← Chapters

ရှင့်ရဲ့အနာဂတ်ကို ဘယ်လို ဖြတ်သန်းမလဲလို့ တွေးကြည့်ဖူးလား...

Vol. 13 Ch. 123

ရှင့်ရဲ့အနာဂတ်ကို ဘယ်လို ဖြတ်သန်းမလဲလို့ တွေးကြည့်ဖူးလား...

Vol. 13 Ch. 123

ပိုင်ရှိုးမင် ရောက်ရှိလာခြင်းသည် အားချန်၏ အစီအစဉ်အပေါ် နည်းနည်းလေးမှ သက်ရောက်မှု မရှိခဲ့ပေ။ သူမသည် ဆိုင်တံခါးကို ကြိုတင်ပိတ်လိုက်ပြီးနောက် ချန်ဟွေ့နှင့်အတူ မိမိတို့ကိုယ်ကို လုံခြုံစွာ ထုပ်ပိုးကာ ထင်းခုတ်သည့် အိမ်ထဲသို့ တူများကို ယူဆောင်လျက် ကျောက်တုံးများ ထုခွဲရန် သွားရောက်ခဲ့ကြ၏။

ဟေးဟော်ရှီကျောက်ကို အတုံးလိုက် အသုံးပြုလို့ ရသော်လည်း အလွန် ကြမ်းတမ်းလှပြီး အာနိသင်မှာ သာမန်မျှသာ ဖြစ်ရာ ပိုမိုတည်ငြိမ်ပြီး အာနိသင် ပိုမိုတိုးတက်လာစေရန် ပြုပြင်မွမ်းမံရန် လိုအပ်သေးသည်။

ဟေးဟော်ရှီကျောက်သည် ငန်းဥကျောက်တုံးလေးများကဲ့သို့ ထင်ရသော်လည်း တစ်တုံးလုံး မည်းနက်နေပြီး အလွန် မမာကျောလှသဖြင့် တူဖြင့် အချက်အနည်းငယ် ထုလိုက်သည်နှင့် ကျေမွသွားနိုင်လေသည်။

ချန်ဟွေ့သည် ဟေးဟော်ရှီကျောက်များကို ထုခြေပြီးနောက် အားချန်က သေးငယ်သော ကျောက်စများကို အမှုန့်ကြိတ်လိုက်ပြန်သည်။ သူမသည် ကျောက်မှုန့်များကို စုဆောင်းလိုက်ပြီး ငါးမန်းဆီနှင့် လင်မု လွှစာမှုန့်များ ရောနှောကာ မီးညှိလိုက်၏။

ဟေးဟော်ရှီကျောက်သည် အတုံးလိုက် မီးနှင့်တွေ့လျှင် မလောင်ကျွမ်းသော်လည်း ကျောက်မှုန့်ကို ငါးမန်းဆီနှင့် ရောလိုက်သောအခါ အလွန် လောင်ကျွမ်းလွယ်သွားလေသည်။

တစ်နေ့တာ၏ ထက်ဝက်ကျော်ခန့် လောင်ကျွမ်းပြီးနောက် ထိုကျောက်မှုန့်များသည် အနက်ရောင်မှ မီးခိုးရောင်ဖျော့ဖျော့သို့ ပြောင်းလဲသွားခဲ့သည်။ စာအုပ်ထဲတွင်တော့ သည်ပြာများသည် ကျောက်မှုန့်ထက် ရေစုပ်ယူမှု ပိုမိုကောင်းမွန်ပြီး ပိုတိကျသော အာနိသင်ရှိကာ သက်ရှိတို့၏ အရေပြားအပေါ် အာနိသင် မသက်ရောက်ဟု ဆိုထားသည်။

ထို့အတွက်ကြောင့် အားချန်သည် မကြာသေးမီက လယ်တောမှ ပို့လာသော ကြက်ရှင်တစ်ကောင်ကို အထူးတလည် ထုတ်ယူလိုက်ပြီး ကြက်၏ ခြေသည်းပေါ်တွင် ပြာအနည်းငယ် ဖြူးလိုက်သည်။ ထိုကြက်သည် ‘ဂွတ် ဂွတ်’ ဟု နှစ်ချက် အော်ဟစ်လိုက်ပြီး ခြေသည်းများကို ခါယမ်းကာ ဟင်းရွက်များကို ဆက်ပြီး ငုံ့စားနေခဲ့သည်။

ထို့နောက် သူမသည် လှီးဖြတ်ထားသော ကြက်သားတစ်တုံးနှင့် မုဆိုးဆိုင်မှ ဝယ်လာသော မိစ္ဆာသားရဲ၏ အရေပြား အနည်းငယ်ကို ယူကာ ပြာများကို သီးခြားစီ ဖြူးလိုက်ပြန်သည်။

