← Chapters

ရှင်က လာဘ်ပေးလာဘ်ယူ လက်ခံတော့မှာလား ပိုင်လူကြီးမင်း...

Vol. 13 Ch. 128

ရှင်က လာဘ်ပေးလာဘ်ယူ လက်ခံတော့မှာလား ပိုင်လူကြီးမင်း...

Vol. 13 Ch. 128

ပိုင်ရှိုးမင်သည် ချန်းဖိင်ဖန်း ရပ်ကွက်သို့ ရောက်လာသောအခါ နှင်းများက ရပ်တန့်သွားပြီဖြစ်၏။

အမွှေးနံ့သာဆိုင် တံခါးဝရှိ နှင်းများကို အနည်းငယ် ရှင်းလင်းထား သော်ငြားလည်း ပါးလွှာသော နှင်းလွှာတစ်ထပ် ကျန်နေသေးလေသည်။ မြေပြင်ပေါ်တွင် ရှုပ်ထွေးနေသော ခြေရာများနှင့် မြင်းလှည်းဘီးရာများကို ဝိုးတဝါး မြင်တွေ့နေရသည်။

သူ့အကြည့်သည် ထိုအရာများအပေါ် ဖြတ်ကျော်သွားပြီး ဆိုင်တံခါးကို တွန်းဖွင့်ကာ အတွင်းသို့ ဝင်ရောက်သွားခဲ့သည်။

တံခါးဖွင့်လိုက်သည်နှင့် ပိုင်ရှိုးမင်သည် နွေးထွေးမှု တစ်စွန်းတစကို ခံစားလိုက်ရ၏။ သူ လှည့်ကြည့်လိုက်သောအခါ အားချန်သည် ကုလားထိုင်ပေါ်တွင် ထိုင်ကာငိုက်မြည်းနေသည်ကို တွေ့လိုက်ရလေသည်။ ဘေးတွင်တော့ အပူပေးမီးဖို တစ်လုံးချထားပြီး သူမ၏ရင်ခွင်ထဲတွင် လက်ကိုင်မီးဖိုလေးတစ်ခုကို ပိုက်ထားကာ မက်မွန်ပွင့်ရနံ သင်းသင်းလေး ထွက်ပေါ်နေသည်။

ပိုင်ရှိုးမင် ဝင်ရောက်လာသည်ကို သူမ သတိမထားမိလိုက်ချေ။

သူသည် အားချန်ကို မနိုးဘဲ သူမဘေးက ကုလားထိုင်တွင် ဝင်ထိုင်လိုက်၏။ ရေတစ်ခွက် ငှဲ့သောက်ပြီးနောက် ပန်းကန်ပြားထဲတွင် ထည့်ထားသည့် သစ်အယ်သီးများကို တစ်လုံးချင်း ခွာစားနေလိုက်သည်။

အားချန်မှာ တကျွတ်ကျွတ် မြည်သံကြောင့် နိုးလာခဲ့တော့သည်။ သူမသည် ရင်ခွင်ထဲက လက်ကိုင်မီးဖိုကို ပြန်လည်ပိုက်ထားလိုက်ပြီး ဘေးသို့လှည့်ကြည့်လိုက်ရာ လူတစ်ယောက် ထိုင်နေသည်ကို တွေ့လိုက်ရသဖြင့် လန့်ဖျန့်သွားပြီး အိပ်ချင်စိတ်များပင် ပျောက်သွားတော့၏။

သေချာကြည့်လိုက်မှ ပိုင်ရှိုးမင် ဖြစ်နေသည်ကို တွေ့လိုက်ရလေသည်။

"ရှင် ဘယ်လို ရောက်လာတာလဲ" နှလုံးခုန်သံများ ပုံမှန်ပြန်ဖြစ်သွားပြီနောက် အားချန်သည် သမ်းဝေကာ ပျင်းရိလေးတွဲစွာဖြင့် မေးလိုက်တော့သည်။

"ငါဘာလို့ လာလို့မရရမှာလဲ"

"ဒီနေ့ အရှင်မင်းကြီးရဲ့ မွေးနေ့ပွဲရှိတယ်လေ ..." အားချန်၏ စကားမဆုံးသေးခင်မှာပင် သူ၏ ပြုံးသယောင်ယောင် အကြည့်ကြောင့် စကားလုံးများ ရပ်တန့်သွားတော့သည်။

ပိုင်ရှိုးမင်က အခွံခွာပြီးသား သစ်အယ်သီးအဆံကို ပန်းကန်ပြားထဲ ပြန်ထည့်လိုက်ပြီး သူမ၏လက်နားသို့ တွန်းပို့ပေးလိုက်၏။ “ဒီနေ့ မွေးနေ့ပွဲရှိမှန်း မင်းလည်း သိသားပဲ"

