အရှင်မင်းကြီး၏ မွေးနေ့ ချဉ်းကပ်လာပြီ။ မင်း ငြိမ်ငြိမ်နေ...
Vol. 13 Ch. 122
သူတို့သည် အမွှေးနံ့သာဆိုင်ထဲက လျှောက်ကာ ထွက်လာချိန်တွင် လူတိုင်းကလည်း မနေနိုင်ဘဲ ပြန်လှည့်ကြည့်ရလေသည်။ သူတို့၏ မျက်လုံးများက ဆိုင်၏။ဆိုင်းဘုတ်ပေါ်သို့။ကျရောက်သွားကာ ထိုဆိုင်းဘုတ်ပေါ်မှ စာလုံးများသည် မမျှော်လင့်ဘဲ ကောင်းမွန်နေသည်ကို တွေ့ရှိလိုက်ရ၏။ လာစဉ်အခါက သူမသည် သတိမထားမိချေ။
ထိုနောက်တွင် သူမသည် မိမိကိုယ်တိုင် ထိုလူ၏အမည်ကို မေးမြန်းရန် ထပ်မံ မေ့လျော့ သွားပြန်ကြောင်း သတိရလိုက်လေသည်။
ဒါကလည်း သူတို့၏ တတိယအကြိမ်မြောက် တွေ့ဆုံခြင်း ဖြစ်သော်ငြား အမည်ကိုပင် အပြန်အလှန် မသိရှိကြသေးချေ။ တွေ့ဆုံ ကြုံကြိုက်ခြင်းသည် ရေစက်ပင် ဖြစ်လေသည်။ ထိုမိန်းကလေးသည် အမှန်ပင် လွတ်လပ် ပေါ့ပါးလှလေ၏။
ဒီလိုလူနှင့် ဆုံတွေ့ခဲ့ရသဖြင့် သူမသည် အနာဂတ်အပေါ် မျှော်လင့်ချက် အနည်းငယ်ပင် ဖြစ်ပေါ်လာတော့သည်။
ဒီထက်ပိုဆိုးစရာ မရှိတော့ပါဘူး။ ဘာစိုးရိမ်စရာ ရှိသေးလို့လဲ။
ယွီသခင်မ ထွက်ခွာသွားပြီးနောက် ချန်ဟွေ့သည် အနောက်ဘက်ခြံဝင်းမှ အရှေ့ဘက်သို့ ထွက်လာခဲ့၏။ သူမသည် အားချန်ကို ပန်းကန်ခွက်ယောက်များ သိမ်းဆည်းခိုင်းလိုက်ပြီး သူမကိုယ်တိုင်ကတော့ ဆိုင်တံခါးပိတ်ရန် ပြင်ဆင်လိုက်လေသည်။
နှစ်ယောက်သားသည် ခဏလောက် အလုပ်များလိုက်ကြပြီးနောက် ယွီနာရီ (ညနေ၅နာရီမှ၇နာရီ) ကျော်လွန်သွားသည်နှင့် အပြင်ဘက်တွင် မှောင်စပျိုးလာကာ အိမ်တိုင်းလိုလို ဖယောင်းတိုင်များ ထွန်းညှိနေကြလေပြီ။
ချန်ဟွေ့သည် အားချန်၏ အခန်းထဲတွင်ထိုင်ကာ သူမပြောပြနေသည့် ယွီသခင်မ ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်များကို နားထောင်နေခဲ့၏။
မိမိကိုယ်တိုင်က အတွေ့အကြုံများ ရှိနေနှင့်ခဲ့ပြီးဖြစ်သဖြင့် ယခုအခါ ယွီသခင်မ၏ အဖြစ်အပျက်များကို ကြားသိရသည့်တိုင် အံ့အားသင့်စရာဟု အများကြီး မခံစားမိတော့ချေ။
သို့သော်ငြား ဒီအဖြစ်အပျက်တွင် တော်ဝင်မျိုးနွယ်၏ ဂုဏ်ပုဒ်ကို အစားထိုးခြင်း ပါဝင်နေသောကြောင့် သူမသည် မနေနိုင်ဘဲ ပြောလိုက်တော့သည်။ "ဒါပေမဲ့ ဒီကိစ္စထဲမှာ တော်ဝင်မျိုးနွယ်ရဲ့ ဂုဏ်ပုဒ်ကို အစားထိုးတဲ့အထိ ပါနေတာပဲ။ အဲဒီရွှီသခင်ကြီးနဲ့ ရှန့်ကျူအတုက တော်တော်သတ္တိရှိတာပဲ။ သူတို့နှစ်ယောက်က ဘယ်လောက်တောင် သံယောဇဉ် နက်ရှိုင်းနေလို့ ဒီလိုအထိ လုပ်ရဲရတာလဲ မသိဘူး။ တကယ်လို့သာ ပေါ်သွားရင် အရှင်မင်းကြီးက အမျက်တော်ရှမှာ သေချာတယ်"
ဒီကိစ္စကို ကြီးကြီးကျယ်ကျယ် ပြောရမည်ဆိုလျှင် တော်ဝင်သွေးသားကို ရောနှောဖျက်ဆီးခြင်းပင်။
တစ်ယောက်ကလဲလို့ရရင် တခြားသူတွေကရော ...
