← Chapters

ရှန့်ကျူက အခုတလော မျက်နှာမှာ ယားယံသလို ခံစားနေရတယ် ...

Vol. 13 Ch. 124

ရှန့်ကျူက အခုတလော မျက်နှာမှာ ယားယံသလို ခံစားနေရတယ် ...

Vol. 13 Ch. 124

မနက်ခင်းစောစောတွင် လက်ထောက်ဝန်ကြီးအိမ်တော်၏ သခင်နှစ်ယောက်သည် ခါတိုင်းလိုပင် စောစောစီးစီး အိပ်ရာထကြလေသည်။

သခင်ဖြစ်သူက နှုတ်ဖွင့်လာသည်နှင့် အစေခံမလေးများသည် အစီအစဉ်တကျ ပင်မခန်းဆောင်ထဲသို့ ဝင်လာခဲ့ကြပြီး သခင်များ မျက်နှာသစ် အဝတ်အစားလဲရန် ပြုစုခစားပေးကြ၏။

တစ်ဖက်တွင်တော့ ရွှီဇယ်ချန်သည် သူ၏ အရာရှိဝတ်စုံကို ဝတ်ဆင်ပြီးသွားပြီ ဖြစ်ကာ သူ့ဘေးတွင် ခစားပေးနေသည့် အစေခံမလေးကို လက်ဝှေ့ယမ်းပြကာ ထွက်ခွာသွားခိုင်းလိုက်၏။ ရှင်းအန်းရှန့်ကျူကတော့ မှန်တင်ခုံရှေ့တွင် ထိုင်နေဆဲပင်။ ငယ်ရွယ်လှသည့် အစေခံမလေးများအပြင် သူမ၏ဘေးတွင် တော်တော်လေး အသက်ကြီးနေပြီဖြစ်သည့် မားမားတစ်ယောက်လည်း ရှိလေသည်။

ထိုမားမားသည် ရှင်းအန်းရှန့်ကျူ၏ ဘေးတွင်ရပ်နေကာ သူမ၏ဆံပင်ကို လတ်တလော မြို့တော်တွင် နာမည်ကြီးနေသည့် ဆံပင်ထုံးဖွဲ့သည့် ပုံစံအတိုင်း ဂရုတစိုက် ဖီးသင်ပေးလို့နေသည်။

ဘေးကအစေခံမလေးက ယနေ့ ရှင်းအန်းရှန့်ကျူ၏ ပုံစံသွင်ပြင်လေးကို ချီးကျူးစကားပြောရင်း ထိုအထိန်းတော် မားမားကိုလည်း ချီးကျူးစကား ပြောလိုက်၏။ "ရွှီမားမားရဲ့ ဆံပင်တွေကို ဖီးသင်ပေးတဲ့ အရည်အချင်းကတော့ မြို့တော်မှာ တကယ် အကောင်းဆုံးပဲ"

ရွှီမားမားက အားရပါးရ ပြုံးရယ်လိုက်သဖြင့် သူမ၏ မျက်လုံးများကလည်း ကျဉ်းမြောင်းသွားကာ ပြောလာလေသည်။ "နင်တို့တွေ ငါ့ကို လာပြီးတော့ မြှောက်ပင့်မနေနဲ့။ ဒီအစေခံမကြီးကို တိုးတက်လာအောင် လုပ်ပေးခဲ့တာက ရှန့်ကျူပါ"

ထိုသို့ပြောလိုက်ပြီးနောက် သူမသည် မှန်တင်ခုံပေါ်က အဆင့်လေးဆင့်ပါသည့် ရတနာသေတ္တာဘူးလေးကို လှမ်းကြည့်လိုက်၏။ ထိုနေရာတွင် ချပြထားသည့် ပစ္စည်းများအားလုံးသည် ရှင်းအန်းရှန့်ကျူ တစ်ယောက် လတ်တလော အသုံးပြုရသည်ကို သဘောကျနေသည့် လက်ဝတ်ရတနာများ ဖြစ်လေသည်။ ရွှီမားမားက ချက်ချင်းဆိုသလို ရွှေသားဖြင့် ပြုလုပ်ထားသည့် ပျိုနီပန်းဆံထိုး တစ်ချောင်းကို ချက်ချင်းသတိထား မိသွားတော့သည်။ ပွင့်ဖက်များက တစ်လွှားပြီးတစ်လွှာ ပြုလုပ်ထားပြီး အနည်းငယ် တုန်ခါနေကာ အမှန်ပင် ဆွဲမက်ဖွယ်ရာ ကောင်းလှ၏။

ထိုအရာကို ထုတ်ရောင်းကြည့် မည်ဆိုလျှင် ငွေသားမည်မျှ တန်ကြေးရှိသည်ကိုပင် မသိနိုင်ချေ။

သူမ၏မျက်လုံးများက ရွှေဖြင့်ပြုလုပ်ထားသည့် ထိုပျိုနီပန်းဆံထိုးလေးကို အကြိမ်ပေါင်းများစွာ လှည့်ကြည့်နေသော်ငြား သူမ လက်လှမ်းလိုက်သည့် အရာကတော့ ဘေးက ကျောက်စိမ်းဆံထိုးတစ်ခု ဖြစ်လေ၏။

ပြီးခဲ့သည့်ရက်များ အတွင်းတွင် ရှင်းအန်းရှန့်ကျူသည် ရွှေဆံထိုးများကို ပိုပြီးသဘောကျခဲ့သည်။ နောက်ပိုင်းတော့ သခင်ကြီးက ကျောက်စိမ်းသည် ရှင်းအန်းရှန့်ကျူ၏ ပုံစံနှင့် ပိုလိုက်ဖက်သည်ဟု ပြောလိုက်မှ သူမကလည်း ကျောက်စိမ်းဆံထိုးကို ပိုပြီးသဘောကျသွားခဲ့ခြင်းပင်။

အလှပြင်ပေးလိုက်ပြီးနောက် ရှင်းအန်းရှန့်ကျူသည် မှန်ထဲကမိမိကိုယ်ကို ကြည့်လိုက်ပြီး လက်ကိုမြှောက်ကာ ဆံထိုးကို အသာအယာ ပြင်ဆင်လိုက်ရင်း ပြုံးလိုက်လေသည်။ သူမသည် မှန်ထဲကတဆင့် နောက်တွင် တရိုတသေရပ်နေသည့် ရွှီမားမားကို ကြည့်ကာ ပြောလိုက်၏။ "ရွှီမားမားရဲ့ လက်ရာက တကယ်ကောင်းတာပဲ"

ထိုသို့ပြောလိုက်ပြီးနောက် သူမသည် တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် မေးလိုက်တော့သည်။ "ဒီနေ့ ရွှီမားမား အိမ်တော်ကနေ ထွက်ခွာဖို့ရှိလား"

"ရှိပါတယ်။ ဒီအဘွားကြီးက အိမ်တော်ထိန်းကို ကြိုတင်ခွင့်တိုင် ထားပြီးပါပြီ။ အသုံးမကျတဲ့ ကျွန်တော်မျိုးမရဲ့သားကို သွားကြည့်မလို့ နေ့တစ်ဝက်လောက် အပြင်ထွက်မှာပါ"

ရွှီမားမားသည် သူမ၏သား အကြောင်းပြောလာသည်ကို ကြားလိုက်ရသောအခါ ရှင်းအန်းရှန့်ကျူ၏ မျက်နှာထားသည် အနည်းငယ် ဖြူရော်သွားလေသည်။

