← Chapters

ကျွန်မတို့ရှင်းအန်းက အလိမ္မာဆုံးနဲ့ အသိတတ်ဆုံးပါ ...

Vol. 13 Ch. 126

ကျွန်မတို့ရှင်းအန်းက အလိမ္မာဆုံးနဲ့ အသိတတ်ဆုံးပါ ...

Vol. 13 Ch. 126

သွေးသားတော်စပ်မှုကို စစ်ဆေးမည်ဟု ကြားလိုက်ရသောအခါ ရှင်းအန်းရှန့်ကျူ၏ ခန္ဓာကိုယ်သည် တောင့်တင်းသွားပြီး ကျောရိုးတလျှောက် အေးစိမ့်စိမ့် ခံစားချက်တစ်ခု ဖြတ်ပြေးသွားသည်ကို ခံစားလိုက်ရ၏။ သူမစိတ်ထဲတွင် ထိတ်လန့်တုန်လှုပ် သွားသော်ငြားလည်း ဖွင့်ဟကာ စကားမပြောရဲချေ။

ရွှီဇယ်ချန်၏ မျက်နှာသည် သုန်မှုန်သွားပြီး မေးခွန်းထုတ်လိုက်၏။ "ပိုင်လူကြီးမင်း ဒါက ဘာသဘောလဲ"

"ကျွန်တော် ပြောတာ မရှင်းလို့လား"

"ဝမ်းရယ်နဲ့ဝမ်းဖေးတို့ ဒီနေရာမှာရှိနေတာတောင် လူကြီးမင်းက သူတို့အရှေ့မှာ ဒီလိုစကားမျိုး ပြောရဲတယ်ပေါ့။ ခင်ဗျားက ရှန့်ကျူကို စော်ကားနေတာ သပ်သပ်မဟုတ်ဘူး။ သူတို့ကိုပါ စော်ကားနေတာပဲ"

"သွေးသားတော်စပ်တာ စစ်ဆေးတာ စော်ကားတာတဲ့လား"

"ဒါက စော်ကားတာ မဟုတ်လို့ဘာလဲ။ ဒါမှမဟုတ် ဝမ်ရယ်နဲ့ဝမ်ဖေးတို့က ကိုယ့်သမီးအရင်းကိုတောင် မှားပြီးမှတ်မိနေတယ်လို့ ပိုင်လူကြီးမင်းက ထင်နေတာလား"

"ရွှီလူကြီးမင်းက ဆင်ခြေပေးတဲ့နေရာမှာ အရမ်းတော်တာပဲ" ပိုင်ရှိုးမင်သည် သူ့ကို အကြောင်းပြချက် အမျိုးမျိုးပြကာ ငြင်းခုံနေသည့် ရွှီဇယ်ချန်ကို ကြည့်လိုက်ပြီး အမိန့်ပေးလိုက်၏။ "လာကြစမ်း။ သူ့ပါးစပ်ကို ပိတ်ဆို့ထားလိုက်"

"မင်း အတင့်ရဲလာချည်လား ! မင်းက အဆင့်လေး အရာရှိပဲရှိတာကို ..."

ရွှီဇယ်ချန်၏ စကားမဆုံးသေးခင်မှာပင် ဘေးနားရှိ နန်းစောင့်ရဲမက်များသည် ရှေ့သို့တက်လာပြီး သူ့ပါးစပ်ကို ပိတ်ဆို့လိုက်ကြသည်။ သူသည် ကြက်ကလေးတစ်ကောင်ကို ချည်နှောင်ထားသလို အင်အားမရှိသည့် စာပေပညာရှင်တစ်ယောက် ဖြစ်သည့်အတွက် ကိုယ်ခံပညာ တတ်မြောက်ထားကြသည့် နန်းစောင့်ရဲမက်များကို မည်သို့ယှဥ်နိုင်ပါမည်နည်း။ ရုန်းကန်မှု အနည်းငယ် ပြုလုပ်ပြီးသည်နှင့် မြေပြင်ပေါ်သို့ ဖိချခံလိုက်ရတော့သည်။

သူသည် မြေပြင်ပေါ်တွင် ဒူးထောက်လျက် မှောက်ကျနေပြီး သူ၏အသစ်စက်စက် ဝတ်ဆင်ထားသော အရာရှိဝတ်စုံပေါ်တွင် စောစောက မည်သူဖိတ်စင်လိုက်မှန်း မသိသည့် သေရည်များ စွန်းထင်းကာ စိုရွှဲလို့နေ၏။

ဒီမြင်ကွင်းကို မြင်လိုက်ရသောအခါ ရှင်းအန်းရှန့်ကျူ၏ ငိုသံမှာလုံးဝကို ပျောက်ကွယ်သွားတော့သည်။

သူမသည် ထိုနေရာတွင် တောင့်တောင့်ကြီး ထိုင်နေမိပြီး ခန္ဓာကိုယ်သည် မသိမသာ တုန်ယင်နေကာ စိတ်ထဲတွင် အတွေးတစ်ခုသာ ရှိလေတော့သည်။ သွားပြီ။ အကုန် အကုန်သွားပါပြီ။

ပိုင်ရှိုးမင်သည် သူမကိုတစ်ချက်လေးပင် လှည့်မကြည့်ဘဲ တခြားနန်းတွင်း ရဲမက်တချို့ကို အမိန့်ပေးလိုက်၏။ "စစ်ထျန်းကျန့်က ကြီးကြပ်ရေးမှူးကို သွားဖိတ်လိုက်ပါ။ ပြီးတော့ မင်ကျင့်စီးကိုသွားပြီး ဖုန်းယန်ကိုရှာ။ သူ့ကို ကျန်းယန်ကိုပါ နန်းတော်ထဲခေါ်လာခိုင်းလိုက်"

သူသည် ခဏလောက် ရပ်တန့်လိုက်ပြီးမှ ဆက်ပြောလိုက်လေသည်။ "ကြားတာတော့ ရွှီလက်ထောက်ဝန်ကြီးနဲ့ ရှင်းအန်းရှန့်ကျူတို့မှာ သမီးတစ်ယောက်ရှိတယ်ဆို ရွှီအိမ်တော်ကိုပါသွားပြီး သူတို့သမီးကိုပါ နန်းတော်ထဲခေါ်လာခဲ့။ လူလွှတ်ပြီး ရွှီအိမ်တော်ကို သေချာစောင့်ကြပ်ခိုင်းထားလိုက်။ ငါ အမိန့်မပေးမချင်း ဘယ်သူမှ အဝင်အထွက် မလုပ်ခိုင်းနဲ့"

“ဟုတ်ကဲ့ပါ”

နန်းစောင့်ရဲမက် ၃ယောက်သည် အချိန်ဆွဲမနေရဲဘဲ ချက်ချင်းပင် ယုံရှို့နန်းဆောင်မှ ထွက်ခွာ သွားကြလေသည်။

"မလုပ်ပါနဲ့ !" ပိုင်ရှိုးမင်က သူမ၏သမီးကိုပါ အလွတ်မပေးသည်ကို မြင်လိုက်ရသည်တွင် ရှင်းအန်းရှန့်ကျူသည် ယခုအချိန်တွင်တော့ မျက်နှာကိုလက်ဖြင့် အုပ်ထားရန်ပင် ဂရုမစိုက်နိုင်တော့ဘဲ ရှေ့သို့ပြေးထွက်သွားကာ ထိုလူ၏ဝတ်ရုံတော်ကို ဖမ်းဆွဲရန် ကြိုးစားလိုက်သော်ငြား ပိုင်ရှိုးမင်က ကိုယ်ကို စောင်းကာ ရှောင်လိုက်လေသည်။

သူမသည် မြေပြင်ပေါ်သို့ အရှိန်ပြင်းပြင်း လှဲကျသွားသော်လည်း ပါးစပ်က အဆက်မပြတ် တောင်းပန်နေဆဲပင်။ "မလုပ်ပါနဲ့။ ကျွန်မ တောင်းပန်ပါတယ်။ ပေါင်အာကို လွှတ်ပေးလိုက်ပါ။ သူက ကလေးပဲ ရှိပါသေးတယ်။ သူ ဘာမှနားမလည်ပါဘူး"

