ရှင်က ကျွန်မနဲ့မှ လာတွေ့ရတယ်လို့...
Vol. 13 Ch. 121
အားချန်မှာ အနည်းငယ် အံ့အားသင့် သွားတော့သည်။ "မျက်နှာပြောင်းတာ ဟုတ်လား"
ယွီသခင်မသည် နားအနောက်ဘက်ကို လက်ဖြင့် စမ်းသပ်လိုက်ပြီးနောက် သူမ၏မျက်နှာကို ဖြည်းညင်းစွာ ခွာချလိုက်လေသည်။ ရုတ်တရက်ဆိုသလို ချောမွေ့ပြီး ထူးဆန်းသည်မျက်နှာတစ်ခုကို မြင်လိုက်ရသောကြောင့် အားချန်မှာ အမှန်တကယ်ပင် တုန်လှုပ်သွားခဲ့၏။
သို့သော်ငြား သူမသည် နောက်သို့မဆုတ်ဘဲ ရှေ့သို့တိုးလာကာ အချိန်တော်တော်ကြာအောင် စိုက်ကြည့်နေလိုက်၏။ သူမက ယွီသခင်မကို မေးလိုက်လေသည်။ "ကျွန်မကိုင်ကြည့်လို့ ရမလား"
ယွီသခင်မက ခေါင်းငြိမ့်ပြလိုက်၏။ အားချန်က ယွီသခင်မ၏ မျက်နှာပေါ်ရှိ အဖြူရောင်အရေပြားကို လက်ဖြင့်လှမ်းကာ တို့ထိကြည့်လိုက်၏။
ထိုအရေပြားသည် လူ့အရေပြား မဟုတ်ဘဲနဲ့ နူးညံ့ကာ စေးကပ်မှုအနည်းငယ် ရှိနေလေသည်။ သူမသည် နားအနောက်ဘက်သို့ ဖြတ်ကြည့်လိုက် ပြန်သည်။
ဒီအရေပြားသည် ယွီသခင်မ၏ အရေပြားနှင့် ပေါင်းစပ်ပြီး အရောင်မတူညီ သည်ကလွဲလျှင် အမာရွတ်တစ်စက် ကလေးမျှ မမြင်ရဘဲ လက်ရာအလွန် ကောင်းမွန်ကြောင်း မြင်သာလှပေသည်။ "ရှင့်မျက်နှာကို ယူသွားတဲ့သူနဲ့ ဒီအရေပြားကို လဲပေးတဲ့သူက တစ်ယောက်တည်း မဟုတ်ဘူးမလား" အားချန်က မေးလိုက်၏။
ယွီသခင်မကလည်း သရော်သလို ရယ်မောလိုက်ကာ "မိန်းကလေးက တကယ်ပဲ အမြင်စူးရှတာပဲ။ အဲဒီလူက ကျွန်မမျက်နှာကို ယူသွားပြီးတဲ့နောက်မှာ အသုံးမဝင်တော့လို့ အဲဒီမိန်းမက သတ်လိုက်တယ်လေ။ အဲဒီမိန်းမကလည်း ကျွန်မကို အသက်ရှင်ခွင့် မပေးချင်ပါဘူး။ အရင်ဆုံး ကျွန်မကို ဆေးတိုက်တယ်။ ပြီးတော့ နှလုံးသားကို ဓားနဲ့ထပ်ထိုးပြီးတဲ့ နောက်ဆုံးကျွန်မကို သင်္ချိုင်းကုန်းမှာ သွားပစ်လိုက်တယ်လေ။ ဒါပေမဲ့ ကျွန်မက ကံကြီးတော့ မသေဘဲ ခံနိုင်ရည်ရှိခဲ့တယ်။ နောက်တော့ လူတစ်ယောက်ရဲ့ ကယ်တင်ခံခဲ့ရပြီး ဒီအရေပြားကို ကပ်ပေးခဲ့တာ"
"ကယ်တင်ခံခဲ့ရပြီးမှ ဘာဖြစ်လို့ အာဏာပိုင်တွေကို အမှုမဖွင့်ခဲ့တာလဲ"
"ဘာဖြစ်လို့လဲဆိုတော့ ကျွန်မမှတ်ဉာဏ် ပျောက်ဆုံးသွားလို့" ယွီသခင်မသည် အတိတ်က အကြောင်းအရာများကို ပြန်တွေးရင်း ရှုပ်ထွေးနေသည့် မျက်နှာထားဖြင့် ပြောလိုက်၏။ "ကျွန်မကို ကယ်တင်ခဲ့တဲ့လူနဲ့ ကျွန်မကို ဒုက္ခပေးခဲ့တဲ့လူက တူအရီးတော် စပ်နေတာ။ သူတို့မိသားစုက အရင်တုန်းက ထူးချွန်တဲ့လူတွေ ပေါ်ထွက်ခဲ့ဖူးပြီး ထူးခြားတဲ့အမွေအနှစ်ကို ပိုင်ဆိုင်ထားခဲ့တယ်"
"သူက သင်္ချိုင်းကုန်းကို သူ့တူရဲ့အလောင်း သွားရှာရင်း ကျွန်မ မသေသေးတာကို တွေ့သွားခဲ့တာ။ သူက ကျွန်မမျက်နှာကို ကြည့်ပြီး သူ့တူသတ်လို့ သေသွားခဲ့တယ်လို့ ထင်သွားခဲ့တာ။ ကျွန်မကို ကယ်တင်ခဲ့ပေမယ့် ကျွန်မစားတဲ့ အစားအစာထဲမှာ ဆေးအမြဲထည့်ထားပြီး ကျွန်မကို မှတ်ဉာဏ်ပျောက်အောင် လုပ်ခဲ့တာ"