အားချန်က မျက်တောင်လေး ခတ်ပြလိုက်ကာ "ဒါက လျို့ဝှက်ချက်မှ မဟုတ်တာ။ တစ်လမ်းလုံးကလူတွေ သိနေကြတာပဲ"

ပိုင်ရှိုးမင်က ဖြည်းညှင်းစွာ ပြောလိုက်၏။ "ဒါပေမဲ့ တစ်လမ်းလုံးမှာ မင်းတစ်ယောက်တည်းပဲ မွေးနေ့ပွဲမှာ ဘာဖြစ်ခဲ့တယ်ဆိုတာကို သိနေတယ်မဟုတ်လား"

ဘယ်ဟုတ်မလဲ။ ဟွေ့ညန်လည်း သိတာပဲလေ။ အားချန်က စိတ်ထဲတွင် တီးတိုးရေရွတ်လိုက်ပြီး အံ့အားသင့်သွားဟန် ဆောင်လိုက်လေသည်။ "ဟင် မွေးနေ့ပွဲမှာ တစ်ခုခုဖြစ်လို့လား"

ပိုင်ရှိုးမင်က စကားမပြောဘဲ သူမကို စိုက်ကြည့်လို့နေ၏။

သူ့မျက်လုံးအိမ်များသည် နက်ရှိုင်းနေပြီး အမှန်တရားကို သိချင်စိတ်ထက် ပူလောင်စေသော အဓိပ္ပာယ်များ ပါဝင်နေတော့သည်။

အားချန်၏ လက်ချောင်းများသည် လက်ကိုင်မီးဖိုပေါ်တွင် မငြိမ်မသက် ကုတ်ခြစ်နေမိပြီး ရင်ခုန်သံများအနည်းငယ် မြန်ဆန်လာသည်ကို ခံစားလိုက်ရ၏။

"မွေးနေ့ပွဲမှာ ရှင်းအန်းရှန့်ကျူရဲ့ မျက်နှာက ရုတ်တရက် ကွာကျသွားတယ်" ပိုင်ရှိုးမင်က ပြောလိုက်သည်။

သူ့အကြည့်ကို မရုပ်သိမ်းသေးသဖြင့် အားချန်မှာ သူများစိုက်ကြည့်ခံ နေရခြင်းကြောင့် ပထမဦးဆုံးအကြိမ် အနေခက်သွားလေတော့၏။ သူမက ဒီအချိန်တွင် အံ့အားသင့်ရမည့်ဟန်ပန် ပြသင့်သော်ငြားလည်း အချိန်မီ မတုံ့ပြန်နိုင်ခဲ့ချေ။

သူမက မျက်နှာမပျက်ရန် အကြည့်လွှဲထားလိုက်ပြီး သူ့ကိုမကြည့်တော့ဘဲ ဘာမှမဖြစ်သလို ဟန်ဆောင်ကာပြောလိုက်၏။ "ကောင်းကောင်းမွန်မွန် နေနေတဲ့သူက ဘယ်လိုလုပ်ပြီး မျက်နှာကွာကျသွားမှာလဲ"

"ဖြစ်နိုင်တာကတော့ ... တစ်ယောက်ယောက်က ထူးဆန်းတဲ့ အမွှေးနံ့သာမှုန့်တစ်မျိုးကို သုံးပြီး သူ့မျက်နှာကို ကွာကျသွားအောင် လုပ်လိုက်တာဖြစ်မယ်"

"ဘာအမွှေးနံ့သာမှုန့်က အဲ့လောက် စွမ်းရတာလဲ"

"ငါလည်း သိချင်နေတာ။ ဒါကြောင့် အထူးတလည် လာပြီးတော့ အကြံဉာဏ်တောင်းတာ"

အားချန်သည် ချက်ချင်း ခေါင်းပြန်လှည့်လာပြီး မတရားစွပ်စွဲခံရသလို ဟန်ပန်ဖြင့်ပြောလိုက်တော့သည်။ "ရှင် အလကားသက်သက် လူကို လာမစွပ်စွဲနဲ့နော်။ ကျွန်မအမြဲတမ်း အေးအေးဆေးဆေး နေတတ်တဲ့လူ။ မကောင်းမှု ဘယ်တော့မှ မလုပ်ဘူး"

