ကိစ္စမရှိပါဘူး။ တစ်စုံတစ်ယောက် မျက်နှာကွာကျသွားလို့
Vol. 13 Ch. 125
မြင်းလှည်းသည် ဝန်ကြီးအိမ်တော်မှ ထွက်ခွာလာပြီးနောက် လမ်းချိုးတစ်ခုကို ကွေ့ဝိုက်ကာ မကြာမီပင် ထျန်းကျယ်လမ်းမကြီးပေါ်သို့ ရောက်ရှိလာခဲ့လေသည်။
ယနေ့ ထျန်းကျယ်လမ်းမကြီးသည် အထူးသဖြင့် စည်ကားလျက်ရှိ၏။ လမ်းတစ်လျှောက်ရှိ ဆိုင်ခန်းများ၏ တံခါးဝတိုင်းတွင် အနီရောင်မီးပုံးများကို ချိတ်ဆွဲထားကြပြီး ထိုမီးပုံးများပေါ်တွင် ‘သက်တော်ရာကျော်ရှည်ပါစေ’၊ ‘ကျန်းမာချမ်းသာပါစေ’ စသည့် အမျိုးမျိုးသော ဆုတောင်းမင်္ဂလာစကားများကို ရေးသားထားလေသည်။
ရှင်းအန်းရှန့်ကျူသည် မြင်းလှည်းပြတင်းပေါက်ကို ဖွင့်လိုက်ပြီး ခန်းဆီးစတစ်ဖက်ကို လှပ်ကာ အပြင်ဘက်သို့ ကြည့်လိုက်၏။
သည်အချိန်တွင် မြေပြင်ပေါ်၌ နှင်းလွှာပါးပါးတစ်ထပ် ဖုံးလွှမ်းနေပြီဖြစ်ပြီး နှင်းပြင်ပေါ်တွင် ထပ်ဆင့်ကျနေသော မြင်းလှည်းဘီးရာများအပြင် အကြီးအသေး အရွယ်အစားမတူညီသည့် ခြေရာများလည်း ရှိနေလေသည်။
သူမ ရှန့်ကျင်းကို ရောက်လာခဲ့သည့်နှစ်ကလည်း ဤကဲ့သို့ပင် နှင်းများကျဆင်းခဲ့သည်ကို မှတ်မိနေသေးသည်။
ဒါက သူမ နှင်းကို ပထမဆုံး မြင်ဖူးတာပဲ။ ပေါ့ပေါ့ပါးပါးနဲ့ လက်ဖဝါးပေါ်ကျတာနဲ့ ချက်ချင်း အရည်ပျော်သွားတာ။
မျက်စိတစ်မှိတ်အတွင်းမှာပဲ ဆယ်နှစ်ကျော်တောင် ကြာသွားခဲ့ပြီ။
သူမ၏အကြည့်သည် မြေပြင်ပေါ်မှ နှင်းများထံမှ ရွှေ့ပြောင်းသွားပြီး လမ်းနှစ်ဖက်ဘေးမှ မီးပုံးများကို ကြည့်ကာ မနေနိုင်ဘဲ ပြုံးလိုက်ရင်း ပြောလိုက်သည်။ “ဒီမီးပုံးတွေက တကယ်ကို ပွဲတော်ကျနေတာပဲ။ မသိတဲ့သူတွေဆို နှစ်သစ်ကူးများ ရောက်ပြီလားလို့ ထင်သွားလောက်တယ်”
“အရှင်မင်းကြီးရဲ့ သက်တော်ရာကျော် မွေးနေ့တော်မြတ်နေ့ပဲဟာ၊ နှစ်သစ်ကူးတာထက်တောင် ပိုပြီးစည်ကားတာပေါ့” ရွှီဇယ်ချန်သည် သူမ အပြင်ဘက်ကို ထပ်ပြီး ခေါင်းထွက်ကြည့်နေသည်ကို မြင်သောအခါ သတိပေးလိုက်လေသည်။ “လေတိုက်ပြီး အအေးမိနေဦးမယ် သတိထား”
ရှင်းအန်းရှန့်ကျူသည် သူ့ကို တစ်ချက်လှည့်ကြည့်ကာ မျက်စောင်းထိုးရင်း ပြောလိုက်၏။ “ရှင်က ကျွန်မကို သတိထားဖို့ပဲ ပြောတတ်တာ၊ အဘွားရွှီလောက်တောင် ဂရုမစိုက်ဘူး”
လက်ထဲက လက်ကိုင်မီးဖိုလေးက နွေးထွေးမှုကို အဆက်မပြတ် ထုတ်လွှတ်ပေးနေပြီး မွှေးရနံ့သင်းသင်းလေးတစ်ခုလည်း လွင့်ပျံနေသေးတယ်။ အဲဒီမွှေးရနံ့က ဖြတ်ပြေးသွားလိုက် ပျောက်သွားလိုက်နဲ့၊ ဖမ်းဆုပ်လို့မရဘူး။ ဒါပေမဲ့ ဒီလိုဖြစ်နေလို့ပဲ ပိုပြီးတော့ ကြိုက်နှစ်သက်စရာ ကောင်းနေတာ။
ရှင်းအန်းရှန့်ကျူက တွေးထားလိုက်၏။ နန်းတော်ထဲက ပြန်လာရင်တော့ အဘွားရွှီကို ဒီအမွှေးနံ့သာမှုန့်တွေ ဘယ်ကဝယ်တာလဲလို့ မေးကြည့်ရမယ်။
ရွှီဇယ်ချန်က ပြုံးလိုက်လေသည်။ “ငါက အဘွားရွှီကို လခပေးထားပြီး မင်းကို တစ်နေ့လုံး ဂရုစိုက်ခိုင်းထားတာလေ”
ရှင်းအန်းရှန့်ကျူသည် သူ၏စကားကြောင့် ရယ်မောသွားပြီး သူမ၏လက်ကို ချကာ ရွှီဇယ်ချန်၏ ကိုယ်ပေါ်သို့ မှီလိုက်လေသည်။
ရွှီဇယ်ချန်သည် သူမ၏ ပခုံးကို လက်တစ်ဖက်ဖြင့် သိုင်းဖက်ထားလိုက်၏။ နှစ်ယောက်သား တိတ်ဆိတ်ငြိမ်သက်သည့် အငွေ့အသက်ကို ခံစားနေပြီးနောက် သူသည် သူမ၏ နားနားကပ်ကာ ရုတ်တရက် ပြောလိုက်၏။ “နောက်ထပ် လတစ်ဝက်ဆိုရင် ချဲ့အာရဲ့ နှစ်ပတ်လည်နေ့ပဲ”
ရှင်းအန်းရှန့်ကျူသည် မူလက မှိတ်ထားသည့် မျက်လုံးများကို ဖွင့်လိုက်မိ၏။ သူမ၏ မျက်ဝန်းထဲတွင် မကျေနပ်သည့် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသော်လည်း ချက်ချင်းပင် ဖုံးကွယ်လိုက်သည်။
“ဟုတ်တယ်၊ တစ်နှစ်တောင် ပြည့်ပြန်ပြီ။ အဲဒီတုန်းကသာ မတော်တဆမှု မဖြစ်ခဲ့ရင် အဲဒီကလေး အခုထိ ကောင်းကောင်းမွန်မွန် အသက်ရှင်နေဦးမှာ”
ရွှီဇယ်ချန်က သက်ပြင်းချလိုက်သည်။ “အဲဒီကလေးက စိတ်ဓာတ် အရမ်းခိုင်မာလွန်းတယ်။ မြင်းလှည်းပေါ်တောင် တင်ပေးလိုက်ပြီးပြီ၊ သူက သူ့ဘာသာသူ ခုန်ချလိုက်တာ”
ရလဒ်ကတော့ လည်ပင်းကျိုးပြီး သေဆုံးသွားခဲ့ရသည်။
ထိုစဉ်က သူတို့ ကျောင်းကျိုးမှ ရှန့်ကျင်းသို့ ပြန်လာချိန်တွင် အရာအားလုံး အဆင်ပြေချောမွေ့ခဲ့သော်လည်း ရွှီချဲ့ထံတွင် အမှားအယွင်း ဖြစ်ပွားခဲ့သည်။
အဲဒီကလေးက သူ့အမေကို အမေလို့ လုံးဝမခေါ်ဘူး။ အပြင်လူတွေကတော့ သူက အမေနဲ့ ခွဲနေရတာကြာလို့ မရင်းနှီးဘူးလို့ပဲ ထင်ကြတာ။
ဒါပေမဲ့ နောက်ပိုင်းမှ သူတို့ သိလိုက်ရတာက အဲဒီကလေးက သူ့အမေက အတုကြီးလို့ သတ်မှတ်ထားတာပဲ။ တစ်ခါတုန်းကဆို နို့ထိန်းဆီကနေ ရှောင်ထွက်ပြီး ယင်းအန်းဝမ်ကို သွားရှာဖို့ ဝမ်အိမ်တော်ကိုတောင် ပြေးသွားသေးတယ်။ နောက်ဆုံးကျမှ ယင်းအန်းဝမ်ရဲ့ ရှီဇီက ပြန်ပို့ပေးခဲ့ရတာ။
သည်ကလေးကို ဘေးတွင် ဆက်ထားလို့ မဖြစ်တော့မှန်း ထိုအချိန်ကတည်း ရွှီဇယ်ချန် သိလိုက်သည်။
သူ့ရဲ့ ပထမဆုံးကလေး ဖြစ်နေရင်တောင်မှပဲ။
ဒီနှစ်တွေအတွင်းမှာ အဲဒီကလေးကို သတိရလိုက်တိုင်း သူ အပြစ်ရှိသလို ခံစားရတာကတော့ ဖုံးကွယ်လို့မရဘူး။
တကယ်လို့ အဲဒီကလေးသာ အသက်ရှင်နေသေးရင်... တကယ်လို့များ...