"နောက်တော့ ကျွန်မလည်း သူ့စကားကို ယုံသွားတယ်။ ကျွန်မလည်း သူ့သမီးအရင်းလို့ ထင်သွားပြီး မတော်တဆမူကြောင့် မျက်နှာဒဏ်ရာရသွားခဲ့တယ်လို့ ထင်သွားတယ်။ ကျွန်မက သူနဲ့ အကြာကြီး နေထိုင်ခဲ့တာ။ သူက ... ကျွန်မအပေါ် အရမ်းကောင်းပါတယ်။ သူက ကျွန်မရဲ့အဖေအရင်းလိုပဲ"
"သူက ကျွန်မအတွက် လူ့မျက်နှာပုံစံ မျက်နှာဖုံးတွေ အများကြီး လုပ်ပေးတယ်။ လူအစစ်နဲ့ တစ်ပုံစံထဲပဲ။ ကျွန်မကို သာမန်လူတစ်ယောက်လို နေထိုင်နိုင်အောင် လို့ပေးခဲ့တယ်။ ကျွန်မကို သရဲဇာတ်သီချင်း ဆိုတတ်အောင်လည်း သင်ပေးခဲ့တယ်။ ကျွန်မမှာ အသက်မွေးဝမ်း ကြောင်းပညာတစ်ခု ရလာခဲ့တယ်။ ကျွန်မ ... ကျွန်မ သူ့ကိုသေတဲ့အထိ ပြုစုစောင့်ရှောက်ခဲ့တာ"
ယွီသခင်မ၏ အကြည့်သည် လက်ထဲက မျက်နှာဖုံးပေါ်သို့ ကျရောက်သွားပြီးနောက် ညှိုးနွမ်းနေသည့်အပြုံးဖြင့် ပြုံးလိုက်လေသည်။ "သူ သေပြီးတဲ့နောက်မှာ အဲဒီဆေးက ရပ်သွားတယ်။ ကျွန်မရဲ့မှတ်ဉာဏ်တွေက စပြီးတော့ ရှုပ်ထွေးလာတယ်။ ဇာတ်အဖွဲ့ခေါင်းဆောင်က ကျွန်မအတွက် သမားတော် တစ်ယောက် ရှာပေးခဲ့တာ။ သမားတော်က ကျွန်မကို ကုသပေးပြီး ကျွန်မရဲ့မှတ်ဉာဏ်တွေကို လုံးဝပြန်ရအောင် လုပ်ပေးခဲ့တာ"
"မှတ်ဉာဏ်တွေ ပြန်ရလာတော့ သူမရဲ့အရင်ပုံစံကို ပြန်တွေးမိတိုင်း အိပ်မက် မက်နေရသလိုပဲ။ အိပ်မက်ထဲမှာ သူမက ရှန်းအန်းရှန့်ကျူပေါ့။ ကိုယ့်အဖေက ဝမ်ရယ်ဖြစ်တာကို အခွင့်ကောင်းယူပြီး မြို့တော်မှာ ထင်တိုင်းကျဲခဲ့တာ။ ဒါပေမဲ့ ဘယ်သူ့ကို သွားစလို့ရပြီးတော့ ဘယ်သူ့ကို သွားမစရဘူး ဆိုတာကိုတော့ သိပါသေးတယ်။ သူမက အမေနဲ့ဆို အမြဲတမ်း ရန်ဖြစ်နေခဲ့ရတာ။ အမေက သူမကို အဘွားဘက်က မိသားစုနဲ့ အိပ်ထောင်ချပေးချင်တယ်။ သူမက သဘောတူခဲ့ဘူး။ ဒါနဲ့ လူပုံအလယ်မှာပဲ သဘောကျမိတဲ့ ကျန့်ရှီတစ်ယောက်ကို အိမ်ဆွဲခေါ်လာလိုက်တယ်။ သူမရဲ့ ဂုဏ်သတင်းတော့ ပျက်သွားတာပေါ့။ ဒါပေမဲ့ အမေ့ရဲ့ ချုပ်ချယ်မှု အောက်ကနေတော့ လွတ်မြောက်သွားခဲ့တယ်။ ကံကောင်းတာကလည်း သူမရဲ့အမြင်က မဆိုးသေးဘူး။ သူမ ရွေးချယ်လိုက်တဲ့သူက ဒီလက်ထပ်ပွဲကိုလက်ခံပြီး သူမအပေါ်လည်း ကောင်းမွန်ခဲ့တယ်။
သူမတို့လက်ထပ်ပြီး မကြာခင်မှာပဲ သားတစ်ယောက်မွေးလာခဲ့တယ်။ သူကကလေးကို ရွှီချဲ့လို့ နာမည်ပေးခဲ့တယ်။ ပြီးတော့ ... သူမလည်း သူနဲ့အတူ ကျောင်းကျိုးကို ရာထူးတက်လို့ လိုက်သွားခဲ့တယ်။ အဲဒီနောက်မှာတော့ အိပ်မက်ဆိုးစတော့တာပဲ။
အားချန်သည် သူမပြောပြီးသည်အထိ နားထောင်ပြီးမှ ပြောလိုက်၏။ "နောက်ကျသွားပေမယ့် ရှင့်အနေနဲ့ မင်ကျင့်စီးကို သွားတိုင်ကြားဖို့ ရွေးချယ်လို့ ရပါသေးတယ်။ တော်ဝင်မြို့စား မင်းသမီးတစ်ယောက် မျက်နှာအလဲခံရတာက ဒီလောက်ကြီးမားတဲ့ အမှုမျိုးပဲ။ သူတို့က လျစ်လျူမရှုရဲပါဘူး"