အရှင်မင်းကြီးက အဲဒီအရေပြားက တစ်ခုတည်းရှိလားမရှိလား ဂရုစိုက်မှာမဟုတ်ဘူး။ သူက သူ့ကိုယ်သူပဲတွေးပြီး အမှုပတ်အောင် လုပ်တဲ့သူတွေကို သိပ်မထူနေမထူး ဖြစ်သွားအောင်လုပ်ပစ်မှာပဲ။
"စကားတစ်ခုရှိတယ်လေ။ သတ္တိရှိတဲ့သူက စားရပြီးသေတယ်။ သတ္တိမရှိတဲ့သူကတော့ ငတ်ပြီးသေတယ်ပေါ့။ တစ်ခါလောက် စွန့်စားလိုက်ရုံနဲ့ သုခချမ်းသာတွေ ရမယ်ဆိုရင် ဘယ်သူကမလိုဘဲ နေချင်မှာလဲ"
ငါကတော့ တကယ်ပဲ လူ့စိတ်ကို နားလည်သထက် နားလည်လာပြီပဲ။ အားချန်က ထိုသို့ တွေးလိုက်မိလေသည်။ အကျိုးအမြတ်ကသာ အများကြီးရှိမယ်ဆိုရင် စွန့်စားရတာက ဘာမှမဟုတ်တော့ဘူး။ လူတောင် မလုပ်တော့ဘူးလေ။ ရှန်းမိသားစုက အကောင်းဆုံး ဥပမာပဲ မဟုတ်လား။
"ကံဆိုးချင်တော့ သူတို့က ရှင့်လက်ထဲ ရောက်လာတာပဲ" ချန်ဟွေ့က ရယ်မောရင်း ပြောလိုက်၏။
"ကံဆိုးတယ်လို့ ပြောလို့ ဘယ်ရမလဲ။ ဒါက မမျှော်လင့်ထားတဲ့ ရေစက်တစ်ခုဆိုတာ ထင်ရှားနေတာပဲ" အားချန်သည်လည်း ပြုံးလိုက်လေသည်။ ကောင်းသောရေစက်ဖြစ်စေ ဆိုးသောရေစက်ဖြစ်စေ ရေစက်ကရေစက်ပင်။ သူမသည် ဘယ်သောအခါမှ ခွဲခြားဆက်ဆံခြင်းမပြုဘဲ အရာအားလုံးကို စိတ်နှလုံးကောင်းထားကာ ဆောင်ရွက်တတ်လေသည်။
ယွီသခင်မနှင့် ကြိုတင်ပြောဆိုထားပြီး ရက်အနည်းငယ် အချိန်ယူထားသောကြောင့် အားချန်သည် အလျင်လိုခြင်းတော့ မရှိချေ။ နောက်တစ်နေ့ ဆိုင်ဖွင့်ချိန်တွင် ချန်ဟွေ့က ဧည့်သည်များကို ဧည့်ခံနေချိန်တွင် သူမကတော့ ကောင်တာအနောက်တွင် ဆေးနည်းများကို ပြင်ဆင်ရေးသားနေဆဲပင်။
ဝူမျိုးနွယ်၏ ဈာပနအမျိုးအစား များစွာရှိလေသည်။ တချို့က မီးသင်္ဂြိုလ်ခြင်းကို ရွေးချယ်ကြပြီးတော့ တချို့က ပုတ်သိုးနေသော အသားများကို ဖယ်ရှားကာ အရိုးများသာ ထာဝစဉ်ကျန်ရှိနေရန် ပြုလုပ်ကြသည်။ ဝူမျိုးနွယ်အချို့သည် သေဆုံးပြီးနောက် အလောင်းကို အပြည့်အစုံ ထမ်းထားရလေသဖြင့် ဒီနည်းလမ်းသည် အလောင်းကို အထူးပြုရန်အတွက် ဖြစ်လေသည်။
ဆေးနည်းထဲတွင် ဟေးဟော်ရှီ (မီးအနက်ကျာက်) အများအပြားကို အသုံးပြုထားသည့် ထိုအရာသည် မီးဂူများထဲမှ ထွက်လာသော ကျောက်တုံးတစ်မျိုးဖြစ်ပြီး ကိုင်တွယ်ကြည့်လျှင် အနည်းငယ် အေးစက်ကာ စုပ်ယူမှုစွမ်းအား ပြင်းထန်ပြီး တိုက်စားနိုင် စွမ်းအားကလည်း အနည်းငယ်ရှိလေသည်။
ဝူမျိုးနွယ်တို့သည် ဟေးဟော်ရှီကိုအသုံးပြုကာ သေဆုံးသွားသော မျိုးနွယ်ဝင်များ၏ အလောင်းများကို အခြောက်ခံကာ ရုပ်အလောင်းများ ပြုလုပ်ကြပြီးမှ နောက်ဆက်တွဲ ဓလေ့ထုံးတမ်းများကို လုပ်ဆောင်ကြ၏။ ဒီလိုပြုလုပ် ခြင်းကလည်း အကြောင်းအရင်း ရှိပေသည်။
လူသားမျိုးနွယ်သာမက ဝူမျိုးနွယ်များသည်လည်း သေပြီးနောက် ပြန်လည်နိုးထ လာတတ်ကြသည်။