ထိုနောက်ပိုင်ရှိုးမင် ရယ်မောလိုက်သည်ကို သူမက တွေ့လိုက်ရလေသည်။

ဟန်ဆောင်ရယ်မောခြင်း မဟုတ်ဘဲ သူမ၏စကားကြောင့် ရိုးရိုးသားသား ရယ်မောလိုက်ခြင်း ဖြစ်ပုံရသည်။

"တကယ်ပဲ ငါ့ကိုမသင်ပေးချင်ဘူးလား" သူ့စကားလုံးများထဲတွင် ယခင်ကလို ကြမ်းတမ်းမေးမြန်းခြင်းများ မပါဝင်ဘဲ တဲ့တိုးမေးမြန်းနေပြီး သူမ၏တုံ့ပြန်မှုကို စောင့်ဆိုင်းလို့နေ၏။

အားချန်၏ မျက်ဝန်းထဲတွင်တော့ တွန့်ဆုတ်နေမှုများ ပါဝင်လို့နေသည်။ သူမသည် ပိုင်ရှိုးမင်၏ အာရုံခံစားနိုင်စွမ်းကို ဘယ်တော့မှ သံသယမဝင်ခဲ့ချေ။ သူမလုပ်ခဲ့သော ကိစ္စများကို သူသည် အစောကြီးကတည်းက သိရှိပြီးသားဖြစ်သော်ငြား သက်သေ အထောက်အထား မရှိခဲ့ခြင်းသာ ဖြစ်လေသည်။

ဒီလိုပြောတာက သိပ်မမှန်သေးဘူး။ ပိုပြီးတော့မှန်ကန်အောင် ပြောရမယ်ဆိုရင် သူက အဆုံးအထိ လိုက်ပြီးစုံစမ်းဖော်ထုတ်ဖို့ စိတ်ကူးမရှိခဲ့တာ။

သူမအပေါ် ပိုင်ရှိုးမင် တစ်ခုတည်းသော အလေးအနက် စုံစမ်းခဲ့ဖူးတာက သူမရဲ့ ခန္ဓာကိုယ် အပိုင်စီးခံထားရတာ ဟုတ် မဟုတ်ဆိုတာပဲ။

သူ့ရဲ့သံသယကလည်း မှန်ကန်နေခဲ့တယ်။ ဒါပေမဲ့ သူ သုံးခဲ့တဲ့ နည်းလမ်းတွေအားလုံးက သူမရဲ့အထောက်အထားကို စစ်ဆေးဖို့အတွက်ပဲ ဖြစ်နေတာ။ ဒီကိစ္စတစ်ခုတည်းကသာ သူ့ရဲ့တကယ် နောက်ဆုံးသည်းခံနိုင်စွမ်း ဖြစ်လိမ့်မယ်။

ကျန်တဲ့ကိစ္စတွေမှာတော့ သူ့ရဲ့သည်းခံနိုင်စွမ်းက တော်တော်လေး ကောင်းမွန်ပါတယ်။ ဒါတင်မကသေးဘူး သူက ချော့ရလည်း လွယ်သေးတယ်။

အားချန်သည် ထိုအချက်ကို သိလို့ပင် သူ၏နောက်ဆုံး သည်းခံနိုင်စွမ်းနားသို့ လျှောက်သွားပြီး စမ်းသပ်ခဲ့ခြင်းဖြစ်၏။

အရင်တုန်းက သူတို့တွေက တစ်ယောက်ရဲ့ စိတ်ရင်းအမှန်ကို တစ်ယောက်က သိနေကြတဲ့ အသိမိတ်ဆွေ အဆင့်ပဲရှိသေးတာ။ အခုတော့ သူတို့ရဲ့ဆက်ဆံရေးက မိတ်ဆွေထက် ပိုသင့်ပြီးမဟုတ်လား။

ငါ သူ့ကို နည်းနည်းလောက် ယုံကြည်လိုက်ရင် ကောင်းမလား။

အားချန်၏ မျက်နှာပေါ်တွင် တွန့်ဆုတ်နေလိုက် လေးနက်သွားလိုက် ဖြစ်နေသော အမူအရာများကို မြင်လိုက်သောအခါ ပိုင်ရှိုးမင်သည် စိတ်ဝင်စားဖွယ် ကောင်းသည်ဟု ထင်မှတ်ကာ မေးလိုက်၏။ "ဒီလောက်တောင် ခက်ခဲနေတာလား"

"ကျွန်မက ရှင့်ရဲ့အသက်သခင် ကျေးဇူးရှင်နော်" သူမက ရုတ်တရက် ပြောလိုက်သည်။

ပိုင်ရှိုးမင်မှာ ခဏလောက် ကြောင်အမ်းအမ်း ဖြစ်သွားပြီးမှ ခေါင်းငြိမ့်ပြလိုက်၏။ "ဟုတ်တာပေါ့"

