မုသားစကား အပြည့်နဲ့ လူလိမ်လေး ...
Vol. 13 Ch. 127
"မူဖေး !" ယင်းအန်းဝမ်ရှီဇီသည် မျက်စိလျင်လျင်ဖြင့် မြေပြင်ပေါ်သို့ လှဲကျသွားသော မိခင်ကို လှမ်းဖမ်းလိုက်ပြီး လှုပ်နှိုးရန် ကြိုးစားလိုက်လေသည်။
တခြားဘက်တွင်တော့ ယင်းအန်းဝမ်သည်လည်း ရင်ဘတ်ကိုဖိကာ ယိုင်နဲ့နဲ့ဖြစ်သွားတော့၏။ မျက်နှာကွာကျသွားသည် ဆိုသည်မှာ ဒီလောက် ကြောက်မက်ဖွယ် ကောင်းသည့် ပုံစံမျိုး ဖြစ်နေလိမ့်မည်ဟု ထင်မှတ်မထားမိချေ။
ယခင်က နူးညံ့သိမ်မွေ့ပြီး အလိုက်သိတတ်သော သမီးဖြစ်သူသည် ဒီအချိန်တွင်တော့ ယင်းအန်းဝမ်၏ မျက်လုံးထဲတွင် လူသားစား သရဲတစ္ဆေနှင့် မခြားတော့ပေ။
"ကျွန်တော့်မူဖေး မေ့လဲသွားတာ မမြင်ဘူးလား။ သမားတော် မြန်မြန် ခေါ်လိုက်ကြလေ" ယင်းအန်းဝမ်ရှီဇီသည် ဝမ်ဖေးကို လှုပ်နှိုးလို့မရတော့သဖြင့် ဘေးနားတွင်ရှိနေသည့် နန်း စောင့်ရဲမက်များသည် သူ့စကားကို ကြားသော်ငြားလည်း နေရာမှာတလက်မ မရွေ့ဘဲ ရပ်နေကြဆဲပင်။ ခေါင်းဆောင်ဖြစ်သူက တရိုတသေ ဟန်ပန်ဖြင့် ပြောလိုက်၏။ "ရှီဇီ ခွင့်လွှတ်ပေးပါ။ အရှင်မင်းကြီးရဲ့အမိန့်က ဝမ်ရယ်တို့ကို ယင်းအန်းဝမ်အိမ်တော်ကို ပြန်ပို့ပေးဖို့ပါပဲ။ ကျန်တဲ့ကိစ္စတွေကို အရှင်မင်းကြီးက မှာကြားထားတာ မရှိပါဘူး"
"မင်း ... မင်းတို့ ..." ယင်းအန်းဝမ်ရှီဇီသည် ဒေါသထွက်လွန်းသဖြင့် သူတို့နှင့်ထပ်ပြီး ငြင်းခုံရန် ပြင်လိုက်သော်ငြား ရှီဇီဖူးရန်က သူ့ကိုတွန်းဖယ် လိုက်လေသည်။ သူကရှေ့ကိုသွားလိုက်ပြီး ဝမ်ဖေး၏ နှာခေါင်းအောက်ကို အားဖြင့်ဖိလိုက်သည်တွင် အချိန်တော်တော် ကြာသောအခါ ဝမ်ဖေးသည် သတိပြန်လည်လာတော့သည်။
ဝမ်ဖေးသည် သတိပြန်လည်လာသော်ငြား မြေပြင်ပေါ်တွင် ပျော့ခွေနေပြီး မည်သို့မှ ထမရတော့သဖြင့် နောက်ဆုံးတွင်တော့ ရှီဇီကပင် ကျောပိုးကာ နန်းတော်အပြင်ဘက်သို့ သယ်ဆောင်သွားရတော့သည်။
ခုနကလူများကို ဖမ်းဆီးခေါ်ဆောင် သွားခဲ့သည့် နန်းတွင်းရဲမက် အဖွဲ့ကတော့ အရိပ်အယောင်ပင် မမြင်ရတော့ချေ။
ရှီဇီသည် ယင်းအန်းဝမ်ဖေးကို ကျောပိုးကာ အမောတကောဖြင့် နန်းတော်တံခါးဝဆီသို့ ခက်ခက်ခဲခဲ ရောက်ရှိလာခဲ့၏။ အသက်ဝ၀ရှူရန် မပြင်ဆင်ရသေးခင်မှာပင် အနောက်ဘက်က အော်ဟစ်သံတစ်ခုကို ကြားလိုက်ရတော့သည်။
ယင်းအန်းဝမ် မိသားစုသည် ခြေလှမ်းများကို ရပ်တန့်ပြီး လှည့်ကြည့်လိုက်သည်တွင် နန်းစောင့်ရဲမက်တစ်ဦးက ပေါင်အာကို ပွေ့ချီကာ ထွက်လာသည်ကို တွေ့လိုက်ရ၏။
ထိုနန်းတွင်းရဲမက်သည် ပေါင်အာကို မြေပြင်ပေါ်သို့ ချပေးလိုက်ပြီး သူတို့ကို ပြောလိုက်လေသည်။ "ဝမ်ရယ် ပိုင်လူကြီးမင်းက ပြောလိုက်ပါတယ်။ ဒီကလေးရဲ့ မိဘတွေ ဖမ်းဆီးခံလိုက်ရပြီး ရွှီအိမ်တော်လည်း ချိတ်ပိတ်ခံလိုက်ရလို့ သူ အခုနေစရာမရှိ ဖြစ်နေပါတယ်။ ဝမ်ရယ်တို့အနေနဲ့ ကူညီစောင့်ရှောက်ပေးဖို့ မျှော်လင့်ပါတယ်တဲ့"
လွန်ခဲ့သည့် ၁၅မိနစ်က ဆိုလျှင်တော့ ရှင်းအန်းသည် သူတို့၏ သွေးသားရင်း မဟုတ်မှန်းသိသည့်တိုင် သူမ၏သမီးကို စောင့်ရှောက်ရန် ဆန္ဒရှိကြပေလိမ့်မည်။
သို့သော်ငြား ယခုအခါ လူအားလုံးက နှုတ်ဆိတ်သွားကြတော့၏။
ပေါင်အာကို မြင်လိုက်သည်နှင့် သူတို့သည် ရှင်းအန်း၏ ကြောက်မက်ဖွယ် ကောင်းသည့်မျက်နှာကို ပြန်မြင်ယောင်လာ ကြလေသည်။
ထိုနန်းတွင်းရဲမက်သည် ပိုင်ရှိုးမင်၏ စကားကို လာရောက် ပြောကြားခြင်းသာ ဖြစ်ပြီး သူတို့နှင့် လာရောက်ဆွေးနွေးခြင်း မဟုတ်ချေ။ စကားပြောပြီးသည်နှင့် ချက်ချင်းလှည့်ထွက် သွားလေတော့သည်။