"ဟုတ်တယ် တကယ်လို့ ကျွန်မက ရှင်းအန်းရှန့်ကျူ ပိုင်ယွမ် ဆိုရင်တော့ သက်သေပြနိုင်တာပေါ့"
"ဘာကိုပြောချင်တာလဲ" “
ကျွန်မ မင်ကျင့်စီးကိုသွားခဲ့တယ်။ သူတို့က ကျွန်မစကားကို မယုံပေမယ့် ကျွန်မအမှုကိုလက်ခံပြီး သွေးစစ်ပေးခဲ့တယ်" ယွီသခင်မသည် ခေါင်းငုံ့လိုက်ပြီး ညှို့မှိုင်းစွာ ရယ်မောလိုက်လေသည်။ "စစ်ဆေးပြီးတဲ့နောက်မှာ သူတို့ကကျွန်မမှာ တော်ဝင်သွေး လုံးဝမပါဘူးလို့ ပြောတယ်။ ဒါကြောင့် ကျွန်မက ရှင်းအန့်ရှန့်ကျူ မဖြစ်နိုင်ဘူးတဲ့"
သူမက ဘယ်သူဆိုတာတောင်မှ သက်သေမပြနိုင်မှတော့ နောက်ဆက်တွဲ စကားတွေကို တခြားသူတွေက ဘယ်လိုလုပ်ပြီး ယုံကြတော့မှာလဲ။
အားချန်က မျက်မှောင်ကြုတ်လိုက် လေသည်။
"ကျွန်မ မင်ကျင့်စီးမှာ အော်ဟစ်ဆူပူခဲ့လို့ နောက်ဆုံး အဖမ်းခံလိုက်ရတယ်။ အဲဒီသမားတော်က ကျွန်မကို နောက်ဆုံးမှာ ရှာတွေ့သွားပြီး ကျွန်မက နေမကောင်းလို့ စိတ်ဖောက်ပြန်ပြီး မင်ကျင့်စီရုံးတော်ကို ပြဿနာရှာမိတယ်လို့ သက်သေရှာပြီး သက်သေပြခဲ့တယ်။ ကျွန်မအတွက် ဒဏ်ငွေဆောင်ပေးပြီးတော့မှ ကျွန်မကို ပြန်လွှတ်ပေးခဲ့တာ"
"ဒီလောက်နှစ်တွေကြာနေပြီ။ မင်ကျင့်စီးရုံးတော်က တံစိုးလက်ဆောင် ယူမှာမဟုတ်ဘူး" အားချန်က ချီတုံချတုံဖြင့် ပြောလိုက်၏။ "ရှင် ... အိမ်တော်က မွေးစားထားတဲ့သူတော့ မဟုတ်ဘူးမလား"
ယွီသခင်မက ခေါင်းခါပြလိုက်၏။ “ကျွန်မကို မွေးတုန်းက သွေးစစ်ခဲ့တယ်။ မှားစရာအကြောင်း မရှိဘူး။ နောက်တော့ ကျွန်မကို ကယ်တင်ခဲ့တဲ့ သမားတော်ကို မေးကြည့်တော့ သူက တချို့ဆေးတွေက သွေးသားကို ရောထွေးအောင် လုပ်နိုင်တယ်လို့ပြောတယ်။ ဒါပေမဲ့ လူခန္ဓာကိုယ်ကို ထိခိုက်မှုအရမ်းကြီးတယ်တဲ့။ လူတစ်ယောက်က ဘယ်သူဘယ်ဝါ ဆိုတာကို ဖျောက်ဖျက်ဖို့နဲ့ အစိုးရရဲ့ဖမ်းဆီးမှုကို ရှောင်ရှားဖို့ သုံးနိုင်တယ်တဲ့"
ဒါဆိုရင်တော့ သဘောပေါက်သွားပြီ။ သွေးကြောအတိုင်း ခြေရာခံလိုက်တာက ရှားရှားပါးပါး နည်းလမ်းတော့ မဟုတ်ဘူးပဲ။ ဒီလိုဆေးမျိုးပေါ်လာတာ ဖြစ်သင့်တာပါပဲ။
"ရှင့်ကို သတ်ပြီးမှ ဆေးပါတိုက်သွားရတယ်။ အဲဒီလူက ဘယ်သူလဲ။ အခြေအနေကို ဒီလောက်တောင်မှ စေ့စေ့စပ်စပ် ဘယ်လိုလုပ်ပြီးတော့ လုပ်သွားရတာလဲ" သူမက ခဏလောက် ရပ်လိုက်ပြီးမှ ထပ်မေးလိုက်လေသည်။ "ရှင့်ယောက်ျားကရော ဘယ်မှာလဲ"
