← Chapters

ရှင် ပြောကြည့်စမ်းပါ။ ဒါက ဘယ်လိုမျိုးလဲ ...

Vol. 12 Ch. 120

ရှင် ပြောကြည့်စမ်းပါ။ ဒါက ဘယ်လိုမျိုးလဲ ...

Vol. 12 Ch. 120

ယွီသခင်မ၏ မျက်နှာအမူအရာနှင့် အပြုအမူကိုကြည့်ရုံဖြင့် သူမ၏ ရည်ရွယ်ချက်ကို သိမြင်နိုင်လေသည်။

သူမသည် ယခင်က ယွီသခင်မနဲ့ တွေ့ဆုံခဲ့ချိန်က သူတို့သည် ပေါင်အာပြောနေသည့် အစ်ကိုဖြစ်သူ အကြောင်းကို ပြောဆိုနေခဲ့ကြပြီး ထိုအချိန်က ယွီသခင်မ၏ စိတ်အခြေအနေမှာ ပုံမှန်မဟုတ် ခဲ့သည်ကိုလည်း ရုတ်တရက် သတိရမိလိုက်၏။ ဒီတစ်ကြိမ်တွင်လည်း ထိုကလေးငယ်၏ အကြောင်းကိုပင် ပြောဆိုနေကြပြန်သည်။

အားချန်၏ စိတ်ထဲတွင် အနည်းငယ် မဖြစ်နိုင်သည့် အတွေးတစ်ခု ပေါ်ပေါက်လာခဲ့ပြီး သူမသည်ဘေးသို့ စောင်းကာ လင်းစွေ့၏နား နားသို့ကပ်ပြီးပြောလိုက်၏။ "သူ့ကို လှမ်းတားလို့ရမလား။ တခြားသူတွေ မသိအောင်လေ"

"တားလို့တော့ ရပါတယ်။ ဒါပေမဲ့ သူ ကျွန်မတို့ကို တွေ့သွားလိမ့်မယ်"

"ကိစ္စမရှိပါဘူး။ ကျွန်မက သူ ရှင်းအန်းရှန့်ကျူကို ဘာဖြစ်လို့ သတ်ချင်ရတာလဲ ဆိုတာကို သိချင်နေတာနဲ့ အတော်ပဲ"

လင်းစွေ့က ခေါင်းငြိမ့်ပြလိုက်၏။ သူမသည်လည်း အမှန်တကယ် သိချင်နေမိလေသည်။

သူမ၏ မျက်လုံးများက မြေပြင်ပေါ်သို့ ဝေ့ဝဲကြည့်လိုက်ပြီး ခြေရင်းက ကျောက်စရစ်ခဲလေးတစ်ခုကို ကောက်ယူလိုက်လေသည်။ အတွင်းအားကို လက်ဖျားသို့ ပို့လွှတ်လိုက်ပြီးနောက် လက်ချောင်းများ ကြားတွင် ညှပ်ထားသည့် ကျောက်စရစ်ခဲသည် ဝှစ်ခနဲ အသံတစ်ခုနှင့်အတူ လွင့်ထွက်သွားကာ ယွီသခင်မ၏ ပခုံးကို တိကျစွာ ထိမှန် သွားတော့သည်။

အာရုံအားလုံး ရှင်းအန်းရှန့်ကျူ ပေါ်တွင်သာ ပုံအပ်ထားသည့် ယွီသခင်မသည် ပခုံးပေါ်က နာကျင်မှုကြောင့် သတိပြန်ဝင်လာခဲ့၏။ သူမသည် ဓားမြှောင်ကို အင်္ကျီလက်အတွင်းသို့ မြန်မြန်ပြန်ထည့် သွင်းလိုက်ပြီး ဘေးဘီဝဲယာသို့ လှည့်ပတ် ကြည့်လိုက်သည်တွင် မျက်နှာချင်းဆိုင် ကျောက်ဆောင်အတု၏ အနောက်ဘက်က တလှည့်စီ ပေါ်ထွက်လာကြသည့် ခေါင်းနှစ်လုံးကို တွေ့မြင်လိုက်ရ၏။

အားချန်နှင့် ယွီသခင်မတို့သည် အဝေးမှနေ၍ အကြည့်ချင်း ဆုံမိသွားကြလေသည်။ သူမ၏ စူးစိုက်ကြည့်နေသည့် အကြည့်အောက်တွင် ယွီသခင်မသည် မူလနေရာတွင်ပင် ခဏလောက် တောင့်တင်းသွားပြီးနောက် နောက်ဆုံးတော့ ဝါးတောအတွင်းသို့ ဖြည်းချင်းစွာ ပြန်လည်ဆုတ်ခွာ သွားခဲ့၏။

လူသုံးယောက်တို့သည် မူလနေရာတွင်ပင် တိတ်ဆိတ်စွာ ရပ်နေခဲ့ကြပြီး ရှင်းအန်းရှန့်ကျုနှင့် ပေါင်အာတို့၏ အသံများ တဖြည်းဖြည်း ဝေးကွာသွားမှသာ ...

အားချန်နှင့် လင်းစွေ့တို့သည် ကျောက်ဆောင်အတု၏ အနောက်မှ အရင်ဆုံး ထွက်လာခဲ့ကြ၏။ သူမ၏ ရင်ခွင်ထဲတွင်တော့ ခုနက ပိုင်ယွဲ့ ပေးလိုက်သည့် ပန်းအိုးကို ပိုက်ထားဆဲပင်။

နှစ်ယောက်သား ထွက်လာပြီးနောက် ချက်ချင်း မထွက်ခွာသေးဘဲ နေရာတွင်ပင် တိတ်ဆိတ်စွာ ရပ်စောင့်နေလိုက် ကြလေသည်။ နောက်ဆုံးတွင်တော့ ယွီသခင်မသည် အတွင်းဘက်က ထွက်လာခဲ့၏။

သူမက သူတို့နှစ်ယောက်နဲ့ ခြေလှမ်းအနည်းငယ် အကွာတွင် ရပ်လိုက်ပြီး မျက်လုံးထဲတွင် လူသတ်မှုကို ရှာဖွေတွေ့ရှိ ခံလိုက်ရသည့် ထိတ်လန့်မှုမျိုး မရှိဘဲ သေမလောက်အောင် တိတ်ဆိတ်ငြိမ်သက်နေ ခြင်းများသာ ပြည့်နှက်နေတော့သည်။ "ရှင်တို့တွေ ရုံးတော်ကို သွားတိုင်ကြမှာ မဟုတ်ဘူးလား"