ဒီအချိန်တွင် ခန်းမဆောင်အတွင်း၌ မသက်ဆိုင်သူအားလုံးနီးပါး ထွက်ခွာသွားကြပြီဖြစ်ကာ ဆူညံသံများ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး သူမ၏အသံက ပိုလို့ပင် ရှင်းလင်းပြတ်သားစွာ ထွက်ပေါ်လာလေသည်။

နန်းစောင့် ရဲမက်များတားဆီးခြင်း ခံထားရသည့် ယင်းအန်းဝမ်သည် ပေါင်အာဟူသည့် စကားလုံးနှစ်လုံးကို ကြားလိုက်ရသောအခါ စကားပြောနေသူမှာ မိမိ၏သမီးဖြစ်ကြောင်း သေချာသလောက် သိရှိသွားတော့သည်။

သူသည် နန်းတွင်းရဲမက်များ၏ တားဆီးခြင်းကို ဂရုမစိုက်တော့ဘဲ ထိုနေရာသို့ အပြေးအလွှားသွားရန် ကြိုးစားလိုက်၏။ ယင်းအန်းဝမ်ဖေးဆိုလျှင် သူမ ရှေ့တွင် ပိတ်ရပ်ထားသည့် ရဲမက်ကို တိုက်ရိုက် ပါးချလိုက်ပြီး ဒေါသတကြီး ဆဲဆိုလိုက်လေသည်။ "ဖယ်စမ်း !"

နန်းတွင်းရဲမက်များသည် သူတို့နှစ်ဦးကို ထိခိုက်နာကျင်အောင် မလုပ်ရဲကြသဖြင့် ထိုကန်ကျောက် ရိုက်နှက်မှုများကို အောင့်အီးသည်းခံကာ လူကို ခက်ခက်ခဲခဲ တားဆီးထားရလေသည်။

မူလက ယင်းအန်းဝမ်ရှီဇီသည်လည်း မိဘများကို ကူညီရန် ရှေ့တိုးချင်သော်ငြား ရှီဇီဖူးရန်က အတင်းဆွဲထားလိုက်သဖြင့် အခြေအနေကို ပိုမဆိုးသွားအောင် ထိန်းသိမ်းနိုင်ခဲ့လေသည်။

ရှီဇီဖူးရန်သည် အသံထွက်လာရာဘက်သို့ လှည့်ကြည့်လိုက်၏။ ထိုအသံမှာ ယောက်မဖြစ်သူ၏အသံဖြစ်ကြောင်း မှတ်မိနေလေသည်။

ပိုပြီး တိတိကျကျပြောရလျှင် ယောက်မဖြစ်သူ လည်‌ချောင်းထိခိုက်ပြီးနောက် ပြောင်းလဲသွားသောအသံဖြစ်၏။ အစောပိုင်း သူမ ရှီဇီနှင့် လက်ထပ်ခါစက ယောက်မ ဖြစ်သူ၏အသံမှာ ဒီလိုမဟုတ်ပေ။ နောက်ပိုင်းတွင် ရှင်းအန်းသည် ကျောင်းကျိုးမှ ပြန်လာသောအခါ ဒဏ်ရာရခဲ့သည်ဟုဆိုပြီး ထိုအချိန်မှစ၍ အသံပြောင်းသွားခြင်းပင် ဖြစ်လေသည်။

စောစောကလူတွေ ပြောနေကြသည့် "မိစ္ဆာကြီး" “မျက်နှာကွာကျသွားတယ်” ဆိုသည့်စကားများကို သူမ ဝိုးတဝါး ကြားလိုက်ရချိန်တွင် စိတ်ထဲ၌ ကြောက်မက်ဖွယ်ကောင်းသည့် ခန့်မှန်းချက်တစ်ခု ပေါ်ပေါက်လာတော့၏။

သူမသည် ထိုအရာကို အစောကြီးကတည်းက မှတ်မိနေသေးသည်။ ရှီဇီသည် သူမကို တိုးတိုးတိတ်တိတ် ပြောပြခဲ့ဖူး၏။ ရှင်းအန်းသည် ကျောင်းကျိုးမှ ပြန်ရောက်လာပြီးနောက် တခြားလူတစ်ယောက်လို ပြောင်းလဲသွားကြောင်း၊ အစားအသောက်၊ အကြိုက်များ ပြောင်းလဲသွားပြီး စိတ်နေစိတ်ထားလည်း ပြောင်းလဲသွားကာ ပိုပြီးအလိမ္မာတိုးလာသလို အစ်ကိုဖြစ်သူကို ရိုသေလေးစားတတ်လာပြီး သူမနှင့်လည်း များများသွားလာဆက်ဆံရန် ပြောဆိုခဲ့ကြောင်း ပြောပြဖူးလေသည်။

တကယ်တမ်း ပြောရလျှင်တော့ ထိုအချိန်က သူမသည်လည်း ယောက်မဖြစ်သူ၏ ပြောင်းလဲမှုမှာ ကြီးမားလွန်းသည်ဟု ခံစားမိသော်ငြား အိမ်တော်ထဲတွင် မည်သူကမှ မူမမှန်ဟု မထင်ကြသဖြင့် သူမသည်လည်း အရင်က ရှင်းအန်းနှင့် မရင်းနှီးခဲ့သူမို့ အလေးအနက် မစဉ်းစားခဲ့မိချေ။

သို့သော် ယနေ့ ပြန်စဉ်းစားမိလိုက်ချိန်တွင် ကျောရိုးထဲက စိမ့်တက်လာအောင် အေးစက်သွားသည်ကို ခံစားလိုက်ရ၏။

ရှင်းအန်းရှန့်ကျူ၏ တောင်းပန်အသနားခံမှုများသည် ပိုင်ရှိုးမင်ကို နည်းနည်းလေးမှ စိတ်လှုပ်ရှားစေခြင်း မရှိခဲ့ပေ။ မကြာမီမှာပင် နန်းတော်တံခါးမှ မထွက်ရသေးသော စစ်ထျန်းကျန့် ကြီးကြပ်ရေးမှူးကို ပြန်လည်ပင့်ဖိတ်ကာ ခေါ်ဆောင်လာခဲ့လေသည်။

ကြီးကြပ်ရေးမှူးသည်လည်း ကြီးကြီးကျယ်ကျယ် ပြဿနာများနှင့် အသားကျနေပြီးသားဖြစ်ရာ ရှင်းအန်းရှန့်ကျူ၏ မျက်နှာကိုအနီးကပ် မြင်လိုက်ရသောအခါ အနည်းငယ်သာ အံ့အားသင့်သွားပြီးနောက် ပိုင်ရှိုးမင်းကို မေးလိုက်လေသည်။ "ဒီအဘိုးကြီးကို ပြန်ခေါ်တာ ဘာကိစ္စရှိလို့လဲ"

"သူ့အတွက် သွေးသားတော်စပ်မှု စစ်ဆေးပေးဖို့ ခင်ဗျားကို ဒုက္ခပေးရပါဦးမယ်"

ကြီးးကြပ်ရေးမှူးသည် မျက်ခုန်းပင့်လိုက်ပြီး အင်္ကျီလက်ကြားထဲသို့ စမ်းသပ်လိုက်သည်တွင် မကြာခင်မှာပင် အနက်ရောင် ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူလာခဲ့လေသည်။

ထိုကျောက်စိမ်းပြားလေးသည် သူအရင်က အသုံးပြုခဲ့သော အဖြူရောင် ကျောက်ပြားနှင့် ဆင်တူသော်ငြား အပေါ်တွင် အချိုင့်လေးတစ်ခုသာ ပါရှိ၏။ သူသည် ရှေ့သို့တိုးလာပြီး ရှင်းအန်းရှန့်ကျူ၏ လက်က သွေးကိုဖောက်ယူကာ ခွက်ထဲသို့သွေးစက် ချလိုက်လေသည်။