တကယ်တမ်း ဆက်ဆံရေးကို ပြောရမယ်ဆိုရင် ရွှီမားမားနဲ့ သူမရဲ့ယောက်ျား ရွှီဇယ်ချန်က မျိုးနွယ်စုတစ်ခုတည်းက ဆင်းသက်လာတာပဲ။ ခင်ပွန်းရဲ့အဝေးက တော်စပ်တဲ့ အဒေါ်တစ်ယောက်လို့ သတ်မှတ်ရမှာပေါ့။ အရင်နှစ်တွေတုန်းက ဒုက္ခရောက်နေလို့ ခင်ပွန်းက သူ့ကိုသနားပြီး အိမ်တော်မှာ ခေါ်ထားခဲ့တာ။

နောက်ပိုင်းကျတော့ သူမက ရှန့်ကျင်းကိုရောက်ခဲ့တယ်။ ခင်ပွန်းရဲ့မျက်နှာကို ထောက်ထားပြီး ရွှီမားမားကို ပေးတဲ့ဂရုစိုက်မှုတွေကလည်း အကောင်းဆုံးတွေချည်းပါပဲ။ သူ့သားကိုတောင် စျေးဝယ်တဲ့ အလုပ်တစ်ခု ပေးခဲ့သေးတယ်။ ဒါပေမဲ့ ရွှီမားမားရဲ့သားက လောင်းစားသမား ဖြစ်နေတယ်။ ပိုက်ဆံတွေ အကုန်သုံးလိုက်ပြီးတော့ စျေးဝယ်တဲ့ ပိုက်ဆံကိုတောင် လိမ်ယူသွားခဲ့တယ်။ အိမ်တော်က ပိုက်ဆံတွေ အများကြီးကို အလွဲသုံးစား လုပ်ခဲ့တယ်။ နောက်ဆုံးတော့လည်း ခင်ပွန်းက ကြည့်မနေနိုင်တော့ဘဲ သူ့ကိုမောင်းထုတ် လိုက်ရတော့တာပဲ။

"ရှင့်သားက ပြောဆိုဆုံးမလို့ မရတော့ဘူး။ ရှင် ဒီနှစ်တွေအတွင်း ရှာထားတဲ့ပိုက်ဆံ အများစုကိုလည်း သူကလောင်းကစား လုပ်ပြီး ဖြုန်းပစ်လိုက်တာ။ ကြည့်ရတာ သူ့စိတ်ထဲမှာ ရှင်ဆိုတဲ့အမေ တစ်ယောက်လုံး ရှိပုံမရဘူး။ ဒီအတိုင်းသာ ဆက်သွားနေရင် မကြာခင် ပြဿနာအကြီးကြီး ဖြစ်သွားတော့မှာပဲ။ ရှင်က စိတ်ကို ဒုန်းဒုန်းချပြီး သူ့ဘာသာသူ သေသေရှင်ရှင် လွှတ်ထားသင့်တယ်”

ရွှီမားမားသည် ခေါင်းငုံ့လိုက်ကာ စိတ်ထဲတွင် မည်သို့တွေးတော နေသည်ကို မမြင်နိုင်သော်ငြား အပေါ်ယံတွင်တော့ အလွန်နာခံသည့် ဟန်ဖြင့် ပြောလိုက်လေသည်။ "ရှန့်ကျူ ပြောတာမှန်ပါတယ် ဒီအဘွားကြီးက သူ့ကို ပိုက်ဆံမပေး တော့ပါဘူး။ တကယ်တော့ သူက မကြာသေးခင်က ခြေထောက်မှာ အရိုက်ခံထားရလို့ ဒဏ်ရာရနေတာပါ။ ကျွန်မက အမေတစ်ယောက်အနေနဲ့ သူ သေသွားတာကို ဘယ်လိုလုပ်ပြီး ကြည့်ရက်မှာလဲ"

ရွှီမားမားသည် သနားစဖွယ် ပြောဆိုသော်ငြားလည်း ရှင်းအန်းရှန့်ကျူ၏ စိတ်ထဲတွင်တော့ စိတ်မရှည်မှုကိုသာ ခံစားရလေသည်။ သူမသည် လက်ကို ဝှေ့ယမ်းလိုက်ကာ ထိုလူနှင့်ဆက်ပြီး စကားပြောလိုစိတ် မရှိတော့ချေ။

ရွှီမားမားသည် ဘေးတွင်ထွက် ရပ်နေလိုက်၏။ ရှင်းအန်းရှန့်ကျူက ထရပ်လိုက်ပြီး ရွှီဇယ်ချန်ကို ပြောလိုက်၏။ "ဖူးကျွင်း မနက်စာစားဖို့ အချိန်ရောက်ပြီ။ မနက်ခင်း ညီလာခံ နောက်ကျနေပါဦးမယ်"

"ဖူးရန်ပြောတာ မှန်ပါတယ်" အစေခံမလေးများ အားလုံးသည် သူတို့နှစ်ဦးကို ဝန်းရံကာ အတွင်းခန်းက အတူတူထွက်ခွာ လာခဲ့ကြပြီး ရွှီမားမား တစ်ယောက်တည်းသာ နောက်ဆုံးတော့ ကျန်ခဲ့လေတော့သည်။

သူမက ခေါင်းအပြည့် ကျောက်မျက်ရတနာများ ဆင်မြန်းထားသည့် ရှင်းအန်းရှန့်ကျူကို ကြည့်ပြီး တိတ်တဆိတ်လေး စိတ်ထဲမှာ ရှုံ့ချနေတော့သည်။ ရှန့်ကျူကတော့ ပေါ့ပေါ့လေး ပြောလိုက်တာပဲ။ ဒါပေမဲ့ အဲဒါက သူ့သားမှ မဟုတ်တာ။ သူကတော့ သူမရဲ့သားနဲ့အဆက်ဖြတ်ဖို့ လွယ်လွယ်ကူကူ ပြောနိုင်တာပေါ့။

တကယ်လို့သာ အဆက်ဖြတ်လိုက်ရရင် နောက်တစ်ချိန်မှာ သူမ အသက်ကြီးလာလို့ အလုပ်မလုပ် နိုင်တော့တဲ့အခါ ရှန့်ကျူကသူမကို ကျွေးမွေးစောင့်ရှောက် မှာတဲ့လား။ ရှန့်ကျူက စကားတော့ လှလှလေး ပြောတတ်တယ်။ ဆွေမျိုးတော်စပ်လို့ သူမကို မျက်နှာသာ ပေးတယ်လို့ ပြောပေမဲ့ တကယ်တမ်းကျတော့ သူမကို အစေခံတစ်ယောက်လို သဘောထားနေတာပဲ မဟုတ်ဘူးလား။

ဒါပေမဲ့ ရှန့်ကျူပြောတဲ့ စကားတစ်ခွန်းကတော့ မှန်တယ်။ သူမရဲ့သားကလည်း တကယ်ပဲ ပြဿနာအကြီးကြီး တစ်ခုရှာထားခဲ့ပြီ။

တစ်ယောက်ယောက်က စကားလာမပြောရင် သူမ ဘယ်လိုလုပ်ပြီးတော့ သိမှာလဲ။ သူမရဲ့သားက အိမ်တော်မှာရှိတုန်းက ရှန့်ကျူရဲ့ဂို‌ဒေါင်ထဲက ပစ္စည်းတွေကို ခိုးပြီးလဲလှယ် ရောင်းချခဲ့တယ်တဲ့လေ။

အခု သူမရဲ့သားက လူတစ်ယောက်ရဲ့ လက်ထဲမှာ အားနည်းချက် မိနေပြီး တကယ်လို့ ကောင်းကောင်း မကိုင်တွယ်နိုင်ရင် ရှန့်ကျူရဲ့ ရက်စက်မှုနဲ့ဆိုရင် သူမကိုပါ အိမ်တော်ကနေ မောင်းထုတ်ပစ်မှာ။ သူမ ဒီနေ့ အပြင်ထွက်တာကလည်း အဲဒီနေ့က စကားလာပါတဲ့သူကို သွားတွေ့ဖို့ပဲ။