"ရုံးတော်ကို သွားတိုင်ကြားပြီး ဘာလုပ်ရမှာလဲ။ ရှင်က ရှင်းအန်းရှန့်ကျူကို သတ်မလို့ ကြံစည်နေတယ်လို့ သွားပြောရမှာလား။ ကျွန်မတို့မှာ သက်သေမှ မရှိတာ"

"ဒါပေမဲ့ ယင်းအန်းဝမ် အိမ်တော်က လူတွေကတော့ ယုံလိမ့်မယ်"

"ဟုတ်လား" အားချန်ကတော့ ဂရုမစိုက်သည့် လေသံဖြင့် ပြောလိုက်လေသည်။ "ဒါပေမဲ့ ဒါက ကျွန်မတို့နဲ့ ဘာဆိုင်လို့လဲ"

"ဘာမှမဆိုင်ဘူး ဆိုရင် ခုနက ဘာဖြစ်လို့ ကျွန်မကို တားခဲ့တာလဲ" ယွီသခင်မက မေးလိုက်၏။

အားချန်ကလည်း ခဏလောက် စဉ်းစားလိုက်ပြီးမှ ပြန်ဖြေလိုက် လေသည်။ "တကယ်လို့ ရှင်က ဓားမြှောင်နဲ့ သူတို့သားအမိ နစ်ယောက်ကို သတ်လိုက်မယ်ဆိုရင် ရှင့်ကိုယ်ပေါ်မှာ သွေးတွေ ပေကျံသွားမှာ သေချာတယ်။ ကျွန်မ ခန့်မှန်းရ သလောက်တော့ ရှင့်မှာပြည့်စုံတဲ့ အစီအစဉ် တစ်ခုမရှိသေးဘူး။ ထွက်ပြေးဖို့ လမ်းကြောင်းတောင် ကြိုမစဉ်းစားထားဘဲ ရုတ်တရက် စိတ်ကူးပေါက်လာပြီးမှ လူသတ်ချင်စိတ် ဖြစ်လာတာ ဒါကြောင့်ရှင်သာ လူသတ်ပြီးသွား ရင်လည်းမကြာခင် အဖမ်းခံရလိမ့်မှာပဲ"

ယွီသခင်မကတော့ နှုတ်ဆိတ်ကာ နေလိုက်လေသည်။ အကြောင်းမှာ အားချန်ခန့်မှန်းခဲ့သည်ကလည်း မှန်ကန်နေ သောကြောင့်ပင်။

သူမသည် စိတ်ပိုင်းဆိုင်ရာ အပြည့်အဝ လုပ်ပြီးမှ ရှန့်ကျင်း မြို့တော်သို့ ရောက်လာခဲ့ ခြင်းဖြစ်၏။ သူမသည် သူတို့နှင့် စိတ်လှုပ်ရှားမှု လုံးဝမရှိဘဲ ရင်ဆိုင်နိုင်ခဲ့သည်ဟု ထင်မှတ်ခဲ့သော်ငြား ထိုမိန်းမ၏ စကားအနည်းငယ် ကြောင့်ပင် စိတ်ထိခိုက်သွား ခဲ့ရလေသည်။

သူမက ဒါကို ကြိုတင်တွက်ဆ ထားပြီးသား မဟုတ်ဘူးလား။ ဒါပေမဲ့ တကယ်ကြား လိုက်ရတဲ့အခါ စိတ်ခံစားချက်ကို လုံးဝထိန်းချုပ်လို့ မရတော့တာပဲ။

အဲဒီအချိန်တုန်းက သူမရဲ့ဦးနှောက်ထဲမှာ အဲဒီမိန်းမကို သတ်ရမယ်။ သူမရဲ့ချဲ့အာအတွက် အသက်ပြန်ဆပ် ခိုင်းရမယ်ဆိုတဲ့ အတွေးတစ်ခုပဲ ရှိတော့တာ။

နည်းနည်းလေးပဲ လိုတော့တာ။ အောင်မြင်တော့မလို့။

"သူသာ သေသွားမယ်ဆိုရင် ကျွန်မအသက် တစ်ချောင်းနဲ့ လဲလိုက်ရလည်း ဘာမှမဖြစ်ဘူး"

"ရှင်နဲ့ ရှင်းအန်းရှန့်ကျူကြားမှာ ဘယ်လိုရန်ငြိုးတွေ ရှိလဲတော့ ကျွန်မ မသိဘူး။ ဒါပေမဲ့ ရန်သူအတွက် ကိုယ့်အသက်ကိုပါ ပေးဆပ်လိုက်ရတာ မတန်ပါဘူး”

အားချန်ကလည်း ဖြည်းညှင်းစွာ ဖွင့်ပြောလိုက်လေသည်။

ယွီသခင်မက ခါးသီးစွာ ရယ်မောလိုက်၏။ "ပြောတော့ လွယ်တာပေါ့။ ရှင်က ဘာမှ မသိဘဲနဲ့ ဘယ်လိုလုပ် မတန်ဘူးလို့ သိနိုင်မှာလဲ။ သူက သေကိုသေသင့်တာ"

"တကယ်လို့ ရှင်က ပြောပြချင်စိတ် ရှိမယ်ဆိုရင် သူကဘယ်လိုမျိုး သေသင့်တယ် ဆိုတာကို ကျွန်မတို့က နားထောင်ပေး ချင်ပါတယ်"

ယွီသခင်မသည် နှုတ်ဆိတ်သွားပြီး သူမတွေ့ကြုံခဲ့ရသည်များကို ထုတ်ဖော်ပြောပြချင်စိတ် မရှိဟန်တူသည်။

လင်းစွေ့က ဘေးမှနေ၍ အေးစက်စွာ ပြောလိုက်၏။ "ရှင်က လူသတ်ဖို့တောင်မှ မကြောက်တာ အမှန်တရား ဖွင့်ပြောဖို့ကျ ကြောက်နေတာလား"