"ပုံမှန်အတိုင်းဆိုရင် ကျွန်မက ရှင့်ကို ကိုယ်ခန္ဓာနဲ့ ပြန်ပေးဆပ်ခိုင်းရင်တောင် ရှင် ငြင်းလို့မရဘူး" အားချန်၏ မျက်နှာအမူအရာက ပိုပြီးလေးနက်လာခဲ့၏။

ပိုင်ရှိုးမင်က မျက်ခုံးပင့်လိုက်ပြီး မငြင်းဆန်ခဲ့ချေ။

"တကယ်လို့ ရှင်သာ ရုတ်တရက် မျက်နှာပြောင်းသွားခဲ့မယ်ဆိုရင် ..."

သူမက စကားပလ္လင်ခံနေသည်မှာ ကြာမြင့်နေပြီဖြစ်ပြီး ယခုမှ အဓိကအချက်ကို ပြောလာသည်ကို မြင်လိုက်သောအခါ ပိုင်ရှိုးမင်မှာ မနေနိုင်ဘဲ ပြုံးမိလေတော့သည်။ "မလုပ်ရဲပါဘူး"

"တကယ်လား" ထိုမက်မွန်ပွင့်သဏ္ဍာန် မျက်လုံးများထဲတွင် သံသယများ ပြည့်နှက်နေ၏။

"မင်းက ဘာအာမခံချက် လိုချင်လို့လဲ" ပိုင်ရှိုးမင်က ပြောလိုက်၏။ "ဒါမှမဟုတ် ငါက အရင်ဆုံး ကိုယ်ခန္ဓာနဲ့ ပေးဆပ်လိုက်ရမလား။ ပြီးမှ မင်းက ပြောမှာလား"

"မဖြစ်နိုင်တာတွေ မတွေးပါနဲ့"

အားချန်သည် သူ့ကို မျက်စောင်းထိုးပြလိုက်ပြီး လက်ညှိုးကိုကွေးကာ လှမ်းခေါ်လိုက်လေသည်။

ပိုင်ရှိုးမင်က ကိုယ်ကို ရှေ့သို့ ကိုင်းလိုက်ရာ အားချန်က ပြောလာသည်ကို ကြားလိုက်ရ၏။ "ဟေးဟော်ရှီကျောက်ကို အမှုန့်ကြိတ်ပြီး မီးဖုတ် ပြီးတော့ ငါးမန်းဆီထဲမှာ စိမ်ပြီး ပြုပြင်ပြီးရင် ရှာထန်သစ်ပင်အရည် နည်းနည်းထည့်လိုက်ရင် အလောင်းကောင်တွေကို လေသလပ်ပြီး ခြောက်သွေ့သွားအောင် လုပ်လို့ရပြီ"

သူ လှည့်ကြည့်လာသည်ကို မြင်လိုက်ရသောအခါ အားချန်သည် ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်၏။ "ဒါပေါ့။ မျက်နှာအရေပြားကို လေသလပ်ပြီး ခြောက်သွေ့အောင် လုပ်တဲ့နေရာမှာလည်း သုံးလို့ရတာပေါ့။ အာနိသင်က အရမ်းကောင်းတယ်"

သူမက ထုတ်ပြောလိုက်ပြီ ဖြစ်သဖြင့် ပိုလို့ပင် ယုတ္တိရှိရှိ ပြောဆိုလာခဲ့၏။ "ပြီးခဲ့တဲ့တခေါက် ရှင်လာတုန်းက ကျွန်မ ရှင့်ကို သင်ပေးမယ်လို့ ပြောပြီးသားပဲလေ။ ရှင်က မှမသင်ချင်တာကိုး"

ပိုင်ရှိုးမင်က ပြန်စဉ်းစားကြည့်လိုက်၏။ သူမ တကယ်ပဲပြောခဲ့ဖူးသည်ပဲ။

အားချန်၏ရှေ့တွင် သူ့အမှားကို ဝန်ခံတက်သော သဘောထားသည် အမြဲတမ်း ကောင်းမွန်လေသည်။ "တကယ်ပဲ ငါ့အမှားပါ"

"သိရင်ပြီးတာပဲ"

"ဘာဖြစ်လို့ ဒီကိစ္စထဲ ဝင်ပါရတာလဲ။ အဲဒီရှန့်ကျူအတုက မင်းကို ပစ်မှားဖူးလို့လား" ဒါက ပိုင်ရှိုးမင် စဉ်းစားမိသမျှ အဖြစ်နိုင်ဆုံး အကြောင်းပြချက်ပင်။