သူ ဆက်မတွေးနိုင်တော့ချေ။ အဲဒီကလေး အသက်ရှင်နေဖို့ဆိုရင် အရာအားလုံးက အစကတည်းက မဖြစ်ပျက်ခဲ့ရမှာ။ ဒါပေမဲ့ ဖြစ်ပြီးသွားပြီလေ။
ရွှီဇယ်ချန်သည် သားဖြစ်သူကို လွမ်းဆွတ်တမ်းတခြင်းထဲတွင် နစ်မြောနေစဉ် ရှင်းအန်းရှန့်ကျူသည် သူမ၏ မျက်နှာပေါ်တွင်ပိုပြီး ယားယံလာသည်ကို ခံစားနေရသည်။
အစပိုင်းတွင် သူမသည် မျက်နှာပေါ်မှ အလှပြင်မျက်နှာချေများကြောင့် သည်းခံထားပြီး ခဏနေလျှင် ပျောက်သွားလိမ့်မည်ဟု တွေးထင်ခဲ့လေသည်။ သို့သော် ခဏလောက် သည်းခံပြီးနောက်တွင်တော့ လုံးဝ မခံမရပ်နိုင်ဖြစ်လာပြီး သူမ၏ သေသပ်လှပစွာ ညှပ်ထားသော လက်သည်းများဖြင့် ညင်သာစွာ ကုတ်ခြစ်လိုက်မိ၏။
သို့သော် ယားယံမှုသည် အရိုးထဲအထိ စိမ့်ဝင်နေသကဲ့သို့ဖြစ်ပြီး မည်သို့ပင် ကုတ်ခြစ်နေပါစေ သက်သာမလာခဲ့ပေ။
သူမ၏ ပါးပြင်တွင် အနီရောင်အစင်းကြောင်းနှစ်ခု ထွက်ပေါ်လာသည်ကို မြင်သောအခါ ရွှီဇယ်ချန်သည် သူမ၏လက်ကို ဖမ်းဆွဲလိုက်ပြီး မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။ “ဘာဖြစ်တာလဲ”
“မျက်နှာ နည်းနည်းယားလို့”
“ဆက်မကုတ်နဲ့တော့။ အစင်းရာတွေ ကျန်ခဲ့လိမ့်မယ်”
ရှင်းအန်းရှန့်ကျူသည် ဒေါသမထိန်းနိုင်ဘဲ ပြောလိုက်သည်။ “ဒါဆို ရှင်ပဲပြောကြည့်လေ ဘယ်လိုလုပ်ရမလဲလို့”
ရွှီဇယ်ချန်သည် သူ၏လက်ဖဝါးကို အသုံးပြုကာ သူမ ယားယံနေသော ပါးပြင်ပေါ်တွင် ဖိကပ်လိုက်ပြီး ဖြည်းညှင်းစွာ နှိပ်နယ်ပေးလိုက်ရာ ထိုယားယံမှုသည် အမှန်တကယ် ပျောက်ကွယ်သွားခဲ့သည်။
“သက်သာသွားပြီ” ယားယံမှု ပျောက်ကွယ်သွားပြီးနောက် ရှင်းအန်းရှန့်ကျူ၏ မျက်နှာပေါ်တွင် နောက်ဆုံးတွင် အပြုံးတစ်ခု ပြန်လည်ပေါ်ပေါက်လာပြီး ရွှီဇယ်ချန်ကို ကြည့်လိုက်သော အကြည့်များထဲတွင် အထင်ကြီးလေးစားမှုများ ပြည့်နှက်နေသည်။ “တော်သေးတာပေါ့၊ ဖူးကျွင်းကပဲ နည်းလမ်းရှိလို့”
ရွှီဇယ်ချန်သည် ပြုံးနေသော်လည်း စကားမဆိုဘဲ သူမ၏ခေါင်းပေါ်မှ ဆံထိုးကိုသာ ပြန်လည်တည့်မတ်ပေးလိုက်လေသည်။
မြင်းလှည်း၏ သွားနှုန်းသည် တဖြည်းဖြည်း နှေးကွေးလာခဲ့လေသည်။ ရွှီဇယ်ချန်သည် ခန်းဆီးကို လှပ်ကာ အပြင်သို့ တစ်ချက်ကြည့်လိုက်၏။ သူတို့သည် နန်းတော်တံခါးဝသို့ ရောက်ရှိလာခဲ့ကြပြီ။
မြင်းလှည်းအတွင်းမှ လူနှစ်ယောက်သည် သူတို့၏ အဝတ်အစားများကို အနည်းငယ် သပ်ရပ်အောင် ပြင်ဆင်လိုက်ကြပြီး မြင်းလှည်း ရပ်တန့်သွားသည်ကို စောင့်ဆိုင်းနေလိုက်သည်။
ရွှီဇယ်ချန်က အရင်ဆုံး မြင်းလှည်းပေါ်မှ ဆင်းလိုက်သည်။
ရှင်းအန်းရှန့်ကျူ ဆင်းလာချိန်တွင် ရွှီဇယ်ချန်သည် လက်ကမ်းပေးလိုက်ပြီး သူမကို ထိန်းပေးကာ လှည်းလှေကားမှ ဆင်းသက်လာစေသည်။
ထိုအချိန်တွင်ပင် အခြားမြင်းလှည်းအများအပြားလည်း ရပ်တန့်လာခဲ့ကြသည်။
ထိုအထဲမှ မြင်းလှည်းတစ်စီးသည် အလွန်ခမ်းနားထည်ဝါစွာ တန်ဆာဆင်ထားပြီး မြင်းလှည်းခန်းဆီးများပေါ်တွင်ပင် ရွှေချည်မျှင်များဖြင့် ပန်းထိုးထားသည်။ ထိုမြင်းလှည်းကို မြင်လိုက်သည်နှင့် ရှင်းအန်းရှန့်ကျူသည် မျက်မှောင်ကြုတ်လိုက်မိလေသည်။
ဒါက ဖူနဉ်မင်းသမီးရဲ့ မြင်းလှည်းပဲ။ ဖူနဉ်မင်းသမီးက အမြဲတမ်း သူမနဲ့ မတည့်ဘူး။ လူတွေရှေ့မှာတောင် သူမကို အရှက်ခွဲတာ အကြိမ်ပေါင်းမနည်းတော့ဘူး။
မကြာမီမှာပင် အရပ်မြင့်မြင့်နှင့် ခမ်းနားသော ဝတ်စုံကို ဝတ်ဆင်ထားသည့် ဖူနဉ်မင်းသမီးသည် မြင်းလှည်းပေါ်မှ ဆင်းသက်လာခဲ့သည်။
ဖူနဉ်မင်းသမီး၏ အကြည့်သည် ပတ်ဝန်းကျင်ကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး ရှင်းအန်းရှန့်ကျူနှင့် သူမ၏ဘေးမှ ရွှီဇယ်ချန်ကို ချက်ချင်း မြင်တွေ့သွားသည်။
သူမသည် နောက်မှလိုက်လာသော ဖုမာ (ကြင်ရာတော်)ကိုပင် လှည့်မကြည့်ဘဲ ထိုလူနှစ်ယောက်ရှိရာသို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လှမ်းလာခဲ့လေသည်။
“ရှင်းအန်း၊ မတွေ့တာကြာပြီနော်” သူမသည် ရှင်းအန်းရှန့်ကျူကို စကားပြောနေသော်လည်း သူမ၏အကြည့်သည် ရွှီဇယ်ချန်အပေါ်တွင်သာ ရှိနေလေ၏။