တစ်ခါတစ်ရံမှာ အမှန်တရားဆိုတာ ဖွင့်ပြောဖို့ခက်ခဲ တတ်တာမျိုးလည်း ဖြစ်နိုင်တာပဲ။

အားချန်က သမ်းဝေလိုက်တော့သည်။ သူမသည် အမှန်တကယ် အနည်းငယ် အိပ်ချင်လာပြီ ဖြစ်သဖြင့် ကျိန်းစပ်နေသည့် မျက်လုံးများကို မျက်တောင်ခတ်ရင်း ပြောလိုက်တော့သည်။ "ထားလိုက်ပါတော့လေ။ ဒီနေရာက စကားပြောဖို့ ကောင်းတဲ့နေရာလည်း မဟုတ်ပါဘူး။ ကျွန်မက ပုံမှန်ဆိုရင် ချန်းဖိင်ဖန်းရပ်ကွက်က အမွှေးနံ့သာဆိုင်မှာ နေတာ။ နောက်ရက်တွေမှာ ယွီသခင်မ အားတဲ့အခါ ကျွန်မဆီ လာရှာလို့ရပါတယ်"

ယွီသခင်မထံမှ တုံ့ပြန်မှု မလာသေးသည်ကို မြင်လိုက်သည်တွင် အားချန်ကလည်း အတင်းအကြပ် မတိုက်တွန်းတော့ဘဲ ပြောလိုက်တော့၏။ "လက်စားချေဖို့ နည်းလမ်းတွေ အများကြီးရှိပါတယ်။ လူသတ်ပြီး ကိုယ့်အသက်ပါ အဆုံးရှုံးခံတဲ့ နည်းလမ်း တစ်မျိုးတည်း ရှိတာမဟုတ်ပါဘူး။ ရှင် တခြားထွက်ပေါက်ကို မစဉ်းစားမိပေမယ့် တခြားလူတွေကတော့ စဉ်းစားမိနိုင်တာပဲလေ"

ပြောသင့်သည်များကို ပြောပြီးသွားသည်တွင် အားချန်က လင်းစွေ့ဘက်သို့ လှည့်ကာပြောလိုက် လေသည်။ "သွားကြစို့။ ငါတို့တွေ အိမ်ပြန်ရအောင်။ နည်းနည်း အိပ်ချင်လာပြီ"

လင်းစွေ့သည် အားချန်၏ လက်ထဲက ပန်အိုးကို လှမ်းယူလိုက်ပြီး သူမနှင့်အတူ အပြင်သို့ ထွက်ခွာလာခဲ့တော့၏။

သူတို့နှစ်ယောက်က အဝေးသို့ ရောက်သွားမှသာ ယွီသခင်မက လှည့်ကြည့်လိုက်ပြီး နှစ်ဦးသား၏ ကျောပြင်ကို ကြည့်ရင်း သူမ၏လက်ကို မြှောက်ကာ အပူအအေး ခံစားမှုမရှိသည့် မိမိ၏မျက်နှာကို ပွတ်သပ်လိုက်၏။ မျက်လုံးထဲတွင်တော့ မတည်မငြိမ် အလင်းရောင်များက လင်းလက်တောက်ပ သွားခဲ့လေသည်။

ယင်းအန်းဝမ်အိမ်တော်မှ ထွက်ခွာလာပြီးနောက် အားချန်သည် မြင်းလှည်းပေါ်တွင်ပင် အိပ်ပျော်သွားတော့၏။

သူမ နိုးလာသောအခါ အိမ်တော်က အိပ်ခန်းအတွင်းသို့ ရောက်ရှိနေလေသည်။

အပြင်ဘက်တွင် ဘာ်အချိန်ကမှန်း မသိဘဲ မိုးစက်ကလေးများ တစ်ဖွဲဖွဲ ရွာသွန်းလို့နေ၏။ အခန်းထဲတွင် အလင်းရောင် မှောင်မိုက်နေသော်ငြား သူမသည် နူးညံ့ထူထဲသော ဂွမ်းစောင်ကို လွမ်းခြုံထားသဖြင့် အေးသည်ဟု မခံစားရချေ။

အားချန်သည် ကုတင်ပေါ်တွင် ခဏလောက် မှောက်လျက် နေလိုက်ပြီး စိတ်ထဲမှ တွေးလိုက်မိလေသည်။ ဆောင်းဦးမိုး ရွာပြီးသွားရင်တော့ ရာသီဥတုက တဖြည်းဖြည်း ပိုအေးလာတော့မှာပဲ။ ဒီလောက် မြန်မြန်ကြီး ဆောင်းရာသီ ရောက်တော့မှာပဲလား။

ခဏလောက် လူးလွန့်နေပြီးနောက်တွင် သူမသည် ခေါင်းရင်းတွင်ရှိသည့် အပေါ်ဝတ်ရုံကို ကောက်ယူလိုက်ပြီး ဝတ်ဆင်လိုက်ပြီးမှ အိပ်ခန်းထဲက ထွက်လာခဲ့လေသည်။

အခန်းအပြင်ဘက်တွင် မိုးကသည်းထန်စွ ာရွာနေခြင်းမဟုတ်ဘဲ ခေါင်မိုးအစွန်းမှာ လျှောကျလာကာ တတောက်တောက်နှင့် မြေပြင်ပေါ်သို့ ကျဆင်းလို့နေ၏။ သူမနေ့ခင်းဘက်က သယ်ဆောင်လာသည့် ပန်းအိုးလေးကတော့ ခေါင်မိုးအောက်တွင် ရှိနေလေသည်။

"ဟွေ့ညန်" အားချန်က တံခါးဝတွင် ရပ်ကာလှမ်းခေါ်လိုက်၏။

"နိုးပြီလား" ချန်ဟွေ့သည် သူမ၏ အခန်းတံခါးကို ဖွင့်လိုက်ပြီး အားချန်၏အိပ်မှုန်စုံမွှား ပုံစံကို မြင်လိုက်သောအခါ သတိပေးလိုက်လေသည်။ "အခန်းထဲ ပြန်ဝင်နေ လေတိုက်မိပြီးမှ အအေးမိနေဦးမယ်"

"သိပါပြီ လင်းစွေ့ရော" အားချန်သည် နောက်သို့ အနည်းငယ် ဆုတ်လိုက်ပြီး လည်ပင်းကိုဆန့်ကာ မေးလိုက်လေသည်။

"ရှင် အိပ်လိုက်တာ နှိုးလို့တောင် မရဘူး။ သူ ရှင့်ကို အိမ်ပြန်ပို့ပြီးမှ ပြန်သွားတာ"