ကျောက်စိမ်းပြားသည် သွေးကို စုပ်ယူလိုက်ပြီးနောက် အတွင်းဘက် အကျဆုံးအကွက်တွင် အနီရောင် အလင်းတန်းတစ်ချက် လင်းလက်သွားပြီးနောက် ချက်ချင်းပြန်ငြိမ်းသွားတော့သည်။

ကြီးကြပ်ရေးမှူး၏ မျက်နှာအမူအရာမှာ ချက်ချင်းပင် အလွန်တည်ငြိမ် လေးနက်သွားပြီး ပိုင်ရှိုးမင်ကို ပြောလိုက်၏။ "ဒီလူ့မှာ တော်ဝင်သွေးသား မရှိဘူး"

ပိုင်ရှိုးမင်က ခေါင်းငြိမ့်ပြလိုက်၏။ ဒီရလဒ်ကို သူ မအံ့ဩမိပေ။

သူက နောက်တစ်ကြိမ်စကား ပြောလိုက်လေသည်။ "ရှင်းအန်းရှန့်ကျူ အခု ကျွန်တော့်ကို ပြောစရာစကား ရှိလာပြီလား"

ရှင်းအန်းရှန့်ကျူသည် အသားများ တဆတ်ဆတ်တုန်နေပြီး စကားပြောရန် ပြင်လိုက်သော်ငြား ဘေးက ရွှီဇယ်ချန်ထံက အလျင်အမြန် အော်ဟစ်သည့် ညည်းသံများကို ကြားလိုက်ရ၏။

သူမ လှည့်ကြည့်လိုက်သောအခါ ရွှီဇယ်ချန်သည် သူမကို စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသဖြင့် ပါးစပ်ဖျားသို့ ရောက်နေပြီးသား စကားလုံးများကို ပြန်လည်မျိုချလိုက်ရလေသည်။

ပိုင်ရှိုးမင်သည် သူတို့နှစ်ယောက် မျက်လုံးချင်း စကားပြောနေသည်ကို မတားဆီးခဲ့ချေ။ သူမက စကားပြောမလာသည်ကို မြင်လိုက်ရသောအခါ စိတ်ပူမနေဘဲ ကြီးကြပ်ရေးမှူးကို ဘေးတွင်အနားယူ ခိုင်းထားလိုက်ပြီး ခန်းမဆောင်အထဲတွင် ဆက်လက်စောင့်ဆိုင်း နေလိုက်တော့၏။

နာရီဝက်ခန့်အကြာတွင် ဖုန်းယန်သည် သူ နာမည်တပ်ပြီး ခေါ်ခိုင်းလိုက်သော ကျန်းယန်ကို ခေါ်ဆောင်ကာ ယုံရှို့နန်းဆောင်သို့ ရောက်ရှိလာလေသည်။

လူနှစ်ယောက်သည် ပိုင်ရှိုးမင်ကို မြင်သောအခါ ရှေ့သို့တိုးလာကာ တရိုတသေ ဂါရဝပြုလိုက်ကြ၏။

ကျန်းယန်က ပိုင်ရှိုးမင်စကား မပြောသေးခင်မှာပင် အရင်မေးလာခဲ့သည်။ "လူကြီးမင်း ဘာများအမိန့်ရှိပါသလဲ"

ပိုင်ရှိုးမင်က မေးငေါ့ပြလိုက်ပြီး မြေပြင်ပေါ်က ရှင်းအန်းရှန့်ကျူကို ညွှန်ပြကာပြောလိုက်၏။ "သူ့မျက်နှာက.တကယ်တမ်း ဘာဖြစ်သွားလဲဆိုတာ ကြည့်လိုက်စမ်း"

ကျန်းယန်သည် ဆောင့်ကြောင့်ထိုင်ချလိုကိယ်၏။ ရှင်းအန်းရှန့်ကျူ၏ ကြောက်မက်ဖွယ်ပုံစံကြောင့် ထိတ်လန့်သွားခြင်းမရှိဘဲ ဆန့်ကျင်ဘက်အနေဖြင့် စိတ်ဝင်တစားရှေ့သို့ တိုးကပ်သွားခဲ့၏။

ရှင်းအန်းရှန့်ကျူသည် သူ့အကြည့်ကြောင့် လန့်ဖန့်သွားပြီး နောက်သို့ ဆုတ်ချင်သော်ငြား ဘေးတစ်ဖက်တစ်ချက်က နန်းစောင့်ရဲမက်များက ဖိနှိပ်ထားလိုက်လေသည်။

ကျန်းယန်၏ လက်သည် ရှင်းအန်းရှန့်ကျူကို စမ်းသပ်လိုက်လေသည်။ ဒီအချိန်တွင် သူမ၏မျက်နှာသည် အလွှာနှစ်လွှာ ကွဲထွက်နေလေ၏။ အပြင်ဘက်အလွှာသည် အသားရောင်ဖြစ်ပြီး မူလက မျက်နှာတစ်ခုလုံးနှင့် ကပ်နေခဲ့ပုံရသော်ငြားလည်း ယခုအချိန်တွင်တော့ အကြောင်းအရင်း မသိရဘဲ ကျုံ့ဝင်သွားခဲ့သည်။

အသားအရောင်အလွှာ ကျုံ့ဝင်သွားပြီးနောက် နောက်ကွယ်က အနီရောင်အသားစိုင်များ ပေါ်ထွက်လာလေသည်။ ထိုအပေါ်တွင် အမေးပါးအလွှာ ဖုံးလွှမ်းနေသကဲ့သို့ ရှိနေသဖြင့် သွေးများစိမ့်ထွက် မလာခဲ့ခြင်းပင်။

ကျန်းယန်သည် ခါးပတ်အိတ်ထဲက လက်ဝါးအရွယ်အစားရှိသော အရိုးဓားတစ်ချောင်းကို ထုတ်ယူလိုက်၏။ သူက လက်တစ်ဖက်ဖြင့် ရှင်းအန်းရှန့်ကျူ၏ မျက်နှာကို မလှုပ်ရှားစေရန် ဖိထားလိုက်ပြီး ကျန်လက်တစ်ဖက်ဖြင့် သူမ၏အသားရောင် မျက်နှာအရေပြားပေါ်သို့ လျှင်မြန်စွာ ဓားတစ်ချက် မွန်းလိုက်တော့သည်။

အံ့ဩစရာကောင်းသည်မှာ သူ့ဓားသည် ဖြတ်မရခဲ့ပေ။

ထို့နောက် သူသည် ဓားနှစ်ချောင်း ထပ်မံပြောင်းလဲအသုံးပြုပြီးမှ နောက်ဆုံးတွင် အသားစ သေးသေးလေးတစ်ခုကို လှီးဖြတ်ယူနိုင်ခဲ့၏။

ကျင်းယန်သည် သတ်ဖြတ်ခံနေရသည့် ဝက်တစ်ကောင်လို အော်ဟစ်နေသည့် ရှင်းအန်းရှန့်ကျူကို လျစ်လျူရှုကာ ထိုအသားစလေးကို ဟိုလှန်ဒီလှန် စစ်ဆေးကြည့်ရှုလိုက်ပြီး အမည်မသိ အရည်တချို့ကိုလည်း ထိုအသားစလေးပေါ်သို့ တင်ကြည့်လိုက်လေသည်။

ထိုနောက်တွင်တော့ သူသည် ကွာကျသွားသည့် ထိုမျက်နှာဖုံးကို ကောက်ယူလိုက်ပြီး သေသေချာချာ စစ်ဆေးကြည့်ရှု လိုက်ပြီးမှ ပြန်ချထားလိုက်၏။