ပေါင်အာကတော့ ဘာတွေ ဖြစ်ပျက်ခဲ့သည်ကို မသိသေးသဖြင့် နေ့စဉ်လုပ်နေကြအတိုင်း ယင်းအန်းဝမ်၏ ခြေထောက်ကို သွားဖက်လိုက်သည်တွင် ယင်းအန်းဝမ်မှာ အလန့်တကြား ဖြစ်သွားပြီး နောက်သို့ခြေလှမ်း အနည်းငယ် ဆုတ်သွားတော့၏။
"အဘိုး ?" ပေါင်အာက သူ့ကို နားမလည်စွာဖြင့် မော့ကြည့်လိုက်လေသည်။
အခြေအနေ မတိုးသာ မဆုတ်သာ ရှိနေစဉ်မှာပင် ရှီဇီဖူးရန်က စကားပြော လိုက်လေသည်။ "ပေါင်အာ ဒေါ်ကြီးနောက်လိုက်ခဲ့။ တို့တွေ နန်းတော်ထဲက ထွက်ကြရအောင်"
ပေါင်အာသည် လူကြီးများ၏ သဘောထား ပြောင်းလဲသွားသည်ကို ခံစားမိပုံရ၏။ ယခင်ကကဲ့သို့ ချွဲနွဲ့ရန် ပြင်ဆင်လိုက် သော်ငြားလည်း မော့ကြည့်လိုက်သောအခါ ရှီဇီဖူးရန်၏ တင်းမာသည့် အကြည့်ကို တွေ့လိုက်ရသဖြင့် လန့်သွားပြီး မငိုမိအောင် အောင့်အီး သည်းခံကာ ရှီဇီဖူးရန်၏ နောက်မှ လိမ်လိမ်မာမာ လိုက်ပါသွားတော့၏။
ရှီဇီဖူးရန်သည် ပေါင်အာကို ယင်းအန်းဝမ် အိမ်တော်တွင် ခေါ်ထားရန်ဆန္ဒမရှိ သော်ငြားလည်း နောက်ဆုံးတော့ ဒီကလေးကို ပစ်ထားခဲ့ရန်လောက်လည်း မရက်စက်နိုင်ပေ။
ယခု ပေါင်အာကို မြင်လိုက်ရသောအခါ ပျောက်ဆုံးသွားသည့် ချဲ့အာကို သတိရမိလေသည်။ ရှင်းအန်းတို့မိသားစု မြို့တော်သို့ ပြန်မရောက်ခင်က ချဲ့အာသည် သူမ၏ဘေးတွင် အမြဲတမ်းရှိနေခဲ့၏။
ကိစ္စ တော်တော်များများသည် အစကတည်းက မတွေးမိလျှင် ပြဿနာရှိသည်ဟု မထင်မိချေ။
သို့သော်ငြား ယခုအခါ ရှင်းအန်း၏ အထောက်အထားသည် ပြဿနာရှိနေသည်ဟု သိလိုက်ရသောအခါ ချဲ့အာ ပျောက်ဆုံးရခြင်းကလည်း ဒီရှင်အန်းအတုနှင့် ပတ်သက်နေမလားဟု တွေးမိလာတော့သည်။
သူမ တွေးမိသည်ကလည်း အကယ်၍များ သူမသာ ရှင်းအန်းအစစ်၏ နေရာသို့ အစားထိုး ဝင်ရောက်ခဲ့လျှင် ရှင်းအန်းအစစ်၏ သားကို အရှင်ထား နိုင်ပါ့မလားဟူ၍ပင်။
သူမ ဆိုလျှင်တော့ ထားနိုင်မည် မဟုတ်ပေ။
ဒီအတုအယောင်ကရော ထားနိုင်ပါမည်တဲ့လား။ အမှန်တရားကို မသိရ သေးသော်ငြားလည်း မည်သို့ပင်ဆိုစေ ချဲ့အာအတွက်တော့ ရက်စက်ရာ ကျလွန်းပေသည်။
ပေါင်အာသည် ဘာမှနားမလည်သော်ငြား သူမ၏အမေက ရှင်းအန်းနေရာကို အစားထိုးဝင်ရောက်သည့် အချိန်ကတည်းက သူမသည်လည်း အပြစ်များကို ထမ်းပိုးပြီးသား ဖြစ်နေတော့၏။
ယင်းအန်းဝမ်မိသားစု နန်းတော်ထဲက ထွက်ခွာသွားသော်လည်း အရှင်မင်းကြီး၏ မွေးနေ့ပွဲကို ဖျက်ဆီးခဲ့သော ဒီအမူအရာကတော့ ယခုမှစတင်ခြင်း ဖြစ်လေသည်။
ပေါင်အာကို သွားပို့ခဲ့သည့် နန်းတွင်းရဲမက် ပြန်ရောက်လာခါစ ရှိသေးသည်။ အခြားတစ်ဖက်တွင် ကျန်းယန်သည် အရေခွံတစ်စကို ကိုင်မြှောက်ကာ စိတ်လှုပ်ရှားစွာဖြင့် ပိုင်ရှိုးမင်ကို လာရှာလေတော့၏။
သူ့လက်ထဲက အရေခွံသည် ခုနက ဖုန်းယန်ကို မင်ကျင့်စီး သိုလှောင်ရုံမှ သွားယူခိုင်းထားသည့် ဟွာရှယ်မြွေ အရေခွံဖြစ်လေသည်။ ဝေရှယ်အရေခွံလောက် မကောင်းသော်လည်း စမ်းသပ်ရန်အတွက်တော့ သိပ်ပြီးကွာခြားခြင်း မရှိလှချေ။
ယခုအချိန်တွင် ဒီအရေခွံသည် လေသလပ်ခံပြီး ခြောက်သွေ့စ ပြုနေပြီဖြစ်ကာ အပေါ်တွင် အမာရွက်တချို့လည်း ရှိနေလေသည်။ ထိုအရာကတော့ ဟေးဟော်ရှီကျောက်၏ တိုက်စားမှုကြောင့်သာဖြစ်၏။
"လူကြီးမင်း ဟေးဟော်ရှီကျောက်က လူကြီးမင်းပြောသလိုပဲ တကယ် အသုံးဝင်ပါတယ်" ပြောရင်းဖြင့် သူသည် ဟွာရှယ် မျက်နှာအရေခွံကို ပိုင်ရှိုးမင်၏ မျက်စိရှေ့သို့ တွန်းပို့ပြလိုက်၏။ "ဒီဟွာရှယ်မြွေ အရေခွံက လေသလပ်ပြီး ခြောက်သွေ့သွားတဲ့ လက္ခဏာတွေ ပြနေပါတယ်"