ချန်ဟွေ့က တံခါးကို ပိတ်လိုက်ပြီး စင်္ကြန်အောက်က လျှောက်လာကာ အားချန်၏ တံခါးဝသို့ ရောက်လာလေသည်။ "ရှင့်တို့ ယင်းအန်းဝမ် အိမ်တော်မှာ မတော်တဆ တွေ့ခဲ့တယ်လို့ သူ့ဆီကကြားတယ်"

"ဟုတ်တယ်။ ယွီသခင်မနဲ့ ပတ်သက်နေတာ" အားချန်နှင့် ချန်ဟွေ့တို့သည် အခန်းထဲသို့ အတူတူဝင်လာခဲ့ကြ၏။ ချန်ဟွေ့က သူမအတွက် အခန်းထဲက ဖယောင်းတိုင်ကို မီးထွန်းပေးလိုက်မှ အခန်းထဲတွင် ချက်ချင်း လင်းထိန်သွားတော့သည်။

အားချန်က ကုလားထိုင်တွင် ဝင်ထိုင်လိုက်ပြီး ချန်ဟွေ့ကို ပြောလိုက်လေသည်။ "ကျွန်မ သံသယ ဝင်နေမိတယ်။ အဲဒီ ရှင်းအန်းရှန့်ကျုရဲ့ နောက်ကြောင်း ရာဇဝင်က ပြဿနာရှိနေနိုင်တယ်"

"ဘယ်လိုမျိုးလဲ" ချန်ဟွေ့ကလည်း စိတ်ဝင်တစား မေးလိုက်လေသည်။

သူမနှင့် ရှင်းအန်းရှန့်ကျူတို့သည် အသက်အရွယ် မတိမ်းမယိမ်း ရှိကြသည်။ နောက်ပိုင်းတွင် ချန်မိသားစု ပြိုလဲသွားပြီး နောက်ပိုင်းတွင် ထိုလူနှင့်လုံးဝ အဆက်အသွယ် မရှိတော့သော်ငြားလည်း သူမသည် ဒီရှန့်ကျူကို အဝေးက မြင်ခဲ့ဖူးလေသည်။

အားချန်သည် ယခင်ကတော့ ယင်းအန်းဝမ် အိမ်တော်တွင် ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများကို တစ်ခုမကျန် ပြန်ပြောပြလိုက်ပြီးနောက် ထပ်ပြောလိုက်၏။

"ရှင်းအန်းရှန့်ကျူက သူရဲ့သားအရင်းကို ပြန်လာတော့မှာ မဟုတ်ဘူးလို့ ဘယ်လို အကြောင်းပြချက်မျိုးနဲ့ အဲဒီလို လေသံမျိုးနဲ့ ပြောထွက်နိုင် တာလဲဆိုတာ ကျွန်မ စဉ်းစားမရဘူး။ ပြီးတော့ ယွီသခင်မရဲ့ တုံ့ပြန်ပုံကို တစ်ချက် စဉ်းစားကြည့် လိုက်မယ်ဆိုရင် သူတို့နှစ်ယောက်ရဲ့ နောက်ကြောင်း ရာဇဝင်ကို သံသယဝင်မိလာခဲ့တယ်"

ချန်ဟွေ့က ခေါင်းငြိမ့်ပြလိုက်၏။ " ပြောရမယ်ဆိုရင် ရှင် ပြောပြတဲ့ ဒီရှင်းအန်းရှန့်ကျူက ကျွန်မ အရင်က တွေ့ခဲ့ဖူးတဲ့သူနဲ့ တကယ်ကို ကွာခြားချက် ကြီးမားလွန်းတယ်"

"အရင်တုန်းက ရှင်းအန်းရှန့်ကျူက ဘယ်လိုလူမျိုးလဲ" အားချန်ကလည်း သိလိုစိတ်ဖြင့် မေးလိုက်၏။

ချန်ဟွေ့က အတိတ်ကို ပြန်လည်စဉ်းစားလိုက်ကာ "ကျွန်မမှတ်ဉာဏ်ထဲမှာတော့ ဒီရှန့်ကျူက စရိုက်က ထောင်လွှားပြီး မကြာခဏဆိုသလို လူတွေနဲ့ ရန်ဖြစ်တတ်တယ်။ ပြောရမယ်ဆိုရင် ပေါင်းသင်းဆက်ဆံရ လွယ်ကူတဲ့သူမျိုး မဟုတ်ဘူး။ ကျွန်မ အမှတ်မိနေဆုံးကတော့ သူ စာမေးပွဲ အောင်စာရင်းကနေ ခင်ပွန်းလောင်းကို ဖမ်းဆီးလုယူခဲ့တဲ့ကိစ္စပဲ။ အဲဒီတုန်းကကိစ္စက တော်တော်လေးကို ကြီးကြီးမားမား ဖြစ်သွားခဲ့တာ။ တခြားလူတွေက ခင်ပွန်းလောင်း လုယူတယ်ဆိုတာက အိမ်တော်ကအဖေနဲ့ အစ်ကိုတွေပဲ ရှေ့ထွက်ပြီး လုပ်ပေးကြတာ။ သူကတော့ အရမ်းကိုထူးခြားတယ်။ ကိုယ်တိုင် ရှေ့ထွက်ပြီး ဝမ်အိမ်တော်က ကိုယ်ရံတော်တွေကို လမ်းမပေါ်မှာတင် ပညာတတ်အသစ်လေးကို ဖမ်းဆီးခိုင်းခဲ့တာ။ ဒီကိစ္စက အဲဒီတုန်းက တော်တော်လေးတောင် ဂယက်ရိုက် သွားခဲ့သေးတယ်"

"နောက်တော့ရော ပညာရှင်အသစ်လေးက တော်ဝင်မိသားစုရဲ့ ရှန့်ကျူတစ်ယောက်ရဲ့ ဖမ်းဆီးခြင်းကို ခံလိုက်ရတာ အရှင်မင်းကြီးက ဘာမှမတုံ့ပြန်ဘူးလား"

"တုံ့ပြန်ချိန် မရလိုက်ခင်မှာပဲ အဲဒီပညာရှင်အသစ်လေးက ဒီလက်ထက်ပွဲကို သဘောတူလိုက်တယ်။ ယင်းအန်းဝမ်ကလည်း အဲဒီနေ့မှာပဲ ဒီလက်ထက်ပွဲကို အတည်ပြုသတ်မှတ် လိုက်ပြီးတော့မှ နန်းတော်ထဲဝင်ပြီး အပြစ်ကို သွားတောင်းပန်ခဲ့တာ။ ဒီကိစ္စက သူတို့ရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စဖြစ်သွားမှတော့ အရှင်မင်းကြီးကရော ဘာပြောလိုက်ဦးမှာလဲ"