"မရှိပါဘူး။ ကျွန်မက မတရားတာတွေ့ရင် မနေနိုင်လို့ ဝင်ပါတာပါ"

"တကယ်လား" သူကတော့ သိပ်မယုံပေ။

"တကယ်ပေါ့" အားချန်သည် ရှင် ဘယ်လိုလုပ်ပြီး ကျွန်မကို သံသယဝင်နေရတာလဲ ဟူသည့် မျက်နှာထားဖြင့် ပြောလိုက်လေသည်။

"ဒါဆို မင်းက ဘယ်လမ်းမှာ မတရားတာ တွေ့ခဲ့တာလဲ။ ငါတို့ ကျောင်းကျိုးကနေ ရှန့်ကျင်းကို ပြန်လာတဲ့လမ်းမှာလား"

ဒီလူတကယ်ကို အာရုံခံနိုင်စွမ်း ကောင်းလွန်းတာပဲ။ အားချန်သည် သူ့ကို မပြောပြဘဲ စိတ်ဝင်တစားဖြင့် ပြန်မေးလိုက်တော့သည်။ "ရှင်ဘာတွေ စုံစမ်းသိထားပြီးပြီလဲ"

"သရဲပြဇာတ် ဇာတ်ဖွဲ့အကြောင်း စုံစမ်းထားမိတယ်"

ပိုင်ရှိုးမင်ကလည်း ဖုံးကွယ်မထားချေ။ "ကြားရတာတော့ သရဲပြဇာတ် ဇာတ်အဖွဲ့ထဲမှာ ယွီသခင်မဆိုတဲ့သူ ရှိတယ်တဲ့။ သရဲပြဇာတ်က ပြတဲ့အခါ မျက်နှာဖုံးမတပ်ဘဲ မိရိုးဖလာ သရဲမျက်နှာကို တပ်ဆင်တယ်။ သရဲမျက်နှာက မျက်နှာပေါ်မှာ အသားကျနေသလိုပဲ။ အရမ်းထူးဆန်းတယ်။ ငါ မှတ်မိသလောက်တော့ မင်း ကျောင်းကျိုးမှာတုန်းက သရဲပြဇာတ်ကို နားထောင်ဖူးတယ်။ အရမ်းကြိုက်တယ်လို့ ထင်ရတာပဲ"

"ရှင် အမှုစစ်ဆေးတာလည်း အရမ်းကို ပေါ့တန်လွန်းတာပဲ။ ကျွန်မက တစ်ဖက်လူနဲ့ အဆက်အဆံရှိနိုင်တယ်ဆိုတဲ့ အချက်လေးတစ်ခုတည်းနဲ့ ရှင်က လူကို သံသယဝင်တော့တာပဲလား။ သက်သေ အထောက်အထားကရော"

"မင်ကျင့်စီးက အမှုစစ်ရင် သက်သေအထောက်အထား မလိုလည်း ရတယ်"

"တော်တော်လေးကို အရာရှိအတုအယောင်ပဲ"

"ဒါဆို ငါ စစ်ဆေးတာ မှန်သွားပြီပေါ့" ပိုင်ရှိုးမင်သည် သူမ၏ လှည့်စားမှုကို လုံးဝမခံခဲ့ရချေ။

အားချန်ကလည်း မငြင်းဆိုင်ခဲ့ပေ။ "ရှင် တကယ်ပဲ ဒီလိုအချက်လေး တစ်ချက်တည်းနဲ့ သူ့ကို သံသယ ဝင်လိုက်တာလား"

"အကြောင်းပြချက်တစ်ခုပါပဲ။ သူ့ဆီမှာ သံသယဝင်စရာ အချက်တွေရှိနေရင် သံသယဝင်သင့်တာပေါ့"

အားချန်က နှုတ်ခမ်းကို မဲ့ထား လိုက်တော့သည်။ တော်သေးတာပေါ့။ ငါ ကြိုတင်ပြင်ဆင်မှု ရှိထားလို့ပဲ။

သူမသည် ဘေးနားက ပန်းကန်ပြားထဲက သစ်အယ်သီးအဆံ တချို့ကိုကောက်ယူလိုက်ပြီး ပါးစပ်ထဲထည့်ကာ ဝါးလိုက်တော့သည်။ မွှေးလိုက်တာ။