ရွှီဇယ်ချန်သည် သတိမထားမိသလို ဟန်ဆောင်ကာ ထိုသူကို ရိုသေစွာ အရိုအသေပေးလိုက်သည်။ “ကျွန်တော်မျိုး ဖူနဉ်မင်းသမီးကို ဂါရဝပြုပါတယ်”
“ရွှီလူကြီးမင်း အရမ်းယဉ်ကျေးနေဖို့ မလိုပါဘူး”
ရှင်းအန်းရှန့်ကျူသည် သူမ၏ မျက်လုံးများ ရွှီဇယ်ချန်အပေါ် ကပ်တွယ်နေသည်ကို မြင်သောအခါ လေသံအနည်းငယ် မာထန်စွာဖြင့် ပြောလိုက်သည်။ “ကုန်းကျူ၊ ဒီနေ့က အရှင်မင်းကြီးရဲ့ မွေးနေ့တော်မြတ်နေ့နော်၊ နောက်ကျသွားရင် မကောင်းပါဘူး”
ဖူနဉ်မင်းသမီးကလည်း သူမ၏ စိတ်သဘောထားကို တစ်ချက်ကြည့်ရုံဖြင့် သိရှိသွားပြီး အေးစက်စွာ ရယ်မောလိုက်လေသည်။ “ရှင်းအန်း၊ မင်းရဲ့ ဒီပုံစံကို မင်းကိုယ်မင်း ပြန်ကြည့်ဦး။ အရင်တုန်းက ငါနဲ့ လူလုရဲတဲ့ သတ္တိတွေ ဘယ်ရောက်သွားပြီလဲ”
ရှင်းအန်းရှန့်ကျူသည် မျက်နှာတင်းမာသွားပြီး စကားဆက်မပြောတော့ပေ။
ဖူနဉ်မင်းသမီးသည် သူမ ပျော်သည်ဖြစ်စေ၊ မပျော်သည်ဖြစ်စေ ဂရုမစိုက်ဘဲ သူမကို ခေါင်းအစ ခြေအဆုံး ကြည့်ရှုလိုက်ပြီး နောက်ဆုံးတွင် သူမ၏ မျက်နှာပေါ်သို့ အကြည့်ရောက်သွားကာ ပြောလိုက်လေသည်။ “ငါ ကြည့်ရတာ မင်းက အရင်ကထက် ပိုပြီး အရုပ်ဆိုးလာသလိုပဲနော်”
“နင်...” ရှင်းအန်းရှန့်ကျူသည် သည်းခံလိုက်ပြီးမှ လူအများရှေ့တွင် ဒေါသမထွက်မိအောင် ထိန်းချုပ်လိုက်ရသည်။
ထိုအချိန်တွင် ဖုမာသည် နောက်ဆုံးတွင် ရှေ့သို့တိုးလာပြီး အလွန်နှိမ့်ချသော ဟန်ပန်ဖြင့် ပြောလိုက်သည်။ “မင်းသမီး၊ အချိန်နီးကပ်နေပါပြီ။ နန်းတော်ထဲဝင်ပြီး အရှင်မင်းကြီးကို ဂါရဝပြုရအောင်ပါ”
ဖူနဉ်မင်းသမီးက ‘အင်း’ ဟု တစ်လုံးသာ ပြန်ဖြေလိုက်ပြီး လက်ကမ်းပေးလိုက်ရာ ဖုမာသည် အလျင်အမြန်ပင် ထိုလက်ကို ဖမ်းကိုင်လိုက်သည်။ ထိုဟန်ပန်သည် နန်းတော်ထဲမှ ကုန်းကုန်းတစ်ယောက်နှင့်ပင် သိပ်မကွာခြားလှပေ။
ရွှီဇယ်ချန်က တစ်ချက်သာ ကြည့်ပြီး အကြည့်လွှဲလိုက်တော့သည်။ အစကတော့ ဒီဖုမာကလည်း သူနဲ့ တစ်သုတ်တည်း ကျင့်ရှီအောင်ခဲ့တဲ့သူပဲ။ စာပေကျမ်းဂန်တွေမှာလည်း ထူးချွန်တယ်။ ကံဆိုးတာက မင်းသမီးကို လက်ထပ်လိုက်ပြီးတဲ့နောက်မှာတော့ ဒီလို အမျိုးသမီးတို့ရဲ့ စည်းကမ်းကို မလိုက်နာ အကျင့်ပျက်တဲ့ မင်းသမီးနဲ့ပဲ တစ်ဘဝလုံး ဖြတ်သန်းသွားရတော့မှာ။
အဲဒီအချိန်တုန်းက သူ့ရဲ့အခြေအနေကလည်း ဒီလူနဲ့စာရင် ဘာမှ သိပ်မထူးလှပါဘူး။
ဖူနဉ်မင်းသမီး နန်းတော်တံခါးမှ ဝင်ရောက်သွားပြီးနောက်မှ ရှင်းအန်းရှန့်ကျူသည် စကားစပြောလိုက်သည်။ “ဖူးကျွင်း၊ ကျွန်မတို့လည်း နန်းတော်ထဲ ဝင်ကြရအောင်ပါ”
နန်းတော်အတွင်းသို့ ရောက်ရှိပြီးနောက် လူနှစ်ယောက်သည် ယုံရှို့နန်းဆောင်သို့ သွားရာလမ်းကို အကျွမ်းတဝင် လျှောက်လှမ်းသွားကြသည်။ လမ်းတစ်လျှောက်တွင် ရွှီဇယ်ချန်သည် လုပ်ဖော်ကိုင်ဖက်အချို့နှင့် သူတို့၏ ဇနီးများနှင့် တွေ့ဆုံခဲ့သဖြင့် ရပ်တန့်ကာ စကားအနည်းငယ် ပြောဆိုခဲ့ကြသည်။
ယနေ့သည် ယခင်နေ့များနှင့်မတူဘဲ နန်းတွင်းညီလာခံ တက်ချိန်ထက်စာလျှင် သူတို့သည် ပိုပြီး ပေါ့ပါးလွတ်လပ်နေကြပုံရသည်။
သူတို့သည် စကားပြောနေစဉ်မှာပင် နောက်ဘက်မှ အစောင့်များ၏ တညီတညွတ်တည်း အော်ဟစ်သံကို ကြားလိုက်ရသည်။ “မင်ဝမ်ကို အရိုအသေပြုပါတယ်”
လူအချို့သည် အလျင်အမြန် လှည့်ကြည့်လိုက်ပြီး လမ်းဘေးတစ်ဖက်တစ်ချက်စီသို့ လျင်မြန်စွာ ခွဲထွက်ကာ လမ်းဖယ်ပေးလိုက်ကြလေသည်။
မင်ဝမ်သည် နက်မှောင်သော နဂါးရုပ်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လှမ်းလာလေသည်။ ရွှီဇယ်ချန်နှင့် အခြားအရာရှိများသည် ချက်ချင်းပင် ခါးညွှတ်ကာ အရိုအသေပေး လိုက်ကြပြီး ရှင်းအန်းရှန့်ကျူသည်လည်း ရွှီဇယ်ချန်၏ နောက်တွင်ရပ်ကာ လူအများနှင့်အတူ အရိုအသေပြုလိုက်သည်။
မင်ဝမ်သည် “အင်း” ဟု တစ်လုံးသာ ပြန်ဖြေလိုက်ပြီး သူတို့ကို လျစ်လျူရှုကာ ထွက်ခွာသွားသည်။