အိမ်တော်က သခင်နှစ်ဦးသည် မနက်စာစားပြီးနောက် ရွှီဇယ်ချန်က နန်းတော် ညီလာခံတက်ရန် ထွက်ခွာသွားလေသည်။ သူသည် ပင်မခန်းဆောင်က ထွက်လာချိန်တွင် ခြံဝင်း၏ ထောင့်တစ်နေရာတွင် အလုပ်လုပ်နေသော အစေခံမလေးကို တွေ့လိုက်ရ၏။ လွန်ခဲ့သောရက် အနည်းငယ်က သူမကို ချောမောလှပသည်ဟု ထင်ခဲ့သော်ငြား ယခုကြည့်လိုက်သောအခါ သာမန် တောသူမလေးတစ်ဦးမျှသာ ဖြစ်နေ၏။။

ရွှီဇယ်ချန်သည် ခေါင်းခါလိုက်ပြီး ထိုအစေခံမလေးကို ဆက်ဂရုမစိုက်တော့ချေ။ သူ ထွက်ခွာသွားပြီးနောက် ရှင်းအန်းရှန့်ကျူသည် ဖြည်းညှင်းစွာ ထွက်လာခဲ့လေသည်။ သူမသည် ထောင့်တစ်နေရာသို့ တချက်လှမ်းကြည့် လိုက်ပြီးနောက် အစေခံမလေးများကို ခေါ်ဆောင်ကာ သမီးဖြစ်သူ၏ ခြံဝင်းဘက်သို့ ထွက်ခွာလာခဲ့၏။

ရွှီမားမားသည် လူအားလုံး ထွက်ခွာသွားသည်ကိုမြင်မှ ဖြည်းညှင်းစွာဖြင့် ပင်မခြံဝင်းထဲမှ ထွက်လာခဲ့တော့သည်။

သူမသည် နံရံတောင့်တွင် အလုပ်လုပ်နေသော ထိုအစေခံမလေးက ရုတ်တရက် ခေါင်းမော့လာပြီး သူမထွက်ခွာ သွားသည်အထိ အကြည့်မလွဲတမ်း စိုက်ကြည့်နေသည်ကိုတော့ သတိမထားမိခဲ့ချေ။

ထိုအစေခံမလေး၏ နာမည်မှာ ချွေ့ဟုန် ဖြစ်ပြီး မူလက ရှင်းအန်းရှန့်ကျူ၏ ဘေးတွင် ဒုတိယအဆင့် အစေခံမလေးဖြစ်ခဲ့၏။ လွန်ခဲ့သည့် ရက်အနည်းငယ်က ရှန့်ကျူ၏ ခွက်တစ်လုံးကို ကျကွဲအောင် ပြုလုပ်ခဲ့သဖြင့် ကြိမ်ဒဏ်သုံးချက် အရိုက်ခံခဲ့ရကာ အဆင့်အနိမ့်ဆုံး သန့်ရှင်းရေး အစေခံမလေးအဖြစ် အဆင့်လျှော့ချ ခံခဲ့ရသည်။

ဒါပေမဲ့ အဲဒီခွက်က သူမရဲ့လက်ထဲ ရောက်လာကတည်းက ကွဲနေခဲ့တာ။ ချွေ့ဟုန်သည် ယခင်က ရှန့်ကျူ၏ဘေးမှ ဖယ်ရှားခံလိုက်ရသော အခြေခံအချက်တချို့ကို မနေနိုင်ဘဲ တွေးမိလိုက်၏။ သူတို့တွေလည်း သူမနှင့်အတူတူပဲ။ အရင်ဆုံး အမှားလုပ်မိကြတယ်။ ပြီးတော့ အဆင့်လျှော့ချခံရတယ်။။ နောက်ဆုံးတော့ ခြံဝင်းထဲကနေ ပြောင်းရွှေ့ခံရပြီး လယ်တောကို အပို့ခံရတာမျိုး ဒါမှမဟုတ် ရောင်းစားခံခဲ့ရတာမျိုး ဖြစ်ခဲ့ကြတာပဲ။ ဒါပေမဲ့ အိမ်တော်က လူတိုင်းက ရှန့်ကျူက စိတ်သဘောထား ကောင်းတယ်။ အမှားလုပ်တဲ့ အစေခံမလေးတွေအပေါ် ဒီလောက်တောင် သဘောထားကြီးတယ်လို့ ပြောကြတယ်။

ယခင်က ချွေ့ဟုန်သည် တခြားအစေခံမလေး များ အဆင့်လျှော့ချ ခံရသည်ကို မြင်ရသောအခါ သူတို့က ခံရထိုက်လို့ပဲဟု ထင်ခဲ့လေသည်။ သို့သော်ငြား ကိုယ်တိုင်ကြုံတွေ့လာရမှ အတွေးအခေါ်များ ပြောင်းလဲသွားတော့၏။

သူမက မိမိကိုယ်တိုင် တစ်စုံတစ်ယောက်၏ ပစ်မှတ်ထားခြင်း ခံခဲ့ရခြင်းကို သိလိုက်ရလေသည်။ ဒီအခြေအနေက လွတ်မြောက်ဖို့ကလည်း ခက်ခဲမည်ထင်၏။ သို့သော်ငြား သူမက မည်သူ့ကိုသွားပြီး စိတ်ထိခိုက်အောင် လုပ်မိခဲ့ပါသနည်း။

ဒီသံသယသည် မကြာသေးမီ ရက်ပိုင်းအထိ ရှိနေခဲ့ပြီး နောက်ဆုံးတွင် တစ်စုံတစ်ယောက်က သူမအတွက် ရှင်းပြပေးခဲ့လေသည်။

လွန်ခဲ့သည့်နှစ်ရက်က သူမသည် မိမိကိုယ်တိုင်အတွက် စိုးရိမ်ပူပန်နေချိန်တွင် ရုတ်တရက် အိမ်တော်အပြင်ဘက်က အစောင့်နှစ်ယောက်က သူမကိုအကူအညီ သေးသေးလေး တောင်းလိုကြောင်း စကားပါးလာခဲ့သည်။

ထိုလူသည် ငွေလျန် ၁၀၀ ပေးမည်ဟု ကတိပေးခဲ့၏။ ဒီလောက် များပြားလှသည့် ငွေသည် သူမကို လွတ်မြောက်နိုင်အောင် ရွေးယူနိုင်ရန် လုံလောက်သည်။ ချွေ့ဟုန်သည် ခဏလောက် တုံ့ဆိုင်းသွားပြီးနောက် အိမ်တော်ထဲကတိတ်တဆိတ် ထွက်ခွာကာ ထိုလူနှင့် တွေ့ဆုံခဲ့တော့သည်။

ထိုလူသည် လူလိမ်လည်း မဟုတ်ချေ။ လူကုန်ကူးသမားလည်း မဟုတ်။ ထိုလူ က သူမကို ခိုင်းသည့်အလုပ်ကလည်း မခက်ခဲချေ။ အိမ်တော်က ရွှီမားမားကို စောင့်ကြည့်ခိုင်းပြီး ထိုလူက ရှန့်ကျူ ဘေးတွင် နေ့တိုင်းပြောသည့် အရာလုပ်သည့်စကား ထိုအရာများကို မှတ်တမ်းတင်ခိုင်းခြင်းပင်။

ထိုလူက သူမကို စရန်ငွေအဖြစ် ၁၀လျန် ပေးခဲ့ရာ ချွေ့ဟုန်မှာ တုံ့ဆိုင်းခြင်းမရှိဘဲ ချက်ချင်း သဘောတူ လိုက်တော့သည်။

ထိုနောက်တွင်တော့ ထိုလူက သူမကိုမေးလာ၏။ ဒီလိုအခြေအနေမျိုး ကြုံတွေ့ရသည့် အကြောင်းအရင်းကို သိပါသလားတဲ့။

