျူ စိတ်ထိခိုက်မှာ စိုးရိမ်သဖြင့် ဆက်ပြီးမပြောဆိုကြတော့ချေ။

"အမေ ပေါင်အာက ကလေးပဲ ရှိသေးတာပါ" ရှင်းအန်းရှန့်ကျူက ထုတ်ပြောလိုက်၏။ "ဘာကလေးလဲ ဒီကလေး စရိုက်ကလည်း နင်နဲ့လည်း မတူပါဘူး။ သားမက်နဲ့လည်း မတူဘူး။ ရုပ်ရည်တောင်မှ ငါတို့အိမ်တော်က လူတွေနဲ့မတူဘူး"

ရှင်းအန်းရှန့်ကျူ၏ မျက်လုံးထဲတွင် စိတ်မရှည်နိုင်သည့် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားပြီး သူမ၏ဘေးတွင် ဝင်ထိုင်လိုက်သော ရွှီဇယ်ချန်ကို လှမ်းကြည့်လိုက်၏။

ရွှီဇယ်ချန်ကတော့ ပြုံးရွှင်စွာဖြင့် ပြောလာခဲ့လေသည်။ "မူဖေး ဆုံးမတာ မှန်ပါတယ်။ သားမက်တော် နောက်ဆိုရင် ပေါင်အာကို များများဆုံးမပေးပါ့မယ်"

ယင်းအန်ဝမ်ကလည်း ဝင်ကာဖျန်ဖြေလိုက်၏။ "တော်ပါတော့ ရှင်းအန်းက ကျန်းမာရေးမကောင်းလို့ ပေါင်အာကိုဆုံးမဖို့ အချိန်အများကြီး မရှိတာမဟုတ်ဘူးလား။ မင်းက အမြဲတမ်း ဒီလိုအသုံးမဝင်တဲ့ စကားတွေ ပြောနေတာ ဘာလုပ်မလို့လဲ။ အားလုံးရဲ့ စိတ်ခံစားချက်ကို ပျက်စီးရအောင်လို့"

ဝမ်ဖေးသည် ဝမ်ရယ်၏ အပြောအဆိုကြောင့် မျက်နှာထက်တွင် နောင်တရသွားသည့် အရိပ်အယောင် ဖြတ်ပြေးသွားပြီး ဟင်းညှပ်တူကို သုံးကာ ပုစွန်တစ်ကောင်ကို ရှင်းအန်းရှန့်ကျူ၏ ပန်းကန်ထဲသို့ ထည့်ပေးလိုက်လေသည်။ "ဒါက ယွင်မြို့က ပို့လာတဲ့ပုဇွန်ပဲ။ နင့်အဖေက နင် ကြိုက်မှန်းသိလို့ နင့်အတွက် သီးသန့်ချန်ထားပေးတာ"

ဝမ်ဖေးက အရင်ပျော့ပျောင်းလာမှသာ အဓိကစားပွဲကြီးဆီက အငွေ့အသက်သည် ပြန်လည်ပေါ်ပေါက် လာတော့သည်။

ရှင်းအန်းရှန့်ကျူက နှုတ်ခမ်းစေ့ကာ ပြောလိုက်၏။ "ဖုဟွမ်ကို ကျေးဇူးတင်ပါတယ်။ မူဖေးကိုလည်း ကျေးဇူးတင်ပါတယ်"

"မိသားစုချင်းပဲဟာ အားနာစရာ ဘာလိုလို့လဲ"

ရှင်းအန်းရှန့်ကျူသည် တူကို မလှုပ်ရှားဘဲ ရွှီဇယ်ချန်ကသာ ပုဇွန်ကို ညှပ်ယူလိုက်ကာ ကိုယ်တိုင် ရှင်းအန်းရှန့်ကျူ အတွက်အခွံ ခွာပေးလိုက်ပြီး ပုစွန်ကိုသူမ၏ ပန်းကန်ထဲသို့ ထည့်ပေးလိုက်လေသည်။