အနီးအနားက အဖြစ်အပျက်များကိုထားကာ ရှေးဟောင်း ဒဏ္ဍာရီများတွင်ပင် ကြီးမြတ်သော ဝူမျိုးနွယ်တစ်ဦးသည် ဦးခေါင်းဖြတ်ခံရပြီးနောက် နေရာတွင်ပင် ပြန်လည်ထလာကာ အကြီးအကျယ် သတ်ဖြတ်ခဲ့သည့် ပုံပြင်များကလည်း ပျံ့နှံ့လို့နေ၏။
နောက်ပိုင်း ဝူမျိုးနွယ်များသည် ဘိုးဘေးများကဲ့သို့ ရဲရင့်ခြင်း မရှိကြသော်ငြား ဘိုးဘေးများ၏ သေဆုံးပြီးနောက် ပြန်လည်နိုးထလွယ်သော အကျင့်ကိုတော့ ဆက်ခံရရှိခဲ့လေသည်။
ဒီလိုကိစ္စ ဝိစ္စများကို ရှောင်ကျဥ်ရန်အတွက် ဝူမျိုးနွယ် ဘုန်းတော်ကြီးများသည် မျိုးနွယ်ဝင်များ၏ အလောင်းများကို အရင်ဆုံး သက်ဝင်လှုပ်ရှားမှု မရှိအောင် ပြုလုပ်ကြသည်။ ဒီလိုနှင့် အလောင်းသည် သိမ်းဆည်းရန်လွယ်ကူပြီး ထခုန်ကာ လူများကို ကြောက်လန့်အောင် ပြုလုပ်ခြင်းမှလည်း ကာကွယ်နိုင်လေသည်။
အားချန်သည် သူမ၏ဆေးနည်းကို အာရုံစိုက်နေချိန်မှာပင် ဘေးက ဧည့်သည်တစ်ဦးက ချန်ဟွေ့နှင့် စကားစတင်ပြောဆိုနေ၏။
ထိုအမျိုးသမီးဧည့်သည်က ပြောလိုက်သည်။ "ဒီရက်ပိုင်း ရာသီဥတုက တဖြည်းဖြည်း ပိုအေးလာတယ်။ မနက်စောစော အပြင်ထွက်ရင် အိမ်က အစေခံမလေးက လက်ကိုင်မီးဖိုလေးကို ကြိုတင်ပြင်ဆင် ပေးထားရတယ်"
"ဖူးရန်ရဲ့ ခန္ဓာကိုယ်က နည်းနည်းအားနည်း နေသေးတယ်။ ဆောင်းရာသီမှာ အခက်အခဲ မဖြစ်ရအောင် သေချာဂရုစိုက်သင့်ပါတယ်"
"ဟုတ်ပါရဲ့။ အဲဒီ ငမွှေလေးကို မွေးပြီးကတည်းက ကျွန်မက အအေးဒဏ်ကို ပိုပြီးမခံနိုင်တော့ဘူး" ထိုဖူးရန်သည် ညည်းညူလိုက်ပြီး စကားလမ်းကြောင်း ပြောင်းလိုက်လေသည်။ "ဒါနဲ့ ကျွန်မအရင်က လက်ကိုင်မီးဖိုထဲမှာ အမွှေးမှုန့် ထည့်ဖူးတယ်။ အရမ်းမြန်မြန် လောင်ကျွမ်းသွားတာပဲ။ ဆိုင်ရှင်က လုပ်နည်းလေး ဘယ်တော့လောက် ပြင်ပေးနိုင်မလဲ။ ကျွန်မတို့ဆိုင်က အခုနောက်ပိုင်းထွက်တဲ့ အမွှေးနံ့သာ အသစ်ကို ကျွန်မ တကယ်ကြိုက်တာ။ တနေ့လုံးတောင် မွှေးကြိုင်နေချင်တာ"
တစ်ဖက်လူ ပြောလာသည့် စကားကို နားထောင်ပြီးနောက် အားချန်သည် ရုတ်တရက်အတွေးတစ်ခု ရလိုက်လေသည်။ သူမက ခေါင်းကိုမော့ကာ တစ်ဖက်လူကိုပြုံးပြီး ပြောလိုက်သည်။ "ဖူးရန်က လက်ကိုင် မီးဖိုလေးထဲမှာသုံးမယ့် အမွှေးနံ့သာမှုန့်ကို လိုချင်တယ်ဆိုရင် ကျွန်မဒီရက်ပိုင်းအတွင်း စမ်းလုပ်ကြည့်လိုက်ပါမယ်"
"ဒါဆိုရင်တော့ ကောင်းတာပေါ့။ ဆိုင်ရှင်ရဲ့ အမွှေးနံ့သာမှုန့်ကို ကျွန်မ စောင့်နေပါ့မယ်"
ထိုဧည့်သည်ကို ပို့ဆောင်ပြီးနောက်တွင် အားချန်သည် နောက်ဖေးခြံဝင်းထဲသို့ ပြန်လာခဲ့ကာ ခြံဝင်းထဲတွင် မခြောက်သေးသော အဝတ်များကို ချိတ်လှန်းထားသည်ကို တွေ့လိုက်ရလေသည်။
ယခင်ဆောင်းရာသီက သူမအဝတ်လျှော်ပြီးနောက် ထိုအဝတ်များသည် ရက်ပေါင်းများစွာ မခြောက်သွေ့ခဲ့သည့် အကြောင်းကို မနေနိုင်ဘဲ တွေးမိလိုက်လေသည်။
ငါ ဟေးဟော်ရှီကို သုံးရမှာပဲ။ အဲဒီကျောက်က ရေစုပ်နိုင်တယ်။ ဒါနဲ့အဝတ်တွေ အခြောက်ခံလို့ ဘယ်လိုသုံးရမလဲဆိုတာ အရင်ဆုံး လေ့လာကြည့်ရမယ်။