ပိုင်ရှိုးမင်က လက်ဖြင့် ထိုအရေခွံကို စမ်းသပ်ကြည့်လိုက်ရာ အနည်းငယ် မာကျောနေသည်ကို ခံစားလိုက်ရ၏။ ဟွာရှယ်မြွေ သေဆုံးပြီးနောက် အလောင်းသည် အနည်းဆုံး နှစ်အနည်းငယ်မှ ဆယ်စုနှစ် အနည်းငယ်အထိ မပုပ်မသိုးဘဲ ရှိနေတတ်သည်။ ဒီလို အထိအတွေ့သည် ပုံမှန်မဟုတ်ကြောင်း ထင်ရှားနေလေသည်။
"ကောင်းတယ်"
ကျန်းယန်သည် ပြုံးရွှင်စွာ ပြောလိုက်တော့၏။ "ကျေးဇူးတင်ပါတယ် လူကြီးမင်း"
သို့သော်ငြား မကြာခင်မှာပင် သူက နိမ့်ချစွာ ပြောလိုက်ပြန်သည်။ "ကျွန်တော်မျိုးက လိုအပ်ပါသေးတယ်။ လူကြီးမင်းသာ သတိမပေးရင် ဟေးဟော်ရှီကျောက်က ဒီလိုအသုံးဝင်ပုံမျိုး ရှိတာကိုတောင် တွေးမိမှာ မဟုတ်ဘူး။ ဒါပေမဲ့ ဒီဟာကိုလုပ်ခဲ့တဲ့ နောက်ကွယ်က လူက ဘယ်လိုနည်းလမ်းသုံးပြီး ဝေရှယ် အရေခွံကို မသိမသာ လေသလပ်ပြီး ခြောက်သွေ့အောင် လုပ်လိုက်သလဲ ဆိုတာကိုတော့ မသိရသေးဘူး"
"စုံစမ်းလိုက်ရင် သိရမှာပေါ့"
သူသည် ဖုန်းယန်ဘယ်သို့ လှည့်ကာအမိန့်ပေး လိုက်တော့သည်။ "ရွှီအိမ်တော်က လူတွေကို မင်းကျင့်စီးကို ခေါ်သွားလိုက်။ တစ်ယောက်ချင်းစီ စစ်ဆေးမေးမြန်းရမယ်။ ဒီရက်ပိုင်း ရှင်းအန်းရှန့်ကျူရဲ့ စားသောက်နေထိုင်မှု အသေးစိတ် အချက်အလက်တိုင်းကို ငါ သိချင်တယ်"
"ဟုတ်ကဲ့ပါ"
ဖုန်းယန်သည် ကျန်းယန်ကို ခေါ်ဆောင်ကာ အရင်ဆုံး ထွက်ခွာသွားခဲ့၏။ ပိုင်ရှိုးမင် ပြန်ရောက်လာသောအခါ အိမ်ရှေ့စံမင်းသားနှင့် စကားအနည်းငယ် ပြောဆိုပြီးမှ အိမ်တော်အပြင်ဘက်သို့ ဖြည်းညှင်းစွာ လျှောက်လှမ်းထွက်ခွာလာခဲ့၏။
မင်ကျင့်စီးသို့ ပြန်ရောက်လာပြီးနောက် ပိုင်ရှိုးမင်သည် မြေအောက် အကျဉ်းထောင်သို့ တန်းတန်းမတ်မတ် သွားလိုက်လေသည်။
ဒီအချိန်တွင်တော့ ကျန်းခိုင်သည် ရွှီဇယ်ချန်ကို စစ်ဆေးမေးမြန်း နေသော်ငြား ရလဒ်ကတော့ မထွက်လာသေးချေ။
ရုတ်တရက် တံခါးခေါက်သံတချို့ ထွက်လာခဲ့သဖြင့် ကျန်းခိုင်သည် စစ်ဆေးရေးခန်းမှ ထွက်လာရာ အပြင်ဘက်တွင် ရပ်နေသည့် ပိုင်ရှိုးမင်ကို တွေ့လိုက်ရလေသည်။ သူကရှေ့သို့တိုးလာကာ တိုးတိုးလေးပြောလိုက်၏။ "လူကြီးမင်း သူ့ပါးစပ်က တော်တော်လေးကို မာနေတယ်။ ကျွန်တော်မျိုး ဘယ်လိုမေးမေး သူက အလိမ်ခံလိုက်ရတာပါ။ ရှင်းအန်းရှန့်ကျူ အတုမှန်း မသိပါဘူးလို့ ဖြေနေတယ်"
"သူ ပါးစပ်မဟချင်ရင် တခြားသူကို မေးကြည့်ရအောင်"
ကျန်းခိုင်သည် မျက်ခုံးပင့်လိုက်ပြီး လက်အောက် ငယ်သားများကို ရှင်းအန်းရှန့်ကျူ အတုကို ခေါ်လာခိုင်းလိုက်၏။ သို့သော်ငြား သူမကို အပြင်ထွက်လာခွင့်တော့ မပေးလိုက်ချေ။
ထို့နောက်သူသည် ရွှီဇယ်ချန်ကို ဆက်လက်မေးမြန်းရန် ဝင်သွားလေသည်။
မည်သို့ပင်ဖြစ်စေ နန်းတွင်းအရာရှိ တစ်ဦးဖြစ်သည့်အတွက် နောင်တစ်ချိန်တွင် သူ၏လူကြီးမင်း တိုင်ကြားခံရမည်ကို စိုးရိမ်သဖြင့် လောလောဆယ် ကျန်းခိုင်သည် ပြင်းထန်သော ညှဉ်းပန်းနှိပ်စက်မှုများကို မပြုလုပ်ဘဲ ကျာပွတ်ကိုသာ အသုံးပြုထားလေသည်။
ထိုသို့အသုံးပြုသည့်တိုင် ရွှီဇယ်ချန်ကတော့ သေမလောက် ဖြစ်နေပြီဖြစ်၏။
သူ့ကို စင်ပေါ်တွင် ချိတ်ဆွဲထားပြီး ခန္ဓာကိုယ်ပေါ်တွင် သွေးကြောင်းရာ များကလည်း ကြောက်မက်ဖွယ်ရာ ကောင်းလှ၏။
ကျန်းခိုင်သည် ခုနက ထွက်သွားခဲ့သဖြင့် သူ သက်သာရာ ရလိုက်သော်ငြား ခဏအကြာတွင်တော့ ထိုလူက ပြန်ရောက်လာပြန်သည်။
"ကျွန်တော် ဘာမှမသိပါဘူး။ ကျွန်တော် အလိမ်ခံလိုက်ရတာပါ" ရွှီဇယ်ချန်၏ အသံသည် အက်ကွဲနေသော်လည်း သူအပြစ်မရှိကြောင်းကို အလေးအနက် ပြောဆိုဖို့မမေ့ချေ။