ယင်းအန်းဝမ် ရှီဇီကတော့ ရယ်မောရင်း စနောက်လိုက်၏။ "အရင်ကတည်းက ကြားဖူးပါတယ်။ ပြည်ထဲရေးဝန်ကြီးဌာနက ဝန်ကြီးရွှီနဲ့ သူ့ဇနီးက နတ်ဖက်တဲ့ စုံတွဲလိုပဲတဲ့။ ဒီနေ့တော့ ငါကိုယ်တိုင် မျက်မြင်တွေ့လိုက်ရပြီပဲ"

"ယောက်မ အစ်ကိုကြီးကို မြန်မြန်ထိန်းပါအုံး” ရှင်းအန်းရှန့်ကျူက ချစ်စဖွယ် ပြောလိုက်သည်တွင် ရှီဇီဖူးရန်ကလည်း ပြုံးကာစကားမဆိုပဲ နေလိုက်လေ၏။

ဒီမိသားစုသည် အလွန်ပျော်ရွှင် ကြည်နူးနေကြပြီး ဘေးတွင် မတ်တပ်ရပ်နေသည့် ယွီသခင်မကိုလုံးဝ မေ့လျော့သွားကျဟန်တူ၏။

ယွီသခင်မက စားပွဲဝိုင်းက လူများကို ကြည့်နေရင်း သူမ၏မျက်လုံးထဲမှ ထူးဆန်းသော အလင်းတန်းတစ်ခုသည် တဖြည်းဖြည်း မှောင်မိုက်သော အကြည့်တွင် ပျောက်ကွယ်သွားလေသည်။

သူမသည် ရှင်းအန်းရှန့်ကျူက အခွံခွာပြီးသား ပုစွန်ကိုပါးစပ်ထဲသို့ ထည့်သွင်းလိုက်သည်ကို ကြည့်နေမိပြီး ဘေးက ရွှီဇယ်ချန်က နောက်တစ်ကောင်ကို ညှပ်ယူကာ သူမအတွက် ဆက်ပြီး အခွံခွာနေပေးပြန်သည်။

သူမက ပုစွန်ရဲ့အရသာကို အမြဲတမ်းသိချင်ခဲ့တာ။ ဒါပေမဲ့ ငယ်ငယ်ကတည်းက ဒီအရာကို စားလို့မရဘူး။ စားတိုင်းလည်း အဖုအပိန့်တွေ ထွက်လာရော။

အမေက အမြဲတမ်း သူမကို ဟန်ဆောင် နေမကောင်းဖြစ်တယ်လို့ ထင်ပြီး အကြိမ်ကြိမ် ရန်ဖြစ်ခဲ့ရတယ်။ သူမ နေမကောင်းတဲ့ အချိန် အစ်ကိုက လာကြည့်ပြီးတဲ့ နောက်မှာ စားပွဲပေါ်မှာ ဒီဟင်းကို ဘယ်တော့မှ တွေ့ရမှာမဟုတ်တော့ ဘူးလို့တောင် ပြောခဲ့သေးတယ်။

အားလုံးက လူလိမ်တွေချည်းပဲ။

ရှင်းအန်းရှန့်ကျူသည် တစ်စုံတစ်ယောက်က စိုက်ကြည့်နေသည်ကို ခံစားမိဟန်တူပြီး ခေါင်းမော့ကြည့်လိုက်သည်တွင် ယွီသခင်မဖြစ်နေမှသာ ဘေးတွင် လူတစ်ယောက် ရှိနေသည်ကို သတိရသွားတော့သည်။

"မူဖေး ဘေးမှာလူ ရှိနေသေးတယ်လေ"