"ဒါပေမဲ့ ကျွန်မ ဒီနေ့တွေ့ခဲ့ရတဲ့ အဲဒီရှန့်ကျူရဲ့ပြောပုံဆိုပုံ အမူအရာတွေကတော့ တည်ငြိမ်ပြီး မျက်နှာထားက နူးညံ့သိမ်မွေ့တယ်။ ကြည့်ရတာ စိတ်ထားကောင်းမွန်တဲ့ ပုံပဲ" အားချန်သည် ရှင်းအန်းရှန့်ကျူ အပေါ်သူမ၏အမြင်ကို အကျဉ်းချုံး ဖော်ပြလိုက်ပြီး ထပ်ပြောလိုက်၏။ "သူကအရမ်းကို သိတတ်လိမ္မာတယ်လို့လည်း ကြားတယ်။ ဝမ်ဖေး နေမကောင်း အပြင်းအထန် ဖြစ်တုန်းက သူက ဝမ်ဖေးအတွက် ဆုတောင်းပေးဖို့ ဘုရားကျောင်းကို လမ်းတလျှောက်လုံး ဒူးထောက်တောင်းပန်ပြီး သွားခဲ့တာတဲ့"

ချန်ဟွေ့က ပြောလိုက်လေသည်။ “ဒါပေမဲ့ ကျွန်မ သိသလောက်တော့ ရှန့်ကျူနဲ့ ဝမ်ဖေးတို့ရဲ့ သားအမိဆက်ဆံရေးက မကောင်းဘူး။ သူတို့နှစ်ယောက်က စားသောက်ပွဲတစ်ခုမှာ လူအများရှေ့မှာတင် ရန်ဖြစ်ခဲ့ကြဖူးတယ်။ အဲဒီဝမ်ဖေက စကားပြောတာ အရမ်း ကြမ်းတမ်းခက်ထန်ပြီး ရှန့်ကျူကလည်းလုံးဝ အလျော့မပေးဘူး။ ဒါက အဲဒီတုန်းက လျှို့ဝှက်ချက် တစ်ခုတောင် မဟုတ်ဘူးလေ။ သူ့စိတ်ထဲမှာ သားအမိသံယောဇဉ်ကို တကယ် အလေးထားတယ် ဆိုဦးတော့ ကျွန်မ ထင်တာကတော့ သူ့ရဲ့စရိုက်နဲ့ဆိုရင် ဘုရားကျောင်းထဲက ဘုန်းကြီးတွေ အားလုံးကို ဝမ်ဖေး အတွက်ဆုတောင်းပေးဖို့ ယင်းအန်းဝမ်အိမ်တော်ကို ငွေပုံပေးပြီး ပင့်ဖိတ်ခိုင်းတာမျိုးပဲ လုပ်လိမ့်မယ်။ ကိုယ်တိုင် လမ်းတလျှောက်လုံး ဒူးထောက်ပြီး ဘုရားကျောင်းကို သွားမှာမဟုတ်ဘူး"

ဒီလိုစကားဝိုင်းက အလုံးစုံ မှန်ကန်သည်ဟု မဆိုနိုင်သော်ငြား ဟွေ့ညန်၏ ပါးစပ်ထဲတွင် ရှင်းအန်းရှန့်ကျူသည် ဖြောင့်မတ်ပွင့်လင်းသူ ဖြစ်လေသည်။ သဘောကျသော ယောက်ျားကို ဖမ်းဆီးခေါ်ဆောင်သွားပြီး မိခင်နှင့်သဘောထား မတိုက်ဆိုင်ပါကလည်း လူအများရှေ့တွင် ရန်ဖြစ်လိုက်ကာ ဖုံးကွယ်ထားခြင်းလည်း မရှိချေ။

ဒီလိုစရိုက်ခက်ထန်ပြီး ပွင့်လင်းသူသည် အဘယ်ကြောင့်များ ရုတ်တရက် မတူညီသည့် လူတစ်ယောက် ဖြစ်သွားရပါသနည်း။

သူမက ပိုင်ယွဲ့ ပြောသွားသည့် စကားကိုလည်း သတိရသွားသေးသည်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ အဲဒီအချိန်မှာ ရှန့်ကျုရဲ့ကလေးက ပျောက်သွားခဲ့တာ။

ဒီကိစ္စကို စဉ်းစား ဆက်စပ်ကြည့်လျှင် လူကိုဆက်ပြီး မတွေးဘဲ မနေနိုင်အောင် ဖြစ်ရစေ၏။

"ဖြစ်ချင်တော့ ဒီခန့်မှန်းချက်ကို ဘယ်သူမှ အတည်မပြုနိုင်ဘူး" အားချန်က သက်ပြင်းပြင်း ခပ်ဖွဖွ ချလိုက်လေသည်။ "ယွီသခင်မက ချန်းဖိင်ဖန်း ရပ်ကွက်ကိုလာပြီး ကျွန်မကို လာရှာမလား။ လာမရှာဘူးလား ဆိုတာကိုလည်း မသိနိုင်ဘူး"

"သူ လာလိမ့်မယ်လို့ မျှော်လင့်ရတာပဲ" ချန်ဟွေ့ကခပ်တိုးတိုးလေး ပြောလိုက်လေသည်။

ယနေ့ညနေပိုင်းတွင် မိုးရွာသုံးခဲ့သဖြင့် မူလက ယင်းအန်းဝမ်အိမ်တော်နှင့် ပြောဆိုသဘောတူထားသော ညပိုင်းဇာတ်ပွဲသည်လည်း ရပ်ဆိုင်းသွားခဲ့ပြီး ဇာတ်အဖွဲ့ကလူများသည် နေထိုင်ရာနေရာသို့ စောစောစီးစီး ပြန်လာခဲ့ကြလေသည်။

ယွီသခင်မသည် သူမ၏အခန်းသို့ ပြန်ရောက်လာပြီးနောက် အခန်းတံခါးကို မင်းတုတ် ချလိုက်ပြီး မှန်တင်ခုံရှေ့တွင် ထိုင်လိုက်လေသည်။ သူမသည် ကြေးမုံမှန်ထဲက မိမိကိုယ်ကို စိုက်ကြည့်နေလိုက်ပြီးနောက် ဖြေးညှင်းစွာ လက်ကိုမြောက်ကာ နားရွက်အနောက်ဘက်ကို ပွတ်သပ်လိုက်၏။