"ဒါဆို ရှင် ဘာကို သံသယဝင် နေသေးတာလဲ" သူမက မေးလိုက်၏။

ပိုင်ရှိုးမင်က သူမ၏လက်ထဲက သစ်အယ်သီး အဆံတစ်လုံးကို လုယူလိုက်ကာ ပြောလိုက်လေသည်။ "ငါ သံသယဝင်တာက ဖုန်းယန်အနေနဲ့ သရဲဇာတ်အဖွဲ့မှာ သူ့ကိုတွေ့နိုင်မှာ မဟုတ်ဘူးလေ။ ဟုတ်တယ်မလား"

"ကျွန်မက ဘယ်လိုလုပ်ပြီး သိမှာလဲ။ သူ့ခြေထောက်က ကျွန်မကိုယ်ပေါ်မှာ ပေါက်နေတာမှ မဟုတ်တာ"

အားချန်သည် အမှန်တရားကို ပိုင်ရှိုးမင်အား ပြောပြခဲ့သော်ငြားလည်း ယွီသခင်မကြီး၏ သွားလာလှုပ်ရှား မှုများကိုတော့ လုံးဝထုတ်ပြောမည် မဟုတ်ပေ။

ပိုင်ရှိုးမင်က သူမအတွက် ရေတစ်ခွက်ငှဲ့ပေးလိုက်ပြီး တည်တည်ငြိမ်ငြိမ် လေသံဖြင့် ပြောလိုက်လေသည်။ "ဒီနေ့ နှင်းတွေ အများကြီးကျနေတယ်။ ချန်ဟွေ့က ဆိုင်မှာမရှိဘူး။ မြင်းလှည်းမောင်းပြီး ထွက်သွားတာ။ မြို့ပြင်ကို ထွက်သွားတာလား"

"နှစ်ကုန်ခါနီးပြီလေ။ ခြံထဲမှာ ကြက်တွေ သိုးတွေ သတ်နေကြပြီ။ ဟွေ့ညန်က အသားသွားယူတာ"

ပိုင်ရှိုးမင်က မှတ်ချက်မပေးဘဲ ထပ်ပြောလိုက်လေသည်။ "ဒီနေ့က အရှင်မင်းကြီးရဲ့ မွေးနေ့ပွဲ။ မွေးနေ့ပွဲမှာ ဒီလိုကိစ္စမျိုး ဖြစ်သွားခဲ့တာ။ မင်ကျင့်စီးက သေချာပေါက် ဝင်ရောက်စွက်ဖက်ပြီး စုံစမ်းစစ်ဆေးရတော့မှာပေါ့။ တကယ်လို့ သူက တခြားလူတွေကို မပတ်သက်စေချင်ဘူးဆိုရင် အမြန်ဆုံးနှုန်းနဲ့ ရှန့်ကျင်းကနေ ထွက်ခွာသွားတာ အကြံကောင်းတခုပဲ"

အားချန်သည် အမူအရာမပျက်ဘဲ သူ ဆက်ပြောလာသည်ကို နားထောင်နေလိုက်၏။

"မင်းက သူ့ကို ကူညီပြီး ကလဲ့စားချေပေးခဲ့တာ။ သူ့စိတ်ထဲမှာ မင်းကို သေချာပေါက် ကျေးဇူးတင်ပါပဲ။ မထွက်ခွာခင် အနည်းဆုံးတော့ မင်းကို လာနှုတ်ဆက်သင့်တယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ မြင်းလှည်းတစီးက မြို့ပြင်ထွက်ဖို့ ပြင်နေတယ်။ ဒါမှမဟုတ် သူက ထွက်သွားချင်လို့ အဲဒီမြင်းလှည်းက မြို့ပြင်ထွက်ဖို့ ပြင်ဆင်လိုက်တာများလား" သူသည် အားချန်ကို ကြည့်လိုက်၏။ "ငါ ပြောတာမှန်ရဲ့လား"

အားချန်ကတော့ သူ့ကိုပြန်မဖြေဘဲ ပြောလိုက်သည်။ "ရှင် ဘာဖြစ်လို့ သူ့ရဲ့သွားလာလှုပ်ရှားမှုတွေကို မဖြစ်မနေ သိချင်နေရတာလဲ။ တစ်ဖက်လူက ရှင် ရှာတွေ့မှာကို မလိုချင်တာလဲ ဖြစ်နိုင်တာပဲ။ ပြောရရင် သူကမှ နစ်နာသူလေ။ ရှင်က သူ့ကို ဒုက္ခပေးတဲ့သူကို စုံစမ်းရမှာ မဟုတ်ဘူးလား"

"အရှင်ဆိုရင် လူကို တွေ့ရမယ်။ အ‌သေဆိုရင် အလောင်းကို တွေ့ရမယ်။ အရှင်မင်းကြီးကို ရှင်းပြဖို့လိုအပ်သေးတယ်။ ငါက သူ အသက်ရှင် နေသေးတယ်ဆိုတာကို စုံစမ်းသိရှိထားမှတော့ အရှင်မင်းကြီးကို လိမ်လို့မရတော့ဘူးလေ"