ချွေ့ဟုန်ကလည်း နားမလည်နိုင်ချေ။ ထိုအချိန်ကျမှ သူမကို ပစ်မှတ်ထားသူမှာ တခြားသူမဟုတ်ဘဲ ရှင်းအန်းရှန့်ကျူ ကိုယ်တိုင်ဖြစ်ကြောင်း ပြောပြခဲ့၏။ အကြောင်းမှာ သခင်ကြီး ရွှီဇယ်ချန်က သူမကို သဘောကျ သွားသောကြောင့်ပင်။ ယခင်က မောင်းထုတ်ခံခဲ့ရသော အစေခံမလေး များသည်လည်း အလားတူပင်ဖြစ်ကာ ရှင်းအန်းရှန့်ကျူသည် သူတို့ကိုဆက်လက်ပြီး သည်းခံနိုင်ပါမည်နည်း။

ထိုအချိန်ကျမှ ချွေ့ဟုန်တစ်ယောက် သူမလုပ်ခဲ့မိသည့် အမှားကို သဘောပေါက်သွားတော့သည်။

ထိုငွေကိုလည်း စိတ်ရှင်းရှင်းနှင့်ပင် လက်ခံနိုင်သွားတော့၏။ ရွှီမားမားကို စောင့်ကြည့်ခိုင်းခြင်းမပြောနှင့် ရှန့်ကျူကို စောင့်ကြည့်ခိုင်းလျှင်လည်း သူမက သဘောတူလိုက်မှာပင်။

ရွှီမားမားသည် အိမ်တော်တွင် တစ်စုံတစ်ယောက်က သူမကို စောင့်ကြည့်နေသည်ကို မသိသေးချေ။ သူမသည် အိမ်တော်က ထွက်လာပြီးနောက် ထိုလူ၏တောင်းဆိုမှုအတိုင်း နှစ်လမ်းအကျော်ရှိ စားသောက်ဆိုင်တစ်ဆိုင်၏ တံခါးဝတွင် စောင့်ဆိုင်းနေလိုက်၏။

မကြာခင်မှာပင် သူတောင်းစားလေး တစ်ယောက်သည် ပြေးဝင်လာပြီး သူမကိုလိပ်စာ တစ်ခုပြောပြသွားကာ သူမသည်လည်း ထိုလိပ်စာအတိုင်း ထွက်ခွာသွားတော့သည်။

ထိုနေရာမှာ လက်ဖက်ရည်ဆိုင် တစ်ဆိုင်ဖြစ်ပြီး အချိန်စောလွန်းသေးသဖြင့် လက်ဖက်ရည်ဆိုင်ထဲတွင်လည်း ဧည့်သည်က မရှိသလောက်ပင်။ သူမသည် ဒုတိယထပ်သို့ တက်သွားပြီး သီးသန့်ခန်းကို ရှာဖွေလိုက်၏။ အရင်ဆုံးတံခါးကို အနည်းငယ် ခေါက်လိုက်သည်တွင် အထဲက အမျိုးသမီးတစ်ဦး၏ အသံကိုကြားလိုက်ရပြီးမှ ဝင်သွားလိုက်တော့သည်။

သီးသန့်ခန်းထဲတွင် အမျိုးသမီးတစ်ယောက် ထိုင်လို့နေ၏။ ထိုအမျိုးသမီးက သူမကို ဘေးတစောင်း အနေအထားဖြင့် ထိုင်နေပြီး လက်ဖက်ရည်ခွက်ကို ကောက်ကိုင်လိုက်ပြီးမှ ခေါင်းလှည့်လာခဲ့လေသည်။

ရွှီမားမားကလည်း အမူအရာမပျက်ဘဲ ထိုလူကို အကဲခတ်ကြည့်လိုက်၏။ ဒီအမျိုးသမီး ဝတ်ဆင်ထားတဲ့ အဝတ်အစားက အကောင်းစားပါပဲ။ ခေါင်းမှာလည်း ရွှေဆံထိုးထိုးထားပြီး လက်မှာလည်း ကျောက်စိမ်းလက်ကောက်တွေ ဝတ်ထားသေးတယ်။

ဒါပေမဲ့ အဲဒီလူရဲ့လက်ကတော့ နည်းနည်းလေး ကြမ်းတမ်းနေတယ်။ အမြဲတမ်း အလုပ်လုပ်နေရတဲ့ပုံပဲ။ တစ်ကိုယ်လုံး အရာရှိသမီးပျိုတွေနဲ့ ယှဉ်ရင် နည်းနည်းတော့ကွာတယ်။ သူမက သူမကို အထက်စီးနဲ့ ကြည့်နေတယ်။ သူမရဲ့ဂုဏ်ပုဒ်ကို အားကိုးတာမဟုတ်ဘဲ သူမရဲ့နောက်ကွယ်ကလူကို အားကိုးတာပဲ ဖြစ်ရမယ်။

နောက်ဆုံးတော့ ရွှီမားမားသည် ကောက်ချက်ချ လိုက်တော့သည်။ ဒီအမျိုးသမီးက လူကြီးတစ်ယောက်ယောက်ရဲ့ အိမ်တော်က မျက်နှာသာပေးခံရတဲ့ အစေခံမလေး တစ်ယောက်ဖြစ်နိုင်တယ်။

"မိန်းကလေး ကျွန်မကိုရှာတာ ဘာကိစ္စများရှိလို့လဲ"

ဝန်ကြီးအိမ်တော်တွင် နေထိုင်ခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်သဖြင့် ရွှီမားမား၏ စကားပြောပုံသည် ပိုပြီးပညာတတ် ဆန်လာခဲ့လေသည်။

"ထိုင်ပါ" ထိုလူကသူမကို လုံးဝပြန်မဖြေဘဲ စကားတခွန်းသာ ပြောလာခဲ့၏။

ရွှီမားမားကလည်း ထိုလူ၏ဘေးက ထိုင်ခုံတွင် ဝင်ထိုင်လိုက်တော့သည်။

တစ်ဖက်လူက စာရွက်တစ်ရွက်ကို တွန်းပို့လာခဲ့၏။ ရွှီမားမားက တစ်ချက်ကြည့်လိုက်ပြီး သူမ၏သား လက်ရေးဖြစ်ကြောင်း မှတ်မိလိုက်လေသည်။ ဒါသည် သူမ၏သား ရေးသားထားသော ချေးငွေစာချုပ်ဖြစ်ပြီး ငွေလျန် ၁၀၀ ချေးယူထားလေ၏။

ရွှီမားမားမှာ ဒေါသတကြီး ကျိန်ဆဲမိတော့သည်။ "အသုံးမကျတဲ့ကောင်"

၁၀၀တောင် ဒီလောက်များတဲ့ပိုက်ဆံ သူမရဲ့လက်ထဲမှာ ဘယ်လိုရှိတော့မှာလဲ။

"ဒီတစ်ရွက်လေး ကြည့်ရုံနဲ့ သည်းမခံနိုင်တော့ဘူးလား။ ကျွန်မဆီမှာ နောက်ထပ်လေးရွက်တောင် ရှိသေးတယ်"

အမျိုးသမီးက စကားစလိုက်သည်နှင့် ရွှီမားမားသည် မျက်လုံးထဲတွင် မိုက်ခနဲဖြစ်သွားသော်ငြား တစ်ဖက်လူက ဒီလိုနှင့် ရပ်တန့်ရန် ဆန္ဒမရှိသေးချေ။

"မလောပါနဲ့ ရှိသေးတယ်"

.အပိုင်း (၁၂၄) ရှန့်ကျူက အခုတလော မျက်နှာမှာ ယားယံသလို ခံစားနေရတယ် ... (၂)