ထိုအသားနှစ်တုံးသည် ဖြည်းညင်းစွာ ခြောက်သွေ့လာခဲ့သည်။ ကြက်သားသည် အလွန် နှေးကွေးပြီး မိစ္ဆာသားရဲ၏ အရေပြားမှာ သက်ဝင်မှု ပိုမိုအားကောင်းသဖြင့် ပိုလျင်မြန်လေသည်။

ရိုးရှင်းသော စမ်းသပ်မှု ပြီးဆုံးပြီးနောက် အားချန်သည် ပြင်ဆင်ထားသော ရှားထန်သစ်ပင်၏ အစေးများကို ပြာထဲသို့ လောင်းထည့်လိုက်သည်။ ရှားထန်သစ်စေးသည် အလွန် ပျံ့နှံ့လွယ်သော်လည်း လူ၏ အရေပြားက အလွယ်ကူဆုံး စုပ်ယူနိုင်လေသည်။ ငွေဆံထိုးဖြင့် မွှေလိုက်ရာ ထိုအရာနှစ်ခုသည် အပြန်အလှန် သက်ရောက်မှု ဖြစ်ပေါ်ပြီး မကြာမီမှာပင် ထွင်းဖောက်မြင်နိုင်သော “ပယင်း” တုံးအဖြစ် ခဲသွားလေသည်။

ဤ “ပယင်း” ကို ငါးမန်းဆီထဲတွင် တစ်ရက်ကြာ စိမ်ထားပြီး မီးရှို့ရန် လိုအပ်သေး၏။ သို့မှသာ အတွင်းမှ ဟေးဟော်ရှီကျောက်မှုန့်နှင့် ရှားထန်သစ်ပင်၏ အစေးတို့သည် အပြည့်အဝ ပေါင်းစပ်သွားမည် ဖြစ်သည်။

“ပယင်း” ကို ပြုပြင်ပြီးစီးသောအခါ ထပ်မံထုတ်ယူကာ အမှုန့်ကြိတ်ရန် လိုအပ်ပြီးနောက် အမွှေးမှုန့်နှင့် ရောစပ်လိုက်လျှင် သူမ အထူးပြုလုပ်ထားသော အမွှေးမှုန့်သည် ပြီးမြောက်သွားမည် ဖြစ်လေသည်။

ပြုပြင်မွမ်းမံပြီးနောက် အမွှေးမှုန့်ကို မီးညှိလိုက်ပါက သာမန်လူများအတွက် သာမန်အမွှေးနံ့သာ တစ်မျိုးမျှသာ ဖြစ်သည်။ သို့သော် အကယ်၍ တစ်စုံတစ်ယောက်၏ မျက်နှာပေါ်တွင် အခြားအရေပြားကို အသုံးပြုထားပါက သူမ၏ အမွှေးနံ့သာတွင် ပြဿနာရှိသည်ဟု အပြစ်တင်၍ မရဘဲ မျက်နှာကိုသာ အပြစ်တင်ရတော့မည်။

အမွှေးမှုန့် ပြုလုပ်ခြင်းသည် အစအဆုံး သုံးရက်ခန့် အချိန်ယူခဲ့ရပြီး အားချန်သည် အမှားအယွင်း မရှိစေရန် စုစုပေါင်း လေးစုံ ပြုလုပ်ခဲ့သည်။

....

စတုတ္ထမြောက်နေ့ နံနက်စောစောတွင် အပြင်ဘက်၌ နှင်းများ ကျဆင်းနေပြီး လမ်းပေါ်တွင် သွားလာနေသော လူများမှာ သိသိသာသာ နည်းပါးသွားခဲ့သည်။ နံနက်စောစော ထွက်ခွာကြသူများသည် အလုပ်စောတက်ရသူများ သို့မဟုတ် ဆိုင်ခင်းရန် အလုပ်များနေသော ကုန်သည်များသာ ဖြစ်ကြသည်။

လမ်းပေါ်တွင် ရံဖန်ရံခါ အလျင်အမြန် ဖြတ်သန်းသွားသော လူများသည်လည်း အဝတ်များကို လုံခြုံအောင် ဆွဲစေ့ထားလိုက်ကြကာ ထိုသို့ပြုလုပ်ခြင်းက အနည်းငယ် ပိုနွေးထွေးစေသယောင်။

မကြာသေးမီက ချန်ဟွေ့သည် မိစ္ဆာသွေးကို ဆက်လက်သောက်သုံးနေဆဲ ဖြစ်သော်လည်း သွေးသည် သူမအပေါ် သက်ရောက်မှုမှာ အစပိုင်းကဲ့သို့ မပြင်းထန်တော့ပေ။ သူမသည် တစ်ညလုံး အိပ်မောကျခြင်း မရှိတော့ဘဲ မောင်းအချိန်(နံနက် ၅ နာရီမှ ၇ နာရီ) တွင် နိုးထလာနိုင်ခဲ့သည်။