အားချန်သည် မိမိကိုယ်တိုင် အလွန်ထက်မြက်သည်ဟု ပိုပြီးတွေးထင်လာတော့၏။ သူမသည် ချက်ချင်းပင် ဆေးနည်းပေါ်က ဟေးဟော်ရှီ၏ ပမာဏကို သုံးဆအထိ တိုးမြင့်လိုက်ကာ ငွေစက္ကူများကို ယူပြီး စိတ်အားထက်သန်စွာ ထွက်ခွာလာလေသည်။
အားချန်သည် အနောက်ဘက်ခြံဝင်းသို့ ဝင်သွားပြီး မကြာခင်မှာပင် အပြင်သို့ ပြေးထွက်သွားသည်ကို မြင်လိုက်သောအခါ ချန်ဟွေ့ကလည်း လမ်းအော်ကာ သတိပေးလိုက်ရတော့၏။ "လမ်းမှာ သတိထားသွားအုံး"
"သိပါပြီ"
အားချန်သည် အနောက်ဘက်ဈေးသို့ သွားရောက်ကာ မုဆိုးဆိုင်သုံးဆိုင်ကို ရှာဖွေခဲ့၏။ သူမ၏ဆေးနည်းထဲက အသေးအဖွဲ ပစ္စည်းများကို ဆိုင်ငယ်နှစ်ဆိုင်တွင် ဝယ်ယူခဲ့ပြီး အကြီးဆုံးဆိုင်တွင်တော့ ဟေးဟော်ရှီကျောက်ကို သွားရောက်ဝယ်ယူလေသည်။
ဟေးဟော်ရှီကျောက်၏ ဈေးနှုန်းသည် မကြီးလှသော်ငြားလည်း သာမန်ဆိုင်များသည် တစ်ကြိမ်တည်းဖြင့် များများစားစား သိုလှောင်ထားလေ့ မရှိချေ။ ဒီကျောက်တုံးသည် တည်ငြိမ်မှုမရှိသော်ငြား လက်ထဲတွင် မကိုင်ထားသရွေ့ အန္တရာယ်ကင်းသော်လည်း အမျိုးမျိုးသော မတော်တဆမှုများ ဖြစ်ပွားနိုင်သေးသည်။
အားချန် ဝယ်ယူသည့်ပမာဏက အမှန်တော့ အလွန်မများလှချေ။ ပုံးတစ်ပုံးစာမျှသာ ဖြစ်လေသည်။
သူမ သွားရောက်မေးမြန်းခဲ့သည့် မုဆိုးဆိုင်က အမှန်ပင် ပစ္စည်းရှိနေသည်။ သို့သော်ငြားပစ္စည်းကို သယ်ယူပို့ဆောင်ရန် ၁နာရီခန့် ကြာမြင့်မည်ဖြစ်ပြီး အိမ်တိုင်ရာရောက် အခမဲ့ ပို့ဆောင်ပေးရန် လိုအပ်သလားဟု မေးမြန်းလာခဲ့သည်။
အားချန်ကလည်း ဝမ်းမြောက်စွာ သဘောတူလိုက်ပြီး ဆိုင်ရှင်ကို လိပ်စာ ပေးခဲ့လိုက်သည်။
သူမ ထွက်သွားပြီးနောက် မုဆိုးဆိုင်၏ဆိုင်ရှင်သည် အားချန်၏လိပ်စာ သူမဝယ်ယူခဲ့သည့် ပစ္စည်းအရေအတွက်နှင့် အမည်များကို စာရွက်ပေါ်တွင် ရေးထားကာ ဆိုင်ဝန်ထမ်းကို ပေးလိုက်ပြီး ပြောလိုက်၏။ "မင်ကျင့်စီး ရုံးတော်ကိုပို့လိုက်"
အရှင်မင်းကြီး၏ မွေးနေနီးကပ်လာပြီ ဖြစ်သဖြင့် ရှန့်ကျင်း နေရာအနှံ့အပြားတွင် တင်းကျပ်စွာ စစ်ဆေးလျက်ရှိလေသည်။ သူတို့လို မုဆိုးဆိုင်များသည် ဒီအချိန်တွင် ပိုပြီးသတိထားနေရ၏။ မရောင်းသင့်သော ပစ္စည်းများကို မတော်တဆ ရောင်းချမိပြီး အစိုးရက သိမ်းဆည်းသွားမှာကိုလည်း စိုးရိမ်ကြရသည်။
ဟေးဟော်ရှီကျောက်သည် အထူးအန္တရာယ်ရှိသော ပစ္စည်းမဟုတ်သော်ငြားလည်း တစ်ကြိမ်တည်း ဒီလိုအများကြီး ဝယ်ယူပါက အစိုးရကို အကြောင်းကြားရန် လိုအပ်လေသည်။
ဒီလိုနှင့် အားချန်၏ ဆေးဝယ်စာရင်းသည် နောက်ဆုံးတော့ မင်ကျင့်စီးသို့ ရောက်ရှိသွားခဲ့ပြီး အောက်ခြေက မင်ကျင့်စီးအစောင့်များက စုစည်းက ယနေ့တာဝန်ကျတပ်မှုး ဖုန်းယန်၏ စားပွဲပေါ်သို့တင်ထား လိုက်လေသည်။