ဘေးက နန်းစောင့်ရဲမက်များသည် သူက ထိုကွာကျနေသော မျက်နှာဖုံးကြီးကို ကိုင်တွယ်ကြည့်ရှုရင်း ထူးဆန်းသော ရယ်သံများ ပြုလုပ်နေသည်ကို ကြည့်ကာ တစ်ကိုယ်လုံး ကြက်သီးမွှေးညှင်းထလာပြီး မင်ကျင့်စီးအပေါ် ကြောက်ရွံ့ရိုသေမှုများ ပိုလို့ပင် တိုးပွားလာလေတော့သည်။

ဒီလိုနှင့် အမွှေးတိုင်တစ်တိုင်စာ အချိန်ကြာမြင့်သွားပြီးနောက် ကျန်းယန်သည် စိတ်လှုပ်ရှားနေသည့် မျက်နှာထားဖြင့် ထရပ်လိုက်ပြီး ပိုင်ရှိုးမင်ကို ပြောလိုက်တော့သည်။ "လူကြီးမင်း ကျွန်တော်မျိုး ထင်တာတော့ ဒီလူမျက်နှာပေါ်က အရေပြားက ဒဏ္ဍာရီထဲက ဝေရှယ်မြွေရဲ့ အရေခွံဖြစ်ဖို့ များပါတယ်"

သူတို့သည် ဝေရှယ်မြွေကို မမြင်ဖူးကြသော်ငြား မင်ကျင့်စီး၏ မှတ်တမ်းများထဲတွင် ဝေရှယ်မြွေရှိကြောင်း ရေးသားထားလေသည်။

ပိုင်ရှိုးမင်က ခေါင်းတစ်ချက် ငြိမ့်ပြလာသည်ကို မြင်လိုက်သောအခါ ကျန်းယန်ကလည်း ဆက်ပြောလိုက်၏။ "ဒီလူ့မျက်နှာပေါ်မှာ အရိုးကို ရွှေ့ထားတဲ့ အရာတွေ တွေ့ရတယ်။ သူက မျက်နှာပုံစံကို ပြန်လည်ဖော်ထားတာပဲ ဖြစ်ရမယ်။ သူ့ရဲ့မူလမျက်နှာ အရေပြားတစ်ခုလုံးကိုလည်း လှီးထုတ်ပစ်လိုက်ပြီး ဝေရှယ်မြွေအရေခွံကို ကပ်လိုက်တာ။ ပြီးတော့ မျက်နှာအရေပြားအသစ်ကို ထပ်ကပ်ထားတာ။ ဒီဝေရှယ်မြွေက အရမ်းထူးဆန်းတယ်။ မျက်နှာအရေပြားကို မျက်နှာနဲ့ တစ်သားထဲကျအောင် ကပ်ထားနိုင်တယ်။ မျက်နှာအရေပြားကို ခွာမကြည့်ရင် ဘယ်သူမှ မူမမှန်တာကို သတိထားမိမှာမဟုတ်ဘူး"

ကျန်းယန်သည် မျက်နှာလဲလှယ်ခြင်းကို ကိုယ်တိုင်မမြင်ဖူးသော်လည်း လုပ်ငန်းစဉ်တစ်ခုလုံးကို မှန်မှန်ကန်ကန် ပြောပြနိုင်ခဲ့လေသည်။

"ဒါပဲလား" ပိုင်ရှိုးမင်က ဒီအဖြေကို သိပ်ဘဝင်ကျဟန်မတူချေ။

ကျန်းယန်က မြန်မြန်ပြန်ပြောလိုက်၏။ "ကျွန်တော်မျိုး နောက်ထပ်ထူးဆန်းတဲ့ နေရာတစ်ခု တွေ့ပါသေးတယ်။ စာအုပ်ထဲမှာ မှတ်တမ်းတင်ထားတဲ့ ဝေရှယ်မြွေဆိုတာ ရှေးဟောင်းနတ်ဘုရား တစ်ပါးပါပဲ။ သေသွားရင်တောင် ခန္ဓာကိုယ်က နှစ်သောင်းချီ မပုပ်မသိုး ရှိနေနိုင်တယ်တဲ့။ ပုံမှန်အတိုင်းဆိုရင် ဒီရေခွံကို ခွာယူလိုက်ရင်တောင် လတ်ဆတ်တဲ့ အခြေအနေအတိုင်း ရှိနေသင့်တာပါ။ ဒါပေမဲ့ ကျွန်တော်မျိုး တွေ့ရတာကတော့ ဒီအရေခွံက လေသလပ်ပြီး ခြောက်သွေ့စ ပြုနေတဲ့လက္ခဏာ တွေ့ရပါတယ်"

ထိုနောက်တွင်တော့ သူက ဖြည့်စွက်ကာ ပြောလိုက်လေသည်။ “ဒီအရေခွံက လေသလပ်ပြီး ခြောက်တွေ့သွားလို့ သူ့ရဲ့အာနိသင်တွေ ပျောက်ဆုံးသွားပြီး မူလက ကပ်ထားတဲ့မျက်နှာကြီး ကွာကျလာတာပါ"

"လေသလပ်ပြီး ခြောက်သွေ့သွားတယ် ဟုတ်လား" ပိုင်ရှိုးမင်၏ မျက်လုံးများက ကျဉ်းမြောင်းသွားတော့၏။ "ဘယ်အရာက ဝေရှယ်မြွေအရေခွံကို လေသလပ်ပြီး ခြောက်သွေ့သွားအောင် ပြုလုပ်နိုင်တာလံ"

"ဒါကတော့ ... ကျွန်တော်မျိုးလည်း မသိပါဘူး" ကျန်းယန်သည် အလွန်ရှက်ရွံ့သွားလေသည်။

"မင်း ဘယ်လိုထင်လဲ ..." ပိုင်ရှိုးမင်၏ လေသံကခဏ တုံ့ဆိုင်းသွား၏။ "ဟေးဟော်ရှီကျောက် ဆိုရင်ကော ဖြစ်နိုင်မလား"

ကျန်းယန်သည် အခိုက်အတန့် ကြောင်အသွားပြီးနောက် ထိုအကြောင်းကို စတင်စဉ်းစား မိလိုက်တော့သည်။ ထိုနောက် သူ့မျက်နှာပေါ်တွင် စိတ်လှုပ်ရှားသွားသည့် အရိပ်အယောင်များ တဖြည်းဖြည်း ပေါ်ပေါက်လာတော့၏။ "လူကြီးမင်းရဲ့ ဒီအတွေးက တကယ်ကို ထူးခြားတာပဲ"

သူသည် စိတ်လှုပ်ရှားစွာဖြင့် နေရာတွင် ခေါက်တုံ့ခေါက်ပြန် လျှောက်နေမိတော့၏။ "ဟေးဟော်ရှီက ရေငွေ့ကို စုပ်ယူနိုင်တဲ့ အာနိသင်ရှိတယ်။ အလောင်းကောင်တွေကို မြန်မြန်ခြောက်သွေ့ သွားစေနိုင်လောက်တယ်။ ဒီနည်းလမ်းက ဖြစ်နိုင်ခြေရှိတယ်။ ဒါပေမဲ့ ကျွန်တော်မျိုး အတည်ပြုနိုင်ဖို့ ထပ်ပြီးစမ်းသပ်ကြည့်ရပါဦးမယ်"

ပိုင်ရှိုးမင်သည် ရှင်းအန်းရှန့်ကျူ၏ ကြည့်မကောင်းအောင် ပျက်ဆီးနေသော မျက်နှာကို ကြည့်လိုက်သော်လည်း မျက်စိထဲတွင် မြင်ယောင်လာသည်မှာ အားချန်၏ ယုတ္တိရှိရှိ ပြောဆိုတတ်သော မျက်နှာလေးသာ ဖြစ်နေလေသည်။

အဝတ်အစားတွေကို အခြောက်ခံမယ်တဲ့လေ။ သူက တကယ်ကို ပြောရဲတာပဲ။

ဘေးတွင်ရပ်နေသည့် ဖုန်းယန်သည် သူ့အထက်လူကြီးက ရုတ်တရက် ရယ်မောလိုက်သည်ကို မြင်လိုက်ရသောအခါ ထိုအပြုံးသည် အန္တရာယ်များ လွန်းလှသဖြင့် တစ်ကိုယ်လုံး အေးစက်သွားပြီး နောက်သို့ခြေတစ်လှမ်းအသားအယာ ဆုတ်မိလိုက်လေသည်။