သူမက သတိပေးလာသဖြင့် ယင်းအန်းဝမ်ဖေးသည် ယွီသခင်မဆီသို့ အာရုံပြန်ရောက်သွားပြီး ပေါ့ပေါ့ပါးပါးလေသံဖြင့် အမိန့်ပေးလိုက်၏။ "တော်ပြီ ဒီမှာ မတ်တပ်ရပ်မနေနဲ့တော့ မင်းရဲ့ဇာတ်ကလည်း မဆိုးပါဘူး။ ဆုယူပြီး ပြန်သွားတော့"

ယွီသခင်မသည် အစေခံမလေး၏ လက်ထဲက အဝတ်စ ဖုံးအုပ်ထားသည့် ဗန်းကိုလှမ်းယူလိုက်ပြီး ထပ်မံအရိုအသေ ပေးလိုက်၏။ "ဝမ်ရယ်နဲ့ ဝမ်ဖေးတို့ ဆုချီးမြှင့်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်"

သူမသည် ထိုဗန်းကိုကိုင်ကာ လှည့်ထွက်သွားလေ တော့သည်။

အနောက်တွင်တော့ ရွှီဇယ်ချန်က အရက်ခွက်ကိုမြှောက်ကာ ဝမ်ရယ်နှင့် ရှီဇီတို့ကိုအရက် ငှဲ့ပေးနေလေသည်။ သူမသည် ယင်းအန်းဝမ်၏ ပါးစပ်က သားမက်တော်ဟု အခေါ်အဝေါ်ကို ကြားလိုက်ရသလို ရှီဇီပါးစပ်ထဲကလည်း ညီမလေးဟု ခေါ်သံကိုကြားနေ ရလေသည်။

သူမသည် တစ်လှမ်းချင်း ဝေးကွာသွားခဲ့ပြီး နောက်ဆုံးတွင်တော့ သူမ၏မျက်ဝန်းထဲတွင် သေမလောက် တိတ်ဆိတ်ငြိမ်သက်မှုသာ ကျန်ရစ်လေတော့၏။

အားချန်ကတော့ ခုနကတည်းက အဓိကစားပွဲဘက်သို့ ကြည့်နေခဲ့သဖြင့် ယွီသခင်မ၏အမူအရာ ပြောင်းလဲသွားသည်ကို သတိထားမိလိုက်လေသည်။

သိပ်မသိသာ လှသော်ငြားလည်း သူမသည် ယွီသခင်မ၏ ကိုယ်ပေါ်က အငွေ့အသက်များက အလွန်မတည်မငြိမ် ဖြစ်နေသည်ကို ခံစားမိနေ၏။

ဒါပေမဲ့ ခုနက ဝမ်ဖေးရဲ့ ရိုင်းစိုင်းတယ်လို့တောင် ပြောလို့ရတဲ့အမူအရာကို ပြန်တွေးကြည့်ရင် ယွီသခင်မ ဒီလိုဖြစ်သွားတာကလည်း သဘာဝကျပါတယ်။

စင်ပေါ်က သရဲဇာတ်သည် နောက်ဆုံး အဆုံးသတ်ပိုင်းသို့ ရောက်ရှိလာခဲ့ပြီး အောက်က ဧည့်သည်တော် များကလည်း စားသောက်ပြီး ဗိုက်ပြည့် သွားကြပြီဖြစ်သဖြင့် တဖြည်းဖြည်းနေရာမှ ထွက်ခွာသွားကြတော့သည်။

ဝမ်ရယ်နှင့် ဝမ်ဖေးတို့ကတော့ အစောဆုံးထွက်ခွာသွားကြပြီး ရှီဇီနှင့် ရှီဇီဖူးရန်တို့က ဘေးတွင်အဖော်ပြုကာ ထိုင်နေကြပြီး ရှင်းအန်းရှန့်ကျူကတော့ မပြန်သေးဘဲ သမီးဖြစ်သူကို ထမင်းခွံကျွေးနေ၏။