တစ်ဖက်လူသည် ကျောက်စိမ်းဆွဲပြားတစ်ခုကို ထပ်မံထုတ်ယူ လိုက်လေသည်။ ထိုကျောက်သည် ဖြူစင်သန့်ရှင်းနေပြီး တောက်ပကာ အဖိုးမဖြတ်နိုင်မှန်း ကြည့်ရုံမျှဖြင့် သိသာလှ၏။

ရွှီမားမားက ကြည့်ရင်း ရင်းနှီးနေသလို ခံစားလိုက်ရတော့သည်။ ဝမ်ရယ်က ငယ်ငယ်တုန်းက ရှန့်ကျူကို ပေးခဲ့တာလား။ ဒါပေမဲ့ ရှန့်ကျူက တစ်ခါမှ ဝတ်ဆင်ခဲ့တာ မတွေ့ခဲ့ပါဘူး။

ရွှီမားမားသည် ကျောက်စိမ်းဆွဲပြားကို မြင်သည်နှင့် လက်လှမ်းကာ လှမ်းယူလိုက်လေသည်။ ကျောက်စိမ်းဆွဲပြားသည် သူမ၏လက်ထဲသို့ ရောက်သွားသော်ငြား ထိုအမျိုးသမီး၏ အေးစက်စက် စကားသံကို ကြားလိုက်ရလေသည်။ "ချထား"

"မိန်းကလေး ဒီကျောက်စိမ်းဆွဲပြားကို စျေးတစ်ခုပြောပါ" ရွှီမာမားသည် ကျောက်စိမ်းဆွဲပြားကို ဆုပ်ကိုင်ထားရင်း လက်မလွှတ်လိုက်ချေ။

အမျိုးသမီးက လှောင်ရယ်လိုက်တော့၏။ "ကျွန်မ ချထားလို့ ပြောနေတယ်လေ။ တကယ်လို့ မချဘူးဆိုရင် ကျွန်မလက်ထဲက ပေါင်နှံထားတဲ့ လက်မှတ်က ဒီနေ့ပဲ ရှင်းအန်းရှန့်ကျူ လက်ထဲရောက်သွားလိမ့်မယ်။ ပေါင်နှံထားတဲ့ လက်မှတ်တင်မကဘူး။ သက်သေတွေပါ ပါတယ်။ ရှင် ထင်နေတာ ပစ္စည်းပြန်ပေးလိုက်ရင် ပြီးသွားမယ်လို့လား။ နန်းတော်က ချီးမြှင့်ထားတဲ့ ပစ္စည်းကိုခိုးယူတာ ဘာအပြစ်လဲဆိုတာ ရှင် သိရဲ့လား"

"နန်း ... နန်းတော်က ချီးမြှင့်ထားတာ ဟုတ်လား" ရွှီမားမားမှာ ကြောင်အသွားလေတော့သည်။ "ဘယ်လိုလုပ်ပြီးတော့ နန်းတော်က ချီးမြှင့်ထားတာ ဖြစ်နိုင်မှာလဲ"

"ဒါကအရှင်မင်းကြီးက အဲဒီနှစ်တုန်းက အိမ်တော်ကို ချီးမြှင့်ခဲ့တာ။ အိမ်တော်က ရှင်းအန်းရှန့်ကျူကို ပေးခဲ့တာ။ ဒါက နန်းတော်က ချီးမြှင့်ထားတဲ့ ပစ္စည်းဟုတ်သလား မဟုတ်ဘူးလား"

"ရှင် ... ရှင် ဒါတွေကို ဘယ်လိုသိတာလဲ" ရွှီမားမား၏စိတ်ထဲတွင် အလွန်ထိတ်လန့် သွားလေတော့၏။

"ရှင်ရော ဘယ်လိုထင်လဲ" အမျိုးသမီးက သူ့ကိုတစ်ချက်စောင်းကာ ကြည့်လာခဲ့၏။

ထိုအမျိုးသမီး၏ သဘောထားသည် ရွှီမားမား၏ သူမ၏ ဂုဏ်ပုဒ်အပေါ် ခန့်မှန်းချက်ကို သံသယကင်းစွာ အတည်ပြုလိုက်သလိုပင်။

ရွှီမားမားသည် မတတ်သာတော့ပဲ ကျောက်စိမ်းဆွဲပြားကို စားပွဲပေါ်ပြန်တင် ထားလိုက်ရတော့သည်။ "မိန်းကလေး ကျွန်မကို ဘာလုပ်စေချင်လို့လဲ။ တိုက်ရိုက်သာ ပြောပါ"

အမျိုးသမီးသည် သူမ၏ရင်ဘတ်ထဲက ကြွေပုလင်းတစ်လုံးကို ထုတ်ယူလိုက်၏။ "ဒါကအမွှေးနံ့သာမှုန့်ပဲ။ ဒီရက်ပိုင်းအတွင်း ရှင်းအန်းရှန့်ကျူကို သုံးဖြစ်အောင် သုံးခိုင်းလိုက်"

ရွှီမားမားသည် အမျိုးသမီး၏ စကားကို ကြားလိုက်ရပြီးနောက် မျက်နှာပျက်သွားတော့သည်။ "မိန်းကလေးက ကျွန်မကို ဘယ်လိုလူမျိုးလို့ ထင်နေတာလဲ။ ကျွန်မက သေသွားရင်တောင် ရှန့်ကျူရဲ့ အသက်ကို အန္တရာယ်ဖြစ်အောင် မလုပ်ဘူး"

ထိုအမျိုးသမီးသည် မျက်လုံးကိုလှန် ကြည့်လာပြီး စိတ်မရှည်စွာဖြင့် ပြောလိုက် လေသည်။ "တကယ်လို့ သူ့အသက်ကို သတ်ချင်ရင် ရှင့်ကို ရှာစရာလိုလို့လား"

"ဒါဆိုရင် ဒါက ..."

"ဒီအမွှေးနံ့သာမှုန့်ကို သုံးပြီးသွားရင် မျက်နှာနည်းနည်း ယားယံလာလိမ့်မယ်။ သုံးကြိမ်လောက် သုံးပြီးသွားရင် အနီးစက်တွေ ထွက်လာပြီး ၇ရက်နေ့ကျရင် ပျောက်သွားလိမ့်မယ်"

"မိန်းကလေးက ကျွန်မတို့ ရှန့်ကျူကို အမွှေးနံ့သာမှုန့် သုံးကြိမ်သုံးစေ ချင်တာလား"

"တတိယအကြိမ်ကိုတော့ အရှင်မင်းကြီးရဲ့ မွေးနေ့ပွဲမှာပဲ သုံးရမယ်"

ရွှီမားမားသည် အသက်ကိုပြင်းပြင်း ရှုသွင်းလိုက်ပြီး စိတ်ထဲတွင် ရုတ်တရက် ခန့်မှန်းချက်တစ်ခု ပေါ်ထွက်လာတော့၏။ ဒီအမျိုးသမီးရဲ့နောက်ကွယ်က သခင်က ရှန့်ကျူနဲ့ မတည့်တဲ့ အမျိုးသမီး တစ်ယောက်ယောက်များ ဖြစ်နေမလား။

အဲဒီလူက တမင်တကာ ကြံစည်ပြီး ရှန့်ကျူကို အရှင်မင်းကြီးရဲ့ စားတော်ပွဲမှာ အရှက်ရအောင် လုပ်ချင်နေတာလား။

ရွှီမားမားသည် တွေးလေလေ ဖြစ်နိုင်ခြေ ပိုများလေလေဟု ထင်လာ၏။ သူမ၏အကြည့်သည် မတည်မငြိမ် ဖြစ်လာတော့သည်။ "တကယ်လို့ ကျွန်မက မိန်းကလေးကို ကူညီရင် ဘာအကျိုးအမြတ်ရမှာလဲ"