"ဘယ်သူက လိမ်တာလဲ"
"ရှန့်ကျူလေ။ ရှန့်ကျူက ကျွန်တော့်ကို လိမ်တာ။ ကျွန်တော်က အလုပ်ကိစ္စတွေနဲ့ပဲ အရှုပ်နေလို့ ရှန့်ကျူ အလဲခံလိုက်ရတာကို လုံးဝမသိခဲ့ဘူး"
ဒီအချိန်တွင် ရွှီဇယ်ချန်ပြောသည့် ရှန့်ကျူအတုသည် အပြင်ဘက်တွင်ရပ်ကာ သူ့စကားသံများကို နားထောင်လို့နေသည်။
စကားအနည်းငယ် နားထောင်ပြီးနောက် သူမကို လူတစ်ယောက်က ခေါ်ထုတ်သွားပြီး တခြားစစ်ဆေးရေး အခန်းတစ်ခုသို့ ပို့လိုက်တော့သည်။
ထိုစစ်ဆေးရေး အခန်းသည် သန့်ရှင်းသပ်ရပ်ပြီး သွေးညှီနံ့များမရှိချေ။ အတွင်းတွင် ကုလားထိုင်တစ်လုံး ရှိနေပြီး ကုလားထိုင်ပေါ်တွင် လူတစ်ယောက် ထိုင်နေသည်။
ပိုင်ရှိုးမင်ကို မြင်လိုက်ရသောအခါ သူမ၏ခန္ဓာကိုယ်မှာ မသိမသာ တုန်ယင်သွားတော့၏။
သူမကို စင်ပေါ်တွင် ချိတ်ဆွဲထားလိုက်ပြီး သူမ၏ မျက်နှာချင်းဆိုင်တွင် ထိုင်နေသော မီးရောင်အောက်တွင် မျက်နှာအမူအရာ မထင်မရှား အမျိုးသားကို ကြည့်ရင်း ကြောက်ရွံ့မှုများက တဖြည်းဖြည်း မြင့်တက်လာခဲ့၏။
"မင်းနာမည် ဘယ်လိုခေါ်လဲ" ပိုင်ရှိုးမင်က မေးလိုက်သည်။
ရှင်းအန်းရှန့်ကျူသည် ခေါင်းကိုတစ်ဖက်သို့ လွဲထားပြီး စကားမပြောဘဲ နေလိုက်၏။
"ရှင်းအန်းရှန့်ကျူရဲ့ မျက်နှာကို မင်း ဘယ်လိုလဲလှယ်ခဲ့တာလဲ"
"ပိုင်ရှိုးမင် ရှင် ဒီလို အသုံးမကျတဲ့ မေးခွန်းတွေ မေးနေစရာ မလိုပါဘူး။ ကျွန်မ ရှင့်ကို ပြောပြမှာမဟုတ်ဘူး။ သတ်ချင်သတ် ဖြတ်ချင်ဖြတ် သဘောပဲ"
"ကျွငါက လူကို အလွယ်တကူ မသတ်ဘူး" ပိုင်ရှိုးမင်၏ လေသံက နူးညံ့လို့နေသည်။ "မင်း မပြောချင်လည်း ကိစ္စမရှိပါဘူး။ မင်းက သူများမျက်နှာ အရေပြားကို လှီးထုတ်ရတာ ဒီလောက်ကြိုက်မှတော့ အရေခွံ အဆုတ်ခံရတဲ့ အရသာကို မင်းကို အရင် မြည်းစမ်းကြည့် ခိုင်းရမလား"
သူသည် နောက်သို့ လက်ညှိုးကွေးပြလိုက်ရာ မင်ကျင့်စီးအစောင့် တစ်ဦးက ဝင်ရောက်လာခဲ့၏။
"သူ့ခန္ဓာကိုယ်ပေါ်က အရေပြားကို လှီးထုတ်လိုက်။ လူ မသေစေနဲ့"
ထိုလူက ချက်ချင်း ပြန်ဖြေလိုက်၏။ "ကျွန်တော်မျိုးရဲ့ လက်ရာကို လူကြီးမင်း စိတ်ချထားလိုက်ပါ။ သူ့ကို ကောင်းကောင်းမွန်မွန် အသက်ရှင် နေစေရပါမယ်"
ထိုလူက ဓားကိုင်ပြီး လျှောက်လာသည်ကို မြင်လိုက်ရသည်တွင် ရှင်းအန်းရှန့်ကျူ၏ မျက်ဝန်းထဲတွင် ကြောက်ရွံ့မှုများကို ဖုံးကွယ်လို့မရနိုင်တော့ပေ။
ထိုမင်ကျင့်စီး အစောင့်သည် သူမ၏အော်ဟစ်သံများကို ဂရုမစိုက်ဘဲ သူမ၏ လက်တစ်ဖက်ကို ကိုင်လိုက်ပြီး လက်ချောင်းတစ်ချောင်းကို ဓားဖြင့်မွှန်းလိုက်တော့၏။
ရှင်းအန်းရှန့်ကျုသည် လက်ချောင်းနာကျင်သွားသည်ကို ခံစားလိုက်ရ၏။ အစပိုင်းတွင် နာကျင်မှုသည် မသိသာဘဲ ဓားပေါ်တွင် အကိုက်အခဲပျောက်ဆေး ပါဝင်ပုံရလေသည်။ သို့သော် သူမ၏ မျက်စိရှေ့တွင်ပင် သူမ၏ လက်ချောင်းပေါ်က အရေပြားကို ထိုလူက လှီးဖြတ်ပစ်လိုက်သည်ကို မြင်တွေ့လိုက်ရ၏။
သွေးသံရဲရဲဖြစ်နေသော သူမ၏လက်ချောင်းနှင့် အောက်ဘက်က ပါးလွှာသော အရေပြားကိုကြည့်ရင်း ရှင်းအန်းရှန့်ကျူသည် အော်ဟစ်ကာ ငိုယိုမိတော့သည်။ နာကျင်လို့မဟုတ်ဘဲ ကြောက်ရွံ့လို့သာပင်။
သူမသည် ယခင်က မျက်နှာလှီးထုတ်ခံရခြင်း အရိုးခြစ်ထုတ်ခံရခြင်း ခံစားချက်များကို ကိုယ်တိုင် ကြုံတွေ့ခဲ့ဖူးသည်။ သို့သော် ထိုအရာများသည် လွန်ခဲ့သော ဆယ်နှစ်ကျော်က ဖြစ်ပျက်ခဲ့ခြင်းဖြစ်ပြီး ထိုအချိန်က သူမသည် တောသူလေး တစ်ယောက်သာပင်။ ယခု သူမသည် စည်းစိမ်ချမ်းသာများနှင့် ဆယ်နှစ်ကျော်ကြာ နေထိုင်လာခဲ့ပြီးဖြစ်သဖြင့် ဒီလိုနာကျင်မှုမျိုးကို မည်သို့ခံနိုင်ရည် ရှိပါတော့မည်နည်း။