မင်ဝမ် ထွက်ခွာသွားပြီးနောက်မှ ထိုလူများသည် မတ်တပ်ရပ်လိုက်ကြသော်လည်း သူတို့၏ မျက်လုံးထောင့်မှ အရပ်ရှည်ရှည်နှင့် ပုံရိပ်တစ်ခု ဖြည်းညှင်းစွာ လျှောက်လှမ်းလာသည်ကို မြင်တွေ့လိုက်ရပြန်သည်။
ပိုင်ရှိုးမင်သည် အတွင်းဘက်တွင် အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး အပြင်ဘက်တွင် အနီရောင်တောက်တောက်နှင့် လက်ရှည်ဝတ်ရုံကို ထပ်ဝတ်ဆင်ထားလေသည်။ သူ၏ သရဖူပေါ်တွင်ပင် ပတ္တမြားနီတစ်လုံးကို တပ်ဆင်ထားသည်။ ချောမောလှပသော မျက်နှာပေါ်တွင် ဘာခံစားချက်မျှ မရှိသော်လည်း မြင်ရသူအဖို့ မျက်စိပသာဒ ဖြစ်စေသည်။
ပိုင်ရှိုးမင်သည် ထိုလူများ၏ ဘေးမှ တိတ်ဆိတ်စွာ ဖြတ်သန်းသွားခဲ့ပြီး ခြေသံကိုပင် မကြားလိုက်ရပေ။
ထိုလူများသည်လည်း နှုတ်ဆက်စကား မဆိုကြဘဲ မမြင်ဟန်ဆောင်ကာ မျက်နှာလွှဲထားလိုက်ကြသည်။ သို့သော် အချို့သော အရာရှိကတော်များကတော့ မျက်တောင်မခတ်တမ်း စိုက်ကြည့်နေကြသည်။
ထိုလူ ထွက်ခွာသွားပြီးနောက်မှ အခမ်းအနားဝန်ကြီးဌာန လက်ဝဲလက်ထောက်ဝန်ကြီးက ညင်သာစွာ ပြောလိုက်၏။ “ဒီပိုင်လူကြီးမင်းကတော့ အခြေအနေနဲ့ လိုက်ဖက်အောင် ဝတ်စားတတ်သားပဲ။ အရှင်မင်းကြီးရဲ့ အလိုတော်ကို နားလည်တတ်လွန်းတယ်။ အရှင်မင်းကြီးက သူ့ကို အလေးပေးတာလည်း မဆန်းတော့ပါဘူး”
“ညီလေးဝမ် ဒီလိုပြောတာတော့ လွဲသွားပြီ။ အဓိကက အဖေကောင်းတစ်ယောက် ရှိဖို့ လိုတာပါ”
ထိုလူ ပြောပြီးသည်နှင့် လူအားလုံးသည် တစ်ပြိုင်နက်တည်း ရယ်မောလိုက်ကြသည်။
ထိုနေ့က နန်းတော်အစည်းအဝေးတွင် အရာရှိအားလုံးသည် ရှီးလင်ဝမ်ကို အဆုံးစီရင်မည့် ကိစ္စကို သဘောတူခဲ့ကြပြီး၊ ခန်းချင်းဝမ်က ပိုင်ရှိုးမင်ကို တရားစွဲဆိုသည့် ကိစ္စကိုလည်း မည်သို့မျှ တုံ့ပြန်ခဲ့ခြင်း မရှိပေ။ သို့သော် ထိုကိစ္စ ပြီးဆုံးသွားပြီးနောက် နန်းတော်ထဲတွင် မတူညီသော အသံများ ထွက်ပေါ်လာခဲ့သည်။
အချို့အရာရှိများက ရှီးလင်ဝမ်သည် မည်သို့ပင်ဖြစ်စေ ပိုင်ရှိုးမင်၏ ဖခင်အရင်းဖြစ်ကြောင်း၊ သားတစ်ယောက်အနေနှင့် ဖခင်အရင်းကို သေလမ်းသို့ ပို့ဆောင်ခဲ့သည့် သည်လိုလူမျိုးနှင့် သူတို့က မည်သို့အတူတကွ အမှုထမ်းနိုင်မည်နည်းဟု ယူဆကြသည်။
ထိုအထဲတွင် ဟန်လင်းကျောင်းတော်က အပြင်းထန်ဆုံး တုံ့ပြန်ခဲ့ပြီး၊ စစ်းဆေးရေးဌာနကတော့ မည်သို့မျှ တုံ့ပြန်ခဲ့ခြင်း မရှိပေ။
သို့သော် ကိစ္စက အဆုံးသတ်သွားခဲ့ပြီ ဖြစ်သည်။ အရှင်မင်းကြီးသည် နန်းတော်ထဲမှ ကောလာဟလများက ပိုင်ရှိုးမင်အပေါ် မကောင်းမြင်စေကြောင်း ကြားသိသောအခါ ဟန်လင်းကျောင်းတော် ပညာရှိများကို တိုက်ရိုက် အမိန့်ထုတ်ကာ သတိပေးခဲ့သဖြင့် လေသံများသည်လည်း အတင်းအကျပ် ဖိနှိပ်ခြင်း ခံလိုက်ရလေသည်။
လူအများအပြားသည် စိတ်ထဲတွင် မကျေမနပ် ဖြစ်နေကြသော်လည်း အရှင်မင်းကြီး၏ သဘောထားသည် အလွန်တင်းမာနေသဖြင့် သူတို့သည် သည်ကိစ္စကို လုပ်ဖော်ကိုင်ဖက်များကြားတွင်သာ တိတ်တဆိတ် ပြောဆိုနိုင်ကြတော့သည်။
အရာရှိကတော်များသည် ပိုင်ရှိုးမင်ကို ကောင်းစွာ မသိကြသဖြင့် အတွင်းကြောင်းကိုလည်း မသိရှိကြပေ။ သူတို့၏ ခင်ပွန်းများ အဘယ်ကြောင့် ရယ်မောနေကြသည်ကိုလည်း နားမလည်ကြချေ။ ရှင်းအန်းရှန့်ကျူတစ်ယောက်သာ သိရှိလေသည်။
ရှီးလင်ဝမ်၏ကိစ္စ ဖြစ်ပွားပြီးနောက် ရွှီဇယ်ချန်သည် အိမ်ပြန်ရောက်သောအခါ သူမကို ထိုအကြောင်း ပြောပြခဲ့သည်။ သူ့စကားများထဲတွင် ပိုင်ရှိုးမင်ကို အထင်မကြီးသည့် အရိပ်အယောင်များ ပါဝင်နေပြီး သူ့ကို အရှင်မင်းကြီး၏ အလိုတော်ကို လိုက်တတ်သော ကုန်းစကားပြောသူဟု ခေါ်ဝေါ်ခဲ့သည်။
လူအချို့သည် ပိုင်ရှိုးမင် ထွက်ခွာသွားသည်မှာ လုံလောက်အောင် ဝေးသွားပြီဟု ထင်မှတ်ပြီး သူတို့၏ စကားသံများသည်လည်း လုံလောက်အောင် တိုးသည်ဟု ထင်နေကြသော်လည်း၊ သူတို့၏ စကားများအားလုံးသည် ရှေ့မှ လျှောက်လှမ်းနေသော သားအဖနှစ်ယောက်၏ နားထဲသို့ အတိအကျ ဝင်ရောက်သွားခဲ့သည်ကို မသိရှိကြပေ။