"ရှင် ပထမတစ်ပုလင်း သုံးပြီးတာနဲ့ ဒီချေးငွေစာချုပ် ငါးစောင်ကို ရှင့်ကိုပြန်ပေးမယ်"

"လျန် ၅၀၀ က နည်းနည်းများလွန်း မနေဘူးလား" ရွှီမားမား၏ စိတ်ထဲတွင် အနည်းငယ် မလုံသလို ဖြစ်လာတော့သည်။

"လျန် ၅၀၀ လောက်ကို ရှင့်လို အဘွားကြီးကပဲ တန်ဖိုးထားတာ။ ကျွန်မတို့သခင်မ ..." အမျိုးသမီးသည် စကားမှားသွားသည်ကို သတိထားမိသွားဟန်တူပြီး ချက်ချင်းပြန်ပြောလိုက်လေသည်။ " ကျွန်မတို့သခင်က ဒီလိုရွှေငွေတွေကို ဂရုမစိုက်ဘူး"

ရွှီမားမား၏ စိတ်ထဲတွင် ထိတ်လန့်သွားပြီး ဘာကိုနားမလည်ပဲ ရှိပါဦးမည်နည်း။ ဒီအမျိုးသမီး၏ နောက်ကွယ်က သခင်သည် မင်းသမီးတစ်ပါးသာ ဖြစ်ရပေမည်။ သူ မှတ်မိသလောက်တော့ ရှန့်ကျူက အမှန်ပင် မင်းသမီးတစ်ပါးနှင့် ဆက်ဆံရေး မကောင်းခဲ့ ချေ။ ဒီနှစ်အတွင်းတွင် ထိုလူပေါ်လာသည့် စားတော်ပွဲကို ရှန့်ကျူက တစ်ခါမှ မျက်နှာမပြခဲ့ချေ။

ထိုလူ၏ဂုဏ်ပုဒ်ကို ခန့်မှန်းမိသွားသောအခါ သူမသည် စိတ်သက်သာရာ ရသွားတော့၏။ အသက်အန္တရာယ် မရှိလျှင်တော့ တော်ပါသေးသည်။

"ဒါဆို ကျန်တဲ့နှစ်ကြိမ်ကရော ကျွန်မဘာလုပ်ရမှာလဲ"

"ဒုတိယအကြိမ်မှာ ပေါင်နံထားတဲ့ လက်မှတ်ကိုပေးမယ်။ တတိယအကြိမ်မှာ ရှင် ကောင်းကောင်းလုပ်နိုင်ခဲ့ရင် ကျောက်စိမ်းဆွဲပြားကလည်း ရှင့်အတွက်ပဲ။ ရှင် အဲဒါကို နေရာတကျ ပြန်ထားလိုက်လို့ရတယ်။ အားလုံးကို ပုံမှန်အတိုင်း ပြန်ဖြစ်သွားအောင်လို့ပေါ့။ ဘယ်လိုလဲ"

ရွှီမားမားသည် အချိန်တော်တော် ကြာအောင် တုံ့ဆိုင်းလိုက်ပြီး အံကြိတ်ကာ ပြောလိုက်တော့၏။ "ဒါတွေနဲ့ မလုံလောက်ဘူး။ တကယ်လို့ နန်းတွင်းစားသောက်ပွဲ ပြီးသွားလို့ ရှန့်ကျူက အမွှေးနံ့သာမှုန့်မှာ ပြဿနာရှိနေတာကို သိသွားရင် သူ ကျွန်မကို အလွတ်ပေးမှာ မဟုတ်ဘူး"

"ဒါဆို ရှင်က ဘာလိုချင်သေးတာလဲ" အမျိုးသမီးက မေးလိုက်၏။

"လျန် ၅၀၀။ ကျွန်မကို နောက်ထပ် လျန် ၅၀၀ ထပ်ပေး" အဲဒီအချိန်ကျရင် အဖမ်းခံရရင်တောင် ဒီပိုက်ဆံတွေက သူမရဲ့သား နေထိုင်ဖို့ လုံလောက်တယ်လေ။

အမျိုးသမီးက အေးစက်စွာ ရယ်မောလိုက်လေသည်။ "ရှင် ကိုယ့်အခြေအနေကို သေသေချာချာ မသိသေးဘူး ထင်တယ်။ ရှင်မဟုတ်လဲ ကျွန်မကို ကူညီချင်တဲ့ လူတွေ အများကြီးရှိတယ်။ ကျွန်မကတော့ ရှင်တို့သားအမိနှစ်ယောက်လုံးကို အချိန်မရွေး သေအောင်လုပ်နိုင်တယ်။ ရှင် စမ်းကြည့်ချင်လား"

ရွှီမားမားသည် ထိုလူ၏စကားထဲက ရက်စက်မှုကို ကြားလိုက်ရသောအခါ ချွေးအေးများ ချက်ချင်းထွက်လာတော့၏။ "မိန်းကလေး ကျွန်မ ခုနက စကား မှာသွားတာပါ။ ဘယ်လိုမှ ..."

"တော်ပြီ" အမျိုးသမီးက စိတ်မရှည်လက်မရှည်ဖြင့် ထပ်ပြောလိုက်၏။ "ရှင် စိတ်မပူပါနဲ့။ ဒီအမွှေးနံ့သာမှုန့်ကို စစ်ဆေးလို့ ရမှာမဟုတ်ဘူး။ မယုံရင် ရှင်က လူရှာပြီး စစ်ဆေးခိုင်းလို့ရတယ်"

ရွှီမားမားသည် နောက်ဆုံးတော့ လက်လှမ်းကာ ထိုကြွေပုလင်းလေးကို လှမ်းယူလိုက်ပြီး တင်းနေအောင် ဆုပ်ကိုင်ထားလိုက်၏။ "ကျွန်မ မိန်းကလေး ပြောတဲ့အတိုင်း လုပ်ပါမယ်။ မိန်းကလေးလည်း ကတိတည်ပါစေလို့ မျှော်လင့်ပါတယ်"

"ဒါကတော့ ပြောစရာမလိုပါဘူး" အမျိုးသမီး၏ လေသံသည် တစ်ချက်ရပ်တန့်သွားလေသည်။ "နောက်ရက် အနည်းငယ်နေရင် ကျွန်မ ရှင့်ကို တွေ့ချင်တဲ့အခါ လူလွှတ်ပြီး စကားပါးလိုက်ပါ့မယ်"

ရွှီမားမားသည် ကြွေပုလင်းကို သိမ်းဆည်းလိုက်ပြီး ထရပ်လိုက်သည်တွင် စားပွဲပေါ်က ကျောက်စိမ်းဆွဲပြားကို စိုက်ကြည့်နေမိ၏။

အမျိုးသမီးက အထင်သေးဟန်ဖြင့် ခပ်တိုးတိုး ပြောလိုက်လေသည်။ "ကြည့်မနေနဲ့တော့။ ရှင် ကျွန်မကို ဘယ်လောက်တောင် တုံးအတယ်လို့ ထင်နေတာလဲ။ အစစ်ကို ထုတ်လာမယ်လို့ ထင်နေတာလား"

ရွှီမားမား၏ မျက်နှာမှာ ထူပူသွားလေတော့သည်။ "မိန်းကလေးလည်း အဲဒီအချိန်ကျရင် အတုနဲ့ လာမလှည့်စားနဲ့ပေါ့"

"ရှင်သာ ကောင်းကောင်း လုပ်နိုင်ရင် ကျောက်စိမ်းဆွဲပြားလောက်က ဘာမှမဟုတ်ဘူး။ အဲဒီအချိန်ကျရင် တခြားဆုလာဘ်တွေလည်း ရဦးမှာ"