ဖုန်းယန်သည် မြို့ထဲက မုဆိုးဆိုင်များက ပေးပို့လာသော ပစ္စည်းစာရင်းကို တစ်ခုချင်းစီ ကိုင်တွယ်ကြည့်ရှုလေ၏။ ဟေးဟော်ရှီ တစ်ပုံးကို တွေ့လိုက်ရသည့်အခါ သူ့မျက်လုံးများမှာ ပြောင်းလဲမှုတစ်စုံတစ်ရာ မရှိပေ။ နောက်တစ်ခဏတွင် သူ့မျက်လုံးများသည် အောက်ကလိပ်စာကို ရုတ်တရက် မြင်တွေ့သွားပြီး ရင်းနှီးနေသည့် ချန်းဖိင်ဖန်း ရပ်ကွက်ဆိုသည့် နာမည်ကြောင့် လန့်သွားလေတော့သည်။
လိပ်စာကို ပြန်စစ်ဆေးကြည့်လိုက်သည်တွင်လည်း မိန်းကလေးကျိ၏ အိမ်ဖြစ်နေ၏။ သူသည် ထိုပစ္စည်းစာရင်းကို ခဏလောက် စိုက်ကြည့်နေလိုက်ပြီး မိမိကိုယ်တိုင် ဝင်ရောက်စွက်ဖက်ရန် မသင့်တော်ဟု ယူဆကာ မိမိ၏လူကြီးမင်းကို ရှာဖွေရန် ဆုံးဖြတ်လိုက်တော့သည်။
ဒီလိုနှင့် ဒီပစ္စည်းစာရင်းသည် နောက်ဆုံးတော့ ပိုင်ရှိုးမင်၏ လက်ထဲသို့ ရောက်သွားလေတော့၏။
"ဟေးဟော်ရှီ ကျောက်တစ်ပုံးလား" ပိုင်ရှိုးမင်သည် တည်ငြိမ်နေသည့် မျက်နှာထားဖြင့် ဖုန်းယန်ကို ကြည့်လိုက်ပြီး "ဒီလို ကိစ္စသေးသေးလေးကိုတောင် ငါက မင်းကို ဘယ်လိုဆောင်ရွက်ရမယ်ဆိုတာ သင်ပေးဖို့ လိုနေသေးတာလား"
"လူကြီးမင်းအောက်က လိပ်စာကို ထပ်ပြီးကြည့်ကြည့်ပါဦး"
ပိုင်ရှိုးမင်၏အကြည့်ကလည်း တစ်ချက်စူးရှသွားတော့သည်။
"မိန်းကလေးကျိက ရုတ်တရက် ဒီလောက်များတဲ့ ဟေးဟော်ရှီကျောက်တွေကို ဘာလုပ်မလို့လဲတော့ မသိဘူး။ ဒါပေမဲ့ ဘာအန္တရာယ်မှတော့ မရှိလောက်ပါဘူးနော်"
ဖုန်းယန်၏ လေသံကလည်း မရေမရာဖြစ်နေ၏။ သူ့အထင်တွင်တော့ မိန်းကလေးကျိသည် ဘာပြဿနာမှ ရှာဖွေခြင်းမရှိဟု ထင်ရသော်ငြား ဘာကြောင့်မှန်းတော့မသိ ဒီပစ္စည်းစာရင်းကို မြင်လိုက်ရချိန်တွင် သူ့စိတ်ထဲ၌ တစ်ချက်ထိတ်လန့် သွားခဲ့လေသည်။
ပိုင်ရှိုးမင်က မိမိကိုယ်ကို စိတ်လှည့်စားမှု လုပ်နေသည့်ဖုန်းယန်ကို ဂရုမစိုက်ဘဲ မေးလိုက်၏။ "ဟေးဟောရှီကျောက် တစ်ခုထဲလား။ တခြားပစ္စည်းတွေ မပါဘူးလား"
ဖုန်းယန်က ခေါင်းခါလိုက်၏။ "အဲဒီမုဆိုးဆိုင်က တင်ပြလာတာ ဒီတစ်မျိုးထဲပါပဲ"
" အင်း"
ပိုင်ရှိုးမင်က အင်းဟု တစ်ခွန်းထဲသာ ညည်းလိုက်ပြီး တုံ့ပြန်မှုမရှိသည်ကို မြင်ရသောအခါ ဖုန်းယန်ကလည်း နားမလည်နိုင် ဖြစ်သွားပြီး ဆက်မေးလိုက်တော့သည်။ "လူကြီးမင်း ဒီပစ္စည်းကို လွှတ်ပေးလိုက်တော့မလား"
"အဲဒီမုဆိုးဆိုင်ဝန်ထမ်းကို ပစ္စည်းကို မင်ကျင့်စီးကို အရင်ပို့ခိုင်းလိုက်"
ကျွတ် ကျွတ်။ မိန်းကလေးကျိရဲ့ ပစ္စည်းကိုတောင် ဒီလောက် တင်းတင်းကျပ်ကျပ် စစ်ဆေးရတယ်။ လူကြီးမင်းက တာဝန်ကိစ္စနဲ့ ပတ်သက်လာရင် တကယ်မျက်နှာမလိုက်ဘူးပဲ။
ဒီလိုနှင့် ထိုနေ့မွန်းလွဲပိုင်းတွင် အားချန်သည် သူမ၏ ဟေးဟော်ရှီကျောက် အိမ်တိုင်ရာရောက် ပို့ဆောင်လာမည်ကို စောင့်နေချိန်တွင် ကျောက်တုံးနှင့်အတူ ရောက်ရှိလာသူမှာ ပစ္စည်းသာမက ပိုင်ရှိုးမင်နဲ့ သူ၏လက်အောက်ငယ်သား ဖြစ်နေလေတော့သည်။