ရာသီဥတု အပြောင်းအလဲသည် သူမအပေါ် နည်းနည်းလေးမှ သက်ရောက်မှု မရှိပေ။ သူမသည် တွင်းရေဖြင့် မျက်နှာသစ်၊ သန့်စင်ပြီးနောက် မောင်းအချိန် အလယ် (နံနက် ၆ နာရီ) သို့ ရောက်ရှိတော့မည်ကို ကြည့်ကာ ရှေ့ဘက်သို့ သွားရောက်ပြီး ဆိုင်တံခါးကို ဖွင့်လိုက်လေသည်။

မနေ့ညက အားချန်သည် ယုံဖိင်ဖန်းရပ်ကွက်မှ ကျန်းမိသားစု၏ သကြားမုန့်ကို စားချင်သည်ဟု ပြောထားသဖြင့် ချန်ဟွေ့သည် မူလက နံနက်စောစော အလုပ်မရှိခင် သူမအတွက် မုန့်အနည်းငယ် သွားဝယ်ပေးရန် စီစဉ်ထားခဲ့သည်။ သို့သော် တံခါးမှ ထွက်လိုက်သည်နှင့် တံခါးအပြင်ဘက်တွင် လူတစ်ယောက် ရပ်နေသည်ကို တွေ့လိုက်ရသည်။

ထိုသူသည် မရင်းနှီးသော မျက်နှာနှင့် အမျိုးသမီးတစ်ဦး ဖြစ်သော်လည်း ချန်ဟွေ့သည် လူကို ခွဲခြားရာတွင် မျက်နှာကို ကြည့်ရန် မလိုအပ်ပေ။

သူမသည် ထိုသူ၏ ရှေ့သို့ လျှောက်သွားပြီး ခပ်တိုးတိုး မေးလိုက်သည်။ “ယွီသခင်မလား”

“ရှင် ကျွန်မကို မှတ်မိတာလား” ယွီသခင်မက စကားစပြောလိုက်ရာ အသံသည်လည်း ယခင်ကနှင့် လုံးဝ ကွဲပြားခြားနားနေလေသည်။

‘သခင်မ’ လို့ အခေါ်ခံရတာနဲ့ ထိုက်တန်သားပဲ။ တကယ်ပဲ ထူးခြားတဲ့ အရည်အချင်းတွေ ရှိတာပဲ ဟု ချန်ဟွေ့သည် စိတ်ထဲမှ တိတ်တဆိတ် တွေးလိုက်၏။

“ကျွန်မက သာမန်လူတွေနဲ့ မတူဘူး။ မျက်စိနဲ့ ကြည့်တာ မဟုတ်ဘူး” ချန်ဟွေ့က ရှင်းပြလိုက်သည်။

ယွီသခင်မသည် ခေါင်းညိတ်လိုက်ပြီးနောက် အနည်းငယ် အားနာသော လေသံဖြင့် ပြောလိုက်သည်။ “တောင်းပန်ပါတယ်၊ ကျွန်မက ဒီလောက်စောစော လာပြီး အနှောင့်အယှက် မပေးချင်ပါဘူး။ တကယ်ကို အိပ်လို့ မရလို့ပါ”

ညမထွက်ရအမိန့် ကုန်ဆုံးသည်နှင့် သူမသည် ချက်ချင်း ရောက်ရှိလာခဲ့ခြင်း ဖြစ်၏။

“ကိစ္စမရှိပါဘူး။ အနှောင့်အယှက်ပေးတာ မဟုတ်ပါဘူး” ချန်ဟွေ့၏ လေသံသည် တည်ငြိမ်နေပြီး ယွီသခင်မကို ပြောလိုက်သည်။ “အားချန်က ခဏနဲ့ ထဦးမှာ မဟုတ်ဘူး။ ယွီသခင်မ မနက်စာ စားပြီးပြီလား”

“မစားရသေးဘူး”

“ဒါနဲ့ ကျွန်မက အနီးအနားက ယုံဖိင်ဖန်းရပ်ကွက်ကို သကြားမုန့် သွားဝယ်မလို့။ ယွီသခင်မလည်း ကျွန်မနဲ့ အတူတူ လိုက်ခဲ့ပါလား” ချန်ဟွေ့က အကြံပြုလိုက်သည်။ လူကို အပြင်ဘက်တွင် စောင့်ဆိုင်းခိုင်းထားရန် မသင့်တော်ပေ။