ရွှီမားမားသည် အမွှေးနံ့သာမှုန့်ကို ယူဆောင်ကာ ထွက်သွားလေတော့၏။ သီးသန့်ခန်းထဲတွင် တိတ်ဆိတ်သွားပြီး အချိန်တော်တော်ကြာမှ အမျိုးသမီး၏ သရော်လှောင်ပြောင်နေသည့် ရယ်မောသံ ထွက်ပေါ်လာတော့သည်။

ယွီသခင်မသည် ထိုင်ခုံတွင်ထိုင်ကာ မိမိ၏ ယနေ့မျက်နှာကို လက်ဖြင့် ပွတ်သပ်လိုက်လေသည်။

သူမက တော်တော်လေး ဟန်ဆောင်ကောင်းတယ် ထင်ထားခဲ့တာ။ အဲဒီလူက သတိမထားမိရုံတင်မကဘူး သူမရဲ့လမ်းညွှန်မှုအတိုင်း လိုက်ပြီး သူမအတွက် ဂုဏ်ပုဒ်တစ်ခုတောင် သတ်မှတ် ပေးသွားသေးတယ်။

သာ့ထုံဖန်းကနေ သတင်းဝယ်လာတုန်းက သူမ တွေ့ရမယ့်လူက လူရင်းတစ်ယောက် ဖြစ်နေလိမ့်မယ်လို့တောင် မထင်ထားခဲ့မိဘူး။

သူမသည် မနေနိုင်ဘဲ ထိုနှစ်က အကြောင်းအရာကို ပြန်တွေးမိလေသည်။ သူမနဲ့ ရွှီဇယ်ချန်တို့ ကျောင်းကျိုးကို မသွားခင်တုန်းကပေါ့။ အဲဒီမျက်နှာ ရို့ရို့ကျို့ကျို့နဲ့ သူ့နေရပ်မှာ ယောက်ျားဖြစ်သူရဲ့ နှိပ်စက်မှုတွေ ခံခဲ့ရတယ်။ ဒါပေမဲ့ အရမ်းရိုးသားတဲ့ ပုံပေါက်ရတဲ့ အမျိုးသမီးက သူ့သားကိုခေါ်ပြီး ဆွေမျိုးဝေးတဲ့ တူတော်ဆီကို အကူအညီ လာတောင်းခဲ့တာ။

သူမက စားရမယ့် ပါးစပ်ပေါက် နှစ်ပေါက်တိုးလာရုံပဲလို့ တွေးပြီး သူတို့ကို နေခွင့်ပေးခဲ့တယ်။ အဲဒီလူက သူမအရှေ့မှာ အဆက်မပြတ် ဦးခေါင်းနဲ့ကြမ်းပြင် စောင့်ပြီး အရိုအသေ ပေးနေတာ ကိုယ့်စည်းကမ်း ကိုယ်သိပါမယ်။ တစ်ဘဝလုံး ကျွဲလိုနွားလို့ အလုပ်လုပ်ပြီး ကျေးဇူးဆပ် ပါမယ်လို့တောင် ပြောခဲ့သေးတယ်။

ယွီသခင်မသည် သူမယူလာသော ချေးငွေစာချုပ်ကို ထုတ်ယူလိုက်ပြီး အပေါ်က နာမည်ကို ကြည့်လိုက်လေသည်။

ဆယ်နှစ်ကျော် ကြာသွားခဲ့ပြီ။ လူဆိုတာတကယ်ပဲ ပြောင်းလဲတတ်တာပဲ။

သူမက ရွှီမာမားအပေါ် အရင်တုန်းက အရိပ်အယောင်တောင် မစဉ်းစားခဲ့ဖူးဘူး။ ရွှီမားမားရဲ့ စကားနည်းတဲ့ သားကလည်း သူ့အဖေလို လူစားမျိုး ဖြစ်သွားခဲ့ပြီပဲ။

အချိန်ဆိုတာ တကယ် ကြောက်စရာကောင်းတာပဲ။

ပြောရမယ် ဆိုရင်တော့လည်း တော်တော်လေး ရယ်စရာကောင်းပါရဲ့။ တကယ်လို့သာ ဂုဏ်ပုဒ်နိမ့်ကျတဲ့ ဇာတ်သမ တစ်ယောက်မဖြစ်ခဲ့၊ လူပေါင်းဆုံနဲ့ မတွေ့ဆုံခဲ့ ရဘူးဆိုရင် ရှန့်ကျင်းက သာ့ထုံဖန်းမှာ သတင်းတွေ ဝယ်လို့ရောင်းလို့ ရမှန်းတောင် ဘယ်လိုလုပ်ပြီး သိခွင့်ရနိုင်မှာလဲ။

ကြားရတာတော့ ဒီသတင်းတွေက အိမ်တော်အသီးသီးက လူတွေက ရောင်းချထာတဲ့လေ။ သတင်းတစ်ပုဒ်က ဝမ်‌လေး နည်းနည်းပါးပါးကနေ ငွေလျန် ၁၀၀ အထိရှိတယ်တဲ့။ အဲဒီအသေးအဖွဲ သတင်းတွေက စစတုန်းက စျေးပေါပေမဲ့ တစ်ယောက်ယောက်က ဝယ်တဲ့အခါကျတော့ သတင်းက တန်ဖိုးရှိသွားတာပဲ။

ရွှီမားမားနဲ့ ချွေ့ဟုန်ရဲ့ သတင်းအတွက် သူမမှာ လျန် ၁၀၀ သုံးလိုက်ရတယ်။ တကယ်ပဲ စျေး မသက်သာတာပဲ။ ဒါပေမဲ့ ဒီငွေကို သုံးရတာလည်း တကယ် ကျေနပ်ပါတယ်။

၁၁ လပိုင်း ၂၃ ရက်နေ့။ အရှင်မင်းကြီး မွေးနေ့ပွဲသို့ ရောက်ဖို့ရန် ခုနှစ်ရက်သာ လိုတော့သည်။

ဒါသည် ရွှီမားမား၏ တစ်လနီးပါးအတွင်း တတိယအကြိမ်မြောက် အိမ်တော်က ထွက်ခွာခြင်းဖြစ်၏။ ပြန်လာသောအခါ သူမ၏ ရင်ဘတ်ထဲတွင် ကြွေပုလင်းတစ်လုံး အပိုပါလာတတ်သည်။

အလားတူ ကြွေပုလင်းမျိုး သူမထံတွင် နှစ်လုံးရှိနေနှင့်ပြီး ဖြစ်သဖြင့် ဒါသည် တတိယမြောက်အကြိမ် ဖြစ်လေသည်။

အရင်က ဒီပုလင်းထဲက အမွှေးနံ့သာမှုန့်ကို သုံးတုန်းက သူမရဲ့စိတ်ထဲမှာ တုန်လှုပ်ပြီး စိုးရိမ်ပူပန်မှုတွေနဲ့ ရက်ပေါင်းများစွာ ကြောက်လန့်နေခဲ့ရတာ။ အခုတော့ စိတ်ကတည်ငြိမ်နေပြီး ဒီအမွှေးနံ့သာမှုန့်ကို ရှန့်ကျူရဲ့ လက်ထဲဘယ်လိုပို့ပေးပြီး သူ့ကိုဘယ်လို သုံးရမလဲဆိုတာကိုတောင် စဉ်းစားပြီးသွားပြီ။

အဲဒီအမျိုးသမီး ပြောတဲ့အတိုင်းပဲ။ ဒီပုလင်းထဲက အမွှေးနံ့သာမှုန့်က လူကိုမျက်နှာ ယားယံစေရုံပဲ။ အဆိပ်မရှိဘူး။ ဒါကြောင့် သူမက အိမ်တော်က အစေခံမလေး တစ်ယောက်ကိုတောင် အမွှေးနံ့သာမှုန့် စမ်းခိုင်းကြည့်သေးတယ်။ သူတို့ တကယ်ပဲ ဘာမှမဖြစ်ကြဘူး။