အားချန်သည် တံခါးဝတွင်ရပ်ကာ မင်ကျင့်စီးအစောင့်များ သယ်ဆောင်လာသည့် ဟေးဟော်ရှီကျောက်တစ်ပုံးနှင့် ဘေးတွင် ကသိကအောက်ဖြစ်နေသည့် မုဆိုးဆိုင်ဝန်ထမ်းကို ကြည့်လိုက်လေသည်။
ပိုင်ရှိုးမင်က ကိုယ်တိုင်ကိုယ်ကျ လာရောက်စစ်ဆေးတာက တကယ်ပဲ သူ့ပုံစံအတိုင်းပဲ။ ငါ့ကို နည်းနည်းလေးမှ စိတ်မပျက်ရစေဘူး။
"ပိုင်လူကြီးမင်းက ဒီကို ဘာလာလုပ်တာလဲ" အားချန်ကလည်း သူ့ကို မျက်စောင်းဖြင့် ပြန်ကြည့်ကာ မေးလိုက်လေသည်။
"ပုံမှန်စစ်ဆေးမေးမြန်းတာပါ" သူလေသံက ခဏရပ်တန့်သွားပြီးမှ ထပ်ပြောလာ၏။ " မိန်းကလေးကျိက ပူးပေါင်းဆောင်ရွက်ပေးဖို့ အဆင်ပြေပါ့မလား"
ငါက ပူးပေါင်းမဆောင်ရွက်ဘူးဆိုရင် သူကပဲ ထွက်သွားတော့မယ့်ပုံစံမျိုးနဲ့ ပြောနေလိုက်တာ။
အားချန်သည် နှုတ်ခမ်းကို မဲ့ထားလိုက်ပြီးနောက် အနည်းငယ် နောက်ဆုတ်ပေးလိုက်ကာ တံခါးဝတွင် ပိတ်ဆို့မနေဘဲ ပြောလိုက်တော့၏။ "ဝင်ခဲ့ပါ"
ကံဆိုးချင်တော့ သူမသည် ပိုင်ရှိုးမင် တစ်ယောက်တည်းကိုသာ ဝင်ခွင့်ပြုခဲ့ပြီး တခြားသူများက တံခါးတွင်ပင် ဆက်လက်ရပ်နေကာ ဘယ်သူမှလည်း ရှေ့သို့တစ်လှမ်းမှလည်း မတိုးဝံ့ကြချေ။
ပိုင်ရှိုးမင်သည် သူမနောက်က လိုက်လာကာ ဆိုင်ထဲသို့ ဝင်ရောက်လာပြီး စားပွဲတွင် သဘာဝကျကျ ဝင်ထိုင်လိုက်ပြီးနောက် အိမ်ရှင်ကဲ့သို့ပင် အားချန်အတွက် ရေတစ်ခွက်ငှဲ့ပေးလိုက်လေသည်။
အားချန်က ရေခွက်ကို မော့သောက်မည် ပြင်လိုက်ပြီးမှ ရုတ်တရက် သတိရသွားဟန်ဖြင့် ရေခွက်ကို ပြန်ချထားလိုက်ကာ "ပြောလေ။ ဘာမေးချင်လို့လဲ။ ကျွန်မ သိသမျှ အကုန်ပြောပြမှာပါ။ ပိုင်လူကြီးမင်းကို ကျေနပ်စေရမယ်လို့ အာမခံပါတယ်"
"မိန်းကလေးကျိက ဘာဖြစ်လို့ ဒီလောက်များတဲ့ ဟေးဟော်ရှီ ကျောက်တွေကို ဝယ်ရတာလဲ"
"အဝတ်တွေ အခြောက်ခံဖို့လေ" အားချန်ကလည်း တုံ့ဆိုင်းမနေဘဲ ပြန်ဖြေလိုက်လေသည်။
"အဝတ်တွေ အခြောက်ခံဖို့ ဟုတ်လား" ပိုင်ရှိုးမင်၏ မျက်လုံးများသည် စူးရှနေပြီး အားချန်ကို ငါက မင်းစကားကို ယုံလိမ့်မယ်လို့ မင်းက ထင်နေလား ဟူသည့် ပုံစံမျိုးဖြစ်နေ၏။
အားချန်ကလည်း ယုံကြည်ချက်ရှိရှိဖြင့် ပြန်စိုက်ကြည့်လိုက်ကာ "ကြည့်ရတာ ပိုင်လူကြီးမင်းက လက်ဆယ်ချောင်းလုဲး အလုပ်မလုပ်တဲ့သူ ထင်တယ်။ ကျွန်မတို့လို သာမန်လူတွေက ဆောင်းရာသီမှာ အဝတ်လျှော်ရင် အခြောက်ခံရတာ ခက်တယ်လေ။ အိမ်မှာကလည်း အဝတ်အစားတွေ အများကြီး အပိုမရှိတော့ ဒါက တကယ် စိတ်ညစ်စရာပဲပေါ့"
အားချန်သည် အချိန်အတော်ကြာ ပြောဆိုနေသော်ငြားလည်း တစ်ဖက်က အမျိုးသားကတော့ တုံ့ပြန်မှု တစ်စုံတစ်ရာ မရှိခဲ့ချေ။ သူမက စိတ်ပျက်မသွားဘဲ ဆက်ပြီး ကြိုးစားလိုက်လေသည်။ "ဒါနဲ့ကျွန်မလည်း စဉ်းစားမိတာ။ ဟေးဟော်ရှီကျောက်က ရေစုပ်နိုင်တယ်။ ပြုပြင်မွမ်းမံပြီးရင် အဝတ်တွေ အခြောက်ခံဖို့ သုံးလို့ရနိုင်လောက်တယ်။ ဒါဆိုရင် ကျွန်မရဲ့စိတ်ညစ်စရာတွေ အများကြီး သက်သာသွားနိုင်တယ်။ ဒီလိုအတွေးငယ်လေးက ရှင့်ကို ဆွဲဆောင်မိသလို ဖြစ်သွားလိမ့်မယ်လို့ ဘယ်သူက သိမှာလဲ"