ထို့နောက် သူမက ထပ်ပြောလိုက်သည်။ “အဲဒီဆိုင်က သကြားမုန့်က အပြင်ခွံက ကြွပ်ရွပြီး အတွင်းထဲက သကြားအစာသွပ်က အရမ်းမွှေးတာ။ ဟင်းရွက်စုံဟင်းရည်တစ်ပွဲနဲ့ တွဲစားရင် အရသာက တော်တော်လေး ကောင်းတယ်”

ယွီသခင်မသည် မူလက စားချင်စိတ် မရှိသော်လည်း သူမ ပြောသည်ကို ကြားသောအခါ အနည်းငယ် ဆာလောင်လာသလို ခံစားလိုက်ရသည်။

သူမသည် ခဏလောက် တုံ့ဆိုင်းပြီးနောက် ခေါင်းညိတ်လိုက်သည်။ “ကောင်းပြီလေ”

ဤသို့ဖြင့် သူမသည် ချန်ဟွေ့နှင့်အတူ သကြားမုန့် သွားဝယ်ခဲ့ပြီး သကြားမုန့်ဆိုင် ဘေးရှိ ဟင်းရွက်စုံပြုတ်တစ်ပွဲ သောက်သုံးခဲ့သည်။ ထိုဟင်းရွက်စုံပြုတ်သည် အရသာ ပူစပ်စပ် ရှိပြီး သောက်သုံးပြီးနောက် တစ်ကိုယ်လုံး နွေးထွေးသွားလေသည်။

ချန်ဟွေ့သည် သူမ စားသောက်ပြီးစီးသည်ကို စောင့်ဆိုင်းပြီးမှ သကြားမုန့်များကို ဆွဲကိုင်ကာ သူမနှင့်အတူ ပြန်လျှောက်လာခဲ့သည်။

သည်အချိန်တွင် မိုးကုတ်စက်ဝိုင်းတွင် အဖြူရောင်သန်းလာပြီး မိုးလင်းတော့မည်။

သည်လို ဈေးလမ်းမများတွင် ဖြတ်သန်းသွားလာရင်း ယခင်က စိတ်ထဲရှိသော တုန်လှုပ်မှုနှင့် မငြိမ်သက်မှုများသည် ပြေပျောက်သွားသကဲ့သို့ ခံစားလိုက်ရသည်။

ချန်းဖိင်ဖန်းရပ်ကွက်သို့ ပြန်ရောက်သောအခါ ချန်ဟွေ့သည် ယွီသခင်မကို ဆိုင်ထဲသို့ ခေါ်ဆောင်သွားပြီး မိမိကိုယ်တိုင်ကတော့ နောက်ဖေးခြံဝင်းသို့ သွားရောက်ခဲ့သည်။

သူမသည် အားချန်၏ အခန်းတံခါးကို ခေါက်လိုက်ပြီး အချိန်အတော်ကြာ စောင့်ဆိုင်းပြီးမှ အတွင်းမှ အိပ်ချင်မူးတူး အသံကို ကြားလိုက်ရသည်။ “ဟွေ့ညန်၊ ကျွန်မ အိပ်လို့ မဝသေးဘူး”

“ထတော့လေ၊ သကြားမုန့် စားချင်တယ်လို့ ပြောထားတာ မဟုတ်ဘူးလား။ ထပ်မထရင် သကြားမုန့်တွေ အေးကုန်တော့မယ်”

“ကိစ္စမရှိပါဘူး၊ ကျွန်မက အစားမရွေးပါဘူး” အိပ်ရာထဲက မထချင်သောသူသည် မနက်စာကို ဘယ်သောအခါမှ မရွေးပေ။

ချန်ဟွေ့သည် ခပ်ဖွဖွ ပြုံးလိုက်ပြီး သူမကို ဆက်လက် မစတော့ဘဲ ပြောလိုက်တော့သည်။ “ယွီသခင်မ ရောက်နေပြီ။ အပြင်မှာ ရှင့်ကို စောင့်နေတယ်”

အခန်းထဲတွင် ခဏလောက် တိတ်ဆိတ်သွားပြီးနောက် အသံပြန်ထွက်လာသည့်အခါ ပိုကြည်လင်သွားသည်။ “ရှင် ကျွန်မကို ဧည့်ခံထားပေးဦး။ ကျွန်မ ချက်ချင်း ထွက်လာခဲ့မယ်”

အားချန်သည် သူမ၏ ကျားသားရေ မွေ့ရာပေါ်တွင် ထိုင်ကာ အဝတ်အစားများ ဝတ်ဆင်လိုက်သည်။ သူမ၏ ခန္ဓာကိုယ်သည် နွေးထွေးနေပြီး အအေးဒဏ်ကို နည်းနည်းလေးမှ မခံစားရပေ။

သူမသည် အခန်းထဲတွင် အကြမ်းဖျင်း သန့်စင်ပြီးနောက်မှ ရှေ့ဘက်သို့ ထွက်လာခဲ့တော့သည်။

...