"ငါက လူတွေကို ဘယ်တော့မှ အတင်းအကြပ်မခိုင်းစေဘူး။ မင်းနဲ့ ရွှီဇယ်ချန် နှစ်ယောက်စလုံးမှာ အခွင့်အရေး တစ်ကြိမ်စီပဲရှိတယ်။ ဘယ်သူက အမှန်တရားကို အရင်ပြောမလဲ။ အဲဒီလူ အသက်ရှင်ခွင့် ရလိမ့်မယ်"
"ကျွန် မပြောမယ်” ရှင်းအန်းရှန့်ကျူသည် အံကြိတ်ကာ ပြောလိုက်တော့၏။ ခုနက ရွှီဇယ်ချင်သည် အပြစ်အားလုံးကို သူမအပေါ် ပုံချလိုက်သည်ကို ကြားခဲ့ရသဖြင့် အသက်ရှင်ခွင့်ရမည့်သူ တစ်ယောက်တည်းသာ ရှိလျှင် ထိုလူမှာ သူမသာဖြစ်သင့်သည်ဟုသာ တွေးလိုက်တော့သည်။
အမှန်တွင်တော့ ရွှီဇယ်ချန်သာ မရှိလျှင်လည်း သူမက အောင်မြင်နိုင်မည် မဟုတ်ပေ။
"ကျွန်မ အရင်ပြောရင် ရှင် ကျွန်မကို မသတ်ဘူး မဟုတ်လား" ရှင်းအန်းရှန့်ကျူက ထပ်မေးလိုက်၏။
"ဟုတ်တယ်"
"ကျွန်မ ပြောမယ်" သူမက ထပ်ပြောလိုက်၏။ "ရှင် ဘာသိချင်လဲ။ ကျွန်မ အကုန်ပြောပြမယ်"
ပိုင်ရှိုးမင်က နှုတ်ခမ်းထောင့်လေးကို ကွေးတင်ထားလိုက်တော့၏။ သူ၏နောက်ကျောဘက်က နံရံတစ်ဖက်တွင် ကျန်းခိုင်သည် သေလုမျောပါးဖြစ်နေသော ရွှီဇယ်ချန်ကို ဆွဲမထားပြီး ခုနက ရှင်းအန်းရှန့်ကျူ၏ စကားများကို အတီးအကျ ရှင်းလင်းနေအောင် ကြားနိုင်သွားတော့သည်။
ကျန်းခိုင်က လှောင်ပြောင်လိုက် လေတော့သည်။ "ရွှီလူကြီးမင်း ကြည့်ရတာ ရှင်းအန်းရှန့်ကျုက ခင်ဗျားထက် အသက်ပိုရှင်ချင်နေတဲ့ပုံပဲ"
"မဟုတ်ဘူး မဟုတ်ဘူး။ အဲဒီမိန်းမ အကုန်လုံး အလိမ်အညာတွေချည်း ပြောနေတာ။ သူ့ စကားနားမထောင်နဲ့။ ခင်ဗျားတို့ ဘာသိချင်လဲ။ ကျွန်တော် အကုန်သိတယ်။ ကျွန်တော့်ကိုမေးပါ" အသက်ရှင်နိုင်ရန်အတွက် ရွှီဇယ်ချန်သည် နောက်ဆုံးတွင် ဟန်မဆောင်နိုင်တော့ပေ။
"ကောင်းပြီလေ။ ဒါဆိုအစကနေ ပြန်ပြောကြတာပေါ့"
ဇာတ်လမ်းကတော့ အနည်းငယ် ရိုးရှင်းလှသည်။ အတိတ်က နှစ်ပေါင်းများစွာ မတွေ့ရသော အိမ်နီးချင်း ငယ်ချစ်ဦးများ ပြန်တွေ့ကြ၏။ တစ်ယောက်က ဗိုလ်ကျတတ်သော ဇနီးသည်ရှိပြီး တစ်ယောက်က မချစ်တတ်သော ဆင်းရဲသား ခင်ပွန်းလောင်း ရှိနေသည်။
နှစ်ယောက်စလုံးသည် မိမိတို့၏ အခြေအနေကို မကျေနပ်ကြဘဲ တစ်ယောက်က စိတ်ရှိကာ တစ်ယောက်ကလည်း ဆန္ဒရှိသဖြင့် တိတ်တဆိတ် ဖောက်ပြန်ခဲ့ကြသည်။
ဇာတ်လမ်းသည် ဒီနေရာတွင် ကွဲပြားသွားတော့၏။ ရွှီဇယ်ချန်က ပြောလာသည်မှာ ရှင်းအန်းရှန့်ကျူ အတုက သူမ၏ခင်ပွန်းလောင်းအိမ်တွင် မျက်နှာလဲလှယ်သော လျှို့ဝှက်ပညာရှိကြောင်း၊ သူများမျက်နှာကို မိမိမျက်နှာပေါ်တွင် လဲလှယ်တပ်ဆင်နိုင်ပြီး ဘယ်သူမှ မရိပ်မိနိုင်ကြောင်း ပြောပြခဲ့သည်ဟု ဆိုသည်။
ရှင်းအန်းရှန့်ကျူ ပြောသည့်စကားကတော့ ရွှီဇယ်ချန်က သူမ ပြောပြသည်ကို ကြားပြီးနောက် စိတ်ဝင်စားသွားပြီး သူမ၏ခင်ပွန်းလောင်းကို လှည့်စားကာ သူမနှင့် ရှင်းအန်းရှန့်ကျူ အစစ်တို့၏မျက်နှာကို လဲလှယ်ပေးရန် တိုက်တွန်းခဲ့သည်ဟု ဆိုသည်။
ထိုနောက်ပိုင်းတွင်တော့ ပြောစရာသိပ်မရှိတော့ချေ။
သူတို့သည် ရှင်းအန်းရှန့်ကျူကို မေ့ဆေးပေးပြီး မျက်နှာလဲလှယ်ကာ သတ်ပစ်ခဲ့ကြသည်။ ထို့နောက်ရှန့်ကျင်းသို့ ပြန်လာခဲ့ကြပြီး ဆယ်နှစ်ကျော်ကြာအောင် စည်းစိမ်ချမ်းသာများနှင့် ပျော်ရွှင်စွာ နေထိုင်ခဲ့ကြလေသည်။
"မင်းတို့ ရှင်းအန်းရှန့်ကျူအစစ်ကို သတ်ပစ်လိုက်တာလား" ပိုင်ရှိုးမင်က မေးလိုက်၏။