မင်ဝမ်သည် ထိုလူများ၏ စကားကို ကြားပြီးနောက် ‘ကျွတ် ကျွတ်’ ဟု စုပ်သပ်လိုက်တော့သည်။ “ဒီအရာရှိတွေက ရုပ်ဆိုးတာထားလိုက်တော့၊ ငါ့သားကိုတောင် မနာလိုဖြစ်နေကြသေးတယ်။ တကယ်ကို အမြင်မရှိတဲ့ လူတွေပဲ”
ပိုင်ရှိုးမင်သည် သူ့ကို တစ်ချက်စောင်းကြည့်လိုက်ပြီး စကားပြန်ပြောရန်ပင် ပျင်းရိနေမိလေသည်။
“လူငယ်ဆိုတာ ဒီလို တောက်ပတဲ့အရောင်တွေ ဝတ်ရမှာ။ မယုံရင် ခဏနေ အရှင်မင်းကြီးကို ပြန်မေးကြည့်လိုက်၊ မင်း ဒီနေ့ဝတ်တာ အရမ်းကြည့်ကောင်းတယ်လို့ သူလည်း သေချာပေါက် ထင်မှာပဲ”
“ကျွန်တော့်ရဲ့ အရာရှိဝတ်စုံအရောင်ကလည်း တောက်ပတာပဲ။ ဖုဟွမ်သာ ကျွန်တော့်ရဲ့ အရာရှိဝတ်စုံကို ထပ်ပြီး ဝှက်ထားဦးမယ်ဆိုရင် ကျွန်တော် နောက်ဆို မင်ဝမ်အိမ်တော်ကို ဘယ်တော့မှ မလာတော့ဘူး”
“သိပါပြီကွာ၊ အရွယ်လေးက နည်းနည်းလေးပဲ ရှိသေးတယ်၊ ဘယ်လိုဖြစ်လို့ ဒီလောက်တောင် စကားများနေရတာလဲ”
ပိုင်ရှိုးမင်သည် နှုတ်ခမ်းထောင့်ကို တွန့်လိုက်ပြီး သူနှင့် ဆက်ပြီး အကျိုးအကြောင်း ဆွေးနွေးရန် လက်လျှော့လိုက်တော့သည်။
လူနှစ်ယောက်သည် ယုံရှို့နန်းဆောင်သို့ ဝင်ရောက်သွားပြီးနောက် ဘေးဘက်ရှိ ချန်ချင်းနန်းဆောင်သို့ သွားရောက်ခဲ့ကြလေသည်။ သည်အချိန်တွင် အရှင်မင်းကြီးနှင့် မိဖုရားခေါင်တို့သည် ချန်ချင်းနန်းဆောင်တွင် ရှိနေကြသည်။
မင်းသားများ၊ မင်းသမီးများ၊ အရှင်မင်းကြီးနှင့် ရင်းနှီးသော တော်ဝင်မျိုးနွယ်များသည်လည်း ယခုအချိန်တွင် ချန်ချင်းနန်းဆောင်၌ ရှိနေကြသည်။
ယခင်က ယင်းအန်းဝမ်သည် သည်နေရာသို့ ဝင်ရောက်ခွင့် မရှိခဲ့ပေ။ သို့သော် ယခုနှစ်တွင် ခန်းချင်းဝမ်နှင့် ရွှမ်းချင်းဝမ်တို့ ဆက်တိုက် ကံဆိုးမိုးမှောင်ကျသွားပြီးနောက် သူသည် တော်ဝင်မျိုးနွယ်စုမှ ဝမ်များ၏ ထောက်ခံမှုကို ရရှိခဲ့ပြီး သူ့ကို မျိုးနွယ်စုအကြီးအကဲ စုန်းလင့်ရာထူးကို ခန့်အပ်ရန် တင်မြှောက်ခြင်း ခံခဲ့ရသည်။ အရှင်မင်းကြီးသည် သဘောမတူသေးသော်လည်း သူ့ကို ယခင်ကနှင့်မတူသော အခွင့်အရေးများ ပေးအပ်ခဲ့သည်။
ယင်းအန်းဝမ်သည် မင်းသား၊ မင်းသမီးများ ဝန်းရံနေသည့် အရှင်မင်းကြီးကို ကြည့်ရင်း စိတ်ထဲတွင်တော့ တွေးတောနေမိလေသည်။ သမီးနဲ့ သမက်ရော နန်းတော်ထဲကို အဆင်ပြေပြေ ဝင်လာခဲ့ရဲ့လား မသိဘူး။ လွန်ခဲ့တဲ့ရက်ပိုင်းကပဲ ဝမ်ဖေးက ရှင်းအန်းကို သတိရတယ်လို့ ပြောနေသေးတယ်။ နန်းတွင်းစားသောက်ပွဲ ပြီးရင်တော့ သမီးနဲ့ သမက်ကို ဝမ်အိမ်တော်ကို တစ်ခေါက်လောက် ပြန်လာခိုင်းရမယ်။
ယင်းအန်းဝမ်၏ စိတ်များ လွင့်မျောနေသည်ကို ဘယ်သူမှ သတိမထားမိပေ။ အရှင်မင်းကြီးသည် သားတော်၊ သမီးတော်များနှင့် ဆွေမျိုးများနှင့် စကားအနည်းငယ် ပြောဆိုပြီးနောက် အချိန်အတန်ကြာ ကုန်ဆုံးသွားခဲ့သည်။ ထိုအချိန်တွင် ကုန်းကုန်းချုပ်ကြီးက လာရောက်သတင်းပို့သည်။ “မင်္ဂလာအချိန်တော်သို့ ရောက်ရှိလာပါပြီ၊ စားသောက်ပွဲ စတင်နိုင်ပါပြီ အရှင်မင်းကြီး”
ချန်ချင်းနန်းဆောင်ရှိ လူအားလုံးသည် ချက်ချင်းပင် နှုတ်ဆက်ကာ ထွက်ခွာသွားကြလေသည်။ သူတို့သည် ယုံရှို့နန်းဆောင်သို့ အရင်ဆုံး ပြန်သွားရမည်။ ထို့နောက်မှ အရှင်မင်းကြီးနှင့် မိဖုရားခေါင်တို့သည် နန်းတွင်းအပျိုတော်များနှင့် ကုန်းကုန်းများ၏ ဝန်းရံမှုဖြင့် ယုံရှို့နန်းဆောင်သို့ ကြွချီသွားကြသည်။
ရှင်းအန်းရှန့်ကျူသည် ပြည်ထဲရေးဝန်ကြီးဌာန လက်ထောက်ဝန်ကြီး၏ ဇနီးသည်အဖြစ် စားသောက်ပွဲသို့ တက်ရောက်ခဲ့သဖြင့် နေရာသည် ရှေ့တန်းတွင် မကျပေ။ သူမသည် ထိုနေရာကို မည်သို့မျှ မကျေနပ်မှု မရှိဘဲ ပျော်ရွှင်စွာပင် ဘေးမှ အခမ်းအနားဝန်ကြီးဌာန လက်ထောက်ဝန်ကြီး၏ ဇနီးနှင့် စကားစမြည် ပြောဆိုနေလေသည်။
နှစ်ယောက်သား အနည်းငယ် စကားစမြည် ပြောဆိုပြီးနောက် ဝမ်ရယ်များသည် ခန်းမဆောင်အတွင်းသို့ ဝင်ရောက်လာပြီး နေရာယူကြလေသည်။ ရှင်းအန်းရှန့်ကျူသည် ယင်းအန်းဝမ်ကို တစ်ချက်ကြည့်ရုံဖြင့် မြင်လိုက်လေသည်။