"ဖုန်းယန်"

"လူကြီးမင်း ..." ဖုန်းယန်က သတိလေးနှင့် ခါးကိုင်းထားလိုက်သည်။

"သူ့အတွက် ဟေးဟော်ရှီ တချို့သွားရှာပေးလိုက်"

"ဟုတ်ကဲ့ပါ"

ဖုန်းယန်သည် အများကြီး မစဉ်းစားနိုင်တော့ဘဲ အမိန့်ကိုနာခံပြီးနောက် လျင်မြန်စွာ ထွက်ခွာသွားတော့သည်။ သူ နန်းဆောင်တံခါးဝမှ ထွက်လိုက်သည်နှင့် တစ်ဖက်တွင် နန်းစောင့်ရဲမက်များသည် ရှင်းအန်းရှန့်ကျူနှင့် ရွှီဇယ်ချန်တို့၏ သမီးဖြစ်သူ ပေါင်အာကို ခေါ်ဆောင်လာကြလေသည်။

ပေါင်အာသည် ငိုယိုထားပုံရပြီး မျက်လုံးများနီရဲနေကာ သနားစဖွယ်လေး ဖြစ်နေတော့သည်။

ရှင်းအန်းရှန့်ကျူသည် သမီးဖြစ်သူကို တကယ်ခေါ်ဆောင် လာသည်ကို မြင်ရသောအခါ တစ်ဖန်ပြန်လည် ရုန်းကန်လာပြန်သည်။ ရွှီဇယ်ချန်သည်လည်း သမီးဖြစ်သူရှိရာဘက်သို့ လှမ်းကြည့်နေလေ၏။

ပိုင်ရှိုးမင်က ကြီးကြပ်ရေးမှူးကို ပြောလိုက်တော့သည်။ "လူကြီးမင်းကိုပဲ တစ်ခေါက်လောက်ထပ်ပြီး ဒုက္ခပေးရပါဦးမယ်"

ကြီးကြပ်ရေးမှူးသည် အလားတူနည်းလမ်းဖြင့် ပေါင်အာကို သွေးဖောက်စစ်ဆေး လိုက်လေသည်။ ကျောက်စိမ်းပြားသည် ခုနကကဲ့သို့ပင် တစ်ချက်သာ လင်းလက်သွားပြီး ပြန်ငြိမ်းသွားခဲ့၏။

"သူလည်း တော်ဝင်သွေးသား မဟုတ်ပါဘူး"

ပေါင်အာက ရှိုက်ကာငိုနေသည်။ သူမသည် ထိုအရာအားလုံးက ဘာအဓိပ္ပါယ် ဆိုလိုသည်ကို နားမလည်သေးချေ။

သွေးသားတော်စပ်မှု စစ်ဆေးပြီးနောက် ပိုင်ရှိုးမင်က နန်းစောင့်ရဲမက်များကို သူတို့မိသားစု သုံးယောက်စလုံးကို သီးခြားစီ စောင့်ကြည့်ခိုင်းထားလိုက်ပြီး ကြီးကြပ်ရေးမှူးကို ခေါ်ဆောင်ကာ ယင်းအန်းဝမ် မိသားစုရှိရာသို့ သွားလိုက်တော့သည်။

ပိုင်ရှိုးမင်ကို မြင်သောအခါ ယင်းအန်းဝမ်က မတုံ့ပြန်ရသေးခင်မှာပင် ယင်းအန်းဝမ်ဖေးသည် ဝုန်းခနဲ ထရပ်လိုက်ပြီး မုန်းတီးနေသည့် မျက်နှာထားဖြင့် သူ့ကိုလက်ညှိုးထိုးကာ ပြောလိုက်တော့၏။ "ပိုင်ရှိုးမင် နင့်မှာ အရှင်မင်းကြီး ကျောထောက်နောက်ခံ ပေးထားတာနဲ့ပဲ စိတ်တိုင်းကျ လုပ်လို့ရမယ်မထင်နဲ့။ ငါ ..."

သူမစကား မဆုံးသေးခင်မှာပင် ယင်းအန်းဝမ်က အတင်းဆွဲချ ထားလိုက်သဖြင့် ပြန်လည်ထိုင်ကျသွားလေသည်။

ယင်းအန်းဝမ်ဖေးသည် ယင်းအန်းဝမ်ကို မျက်လုံးပြူးကာ ကြည့်လိုက်သော်လည်း ယင်းအန်းဝမ်က အေးစက်စက်လေသံဖြင့် ဟန့်တားလိုက်သည်ကို ကြားလိုက်ရ၏။ "တော်တော့ !"

သူတို့လက်ထပ်လာပြီး ဒီကာလတလျှောက်လုံး ယင်းအန်းဝမ်သည် သူမကို ဒီလိုသဘောထားမျိုးဖြင့် တစ်ခါမှ မပြသခဲ့ဖူးလေရာ ယင်းအန်းဝမ်ဖေးမှာ ခဏတာ ကြောင်အသွားလေသည်။

ယင်းအန်းဝမ်သည် အိမ်တွင် ပျော့ညံ့သူဖြစ်သော်လည်း ကျွင်းဝမ်တစ်ပါးအနေဖြင့် မြို့တော်တွင် ကောင်းမွန်စွာ နေထိုင်နိုင်ခြင်းမှာ စိတ်ထဲတွင် အကြံအစည်မရှိဘဲ မည်သို့ဖြစ်နိုင်ပါမည်နည်း။

ခန်းချင်းဝမ်နှင့် ရွှမ်းချင်းဝမ်တို့၏ နိဂုံးသည်မျက်မြင်ကိုယ်တွေ့ပင် ဖြစ်နေသည်တွင် သူသည် မည်သူ့ကို ပစ်မှား၍ရသည် မည်သူ့ကို ပစ်မှား၍မရသည်ကို ကောင်းစွာသိလေသည်။ သူ့ရှေ့ကလူသည် မျိုးဆက်နောက်ကျသူ ဖြစ်လင့်ကစား ခေါင်းငုံ့သင့်သည့်အချိန်တွင် ခေါင်းငုံ့ရပေမည်။

ပိုင်ရှိုးမင်က သူတို့ကို ဂရုစိုက်မနေဘဲ ကြီးကြပ်ရေးမှူးကို ပြောလိုက်၏။ "ကြီးကြပ်ရေးမှူးအနေနဲ့ ယင်းအန်းဝမ် သားအဖရဲ့ သွေးသားကို အရင်စစ်ဆေးပေးပါ။ ပြီးတော့ ဝမ်ဖေးနဲ့ ရှင်းအန်းရှန့်ကျူတို့ သွေးသားတော်စပ်မှု ရှိမရှိထပ်စစ်ဆေးပေးပါ"

ကြီးကြပ်ရေးမှူးသည် ပိုင်ရှိုးမင်ပြောသည့်အတိုင်း လူတိုင်းကို တစ်ယောက်ချင်းစီ သွေးသားစစ်ဆေးပေးပြီးနောက် ပြောလိုက်လေသည်။ "ယင်းအန်းဝမ် သားအဖရဲ့ အထောက်အထားက ပုံမှန်ပါပဲ။ ယင်းအန်းဝမ်ဖေးနဲ့ ရှင်းအန်းရှန့်ကျူတို့ကတော့ သွေးသားတော်စပ်မှု မရှိပါဘူး"

"ကျေးဇူးတင်ပါတယ် ကြီးကြပ်ရေးမှူး။ ဒီနေရာမှာ ခဏလောက် စောင့်ဆိုင်းပေးပါဦး"