ဆိုင်သည် မဖွင့်သေးသဖြင့် မိုးမလင်းတလင်း အချိန်တွင် အခန်းထဲ၌ အနည်းငယ် မှောင်မိုက်နေသည်။ မျက်နှာပြောင်းထားသော ယွီသခင်မသည် ထိုင်ခုံတွင် ထိုင်နေပြီး အားချန်သည် တစ်ချက်ကြည့်ရုံဖြင့် လူကို မှတ်မိရန် ခက်ခဲသွားသည်။

“ယွီသခင်မလား” အားချန်သည် လျှောက်သွားရင်း ထိုင်ခုံတွင် ထိုင်နေသော လူကို အံ့အားသင့်စွာ အကဲခတ်လိုက်သည်။

ယွီသခင်မသည် ထရပ်လိုက်ပြီး အားချန်ကို ပြောလိုက်သည်။ “ကျွန်မ စဉ်းစားကြည့်တာ၊ အမှားအယွင်း မရှိရအောင် မျက်နှာပြောင်းပြီး ဒီကို လာတာ ပိုကောင်းမယ် ထင်လို့ပါ”

အရင်က အားချန်က အစီအစဉ်ကို ပြောပြတုန်းက၊ ငါ့စိတ်တွေ အရမ်းလှုပ်ရှားသွားတယ်။ ဒါပေမဲ့ နောက်တော့ ပြန်စဉ်းစားမိတယ်။ အဲဒီအချိန်ကျရင် ငါ့အကြောင်း ပေါ်သွားရင် ကိစ္စမရှိပေမဲ့ သူ့ကိုပါ ပတ်သက်သွားရင် မကောင်းဘူး။

“ယွီသခင်မက တော်တော် စေ့စပ်တာပဲ”

အားချန်သည် သူမ သည်လောက် စောစီးစွာ ရောက်လာရခြင်း အကြောင်းရင်းကို သိရှိသဖြင့် သူမနှင့် စကားစမြည် မပြောတော့ဘဲ ကောင်တာအနောက်သို့ လှည့်သွားကာ အောက်မှ အံဆွဲထဲမှ ကြွေပုလင်းများဖြင့် အလုံပိတ်ထားသော အမွှေးမှုန့် သုံးပုလင်းကို ထုတ်ယူလိုက်သည်။

ယွီသခင်မသည် ထရပ်ကာ ပုလင်းများကို လှမ်းယူလိုက်ပြီး ဖွင့်မည်အပြုတွင် အားချန်က တားမြစ်လိုက်သည်။

“ဒီပုလင်းထဲက အမွှေးမှုန့်က သာမန်လူတွေအပေါ် အာနိသင် မရှိဘူး။ ဒါပေမဲ့ ရှင်လည်း မထိမိတာ အကောင်းဆုံးပဲ။ အမွှေးမှုန့်က သူ့အပေါ် အာနိသင်ရှိရင်၊ ရှင့်အပေါ်မှာလည်း အတူတူပဲ”

ယွီသခင်မသည် လက်ကို ပြန်ချလိုက်သည်ကို မြင်မှ အားချန်က ထပ်ပြောလိုက်သည်။ “ဒီအမွှေးမှုန့် သုံးပုလင်းကို သုံးကြိမ် ခွဲသုံးရမယ်။ ပထမ နှစ်ကြိမ်က အချိန်မရွေး သုံးလို့ရတယ်။ သာမန်အမွှေးမှုန့်လိုပဲ မီးရှို့လိုက်ရုံပဲ။ ဒါပေမဲ့ တတိယအကြိမ်ကတော့ နန်းတွင်းစားသောက်ပွဲ မစခင် တစ်နာရီ၊ ဒါမှမဟုတ် နှစ်နာရီအတွင်းမှာ သုံးတာ အကောင်းဆုံးပဲ”

ယွီသခင်မသည် အလေးအနက် နားထောင်နေပြီး အခါအားလျော်စွာ ခေါင်းညိတ်ပြသည်။ အားချန် ပြောပြသော အသုံးပြုရမည့် အခြေအနေများ ခက်ခဲသည်ဟု သူမ မပြောခဲ့ပေ။

အားချန်သည် အခက်ခဲဆုံး အပိုင်းကို ဖြေရှင်းပေးခဲ့ပြီး ဖြစ်သည်။ အကယ်၍များ ကျန်ရှိသော ပြဿနာများကို သူမ မဖြေရှင်းနိုင်ပါက လက်စားချေရန် မည်သို့ ပြောဆိုနိုင်မည်နည်း။