"ဟုတ်တယ်။ ရွှီဇယ်ချန် ကိုယ်တိုင်သတ်လိုက်တာ။ နှလုံးသားကို ဓားနဲ့ထိုးသတ်တာ။ အသက်မရှိတော့မှ ဖျာနဲ့လိပ်ပြီး သင်္ချိုင်းကုန်းမှာ သွားပစ်လိုက်တာ"
ပိုင်ရှိုးမင်သည် သူ လိုချင်သော အဖြေကို ရရှိလိုက်ပြီဖြစ်သဖြင့် ဆက်မမေးနေတော့ဘဲ လူတစ်ယောက်ကို ဆက်လက်မေးမြန်းရန် ခေါ်ထားခဲ့ပြီး မြေအောက်အကျဉ်းထောင်မှ ထွက်ခွာလာခဲ့တော့၏။
မြေအောက် အကျဉ်းထောင်က ထွက်ခွာလာသောအခါ ဖုန်းယန်သည် ရွှီအိမ်တော်ကလူများကို စုံစမ်းမေးမြန်းပြီးပြီ ဖြစ်သဖြင့် သူ့ကို စောင့်ဆိုင်းနေလေသည်။
ဖုန်းယန်သည် ထွက်ဆိုချက် စာရွက်တချို့ကို စားပွဲပေါ်တင်လိုက်ပြီး ပိုင်ရှိုးမင်ကို ပြောလိုက်၏။ "လူကြီးမင်း ရှင်းအန်းရှန့်ကျူရဲ့ အစေခံတွေက ဒီရက်ပိုင်းအတွင်း သူ သွားလာခဲ့တဲ့နေရာတွေနဲ့ နေ့စဉ် လုပ်ဆောင်ချက်တွေ အားလုံးကို အသေးစိတ် ပြောပြထားပါတယ်။ သူတို့ ပြောပြချက် အရဆိုရင် ရှန့်ကျူက ဒီလထဲမှာ ယင်းအန်းဝမ် အိမ်တော်ကို တစ်ခေါက်ပြန်သွားခဲ့ပြီး သရဲပြဇာတ်တစ်ခု နားထောင်ခဲ့တယ်လို့ ပြောပါတယ်"
"ပြီးတော့ အိမ်တော်က အဘွားရွှီကိုက သူ့ကို နှစ်ကြိမ်နှိပ်နယ်ပေးခဲ့တယ်။ နှစ်ကြိမ်လုံး အမွှေးနံ့သာအသစ် တစ်မျိုးကို သုံးခဲ့ပြီး ရှန့်ကျူက အဲဒီအမွှေးနံ့သာကို အရမ်းကြိုက်တယ်လို့ ပြောပါတယ်"
"သရဲပြဇာတ် ဟုတ်လား။ ဘယ်က ပြဇာတ်အဖွဲ့လဲ။ ကပြတဲ့သူက ဘယ်သူလဲ" ပိုင်ရှိုးမင်သည် သူတို့၏အိမ်တွင် ချိတ်ဆွဲထားသော မျက်နှာဖုံးကို ရုတ်တရက် သတိရမိလိုက်ပြီး မေးလိုက်၏။
"ကျောင်းကျိုးကလာတဲ့ ဇာတ်အဖွဲ့ပါ။ ဇာတ်အဖွဲ့ရဲ့ခေါင်းဆောင် မင်းသမီးနာမည်က ယွီအန်းလို့ခေါ်ပါတယ်။ အမျိုးသမီးပါ။ ကြားတာတော့ သူက သရဲပြဇာတ် ကပြတဲ့အခါ တခြားလူတွေလို မျက်နှာဖုံးမတတ်ဘဲ မိရိုးဖလာ သရဲမျက်နှာကို တပ်ဆင်တယ်တဲ့။ အဲဒီသရဲမျက်နှာက မျက်နှာအစစ်နဲ့ မခြားဘူးလို့ ပြောပါတယ်။ ဒါကြောင့် လူကြိုက်များပြီး ယွီသခင်မလို့ ခေါ်ကြတာတဲ့"
" ... ကျောင်းကျိုးက ဇာတ်အဖွဲ့တဲ့လား။ တကယ်ကို တိုက်ဆိုင်လွန်းတာပဲ"
"လူကြီးမင်း ဘာကို တိုက်ဆိုင်တာလဲ" ဖုန်းယန်သည် ပိုင်ရှိုးမင်း၏စကားကို သေသေချာချာ မကြားလိုက်ရသဖြင့် ပြန်မေးလိုက်၏။
"ဘာမှမဟုတ်ပါဘူး။ အဲဒီအဘွားရွှီ အကြောင်း ပြောပြစမ်း" ပိုင်ရှိုးမင်သည် စားပွဲပေါ်က ထွက်ဆိုချက် စာရွက်များကို ကောက်ယူကာ လှန်လှောကြည့်ရှုလိုက်၏။
ဖုန်းယန်က စိတ်ထဲကသံသယကို ဖိနှိပ်ထားပြီး ပြောပြလိုက်လေသည်။ "ကျွန်တော်မျိုးက ဒီအဘွားရွှီကို စုံစမ်းခိုင်းထားပါတယ်။ သူက ရွှီဇယ်ချန်ရဲ့ အမျိုးဝေးတဲ့ ဆွေမျိုးပါ။ ရွှီဇယ်ချန် လက်ထပ်ပြီး မကြာခင်မှာပဲ သူကသားကိုခေါ်ပြီး မြို့တော်ကို လာရောက်မှီခိုခဲ့တာပါ"
"သူကအိမ်တော်မှာ နေရာတော်တော် ရထားပြီး ရှန့်ကျူကလည်း သူ့အပေါ် ကောင်းပါတယ်။ တစ်ခုပဲရှိတာက သူ့သားက အရင်တုန်းက အိမ်တော်က ငွေကြေးတွေကို ခိုးယူခဲ့လို့ အိမ်တော်ကနေ နှင်ထုတ်ခံလိုက်ရဖူးတယ်"
"ကျွန်တော်မျိုး စုံစမ်းမိတာကတော့ သူ့သားက လောင်းကစားရုံမှာ လျန်ငွေ ၅၀၀ အကြွေးတင်နေတယ်။ ပြီးတော့ ရှန့်ကျူရဲ့ ကျောက်စိမ်းပြားကိုလည်း ခိုးပြီးပေါင်နှံခဲ့သေးတယ်။ ဒါပေမဲ့ ကျွန်တော်မျိုး ကျွန်တော်မျိုး လိုက်ရှာတဲ့အခါ လောင်းကစားရုံက လူတွေပြောတာက လူတစ်ယောက်က အကြွေးစာချုပ်ပါ ငွေပမာဏထက် ပိုတဲ့ငွေနဲ့ အကြွေးစာချုပ်ကို လာရွေးသွားတယ်တဲ့။ အဲဒီအပေါင်ဆိုင် ပိုင်ရှင်ကလည်းပဲ အလားတူပဲပြောပါတယ်"