သူမသည် တစ်တောင်ဆစ်ကို စားပွဲပေါ်တွင် ထောက်ထားလိုက်ပြီး ကိုယ်ကိုအနည်းငယ် ရှေ့သို့ကိုင်းကာ မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်လုပ်ပြရင်း အပြစ်ကင်းစင်သော ဟန်ပန်ဖြင့် ပြောလိုက်လေသည်။ "မဟုတ်မှလွဲရော ကျွန်မက တားမြစ်ထားတဲ့အရာကို ကျူးလွန်မိသွားတာလား။ ဒါမှမဟုတ် မုဆိုးဆိုင်က ဆိုင်ရှင်ကလည်း မဝယ်ရဘူးလို့ မပြောခဲ့ပါဘူး"
ပိုင်ရှိုးမင်သည် သူ့ထံသို့ တိုးကပ်လာသော အားချန်ကို ကြည့်ရင်း သူ့အကြည့်သည် သူမ၏နှုတ်ခမ်းပေါ်သို့ ဖြည်းညင်းစွာ ကျရောက်သွားလေတော့၏။
ဒီရက်ပိုင်း ရာသီဥတု ခြောက်သွေ့လို့ပဲ ထင်တယ်။ သူ့နှုတ်ခမ်းတွေက အရင်လို စိုပြေမနေဘူးပဲ။
အားချန်သည် အချိန်တော်တော်ကြာအောင် စောင့်ဆိုင်းနေသော်ငြား တုံ့ပြန်မှုမရရှိသောအခါ စိတ်မရှည်တော့ဘဲ ဟန်ဆောင်ပန်ဆောင်ဖြင့် ပိုင်လူကြီးမင်းဟု ခေါ်ဆိုနေခြင်းကို ရပ်တန့်လိုက်ပြီး သူ့ကိုလက်တစ်ဖက်ဖြင့် တစ်ချက် လှမ်းပုတ်လိုက်လေသည်။ "ပိုင်ရှိုးမင်။ ကျွန်မ ရှင်နဲ့စကား ပြောနေတယ်လေ"
ပိုင်ရှိုးမင်သည် အကြည့်ကို ပြန်ရုတ်သိမ်းလိုက်ပြီး သူမ၏လှုပ်ရှားနေသော လက်ချောင်းများကို ဂရုမစိုက်ပဲ ဖြည်းညင်းစွာ ပြောလိုက်တော့၏။ "အရှေ့မင်းကြီးရဲ့ မွေးနေ့ပွဲတော် နီးကပ်လာပြီ။ မုဆိုးဆိုင်တွေက အရောင်းအဝယ် အများအပြားလုပ်ရင် မင်ကျင့်စီးရဲ့ ပြန်လည်စစ်ဆေးမှုကို ရရှိပြီးမှ ပစ္စည်းပို့ခွင့်ရှိတယ်"
အားချန်သည် တံခါးဝက ဟေးဟော်ရှီကျောက်တုံးတစ်ပုံးစာကို လက်ညှိုးထိုးပြရင်း မယုံမကြည်ဖြင့် ပြောလိုက်တော့၏။ "ဒါကိုအရောင်းအဝယ် အများကြီးလို့ ခေါ်တာလား"
"မုဆိုးဆိုင်က ဆိုင်ရှင်က သတိထားတတ်လွန်းလို့ ဖြစ်မှာပါ"
"ကောင်းပြီလေ။ ဒါဆိုရင် ပိုင်လူကြီးမင်း ပြန်လည်စစ်ဆေးခဲ့တဲ့ အဖြေကရော ဘယ်လိုလဲ"
ပိုင်ရှိုးမင်က ပြန်မဖြစ်ဘဲ တစ်ခွန်းတည်းသာ ပြန်မေးလိုက်လေသည်။ "ဟေးဟော်ရှီကျောက်က ရေစုပ်တာအပြင် တခြားအသုံးဝင်တာ ရှိသေးတယ်"
"ကျွန်မ သိတယ်လေ” အားချန်ကလည်း အလိုက်သတိဖြင့် ပြန်ပြောလိုက်လေသည်။ "ရုပ်အလောင်းတွေကို အခြောက်ခံဖို့လည်း သုံးလို့ရတယ်လေ"
ပိုင်ရှိုးမင်၏ အမူအရာမှာ အနည်းငယ် ထူးဆန်းသွားတော့သည်။ ဒီအဖြေက သူ့အသိဉာဏ်ထဲတွင် ရှိမနေခဲ့ပုံပင်။
"တကယ်လို့ ပိုင်လူကြီးမင်းက ရုပ်အလောင်း အခြောက်ခံချင်တယ်ဆိုရင် အချိန်မရွေး ကျွန်မဆီလာခဲ့လို့ရပါတယ်။ ကျွန်မ အခမဲ့သင်ပေးနိုင်တယ်"
"ဒါဆိုရင်တော့ ကျေးဇူးတင်ပါတယ်"