ယင်းအန်းဝမ်သည်လည်း ပတ်ဝန်းကျင်ကို လိုက်လံကြည့်ရှုနေပြီး သူမကို ရှာဖွေနေဟန်တူသည်။ သို့သော် ကံဆိုးစွာပင် သူမ၏ နေရာသည် အနည်းငယ် ဘေးဘက်ကျနေသဖြင့် ယင်းအန်းဝမ်သည် မမြင်တွေ့ဘဲ သူ့နေရာတွင်သာ ပြန်လည်ထိုင်လိုက်ရသည်။
ရှင်းအန်းရှန့်ကျူကတော့ စိတ်ထဲတွင် တွေးနေမိသည်။ ဒီနေ့ ဖုဟွမ်က စားသောက်ပွဲမတိုင်ခင် အရှင်မင်းကြီးကို တွေ့ခွင့်ရခဲ့တယ်။ ကြည့်ရတာ အရင်ကကြားထားတဲ့ ကောလာဟလတွေက တကယ်ဖြစ်လာဖို့ များနေပြီ။ နှစ်သစ်ကူးပြီးရင် ဖုဟွမ်က မျိုးနွယ်စုအကြီးအကဲ ဖြစ်လာတော့မှာ။
ဒီအချက်ကို တွေးမိသောအခါ သူမ၏ စိတ်ထဲတွင် ပျော်ရွှင်မှုများ ဖြစ်ပေါ်လာလေသည်။ ဖုဟွမ်က မျိုးနွယ်စုအကြီးအကဲ ဖြစ်လာရင် ချင်းဝမ်အဖြစ် ရာထူးတိုးမြှင့်ခံရဖို့ အခွင့်အရေး ရှိလာနိုင်တယ်။ ဒီလိုဆိုရင် ငါလည်း ကျွင်းကျူ (မင်းညီ၊ မင်းသားများ၏သမီးတော်။ ဘုရင်၏ တူမတော်စပ်သူ) အဖြစ် ရာထူးတိုးမြှင့်ခံရဖို့ အခွင့်အရေး ရှိလာနိုင်တာပေါ့။
သို့သော် ယခုအချိန်တွင် ဤအကြောင်းအရာများကို ပြောရန် အနည်းငယ် စောလွန်းသေးသည်။ ရှင်းအန်းရှန့်ကျူသည် လွင့်မျောနေသော အတွေးများကို ပြန်လည်စုစည်းလိုက်ပြီး အချိန်အနည်းငယ် စောင့်ဆိုင်းပြီးနောက် အရှင်မင်းကြီးနှင့် မိဖုရားခေါင်တို့သည် နောက်ဆုံးတွင် စားသောက်ပွဲသို့ ဝင်ရောက်လာကြသည်။
နှစ်ယောက်သား နေရာယူပြီးနောက် အိမ်ရှေ့စံမင်းသားမှ စတင်ကာ အောက်မှ ဝမ်ရယ်များ၊ မင်းသမီးများနှင့် နေရာဒေသအသီးသီးမှ အရာရှိများက တစ်ယောက်ချင်းစီ ရှေ့ထွက်ကာ လက်ဆောင်များ ဆက်သကြလေသည်။
အရာရှိများ ဆက်သသော မွေးနေ့လက်ဆောင်များသည် အများအားဖြင့် အလွန်တန်ဖိုးကြီးမားခြင်း မရှိသော်လည်း တစ်ခုချင်းစီတွင် ထူးခြားသော စိတ်ကူးစိတ်သန်းများ ပါဝင်နေသည်။ အရှင်မင်းကြီး၏ မျက်နှာတော်သည် ပေါ့ပါးနေပြီး ဤလက်ဆောင်များကို အလွန်ကျေနပ်နေပုံရသည်။
အရာရှိများ လက်ဆောင်ဆက်သခြင်း ပြီးဆုံးသွားသောအခါ နောက်ဆုံးအဖြစ် မြို့တော်သို့ ပြန်မလာသေးသော တုံးဖျင်ဝမ်နှင့် ပေဟွမ်ဝမ်တို့က လက်ဆောင်ဆက်သကြသည်။
ဝမ်နှစ်ပါးလုံးသည် ကြီးမားသော လက်ဆောင်များကို ဆက်သခဲ့ကြပြီး ယခင်နှစ်များက မွေးနေ့လက်ဆောင်များထက် နှစ်ဆခန့် ပိုမိုတန်ဖိုးကြီးမားနေသည်။ ထိုအရာက အရှင်မင်းကြီးအပေါ် သူတို့၏ သဘောထားကို ပြသနေသကဲ့သို့ပင်။
နန်းတွင်းအရာရှိများနှင့် တော်ဝင်မျိုးနွယ်စု ဝမ်များသည် ထိုအချိန်တွင် စိတ်ထဲတွင် ရှုပ်ထွေးသော ခံစားချက်များ ဖြစ်ပေါ်နေကြသော်လည်း သည်အချိန်တွင် ဘယ်သူမှ စကားပိုမပြောဝံ့ကြပေ။
လက်ဆောင်ဆက်သခြင်း ပြီးဆုံးသွားပြီးနောက် အရှင်မင်းကြီးသည် တိုင်းပြည်သာယာဝပြောရေး စသော ဆုတောင်းစကားအချို့ ပြောကြားပြီးနောက် စားသောက်ပွဲ စတင်ကြောင်း ကြေညာလိုက်သည်။
နန်းတွင်းအပျိုတော်များသည် ဟင်းလျာမျိုးစုံကို သယ်ဆောင်လာကြပြီး၊ တေးဂီတသံများ ထွက်ပေါ်လာကာ ကချေသည်များသည် ခန်းမဆောင်အတွင်း၌ လှပစွာ ကခုန်နေကြသည်။ ခန်းမဆောင်တစ်ခုလုံးသည် ပျော်ရွှင်ချမ်းမြေ့သော အငွေ့အသက်များဖြင့် ပြည့်နှက်နေသည်။
ရှင်းအန်းရှန့်ကျူသည် ထိုစိတ်အနှောင့်အယှက်ဖြစ်ဖွယ် ယားယံမှုကို တစ်ဖန် ခံစားလိုက်ရပြန်သည်။ ပတ်ဝန်းကျင်တွင် လူများ ကြည့်ရှုနေသဖြင့် သူမသည် ဘေးသို့ အနည်းငယ် စောင်းကာ လက်အင်္ကျီဖြင့် ဖုံးကွယ်ထားလိုက်ရသည်။
သူမသည် ရွှီဇယ်ချန် အသုံးပြုခဲ့သော နည်းလမ်းအတိုင်း လက်တစ်ဖက်ဖြင့် မျက်နှာကို ဖိကပ်ကာ ညင်သာစွာ နှိပ်နယ်နေလိုက်သည်။
ရွှီဇယ်ချန်သည် ပတ်ဝန်းကျင်မှ လုပ်ဖော်ကိုင်ဖက်များကို ဧည့်ခံနေရသဖြင့် သူမကို များစွာ အာရုံမစိုက်နိုင်ပေ။ သူမ၏ အာရုံသည်လည်း ပျောက်ကွယ်မသွားသော သည်ယားယံမှုအပေါ်တွင်သာ ရှိနေသဖြင့် ပတ်ဝန်းကျင်မှ လူများနှင့် စကားပြောဆိုရန် စိတ်မဝင်စားတော့ပေ။