"အဲဒီလူရဲ့ပုံသဏ္ဍာန်ကို သူတို့မှတ်မိသေးလား"
ဖုန်းယန်က အနည်းငယ် စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်လေသည်။ "ဒါကပြဿနာပဲ။ လောင်းကစားရုံက လူတွေပြောတာကတော့ အသက်သုံးဆယ်ဝန်းကျင် အမျိုးသမီး အသံဩတယ် မျက်လုံးသေးတယ်။ နှုတ်ခမ်းထူထူနဲ့ နည်းနည်း ရုပ်ဆိုးတယ်တဲ့။ အပေါင်ဆိုင်ပိုင်ရှင် ပြောတာတော့ အသက်နှစ်ဆယ်ကျော်အမျိုးသမီး မျက်လုံးကြီးတယ်။ ပါးစပ်ကြီးတယ် ရုပ်ချောမောတယ်တဲ့လေ"
ပိုင်ရှိုးမင်က ဒီအချက်ကို မှတ်ချက်မပေးဘဲ ပြောလိုက်လေသည်။ "ဆက်ပြော"
"နောက်ပြီးတော့ ကျွန်တော်မျိုးက အိမ်တော်ကလူတွေရဲ့ ဒီရက်ပိုင်း သွားလာလှုပ်ရှားမှုတွေကို စုံစမ်းကြည့်တော့ လူနှစ်ယောက်ရဲ့ သွားလာလှုပ်ရှားမှုက ထူးခြားနေတာကို တွေ့ရတယ်။ တစ်ယောက်က အဲဒီအဘွားရွှီပဲ။ နောက်တစ်ယောက်ကတော့ ချွေ့ဟုန်လို့ ခေါ်တယ်။ ပင်မအဆောင်က တံမြက်စည်းလှည်းတဲ့ အစေခံမလေးပါ။ ကြားတာကတော့ ရှင်းအန်းရှန့်ကျူကို ပစ်မှားမိဖူးတယ်တဲ့"
"ကျွန်တော်မျိုး အသေးစိတ် မေးကြည့်တော့မှ သိရတာက ဒီချွေ့ဟုန်ကို ရွှီဇယ်ချန်က သဘောကျနေတာ။ ဒါကြောင့် တမင်အပြစ်ရှာပြီး ဒုတိယတန်းစား အစေခံမလေး ဘဝကနေ တံမြက်စည်းလှည်းတဲ့ အစေခံမအဖြစ် အပြစ်ပေးခံလိုက်ရတာ"
"သူတို့ဘယ်သူတွေနဲ့ သွားတွေ့တာလဲ"
"ချွေ့ဟုန်သွားတွေ့တဲ့လူက ရုပ်ရည်သာမှန်ပဲ။ တစ်ဖက်လူရဲ့ ထူးခြားချက်ကို မပြောပြနိုင်ဘူး။ အဲဒီလူကသူ့ကို လျန်ငွေ ၁၀၀ ပေးပြီး အဘွားရွှီရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်ပြီး အချိန်မရွေး သတင်းပို့ခိုင်းထားတာ"
"အဘွားရွှီကရော"
"အဘွားရွှီပြောတာကတော့ သူသွားတွေ့တဲ့သူက အိမ်ကြီးအိမ်ကောင်းက အစေခံမလေးတစ်ယောက်တဲ့ ရှင်းအန်းရှန့်ကျူနဲ့ ရန်ငြိုးရှိတဲ့ ဖူနဉ်မင်းသမီးရဲ့အစေခံဖြစ်မယ်လို့ သူ သံသယရှိတယ်။ သူပြောပြတဲ့ ပုံစံအရတော့ အဲဒီလူက မိုးမခသဏ္ဍာန်မျက်ခုံး ဇာမနီမျက်လုံး ဘဲဥပုံမျက်နှာနဲ့ ရုပ်ရည်ချောမောတဲ့ အမျိုးသမီးတစ်ယောက်တဲ့"
"တစ်ဖက်လူက အဘွားရွှီရဲ့သား လောင်းစားရုံမှာ အကြွေးတင်နေတဲ့ စာချုပ်ရယ် သူသား ရှင်းအန်းရှန့်ကျူရဲ့ ကျောက်စိမ်းပြားကို ခိုးယူတဲ့ကိစ္စရယ်နဲ့ ခြိမ်းခြောက်ပြီး အမွှေးနံသာမှုန့် သုံးပုလင်းကို ရှင်းအန်းရှန့်ကျူဆီမှာ သုံးခိုင်းခဲ့တယ်။ တစ်ဖက်လူက အထူးတလည် မှာကြားလိုက်သေးတယ်။ နောက်ဆုံး အမွှေးနံ့သာမှုန့် တစ်ပုလင်းကိုတော့ နန်းတော်ထဲမဝင်ခင် သုံးရမယ်။ ဒါကြောင့်သူကအမွှေးနံ့သာမှုန့်ကို ရှင်းအန်းရှန့်ကျူရဲ့ လက်ကိုင်မီးဖိုထဲ ထည့်ပေးလိုက်တာတဲ့"
"သူကအဲဒါ ဘာအမွှေးနံ့သာမှုန့်လဲလို့ မမေးဘူးလား"
"သူက မေးပါတယ်။ တစ်ဖက်လူပြောတာကတော့ ဒီအမွှေးနံ့သာမှုန့်က လူကို မျက်နှာပေါ်မှာ ယားယံစေတယ်။ အဖုအပိန့်တွေ ထွက်စေတယ်တဲ့။ ဒီတော့သူတို့သခင်မက ရှင်းအန်းရှန့်ကျူကို အရှင်မင်းကြီးရဲ့ မွေးနေ့ပွဲမှာ အရှက်ကွဲစေချင်တာလို့လည်း ပြောတယ်။ အဘွားရွှီက အမွှေးနံ့သာဆိုင်က လူတွေကိုမေးမြန်းခဲ့ဖူးတယ်။ အမွှေးနံ့သာမှုန့်က အဆိပ်မရှိဘူးတဲ့။ သူက အမွှေးနံ့သာမှုန့် အနည်းငယ် ယူပြီး အိမ်တော်က အစေခံမလေးတွေ အပေါ်လည်းစမ်းသပ် ကြည့်ခဲ့သေးတယ်။ ဘာမှထူးခြားမှု မရှိဘူးတဲ့"
ပိုင်ရှိုးမင်ကတော့ ရယ်မောမိတော့သည်။
"ဒီအမွှေးနံ့သာမှုန့် လုပ်တဲ့သူက တကယ်ကို လက်ရာမြောက်တာပဲ"