“အမွှေးမှုန့် သုံးပြီးသွားရင် နောက်ဆုံးမှာ ဘယ်လိုဖြစ်လာမလဲ မသိဘူး” ယွီသခင်မက မေးလိုက်သည်။

“ပထမ နှစ်ကြိမ်ကတော့ မျက်နှာ နည်းနည်း ယားယံလာတယ်လို့ ခံစားရလိမ့်မယ်။ နောက်ဆုံးတစ်ကြိမ် သုံးပြီးသွားရင် အဲဒီအရေပြားက လုပ်နိုင်စွမ်း ပျောက်ဆုံးသွားလိမ့်မယ်” အားချန်သည် ပြုံးလိုက်ပြီး ထိုမြင်ကွင်းသည် အလွန် စိတ်ဝင်စားစရာ ကောင်းမည်ဟု တွေးလိုက်သည်။ “သူ့မျက်နှာက ပြုတ်ကျလာလိမ့်မယ်”

ယွီသခင်မသည်လည်း ပြုံးလိုက်သည်။ ရယ်မောရင်း မျက်နှာပေါ်မှ အပြုံးသည် တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။ သူမ၏ စိတ်ထဲတွင် ဝမ်းနည်းနေသော်လည်း မျက်ရည်များ မကျနိုင်တော့ပေ။

ဆယ်နှစ်ကျော် ကြာသွားခဲ့ပြီ။ နောက်ဆုံးမှာ ငါ့ကို ကူညီတဲ့သူက လမ်းကြုံရင်း တွေ့ဆုံခဲ့တဲ့ လူတစ်ယောက် ဖြစ်နေတယ်။

သူမသည် ထရပ်လိုက်ပြီး အားချန်ကို လေးလေးနက်နက် အရိုအသေပေးလိုက်သည်။ “မိန်းကလေး ကူညီပေးတာကို ကျေးဇူးတင်ပါတယ်။ ကျွန်မ ရှင့်နာမည်ကို မသိရသေးဘူး”

အားချန်သည် သူမ၏ အရိုအသေကို လက်ခံပြီးမှ စကားစပြောသည်။ “ကျွန်မနာမည်က ကျိချန်၊ ရှင် ကျွန်မကို အားချန်လို့ ခေါ်နိုင်ပါတယ်”

“အားချန်” ယွီသခင်မသည် နှစ်ကြိမ်လောက် ရေရွတ်ပြီးမှ မိမိကိုယ်ကို မိတ်ဆက်လိုက်သည်။ “ကျွန်မနာမည်အရင်းက ပိုင်ယွမ်ပါ။ ဒါပေမဲ့ ဒီနာမည်ကို လူတစ်ယောက်က ယူသွားပြီ။ နောက်တော့ ကျွန်မ ယွီအန်းဆိုတဲ့ နာမည်တစ်ခု ရခဲ့တယ်။ အစကတော့ ‘ဘဝလက်ကျန် ငြိမ်းချမ်းပါစေ’ လို့ ထင်ခဲ့တာ။ အခု ပြန်စဉ်းစားကြည့်မှ ကျွန်မကို ဘဝလက်ကျန်မှာ ငြိမ်ငြိမ်လေး နေစေချင်တာလည်း ဖြစ်နိုင်တယ်”

“ဒီနာမည်က ဘာအဓိပ္ပာယ်ပဲ ဖြစ်ဖြစ်၊ တော်တော်လေးတော့ နားထောင်လို့ မကောင်းဘူး” အားချန်က တည့်တိုး ပြောလိုက်လေသည်။ “ရှင့်ကိုယ်ရှင် နာမည်အသစ် ပြောင်းပေးဖို့ စဉ်းစားဖူးလား”

ယွီသခင်မသည် အားချန်၏ ဆိုလိုရင်းကို ခဏလောက် နားမလည်နိုင် ဖြစ်သွားသည်။ “နာမည်ပြောင်းတယ် ဟုတ်လား”

အားချန်သည် နားလည်လွယ်သော နည်းလမ်းဖြင့် ထပ်မံ ပြောပြရလေသည်။ “အဲဒီရှန့်ကျူအတု ပေါ်သွားပြီးတဲ့နောက်မှာ၊ ရှင့်ရဲ့အနာဂတ်ကို ဘယ်လို ဖြတ်သန်းမလဲလို့ တွေးကြည့်ဖူးလား”