ယွီသခင်မက ရယ်မောလိုက်၏။ အားချန်ကို ကြောက်လန့်သွားစေမည် စိုးသဖြင့် ရယ်ရင်းက ခေါင်းငုံ့ထားလိုက်လေသည်။ "သူ့နာမည်က ဟန်ရှောင်ထုံ။ သူ့အဖေကအရင်က ရုံးတော်ထဲမှာ စာရေးလေးတစ်ယောက်ပဲ။ ကျွန်မကို မျက်နှာလဲပေးခဲ့တဲ့ ယောက်ျားရဲ့ စေ့စပ်ထားတဲ့ မိန်းကလေးပေါ့။ သူက အများကြီး အသိပညာနည်းပါးတဲ့ သာမန်မိသားစု တစ်ခုကနေ ကြီးပြင်းလာတဲ့ မိန်းကလေးပါ" ယွီသခင်မ၏အသံသည် နှစ်ဝင်သွားပြီး အချိန်တော်တော်ကြာမှ အားချန်ကို ကြည့်လိုက်ကာ ပြောလိုက်လေတော့သည်။ "စေ့စေ့စပ်စပ် သေသေချာချာ လုပ်နိုင်တာက အဲဒီမိန်းကလေး မဟုတ်ပါဘူး။ ကျွန်မယောက်ျား ရွှီဇယ်ချန်ပါ"
ထင်သားပဲ။
ငါကတော့ နည်းနည်းမှ မအံ့ဩဘူး။ တော်ဝင်မြို့စား မင်းသမီးတစ်ယောက်ကို ပြန်ပေးဆွဲပြီး မျက်နှာလဲပစ် ယုံတင်မကဘူး လူမသိအောင်ပါ လုပ်နိုင်ခဲ့တယ်။ တစ်ယောက်ယောက်က ကူပြီးဖုံးကွယ်မပေးဘဲနဲ့ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ယွီသခင်မက အစကတည်းက ရွှီဇယ်ချန် အကြောင်းမပြောခဲ့ပေမယ့် ကိုယ့်မိန်းမမျက်နှာ ပြောင်းသွားတာကို ကိုယ့်ယောက်ျား လုပ်တဲ့သူက တကယ်မသိဘဲ နေပါ့မလား။ သူက အစကတည်းက အမှန်တရားကို သိနေတယ်ဆိုတာက အဖြစ်နိုင်ဆုံးပဲ။
"ရှင် ရှန့်ကျင်းကို လာတာက သူတို့ကို လက်စားချေဖို့လား" အားချန်က သူမကို မေးလိုက်၏။
"ဟုတ်တယ်။ ဒါပေမဲ့ အစကတော့ ဒီနည်းလမ်းကို သုံးဖို့မစဉ်းစားခဲ့ဘူး"
လူသတ်ရင် အသက်ပြန်ပေးရမယ်ဆိုတာ သိတာပေါ့။ သူမတစ်ယောက်တည်းနဲ့ အဲဒီလူနှစ်ယောက်စလုံးကို သတ်နိုင်မှာ မဟုတ်ဘူးဆိုတာလည်း သိပါတယ်။ တခြားနည်းလမ်းတွေ သုံးပြီး သူတို့လုပ်ခဲ့သလောက် ပြန်ပြီးလက်စားချေချင်ခဲ့တာ။
သူမက ကျောင်းကျိုးမှာ တဖြည်းဖြည်း နာမည်ကြီးလာခဲ့တယ်။ ရှန့်ကျင်းက အသိုင်းအဝိုင်းကောင်းတဲ့ လူတွေနဲ့ တမင်ဆက်ဆံရေးတွေ ပြုလုပ်ခဲ့တယ်။ သူတို့ကနေတဆင့် အိမ်တော်က သူမကို သတိထားမိလာအောင် ဆွဲဆောင်နိုင်ခဲ့တယ်။ အကြာကြီး ကြံစည်ခဲ့ပြီးတဲ့ နောက်မှာတော့ အိမ်တော်ထဲကို ဝင်ခွင့်ရခဲ့တယ်။
ယွီသခင်မက ဆက်ပြောလိုက်လေသည်။ "ကျွန်မ တွေးကြည့်ခဲ့တယ်လေ။ သွေးစစ်တာ မအောင်မြင်ပေမယ့် ကျွန်မအဖေနဲ့အမေကတော့ ကျွန်မကို မှတ်မိနိုင်မှာပဲ မဟုတ်လား။ သူတို့က ကျွန်မနေရာကို အစားထိုးဝင်လာတဲ့လူမှာ တစ်ခုခု မှားနေတာကို သတိမထားမိခဲ့ကြဘူးတဲ့လား။ ဟန်ရှောင်ထုံက သိပ်တော်တဲ့လူ မဟုတ်ဘူး။ ဒီနှစ်တွေမှာ အမှားတွေ အများကြီးလုပ်မိမှာပဲ မဟုတ်လား"
အားချန်သည် ဆက်ပြီး မမေးမြန်းတော့ချေ။ အကြောင်းအရင်းမှာ သူမသည် နောက်ဆက်တွဲကို မြင်တွေ့ခဲ့ပြီ ဖြစ်သောကြောင့်ပင်။
ယင်းအန်းဝမ်အိမ်တော်က မိသားစုသည် ထိုရှင်းအန်းရှန့်ကျူ အပေါ် အလွန်ကောင်းမွန်ကြလေသည်။ အိမ်တော်၏ ဝမ်ဖေး၏ ဒေါသကြီးသောစရိုက်ကပင် ရှင်းအန်းရှန့်ကျူအတွက် သဘောထား လျှော့ပေးခဲ့လေသည်။ သူတို့မိသားစုသည် သာယာပျော်ရွှင်ကြပြီး လူအများ၏ အားကျမှုကိုခံရကာ လောကတွင် ချီးကျူးခံနေရလေသည်။