ဖုန်းယန်သည် သူ့အထက်လူကြီးက တကယ်ချီးကျူးနေသည် များလား။ သို့မဟုတ် ထေ့ငေါ့ပြော နေသည်လားကိုတော့ ချက်ချင်းမသိနိုင် ဖြစ်နေတော့၏။
"ဒါနဲ့ အဘွားရွှီက ပြောသေးတယ်။ သူဒီနေ့မနက်ပဲ သူ့ကိုအမွှေးနံ့သာမှုန့် ပေးခဲ့တဲ့သူကို တွေ့ခဲ့သေးတယ်တဲ့"
"သူတို့ဘာပြောကြလဲ"
"အဲဒီလူက ရုတ်တရက်ပဲ အဘွားရွှီကို ရှင်းအန်းရှန့်ကျူရဲ့ ကလေးနှစ်ယောက်အကြောင်း ပြောလာတယ်။ ပြီးတော့ ရှန့်ကျုရဲ့သားက သေပြီလားလို့ ရုတ်တရက် မေးလာတယ်။ အဘွားရွှီက အဲဒီတုန်းက လန့်သွားပြီး နင် ဘယ်လိုသိတာလဲလို့ ပြန်မေးလိုက်တော့ တစ်ဖက်လူက ထွက်သွားခဲ့တယ်တဲ့"
ဖုန်းယန်သည် အစီရင်ခံပြီးနောက် အနည်းငယ် နားမလည်နိုင်အောင် ဖြစ်သွားတော့သည်။
"လူကြီးမင်း ကျွန်တော်မျိုးက ပန်းချီဆရာကို ပုံဆွဲခိုင်းထားပါတယ်။ ဒါပေမဲ့ သူတို့ပြောတဲ့အမျိုးသမီး လေးယောက်က တစ်ယောက်နဲ့တစ်ယောက် ရုပ်ရည်မတူညီကြဘူး။ အရပ်အမောင်းနဲ့ ကိုယ်လုံးကိုယ်ပေါက် သိပ်မကွာခြားပေမယ့် သာမာန်ပါပဲ။ ကျန်တဲ့သဲလွန်စတွေလည်း မရှိတော့ဘူး။ အချိန်တို့အတွင်း လူကိုရှာတွေ့ဖို့ ခက်ခဲပါလိမ့်မယ်"
ပိုင်ရှိုးမင်သည် ဖတ်ပြီးသွားသည့် ထွက်ဆိုချက်စာရွက်ကို ချထားလိုက်၏။ ထွက်ဆိုချက်များက ဖုန်းယန်ပြောသည်နှင့် သိပ်မကွာခြားလှချေ။
လူလေးယောက်လို့ ပြောတာထက် လူတစ်ယောက်က မတူညီတဲ့ မျက်နှာလေးခု ပိုင်ဆိုင်ထားတယ်လို့ ပြောတာက ပိုမှန်လိမ့်မယ်။
ဒီလူက အရှင်မင်းကြီးရဲ့ မွေးနေ့ပွဲမှာ တမင်တကာ ရွေးချယ်ပြီး လှုပ်ရှားခဲ့တာ။ လုပ်ရပ်တွေကတော့ ကလဲ့စားချေချင်တဲ့သဘော ပြည့်နှက်နေတယ်။
ဒီလိုရှုပ်ထွေးပြီး အန္တရာယ်များတဲ့ နည်းလမ်းကိုရွေးချယ်ပြီး ရှင်းအန်းအတုကို ဖော်ထုတ်ခဲ့တာ။ သေချာပေါက် ရှင်းအန်းအတုရဲ့ မျက်နှာနဲ့ အကြီးအကျယ် ပတ်သက်ဆက်နွယ်နေတဲ့ သူပဲ ဖြစ်ရမယ်။
အဲဒီလူက ရှင်းအန်းရှန့်ကျူရဲ့ စောစောက ပျောက်သွားခဲ့တဲ့ကလေးရဲ့ အသက်အန္တရာယ်ကိုလည်း စိတ်ပူနေသေးတယ်။ ရှင်းအန်းရှန့်ကျူ အစစ်ကလည်း တခြားဘယ်သူမှ မဖြစ်နိုင်တော့ဘူး။ ပိုင်ရှိုးမင်က ထိုသို့တွေးမိလိုက်လေသည်။
သေသင့်တဲ့ လူတစ်ယောက်က ဘယ်လိုလုပ်ပြီး အသက်ရှင်နေတာလဲ။ ဘာဖြစ်လို့ ဒီလောက်နှစ်တွေကြာပြီးမှ ကလဲ့စားလာချေချင်ရတာလဲ။
ဒီအမှန်တရားကို တစ်ဖက်လူကို ရှာတွေ့မှပဲ သိနိုင်တော့မယ်။
မဟုတ်ဘူး ...
ရှင်းအန်းရှန့်ကျူ အစစ်အပြင် နောက်ထပ်လူတစ်ယောက်လည်း သိသင့်သေးတယ်။ ကြံရာပါလို့တောင် ခေါ်သင့်တဲ့ လူတစ်ယောက်ပေါ့။
"လူကြီးမင်း" ပိုင်ရှိုးမင်သည် တောက်လျှောက် တိတ်ဆိတ်နေသည်ကို မြင်သောအခါ ဖုန်းယန်ကလည်း မဝံ့မရဲဖြင့် မေးလိုက်၏။ "အဲဒီသရဲပြဇာတ် ဇာတ်အဖွဲ့ကိုသွားစုံစမ်း ဇာတ်အဖွဲ့ထဲက လူတိုင်းရဲ့ နောက်ကြောင်းကို ရှင်းရှင်းလင်းလင်း စုံစမ်းရမယ်။ အထူးသဖြင့် အဲဒီယွီသခင်မကိုပဲ ပြီးတော့သူတို့ရဲ့ မျက်နှာတွေကို သေချာစစ်ဆေး မျက်နှာတိုင်းက အစစ်ဖြစ်ကြောင်း သေချာအောင်လုပ်"
ဖုန်းယန်၏ မျက်လုံးအိမ်များက ကျဉ်းမြောင်းသွားတော့သည်။ "ကျွန်တော်မျိုး နားလည်ပါပြီ"
သူသည် ထွက်ခွာရန် ပြင်လိုက်ချိန်မှာပင် ပိုင်ရှိုးမင်းက မတ်တပ်ထရပ်လိုက်ပြီး အပြင်သွားရန် ပြင်နေသည်ကို တွေ့လိုက်ရသဖြင့် မနေနိုင်ဘဲ မေးလိုက်တော့၏။ "လူကြီးမင်း အပြင်ထွက်မလို့လား"
"အင်း" ပိုင်ရှိုးမင်ကတော့ သူ့ဘေးမှ ဖြတ်သွားလေ၏။
သူက အဲဒီမုသားစကားတွေ ပြည့်နှက်နေတဲ့ လူလိမ်လေးကို သွားတွေ့မလို့ပါ။
...