ဒီလိုဆိုတော့ သူမလည်း စိတ်ကို ပိုပြီးတော့ရှင်းရှင်းနဲ့ လုပ်နိုင်သွားတာပေါ့။ သူမ မလုပ်ရင်တောင် တခြားသူတွေက လုပ်ကြမှာပဲလေ။

သူမကိုယ်တိုင်လုပ်မှတော့ စိတ်ထဲမှာလည်း အတိုင်းအဆ ရှိရမှာပေါ့။ ရှန့်ကျူကို ထိခိုက်အောင် မလုပ်ပါဘူး။ ရှန့်ကျူက အလွန်ဆုံး အနီစက်တွေ ထွက်လာရုံပဲ။ တကယ်တမ်းတော့လည်း ဘာမှ မဟုတ်ပါဘူး။

ထိုနေ့ မွန်းလွှဲပိုင်းတွင် ချွေ့ဟုန်သည်လည်း အိမ်တော်က တိတ်တဆိတ် ထွက်ခွာခဲ့ပြီး ရွှီမားမား၏ မကြာသေးခင်က ပြုမူလှုပ်ရှားမှုအားလုံးကို သူမအား သတင်းပို့ခိုင်းသူထံ ပြောပြခဲ့လေသည်။

သူမ၏ မှတ်ဉာဏ်ကလည်း မဆိုးလှချေ။ ရွှီမားမားသည် ၁၇ ရက်နေ့က အိမ်တော်က ထွက်ခွာသွားသည့် အချိန်ကစပြီး တခြားအစေခံမလေးတစ်ဦးကို မွေးစားသမီးအဖြစ် လက်ခံလိုက်သည်အထိ တဆက်တည်း ပြောပြခဲ့၏။

ထို့နောက် ၂၀ ရက်နေ့တွင် ရွှီမားမားသည် ရှန့်ကျူကို နှိပ်နယ်ပေးခဲ့ပြီး ထိုစဥ်အတွင်း အမွှေးနံ့သာ အသစ်ကို မီးညှိခဲ့ကာ ရှန့်ကျူက အလွန်သဘောကျကြောင်း ပြောပြခဲ့လေသည်။

ချွေ့ဟုန်က ပြောပြပြီး သွားသောအခါ သူမသည် လျန် ငွေ၂၀ ကို ရရှိခဲ့၏။ ယခုအချိန်တွင်တော့ သူမထံတွင် ငွေလျန် ၇၀ ရှိနေပြီ ဖြစ်သည်။

ချွေ့ဟုန်သည် ဝမ်းသာအားရဖြင့် ငွေကိုလက်ခံလိုက်ချိန် ဘေးကလူက ရုတ်တရက်မေးလာသည်ကို ကြားလိုက်ရ၏။ "ရှင်းအန်းရှန့်ကျူက မကြာသေးခင်မှာ ဘာများထူးခြားတာ ရှိသေးလဲ"

ချွေ့ဟုန်က ခဏလောက် စဉ်းစားလိုက်ကာ "ထူးခြားတာတော့ သိပ်မရှိဘူး ထင်တယ်။ ရှန့်ကျူကို ပြုစုနေတဲ့ လျိုလိ ပြောတာတော့ ကြားမိတယ်။ ရှန့်ကျူက မကြာသေးခင်က မျက်နှာယားယံနေတယ်လို့ ခံစားရတယ်တဲ့။ ရာသီဥတုကအေးပြီး အခန်းက ခြောက်သွေ့လွန်းလို့ ဖြစ်မယ်။ သူက ရှန့်ကျူအတွက် မျက်နှာလိမ်းဆေး ကောင်းကောင်း ရှာပေးနေတယ်"

မေးခွန်းမေးသူက နှုတ်ခမ်းတောင့်များ ကွေးထားလိုက်ကာ "သိပြီ မင်း သွားလို့ရပြီ"

ချွေ့ဟုန်လည်း မြန်မြန် ပြန်ထွက်လာတော့သည်။

သူမ ထွက်ခွာ သွားပြီးနောက် ယွီသခင်မသည် မထင်မရှား မျက်နှာတစ်ခုဖြင့် လူမရှိသော လမ်းကြား ငယ်လေးထဲက ဖြည်းညှင်းစွာထွက်လာခဲ့၏။ ဒုတိယပုလင်းက အမွှေးနံ့သာမှုန့်ကို ရွှီမားမားက ဟန်ရှောင်ထုံအပေါ် အသုံးပြုခဲ့ပြီးဖြစ်ရာ ယခုအခါ နောက်ဆုံး တစ်ပုလင်းသာ ကျန်ရှိတော့လေသည်။

၁၂ လပိုင်း ၁ ရက်နေ့တွင် နှင်းများက အနည်းငယ် ကျဆင်းနေခဲ့သည်။

ယနေ့သည် အရှင်မင်းကြီး၏ မွေးနေ့ဖြစ်ကာ မိုးမလင်းခင်မှာပင် ရှင်းအန်းရှန့်ကျူသည် အိပ်ရာမှာထကာ အလှပြင်ဆင်နေပြီ ဖြစ်၏။ ချန်အချိန်အလယ်တွင် နန်းတော်သို့သွားမည့် မြင်းလှည်းပေါ်သို့ ထိုင်လိုက်လေသည်။

ရှန့်ကျူက မြင်းလှည်းပေါ်သို့ တက်သွားသည်ကို မြင်လိုက်ရသောအခါ ရွှီမားမားသည် မြန်မြန်ဆန်ဆန် လက်ဖြင့်ကြိုတင် ပြင်ဆင်ထားသော လက်ကိုင်မီးဖိုလေးကို ရှင်းအန်းရှန့်ကျူ၏ လက်ထဲသို့ ထည့်ပေးလိုက်လေသည်။

"မားမား ဒါက ..." ရှင်းအန်းရှန့်ကျူသည် လက်ထဲတွင် နွေးထွေးခြင်းကို ခံစားလိုက်ရသဖြင့် မနေနိုင်ဘဲ ငုံ့ကြည့်လိုက်မိ၏။

ရွှီမားမားက ပြုံးကာပြောလိုက်၏။ "ဒီနေ့ရာသီဥတုက အေးတယ်။ ရှန့်ကျူ ခန္ဓာကိုယ်ကို ဂရုစိုက်ပါ။ ဒီလက်ကိုင်မီးဖိုထဲမှာ ရှန့်ကျူ အရင်က ကြိုက်တယ်လို့ပြောတဲ့ အမွှေးနံ့သာမှုန့်ကို သုံးထားပါတယ်။ စိတ်ကို တည်ငြိမ် စေနိုင်ပါတယ်"

ရှင်းအန်းရှန့်ကျူသည် ထိုစကားကို ကြားလိုက်ရသောအခါ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်ထွက်လာတော့၏။ "ရွှီမားမားက တကယ် စဉ်းစားပေးတတ်တာပဲ"

"ရှန့်ကျူရဲ့ ချီးကျူးစကားနဲ့ မထိုက်တန်ပါဘူး။ ဒီအဘွားကြီးက အိမ်တော်မှာ ရှန့်ကျူနဲ့ သခင်ကြီး ပြန်လာတာကို စောင့်နေပါ့မယ်" ရွှီမားမားသည် တရိုတသေ ဘေးတွင်ရပ်လိုက်၏။

"ကောင်းပါပြီ"

ရှင်းအန်းရှန့်ကျူသည် သင်းပျံ့နေသည့် မွှေးရနံ့ထွက်ပေါ်လာသော ထိုလက်ကိုင်မီးဖိုလေးကို ကိုင်ဆောင်ကာ ရွှီဇယ်ချန်နှင့်အတူ နန်းတော်သို့သွားမည့် မြင်းလှည်းပေါ်သို့ တက်သွားလေတော့သည်။

...

All Chapters