အားချန်က လက်ကိုင်မီးဖိုကို စားပွဲပေါ်တင်လိုက်ပြီး မတ်တပ်ထရပ်ကာ ပိုင်ရှိုးမင်၏ကျောဘက်သို့ ပေါ့ပါးစွာ လှည့်ပတ်သွားလိုက်လေသည်။ မက်မွန်ပွင့်ရနံ့ သင်းသင်းလေး ရလိုက်သဖြင့် ပိုင်ရှိုးမင်သည် မျက်လွှာချထားလိုက်၏။ နူးညံ့သောလက်တစ်စုံက သူ့ပခုံးပေါ်တွင် ဖိနှိပ်ပေးလို့နေသည်။

အချိန်တော်တော်ကြာမှ သူသည်သတိပြုမိလိုက်တော့၏။ ဒါက သူ့ကို ပခုံးနှိပ်နယ်ပေးနေတာပဲ။ အားက သေးငယ်လွန်းပေမယ့်လည်း စေတနာကတော့ တကယ်ရောက်လာခဲ့တယ်။

အားချန်သည် သူ၏နား နားကပ်ကာ ပြောလိုက်လေသည်။ "ရှင်မရှာဘဲနေလိုက်လို့ မရဘူးလား။ ဘာပဲဖြစ်ဖြစ် အရှင်မင်းကြီးက လူအသက်ရှင် နေသေးတယ်ဆိုတာကိုမှ မသိတာ"

"တကယ်လို့ သူ သေသွားရင် မွေးနေ့ပွဲမှာ ရှန့်ကျူအတုကို လက်ထပ်ပေးလိုက်တဲ့သူက ဘယ်သူဖြစ်မလဲ"

အားချန်သည် ခေါင်းခြောက်အောင် စဉ်းစားပြီးမှ ဆင်ခြေရှာပေးလိုက်တော့၏။ "အဲဒီမျက်နှာအရေပြားက သုံးတာကြာသွားလို့ သူ့အလိုလို ကွာကျလာတာလို့ ပြောလို့မရဘူးလား"

"ဒီအဖြေက အရှင်မင်းကြီးကို ငါက အရည်အချင်းမရှိဘူးလို့ ထင်သွားစေလိမ့်မယ်"

အားချန်မှာ ချက်ချင်းဆိုသလို မရွှင်မပျ ဖြစ်သွားတော့သည်။ "အရှင်မင်းကြီးက ဘာဖြစ်လို့ ရှင့်ကို အခက်တွေ့အောင် လုပ်နေရတာလဲ"

"တစ်စုံတစ်ယောက်က သူ့ရဲ့မွေးနေ့ပွဲမှာ အရင်ဆုံး သူ့ကို အခက်တွေ့အောင် လုပ်လိုက်လို့ ဖြစ်မှာပေါ့။ အရှင်မင်းကြီးကို ဒီလောက်ကြီးတဲ့ လက်ဆောင်ကြီး ပေးလိုက်တာလေ။ ခေါင်းပြတ်မသွားတာကပဲ အရှင်မင်းကြီးက သဘောထား ကြီးလွန်းနေပြီ"

အားချန်သည် စကားဆက် မပြောနိုင်တော့ဘဲ ပါးစပ်ပိတ်ထား လိုက်ရတော့သည်။ နှစ်ချက်လောက် အားထည့်ပြီး နှိပ်နယ်ပေးလိုက်ပြီးမှ တိုးတိုးလေး ရေရွတ်လိုက်တော့၏။ "အရှင်မင်းကြီးက တိုင်းသူပြည်သားတွေကို သားသမီးတွေလို ချစ်တယ်ဆို။ ကျွန်မတို့ရဲ့ အခက်အခဲကို သူ သေချာပေါက် နားလည်ပေးမှာပါ"

"မင်းတို့ရဲ့အခက်အခဲက မိုးကောင်းကင်ကို အပေါက်ဖောက်ပြီးတော့မှ အမှုစစ်အရာရှိကို လာဘ်ထိုးဖို့ စဉ်းစားနေတာလား"

"ဒါဆို ရှင်က လာဘ်ပေးလာဘ်ယူ လက်ခံတော့မှာလား လူကြီးမင်း"

အားချန်က သူ၏နားနားကပ်ကာ မေးလိုက်လေသည်။ လေပူလေးများက သစ်ခွပန်းရနံ့ကဲ့သို့ မွှေးပျံ့လို့နေ၏။