သူမသည် သည်လို နှိပ်နယ်လိုက်၊ ယားလိုက် ဖြစ်နေသည်မှာ အချိန်တစ်နာရီနီးပါး ကြာမြင့်သွားခဲ့သည်။ ဤအချိန်တွင် ခန်းမဆောင်အတွင်း၌ အလွန်စည်ကားနေပြီး အရှင်မင်းကြီးသည် မိဖုရားခေါင်နှင့် စကားပြောဆိုကာ ခွက်ချင်းတိုက်ကာ ဂုဏ်ပြုနေကြလေသည်။
ရုတ်တရက် ထိုယားယံမှုသည် ချက်ချင်း ပျောက်ကွယ်သွားပြီး တစ်စုံတစ်ခု ကွာကျသွားသကဲ့သို့ ခံစားလိုက်ရသည်။ သူမသည် မျက်နှာပေါ်သို့ အေးစက်သော အငွေ့အသက်တစ်ခု ရိုက်ခတ်လာသည်ကို ခံစားလိုက်ရသည်။
ပတ်ဝန်းကျင်မှာ လေအေးတွေ တိုက်နေတာ မဟုတ်ဘူးလေ။ ငါ ဘာလို့ မျက်နှာပေါ်မှာ အေးစက်နေတယ်လို့ ခံစားနေရတာလဲ။
ရှင်းအန်းရှန့်ကျူသည် နားမလည်နိုင်ဖြစ်နေပြီး ခေါင်းငုံ့ကာ ကြည့်ရန် မပြင်ဆင်ရသေးခင်မှာပင် သူမ၏ ဘေးမှ နားခါးလှသော စူးရှသည့် အော်သံတစ်သံသည် ခန်းမဆောင်တစ်ခုလုံးကို ထိုးဖောက်သွားတော့သည်။
ခန်းမဆောင်အတွင်းရှိ လူများသည် အခိုက်တန့် ထိတ်လန့်တုန်လှုပ်သွားပြီးနောက် အော်သံထွက်ပေါ်လာရာ နေရာသို့ အားလုံး ကြည့်လိုက်ကြ၏။ ထို့နောက် ရှင်းအန်းရှန့်ကျူသည် ထိတ်လန့်တုန်လှုပ်နေသော မျက်နှာများစွာကို မြင်တွေ့လိုက်ရပြီး ထိုမျက်နှာများအားလုံးသည် သူမရှိရာ ဘက်သို့ ဦးတည်နေကြသည်။
သူမသည် တစ်စုံတစ်ယောက်က ထိတ်လန့်တကြား အော်ဟစ်လိုက်သည်ကို ကြားလိုက်ရသည်။ “အဲဒါ ဘာသတ္တဝါကြီးလဲ”
အချို့သော အရာရှိကတော်များသည် မျက်ဖြူဆိုက်ကာ တန်းမေ့လဲသွားကြတော့သည်။
အရှင်မင်းကြီးသည် အနည်းငယ် အလှမ်းဝေးနေသဖြင့် ဖြစ်ပျက်နေသည့် အရာကို ရှင်းလင်းစွာ မမြင်ရဘဲ ဘယ်ဘက်အောက်တွင် ထိုင်နေသော မင်ဝမ်ကိုသာ မေးလိုက်ရသည်။ “ဘာဖြစ်တာလဲ”
မင်ဝမ်သည် ထိုနေရာသို့ တစ်ချက် လှမ်းကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။ “ကိစ္စမရှိပါဘူး၊ တစ်စုံတစ်ယောက် မျက်နှာကွာကျသွားလို့ပါ”
အရှင်မင်းကြီးသည် ခဏလောက် ကြောင်အသွားပြီး မိမိ ကြားလိုက်သည်မှာ အမှန်ဟုတ် မဟုတ် မသေချာဖြစ်သွားတော့၏။
“ဘာ... ဘာကွာကျသွားတာလဲ” သူက ထပ်မေးလိုက်သည်။
မင်ဝမ်သည် ခွက်ထဲမှ သေရည်ကို မော့သောက်လိုက်ပြီး သူ့ကို ပြောလိုက်သည်။ “မျက်နှာလေ၊ ကွာကျသွားတာ”
အရှင်မင်းကြီးသည် မိမိကိုယ်ကို အတွေ့အကြုံများစွာ ရှိသည်ဟု ယူဆထားပြီး မည်သည့်ကိစ္စမျိုးမဆို သူ့ကို တုန်လှုပ်စေနိုင်မည် မဟုတ်ဟု ထင်မှတ်ခဲ့သည်။ ယခင်က နန်းတွင်းစားသောက်ပွဲတွင် လုပ်ကြံသတ်ဖြတ်သူများက သူ့ကို လုပ်ကြံရန် ကြိုးစားခဲ့စဉ်ကပင် သူ မျက်နှာပျက်ခဲ့ခြင်း မရှိပေ။ သို့သော် ယနေ့တွင်တော့ မည်သို့ တုံ့ပြန်ရမည်ကို အမှန်တကယ် မသိတော့ချေ။
သူ့ရဲ့ မွေးနေ့ပွဲမှာ တစ်စုံတစ်ယောက်ရဲ့ မျက်နှာက ကွာကျသွားတယ်တဲ့လား။
ဒီစကားက ပုံမန်မှ ဟုတ်သေးရဲ့လား။
တော်သေးသည်မှာ အရှင်မင်းကြီးသည် ခဏလောက်သာ ကြောင်အသွားပြီးနောက် ဘေးမှ အိမ်ရှေ့စံမင်းသားနှင့် အိမ်ရှေ့စံမင်းသား၏ ဘေးတွင် ထိုင်နေသော ပိုင်ရှိုးမင်ကို လက်ယက်ခေါ်လိုက်သည်။
နှစ်ယောက်လုံးသည် တစ်ပြိုင်နက် ထရပ်လိုက်ပြီး အရှင်မင်းကြီး၏ ပလ္လင်တော်အောက်သို့ ရောက်ရှိလာကြသည်။
အရှင်မင်းကြီးက အမိန့်ပေးလိုက်သည်။ “အိမ်ရှေ့စံမင်းသားက အရာရှိတွေကို သွားပြီး နေရာချထားလိုက်။ အရာရှိကတော်တွေကို မထိတ်လန့်စေနဲ့။ ပြီးတော့ သူတို့ကို ပါးစပ်ပိတ်ထားဖို့ ပြောလိုက်”
အိမ်ရှေ့စံမင်းသားက ရိုသေစွာ ပြန်ဖြေလိုက်သည်။ “ဖုဟွမ်ရဲ့ အမိန့်အတိုင်း ဆောင်ရွက်ပါ့မယ်”
ထို့နောက် အရှင်မင်းကြီးသည် ပိုင်ရှိုးမင်ကို ကြည့်လိုက်ပြီး မျက်နှာပေါ်တွင် အနည်းငယ် မတတ်သာသည့် အရိပ်အယောင်ဖြင့် ပြောလိုက်သည်။ “သွားစုံစမ်းလိုက်ဦး၊ ဒါက ဘယ်လိုဖြစ်တာလဲဆိုတာ”
ဒါက မတော်တဆမှုတစ်ခုလား။ ဒါမှမဟုတ် တစ်စုံတစ်ယောက်က သူ့ကို အထူးမွေးနေ့လက်ဆောင် ပေးတာလားဆိုတာ သူ တကယ်သိချင်နေပြီ။
ဒါကသာ တုံးဖျင်ဝမ်နဲ့ ပေဟွမ်ဝမ်တို့နဲ့ မသက်ဆိုင်တာ အကောင်းဆုံးပဲ။ မဟုတ်ရင်တော့...