“အနာဂတ်လား” ယွီသခင်မသည် ခဏလောက် ငိုင်သွားသည်။ သူမ တွေးကြည့်ဖူးပါသည်။

တွေးကြည့်ဖူးတယ်။ တကယ်လို့သာ လက်စားချေပြီးသွားရင် ရှန့်ကျင်းကနေ ထွက်သွားမယ်။ ငါ့ကို ဘယ်သူမှ မသိတဲ့ နေရာတစ်ခုကို သွားပြီး အစကနေ ပြန်စမယ်။ ငါက အရင်တုန်းက ရှန့်ကျူ မဟုတ်တော့ဘူး။ ငါ့မှာ အသက်မွေးဝမ်းကျောင်း ပညာရှိတယ်။ လက်ထဲမှာလည်း ပိုက်ဆံအများကြီး စုထားပြီးသား။ ငါ့ဘဝက သိပ်ဆိုးဆိုးရွားရွားတော့ ဖြစ်သွားမှာ မဟုတ်ဘူး။ ဒါပေမဲ့... ငါ တကယ်ပဲ ရှန့်ကျင်းကနေ ထွက်သွားလို့ ရပါ့မလား။ အရှင်မင်းကြီးရဲ့ မွေးနေ့ပွဲမှာ ဒီလောက်ကြီးတဲ့ ကိစ္စမျိုး ဖြစ်သွားတာ။ အရှင်မင်းကြီးက ဘယ်လိုလုပ် အရင်းစစ် အမြစ်မြေ မလိုက်ဘဲ နေမှာလဲ။

ယွီသခင်မသည် အတွေးများကို ပြန်လည်ရုပ်သိမ်းလိုက်ပြီး အားချန်ကို ပြောလိုက်သည်။ “ရှင့်ကို မလိမ်ပါဘူး။ ကျွန်မ တွေးကြည့်ဖူးတယ်။ အမှန်တရား ပေါ်သွားပြီးနောက်မှာ ကျွန်မ အရှင်မင်းကြီးရဲ့ ရှေ့မှောက်ကို အဖမ်းခံရမယ်။ ကျွန်မအဖေ၊ အမေနဲ့ အစ်ကိုကြီးတို့က မျက်နှာမရှိတော့တဲ့ ကျွန်မကို မြင်တဲ့အခါ ဘယ်လို မျက်နှာထားမျိုး ဖြစ်သွားမလဲ ဆိုတာကိုပေါ့”

“အရှင်မင်းကြီးက ကျွန်မကို သနားသွားပြီး အရေးမယူဘဲ နေနိုင်တယ်။ ကျွန်မက အဖေနဲ့အမေရဲ့ သမီး ပြန်ဖြစ်သွားနိုင်တယ်။ ဒါပေမဲ့ ကျွန်မက... ပိုင်ယွမ် မဟုတ်တော့ဘူး။ အရာအားလုံးကလည်း အရင်အတိုင်း ပြန်မဖြစ်နိုင်တော့ဘူး”

အားချန်သည် ခဏလောက် စဉ်းစားလိုက်သည်။ ယွီသခင်မ၏ ခန့်မှန်းချက်သည် ဖြစ်နိုင်ခြေ အလွန်များလေသည်။ ထို့အတူ သူမသည် ယွီသခင်မ၏ စကားထဲမှ အေးစက်မှုကိုလည်း ကြားလိုက်ရသည်။

“ရှင် အိမ်ကို ပြန်ခေါ်ဝင် မခံချင်ဘူးလား”

“ကျွန်မ မခံချင်ဘူး” ယွီသခင်မသည် တုံ့ဆိုင်းခြင်းမရှိဘဲ ဖြေလိုက်သည်။ “ကျွန်မက ကျွန်မရဲ့ ရန်သူတွေ မကောင်းတဲ့အဆုံးသတ်နဲ့ တွေ့ကြုံရတာကိုပဲ ကြည့်ချင်တယ်။ ကျွန်မရဲ့ အတိတ်က မိသားစုဝင်တွေကို ရင်မဆိုင်ချင်ဘူး။ သူတို့ရဲ့ အတွေးတွေကိုလည်း မသိချင်ဘူး။ ကျွန်မ ဒီလိုပုံစံ ဖြစ်သွားတာကိုလည်း ဘယ်သူ့ကိုမှ မသိစေချင်ဘူး”

“မခံချင်ဘူးဆိုရင် ကိုယ့်အတွက် နာမည်အသစ်တစ်ခု စဉ်းစားပြီး ရှင် ကြိုက်တဲ့ မျက်နှာတစ်ခုကို ပြောင်းလိုက်လေ” အားချန်က ပြောလိုက်သည်။

ယွီသခင်မသည် မိမိ၏ မျက်နှာကို ပွတ်သပ်လိုက်သည်။ “ဒါပေမဲ့ ကျွန်မ မြို့ထဲက ထွက်သွားရင်တောင် အရှာခံရမှာပဲ”