ကြီးကြပ်ရေးမှူးသည် သူက အရှင်မင်းကြီးထံ သွားရောက် အစီရင်ခံ တော့မည်ဖြစ်ကြောင်း သိလိုက်သဖြင့် ဒီကိစ္စမျိုးတွင် ပါဝင်ပတ်သက်သူ နည်းလေးကောင်းလေဟု ယူဆကာ လက်ဝှေ့ယမ်းပြလိုက်တော့သည်။ "သွားပါ"

ပိုင်ရှိုးမင်သည် နန်းစောင့်ရဲမက်များကို ယင်းအန်းဝမ် မိသားစုအား ချောင်ချင်းနန်းဆောင် အပြင်ဘက်တွင် စောင့်ဆိုင်းခိုင်းထားလိုက်ပြီး ကိုယ်တိုင်ကတော့ ချောင်ချင်းနန်းဆောင်အတွင်းသို့ ဝင်သွားခဲ့၏။

စားသောက်ပွဲသည် ကမန်းကတမ်း ပြီးဆုံးသွားပြီဖြစ်ကာ ဒီအချိန်တွင် မိဖုရားခေါင်ကြီးသည် မိမိ၏အိပ်ဆောင်သို့ ပြန်သွားပြီဖြစ်ပြီး ချောင်ချင်းနန်းဆောင်တွင် အရှင်မင်းကြီးနှင့် မင်ဝမ်တို့သာ စစ်တုရင် ကစားနေကြလေသည်။

သူ ဝင်လာသည်ကို မြင်လိုက်သည်တွင် အရှင်မင်းကြီးသည် လက်ထဲက စစ်တုရင်ရုပ်ကို ချထားလိုက်ပြီး မေးလိုက်၏။ "စစ်ဆေးတာ အခြေအနေဘယ်လိုရှိလဲ"

ပိုင်ရှိုးမင်က ရှေ့သို့တိုးလာကာ အရိုအသေပြုပြီးနောက် ပြောလိုက်၏။ "အတည်ပြုလို့ရပါပြီ။ ရှင်းအန်းရှန့်ကျူက တော်ဝင်သွေးသား မဟုတ်ပါဘူး။ ဝမ်ဖေးရဲ့ တရားမဝင်သမီးလည်း မဟုတ်ပါဘူး။ သူက ထူးခြားတဲ့ နည်းလမ်းတစ်ခုကိုသုံးပြီး မျက်နှာလဲလှယ်ပြီး ရှန့်ကျူ အစစ်နေရာကို အစားထိုးဝင်ရောက် ခဲ့တာပါ။ ပြည်ထဲရေးဝန်ကြီးဌာန လက်ထောက်ဝန်ကြီး ရွှီဇယ်ချန်က သူ့ရဲ့ကြံရာပါ ဖြစ်လောက်ပါတယ်။ ဒါပေမဲ့ သူတို့နှစ်ယောက်စလုံးက ပါးစပ်ပိတ်ထားပြီး ပူးပေါင်းဆောင်ရွက်ဖို့ ငြင်းဆန်နေကြပါတယ်"

အရှင်မင်းကြီးသည် စစ်တုရင်ခုံကို ဝုန်းခနဲ ရိုက်ချလိုက်ပြီး အပေါ်ကအရုပ်များက ပြန့်ကျဲကုန်တော့သည်။ "တော်ဝင်သွေးသားကို ရောနှောပြီး တော်ဝင်မျိုးနွယ်ကို လုပ်ကြံတာ သူတို့နှစ်ယောက်က တကယ်ကို သတ္တိကောင်းလွန်းတာပဲ"

သူသည် ပိုင်ရှိုးမင်ကို လက်ညှိုးထိုးကာ ပြောလိုက်၏။ "ဘယ်လို နည်းလမ်းပဲ သုံးရသုံးရ သူတို့ပါးစပ်ကို ဖွင့်လာအောင်လုပ်။ လူကို ဘယ်လို လဲလှယ်ခဲ့တာလဲ။ နောက်ကွယ်မှာ စေခိုင်းသူ ရှိလားဆိုတာကို ကျန်း သိချင်တယ်။ ပြီးတော့ ရှန့်ကျူအစစ်က အသက်ရှင်နေသေးလား။ သေသွားပြီလား။ ဘယ်ရောက်နေလဲ ဆိုတာကိုပါ ထုတ်မေးရမယ်"

"ဟုတ်ကဲ့ပါ" ပိုင်ရှိုးမင်သည် ပြန်ဖြေလိုက်ပြီးနောက် ဆက်ပြောလိုက်လေသည်။ "အရှင်မင်းကြီး ယင်းအန်းဝမ် မိသားစု နန်းတော်အပြင်ဘက်မှာ စောင့်ဆိုင်းနေပါတယ်။ သူတို့ကို ဝင်ခွင့်ပေးပြီး မေးမြန်းတော်မူမလား"

အရှင်မင်းကြီးက မျက်နှာတည်ဖြင့် ပြောလိုက်လေသည်။ "ကောင်းပြီလေ။ သူတို့ဘက်က ဘယ်လိုမိဘတွေမလို့ သမီးအရင်း အလဲအလှယ် ခံလိုက်ရတာတောင် သတိမထားမိကြတာလဲ ဆိုတာကို ကျန်း သိချင်နေတာ"

မကြာမီတွင် ယင်းအန်းဝမ် မိသားစုကို ခေါ်သွင်းလာလေသည်။ သူတို့မိသားစုဝင်များ အားလုံးသည် တိတ်ဆိတ်နေကြပြီး ခုနက သွေးသားစစ်ဆေးမှုမှ ရရှိလိုက်သော အမှန်တရားပေါ်တွင်လည်း သတိပြန်ဝင်လာကြသေးဟန် မတူချေ။

အရှင်မင်းကြီးကို အရိုအသေပြုပြီး နှုတ်ဆက်ပြီးနောက် ယင်းအန်းဝမ်သည် အရှင်မင်းကြီးက သူ့ကိုမေးလာသည်ကို ကြားလိုက်ရ၏။ "ယင်းအန်းဝမ် အခုလက်ရှိ ရှင်းအန်းရှန့်ကျူက မင်းရဲ့သမီးအရင်း မဟုတ်ဘူးဆိုတာကို သိပြီးပြီလား"

ယင်းအန်းဝမ်သည် ခေါင်းငုံ့ပြီး တိုးတိုးလေး ပြန်ဖြေလိုက်၏။ "အခုမှ သိရတာပါ"

"ယင်းအန်းဝမ်ဖေးကရော"

ယင်းအန်းဝမ်ဖေးသည် မျက်လုံးများ နီရဲကာပြောလိုက်လေသည်။ "အရှင်မင်းကြီး ဒီကိစ္စမှာ တစ်ခုခုများ အမှားအယွင်း ရှိနေမလား။ ကျွန်မတို့ရှင်းအန်းက အလိမ္မာဆုံးနဲ့ အသိတတ်ဆုံးပါ။ သူက လတိုင်း ကျွန်မနဲ့ ဝမ်ရယ်ကို လာကြည့်တယ်။ ပစ္စည်းကောင်းလေးတွေ ရရင်လည်း ဝမ်အိမ်တော်ကို လာပို့ပေးတယ်။ ကျွန်မတို့ကို ထိခိုက်စေမယ့်ကိစ္စ ဘယ်တုန်းကမှ မလုပ်ခဲ့ပါဘူး။ သူက ဘယ်လိုလုပ်ပြီး ကျွန်မသမီး မဟုတ်ရမှာလဲ"

ထိုသို့ပြောလိုက်ပြီးနောက် သူမသည် ယင်းအန်းဝမ်ကို လက်ဖြင့် လှမ်းတွန်း လိုက်လေသည်။ "ရှင်လည်းတစ်ခုခု ဝင်ပြောဦးလေ"

ယင်းအန်းဝမ်သည် အချိန်တော်တော်ကြာ တိတ်ဆိတ်နေပြီးမှ ခေါင်းငြိမ့်လိုက်လေသည်။

သူတို့အမြင်တွင် ရှင်းအန်းသည် တကယ်ကို အလွန်ကောင်းမွန်သော သမီးတစ်ယောက် ဖြစ်ပြီး အပြစ်ပြောစရာမရှိချေ။