အချိန်တော်တော်လေး ကြာပြီးနောက် သူမ၏လက်နှစ်ဖက်သည် အနည်းငယ် အားစိုက်လိုက်ရာ မျက်နှာတစ်ခုလုံးကို ဆွဲခွာချလိုက်ပြီးနောက် ခွာချထားသည့် မျက်နှာကို ဘေးတွင်ချထား လိုက်လေသည်။

မှန်ထဲတွင် အဖြူရောင် အရေပြားတလွှာ ဖုံးအုပ်ထားသော ချောမွေ့နေသည့် မျက်နှာတစ်ခုသာ ကျန်ရစ်တော့၏။ ထိုအရာက လူသားတစ်ဦး၏ မျက်နှာနဲ့လုံးဝမတူဘဲ အဖြူရောင် ကြောက်မက်ဖွယ်ရာ မျက်နှာဖုံးတစ်ခုနှင့်သာ တူနေတော့သည်။

သူမသည် မှန်ထဲက လူလည်းမမည် တစ္ဆေလည်းမကျသည့် မိမိကိုယ်ကို မျက်နှာသေဖြင့် ပြန်ကြည့်နေမိပြီး ကုတင်အနားသို့ ပြန်သွားကာ မျက်နှာဖုံးများ ထည့်ထားသည့် သေတ္တာကို ကုတင်အောက်က ဆွဲထုတ်လိုက်လေသည်။ ဖွင့်လိုက်သောအခါတွင် အတွင်းထဲတွင် သရဲမျက်နှာဖုံးများစွာနှင့် လူမျက်နှာဖုံးတချို့ ထည့်သွင်းထားလေ၏။

လူ၏မျက်နှာသည် ချောမွေ့နေခြင်း မဟုတ်သောကြောင့် အထူးပြုလုပ်ထားသော မျက်နှာဖုံး မဟုတ်ပါက လူမျက်နှာနှင့် ကွက်တိကျအောင် ကပ်ထားရန် အလွန်ခက်ခဲလှသည်။

သို့သော်ငြား သူမ၏ မျက်နှာဖုံးများကတော့ မတူညီပေ။ ဒီမျက်နှာဖုံးများသည် သူမ၏မျက်နှာပေါ်တွင် ကွက်တိကျအောင် ကပ်ထားနိုင်ပြီး တပ်ဆင်လိုက်သည်နှင့် မျက်နှာအစစ်အမှန်ကဲ့သို့ ဖြစ်သွားလေသည်။

ယွီသခင်မသည် ထိုအထဲက သရဲမျက်နှာဖုံး တစ်ခုကို ရွေးချယ်လိုက်ပြီး သူမသည် သရဲမျက်နှာဖုံးကို မျက်နှာပေါ်တွင် ဖုံးအုပ်လိုက်ရာ မျက်နှာပေါ်က အဖြူရောင် အရေပြားအလွှာမှာ မျက်နှာဖုံးနှင့် အလိုလို ပူးကပ်သွား တော့သည်။

ကံဆိုးချင်တော့ ဒီလိုပူးကပ်ထားသည်ကလည်း အချိန်အကန့်အသတ်ရှိပြီး နှစ်ရက်ထက် ပိုပြီးမခံချေ။

သူမသည် မတူညီသော မျက်နှာများကို အဆက်မပြတ် ပြောင်းလဲတပ်ဆင်နေရပြီး ကိုယ်ပိုင်မျက်နှာတစ်ခုကို ဘယ်တော့မှ ပိုင်ဆိုင်ခွင့် ရရှိနိုင်မည် မဟုတ်တော့ပေ။

ယွီသခင်မသည် ကုလားထိုင်တွင် ပြန်ထိုင်ချလိုက်ပြီး မှန်ထဲက သရဲမျက်နှာကိုကြည့်ရင်း နေ့ခင်းဘက်က ယင်းအန်ဝမ်ဖေး ပြောခဲ့သည့် စကားများကို ပြန်လည်တွေးတောနေမိ၏။ ရုပ်ရည်က သာမန်ပါပဲ။ သရဲမျက်နှာဖုံး တပ်ထားတာက ပိုကောင်းသေးတယ်တဲ့။

ဘာလို့လဲဆိုတော့ ကိုယ်ပိုင်ဆိုင်ခဲ့တဲ့ အဲဒီလှပတဲ့မျက်နှာက သူ့ရဲ့ အဲဒီသိတတ်လိမ္မာတဲ့ သမီးတော်ရဲ့ မျက်နှာပေါ်မှာ ရောက်နေလို့ပဲပေါ့။

ဘယ်လောက်တောင် ရယ်စရာ ကောင်းလိုက်သလဲ။ ဆယ်နှစ်ကျော် ကြာမြင့်ခဲ့ပြီးနောက်မှာ သူမနောက်ဆုံးတော့ မှတ်ဉာဏ်တွေ ပြန်လည်ရရှိလာခဲ့တယ်။ အိမ်ပြန်ဖို့သတ္တိ မွေးထားနိုင်ခဲ့တဲ့ အချိန်မှာ သူမရဲ့မိသားစုတွေကတော့ သူမကိုလုံးဝ မေ့လျော့သွားကြပြီတဲ့လေ။

သူမရဲ့မျက်နှာကို ယူသွားတဲ့ အဲဒီလူကတော့ သူမနေရာကို အစားထိုး ဝင်ယူသွားခဲ့တယ်။ တစ်ချိန်က မောက်မာထောင်သွားပြီး မိခင်နဲ့ဆက်ဆံရေး မသင့်မြတ်ခဲ့တဲ့ ရှင်းအန်းရှန့်ကျူက အခုအချိန်မှာတော့ စိတ်ထားနူးညံ့သိမ်မွေ့ပြီး အလိုက်သိတတ်တဲ့ ခင်ပွန်းနဲ့ အပေးအယူမျှမျှ နေနိုင်ပြီး မိခင်အပေါ် အရမ်းကို သိတတ်လိမ္မာတဲ့ လူကောင်းတစ်ယောက် ဖြစ်နေခဲ့ပြီ။