"ရှင် သိလား။ ကျွန်မ ပုဇွန်စားရင် အဖုအပိန့်တွေ ထွက်တတ်တယ်။ ဒီအကြောင်းကို ကျွန်မအဖေအမေ အစ်ကိုကြီးနဲ့ ရွှီဇယ်ချန်တို့ အားလုံးသိကြတယ်" အားချန်က ညင်သာစွာ သက်ပြင်းချလိုက်တော့သည်။
လူတစ်ယောက်ကို အထိခိုက်နိုင်ဆုံးသော သူက တခြားသူရဲ့ တိုက်ခိုက်မှုတွေ မဟုတ်လောက်ဘူး။ ဘာပဲဖြစ်ဖြစ် မျက်နှာကလည်း မရှိတော့ဘူး။ နေရာကလည်း အလုခံလိုက်ရတယ်။ ဒီအခြေအနေမှာတောင် အံကြိတ်ပြီး ဒီနေ့အထိရောက်အောင် လျှောက်လာနိုင်ခဲ့တာပဲ။ ဒါပေမဲ့ အိမ်ကိုအနိုင်နိုင် ပြန်လာခဲ့ပြီးမှ ကိုယ့်မိသားစုဝင်တွေက ရာဇဝတ်ကောင်နဲ့ မိသားစုတစ်ခုတည်း ဖြစ်နေတာကို ကိုယ်မျက်စိနဲ့ တပ်အပ်မြင်လိုက်ရတယ်။ သူတို့က တကယ်ပဲ သတိမထားမိကြတာလား။ ဒါမှမဟုတ် သူတို့က သတိထားမိအောင် မကြိုးစားခဲ့ကြတာလား မသိဘူး။
ဘယ်လိုပဲဖြစ်ဖြစ် ရှင်းအန်းရှန့်ကျူ အဖြစ်က နူးညံ့သိမ်မွေ့ပြီး နာခံတတ်တဲ့ မိန်းကလေးမျိုးမှ မဟုတ်တာ။ သူက သမီးကောင်း တစ်ယောက်မဟုတ်သလို ချစ်ဖို့ကောင်းတဲ့ ညီမတစ်ယောက်လည်း မဟုတ်ဘူး။ ဒါကြောင့် သူမ ပျောက်သွားပြီး သူမနေရာ နူးညံ့ဒီဂရုစိုက်တတ်တဲ့ တစ်ယောက် အစားထိုးဝင်လာတော့ သူမရဲ့မိသားစုကလည်း အဲဒီတစ်ယောက်ကို ချက်ချင်းလက်ခံလိုက်ပြီး ပုံမှန်မဟုတ်တာ မှန်သမျှကိုလည်း လျစ်လျူရှုပစ်ခဲ့ကြတာပဲ။
ယွီသခင်မသည် ထိုင်ခုံပေါ်တွင် မှီလိုက်ကာ အားအင်ကုန်ခမ်းသွားသည့်ဟန်ပင်။
"သူတို့က ကျွန်မရဲ့ ဒီနှစ်တွေအတွင်း ကြိုးစားမှုတွေကို ရယ်စရာတစ်ခုလို ဖြစ်သွားအောင် လုပ်ခဲ့တာ" ယွီသခင်မသည် ခြောက်ကပ်ကပ် မျက်လုံးများကို ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း သူမ၏မျက်နှာကို ပွတ်သပ်လိုက်လေသည်။
ဒီအရေပြားက လင်းယွီရဲ့ မျက်နှာအရေပြားလို့ ကြားတယ်။ ဘာကြောင့်မှန်းတော့ မသိဘူး။ ဒီအရေပြားကို ကပ်လိုက်ပြီးကတည်းက မျက်ရည်တွေ မကျနိုင်တော့ဘူး။ တကယ်တော့ ဒီလိုဖြစ်တာလည်း ကောင်းပါတယ်။ အနည်းဆုံးတော့ ... သူမ ဘယ်လောက်ဝမ်းနည်းနေသလဲ ဆိုတာကို လူတွေမမြင်နိုင်တော့ဘူးပေါ့။
သူမအတွက် တရားမျှတမှုရဖို့ နည်းလမ်းပေါင်းစုံ ကြိုးစားခဲ့ရတယ်။ ဒါပေမဲ့ နောက်ဆုံးမှာတော့ သူမရဲ့မိသားစုဝင်တွေကပဲ သူမကို လမ်းဆုံးထိရောက်အောင် တွန်းပို့ပေးခဲ့ကြတယ်။
"အခုကျွန်မလက်ထဲမှာ ကျွန်မက ပိုင်ယွမ်ဆိုတာကို သက်သေပြနိုင်မယ့် ဘာသက်သေမှမရှိတော့ဘူး။ သူ့ကိုသတ်ပစ်တာကလွဲပြီး တခြားနည်းလည်း မစဉ်းစားတတ်တော့ဘူး"
"ဒါပေမဲ့ ရှင့်ရန်သူက တစ်ယောက်တည်း မဟုတ်ဘူးလေ" အားချန်က ပြောလိုက်၏။
"ဟုတ်တယ်။ ဒါပေမဲ့ ကျွန်မမှာ နည်းလမ်းမရှိဘူး။ ဘာမှမလိုဘဲနဲ့တော့ မနေနိုင်ဘူးမဟုတ်လား"
ကိုယ့်အတွက် လက်စားမချေနိုင်ရင်တောင် ချဲ့အာ အတွက်ကရော ...