ယင်းအန်းဝမ်ဖေး၏ စကားများသည် အရှင်မင်းကြီး၏ အေးစက်စက် ရယ်မော်သံကိုသာ ဖိတ်ခေါ်လိုက်သလို ဖြစ်သွားတော့၏။ "ယင်းအန်းဝမ်ဖေးက မင်ကျင့်စီးရဲ့ စုံစမ်းစစ်ဆေးမှု ရလဒ်ကို သံသယ ဝင်နေတာလား"

"မဝံ့ရဲပါဘူး။ ဒါပေမဲ့ ... တကယ်လို့များ အမှားအယွင်း တစ်ခုခု ဖြစ်သွားခဲ့ရင်ရော"

သူမသည် အရှင်မင်းကြီး၏ မကျေနပ်မှုကို သိသာထင်ရှားစွာ ခံစားနေရသော်ငြား ခေါင်းမာစွာဖြင့် ထိုစကားကို ထုတ်ပြောလိုက်ခြင်း ဖြစ်၏။ ရှင်းအန်းသည် သူမအတွက် ဆောင်းတွင်းတွင် ဘုရားကျောင်းသို့ ဒူးထောက်ပြီး လမ်းလျှောက်ကာ ဆုတောင်းပေးခဲ့ဖူးသည်။ ဒီလောက် လိမ္မာသည့်ကလေးက မည်သို့များအတု ဖြစ်နိုင်ပါမည်နည်း။

"ပိုင်ရှိုးမင် မင်းပြောကြည့်စမ်း" အရှင်မင်းကြီးက မိန့်တော်မူလိုက်၏။

ပိုင်ရှိုးမင်သည် ယင်းအန်းဝမ်ကို ကြည့်လိုက်ကာ ပြုံးသယောင်ယောင် မျက်နှာထားဖြင့် ပြောလိုက်လေသည်။ "ယင်းအန်းဝမ်ဖေးနဲ့ ရှင်းအန်းရှန့်ကျူတို့က တကယ်ကို သားအမိသံယောဇဉ် ကြီးမားတာပဲ။ ဒါပေမဲ့ ဝမ်ဖေးအနေနဲ့ တစ်ခါလောက်များ တွေးကြည့်ဖူးရဲ့လား။ တကယ်လို့များ အမှားအယွင်း မရှိဘူးဆိုရင် ခင်ဗျားရဲ့အစားထိုး ခံလိုက်ရတဲ့ သမီးအရင်းက အခုချိန်မှာ ဘယ်လိုနေမလဲ ဆိုတာကိုလေ"

ယင်းအန်းဝမ်ဖေး၏ မျက်နှာထားမှာ တောင့်တင်းသွားတော့၏။

"ကြည့်ရတာ မတွေးဖူးဘူး ထင်ပါတယ်" ပိုင်ရှိုးမင်၏ အကြည့်သည် သူမ၏မျက်နှာပေါ်မှ ဖြတ်သန်းသွားပြီးနောက် အနောက်ဘက်တွင် ရှိသည့် ရှီဇီနှင့် ရှီဇီဖူးရန်တို့၏ ကိုယ်ပေါ်သို့ ရောက်ရှိသွားလေသည်။ "ရှီဇီကရော ဘယ်လိုထင်လဲ။ ခင်ဗျားရဲ့ ညီမလေး အလဲခံလိုက်ရတယ်လို့ ထင်လား"

ယင်းအန်းဝမ်ရှီဇီသည် နှုတ်ခမ်းများ တုန်ယင်သွားပြီး အချိန်အတော်ကြာသည်အထိ စကားမပြောနိုင်တော့ချေ။

ဆန့်ကျင်ဘက်အနေဖြင့် ရှီဇီဖူးရန်သည် ပိုင်ရှိုးမင်၏ စိုက်ကြည့်မှုအောက်တွင် အရှေ့သို့ တစ်လှမ်းတိုးလာပြီး အရှင်မင်းကြီးကို အရင်ဆုံး ရိုသေစွာ ဂါရဝပြုလိုက်သည်။ ထိုနောက်တွင်တော့ ပိုင်ရှိုးမင်ကို ပြောလိုက်၏။ "ပိုင်လူကြီးမင်း ကျွန်မ ကြားတာကတော့ ရှင်းအန်းရဲ့ မျက်နှာအရေပြား တစ်ခုလုံး ကွာကျလာတယ်ဆို အဲ့တာ တကယ်ပဲလား"

"တကယ်ပါပဲ။ ရှီဇီဖူးရန်က ဘာပြောချင်လို့လဲ"

ရှီဇီဖူးရန်၏ မျက်နှာသည် ဖြူဖျော့သွားလေ၏။ သူမသည် နောက်ကျောဘက်က ယောက္ခမဖြစ်သူနှင့် ခင်ပွန်းဖြစ်သူတို့၏ စူးစိုက်ကြည့်နေသည့် အကြည့်များနှင့် ယောက္ခမကြီး၏ မနှစ်မြို့သော အကြည့်များကို ခံစားနေရလေသည်။ သို့သော်ငြား ယနေ့တွင် သူတို့က တစ်ခုမေးလိုက်တိုင်း သုံးခုမသိဖြစ်နေလျှင် သေချာပေါက် အရှင်မင်းကြီးကို ဒေါသထွက် စေပေတော့မည်။

အရှင်မင်းကြီးသာ တကယ်ဒေါသ ထွက်လာလျှင် သူတို့လိုမျိုးရိုးမြင့် မိသားစုများကို ညှာတာနေမည် မဟုတ်ချေ။

သူမသည်ဘေးက အကြည့်များကို လျစ်လျူရှုကာ ပြောလိုက်တော့၏။ "ကျွန်မနဲ့ ရှင်းအန်းနဲ့က သိပ်တော့မရင်းနှီးပါဘူး။ ဒါပေမဲ့ သူ့ရဲ့ပြောင်းလဲမှုတွေကို သတိထားမိခဲ့ဖူးတယ်။ သူနဲ့ ရွှီဇယ်ချန်တို့ ကျောင်းကျိုးမှာ တာဝန်ထမ်းဆောင်ပြီး ပြန်လာတဲ့အခါ တခြားလူတစ်ယောက်လို ပြောင်းလဲသွားခဲ့တာပါ"

"အသေးစိတ်ပြောပြပါဦး။ ဘယ်နေရာမှာ ပြောင်းလဲသွားတာလဲ"

ရှီဇီဖူးရန်သည် အသက်ဝဝ ရှုလိုက်ပြီး တစ်ခုချင်း ရေတွက်ပြလိုက်လေသည်။ "စားသောက်တဲ့အကြိုက်တွေ၊ စကားပြောတဲ့အသံတွေ၊ ပြောင်းလဲသွားတယ်။ သူနဲ့ ရွှီဇယ်ချန်တို့ရဲ့ ဆက်ဆံရေးကလည်း ပိုပြီးကောင်းလာခဲ့တယ်။ ပြီးတော့ လူကလည်း ပိုပြီးနူးညံ့သိမ်မွေ့လာပြီး အလိုက်သိတတ်လာတယ်။ ခုနတုန်းက ဖုဟွမ်နဲ့ မူဖေးပြောတာက မလိမ်ပါဘူး။ ရှင်းအန်းက သူတို့အပေါ်တကယ်ပဲ သိတတ်လိမ္မာပါတယ်။ ရှင်းအန်းဝမ် အိမ်တော်က အစေခံတွေအပေါ်မှာတောင် သဘောထားနူးညံ့လို့ ရှင်းအန်းဝမ်အိမ်တော်မှာ သူ့မကောင်းကြောင်း ပြောတဲ့သူ မရှိသလောက်ပါပဲ"