ဘယ်သူကမှလည်း တစ်ခုခု မူမမှန်ဖြစ်နေတယ်လို့ မထင်ခဲ့ကြဘူး။

မျက်နှာက အတူတူ ဖြစ်နေရင်တောင် သူမနဲ့အဲဒီမိန်းမရဲ့စရိုက်က လုံးဝကို ကွဲပြားခြားနားနေတာကို သူတို့တွေက တကယ် နည်းနည်းလေးတောင်မှ မူမမှန်ဘူးလို့ မခံစားမိကြဘူးတဲ့လား။

စိတ်ထဲက မုန်းတီးမှုများသည် အဆက်မပြတ် တိုးပွားလာခဲ့လေသည်။ ရှန့်ကျင်းမြို့တော်သို့ မလာခင်က သူမ၏စိတ်ထဲတွင် မျှော်လင့်ချက် အနည်းငယ်ကို အမြဲတမ်း ပိုက်ထွေးထားခဲ့၏။ သို့သော်ငြား ရောက်လာခဲ့ပြီး နောက်တွင်တော့ လူမကိုစိတ်ပျက် အားငယ်မှုထဲသို့ တိုက်ရိုက်ကျဆင်း သွားစေတော့သည်။

ရန်သူအတွက် အသက်ကို ပေးဆပ်လိုက်ရတာ မတန်ဘူးတဲ့လား။ အားချန်၏ စကားသည်လည်း ရုတ်တရက် ပြန်ထွက်ပေါ်လာပြန်သည်။

ဒါဆိုရင် ဘယ်လိုလုပ်ရအုံးမှာလဲ။

သူ ... သူက တကယ်ပဲ သူမကို ကူညီနိုင်ပါတယ်လား။

ယွီသခင်မ၏ စိတ်ထဲတွင် ချီတုံချတုံ ဖြစ်သွားတော့၏။ သူမသည် ဘယ်တုန်းကမှ အလွယ်တကူ ယုံကြည်တတ်သူ တစ်ဦးမဟုတ်ချေ။ ထိုလူသည် လမ်းကြုံရင်း တွေ့ဆုံမိသူ တစ်ဦးမျှသာဖြစ်ပြီး သူမနှင့် နှစ်ကြိမ်သာ တွေ့ဆုံခဲ့ဖူးကာ သူမ၏နာမည်ကိုပင် မသိရှိချေ။

သို့သော်ငြား သူမက ချောက်နက်ကြီးထဲမှာ နေထိုင်ခဲ့ရတာ နှစ်ပေါင်းများစွာ ကြာမြင့်သွား၍လားတော့ မသိချေ။ မျှော်လင့်ချက်တိုင်းကို လက်လွှတ် မခံချင်တော့ပေ။

နောက်တစ်နေ့တွင် အားချန်နှင့် ချန်ဟွေ့တို့သည် ချန်းဖိင်ဖန်း ရပ်ကွက်သို့ ပြန်ခဲ့ကြလေသည်။

မူလက ရက်အနည်းငယ် အနားယူရန် စိတ်ကူးထားသော်ငြားလည်း အားချန်၏ စိတ်ထဲတွင် ယွီသခင်မကိစ္စကို တွေးတောနေမိ၏။ ခန့်မှန်းချက်က အမှန်တရား မဟုတ်သဖြင့် သူမသည် ထိုကိစ္စကို ပိုပြီးသိရှိလိုပေသည်။

သို့သော်ငြား ယွီသခင်မက သူမကိုလာရှာမည် မရှာမည်ကိုတော့ မသိနိုင်ပေ။

အမွှေးနံ့သာဆိုင်သို့ ပြန်ရောက်သည့် ပထမဦးဆုံးနေ့တွင် ယွီသခင်မ ရောက်မလာခဲ့ပေ။

တတိယနေ့တွင်လည်း ရောက်မလာချေ။

စတုတ္ထနေ့တွင် မိုးတစ်နေ့လုံး ရွာသွန်းနေခဲ့ပြီး ညနေစောင်းအထိ ယွီသခင်မ၏ အရိပ်အယောင်ကို မမြင်တွေ့ရချေ။

အားချန်က စိတ်ထဲမှ စဉ်းစားလိုက်တော့သည်။ ဒီနေ့လည်း သူလာမှာ မဟုတ်တော့ဘူး။ ကြည့်ရတာ ငါက ကိစ္စရဲ့ အမှန်တရားကို သိခွင့်ရမှာ မဟုတ်ဘူးနဲ့တူတယ်။

သူမသည် ဆိုင်ခန်းတံခါးပိတ်ရန် ပြင်ဆင်နေစဉ်မှာပင် ထီးဆောင်းထားသော ပိန်လှီလှသည့် အရိပ်တစ်ခုသည် လမ်းထိပ်မှ ဖြည်းညှင်းစွာ လျှောက်လှမ်းလာခဲ့လေသည်။

ထီးအစွန်းကို အနည်းငယ်နှိမ့်ထားပြီး ထိုသူသည် ဆိုင်တံခါးဝသို့ ရောက်ရှိလာမှသာ လက်ထဲကထီးကို အနည်းငယ် မြှောက်လိုက်ကာ ဖြူ

ဖျော့နေသည့် မျက်နှာတစ်ခု ပေါ်ထွက်လာတော့၏။

"မိန်းကလေးကို အနှောင့်အယှက် ပေးမိပါပြီ"

အားချန်၏ မျက်နှာတွင် အံ့သြသွားဟန် အနည်းငယ်ပေါ်လာပြီး ကိုယ်ကိုအနည်းငယ် စောင်းပေးလိုက်လေသည်။ "ဝင်လာခဲ့ပါ"

ယွီသခင်မသည် ဆိုင်အတွင်းသို့ လျှောက်ကာဝင်လာခဲ့ပြီး ထီးကိုခေါက်ကာ ဘေးတွင်ထောင်ထားလိုက်၏။ အားချန်က တံခါးကိုအလိုက်သင့် ပိတ်လိုက်သည်နောက် သူမကို အနောက်ဘက်ဆောင်သို့ ခေါ်သွားလိုက်လေသည်။

"ရှင် လာတာအတော်ပဲ။ ဟွေ့ညန်က အခုလေးတင် ထမင်းချက်ပြီးသွားတာ"

"ကျွန်မ စားပြီးပါပြီ"

"ကောင်းပါပြီ။ ဒါဆိုရင်လည်း ကျွန် မအရင် ထမင်းစားပြီးအောင် စောင့်လိုက်နော်။ ပြီးမှ ကျွန်မတို့ စကားဆက် ပြောကြတာပေါ့။ ဟုတ်ပြီလား"