သူမသည် မင်ကျင့်စီး၏ စွမ်းဆောင်ရည်ကို ဘယ်သောအခါမှ သံသယ မဝင်ခဲ့ပေ။ သူတို့သည် နောက်ပိုင်းတွင် အနှေးနှင့်အမြန် သူမထံသို့ စစ်ဆေးမှု ရောက်ရှိလာမည်ဖြစ်ပြီး သူမ၏ အချိန်မရွေး ခွာချနိုင်သော ဤမျက်နှာသည် အကောင်းဆုံး သက်သေပင် ဖြစ်ရာ သူတို့ကို လုံးဝ လိမ်လည်လှည့်ဖြားနိုင်မည် မဟုတ်ပေ။

“ကိစ္စမရှိဘူး။ ကျွန်မ ရှင့်ကို သူတို့ မသိအောင် ကူညီပေးနိုင်တယ်။ နောက်ဆုံးအကြိမ် အမွှေးမှုန့်ကို သုံးပြီးသွားတဲ့အခါ တကယ်လို့ ရှင့်ကို လူတွေ မစစ်ဆေးနိုင်စေချင်ဘူးဆိုရင် ကျွန်မဆီ လာခဲ့ပါ”။

“ဒါပေမဲ့ ဒီလိုလုပ်ရင် ရှင့်ကို ဒုက္ခရောက်စေလိမ့်မယ်” ယွီသခင်မ၏ လေသံက တုံ့ဆိုင်းနေသည်။

အားချန်က ခေါင်းခါလိုက်သည်။ “သူတို့ ရှင့်ကို ရှာမတွေ့သရွေ့တော့ ရှင် ကျွန်မကို ဒုက္ခပေးလို့ မရပါဘူး”

သူမသည် လက်ထဲမှ လက်စွပ်ကို လှည့်နေလိုက်လေသည်။ ယွီသခင်မ ရှိရှိ၊ မရှိရှိ၊ ပိုင်ရှိုးမင်က နောက်ဆုံးမှာ ငါ့အပေါ်ကို သံသယ ဝင်လာမှာပဲ။ ဒါပေမဲ့ ထင်မြင်ချက်က သက်သေမှ မဟုတ်တာ။ အဲဒီလူက ငါ့ကို ဖမ်းပြီး နှိပ်စက်ညှဉ်းပန်း စစ်ဆေးတာမျိုး မလုပ်သရွေ့ပေါ့။

အားချန်၏ လေသံသည် အလွန် တိကျသဖြင့် ယွီသခင်မသည် ဆက်လက် တုံ့ဆိုင်းမနေတော့ပေ။

“ကောင်းပြီ” သူမက ပြောလိုက်သည်။

အားချန်သည် ထိုအခြေအနေကို မြင်သောအခါ ပြုံးလိုက်ပြီး သူမနှင့် စကားစမြည် ပြောဆိုသကဲ့သို့ ပြောလိုက်သည်။ “လွန်ခဲ့တဲ့ ရက်အနည်းငယ်က ဧည့်သည်တွေ ပြောတာ ကြားမိတယ်။ ဒီရက်ပိုင်း ရာသီဥတုက အေးစက်နေလို့ သူတို့က လက်ကိုင်မီးဖိုကို စောစောစီးစီး သုံးနေကြပြီတဲ့။ တိုက်တိုက်ဆိုင်ဆိုင်ပဲ။ ကျွန်မ ရှင့်ကို ပေးလိုက်တဲ့ အမွှေးမှုန့်ကို လက်ကိုင်မီးဖိုထဲမှာ ထည့်သုံးလို့ရတယ်”

ယွီသခင်မသည် ပထမတော် ကြောင်သွားပြီးနောက် အားချန်၏ ဆိုလိုရင်းကို ချက်ချင်း သဘောပေါက်သွားသည်။

သူမ၏ မျက်ဝန်းထဲတွင် ရှုပ်ထွေးသော ခံစားချက်များ ပြည့်နှက်နေသည်။ “ကျွန်မ ရှင့်ကို ဘယ်လို ကျေးဇူးတင်ရမလဲတောင် မသိတော့ပါဘူး”

ဟန်ရှောင်ထုံကို အမွှေးမှုန့် သုံးခိုင်းဖို့က ပထမ နှစ်ကြိမ်က မခက်ခဲဘူး။ ခက်ခဲတာက နောက်ဆုံးအကြိမ်ပဲ။ အားချန်က ငါ့အတွက် နည်းလမ်းတောင် စဉ်းစားပေးထားပြီးပြီ။

“ကျွန်မက ပြောရုံပဲ ပြောတာပါ။ ဒီကိစ္စ အောင်မြင်မလား၊ မအောင်မြင်ဘူးလား ဆိုတာကတော့ ရှင့်အပေါ်မှာပဲ မူတည်တယ်”

“အောင်မြင်မှာပါ”

...

All Chapters