"ရပါတယ်" အားချန်သည် သူ့ကိုပြုံးပြလိုက်၏။ ရုတ်တရက် အပြုံးသည် ရပ်တန့်သွားပြီး ကျစ် ဟူသည့်အသံတစ်ခု ထွက်လာခဲ့၏။ ခုနက နှုတ်ခမ်းကို လှုပ်ရှားလိုက်သဖြင့် သူမ၏နှုတ်ခမ်းတွင် အက်ကွဲရာလေးတစ်ခု ဖြစ်ပေါ်သွားခဲ့လေသည်။
သူမက အောက်နှုတ်ခမ်းကို လျှာဖြင့်သပ်လိုက်ရာ လျှာဖျားတွင် သွေးညှီနံ့သင်းသင်းလေး ရလိုက်လေသည်။
အားချန်မှာလည်း သူမကိုယ်သူမ ပြန်စဉ်းစားလိုက်၏။ ဒီနေ့မနက်ခင်းတုန်းက ဟွေ့ညန်ရဲ့ စကားကို နားထောင်ပြီး နှုတ်ခမ်းဆီ လိမ်းခဲ့ရမှာ။ ငါက တကယ်ကို နုနယ်တာပဲ။ လူလုပ်ရတာလဲ တကယ်ခက်လိုက်တာ။
သူမ၏ စိတ်ပျက်အားငယ်နေသော မျက်နှာလေးကို မြင်လိုက်သည်တွင် ပိုင်ရှိုးမင် သည်တိတ်ဆိတ်စွာ ကြည့်နေပြီး ရုတ်တရက် သူမထံသို့ လက်လှမ်းလိုက်လေသည်။
သူ၏လက်ချောင်း ထိပ်ဖျားများသည် သူမ၏သေးငယ်လှသော မေးစေ့ကို တို့ထိလိုက်၏။ အားချန်သည် ကြီးမားသည့်တုံ့ပြန်မှုမရှိဘဲ သူ့ကိုသာ နားမလည်သလို ကြည့်နေမိတော့သည်။
ပိုင်ရှူးမင်၏လက်မသည် သူမ၏နူးညံ့သော နှုတ်ခမ်းပေါ်သို့ ညင်သာစွာ ပွတ်သပ်လိုက်သည်တွင် သေးငယ်သော နာကျင်မှုလေးက ရုတ်တရက် ပျောက်ကွယ်သွားလေတော့၏။
အားချန်သည် မထင်မှတ်ဘဲ လျှာဖြင့်သပ်လိုက်မိသည်တွင် သူ့ရဲ့လျှာဖျားက သူ၏မရုပ်သိမ်းရသေးသော လက်ချောင်းဖျားကို ထိမိလေတော့သည်။
စိုစွပ်နွေးထွေးနေသော အထိအတွေ့သည် ခဏလေးအတွင်း ဖြစ်ပျက်သွားခဲ့၏။ ပိုင်ရှိုးမင်၏ လက်ချောင်းများသည် အနည်းငယ် တောင့်တင်းသွားပြီး လက်ချောင်းထိပ်ဖျားက သူမ၏ နှုတ်ခမ်းသား ဖူးဖူးလေးကို ဖိကပ်ကာ ပွတ်သပ်လိုက်ရာ မူလက ဖြူဖျော့နေသော နှုတ်ခမ်းသားအရောင်မှာ ချက်ချင်းပင် နီမြန်းလာလေတော့သည်။
အားချန်က ဘာမှမတုံ့ပြန်ရ သေးခင်မှာပင် သူ့လက်က နောက်သို့ ပြန်ရုပ်သိမ်းသွားခဲ့၏။
"ရပြီ" သူက ပြောလာသည်။
အားချန်က သူမ၏အောက်နှုတ်ခမ်းကို စမ်းကြည့်လိုက်ရာ ဒဏ်ရာသည် ပျောက်ကွယ်သွားပြီး အမှန်ပင် ကောင်းမွန်သွားလေသည်။
ပိုင်ရှိုးမင်က တကယ် အသုံးဝင်တာပဲ။ သူမသည် စိတ်ထဲက ချီးကျူးမိလေတော့သည်။
ထိုနောက်တွင်တော့ ပိုင်ရှိုးမင်သည် ထရပ်ပြီးထွက်ခွာသွားရန် ပြင်ဆင်လိုက်တော့၏။
"ရှင် ပြန်တော့မလို့လား" အားချန်က သူ့ကိုမေးလိုက်သည်။
"အင်း"
ပိုင်ရှိုးမင်သည် ခြေလှမ်းအနည်းငယ် လှမ်းလိုက်ပြီးနောက် သူမနှင့် မျက်နှာချင်းဆိုင်သို့ ပြန်လှည့်လိုက်၏။ သူ၏လှပသော မက်မွန်ပွင့်သဏ္ဍာန် မျက်ဝန်းများထဲတွင် သူ၏အရိပ်များသာ ပြည့်နှက်နေပြီး သူက ပြောလိုက်လေသည်။ "အရှင်မင်းကြီးရဲ့ မွေးနေ့နီးလာပြီ။ ငြိမ်ငြိမ်လေးနေ ဟုတ်ပြီလား"
အားချန်သည် ပိုင်ရှိုးမင်ကို တံခါးဝအထိ လိုက်ပို့ပေးလိုက်ပြီး သူတို့ချန်ထားခဲ့သည့် ဟေးဟော်ရှီ ကျောက်တစ်ပုံးကို ကြည့်လိုက်၏။ ထိုနောက် ပေါ့ပါးစွာ လှည့်ထွက်လာကာ လက်ကို နောက်ပစ်ပြီး ဆိုင်ထဲသို့ပြန်ဝင်လာခဲ့တော့သည်။
မနေဘူး။ လုံးဝမနေဘူး။
...