အရှင်မင်းကြီးနှင့် မိဖုရားခေါင်တို့သည် နန်းတွင်းစစ်သည်တော်များ၏ အကာအကွယ်ဖြင့် ယုံရှို့နန်းဆောင်မှ ထွက်ခွာသွားချိန်တွင် အိမ်ရှေ့စံမင်းသားသည် လူများကို စီစဉ်ပြီး သည်ကိစ္စနှင့် မသက်ဆိုင်သော အရာရှိများနှင့် သူတို့၏ ဇနီးများကို ယုံရှို့နန်းဆောင်မှ ထွက်ခွာရန် စီစဉ်ပေးလိုက်လေသည်။ တော်ဝင်မျိုးနွယ်များသည် နောက်ဆုံးမှ ထွက်ခွာရလိမ့်မည်။
နန်းတွင်းစစ်သည်တော်များသည် ခန်းမဆောင်အတွင်းတွင် စောင့်ကြပ်နေကြသည်။ တချို့လူများသည် စိတ်ထဲတွင် မကျေမနပ် ဖြစ်နေကြသော်လည်း ဘယ်သူမှ စကားပိုမပြောဝံ့ကြပေ။
ယင်းအန်းဝမ်၏ မိသားစုသည် ပတ်ဝန်းကျင်ကို လိုက်လံကြည့်ရှုနေပြီး ရှင်းအန်းရှန့်ကျူ၏ အရိပ်အယောင်ကို ရှာဖွေနေဟန်တူသည်။ သို့သော် သူတို့သည် စိတ်ပျက်ရမည်မှာ သေချာနေလေပြီ။
ပိုင်ရှိုးမင်သည် ယခုအချိန်တွင်တော့ ရှင်းအန်းရှန့်ကျူ၏ စားပွဲရှေ့တွင် ရပ်နေလေ၏။
သူ့နောက်ကျောဘက်တွင် သည်နေရာကို တစ်ချက်ပင် လှည့်မကြည့်ဝံ့ဘဲ အလျင်အမြန် ထွက်ခွာသွားကြသော အရာရှိများ ရှိနေသည်။ ထိုလူများ ထွက်ခွာသွားပြီးနောက် ခန်းမဆောင်အတွင်းတွင် ပန်းကန်ခွက်ယောက်များ ပြန့်ကျဲနေပြီး ယခင်က ပျော်ရွှင်စည်ကားသော အငွေ့အသက်များ လုံးဝ ပျောက်ကွယ်သွားတော့သည်။
သည်အချိန်တွင် ရှင်းအန်းရှန့်ကျူသည် ကွာကျသွားသောအရာသည် သူမ၏ မျက်နှာဖြစ်ကြောင်း သိသွားတော့၏။ သူမ၏ မျက်ဝန်းထဲတွင် ထိတ်လန့်မှုများ ပြည့်နှက်နေပြီး လက်နှစ်ဖက်ဖြင့် မျက်နှာကို အုပ်ကိုင်ကာ တုန်တုန်ယင်ယင် ဖြစ်နေလေသည်။
ရွှီဇယ်ချန်သည် ဘေးတွင် ရပ်နေပြီး သူ၏ မျက်နှာပေါ်တွင် ထိတ်လန့်မှုနှင့် အံ့အားသင့်မှုများ ပြည့်နှက်နေသည်။ သည်မြင်ကွင်းကို လက်ခံနိုင်ရန် ခက်ခဲနေဟန်တူသည်။
သူတို့နှင့် အနီးတွင် ထိုင်နေသော အရာရှိအချို့နှင့် သူတို့၏ ဇနီးများသည် ထွက်ခွာသွားခြင်း မရှိဘဲ ဘေးဘက်သို့ နေရာရွှေ့ပြောင်းပေးခြင်း ခံထားရသည်။ စောစောက အော်ဟစ်လိုက်သော အခမ်းအနားဝန်ကြီးဌာန လက်ထောက်ဝန်ကြီး၏ ဇနီးသည်မှာ အလွန်ထိတ်လန့်သွားပြီး နန်းတွင်းအပျိုတော်တစ်ဦး၏ အကူအညီဖြင့် ဘေးတွင် ထိုင်ကာ အသက်ရှူနေရလေသည်။
ရှင်းအန်းရှန့်ကျူ၏ ကြည့်မကောင်းအောင် ပျက်စီးနေသော မျက်နှာကို အချိန်အတော်ကြာ စိုက်ကြည့်နေပြီးနောက် ပိုင်ရှိုးမင်သည် နောက်ဆုံးတွင် စကားစပြောလိုက်တော့သည်။ သူ၏ မျက်နှာအမူအရာသည် ပုံမှန်အတိုင်းပင် ရှိနေပြီး လေသံသည်လည်း အလွန်တည်ငြိမ်လို့နေသည်။ “ရှင်းအန်းရှန့်ကျူ၊ ကျွန်တော့်ကို ပြောပြတာ ပိုကောင်းမယ် ထင်တယ်။ မင်... ဘယ်သူလဲ”
“ကျွန်မ၊ ကျွန်မက ရှင်းအန်းပါပဲ။ ပိုင်... ပိုင်ရှိုးမင်၊ တစ်စုံတစ်ယောက်က ကျွန်မကို ဒုက္ခပေးတာ၊ သေချာပေါက် တစ်စုံတစ်ယောက်က ကျွန်မကို ဒုက္ခပေးချင်လို့၊ ကျွန်မ ဒီလိုပုံစံ ဖြစ်သွားရတာပါ” ရှင်းအန်းရှန့်ကျူသည် ငိုယိုအော်ဟစ်နေသည်။ သူမ၏ စူးရှသောအသံသည် ယင်းအန်းဝမ်ကို လှုပ်ရှားသွားစေသော်လည်း သူတို့ ထရပ်လိုက်သည်နှင့် နန်းတွင်းစစ်သည်တော်များက တားဆီးထားလိုက်ကြ၏။
“ရွှီလူကြီးမင်းကရော၊ ကျွန်တော့်ကို ပြောချင်တာများ ရှိသေးလား” ပိုင်ရှိုးမင်သည် ရွှီဇယ်ချန်ကို လှည့်ကြည့်လိုက်သည်။
ရွှီဇယ်ချန်သည် ရှင်းအန်းရှန့်ကျူကို တစ်ချက်ကြည့်လိုက်ပြီး ကျိန်တွယ်ပြောဆိုလိုက်သည်။ “ကျွန်တော်မျိုး၊ ကျွန်တော်မျိုး ထင်တာတော့ ရှန့်ကျူက လူယုတ်မာတွေရဲ့ လုပ်ကြံမှုကို ခံလိုက်ရတာ သေချာပါတယ်”
ပိုင်ရှိုးမင်က ထိုလူနှစ်ယောက်၏ တုံ့ပြန်မှုသည် အလွန်စိတ်ဝင်စားဖွယ် ကောင်းသည်ဟု ထင်မှတ်မိသဖြင့် ပြုံးလိုက်၏။ “ကောင်းတယ်၊ ကျွန်တော်က ဒီလို ခေါင်းမာတဲ့လူတွေကို သဘောကျတယ်။ မင်းတို့နှစ်ယောက်လုံး ဝန်မခံချင်ကြမှတော့... သွေးသားတော်စပ်မှု အရင်စစ်ဆေးကြည့်တာပေါ့”
...