သူမကအဲဒီတုန်းက ရွှီဇယ်ချန် မျက်နှာနဲ့ ကလေးကို ရှန့်ကျင်းမှာ ထားခဲ့ရတာ။ ဒါပေမဲ့ နောက်ဆုံးတော့ အဲဒီကလေးလည်း မလွတ်မြောက်သွားခဲ့ဘူးပဲ။
"ကျွန်မ နည်းလမ်းစဉ်းစားပေးလို့ ရတယ်လို့ ပြောခဲ့တယ်လေ"
ယွီသခင်မသည် ဘေးတွင်ထိုင်ကာ သူမကို စိုက်ကြည့်နေသည့် အားချန်ကို ကြည့်လိုက်၏။
မျက်နှာမရှိသည့်အတွက် အားချန်သည် ဒီအခိုက်အတန့်တွင် ယွီသခင်မ၏ မျက်နှာအမူအရာကို မမြင်နိုင်ချေ။ သူမက ယွီသခင်မ ပြောလာသည်ကိုသာ ကြားလိုက်ရလေသည်။ "ရှင် ကျွန်မက လိမ်လိုက်မှာကို မကြောက်ဘူးလား။ ကျွန်မစကားတွေက အရူးတစ်ယောက်လို နေ့ခင်းကြောင်တောင် အိပ်မက်မက်နေသလိုပဲလဲ"
ဒီလိုစကားမျိုး ပြောထွက်လာရင် သူမရဲ့မိဘအရင်းတွေကတောင် ယုံမှာမဟုတ်ဘူး။
အားချန်က မေးစေ့ကို လက်တစ်ဖက်ဖြင့် ထောက်ထားလိုက်ရင်း မိမိကိုယ်ကို ပိုပြီးသက်သောင့်သက်သာ ဖြစ်အောင် ခန္ဓာကိုယ်အနေအထား ပြင်ဆင်လိုက်၏။
"ဒါတော့ စိတ်ပူစရာမလိုပါဘူး။ ကျွန်မက လူတစ်ယောက်ရဲ့ စကားက အမှန်လား အမှားလားဆိုတာကို ခွဲခြားနိုင်ပါတယ်။ ကျွန်မတို့ ဟန်ရှောင်ထုံရဲ့ မျက်နှာအကြောင်း ဆက်ပြောရအောင်။ မျက်နှာလဲတဲ့ ဖြစ်စဉ်မှာ သူတို့သုံးခဲ့တဲ့ ပစ္စည်းတွေကို ရှင်မှတ်မိလား"
အားချန်၏ စကားသည် ယွီသခင်မ၏အာရုံကို လွဲပြောင်းလိုက်တော့သည်။ သူမက အသည်းအသန် စဉ်းစားကာ ထိုနေ့က ဖြစ်ပျက်ခဲ့သမျှကို ပြန်လည်တွေးတောလိုက်၏။
"ကျွန်မမျက်နှာကို လဲသွားတဲ့ယောက်ျားက ဟန်ရှောင်ထုံကို ပြောတာကြားလိုက်တယ်။ ကျွန်မကို ကပ်ထားတဲ့အရေပြားက သူတို့အိမ်ရဲ့မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းလာတဲ့ ရတနာတဲ့။ နတ်ဘုရားရဲ့ မျက်နှာအရေပြားလို့ ပြောကြတယ်။ လောကမှာနှစ်ခုပဲရှိတယ်။ မကြာသေးခင်ကမှာသူ့အဖေ တစ်ခုသုံးလိုက်လို့ အခုတစ်ခုပဲ ကျန်တော့တယ်တဲ့။ တန်ဖိုးမဖြတ်နိုင်ဘူးလို့ပြောတယ်"
"ဟန်ရှောင်ထုံက အဲဒီလူကိုငိုယိုပြီးတော့ ပြောခဲ့တယ်။ သူက လှပတဲ့မျက်နှာလေးတစ်ခု လဲလှယ်ချင်ရုံပါပဲတဲ့။ ဒီလောက်တောင်းဆို တာလေးတောင် မရနိုင်ဘူးလားတဲ့။ နောက်တော့ အဲဒီယောက်ျားက လက်ခံပေးလိုက်တယ်"
"ပြီးတော့ သူတို့က ရှင့်မျက်နှာကို ခွာချပစ်လိုက်တာလား"
"မဟုတ်ဘူး အဲ့ဒီယောက်ျားက ပြောသေးတယ်။ ဟန်ရှောင်ထုံက ကျွန်မမျက်နှာကို တကယ်သဘောကျတယ်ဆိုရင် သူက ကျွန်မမျက်နှာနဲ့ တပုံစံတည်းတူတဲ့ မျက်နှာကိုလုပ်ပေးနိုင်တယ်တဲ့။ ပြီးတော့ အဲဒီအရေပြားနဲ့ ကပ်လိုက်ရင် အစစ်နဲ့တစ်ပုံစံနဲ့တူပြီး ဘယ်သူမှမသိနိုင်ဘူးတဲ့။ ဘယ်တော့မှလည်း ကွာကျမှာမဟုတ်ဘူးလို့ အာမခံတယ်တဲ့"
"ဟန်ရှောင်ထုံက ငြင်းလိုက်တာလား"
"ဟုတ်တယ်။ သူက အဲဒီယောက်ျားကို လူအစစ်ရဲ့မျက်နှာက ပိုကောင်းလားလို့ မေးတယ်။ အဲဒီယောက်ျားကလည်း ဟုတ်တယ်လို့ ပြောတယ်။ ဒီတော့ သူက ကျွန်မရဲ့မျက်နှာအစစ်ကိုပဲ လိုချင်တယ်။ ကျွန်မရဲ့ မျက်နှာကိုခွာချပြီး သူ့ရဲ့မျက်နှာပေါ်မှာ လဲပေးဖို့ပြောခဲ့တယ် ..." ဒီအကြောင်းကို ပြောလာသည့် အခါတွင် ယွီသခင်မ၏အသံမှာ အနည်းငယ် မတည်မငြိမ် ဖြစ်သွားတော့သည်။
အားချန်က သူမ၏စကားကို ဖြတ်ပြောလိုက်၏။ "အဲဒါဘာ အရေပြားလဲဆိုတာ ရှင် သိလား"