"အရင်တုန်းက ရှင်းအန်းရှန့်ကျူက ဘယ်လိုမျိုးလဲ" ပိုင်ရှိုးမင်က ထပ်မေးလိုက်၏။

ရှီဇီဖူးရန်သည် ခဏလောက် တုံ့ဆိုင်းသွားပြီးမှ ထပ်ပြောလိုက်လေသည်။ "အရင်တုန်းက သူက ... မောက်မာပြီး ဗိုလ်ကျတတ်တယ်။ စိတ်လိုက်မာန်ပါ လုပ်တတ်ပြီး နောက်ဆက်တွဲကို မစဉ်းစားတတ်ဘူး။ အမြဲတမ်း ပြဿနာရှာတတ်ပြီး မူဖေးကို စိတ်ဆိုးအောင် လုပ်တတ်တယ်။ ရှန့်ကျူက ဖူးကျွင်းသည် အပေါ်မှာတော့ ကောင်းပေမယ့် ကျွန်မကိုတော့ သိပ်အထင်မကြီးဘူး။ မြို့တော်က မထွက်ခွာခင်တုန်းက ချဲ့အာကို မြို့တော်မှာ ထားခဲ့ချင်လို့ မူဖေးနဲ့တောင်မှ ရန်ဖြစ်လိုက်ကြသေးတယ်"

ထိုစကားများကို နားထောင်ပြီးနောက် အရှင်မင်းကြီးသည်ပင် သည်းမခံနိုင်တော့ဘဲ ယင်းအန်းဝမ်တို့ လင်မယားကို လက်ညှိုးထိုးကာ ပြောလိုက်တော့သည်။ "မင်းတို့တွေ မျက်လုံးကန်း နေကြတာလား။ ဒီလောက်သိသာထင်ရှားတဲ့ အားနည်းချက်တွေကို မင်းတို့က ပြဿနာရှိကြတယ်လို့ မထင်ခဲ့ကြဘူးလား"

ယင်းအန်းဝမ်ဖေးက တိုးတိုးလေး ခုခံပြောဆိုလိုက်၏။ "ဒါပေမဲ့ ... ဒါပေမဲ့ ရှင်းအန်းရဲ့ အဲဒီပြောင်းလဲမှုတွေမှာ အကြောင်းပြချက်တွေ ရှိနေတာပဲလေ"

အရှင်မင်းကြီးသည် သူမပြောလာသည့် စကားကို နားမထောင်ချင်တော့ဘဲ မျက်နှာတည်တည်ဖြင့် ပိုင်ရှိုးမင်ကို ပြောလိုက်တော့သည်။ "ကြီးကြပ်ရေးမှူးကို သွားပြောလိုက်။ စစ်ထျန်းကျန့်ကို တော်ဝင်မျိုးနွယ် မိသားစုဝင်တွေ အားလုံးကို တစ်ယောက်မကျန် စစ်ဆေးခိုင်းလိုက်။ တကယ်လို့ တော်ဝင်သွေးသားကို ရောနှောပြီး သူများ အထောက်အထားကို အစားထိုးထားတာတွေရှိရင် ပုန်ကန်မှုနဲ့ အရေးယူရမယ်'

"ဟုတ်ကဲ့ပါ"

"မင်းတို့ကတော့ ..." အမှုက မရှင်းလင်းသေးသဖြင့် အရှင်မင်းကြီးသည် သူတို့ကို မည်သို့ အပြစ်ပေးရမည်ကို ချက်ချင်း မစဉ်းစားရသေးဘဲ ပြောလာလေသည်။ "ကိစ္စတွေ ရှင်းရှင်းလင်းလင်း မဖြစ်မချင်း ဘယ်သူမှ ယင်းအန်းဝမ် အိမ်တော်ကနေ ခြေတစ်လှမ်းမှ အပြင်မထွက်ရဘူး"

ပိုင်ရှိုးမင်နှင့် ယင်းအန်းဝမ် မိသားစုတို့သည် ချောင်ချင်းနန်းဆောင်မှ ထွက်ခွာသွားကြပြီး အရှင်မင်းကြီး၏ ပျော်ရွှင်စရာ စိတ် အခြေအနေသည်လည်း လုံးဝပျက်စီး သွားလေတော့သည်။

သူသည် တောက်လျှောက် စကားမပြောဘဲ နေနေသည့် မင်ဝမ်ကိုပြောလိုက်၏။ "ဟွမ်ရှုး ပြောကြည့်ပါအုံး။ သူတို့က ကိုယ့်သမီး အလဲခံလိုက်ရတာကို တကယ်မသိကြတာလား"

မင်ဝမ်သည် ပေါ့ပါးစွာ ရယ်မောလိုက်ပြီး လက်ကို ဝှေ့ယမ်းလိုက်ကာ ခုနက စစ်တုရင်ခုံပေါ်က အရုပ်များအားလုံးက မူလနေရာသို့ ပြန်ရောက်သွားတော့၏။ "ဒါက အရေးမကြီးပါဘူး။ သူတို့အတွက် အရေးကြီးဆုံးက ရှင်းအန်းကမှ သူတို့လိုချင်တဲ့ သမီးမျိုးဖြစ်နေတာကိုး"

အရှင်မင်းကြီးက အေးစက်စွာ နှာခေါင်းရှုံ့ လိုက်တော့သည်။ "သူတို့ရဲ့ပါးစပ်ထဲမှာ မူလရှင်းအန်းက နေရာတိုင်းမှာ မကောင်းဘူး ဖြစ်နေတယ်။ အခု ပြန်ကြည့်လိုက်တော့ အနည်းဆုံးတော့ အဲဒီရှင်းအန်းက စိတ်ရင်းအမှန် ရှိသေးတယ်။ သူတို့လို ဟန်ဆောင်ကောင်းလွန်းတဲ့ သူတွေနဲ့ မတူဘူး"

ပိုင်ရှိုးမင်သည် ချောင်ချင်းနန်းဆောင်မှ ထွက်လာသောအခါ အပြင်ဘက်တွင် နှင်းများထူထပ်စွာ ဖုံးလွှမ်းနေပြီဖြစ်၏။

ယင်းအန်းဝမ် မိသားစုသည်လည်း အဝေးကြီးသို့ မရောက်သေးချေ။ သူသည် နန်းဆောင်တံခါးဝတွင် ရပ်ကာ ထိုလူတချို့၏ ကျောပြင်ကို ခဏလောက် စိုက်ကြည့် နေလိုက်ပြီးနောက် ယုံရှို့နန်းဆောင်သို့ ပြန်ဝင်သွားပြီး စကားအနည်းငယ် မှာကြားလိုက်လေသည်။

ယင်းအန်းဝမ် မိသားစုသည် နန်းတော်အပြင်ဘက်သို့ ထွက်ခွာသွားချိန်တွင် ရှင်းအန်းရှန့်ကျုနှင့် ရွှီဇယ်ချန်တို့ကို ဖမ်းဆီးခေါ်ဆောင်သွားသော နန်းစောင့်ရဲမက်များနှင့် တိုက်တိုက်ဆိုင်ဆိုင် ဆုံမိကြတော့သည်။

သူတို့၏သနားစဖွယ် မျှော်လင့်တကြီး လှမ်းကြည့်လာသည်ကို မြင်လိုက်ရသောအခါ ရှင်းအန်းရှန့်ကျူ၏ ဘေးက နန်းစောင့်ရဲမက်သည် ရုတ်တရက် ကိုယ်ကို စောင်းလိုက်ပြီး ရှင်းအန့်ရှန့်ကျူ၏ ဆံပင်ကို ဆွဲကာ မျက်နှာကို အတင်းအကြပ် မော့လှန်ပြလိုက်ပြီးနောက် သူတို့ကို သေချာကြည့်ရှု ခိုင်းလိုက်တော့၏။

ထိုနောက်တွင်တော့ ယင်းအန်ဝမ်ဖေး၏ စူးရှသော အော်သံတစ်ချက် ထွက်ပေါ်လာပြီး တောင့်တောင့်ကြီး မေ့လှဲကျသွားသည်ကို မြင်တွေ့လိုက်ရလေတော့သည်။

...

All Chapters