ယွီသခင်မက ခေါင်းငြိမ့်ပြလိုက်သည်။ သူမသည် သုံးရက်အချိန်ယူပြီး ချန်းဖိင်ဖန်းရပ်ကွက်တွင် အားချန်အကြောင်း စုံစမ်းခဲ့ပြီးနောက် သူမသည် ယင်းအန်းဝမ် အိမ်တော်နှင့် ထိုမိန်းမတို့နှင့် ပက်သက်ဆက်နွှယ်မှု လုံးဝမရှိကြောင်း သိရှိခဲ့ရသည်။ သူမကို တမင်တကာ ချဉ်းကပ်လာခြင်း ဟုတ်ဟန်မတူချေ။

သို့သော်ငြားလည်း ယွီသခင်မ၏ စိတ်ထဲတွင် မျှော်လင့်ချက် မရှိသော်ငြား သူမသည် ရောက်လာခဲ့လေသည်။

နှစ်ယောက်သား စားပွဲတွင်ထိုင်လိုက်ကြပြီး မကြာခင်မှာပင် ချန်‌ဟွေ့သည် ဗန်းတစ်ချပ်ကိုကိုင်ကာ ထွက်လာခဲ့၏။ အတွင်းထဲတွင် ထမင်းပန်းကန်ငယ်လေး တစ်လုံးနှင့် ဟင်းလေးမျိုး ပါဝင်လေသည်။

သူမက ထမင်းနှင့် ဟင်းလျာများကို စားပွဲပေါ်သို့ ချထားလိုက်ပြီးမှ နှုတ်ဆက်စကားပြောလိုက်၏။ "ယွီသခင်မ ထမင်းစားပြီးပြီလား"

ယွီသခင်မသည် အားချန်ကိုပိုပြီး အမှတ်ရနေသော်ငြားလည်း ထိုနေ့က အားချန်နှင့်အတူ ရှိနေခဲ့ ချန်ဟွေ့ကို မှတ်မိနေခဲ့သဖြင့် ခေါင်းခါယမ်းပြလိုက်၏။

ချန်ဟွေ့ကလည်း ထမင်းမစားသည်ကို မြင်လိုက်ရသည်နှင့် မနေနိုင်ဘဲ မေးလိုက်တော့သည်။ "ရှင်ရော မစားဘူးလား"

ချန်ဟွေ့က အားချန်ကို တစ်ချက်လှမ်းကြည့်လိုက်ကာ အားချန်ကလည်း သူမကို ကျီစယ်သလို ပြုံးပြလိုက်ပြီး ထွက်သွားလိုက်လေသည်။ "သူက ထမင်း စားစရာမလိုဘူး"

"ထမင်း ... စားစရာ မလိုဘူး" ယွီသခင်မမှာ အခိုက်အတန့် နားမလည်နိုင်အောင် ဖြစ်သွားတော့၏။

"ကျွန်မက လူမဟုတ်ဘူး။ အစားစားစရာ မလိုဘူး" ချန်ဟွေ့က ဘေးမှ ပေါ့ပေါ့ပါးပါး ပြောလိုက်တော့သည်။

လူတစ်ယောက်ကို စိတ်အပန်းပြေသွားစေဖို့ အကောင်းဆုံးနည်းလမ်းက အဲဒီလူကို ထိတ်လန့်တုန်လှုပ် သွားစေလောက်တဲ့ သတင်းတစ်ခု ပစ်ချပေးလိုက်တာပဲ။ အဲဒီအချိန်ကျရင် အဲဒီလူက သူ့ဆီမှာရှိတဲ့ လျှို့ဝှက်ချက်က ပြောပလောက်တဲ့အရာ မဟုတ်တော့ဘူးလို့ ခံစားသွားရလိမ့်မယ်။

ယခုအချိန်တွင်လည်း ယွီသခင်မက ဒီလိုအခြေအနေတွင် ဖြစ်နေသည်။

"ရှင်အရင်ထိုင်ပါဦး ကျွန်မ နောက်ဘေးခြံထဲ သွားရှင်းလိုက်ဦးမယ်" ချန်ဟွေ့သည် အချိန်အကြာကြီးမထိုင်ဘဲ အကြောင်းပြချက်ရှာကာ ထွက်သွားတော့သည်။

အားချန်ကလည်း သိပ်မဆာလှသဖြင့် ထမင်းပန်းကန် တစ်ဝက်ကိုသာ စားပြီး တူကို ချထားလိုက်လေသည်။

နှစ်ယောက်သား စားပွဲတစ်ဖက် တစ်ချက်တွင် ထိုင်နေကြပြီး ခုနက အဖြစ်အပျက် ကလေးတစ်ခုကြောင့် တင်းမာနေသည့် ယွီသခင်မသည်လည်း အနည်းငယ် ပေါ့ပါးသွားဟန်တူ၏။

သူမက အားချန်ကို စိုက်ကြည့်ရင်း မေးလိုက်လေသည်။ "ရှင်ပြောခဲ့တဲ့ လက်စားချေဖို့ တခြားနည်းလမ်း ရှိတယ်ဆိုတာ တကယ်ပဲလား"

အားချန်က ချက်ချင်းပြန်မဖြေဘဲ ပြောလိုက်လေသည်။ "ဒါကလည်း ဘယ်လိုရန်ငြိုးလဲ ဆိုတာအပေါ် မူတည်တာပေါ့"

သူမသည် အချိန်အတော်ကြာအောင် နှုတ်ဆိတ်နေပြီးမှ တစ်လုံးချင်းပြောလာတော့သည်။ "အဲဒီမိန်းမက ကျွန်မရဲ့မျက်နှာကို လဲလှယ်ယူသွားခဲ့တာ။ ကျွန်မရဲ့ဂုဏ်ပုဒ် ကျွန်မရဲ့မိသားစု ကျွန်မရဲ့ကလေးကို လုယူသွားခဲ့တယ်။ ရှင် ပြောကြည့်စမ်းပါ။ ဒါက ဘယ်လိုရန်ငြိုးမျိုးလို့ သတ်မှတ်ရမှာလဲ"

သူမ၏ စကားလုံးတိုင်းသည် သွေးစက်များ ကျဆင်းလာသကဲ့သို့ပင်။

...

All Chapters