ရွှီဇယ်ချန်က ခဏသာ ထိုင်ပြီးနောက် အမျိုးသားဧည့်သည် စားပွဲဘက်သို့ လျှောက်သွားကာ လူများနှင့် စကားပြောဆိုနေသည်။

အားချန်နှင့် လင်းစွေ့တို့သည် အမှန်တကယ်တော့ ဗိုက်ပြည့်နေ ကြပြီဖြစ်၏။ ဇာတ်လမ်းကြည့်ရှုပြီး ပန်းမန်များကိုခံစားပြီးနောက် သူမသည်အနည်းငယ် အိပ်ချင်လာသဖြင့် နှုတ်ဆက်ပြီးပြန်တော့ရန် စိတ်ကူးလိုက်တော့သည်။

ပိုင်ယွဲ့ကတော့ ခုနကပန်းများကို သတိရမိသွားပြီး သူမကိုပန်းယူသွားရန် အတင်းခေါ်နေသဖြင့် သူမကလည်း လင်းစွေ့နှင့် ပိုင်ယွဲ့တို့နှင့်အတူ လိုက်သွားခဲ့ကာ အစေခံမလေး နှစ်ယောက်ကိုတော့ မြင်းလှည်းဆရာကို မြင်းလှည်း ပြင်ဆင်ထားရန် အကြောင်းကြား ခိုင်းထားလိုက်တော့၏။

ပန်းအိုးများကို ယူပြီးနောက် ပိုင်ယွဲ့သည် အစကသူတို့ကို အပြင်ဘက်သို့ လိုက်ပို့ပေးရန် ရည်ရွယ်ထားသော်ငြား ပိုင်ခယ့်ရောက်လာသည်နှင့် ကြုံသွားသဖြင့် သူမက အစေခံမလေးကို အားချန်နှင့် လင်းစွေ့တို့ကို လိုက်ပို့ခိုင်းလိုက်လေသည်။

သို့သော်ငြား အစေခံမလေးက သူတို့ကို နောက်ဖေးခြံဝင်းမှ ခေါ်ဆောင်ကာ မထွက်ရသေးခင်မှာပင် မားမားတစ်ဦးက လှမ်းခေါ်လာလေသည်။ ထိုမားမား၏ မျက်နှာထားမှာ အနည်းငယ် တင်းမာနေပြီး တစ်စုံတရာ မှာကြားစရာ ရှိဟန်တူနေ၏။ အစေခံမလေးကလည်း အခက်တွေ့နေသဖြင့် အားချန်ကလည်း ပြောလိုက်တော့သည်။ "မိန်းကလေး သွားလိုက်ပါ။ ကျွန်မတို့ ပြန်တဲ့လမ်းကို သိပါတယ်"

အစေခံမလေး၏ မျက်နှာတွင် တောင်းပန်ဟန် အရိပ်အယောင် ဖြတ်ပြေးသွားပြီး သူတို့ကို အရိုအသေပေး ဂါရဝပြုလိုက်ကာ မားမားရှိရာသို့ အလျင်အမြန် သွားလိုက်လေသည်။

အားချန်နှင့် လင်းစွေ့တို့က တစ်ယောက်မျက်နှာ တစ်ယောက်ကြည့် လိုက်ကြပြီး အပြင်သို့ ထွက်ခွာလာ ကြတော့သည်။

ယင်းအန်းဝမ် အိမ်တော်သည် အမှန်တကယ် ကြီးမားလှသဖြင့် နှစ်ယောက်သားမှာ အချိန်အတော်ကြာ လမ်းလျှောက်ခဲ့ကြပြီး စင်္ကြန်လမ်းတလျှောက် လခြမ်းပုံတံခါးမှ ထွက်ခွာလာသောအခါ ဝါးတောလေးတစ်ခုကို တွေ့လိုက်ရလေသည်။ ဝါးတော၏ မျက်နှာချင်းဆိုင်တွင်တော့ ကျောက်တောင်ထုများကို စုပုံကာ နေရာချထား၏။