"ကျွန်မအဖေ ..." ယွီသခင်မ၏ လေသံသည် တစ်ချက်ရပ်တန့်သွားပြီးမှ ဆက်ပြောလာခဲ့သည်။ "သူ တစ်ခါ ပြောဖူးတယ်။ သူ့အစ်ကိုကြီးလက်ထဲမှာ ဝေရှယ်မြွေရဲ့ မျက်နှာအရေပြား နှစ်ခုရှိတယ်တဲ့။ ဘိုးဘွားတွေ လက်ဆင့်ကမ်းလာတာတဲ့။ အဲဒီအရေပြားကို သုံးလိုက်ရင် မျက်နှာအတုတောင်မှ မျက်နှာအစစ်လို တဖြည်းဖြည်း ဖြစ်လာနိုင်တယ်တဲ့"
ထိုအချိန်က သူမသည် မှတ်ဉာဏ်များ မရှိသေးချေ။ မိမိ၏မျက်နှာ မည်သို့ ပျောက်ဆုံးသွားမှန်းလည်း မသိခဲ့ရချေ။ သူမ တွေးမိသည်မှာ ဖြစ်နိုင်လျှင်တော့ ဝေရှယ်မြွေ၏ အရေပြားကို ရလိုက်ချင်သည်။ ဒီလိုဆိုလျှင်တော့ သူမ၏ဒီကြောက်စရာ ကောင်းသည့် မျက်နှာကြီးကို အမြဲရင်ဆိုင်ရမည် မဟုတ်တော့ချေ။
"ဝေရှယ်မြွေတဲ့လား"
အားချန်၏ မှတ်ဉာဏ်ထဲတွင် ဝေရှယ်မြွေဆိုသည့်အရာ အမှန်တကယ် ရှိလေသည်။ အဲဒီအရာတွေက မွေးကတည်းက လူမျက်နှာနဲ့ မြွေကိုယ်တွေပေါ့။ သူတို့က လူသားမျိုးနွယ်တွေ အစောဆုံး အသိအမှတ်ပြုခဲ့တဲ့ ရှေးကျတဲ့နတ်ဘုရားတွေပဲ။
ဒါပေမဲ့ ဝူမျိုးနွယ်ရဲ့စာအုပ်ထဲမှာတော့ ဝေရှယ်မြွေဆိုတာ တကယ်တော့ ရှေးခေတ် ဝူမျိုးနွယ်တွေထဲက မျိုးစေ့တစ်ခုပဲ။ ဒီမျိုးနွယ်တွေက လူမျက်နှာနဲ့ မြွေအမြီးတွေ ရှိကြတယ်။ ဝေရှယ်မြွေက နည်းနည်း ပိုထူးခြားတယ်။ သူတို့မှာ ခေါင်းနှစ်လုံးရှိကြတယ်။ နောက်ပိုင်းလူသားမျိုးနွယ်က စာအုပ်ထဲမှာ ဝေရှယ်မြွေ အသားစားရင် ဧကရာဇ်ဖြစ်နိုင်တယ်လို့ မှတ်တမ်းတင်လိုက်ကတည်းက ဝေရှယ်မြွေမျိုးနွယ်တွေ တဖြည်းဖြည်း ရှားပါးသွားတော့တာပဲ။ အနည်းဆုံးတော့ သူမကိုယ်တိုင်လည်း မမြင်ဖူးသေးပါဘူး။ ဝေရှယ်မြွေရဲ့ မျက်နှာအရေပြားမှာ ဒီလိုအစွမ်းရှိမှန်း အဲဒီလူတွေ ဘယ်လို သိသွားလည်းတော့ မသိဘူး။
ဒါပေမဲ့ စာအုပ်ထဲမှာ ပြောထားတာကတော့ ရှေးခေတ်ဝူမျိုးနွယ်တွေရဲ့ သက်စောင့်စွမ်းအားက အရမ်းကောင်းတော့ ခန္ဓာကိုယ် အပိုင်းပိုင်း ပျက်သွားရင်တောင် ကျန်တဲ့အပိုင်းအစတွေက ပျက်ဆီးမသွားဖူးတဲ့။ လှီးဖြတ်ထားတဲ့ မျက်နှာအရေပြားက မသေခင်ကအတိုင်း ရှင်သန်နေတာမျိုးလည်း ပုံမှန်ပဲဖြစ်နိုင်တယ်မလား။
အားချန်သည် အတွေးထဲ နှစ်မျောနေသည်ကို တွေ့လိုက်ရသောအခါ အချိန်အတော်ကြာအောင် စောင့်ဆိုင်းလိုက်ပြီးမှ ယွီသခင်မက တုံ့ဆိုင်းစွာဖြင့် မေးလိုက်လေသည်။ "ရှင် ... တကယ်ပဲ နည်းလမ်းရှိတာလား"
အားချန်သည် သတိပြန်ဝင်လာပြီး ပြန်ဖြေလိုက်၏။ "ဒါက မခက်ပါဘူး။ အဲဒီအရေပြားက ဝေရှယ်မြွေ မျက်နှာပေါ်မှာ ရှိနေရင်တော့ ကျွန်မနည်းလမ်း မရှိလောက်ဘူး။ ဒါပေမဲ့ သူ့မျက်နှာပေါ်မှာ ဆိုရင်တော့ သူတို့ ဘယ်လိုကပ်ခဲ့သလဲ ကျွန်မလည်းအဲဒီလိုပဲ ပြန်ခွာလို့ရတယ်လေ။ ရှင်သာ စဉ်းစားထားလိုက်ပါ။ သူတို့ကို ဘယ်လို ပြစ်ဒဏ်မျိုးခံစေချင်သလဲ"
သူမ၏နှလုံးသားသည် တဒုတ်ဒုတ် ခုန်လာပြီး ပိုမြန်ဆန်လာလေသည်။ ဒီမေးခွန်းကို ယွီသခင်မသည် အကြိမ်ပေါင်းများစွာ တွေးတောခဲ့ဖူးပြီး စဉ်းစားရန်မလိုဘဲ ဖြေဆိုနိုင်လေ၏။
"တကယ်လို့ ကျွန်မက ဟန်ရှောင်ထုံက မြို့စားမင်းသမီးအတုဆိုတာကို လူတိုင်း သိစေချင်တယ်ဆိုရင်ရော"
သူမက လူတိုင်းကို အမှန်တရားသိစေချင်တာ။ သူမ(ဟန်ရှောင်ထုံ) ဘာတွေ လုပ်ခဲ့သလဲဆိုတာကို သိစေချင်တာ !