"ဘာခံစားချက်မှ မရဘူး။ အားထပ်ထည့်လိုက်အုံး"

အားချန်ကလည်း စကားနားထောင်ပြီး အားထည့်ကာ နှိပ်နယ်လိုက်၏။ "အခုရော ဘယ်လိုလဲ"

ပိုင်ရှိုးမင်ကတော့ ရက်ရက်စက်စက် ဝေဖန်လေသည်။ "လက်ရာက သာမန်ပါပဲ"

လက်ရာက မကောင်းသော်ငြား သူမ၏ စိတ်ကြီးဝင်နေမှုကိုတော့ မတားဆီးနိုင်ချေ။ လာဘ်ထိုးလို့ မရသောအခါ အားချန်သည် ချက်ချင်းဆိုသလို မျက်နှာထားပြောင်းလိုက်ပြီး ဆက်မနှိပ်တော့ပေ။

ပခုံးပေါ်က အင်အားများ ရုတ်တရက် ပျောက်ကွယ်သွားသဖြင့် ပိုင်ရှိုးမင်က မေးလိုက်လေသည်။ "ဘာဖြစ်လို့ ဆက်မနှိပ်တော့တာလဲ"

"လက်တွေနာနေပြီ" အားချန်ကလည်း လက်ကို ဆန့်တန်းပြလိုက်၏။ သူမ၏လက်မောင်းများသည် သူ့လည်ပင်းဘေးက ဖြတ်သန်းသွားသဖြင့် နောက်ကျောဘက်မှကြည့်လျှင် အားချန်က သူ့ကို ဖက်ထားသကဲ့သို့ ဖြစ်နေလေသည်။

ပိုင်ရှိုးမင်သည် နောက်ကျောဘက်က ဆန့်တန်းလာသော နူးညံ့လှသည့် လက်သေးသေးလေးများကို ကြည့်ကာ လှမ်းကိုင်လိုက်ပြီး ညင်သာစွာ ပွတ်သပ်ပေးလိုက်၏။

"အစပိုင်းတုန်းက သူက ဘာဖြစ်လို့ တရားရုံးကို သွားမတိုင်တာလဲ" သူက မေးလိုက်သည်။

အားချန်က သက်ပြင်းချလိုက်၏။ သူက အရင်နှစ်တွေတုန်းက မှတ်ဉာဏ်ပျောက်ဆုံးနေခဲ့တာ။ ပြန်သတိရလာတဲ့ အချိန်ကျတော့ တရားရုံးကို သွားတိုင်ခဲ့ဖူးတယ်။ ဒါပေမဲ့ သွေးသားတော်စပ်မှု စစ်ဆေးတဲ့အဆင့်မှာ ကျရှုံးသွားတာ"

ပိုင်ရှိုးမင်က မျက်မှောင်ကြုတ် သွားတော့သည်။ "သူ ဆေးတိုက်ခံ လိုက်ရတာလား"

သူသည်လည်း သွေးသားပြောင်းလဲစေသော ဆေးအကြောင်း သိထားပုံရသည်မှာ ထင်ရှားလေသည်။

"အင်း။ သူလည်း မတတ်သာလို့ သရဲပြဇာတ်ရဲ့ ဇာတ်အဖွဲ့နဲ့အတူ ရှန့်ကျင်းကို ခက်ခက်ခဲခဲ ရောက်လာတာ။ အစတုန်းက ဝမ်ရယ်နဲ့ ဝမ်ဖေးတို့ သံသယဝင် ကြလိမ့်မယ်လို့ မျှော်လင့်ခဲ့ပေမယ့် မိသားစု ပျော်ရွှင်နေကြတာကိုပဲ တွေ့လိုက်ရတယ်လေ"

ပိုင်ရှိုးမင်သည် သူမ၏ လက်ကိုဆုပ်ကိုင်ထားပြီး ကိုယ်ကို စောင်းကာ သူမကိုကြည့်လိုက်လေသည်။ "မင်းက သူ့အတွက် မတရားဘူးလို့ ခံစားနေရတာလား"

"မဖြစ်သင့်ဘူး မလား" အားချန်သည် လေးနက်နေသည့်လေသံဖြင့် ပြောလိုက်တော့၏။ "ကိစ္စကို ကြီးကြီးကျယ်ကျယ် ဖြစ်အောင်လုပ်မှ သူ့ကို နစ်နာအောင် လုပ်ခဲ့တဲ့သူတိုင်း ထိုက်တန်တဲ့ပြစ်ဒဏ်ကို ပြန်ခံရမှာပေါ့"

...

All Chapters