သူတို့နှစ်ယောက်က အဝေးကြီးသို့ မရောက်သေးခင်မှာပင် ရုတ်တရက် မလှမ်းမကမ်းက စကားပြောသံကို ကြားလိုက်ရ၏။ အသံကို နားထောင်ကြည့်လိုက်တော့ ရှင်းအန်းရှန့်ကျူနှင့် ပေါင်အာတို့ ဖြစ်ဟန်တူသည်။

ပေါင်အာက ရှိုက်ငိုနေပုံရသည်။ "အမေ အဘွားက သမီးက အစ်ကို့ကို မမီဘူးလို့ ထပ်ပြောပြန်ပြီ။ အမေက အစ်ကို့ကို ရှာတွေ့သွားရင် ပေါင်အာကို မလိုချင်တော့ဘူးလား ဟင်"

ရှင်းအန်းရှန့်ကျူ၏ အသံက နူးညံ့လို့နေ၏။ "ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။ အမေ့မှာ ပေါင်အာ တစ်ယောက်တည်းပဲ ရှိတာပါ"

"ဒါပေမဲ့ အစ်ကိုကရော"

"သမီးရဲ့အစ်ကိုက ..." ရှင်းအန်းရှန့်ကျူက တိုးတိုးလေး ပြောလိုက်လေသည်။ "သူ ဘယ်တော့မှ ပြန်လာတော့မှာ မဟုတ်ဘူး"

နောက်ဆုံး စကားသံသည် အလွန်တိုးလျ သော်ငြားလည်း ကြားရသူကို ကြက်သီးမွှေးညှင်း ထရစေလောက်သည်။

ပေါင်အာကတော့ ဝမ်းသာအားရ မျက်နှာလေးဖြင့် မေးလိုက်၏။ "တကယ်လား။ အစ်ကိုပြန်လာမှာ မဟုတ်ဘူးလား"

"တကယ်ပေါ့" ဒီစကားဝိုင်းကို ကြားလိုက်ရပြီးနောက် အားချန်သည် လင်းစွေ့ကို ဆွဲလိုက်ပြီး သူတို့နှစ်ဦး မတွေ့သေးခင်မှာပင် ကျောက်တောင်အတု၏ အနောက်ဘက်သို့ မြန်မြန်ဝင်ပုန်းနေလိုက်ကြ၏။

သူတို့သည် ကျောက်တောင်အတု၏ အနောက်ဘက်သို့ တိတ်တိတ်လေး လျှောက်သွားခဲ့ကြပြီး ခေါင်းကိုအနည်းငယ် ထုတ်ကာ အပြင်သို့ လှမ်းကြည့်လိုက်သည်တွင် ရှင်းအန်းရှန့်ကျူက အဝေးသို့လျှောက်သွားပြီ ဖြစ်လေသည်။ သူမက ဘာကိုမှ သတိမထားမိသည်ပဲ ပေါင်အာကို ပွေ့ဖက်ကာ ချော့မော့နေဆဲပင်။

သို့သော် အားချန်ကတော့ အရိပ်တစ်ခုသည် ဝါးတောထဲက တိတ်တဆိတ် ပေါ်ထွက်လာသည်ကို သတိထားမိလိုက်၏။ ထိုသူမှာ ယွီသခင်မ ဖြစ်နေတော့သည်။

ဒီအချိန်တွင် သူမ၏ မျက်နှာအမူအရာမှာ အလွန် ကြောက်မက်ဖွယ်ရာ ကောင်းနေပြီး လက်ထဲတွင် ဓားမြှောင်တစ်ချောင်းကို ဆုပ်ကိုင်ထားကာ ရှင်းအန်ရှန့်ကျူ ရှိရာဘက်သို့ ဦးတည်နေဟန် တူလေတော့သည်။

...

All Chapters