"လူတိုင်းကို သိစေချင်တယ် ..." အားချန်သည် အချိန်အတော်ကြာအောင် စဉ်းစားလိုက်ပြီးနောက် ရုတ်တရက် မျက်လုံးများ လင်းလတ်သွား၏။
သူမက ယွီသခင်မကို မေးလိုက်လေသည်။ "ကျွန်မ မှတ်မိသလောက်တော့ သိပ်မကြာခင်မှာ အရှင်မင်းကြီးရဲ့ မွေးနေ့မဟုတ်လား"
ယွီသခင်မက ခေါင်းငြိမ့်ပြလိုက်၏။ " နောက်တစ်လနေရင်ပါ။ ဟုတ်ပါတယ်"
"အရှေ့မင်းကြီးရဲ့ မွေးနေ့ကျရင် တော်ဝင်မျိုးနွယ်တွေက နန်းတော်ထဲကို ဂုဏ်ပြုပွဲ ဂုဏ်ပြုဖို့ ဝင်ရမှာမဟုတ်လား"
"ဟုတ်တယ်။ အရှင်မင်းကြီးက နန်းတော်ထဲမှာ စားသောက်ပွဲကျင်းပပြီး နေရာအနှံ့က အရာရှိတွေ တော်ဝင်မျိုးနွယ်တွေနဲ့ အတူတူ ပျော်ပွဲရွှင်ပွဲ လုပ်လေ့ရှိတယ်"
အားချန်၏ နှုတ်ခမ်းတောင့်တွင် လှလှပပအပြုံးလေးတစ်ခု ဖြစ်ပေါ်လာခဲ့၏။ "ရှင်လည်း အရှင်မင်းကြီးကို မွေးနေ့လက်ဆောင် မပေးရတာ ကြာပြီမဟုတ်လား။ သူ့ကိုလက်ဆောင် အကြီးကြီးပေးသင့်ပြီ"
ယွီသခင်မသည် အားချန်က ဘာလုပ်ချင်သည်ကို သဘောပေါက်သွားသလို ခံစားလိုက်ရ၏။ "အရှင်မင်းကြီးရဲ့ မွေးနေ့ပွဲမှာလား"
"မကောင်းဘူးလား။ အဲဒီနေ့က ရက်ကောင်းရက်မြတ်ပဲလေ။ အရာအားလုံး အဆင်ပြေမှာ သေချာတယ်" အားချန်က ပြောရင်းရယ်မောကာ ထရပ်လိုက်ပြီး အကြောဆန့်လိုက် လေသည်။
သူမက ခါးကိုလှည့်လိုက်ကာ ယွီသခင်မဘက်သို့ ပြောလိုက်၏။ "ကျွန်မ သူ့ရဲ့မျက်နှာကို ဖြေရှင်းဖို့ ပြင်စရာတွေလိုတယ်။ လေးငါးရက်လောက်ကြာရင် ရှင် ကျွန်မဆီ ပြန်လာခဲ့ ဟုတ်ပြီလား"
"ဟုတ်ပါပြီ !"
ယွီသခင်မသည် ပြန်ဖြေလိုက်ကာ သူမ၏အသံထဲတွင်လည်း ထူးခြားသည့် စွမ်းအားများ ပါဝင်နေသလိုပင်။
သူမသည် ထိုမျက်နှာအတုကို ကိုင်ကာ မျက်နှာပေါ်တွင် ပြန်ကပ်လိုက်ပြီး ရုတ်တရက်မေးလိုက်၏။ "ရှင် ကျွန်မကို ဘာဖြစ်လို့ ကူညီတာလဲ"
အခုထိတောင် ဒီကိစ္စက လွယ်လွယ်ကူကူ ဖြစ်သွားတယ်လို့ ခံစားနေရတုန်းပဲ။ ကိုယ့်ဟာကိုယ် လေထဲမှာ လွင့်နေသလိုပဲ။
အားချန်က ခဏလောက် စဉ်းစားပြီးမှ ပြန်ဖြေလိုက်၏။ "ဖြစ်နိုင်တာက ... ရှင့်ရဲ့ သရဲပြဇာတ်သီချင်းက အရမ်းကောင်းလို့ပဲ ဖြစ်မယ်။ နောက်ဆိုရင် နားထောင်လို့ မရတော့ရင် ကျွန်မနည်းနည်း ဝမ်းနည်းသွားမှာ မလို့ပါ"
"ဒါက သရဲပြဇာတ် သီချင်းသက်သက်ပါပဲ။ ကျောင်းကျိုးမှာ သရဲဇာတ်သီချင်းဆိုတဲ့ သခင်မတွေ အများကြီးရှိတယ်။ ကျွန်မထက် မညံ့ပါဘူး"
"ဒါပေမဲ့ ကျွန်မက သူတို့သီချင်းကို နားမထောင်ဖူးဘူး။ ကျွန်မက ရှင့်သီချင်းကိုပဲ နားထောင်ဖူးတာ" အားချန်က ကျိုးကြောင်း ဆီလျော်စွာဖြင့် ပြောလိုက်လေသည်။ "ကျွန်မက ရှင်ဆိုတဲ့ သီချင်းကို ကြိုက်တယ်။ ဒါကြောင့် ကျွန်မက ရှင့်ကို ကူညီရလိမ့်မယ်"
ယွီသခင်မမှာက ကြောင်အမ်းအမ်း ဖြစ်သွားလေတော့သည်။ ဒီလောက်ရိုးရှင်းတဲ့ အကြောင်းပြချက် ကြောင့်တဲ့လား။
အားချန်က ပြောလိုက်၏။ "ဒါက ရေစက်လို့ပဲ ခေါ်ရမယ်ထင်တယ်။ ရှင်က ကျွန်မနဲ့မှ လာတွေ့ရတယ်လို့လေ"